မိတ်ဆက်
ကိုကောင်းမွန်က သီတဂူစတားရေ- မြန်မာပြည်ရောက်သည့် ရင်တွင်းဖြစ် ခံစားချက်လေးကို ပြောပြပေးပါဦးတဲ့၊ သီတဂူစတားလည်း ကိုကောင်းမွန် မပြောခင်ကထဲက ခံစားချက်လေးကို ပို့စ်အဖြစ်တင်ဖို့ စိတ်ကူးထားပြီးဖြစ်ပါတယ်၊ သူက တောင်းဆိုလာတော့ ပိုပြီး ရေးဘို့ အခွင့်အလမ်းရှိလာတာပေါ့။ ကိုယ့်ခံစားချက်ကိုပဲ ရေးချခြင်းဖြစ်သဖြင့် ဆွေးနွေးစရာ အမှားအမှန် ပါ ကောင်း ပါနိုင်မည်။
ဘယ်တုန်းကမှ အိန္ဒိယမှာ နေချင်လွန်းလှသည် မရှိခဲ့၊ ပျော်ခဲ့တယ်ဟူ၍လည်း မရှိ။ ပညာရေး အကြောင်းတစ်ခုတည်းနှင့်သာ နေခဲ့ရပေမဲ့ ပျော်လွန်းလှသည် မရှိ။ သို့သော်လည်း အဆင်ပြေသလို နေခဲ့ရသည်။ မြန်မာပြည်ပြန်တဲ့ နေ့တစ်နေ့ပေါ့။ ဘုံဘေ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့သွားရန် kk travel ကားလေးကို ငှားလိုက်သည်၊ နေ့လည် ၁ နာရီ အဆောင်အရောက်လာ ကြီုမည်ဟု မက်စေ့ဂ်ျ ပို့ပြီး အတည်ပြုသည်။ တကယ်တမ်းကျတော့ ထိုကားက၂ နာရီကျော်မှ ရောက်လာသည်။ အတော်စိတ်ပူမိသည်။ ငါများ မှားနေလို့လား ဒါမဟုတ် ဆိုပြီး သို့လောသို့လော အတွေးတွေ ၀င်ပြီး စိတ်ပူနေမိသည်။ ပူနေးမြို့နှင့်ဝန်းကျင်တွင် မိုးအကြီးအကျယ် ရွာသွန်းလျက်ရှိသည်။ ၂၀၀၈ နှစ်က ပူနေးမြို့ကိုေ၇ာက်တော့ သည်းထန်စွာသော မိုးကြီးက ကြိုဆိုသလို ၂၀၁၀ နှစ် ပူနေးမှ ထွက်ခွါတော့လည်း ပူနေးမိုးက အပြင်းအထန် နှုတ်ဆက်လိုက်သည်။ သူတော်သွားလမ်း မိုးကြီးဖြန်းသို့တဲ့-ppppppp။
သူငယ်ချင်းတစ်စုရဲ့ မေတ္တာ
သူငယ်ချင်းတွေ အားလုံးကလည်း အိပ်များဆွဲကာ ကားရောက်လာမည့် နေရာ ၀ိုင်းဝန်းနေကြသည်။ ဦးကောကြီးတော့ ပြန်ရမှာမို့ ပျော်နေတယ် တက်ကြွနေတယ်ဆိုပြီး သူငယ်ချင်း အချို့ကလည်း ပြောကြသေးတယ်။ကိုယ့်ကိုလည်း အဲလိုဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တယ်၊ တကယ်တမ်း ထွက်ခါနီး၊ ကားအပေါ်အတက်မှာ ရင်ထဲ စို့နစ်ပြီး အရာဝတ္ထု တစ်ခု တက်လာသလို ခံစားရတယ်၊ ၀မ်းနည်းလာမိသလို နှင့် မျက်ရည်မကျအောင် မနဲထိမ်းထားရတယ်၊ ဤလွမ်းဆွတ်မှု့က ပူနေးကို လွမ်းလို့ မဟုတ်၊ အိန္ဒိယကို လွမ်းလို့ မဟုတ်၊ ၀ိုင်းဝန်း ခြံရံပြီး လိုက်ပို့တဲ့ သူငယ်ချင်းတစ်စုရဲ့ မေတ္တာကြောင့် မျက်ရည်ကျလုနီးပါး ၀မ်းနည်းလာခြင်းဖြစ်သည်။ ကာယကံ မေတ္တာသည် အလွန်းစူးရှပါသည်။ မတုန်မလှုပ် ကျောက်ရုပ်ပမာ သီတဂူစတား၏ ရင်ဘတ်ကိုတောင် လှုပ်ခါစေပါသည်။
ယောင်လည်လည်
တစ်ယောက်ထဲ ဘယ်တုန်းကမှ ခရီးအဝေးကို မသွားဘူးခဲ့။ ဒီကနေ့တော့ ဘုံဘေလေဆိပ်ကို တစ်ယောက်တည်း တစ်ကိုယ်တော် စိတ်မကောင်းစွာနဲ့ ထွက်ခဲ့ရသည်၊ လေဆိပ်ရောက်တော့ အရမ်းစောနေသေးသည်၊ ဘန်ကောက် ကောင်တာတွေတောင် မဖွင့်သေး၊ လူလည်း တစ်ယောက်မှ မရှိသေး၍ ယောင်လည်လည် ဖြစ်နေသည်၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။ အားငယ်စိတ်တောင် ၀င်လာသည်၊ ဒါနဲ့ ဖုန်းထဲမှာ လက်ကျန် ရူပီးလေးနဲ့ သူငယ်ချင်းတွေဆီ လှမ်းခေါ်ပြိး စကားပြောခြင်းဖြင့် အားမွေးရသည်။ အိတ်ကြီး ၂ နှင့် လက်ထဲကလဲ အထုပ်က ပါသေး၍ တစ်ယောက်တည်းဖြစ်နေတာက တကြောင်း အတော်ကို အဆင်မပြေလှပေ။ ၃ နာရီ နီးပါးလောက်စောင့်ပြီးကာမှ ကောင်တာ (counter) တွေ ဖွင့်ဖို့ ၀န်ထမ်းတွေ ရောက်လာသည်၊ နေရာတွေပြင်ဆင်ကြသည်ကို တွေ့ရတော့မှ စိတ်ထဲ နဲနဲ သက်သာလာသည်။
အားလုံး baggage, hand carry တွေ စစ်ဆေးရေးတွေ လုပ်ပြီးတော့မှ အထုပ်ဆွဲရတဲ့ ဒုက္ခမှ လွတ်သွားသည်၊ အတွင်းထဲမှာ ၁ နာရီလောက် ထပ်စောင့်ရပြန်။ နောက်ဆုံးတော့ ရှိသမျှ ရူပီးလေးတွေ ဖြုန်းပစ်ချင်တာနဲ့ လေယာဉ်တက်ခါနီး အကုန် ဖုန်းဆက် နှုတ်ဆက်ခဲ့သည်။ ည ၁၂ နာရီ လေယာဉ်ပေါ် ရောက်ရောက်ချင်း စိတ်ပန်း လူပန်းတာနဲ့ အိပ်ပြစ်လိုက်သည်။ လေယာဉ်ပေါ်မှာ ခရီးသည် သိပ်မပါသဖြင့် ခုံ ၃ ခု ကုတင်လုပ်ကာ အားရပါး အိပ်ပြစ်လိုက်သည်။ နောက်နေ့မနက် ဘန်ကောက်ရောက်တော့ ၅ နာရီ ထိုးနေသည်။ သိပ်စောနေသဖြင့် ၇န်ကုန်ထွက်ရန် ဂိတ်မှာ မြန်မာဟု ထင်ရသည့် ကလေးမလေးနှင့် သူ့ကလေး ၂ ယောက်သာ တွေ့ရသည်။ ဇဝေဇ၀ါ ဖြစ်သွားပြန်သည်။ ကိုယ်သွားမည့် ဂိတ်မှ ဟုတ်ပါ့မလားပေါ့။ ဘန်ကောက်မြို့ သုဝဏ္ဏလေဆိပ်ရဲ့ များပြားလှစွာ ဂိတ်တွေသည် မသွားဘူး မလာဘူးသူတွေအတွက် သို့မဟုတ် တစ်ယောက်တည်းသမား သီတဂူစတား အတွက် ယောင်လည်လည် ဖြစ်စေသည်။ တောသား မြိ့ ရောက်သလို ဒါတောင် ထိုင်းပဲ ရောက်ဖူးသေးတာ။ ဒီလိုနှင့် ဟိုမေး ဒီမေးနှင့် နေရာမှန်ရောက်လာခဲ့တယ်။
ကျေးဇူးတင်ခြင်း
ဘုံဘေမှ ဘန်ကောက် လေယာဉ် ၅ နာရီ အကြာ စီးရသည်။ ဘန်ကောက်မှ ရန်ကုန် ၁ နာရီခန့်သာ မောင်းရသည်။ ရောက်လာပါပြီ ရန်ကုန်မြို့။ ရန်ကုန်လေဆိပ်ကိုရောက်တော့ အလွန်စည်းကားတဲ့ လူအုပ်ကြီးတစ်အုပ် တွေ့လိုက်ရသည်။ ပြည်တော်ပြန် သားတော်မောင်များကို ကြိုဆို၇န် ရောက်လာကြတဲ့ ဆွေတော်မျိုးတော်တွေဖြစ်ပါသည်။ လေယာဉ်တစ်စီးတည်းမှာ ရုရှားပညာတော်သင်ပြန် ကျောင်းသားများစွာကို လာကြိုသည့် လူအုပ်ကြီးထင်ပါသည်။ အော်--ငါ့ကိုကော ဘယ်သူလာကြိုမှာပါလိမ့်ဟု တွေးမိသည်။ ဘုန်းကံနည်းပါး အခြွေအရံမရှိသည့် သီတဂူစတားတော့ အားငယ်စိတ်တောင် ၀င်မိသည်။ များမကြာမီ လေယာဉ်ပေါ်မှ ထွက်လာသော အထုတ်တွေသယ်ယူဘို့ အထုတ်များရှာဖွေနေစဉ် ကောင်လေးတစ်ယောက် ရောက်လာသည်။ ဘုန်းဘုန်းသီတဂူစတား ပါလာဘုရားတဲ့၊ ဟုတ်ကဲ့ ဘုန်းဘုန်းပဲလို့ ပြောလိုက်သောအခါ အပြင်မှာ ဘုန်းဘုန်းဒကာမတွေ စောင့်နေတယ်တဲ့။ နဲနဲတော့ ပျော်သွားသည်။ ငါ့ကို ဘယ်သူ လာကြိုနေပါလိမ့်ပေါ့။ လာကြိုလိမ့်မည်ဟု ထင်မထားပေမဲ့ တကယ်လာကြီုနေသည်။ သူက အွန်လိုင်းက မိတ်ဆွေတစ်ယောက်ဆိုတော့ လာကြိုမည်ပြောသော်လည်း အသေအခြာ မယုံကြည်ရဲခဲ့ပါ။ တကယ်တန်းကျတော့ လာကြိုရုံတင်မက ရွှေဘဲ စားတော်ဆက်မှာ ပင့်ပြီး ရွှေဘဲကင်နှင့် ခေါက်ဆွဲတောင် ကပ်လိုက်သေးတယ်။ မခင်ဥမ္မာရေ-- သာဓုပါဗျာ-- ကျေးဇူးလည်း အထူးတင်ပါတယ်။ ၀ါဆိုလပြည့်နေ့ အတွက် အထူးကုသိုလ်ပေါ့။
နောက်တစ်ယောက်ရှိသေးတယ်။ ရောက်ရောက်ချင်းပဲ မိတ်ဆက်လာသူပါ။ TG 303 လေယာဉ်ပေါ်မှ ဆင်းလာသူ သီတဂူစတား အပါအ၀င် ရဟန်းတော် ၂ ပါးပါလာတယ်။ တပါးက ဘန်ကောက်ကနေ စီးလာတဲ့ ကမ္မဌာန်း နည်းပြဆရာတော် ချမ်းမြေ့ရိပ်သာမှ ဘုန်းတော်ကြီး ဦးဥတ္တမဖြစ်သည်။ အထုတ်တွေ ရွေးဘို့ စောင့်နေစဉ် ဘုန်းဘုန်းဘုရား သီတဂူက ဘုန်းဘုန်းပါလားဘုရားတဲ့။ ဘုန်းဘုန်းပါပဲ လို့ပြောလိုက်တော့ တပည့်တော်က ဘယ်သူ ဘယ်ဝါ၏ တူမပါဘုရားဟု သူ့ကိုယ်သူမိတ်ဆက်ပေးသည်၊ အိပ်တွေလည်း ကူပြီး ရှာပေးသည်။ ကျေးဇူးအထူးတင်ပါသည်။ ကျောင်းအမ မစပယ်ရဲ့ တူမလေး ဖြစ်တဲ့ အဲယားပုဂံက မဟေမာန်အေးဖြစ်သည်။ အော်--စတားလဲ ဘုန်းကံ မခေပါလားဆိုပြီး ဘ၀င်ကိုတောင် လေဟုန်ဟတ်သွားသည်- pppppppppppppppp။
နောက်ကျေး။ဇူးတင်ထိုက်သူ ရှိသေးတယ်၊ သူ့ကို ချန်ထားမိတော့မလို့။ တော်သေးတယ် pppppppp။ သူက နိုင်ငံခြားပြန်တွေမှာ မြန်မာပြည်ရောက်ရင် လိုအပ်ဆုံးအရာကို လှူချင်သူဖြစ်သည်။ လက်ထဲမှာ တစ်ခုခု လိုနေတာလေး ဖြည့်ပေးချင်ပါတယ်တဲ့၊ ပြည်တော်ပြန်တွေရဲ့ လိုအပ်ဆုံး ပစ္စည်းလေးပါတဲ့။ ကဲ--ကြည့်စမ်း မြင်တတ်လိုက်တာ။ ကိုယ့်ကိုယ်တောင် ဘာလိုအပ်နေမှန်း မသိဘူးဖြစ်နေတဲ့သူကို ဘာလိုအပ်သလဲ ခဏခဏမေးတာတောင် ဘာမှ မလိုဘူးပြောမိတယ်၊ တော်တော် အတဲ့ ငါပါလား။ ဒါပေမဲ့ သူကတော့ သိနေတယ်။ ၂၀၀၀၀ တန် ဖုန်းကဒ်လေး လှူချင်ပါတယ်တဲ့။ သီတဂူစတားတော့ ၂၀၀၀၀တန် ကဒ်ကို နားမလည်ဘူးဖြစ်နေတယ်။ အိန္ဒိယမှာ နေတုန်းကတော့ ကဒ်တွေ အလကားရနိုင်သလို ရူပီး ၁၀၀ သို့မဟုတ် ၂၀၀ (မြန်မာကျပ်-၅၀၀၀ ၀န်းကျင်) ၃ နှစ် အာမခံတွေလည်း ရနိုင်တယ်။ နှစ်ကုန်သွားပါက ထိုနံပါတ်ကိုပဲ ပြန်ပြီး extension လုပ်လို့ရတယ်။ ကဒ်ထဲမှာ ပိုက်ဆံကုန်ပါက recharge ကို ကိုယ်ကြိုက်သလောက် ငွေပမာဏ ထည့်နိုင်တယ်။ ဒီရောက်တော့ ဒကာမတစ်ယောက်က ၂၀၀၀၀ တန် ကဒ်လှူမယ်တဲ့ မနက်ဖန် နေ့လည် အရောက်ပို့ပေးမယ်တဲ့။ ဒကာမလေးရေ-- နောင်လဲ ဒိထက်မက များများ လှူနိုင်ပါစေဗျာ၊ သာဓုလည်းခေါ်တယ် ကျေးဇူးလည်း အထူးတင်ပါတယ်။ သူ ပါနေရင်တော့ ဒိဗ္ဗသောတ အဘိဥာဉ်ရသလိုပဲ။ ဒိဗ္ဗသောတ အလှူပေါ့နော်။ အဲဒီလို ဒကာမမျိုး များများနဲ့သာ တွေ့ချင်ပါဘိ-pppppppp။
တည်ငြိမ်လှဘိ ဒို့မြန်မာပြည်
အလွန်ရှုပ်ထွေး ပွေလီနေတဲ့ အိန္ဒိယပြည် ၂ နှစ်အကြာ နေပြီးကာမှ ပြည်မြန်မာ ရန်ကုန်မြို့ကို ရောက်တော့ စိတ်ထဲမှာ ဟာတာတာ ရှင်းရှင်းလင်းလင်းကြီးဖြစ်နေသည်ဟု ခံစားမိလိုက်သည်။ အေဆေး ငြိမ်သက်နေသည်ဟူ၍လည်း ခံစားမိသည်။ အသက်ရှူလည်း ၀၀လင်လင်ရှိလှသည်။ စိမ်းစို အိစက်နေသော သစ်ပင်များမှ ဖြတ်သန်းလာသော လေအေးနုနုလေးကို ရှူရှိုက်ရသဖြင့် အရသာ တမျိုးထူးလှသည်။ ရာသီဥတုလေးကလဲ သာယာလှသည်။ သီတဂူစတား မလာခင်ရက်ကလေ့းကမှ မိုးသည်းထန်စွာ ရွာထားသဖြင့် ရန်ကုန်မြို့ကြီးသည် သစ်လွင်လျက်ရှိလှသည်။ လူနေမှု့ကလည်း မထူထပ်၊ ယာဉ်ကြောပိတ်ဆို့မှု့ကလည်း ကင်း-ရှင်း၊ မိုးမျှော်တိုက်ကြီးများလဲ နည်း၊ နာဂစ်ဒဏ်ကြောင့် သစ်ပင်သစ်ရိပ်တွေကလည်း ကြိုးတို့ ကြဲတဲ ဆိုတော့ အရာအားလုံး ရှင်းလင်းပြီး တည်ငြိမ်နေဘိ သကဲ့သို့ ခံစားမိသည်။
ကိုယ့်နေရာ
သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန်တော်ကြီးဆီ သို့ရောက်ပါပြီ။ ထိုဗိမာန်ကြီး၏ ကပ်လျက်တွင် သီတဂူဗုဒ္ဓတက္ကသိုလ် သုံးထပ်ဆောင် စာသင်ဆောင်ကြီးကလည်း ထီးထီးကြီးပေါ်လွင်လျက်ရှိနေသည်။ ၈၅ ရာခိုင်းနှုန်းပြိးနေပြီ။ ဆွမ်းစားဆောင်တွင် လူတွေ စည်းကားလျက်ရှိနေသည်ကို တွေ့ရသည်။ ၀ါဆိုလပြည့်နေ့ဖြစ်သောကြောင့် ၀ါဆိုအလှူများပြုလုပ်နေကြသော သီတဂူတပည့်ဒကာ ဒကာများဖြစ်သည်။ ရွှေဘဲဆိုင်မှာ ဘဲကင်နှင့်ခေါက်ဆွဲ ဘုန်းပေးခဲ့ပေမဲ့ ချီးမြောက်ပါဦးဆို၍ ဆွမ်းစားကျောင်းတွင် ၀င်ထိုင်မိလိုက်သည်။ စားပွဲပေါ်တွင် မမြင်ရသည်မှာ ကြာပြီဖြစ်သော မြန်မာ့ အစားအစာများပင်ဖြစ်သည်။ ဗိုက်က မတောင်းဆိုပေမဲ့ ဆန္ဒက တောင်းဆိုလာသဖြင့် ဘုန်းပေးလိုက်ရသေးသည်။ လက်တလော ဘုန်းပေးထားသည့် ရွှေဘဲဆိုင်မှ ဘဲကင်နှင့်ခေါက်ဆွဲကြော်ပင် ပျောက်သွားသည်။ မျိုးစုံ ရသစုံလှသော မြန်မာ့ဟင်းလျာများက အစွမ်းထက်လှသည်။ ပင်ပန်းလာသဖြင့် အနားယူမယ်ကြံကာမှ ဘုန်းဘုန်း သီတဂူစတားနဲ့ တွေ့ချင်လို့ပါဆိုတဲ့ မြည်လာတဲ့ ဖုန်းသံ၊ ဖူးမျှော်လိုတဲ့ ရွှေဧည့်သည်များ တစ်ယောက်ပြီး တစ်ယောက် တစ်သံပြီး တစ်သံ ရောက်လာပါတော့သည်။ ဘာပဲ ပြောပြော ဘုန်းဘုန်း လမ်းခရီး အဆင်ပြေပါသလား၊ ချောမွေ့စွာ ရောက်ပါသလား၊ ရာသီဥတုအပြောင်း ဒေသအပြောင်းဖြစ်၍ ကျန်းမာရေး ဂရုစိုက်ပါဆိုတဲ့ သူတို့လေးတွေရဲ့ စေတနာ မေတ္တာတွေကလည်း အနားယူတာထက် ပိုပြီး ပင်ပန်းသမျှ နွမ်းသမျှတွေကို ပြေပျောက်စေပါတယ်။
သို့သော် ရောက်ရောက်ချင်း အပြေးအလွား အင်တာနက် အီးမေးလ်တွေ စစ်ဦးမယ် ဘာမင်္ဂလာစကားလေးတွေ ကြားရမလဲပေါ့၊ ကွန်ပြူတာ (လက်ပ်တော့) ချက်ချင်း ဖွင့်ပြီး မောဇီလာဘောက်ကို တောက်လိုက်ရာ ကြာလိုက်တဲ့ ကွန်ပဲ။ ပျော်တာလေးတွေ ဘယ်ရောက်ကုန်မှန်းမသိဖြစ်သွားတယ်။ အော်--သူလည်း အနိစ္စပါပဲလား။ ဘလော့ဂ်ထဲ ပို့စ်လေးတွေ တင်မယ်ကြံတယ်၊ denied ပိတ်ထားတာနဲ့တွေ့တော့ စိတ်ညစ်ရပြန်။ ဘုန်းဘုန်း အင်တာနက် သုံးရတာ အဆင်ပြေလားတဲ့ မေးပြန်သည်၊ ပြန်ဖြေရင်လဲ ကိုယ့်ပေါင်ကို ကိုယ် လှန်ထောင်းသလို ဖြစ်တော့မည်။ ဒိလိုပဲလေ-- အကောင်း+အဆိုး ဒွန်တွဲနေတာပါလားလို့ သဘောတရားလေးနဲ့ပဲ ဖြေသိမ့်လိုက်ရပါတော့ သတည်းး။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၂၉-၇-၂၀၁၀