သူငယ်ချင်း မောင်ဣန္ဒာ 2010 ဧပြီလ (၁) ရက်နေ့က အိန္ဒိယ လေ့လာရေးခရီးစဉ်တွင် နောက်ဆုံး တွေ့လိုက်ရသော သူငယ်ချင်း မောင်ဣန္ဒာနန္ဒ၏ ပုံတော်လေး။
ကံဇာတ်ဆရာ
အော်--ကံတွေများ အလွန်ဆန်းကြယ်ပါဘိ၊ ကျွန်ုပ်တို့ သက်ရှိသတ္တ၀ါတွေသည် ကံဇာတ်ဆရာ၏ ဆွဲရာ ရုပ်သေးရုပ်ပမာ ကခုန်နေကြရသည်။ လူ့လောကကြီးထဲ စရောက်စတုန်းကလည်း အငိုနှင့်စခဲ့ကြရသည်၊ လူ့လောကကြီးမှ ထွက်ခွါသွားကြတော့လည်း အငိုနှင့်ပဲ အဆုံးသတ်ခဲ့ကြရသည်။ ဘ၀ကို အငိုနှင့်စပြီး အငိုနှင့်ပဲ အများစုက အဆုံးသတ်ကြသည်။ လူ့လောကကြီးထဲမှာ ညီအစ်ကို မောင်နှမရယ် ဆွေရယ် မျိုးရယ် မိတ်ဆွေရယ် ဆိုပြီး လူ့အသိုင်းအ၀ိုင်းထဲမှာ တခဏတာမျှ တဒင်္ဂမျှ စုံဆည်းကြရသည်။ ကံဇာတ်ဆရာရဲ့ ကြိုးဆွဲရာ လှုပ်ရှားနေကြရသည်၊ တချိန်ချိန်မှာ ထိုကံဇာတ်ဆရာကပဲ ကျွန်ုပ်တို့ ချစ်ခင်ရသော မိဘ ဆွေမျိုး အပေါင်းအသင်း အားလုံးနှင့် ဝေးရာလောကကြီးဆီသို့ ဆွဲထုတ်သွားပါလိမ့်ဦးမည်။ ကျွန်ုပ်တို့ကို ကံဇာတ်ဆရာက ဘယ်အချိန် ဘယ်နေရာ ဘယ်ပုံစံနှင့် ဆွဲထုတ်သွားပြီး ဘယ်နေရာမှာ နေရာချထားပေးမည်ဟု မည်သူမျှ မသိနိုင်ကြပါ။
အကျွန်ုပ်တို့ တတွေ ကြို မသိနိုင်တဲ့ အရာ ၅ မျိုး
ကျွန်ုပ်တို့တတွေသည်--------
ဇိဝိတံ ဗျာဓိ ကာလော စ၊ ဒေဟနိက္ခေပနံ ဂတိ။
၁။ ဇီဝိတ- အဘယ်အသက်ရွယ်မှာ သေရမလဲဆိုတာ မသိနိုင်။
၂။ ဗျာဓိ- ဘယ်လိုပုံစံမျိုးနှင့်သေမယ် ဘယ်လိုရောဂါမျိုးနှင့် သေရမလဲဆိုတာ မသိနိုင်။
၃။ ကာလ- ဘယ်အချိန်မှာ သေမလဲဆိုတာ မသိနိုင် (မနက်၊ နေ့လည်၊ ညနေ စသည်)။
၎။ ဒေဟနိက္ခေပန- ဘယ်နေရာမှာ သေမယ် ဘယ်နေရာမှာ ခန္ဓာချမယ်ဆိုတာ မသိနိုင်၊
၅။ ဂတိ- ဘယ်ဘ၀ ဘယ်ဘုံ ပြန်ဖြစ်ရမယ်ဆိုတာလည်း မသိနိုင် ဟူ၍ ၅မျိုးသော အရာတို့ကို အကျွန်ုပ်တို့ တတွေ မသိနိုင်ဟု စာပေမှာ မှတ်သားခဲ့ရဖူးသည်။
ကျွန်ုပ်သူငယ်ချင်း
အကျွန်ုပ်၏ ချစ်ခင်ရသော သူငယ်ချင်းတစ်ယောက် ၁၀-၇-၂၀၁၀ နေ့က ကံဇာတ်ဆရာက မညှာမတာ အကျွန်ုပ်ထံမှာ ဆွဲထုတ်ခေါ်သွားခဲ့သည်။ အသက်အားဖြင့် ၃၄ ၀န်းကျင်မျှသာ ရှိသေးသည်၊ သူသည် နောင်တချိန်မှာ မြန်မာနှင့် သာသနာအတွက် တဒေါင့်တနေရာကနေ အကျိုးပြုနိုင်မည့် သာသနာ့အာဇာနည် သူရဲကောင်းတစ်ယောက် ဖြစ်လိမ့်မည်ဟု ကျွန်ုပ် ယုံကြည်မိသည်။ နိုင်ငံတော် အစိုးရက ကျင်းပသော သာသနာ့ဓဇဓမ္မာစရိယနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ကျင်းပပြုလုပ်သော အင်္ဂလိပ်စာ ဒီပလိုမာဘွဲ့များနှင့် ဘီအေဘွဲ့ ရရှိထားပြီးသူလည်းဖြစ်သည်။ အမ်အေ ပထမနှစ်ကျောင်းသားလည်းဖြစ် တဖတ်က သင်တန်းဆရာလည်းဖြစ်သည်။ နှစ်ဖက်လှ လို့ ဆိုနိုင်ပါသည်၊ အလွန်ကြီးကျယ် ခန်းနားလှပတဲ့ ဘွဲ့နှင်းသဘင်ခမ်းမကြီးထဲမှာ ဘွဲ့လက်မှတ်ကိုတောင်မှ တက်ပြီ ယူမသွားနိုင်ခဲ့ရှာ။
ဘယ်သူမှ ဒီအသက်အရွယ်နှင့် ကျွန်ုပ်တို့ကို စွန့်သွားလိမ့်မည်ဟု မထင်၊ သူကိုယ်တိုင်လည်း ထင်လိမ့်မည် မဟုတ်၊ အချိန်မတန်ဘဲ သီတဂူ ကြယ်လေးတစ်ပွင့် အကြွေစောခဲ့ရသည့် အတွက် နှမျှောတသဖြစ်ရသည်။ သူသည် အလွန်သဘောကောင်း မနောကောင်း ဟာသစကားလေးတွေ ပြောတတ် သဖြင့် သူငယ်ချင်း မိတ်ဆွေပေါသည်၊ သူ့ကိုချစ်ကြသည်၊ လူကြီး လူငယ် အထက် အောက် သူ့ကို ခင်ကြသည်။ အခုလို မထင်မှတ်ဘဲ ဘယ်သူမှ တွေးမထားတဲ့ စွန့်ခွါခြင်းမျိုးနှင့် နှုတ်မဆက်ဘဲ ရုတ်တရက်ထွက်ခွါသွားတော့ အကျွန်ုပ်တို့ သူငယ်ချင်းတစ်စု ယူကြုံးမရဖြစ်ခဲ့ရသည်။
ဖုန်းသံ
၁၀-၇-၂၀၁၀ နေ့ ည ၁၁-၂၀ မိနစ်လောက်က သူငယ်ချင်းဖြစ်သူ ဦးဣန္ဒာစရိယထံမှ ဖုန်းလာသဖြင့် ကောက်ကိုင်လိုက်ရာ ‘‘ ဦးကောရေ-- ဦးဣန္ဒာနန္ဒလေး ပျံလွန်တော်မူသွားပြီ’’တဲ့၊ ကြားကြားချင်း မှင်သက်မိပြီး ဘာပြန်ပြောရမှန်း မသိဖြစ်မိသည်၊ ရင်ထဲမှာ မယုံကြည်နိုင်ခြင်း ၀မ်းနဲခြင်း သောကတွေနဲ့ တစ်ဆို့နေသည်။ သူငယ်ချင်း မောင်ဣန္ဒာနန္ဒ၏ မျက်နှာကို ချက်ခြင်း မြင်မိပြီး နှမျှောခြင်း သနားခြင်း စတဲ့ စိတ်ခံစားမှုများက တစ်ခုပြီးတစ်ခု နေရာ ယူနေသည်။ ‘‘စောစောက ၁၀ နာရီလောက်ကမှ ပျံလွန်တော်မူသွားတာ’’တဲ့။ ဖြစ်မှ ဖြစ်ရလေ သူငယ်ချင်းရယ်၊ ကျွန်ုပ် အပြန်အလာလေးကိုတောင် မစောင့်နိုင်ရှာ၊ အကျွန်ပ်ကိုတောင် ဖူးခွင့်မပေး နှုတ်ဆက်စကားလေးတောင် ပြောမသွားနိုင်ရှာခဲ့။
ဖြစ်ပုံက
ဆေးရုံမှာပဲ မိဘ ဆွေမျိုး သူငယ်ချင်းတွေကိုတောင် သတိမရဘဲ ၆-ရက်လောက် အခြားလောကကြီးဆီသို့ ရောက်နေသည်။ နောက်ဆုံးတော့လည်း အပြီးအပိုင် ထွက်ခွါသွားလေသည်။ ဖြစ်ပုံက- သူ၏ ဆွေမျိုးများထံ ဆိုင်ကယ် ကယ်ရီငှါးပြီး နောက်က စီးနင်းလိုက်လာရာ အခြားဆိုင်ကယ်တစ်စီးက ၀င်အောင်းလိုက်သဖြင့် ဦးနှောက်နှင့် ကတ္တရာလမ်းရိုက်မိခြင်းကြောင့်ဖြစ်သည် ဟု သူငယ်ချင်းများထံမှ သိရသည်။ ဆိုင်ကယ်နောက်လိုက်စီးခြင်းသည် အလွန်အန္တရာယ်များပါသည်၊ ထို့ကြောင့် သီတဂူဆရာတော်ကြီးက ဆိုင်ကယ်စီးခွင့် လုံးဝမပြုခဲ့။ သြ၀ါဒပေးသည့်အခါတိုင်းလည်း ထည့်ပြောလေ့ရှိသည်။ ဒီလို တားမြစ်ထားသည့်ကြားက ဆိုင်ကယ်ကို စီးဖြစ်အောင် စီးလိုက်မိတယ်ဆိုကထဲကား သူ၏ ကံကြမ္မာပဲလားလို့တောင် တွေးမိလိုက်သေးသည်။
ဒီလိုပုံစံနှင့် သေရလိမ့်မည်ဟု သူ့ကိုယ်သူ မသိနိုင်သလို ကျွန်ုပ်တို့ အားလုံးလဲ သိကြမည်မဟုတ်။ မွေးဖွားတာက စစ်ကိုင်းတိုင်း တန့်ဆည်၊ နေတာက စစ်ကိုင်းမြို့၊ ခန္ဓာချတာက မန္တလေးမှာဆိုတော့ သူသည်လည်း ဘယ်နေရာမှာ ခန္ဓချမယ်ဆိုတာ မသိနိုင်သလို ကျွန်ုပ်တို့တတွေ အားလုံးလဲ မသိနိုင်ကြပါ။ အာသဝေါမကုန်သရွှေ့ ကျွန်ုပ်တို့ တတွေ ရှည်လျှားထွေပြားတဲ့ ဘ၀သံသရာမှာ ရွေ့လျား မနေမနား တသွားတည်း သွားနေရကြဦးမည်ဖြစ်ရာကား နောက်ထက် ဘယ်ဘ၀ရောက်မယ်ဆိုတာကိုလည်း ကျွန်ုပ်တို့ မသိနိုင်သလို သူလည်းမသိနိုင်ပါ။
အသက်ငယ်သည် ကြီးသည်မရွေး၊ အချိန်မရွေး နေရာမရွေး ကံဇာတ်ဆရာ၏ ဆွဲရာခေါ်ရာ သွားကြရမည်၊ တောင်မြို့ မဟာဂန္ဓာဆရာတော်ကြီးက လင်္ကာလေးနှင့် ပြောခဲ့တယ်။ ‘င်္ံ ငါနှင့် ရွယ်တူ ငါ့အောက်လူ ကြီးသူ သေကြ များလှပြီ၊ ခဏမဆဲ အိုစမြဲ ကိုယ်လည်း သေဘို့ နီးကပ်ပြီ ’’တဲ့။ ကိုယ်နှင့် အသက်တူ အရွယ်တူလဲ သေကြရမှာပဲ၊ ကိုယ့်အောက်က သူတွေလဲ သေကြရမှာပဲ၊ များသောအားဖြင့်တော့ ကိုယ့်ထက် ကြီးသူတွေသာလျှင် အရင် သေကြတယ်။ ကိုယ်ကတော့ မသေတော့ဘူးလား? သေဘို့ နီးလာပြီပဲ။ ‘‘တနေ့ကုန်ပြန် ငါ့ရုပ် နာမ် သေရန် တစ်ရပ် နီးပြန်ပြီ’’။ နွားသတ်ရုံသို့ သွားနေသော နွားတစ်ကောင်သည် ခြေလှမ်းတစ်လှမ်းတိုးလိုက်တိုင်း သေဘို့ တစ်လှမ်းနီးလာသလို ကျွန်ုပ်တို့လည်း တစ်နေ့ကုန်တော့ သေဘို့ တစ်နေ့ နီးလာသည်။ ‘‘ရသည့် ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည် ’’တဲ့။ ပိယေ ဟိ ၀ိပ္ပယောဂေါ ဒုက္ခော ပဲ။ ကိုယ် ချစ်ခင် နှစ်သက်သော သက်ရှိ သက်မဲ့ အရာ အားလုံး စွန့်ခွါသွားရမည်မှာ အသေအချာပင်ဖြစ်ပါသည်။ ထို့ ကြောင့် ကျွန်ုတို့တတွေအားလုံး အတ္တတွေ မာနတွေ ဒေါသတွေ နည်းနိုင်သမျှ နည်းပါးစေပြီး မသေမီ ကုသိုလ်ပါရမီလေးများ ဖြည့်သွားကြရပါမည်။ ‘‘မသေရမီ ပါရမီ ငါသည် ဖြည့်မှ သင့်တော့မည်’’ တဲ့။
သာဓုသာ ခေါ်လိုက်ပါ
သူငယ်ချင်းရေ--သွားနှင့်တော့နော် တချိန်ချိန် ဘ၀တကွေ့မှာ ပြန်လည် ဆုံစည်းကြဦးမှာပေါ့။ အဲဒီအခါကြမှပဲ စကားတွေ အားရပါးရ ပြောကြတာပေါ့၊ ထားရစ်ခဲ့တဲ့ သူငယ်ချင်းတွေက သူငယ်ချင်းအတွက် ကောင်းမှုတွေ ပြုပေးနေကြပါတယ်၊ ရောက်ရာအရပ် ကြားရာအရပ်ကနေ သာဓုသာ ခေါ်ပေတော့။
နောက်ဆုံးတွေ့လိုက်ရသော သူငယ်ချင်း (ဘယ်ဘက်မှ တတိမြောက်)
သီတဂူဆရာတော်ကြီးနှင့်အတူ ရဟန်းတော် ၆ပါး၊ ကျောင်းအမများနှင့် အိန္ဒိယ၊ နီပေါ၊ ထိုင်း လေ့လာရေးခရီးစဉ်တွင် သူလည်းပါခဲ့သည်၊ ရက်ပေါင်း ၄၀ ကျော် ခရီးဖြစ်သည်။
သင့်ရဲ့ နောင်တော် မိတ်ဆွေကြီး
သီတဂူစတား
၁၆-၇-၂၀၁၀
Posted in: မှတ်စု
Email This
BlogThis!
Share to Facebook
1 comments:
သတ္တဝါတိုင်း သေခြင်းဆီသို့ သွားနေကြတာ မဟုတ်ပါလား ဘုရား။ တပည့်တော်တို့လည်း မမြင်ရပေမယ့် သွားတော့ သွားနေကြတာပါပဲလေ....
Post a Comment