စာမိတ်ဆက်
ရဟန်းနှင့်မိန်းမ အမည်ရှိ ပို့စ်မှ စီးဆင်းလာသော ရဟန်းနှင့်မိန်းမ အပိုင်း(၂) ပင်ဖြစ်သည်။ အပိုင်း (၁)တွင့် ရဟန်းနှင့်မိန်းမများ၏ ဖြစ်တတ်သော သဘောတရားတို့သည် ဆန့်ကျင်ဘက် သဘောတို့ လက္ခဏာဖြစ်ကြောင်း သရုပ်ပေါ်စေရန် အပိုင်း (၂) ကို ဆက်ရပါသည်။ ဘယ်သူ့ကိုမှ မရွယ်ဘဲ ထိုပို့စ်ရေးရင်း စိတ်ပါ (mood) ၀င်သွားတာနဲ့ တဆက်တည်း ရေးဖြစ်သွားခြင်းဖြစ်ပါသည်။
ဆွဲငင်အား
ဆန့်ကျင်ဘက် သဘောတရားတွေရဲ့ ဆွဲငင်အားပဲ ပြောမလား ၀ိသဘာဂ အာရုံတွေရဲ့ ဆွဲငင်အား ပြောမလား အဖိုနှင့် အမသတ္တ၀ါတွေရဲ့ တစ်ယောက်နှင့် တစ်ယောက်ရဲ့ ဆွဲငင်အားပဲ ပြောရမလား ဘာပဲဖြစ်ဖြစ် ဆွဲငင်အားဟာ လောကမှာ အကြီးမားဆုံးပဲ ဖြစ်သည်။
မြတ်ဗုဒ္ဓကလည်း ထိုဝိသဘာဂ မတူညီသော ဆန့်ကျင်သော အာရုံနှစ်ခု၏ ဆွဲငင်အားကို ဤသို့ပြထားပါသည်။ ယောက်ျား (ဖိုသတ္တ၀ါ) တစ်ယောက် စိတ်ကို ဆွဲဆောင်နိုင်ဆုံး အရာသည် မိန်းမ (မသတ္တ၀ါ)၏ အလှအပ, အသံ, အနံ့အသက်, အတွေ့အထိများဖြစ်သည်။ အလားတူ မိန်းမ (မသတ္တ၀ါ)၏ စိတ်ကို ဆွဲဆောင်နိုင်ဆုံး အရာတို့သည် ယောက်ျားတို့၏ အလှအပ, အသံ, အနံ့အသက်, အတွေ့အထိများဖြစ်သည်။ လောကမှာ ထို့ထက် ဆွဲငင်အားကောင်းသော အရာကို ငါ့ဘုရားရှင်၏ ဥာဏ်ဖြင့် ရှာသော်လည်း မတွေ့နိုင်ဟု ဘုရားပြောထားသည်ကို စာပေမှာ တွေ့ရသည်။
တခါက ရဟန္တာအရှင်မြတ် ပါလိတထေရ် (စက္ခုပါလ) အတိတ်ဘ၀ကံဆိုးတစ်ခုကြောင့် မျက်မမြင်ဘ၀ရောက်ခဲ့သည်၊ ဘုရားဖူးရန် ဘုရားရှိရာသို့ တူလေးဖြစ်သူ ကိုရင်ပါလိတနှင့် အတူ တောလမ်းခရီးက ဖြတ်ခဲ့သည်။ လမ်းခုလပ်မှာ ထင်ခွေသည့် အမျိုးသမီးလေး၏ သီချင်းသံကြားလိုက်ရသော ကိုရင်ပါလိတ မနေနိုင် မထိုင်နိုင်ဖြစ်ကာ ဦးလေး၏ တောင်ဝှေးကို ခဏလွတ်ကာ အသံရှိရာသို့သွားလိုက်သည်။ ကိုရင်လေးလဲ ထိုထင်းခွေ အမျိုးသမီးလေးနဲ့ပဲ သီလပျက်သွားပါတော့သည်။ ဦးလေးဖြစ်သူကလဲ ချက်ချင်းသိလိုက်တယ် ကိုရင်လေးပျောက်သွားတာရယ် သီချင်းအသံ ရပ်သွားတာရယ် တပြိုင်တည်းဖြစ်သွားတာကို ထောက်ဆပြီး ဒီကိုရင်တော့ သီလပျက်ပြီပေါ့။ ထိုနေရာမှာ စာကပြဆိုထားသေးတယ်၊ အမျိုးသမီးများ၏ အသံဆွဲငင်အားသည် ယောက်ျားများ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဆုပ်ယူ ဖန်းစားနိုင်သည်တဲ့။
မိသားစုတစ်စုတွင် အမေက သားကို ပိုချစ်သလို အဖေက သမီးကို ပိုချင်တယ်။ သမီးက အဖေကို ပိုချစ်သလို သားက အမေကို ပိုချစ်တယ်။ ညီမ, အစ်မက အစ်ကို မောင်လေးကို အစ်မ ညီမတို့ထက် ပိုချစ်သလို အစ်ကို ညီများကလဲ အစ်ကို ညီများထက် ညီမလေး အစ်မတို့ကို ပိုချစ်တယ်။ တကယ်ဆို တစ်မိတည်းက တစ်ဖအေတည်းက ပေါက်ဖွားလာတာချင်းအတူတူ ဘာ့အကြောင့် အချစ်တွေ မတူညီကြသလဲ၊ စိတ်ပညာအရဆိုရင် မတူညီတဲ့ ၀ိသဘာဂကို ပိုပြီး တွယ်တာကြတယ်၊ သံယောဇဉ်ရှိကြတယ်။ ဒါဟာ မတူညီတဲ့ ဆန့်ကျင်ဘက်တို့၏ ဆွဲငင်အားပဲ ဖြစ်သည်။
အမေနှင့်သားတို့၏ ဆွဲငင်အား
အင်္ဂုတ္တရနိကာယ် မာတာပုတ္တသုတ်မှာ သားအမိနှစ်ယောက်၏ ဇာတ်လမ်းတစ်ခု ဟောထားတာ တွေ့ရတယ်၊ သားဖြစ်သူက ရဟန်းဝတ်သွားတယ်၊ အမေဖြစ်သူကတော့ ဘိက္ခူနီမအဖြစ် ၀င်ရောက်သွားတယ်။ သားဖြစ်သူကလဲ အမေကို ခဏခဏ တွေ့ချင်သလို အမေဖြစ်သူကလဲ သူ့သားလေးကို မကြာမကြာတွေ့ချင်နေတယ်။ သူတို့စိတ်အတိုင်းပဲ ခဏခဏတွေ့ကြပါများတော့ တစ်ယောက်နှင့်တစ်ယောက် အကျွမ်းဝင် အရောဝင်မှုတွေဖြစ်လာတယ်၊ တစ်ယောက်ကို တစ်ယောက် သားအမိစိတ် မဟုတ်တော့ဘဲ ငြိကပ်တွယ်တာတဲ့စိတ်ကနေ ရာဂစိတ်တွေ ၀င်လာတယ်။ ရာဂစိတ်တွေ သောင်းကြမ်းလာတာနဲ့အမျှ သိက္ခာချ လူဝတ်လဲပြီး သားအမိနှစ်ယောက်သည် သားကျင့် မယားအကျင့်တွေအဆင့်ထိ ရောက်သွားကြတယ်။ ရာဂဘီလူးပူးဝင်လာတော့ သားက အမေလို့ မမြင်တော့ဘူး၊ အမေဖြစ်သူကလဲ သားအဖြစ် မမြင်တော့ဘူး။ ဒါ့ကြောင့် ဘုရားက လောကမှာ ဆွဲငင်အား အကောင်းဆုံးသည် မတူညီသော ဆန့်ကျင်သော အာရုံနှစ်ခုတို့ပဲ ဖြစ်ကြောင်း ဟောထားသည်။
အဆိပ်ပြင်းမြွေ
အဆိပ်ပြင်း မြွေအကိုက်ခံရသော သူ သေမှာပဲ။ ရဟန်းတော်များအတွက် မိန်းမတွေဆိုတာ အဆိပ်ပြင်းတဲ့ မြွေပဲ။ သူတို့၏ အပြုံးလေးမြင်လိုက်ရင် အကိုက်ခံရပြီ၊ အသံလေးကို ကြားလိုက်ရုံနဲ့ အဆိပ်တက်ပြီ။ သူတို့ရဲ့အကြည့် အပြုံးတွေကြောင့် အဆိပ်သင့်ပြီး သတိလွတ်သွားတယ်၊ သမဏသညာဆိုတဲ့ ငါ ရဟန်းပါလားဆိုတဲ့ အသိစိတ် သတိပါလွတ်သွားတယ်။ ဒါ့ကြောင့် မာတုဂါ- မသတ္တ၀ါများသည် ရဟန်းတွေ အတွက် အဆိပ်ပြင်းတဲ့မြွေဟု ဘုရားကပြောထားသည်။
တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက သူ၏ ကိုယ်တိုင်ရေး တစ်ဘ၀သံသရာစာအုပ်တွင် သူစာသင်သား ရဟန်းငယ်ဘ၀က အတွေ့အကြုံလေးကို ကဗျာလေးနဲ့စပ်ဆိုထားတယ်။ ရဟန်းငယ်ဘ၀ စာအံကျောင်းသွားစဉ်လို့ ထင်ပါသည်၊ အမျိုးသမီးငယ်တစ်ယောက် အနားက ဖြတ်လျှောက်သွားတာကို လှည့်တောင်မကြည့်ဘဲ သူ၏ အငွေ့နှင့်ပင် ခန္ဓာတစ်ခုလုံး ရှိန်းဖိန်းသွားသည်ဟု ဆိုသည်၊ ကဗျာ လေးချိုး တေးထပ် ၀ါသနာရော ကျွမ်းကျင်နိုင်နှင်းသော ဆရာတော်အလောင်းလျာသည် ချက်ချင်း ကဗျာစပ်လိုက်သည်။ ကဗျာကိုတော့ အစလောက်ပဲ မှတ်မိတော့ သည်။ ‘‘ ကြည့်ရုံ မြင်ရုံ အဆိပ်တက်သမို့ သိပ်ခက်သကွဲ့ အမိတို့ရေ’’ အစချီသော ကဗျာတစ်ပုဒ်ဖြစ်သည်။ ထိုကဗျာထဲတွင်။
ဒဋ္ဌ၀ိသမြွေ- ကြည့်ရုံ မြင်ရုံနဲ့ အဆိပ်တက်သည့်မြွေ၊ ဖုဋ္ဌ၀ိသမြွေ- ထိရုံနဲ့ အဆိပ်တက်သည့် မြွေဟု ရေးထားသည်၊ ပြည့်အစုံကိုတော့ ထိုစာအုပ်တွင် ဖတ်ကြည့်ပါလေ။ အသားထိခြင်း မြင်ခြင်းမျိုး မဟုတ်ဘဲ လေအရှိန်ကြောင့် ကိုယ်ငွေ့သည်ပင် အစွမ်းသတ္တိရှိနေရာကား ထိလိုက်တာနဲ့ အဆိပ်သင့်မှာ အမှန်ပင်ဖြစ်သည်။
တကယ်တော့ ဘုရားရှင်က အမျိုးသမီးတွေကို အပြစ်ပြောတာမဟုတ်ဘူး၊ သာသနာ့ဝန်ထမ်းရှင်ရဟန်းတွေဆိုတာ အမျိုးသားများ (ဖိုသတ္တ၀ါ)များသာ အဓိကဖြစ်နေသည်အတွက် ရဟန်းတော်များကို ကာကွယ်တဲ့ အနေနဲ့သော်၎င်း သူ့သာသနာအတွက်သော်၎င်း ၀ိသဘာဂဖြစ်သော ဆန့်ကျင်သော ဆွဲငင်အားပြင်းသော မသတ္တ၀ါများ၏ တပ်မက်ဖွယ်အာရုံတွေကို စက်ဆုတ်ဖွယ်အဖြစ် ကြောက်ဖွယ်အဖြစ် ရွံဖွယ်အဖြစ် ပေါ်လွင်အောင်ကို ဟောထားခြင်းပဲ ဖြစ်သည်။ ပါဠိစာပေနှင့် အခြားမဃဒေ၀လင်္ကာကဲ့သို့သော စာပေတွေမှာ များစွာတွေ့ရပါလိမ့်မယ်၊ မိန်းမများသည် ကောက်ကွေးသော မြစ်နဲ့တူ၏၊ မိန်းများမှ ထွက်လာသော အနံ့အသက်များသည် မြင်းအနံ့ (မြင်းချွေး) ရှိ၏ စသည်ဖြင့် များစွာတွေ့ရခဲ့သော် ဘုရားရှင်သည် ဤကဲ့သို့ သူ့သာသနာတော်ကို အလေးထားပုံတို့ကို ပို၍ ကြည်ညိုနိုင်ကြပါလေ။ ရဟန်းတော်များ ၀ိသဘာဂကြောင့် ကိလေသာ မပွားရလေအောင် ဟောထားခြင်းဖြစ်သဖြင့် ရဟန်းတော်များအတွက်သာ ဖြစ်ပါသည်။ အမျိုးသမီးများကို အပြစ်မပြောလို၊ အပြစ်သမီးများ ဂုဏ်ရည်များနှင့် အမျိုးသမီးသူရဲကောင်းများလည်း ရှိသဖြင့် ဧတဒဂ်ပေးကာ ချီးမြောက်ထားသည်လည်း ရှိသည်။
ဒီလောက် ကြောက်စရာကောင်းအောင် ရွံစရာကောင်းအောင် ဟောထားတာတောင် ဘာလို့ ကြိုက်ကြမှန်းကို မသိဘူး။ သူများက ထင်လိမ့် ကြီးကြီးကျယ်ကျယ်နဲ့ စာရေးသူကော မကြိုက်ဘူးလားလို့ မေးကောင်းမေးပါလိမ့်မယ်။ အဖြေကတော့ မညာတမ်းပြောရရင် ကြိုက်မိမှာ အမှန်ပါပဲ။ အဆိပ်ပြင်းတာကိုး။
ထို့ကြောင့် မိထွေးဂေါတမီ အမျိုးသမီးရဟန်းမ ဖြစ်ရေးကို အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အမျိုးသမီးများ သာသနာဝင်လာလျှင် သာသနာအသက်တိုမယ်ဆိုတာ မြင်လို့ မြတ်ဗုဒ္ဓက သူ့သာသနာမှာ အမျိုးသမီးရဟန်းမတွေကို ခွင့်မပြုခဲ့ဘူး။ သို့သော်လည်း ကျေးဇူးတရားတွေကို ထောက်ဆပြီး ၀င်ခွင့်ပြုတော်မူခဲ့ရတယ်။
အမျိုးသမီးများနှင့်ဆက်ဆံရာဝယ်
နောက်ပိုင်း မလွဲသာ မရှောင်သာ ဖြစ်လာခဲ့လျှင် အရှင်အာနန္ဒာအား မိန်းမများနှင့် မည်သို့ မည်ပုံ ဆက်ဆံရမည်ကို လမ်းညွှန်းထားသည်။ တခါက အရှင်အာနန္ဒာက ဘုရားရှင်အား မေးသည်၊ မိန်းများနှင့်တွေ့လျှင် ဘယ်လို ပြုကျင့်ရမလဲ? မကြည့်နဲ့ပေါ့ဟု ဘုရားကဖြေသည်၊ အမျိုးသမီးများနှင့်မမြင်အောင်နေပါ။ အကယ်၍ မဖြစ်မနေ မြင်နေရရင်ကော ဘယ်လိုလုပ်မလဲ ဘုရား? စကားမပြောပါနဲ့။ အကယ်၍ ပြောဖို့ကြုံလာရင်ကောဘုရား? သတိထားရမှာပေါ့။ သတိထားဆိုတာက အမေအရွယ်ဆို အမေလို သဘောထား၊ အဒေါ်အရွယ်ဆို အဒေါ်လို့ သဘောထားပါ။ အမအရွယ်ဆိုရင် ကိုယ့်အစ်မကဲ့သို့ စိတ်ထား၊ ကိုယ့်နှမအရွယ်ဆို ကိုယ့်နှမအရင်းလို စိတ်ထားပြီး ပြောပါ။ ဒီနေရာမှာပဲ ဘုရားက အမျိုးသမီးများနှင့် တစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ စကားမပြောဖြစ်အောင်ကို နေဖို့မှာထားသည်။ စကားပြောဖြစ်လျှင် အဆိပ်ပြင်းမြွေအကိုက်ခံရပါလိမ့်မည်။
ခက်တာက ရဟန်းဆိုတာ အမျိုးသမီးတွေကပဲ ဦးဆောင်ပြီး ဆွမ်းလောင်း ဟင်းလောင်းနှင့် အလှူအတန်းတွေမှာ သူတို့က အဓိကဖြစ်နေတာဆိုတော့ သူတို့နှင့် မတွေ့အောင် မမြင်အောင် စကားမပြောပြန်ရင်လဲ စားစရာ ရှားပါးသွားလိမ့်မည်။ တခါတရံ အမျိုးသမီးများကပဲ လူရန် တရားနာရန် သီလဆောက်တည်ရန် ရဟန်းတော်များဖူးမြင်ရန် တောင်းဆိုလာပါလိမ့်မယ်။ ဒါ့ကြောင့် မဖြစ်မနေ မြင်ရ တွေ့ရ ပြောကြရပြီးဆိုရင် ညီအကို မောင်နှမစိတ်မွေးပြီး သတိကပ်ထားဖို့ပဲ ဖြစ်ပါသည်။
ဒီပို့စ်ရည်ရွယ်ချက်
ဒီပို့စ်၏ဆိုလိုသည်မှာ အပိုင်း (၁) မှာတုန်းက ပြောထားသလို ခေတ်ကာလ အလျောက် ပေါ်ပေါက်လာတဲ့ အင်တာနက်ကနေပဲ ဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် ကျားသတ္တ၀ါ ဖြစ်သော ရဟန်းငယ်များနှင့် မသတ္တ၀ါတို့ အနှောင်ဖွဲ့စကားလေးတွေ ပြောကြခြင်းက အဆန်းမဟုတ်ပါဘူး။ မတူညီသော ဆန့်ကျင်ဘက် ၂ ခုတို့၏ ဆွဲငင်အားကြောင့်သာ ဖြစ်သည်။ ဒါဆိုရင် မြွေအကိုက်ခံရပြီပေါ့။
ဆွဲငင်အားတို့ မလွမ်းမိုးမိအောင်
သို့သော်လည်း ရဟန်း (ဘိက္ခု) ဆိုသူတို့သည် ထိုဆွဲငင်အားတို့မှ လွတ်ရာ လွတ်ကြောင်း အားထုတ်နေသူများ ဖြစ်ကြသည့်အတွက် ထိုဆွဲငင်အားတို့ မလွမ်းမိုးမိအောင်၊ အဆိပ်ပြင်းမြွေ မကိုက်မိအောင် ရှောင်နည်းများကို မြတ်ဗုဒ္ဓက နည်းမျိုးစုံနဲ့ ပြထားပါတယ်။
တခါက--သူဋ္ဌေးလေး ယသအမျိုးသားမှာ ဆောင်းရာသီ, နွေရာသီ, မိုးရာသီ ဟုသော ဥတုသုံးမျိုးအတွက် ထိုဥတုအသီးအသီးနှင့် သင့်လျော်သော နားနေဆောင် သုံးမျိုး ဖန်တီးထားသည်၊ ထိုအဆောင် သုံးမျိုးလုံးမှာလဲ မြိုနယ်အသီးသီးမှ အလှကလေးတွေ အလန်းကလေးတွေချည်း ပျော်ပါးဖို့ ခေါ်ထားသည်။ တနေ့တော့ သူအိပ်ယာက စောစော နိုးလာတော့တော့ သူမြင်လိုက်ရတဲ့ မြင်းကွင်းက ‘‘အချို့လန်းပါတယ်ဆိုတဲ့ မိန်းမလှလေးတွေတွေ ပါးစပ်ဟောင်းလောင်းနဲ့ အိပ်နေပုံ၊ အချို့ကလေးမလေးတွေကတော့ ပါးစပ်ဟောင်းလောင်းဖြစ်ရုံမဟုတ် တခေါခေါ တဂူးဂူး အသံအမျိုးစုံနဲ့ ဟောက်တောင် ဟောက်နေကြသေးတယ်၊ အချို့ကျပြန်တော့ တကျီကျီနဲ့ သွားကြိတ်အသံတွေ၊ အချို့ကတော့ ပါးစပ်က သွားရည်တွေ ယိုစီးလို့၊ အချို့ကျပြန်တော့ ဆံပင်တွေ စုတ်ဖွားဖြစ်ပြီး ရှုပ်ရှက်ခက်နေသည့် ဟန်အမျိုးမျိုး ပုံစံအမျိုးမျိုး’’တို့ကို မြင်လိုက်ရတော့ ‘‘အော်--ကြည့်စမ်း ဖီးလိမ်းခြယ်ထားတော့ လှတယ် တပ်မက်ဖွယ်လို့ ထင်ထားခဲ့ အလန်းလေးတွေက ကြည့်စမ်း-- အခုတော့ စပ်ဆုတ်ရွံဖွယ်တို့ဖြင့် ပြည့်နေသော အသုဘကြီးပါတကားးးးဟု တွေးပြီး သူ့စိတ်ထဲမှာ နဂိုတပ်မက်တဲ့ နေတဲ့ ရာဂစိတ်တွေ တဒင်္ဂ ကုန်သွားတယ်။ အဲဒီအချိန်ကစပြီး ရဟန်းပြုသွားကြတာပဲ။
ရဟန်းများ၏ ယူနီဖောင်း
ဘုရားရှင်က အဆိပ်ပြင်းမြွေ အကိုက်ခံရခြင်းမှ ကာကွယ်ဖို့ သူ့တပည့်တွေကို ပုံစံတစ်မျိုး လူဝတ်ကြောင်များနှင့် မတူအောင် ဖန်တီးပေးထားခြင်းဖြစ်ပါတယ်။ သူတီထွင် ဖန်တီးထားတဲ့ ယူနီဖောင်းပုံစံက တပ်မက်စရာမရှိ အလှအပကင်းတဲ့ ပုံစံပါ။ ကာလာစုံ အရောင်စုံတွေကို ပယ်ပြီး တစ်ရောင်တည်း တစ်သွေးတည်းသော အ၀တ်၊ ပုံစံမျိုးစုံ မရှိ တစ်မျိုးတည်းသော ပုံစံ၊ ညက်ညော ပြေပြစ်သော အ၀တ်မျိုးမဟုတ်ဘဲ လယ်ကွင်း လယ်ယာကဲ့သို့သော အကြောင်းလိုက် အကွက်လိုက်သော ချုပ်ရိုးများဖြင့် ဖန်တီးထားသော အ၀တ်၊ ပုခုံးတစ်ဖတ်ဖော်သော စတိုင်လ်၊ အလှ အပနှင့် တပ်မက်မှုကို ဖြစ်စေသော အမွှေးအမြင်မှန်သမျှ ပယ်ပြီး လူများနှင့် မတူသော ပုံစံသစ်တစ်ခုကို ဖန်တီးပေးလိုက်ခြင်းဟာလဲ တပ်မက်စရာ မရှိအောင်၊ အဆိပ်ပြင်းမြွေ အကိုက်မခံရအောင် ဖန်တီးပေးလိုက်ခြင်းပဲ ဖြစ်ပါသည်။ ထို့ကြောင့် အဆိပ်ပြင်းမြွေမှကာကွယ်သော ယူနီဖောင်းကို တန်ဖိုးရှိရှိ ၀တ်ရုံသင့်ပါတော့ သတည်းးးး။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၆-၂၀၁၁
`အနုမောဒနာ သြဝါဒ´ တရားတော်(၃)
4 years ago
0 comments:
Post a Comment