မိတ်ဆက်
ဒီပို့စ်လေးကို အိန္ဒိယနိုင်ငံတွင် နာမည်ရ ကောလိပ်များစွာထဲမှ တစ်ခုအပါဝင်ဖြစ်သည့် Somaiya College ကောလိပ်တွင် ဒေါက်တာဘွဲ့အတွက် စာတမ်းတင်လိုသော ဒေါက်တာ လောင်းလျာများ အတွက် ဗဟုသုတအဖြစ် တင်ရခြင်း ဖြစ်ပါသည်။ အချို့သော ဝေဖန်ရေးသမားတွေက ပြောပါသေးတယ် ‘‘ အရှင်ဘုရား ဒီလို သာသနာနှင့် မပတ်သက်သည့် စာတွေ ရေးနေမည့်အစား တရားထိုင်ပါ့လားဘုရားတဲ့’’ အချို့က ပြောပါသေးတယ် ‘‘ အချို့သော ဘလော့ဂါတွေက စာရေးဆရာ ယောင်ယောင်နဲ့ ဟိုမရောက် ဒီမရောက်နဲ့တဲ့၊ ကိုယ်လုပ်ရမည့် တာဝန်တွေ လှစ်ဟင်းနေတယ်တဲ့၊ မြန်မာပြည်မှာ စာရေးဆရာတွေ လူမွှေးတောင် မပြောင်ဘူးတဲ့’’ ကဲဗျာ- ပရိသတ်ကြီးရဲ့ အမြင်ကရော ဘယ်လိုမြင်ပါသလဲ? စာဖတ်ခြင်းကို အလွန် ခုံမင်သော စာဖတ်ပရိသတ်ကြီးကကော စာရေးဆရာ သို့မဟုတ် ဘလော့ဂါတွေ အပေါ် ဘယ်လို မြင်ပါသလဲ? ရည်ရွယ်ချက်မရှိဘဲ အချိန်ကုန်ခံပြီး စာတွေရေး၊ ပို့စ်တွေ ရေးနေသည်လို့ကော ထင်မိပါသလား? တခါတရံ ကိုယ်ရေးချင်တဲ့ အကြောင်းအရာတစ်ခုအပေါ်မှာ စိတ်ကနှစ်ထားတဲ့အခါ mood or feel ၀င်လာတဲ့အခါ တဖက်က ကိုယ်ချက်ထားတဲ့ ထမင်းအိုး ဟင်းအိုးတွေ တူးကုန်တဲ့အခါတွေလဲ မနဲခဲ့ဘူး။ သို့သော်လည်း ကိုယ်သိသည့်ဗဟုသုတ အတွေ့အကြုံလေးတွေကိုတော့ သူများကို ပြောပြချင်နေတယ်။ အခြားသူတွေကိုတော့ မပြောတတ်ပါ သီတဂူစတား အမြင်ကတော့ ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေကို ဝေငှချင်တဲ့ စိတ်ဆန္ဒလေးတစ်ခုတည်းနဲ့ စာအလုပ်ပျက်၊ တာဝန်ဝတ္တရားများပျက်ကွက်လျက် ရေးခြင်းဖြစ်သည်လို့ တွေးမိသည်။ ထို့ကြောင့် နောက်ပိုင်း သီတဂူစတား၏ ပို့စ်များသည် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များနှင့် အိန္ဒိယတွင် ကိုယ်နေသမျှ တွေ့သမျှ လေးတွေကိုသာ ဦးစားပေးဖော်ပြထားသည်ကို တွေ့ရပါလိမ့်မည်။
Somaiya College
စောမယကောလိပ် အကြောင်းကိုတော့ ကောင်းကောင်းမသိသေးသဖြင့် ကောလိပ်၏ နောက်ခံသမိုင်းကိုတော့ မရေးတော့ပေ၊ သီတဂူစတား ထိုကောလိပ်ထဲ ၀င်ရောက်သည့်အခါမှသာ တင်ပြပါတော့မည်။ အိန္ဒိယနိုင်ငံတွင် ပုဂ္ဂလိကပိုင် တက္ကသိုလ်၊ ကောလိပ် institute နှင့် school များ များစွာရှိပါသည်။ စောမယ ကောလိပ် (Somaiya College ) သည်လည်း ပုဂ္ဂလိကပိုင် ကောလိပ်ကြီးတစ်ခုဟု သိရသည်။ ယခုအခါ ကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်အထိ မြင့်တင် (upgrade)ဘို့ ကြိုးစားနေသည်။ ထိုကောလိပ်သည် သိပ္ပံနှင့်နည်းပညာပိုင်းဆိုင်ရာ ဘာသာရပ်များနှင့် ပက်သတ်ပြီး နာမည်ရနေသည်။ ထိုကောလိပ်မှာ ဌာနပေါင်း ဘယ်လောက်ရှိသည်ဟူ၍ ကောလိပ်ကျောင်းသားတစ်ယောက်အား မေးဘူးသည် သို့ပေမဲ့ တိကျတဲ့ အဖြေမရခဲ့။ သတင်းအချက်အလတ် အတိအကျ ရရှိသောအခါမှသာ ထိုကောလိပ်နှင့် ပတ်သက်ပြီး ပို့စ်တစ်ခု တင်ပါဦးမည်။
စောမယကောလိပ်ကျောင်းသား
ယခု အခါ ထိုကောလိပ်ကျောင်းသားတစ်ယောက် ဖြစ်ရန် ခြေလှမ်းနေသော သီတဂူစတားသည် ထိုကောလိပ်သို့ ရောက်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ကောလိပ်အများစုသည် Bachelor ကျောင်းသားနှင့် Research ကျောင်းသားများကိုသာ လက်ခံလေ့ရှိသည်။ Master ကျောင်းသားများကိုတော့ လက်ခံသည့် ကောလိပ် အနည်းအကျဉ်းသာရှိပါသည်၊ Master, M.Phil, Ph.D ကျောင်းသားများကိုတော့ တက္ကသိုလ် (university) တွေကပဲ လက်ခံလေ့ရှိသည်။ ထိုတက္ကသိုလ်အဆင့်တွင် Bachelor ကျောင်းသားများကိုတော့ လက်ခံလေ့မရှိတာကို တွေ့ရသည်။ ပြည်မြန်မာတော့ ကောလိပ်ကျောင်းတွေ ပျောက်သလောက်ဖြစ်ပြီး တက္ကသိုလ်အဆင့်ထိ မြင့်တင်ကာ ကျောင်းသားအားလုံး အဆင့်အတန်းမရွေး ထိုတက္ကသိုလ်အဆင့်ကပဲ လက်ခံထားသည်ကို တွေ့ရသည်။
ထိုစောမယ (Somaiya College)ကျောင်းတွင် မြန်မာ research ကျောင်းသား (ရဟန်းတော်) ၃၀ နီးပါး ရှိသည်။ အများစုသော ရဟန်းတော်များသည် Buddhist study နှင့် Sanskrit ဌာနတို့တွင် သုတေသနများ ပြုလုပ်လျက်ရှိကြသည်ကို တွေ့ရပေမဲ့ မြန်မာ B.A ကျောင်းသားနှင့် M.A ကျောင်းသား လုံးဝ မတွေ့ရပေ။ ကောလိပ်ထဲတွင် Commerce, Engineering, Somaiya College of Computer, Somaiya College of Medicine, poly Technique of Somaiya College စသည်ဖြင့် နည်းပညာဌာနများရှိသည်။
Buddhist and Sanskrit Department
ထိုကောလိပ်တွင် Buddhist study ဌာနသည် ဘုံဘေတက္ကသိုလ်၏ အခွဲဟု သိရသည်၊ Sanskrit ဌာနကတော့ မဟာရဋ္ဌပြည်နယ်၏ ဒုတိယမြို့ ဖြစ်သည့် နာဂပူမြို့ရှိ Kavi Kulaguru Kalidas Sanskrit University အောက်မှာရှိသည်၊ Sanskrity ဌာနကို စောမယကောလိပ်တွင် ဌာနတစ်ခုဖွင့်ခါ ဒီပလိုမာ သင်တန်းများနှင့် Ph.D ကျောင်းသားများ မူရင်းတက္ကသိုလ်အတွက် ရှာဖွေ စုဆောင်းနေသည်၊ အိန္ဒိယတက္ကသိုလ်အများစုသည် ပညာရေး ဈေးကွက်တစ်ခုဖြစ်နေသည်အားလျော်စွာ ထိုဌာနသည်လည်း ဈေးကွက်တခု အနေနဲ့ စောမယကောလိပ်မှာ လာဖွင့်ထားပုံရသည်၊ ထို Sanskrit ဌာနသည် ဘုံဘေတက္ကသိုလ်အောက်မှာဆိုလည်း မမှာပါ၊ အကယ်၍ ဘုံဘေတက္ကသိုလ်အောက်မှာ ကျမ်းစာရေးပါက Sanskrit လို ရေးရမည်ဟု မှတ်သားရပါသည်။ ဟုတ်မဟုတ်ကို ရက်တိုအတွင်း နေခဲ့ရသည့်အတွက် သတင်းအတိအကျ မရခဲ့ပါ။ ထိုဆန်စခရစ်ဌာန၏ ဒါရိုက်တာသည် Dr. Kala Acharya ဖြစ်သည်၊ စကားပြောချိုသည်၊ လောလောဆယ်ဆယ် အဆင်ပြေအောင် လုပ်ပေးတတ်သည်၊ နောက်ပိုင်းတော့ ဘယ်လိုဖြစ်မည်ဟု မသိနိုင်ပါ။ ဌာနရောက်ရင် ၀န်ထမ်းတွေရော ဧည့်ဝတ်ကြေသည် ဂရုစိုက်သည်၊ ကုလားမှ ဟုတ်ပါလေးရဲ့လားဟု တွေးမိသည်။ နောက်ဆုံးတော့ ကုလားက ကုလားပဲဖြစ်မှာပါ။
သီတဂူစတားနှင့် စောမယ ကောလိပ်
စောမယ ကောလိပ်သည်လည်း အိန္ဒိယကောလိပ်များစွာတွင် နာမည်ရတစ်ခု အပါအ၀င်ဖြစ်သည်။ သီတဂူစတားကား ပူနေးတက္ကသိုလ်မှ ဒဿနိကဗေဒ (philosophy) ဖြင့် M.A ပြီးထား၍ ဘုံဘေမြို့ရှိ ထိုစောမယ Somaiya College တွင် Ph.D ကျောင်းသားတစ်ယောက်ဖြစ်ရန် ဆန္ဒရှိခဲ့သည်။ စောမယကောလိပ်ရှိ Sanskrit ဌာနနှင့် ဒါရိုက်တာ မဒမ် Kala Achaya အကြောင်းကို အိန္ဒိယကို မလာခင်ကထဲက တစွန်းတစ ကြားထားပြီးဖြစ်ပါသည်။ အကြောင်းကား သီတဂူစတား ဆရာသည်လည်း ထိုဌာနရှိ ထိုဒါရိုက်တာကြီးအောက်မှာ ဒေါက်တာဘွဲ့ ရခဲ့သည်ဖြစ်ပါသည်။ သို့သော်လည်း supervisor အရမ်းခက်ခဲနေတဲ့ အချိန်အခါ ဖြစ်တာက တစ်ကြောင်း၊ ပူနေးတက္ကသိုလ် Sanskrit ဌာနမှ အငြိမ်းစားယူပြီးသော ဆရာမကြီးက စောမယရှိ Sanskrit မှာ အလုပ်ဆက်လုပ်မည် ဖြစ်ရကား ထိုဆရာမကြီး၏ guide အောက်တွင် ကျမ်းစာ ရေးချင်တာက တစ်ကြောင်း စောမယကောလိပ်ရှိ ထို ဌာနကို ရွေးလိုက်ရခြင်းဖြစ်သည်။ ဘယ်တက္ကသိုလ်နာမည်နဲ့ပဲ ဖြစ်ဖြစ်၊ စောမယပဲ ဖြစ်ဖြစ် ဘုံဘေပဲ ဖြစ်ဖြစ် နာဂပူပဲ ဖြစ်ဖြစ်၊ ဘယ်တက္ကသိုလ်က နာမည်ကြီးဖြစ်စေ မကြီးသည်ဖြစ်စေ အလေးမထားပေမဲ့ ကိုယ်ရေးမည့် ကျမ်းစာ အဆင်ပြေဘို့ကိုပဲ ရည်ရွယ်ထားပါသည်။ နောက်ပိုင်း အဆင်ပြေ မပြေတော့ ကိုယ့်ကံပဲလို့ တွေးမိသည်။ ယခု လောလောဆယ်ဆယ် ဗီဇာ အခက်အခဲနှင့် supervisor အခက်အခဲကြောင့် အမြန်ဆုံး အဆင်ပြေသွားချင်သည်။
ဘာတွေ ဆက်လုပ်မလဲ
Sanskrit ဌာနတွင် Ph.D ကျောင်းသားတစ်ယောက်ဖြစ်ရန် ဘာတွေ လိုအပ်သလဲ? ဘာတွေ လုပ်ရမလဲ? ကျောင်းဝင်ကြေး ဘယ်လောက် ပေးရမလဲ? စတဲ့ Ph.D ကျောင်းသားတစ်ယောက် သိရန် လိုအပ်သည့် အကြောင်းကလေးများကို လက်တလော အတွေ့အကြုံအရ ဗဟုသုတအဖြစ် ဤပို့စ် အခန်းတွင် ဖော်ပြလိုပါသည်။
သီတဂူစတား၏ supervisor သည် ပူနေးတက္ကသိုလ် Sanskrit Department မှ အငြိမ်းစားယူဘို့ရန် order ကျပြီးသားဖြစ်သည်။ ယခုအခါ ဘုံဘေမြို့ စောမယကောလိပ် (Somaiya College) Sanskrit Department မှာပဲ ဆက်လက် အလုပ်လုပ်မည်ဖြစ်ရကား သူမလက်အောက်တွင် research လုပ်ချင်သော ကျောင်းသားတွေ အလုအယတ် ၀င်နေကြရသည်။ ယခုအချိန်မှာ အိန္ဒိယရှိ တက္ကသိုလ်တိုင်းနီးပါး Research Student တစ်ယောက်အတွက် supervisor ရဘို့ အလွန်ခက်ခဲနေသည်။ သီတဂူစတားသည်လည်း ထိုဆရာမဆီမှာပဲ သွားရောက်ပြီး Seat တောင်းခဲ့သည်၊ အဆင်ပြေပါသည်။ သုတေသန ကျောင်းသားတစ်ယောက် ပထမဦးစွာ ရှာဖို့ လိုအပ်သည်မှာ supervisor ပင်ဖြစ်သည်။ ဒုတိယကား ကိုယ် သုတေသနလုပ်မည့် ခေါင်းစဉ် (synopsis) ရွေးချယ်ပြီး supervisor နှင့် ဆွေးနွေးဘို့ပင်ဖြစ်ပါသည်။
Synopsis မရေးမီ ရှေးဦးစွာ research methodology ကို လေ့လာဖို့လိုသည်။ synopsis ကို စနစ်တကျ ဘယ်လိုဖန်တီးမလဲ ဆိုတာ ရှေးဦးစွားလေ့လာပြီးမှ synopsis ကို စတင် အကောင်ထည်ဖော်ပြီး supervisor နှင့် ဆွေးနွေးရန်ဖြစ်သည်။ သီတဂူစတားသည် ခေါင်းစဉ်တခုရွေးပြီး ဆရာမနှင့် ဆွေးနွေးရသည်မှာ ၉ ကြိမ်တောင် ရှိခဲ့သည်၊ ပထမဆုံးရွေးချယ်ထားသော ခေါင်းစဉ်သည် အိန္ဒိယ အတွေးအခေါ် အောက်မှာ ဖြစ်နေသဖြင့် ဆရာမက သိပ်မကြိုက်။ ခဏခဏ ဒီခေါင်းစဉ်ကို ပြောင်းခိုင်းခဲ့ပေမဲ့ မပြောင်းလိုခြင်းအကြောင်းကိုလည်း ပြန်လည်ပြောကြားသဖြင့် ထိုခေါင်းစဉ်ကို လက်ခံလိုက်သည်၊ သို့သော်လည်း သူမကြိုက်သည့် ခေါင်းစဉ်ဖြစ်ရကား ခဏခဏ ပြင်ခိုင်းသည်၊ ၈ ကြိမ်မြောက်ရောက်သောအခါ ‘‘ ဆရာမဆီလာတာ ဒါနဲ့ဆို ၈ ကြိမ်တောင် ရှိပြီလို့’’ သတိပေးလိုက်သော် '' don't harry'' ဟူ၍သာ ပြောသည်၊ မနက်ဖန်တော့ သေချာပြင်ခဲ့ finalize လုပ်မယ်လို့ ပြောသည်၊ နောက် ၉ ကြိမ်မြောက်ကျမှ သူ၏ signature (လက်မှတ်) ရတော့သည်။ သို့သော် ထိုခေါင်းစဉ်ကို သူမကြိုက်၊ ထိုခေါင်းစဉ်ဖြင့် ရေးပါက မူရင်းကျမ်းစာဖြစ်တဲ့ Dharmasatra, Bagavagita စတဲ့ Sanskrit ဖြင့်ရေးထားတဲ့ ကျမ်းစာတွေကို အသုံးပြုရလိမ့်မယ်။ ထိုမူရင်းကျမ်းစာတွေကို မင်းလည်း မနိုင်ဘူး၊ မင်း သင်ထားတဲ့ အိန္ဒိယအတွေးအခေါ်က နဲနဲလေးရယ်ဆိုပြီး ပြောလိုက်ပါသေးသည်။ သီတဂူစတားလဲ သူဆီက လက်မှတ်ရခဲ့ပေမဲ့ ခေါင်းထဲမှာ မကြည်လင်ဘူးဖြစ်နေတယ်။ နောက် နှစ်ရက်လောက်ရောက် သူဆီမှာ သုတေသန လုပ်နေသော ထိုင်းကျောင်းသားတစ်ယောက်အား ထိုခေါင်းစဉ်ကို သူမကြိုက်ကြောင်း၊ ငါ ပြောင်းခိုင်းသော်လည်း မြန်မာရဟန်းက ခေါင်းမာပြီး မပြောင်းခဲ့ကြောင်း၊ ပြီးတော့ အိန္ဒိယ အတွေးအခေါ်ပိုင်းဆိုင်ရာသည် သူ၏ နယ်ပယ်လည်းမဟုတ်ကြောင်း ပြောပြသည့်စကားများ သီတဂူစတားထံ ရောက်လာပါသည်။
Supervisor မကြိုက်သည့် ခေါင်းစဉ်
Supervisor မကြိုက်သည့် ခေါင်းစဉ်ကို မရွေးသင့်ပါ၊ တနည်းနည်းနဲ့ ကြာအောင် လုပ်တတ်သလို ကိုယ့် thesis လည်း ပြီးဖို့ အချိန်ကြာပါလိမ့်မည်။ သူများနိုင်ငံမှာ အချိန်၊ ငွေ များစွာပေးဆပ်နေရသဖြင့် မြန်မြန်ပြီးဖို့ လိုသည်။ ထို့ကြောင့် သီတဂူစတားလည်း မူလက ဆရာမ မကြိုက်ဘဲ လက်ခံထားသော ခေါင်းစဉ်ကို cancel လုပ်ပြီး နောက်ထပ် ခေါင်းစဉ်တစ်ခု ထပ် စဉ်းစားရတော့သည်။ နှစ်ရက်လောက် ပြင်ဆင်ပြီး ဆရာမဆီ သွားခါ ‘‘ ဆရာမ ငါ၏မူလ ခေါင်းစဉ်ကို ဆရာမ မကြိုက်ဘူးဆိုတာ သိတယ်၊ ငါလည်းပဲ အဲဒီ ခေါင်းစဉ်အတွက် ခေါင်းရှုပ်နေတယ်။ အခု ခေါင်းစဉ် အသစ်တစ်ခု ရေးလာတယ်’’ လို့ ပြောသောအခါ ‘‘သူ အားနာပုံရသည်၊ ရပါတယ်ကွာ မင်း နိုင်တယ်ဆိုရင် မူလ ခေါင်းစဉ်နဲ့ပဲ ရေးပါ’’ သို့သော်လည်း သူမကြိုက်သည့် ခေါင်းစဉ်ကို ရေရှည် လုပ်ရမည်ဆိုတော့ နောက် အသစ်တစ်ခုပဲ လုပ်ချင်သည်ဖြစ်ရာကား ဆရာမအားမေတ္တာရပ်ခံကာ အသစ်ကိုပဲ ကြည့်ပေးပါဦးဆိုတော့ တစ်ခါတည်း လက်ခံလိုက်သည်။ ပြောလိုက်သေးသည်မှာ ‘‘ ကျေးဇူးတင်ပါတယ်၊ မင်း ငါ့ရဲ့ point ကို နားလည်ပြီး လက်ခံလို့ ကျေးဇူးတင်ပါတယ်တဲ့’’ ဤသို့အားဖြင့် ဒုတိယခေါင်းစဉ်နှင့်ပဲ သုတေသန ဆက်လုပ်ရန် အတည်ပြုလိုက်ကာ ဆရာမ၏ လက်မှတ်များ ရယူရပါသည်။ ခေါင်းစဉ် synopsis ကို supervisor ကလက်ခံပြီးပါက ၁၂ မူ ကော်ပီကူးပြီး supervisor ၏ လက်မှတ် ရယူပြီး-နောက်ထက် ဆက်လုပ်ရှားရန်မှာ--
လိုအပ်သည့်အချက်များ---
၁- B.A Certificate and its Mark sheet၊
၂- M.A Certificate and its Mark Sheet။
၃- M.A ၏ Migration။ Passport Coy.
၎- လက်မှတ်ထိုးပြီး synopsis ၁၂ မူ တို့ကို ပြရန် မူရင်းနှင့် ဌာနသို့ တင်ရန် ကော်ပီး ၃ စုံတို့ကို ယူပြီး ဒါရိုက်တာနှင့် တွေ့ ဆွေးနွေးကာ သူ၏ လက်မှတ်များနှင့် ထို document များကို ယူကာ register လုပ်ရန်ရန် ရုံးတံဆိပ်များကို စောမကောလိပ်တစ်ခုလုံး၏ Registration ဌာနမှာ တံဆိပ်များ ရယူရပါသည်။ ထိုအစီအစဉ်များ ပြီးပါကား-
၅- DD form (ဘဏ်မှ ငွေပြေစာ ၂ မျိုး) ရယူရပါသည်။
၆- ထိုအားလုံးပြီးပါက ၄ ပါးနှင့် ၄ပါးထက်ကျောင်းသားရှိနေပါက ၀င်ခွင့်စာမေးပွဲအတွက် ကိုယ်ကြိုက်သည့် ရက်ကို တောင်းနိုင်သည်။ တက္ကသိုလ် စည်းမျဉ်းအရ ၃ လတစ်ကြိမ် ၀င်ခွင့် စာမေးပွဲ ကျင်းပပေးသည်ဟု သိရပါသည်။ ထိုဝင်ခွင့် စာမေးပွဲသည် အလုပ်သဘောအရသာ လုပ်နေကြသဖြင့် ဘာမှ မခက်ခဲပါ။
၇- ထိုအားလုံးပြီးပြည့်စုံပါက research visa လျှောက်ရန် ထိုဌာနမှ ထောက်ခံစာ (admission letter) တောင်းနိုင်ပါသည်။
ကျောင်းဝင်ကြေးများ
ကျောင်းဝင်ကြေးများသည် နာမည်ကြီးတက္ကသိုလ်တွေထက်တောင် ဈေးကြီးနေသည်။ ကျောင်းသား အင်အားဖြင့် ဈေးလျှော့တောင်းရန် ဌာနဆိုင်ရာသို့ တောင်းဆိုပါက ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကျောင်းဝင်းကြေးများကို ယခုလောလောဆယ် သွင်းခဲ့ရတာကို တင်ပြပါမည်။
၁- Form fee အမေရိကန် ဒေါ်လာ ၁၀
၂- Registration fee အမေရိကန် ဒေါ်လာ ၂၀၀
၃- ၆ လ တစ်ကြိမ်စာ အတွက် ဒေါ်လာ ၅၀။ ထိုဒေါ်လာများကို လောလောလက်လက် ပေါက်ဈေးအတိုင်း အိန္ဒိယ ရူပီးငွေဖြင့် သွင်းရပါသည်။ (၁၂၀၀၀ ရူပီ) ထို အချက် ၃ ခုသည် နာဂပူရှိ အထပ်ပြသည့် မူလ တက္ကသိုလ်အတွက် ပေးဆောင်ရသည့် fee ကြေးများဖြစ်သည်။
၎- ရူပိး တစ်သောင်း (တစ်နှစ်စာအတွက်)။ ထို တစ်သောင်းသော ရူပီးသည် စောမယကောလိပ်ရှိ Sanskrit Institute အတွက်ဖြစ်သည်။ လောလောဆယ်ဆယ် ဒေါ်လာ ၅၀၀ ဘိုး သွင်းခဲ့ရသည်။ တစ်နှစ်စာအတွက်သာဖြစ်ပါသည်။
၅- နောက်ထက် ပေးဆောင်ရန်မှာ ၆ လတစ်ကြိမ်း ဒေါ်လာ ၅၀ နှင့် တစ်နှစ်လျင် institute အတွက် ရူပီး တစ်သောင်း (၁၀၀၀၀) နှင့် နောက်ဆုံ (final synopsis) ကျမ်းစာတင်တဲ့အခါ ပေးရန်ရှိပါသေးသည်။
၆- Thesis submission fee အတွက် ဒေါ်လာ ၆၀၀ နှင့်
၇- Thesis Valuation Fee အတွက် ဒေါ်လာ ၆၀ တို့ဖြစ်သည်။
စားစရိတ် နေစရိတ် အလွတ် အားလုံး ပညာရေး ကြေးအတွက် အမေရိကန် ဒေါ်လာ ၁၇၀၀၊ ၁၈၀၀ ကျော်မှာရှိသည်။ ဤသို့အားဖြင့် နောင်လာ နောက်သားများ ရွှေးချယ်နိုင်ရန်အခွင့်တစ်ခုအဖြစ် သိသလောက် မှတ်သလောက် ရက်တိုတိုနှင့် တင်ပြလိုက်ရပါသည်။
ဒေါက်တာအလောင်းအလျှာများရဲ့ စားဝတ် နေရေး
စောမယ ကောလိပ်တွင် အများစုသော ဒေါက်တာ အလောင်းအလျားများသည် သီရိလင်္ကာမှ အမ်အေ ပြီး ကျောင်းသားများဖြစ်ပြီး အချို့သော ရဟန်းတော်များက အိန္ဒိယ တက္ကသိုလ်များမှ အမ်အေပြီး ကျောင်းသားဖြစ်ပါသည်၊ ထို့ပြင် မြန်မာနိုင်ငံ ထေရ၀ါဒ တက္ကသိုလ်နှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များမှ အမ်အေပြီး ကျောင်းသား အချို့လဲ ပါဝင်ကြသည်။ အသက်အရွယ်အားဖြင့်လဲ ၃၀ ကျော်နှင့် ၀န်းကျင်မှာရှိကြသည်။ ကိုယ့်ပြည် ကိုယ့်နေရာမှာဆိုလျှင်တော့ အသက်အရွယ်အားဖြင့်ကြည့်ကြည့် ပညာရေးဘက်ကကြည့်ပြန်လျှင်လည်း နှစ်ဖက်လှ (လောကုတ်၊ လောကီ) ရဟန်းတော်များဖြစ်ကြသည်။ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်နေရာမှ ဂုဏ်ယူဝံ့ကြွား အပူဇော်ခံ ပုဂ္ဂိုလ်များ ဖြစ်ကြပါလိမ့်မည်။ သို့သော်လည်း သူများနိုင်ငံ (ဘာသာ အယူဝါဒ၊ ယဉ်ကျေးမှုများ စသည် မတူညီကြသည့် နေရာ)မှာ နေကြရသောကြောင့် မြန်မာပြည်မှ ဒကာဒကာမများ လှူလိုက်သော ပဲကြော်၊ ငါးပိ ငါးခြောက်၊ ပဲပုတ်ကြော်၊ လေးတွေနှင့် ကိုယ်တိုင်ချက် သီးစုံဟင်းလျှာဖြင့်သာ မငြိုမငြင် ဘုန်းပေးနေကြရသည်။ ပိုဆိုးတာက အဆောင်သည် International Hostel မဟုတ်ဘဲ local ကျောင်းသားများနှင့် အတူနေရသဖြင့် သိပ်အဆင်မပြေလှပေ။ ပြည်တွင်းကျောင်းသားများက အဆောင်က ပေးသော mess သို့မဟုတ် ကောလိပ်ကျောင်းဝန်းထဲက စားသောက်ဆိုင်တွင် မှာစားလေ့ရှိတာကြောင့် ချက်မစားကြ။
မြန်မာ ရဟန်းတော်များကသာ ကုလားအစားအစာ မစားနိုင်သောကြောင့် ရဟန်းတော်များ စုပေါင်းကာ (self-service) ကိုယ်တိုင် ချက်စားကြရလေသည်၊ အိန္ဒိယကျောင်းသားများသည်လည်း မြန်မာ ရဟန်းတော်များ ချက်ပြုတ်သော ဟင်းအနှံ့များကို မခံနိုင်သဖြင့် ထို ကျောင်းသားတွေရဲ့ မကြာမကြာ အတိုင်းအတောလည်း ခံရဘူးသည်၊ ကုလားများကလည်း အတိုင်းအတော အလွန်ထူပါပေ့။ အသားဟင်းချက်ဖို့ ဆိုတာ အတော်ကို ခက်ခဲသည်၊ နေ့စဉ် သက်သက်လွတ် ဘုန်းပေးနေကြရသည်။ နေ့တိုင်း သက်သက်လွတ် စားနေရပေမဲ့ ရဟန်းတော်များမှာ ပိန်လှီ ကြုံလှီ သွားသောသူဟူ၍ မရှိ။ ပို၍ပင် ၀င်းပြောင်လာသည်ဟူ၍ ထင်ရသည်၊ pppppppppp။ မြန်မာနိုင်ငံမှာ ကဲ့သို့ ချမ်းချမ်းသာသာ မနေနိုင်၊ နေ့စဉ်နှင့်အမျှ ရှိသမျှငွေလေးတွေ ထွက်နေသည်။ နေရသည့် အခန်းမှာလည်း သုံးယောက်တစ်ခန်း ဖြစ်သည်အတွက် ကိုယ်နှင့် သဟာဇာတ မဖြစ်လျှင်ကား အဆင်မပြေလှပေ၊ အချို့က လေပန်ကာ ကြိုက်သည်၊ အချို့ကား မကြိုက်၊ အချို့ကား မီးရောင်နှင့်မှ အိပ်တတ်သည်၊ အချို့ကား မအိပ်တတ်။ ဤသို့အားဖြင့် ကိုယ့်အခန်းနဲ့ ကိုယ် မဟုတ်တော့ (self-style) ကိုယ်ပိုင် လွတ်လပ်ခွင့်မရှိ။ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုသည်မှာ ကိုယ်ပိုင် အေးအေးဆေးဆေး စာဖတ်ခြင်း၊ စာရှာခြင်း၊ စာစုခြင်း စသည်ကို ဆိုလိုပါသည်။ ဤကား ဒေါက်တာအလောင်းအလျာများ၏ အနေဆင်းရဲ အစားဆင်းရဲ၊ ငွေကုန် အချိန်ကုန်တွေကုန် ပင်ပင်ပန်းပန်းနှင့် ဒေါက်တာဖြစ်ဖို့ အရည်အသွေး မြင့်မားစေဖို့ ကြိုးစားနေကြခြင်းဖြစ်သည်။ ဒုက္ခဿ အနန္တရံ သုခံ no pain no gain ဆိုတာလို တချိန်ချိန်တော့ သုခလေးတွေ ရောက်လာပါလိမ့်မယ်လို့ မျော်လင့်ရပါတယ်။ ထိုအတွက် ကောင်းကောင်း အရင်းအနှီးမြုတ်နှံခြင်းပင် ဖြစ်ပါတော့သည်။
မှတ်မှတ်ရရ
ဒုတိယတစ်ခေါက် ၀င်ခွင့်ဖြေရန် သွားချိန် ထိုကောလိပ်ရှိ မြန်မာရန်းတော်များ စုစုစည်းစည်း အစည်းအဝေးလေး တစ်ခု ကျင်းပသည်။ အကြောင်းကား အိန္ဒိယ ကျောင်းသားများ၏ အတိုင်းအတော မခံရအောင် ရှောင်ရန် ဆောင်ရန်လေးများကို နောင်တော်ကြီးများက တင်ပြကြသည်။ ထိုအစည်းအဝေးအရ သိလိုက်ရသည်မှာ- ထိုကောလိပ်ရှိ အဆောင်မှာနေသော မြန်မာကျောင်းသားများအတွက် သတိထားစရာလေးတွေပဲ ဖြစ်ပါသည်။ အသားဟင်းမချက်ရခြင်း၊ အရက်သေစာ မသောက်စားရခြင်း၊ ဆေးလိပ် ကွမ်း မသုံးဆောင်ရခြင်း၊ သင်္ကန်းများကို အပြင်မှာ ကုလားအ၀တ်တွေနှင့် ရောပြီး မလှန်းစေခြင်း၊ စတဲ့ ရှောင်ရန်နှင့် ရရှိထားတဲ့ အခွင့်အရေးလေးတွေကို ဆုပ်ကိုင်ထားခြင်း စတဲ့ ဆောင်ရန်များကိုလည်း မှတ်သားလိုက်ရသည်။ အတွေ့အကြုံရှိသော နောင်တော်ကြီးများ၏ စကားများသည် မှတ်မှတ်ရရ ဖြစ်ခဲ့ရပါသည်။
ကျေးဇူးတင်ခြင်း
သီတဂူစတားတို့ ၈ပါး အဖွဲ့၊ သီရိလင်္ကာက သူငယ်ချင်း ၄ ပါးနှင့် အိန္ဒိယ တက္ကသိုလ်အသီးသီးက သူငယ်ချင်း ၄ ပါး supervisor တစ်ယောက်တည်း အောက်မှာပဲ ကျမ်းစာရေးရန် ၀င်ခွင့် အတူဖြေဆိုကြသည်။ ထို ၈ပါးအတွက် စောမယ ကောလိပ်ရှိ နောင်တော် ဒေါက်တာလောင်းလျားများက ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံကြွေးမွေးခဲ့သည်အတွက်လည်း အထူး ကျေးဇူးတင်နေပါသည်။ စုပေါင်းစားခဲ့ရသော ဆွမ်းဝိုင်းလေးကိုလည်း အမှတ်ရနေသည်။ တက်နိုင်ရင် ထိုဒေါက်တာ လောင်းလျာများအတွက် ဆွမ်းအလှူလေးများ လှူလိုက်ချင်ပါသေးသည်။ ခါခြင်ကောင် မာန်ဖီးလို့ တောင်ကြီးကိုတဲ့ ဖျိုမည်ကြံ ခါးက မသန်ဆိုတာလို ဖြစ်နေတယ်။ စေတနာတည်းဟူသော မာန်ပါပေမဲ့ ဒေါ်လာတည်းဟူသော ခါးမသန်ဖြစ်နေသည်။ pppppppppppp--။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၇-၂၀၁၀
Posted in: မှတ်စု
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment