
ဇိမ်ခံဖို့နဲ့ ညှဉ်းဆဲဖို့ အားထုတ်နေကြတယ်
အဲဒီလိုသူတပါးဆီက ပစ္စည်းကို အတင်းယူဖို့ချည်း ကြိုးစားနေတဲ့ လူထုကြီးဟာ ကမ္ဘာမှာ အများကြီးပဲ။ အဲဒီ လိုဆင်းရဲတဲ့ လူတွေကစပြီးတော့ အထက်နည်းနည်း နည်း နည်း တက်တက်ပြီး ကြည့်လိုက်ပေါ့။
ဒါ့ကြောင့် ရတဲ့ပုဂ္ဂိုလ်တွေကလဲ ဘယ်လောက်ပဲ ရရ၊ မကျေနပ်ကြဘူး။ အဲဒါ လောဘ။ အဲဒီရတာတွေကို စည်းစိမ်ခံ၊ ကိုယ်ရသလို သူများကို မရစေချင်ဘူး။ အဲဒါ မစ္ဆရိယ။
မရှိဘူး, မရဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေကလဲ ရတဲ့ လူတွေ အပေါ်မှာ မကျေနပ်တဲ့ ဣဿာ(မနာလိုမှု)၊ အဲဒီ ဣဿာ ရဲ့ နောက်နားကနေ ''မင်းတို့တော့ ချလိုက်ဦးမယ်''ဆိုတဲ့ ဒေါသ။ တစ်ဘက်စွန်းပဲ။
မဟာသက္ကရာဇ် ၁ဝ၃-ခုနှစ် ဝါဆိုလပြည့်နေ့ မိဂဒါဝုန်မှာ မြတ်စွာဘုရားရှင် ၅-ယောက်သော ပုဂ္ဂိုလ်တို့ ကို စတင်ဟောဖော် ကြွေးကြော် တော်မူခဲ့တဲ့ဒေသနာက ဓမ္မစကြာ။ အဲဒီတရားတော်ထဲမှာ အစွန်း ၂-ခုဆိုတာကို မိန့်တော်မူထားပါတယ်။
တစ်ဘက်က ဇိမ်ခံဖို့ အားထုတ်နေတာ။ တစ်ဘက်က ညှင်းဆဲမယ်လို့ အားထုတ်နေတာ။ ကိုယ့်ကိုယ်ကို ညှင်းဆဲရုံတင်မကဘူး၊ သူတပါး ညှင်းဆဲဖို့အားထုတ်တာက ပိုများတယ် ထင်တာပဲ။
အတ္တကိလမထာနုယောဂေါ၊ ကိုယ့်ကိုယ်ကို ညှင်း ဆဲဖို့အားထုတ်တယ်။
ကိုယ့်မှာ ဒေါသနဲဣဿာဖြစ်ရင် ကိုယ့်ကိုယ်ကို ညှင်းဆဲပြီသား။ သူတပါး ညှင်းဆဲတာက နောက်၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုညှင်းဆဲတဲ့အလုပ်ဟာ ကိုယ့်ဒုက္ခ ကိုယ့်ကိုကိုယ် ဖန်တီးနေတာပဲ။
ကမ္ဘာမှာ ''စနစ်တွေ ဘယ်လောက်ပဲ များပါတယ်၊ ဝါဒတွေ ဘယ်လောက်ပဲများပါတယ်''ပြောပြော၊ အဲဒီနှစ်စု ထဲ အကုန်ဝင်နေတယ်။
မြတ်ဗုဒ္ဓက အဲဒီအစွန်း ၂-ခုကို ရှောင်သွားတယ်။ ဒီအစွန်း နှစ်ဘက်ကိုလဲ ရှောင်ဖို့ရန် တိုက်တွန်းခဲ့တယ်။
ဗုဒ္ဓဘာသာဖြစ်ခွင့် ရလိုက်တော့ အဲဒီအစွန်း၂-ဘက်ကို လွတ်အောင် ရှောင်နိုင်ကြတယ်။ ရှောင်တတ် ကြတယ်။
သာသနာဟာ အမြဲတမ်း ပြောင်းရွှေ့နေတယ်
ဒါ့ကြောင့် မြန်မာလူမျိုးတွေ မြန်မာပြည်က ပုဂ္ဂိုလ် တွေ ချမ်းသာနေကြတာဟာ အဲဒီအစွန်းနှစ်ခုကို လွတ် အောင် ရှောင်နိုင်ကြလို့ပါပဲ။
ကမ္ဘာမှာ အဲဒီအစွန်းနှစ်ဘက်ကို လွတ်အောင် မရှောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ သိပ်ကို ဒုက္ခဖြစ်နေကြတယ်။
ဆဋ္ဌသံင်္ဂါယနာတင်တဲ့ အချိန်တုန်းက ထေရဝါဒ သာသနာထွန်းကားတဲ့ နိုင်ငံဆိုလို့ မြန်မာရယ်၊ သီဟိုဠ်ရယ်၊ ကမ္ဘောဒီးယားရယ်၊ လာအိုရယ်၊ ယိုးဒယားရယ်ဆိုပြီး ၅-နိုင်ငံပဲ ရှိတယ်။
ဗုဒ္ဓဘာသာ သာသနာကြည်ညိုတဲ့ နိုင်ငံတွေ အများကြီးထဲက ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်ကို နှစ်ပေါင်း (၂၅ဝဝ)စလုံး မပြုမပြင်ပဲနဲ့ ပကတိအတိုင်း ထိန်းသိမ်း စောင့်ရှောက်ပြီးတော့ လာခဲ့တဲ့ ထေရဝါဒသာသနာ ထွန်း ကားတဲ့ နိုင်ငံသည် ဒီ ၅-နိုင်ငံပဲ။
သာသနာဟာ အမြဲတမ်းပြောင်းရွှေ့နေကြတယ်။ အိန္ဒိယပြည်မှာ အခု ပြောပြီးပြီ၊ သာသနာ့မှတ်တိုင်ပဲ ကျန် တော့တယ်။
ဗုဒ္ဓဂါယာက ဗောဓိပင်ကြီးအကြောင်း အခုနက ပြောပြီးပြီ။ မဟန့်တို့က အကုန်လုံး ဝင်နှောင့်ယှက်ထားတာ။ သန့်ရှင်းအောင် မနည်းလုပ်ယူရတယ်။ ဒီကနေ့ မှတ်တိုင် အဖြစ်ပဲ ကျန်တော့တယ်။ နောက်ပြီးတော့ ဟိုဘက်က မိဂဒါဝုန်စေတီတော်ကြီးလဲ ပြိုလို့။ ရွှေဆိုရင် တစမှ မရှိ တော့ဘူး။ ရာဇဂြိုဟ်ဆိုလို့ရှိရင်လဲ အထိမ်းအမှတ် အဖြစ် အုတ်ရိုးပဲ ရှိတော့တယ်။ သာဝတ္ထိမြို့ ဇေတဝန်ကျောင်း ဆိုတာလဲ အုတ်ရိုးပဲရှိတော့တယ်။ ဒီတော့ သာသနာဟာ နေရာ ရွေ့ရွေ့ သွားတယ်။
ရွေ့တယ်ဆိုရင် တော်သေးတာပေါ့။ လုံးဝ မကွယ်ပျောက်ဖို့ အရေးကြီးတယ်။ ဘာသာခြားတွေရဲ့ ခြေလှမ်းကို သတိထားဖို့ လိုတယ်။
တိဘက်တွေဆိုရင် တိုင်းပြည်ပါ ပျောက်သွားတယ်။ တိဘက်ဗုဒ္ဓဘာသာလူမျိုးတွေဟာ နီပေါနဲ့ အိန္ဒိယမှာ ခိုနေကြတယ်။ တိဘက်နိုင်ငံရယ်လို့ ကမ္ဘာမှာ ရှိကိုမရှိတော့ ဘူး။
နောက်ပြီးတော့ ဟိုဘက်က မွန်ဂိုလီယား ဆိုလို့ရှိ ရင်လဲ ရှိတော့ရှိတယ်။ ဒါပေမဲ့ ကမ္ဘာမှာ မထင်ရှားဘူး။ အညတရ ဖြစ်နေတယ်။ ဂျပန်ကျပြန်တော့ ''မဟာယာန''။ အရှေ့ဘက်ကတော့ အဲဒီလို ဖြစ်နေတယ်။
ဒီကနေ့ခေတ်မှာ အားရစရာ တစ်ခုကောင်းတာက အမေရိကတို့ အင်္ဂလန်တို့ ဥရောပတို့မှာ သာသနာ ရောက်နေခြင်းပဲ။ ရှေ့ဆက်ပြီး တိုးတက်အောင် လုပ်ဖို့တော့ လိုသေးတယ်။
မြတ်စွာဘုရား ဆုံးမတော်မူတဲ့ အဆုံးအမအတိုင်း ကျင့်ကြံအားထုတ်တော် မူကြတဲ့အတွက်ကြောင့် ချမ်းသာခွင့် ရကြတာ။
အစွန်းလွတ်အောင်နေ ကမ္ဘာကြီးချမ်းသာတယ်
ဘုန်းကြီး စင်္ကာပူနှင့် သီဟိုဠ်နိုင်ငံမှာ တရားဟောတုန်းက အစွန်း ၂-ပါးမှ လွတ်အောင်နေဖို့ အဓိက ဟော ခဲ့ပါတယ်။
ခုနက ပြောခဲ့တဲ့ ကမ္ဘာ့အုပ်စုကြီးနှစ်ခု ပဋိပက္ခ ဖြစ်နေတာကို ငြိမ်းချမ်းအောင် ဘယ့်နှယ့်လုပ်မလဲ၊ သူတို့က ''မေတ္တာတရားနဲ့လုပ်ရမယ်''လို့ ပြောလိမ့်မယ် ထင်ထားတာ။ အဲဒီနေရာမှာ ဘုန်းကြီးက မေတ္တာတရား ထပ်မပြောတော့ဘူး။ ပြောရင် သက်သက်လွတ်ပုဂ္ဂိုလ်နဲ့ တွေ့ရင် ခက်နေဦးမှာ။
''အစွန်းလွတ်အောင်နေ၊ ကမ္ဘာကြီးချမ်းသာတယ်'' ဆိုပြီး ဘုန်းကြီးက ဟောလိုက်တယ်။ အားလုံးငြိမ်နေတာ ပဲ။ တချို့ကလည်း ဦးခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောကျနေကြတယ်။
ပိဋကတ်တော်လာ အနှစ်သုံးပါး
ပိဋကတ်သုံးပုံကို အဆီ ညှစ်ထုတ်လိုက်တဲ့အခါ တရား သုံးမျိုးထွက်လာတယ်။
၁။ ရတနာသုံးပါး
၂။ လက္ခဏာသုံးပါး
၃။ သိက္ခာသုံးပါး
ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ဒီသုံးခုကို ''ရတနာ''လို့ခေါ် တယ်။ ''ရတနာ''လို့ ခေါ်ခြင်းရဲ့ အကြောင်းတွေ ရှိပါတယ်။
''ရတနာ''ခေါ်ရခြင်း၏အကြောင်း
စိတ္တီကတံ မဟဂ္ဃဉ္စ၊ အတုလံ ဒုလ္လဘဒဿနံ။
အနောမသတ္တပရိဘောဂံ၊ ရတနံ တေန ဝုစ္စတိ။
စိတ္တီကတံစ၊ ဆန်းကြယ်သော သဘောရှိသည်၏ အဖြစ်လည်းကောင်း။ မဟဂ္ဃဉ္စ၊ တန်ဖိုးကြီးမားသည်၏ အဖြစ် ကြောင့်လည်းကောင်း။ အတုလံ၊ တုလို့မရ အတုမဲ့ တဲ့ သဘောလည်းကောင်း။ ဒုလ္လဘဒဿနံ၊ တွေ့ရခဲ ကြုံရခဲ ဆုံရခဲ မြင်ခဲတဲ့ သဘောလည်းကောင်း။ အနောမသတ္တ ပရိဘောဂံ၊ မြင့်မြတ်သော ပုဂ္ဂိုလ်တို့မှ သုံးဆောင်ထိုက်သည့် အဖြစ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဣမေဟိ ကာရဏေ ဟိ၊ ဤအကြောင်းတို့ကြောင့်။ ရတနန္တိ၊ ရတနာဟူ၍။ ဝုစ္စတိ၊ မုချကိန်းသေ ဆိုအပ်ပါပေ၏။
စိန် ရွှေ ငွေစတဲ့ ပစ္စည်းတွေကို ''ရတနာ''လို့ခေါ် တယ်။ ရတနာခေါ်ထိုက်တဲ့ အကြောင်း ၅-ပါးရှိတယ်။
၁။ စိတ္တီကတ၊ ဆန်းကြယ်တဲ့သဘောခြင်း။
၂။ မဟဂ္ဃ၊ တန်ဖိုးကြီးမားခြင်း။
၃။ အတုလ၊ အတုမရှိခြင်း (အတူမရှိခြင်း)။
၎။ ဒုလ္လဘဒဿနံ၊ တွေ့ဖို့ရန်ခက်ခဲခြင်း။
၅။ အနောမသတ္တ ပရိဘောဂံ၊ မြတ်သော သူတို့မှ သာလျှင် သုံးစွဲထိုက်ခြင်းတို့ဖြစ်ပါတယ်။
ထိုနည်းတူစွာပါပဲ။ ဗုဒ္ဓ ဓမ္မ သံဃာ ဆိုတဲ့ ဒီ ရတနာ သုံးပါးဟာလဲပဲ အလွန်ဆန်းကြယ်ပါတယ်။ အလွန့် အလွန် တန်ဖိုးကြီးပါတယ်။ တုလို့လဲ မရကြပါဘူး။ တွေ့ရခဲ ကြုံရခဲပါတယ်။ မြတ်သော သူတို့မှသာလျှင် ဖူးတွေ့ရ တယ်။ ဒါ့ကြောင့် ဗုဒ္ဓ ဓမ္မ သံဃာကို ရတနာလို့ခေါ်တယ်။
(အပိုင်း-၁၈)ကိုမျှော
0 comments:
Post a Comment