ဖော်ဝိန်း၊ အင်ဒီယားနားပြည်နယ်၊ အမေရိက မှ အမှတ်တရပုံလေးပါ။
ကုမုဒြာပွင့်တဲ့ည အပိုင်း(၂)
အပေါင်းအသင်းနှင့်ပတ်ဝန်းကျင်
ဒီလိုကြည်နူးဖွယ်ကောင်းတဲ့ ညချမ်းကာလမျိုးမှာ ဒီကနေ့ ဘုန်းကြီးတို့ ပရိသတ် လူသာမန်ဆိုရင် ဘယ်လိုနေရာသွား ဘာလုပ်ရယင်ကောင်းမလဲလို့ တွေးကြမှာပါ၊ ဘုရား တရား သံဃာ ရတနာသုံးပါးနဲ့ နီးကပ်ပြီးတော့ ဓမ္မသာပျော်မွေ့တတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ သြော်--ဆိတ်ငြိမ်ရာအရပ် ချဉ်းကပ်ပြီး တရားထိုင်ရရင် ကောင်းမယ်၊ ဘုရားသွားပြီးတော့ ပုတီးစိပ်ရယင်ကောင်းမယ် သူတော်ကောင်းစိတ်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဒီလိုတွေးတယ်။
ကာမဂုဏ်ဘက် ယိုင်သွားတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီလောက်တိတ် ဆိတ်ငြိမ်သက် အေးချမ်းကြည်နူးဖွယ်ကောင်းတဲ့ ညချမ်းမှာ ဘယ်လို ဟိုတယ် သွားပြီးတော့ နိုက်ကလပ်တွေ ဘာတွေ သွားကလိုက်ရရင် ကောင်းမလဲလို့ ဒီလိုတွေးတဲ့ လူတွေလည်းရှိရင်ရှိမယ်၊ ဘဝဆိုတာ တစ်ယောက်နှင့် တစ် ယောက် အကြိုက်ချင်းက မတူတော့ လမ်းကြောင်းလည်းမတူဘူး။
အဇာတသတ်မင်းတရားက အဖေကိုသတ်တဲ့မင်းဆိုတာ အကုန်လုံး သိတယ်၊ အလွန်ကြမ်းတမ်းတယ်၊ ကြမ်းတမ်းတဲ့စိတ်ထားတွေနှင့် ကြမ်းတမ်းတဲ့ အပြုအမူတွေကို သူပြုမိတာ။ ဘုန်းကြီးတို့ပရိသတ်ကြီး အကြောင်းနှစ်ခုရှိတယ်၊ တစ်ခုက ဘာလဲဆိုရင် ''အပေါင်းအသင်း'' နောက်တစ်ခု ဘာလဲဆိုရင် ''ပတ်ဝန်းကျင်''ပေါ့၊ association နှင့် enviroment အဲဒီနှစ်ခုဟာ လူတွေရဲ့ ဘဝကိုအကြီး အကျယ်ပြောင်းလဲစေတတ်တယ်။
သရက်ပင်သိပ်ပြီးတော့ ချိုတယ်ပေါ့လေ၊ သီးလိုက်တာ အဲဒီ သရက်ပင်သွားပြီးတော့ ခွေးတောက်ပင်ကလေးကပ်စိုက်ထား၊ ခွေးတောက်ပင်က တဖြည်းဖြည်းလေး တက်လာလို့ အပင်ပေါ်နွယ်တွေလွှမ်းသွားပြီဆိုရင် နောက်မကြာခင် အဲဒီသရက်သီးခါးသွားတယ်၊ သရက်မြစ်နှင့် ခွေးတောက်မြစ် ရောယှက်မိလျှင် သရက်သီးဟာ အခါးသီးလာတယ်။ အဲဒါ association ပေါင်းသင်းဆက်ဆံမှု၊ အဲဒီတော့ သရက်မြစ်နှင့်ခွေးတောက်မြစ် မပေါင်း မိတောင်မှ ဘေးနားကအဲဒီ သရက်ပင်ရဲ့ ဘေးပတ်ဝန်းကျင်ရှိသမျှအပင်တွေပေါ်မှာ ခွေးတောက်နွယ်တွေ အကုန်တက်နေရင် ဒါ environment အမြစ်ချင်းမပေါင်းဘူး၊ ပတ်ဝန်းကျင်တစ်ခုလုံးက ခွေးတောက်တောကြီး (သို့မဟုတ်) တမာတောကြီးဆိုရင်လဲ အဲဒီသရက်သီးခါးသွားတယ်။ ဒါဘာ လဲဆိုရင် ပတ်ဝန်းကျင် ''environment''
လူတွေရဲ့ဘဝကိုပြုပြင်တဲ့နေရာမှာ ''အရပ်ကောင်းဖို့ အရေးကြီး တယ်'' လို့ အဲဒီစကားလုံးတစ်လုံးဟာ environment နှင့် ပတ်သက်တယ်။ အရပ်ကောင်းပြီးတဲ့အခါမှာ ဘာကောင်းဖို့လိုသလဲဆိုရင် အပေါင်းအသင်း ကောင်းဖို့လိုတယ်။ ပါဠိလိုပြောရရင် ''ပတိရူပဒေသဝါသ'' နှင့် ''ကလျာဏ မိတ္တ''၊ အဲဒီ နှစ်ခုက အတူတူပါပဲ။
ဒေဝဒတ်ရဲ့အကြံ အဇာတသတ်မင်းခံ
အဇာတသတ်မင်းသား ခပ်ငယ်ငယ် ဟာ ငါ့အဖေနတ်ရွာစံရင်တော့ ငါရှင်ဘုရင်ဖြစ်မှာပဲ အစဉ်အလာအားဖြင့် ရှိတဲ့မျှော်လင့်ချက်၊ အဲဒီ အစဉ်အလာအတိုင်းရှိတဲ့ မျှော်လင့်ချက်ကို ပြောင်းလဲပစ်တာက အပေါင်းအသင်း။ ဒေဝဒတ်ကနေပြီးတော့ သူရဲ့စိတ်တွေကို အကုန်လုံးပြောင်းပစ်လိုက်တယ်။ မြတ်စွာဘုရားရဲလက်ဝဲဘက်မှာ အရှင်မောဂ္ဂလာန်၊ လက်ယာဘက်မှာ အရှင်သာရိပုတ္တရာ၊ အဂ္ဂသာဝကဆိုတဲ့ ရာထူးကြီးတွေ မြတ်စွာ ဘုရားခန့်အပ်ထားတာ။
သာသနာတော်မှာ မြတ်စွာဘုရားကလွဲရင် ဒီနှစ်ပါးကအကြီးဆုံးပဲ။ အဲဒီ အရှင်သာရိပုတ္တရာနဲ့အရှင်မောဂ္ဂလာန်တို့ဆိုတာ ဘုရားနှင့်ဆွေမျိုး သားချင်း ဘာမှ မတော်ဘူး။ ပုဏ္ဏားမျိုးတွေ ဗြဟ္မဏလူမျိုးတွေ၊ နာလန္ဒသားတွေ၊ အဲဒါကိုကြည့်ကြည့်ပြီးတော့ ညီအကိုတစ်ဝမ်းကွဲလည်းတော်တယ်၊ ယောက်ဖလည်းတော်တယ်၊ ဒေဝဒတ်ဆိုတဲ့ရဟန်းက မကျေနပ်ဘူး၊ ဆွေမတော် မျိုးမတော်တဲ့ ပုဂ္ဂိုလ်တွေ ရာထူးကြီးကြီးပေးရမလားကွာ၊ တကယ်ဆို ရာထူးကြီးကြီး ငါကိုပေးဖို့ကောင်းတယ် အစဉ်မပြတ်တွေးနေတာ ရှင်ဒေ ဝဒတ်။
မြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့ ဟိုအလောင်းတော်ဘဝတုန်းက ကြင်ယာတော်ဖြစ်ခဲ့ဖူးသော ယသော်ဓရာဟာ ဒေဝဒတ်ရဲ့ နှမအရင်းဖြစ်တယ်၊ နောက် မြတ်စွာဘုရားကိုယ်တော်ရဲ့အမေ မဟာမာယာဒေဝီဟာ ဒေဝဒတ်ရဲ့ အဖေဖြစ်တဲ့သုပ္ပဗုဒ္ဓနှင့်မောင်နှမ၊ အဲဒီတော့ သွေးသားက ဒီလို စပ်တော့ တကယ်ဆို အဂ္ဂသာဝကလက်ဝဲရံ လက်ယာရံကို ငါ့ကိုအပ်ဖို့ ကောင်းတာ၊ ခုတော့ ငါ့မပေးဘူး၊ ငါတို့အမျိုးကို မပေးဘဲနဲ့ အမျိုးမတူတဲ့ ပုဏ္ဏားမျိုးတွေ ရာထူးပေးရကောင်းလား အဲဒီကတည်းကစပြီးတော့ ဒေဝဒတ်မကျေနပ်တာ၊ နောက်ပြီးတော့ သိပြီးသားတွေဆိုတော့ အတိုချုံးလိုက်တော့ ဘုရားကိုသတ်မလို့ သုံးကြိမ်တိုင်တိုင် ပရိသတ်ရေ မအောင်မြင်ခဲ့ဘူး။ အဲဒီတော့ သူကသွားပြီးတော့ စည်းရုံးသေးတယ်။
'ငါတစ်ယောက်တည်း ဒီအတိုင်းလုပ်ကြံလို့တော့ မဖြစ်သေးဘူး၊ ရှင်ဘုရင်အကူအညီပါမှဖြစ်မယ်' ဆိုပြီးတော့ ဗိမ္မိသာရမင်းတရားကြီးကို သူစည်းရုံးလို့မရဘူး။ ဗိမ္မိသာရမင်းကြီးက သောတာပန်၊ အဲဒီတော့ မင်းသား လေးခပ်ငယ်ငယ် ငါသွားပြီးစည်းရုံးမယ်ဆိုပြီးတော့ အဇာတသတ်ကို ညဥ့် သန်ခေါင်ယံအခန်းထဲ မှာ သူတန်ခိုးတွေ အဘိညာဉ်တွေ အသုံးချပြီးတော့ ဒေဝဒတ်ကဝင်သွား ဝင်သွားပြီးတော့ ဘာလုပ်လဲဆိုတော့ တစ်ကိုယ်လုံး မြွေကြီးတွေပတ်ထားပြီးတော့ 'အဲဒါ မြွေအလမ္ပါယ်ဆရာကြီး'လို့ အဇာတသတ်မင်း အိပ်နေတဲ့ကုတင်ဘေးကနေသွားပြီး ဘွားကနဲရပ်တော့ ဟိုက လန့်နိုးလိုက်တဲ့အချိန်မှာ၊ ဟာ မြွေတွေက ပါးပျဉ်းထောင် တရှုးရှုး တရှဲရှဲ အလမ္ပာယ်ဆရာ ဘယ့်နဲ့အိပ်ရာဘေးရောက်နေလဲ ဆိုပြီးတော့ လှမ်းအော်တော့ ဓားကိုင် လှံကိုင်လုပ်တော့ အဲဒီတော့ မြွေတွေပါ အကုန်လုံးဖျောက်၊ ရုပ်ဖျောက် ဒီတော့ မူလအလမ္ပာယ်ဆရာရုပ်ဖျောက်ပြီးတော့ သူရဲ့ရဟန်းအသွင်ပြန်ပြောင်းတော့၊ ဟာ လက်စသတ်တော့ အလမ္ပာယ်ဆရာမဟုတ်ဘူး၊ အရှင်ဒေဝဒတ်ပါလား ဒီလောက်တန်ခိုးကြီးတာ ယခုမှသိရတယ်၊ အထင်ကြီးသွားတယ်၊ သူ့ကိုစည်းရုံးတာ၊ အဲဒါကို Super antural Power လို့ခေါ်တယ်။
သဘာဝလွန်တဲ့တန်ခိုးတွေ သဒ္ဓါတရားကောင်းပြီးတော့ ဥာဏ်နည်းတဲ့ပုဂ္ဂိုလ်တွေဟာ စည်းရုံးသိမ်းသွင်းခံရတာ၊ ဒီကနေ့မျက်မှောက်လဲ အများကြီးရှိနိုင်တယ်။ အဲဒါ သာသနာလမ်းကြောင်းက တဖြည်းဖြည်း သွေးဖယ်သွားတတ်တယ်၊ သာသနာတော်ရဲ့အနှစ်ဖြစ်တဲ့ သီလ သမာဓိ ပညာတို့ကို မသိမိလိုက်တာ သာသနာတော်ရဲ့အနှစ်သာရဟာ ဒါမျိုးပဲ လားလို့ထင်ပြီးတော့ အဲဒီနောက်ပါသွားရင် အနှစ်ကိုမရဘဲနှင့် ထိုလူက အကာနဲ့ခရီးဆုံးသွားတယ်။ အဲဒီကစပြီးတော့ ဒေဝဒတ်ကို ချဉ်းကပ်မိတာ၊ နောက်ဆုံး ဆရာတပည့်တိုင်ပင်ကြတာ မင်းက အဖေသတ် ရှင်ဘုရင်လုပ်ကွာ၊ ငါကဘုရားကိုသတ်ပြီးတော့ ဘုရားလုပ်မယ်ဆိုပြီးတော့ လုပ်ကြတာ မအောင် မြင်ကြဘူးလေ။
ကျူးလွန်မိတဲ့အပူမီး ဘယ်သူငြိမ်း၍အေးမည်နည်း
ရှင်ဒေဝဒတ် နောက်ဆုံးမြေမျိုသွားတာ အားလုံးအသိပဲ၊ အဇာတသတ် ရှင်ဘုရင်ကတော့ အဖေကိုသတ်လိုက်တဲ့ပြစ်မှုကြီး အကြီးအကျယ် လွန်ကျူးပြီးတဲ့နောက်ပိုင်း ရင်ထဲမှာ ဟိုလှတောလူတွေပြောသလိုပြောရင် ငရဲရှစ်ထပ်မျိုထားတဲ့အတိုင်းပဲတဲ့၊ သောကမီးတွေ တငွေ့ငွေ့လောင်တယ်၊ အဲဒါငြိမ်းပေးနိုင်တဲ့ပုဂ္ဂိုလ် ကမ္ဘာမှာရှာကြည့်တယ်၊ သူ့ရဲ့ဆရာဒေဝဒတ်လည်းမတတ်နိုင်ဘူး၊ အဲဒီလိုဖြစ်တယ်။ အဲဒါကြောင့် ယခုလိုပေါ့လေ ညချမ်း ကာလ တိတ်တိတ်ဆိတ်ဆိတ် ဆီးနှင်းမြူတိမ် သူရိန်မီးခိုး အညစ်အကြေး ငါးမျိုးကင်းပြီးတော့ သန့်ရှင်းကြည်လင်တဲ့ ညများမှာ အဲဒီလသာ ဆောင်ပေါ်မှာတက်ပြီးတော့ ဝန်ကြီးတွေ၊ အမတ်ကြီးတွေနဲ့ ထိုင်ထိုင်ပြီးတော့ ရင်ထဲမှာပူတယ်ကွာ၊ သိပ်ပူလောင်တာပဲ၊ အဲဒီပူလောင်မှုတွေ ငြိမ်းချမ်းအောင် ယခုလို ကြည်နူးဖွယ်ရာကောင်းတဲ့ညမှာ ဘယ်လို သမဏ ဗြဟ္မဏ တို့ကိုချဉ်းကပ်ရကောင်းမလဲလို့ ဝန်ကြီးတွေ အမတ်ကြီးတွေနဲ့အစည်း အဝေးထိုင်ထိုင်ပြီးတော့ပြောကြပါတယ်။
မင်းတရား အဲဒီပူလောင်မှုတွေကို ငြိမ်းစေဖို့ ပုရာဏကဿပ ဆရာကြီးဆီကိုသွားပါ၊ ပုရာဏကဿပ အစရှိတဲ့တိတ္ထိဆရာကြီး ခြောက်ယောက် မြတ်စွာဘုရားထက် ခပ်စောစောပေါ်ပေါက်ကြတယ်။ လောကသုံးပါးမှာ ဘုရားပွင့်မယ် ကောလာဟလတွေ ဗြဟ္မာကြီးတွေ ကြွေးကြော်တဲ့ အချိန်ကစပြီးတော့ တိတ္ထိဆရာကြီးတွေ ထွက်လာပြီးတော့ ကိုယ့်ကိုကိုယ် ဘုရားလို့ကြေညာပြီးတော့ လောကမှာ တရားတွေဟောနေကြတယ်၊ အားလုံး ထင်ရှားတဲ့ ဆရာကြီးခြောက်ယောက် မင်းတရား အဲဒီသောကတွေငြိမ်းစေဖို့ ပုရာဏကဿပဆီသွားပါ၊ အဲဒါ ဝန်ကြီးတွေ အမတ်ကြီးတွေ ပြောသည့်အတိုင်း သွားကြည့်တယ် ပုရာဏကဿပ က ဟောလိုက်တယ်၊ ဘာဟော လိုက်သလဲဆိုရင် ပရိသတ်ရေ တိုတိုလေးပြောမယ်၊ ''အကိရိယဝါဒ'' ကို ဟောတယ်၊ ဘာဝါဒလဲ။
အကိရိယဝါဒပါဘုရား။
အကိရိယဝါဒ
အကိရိယဝါဒ ဟောပြောချက်တွေ အများကြီးချုံးလိုက်ရင် ဒီတစ်လုံးပဲ အကိရိယဝါဒဆိုတာက ဘာလုပ်လုပ် လုပ်ရာ မရောက်ဘူးဆိုတဲ့ဝါဒ၊ အခု တို့အားလုံး ဘာလုပ်ကြ၊ ကုသိုလ်တွေပြုလုပ်ကြတယ်၊ အလကားပဲ ဒါတွေ ဘာအကျိုးမှမပေးဘူး၊ အကုသိုလ်ကော ဒါလည်းအလကားပဲ ဘာမှမဖြစ်ဘူး၊ လုပ်ချင်တာလုပ် ဘာမှမဖြစ်ဘူးဆိုတဲ့ဝါဒ၊ ကြိုက်များကြိုက်လိုက်ရင် ကမ္ဘာ့လူသားတွေ လမ်းကြောင်းဘယ်လောက်မှားသွားမလဲ၊ အဲဒါသွားပြီးတော့ ပြန်လာတယ်၊ အဇာတသတ်မင်းကြီး စိတ်ဆင်းရဲလာတယ်။
ငါ့ရင်ထဲမှာ သောကငြိမ်းမလားလို့ချဉ်းကပ်ကြည့်တယ်၊ သောက မငြိမ်းတဲ့အပြင် မကျေနပ်စရာ ဒီဆရာကြီးတွေဟောနေတာ၊ လူ့လောက ကြီးကို လမ်းမှားကိုသူတို့ပို့နေကြတာ၊ ငါလိုမင်းတရားကို ပညာမတတ် လူအ လူနုံလို့ထင်ပြီးတော့ ဝါဒမှားတွေ ဟောနေတယ်၊ ဒီလိုဆရာမျိုး ငါ့တိုင်းပြည်မှာ မရှိထိုက်ဘူးလို့ထင် စိတ်ထဲမှာဒေါသဖြစ်ပြီးတော့ သံလျက် ခပ်တင်း တင်းဆုပ်မိတယ်၊ တစ်ခါမှားပြီးရင် နောက်ထပ် နှစ်ခါမမှားစေနဲ့တော့ပေါ့ စိတ်ကိုချုပ်ထိန်းပြီးတော့ ပြန်လာခဲ့တယ်။
ဥစ္ဆေဒဝါဒ
နောက်တစ်ကြိမ်ဒီလိုပဲ ညချမ်းကာလ လပြည့်ဝန်းကြီးထွန်းလင်း တဲ့ တစ်ညပဲ ဒီလိုအမတ်တွေ ဝန်ကြီးတွေနဲ့အစည်းအဝေးခေါ် စိတ်ထဲမှာ ပူလာတယ်။ ဘယ်သွားရကောင်းမလဲ ပြောပြန်တယ်၊ အမတ်တွေက မက္ခလိ ဂေါသာလ ဆရာဆီသွားပါ၊ သွားပြန်တယ်၊ မေးတယ်၊ မေးတာကတခြား ဖြေတာကတခြား စိတ်ဆင်းရဲပြီးတော့ပြန်လာတယ်၊ မက္ခလိဂေါသာလက ဘာဟောသလဲဆိုတော့ ဥစ္ဆေဒဝါဒကိုဟောပါတယ်၊ ဥစ္ဆေဒဆိုတာ လောကကြီး သုခ ဒုက္ခဖြစ်ချင်တာဖြစ် ကုသိုလ် အကုသိုလ်တွေ လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟဆိုတဲ့ ဟေတုပေါ့၊ အဲဒီအကြောင်း တွေနဲ့လုံးဝမဆိုင်ဘူး။
Cause in Condition ဆိုတဲ့ဥစ္စာတွေဟာ ဒီ Effect ပေါ့၊ အကျိုးတ ရားတွေနဲ့လုံးဝမဆိုင်ဘူး၊ ဖြစ်ချင်လို့ဖြစ်တာ၊ အကြောင်းမဲ့ဝါဒ၊ စိတ်ညစ် ပြီးတော့ ပြန်လာခဲ့တယ် ပရိသတ်ရေ၊ ပတ်ဝန်းကျင် associtation နော်၊ enviroment associatiotion အဇာတသတ်မင်းကြီးရဲ့ ဒီလောက် အမှားပြုမိ တဲ့ရှင်ဘုရင်ရဲ့အနားမှာနေကြတဲ့ ဝန်ကြီးတွေ အမတ်ကြီးတွေဟာ ဒီရှင်ဘုရင်ကို လမ်းမှန်ကို မပို့နိုင်ဘူးတဲ့၊ အမှားပဲထပ်ပို့ကြတယ်၊ အဲဒါကြောင့် မင်္ဂလသုတ်ဟာ ဘယ်လောက်တန်ဖိုးရှိသလဲ၊ စစချင်း အသေဝနာ စ ဗာလာနံ Not associated with the fool. It is the highest speculation. အဲဒီလို ပုဂ္ဂိုလ် တွေနဲ့ ဝေးဝေးနေနိုင်မှ ဘဝကြီးပွားတိုးတက်မှုဖြစ်မယ်၊ ဒါကို မင်္ဂလာခေါ်တယ်။
နတ္ထိက ဝါဒ
အဲဒီတော့ အဇာတသတ်ရှင်ဘုရင်က တစ်ယောက်က ညွှန်ကြားလို့ သွားလိုက် စိတ်မကျေနပ်ဘဲ ပြန်လာခဲ့လိုက်၊ ဘယ်နှစ်ကြိမ် ဘယ်နှစ်ယောက် စီသွားခဲ့သလဲဆိုရင် ပရိသတ်ရေချုံးလိုက်တော့ အားလုံးခြောက်ကြိမ်သွားခဲ့တယ်၊ တိတ္ထိဆရာကြီး ခြောက်ယောက်စေ့ရော၊ ပူရာဏကဿပ၊ မက္ခလိဂေါသာလ၊ တတိယပုဂ္ဂိုလ်က အဇိတကေသကမ္ဗလ သူကတော့ နတ္ထိက ဝါဒကိုဟောတယ်၊ နတ္ထိကဝါဒဆိုတာ လက်ရှိဘဝရှိလား၊ (မရှိပါဘုရား) နတ်ပြည်ရှိလား၊ (မရှိပါဘုရား) နိဗ္ဗာန်ရှိလား၊ (မရှိပါဘုရား) သမထ ဝိပဿနာ အလကား၊ အဲဒါတွေ ဘာမှမရှိဘူး၊ အဲဒီလို မရှိဝါဒကို ဟောတာ နတ္ထိက။
နောက်ပကုဓကစ္စာယန၊ နောက် နိဂဏ္ဌနာဋပုတ္တ၊ နောက်သဉ္စယဗေလဋ္ဌပုတ္တ ခြောက်ခေါက်သွားတယ်၊ ခြောက်ယောက်ကိုတွေ့ဆုံပြီးတော့ သူ့သော ကငြိမ်းကြောင်းကိုမေးမြန်းခဲ့တယ်၊ ပြီးတော့ သန္ဒိဋ္ဌိကသာမညဖလ အဲဒါကိုလည်း သူမေးပါတယ်။
အပိုင်း (၃) ဆက်လက်ဖော်ပြသွားပါမည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၂၃-၇-၂၀၁၀
0 comments:
Post a Comment