သီတဂူစတား

သီတဂူစတား

25 September 2010

မလေးရှားမှ ပေးစာ

မလေးရှားမှ ပေးစာ

ယခုလျှောက်ထားစာက မလေးရှားမှာ အလုပ်လုပ်နေသော အမျိုးသမီး တစ်ယောက်ဖြစ်ပါတယ်၊ တကယ့်ကိုပဲ ခံစားပြီးရေးတဲ့စာဖြစ်ပါတယ်။ လက်တွေ့ဘ၀မှာ တွေ့ကြုံနေရသော ပျဿနာတစ်ခုဖြစ်တာကြောင့် စိတ်ပါလက်ပါကိုပဲ စာအရှည်ကြီးရေးပြီး လျှောက်ထားတာ ဖြစ်ပါလိမ့်မယ်။ တကယ်လဲ ၀မ်းသာမိပါတယ်။ ဘာသာခြားနိုင်ငံတွေမှာ နေကြရပေမဲ့ ရတနာသုံးပါးကို မမေ့ကြဘဲ စိတ်ကောင်း စေတနာကောင်းတွေ ရှိနေကြတာကို အလွန်ကြည်နူးနေမိပါတယ်။ သူ၏ လက်တွေ့ ဘ၀ အဖြစ်အပျက်များကို သူ၏မူရင်း စာအတိုင်း ဖော်ပြလိုက်ပါတယ်။

ဘုန်းဘုန်းဘုရား….
တပည့်တော်နဲ့ တပည့်တော်သူငယ်ချင်းက အခုလက်ရှိ အတူတူ တစ်အိမ်တည်းနေကြသူများ ဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့က မနက်(၁၀)နာရီ မှ ည(၁၀)နာရီ အထိ အလုပ်လုပ်ကြရပါတယ်။ စတိုးဆိုင် သေးသေးလေးမှာ အရောင်းစာရေး အလုပ်လုပ်ကြပါတယ်ဘုရား။ သူတစ်ဆိုင် တပည့်တော် တစ်ဆိုင်၊ ဆိုင်ချင်းကပ်လျက်ဖြစ်ပါတယ်။
ဆိုင်ဖွင့်ပြီ ဆိုတာနဲ့ တပည့်တော် မုန့်တစ်ခုခုနဲ့ ကော်ဖီနဲ့ ဘုရားကပ်ပါတယ်ဘုရား။ ပြီးတာနဲ့ ပရိတ်ကြီး(၁၁)သုတ်၊ ဓာရဏပရိတ် ရွတ်ပါတယ်ဘုရား။ ပြီးရင် စာအုပ်(သို့)သတင်းစာ ဖတ်ပါတယ်ဘုရား။ တပည့်တော် သူငယ်ချင်းလည်း တရားစာတွေရွတ်၊ ဘုရားစာအုပ်တွေဖတ် ပါတယ်ဘုရား။ အိမ်က ဘုရားမှာလည်းဆွမ်း၊ ပန်း၊ရေချမ်း၊ ဆီမီး ကပ်ပြီးမှ အလုပ်သွားတာပါဘုရား။

ညဘက် အိမ်ပြန်ရောက်တာနဲ့ တပည့်တော်က ဘုရားပန်းအိုးတွေ၊ သောက်တော်ရေခွက်တွေ ဆေးပြီး အဆင်သင့်ပြင်ပေးထားတယ်ဘုရား။ တပည့်တော်ရဲ့အမျိုးသားပြန်လာရင် အဆင်သင့် ပန်း၊ ရေချမ်း၊ ဆီမီး ကပ်ရအောင်ပါဘုရား။ အဲဒီလိုပြင်ပြီးတာနဲ့ တပည့်တော် အိမ်ခန်းရှင်း၊ ညစာနဲ့ နောက်နေ့ ဘုရားဆွမ်းတော်နဲ့ ထမင်းချိုင့်အတွက်ချက်ပါတယ်ဘုရား။ တပည့်တော် သူငယ်ချင်းက ဘေးက ကူလုပ်ပါတယ်ဘုရား။ တပည့်တော် ဟင်းချက်၊ ဟင်းတွေပြင်တိုင်း စားတဲ့သူအားလုံး အရသာရှိရှိနဲ့ ကောင်းကောင်းစားရပါစေဆိုတဲ့ မေတ္တာ၊ စေတနာအပြည့်နဲ့ အမြဲ ချက်ပါတယ်ဘုရား။ ဘေး အခန်းတွေ ကိုလည်းဝေမျှပေးပါတယ်ဘုရား။

အားလုံးစားပြီးရင်လည်း ဆေးကြောသိမ်းဆည်းပြီးမှ တပည့်တော် ရေချိုးပြီး တရားနာပြီး အိပ်ပါတယ်ဘုရား။ ညဘက်တွေမှာတပည့်တော် ဘုရားရှိခိုးဖို့ အချိန် မပေးတာ အမှန်ပါဘဲ ဘုရား။ ဒါပေမယ့် တပည့်တော် လုပ်သမျှ အလုပ်တိုင်းကို စေတနာနဲ့ လုပ်ပါတယ်ဘုရား။ အားလုံးသုံးတဲ့ အိမ်သာ၊ ရေချိုးခန်းတွေကိုလည်း တပည့်တော် အမြဲဆေးပါတယ်ဘုရား။ ဘယ်သူမှ မဆေးပေမယ့် တပည့်တော်ကုသိုလ်ရတယ်ဆိုပြီး စေတနာနဲ့ အမြဲဆေးပေးပါတယ်ဘုရား။ အဲဒီမှာ တပည့်တော်ရဲ့ သူငယ်ချင်းက ပြောပါတယ် ညဘက်ကျရင် ဘုရားစာလည်း မဆိုနိုင်၊ ဘုရားလည်းမရှိခိုးနိုင်နဲ့ အ ကုသိုလ်ပဲရတယ်လို့ ပြောပါတယ်ဘုရား။

မြတ်စွာဘုရား က အဲဒီလို အလုပ်တွေရှုပ်မှာ စိုးလို့ ၀ိကာလဘောဇနာ ဆိုတဲ့ သိက္ခာပုဒ် ကိုစောင့်ခိုင်းတာလို့ ပြောပါတယ်ဘုရား။ သူက ဘုရားရှိခိုးနေ၊ ဘုရားစာဆိုနေမှ ကုသိုလ်ရတယ် လို့ ပြောပါတယ်ဘုရား။ တပည့်တော်ရဲ့ အချိန်တွေ က ချက်တာပြုတ် တာနဲ့ ကုန်နေတယ်၊ တပည့်တော် ချက် လို့ သူလည်းလိုက်ကူလုပ်နေရတာနဲ့ သူ့ရဲ့ ဘုရားရှိခိုးချိန်တွေ ပါထိခိုက်တယ်လို့ ပြောပါတယ်ဘုရား။ တပည့်တော် တစ်ယောက်တည်းလည်း လုပ်နေကျပါဘုရား၊ လာမကူနဲ့ဆိုတော့လည်း သူ့ကို သူများကဲ့ရဲ့မှာစိုးလို့တဲ့။ ပြီးတော့ သူဘုရားရှိခိုးဖို့အတွက် သူ့ရဲ့ အမျိုးသားလေးက ဘုရား ဝေယျာဝစ္စ အားလုံးကိုပြင်ပေးရတယ်။ သူ့ရဲ့ အ၀တ် အစားတွေ လည်းလျှော်ပေးရတယ်ဘုရား၊ သူ့ရဲ့ဝေယျာဝစ္စ မှန်သမျှ သူ့အမျိုးသားလေးက လုပ်ပေးရတယ်ဘုရား။ သူပြောတာ သူက အေးအေးချမ်းချမ်းပဲ နေချင်တယ်တဲ့၊ တပည့်တော်တို့ကိုကြည့်ရတာ ပူလောင်တယ်လို့ လည်းပြောပါတယ်ဘုရား။


သိချင်သောအရာ

တပည့်တော်သိချင်တာက သူအဲဒီလို တပည့်တော်ကို လာကူလုပ်လို့ ဘုရားရှိခိုးပျက်ရင် တပည့်တော်မှာ အပြစ်ရှိလားဘုရား။
တကယ်ပဲ အိမ် အလုပ်တွေ ဘာမှ မလုပ် ပဲ နဲ့ ဘုရားစာဆို၊ ဘုရားရှိခိုးနေမှ ကုသိုလ်ရမှာလား ဘုရား။
တပည့်တော်အနေနဲ့ မချက် မဖြစ်လို့ချက်နေရတာပါဘုရား ဒါပေမယ့် တပည့်တော် သိထားတာက ဘာအလုပ်ကို လုပ်လုပ် စေတနာနဲ့လုပ်ရင် ကုသိုလ် ရတယ် လို့ သိထားပါတယ်ဘုရား။ အလုပ်မလုပ် ပဲ ဘုရား ၇ှိခိုး၊ ပရိတ် ရွတ်မှ ကုသိုလ် ရတာလားဘုရား၊ အလုပ်လုပ် ရင်း စေတနာနဲ့ မေတ္တာ ပို့နေရင် ကုသိုလ် မဖြစ်ဘူးလားဘုရား။

နောက်ပြီး လောကီအမြင်အရ ဆိုရင် တပည့်တော် နေတာမှန်တယ်လို့ထင်တယ်ဘုရား။ ဒါပေမယ့် ဘာသာရေး အရ ဆိုရင် တပည့်တော်ပြင် သင့်လားဘုရား။ တပည့်တော်က တကယ် ပဲ ဘာသာရေးနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီလားဘုရား။ သူနေသလိုနေမှ တပည့်တော် ဘ၀ အေးချမ်းမှာလားဘုရား။

ဘာမှမလုပ်ဘဲ မနေတတ်တဲ့ တပည့်တော် ရှေ့ဆက်ပြီး ဘယ်လိုလုပ်ရမလဲ မသိလို့ပါဘုရား။ အခုရက်ထဲမှာ တပည့်တော် စိတ်တွေထွေပြီး ဒေါသတွေဘဲဖြစ်နေတယ်ဘုရား၊ ဒီအိမ် အလုပ်တွေ ကို ဘယ်လိုမှ မလုပ်ချင်တော့ဘဲ သူ့လိုဘဲ ဘုရားစာတွေပဲ ထိုင်ဆိုနေချင်တယ်ဘုရား၊ ဘာလုပ်ရမှန်း မသိတော့တာဘုရား။

အရင်တုန်းကလို စိတ်ကြည်ကြည်လင်လင်နဲ့လည်း အလုပ်လုပ်လို့မရတော့ဘူးဘုရား။ နေ့လည်ဆိုရင် လည်း စာအုပ်တွေဖတ်လို့ မရတော့ဘူးဘုရား။ တပည့်တော် တကယ်ဘဲ နေ့တိုင်း ကုသိုလ် မရဘဲ အ ကုသိုလ်တွေဘဲ ရနေတာလားဘုရား။ ပရိတ်ရွတ်တော့လည်း အိမ် အလုပ်တွေကို မပြီးတာကိုပဲ မြင်နေ ပါတယ်ဘုရား။ တပည့်တော် ဘယ်လိုပြင်ရမလဲ ဆိုတာကို လမ်းပြပေးပါဘုရား။

ပြီးတော့ တပည့်တော်လုပ်နေကျ အလုပ်တွေကိုလည်း တပည့်တော်ရဲ့ အမျိုးသားကို မခိုင်းချင်ဘူးဘုရား။ ငရဲကြီးမှာကြောက်တယ်ဘုရား။ ယောက်ျားကို အလုပ်တွေလုပ်ခိုင်းပြီး ကိုယ်က ဘုရားစာတွေ ထိုင် ဆိုနေရမှာလည်း စိတ် မလုံဘူးဘုရား။ ပြီးတော့ ယောက်ျားလေးဆိုတော့ သူလုပ်သမျှတွေကို တပည့်တော်က နောက်ကနေ လိုက်ပြီးသိမ်းနေရတာနဲ့ ပိုလည်းပင်ပန်းတယ်၊ အချိန်လည်း ပိုကုန်ပါတယ်ဘုရား။ တပည့်တော်သူငယ်ချင်းတွေကလည်း အရင်အတိုင်းလဲ ဆက်လုပ်နေရင် တပည့်တော်မှန်နေတယ်လို့ ယူဆကြပါတယ်ဘုရား။ အဲဒါဟုတ်ပါသလားဘုရား။

ဒါပေမယ့် ကိုယ့်ကိုယ်ကို အကောင်းမြင်တတ်တဲ့ လူ့သဘာဝအရ တပည့်တော်လည်း ကိုယ့်ကိုယ်ကို အကောင်းမြင်မပြင်မိဘဲ ဆက်မှားသွားမှာလည်းစိုးရိမ်မိပါတယ်ဘုရား။ တပည့်တော် သူငယ်ချင်းရဲ့ အမျိုးသားက ပြောတာတော့ တပည့်တော်တို့က ပျင်းတာနဲ့ အေးချမ်းတာကို မခွဲခြားတတ်တာလို့ ပြောပါတယ်။ ဘယ်လိုစာအုပ်မျိုးကိုဖတ်ရင် ပျင်းတာနဲ့ အေးချမ်းတာ ကိုခွဲခြားတတ်ပါသလဲဘုရား။

အေးချမ်းတဲ့ ဘ၀ကိုတော့ လိုချင်ပါတယ်ဘုရား။ အရမ်းကြီးလည်းမချမ်းသာချင်ဘူး၊ အရမ်းကြီးလည်း မဆင်းရဲချင်ဘူး။ တပည့်တော် အရင်လိုပဲ ပြန်နေရမလား ဒါမှမဟုတ် ဘယ်လိုပြင်ရမလဲသိချင်ပါတယ်ဘုရား။ အမှန်အတိုင်းပြောရရင်တော့ အရင်က တပည့်တော်ရဲ့စိတ်က အခုလိုမျိုးရှုပ်ထွေးမနေပါဘူး၊ အခုက တော်တော်လေးကို စိတ်ထဲမှာရှုပ်နေပြီး အရင်လိုဘဲနေရကောင်းနိုး၊ ပြင်ဘဲပြင်လိုက်ရကောင်းနိုးနဲ့ ဒွိဟ ဖြစ်နေပါတယယ်ဘုရား။ တစ်ခါမှလည်း အခုလောက် စိတ်မရှုပ်ဘူးတော့ တော်တော်လေး စိတ်ညစ်နေရတယ်ဘုရား။ မဖြစ်လို့ လုပ်နေရပေမယ့် အရင်က လိုမျိုးစိတ်မပျော်တော့ဘူး၊ မေတ္တာလည်း ပို့လို့မရတော့ဘူးဖြစ်နေတယ်။ ပရိတ်ရွတ်တော့လည်း အရင်ကလိုမျိုး ကြည်ကြည်လင်လင် မဖြစ်တော့ တပည့်တော်ရွတ်တဲ့ ပရိတ်ကို ဘယ်လိုနတ်တွေ၊ ဘယ်လိုပုဂ္ဂိုလ်တွေက လာနာမလဲနော်။ တပည့်တော်အနေနဲ့ ဘယ်လိုပြုပြင်နေ ထိုင်သင့်တယ်ဆိုတာ ကျေးဇူးပြုပြီး ဘုန်းဘုန်းမှလမ်းညွှန်ပေးပါဘုရား။

ဘုန်းဘုန်းကျန်းမာစွာဖြင့် သာသနာ့အကျိုးသယ်ပိုးနိုင်ပါစေ။


ပြန်စာ

ဒကာမရေ- ပြောပြရရင်တော့ အရှည်ကြီးဖြစ်မှာပါ၊။ လိုရင်းကိုပဲ ဖြေမယ်လေ၊ ဒကာမ သိထားသလိုပဲ ဘာအလုပ်လုပ် စေတနာသာ အဓိကဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ ဗုဒ္ဓစာပေအရ ကိုယ့်ရဲ့ဘ၀ အရည်အသွေးကို ကံက ဆုံးဖြက်ပေးသွားတာပါ၊ ကံဟူသည်မှာ ကိုယ်နှင့်ပြုသော အမှု ကို ကာယကံ၊ နုတ်နှင့်ပြောသော အမှု သည် ၀စီကံနှင့် စိတ်နှင့်တွေးသော အမှုသည် မနောကံမည်၏။ ထိုကံများကိုတော့ လှုံ့ဆော်မှုလို့ခေါ်တဲ့ စေတနာက ပံပိုးလို့ စေတနာဖြစ်ပါတယ်၊ စေတနာ မွန်မြတ်နေရင် ဘယ်အရာမဆို မွန်မြတ်နေပါတယ်။ စေတနာ မပါဘဲ ဘုရားစာတွေကိုပဲ ထိုင်ရွတ်နေရင် လိုသလောက် ခရီးမရောက်၊ လုပ်သလောက် ခရီးမပေါက်ပါဘူး။

အခု ဒကာမတို့လို လူဝတ်ကြောင်တွေရဲ့ မဖြစ်မနေ လုပ်ရတဲ့ အလုပ်မျိုးကိုပင် မွန်မြတ်တဲ့ စေတနာ ထားခြင်းကြောင့် လောကီအမြင်ကပဲ ကြည့်ကြည့် ဘာသာတရား အမြင်ကပဲ ကြည့်ကြည့် ဒကာမရဲ့ အလုပ်သည် မှန်ကန်ပါတယ်၊ မွန်မြတ်ပါတယ်။ ဘုရားလက်ထက်တော်က ကျောင်းအမ ၀ိသာခါတို့ ကျောင်းဒကာကြီး အနာထပိဏ္ဍိကနှင့် သူ၏ သမီးတော်များဖြစ်ကြတဲ့ သုမန၊ စူဠသုဘဒ္ဒါတို့သည် နေ့စဉ် ကိုယ်တိုင်ချက်ပြုတ်ပြီး သံဃာ့ဝေယျာဝေစ္စများပြုသွားကြတာပါ။ သူတို့တတွေရဲ့ သန္တာန်မှာ တကယ့်ကို မွန်မြတ်တဲ့ စေတနာတွေရှိကြပါတယ်၊ ဝေယျာဝေစ္စလုပ်နေတဲ့ အချိန်မှာ သူတို့ရဲ့ စိတ်အစဉ်သည် သံဃာတော်တွေ အစားအဟာရ ပြည့်စုံဖို့၊ မပင်မပန်းစေဘို့ပဲ ဖြစ်ပါတယ်။ မွန်မြတ်တဲ့ မနောကံ (စေတနာ) ကြောင့် မွန်မြတ်တဲ့ ကာယကံ (စေတနာ) တွေ ဖြစ်လာတဲ့အတွက် သူတို့ရဲ့ စိတ်အစဉ်မှာ ပျော်ရွင်မှုတွေပဲ ဖြစ်သလို မွန်မြတ်တဲ့အလုပ်လဲဖြစ်ပါတယ်။ ဘုရားလောင်း၏ ပါရမီ ဖြစ်ပုံမှာ အလုပ်လုပ်တဲ့ နေရာမှာ အဘိရတိဘာဝနာ-- ပျော်ပျော်ကြီး လုပ်ဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒကာမအနေနဲ့ စိတ်မပျက်ဘဲ ဖော်ပြပါ နေ့စဉ် လုပ်နေကြကို စိတ်စေတနာလေး ထားပြီး ဆက်လက် လုပ်ပါ။ ဒါဟာ မွန်မြတ်သော မနောကံကြောင့် ဖြစ်လာတဲ့ မွန်မြတ်တဲ့ ကာယကံ ကုသိုလ်ဖြစ်ပါတယ်။ သူများ အကဲ့ရဲ့ကို ခံရမှာ ကြောက်လို့ လုပ်တာမျိုးဆိုရင်တော့ ဘာပဲလုပ်လုပ် ဘာကုသိုလ်မှ ရမှာ မဟုတ်ပါဘူး၊ လုပ်တဲ့ အလုပ်ကလည်း ကောင်းသော အလုပ်ဖြစ်ပေမဲ့ မွန်မြတ်တဲ့ စေတနာ မပါသောကြောင့် ဖြစ်ပါတယ်။

လူဝတ်ကြောင်ဘ၀မှာ ကိုယ့်ရဲ့ ၀မ်းစာအတွက် မရှိမဖြစ် ရှာရပါတယ်၊ သမ္မာအာဇီဝကျပြီး အလုပ်လုပ်နေရင် ဒကာမတို့ရဲ့ဘ၀ဟာလဲ မျှတပါတယ်။ ရှေးက ပြထားတဲ့ အနာထပိဏ်တို့ ၀ိသာခါတို့လည်း စီးပွားရေးသမားတွေပဲလေ၊ အိမ်ထောင်သည် ဘ၀နဲ့ အိမ်ထောင်သည်တို့၏ အလုပ်တွေကို တာဝန်ကျေပွန်စွာလုပ်ရင်း ရတနာ သုံးပါးကို ပူဇော်နေကြသည်။ ဒကာမလည်းပဲ ထိုနည်းတူစွာ ဘ၀က ပေးတဲ့ တာဝန် ဖြစ်တဲ့ အိမ်ထောင်ဘ၀ရဲ့ အလုပ်တွေကို စေတနာထားပြီး အလုပ်လုပ်ရင်း အားတဲ့ အချိန်လေးတွေပါ ပရိတ်ရွတ်ခြင်း ဘုရားရှိခိုးခြင်း မေတ္တာပို့ခြင်း အစရှိတဲ့ အလုပ်တွေ လုပ်နေခြင်းသည် မွန်မြတ်သော အလုပ်ဖြစ်တာကြောင့် သူများအပြောကြောင့် စိတ် ဒွိဟ မဖြစ်ဘဲ လုပ်နေကျ အလုပ်ကိုပဲ ဆက်လက်လုပ်ပါ။

နောက်တစ်ခုက ဘုရားစာတွေရွတ်တယ်ဆိုတာလဲ ကုသိုလ်တမျိုးဖြစ်ပါတယ်။ ၀စီကံ ကုသိုလ်ပေါ့၊ ဒါလဲ မွန်မြတ်သော စေတနာ ပါရှိဖို့လိုပါတယ်။ သူများအထင်ကြီးအောင် ဘုရားစာရွတ်တာမျိုး မဖြစ်စေနဲ့ပေါ။ ဘုရားစာ ရွတ်နေစဉ်မှာ လောဘ ဒေါသ မောဟ စတဲ့ အကုသိုလ်တွေ မဖြစ်လို့ ကုသိုလ်ရသလို သမထ ဘာဝနာလည်း ဖြစ်ပါတယ်။ စိတ်ကို လောဘ ဒေါသ မောဟ စတဲ့ အကုသိုလ် အပူတွေ ငြိမ်းအောင် ကျင့်တဲ့ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ တို့ ဖြစ်ပါတယ်။ သမာဓိကို အားကောင်းစေသဖြင့် အမှန်တရားကို မြင်ဖို့ရာ အထောက်အကူများစွာလည်းဖြစ်ပါတယ်။

အလုပ်မလုပ်ဘဲ ဘုရားရှိခိုးရင် ကုသိုလ်ရလား ဘုရား

အလုပ်မလုပ်ဘဲ ဘုရားရှိခိုးရင် ကုသိုလ်ရလား ဘုရား ဆိုတဲ့ ဒကာမ၏ မေးခွန်းက စောစောက ဘုန်းဘုန်းပြောသလို ဘုရားဂုဏ်တော်တွေကို အာရုံပြုနေရင် ကုသိုလ်ရပါတယ်။ သူကလည်း အလုပ်တမျိုးဖြစ်ပါတယ်။ ဘုရားရှေ့ သို့မဟုတ် တနေရာရာ(စိတ်ငြိမ်ရာအရပ်)မှာ ဘုရားရှင်၏ကျေးဇူးတရားတွေကို အာရုံပြုပြီး အရိုအသေပေးတာကို ဘုရားရှိခိုးတယ် ခေါ်ပါတယ်၊ အဲဒါကတော့ ကာယကံ ကုသိုလ်ပေါ့။ ပါးစပ်က ဘုရားရှင်၏ ဂုဏ်တော်တွေကို ရွတ်နေရင် ၀စီကံ ကုသိုလ်ဖြစ်ပါတယ်။ အဲဒီအလုပ်တွေထဲမှာ စိတ်ပါလက်ပါ စေတနာ ထည့်လိုက်ရင် မနောကံ ကုသိုလ်လည်း ပါပါတယ်။ ရည်ရွယ်ချက် သို့မဟုတ် ယောနိသော မနသိကာရဟာ အလွန်အရေးကြီးပါတယ်။

ဗုဒ္ဓဘာသာက အလုပ်မလုပ်ဘဲ ဆုမတောင်း

အလုပ်မလုပ်ဘဲ ဘုရားရှေ့ သွားပြီး ဆုတောင်းနေရင်တော့ ဗုဒ္ဓအလိုကျ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာက အခြားဘာသာခြားတွေလို အလုပ်မလုပ်ဘဲ ဆုတောင်းတာမျိုး မရှိပါဘူး၊ အဲလို ဆုတောင်းလို့လဲ ဘယ်သူမှ ဘာမှ ပေးမှာလဲ မဟုတ်ပါဘူး။ အကြောင်း ဗုဒ္ဓဘာသာအလိုရ သတ္တ၀ါတွေဟာ ဘယ်ပုဂ္ဂိုလ် (တံခိုးရှင်)ကိုမှ အမှီပြု၊ အားကိုး၊ လက်အောက်ခံ အညံ့ခံနေတာမျိုးမဟုတ်ပဲ ကိုယ့်အားကိုယ်ကိုး (ကိုယ့်ကံ) တဲ့ ဘာသာတရားဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ဆုတောင်းတာမျိုးကော မရှိဘူးလားဆိုတော့ ရှိပါတယ်။ သို့သော်လည်း အဲဒီဆုတောင်းက ကိုယ့်လုပ်တဲ့ အလုပ်ပေါ်မှာ ကိုယ့်အခွင့်အရေးကို တောင်းဆိုတာဖြစ်ပါတယ်၊ ဆိုလိုတာက ကိုယ့်ရဲ့ ဆန္ဒကို ဖော်ပြတာပေါ့၊ ဒါကိုပဲ ဗုဒ္ဓဘာသာက ဆုတောင်းတယ်လို့ ဆိုလိုပါတယ်။ ဆိုလိုတာက အလုပ်မလုပ်ဘဲ ဆုတောင်းနေရုံဖြင့် ဗုဒ္ဓအလိုကျ မဟုတ်ကြောင်းဖြစ်ပါတယ်။

နောက်တစ်ခုက ကုသိုလ်ကောင်းမှု အလုပ်တွေမှာ ဥပမာ- ဘုရားရှိခိုးခြင်း မေတ္တာပို့ခြင်း၊ အများ စိတ်သက်သာရစေရန် အတွက် အိမ်သာရေဆေးခြင်း စတဲ့ ဒကာမပြောပြခဲ့ ကုသိုလ်အလုပ်တွေကိုတော့ ကိုယ်ကိုတိုင်လည်းလုပ်၊ သူများကိုလည်း လုပ်နိုင်အောင်တိုက်တွန်းနိုင်ပါတယ်၊ ကိုယ့်ရဲ့ အိမ်သားဖြစ်တဲ့ အမျိုးသားကိုလည်း ကုသိုလ်ရပါစေ။ ဒါဟာ သူ့ကို မရိုမသေပြုရာ မရောက်ပါဘူး။ ဒကာမရဲ့ စေတနာသာ ပဓာနဖြစ်ပါတယ်။

နိဂုံးချုပ်


ဒကာမရေ-- ဘုန်းဘုန်း အချုပ်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ဒကာမ နေ့စဉ်လုပ်နေကျဖြစ်တဲ့ ချက်ပြုတ်ချင်း၊ ဘုရားပန်း၊ ဆီးမီး၊ ရေ၊ ဆွမ်းတော် ကပ်လှူခြင်းနှင့် သူများမလုပ်နိုင်တဲ့ အိမ်သာဆေးခြင်းအလုပ်တွေကို စိတ်စေတနာ ပါပါနဲ့ ပျော်ပျော်ကြီး ဆက်လက် လုပ်စေလိုပါတယ်။ လုပ်ပါလို့လဲ တိုက်တွန်းပါတယ်။ တကယ့် မွန်မြတ်တဲ့ အလုပ်တွေ ဖြစ်လို့ တိုက်တွန်းခြင်းဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့ အဖြေသည် ပြည့်စုံလိမ့်မည်မဟုတ် သို့သော လိုရင်းက ဖော်ပြပါ ဒကာမ လုပ်နေကျ အလုပ်သည် မွန်မြတ်တယ်လို့ ဆိုလိုချင်ပါသည်။

အေးချမ်းတဲ့ မိသားစုဘ၀လေး ပိုင်ဆိုင်ပါစေ။
သီတဂူစတား
၆-၉-၂၀၁၀


မှတ်ချက်။
။ ၀မ်းသာစရာတစ်ခုကတော့ မေးခွန်းရှင် အမျိုးသမီးက အရင်လိုပဲ ပြန်နေပါတော့မယ်ဘုရား၊ ကျေးဇူးအထူးတင်ပါတယ် ဘုရားဟူ၍ လျှောက်ထားသည့် စာပြန်လာပါသည်။

2 comments:

မိုးယံ said...

အရှင်ဘုရား ရိုသေစွာ သာဓု သုံးကြိမ်ခေါ်ဆိုမိပါသည်။

သာဓု သာဓု သာဓု

မိုးယံ said...

အရှင်ဘုရား ရိုသေစွာဖြင့် ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်မိပါသည်။

သာဓု သာဓု သာဓု

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes