ပျော်ရမလား
ပြည်တော်ပြန်ရမည်ဆိုတော့ ပျော်နေရမည်လား အောင့်မေ့မိတယ်၊ ထင်သလောက် ဖြစ်မလာ၊ ကျောင်းပြီးလို့ ၀န်ထုတ်ဝန်ပိုးကြီး ပေါ့သွားမလား အောင့်မေ့ ထိုထက်ကြီးမားသော ၀န်ထုတ်ကြီးက ရောက်လာပြန်။ တစ်ခုပြီးတော့ နောက်တစ်ခုအတွက် စဉ်းစားရပြန်၊ လောကမှာ ပြီးပြည့်စုံတယ်လို့ မရှိ၊ အလိုဣစ္ဆာ မကုန်သေးသ၍ တစ်ခုပြီးတစ်ခု လိုချင်မယ် တောင်းတမယ်၊ ရအောင် အားထုတ်မယ်၊ ထို့ကြောင့် ‘‘ဦနော လောကော’’ ဟူ၍ မြတ်ဗုဒ္ဓက ဟောခဲ့။
ပြည်တော်ပြန်ခါနီးဆိုတော့ ထုံးစံအတိုင်း အသေးအမွှားလေးကအစ အလုပ်ရှုပ်နေတတ်သည်၊ ဟိုဟာလိုလို ဒီဟာလိုလိုနဲ့ မပြီးမပြက်သေးတဲ့ကိစ္စလေးတွေက ခေါင်းထဲမှာ စီတန်းနေသည်။ တခါတရံ အလုပ်မဟုတ်တာကို အလုပ်ကြီးဖြစ်သွားတတ်သည်။ ပင်ကိုယ် စိတ်ရဲ့သဘောကိုက ဟိုလိုလို ဒီလိုလို ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ လှုပ်လှုပ်ရွရွဖြစ်နေသည်။ ပြည်တော်ပြန်ခါနီးဆိုတော့ စိတ်က ကိုယ့်ပြည် ကိုယ့်ရွာနှင့် အိန္ဒိယ ၊ ဘုံဘေ၊ ပူနေး ပြေးလွှားနေသည်။ ဒေါ်လာ ၄၅၀ တန်လက်မှတ်ကြီးဖြတ်ထားပြီး ကိစ္စတွေ မပြီးပြတ်မှာလည်း စိုးရိမ်မှု ကြောင့်ကြမှုတွေကလည်းများမှများပဲ။ M.A course အတွက် ၂ နှစ်ပြီးသော ကျောင်းသားတစ်ယောက်သည်လည်း ပြည်မြန်မာမှ လှူလိုက်တဲ့ အသပြာလေးတွေလဲ ကုန်ခန်းနီး နီးပါးလောက်ဖြစ်၊ အပြန်စရိတ်ကိုတောင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရသည်။ ဒီကြားထဲ Ph.D ကျောင်းသားမှ တရားဝင်မဖြစ်သေးဘူး ကြိုတင်ပြီး ဒေါ်လာ ၅၀၀ သွင်းခဲ့ရပြန်သည်။
အများစုသော တက္ကသိုလ်တွေက ကျောင်းသားတရားဝင်ဖြစ်ရန် (confirmation letter) ကျလာမှသာ ကျောင်း fee ကြေးသွင်းရသည်။ စောမယကောလိပ် (Somaiya College) ရှိ Sanskrit ဌာနကတော့ ထို ထုံးစံကို ဆန့်ကျင်နေသည်။ ထိုကောလိပ်ရှိ Buddhist Study ဌာနကတော့ အခြားတက္ကသိုလ်များ ထုံးတမ်းအတိုင်း ကျောင်းသားတစ်ယောက် တရားဝင်ဖြစ်ခါမှ ကျောင်းစရိတ်တွေ စတင်သွင်းရသည်။ Sanskrit ဌာနကတော့ ငွေ တော်တော်လေးမက်မောတဲ့ ဌာနဟူ၍ ထင်မိသည်။ ကျောင်း fee ကြေးကလည်း အခြားတက္ကသိုလ်တွေ ထက် ဈေးကြီးနေသည်။ ပူနေးတက္ကသိုလ်ထက် ဒေါ်လာ ၅၀၀ ကျော်လောက် ပိုနေသည်၊ ထို့ ကြောင့် တက္ကသိုလ်တစ်ခုနှင့် တစ်ခု မတူသလို တက္ကသိုလ်တစ်ခုတည်းအတွင်းမှာတောင် ဌာန တစ်ခုနှင့် တစ်ခု မတူကြသည်ကို သိထားသင့်သည်။
သူများပျော်လို့ ကိုယ့်မှာ မပျော်နိုင်
၁၂-၇-၂၀၁၀ နေ့ Ph.D ကျောင်းသားတစ်ယောက်ဖြစ်ရန် ၀င်ခွင့် စာမေးပွဲ ဖြေဆိုရဦးမည်၊ Research methodology နှင့်ပတ်သက်တာတွေ ဖြေဆိုပြီး ကိုယ့်ရေးတင်ထားသည့် ခေါင်းစဉ် synopsis နှင့် ပတ်သက်ပြီး အင်တာဗျူးပါ ဖြေဆိုရမည်၊ သို့သော် ခက်ခဲတဲ့ အရာတော့ မဟုတ်ပေမဲ့ ထိုစာမေးပွဲ မဖြေဆိုမီ ကျောင်းဝင်ကြေးတွေ ပေးဆောင်ရသည်ကိုက နည်းမမှန်ဟု တွေးမိကာ စိတ်ပူနေရသည်။ ဘုန်းဘုန်းဘုရား ပြည်တော်ပြန်ရမှာမို့ ပျော်နေသလားဘုရားတဲ့။ ဟုတ်မှာပဲ သူတို့ကတော့ ကိုယ့်ပြည်ကိုယ့်ရွာ ပြန်ရမှာမို့ ပျော်နေလိမ့်မယ်လို့ ထင်ကြလိမ့်မယ် သို့သော် ကိုယ့်အပူနဲ့ ကိုယ်ဆိုတော့ မပျော်နိုင်ဘဲ ဖြစ်နေသည်။ ကျောင်းကိစ္စတွေ လုပ်နေရင်း ကိုယ့်ရဲ့ ဗီဇာက limitation ရှိနေသဖြင့် ဗီဇာ မကုန်မီ ကျောင်းကိစ္စတွေ ပြီးမှ ပြီးပါ့မလားဆိုတဲ့ ပူပန်မှုတွေ၊ ကိုယ့်ရထားသည့် ဗီဇာနှင့် မလုံလောက်ပါက အနီးဆုံးနိုင်ငံ သို့မဟုတ် အသွားပြန်စရိတ်လည်း သက်သာ ဗီဇာကို အလွယ်တကူလဲ ရနိုင်သည့် နီပေါ၊ သို့မဟုတ် သီရိလင်္ကာနိုင်ငံသို့ stay ရှောင်ရသည်။ ထိုအထွက် ပေးဆပ်ရမည့် အချိန်နှင့် ငွေကလည်း မသေးလှပေ။ M.A course ၂ နှစ်ပြီးသော ကျောင်းသားသည် ထိုအတွက်ပေးထားသော ၂ နှစ်စာ ကျောင်းဗီဇာ (student visa) လည်း ကုန်သွားသဖြင့် Ph.D ဆက်လုပ်ပါက ထိုအခက်အခဲများစွာနှင့် ကြုံရတတ်သည်။ အကယ်၍ ဗီဇာကုန်ခါနီး ကပ်ပြီး stay ရှောင်ရန်အတွက် နီးပေါသွားပါက အဆင်ပြေမေပဲ့ သီရိလင်္ကာဘက်သို့ သွားပါက ဗီဇာကုန်ခါနီးဖြစ်၍ leave permit ပဲ ပေးပြီး ပြန်ဝင်ခွင့်မပေးဟု သိရသည်။ အချို့သောတက္ကသိုလ်များမှာတော့ Ph.Dအတွက် procedure ဆက်ပြီး လုပ်ချင်ပါသေးသဖြင့် ကိုယ်တက်ရောက်နေသည့် တက္ကသိုလ်၏ ဌာနမှ bonafine certificate တစ်လတန် သို့မဟုတ် ၃လတန် လုပ်ပေးပါရန် မေတ္တာရပ်ခံပါက ရကောင်းရနိုင်သည်။ ထို လက်မှတ်ဖြင့် ဗီဇာကုန်သော်လည်း အိန္ဒိယမှာ ဆက်လက် နေနိုင်သေးသည်။ ထို့ကြောင့် ပြည်တော်ပြန် သီတဂူစတားတော့ သူများပျော်လို့မှ သူ့မှာ မပျော်နိုင် ဖြစ်နေသည်။
အိမ်ပြန်လက်ဆောင်
ဘုန်းဘုန်းပြန်လာရင် ပိုက်ဆံတွေ အများကြီးပါလာမှာပဲ ဆိုသော တောက (ရွာက) အမျိုးတွေက ပြောလိုက်တဲ့စကားကို အမှတ်ရတော့ တွေးပြီး ရယ်မိသည်။ ဟုတ်မှာပဲ သူတို့တွေးတာက နိုင်ငံခြားကို သွားရင် ပိုက်ဆံတွေ အများကြီးရမယ်လို့ ထင်ထားကြပုံပဲ။ ခင်မင်ရင်းနီးတဲ့သူတွေကလဲ ‘‘ဘုန်းဘုန်း ပြန်လာရင် ဘာဝယ်ခဲ့မလဲ၊ ဘာလက်ဆောင်တွေ ပါလာမှာလဲ၊ မုန့်ဝယ်ခဲ့နော်’’ တဲ့။ အော်--- ပြည်တော်ပြန်များကို အထင်ကြီးနေကြသည်။ သူများတော့ မပြောတတ်ဘူး သီတဂူစတားတော့ ပြန်ခါနီး ပြေးလိုက်ရ လွှားလိုက်ရနဲ့ ဟူးးးးးးးး ဖက်ဖက်ကို မောလို့။ ကျောင်းပြီးလို့ ကျောင်းပြီးလက်မှတ်များ ရရန် ပြေးရလွှားရ။ တခါ နောက်အတန်းအတွက် ဆက်ရန် ဘုံဘေနှင့် ပူနေး ပြေးရလွှားရပြန်။ တခါ အိမ်အပြန်အတွက် လက်မှတ်ဝယ်ရန် ဈေးချောင်တဲ့နေ့ကို အင်တာနက်ကနေ နေ့တိုင်းနီးပါး ကြည့်ရပြန်။ ကိုယ့်အိပ်ထဲရှိတာနှင့် ကိုယ် နေရမည့် အချိန်၊ ၀ယ်ရမည့် လက်မှတ် အစရှိသည့် အသုံးပြုရန် ကျန်တာလေးတွေနဲ့ တွက်လိုက်တော့ မျှော်နေကြတဲ့ မိတ်ဆွေ အမျိုးတွေ အတွက် ဘာမှ မပါနိုင်တော့ဘူး၊ အင်း--- အမျိုးတွေ မိတ်ဆွေတွေ သိရင်တော့ အော်--- ဒို့ဘုန်းဘုန်းတော့ ဘာမှ မပါလာဘူးတဲ့တော့၊ စိတ်မကောင်းဖြစ်မလား၊ ဒါမှ မဟုတ် သူများနိုင်ငံမှာ ခြွေခြွေတာတာနဲ့ ပင်ပင်ပန်းပန်း ပညာတော်သင်လာတဲ့ ပြည်တော်ပြန်လေးကို ကရုဏာပွားမိကြမလား။
ကဲကဲ-- ဆွေးတော် မျိုးတော်တို့ရေ--အိမ်ပြန်လက်ဆောင်ကတော့ သင်လာတဲ့ ပညာရပ်၊ ပြေးရလွှားရတဲ့ အတွေ့အကြုံလေးတွေရယ်၊ ကိုယ့်အတွေ့အကြုံလေးတွေကို မျှောနေကြတဲ့ ဆွေးတော် မျိုးတော်တို့ ပြန်လည် ဝေငှမယ်၊ ပြောပြမယ်ဆိုတဲ့ ဆန္ဒလေးရယ်၊ ရှားပါးစာအုပ်များနှင့် ကော်ပီ (မိတ္တူ) စာအုပ်များကိုသာ ကေဂျီ-Kg- 20 အပြည့် သယ်လာပြီဗျို့၊ သယ်ဘို့သာ ပြင်ထားကြပေတော့။
နုတ်ဆက်ပွဲ
ပြည်တော်ပြန်ကြခါနီး ကိုယ့်ကိစ္စတွေ လုံးဝပြီးပြည့်စုံ ပြီးစီးသွားပါက ပူနေးတက္ကသိုလ်မှာ ထုံးတမ်းလေးတစ်ခုရှိတယ်။ အဲဒါကတော့ ပါတီပွဲလေးလုပ်ပေးခြင်းပဲဖြစ်ပါတယ်။ ပြည်တော်ပြန်မည့် သူက ပိုတာလျှံတာလေးနဲ့ ကျွေးမွေးခဲ့ရပါတယ်။ ယခုအခါမှာတော့ ထူးထူးဆန်းဆန်း ရှားရှားပါးပါး အိန္ဒိယနိုင်ငံရှိ တရုပ်စားသောက်ဆိုင်မှာ သူငယ်ချင်းဖြစ်သူက ပြည်တော်ပြန် ပုဂ္ဂိုလ်များကို ပင့်ဖိတ်ကာ ကြိုက်တာမှာစေပြီး ဘုန်းပေးစေသည်၊ ကျသမျှအားလုံးကို လှူဒါန်းတဲ့ ပါတီပွဲလေးဖြစ်ပါတယ်။ ကိုယ်ကတော့ မရှိလို့ မလှူနိုင် မလှူနိုင်လို့ မရှိဆိုတာလိုပဲ ဘာမှ မလှူနိုင်သေးပဲ သူများလှူဒါန်းတွေကိုချည်း လက်ခံနေရသည်၊ ယူပဲ ယူနေရလို့ ရှက်တောင် ရှက်လာသည်။ ဘုန်းရှိကံရှိလို့ လှူနိုင် တန်းနိုင်၊ ပေးနိုင် ကြွေးနိုင်လို့ပဲ ဘုန်းကံရှိ။ အလှူရှင်ကတော့ သီတဂူ ဒေါက်တာအလောင်းလျာ အရှင်ဣန္ဒာစရိယ နိုင်ငံကျော် ဓမ္မကထိက တစ်ပါးဖြစ်သည်။ အဟောအပြော ကောင်းသလို သဘော မနောလည်း ကောင်းသူဖြစ်သည်၊ ဘုန်းရှိကံရှိသလို ဘုန်းကံကြီးကြောင်း အလှူအတန်းလည်း အကြောင်းအမျိုးမျိုးရှာပြီး လုပ်လေ့ရှိသည်။ ဤကား ပြည်တော်ပြန်လေးများကို စားသောက်ဆိုင်ကြီးမှာ ပင့်ဖိတ်ကာ ထူးဆန်းသော နုတ်ဆက်ပွဲလေးပင်ဖြစ်ပါသည်။ ထို့အတွက်လဲ အလှူရှင်အား အထူးကျေးဇူးတင်မိပါသည်။ အချို့သူငယ်ချင်းများက ၁၃-၇-၂၀၁၀ ပြည်တော်ကို ပြန်ကြမည်၊ အချို့လဲ ၁၇ ရက်နေ့ပြန်ကြမည်၊ ဤအချိန်အခါက အိန္ဒိယတက္ကသိုလ်များမှ ကျောင်းသား အသစ် လက်ခံချိန်ဖြစ်ရာကား နိုင်ငံအရပ်ရပ်မှ ကျောင်းသားများ အန္ဒိယတက္ကသိုလ်အသီးသီးသို့ ၀င်လာမဆဲဖြစ်သလို ကျောင်းပြီးလို့ ပြည်တော်ပြန်ရာသီလည်းဖြစ်သည်။
သီတဂူစတားကတော့ ၂၅-၇၂၀၁၀ နေ့ ည ဘုံဘေမှ ဘန်ကောက်၊ ၂၆ ရက်နေ့ နံနက်စောစော ဘန်ကောက်မှ ရန်ကုန်သို့ပြန်မည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၂၆-၇-၂၀၁၀ နံနက်ပိုင်း ၁၀နာရီ ၀န်းကျင် ရောက်မည်။
ပြည်တော်မပြန်မီ
ပြည်တော်မပြန်မီ အိန္ဒိယနိုင်ငံ တက္ကသိုလ်များ၏ အတွေ့အကြုံ ဗဟုသုတများကို အိန္ဒိယပြည် ကျောင်းတက်လိုသော ကျောင်းသားများနှင့် အိန္ဒိယအကြောင်း သိလိုသူများအတွက် ဗဟုသုတ ရစေရန် ရည်ရွယ်၍ ဘာသာရေးနှင့် မဆိုင်သော ပို့စ်များကို ဆက်လက်တင်ခြင်းကို နားလည်ပေးကြလိမ့်မည်ဟု မျော်လင့်မိပါသည်။
မှတ်ချက် ။ ။ ‘‘စောမယကောလိပ် (Somaiya College) ကျောင်းသား’’ ပို့စ်တင် ရန်ရှိပါသေးသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၉-၇-၂၀၁၀
`အနုမောဒနာ သြဝါဒ´ တရားတော်(၃)
4 years ago
0 comments:
Post a Comment