စာမိတ်ဆက်
ဒီအရင်တစ်ပတ်က ရှားရှားပါးပါးအလှူ အပိုင်း (၂)ဖြင့် ပို့စ် တစ်ခု ရေးပြီး အလှူရှင်တစ်ဦးကို ဂုဏ်ပြု ရေးသားခဲ့သည်၊ ယခုတစ်ပတ်မှာလဲ ထိုအလှူရှင် မိသားစု ၄ ကြိမ်မြောက် ရောက်လာပြန်သည်။ ဒီနေ့ ၄ ကြိမ်မြောက် ရောက်လာခြင်းကား အမေဖြစ်သူ (၇) နှစ်ပြည့်အမှတ်ရ ပတ္တိဒါန (Sharing merit) ကုသိုလ် လာပြုကြခြင်းဖြစ်သည်။
ဒီကနေ့အလှူက စောမယကောလိပ် ဆန်းစခရစ်ဌာနနှင့် ပါဠိစာပေဌာနတို့မှ Ph.D ကျောင်းသား ၁၆ ပါးတို့အား နေ့ဆွမ်းကပ်ခြင်း၊ အသီးအနှံ အဖျော်ရည်များနှင့် ဆန်စသည့် သံဃိက အလှူ အပြင် တစ်ပါးလျင် ရူပီး ၁၀၀၀ (၂သောင်းကျပ်ဝန်းကျင်) သွားတိုက်ဆေး ဆပ်ပြာ တစ်ဘက် စသည်များဖြင့် ပုဂ္ဂလိအလှူများ လှူသွားပါသည်။ Ph.D ကျောင်းသားများ တစ်စုတစ်ဝေးတည်းမှာ ကပ်ခွင့်ရသည့် ထိုမိသားအတွက် Great Opportunity ပင်ဖြစ်သည်။
ထိုမိသားအတွက် Ph.D ကျောင်းသားများက ပရိတ်တရားတော်များ ချီးမြှင့်သည်။ စာရေးသူကတော့ သီလပေးနှင့် တရားဟော ရေစက်ချ တာဝန်ယူသည်။ ထိုနေ့ဟောသည့် စာရေးသူ၏ ၅ မိနစ်တရားကို စာရေးသူအတွက် မှတ်စု ကျန်သွားဖို့ရန်အတွက်၎င်း၊ အများအတွက် ဗဟုသုတဖြစ်စေရန်အတွက်၎င်း ပို့စ်အဖြစ် ရေးလိုက်ရခြင်းဖြင့် ထိုမိသားစုအလှူကို မှတ်မှတ်ရရ ရှိစေပြီး ကျေးဇူးတုန့်ပြန်သော ဂုဏ်ပြု ပို့စ် ဖြစ်ပါသည်။
ဖြူစင်ကြောင်း ကောင်းမှု (ပုညကိရိယာ)
ထိုနေ့က ပုညအကြောင်း ဟောခဲ့သည်။ ပုညအကြောင်းဆိုတော့ စလေဦုးပုည ဟု ထင်ကောင်း ထင်သွားပါလိမ့်မည်။ တကယ်တော့ ပုညကိရိယာဝတ္ထုမှ ပုည အကြောင်းကို ဟောလိုက်ရခြင်းဖြစ်ပါသည်။ ထိုပုညကိရိယာဝတ္ထု အကြောင်းကို ငယ်ငယ်ကထဲက တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ ရတနာ့ဂုဏ်ရည် စာအုပ်မှ ဖတ်ဖူးသည်။ သို့သော်လည်း ငယ်ငယ်က စာမေးပွဲအတွက် ကျက်ရမှတ်ရသည်၊ အခုအခါမှာတော့ ဘ၀အတွက် အသုံးချဖို့ ဖတ်ရ မှတ်ရသည်အတွက် အခြေအနေခြင်းက မတူညီခဲ့။ ငယ်ငယ်ကတော့ ကျယ်ကျယ်ပြန့်ပြန့် နားမလည်သလို ဘ၀အတွက် အသုံးချရကောင်းမှန်း မသိခဲ့တာ အမှန်ပင်။ တကယ်တော့ ဘ၀အတွက် အလွန်သုံးဝင်သည့် စာကောင်း ပေကောင်းဖြစ်သည်။
ပုည
ပုညဟုသည် ကုသိုလ် ကောင်းမှုဟု မြန်မာမှု ပြုပါလိမ့်မည်။ အင်္ဂလိပ်လိုကတော့ merit ဟု ပြန်ဆိုသည်။ အဓိပ္ပါယ်ကတော့ purifies and cleans the mind ပါပဲ။ စိတ်မှာ ကပ်ငြိနေသော ကိလေသာ အညစ်တွေကို သန့်စင်ခြင်း, စိတ်ကို ကိလေသာ အညစ်ကြေးမှ ဖြူစင်အောင် ပြုခြင်းသည် ပုည (merit) မည်ပါသည်။ ပါပ သ္မိံ ရမတိ မနော အရ စိတ်၏ သဘောသည် အကုသိုလ် ကိလေသာ အညစ်အကြေးများ ၀င်ရောက်ဖို့ အဆင်သင့်ဖြစ်နေသည်၊ အကုသိုလ်ဘက်သို့ ညွတ်နေသည်အတွက် ညစ်ထေး လွယ်သည်။ လှပတဲ့ အာရုံတစ်ခုကို မြင်လျှင် စိတ်သည် တဏှာ လောဘ လိုချင်မက်မောမှု (craving and attachment) တွေ ဖြစ်လာမည်။ ထိုအာရုံကို မရမက ကျိုးစားမည် (အဘိဇ္ဈာ) နှင့် မနှစ်မြို့သည့် အာရုံကို တွေ့ပြန်တော့ ဒေါသ ဖြစ်မည်။ မောဟကတော့ လူ၏ စိတ်ကို ထို လောဘ ဒေါသတို့ထဲမှ နှစ်မြုတ်နေအောင် စွဲထားမည်။ ဤနည်းအား စိတ်သည် ညစ်လွယ် စွန်းလွယ်သည် ဖြစ်ရကား ထိုညစ် စွန်းလာသော စိတ်ကို ဖြူစင်အောင် သန့်စင်နိုင်တာကတော့ ပုည ပဲ ဖြစ်ပါသည်။
ပုညကိရိယာဝတ္ထု (၁၀)ပါး
ပုညကိရိယာဝတ္ထု (၁၀)ပါး ကို Ten domains of meritorious actions ဟု ဘာသာပြန်ဆိုသည်။ုစိတ်ကို ဖြူစင်ကြောင်း ကောင်းသော အမှုလုပ်ငန်း ၁၀ မျိုးဟူ၍ ဆိုနိုင်ပါသည်။ အမှန်တကယ်တော့ ပါဠိတော်မှာ ပုညကိရိယ၀တ္ထုသုတ်မှာ ဒါနမယ သီလမယ ဘာဝနာမယ ဟူ၍ သုံးမျိုးသာ ပြဆိုထားသည်။ ဣတိဝုတ်အဋ္ဌကထာနှင့် အဋ္ဌသာလိနီ အဋ္ဌကထာများ၌ ထို ၃ မျိုးမှာ နောက်ထက် ၇ မျိုးဖြာထွက်လာသည်။ ပို၍ နားလွယ် လွယ်အောင် အဋ္ဌကထာဆရာများက ရှင်းပြခြင်းပဲ ဖြစ်သည်၊ ထို ၁၀ မျိုးလုံးကို ဗုဒ္ဓဘာသာနိုင်ငံ အားလုံးက လက်ခံကျင့်သုံးကြသည်။
ထိုဆယ်ပါးကား (၁) ဒါန (၂) သီလ (၃) ဘာဝနာ (၄) အပစာယန (၅) ဝေယျာဝစ္စ (၆) ပတ္တိဒါန သို့မဟုတ် ပတ္တိ အနုပ္ပါဒန (၇) ပတ္တာနုမောဒန သို့မဟုတ် အဗ္ဘာနုမောဒန (၈) ဓမ္မဒေသနာ (၉) ဓမ္မဿဝနာ (၁၀) ဒိဋ္ဌိဇုကမ္မ ဟူ၍ ဖြစ်သည်။
ထိုဆယ်မျိုးတွင် (၁) ဒါနနှင့်ပတ်သက်ပြီး အလှူရှင်ဂုဏ်ရည်၊ ရှားရှားပါးပါး အလှူ အပိုင်း (၁) အပိုင်း (၂) ဟူ၍ တင်ပြပြီး ဖြစ်သည့်အတွက် အထူးမပြတော့ပေ။ (၂) သီလနှင့်မှတ်ဖွယ်များကို သီးသန့်ဖော်ပြပါဦးမည်။ (၃)ဘာဝနာ နည်းများကိုလည်း အခါခွင့်သင့်က ဖော်ပြပါမည်။
ဒါန-ပေးကမ်းခြင်း၊ စွန့်လွတ်ခြင်းအမှုကို ပြုခြင်းသည် လောဘ မစ္ဆရိယ ကိလေသာ အညစ်အကြေးကို ဆေးကြော ဖြူစင်အောင် ပြုနိုင်လို့ ပုည ဟုခေါ်သည်။ သီလမှုကို ပြုနေခြင်းက ဒေါသ အာဃာတ ဗျာပါဒစတဲ့ စိတ်ရိုင်း စိတ်ညစ်တွေကို ဖြူစင်အောင်လုပ်ပေးနိုင်လို့ ပုည ဟုခေါ်သည်။ ဘာဝနာကတော့ တွေဝေ ထိုင်းမှိုင်းး မောဟ အညစ်အကြေးနှင့် ကိလေသာ အပူတွေကို ငြိမ်းသက်နိုင်လို့ ပုညဟု ခေါ်သည်။ ဤသုံးမျိုးကား ဗုဒ္ဓဘာသာအတွက် အဓိက အလုပ်များဖြစ်သလို ဘာသာခြားများလည်း လုပ်နေကြ အလုပ်ဖြစ်သည်။ အမည်မပေးတာပဲ ကွာခြားမည်။
အပစာယနကုသိုလ်
(၄) အပစာယန (reverence or giving respect to ohters) ဟူသော ကောင်းမူမျိုးကား မြင်နေကျ တွေ့နေကျ လုပ်နေကျ ဖြစ်ပေမဲ့ အမှတ်တမဲ့နဲ့ နေကြသည်အတွက် အလေးထား လုပ်သင့်လုပ်ထိုက်သော ကောင်းမှု၍ကား မသိကြပေ။ ထိုကုသိုလ်က မိမိရဲ့ မာနအညစ်အကြေးကို ရိုက်ချိုးခြင်းဖြင့် ဖြူစင်စေလို့ ပုည ဟု ခေါ်သည်။ လေးစားထိုက်သော ရဟန်းသံဃာ သို့မဟုတ် ဆရာသမား အသက် သိက္ခာကြီးသူများ ရှေ့၌ အရိုအသေ ပေးခြင်း နေရာပေးခြင်း၊ ကာယကံ ၀စီကံတို့ဖြင့် အရိုသေသမှုပြုခြင်းသည် အပစာယန ကုသိုလ်ဟု ခေါ်သည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင် မည်သည့် လူဝတ်ကြောင်မဆို မည့်သည့် ရာထူး အဆင့်အတန်းမဆို ဘုန်းကြီး ရဟန်းသံဃာများရှေ့၌ မိမိရဲ့ မာနကို ခွါချကာ လက်အုပ်ချီ ဒူးတုတ်ကြရသည်။ ဒါကိုပဲ ဂါရ၀မင်္ဂလာ ဟူ၍ ဆိုသည်။
ဝေယျာဝေစ္စ ကိုသိုလ်
(၅) ဝေယျာဝေစ္စ (rendering sevice) ဟူသော ဝေါဟာရသည် စာရေးသူတို့ မြန်မာနိုင်ငံတွင်သာမက ဗုဒ္ဓဘာသာနိုင်ငံအားလုံးတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေသော မူပိုင်စကား ဖြစ်နေသည်။ မြန်မာနိုင်ငံ နေရာအနှံ့အပြား ထင်ရှားကျော်ကြားသော ရွှေတိဂုံ မဟာမြတ်မုနိ ကဲ့သို့သော ဘုရား စေတီ ပုထိုးများတွင် ဝေယျာဝေစ္စ အသင်းအဖွဲ့များ ဟူ၍ ရှိသည်။ ဘုရား ဓမ္မာရုံ ဘာသာရေး လူမှုရေးနှင့်ပတ်သက်သော အမှုကိစ္စများကို လုပ်အားဒါနပြုသော service-၀န်ဆောင်မှုပြုနေသော အဖွဲ့များကို ဝေယျာဝေစ္စ အဖွဲ့များဟူ၍ ခေါ်ကြသည်။ ဝေယျာဝေစ္စ ကုသိုလ်သည်လည်း အပစာယန ကုသိုလ်ကဲ့ မာန ဟုသော ကိလေသာကို သန့်စင်စေပါသည်။ မာန ရှိနေသော သူသည် ထို ဝေယျာဝေစ္စ ကုသိုလ်များ ယူနိုင်လိမ့်မည်မဟုတ်၊ ထို့ပြင် ဝေယျာဝေစ္စကုသိုလ်သည် မိမိ၏ ကရုဏာကို ထင်ရှားပြသ သဖြင့် ကရုဏာ၏ ဆန့်ကျင်ဘက် ဖြစ်သော ဒေါသ စတဲ့ အကုသိုလ်ကိုလဲ သန့်စင်သဖြင့် ပုည ဟုခေါ်ပါသည်။
ပတ္တိဒါန (ပတ္တိ အနုပ္ပါဒန) ကုသိုလ် နှင့် ပတ္တာနုမောဒန ကုသိုလ်
(၆) ပတ္တိဒါန (၇) ပတ္တာနုမောဒန ကိုသိုလ် ၂ ပါးတို့သည် တစ်ခုနှင့် အဆက်စပ်ရှိသည်၊ ပေးသူနှင့် ယူသူ၍ ဆိုရမည်။ ပတ္တိဒါန (sharing merit) ကုသိုလ်သည် ကိုယ့်ရဲ့ကောင်းသော အမူ့များကို သူတပါးအား ဝေငှခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ့်အတ္တကြီးမှု တစ်ကိုယ်ကောင်းဆန်မှုကို စွန့်ခွါခြင်းနှင့် မိမိ၏ သူတပါးအပေါ်ထားရှိသည့် ကရုဏာကို ပြလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ပတ္တိဒါနသည်လည်း ပုည ဟု ခေါ်သည်။
ဒီကနေ့ ထိုမိသားစုသည် စောမယကောလိပ်ရှိ Ph.D ကျောင်းသား ၁၆ ပါးတို့အား ဆွမ်းကပ် အလှူဒါနပြု၊ သီလဆောက်တည်၊ တရားတော်နာယူခြင်း စတဲ့ ကုသိုလ်တွေသည် လွန်ခဲ့ ၇ နှစ်က ကွယ်ကွန်သွားသော အမေဖြစ်သူအတွက် ရည်မှန်းပြီး ပြုပါသည်၊ ပြုသမျှကောင်းမူများကို ထို အမေအတွက် ဝေငှ (အမျှဝေ) sharing merit ပြုလုပ်ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ကိုယ့်ကုသိုလ်ကို သူများအား မျှဝေလိုက်ခြင်းကြောင့် မိမိကုသိုလ် ရော့သွားသလားဟု ဆိုသော်--- ‘‘ဖယောင်းမီးကို နောက်တစ်ယောက်က ဖယောင်းတစ်တိုင်ဖြင့် လာကူးယူသော် နဂိုဖယောင်းတိုင် အလင်းအား လျော့မသွားသည့်အပြင် အလင်းအရောင် ပိုရလသည်၊ တစ်တိုင်အလင်းက နှစ်တိုင်းအလင်း၊ နှစ်တိုင်အလင်းက သုံးတိုင်းအလင်း စသည်ဖြင့် ပို၍ပင်လင်းလာသလို ကောင်းမှုပါရမီများ တပါးသူအား ပေးဝေလိုက်ရခြင်းသည်လည် ပို၍ပို၍ပင် တိုးလာမည်’’ဟု အဋ္ဌကထာဆရာက ပြောသည်။
ထို့ပြင် ထိုပတ္တိဒါနနှင့်ဆက်ပြီး မှတ်ဖွယ်တစ်ခုမှာဆက်ရ ပါဦးမည်။ ကိုယ်ပြုသမျှကောင်းမှုတွေကို ကိုယ်ရည်ရွယ်ထားတဲ့ သူအထံ ရောက်နိုင်ပါသလား ဆိုတဲ့ မေးခွန်းသည် ဘုရားလက်ထက်က ရှိခဲ့ဖူးသည်။ ဇာဏုေဿာဏိ ပုဏ္ဏားကြီး လျှောက်ထားလို့ မြတ်ဗုဒ္ဓက ထိုအမေးကို အောက်ပါအတိုင်း ဖြေထားသည်။
ကံမကောင်း အကြောင်းမလှ၍ ငရဲဘုံသို့ရောက်ခဲ့သော် သူ၏အကုသိုလ်ကံ ကြီးမားခြင်းကြောင့် ပြုသမျှကုသိုလ် အဖို့မရနိုင်သလို ထိုကြွင်းကျန်သော အကုသိုလ်ကံကြောင့် တိရစ္ဆာန်ဘုံဘ၀ ရောက်ခဲ့သော ထိုဘ၀မှ အစားအစာများနှင့် လုံလောက်ရကား အမျှအတမ်းပေးလိုက်သည့် ကုသိုလ်များ သူတို့ ခံစားခွင့်မရကြ။
ပတ္တာနုမောဒနကုသိုလ်
ကံကောင်းထောက်မ၍ သို့မဟုတ် လုံလောက်တဲ့ ကောင်းမှုကုသိုလ်ကံတွေကြောင့် နတ်ဘုံနတ်ဘ၀နှင့် လူ့ဘုံ လူ့ဘ၀ကို ပိုင်ဆိုင်သူများသည် သူတို့ဘုံ သူတို့ဘ၀မှာ အစားအစာ အ၀တ်အစား စသည်တို့ဖြင့် ပြည့်စုံရာကား ပြုသမျှသော ကောင်းမှု၏ အဖို့ကို သူတို့တစ်တွေ မခံစားရ။ သို့သော်လည်း သာဓု ခေါ်လိုက်ရခြင်း ကြောင့် ပတ္တာနုမောဒန (rejoicing and appreciating of other’s merit) ကုသိုလ်ရသည်။ ပတ္တာနုမောဒန သဘောသည် သူတစ်ပါးပေးသော ကောင်းမှု မပေးသော်လည်း သူတပါးပြုသမျှ ကောင်းမူတွေကို ၀မ်းသာနေခြင်းပဲဖြစ်သည်။ ထိုကဲ့သို့ သူတပါး၏ ကောင်းမှုနှင့် အောင်မြင်မှုတို့အပေါ် ၀မ်းသာပေးခြင်းက မိမိမှာ ဣဿာ ဆိုတဲ့ အကုသိုလ် မရှိခြင်းကို ဖော်ပြသည်။
ကောင်းမှု့ ကုသိုလ်အဖို့ကို ရနိုင်သည့် ဘုံ ဘ၀သည် အမြဲတမ်း ဆာလောင် ငတ်မွတ် နေရသော ပြိတ္တာဘ၀ပဲ ဖြစ်သည်။ အကြောင်းမလှ၍ ပြိတ္တာဘုံဘ၀ရောက်ခဲ့သော် သူတို့သည် ဆွေးတော် မျိုးတော်တို့ ပြုသမျှကောင်းမှု အမျှဝေမှုကို မျှော်နေကြရသည်။
ဗိမ္မိသာရမင်းကြီး၏ ဆွေးတော်မျိုးတော်များသည် သံဃာအတွက် ရည်စူးမှန်းထားသော အစားအစာများကို စားမိခြင်း၊ အသုံးပြုမိခြင်းတို့ကြောင့် ပြိတ္တာဘ၀ကို ရရှိနေကြသည်။ မင်းကြီးကောင်းမှု့ ကို မျှော်နေကြသည်။ တနေ့တော့ ထိုပြိတ္တာများ၏ အရိပ်အယောင်ပြမှုတို့ကြောင့် ဘုရားရှင်၏ လမ်းညွှန်မှုဖြင့် သံဃာတော်များ ပင့်ဖိတ်ပြီး အလှူဒါနပြုကာ ပတ္တိဒါနကုသိုလ် ပြုပေးလိုက်ခြင်းကြောင်း ဆွေတော်မျိုးတော် ပြိတ္တာ တစ်စုသည် ထိုကုသိုလ်ကို သာဓုခေါ်ကာ ပတ္တာနုမောဒန ကုသိုလ် ယူလိုက်ရခြင်းကြောင့် အစားအစာ အ၀တ်အစားတို့ဖြင့် ပြည်စုံသွားကြသည်။
အကယ်၍ ကိုယ်ရည်မှန်းထားသည့် ပုဂ္ဂိုလ် ပြိတ္တာဘ၀မှာ မရှိခဲ့သော် လောကမှာ ဘ၀သံသရာ ကျင်လည်သရွေ့ ဆွေးမျိုးမတော်ဘူးသူဟူ၍ကား မရှိ။ ထိုဆွေတော်မျိုးတော်အတွက် ဖြစ်သည်၊ အကယ်၍ ထိုဆွေတော်မျိုးတော်များ မရှိခဲ့သော ကိုယ်ပြုသည့် ကောင်းမှု အလကား အချီးအနှီးဖြစ်ရောလားဆိုတော့ ဒီလိုလဲမဟုတ်ပေ၊ ကိုယ်ပြုသည့်ကုသိုလ် ကိုယ်ပဲ ရသည်။
ဓမ္မဒေသနာကုသိုလ်
(၈) ဓမ္မဒေသနာ (Expounding Dhamma) ကုသိုလ် မျိုးဟူသည် တရားဟောခြင်း၊ ဆွေးနွေးခြင်၊ (ဓမ္မသာကစ္စ)၊ အသဥာဏ် ဗဟုသုတ အတွေ့အကြုံများ ဝေငှမျိုးဖြစ်သည်။ ဓမ္မဒေသနာဖြင့် မေတ္တာ ကရုဏာ တို့ကိုပြဆိုသည်၊ ထို့ကြောင့် ဘုရားရှင်တရားဟောဟု ဆိုရာ ကရုဏာပြထန်းသော မဟာကြိယာဥာဏသမ္ပယုတ်စိတ်ကို ကောက်ရသည်။ တရားဟောသူ၏ သန္တာန်မှာ လာဘသက္ကာရ မငဲ့ဘဲ မေတ္တာ ကရုဏာ ရှေးရှုဟောကြရသည့်၊ အကုသိုလ်အညစ်များကို ဖြူစင်စေသော ကုသိုလ်ဖြစ်သောကြောင့် ပုညမည်သည်။ အလွန်းထူးမြတ်သော ကုသိုလ်ဖြစ်သည်။
ဓမ္မဿဝနာကုသိုလ်
(၉) ဓမ္မဿဝနာ (Listening to Dhamma) ကုသိုလ်ဟူသည် ပညာရှိသူတော်ကောင်းတို့၏ ဟောစကား ပြောစကားများကို နားယူခြင်း မှတ်သားခြင်း သင်ယူခြင်းမျိုးဖြစ်သည်။ သူကောင်းတရားများကို နားယူမှ မဟုတ် ထိုတရားများ ပို့ချရာ အဘိဓမ္မာသင်တန်း ၀ိသုဒ္ဓိမဂ်သင်တန်းကဲ့သို့သော ဘာသာရေး ယဉ်ကျေးမှုသိပညာများကို လေ့လာခြင်းဖြစ်သည်။
ထိုတရားနာယူမှတ်သားသူ၏ သန္တာန်ဝယ် (က) မကြားဖူးသေးသော အကြောင်းအရာတွေ ကြားရခြင်း၊ (ခ) ကြားဖူးပြီးသောအကြောင်းအရားများကို ဥာဏ်ထဲမှာ ပိုပြီး ရှင်းလင်းပြတ်သားခြင်း၊ (ဂ) သို့လောသို့လော အတွေးများ သံသယများ ရှင်းလင်းသွားခြင်း၊ (ဃ) ယုံကြည်မှု ဖြောင့်မတ် မှန်ကန်ခြင်း၊ (င) စိတ်ကြလင်ခြင်း၊ တရားနားယူနေသော သူ၏ စိတ်အစဉ်သည် ကိလေသာ အညစ်အကြေးမှ ကင်းစင်ပြီး ကြည်လင်နေရာကား စိတ်ကို ဖြူစင်သော ပုညမည်ပါသည်။
ဒိဋ္ဌိဇုကမ္မကုသိုလ်
(၁၀) ဒိဋ္ဌိဇုကမ္မကုသိုလ် (straightening views and reflection) ဟူသည် အယူမှန်ကန်ခြင်း၊ အမြင်မှန်ကန်ခြင်းဟုဆိုလိုသည်၊ ပုညကိရိယာ ၁၀ ပါးတွင် အရေးအကြီးဆုံးဖြစ်သည်။ ယုံကြည်ချက်မှန်မှသာလျှင် ရှေးက ၉ပါးကို စနစ်တကျ ဖြည့်ကျင့်နိုင်မှာ ဖြစ်သည်။ ကံနှင့်ကံ၏အကျိုး၊ ရတနားသုံးပါး စတာတွေကို မယုံကြည်သော သူအတွက် ထို ပုညခေါ်သည့် အကုသိုလ် အညစ်အကြေးတွေကို စင်ကြယ်စေသော အမှုများကို ပြုလုပ်နိုင်လိမ့်မည်မဟုတ်။
နိဂုံး
ထိုပုညကိရိယာ ၀တ္ထုဆယ်မျိုးကို ဖြည့်ကျင့်နေသော သူသည် မိမိအတွက်ပါ မက တစ်ပါးသူအတွက်ပါ အကျိုးကိုဖြေစ်စေသည်။ သူတပါးအတွက် အကျိုးများပုံကား---
ဒါန- ပေးကမ်းခြင်ဖြင့် လက်ခံသူကို အကျိုးဖြစ်စေသည်။ သီလဖြင့် မိမိဝန်းကျင်ရှိ သတ္တ၀ါအားလုံကို အကျိုးဖြစ်စေသည်၊ ဘာဝနာဖြင့် လောဘ ဒေါသ မောဟတို့ဖြင့် လွမ်းမိုးခံ မရေတွက်နိုင်လောက်အောင်သော လူတွေကို အကျိုးဖြစ်ထွန်းစေသည်။ အပစာယန-အရိုအသေပေးခြင်းဖြင့် အဖွဲ့အစည်းတစ်ခု၏ ညီညွတ်မှုကို ဖြစ်စေသည်။ ဝေယျာဝေစ္စကုသိုလ်ဖြင့် လောကလူသားတွေကို ပို၍ကောင်းအောင် အကူအညီပေးခြင်းဖြစ်သည်။ ပတ္တိဒါန ကုသိုလ်ကား တပါးသူ၏ အကျိုးစီးပွားကို လိုလားသော ကရုဏာဖြင့် အကျိုးကို ဖြစ်စေသည်။ ပတ္တာနုမောဒန ကုသိုလ်သည် သူတပါး၏ ပျော်ရွှင်ခြင်းကို ၀မ်းသာပေးခြင်းကြောင့် အေးချမ်းခြင်းနှင့် ငြိမ်းချမ်းမှုကို ဖြစ်စေသည်။ ဓမ္မကို နာယူခြင်းနှင့် ဟောပြောပို့ချခြင်းတို့သည် ပစ္စုပ္ပန်ဘ၀အတွက် ဘ၀နေနည်းကောင်းများနှင့် ဘ၀လွတ်မြောက်ရေးအတွက် အကျိုးများကို ဖြစ်စေသည်။ အယူဖြောင့်မတ်ခြင်းဖြင့် တပါးသူများအား နည်းလမ်းမှန် နည်းလမ်းကောင်းများ ပေးနိုင်သည်။ ထို့ကြောင့် ပုညကိရိယာဝတ္ထု ၁၀ ပါးသည် လူတိုင်း လိုက်နာသင့် ကျင့်သုံးသင့်သော ဘ၀အတွက် အကောင်းဆုံး လမ်းညွှန်များ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသတည်း။
ဤပို့စ်ဖြင့် ၂-၇-၂၀၁၁ နေ့က ကုသိုလ်ရှင်-
ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေး နှင့် သမီး မယဉ်သူဇာကျော်တို့၏ ၄ ကြိမ်မြောက် ကုသိုလ်များကို မှတ်မှတ်ရရ ဂုဏ်ပြုလိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၇-၂၀၁၁
`အနုမောဒနာ သြဝါဒ´ တရားတော်(၃)
4 years ago
0 comments:
Post a Comment