
ဖော်ဝိန်း၊ အင်ဒီယားနားပြည်နယ်၊ အမေရိက အမှတ်တရ
ကုမုဒြာပွင့်တဲ့ညအပိုင်း (၃)
ကိုယ်တွေ့ရနိုင်တဲ့အကျိုး
သန္ဒိဋ္ဌိကဆိုတာက လက်တွေ့ မျက်တွေ့ ကိုယ်တိုင်ရနိုင်တာ သာမညဖလဆိုတာ ရသေ့ရဟန်းပြုခြင်းရဲ့အကျိုး၊ အရှင်ဘုရားတို့ ရသေ့ ရဟန်း လုပ်နေကြတာ လက်တွေ့ ဘာအကျိုးတွေကိုရသလဲ၊ အဲဒါပြောပါအုံး၊ ဒါကို ခေါ်တယ် ''သန္ဒိဋ္ဌိကသာမညဖလ'' ပရိသတ်ပြောကြည့်စမ်းပါ။
သန္ဒိဋ္ဌိကသာမညဖလပါဘုရား။
ကိုယ်တွေ့ရနိုင်သော ရဟန်းပြုခြင်း၏အကျိုးဟာ ဘာအကျိုးရှိသလဲ အဲဒါသွားမေးတာ၊ တစ်ယောက်မှ မပြောနိုင်ဘူး၊ အဲဒီတော့ မေးတာကတခြား ဖြေတာက တခြား၊ ဥပမာဆိုပါစို့ သရက်ပင်ဘယ်မလဲ မေးလိုက်ရင် ဒီမှာ ဒီမှာ ပိန္နဲပင်။
သေယျထာပိ ဘန္တေ အမ္ဗံ ဝါ ပုဋ္ဌော သမာနော လဗုဇံ ဗျာက ရေယျ၊ လဗုဇံ ဝါ ပုဋ္ဌော သမာနော အမ္ဗံ ဗျာကရေယျ။
ပိန္နဲပင်ဘယ်မလဲမေးရင် သရက်ပင်ပြ၊ အမေးတခြား အဖြေတခြား ဆရာကြီးတွေ ဘာမျှမပြောနိုင်ဘဲနဲ့ ဆရာလုပ်ကြ အကြီးအကျယ် စိတ်ညစ်လို့ပြန်လာခဲ့ရတယ်။
အဲဒီတော့ ပရိသတ်ကြီး တိတ္ထိဆရာကြီးခြောက်ယောက်ထံကို ခြောက်ကြိမ်သွားခဲ့ပြီးပြီ။ သူ့သောက ပရိဒေဝကို ငြိမ်းစေနိုင်တဲ့နည်းလမ်းကို ဘယ်သူပေးနိုင်လဲ၊ ဘယ်သူမှ မပေးနိုင်ဘူး၊ သူလိုချင်တဲ့ သာမညဖလ ရဟန်းပြုခြင်းရဲ့ အကျိုးကျေးဇူးကို အဲဒီ ရဟန်းလို့အမည်ခံနေတဲ့ပုဂ္ဂိုလ်ကြီး တွေပြောနိုင်လား။
မပြောနိုင်ပါဘုရား။
သဒ္ဓါတရားတစ်ခုတည်းနဲ့ သာသနာတော်မှာမလုံလောက်ဘူး
အေး ဘုန်းကြီးတို့ ပရိသတ်ရေ သဒ္ဓါတရားတစ်ခုတည်းနဲ့ သာသနာတော်မှာမလုံလောက်ဘူး၊ အသိပညာနဲ့မှ၊ ယုံကြည်မှုတစ်ခုတည်းနဲ့သာသနာ တော်မှာမပြီးဘူး ပရိသတ်ရေ၊ အသိပညာနဲ့မှ အသိပညာတစ်ခုတည်းထည်းနဲ့ လည်း မလုံလောက်ဘူး ယုံကြည်မှုဆိုတဲ့သဒ္ဓါနဲ့မှ ဒီနှစ်ခုဟာ balance ဖြစ်ရမယ်။ in knowledge အဲဒီနှစ်ခုဟာ must be balance ညီညွတ်ရမယ်။ တစ်ခုခုလွန်သွားပြီဆိုရင် အဲဒါမှားတာပဲ၊ ယုံကြည်မှုတွေက လွန်ကဲတယ်၊ အသိဥာဏ်မပါဘူး ဒါမှားတာ၊ အသိဥာဏ်တွေက သိပ်များပြီးတော့ ယုံကြည်မှုမရှိဘူးဆိုတော့ သူက ကောက်ကျစ်စဉ်းလဲတဲ့ဘက်ကို ယိုင်သွား တယ်၊ အဲဒီနှစ်ခု မျှတရမယ် ဒါဗုဒ္ဓရှင်တော်ရဲ့ သာသနာမှာနေတဲ့ ပုဂ္ဂိုလ်ရဲ့အခြေခံအရည်အချင်းဟာ သဒ္ဓါနဲ့ပညာ၊ ဗုဒ္ဓဘာသာ မဟုတ်ဘူးဆိုလို့ ရှိရင်တော့ပညာသိပ်မလိုဘူး၊ believe ယုံကြည်ရင် ကိစ္စပြီးတယ်။ ဗုဒ္ဓဘာသာ မဟုတ်ခဲ့ရင်တော့ ယုံကြည်ခြင်းသည်ပဓာန၊ အသိပညာတွေ အသုံးချပြီးတော့ မေးတာ မြန်းတာ ဝေဖန်တာ စိစစ်တာ အကြောင်းအကျိုးကိုစုံစမ်းတာ သွားမလုပ်နဲ့၊ အဲဒီလိုလုပ်လို့ရှိရင် ဘုရားသခင်က ခွင့်မလွှတ်ဘူး၊ မြတ်ဗုဒ္ဓကတော့ သဒ္ဓါနဲ့ပညာမျှတစွာဝေဖန် စိစစ်တာမျိုးကို အလွန်ကြိုက်တယ်။
အဲဒါကြောင့် လူသားတွေရဲ့ အသိဥာဏ်ကို လွတ်လပ်ခွင့်ပေးတာဟာ မြတ်ဗုဒ္ဓ၏ဒီဓမ္မ င်္freedom thought' အတွေးအခေါ်များ လွတ်လပ်ခွင့်ရှိတယ်။ သို့သော် reasoning ဆိုတဲ့ စုံးစမ်းစိစစ်ခြင်းသည် must be base the believe သဒ္ဓါ ယုံကြည်မှု သဒ္ဓါပေါ်မှာအခြေခံရတယ်။ ဒါဘာသာရေး အခြေခံဒီနှစ်ခု အဇာတသတ်ရှင်ဘုရင်မှားခဲ့တာ ဘာကြောင့်လည်း သဒ္ဓါတရားတစ်ခုတည်းနဲ့ သူသည် ရှင်ဘုရင်တက်ဖြစ်ခဲ့တာ အဲဒီမှာ မှားသွားတယ်။ အသိဥာဏ်မပါဘူး၊ သူ့ကို ဘာနဲ့စည်းရုံးလဲ၊ တန်ခိုးနဲ့စည်းရုံးခံရတယ်၊ သီလ သမာဓိ ပညာ သူဘာမှနားမလည်ခဲ့ဘူး။ အဲဒီတော့ ခြောက် ကြိမ်တိုင်တိုင် ခြောက်ယောက်သော ဆရာကြီးတွေထံသွားခဲ့တယ်၊ သူလိုချင် တာတွေ ဘာမှမရခဲ့ဘူး။
အကြီးအကျယ်စိတ်ပန်းပြီးတော့ နွမ်းနေတဲ့ချိန် ယခု တန်ဆောင်မုန်းလပြည့်ညချမ်းကာလ open space လို့ခေါ်မယ်ပေါ့လေ၊ ပြဿာဒ်ရဲ့ အပေါ်ဆောင်အမိုးမရှိတဲ့ လေသာဆောင်တက်ပြီးတော့ ဝန်ကြီးတွေ အမတ်ကြီးတွေနဲ့ ညချမ်းမှာ စည်းဝေးထိုင် ကောင်းကင်ကြီးကြည့်လိုက်တော့ ခုနက သူပြောတဲ့စကား-
၁။ အဘိက္ကန္တာ ဝတ ဘော ဒေါသိနာ ရတ္တိ။
၂။ အဘိရူပါ ဝတ ဘော ဒေါသိနာ ရတ္တိ။
၃။ ရမဏီယာ ဝတ ဘော ဒေါသိနာ ရတ္တိ။
၎။ ပါသာဒိကာ ဝတ ဘော ဒေါသိနာ ရတ္တိ။
၅။ ဒဿနီယာ ဝတ ဘော ဒေါသိနာ ရတ္တိ။
၆။ လက္ခညာ ဝတ ဘော ဒေါသိနာ ရတ္တိ။
အယံ ရတ္တိ၊ ဟောဒီ တန်ဆောင်းမုန်းလပြည့်ဆိုတဲ့ ညချမ်းကာလသည်။ ဒေါသိနာ၊ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်ကြေးငါးမျိုး ကင်းပြီးတော့ သန့်ရှင်း ကြည်လင်နေတဲ့အတွက်ကြောင့်။ အဘိက္ကန္တာ ဝတ၊ အလွန့်အလွန် နှစ်သက်ဖွယ်ရာကောင်းလှပေတော့သည်တကား။ ရမဏီယာ ဝတ၊ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်ဖွယ်ရာ ကောင်းလှပေတော့သည်တကား။ ဒဿနီယာ ဝတ၊ ရှုချင်ဖွယ်ရာ ရှိ၍နေပါပေတော့သည်တကား။ ပါသာဒိကာ ဝတ၊ ရှု့ကြည့်သူတို့အားလုံးတို့ရဲ့ စိတ်နှလုံးမှာ ရွှင်ပြုံးကြည်နူးဖွယ်ရာ ကောင်းလှပေတော့သည်တကား။ အယံ ရတ္တိ၊ ဤညဥ့်သည်။ ဒေါသိနာ၊ အပြစ်ကင်းပြီးတော့ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်ကြေးငါးမျိုး ကင်းပြီးတော့ သန့်ရှင်းကြည်လင်၍နေတဲ့အတွက်ကြောင့်။ လက္ခညာ ဝတ၊ မှတ်သားဖွယ်ရာ ကောင်းလှပေတော့သည်တကားလို့။ ရာဇာ မာဂဓော အဇာတသတ္ထု ဝေဒေဟိပုတ္တော၊ ဝေဒေဟီမိဖုရားရဲ့သား မဂဓပြည့်ရှင် ဘုရင်အဇာတသတ်သည်။ ဣမံ ဥဒါနံ၊ ဤဥဒါန်းကို။ ဥဒါနေသိ၊ ကောင်းစွာမသွေ ကျူးရင့်တော်မူခဲ့ရှာပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။
ကုမုဒြာတွေပွင့်တဲ့ည အဇာတသတ် ရှင်ဘုရင်ခုနှစ်ကြိမ်မြောက် ပရိသတ်ရေ ဝန်ကြီးတွေ အမတ်ကြီးတွေနဲ့စည်းဝေး ဟောဒီလောက် ကြည်နူး ဖွယ်ကောင်းတဲ့ည။
''ကံ နု ခွဇ္ဇ သမဏံ ဝါ ဗြဟ္မဏံ ဝါ ပယိရုပါသေယျာမ''
ဘယ်လို သမဏတွေ ဗြဟ္မဏတွေထံ သွားရင်ကောင်းမလဲလို့ အစည်းအဝေးမှာ အဲဒီလို သူထုတ်ပြီးတော့ကြေညာပြန်တယ်။ ယခင် ခြောက် ကြိမ်တော့ ပရိသတ်ရေ မိစ္ဆာဒိဋ္ဌိဆရာကြီးခြောက်ယောက်စီ ရောက်ခဲ့ပြီးပြီ၊ အခု ငါးကြိမ်မြောက် တန်ဆောင်မုန်းလပြည့် အစည်းအဝေးမှာလည်း ဒါပြောပြန်တယ်။ ပြောတော့ အမတ်တွေထလာပြန်တယ်၊ ယခင်အမတ် တွေပဲ မိစ္ဆာဒိဋ္ဌိဆရာကြီးတွေထံတွန်းပို့တဲ့အမတ်တွေ ဝန်ကြီးတွေ ထပြော ပြန်တယ်။
မင်းတရား ဒီလောက်လှပကြည်နူး သာယာဖွယ်ကောင်းတဲ့ညချမ်း ကာလမှာ မက္ခလိဂေါသာလထံ သွားတရားနာပါလား။ ရှင်ဘုရင်မလှုပ်ဘူး၊ ဘာမှပြန်မပြောဘူး၊ အဲဒီတော့ မြတ်စွာဘုရားထံသွားပါလားလို့ပြောမယ့် ပုဂ္ဂိုလ်တစ် ယောက်တစ်လေ မရှိတော့ဘူးလားလို့စဉ်းစားစရာ၊ ဘုရားလည်း အဲဒီရာဇဂြိုဟ် မှာပဲရှိတယ်။
ဆရာဇီဝက ဘဝပုံရိပ်
ရာဇဂြိုဟ်မြို့မှာ ဗိမ္မိသာရမင်းတရား ဆောက်လုပ်လှူဒါန်းတဲ့ ဝေဠုဝန်ကျောင်း၊ နောက် အဲဒီဆရာကြီးဇီဝက ဆောက်လုပ်လှူဒါန်းတဲ့ သရက်တောကျောင်း အမ္ဗဝနခေါ်တယ်၊ ဇီဝကလှူဒါန်းတဲ့ သရက်တောကျောင်းကို အပြည့် အစုံပြောရင် ဇီဝကမ္ဗဝန ဒီလိုခေါ်တယ်။ အဲဒီဇီဝကဆိုတဲ့ပုဂ္ဂိုလ်ဟာ ဆေးပညာမှာ အလွန်ကျွမ်းကျင် တတ်မြောက်တဲ့ပုဂ္ဂိုလ်၊ တက္ကသီလာလို့ ခေါ်တဲ့မြို့တော်ကြီးမှာ ဆေးပညာသွားသင် အတတ်ပညာစုံလို့ နေပြည် တော်ပြန်ခါနီးတော့ ဒိသာပါမောက္ခဆရာက သူ့ကိုစာမေးပွဲစစ်တယ်။ သွား မင်းထွက်သွား သစ်ပင်လျှောက် ကြည့် မြက်ပင်တွေ ခြုံတွေ လျှောက်ကြည့် ဆေးဖက်မဝင်တဲ့အပင်များတွေ့ရင် ယူလာခဲ့လို့စာမေးပွဲစစ်တာ။
ကြည့်လိုက်တာ မြက်ပင်ရော ခြုံရော သစ်ပင်ရော ဆေးဖက် မဝင်တာ တစ်ပင်မှမတွေ့ခဲ့ဘူး၊ အဲဒါပြန်လာပြီးတော့ ပါမောက္ခချုပ်ကိုပြောတော့ ပါမောက္ခချုပ်က - အေး မင်းတကယ်တတ်ပြီ ပြန်ပေတော့ ဆိုပြီးတော့ ရာဇဂြိုဟ်ပြန်လာတာ၊ ဆရာဇီဝကရဲ့ဘဝက တစ်ဖက်က ကြည့်ရင်လည်းပဲ စိတ်ထဲမှာ စို့နင့်စရာအချက်လေးတွေ သူမှာလည်းရှိတယ်၊ စို့နင့်စရာ ဆိုတာက သူ့အမေဟာ 'သလ္လာဝတီ' လို့ခေါ်တယ်၊ ပြည့်တန်ဆာ၊ ပြည့်တန်ဆာ ကိုယ်ဝန်ရတော့ အဲ့ဒီကိုယ်ဝန်ကို လူမသိအောင် တိတ်တဆိတ်ဖွားပြီးတော့မှ ဖွားကာစကလေးကို အမှိုက်ပုံထဲသွားပြီးတော့ ပြည့်တန်ဆာ သူ့အမေက ပစ်ထားတာ၊ အမှိုက်ပုံထဲ မနက်ခင်းမှာ ကျီးတွေက အသားလေးတွေ နီနေတဲ့ ကလေးလေး ဖွါးကာစကို ကျီတွေအုံနေတယ်။
တချို့ကျီတွေကလာထိုးတယ်၊ ကလေးလေးက ခြေကလေး လက်ကလေး ကန်ကန် ကန်ကန်လုပ်တော့ ကျီးတွေ မထိုးရဲဘူး၊ အဲဒါကို ဗိမ္မိသာရမင်း ကြီးရဲ့သားတော် အဘယမင်းသားက နံနက်ခင်းလမ်းလျှောက်သွားရင်းနဲ့-
ဟာ ဟိုမှာ ကျီးတွေအုံနေတယ် ဘာလဲဟေ့၊ သွားကြည့်ကြဆိုတော့ သူ့လုံခြုံရေးအရာရှိတွေ သွားကြည့်တော့။
မင်းသား အမှိုက်ပုံထဲမှာ ကလေးလေး ဖွါးကာစ၊ ဟဲ့ အဲဒါဆို အသက်ရှင်သေးလား၊ အသက်ရှင်သေးလားဆိုတဲ့စကားက ''ဇီဝတီတိ ကိံ'' အဲဒီတော့ ပြန်ပြောတယ် ''ဇီဝကော'' အသက်ရှိသေးတယ်၊ ဒါဆိုကောက်ခဲ့ ဆိုပြီးတော့ အဘယမင်းသားကမွေးထားတာ၊ အဲဒါနဲ့ ဒီကလေး ဇီဝကဖြစ်လာတာ၊ ပြီးတော့ မှ အဘယမင်းသားက တက္ကသိုလ်ပို့ ပညာသင်တော့ ဆေးပညာတစ်ဖက်ကမ်းခတ်တတ်၊ အဲဒီ သူတတ်တဲ့ဆေးပညာနဲ့ မြတ်စွာဘုရားကို ဆေးကုတာ။
ဘုရားရှင်ကိုယ်တော်မြတ် တစ်ခုသောနေ့မှာ ဝမ်းတွေအကြီးအကျယ်ချုပ်ပြီးတော့ လေးဘက်ချုပ် ပင်ပန်းနေတာကို ကောင်းမွန်စွာ ဆေးတိုက်တယ်၊ မြတ်စွာဘုရား ကျန်းမာခြင်းသို့ကောင်းစွာရောက်ပြီးတော့ ဘုရားကိုယ်တော်မြတ် မမာမကျန်းဖြစ်နေတုန်းက ဝတ်တဲ့သင်္ကန်းစွန့်လိုက်ပါဘုရား၊ တပည့်တော် သင်္ကန်းအသစ်လှူမယ်ဆိုပြီး ဘုရားနာလန်ထတဲ့ နေ့မှာ သူ သင်္ကန်းအသစ်တစ်စုံသွားလှူတာ၊ ကာသိတိုင်းဖြစ်တဲ့ နုညံ့တဲ့ သင်္ကန်းကလေး မြတ်စွာဘုရားက အဲဒီသင်္ကန်းကိုလာလှူတဲ့အချိန်မှာ ဆရာဇီဝကကို သင်္ကန်းလှူတဲ့ဒါယကာကို ဆေးကုတဲ့ဒါယကာကို ဘုရားကတရား ဟောတယ်၊ သောတာပန်ဖြစ်သွားတယ်၊ သောတာပန်ဖြစ်လည်းပြီးရော ဘုရားနဲ့သံဃာကို ငါတစ်သက်လုံးဆေးပညာနဲ့ ပြုစုတော့မယ်ဆိုပြီးတော့ ဗိမ္မိသာရဘုရင်ကြီးက သူ့ကိုဆုလာဘ်အဖြစ်နဲ့ပေးထားတဲ့ သရက်ဥယျာဉ် ကြီးတစ်ခုလုံး ကျောင်းတိုက်တည်ပြီးတော့ ဘုရားလှူတော့ ဘုရားနှင့် သာသနာတော်အတွက် ဟုတ်လား။ သံဃာတော်တွေအတွက် ဆေးဒါယကာလည်း ဟုတ်တယ်၊ ကျောင်းဒါယကာလည်း ဟုတ်တယ်၊ ပစ္စည်လေးပါး ဒါယကာ လည်းဟုတ်တယ်၊ သာသနာတော်မှာ ဘယ်လောက်အဖိုးတန်တဲ့ ဒါယကာ တစ်ယောက်ဖြစ်သွားလဲ။
ဗိမ္မိသာရမင်းတရားနတ်ရွာစံပြီးတော့ အဇာတသတ်မင်းရဲ့ထံမှာ ဆက်လက်ပြီးတော့ ဆေးပညာနဲ့ခစားတယ်၊ ဒီကနေ့ခေတ်လိုပြောရင် ကျန်း မာရေး ဝန်ကြီးအဆင့်မျိုးမှာ သူရှိမှာ၊ ယခုညီလာခံထဲမှာ အဇာတသတ် မင်းတရားစိတ်တွေ ပင်ပန်းလို့ ဘယ်ရဟန်း ဘယ်ရသေ့ ချဉ်းကပ်ပြီးတော့ တရားနာသွားရကောင်းမလဲလို့ဆိုတော့ ယခင်ခြောက်ကြိမ်သော အစည်း အဝေးမှာ သူတစ်လုံး မှပြောခွင့်မရခဲ့ဘူး၊ ပြောခွင့်မရခဲ့တာက ပရိသတ်ရေ ဘာသာရေးအရ ဘာဖြစ်တာလဲ ဝိုင်းနှိမ်တာလည်းပါတယ်။
နောက်လူခုနှစ်ပုံပုံရင် ဗုဒ္ဓဘာသာက အဲဒီအစည်းအဝေးမှာ တစ်ပုံပဲရှိမယ်လို့ပြောနိုင်တယ် ပရိသတ်ရေ၊ ဘာကြောင့်လဲ တိတ္ထိဆရာ ကြီးခြောက် ယောက်ထံပို့တဲ့အုပ်စုက ခြောက်အုပ်စုရှိနေပြီလေ၊ မြတ်စွာ ဘုရားဆီပို့မယ့် အုပ်စုက ဇီဝက ခေါင်းဆောင်တဲ့တစ်စုပဲရှိနိုင်တယ်။ များရာကနိုင်စတမ်း ဆိုတဲ့ခေတ်မျိုးဆိုတော့ အဲဒါ ဗုဒ္ဓဘာသာအမတ်ဝန်ကြီး ဦးရေကနည်းနေတဲ့အတွက်ကြောင့် တိတ္ထိဦးရေကများတဲ့အတွက်ကြောင့် ဇီဝကမပြောရဲဘူး၊ ပြောမလို့ ဟန်ပြင်လိုက်ရင်လည်း ဟိုလူတွေက ဒီလူတွေက ဦးအောင် ထထပြောပြောသွားတာနဲ့ သူ ငြိမ်ပြီးတော့နေခဲ့ရတယ်၊ အဲဒီလိုဖြစ်တယ်။
နောက်တစ်ခုက ဒီလူကို ကျန်းမာရေးဝန်ကြီးသာ ခန့်ထားတာ အလကားလူပါကွာ၊ အမှိုက်ပုံကကောက်မွေးထားတဲ့ ပြည့်တန်ဆာသားပါဆို ဒါတွေလည်းပဲစွပ်စွဲပြီးတော့ ဝိုင်းနှိပ်ခံရတာကို၊ အဲဒီလိုအနေအထားမှာဆိုတော့ ခြောက် ကြိမ် သူမပြောခဲ့ရဘူး၊ ဆုံးရှုံးတော့ အဇာတသတ်မင်းတရား တိတ္ထိတွေထံကိုပဲ ရောက်ခဲ့ရတယ်၊ မှားပြီးရင်းမှားရင်း ဒီလိုဖြစ်တာ။
အဲဒါကြောင့် အရေးကြီးတာကဘဝမှာ association နဲ့ enviroment အပေါင်းအသင်းနှင့်ပတ်ဝန်းကျင်၊ အခု ခုနှစ်ကြိမ်မြောက် တန်ဆောင်မုန်း ပြည့်နေ့ရဲ့ အစည်းအဝေးမှာ ဒီလိုပဲ မင်းကြီးက မေးမြန်းတယ်၊ ''ကံ နုခွဇ္ဇ သမဏံ ဝါ ဗြဟ္မဏံ ဝါ ပယိရုပါသေယျာမ'' ဘယ်လိုသမဏ ဗြဟ္မဏထံချဉ်းကပ်ပြီးတော့ တို့သွားတရားနာရကောင်းမလဲ ပြောပြစမ်း ဆိုတော့၊ ဟာ တစ်ယောက်တစ်ပေါက် အမတ်တွေရုတ်ရုတ်သဲသဲ ထပြော မက္ခလိဂေါသာလဆီသွား၊ ပုရာဏကဿပဆီသွား၊ သူ့ဆရာ သူ့ဆရာတွေကို အကုန်လုံး အဇာတသတ်မင်းကို လျှောက်တင်ပြီးတော့ သူတို့ကိုးကွယ်တဲ့ ဆရာတွေဆီဆွဲဆွဲခေါ်သွားကြတာ။
အပိုင်း (၄) ဆက်ပါဦးမည်။
သီတဂူစတား ဒီနေ့ ပြည်မြန်မာပြန်မည်၊ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၂၅-၇-၂၀၁၀
0 comments:
Post a Comment