ဆုတောင်းခြင်းနဲ့ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာတို့ရဲ့ ဆုတောင်းက ဘာဆုတောင်းလဲ။ ဒါန၊ သီလ၊ သမာဓိ၊ ပညာ အဲဒီ ကောင်းမှုလေးမျိုး တစ်မျိုး မျိုး ပြုကျင့်ပြီးရင် ကိုယ်လုပ်ထားတဲ့ ကောင်းမှုအားလျော်စွာ ရထိုက်တဲ့ အခွင့်အရေးကို ကိုယ့်ဟာကိုယ် တောင်းတာ။
ကိုယ်ကျင့်ထားတဲ့ အကျင့်အားလျော်စွာ ရထိုက် တဲ့ အခွင့်အရေးကို တောင်းတာ။
တောင်းတာက တစ်စုံတစ်ယောက်က ပေးမှာကို မျှော်လင့်ပြီးတော့ တောင်းနေတာမဟုတ်ဘူး။ ကိုယ့်လုပ် အားအတိုင်း ကိုယ်ဖြစ်ချင်တာကို ဖွင့်ထုတ်ပြီးတော့ ဆိုခြင်း ပါပဲလို့ ပြောလိုက်တယ်။
ကိုယ်ကျင့်ထားတဲ့ အကျင့်အားလျော်စွာ ကိုယ် ရထိုက်တာကို ရချင်တဲ့ဆန္ဒကို ဖော်ကျူးလိုက်တာပါပဲ။
''တစ်စုံတစ်ယောက်က ကိုယ့်ကို ချပေးလိမ့် မယ်လို့ မျှော်လင့်ပြီးတော့ တောင်းနေတဲ့ ဆုတောင်း မျိုး မြန်မာမှာ မရှိဘူး''လို့ ဘုန်းကြီးက ပြောလိုက်တယ်။ အဲဒီလိုပြောလိုက်တော့ ''မြန်မာတွေရဲ့ ဆုတောင်း က အဆင့်အတန်းမြင့်တယ်၊ မြန်မာတွေရဲ့ ဆုတောင်းက လက်စသတ်တော့ သူတို့အကျင့်ပေါ်မှာ သူတို့ ပြန်တည် တယ်''လို့ သူတို့တတွေ သဘောကျသွားကြတယ်။
အခြားဘာသာများက တောင်းတဲ့ဆုကတော့ ကိုယ့် အကျင့်တရားအပေါ်မှာ မတည်ပဲနဲ့ တစ်စုံတစ် ယောက်သောပုဂ္ဂိုလ်က ပေးမလားဆိုပြီးတော့ တောင်း တာ။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက ''ယုံကြည်မှုနဲ့ အသိ ဥာဏ်ကို ညီမျှစွာ ပေါင်းစပ်ပြီးတော့ ကျင့်ယူရတဲ့တရား'' ဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းကြီးတို့ မြန်မာပြည်က ဗုဒ္ဓဘာသာ ဝင် သူတော်စင်တွေဟာ ဒီလို အသိဥာဏ်မျိုးတွေကို သိခွင့် ရ၊ ဤကဲ့သို့သော ယုံကြည်မှုမျိုးတို့ကို ယုံကြည်ခွင့်ရ၊ ဤကဲ့သို့သော စရဏတရားတွေကို ကျင့်ခွင့်ရနေကြတာ ဟာ ငါတို့ ကံကောင်းလိုက်တာလို့ ကိုယ့်ဘဝရဲ့အဖိုးတန်ပုံကို နားလည်ကြပါ။
ကမ္ဘာမှာ အုပ်စုကြီး(၂)စုရှိတယ်
တို့တိုင်းပြည်မှာ လေယာဉ်ပျံလဲ မလုပ်နိုင်သေး ဘူး။ မော်တော်ကားလဲ မလုပ်နိုင်သေးဘူး။ ဒုံးပျံကြီးလဲ မဆောက်နိုင်သေးဘူး။ အထပ် ခြောက်ဆယ်လောက်ရှိတဲ့ တိုက်ကြီးတွေလဲ မရှိသေးဘူး။ တိုင်းပြည်က တယ်ပြီးတော့ အောက်ကျနောက်ကျနိုင်တာပဲလို့ ဒီလိုများ သွားပြီးတော့ မတွက်ပါနဲ့။ ကမ္ဘာမှာအုပ်စုကြီး (၂)ခုရှိနေတယ်။ တစ်အုပ်စုက အလွန်ကိုပဲ ကြီးပွားတိုးတက်ချမ်းသာ ပြီးတော့ စည်းစိမ်ခံ ဖို့ရန် ကြိုးစားနေတဲ့ လူစုကြီး။
သိပ် တိုးတက်နေတယ်။ သိပ်ကြီးပွားနေတယ်။ ပစ္စည်းတွေ အမျိုးမျိုးထုတ်လုပ်နေတယ်။ အဲဒီပုဂ္ဂိုလ်တွေက စည်းစိမ်ခံဖို့ချည်း ကြိုးစားနေကြတယ်။ သူတို့က တစ်ပိုင်း။ နောက်တစ်အုပ်စုကတော့ စည်းစိမ်ကို မခံစား နိုင်ဘူး။ စားစရာလဲ မလောက်တလောက်၊ ဝတ်စရာလဲ မလောက်တလောက်၊ နေဖို့ကလဲပဲ ကျိုးတိုးကျဲတဲ။ အဲဒီလို စားရေး၊ နေရေး၊ ဝတ်ရေးတွေ ချို့တဲ့ နေတဲ့ ဒီလူစုကလဲ 'ဟိုလူတွေဟာ မတရားသဖြင့် ချမ်းသာ တယ်ဆိုပြီး'တော့ ချမ်းသာတဲ့လူစုကြီးကို အံတကြိတ်ကြိတ် ဖြစ်နေကြတယ်။ သူတို့က တစ်အုပ်စု။
ကြီးပွားတိုးတက်လို့ စည်းစိမ်ခံနေတဲ့ လူစုမှာ ''လောဘ'' နှင့် ''မစ္ဆရိယ (ဝန်တိုမှု)''တရားက ပြဋ္ဌာန်းနေ တယ်။
လောဘက သိပ်ရချင်တယ်။ ရဖို့ချည်း သိပ် အား ထုတ်တယ်။ မစ္ဆရိယတရားက သူတို့ရတာတွေကို ဘယ်သူ့ ကိုမှ ဝေမပေး ချင်ဘူး။ သိပ်ဆင်းရဲနေတဲ့ လူစုမှာတော့ ''ဒေါသ''နဲ့ ''ဣဿာ'' (သူတပါး စည်းစိမ်ကို မနာလိုမှု)က လွှမ်းမိုးနေ ပါတယ်။
ကမ္ဘာမှာ အဲဒီလို ဟိုဘက်ဒီဘက် အစွန်းထွက်နေ ကြတယ်။ အစွန်းသို့ ရောက်နေကြတယ်။
ပြင်းထန်နေသော ပဋိပက္ခ (၂)ခု
အိန္ဒိယပြည်ကြီးမှာ သိပ်ချမ်းသာတဲ့ လူတွေကို ကြည့်လိုက်တော့ သိပ်ဇိမ်ခံကြတယ်။ သိပ်ဆင်းရဲတဲ့ လူ တွေကို ကြည့်လိုက်ပြန်တော့လဲ အမှိုက်ပုံလေးထဲ ကောက် စားနေကြတယ်။ ဒီလို ဖြစ်နေတယ်။ ဗောဓိပင်နားမှာ နေ့တိုင်းနေ့တိုင်း မနက်စော စောသွားရင် အရှေ့ဘက်နားမှာ သူတောင်းစား တစ်ရာ လောက် တန်းနေတယ်။ အနောက်ဘက်ပေါက်နားမှာလဲ တစ်ရာလောက် တန်းနေတယ်။
တစ်ယောက်ကို ငါးပြားလောက် သွားမပေးနဲ။ တစ်ရာလောက် ဝိုင်းပြီးတောင်းတော့တာပဲ။ ထွက်လို့ကို မရဘူး။ ကြောက်စရာတောင်ကောင်းလိုက်တာ။ ပေးချင် လျက်နဲ့ အဲဒါမပေးခဲ့ရဘူး။ လူစေ့အောင်လဲ ဘုန်းကြီးက မပေးနိုင်ဘူး။
တချို့သူတောင်းစားကတော့ ခေတ်မီလိုက်တာ။ ဘယ်လိုခေတ်မီသလဲဆိုတော့ လက်ထဲမှာ ခွက်ကလေးကိုင် ထားပြီး '' I am blind, I am blind ကျွန်ုပ် မျက်စိမမြင်ပါ, ကျွန်ုပ် မျက်စိမမြင်ပါ''လို့ ပြောပြီးတော့ တောင်းတယ်။ အဲဒီလို ခေတ်မီတဲ့ သူတောင်းစားလဲ ရှိသေးတယ်။
ဒီပဋိပက္ခနှစ်ခုဟာ ပြင်းထန်နေရင်တော့ ကမ္ဘာ့ ငြိမ်းချမ်းမှုဆိုတာ မရနိုင်ဘူး။ ဘာ့ကြောင့်လဲ၊ အစွန်းရောက်နေလို့။
လမ်းညွှန်ခ ငါးကျပ်ပေးရမယ်တဲ့၊ ဒီကနေ့ မြန်မာပြည်က လူတွေကတော့ တယ်ပြီးတော့ တော်ကြတယ်။ ချမ်းသာတဲ့ လူတွေကလဲ ကံ၊ ဥာဏ်၊ ဝီရိယရှိလို့ ချမ်းသာတာပဲဆိုပြီး ကျေနပ်လို့။ ကောင်းလိုက်တာ။
ဆင်းရဲတဲ့ ပုဂ္ဂိုလ်တွေကျပြန်တော့လဲ တို့ ကံ၊ ဥာဏ်၊ ဝီရိယ နည်းလို့ ဆင်းရဲတာ။ ဆင်းရဲတဲ့လူကလဲ တရား သဘောကို ကောင်းကောင်းသိတယ်။ ဒီလို နားလည်တော့ ချမ်းသာတဲ့ လူတွေအပေါ်မှာ ဒေါသ, ဣဿာ မဖြစ်ကြ တော့ဘူး။
မြန်မာပြည်မှာ ချမ်းသာနေကြတဲ့ ပုဂ္ဂိုလ်တွေကလဲပဲ ဆင်းရဲတဲ့ ပုဂ္ဂိုလ်တွေကို တတ်နိုင်သမျှ စွန့်ကြဲကြတယ်။ ဆန်တဆုပ်၊ ရေတမှုတ်ဆိုတာ မြန်မာပြည်မှာ ဘယ်နေရာ တောင်းတောင်း ရတယ်။ လိုချင်တိုင်း ရတယ်။ နိုင်ငံခြားမှာ သစ်ပင်ရိပ် ကလေးတောင် သွား မခိုလေနဲ့၊ သစ်ပင်ရိပ်ကလေး သွားခိုမိတာနဲ့ ''ငါ့သစ်ပင်ရိပ် မင်းလာခိုတာ၊ ပေး ငါးကျပ်'' ဆိုပြီး ဒီလိုတောင်းတာ။
ဘုန်းကြီးတို့ ဗာရာဏသီမှာ တည်းခိုမည့်ကျောင်း ရှာမတွေ့လို့မော်တော်ကားနဲ့တလည်လည် ဖြစ်နေတော့ လမ်းပေါ်မှာ ကားရပ်ပြီး လမ်းဘေးနားက လူပျိုအရွယ် ကုလားလေး သုံးလေးယောက်ကို လှမ်း မေးတယ်။ မေးတော့ သူတို့က လမ်းဘေးကနေ ''ဘယ်လမ်းကို သွား''လို့ လမ်းညွှန်တယ်။ အဲဒီအခါမှာ ဒရိုင်ဘာက ဂီယာ ကောက်ထိုးပြီး မောင်းထွက်မလို့ ဟန်ပြင်တော့ ရှေ့ တည့်တည့်က လာရပ်တယ်၊ ''ပေး ငါးကျပ်''တဲ့ ။ ''ဟာ မင်းကို ဘာလို့ပေးရမှာတုန်း'' ဆိုတော့ ''ခင်ဗျား မေးလို့ ကျုပ်တို့ လမ်းပြရတယ်၊ အဲဒီလမ်းပြခအတွက် ၅-ကျပ် ပေးရမယ်'' တဲ့။ မခက်ဘူးလား။
မြန်မာပြည်မှာသာဆိုရင် အိမ်အရောက်တောင် လိုက်ပို့လိုက်ဦးမယ်။ ရှိတာတောင် ချကျွေးလိုက်ဦးမယ်။ ''သြော် သူတို့ခရီးသည်တွေ အဝေးကြီးက လာကြတာ။ တတိုင်း တပြည်က လာကြတာ။ ပင်ပန်းနွမ်းနယ်လာကြ တယ်။ ရေလေးသောက်ပါဦး။ ထမင်းလေးစားပါဦး။ ဒီနေရာလေး ထိုင်ပါဦး''လို့တောင် ဖိတ်ကြဦးမယ်။ ဒီတော့ ဘုန်းကြီး စိတ်ထဲက သဒ္ဓါတရား ကုန်သွား တယ်။ အဲဒီကောင်ကို မပေးချင်တော့ဘူး။ ဒါကြောင့် ဒရိုင် ဘာကိုပြောလိုက်တယ်၊ ''အဲဒီကောင် ပြတဲ့လမ်းက မမောင်း နဲ့ကွာ၊ ဒီ့ပြင်လမ်းက မောင်း'' ဆိုပြီးတော့ အခြားလမ်းက မောင်းလာခဲ့တယ်။
အဲဒီကောင်ကလဲ နောက်ကနေ လိုက်ပြီးတော့ ''ဘာဘာ ဘာဘာ''နဲ့ဆိုပြီး လိုက်လာတယ်။ ''ဘာတုန်းကွ'' ဆိုတော့ ''ပေး ငါးကျပ်''တဲ့။ ''မင်းပြတဲ့လမ်း ငါတို့ မမောင်း ဘူးကွာ၊ ဘာပြုလို့ ပေးရမှာလဲ''လို့ ပြောပစ်ခဲ့တယ်။
(အပိုင်း-၁၈) ဆက်ဖော်ပြပါဦးမည်။
သတင်းကောင်း။ ။ ဆုတောင်း- ၆ မျိုးတရား နှင့် သီတဂူစတားရဲ့ အိန္ဒိယ ဇာတ်မြင့်ဇာတ်နိမ့်ဝါဒ တို့ကို ကြားဖြက်၍ ဖော်ပြသွားပါဦးမည်ဟု ကြိုတင် သတင်းကောင်းပါးလိုက်ပါတယ်။
Posted in: တရားတော်
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment