စာမိတ်ဆက်
မနက်ဖန်ဆို ၀ါဆိုလပြည့်နေ့၊ သဘက်ခါဆို ရဟန်းတော်များ ၀ါကပ်တော်မူကြရတော့မည်။ ၀ါဆိုကာလဆိုတော့ မြန်မာပြည်တစ်ဝှမ်းရော အခြားဗုဒ္ဓဘာသာနိုင်ငံတွေပါ ၀ါဆိုသင်္ကန်းကပ်တဲ့ အလေ့အကျင့် အလွန်ကိုပဲ ပေါ်ပြူလာ ဖြစ်နေပါသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နာမည်ကြီးတက္ကသိုလ်ကြီးတစ်ခုမှာ ပညာသင်နေကြသော စာရေးသူ၏ သူငယ်ချင်း အများအပြား ရောက်လာနေကြပါပြီ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အပြင် ထိုမြို့မှာလဲ မြန်မာမိသားစု အမြောက်အမြား ရှိနေတော့ တစ်ပိုင်တစ်နိုင် ဘာသာရေးပွဲလေးတွေ ရှိနေကြသည်။ ထိုဘာသာရေးပွဲတွေအတွက် သူငယ်ချင်းများက ဟောရပြောရမည်ဖြစ်သည်။ ၀ါဆိုသင်္ကန်းကပ်လေးတွေလဲ တန်းစီနေတယ်တဲ့။ ကြည့်စမ်း စာရေးသူတို့ကို ကြွားနေလိုက်တာ၊ ကြွားနိုင်တာပေါ့ ကုလားပြည်မှာ နေတဲ့သူကို ကြွားနိုင်တာပေါ့။ အခုလောလောဆယ်တော့ သူငယ်ချင်းက အရှင်ဘုရား ၀ါဆိုသင်္ကန်းနှင့်ပတ်သက်တဲ့ ပို့စ်လေး တင်ပါဦးတဲ့။ ဟောရေးပြောရေးအတွက်တော့ မဟုတ်ဘဲ ဗဟုသုတအဖြစ် ပို့စ်ရေးဖို့ စိတ်ကူးဝင်မိသည်။ စာရေးသူလဲ စဉ်းစားလိုက်ဦးမည်၊ အဆင်ပြေရင် ရေးပြီးတင်လိုက်ပါမည်ဟူ၍သာ ပြန်ကြားလိုက်သည်။
အကြောင်းရှာကြံ ကောင်းမှုကံ
စာရေးသူတို့နိုင်ငံမှာ လအလိုက် အလှူအတန်းတွေ၊ ဘာသာရေးပွဲတွေ၊ ကထိန်အချိန် ကထိန်သင်္ကန်း၊ ၀ါဆိုအချိန် ၀ါဆိုသင်္ကန်းစသည်မြင့် အလှူအတန်းတွေကို နာမည်တပ်ပြီး နည်းမျိုးမျိုးနဲ့ ကုသိုလ်ပြုနေကြတာဖြင့် ချစ်စရာကောင်းသည့် သဒ္ဓါတရားပင်ဖြစ်သည်။ ‘‘နာနာအာရမ္မဏံ အာရဗ္ဘ မစ္ဆေ ဒါနံ မလာဘိဘူ’’ ဟု ငယ်ငယ်က ရဖူးတဲ့ စာပိုဒ်ကလေးတစ်ခု ဖြစ်ပါတယ်၊ ဘယ်အထဲပါမှန်းလဲ မသိဘူး၊ ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ ‘‘ကောင်းမှုကုသိုလ်ဆိုတာ အကြောင်းအမျိုးမျိုးရှာကြံပြီး’’ ပြုတတ်ရတယ်တဲ့ ဟုဆိုသည်။ မွေးနေ့ပွဲရောက်တော့ မွေးနေ့အလှူ၊ နာမည်ပေးအလှူ၊ မင်္ဂလာ တစ်နှစ်ပြည့် နှစ်နှစ်ပြည့်အလှူ၊ စာမေးပွဲအောင်လို့ အလှူ စသည်ဖြင့် အကြောင်းရှာကြံပြီး ပြုတတ်ရသည်။
ယခုအချိန်မှာလဲ ၀ါဆိုလဆန်းတစ်ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ၀ါဆိုအလှူအချိန်အခါ ရောက်နေပြီဖြစ်၍ ၀ါဆိုအလှူများ နေရာအနှံ့ပြား ပြုလုပ်နေကြပါသည်။ အထူးသဖြင့် ၀ါဆိုသင်္ကန်းကပ်အလှူများ ကျင်းပကြသည်။
ဝါဆိုသင်္ကန်းအလှူ သမိုင်း
ဝါဆိုသင်္ကန်းကပ်ခြင်းဆိုတဲ့ အလှူဒါနသည် ၀ိသာခါကျောင်းအမကြီးကျေးဇူးကြောင့် ဖြစ်ပေါ်လာခဲ့တာ ဖြစ်သည်။ ထိုအလှူကို လှူသူတိုင်းက ၀ိသာခါ ကျောင်းအမကြီးကို အားကျ အမှတ်ရကြပါလိမ့်မည်။ ၀ိသာခါကျောင်းအမကြီးသည် ထုံစံအတိုင်း သူဆောက်လုပ် လှူဒါန်းထားသော ပုဗ္ဗာရုံကျောင်းကို တစ်နေ့ နှစ်ကြိမ်အနဲဆုံး ရောက်သည်။ ကျောင်းသွားရင်လဲ လက်ဗလာချည်း သွားလေ့သွားထ မရှိ၊ မနက်ပိုင်းသွားရင် မနက်အတွက် ရဟန်းသာမဏေများ ဘုန်းပေးနိုင်တဲ့ အစားအစာများ၊ ညနေပိုင်းသွားရင်လဲ ညနေပိုင်းအတွက် အဖျော်ရည်များ ယူဆောင်သွားလေ့ရှိသည်။ စာထဲမှာတော့ ကျောင်းအမကြီးလာရင် ကိုရင်ငယ်လေးတွေက ကျောင်းအမကြီး လက်ထဲ ဘာပါလဲဆိုတာ ကြည့်ကြသတဲ့၊ ထိုအဖြစ်ကို သိသော အနာထပိဏ်၊ ၀ိသာခါတို့သည် ကျောင်းသွားတိုင်း လက်ဗလာ မသွားဟု ဆိုသည်။
ယခု အကြိမ် ၀ိသာခါကျောင်းသွားတဲ့ အချိန်က ၀ါဆိုလဖြစ်သည်။ ကျောင်းရောက်တော့ ဘုရားနဲ့တွေ့ တရားစကားများ နာယူပြီး နောက်နေ့မနက်အတွက် ဘုရားအမှူးရှိသံဃာများ အိမ်ကို ဆွမ်းစားကြွဖို့ ပင့်ဖိတ်ခဲ့တယ်။
နောက်တစ်နေ့မနက် မိုးလင်းချိန် ကျွန်းကြီးလေးကျွန်းလုံး မိုးအကြီးအကျယ် ရွာသွန်းချလေတော့သည်။ ဘုရားခွင့်ပြုချက်အရ ရဟန်းတော်တွေ သင်္ကန်း (ရေစနုပ်)မပါဘဲ ရေချိုးနေချိန် ၀ိသာခါ၏ တပည့်မ တစ်ယောက် ဆွမ်းစားချိန်ရောက်၍ ကျောင်းကို ရဟန်းတွေလာပင့်တော့ ရဟန်းတစ်ပါးမှ မတွေ့ဘူး အ၀တ်မပါ တက္ကဒွန်းတွေပဲ တွေ့ခဲ့တယ်ဆိုပြီး ပြန်လာ၊ ၀ိသာခါသည် အသိလိမ္မာရှိသူဖြစ်သည်ဖြစ်ရာကား မိုးရွာတုန်း အ၀တ်မပါဘဲ ရေချိုးနေကြသော ရဟန်းတွေပဲဖြစ်မည်ဟု သိသဖြင့် နောက်တစ်ကြိမ် ကျောင်းသို့ သွားပင့်ခိုင်းပြန်၊ ထိုအချိန်မှာတော့ ရဟန်းတော်များ သင်္ကန်းများယူဆောင်ပြီး မိမိတို့ အသကအသက နေရာမှာ သွားပြီး ရေချိုးပြီး စိုရွှဲနေသော ခန္ဓာကို ချောက်သွေ့အောင်လုပ်နေရာသည်။ ကျောင်းမှာ ဘယ်ရဟန်းကိုမှ မတွေ့ရဘဲ ပြန်သွားပြန်သည်၊ ၀ိသာခါသည် ဒီအခြင်းအရာကိုလည်း သိသည်။ နောက်တစ်ကြိမ်ကျောင်းသို့ လွတ်ပြန်သည်၊ ထိုအချိန်မှာတော့ ဆွမ်းစားကြွချိန်တန်ပြီးဖြစ်၍ မြတ်စွာဘုရားက ရဟန်းတော်အားလုံးသင်္ကန်းများ ပြင်ဆင်ပြီး စုရုံးခိုင်းသည်။ ဘုရားရှင်၏ တန်ခိုးဖြင့် ၀ိသာခါအိမ်ပေါက်ရောက်သွားသည့်အခါ ၀ိသာခါ အံ့ကြရပြန်သည်၊ စောစောလေးကမှ မိုးအကြီးအကျယ် ရွာထားသဖြင့် လမ်းတစ်လျှောက်လုံးသည် ခါးလောက် မြုပ်နိုင်လောက်အောင် ရေတွေဖြင့် လွှမ်းနေသည်၊ သို့သော်လည်း ဘုရားရှင်နှင့် ရဟန်းသံဃာအားလုံး သင်္ကန်းများ ရေမစိုသည့် အပြင် ခြေမျက်စိလေးကိုတောင်မှ ရေစိုထားတာ မတွေ့ရ။
ဆု ၈မျိုး
ဘုရားနှင့်ရဟန်းသံဃာများ ဆွမ်းကပ်ပြီး ကျောင်းအမကြီးသည် အရှင်ဘုရားအား တပည့်တော် ဆုလာဘ် ၈ မျိုး သနားချီးမြောက်တော်မူပါဘုရားဟု လျှောက်ထားလေသည်။ အပ်စပ်သောဆုဆို တောင်းစေ ဟု ဘုရားခွင့်ပြုတော်မူသောကြောင့် အောက်ပါဆို ဆု ၈ မျိုးကို တောင်းသည်။ ဘုရားလည်း ခွင့်ပြုသည်။
(၁) အသက်ထက်ဆုံး ရဟန်းတော်များအား ၀ါဆိုသင်္ကန်းလှူခွင့်ပြုရန်
(၂) ကျောင်းသို့ ရောက်လာကြသော အာဂန္တု ဧည့်သည် ရဟန်းတော်များအား ဆွမ်းဟင်းများ လှူခွင့်ပြုရန်
(၃) ခရီးသွား ရဟန်းတော်များအား ဆွမ်းဟင်းများ လှူခွင့်ပြုရန်
(၄) မနာမကျန်းဖြစ်နေသော ရဟန်းကို ပြုစုလုပ်ကျွေးနေသော ပုဂ္ဂိုလ်အား ဆွမ်းဟင်းများ လှူခွင့်ပြုရန်
(၅) မနာမကျန်းသော ရဟန်းအား ဆွမ်းဟင်းများ လှူရန်
(၆) မနာမကျန်းဖြစ်သော ရဟန်းအား ဆေးပစ္စည်းများ လှူရန်
(၇) အမြဲမပြတ် ဆန်ပြုတ် (ယာဂု)ဆွမ်းလှူရန်
(၈) ရဟန်းမ (ဘိက္ခုနီမ)တို့အား ရေသနုပ်လှူရန် တို့ဖြစ်သည်။
တကယ်တော့ ဒီဆု ၈ မျိုးကို သုံးသပ်ကြည့်မယ်ဆိုရင် ၀ိသာခါ ကျောင်းအမကြီးသည် အလှူဒါနပြုဖို့ အကြောင်းအမျိုးမျိုးရှာခြင်းပဲ ဖြစ်သည်။ သဒ္ဓါတရားကြီးသူတိုင်းသည် ဤကဲ့သို့ အကြောင်းရှာ ကောင်းမှုပြုလေ့ရှိသည်။
နံပါတ် (၁) ၀ါဆိုသင်္ကန်းဆိုတာ တကယ်တော့ ၀ါတွင်းကာလမှာ မိုးများတော့ သင်္ကန်းကုန်လွယ်သည်၊ သင်္ကန်းခဏခဏ လျှော်ပြန်ရင်လဲ သင်္ကန်းအရောင်ဖျော့ပြီး ပျက်စီးမြန်မည်၊ ထို့ကြောင့် သင်္ကန်းကို ရေမစိုအောင် ရဟန်းတော်များ ကိုယ်တုံးလုံး ရေချိုးကြသည်။ ထိုအခြင်းအရာကို ဘာသာခြားများသော်၎င်း ရတနာသုံးပါးကို ကြည်ညိုသူများသည်၎င်း အကြည်ညိုပျက်မည်ကို စိုးသဖြင့် နောင် ကိုယ်တုံးလုံး ရေမချိုးဘဲ ရေသနုပ် ၀ဿိကသာဋိက မိုးရေခံသင်္ကန်းကိုအသုံးပြုရန် ရည်ရွယ်၍ လှူခြင်းဖြစ်သည်။ ယနေ့ခေတ်သစ် ၀ါဆိုသင်္ကန်းကတော့ မိုးရေခံသင်္ကန်းမဟုတ်၊ အစုံလိုက် အစုံလိုက်လှူကြသည်။ ဘုရားရှင်ကလဲ သူ့တပည့်များ သင်္ကန်းအတွက် ကြောင်းကြစိုက်စရာ မလိုရအောင် ခွင့်ပြုလိုက်သည်။
နံပါတ် (၂) မှာတော့ ဧည့်သည် ရဟန်းတော်တွေဆိုတာ လမ်းမကျွမ်းကျင်ကြဘူး၊ ဘယ်နေရာ ဘယ်လိုသွားပြီး ဆွမ်းခံစားရမည်ဆိုတာလဲ မသိဘူး၊ ထိုဧည့်သည် ရဟန်းတော်များ မပင်ပန်းရလေအောင် ရည်ရွယ်၍ ဒီလှူခွင့်ဆုကို တောင်းခြင်း ဖြစ်သည်။ မှန်ပါသည်၊ စာရေးသူ ငယ်ငယ်က ရန်ကုန် ခဏလာနေဖူးသည်၊ ရန်ကုန်မြို့ကြီးသည် စာရေးသူတို့ နေသည့် နေရာနှင့်မတူသည့်အတွက် ရောက်ခါစ ရဟန်းတော်များ သာမဏေများ ဆွမ်းရေးအတွက် ခက်ခဲသည်၊ ဘယ်နေရာ ဘယ်လိုသွားပြီး ဆွမ်းခံစားရမလဲဆိုတာ မသိ၊ ဆွမ်းခံအိမ်များ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ဖိတ်နေရသည်မှာလဲ အလွန်ရှက်စရာ။ ထိုကဲ့သို့ စားရေးနှင့်ပတ်သက်ပြီး စိတ်မပင်ပန်းစေရန် ရောက်ခါစနှင့် ဧည့်သည်ရဟန်းများအား သီးသန့်လှူသည့် အလှူမျိုးကို အာဂန္တုကဘတ် ဟု ခေါ်သည်။ ထိုကဲ့သို့ အလှူမျိုးကို လှူနိုင်ဖို့ စဉ်းစားနိုင်သူမှာလည်း အလှူတစ်ခုပြုလုပ်ရန် အကြောင်းရှာနေသော သဒ္ဓါတရားရှိသူတို့သာ တတ်နိုင်ကြသည်။
နံပါတ် (၃) တွင် ခရီးသွားရဟန်းတော်များသည် ကိုယ်သွားမည့် နေရာကို ဆွမ်းစားချိန် အချိန်မီ မရောက်နိုင်ဖြစ်၍ ပင်ပန်းကြလိမ့်မည်၊ ထိုအရေးကို မျှော်၍လည်း ဂမိကဘတ် ခေါ် ခရီးသည် ရဟန်းများလှူသည့် သီးသန့်အလှူကိုလဲ တောင်းဆိုခဲ့သည်။
နံပါတ် (၄) လူနာစောင့်အတွက် ဆွမ်းဟင်းအလှူဖြစ်သည်၊ လူနာစောင့်သည် လူနာအတွက် စောင့်ရှောက်နေရသဖြင့် သူ၏စားချိန်သောက်ချိန် အချိန်မီ ဆွမ်းဟင်းမရလျှင် ပင်ပန်းမည့်အရေးကို တွေး၍ ဂိလာနုပဋ္ဌကဘတ် အလှူကိုလည်း သီးသန့်တောင်းသည်။
နံပါတ် (၅) အလှူတွင်မူ ဂိလာန လူနာသည် သင့်တော်သော အစားအစာ မရလျှင် ရောဂါပိုတိုးမည်၊ ပိုပင်ပန်းမည့် အရေးကို မျှော်တွေး၍ ဂိလာန ရဟန်းများအား သီးသန့်လှူခွင့်ပြုရန်ကိုလဲ တောင်းဆိုခဲ့သည်။ ထို နံပါတ် (၄)နှင့် (၅) ဆုမျိုးကို သီတဂူအာယုဒါန ဆေးရုံက လက်တွေ့ကျကျ အားထုတ်နေသည်။ ထိုဆုမျိုးအားထုတ်လိုသော ၀ိသာခါကျောင်းအမများကို သီတဂူက ကြိုဆိုနေပါသည်။
နံပါတ် (၆) ဆုမှာကား လူနာအတွက် ဆေးပစ္စည်းအလှူပဲ ဖြစ်သည်။ အကယ်၍ လိုအပ်သော ဆေးဝါး မရပါက ထိုလူနာ ရဟန်း ပင်ပန်းမည်၊ ရောဂါ ပိုဆိုးဝါးလာမည်၊ အထိုအဖြစ်ကို တွေး၍ ဂိလာနဘေသဇ္ဇအလှူ ဖြစ်သည်၊ ယနေ့ခေတ် သီတဂူအာယုဒါနဆေးရုံတော်တွင် ၀ိသာခါ ကျောင်းအမကြီး၏ နံပါတ် (၆) ဆုကို အားကျ ကြည်ညိုကြသဖြင့် ၀ိသာခါကျောင်းအမကဲ့သို့သော ဆေးအလှူရှင်များကို များစွာ တွေ့ရပါသည်။ ထိုဝိသာခါကဲ့သို့သော ကျောင်းအမများကို သီတဂူက ကြိုဆိုနေပါသည်။
နံပတ် (၇) အလှူမှာကား ဘုရားရှင်ကား ဆန်ပြုတ်သောက်ခြင်း အကျိုးများကို ဟောထားသဖြင့် ထိုဆန်ပြုတ်သည် ကျန်းမာရေးအတွက် အလွန်ကောင်းသည်ဖြစ်ရကား ရဟန်းသံဃာများ အမြဲမပြတ် ယာဂု (ဆန်ပြုတ်)ဆွမ်းလှူခွင့် ပြုရန်လည်း တောင်းဆိုခဲ့သည်။ သီတဂူအာယုဒါနဆေးရုံတွင် မနက်တိုင်း ဂိလာန လူနာများကို ဆန်ပြုတ် လှူသည်။
နောက်ဆုံး နံပါတ် (၈) ခုမြောက် ဆုမှာကား တစ်နေ့တော့ ဘိက္ခုနီမတွေ ပြည်တန်ဆာတွေနဲ့ အတူ လူသူ မရှိတဲ့ အစိရ၀တီမြစ်မှာ အ၀တ်မပါဘဲ ရေးဆင်းချိုးကြသည်၊ ပြည်တန်ဆာ အမျိုးသမီးတွေက ထိုရဟန်းမများကို လှောင်ပြောင်ကြသည့်အတွက် အရှက်ရကြသည်၊ မျက်နှာမကောင်းဖြစ်ကြသည်၊ အ၀တ်မပါဘဲ ရေချိုးခြင်းသည်ကား အမျိုးသမီးများအတွက် မသင့်တော်ပါ၊ ထိုအရေးများကို သိသော ကျောင်းအမကြီးသည် ဘိက္ခုနီမများအတွက် ရေသနုပ်အလှူကို တောင်းဆိုခြင်းဖြစသည်။
ဤဆု ၈ မျိုးကို စဉ်းစားကြည့်သော် ကျောင်းအမကြီးသည် အလှူတစ်ခု ပြုနိုင်လုပ်ရေးအတွက် ထောင့်စုံကနေ ရဟန်းတော်များ၏ အခက်အခဲကို ရှာဖွေသည်၊ အထိုအခက်အခဲကို ဖြည့်စီးပေးသည်မှာလည်း ကျောင်အမကောင်း တစ်ယောက်ပင်ဖြစ်သည်။ ရဟန်းသံဃာများကို ကိုယ့်သားရဟန်းများဟု သဘောထားကာ မေတ္တာ ကရုဏာ ရှေ့ရှုသော တောင်းဆု ၈မျိုးဖြစ်သည်။ ထိုအချိန်အခါကစပြီး ၀ိသာခါကျောင်းအမ ကျေး၊ဇူးနဲ့ ဒီကနေ့ခေတ် ၀ါဆိုသင်္ကန်းအလှူများ နေရာအနှံ့အပြားမှာ တွေ့မြင်နေကြရသည်။
သင်္ကန်းလှူရကျိုး
သင်္ကန်းလှူရခြင်းကြောင့် သေချာတဲ့ အကျိုးကတော့ ရဟန်းတော်များ သင်္ကန်းအတွက် မပူရ မပင်ပန်းရခြင်းဖြစ်သည့်အတွက် ရဟန်းအလုပ် ချမ်းချမ်းသာသာ လုပ်နိုင်သည်။ ထိုသင်္ကန်းက ထိုအသုံးပြုသော ရဟန်းအား အရှက်ကိုလည်း ကာကွယ်မယ်၊ အချမ်း အပူ လေ နေစတဲ့ ရာသီဥတုဒဏ်ကိုလည်း ဆောင့်ရှောက်မည်၊ မှည့်, ခြင်, ယင်, ပိုးမွှားစသော အန္တရာယ်မှလည်း ကာကွယ်စောင့်ရှောက်သဖြင့် ရဟန်းအလုပ်ကို ချမ်းချမ်းသာသာ လုပ်ခွင့်ရမည်။ လှူတဲ့သူမှာ တန်ပြန်အနေနဲ့ ထိုအကျိုးများရရှိမည်။
သင်္ကန်းလှူခြင်းကြောင့် အသားရေလှပခြင်း၊ ကျန်းမာခြင်း စတဲ့ကုသိုလ်၏ အကျိုးများအပြင် အချိန်အခါအလျောက် လှူခွင့်ရသည့်အတွက် ကာလဒါနဖြစ်သည်၊ ထိုအကျိုးကတော့ လိုတရ ပဲဖြစ်သည်။
အမျိုသမီးများ သင်္ကန်းလှူခြင်းကြောင့် ၀ိသာခါကျောင်းအမကြီးပိုင်ဆိုင်သည့် စိန်ရွှေရတနာပေါင်းစုံ စီခြယ်ထားသည့် ကိုးကုဋေတန် မဟာလတာ မြတ်တံဆာကြီးကိုလဲ ပိုင်ဆိုင်ဦးမည်။ နောက်ဆုံး အာသဝေါကင်းကွာ ရဟန္တာမကြီးဖြစ်မည်။
အမျိုးသားများအတွက်တော့ ဧဟိဘိက္ခုနဲ့ ရဟန္တာ ဖြစ်ခွင့်ရမည်။ ဘုရားလက်ထက်က ပဉ္စ၀ဂ္ဂီတို့ ယသအမျိုးကောင်းသားတို့သည် ရှေးက သင်္ကန်းပရိက္ခရာလှူဒါန်းခဲ့ခြင်းကြောင့် ဘုရားနဲ့တွေ့တော့ သိမ်တွေ ကမ္မ၀ါတွေ ရွတ်ဖတ်ပေးစရာမလိုဘဲ သင်္ကန်းသပိတ် ရှာစရာ မလိုဘဲ ဘုရားက ‘‘ဧဟိ ဘိက္ခ’’ ငါ့ရှင် ရဟန်း လာခဲ့ လို့ ခေါ်လိုက်ရုံနဲ့ အလိုအလျောက် ၀ါတော် ၆၀ ရ မထေရ်ကြီးကဲ့ သပ္ပါယ်တင့်တယ်စွာ ဖူးမျှော်ရသည်။
ဘာဟိယဒါရုစိယ အမျိုးသားသည် ဘုရားနဲ့တွေ့လို့ တရားနားလိုက်ရခြင်းကြောင့် ရဟန္တာဖြစ်သွားပါလျက် သင်္ကန်းပရိက္ခရာ မရှိလို့ ရဟန်းမဖြစ်လိုက်ရ၊ ဘုရားကလဲ သူ့ရဲ့အတိတ်က သင်္ကန်းလှူခဲ့တဲ့ ဒါန မရှိခဲ့တော့ ဧဟိ ဘိက္ခု ခေါ်ခွင့်မရ၍ လမ်းမှာပဲ နွားမခွေ့သတ်လို့ သေရသည်။ ရဟန္တာဖြစ်လျှင် လူဝတ်ကြောင်ဘ၀နဲ့ ရပ်တည်ခွင့်မရ၊ ရဟန်းပြုရင် ပြု မပြုလျှင်တော့ ပရိနိဗ္ဗာန်ပြုရသည်။ ဘာဟိယဒါရုစိယ အမျိုးသားကတော့ ရှေးက၀ဋ်ကြွေးကြောင့် ထိုနေရာမှာပဲ ဘီလူးမ ဟန်ဆောင်သော နွားမခွေ့အသတ်ခံရသည်။ သင်္ကန်းမလှူခဲ့ခြင်းကြောင့် အလွယ်တကူ ရဟန်းဖြစ်ခွင့်မရလိုက်။
ဤသို့အားဖြင့် အလွယ်တကူ ရဟန်းဖြစ်ခွင့် ရဟန္တာဖြစ်ခွင့်များ ရလိုပါလျှင် သင်္ကန်းလှူကြပါလေ---------။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၇-၂၀၁၁
`အနုမောဒနာ သြဝါဒ´ တရားတော်(၃)
4 years ago
0 comments:
Post a Comment