သီတဂူစတား

သီတဂူစတား

04 September 2013

ဆီဒိုးနားဟိုတယ်မှာ ရွှေအိုး ငွေအိုးမြုပ်သူများ

 ဆီဒိုးနားဟိုတယ်မှာ ရွှေအိုး ငွေအိုးမြုပ်သူများ

၁၃၇၅ ခုနှစ် ၀ါခေါင်လကွယ်နေ့ (၄-၉-၂၀၁၃) နေ့၊ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ သီတဂူအလှူတော်မင်္ဂလာပွဲကြီး ကျင်းပပြုလုပ်ခဲ့သည်။
ထိုအလှူမင်္ဂလာပွဲကြီးက အလှူရှင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ကျောင်းအမကြီး ဒေါ်ယဉ်ထွေး၏ ၇၅ နှစ်ပြည့် စိန်ရတု မွေးနေ့ပွဲပဲ ဖြစ်ပါသည်။
ကျောင်းအမကြီး၏ မွေးနေ့ပွဲမှာ သီတဂူအပြည်ပြည်ဆိုင်ရာ ၀ိပဿနာ အကယ်ဒမီတွင် လက်ထောက် ကထိကဆောင်အတွက် ကျပ်ငွေ သိန်း ၂၀၀၀ (နှစ်ထောင်)၊ မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွက် ကျပ်ငွေ သိန်း ၂၀၀ (နှစ်ရာ)၊ သီတဂူဆရာတော်ကြီး၏ န၀ကမ္မအလှူတော်ငွေအတွက် ကျပ် သိန်း ၃၀၀ (သုံးရာ) နှင့် ပင့်သံဃာ အပါး ၁၀၀ တို့အား တစ်ပါးလျှင် တစ်သိန်းကျပ်စီ ကျပ်သိန်း ၁၀၀ (တစ်ရာ) တို့ကို လှူဒါန်းခဲ့ပါသည်။

ပင့်သံဃာနှင့် အထူးဖိတ်ကြားထားသူ ပရိသတ်အပေါင်းအား အစာအာဟာရတို့ဖြင့် ဆက်ကပ်ခြင်း ကျွေးမွေးခြင်းများကို ဆီဒိုးနားဟိုတယ်မှာပဲ ပြုလုပ်ခဲ့ပါသည်။

ထိုပွဲတွင် သီတဂူဆရာတော်ကြီးက ရွှေအိုးမြုပ်သူများအကြောင်းကို ဟောထားသည်မှာ အလွန့်အလွန်ကို ကောင်းမွန်လှသည်၊ ငယ်ငယ်က ထိုတရား ခဏခဏ နာကြားခဲ့ဖူးပေမဲ့ ဆရာတော်ကြီး၏ ထူးခြားသော အတွေးအမြင်များနှင့် ဟောကြားအပ်သော တရားတော်ကို တဖန် နာကြားရသူမှာ ပီတိမျက်ရည်ကျမတတ် အရသာရှိလှသည်၊ အလှူရှင်တွေရဲ့ မျက်လုံးတွေမှာလဲ ပီတိမျက်ရည်တွေ ဖုံးလွမ်းလို့နေသည်ကို တွေ့ရသည်။ အလှူရှင်များ ပီတိမျက်ရည်ကျအောင် ဟောစွမ်းနိုင်သော ဆရာတော်ကြီး၏ မေတ္တာတော်ကလဲ ထူးခြားလို့နေသည်။

ဆရာတော်ကြီးသည် အခမ်းအနားပြီးပြီးချင်းပဲ သီရိလင်္ကာနိုင်ငံသို့ ဗုဒ္ဓနှစ်၂၆၀၀ ပြည့် အထိမ်းအမှတ် ဗုဒ္ဓဘာသာညီလာခံပွဲသို့ တစ်ပတ်ခရီး ကြွသွားတော်မူသည်။

မှတ်ချက်။ ။ ထိုတရားဗီဒီယိုခွေကို မကြာမှီ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ ဖြန့်ချီပါလိမ့်မည်။ နာဖြစ်အောင် နာကြပါရန် သတင်းကောင်းပါးလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၉-၂၀၁၃

02 September 2013

ပျက်စီးကြောင်း လေးမျိုး

ပျက်စီးကြောင်း လေးမျိုး(သီတဂူစတား စာတိုပေတို)


(၁) ရုပ် သိပ်လှရင် ပျက်စီးတတ်သည်၊ ရုပ်ချောသူများ ၀ိုင်းဝိုင်းလည်ခံရရင် ပျက်စီးဖို့ အလားအလာဖြစ်သည်။


(၂) ပိုက်ဆံချမ်းသာလျှင် ပျက်စီးတတ်သည်။ ရေလျှံ (ငွေပေါ) နေသူများ ၀ိုင်းဝိုင်းလည်ခံရမည်၊ ပျက်စီးဖို့ နီးလာသည်။


(၃) အာဏာ ရရှိလျှင် ပျက်စီးတတ်သည်၊ အာဏာရှိသူများ ခစားသူများ၊ ကပ်ဖားသူများဖြင့် ၀ိုင်းဝိုင်းလည်ခံရသည်၊ ပျက်စီးဖို့ သေချာနေသည်။


(၄) အမှားအမှန် မသိသူသည် ပျက်စီးတတ်သည်။ (မိမိအနားကလူ၊ မိမိကို ပြုစုပေးနေသူ၏ စကားကိုသာ ယုံတတ်သည်၊ အရင်ပြောသူ၏ စကားကိုသာ ယုံတတ်သည်၊ တကယ့်အမှန်ကန်သမားတွေ၊ တကယ်အလုပ်လုပ်နေသူများကိုတော့ ချောင်ထိုးထားတတ်ကြသည်။)


(ဟိတောပဒေသကျမ်းကို ကိုးကားသည်)


ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၂၇-၀၂-၂၀၁၃

20 August 2013

အောင်မြင်သော ခရီးသည်





အောင်မြင်သော ခရီးသည်
 ဘ၀သောတံ ဘေ၀၀ါဟံ၊ တိဏ္ဏော ပါရင်္ဂတော အဟု။
ဧတေန သစ္စ၀စ္စေန၊ ဂမနံ မေ သမိဇ္ဈတု။

မြတ်ဗုဒ္ဓသည် ဘ၀သံသရာတည်းဟု ရေပင်လယ်ကြီးကို လွန်မြောက်တော်မူသည်။
ဤမှန်ကန်သော သစ္စာ စကားကြောင့် ယနေ့ ကျွနိုပ်သွားမည့် ခရီးစဉ်သည်လည်း အဆင်ပြေ ချောချောမွေ့ပါစေသတည်း။

မဟာကပ္ပိနမင်းကြီးနှင့် ဇနီးသည် မိဖုရား အနော်ဇာတို့ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်နှင့် သံဃာဂုဏ်တော်တို့ကို အာရုံပြု ပွားများ၍ မြစ်ကြီး သုံးစင်းကို ကျော်လွန်နိုင်ခဲ့ကြသည်။

ဤမှန်ကန်သော သစ္စာကြောင့် ဘုရား တရား သံဃာ ရတနာသုံးပါး ဂုဏ်တော်ကျေးဇူးများဖြင့် အိန္ဒိယမဟာသမုဒ္ဒရာကြီးကို ချောမွေ့စွာ ကျော်ဖြတ်နိုင်ပါစေသတည်း။

ဒီကနေ့ည စာရေးသူသည် ဘုံဘေလေဆိပ်မှ စထွက်မည်၊ နောက်တစ်နေ့ မနက် ဘန်ကောက်လေဆိပ်ရောက်၊ ထိုနေ့မှာပဲ ၉ နာရီ ရန်ကုန်လေဆိပ်ရောက်။

၆-၈-၂၀၁၃ နေ့က Ph.D  ကျမ်းတင်ခဲ့သည်။ ၁၉-၈-၂၀၁၃ နေ့က နှုတ်ဆက်ပွဲ  Ph.D မြန်မာ ကျောင်းသားများအား ဆွမ်းကပ်ခဲ့သည်။ ပြီးလုနီးပါးဖြစ်သော ပညာရေးခရီးသည် ဘ၀။

ဘ၀သံသရာခရီးသွားပြီး (ဂတဒ္ဓိက)သူများကို ကြည်ညိုရင်း ကျွန်ုပ်ရဲ့ လောကခရီးသည်လည်း ပြီးဆုံးတိုင် အောင်မြင်နိုင်ပါစေသတည်းးး

 သံသရာခရီးသည်တွေ ဘ၀ခရီးသည်တွေ လောကခရီးသည်တွေ အားလုံး မိမိတို့ရာ လိုရာ ခရီး ပြီးမြောက်အောင်မြင်နိုင်ကြပါစေကုန်သတည်းးးး

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၈-၂၀၁၃

10 August 2013

သိကြားရှိခိုးခံ သူများ

သိကြားရှိခိုးထိုက်သူ
(သီတဂူစတား စာတိုပေတို)
စာမိတ်ဆက်
ငယ်ငယ်ကထဲက ခဏခဏ ကြားဖူးနေတဲ့ သုတ္တန်တစ်ခုဖြစ်သည်၊ စာရေးသူ တောင်မြို့မဟာဂန္ဓာရုံမှာ နေစဉ်က ယခု နာယကချုပ်ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသသည် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သံဃာ ၁၃၀၀ ကျော်တို့အား ဆွမ်းကပ်ရန် ရောက်လာကြသော အနယ်နယ်အရပ်ရပ်မှ ဒကာ ဒကာမများအား နေ့စဉ် နံနက်တိုင်း တရားစကားများ ပြောကြားရာဝယ် “သိကြားမင်းက လူဝတ်ကြောင်တွေကို ရှိခိုးလေ့ရှိတဲ့အကြောင်း”ကို မကြာမကြာ ပြောလေ့ရှိသည်။ ယခု စာဖတ်ရင်း ထိုသုတ္တန်ကို ဖတ်မိသဖြင့် အလွမ်းပြေ အမှတ်တရ စာတိုပေတို မှတ်စု ပြုစုလိုက်သည်။

သိကြားမင်း ရှိခိုးခံရသူများ

၁။ ကြာမြင့်စွာကာလကထဲက မြတ်သော အကျင့်ရှိကြတဲ့ ရဟန်းသူတော်စင်
၂။ ပရဟိတ စိတ်ရှိပြီး ဒါန၀တ်ရှိတဲ့ လူဝတ်သူတော်စင်များ
၃။ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသည်အားဖြင့် အကျင့်သီလ ရှိကြတဲ့ လူဝတ်သူတော်စင်များ
၎။ တရားသဖြင့် ရှာဖွေပြီး သား မယားကို ပြုစုသူများ။ (လင့်ဝတ်၊ မယားဝတ်၊ သားသမီးဝတ်၊ မိဘ၀တ်၊ ကျေပွန်သူများ)

မိသားစုဘ၀လေးကို စင်စင်ကြယ်ကြယ်နဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်သူကို သိကြားမင်း ရှိခိုးသတဲ့။
 အပြင်ထွက်လျှင် မိဘကို ရှိခိုးသွားသင့်
သိကြားမင်းက သူ၏နေရာ ဘုံဗိမာန်ကနေ အပြင်ထွက်တိုင်း ထွက်တိုင်းမှာ ရှိခိုးသင့်တဲ့သူတွေကို ရှိခိုးလေ့ရှိသတဲ့၊ ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်ဆိုတာထက် ဘာသာစိတ် အသိစိတ်ရှိတဲ့သူတွေဆိုရင် ပိုမှန်မည်ထင်သည်၊ သူတို့တတွေဟာ ကျောင်းကိုပဲ သွားသွား၊ သင်တန်းကိုပဲ သွားသွား၊ အလုပ်ကိုပဲ သွားသွား၊ ခရီးကိုပဲ သွားသွား၊ ဘယ်အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အပြင်ထွက်ပြီဆိုရင် ဘုရားခန်းက ဗုဒ္ဓမြတ်စွာရယ်၊ အမေ အဖေတို့ကိုပါ ကျကျနန ရှိခိုးပြီးမှ သွားလေ့ရှိသည်။ သိကြားမင်းသည်လည်း ထိုနည်းတူစွာပင် ဗုဒ္ဓ၏တပည့်ကောင်းများနည်းတူ အပြင်ထွက်ခါနီး လက်အုပ်ချီ ရှိခိုးလေ့ရှိသည်၊ ထိုသို့ရှိခိုးနေတာကို မြင်တော့ တပည့်ဖြစ်သူ မာတလိနတ်သားက “အရှင်မင်းကြီး---အရှင်မင်းကြီးက ဘယ်သူ့ကို ဘယ်အကြောင်းကြောင့် ရှိခိုးနေတာလဲ၊ တကယ်ဆို မြေပြင်ရှိ ၀ိဇ္ဇာသုံးပါး အဘိဥာဏ်များရရှိပြီးသူများနှင့် ရေမြေတောတောင်ကို အစိုးရတဲ့ ဘုရင်တွေက အရှင်နတ်မင်းကြီးကို ရှိခိုးကြရပါတယ်။ ဝေဟင်ပြင်ရှိ နတ်မင်းကြီး လေးယောက်နှင့် နတ်အပေါင်းတို့ကို အစိုးရသော တာဝတိံသာနတ်မင်းတို့ကပါ အရှင်နတ်မင်းကြီးကို ရိုသေပေးကြရတယ်၊ ရှိခိုးကြရတယ် မဟုတ်လား”ဟု မေးတော့ သိကြားမင်းက “ငါ ရှိခိုးနေတဲ့သူတွေက တခြားမဟုတ်ဘူး ရဟန်းသူတော်စင် လူ သူတော်စင်များ ဖြစ်ကြတယ်”ဟု အထက်ပါ အရှိခိုးခံထိုက်သူများကို စာရင်းလုပ် ထုတ်ပြလေသည်။

ကိုယ့်သား ကိုယ့်မယားကို သမ္မာအာဇီဝဖြင့် ပြုစုလုပ်ကျွေးနေချိန်၊ ကိုယ့် အမိအဖကို ပြုစုလုပ်ကျွေးနေတဲ့အချိန်သည် ကောင်းကင်းသိကြားမင်း၏ ရှိခိုးမှုကို ထိုက်နေသူဟု၍မှတ်။ ငါးပါးသီလ လုံတဲ့နေ့သည် သိကြားမင်း၏ ရှိခိုးခြင်းကို ကောင်းကောင်းကြီး ထိုက်နေတဲ့ အချိန်ဟူ၍မှတ်။ ပေးကမ်းနေတဲ့အချိန်၊ စွန့်ကြဲနေတဲ့အချိန် အလှူဒါန ပြုနေတဲ့အချိန်တိုင်းသည်လည်း သိကြားမင်း ရှိခိုးခြင်းကို ထိုတ်တန်တဲ့အချိန်ဟူ၍မှတ်ကြရန် သိကြားမင်းပြောသည်။

ထိုကဲ့သို့သော အလုပ်မျိုးကို သိကြားရှိခိုးခံထိုက်ရုံသာ မက၊ ပညာရှိ သူတော်ကောင်းတို့ကပါ ချီးမွးမ်းထောမနာပြုကြသည်၊ အယုံအကြည်ရှိကြသည်၊ မြတ်နိုးကြသည်၊ ပူဇော်ကြသည်။ ဖြစ်လေရာရာ ဘ၀တိုင်းမှာလဲ ထိုသူပြုအပ်သော အလုပ်တွေကပဲ ပြန်လည် ကြိုဆိုကြပါလိမ့်မည်။ သိကြားမင်းနှင့် သူတော်ကောင်းများ အရိုအသေပေးထိုက်သော ထိုအလုပ်များကို ပြုလုပ်ထားသူသည်လည်း လက်ရှိဘ၀မှာလဲ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာစွာ နေရသလို ဘ၀တိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပါလိမ့်မည်။ ကိုယ်လုပ်ခဲ့သော အလုပ်ကို တွေးမိလေးတိုင်းလဲ ပီတိတွေ လှိုင်လှိုင်ဖြစ်ရပါလိမ့်မည်။

(ဂဟဋ္ဌ၀န္ဒနာသုတ်၊ သံယုတ်)


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၀၂-၂၀၁၃

06 August 2013

သီတဂူ+ထူးဖောင်ဒေးရှင်းတို့ မျက်စိအလှူ

သီတဂူ+ထူးဖောင်ဒေးရှင်းတို့ မျက်စိအလှူ

သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့မှပူးပေါင်း၍ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မျက်စိဝေဒနာရှင်များအား တတိယအကြိမ်မြောက် ဆေးကုသပေးခြင်းအစီအစဉ်ကို (၁၀.၇.၁၃)ရက်နေ့မှ (၁၃.၇.၁၃) ရက်နေ့အထိ ပူတာအိုခရိုင်ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြပါသည်။
ဝေးလံခေါင်ဖျားဒေသများမှ ဆေးဝါးကုသရန်အခက်အခဲရှိသည့် မျက်စိဝေဒနာရှင်များကို သက်ဆိုင်ရာဒေသ တာဝန်ရှိသူများ အကူအညီဖြင့် ထူးဖောင်ဒေးရှင်းမှ လိုအပ်သည်များကို ပံ့ပိုးပေးခဲ့ပြီး သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓသာသနာပြုအဖွဲ့မှ မျက်စိအထူးကုဆရာဝန်ကြီးများ၏ ကုသမှုဖြင့် ယခု တတိယအကြိမ်တွင် ပူတာအိုခရိုင်အတွင်း ရှိမြို့နယ်(၆)ခုတို့မှ မျက်စိဝေဒနာရှင်ပေါင်း (၉၇၁) ဦးကို လိုအပ်သော ဆေးဝါးကုသမှုများပေးနိုင်ခဲ့ပြီး၊ မျက်စိဝေဒနာရှင် ၁၂၅ ဦးတို့ကို ခွဲစိပ်ကုသပေးနိုင်ခဲ့ပါသည်။
ပထမအကြိမ်ကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ပေးခဲ့ပြီး မျက်စိဝေဒနာရှင် (၈၀၀)ကျော်ကို ကုသပေးနိုင်ခဲ့ကာ ဝေဒနာရှင် (၉၂)ဦးကိုခွဲစိပ်ကုသပေးနိုင်ခဲ့ပြီး။

ဒုတိယအကြိမ်အဖြစ် ၂၀၁၂ခုနှစ်၊ အောက်တိုဘာလတွင် ပြုလုပ်ခဲ့ကာ မျက်စိဝေဒနာရှင် (၁၀၇၆)ဦးကို ကုသပေးနိုင်ခဲ့ပြီး ဝေဒနာရှင် (၁၄၈)ဦးကို ခွဲစိပ်ကုသပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

မျက်စိဝေဒနာရှင်များသည် ပူတာအိုခရိုင်အတွင်း ကားလမ်းမပေါက်သော ကျေးရွာများမှ လမ်းလျောက်လာကာ ဆေးဝါးကုသကြပြီး ထူးဖောင်ဒေးရှင်းမှ မော်တော်ဆိုင်ကယ်သွားလာ၍ ရသည့်နေရာများမှစတင်ကာ ကြို၊ပို့ယာဉ်များစီစဉ်ပေးခဲ့ကြပါသည်။ မျက်စိဝေဒနာရှင်များအတွက် မနက်၊ နေ့လည်စာဒန်ပေါက်နှင့် ညစာထမင်းဗူးများအပါအဝင် အခြားလိုအပ်ချက်အားလုံးကို ပါဖြည့်ဆည်းပေးခဲ့နိုင်ခဲ့ပါသည်။

အချို့ဝေဒနာရှင်များမှာ သားထောက်သမီးခံ မရှိခြင်း၊ သွားလာ၍ ခက်ခဲခြင်းတို့ကြောင့် လူနာတစ်ဦးတည်းလာရောက်ဆေးကုသခံယူခဲ့ကြပါသည်။ အဆိုပါဝေဒနာရှင်များအား ထူးဖောင်ဒေးရှင်းမှ ဝန်ထမ်းများက လိုအပ်သည့် ကူညီစောင့်ရှောက်မှုများပေးခဲ့ပြီး အိမ်အပြန်အတွက် သက်တောင့်သက်သာဖြစ်နိုင်စေရန်ကိုပါ စီစဉ်ပေးနိုင်ခဲ့ပါသည်။

သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့ကြီးမှ မျက်စိအထူးကုဆရာဝန်များ၏ မငြီးမငြူ စစ်ဆေးကုသမှုများနှင့် သူနာပြုဝန်ထမ်းများကို စေတနာနှင့်စောင့်ရှောက်မှုများကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ထူးဖောင်ဒေးရှင်းအနေဖြင့် တတိယအကြိမ်မျက်စိဝေဒနာရှင်များအား ကုသပေးခဲ့ခြင်းအား ဝမ်းမြောက်ပီတိဖြစ်ရသကဲ့သို့ လိုအပ်သော ဆေးဝါးများမှစ၍ ခွဲစိပ်ခန်းသုံးပစ္စည်းများ၊ စားစရာပစ္စည်းများသယ်ဆောင်ရာတွင် ကူညီဆောင်ရွက် ပေးခဲ့ကြသော Air Bagan လေကြောင်းလိုင်း၊ Asian Wings လေကြောင်းလိုင်း၊ တည်းခိုနေထိုင်နိုင်ရန်အတွက် ကူညီပေးခဲ့ကြသော Aureum Palace Hotelနှင့် Malikha Lodge Hotel၊ အခြားလိုအပ်သည်များကို ပံ့ပိုးကူညီခဲ့ကြသော Htoo Group Of Companies နှင့် AGD Bank တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ထို့အပြင် မျက်စိဆေးကုသခြင်းအစီအစဉ်တွင် ထူးဖောင်ဒေးရှင်း Facebook မှတဆင့်ဆက်သွယ်ကာ အလှူငွေကျပ် (၅၀၀၀၀)စီလာရောက်လှူဒါန်းပေးသော (ဦးကျော်မင်း) + ဒေါ်မြင့်မြင့်သန်းမိသားစုနှင့် ဦးအောင်ထွန်း(ညွှန်/မှူး (ငြိမ်း) ၊အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)+ဒေါ်နီလာမင်း မိသားစုတို့ကိုလည်း ကျေးဇူးတင်ရှိပါသည်။
 ထူးဖောင်ဒေးရှင် (https://www.facebook.com/HtooFoundation?fref=ts) ဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၇-၂၀၁၃

01 August 2013

“မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသား”သို့

“Heart to Heart” “မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသား”သို့

မြစ်တို့သည် မြင့်ရာမြင့်ရာအရပ်မှ နိမ့်ရာနိမ့်ရာသို့ စီးသွားကြမြဲဖြစ်ကြကုန်၏။ ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် အီကွေတာစက်ဝိုင်း၏ မြောက်ဖက်၌ရှိသောကြောင့် ကမ္ဘာ့မြောက်ခြမ်း၌ တည်ရှိပေသည်။ သို့သော် အိန္ဒိယပြည်နှင့်တရုတ်ပြည်ကြီးတို့၏ အစိတ်အပိုင်းအချို့သည် မြန်မာနိုင်ငံမြောက်ဖက်စွန်းဒေသကို အရှေ့အနောက် နှစ်ဖက်ညှပ်၍ ဆက်စပ် ဝိုင်းပတ်ထားကြသည်။ သို့ဖြစ်ခြင်းကြောင့် အိန္ဒိယပြည် အရှေ့မြောက်ဒေသ၊ တရုတ်ပြည် အနောက်တောင်ဒေသ အစိတ်အပိုင်း အသီးသီး၌ စီးသွားကြကုန်သော မြစ်အားလုံးတို့သည် မြန်မာနိုင်ငံ မြောက်ပိုင်း၊ အနောက်ပိုင်း၊ အရှေ့မြောက်ပိုင်းဒေသတို့မှ မြန်မာနိုင်ငံအတွင်းသို တောတောင် လျှိုမြောင် အသီးသီးတို့မှ တိုးလျှိုး စိမ့်ဝင် စီးဆင်းလာကြကုန်၏။
 
ဒုဋ္ဌဝတီမြစ်၊ သံလွင်မြစ်တို့သည် တရုတ်ပြည် အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့မှ စီးဝင်လာကြလျှက် ရှမ်းကုန်းပြင်မြင့် တစ်ခွင်ကို ဖြတ်သန်းကာ ဧရာဝတီသို့ ဝင်ရောက်ပူးပေါင်းကြကုန်၏။ မေခမြစ်သည်လည်း တရုတ်ပြည် အနောက်တောင်ပိုင်းမှ ရှမ်းနှင့် ကချင်နယ်မြေတို့ကို တိုးလျှိုး စီးဝင်ကာ ဧရာဝတီသို့ ဝင်ရောက်ကြကုန်၏။ မလိခမြစ်သည်လည်း တရုတ်ပြည်အနောက်တောင် တိဘက်နှင့် အိန္ဒိယပြည်အရှေ့မြောက် အာသံနယ်များကို ဖြတ်သန်း၍ မြင့်မောက်သည့် ကချင်တောင်တန်းကြီးများ အကြားမှ စီးဝင်ကာ ဧရာဝတီသို့ပင် ပူးပေါင်းစီးဝင်ကြသည်။

တရုတ်ပြည်၏ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကြီးတစ်ခုလုံးနီးပါးက မြစ်ငယ်၊ ချောင်းငယ် အားလုံးတို့သည် ရွှေလီမြစ်သို့ စီးဝင်ကြကုန်လျှက် ထိုရွှေလီ မြစ်သည်လည်း ယူနန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် နယ်စပ်များကို ကွေ့လျှက် လိမ်လျှက် မြွေကြီးကောင်ရှည်ကဲ့သို့ တလွန့်လွန့် တလူးတလူး မြန်မာမြေသို့ စီးဝင်ကာ ကချင်ပြည်နယ် ဗန်းမော်မြို့အောက်နား မိုးတားမြို့အနီး၌ ဧရာဝတီသို့ စီးဝင်ပူးပေါင်းခဲ့လေသည်။ ယူနန်နယ်က တာပန်ဆိုသော မြစ်ငယ် တစင်းသည်လည်း မြန်မာပြည်တွင်းသို့ စီးဝင်ကာ ဗန်းမော်မြို့ အထက်နား၌ ဧရာဝတီသို့ပင် ပူးပေါင်းဝင်ရောက်ခဲ့လေသည်။

“ဗမာ”ဟူသည်
ရှေးဟောင်းသမိုင်းဆရာများ ရေးသားခဲ့ကြသည့် သမိုင်းအချက်အလက်အချို့ကို မှတ်သားမိသည်မှာ “ဗမာ”ဟူသည် တိဘက်တိုဘားမင်း (Tibeto-burman) မျိုးနွယ်မှ ဆင်းသက်လာသည်။ မွန်ခမာတို့သည် သံလွင်မြစ်ကြောင်းမှ ဝင်ရောက်လာသည်။ ရှမ်း ပလောင်တို့သည် ယူနန်နယ်မှ ဝင်ရောက်လာကြသည်ဟု ရေးသားကြသည်ကို ကြားဖူးဖတ်ဖူးပါသည်။

နယ်စပ်နယ်ခြားရှိ တောင်ကြား, တောင်ကြားလမ်းများနှင့် မြစ်ရေစီးကြောင်းများသည် တနယ်မှာရှိသော လူမျိုးစုများသည် အခြားနယ်မှာ ရှိသော လူမျိုးစုများနှင့် ကူးလူးရောယှက်ရန် လမ်းကြောင်းများ ဖြစ်ခဲ့ကြလေသည်။ ယူနန်ပြည်နယ်တစ်ခွင်၌ အခြေကျကျကြာမြင့်စွာ နေလာကြကုန်သော လူမျိုးတို့၏ လူနေမှုစနစ်, ဓလေ့ထုံးစံ, စရိုက်, ပြောဆိုသည့်ဘာသာစကား, ၀တ်စားဆင်ယင်မှု ဓလေ့ထုံးစံအများစုသည် ရှမ်းပြည်နယ်အရှေ့ပိုင်း, မြောက်ပိုင်းက ရှမ်း, ပလောင်မျိုးနွယ်များ, ကချင်ပြည်နယ်က ဂျိန်းဖောမျိုးနွယ်များနှင့် အများဆုံးရောယှက် တူညီနေသည်ကို တွေ့ရပေမည်။ မန္တလေး၊ ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်စသည့်မြို့များတစ်ခွင်သို့ ယူနန်တရုတ်တို့ ကာလကြာမြင့်စွာက စိမ့်ဝင်ရောနှော မြန်မာမှုပြုပြီး နေခဲ့ကြသည်ကို မေခ မလိခ, ရွှေလီစသည့်တရုတ်မြစ်တို့က ရေတို့သည် ဧရာဝတီမှာ ပေါင်းသကဲ့သို့ ဖြစ်ပေသည်ဟု စဉ်းစားမိပေသည်။
(နမ်းခမ်း သီတဂူစက္ခုဒါနဆေးရုံ)

 ဧရာဝတီမှ ရွှေလီသို့ အဆန်
မြန်မာနယ်စပ် ရွှေလီမြစ်အနီးက ရွှေလီမြို့သို့ ဓမ္မဒူတခရီးအဖြစ် နှစ်ခေါက်သုံးခေါက် ရောက်ခဲ့ရာ မန္တလေးက တရုတ်တန်း၊ ရန်ကုန်မြို့က လသာလမ်းတို့မှာ တရုတ်လူမျိုးတွေ ရောင်းဝယ် ဖောက်ကား စီးပွားရှာနေကြသလိုပင် မြန်မာပြည်အနှံ့က မြန်မာတို့သည်လည်း ရွှေလီမြို့မှာ မြန်မာရပ်ကွက်၊ မြန်မာလမ်း၊ မြန်မာဆိုင်းဘုတ်နှင့် ဆိုင်တွေ ဖွင့်၍ ရောင်ဝယ်ဖောက်ကား နေကြသည်ကို မြင်ရပြန်လေသည်။ ထိုသို့ဆိုလျှင် ရွှေလီမှ ဧရာဝတီသို့ ဟူသောစကားကို ဧရာဝတီမှ ရွှေလီသို့ဟု အဆန်စကား ပြောကြားရပေမည်။

အံ့ဖွယ် ရှမ်းတို့၏စိတ်ဓာတ်
အင်္ဂလိပ်ကိုလိုနီခေတ်က ဗုဒ္ဓဘာသာမစ်ရှင်တို့ အရောက်အပေါက်မရှိခဲ့ကြသည့် တောကြား၊ တောင်ကြား၊ နယ်ခြားဒေသများသို့ ခရစ်ယာန်သာသနာပြုမစ်ရှင်များ နေရာအနှံ့ရောက်ခဲ့ကြသည်။ အမေရိက, ဥရောပမှ လာကြကုန်သော ခရစ်ယာန်မစ်ရှင်တို့၏ စွန့်စားခြင်း၊ စွန့်လွှတ်ခြင်း၊ စူးစမ်းခြင်းနှင့် ဇွဲသတ္တိတို့မှာ အံ့ချီးဖွယ်ကောင်းပါသည်။ မိမိငယ်စဉ်က (အသက် ၂၅-နှစ်) နမ့်ခမ်းမြို့သို့ အလည်အပတ် တစ်ခေါက် ရောက်ခဲ့သည်။ ယနေ့အထိ နမ့်ခမ်းသို့ ဆယ်ခေါက်ထက်မနည်း ရောက်ခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သောနှစ် - ၅၀ ခန့်က နမ့်ခမ်းမြို့နှင့် ယနေ့နမ့်ခမ်းမြို့တို့ မှတ်သားမိသလောက် နှိုင်းယှဉ်ကြည့်မိရာ လူနေမှုစနစ်, ယဉ်ကျေးမှုဓလေ့ထုံးစံ, ဘာသာရေး, လူမျိုးရေးအလွန်ကြီး ကွာခြားမှုမရှိ၊ ပကတိမူလအတိုင်းလောက်နီးနီးပင် တည်ရှိနေသည်ကို တွေ့ရသည်မှာ အံ့သြဖွယ်ဖြစ်သည်။

မိုင်-၂၀ သာသာကလေးမျှသာဝေးသော နယ်ခြားဝင်ပေါက်ထွက်ပေါက်မြို့ မူဆယ်မှာ ထူးထူးခြားခြား ပြောင်းလဲတိုးတက်မှုတွေကြောင့် ရှမ်းဗုဒ္ဓဘာသာတို့၏ မူရင်းအနှစ်သာရအပေါ်မှာ ယဉ်ကျေးမှု စရိုက်မျိုးစုံတို့ ၀ိုင်းအုံလွှမ်းခြုံနေသည့်အဖြစ်ကို မူဆယ်ရှမ်းတို့ ကြံ့ကြံ့ခံခုခံနေရပေသည်။ နမ့်ခမ်းမှာမူ မူရင်းရှမ်းဗုဒ္ဓဘာသာတို့၏ ယဉ်ကျေးမှု, လူမှုရေး, ဘာသာရေးအနှစ်သာရတို့ကို မပျောက်ပျက်စေဘဲ မူရင်းဘာသာရေး, ယဉ်ကျေးမှု အနှစ်သာရအပေါ်၌ ခေတ်ဆန်သော ခေတ်မှီသော လူနေမှုစနစ်နှင့်စရိုက်တို့ လွှမ်းမိုးခြင်းမခံရအောင် ကြံ့ကြံ့ခိုင်ခိုင် ခုခံနိုင်ကြသည့် နမ့်ခမ်း ရှမ်းတို့၏စိတ်ဓာတ်ကို အံ့ဩချီးကျူးမိပေသည်။
(ပထမဆုံးပေါ်ပေါက်လာသော သီတဂူအာယုဒါနဆေးရုံ-စစ်ကိုင်း)

သီတဂူဆေးရုံများ၏ မျိုးစေ့
စာသင်သားဘ၀ နမ့်ခမ်းမြို့ကို ရောက်တုန်းက ဘက်ပတစ် ဘုန်းတော်ကြီး ဒေါက်တာ ဆီးဂရေး၏ တောင်ကုန်းကလေးပေါ်က ဆေးရုံကြီးကိုကြည့်ပြီး အားကျမိခဲ့ပေသည်။ သူ၏ဆေးရုံမှာ သံဃာတော်များ၊ သီလရှင်များ ဆေးကုသမှုခံယူနေကြသည်ကို မြင်ခဲ့၍လည်း “ငါ့အချိန်ရောက်လာလျှင် ငါဆေးရုံဆောက်တော့မည်” ဟူသော ဆေးရုံမျိုးစေ့ကို စတင်ရယူခဲ့မိလေသည်။ ဆီးဂရေးဆေးရုံပေါ်က မြောက်ဘက်သို့ကြည့်လျှင် မိုးကာလဖြစ်လို့ ရှမ်းတို့စိုက်ပျိုးထားသော လယ်ကွင်းများမှာ စိမ်းညို့ညို့ရှိပေသည်။ ကောက်ပင်လေးတွေ အတော်ရင့်ကုန်၍ မြင့်နေပြီဖြစ်လို့ လေများတိုက်လိုက်တိုင်း အစိမ်းရောင်လှိုင်းတံပိုးကို တအိအိမြင်ရသည်။ ရွှေလီမြစ်ပေါ်က ဖြတ်တိုက်လာသော လေသည် အေးမြမြရှိပေသည်။ ရွှေလီသည် ယူနန်ကိုကျော်၍ ရှမ်းမြေထဲသို့ တိုးဝင်လာသည်။ ဧရာဝတီမှာ ပေါင်းသွားသည်။ သို့သော် ယနေ့ ဧရာဝတီသည် ရွှေလီသို့ဆန်လာခဲ့ပြီ။ နမ့်ခမ်းမြို့ ဇေယျသုခပရဟိတကျောင်းတိုက် ရှမ်းလူမျိုး ဆရာတော် ဦးဝိနယစာရ နှင့် သီတဂူဆရာတော်တို့ ရွှေလီမြစ်အနီးမှာ ဆုံမိကြရာ နမ့်ခမ်းမှာ သီတဂူစက္ခုဒါနဆေးရုံ ပေါ်ပေါက်လာခဲ့ပေပြီ။ စက္ခုဒါနဆေးရုံတော်ကို ဇေယျသုခပရဟိတကျောင်းထဲမှာ တည်ဆောက်ခဲ့သည်။ ဆေးရုံအဆောက်အဦးဆောက်လုပ်ခြင်း ကိစ္စတို့ကို နမ့်ခမ်းက ရှမ်းအားလုံးတို့ တာဝန်ယူလှူဒါန်းခဲ့ကြသည်။ ကျပ်သိန်း ၃၀၀၀ ကျော်ဖိုးခန့်ရှိမည်။ ဆရာဝန်သုံး ပစ္စည်းအားလုံးတို့ကို သီတဂူတော်ဝင် ဦးကိုကိုထွေး မိသားစုက လှူဒါန်းကြသည်။ သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိမည်။ ဂိလာနအသုံးအဆောင်ပစ္စည်း အားလုံးတို့ကို သီတဂူဆရာတော်က လှူဒါန်းသည်။ သိန်း ၁၀၀၀ ခန့် တန်ဖိုးရှိသည်။ မေခ, မလိခ, ရွှေလီမြစ်အားလုံးတို့ ဧရာဝတီမှာ ပေါင်းကြသလို သီတဂူနှင့် တော်ဝင်ပြည်သူအားလုံးတို့၏ စက္ခုဒါနသည် ကြည်ကြည်ဖြူဖြူ ရွှေလီမှာပေါင်းခဲ့ကြပါပြီ။

ဒေါက်တာဆီးဂရေး အသက်ရှင်လျှက်ရှိနေသေးလျှင် ပြလိုက်ချင်ပါသည်။ ဆေးရုံတော်ကို ၁၄-၁၁-၂၀၁၂ နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ စမ်းသပ်စစ်ဆေးခံ လာရောက်သူပေါင်း၂၅၀၀- ယောက်ရှိသည်။ ခွဲစိပ်ကုသမှုခံယူပြီး မြင်ရသူပေါင်း ၃၇၅-ရောက် ရှိပါသည်။ ယခုနှစ် ၂၄-၇-၂၀၁၃ နေ့က သီတဂူမျက်စိ အထူးကုအဖွဲ့ ဒုတိယအကြိမ် သွားရောက်ခဲ့ကြသည်။ ၅- ရက်ကြာ ခွဲစိပ်ကုသခဲ့ကြသည်။ လာရောက်စမ်းသပ်ခံယူသူပေါင်း ၁၀၀၀-ကျော်ရှိသည်။ မျက်စိအလင်းရသူပေါင်း ၁၅ဝ- ယောက်ရှိသည်။ နမ့်ခမ်းဟူသော ရွှေမြစ် မြို့လေးသည် ရိုးရိုး ငြိမ်ငြိမ် အေးအေး ချမ်ချမ်း ရှိသည်။ ချစ်စဖွယ်ကောင်းသည်။ မြောက်ဘက်လက်တစ်ကမ်းမှာ တရုတ်ပြည်ရှိသည်။ အနောက်ဘက် ခြေတစ်လှမ်းမှာ ကချင်ပြည်နယ်ရှိသည်။ နမ့်ခမ်းရှမ်းတို့သည် မြန်မာ့ယဉ်ကျေးမှု စရိုက်တို့ကို ကောင်းကောင်းကြီး စောင့်ရှောက်ထားနိုင်ခဲ့ကြသည်။

ဇေယျာပြည် ဧရာဝတီမှ ရွှေလီသို့
သီတဂူ မျက်စိအထူးကု ဆေးရုံသို့ ယူနန်က တရုတ်တို့လည်း လာရောက် မျက်စိခွဲစိပ်ကုသမှု ခံယူသွားခဲ့ကြသည်။ အားလုံးကို ကုသိုလ်ဖြစ် အခမဲ့ ခွဲစိပ်ကုသပေးလိုက်ကြသည်။ ကချင်ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကိုလည်း ဒေါက်တာဆီးဂရေး၏ တပည့် အစဉ်အဆက် ဘရားသာ, ဖားသာ, ဘစ်ရှော့ဘုန်းတော်ကြီးများက ၅ဝ-တစ်စု ၁ဝဝ-တစ်စု ခေါ်လာ ခေါ်လာ ကြသည်။ ဇေယျသုခ ပရဟိတ ဆရာတော်က ကျောင်းမှာ အိပ်ယာ နေရာ ပေးသည်။ ထမင်းကျွေးသည်။ သီတဂူက ကြည်ကြည် ဖြူဖြူ မျက်စိကုသပေးပါသည်။ ယ္ခုနှစ် ကချင် ခရစ်ယာန် ညီအကို မောင်နှမ ပေါင်း ၁၆ဝ- ယောက်တို့ လာရောက်ကြရာ ၁၂- ယောက်တို့ကို မျက်စိခွဲစိပ် ကုသပေးလိုက်ပါသည်။

အချို့သော မျက်စိ ဝေဒနာရှင်များမှာ ကချင်လွတ်မြောက်ရေး စစ်ပြန်များ ဖြစ်ကြပါသည်။ သူတို့လည်း ဘုန်းကြီးကျောင်းမှာ ပျော်ပျော် ပါးပါး အိပ်အိပ် စားစား နေသွားကြသည်။ ကချင်စစ်ပြန်ကြီး တစ်ယောက် ဝတ်ထားသော အင်္ကျီ၏ ရင်ဘတ်ကတံဆိပ်ကို အမှတ်မထင် သတိပြုမိသည်။ ဆက်လက်၍ စူးစူး စိုက်စိုက် ကြည့်မိပါသည်။ ရေးထားသည်မှာ “Heart to Heart” “နှလုံးသားမှ နှလုံးသားသို့” ဟု ရေးထားသည်ကို ကျေနပ်စွာ တွေ့လိုက်ရသည်။ ပို၍ ချစ်စဖွယ်ကောင်းသော စာတမ်းတစ်ခုမှာ “တရားမျှတမှ ထာဝရငြိမ်းချမ်းရေး ရမည်” ဟူ၍ ဖြစ်ပါသည်။

ထိုသို့ဆိုလျှင် ဤစာတမ်း၏ ခေါင်းစဉ်ကို “ဇေယျာပြည် ဧရာဝတီမှ ရွှေလီသို့“ ဟု ပြင်လိုက်ချင်ပါသည်။ မေတ္တာဟူသည် ရေနှင့်တူသည်။ ရေသည် သောက်သုံးသူတို့၏ နှလုံးကို အေးချမ်းစေသည်။ ချိုးသုံးသူတို့၏ ကိုယ်ကို သန့်ရှင်း ရွှင်လန်းစေသည်။ ရွှေလီက လူတွေရော ဧရာဝတီက လူတွေပါ အားလုံး မေတ္တာလွှမ်းခြုံ၍ သန့်ရှင်းသော စိတ်ဓာတ်, ရွှင်လန်းသော စိတ်ဓာတ်, အေးချမ်းသောစိတ်ဓာတ်တို့ဖြင့် ဘဝခရီးကို ရွှေလီနှင့် ဧရာဝတီကဲ့သို့ ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ကြပါစေကုန်သတည်းဟု ဆုတောင်းပါသည်။

Heart to Heart” “မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသားသို့
ဇူလိုင် ၂၇- ရက်နေ့လည်ခင်းမှာ ဖားသားတို့ ဘရားသားတို့နှင့်တကွ လွယ်ကျယ်မှ ရောက်လာကြသော ကချင်လူမျိုး ၁၂ဝ- တို့ အထုပ်ကိုယ်စီ ပိုက်၍ သီတဂူစက္ခုဒါန ဆေးရုံတော်မှ ရွှေလီမြစ်ကို ဖြတ်၍ နေရပ်သို့ ပြန်သွားကြရာ မိမိသည် နောက်ကျောမှ ကြည့်ရင်း တဒုံးဒုံး နှင့် ဒုန်းစိုင်း မောင်းနှင်သွားကြသည့် သူတို့၏ ထော်လာဂျီ အိပ်ဇောသံများသည် မိမိနားကို ဖောက်ထွင်းခြင်းငှာ မစွမ်းနိုင်ကြ၊ စူးစိုက်၍ စဉ်းစားနေမိသည်ကား ရွှေလီနှင့် ဧရာဝတီစသည့် မြစ်တို့သည် အမည်နာမ မျှသာ ကွာပြားကြကုန်၏။ အမည်နာမကို လွန်မြောက် အတွင်းပေါက်အောင် ကြည့်လိုက်လျှင် မြစ်အားလုံးတို့မှာ ရေတစ်ခုတည်းသာရှိုပေသည်။ တကယ်တော့ ဧရာဝတီဟူသော အမည်နာမနှင့် ရွှေလီဟူသော အမည်နာမတို့ ပေါင်းစည်းကြသည်မဟုတ်၊ ရေနှင့် ရေတို့သာ ပေါင်းစည်းကြသည်သာ ဖြစ်၏။ ဤမြေမှာ ရှိကြသည့် လူသားအားလုံးတို့သည် ရွှေလီနှင့် ဧရာဝတီက ရေတို့ အချင်းချင်း ရောနှော စီးဆင်းကြသလို မေတ္တာရေစီးကြောင်းမှာ အေးချမ်း ကြည်လင် သန့်ရှင်းသော စိတ်ဓာတ်ဖြင့် ပေါင်းစည်း ညီညွတ်ကြပါစေကုန်သတည်း ဟု မေတ္တာဆုတောင်းလိုက်ပါသည်။

“Heart to Heart” “မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသားသို့”

သိတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ…….
သီတဂူဆရာတော်
၂၇ - ၇ - ၂ဝ၁၃

+++++++++++

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၈-၂၀၁၃

25 July 2013

ဘုံဘေ (မွမ်ဘိုင်း) ၀ါဆိုခြင်း (၂၀၁၃)

ဘုံဘေ (မွမ်ဘိုင်း) ၀ါဆိုခြင်း (၂၀၁၃)
(သီတဂူစတား စာတိုပေတို)

မြတ်ဗုဒ္ဓသည် သူ၏တပည့်များကို လူမုန်းခံ မဖြစ်လို၊ လူအားလုံးရဲ့ ကြည်ညိုမှု ချစ်ခင်လေးစားမှုကိုပဲ ရစေလိုသည်။ ထို့ကြောင့် ဒကာ ဒကာမတွေရဲ့ ပစ္စယာနုဂ္ဂဟကို အမှီပြုနေရသော သာသနာတော်အတွက် လူဝတ်ကြောင်များ၏ မကြိုက်တဲ့ လေသံနဲ့ ပြောတိုင်း ဆိုတိုင်း ကဲ့ရဲ့တိုင်း ရဟန်းတော်များအတွက် ဥပဒေများ ပေါ်ပေါ်လာတတ်သည်။

ယခုမိုးတွင်းရောက်လာပြီ၊ “ငှက်ကလေးတွေတောင် မိုးရွာလို့ အသိုက်ထဲအောင်းနေကြသေးတာပဲ ရဟန်းတော်တွေက မိုးတွင်းတောင် ဟိုသွား ဒီသွား လမ်းသလားရကောင်းလား” ဆိုပြီး လူဝတ်ကြောင်တချို့ရဲ့ ကဲ့ရဲ့သံ ရှုတ်ချသံတွေကြောင့် မြတ်ဗုဒ္ဓလဲ သူတပည့်တွေကို “ဒကာ ဒကာမတွေ မကြိုက်တာ မလုပ်နဲ့၊ ဒီနေ့ကစပြီး ၀ါတွင်းသုံးလအတွင်း ခိုင်လုံတဲ့ အကြောင်းမရှိဘဲ ညအိပ် ခရီးမသွားရ၊ မသွားမဖြစ်တဲ့ အကြောင်းပေါ်လာရင်တောင် ပန်ကြားသွား”ဟု အမိန့်ထုတ်ရပြန်သည်။ ဤနည်းအားဖြင့် ရဟန်းတော်များအတွက် အကြောင်းပေါ်လာတိုင်း ပညတ်သဖြင့် အကျဉ်းအားဖြင့် ၂၂၇၊ အကျယ် ကုဋေ ကိုးထောင်ကျော်အထိ ဥပဒေပုဒ်မတွေ ရှိလာခဲ့သည်။

ယနေ့ည ၀ါဆိုလပြည့်ကျော်တစ်ရက်၊ အိန္ဒိယနိုင်ငံ ဘုံဘေ (မွမ်ဘိုင်း)မြို့ စာရေးသူတို့ မြန်မာကျောင်းသား ရဟန်းတော်များသည် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ က ပညတ်ခဲ့တဲ့ မြတ်ဗုဒ္ဓ၏ ဥပဒေအတိုင်း ၀ါကပ်တော်မူကြသည်။ တကမ္ဘာလုံးရှိ ရဟန်းတော်များသည် ဒီကနေ့ ၀ါကပ်တော်မူကြသည်။

“ဣမသ္မိံ ၀ိဟာရေ (အာရာမေ) ဣမံ တေမာသံ ၀ဿံ ဥပေမိ- ဤအာရာမ်၊ ကျောင်း၌၊ ၀ါတွင်းသုံးလကာလပတ်လုံး၊ ၀ါကပ်တော်မူသည်။” ဟူသတည်း။

ဘုရားလက်ထက်တော်က ရဟန်းတော်များ
ဘုရားလက်ထက်က ရဟန်းတော်များသည် ၀ါမ၀င်ခင် မြတ်ဗုဒ္ဓထံမှ ကမ္မဋ္ဌာန်းနည်းပညာများကို စနစ်တကျ သင်ယူပြီး ကိုယ်နဲ့ ဥတု၊ ပုဂ္ဂလ၊ ဘောဇန၊ သေနာသန အဆင်ပြေမဲ့နေရာကို ရွေးပြီး ၀ါကပ်ကြသည်။

“၀ါကျွတ်လျှင် မျက်နှာပန်းလှလှနဲ့ ဘုရားရှင်ကို သွားဖူးမည်၊ ကိုယ်ရခဲ့တဲ့ တရားထူးများကို ဘုရားထံလျှောက်မည်” ဟူသော စိတ်ကူးနဲ့ ၀ါတွင်းသုံးလ အပြင်းအထန် ရဟန်းတရား အားထုတ်တော်မူကြသည်။ တချို့ကတော့ ဘ၀သံသရာဒုက္ခကို ဖြစ်စေတဲ့ ကိလေသာတွေကို အပြင်းအထန် တိုက်ထုတ်ရင်း ၀ါတွင်းသုံးလကို ဖြတ်သန်းတော်မူကြသည်။

ဘုရားလက်ထက်တော်က ထိုရဟန်းတော်များ၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်၊ ထိုရဟန်းတော်များကို မွေးဖွားပေးသော သာသနာတော်အတွက် ၀ိနည်းဥပဒေများကို စနစ်တကျ ပညတ်တော်မူသော ဘုရားရှင်၏ ဂုဏ်တော်၊ ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာတည်းဟုသော မြတ်ဗုဒ္ဓ၏တရားဂုဏ်တော်များကို အာရုံပြု၍ ၀ါဆိုလမှာ အထူးကုသိုလ်ယူကြပါသည်။

ဘုရားလက်ထက်က ရဟန်းများကော လူဝတ်ကြောင်တို့ကပါ ၀ါတွင်းသုံးလ၊ ရက်ပေါင်း ၁၀၀လေးမှာ အထူးကောင်းမှုအလုပ်တွေနဲ့ ဖြတ်သန်းကြသလို အားလုံးလဲ ယနေ့က စပြီး ကိုယ်-နုတ်-စိတ်တို့ကို အပြစ်မဖြစ်အောင် ထိန်းပြီး ကိုယ်စွမ်းသမျှ ကုသိုလ်တွေနဲ့ ၀ါတွင်းသုံးလကို ဖြတ်သန်းနိုင်ကြပါစေ၊ ဖေ့ဘုတ်မှာ အရည်လဲမရ အဖက်လဲမရဘဲ လက်ဆော့ပြီး အချင်းချင်း ဆဲနေကြခြင်း ရန်ဖြစ်နေကြခြင်းဖြင့် အချိန်မဖြုန်းကြရန်နှင့် တစ်ယောက်ကို တစ်ယောက် ချောက်တွန်းမနေကြဘဲ မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့ဖြင့် အပြန်အလှန် ပွားနိုင်ကြပါစေ။

စိတ်ကို တလှုပ်လှုပ် တရွရွနဲ့ ရောက်ယက်ခက် မဖြစ်စေကြဘဲ ငြိမ်ငြိမ်လေး နေနိုင်ကြပါစေကုန်သတည်းးးးးးးး။

ဝါဆိုခြင်းနှင့်စပ်၍ စာရေးသူ၏ “သီတဂူစတား” ဘလော့ဂ်မှာ နှစ်စဉ် မတူအောင် ရေးထားသည့် ပို့စ်များ ရှိသည်။

မှတ်ချက်။ ။ ကောလိပ်က ပေးတဲ့ အဆောင်ထဲက ကုလားထိုင်မှာ သီတင်းသုံးပြီး ၀ါဆိုနေကြခြင်းသည် အဆောင်ရဲ့ အခန်းမှာ မိုးများ ပြင်းထန်စွာ ပက်ထားသဖြင့် မိုးရေတွေ စိုရွှဲနေသည်၊ ထိုင်၍မဖြစ်၍ ဤကဲ့သို့ အဆင်ပြေသလို ၀ါကပ်ကြရသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၇-၂၀၁၃

23 July 2013

ဗုဒ္ဓဂယာအကြမ်းဖက်မှု သီတဂူ သတင်းထုတ်ပြန်

ယခုနှစ် ၀ါဆိုလပြည့်နေ့ (၂၂-၇-၂၀၁၃) နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် တော်ဝင်မိသားစု ၀ါဆိုသင်္ကန်းကပ်ပွဲကျင်းပ။ 

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါဝင်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်၊ အစ္စရေးသံအမတ်၊ ထိုင်းသံအမတ်၊ အင်ဒိုနီးရှား သံအမတ်စသော နိုင်ငံတကာ သံအမတ်များ၊ ဖိတ်ကြားထားသူ ပရိသတ်များစွာ တက်ရောက် ကြည်ညိုကြသည့် ထိုပွဲကြီးမှာ သီတဂူဆရာတော်ကြီးက ဗုဒ္ဓဂယာ အကြမ်းဖက်မှုကို သီတဂူသာသနာပြုအဖွဲ့အနေဖြင့် ရှုတ်ချကြောင်း အောက်ပါအတိုင်း ကြေညာသည်။
( အမေရိကန် သံအမတ် ဆရာတော်ကြီးအား လှူဒါန်းစဉ်)
+++++++++++++++
သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့၏
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဗုံးခွဲအကြမ်းဖက်မှုကို ရှုတ်ချခြင်း
(၂၂-၇-၂၀၁၃)

၂၀၁၃ ခုနှစ် ဇူလိုင်လ(၇) ရက်နေ့ ကအကြမ်းဖက်သမား တစ်ချို့အကြောင်းမဲ့ သက်သက် ယုတ်မာ သိမ်ဖျင်းသော စိတ်ထားဖြင့် အကြမ်းဖက်မှု့ လွန်ကျုးခဲ့သည့်လုပ်ရပ်အပေါ် သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့က အလွန်အမင်း ထိတ်လန့် တုန်လှုပ်ခဲ့ပါသည်။

အဲဒီ အကြမ်းဘက် သိမ်ဖျင်းသည့် လုပ်ရပ်သည် သီးခံခြင်းနှင့် အကြမ်းမဖက်ခြင်း တည်းဟူသော ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ အနှစ်သာရနှင့်တကွ အခြားဘာသာကြီး လေးရပ် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျုးတို့၏ အဆုံးအမများနှင့်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျှက်ရှိသည်ဟု သီတဂူအဖွဲ့က ယုံကြည်ပါတယ်။

ဗုဒ္ဒဘုရားရှင်၏ အဆုံးအမများကို ကမ္ဘ့ာ့ဘာသာကြီး လေးရပ်တို့က ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ အမှန်တရားအဖြစ်လဲ လက်ကိုင်ယုံကြည်တယ်လို့ သီတဂူအဖွဲ့က ယုံကြည်ထားပါတယ်။ အခု အကြမ်းဖက်လုပ်ရပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုသာမက ကမ္ဘာ့ဘာသာရေးနှင့် ယဉ်ကျေးမှု့ အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးကိုလဲ ခြိမ်းခြောက်လျှက်ရှိသည့်အတွက် သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့က  ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်သည်။

တစ်ဆက်တည်းမှာ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များအားလုံးက ကမ္ဘာ့ဘာသာရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရင်း ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပါ ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် နည်းလမ်းတစ်ခု ၀ိုင်းဝန်းလက်တွဲ ရှာဖွေ သွားကြရန် တိုက်တွန်းပါသည်။

အိန္ဒိယနိုင်ငံ အစိုးရကလဲ ဤကဲ့သို့ မိုက်မဲသော ပြစ်မှုလွန်ကျုးခဲ့သူများကို ထိထိရောက်ရောက် ဖေါ်ထုတ်ပြီး ပြင်းပြင်ထန်ထန် အရေးယူသွားရန် ယခုကဲ့သို့ မလိုလားအပ်သောဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားခြင်း မရှိရလေအောင် လိုအပ်သော စီမံချက်များကို ချမှတ်ဆောင်ရွက်သွားပါရန် အိန္ဒိယအစိုးရကို အလေးအနက်ထား၍ တောင်းဆို တိုက်တွန်းပါသည်။

ကမ္ဘာတလွှားက ဗုဒ္ဓဘာသာဝင်အားလုံး တို့လည်းပဲ ယခုကဲ့သို့ နာကျည်းဖွယ် အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်မှာ ဗုဒ္ဓဘုရားရှင်၏ အဆုံးအမဖြစ်သော သီးခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အကြမ်းမဖက်ခြင်းတို့ကို မမေ့မပျောက်၊ စွဲစွဲမြဲမြဲ လိုက်နာ ကျင့်သုံးသွားကြရန် အလေးအနက်တိုက်တွန်း လိုက်ရပါသည်။ 

သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့
ပင်လုံလမ်း၊ ပါရမီလမ်းထိပ်၊ မြောက်ဒဂုံ၊ ရန်ကုန်မြို့၊
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
ဖုန်း ၀၁-၅၈၁၇၇၇ 
(ထိုင်းသံအမတ်)
(အစ္စရေးသံအမတ်) 
အသံဖိုင်မှမြန်မာစားသားကို စပယ် (လှဆန်းယဉ်)၊ ဓာတ်ပုံများကိုတော့-Wit Yi, Marlar Myint, Htun Htun Oo,နှင့် Ashin Visuta တို့ ဖေ့ဘုတ်မှ ကူးယူသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၇-၂၀၁၃

22 July 2013

နယူးဒေလီ (အိန္ဒိယ) ခရီးသွားမှတ်တမ်း

နယူးဒေလီ (အိန္ဒိယ) ခရီးသွားမှတ်တမ်း

စာမိတ်ဆက်
စာရေးသူလဲ ပတ်စပို့ကိစ္စဖြင့် နယူးဒေလီသို့ သွားဖြစ်ခဲ့။ အားလုံးအဆင်ပြေသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာသံရုံးက တာဝန်ရှိသူများကို အထူးကျေးဇူးတင်ပါသည်။ စစ်သံရုံးက ဒကာ ဦးတိုးသိန်းကို ဆက်သွယ်ပြီး မြန်မာသံရုံးကို သွားနိုင်ခဲ့သည်၊ လပ်တလော တာဝန်ကျနေတဲ့ အမျိုးသမီးနှစ်ယောက်ကလဲ ချက်ချင်း အကူညီပေးသည်၊ ဒေလီရဲ့ ပူပြင်းလှတဲ့အချိန်မှာ ထိုအမျိုးသမီးနှစ်ယောက်ရဲ့ အဖျော်ရည်အေးအေးတစ်ခွက်နဲ့ ကာယကံမေတ္တာတွေကြောင့် အတွင်းပူ အပြင်ပူ အပူနှစ်ဝ အေးမြသွားလေရဲ့။

ထုံးစံအတိုင်း ရောက်တတ်ရာရာ မှတ်တမ်းရေးတတ်တဲ့ အကျင့်ရှိသည်အားလျှော်စွာ ဘုံဘေ+နယူးဒေလီ ခရီးစဉ်မှတ်တမ်းလေး ရေးမိသည်၊ ခရီးသွားများအတွက် ရာသီဥတု တည်းခိုစရာ၊ ကား ရထားများအကြောင်း သိထားသင့်စရာလေးတွေ စုစည်းထားသည်။ စာရေးသူတို့ ပတ်စပို့ကိစ္စလဲ အဆင်ပြေသဖြင့် ကတညူ ကတဝေဒီအတွက်လဲ မှတ်တမ်းရေးလိုသည်။
(Red Fort)
ကျေးဇူးတင်ပါတယ်
ရဟန်းဘ၀ဆိုတာ “ကျေးဇူးတင်ပါတယ်”ဆိုတာရယ်၊ မေတ္တာပို့ခြင်းစတဲ့ ကတညူ ကတဝေဒီဖြင့်ပဲ ကိုယ့်ဒကာ ဒကာမတွေကို ကျေးဇူးတုန့်ပြန်ရသည်။

မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ်က ရဟန်းတော်တစ်ပါးက နေ့စဉ် သပဒါနိက ဓုတင်ခေါ်တဲ့ အိမ်စဉ်မကျော်ဘဲ ဆွမ်းခံအကျင့် ကျင့်လေ့ရှိသည်၊ ဘာသာကွဲပြားခြင်းမရှိဘဲ၊ ဆင်းရဲ ချမ်းသာ မရွေးဘဲ၊ လောင်းသည်ဖြစ်စေ မလောင်းသည်ဖြစ်စေ မစဉ်းစားဘဲ အိမ်တိုင်းမှာ ဆွမ်းရပ်သည်။ ထိုအထဲတွင် ဘာသာခြားအိမ်တွေလဲ ပါသည်၊ ထိုဘာသာခြားအိမ်တစ်အိမ်က နေ့စဉ် ရသည်လိုက်က “ရဟန်းစုတ်၊ ဂတုံးစုတ်” စသည်ဖြင့် ဆဲရေး၊ ကြိမ်းမောင်းခံခြင်းကိုသာ ရလိုက်သည်။ သို့သော် ထိုရဟန်းက သူ၏ အိမ်စဉ် ဆွမ်းခံအကျင့်တိုင်းပဲ နောက်နေ့လည်း ကြွပြန်သည်၊ ဒီနေ့တော့ ထိုဘာသာခြားအိမ်က ဘာစိတ်ကောင်း ၀င်လာသည် မသိ၊ ရှေးနေ့ရက်ကလို မဆဲတော့ဘဲ “ကန်တော့ဆွမ်းပါဘုရား”ဟု ပြောသတဲ့၊ ထိုအခါ ရဟန်းတော်က “သာဓု သာဓု သာဓု”ဟု ခေါ်လိုက်သည့်အခါ ထိုဘာသာခြားအိမ်ရှင်မှာတော့ အံ့အားသင့်နေသည်။

“အရှင်ဘုရားကို ကန်တော့ဆွမ်းပါလို့ ပြောတာ၊ ဘာမှလဲ မလောင်းလိုက်ဘဲနဲ့ အရှင်ဘုရားက ဘာလို့ သာဓုခေါ်တာလဲ”ဟု ထိုအိမ်ရှင်က မေးသောအခါ၊ “ဒကာတော်- အရင်ရက်တွေက ဒကာတော်ဆီက နေ့တိုင်း အဆဲခံရခြင်း၊ ခြိမ်းခြောက်အခံရခြင်းကိုသာ ရခဲ့တာ၊ ဒီနေ့တော့ အလွန်သိမ်မွေ့တဲ့ ကန်တော့ဆွမ်းပါဆိုတဲ့ စကားလေးတစ်ခွန်း ရလိုက်လို့ သာဓုခေါ်တာပါ”ဟု ရဟန်းတော်က ပြန်ပြောသတဲ့။


ဘာသာခြားအိမ်ရှင်လဲ “အော်--ကြည့်စမ်း၊ ဒီရဟန်းတွေ စကားချိုချိုလေးပဲ ရလိုက်တာကို ကျေးဇူးတင်မဆုံးဖြစ်နေလိုက်တာ၊ တကယ်လို့များ ငါသာ ဆွမ်းဟင်းများ လောင်းလှူလိုက်လျှင် ဘယ်လောက်များ ကျေးဇူးတင်လိုက်မလဲ”ဟု စိတ်ကူးဝင်လာကာ နေ့တိုင်း ဆွမ်းလောင်းတော့သည်တဲ့။

စာရေးသူတို့မှာတော့ ဒီကနေ့ မြန်မာသံရုံးက ရောက်ရောက်ခြင်း နွေးနွေးထွေးထွေး ကြိုဆိုမှု ရသည်၊ ရုံးခန်းနှင့် ထိုင်ရမည့်နေရာတွေအတွက် စီစဉ်ပေးသည်၊ တစ်ခါမှ မရောက်ဖူးသေးတဲ့ သူအတွက် စိတ်ထဲမှာ နွေးထွေးမှုရရှိလှသည်ဟု ခံစားမိသည်၊ သံရုံးဝန်ထမ်းများကလဲ အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်းဖြင့် ကာယကံမေတ္တာ ရရှိသည်။ စာရေးသူတို့အတွက် ပတ်စပို့ကိစ္စ အဆင်မှပြေပါ့မလားဆိုတဲ့ အတွင်းပူ၊ ပူစပ် ပူကြပ်နေတဲ့ ဒေလီမြို့ အပြင်ပူတွေ နေ့ချင်းငြိမ်းသွားသည်၊ အေးမြခြင်းများကိုသာ ရရှိသဖြင့် ဒိထက် ကျေးဇူးတင်စရာကောင်းတာတောင် ဒီလောက် ကောင်းမည် မထင်။ စာရေးသူတို့မှာ အထက်က ဘုရားရှင်လက်ထက်က ရဟန်းတော်က ကျေးဇူးတင်တာထက် အဆပေါင်းများစွာ သံရုံးဝန်ထမ်းများကို ကျေးဇူးတင်သင့်လို့ ကျေးဇူး အများကြီး တင်ပါသည်။ တစ်ဇွန်းတည်းသော ဆွမ်းအတွက်နဲ့ ကျေးဇူးတရားကို သိ၊ ကျေးဇူးတရားကို ဆပ်တဲ့အနေနဲ့ အရှင်သာရိပုတ္တရာသည် ပုဏ္ဏားအိုကြီးတစ်ယောက်ကို လက်ခံ ရဟန်းပြုပေးခဲ့သည်။ “တစ်လုပ်စားဖူး သူကျေးဇူး”စကားပုံသည် အရှင်သာရိပုတ္တရာ၏ ပြောင်မြောက်သော ကျေးဇူးသိခြင်း၊ ဆပ်ခြင်းက ပေါ်ပေါက်လာခဲ့သည်၊ ကျေးဇူးတရားဆိုတာ မမေ့ကောင်းပါ။
(Qutub Minar) 
အိန္ဒိယမြို့တော်များ
စာရေးသူတို့လည်း ရောက်တဲ့နေ့မှာပဲ သံရုံးဝန်ထမ်းများ၏ ကျေးဇူးကြောင့် အားလုံး အဆင်ပြေသွားသဖြင့် စိတ်အေးလက်အေးနဲ့ နယူးဒေလီမြို့ထဲကို လျှောက်ကြည့်ဖြစ်ကြသည်။ အိန္ဒိယပြည်ကြီး၏ အစိုးရရုံးစိုက်ရာမြို့သည် နယူးဒေလီမြို့ဖြစ်သည်၊ စီးပွားရေးနှင့် လူဦးရေအထူထပ်ဆုံးမြို့တော်သည် ဘုံဘေ (မွမ်ဘိုင်း)မြို့ဖြစ်သည်၊ အဲဒီနောက်မှ ကာလကတ္တား၊ ချန်နိုင်းနှင့် ဟိုဒရာဘက်မြို့တို့ ဖြစ်သည်။
ဒီအချိန်ဒီရာသီက မိုးရာသီဖြစ်သည်၊ အိန္ဒိယတစ်ပြည်လုံး အပူရှိန်ကျရာ အချိန်ဖြစ်သည်။ ဘုံဘေကနေ နယူးဒေလီမြို့ကိုရောက်တော့ အောက်ပြည်အောက်ရွာကနေ အညာမြေဖြစ်တဲ့ မန္တလေးကို ရောက်ရသလို ခံစားမိသည်၊ ရာသီဥတု ခြောက်သွေ့သည်၊ မန္တလေးမြို့ထက် ပိုပူပါသည်၊ ဒီလိုချိန်မှာ အဲယားကွန်း၊ သို့မဟုတ် ကူလာ (cooler) မပါဘဲ နေလို့မဖြစ်၊ ဒီလိုအချိန်မှာ ဘုံဘေမြို့မှာ မပူ မအေး၊ နွေးထွေးသည့်အချိန်ဖြစ်သည်၊ ဆောင်းရာသီကဲ့သို့ အလွန်နေလို့ကောင်းတဲ့ ရာသီဖြစ်သည်၊ မိုးတောထဲက လာတဲ့ စာရေးသူတို့အဖို့ နယူးဒေလီမှာ ကြာကြာမနေနိုင်ခဲ့၊ ဘုံဘေကိုပဲ ပြန်ချင်နေသည်။ နယူးဒေလီမှာ ဆောင်းရာသီရောက်ပြန်လျှင်လဲ အပူပေးစက် (Heater) မပါဘဲ နေမဖြစ်ပေမဲ့ ဘုံဘေမှာက လွပ်လပ်ပေါ့ပါးစွာနေလို့ အကောင်းဆုံး အချိန်ဖြစ်သည်။ ကြီးကျယ်သည်မဟုတ်၊ တကယ်ပင် ဘုံဘေမှာ နေဖူးသူသည် နယူးဒေလီမြို့ကို နေနိုင်လိမ့်မည် မဟုတ်။

လမ်းတံတားများနှင့် မြို့အနေအထား
နယူးဒေလီမှာတော့ သစ်ပင်ကြီးတွေ သိပ်လှသည်၊ နိုင်ငံတကာ သံရုံးသွားတဲ့ လမ်းမှာဆိုရင် မန်ကျည်းပင်တန်း၊ တမာတန်း၊ ခရေပင်တန်း များဖြင့် မြန်မာပြည်ရဲ့ အညာမြေလို လှနေသည်။ ဘုံဘေမြို့ထဲမှာ ထိုကဲ့သို့ သစ်ပင်မျိုးမရှိ။

အဆောက်ဦးတွေသည် ဘုံဘေမြို့ကဲ့သို့ အမြင့် မရှိ၊ အများဆုံး ၅ ထပ်အဆောက်ဦးများသာ ဖြစ်သည်၊ တချို့နေရာလောက်သာ ဘုံဘေမြို့ကဲ့သို့ အမြင့်အဆောက်ဦးများတွေ့ရသည်၊ ရုံးစိုက်ရာ မြို့တော်ဖြစ်လို့ တိုက်အမြင့်ကြီးများ ဆောက်ခွင့်မပြုဟု ထင်ရသည်၊ ဘုံဘေမှာတော့ မြို့ထဲဝင်လိုက်တာနဲ့ နေရာတိုင်းမှာ ထပ်ပေါင်းများစွာသော အဆောက်ဦးများတွေ့ရမည်၊ အဆောက်ဦး အမြင့်တွေ များသောကြောင့် နယူဒေလီကဲ့သို့ လမ်းတွေမှာ ကောင်းကင်ရဲ့ အလင်းရောင်အား မကောင်း။

နယူးဒေလီမြို့နေရာ အများစုလမ်းတွေသည် ကတ္တရာလမ်းတို့ဖြင့် သေသေသပ်သပ်ရှိသည်၊ ကွေ့ကောက်၊ လိမ်ပတ်နေတဲ့ လမ်းတံတားတွေလဲ လှလှပပတွေ့ရသည်၊ ဘုံဘေမြို့နေရာ အများစုကတော့ ကွန်ကရစ်လမ်းများသာဖြစ်သည်။ လူဦးရေသိပ်သည်းမှု၊ လမ်းတံတားတွေ ကားကြပ်မှုတို့သည် ဘုံဘေမြို့လောက် မရှိသဖြင့် ပိုသန့်သည်ဟု ဆိုရပေမဲ့ ကမ္ဘာ့ အညစ်ပတ်ဆုံး ၁၀ နိုင်ငံက မြို့တော်တွေထဲမှာ နယူးဒေလီပါသည်။ အိန္ဒိယမှာတော့ အသန့်ရှင်းဆုံးနေရာလို့ ပြောလို့ရသည်။

လူနေမှုအဆင့်အတန်း
နယူးဒေလီမြို့သည် လူနေမှုအဆင့်အတန်းအရ ဘုံဘေမြို့နေ လူနေမှု အဆင့်အတန်းနှင့် သိပ်မကွာလှ၊ တက္ကသိုလ်တစ်ဝိုက်မှာတော့ လူငယ်တွေ အတော်များများက ရုပ်ရည်သန့်သည်၊ အဖြူရောင် အသားရည်ရှိသူ များသည်၊ ထိုအနေထားသည် ဘုံဘေမြို့နေသူများနှင့် တူသည်၊ မတူသည်က မျက်နှာပေါက်၊ မျက်နှာပေါက် အနေထား သိပ်မတူဟု ထင်မိသည်၊ နယူးဒေလီရှိ သူတွေမှာ အဖြူရောင်တွေ များပေမဲ့ အများစုက မျက်နှာချွန်သည်၊ ကိုယ်လုံးကိုယ်ပေါက် သိပ်မထွား၊ ဘုံဘေရှိသူများကတော့ မာရတီလူမျိုးများစု ဖြစ်သဖြင့် မျက်နှာအနေအထား ပြည့်သည်၊ အများစုက ခန္ဓာကိုယ် ထွားကြိုင်းသည်။
ရာသီဥတု အနေအထား ကွာခြားသဖြင့် လူနေမှုပုံစံလဲ မတူလှ၊ အိန္ဒိယပြည်၏ အများဆုံးနေရာတွေသည် အပူပိုင်းများဖြစ်သည်၊ အပူပိုင်းနေသူတို့၏ စတိုင်လ်က သိပ်မကွာလှ၊ မြို့နေ တောနေ အဆင့်သာ ကွားခြားကြမည်။ သို့သော် ဘုံဘေမြို့သည် အိန္ဒိယပြည်၏ သီးခြားနိုင်ငံတစ်ခု ဖြစ်နေသလို ပုံစံ စတိုင်လ်ကလဲ သီးခြားဖြစ်နေသည်ကို တွေ့ရသည်။

ယဉ်ရထားနှင့် ကား
နယူးဒေလီမြို့မှာ နယူးဒေလီ ဘူတာကြီးသည် ကြီးကျယ်သည်၊ မန္တလေးဘူတာကြီးထက် ကြီးသော အဆောက်ဦးအသစ်ရှိသည်၊ စင်္ကြံလမ်း ၁၆ ခုထိရှိသည်။ အိန္ဒိယ ရထားများထုံးစံအတိုင်း တစ်စီးကို အတွဲပေါင်း ၃၀ အနဲဆုံးရှိသည်။ စင်္ကြံလမ်းအတိုင်း ကိုယ်စီးမည့် အတွဲနေရာအထိ ရောက်ဖို့ တော်တော်လေး သွားရသည်။ ထို့ကြောင့် အိန္ဒိယရထားများစီးလျှင် ကြိုတင်သွားရဖို့လိုသည်၊ မြို့တိုင်း နေရာတိုင်းမှာ အထူးသဖြင့် ဘုံဘေလို၊ ဒေလီလို မြို့ကြီးတွေမှာ ယာဉ်ကြောများ ပိတ်ဆို့မှုကြောင့် ကိုယ်သွားမည့်နေရာ ကြိုတင်အချိန်ပို တွက်ယူထားရသည်။ အိန္ဒိယပြည်ကြီး၏ ကုန်းလမ်းပို့ဆောင်ရေးမှာ ရထားသည် အရေးပါဆုံးဖြစ်သည်။ အများစုသည် တစ်ညအိပ်ခရီးများအတွက် ရထားပဲ အစီးများသည်၊ ရထားလက်မှတ်ဖြတ်ရာမှာလဲ အင်တာနက်ကနေ ၀ယ်လို့ရသလို၊ ဘူတာမှာ သွားတန်းစီရင်လဲ ရသည်၊ များသောအားဖြင့် တစ်လလောက်ကြိုပြီး လက်မှတ်ဝယ်ထားမှ ရသည်၊ ကပ်ဝယ်လို့ မရ၊ အကယ်၍ ကိုယ်မလိုက်ဖြစ်၍ ထိုခရီးကို ဖျက်လိုပါက ရထားထွက်ပြီး တစ်နာရီအကြာထိ လက်မှတ် ပြန်ရောင်းလို့ရသည်။ သို့မဟုတ် တစ်ရက်ကြို မနက်ပိုင်း Tatkal (တတ်ကယ်လ်) လက်မှတ်ဝယ်လို့ရသည်၊ ထိုလက်မှတ်ကို အင်တာနက်၊ သို့မဟုတ် ဘူတာ၊ သို့မဟုတ် အေးဂျင့်တို့မှာ ရနိုင်သည်၊ အင်တာနက်နှင့် ဘူတာကနေ ၀ယ်လျှင် ပုံမှန်ဈေး ဖြစ်ပေမဲ့ အေးဂျင့်ကနေ ၀ယ်လျှင်တော့ ၀န်ဆောင်မှုအတွက် ပေးရသည်၊ ထို Tatkal လက်မှတ်သည် ပုံမှန်လက်မှတ်လို ပြန်ရောင်းမရ။

အိန္ဒိယပြည်ကြီးသည် အလွန်ကျယ်ဝန်းသည် ဖြစ်ရကား နေရာအနှံ့အပြား လည်ပတ်လိုပါက ရထားစီးတတ်လျှင် ပိုသက်သာသည်၊ ပိုအဆင်ပြေသည်၊ မြို့ကြီးများတွင် အိန္ဒိယရထားများသည် အဝေးပြေးနှင့် မြို့တွင်းပြေး နှစ်မျိုးရှိသည်။ အိန္ဒိယပြည် တစ်ပြည်လုံး ရထားလမ်းများဖြင့် ကွန်ယတ် ချိတ်ဆက်ထားသဖြင့် နေရာတိုင်းမှာ ရထားရှိသည်။ မြို့တွင်းမှာလဲ ၀န်ထမ်း၊ ကျောင်းသား ကျောင်းသူအားလုံးက ရထားပဲ စီးကြသည်။ သို့သော် မြို့တွင်းရထားများသည် အလွန်ပြည့်သိပ်ကြပ်နေသဖြင့် ပစ္စည်းများကို ဂရုစိုက်ရပါသည်။ ဘုံဘေမှာတော့ ခါးပိုက်နှိက် သိပ်မရှိပေမဲ့ ဒေလီမှာတော့ ခါးပိုက်နှိက် ပေါသည်။ အမျိုးသမီးများအတွက်ကတော့ သီးသန့်တွဲ စီမံထားသဖြင့် သိပ်ပြီး တိုးဝှေ့မစီးရ။

အိန္ဒိပြည်မှာ ရာဇဓာနီရထားသည် အထူးရထားဟူ၍ ဆိုသည်၊ ဈေးလည်း တခြားရထားတွေထွက် ပိုကြီးသည်၊ စားစာရာ ၀န်ဆောင်မှုကောင်းသဖြင့် စားစရိတ်သက်သာမည့်အပြင် အချိန်ပါသက်သာသွားသည်။ စာရေးသူတို့သည် နယူးဒေလီအသွား ရိုးရိုးအမြန်ရထားနဲ့ သွားသည်၊ ရူပီး ၁၇၅၀ ပေးရသည်၊ အေးဂျင့်ခမပါ၊ ကိုယ့်ဘာသာ ဘူတာသွားဖြတ်သည်။ ဘုံဘေကနေ ည ၁၁-၄၅ ထွက်သော ရထားသည် ၂ ညအိပ်ပြီးမှ နောက်နေ့မနက် ၆ နာရီလောက်မှ နယူးဒေလီမြို့ထဲဝင်သည်။ နာရီပေါင်း (၂၈) ကြာသည်။ စားစရာကို ထိုရထားက ၀န်ဆောင်မှုမပေးသဖြင့် ၂ ရက်စာ စားစရိတ်ကုန်မည်။ အပြန်မှာတော့ ရာဇဓာနီ ရထားလက်မှတ်ဝယ်သည်၊ အေးဂျင့်ကနေ ၀ယ်သဖြင့် ၀န်ဆောင်ခ ၃၅၀ရူပီး ပေးရသည်၊ စုစုပေါင်း ထိုရထားခ ၂၅၀၀ ရူပီး နီးပါးကျသည်။ ကိုယ့်ဘာသာ ရထားဘူတာမှာ သွားဝယ်ရင်တော့ ၃၅၀ ရူပီးသက်သာမည်။ ရေ-ကော်ဖီ-အချိုပွဲ-ညစာ- မနက်စာ စားစရိတ်ကို ၀န်ဆောင်ပေးသည့်အပြင် သန့်ရှင်းမှုလဲရှိသည်။ ညနေ ၄-၃၀ ကထွက်လာသည်၊ တစ်ညအိပ်ပြီး နောက်နေ့မနက် ၈-၃၀ မှာ ဘုံဘေရောက်သည်၊ နာရီပေါင်း ၁၆ နာရီပဲ ကြာမည်ဟု လက်မှတ်မှာ ရေးထားသည်။ ၂၈ နာရီနဲ့ ၁၆ နာရီ အချိန်အရမ်းကွာသွားသည်။ နယူးဒေလီနဲ့ ဘုံဘေ မိုင်ပေါင် ၇၀၀ကျော် ၈၀၀ နီးပါးကို လမ်းခုလပ် ၄ ဘူတာပဲ ရပ်ခဲ့သည် အတွက် အချိန်သက်သာသွားသည်။ ရိုးရိုးအမြန်ရထားများက ဘူတာပေါင်း ၂၀ နီးပါးလောက်ရပ်သည်။ ထူးခြားတာ တစ်ခုက ရာဇဓာနီအထူးအမြန်ရထားသည် အားလုံး အေစီတွဲတွေပဲ ပါသည်၊ ရိုးရိုးအိပ်စင်များမပါ။ အိန္ဒိယပြည် အလည်လာသူများအတွက် ရထားအကြောင်း သိကောင်းစရာ မှတ်တမ်းတစ်ခုဖြစ်သည်၊ ဗုဒ္ဓဂယာ ဘုရားဖူးဇုန်နေရာလောက်ကိုသာ ရောက်လိုသူများအတွက်တော့ မလိုအပ်ပါ။

ဟိုတယ်-တည်းခိုခန်းများ
အိန္ဒိယမြို့ကြီးတွေမှာ ကမ္ဘာ့အဆင့်မှီ ကြယ်ငါးပွင့်တို့လို ဟိုတယ်တွေ များစွာရှိသည်။ ဈေးအမျိုးမျိုးရှိသည်၊ စာရေးသူလဲ သီတဂူဆရာတော်ကြီး အမှီပြုပြီး ဖိုက်စတား ဟိုတယ်များလဲ တည်းဖူးသည်၊ ကိုယ့်ဘာသာ ဈေးပေါပေါ တည်ခိုခန်းများမှာလဲ အတွေ့ကြုံရှိဖူးသည်။ ဘုံဘေမှာ ဟိုတယ်ဇုန်အနေနဲ့ မြို့ရဲ့ အချက်အချာကျသည့် ပင်လယ်ကမ်းခြေ နေရာမှာ ဟိုတယ်ဈေးအမျိုးမျိုးရှိသည်။ စာရေးသူတို့ကောလိပ်နဲ့ နီးတဲ့ နေရာတွေမှာလဲ သာမန်ဟိုတယ်တွေရှိသည်၊ ဈေး အလွန်မကြီးလှ၊ တစ်ည မြန်မာငွေ ကျပ် ၅ သောင်းဝန်းကျင်ရှိသည်။ ကမ်းခြေက မြို့လည်က ဟိုတယ်တွေကတော့ တစ်ခန်း တစ်ည အမေရိကန်ဒေါ်လာ ၁၀၀ ကနေ ၁၀၀၀ (တစ်ထောင်) ၀န်းကျင်အထိရှိနေသည်။ နယူးဒေလီမှာလဲ ထို့အတူပင်။ စာရေးသူတို့ကတော့ ဈေးအသက်သာဆုံး နေရာကို ရှာရသည်၊ ထိုနေရာသည် တိဘက်တန်တွေ နေရာဖြစ်သည်။ တိဘက်တွေအတွက် နေရာမှာ တိဘက်ပိုင်တည်းခိုးခန်းများစွာရှိသည်၊ ဈေးမကြီးလှ၊ နေရာလဲ လုံခြုံမှုရှိသည်၊ အစားအစာလဲ တရုပ်အမျိုးနွယ်များဖြစ်သဖြင့် မြန်မာပါးစပ်နဲ့ အဆင်ပြေသည်၊ တိဘက်တန်ဈေးတန်းရှိသဖြင့် လိုချင်တာ အကုန်ရသည်၊ စားသောက်ဆိုင်၊ အလှကုန်ဆိုင်၊ အထည်ဆိုင်၊ ခရီးသွားအေးဂျင့်၊ ငွေလဲကောင်တာ အကုန်ရှိသဖြင့် ထိုနေရာသည် စာရေးသူတို့အတွက် အလွန်အဆင်ပြေသည်။ နယူးဒေလီ တက္ကသိုလ်နဲ့လဲ နီးသည်၊ ထိုနေရာကား တိဘက်တန် ကိုလိုနီ (Aruna Nagar Tibatan Colony)ဟု ခေါ်သည်။

နယူးဒေလီမြို့ကို လည်ပတ်စရာဆိုလို့ နာမည်ကြီး လက်မှုအနုပညာ အလွန်လှပတဲ့ ဟိန္ဒူဘုရားကျောင်း Akash dhan, Red Fort, Qutub Minar, Lotus-Temple, စတာတွေ အပြင် အနီးအနားမှာ ရှိသော အသောကမင်းကြီးတည်ထားသော ဆန်ချီစေတီတော်ကြီးကိုလည်း သွားရောက် ဖူးနိုင်သည်။ မြတ်ဗုဒ္ဓ မဟာသတိပဋ္ဌာန်ဟောရာ ကမ္မာသဓမ္မရွာသည်လည်း ဒေလီမြို့စွန်မှာ တည်ရှိသည်ဟုလည်း သိရသည်။

နယူးဒေလီကို ရောက်ဖို့ အကြောင်းပါလာရင် ဈေးလည်းသက်သာ အစားအစာလည်းအဆင်ပြေ၊ သွားဖို့လာဖို့လဲ ကားတွေက အဆင်သင့်ကြိုက်သူများအတွက် တိဘက်တန် ကိုလိုနီ (Aruna Nagar Tibatan Colony)နေရာလေးကို သတိရလိုက်ပါ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၇-၂၀၁၃

13 July 2013

အရေးတကြီး လိုအပ်သော ကံ

အရေးတကြီး လိုအပ်သော ကုသိုလ်ကံ

စာမိတ်ဆက်

တနေ့က ဇာတ်ကားတစ်ခု ကြည့်မိတယ်၊ “အနှိုင်းမဲ့ လိပ်ပြာ” ဆိုတဲ့ ဇာတ်ကားတစ်ခုပဲ ဖြစ်သည်။ ထိုဇာတ်ကားထဲမှာ သေခါနီးလူတစ်ယောက် ဘ၀ကို နာကျည်းပြီး မူးရူးပြီး သေသွားသော် သူခေါင်းချခဲ့သည့် အိမ်လေးမှာပဲ မျောက်ကလေးတစ်ကောင် လာဖြစ်သည့် ဇာတ်ကားဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တွေ အတွက် ကံကံ၏အကျိုးကို သရုပ်ဖော်ပေးသော သင်္ခန်းစာပေးသည့် ဇာတ်ကားတစ်ကားဖြစ်သည်။ စာရေးသူလဲ ထိုကားကိုကြည့်ပြီး အာသန္နကံ (ဘ၀တစ်ခု နိဂုံးချုပ်ချိန်ကံ)၏ အရေးပါပုံ ရေးချင်စိတ်ဖြစ်လာသည်အတွက် ရေးခြင်းဖြစ်သည်။

ကံ (ဖန်တီးရှင်)
ဗုဒ္ဓဘာသာအလိုရ ဖန်တီးရှင်ဆိုတာ အပြင်အပ မမြင်ရသည့် တန်ခိုးရှင်များကို မဆိုလို၊ မိမိပြုအပ်သော ကောင်းကံ ဆိုးကံသည်သာ ဘ၀၏ဖန်တီးရှင်များဖြစ်ကြသည်အတွက် မိမိသည်သာ ကိုးကွယ်ရာ အားထားရာ ဖြစ်တော့သည်။ လောကကို အလှဆင်သည်မှာလည်း ကိုယ်ကိုယ်တိုင်ဖြစ်သလို လောကကို အရုပ်ဆိုးအကျည်းတန်သည်မှာလည်း ကိုယ်ကိုယ်တိုင်ပင်ဖြစ်သည်။ ထိုကဲ့သို့ အလှဆင်၊ အကျည်းတန်စေတတ်သော မိမိ၏ ကောင်းကံ မကောင်းကံတို့သည် လောကကြီး၏ ဖန်တီးရှင်များဖြစ်ကြသည်။ ကံ၏ဖန်တီးမှုတို့သည် အလွန်သိမ်မွေ့ နက်ရှိုင်းသည်၊ အလွန်ကျယ်ပြန့်သည်။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓကို ကံ၏ဆန်းကြယ်မှုကို တွေးတော ကြံဆခြင်း ပင်ပန်းသည်၊ ရူးသွပ်သွားနိုင်သည် ဟူ၍လည်း ဆိုထားသေးသည်။ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတ ဥာဏ်တော်ဖြင့်သာ ကျက်စားနိုင်သည့် ကံ၏အကျိုးပေးမှုကား နက်ရှိုင်းလှသည်။ အလွန်ကျယ်ပြန့် နက်ရှိုင်းသည့် ကံများစွာထဲက ကံ ၄ မျိုးအကြောင်းလည်းပါသည်။ ထို ၄ မျိုးထဲမှ အာသန္နကံ၏ အရေးပါမှုကားလည်း မှတ်သားစရာဖြစ်လှသည်။
(စာရေးသူ၏ ဆိုက်တွင် ကံ၏ ဆန်းကြယ်ပုံများကို ဖြစ်ရပ်မှန်ဇာတ်လမ်းများဖြင့် ဖော်ပြပြီးဖြစ်သည်၊ ရှာဖွေ လေ့လာနိုင်ပါသည်)

ကံလေးမျိုး
အဘိဓမ္မာတွင် ကံလေးမျိုး အကြောင်းကို ပြထားသည်။ အလွန်ထင်းရှားသော ကံအကြောင်းများ ဖြစ်ရကား လူအသိများသိသည့် ကံအကြောင်းများဖြစ်သည်။
၁။ ဂရုကံ-ကံတပါးတို့သည် မတားမြစ်နိုင်သည့် ကြီးလေးသော ကံ။
၂။ အာသန္နကံ-သေခါနီးကာလ၌ ပြုအပ်သောကံနှင့် အောက်မေ့အပ်သည့် ကံ။
၃။ အာစိဏ္ဏကံ-နေ့စဉ် အကြိမ်များစွာ လေ့ကျင့်အပ်သော ကံ။
၎။ ကဋတ္တာကံ-ပြုဖူးကာမျှဖြစ်သော ကံ-ဟူ၍ အကျိုးပေးသောအစဉ်အားဖြင့် ၄-မျိုးကွဲပြားလျက် ရှိပေသည်။

(က) ဂရုကံဟူသည် ကံတပါးတို့သည် မတားမြစ်နိုင်သည့် ကြီးလေးသောကံဖြစ်သည်။ ထို ဂရုကံတို့သည် ကောင်းသောဘက်တွင် ကုသိုလ်ကံနှင့် မကောင်းဘက်တွင် အကုသိုလ်ကံဟူ၍ ၂-မျိုးရှိပေသည်။ အကုသိုလ်ကံအရာ၌ အမိကို သတ်ခြင်း၊ အဖကို သတ်ခြင်း၊ ရဟန္တာကို သတ်ခြင်း၊ ဘုရားကို သွေးစိမ်းတည်အောင်၊ သွေးခြည်ဥအောင် ပြုခြင်းနှင့် သံဃာကို အသင်းကွဲအောင် ပြုခြင်းဟူသော ပဉ္စာနန္တရိယကံ ငါးပါး၊ နိယတမိစ္ဆာဒိဋ္ဌိကံတို့ ဖြစ်ကြပေသည်။ ထိုအကုသိုလ်ဟူသော ဂရုကံငါးပါး ကျူးလွန်ထားသူနှင့် နိယတမိစ္ဆာဒိဋ္ဌိကံ ၃-ပါး ရှိကြသော သူတို့သည် ယခုဘ၀မှ စုတိ (သေပြီး)သည့်နောက်ကာလ ဒုတိယ ဘ၀၌ အပါယ်ငရဲသို့သာ မုချ ကျရောက်ကြရပေသည်။ မည်သည့်ကုသိုလ်ကံ အကုသိုလ်ကံတို့ကမှ တားမြစ်၍ မရသောကြောင့် ကြီးလေးသော ဂရုကံတို့ ဖြစ်ကြပေသည်။

တိုင်းပြည်အာဏာ လောဘဇောဖြင့် ဖခင် ဗိမ္ဗိသာရမင်းကြီးကို အကျဉ်းချ၊ ညှင်းဆဲ သတ်ခဲ့သော အဇာတသတ်သည် ဘုရားရှင်နှင့်တွေ့၍ အကြီးအကျယ် သာသနာပြုခဲ့သော်လည်း သူ၏ကုသိုလ်ကံတို့သည် သူ၏ အဖကိုသတ်ခဲ့တဲ့ အကုသိုလ် ဂရုကံကို မတားဆီးနိုင်ခဲ့ ငရဲသို့ ရောက်ခဲ့ရသည်။ သံဃာ့ရာဇာ အာဏာကို မက်မောသော လောဘဇောဖြင့် ဘုရားရှင်ကို နည်းအမျိုးမျိုးနဲ့ ညှင်းပန်းရန်ကြံစီခြင်း၊ ခြေမတော် အနာတရဖြစ်အောင် ပြုခဲ့ခြင်း သံဃာအသင်းခွဲခြင်း အကုသိုလ်ကံဂရုကံ ပြုလုပ်ခဲ့သော အရှင်ဒေ၀ဒတ်သည်လည်း အ၀ီစိသို့ပင် ရောက်ခဲ့ရသည်။
ကောင်းဘက်ဖြစ်သော ကုသိုလ်ကံအရာ၌ မဟဂ္ဂုတ်(ဈာန်) ကုသိုလ်ကံတို့သည် ဂရုကံများ ဖြစ်ကြပေသည်။ ထိုမဟဂ္ဂုတ်(ဈာန်) ကုသိုလ်ကံတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် ဒုတိယဘ၀တွင် ဗြဟ္မာ့ပြည်သို့ ဧကန်မုချ ရောက်ကြရမည် ဖြစ်ပေသည်။ မည်သည့်ကုသိုလ်ကံ အကုသိုလ်ကံတို့ကမှ တားမြစ်လို့ မရသောကြောင့် ကြီးလေးသော ကုသိုလ်ဆိုင်ရာ ဂရုကံတို့ ဖြစ်ကြပေသည်။

(ခ) အာသန္နကံ ဟူသည် သေခါနီးကာလ၌ ပြုအပ်သောကံနှင့် အောက်မေ့အပ်သောကံ ဖြစ်သည်။ ထိုကံသည်လည်း ကုသိုလ်အာသန္နကံနှင့် အကုသိုလ်အာသန္နကံဟူ၍ ၂-မျိုးပင် ရှိပေသည်။ ကုသိုလ်အာသန္နကံသည် အမြဲမပြတ် ပြုအပ်သော အကုသိုလ်အာစိဏ္ဏကံကိုပင် ပယ်ဖြတ်၍ ကောင်းကျိုးများကို ပေးနိုင်ပေသည်။ အကုသိုလ်အာသန္နကံသည်လည်း အမြဲပြုအပ်သော ကုသိုလ်အာစိဏ္ဏကံကို ပယ်ဖြတ်၍ မကောင်းကျိုးများကို ပေးနိုင်ပေသည်။
နှစ်နှစ်သောင်းတို့ပတ်လုံး ရဟန်းတရား အားထုတ်ခဲ့သော ရဟန်းတပါးသည် လှေဖြင့်ခရီးကြွရာမှ မတော်တဆ ပိန်းရွက်ကလေးကို လက်ဖြင့် ကိုင်မိ၍ လှေ၏ အဟုန်ဖြင့် ပိန်းရွက်ကလေး ပြတ်သွားသည်။ ၀ိနည်းအရ ရဟန်းတော်များမှာ အာပတ် (အပြစ်) ဖြစ်သည်။ ထိုအပြစ်ကို ရဟန်းတစ်ပါးပါး မရှိသဖြင့် ဒေသနာကြားခြင်း၊ အပြစ်ဝန်ခံခြင်း၊ အပြစ်ဆေးကြောခြင်း အမှုကိုမလုပ်မိခဲ့။ သေခါနီးအချိန်မှာ ထိုအပြစ်ကလေးကို အမှတ်ရနေသည်၊ နေ့စဉ် ရဟန်းတရားအားထုတ်ခဲ့သော အာစိဏ္ဏကံကို ဖြတ်၍ သေခါနီး အပြစ်ကို အမှတ်ရသော အကုသိုလ်အာသန္နကံကြောင့် ဧရကပတ္တနဂါး (တိရစ္ဆာန်) ဖြစ်ရသည်။

မိဖုရားနှင့် အိမ်မွေးခွေး
အလားတူ ဇာတ်လမ်းတစ်ပုဒ်မှာ အများသိသည့် ကောသလမင်းကြီးကတော် မလ္လိကာ အကြောင်းပင်ဖြစ်သည်။ တခါက မလ္လိကာ မိဖုရားကြီးသည် အိမ်မှာ ကျွေးမွေးစောင့်ရှောက်ထားသော ခွေးအထီးကြီးတစ်ကောင်က ပွတ်သီးကတ်သီး လုပ်နေသဖြင့် ထိုခွေး၏ အတွေ့အထိကို သာယာမိသွားသည်။ ထိုသို့သော ဖဿ ဝေဒနာကြောင့်ပင် ထိုခွေးကြီးနှင့် မယ်သူတော်အလုပ် အားထုတ်နေသော မိဖုရားကြီးကို နန်းပြသာဒ်အထက်ကနေ ဘုရင်ကြီးမြင်၍ “အယုတ်မ၊ သင်မို့လို့ ဒီအလုပ်ကို လုပ်ရက်တယ်”ဟု ကြိမ်းမောင်းဆိုသောအခါ မိဖုရားကြီးလည်း ကြံမိကြံရာ ကြံ၍ လိမ်ညာစကား ဆိုခဲ့သည်။ “မင်းကြီး ဒီနေရာကို ၀င်လာသူကို ဒီတံခါးပေါက်ကနေ ကြည့်ရင် နှစ်ယောက်ထင်ရတယ်”ဟု ဘုရင်ကြီးကို ၀င်ခိုင်းပြီး “အယုတ်ကောင်၊ သင်မို့ ဒီလိုလုပ်ရက်တယ်” ဟု မိဖုရားကြီး တဖန် မုသားစကားကို အသိဥာဏ်နည်းရှာသော ဘုရင်ကြီး ယုံကြည်ခဲ့သည်။ မိဘုရားကြီးသည် သေခါနီးအချိန်မှာ ထိုပြုခဲ့သော အမှုတွေကို အမှတ်ရနေသည်၊ ဘုရားရှင်နှင့်တွေ့၍ သူမတူအောင် အသဒိသဒါန ကုသိုလ်ကို အကြီးအကျယ်ပြုခဲ့သော မိဖုရား၊ နေ့စဉ် ကုသိုလ်များကို ပြုလေ့ရှိသော မိဖုရားတစ်ယောက်ကို သေခါနီးအချိန်လေး အကုသိုလ်အာသန္နကံက ထိုအသဒိသဒါန၊ နေ့စဉ်ပြုအပ်သော အာစိဏ္ဏကံကုသိုလ်တွေကို ကျော်ဖြတ်ကာ ငရဲသို့ အရောက်ပို့သည်။
ထိုဇာတ်လမ်းနှစ်ပုဒ်အရ သေခါနီးအချိန် ကံသည် အလွန်အရေးကြီးသည်ကိုတွေ့ရသည်။ အာသန္နကံ ကောင်းဖို့အတွက် အာစိဏ္ဏကံသည် လိုအပ်လှသည်။ အမြဲမပြတ်ပြုအပ်သော အာစိဏ္ဏကံက သေခါနီးအချိန် အာသန္နကံကို အထောက်အပံ့ပေးနိုင်သေးသည်။ သေခါနီး နိမိတ်ကောင်းရန်၊ သတိကောင်းရန်၊ အမှတ်ကောင်းရန်တို့မှာ နေ့စဉ်လေ့ကျက်အပ်သော ကုသိုလ် အာစိဏ္ဏကံသည်လည်း အရေးပါလှသည်။ သေခါနီးအချိန်တွင် အကြိမ်များစွာ ပြုအပ်သော ကုသိုလ်ကံများထက် အနည်းငယ်လေးမျှ ပြုအပ်သော အကုသိုလ်ကံကို အမှတ်ရတတ်သည်အတွက် အကုသိုလ်ကံများကို အနည်းငယ်လေးမျှ မပြုမိအောင် ရှောင်ကြင်ဖို့လိုသည်။

တရားရှိသူ၊ သူတော်ကောင်းတရားဖြင့် နေသူ၊ သူတော်ကောင်းတရားတွေကို နေ့စဉ် အားထုတ်နေသူ၊ သူတော်ကောင်းတရားကို အာစိဏ္ဏကံဖြင့် ကျင့်သုံးနေသူ ဓမ္မိကဥပါသကာကြီးသည် သေခါနီးအချိန်အခါဝယ် နိမိတ်ကောင်းများ ထင်လာသည်ကို တွေ့ရသည်။ သေခါနီးအချိန်မှာ သံဃာတော်များက မဟာသတိပဋ္ဌာန်သုတ်ကို ရွတ်ပွားပေးနေစဉ် တာဝတိံသာ နတ်ပြည်က နတ်ရထားများဖြင့် သူ့ကို လာခေါ်သည့် နိမိတ်များပေါ်လာသည်။ “ခဏစောင့်ကြအုန်း ငါတရားနာနေတယ်” ဟု လာခေါ်သူ နတ်ရထားများကို ပြောသတဲ့။ သေခါနီးအချိန်ထိ သတိကောင်းသည်။ စာရေးသူ ကြားဖူးသေးသည်၊ ဘာသာဋီကာကျမ်းပြုအကျော် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး လွန်တော်မူခါနီး တစ်ရက်အလိုအထိ သတိကောင်းသည်၊ “မသေသေးရင် မနက်ဖန် စာ ဆက်လက်ပို့ချမည်”ဟု ပြောလိုက်သေးသည်၊ နောက်နေ့မှာတော့ သက်တမ်းကုန် (အာယုက္ခယ) အရ ကုတင်ပေါ်မှာ ပြုံးပြုံးလေး လွန်တော်မူသွားသတဲ့။ ဆရာတော်ကြီး၏ နေ့စဉ် အားထုတ်အပ်သော သီလ သမာဓိ ပညာတည်းဟုသော အာစိဏ္ဏကံက ပျံလွန်တော်မူခါနီးအချိန် သူ၏အာသန္နကံကို အားကောင်းစေသည်။

ဘ၀ကူးကောင်းလှဖို့ အာသန္နကံ
ထို့ကြောင့် ဘ၀ကောင်းတစ်ခု ရဖို့ရန်မှာ နေ့စဉ်ဖြည့်ကျင့်အားထုတ်အပ်သော အာစိဏ္ဏကံ လိုအပ်သလို၊ သေခါနီးအချိန် အမှတ်ကောင်း သတိကောင်းဖို့ရန်မှာလည်း အာသန္နကံကောင်းဖို့လိုသည်။ သေခါနီး သတိကောင်း အမှတ်ကောင်း အာသန္နကံကောင်းဖို့ ပတ်ဝန်းကျင်၏ ပံ့ပိုးမှုလည်း လိုအပ်သည်။ သေခါနီး မရဏသန္တဇော အချိန်ရောက်နေသူတစ်ယောက်အတွက် ဓမ္မအသံပေးခြင်းက အသင့်တော်ဆုံးဖြစ်သည်။ ဒီအချိန်မှာ တချို့ သားတွေ သမီးတွေ တူ တူမတွေ ဆွေတွေ မျိုးတွေက သောကကို မထိန်းနိုင်ကြသဖြင့် ငိုကြွေးကြတတ်သည်။ ထိုငိုကြွေးအသံသည် သေခါနီးလူတစ်ယောက်အတွက် အာသန္နကံကောင်း မဖြစ်နိုင်၍ ဘ၀ကူးမကောင်းလှ။ ဓမ္မိကဥပါသကာကြီး သေခါနီးအချိန်မှာ သူ၏ အဖေတူ သားသမီးများက သံဃာတော်များကို ပင့်ဖိတ်၍ တရားတော်ကို နာကြားစေသည်မှာ အတုယူစရာဖြစ်သည်။

အချိန်များစွာ အကုသိုလ်တွေ ဒုစရိုတ်တွေနဲ့ နေခဲ့တဲ့သူကိုပင် ပတ်ဝန်းကျင်က အာသန္နကံကောင်းအောင် ပြုလုပ်နိုင်သည်။ တခါက သောဏမထေရ်၏ ဖခင်မုဆိုးသည် ရဟန်းကြီးဘ၀ဖြစ်လာပြီးနောက် ကွယ်လွန်လောက်သည့် ရောဂါဝေဒနာများ ဖြစ်လာသောအခါ ခွေးမုဆိုးအလုပ်ကို တသက်ပတ်လုံးပြုခဲ့သော အကုသိုလ်ကံ၏ အကျိုးပေးဖြစ်သည့် ခွေးကြီးများက သူ့ကိုကိုက်စားတော့မည့် နိမိတ်များထင်လာ၍ ကြောက်လန့်သောအသံဖြင့် “ငါ့သား သောဏတို့ ခွေးကြီးများကို မောင်းထုတ်ပေးကြပါ”ဟု အကြောက်အကန် ပြောဆိုသတဲ့။ ထိုအခါ သောဏမထေရ်က ဖခင်မုဆိုးရဟန်းကြီး ငရဲကျတော့မည့်အရေးကို သိတော်မူသည်၊ ထိုဘေးကိုကာကွယ်လို၍ စေတီရင်ပြင်တော်၌ ပန်းတွေပူဇော်လှူဒါန်းကာ ဖခင်မုဆိုးရဟန်းကြီးကို ရှိခိုးပူဇော်စေ၏။ ထို့နောက် မကြာမီမှာပင် နတ်သမီးနိမိတ်တွေ ထင်လာသည့်အခါ “ဟေ့--ငါ့သား သောဏတို့ ဘေးဖယ်ကြ ဖယ်ကြ သင်တို့၏ မိခင်တွေ လာနေပြီ” ဟု ပြောဆိုရင်း ပျံလွန်တော်မူသွားပြီး နတ်ပြည်မှာ သွားဖြစ်၏။

စာရေးသူ ကြည့်ခဲ့သော “အနှိုင်းမဲ့ လိပ်ပြာ” ဇာတ်ကားတွင် ဘ၀ကို နာကြည်းပြီး အရက်သေစာဖြင့် ဘ၀ကို လွမ်းဖုံးခဲ့သည်၊ အမိုက်မှောင်ချခဲ့သည်၊ မောဟပင်ဖြစ်သည်။ “မောဟနဲ့သေ တိရစ္ဆာန်ပြည် မသွေရောက်တတ်သည်” ဆိုတဲ့အတိုင်း မျောက်ဘ၀ရောက်ရသည်။ ထိုဇာတ်ထဲမှာပဲ မှတ်သားစရာ တစ်ခုက “မာနနဲ့ သေ အသုရကာယ်ပြည် မသွေ ရောက်တတ်သည်”ဟူသတည်း။ အသုရကာယ ပိတ္တာဖြစ်တတ်သည်ဟု ဆိုသည်။ စာရေးသူတို့ ငယ်ငယ်က ကြားဖူးတဲ့ ဆောင်ပုဒ်လေးများကား---
၁။ လောဘနဲ့ သေ ပြိတ္တာပြည် မသွေ ရောက်တတ်သည်။
၂။ ဒေါသနဲ့ သေ ငရဲပြည် မသွေ ရောက်တတ်သည်။
၃။ မောဟနဲ့သေ တိရစ္ဆာန်ပြည် မသွေရောက်တတ်သည်။ ဟူ၍ပင် ဖြစ်သတည်။ အဋ္ဌသာလိနီ-နှာ-၁၇၂ ကို ကိုးကားပြီး ဆောင်ပုဒ်လေး ဖြစ်လာသည်။

ထို့ကြောင့် ကောင်းကံများ အလေ့ကျင့်ရထားပြီးသူပဲ ဖြစ်ဖြစ်၊ မကောင်းကံများကို အာစိဏ္ဏကံ ဖြစ်သူများပဲ ဖြစ်ဖြစ် သေခါနီးအချိန်ဝယ် သူတို့အတွက် ပတ်ဝန်းကျင်ကောင်း ဖြစ်ဖို့လိုသည်။ ပတ်ဝန်းကျင်က တရားသံ ဓမ္မသံများ ရနိုင်ပါမှ သူတို့အတွက် အာသန္နကံကောင်းရရှိ၍ ဘ၀ကူးကောင်းလှပမည်ဖြစ်သည်။ ယနေ့ခေတ်မှာလည်း ဆေးရုံကပဲဖြစ်ဖြစ် ဆရာဝန်ကပဲ ဖြစ်ဖြစ် လက်လျှော့လိုက်ပြီဆိုရင် ထိုလူနာအတွက် ဘ၀ကူးကောင်းအောင် ကြေးစည်သံလေးပေး၍ တရားသံများ ပေးရမှာ ဖြစ်သည်။ မိမိတို့ကိုယ်တိုင်ကလဲ ဘ၀ဘ၀တွေ လှဖို့အတွက် ကောင်းကံများဘက်က အာစိဏ္ဏကံ၊ အာသန္နကံများကို ပြုလုပ်နိုင်ကြရန်သာ ဖြစ်ပါသည်။

အာသန္နကံနှင့် အာစိဏ္ဏကံတို့ အားခြင်းပြိုင်ပါက အားရှိသော ကံက ရှေးဦးစွာ အကျိုးပေးသည်။ အားချင်း ညီမျှနေပါက အာသန္နကံက အရင် အကျိုးပေးသည်ဟုလည်း မှတ်သားရသဖြင့် အာသန္နကံသည် ပို၍ပို၍ အရေးပါနေတော့သည်၊ အာသန္နကံသည် ဘ၀ဘ၀တွေ လှဖို့ရန်အတွက် အရေးတကြီးလိုအပ်နေတော့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၀၁-၂၀၁၃

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes