မှတ်ချက်။ ။ ဒေါက်တာအမ်ဘေဒကာ၏ တပည့်များ နေရာဒေသဖြစ်၍ အမ်ဘေဒကာ၏ ဓမ္မအပေါ်သုံးသပ်ချက်တို့ကို ယူ၍ ဟောခဲ့ခြင်းဖြစ်သည်ကို ကြိုတင်နားလည်စေလိုပါသည်။ သီတဂူစတားတို့ရဲ့ စောဠပူမှ ဟောပြောခဲ့သည့် အကြောင်းအရာများကို မတင်ပြသေးမီ အိန္ဒိယနိုင်ငံရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ဒေါက်တာ အမ်ဘေဒကာ၏ အကြောင်းကိုတော့ အနည်းငယ် သိထားဘို့လိုပါသည်။ ဓမ္မမိတ်ဆွေများရဲ့တောင်းဆိုမှုကြောင့် တင်ပြရခြင်းဖြစ်ပါသည်။ အပိုင်းခွဲပြီး တင်ပြသွားပါမည်။
အိန္ဒိယနိုင်ငံနှင့် ဒေါက်တာအမ်ဘေဒကာ
မွေးဖွားခြင်း
ဒေါက်တာအမ်ဘေဒကာကို ခရစ်နှစ် ၁၈၉၁ ခု၊ ဧပြီလ၁၄-ရက်နေ့တွင် ဖခင် ရာမဂျီနှင့် မိခင်—-------တို့မှ အိန္ဒိယနိုင်ငံ ရတနာဂီရိခရိုင်၊ ခဒ်တလုကမြို့၊ အမ္ဗဝဒေကာရွာ၌ ဖွားမြင်ခဲ့သည်။ ဒေါက်တာ အမ်ဘေဒကာ ဖွားမြင်ခဲ့ရာ ဧပြီလ ၁၄-ရက်နေ့သည် ဂေါတမဗုဒ္ဓ ဖွားမြင်ရာနေ့ဖြစ်၍ထူးခြားမှုတစ်ခုဖြစ်သည်။ ထို့ကြောင့် သူ၏နောက်လိုက်တပည့်များသည် ဧပြီ ၁၄ ရက်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် အထူးတန်ဘိုးထားကြသည်။ ဒေါက်တာအမ်ဘေဒကာ၏ ငယ်နာမည်မှာ ဘိဝရာမဂျိ အမ္ဗဝဒေကာ ဖြစ်ပြီး မျိုးနွယ်အမည်မှာ ဆန်ကပယ်လ ဖြစ်သည်။ အိန္ဒိယနိုင်ငံ ရိုးရာ ထုံးစံသတ်မှတ်ချက်အရ ဒေါက်တာအမ်ဘေဒကာ မွေးဖွားရာ မျိုးနွယ်သည် ဇာတ်နိမ့်မျိုးနွယ်ဖြစ်သည်။ သူ၏ဘဝတစ်လျှောက်လုံးတွင် ဇာတ်မြင့်မျိုးနွယ်ဝင်များ၏ ဖိနှိပ်မှုဒဏ်ကို ခါးစည်းခံခဲ့ရပြီး၊ ထိုဒဏ်ရာများသည် ထူးချွန်ပြောင်မြောက်သည့် သူရဲကောင်းတစ်ယောက်ဖြစ်ဘို့ရန် ခွန်အားများ လက်နက်များဖြစ်လာသည်၊ နောက်ပိုင်းကာလတွင် ထူးချွန် ပြောင်မြောက်သည့် သူရဲကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့သည်။
ပညာသင်ယူခြင်း
ဒေါက်တာအမ်ဘေဒကာ အလောင်းအလျာ ဆန်ကပယ်လသည် ၁၉ဝဝ ခုနှစ်တွင် အစိုးရအထက် တန်းကျောင်း၌ ပညာစတင်သင်ကြားပြီး ၁၉ဝ၇ ခုနှစ်တွင် အထက်တန်းပညာရပ်များပြီးဆုံးသည်၊ ၁၉၁၂ ခုနှစ်တွင် အင်္ဂလိပ်၊ ပါရှားဘာသာရပ်ဖြင့် B.Aတန်းကို အောင်မြင်ခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် M.A ၊ ၁၉၂၁ နှစ်တွင် M.Sc ဘွဲ့တို့ကို လန်ဒန်တက္ကသိုလ်မှ ရရှိခဲ့သည်၊ ၁၉၁၆ ခုမှာပင် Ph.D အတွက်စာတမ်း တင်ခဲ့သည်၊ ၁၉၂၃ ခု နှစ် D.Sc (Eco) နှင့်ကျမ်းတင်ခဲ့သည်။
ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်း
တန်းတူးအခွင့်ရေး၊ မိတ်ဆွေစိတ်ဓာတ်၊ သူငယ်ချင်းစိတ်ဓာတ် နှင့် လူသားဆန်သော ဆက်ဆံရေးတိုကို ဗုဒ္ဓဘာသာမှတပါး အခြား ဘာသာတို့၌ မတွေ့နိုင်၊ ဗုဒ္ဓဘာသာသည်သာလျင် ဇာတ်နိမ့် (untouchable) တွေကို ကယ်တင်နိုင်မည်၊ တန်းတူညီမျှသော လူ့အခွင့်ရေးကို ဗုဒ္ဓဘာသာကသာ ပေးနိုင်ကြောင်း တွေ့မြင်သည်။ ၁၉၅၆ ခုနှစ် မေလ ၂၄ ရက်နေ့ ဘုံဘေမြို့၌ ကျင်းပသည့် ဗုဒ္ဓဇယန္တိ ပွဲတော် အခမ်းအနားတွင် ဗုဒ္ဓဘာသာဝင်အဖြစ် ကြေငြာခဲ့သည်။ ထိုအချိန်မှစတင်၍ အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ပြန်လည်အသက်ရှင်လာရေးအတွက် အထူးတလည် ကြိုးပမ်းအားထုတ်ခဲ့သည်။ ဇာတ်နိမ့်ဘဝ လွတ်မြောက်ရေးနှင့်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး အိန္ဒိယနိုင်ငံတော်အလံတွင် ဗုဒ္ဓဘာသာ၏ အမှတ်အသားဖြစ်သော ဓမ္မစကြာပုံနှင့် အသောကသာသနာပြုအမှတ်တံဆိပ်တို့ပါဝင်အောင် စီမံ ဆောင်ရွက်နိုင်ခဲ့သည်။ သူသည် အိန္ဒယနိုင်ငံ ဗုဒ္ဓဘာသာ ပြန်လည်ရှင်သန်လာ ရေးအတွက် အသက်ဆုံးတိုင်အထိ ကြိုးစားခဲ့သည်။ ဗုဒ္ဓဘာသာနှင့်ပက်သက်သော ရိုးရာပွဲတော်များ ကျင်းပနိုင်ဘို့ရန် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသို့ သွားရောက်လေ့လာခဲ့သည်။ မြန်မာနိုင်သို့ ၂ ကြိမ်ရောက်ခဲ့သည်ဟု မှတ်တမ်းမှာ တွေ့ရပါသည်၊ သူသည် ဆဋ္ဌသင်္ဂါယနာ တင်ပွဲတော်နှင့် အခြားဗုဒ္ဓဘာသာအခန်းအနားတစ်ခုသို့ တက်ရောက်ခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ရှေးဟောင်းဝါဒ
အိန္ဒိယနိုင်ငံသည် ဗြဟ္မဏဝါဒ အားကောင်းပြီး ဗြဟ္မဏဝါဒနှင့်အတူ ဇာတ်စနစ်ခွဲခြားမှုစနစ် ကြီးစိုးသော နိုင်ငံဖြစ်သည်။ ထိုဇာတ်စနစ်ခွဲခြားမှုသည် မြတ်ဗုဒ္ဓလက်ထက် မတိုင်မီကပင် အိန္ဒိယနိုင်ငံ၌ အမြစ်တွယ် တည်ရှိခဲ့သည်။ ဗြဟ္မဏဝါဒနှင့် ဇာတ်စနစ်ကို ချမှတ် တည်ထောင်ခဲ့သူ မှာ ပဇာပတိခေါ် ဗြဟ္မာဖြစ်သည် ဟုယူဆကြသည်။
ဇာတ်စနစ်ခွဲခြားမှု
ဗြဟ္မဏဝါဒတွင် လူသားများကို အဆင့်လေးမျိုးနှင့် ရပိုင်ခွင့် တာဝန်များကို ခွဲခြား သတ်မှတ်ထားသည်။ ဗြာဟ္မဏ-ပုဏ္ဏားမျိုးနွယ်သည် ပထမတန်းစား။ ခတ္တိယ-မင်းမျိုးမင်းနွယ်သည် ဒုတိယ၊ ဝေဿ-ကုန်သည်လယ်လုပ်များသည် တတိယ။ သုဒ္ဒ သူဆင်း ရဲမျိုးနွယ်သည် အညံ့စားဟု သတ်မှတ်သည်။ အမြင့်ဆုံးအမျိုးအနွယ်၏ တာဝန်မှာ အမြတ်ဆုံးပညာရပ်ဟု သတ်မှတ်ထားသော ဝေဒပညာရပ်များကို သင်ယူခြင်း ချပို့ခြင်းဖြစ်သည်။ ခတ္တိယအမျိုးအနွယ်သည် နိုင်ငံကို ကာကွယ် စောက်ရှောက်ရေး တာဝန်ယူရသည်။ ထို့ပြင် ဇာတ်မြင့်စာရင်းတွင် ပါဝင်သည်ဖြစ်ရကား ပညာသင်ခွင့်ရသည်။ ဝေဿအမျိုးအနွယ်သည် နိုင်ငံ၏ စီးပွားရေးကိုအထူး တာဝန်ယူရသည်။ ထို့ကြောင့် ချမ်းသာကြွယ်ဝသည်၊ ဇာတ်မြင့် စာရင်းတွင် ပါဝင်သဖြင့် ပညာသင်ယူခွင့်ရပြန်သည်။ သို့သော် အမျိုးနွယ်အားလုံးသည် ဗြဟ္မဏမျိုးတို့၏ အလုပ်အကျွေးများသာဖြစ်သည်ဟုသတ်မှတ်သည်။
အထူးသဖြင့် သုဒ္ဒမျိုးနွယ်များသည် အထက်ပါ မျိုးနွယ်များ၏ အလုပ်အကျွေးသက်သက်သာဖြစ်သည်။ ပညာသင်ယူခြင်း၊ တိုင်းပြည်ရာထူးအာဏာပိုင်ဆိုင်ခြင်း၊ စီးပွားကူးသန်းရှာဖွေခြင်းများကို ပြုလုပ်ခွင့်မရှိပေ။ ထို့ကြောင့် သုဒ္ဒမျိုးနွယ်များသည် ခေတ်အဆက်ဆက် အနှိမ်ခံဘဝဖြင့် ရှင်သန်ရပ်တည်ခဲ့ကြရသည်။ အိန္ဒိယနိုင်ငံ၏ ငါးပုံတစ်ပုံသည်သုဒ္ဒ(ဇာတ်နိမ့်)များဖြစ်ပြီး အများစု၏ အသားအရောင်မှာ အနက်ရောင်ဖြစ်သည်။အတတ်ပညာ သင်ယူခွင့်မရသည့်အတွက် ပညာမဲ့လူတန်းစားများဖြစ်ကြသည်။ ယနေ့ မျက်မှောက်ခေတ်တွင် ဗြဟ္မဏမျိုး (ဇာတ်မြင့်) နှင့် သုဒ္ဒမျိုး (ဇာတ်နိမ့်) ဟူ၍ လူတန်းစား နှစ်မျိုးသာ ခွဲခြားမှုရှိတော့သည်။
အပိုင်း (၂)ဆက်ဖော်ပြပါမည်။
သီတဂူးစတား
Posted in: ဆောင်းပါး
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment