ဤကဲ့သို့ အဆင်ပြေသလို နေရာခင်းကျင်းကာ ၀ါကပ်တော်မူကြပုံ
စာမိတ်ဆက်
ဒီတစ်ပတ် ရှားရှားပါးပါး အလှူ (အပိုင်း-၄) တွင် အလှူတစ်ဦးကို ဂုဏ်ပြု သော ပို့စ်တစ်ခု တင်ပါဦးမည်။ နေ့ထူးနေ့မြတ်အတွက် အထူးပို့စ်လဲ ဖြစ်သည်။ ဒီကနေ့ နေ့ထူးနေ့မြတ်ဖြစ်သည့် ရဟန်းတော်များ ၀ါကပ်သည့် နေ့ ၀ါဆိုလပြည့်ကျော် (၁) ရက်နေ့မှာပဲ စောယကောလိပ် ဆန်စခရစ်ဌာနနှင့် ပါဠိဌာနတွင် ဒေါက်တာဘွဲ့အတွက် စာတမ်းရေးနေကြသော Ph.D ကျောင်းသား ၁၈ ပါး (ယနေ့ရှိ) တို့အား နေ့ဆွမ်းအတွက် ဆွမ်းဟင်းများ ဆန် ဆီ အသီးအနှံနှင့် အဖျော်ရည်ဗူးများ လာလှူသွားသည်။ ထိုမိသားစု၏ ၅ ကြိမ်မြောက် အလှူဖြစ်သည်။
ဒီတစ်ပတ်တော့ ဒါနအကြောင်း မရေးတော့ပဲ ၀ါဆိုလပြည့်ကျော် (၁) ရက် ၀ါကပ်ရခြင်းအကြောင်းနှင့် အလှူရှင် ဒကာကြီး ဦးကျော်ဆွေနှင့် ဆွေးနွေးထားသော ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင် အကြောင်း အနဲငယ် ပို့စ်တစ်ခုသာ တင်ပြပါမည်။
ဒီနေ့ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ဆိုတော့ ရဟန်းတော်များ ၀ါကပ်တဲ့ နေ့ဖြစ်သည်။ ညပိုင်း ၉ နာရီလောက်မှာ စာရေးသူတို့ စောမကောလိပ်ရှိ Ph.D ကျောင်းသားတွေ အဆောင်မှာပဲ တစ်စုတစ်ဝေးတည်း နေရာကျဉ်းကျဉ်းလေးမှာ အဆင်ပြေသလို ခင်းကျင်းပြီး ၀ါဆို ၀ါကပ်ဖြစ်ကြသည်၊ စုပေါင်း မေတ္တာသုတ် ရွတ်ပြီး သာဓုခေါ်ကာ ၀ါကပ်အစီအစဉ်ပြီးသည်၊ အရှင်မြတ်တစ်ပါး ဖျော်ရည်ကပ်သည်၊ ဖျော်ရည်ဘုန်းပေးရင်း ဆွမ်းဟင်းချက်ခြင်းနှင့်ပတ်သက်ပြီး နဂိုရှိပြီးသားအဖွဲ့ကို အတည်ပြုပြီး နောက်ထက် တစ်ဖွဲ့တိုးသဖြင့် ၄ ဖွဲ့ဖြစ်သွားသည်၊ ၄ ပါးတစ်ဖွဲ့သည် တစ်လ တစ်ကြိမ်တာဝန်ကျမည်။ စာသင်တိုက်တွင် နေခဲ့စဉ်က ဆွမ်းချက်တာဝန် ဆွမ်းဟင်းခွက်ချတာဝန် ခွက်ဆေး တာဝန်များ လုပ်ခဲ့စဉ်က ဘ၀လေးကို ပြန်မြင်ယောက်မိသည်။
အလားတူ ဗုဒ္ဓဘာသာနိုင်ငံအားလုံးရှိ ရဟန်းတော်များ ၀ါကပ်ကြရသည်။ ၀ါကပ်သည်ဟုဆိုသည်မှာ ၀ဿံ ဥပေမိ ဟုသော ပါဠိမှ ဆင်းသက်လာသော မြန်မာစကားဖြစ်သည်။ ဆိုလိုသည် ၀ါဆိုလပြည့်ကျော် (၁) ရက်နေ့မှာ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့အထိ ၀ါတွင်း (၃) လ အတွင်း မိမိတို့နေရာမှာ ကပ် (နေ) ကြရသည်။ ဣမသ္မိံ ၀ိဟာရေ (အာရာမေ) ၀ဿံ ဥပေမိ ဟုဆိုကာ ၀ါကပ်ကြသည်။
ဝါကပ်ရခြင်းအကြောင်း
ဝါတွင်းကာလ, မိုးရာသီအချိန်သည် ကောက်ပဲ သီနှံများ စိုက်ပျိုးရာ အချိန်ဖြစ်သည်။ စိမ်းစိမ်းစိုစို သော ကောက်ပဲသီးနှံများ အညွှန့်တလူလူ တက်လာချိန်ဖြစ်သည်။ ထိုအချိန်မှာ ရဟန်းတော်များသည် ဘုရားဖူးရန်သော်လည်ကောင်း၊ အခြားအကြောင်းများကြောင့်လည်ကောင်း လယ်ခင်း ယာခင်းများကို ဖြတ်ပြီး ခရီးကြွကြသဖြင့် အညွှန်တလူလူတက်နေသော စိုက်ပျိုးခင်းများကို နှင်းမိသည်၊ ယာပိုင်ရှင် လယ်ပိုင်ရှင်များက ကဲ့ရဲ့အပြစ်တင်ကြသည်၊ ထိုကဲ့ရဲ့သော လူများသည် ဗြဟ္မဏ၀ါဒ ရှိသူများဖြစ်ရာကား သစ်ပင်များ အသက်ရှိဟု ယူဆကြသည်။ ထို့ကြောင့် ရဟန်းများ သစ်ပင်များကို သတ်သည်ဟု စွပ်စွဲသည်၊ ဒီလိုအချိန်မှာ ငှက်ကလေးများသည်ပင် သူတို့အသိုက်ကလေးထဲမှာပဲ ဘယ်မှ မသွားပဲ နေကြသည်။ ဒီရဟန်းတွေကတော့ မိုးတွင်းတောင်မှ ကိုယ့်နေရာကိုယ် မနေနိုင်ကြဘဲ ခရီးသွားနေကြသည် ဟုသော လူတို့ကဲ့ရဲ့သော စကားကြောင့် ရဟန်းများ ၀ါတွင်း ဘယ်မှ မသွားရ ၀ါကပ်ရမည် ဟုသော အမိန့်ကို ဘုရားရှင် ထုတ်ပြန်လိုက်ရသည်။ ၀ါတွင်း ၀ါကပ်ရခြင်းသည် ရဟန်းတော်များအတွက် ကျင့်သုံးရမည့် ကျင့်ဝတ်တစ်ခု ဖြစ်သည်။ ၀ဿစ္ဆေဒကဿ အာပတ္တိ ဒုက္ကဋဿ ဟုသော အမိန့်အရ ခိုင်လှုံသော အကြောင်းမရှိဘဲ ၀ါကျိုး ၀ါပျက်ပါက ဒုက္ကဋ်အာပတ်သင့်စေဟု အမိန့်ထုတ်ထားသည်။ ထိုရဟန်းတော်များ မိမိတို့ နေရာမှာ နေ့မှာပဲ ဖြစ်ဖြစ် ညအခါမှာပဲ ဖြစ်ဖြစ် တစ်စုတစ်ဝေးတည်း ၀ါဆိုပွဲ ပြုလုပ်ကြသည့်အတွက် နေ့ထူးနေ့မြတ် တစ်ခု ဖြစ်သည်။
နေ့ထူးနေ့မြတ်ရောက်လာသော မိသားစု
ထိုနေ့ထူးနေ့မြတ်နေ့မှာပဲ ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေးနှင့် သမီး မယဉ်သူဇာကျော်တို့ (၅)ကြိမ်မြာက် စာရေးသူတို့ အဆောင်သို့ နေ့ထူးနေ့မြတ်ဖြစ်၍ ကျောင်းသားများအား အစားအစာများဖြင့် ဆက်ကပ် လှူဒါန်းရန် ရောက်လာကြပြန်သည်။ ကျောင်းသားများနှင့် ထိုမိသားစု စကားများပြောကြသည်။ နောက်ပိုင်း ဒကာကြီးက မကြာသေးမီကမှ အစ္စလာမ်ဘာသာနှင့်အစွန်းရောက်များ အထွန်းကားဆုံး နိုင်ငံဖြစ်သည့် ပါကစ္စတန်မှ ပြန်လာသည်၊ ထိုနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် တစ်ယောက်က ဒကာကြီးနှင့် ဘာသာရေးအကြောင်း ဆွေးနွေးခဲ့သည်။ ဒကာကြီးသည်လည်း သူတတ်နိုင်သလောက် အချက်ကျကျ ဆွေးနွေးနိုင်ခဲ့သည်မှာလည်း ၀မ်းသာစရာပင် ဖြစ်သည်။ အဓိက ခြုံကြည့်လိုက်တော့ သူတို့ ဆွေးနွေးသည့်အချက်မှာ ဗုဒ္ဓဘာသာနှင့်ဗုဒ္ဓဘာသာဝင်ကောင်းများ အကြောင်းပဲ ဖြစ်သည်။ ထိုခေါင်းစဉ်သည် အလွန်ကျယ်ပြန့်သော ခေါင်းစဉ်ဖြစ်သည်၊ သို့သော် သိသင့်သော အချက်များကိုသာ ထုတ်နုတ် ဖော်ပြပါမည်။
ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာဟူသည် ဗုဒ္ဓဟော တရားများ အယူအဆများ အဆုံးအမများ ကို ခေါ်သည်။ ဗုဒ္ဓဘာသာသည် မေတ္တာ ကရုဏာ အခြေခံဖြင့် တည်ဆောက်ထားသော ဘာသာ ဖြစ်ပြီး လွတ်လပ်သော သဘောထားကြီးသော ဘာသာဖြစ်သလို လက်တွေ့ကျသော ဘာသာဖြစ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်(the essence of Buddhism)သည် သစ္စာ ၄ ပါးနှင့် မဂ္ဂင် ၈ ပါးကို ဆိုလိုသည်၊ ထို မဂ္ဂင် ၈ ပါးသည်ပင် အစွန်းနှဖတ်လွတ်သော အလယ်လမ်း-မဇ္ဈိမပဋိပဒါ (Middle Way or Path) ဟူ၍၎င်း၊ ၀ိသုဒ္ဓိမဂ္ဂ- လွတ်မြောက်ရာ နိဗ္ဗာန်သို့ သွားရာ လမ်းမှန် (the Path of Purification) ဟူ၍၎င်း ဆိုကြသည်။ ထို ၈ပါးကို အကျဉ်းချုပ်သော် သီလ သမာဓိ ပညာဖြစ်သည်။ မကောင်းမှုမှန်သမျှ မပြုရ (သဗ္ဗပါပဿ အကရဏံ)၊ ကောင်းမှုမှန်သပြု ပြု (ကုသလဿ ဥပသမ္ပဒါ)၊ စိတ်ကို ဖြူစင်အောင်ထား (သစိတ္တ ပရိယောဒပနံ)၊ ဤသုံးချက်သည် အနှစ်ချုပ်အားဖြင့် ဗုဒ္ဓအဆုံးအမ ဗုဒ္ဓဘာသာပဲ ဖြစ်သည်။
သဘောထားကြီးတဲ့ ဘာသာ
ဗုဒ္ဓဘာသာက မက်လုံးတွေ ပေး ခြောက်လုံးတွေပြပြီး ဘာသာရေးသွေးဆောင် ဖြားယောင်းသည့်အလုပ် ဘယ်တော့မှ မလုပ်သည့်ဘာသာဖြစ်သည်။ မုတ္တော မောစေယျံ- အမှိုက်မှောင်ထုကျနေသော လောကမှ ဆွဲထုတ်ခေါ်ခြင်း၊ တိဏ္ဏော တာရေယျံ- ဆင်းရဲဒုက္ခတွင်းမှ ခေါ်ထုတ်ခြင်းမျှသာဖြစ်သည်၊ မှောင်နေသော ကမ္ဘာကို အလင်းရောင်ပေးခြင်း (အန္တိဘူတော အယံလောကော)၊ ပူနေသော ကမ္ဘာ အအေးဓာတ်ပေးခြင်း၊ အကန်းကမ္ဘာကို ပညာမျက်လုံးပေးတဲ့ ဘာသာတရားဖြစ်သည်။ တခါက ဘာသာခြားကို ကိုးကွယ်သော သီဟစစ်သူကြီးသည် ဘုရားရှင်နှင့်တွေ့ကာ မေးခွန်းအချို့ မေးပြီး ဘုရားရှင်၏ သဘောထားအမှန်ကို ကောင်းကောင်း သိသွားသည်၊ သူ နဂိုက ကြားဖူးထားသော ဆရာ ဘာသာခြားဆရာတို့၏ စကားသည် ဘုရားနှင့်တွေ့မှ သံသယရှင်းသွားသည်။ ဘုရားအပေါ်ကြည်ညိုလွန်း၍ ဘုရားရှင်၏ ဒကာတော်အရင်း ဖြစ်သွားသည်။ လိုအပ်တာမှန်သမျှ ထောက်ပံ့ဖို့ အဆင်သင့်ဖြစ်သည်။ သို့သော်လည်း ဘုရားရှင်က အရင်က စစ်သူကြီးကို အမှီပြုနေကြသော ဘာသာခြားများကိုလည်း ကရုဏာထားတော်မူသည်မှာ အံ့သြစရာ၊ ‘‘သင်ဒကာတော်---သင့်ကို အမှီပြုနေကြသော သင်၏ ဆရာများကိုလည်း ဆက်လက် ထောက်ပံ့ပါ၊ သူတို့၏ မှီခိုရာ ဖြစ်ပါဟူ၍’’ မိန့်သည်မှာ ဣဿာ မစ္ဆရိယရှင်းသော သဘောထားကြီးသော မြတ်ဗုဒ္ဓ၏မဟာကရုဏာတော်ပင်ဖြစ်ပါသည်။ ထိုကဲ့သို့ သဘောထားကြီးမှုကို စစ်သူကြီးက ပို၍ ကြည်ညိုသွားသည်။ ‘‘အကယ်၍ တပည့်တော်သာ အခြားဘာသာတွေဆီ ပါသွားမယ်ဆိုလျှင် ထိုဘာသာခြားတွေသည် ပျော်လွန်း၍ မြို့ထဲ ရွာထဲ လှည့်လည်ကာ သီဟစစ်သူကြီး သူတို့တပည့်ဖြစ်ကြောင်း မောင်းခပ် ကြွေးကြော်ကြပါလိမ့်မည်’’ဟု လျှောက်ထားလေသည်။ ဤကား ဗုဒ္ဓဘာသာ၏ သဘောထားကြီးမှု ဖြစ်သည်။
လွတ်လပ်သော ဘာသာ
ဗုဒ္ဓဘာသာသည် လွတ်လပ်သော အတွေးအခေါ် အယူအဆများပေါ်တည်ဆောက်ထားသော ဘာသာတရားဖြစ်သည်။ ကာလာမ အမျိုးကောင်းသာများအား မိန့်ကြားသော မြတ်ဗုဒ္ဓ၏ မိန့်ခွန်း ၁၀ ရပ်သည် ကမ္ဘာကျော် မိန့်ခွန်းများ ဖြစ်သည်။ ထို၁၀ မျိုးတွင် မြတ်ဗုဒ္ဓက မိရိုးဖလာအရသော်၎င်း တစုံတစ်ယောက်သောသူ၏ ဖိအားကြောင့်သော်၎င်း ရှေးရိုးကျမ်းအစဉ်အလာအားဖြင့်၎င်း သူပြောလူပြော တဆင့်စကားကြောင့်၎င်း စသည်ဖြင့် လက်ခံခြင်း ယုံကြည့်ခြင်းများကို လိုးလားတော်မမူ။ မိမိကိုယ်တိုင် လွတ်လပ်စွာ တွေးခေါ်နိုင်သည်၊ မိမိအပေါ်ဘယ် တံခိုးရှင်ကမှ ဖိအားပေးသည့်မဟုတ်သောကြောင့် မိမိသည်သာ အရှင်သခင်ဖြစ်သည်။ ထိုကာလာမ သုတ္တန်မှာပဲ မိမိတို့ကိုယ်တိုင် ကောင်းတယ်လို့ ယူဆထားတဲ့ အရာမှန်သမျှကို လိုက်နာ ကျင့်သုံးကြ၊ မကောင်းဟု ယူဆထားသော အရာများကို ပယ်လိုက်လိုက်ကြ။ ကောင်း- မကောင်းအယူအဆကို ဘယ်သူက ဆုံးဖြတ်ပေးမလဲ ဘာနဲ့ တိုင်းတာမလဲ? စာမှာတော့ ကောင်းဟု ယူဆထားသော အရာကို ကုသလဟု ဟုခေါ်သည်၊ အန၀ဇ္ဇ- အပြစ်မရှိခြင်း၊ သုခ၀ိပါက- ချမ်းသာခြင်းဟု ဖွင့်ဆိုပြန်သည်။ ပညာရှိသူတော်ကောင်းတွေက အပြစ်မရှိဟု ယူဆထားခြင်း၊ ထိုအလုပ်ကို သူတော်ကောင်းတွေက ချီးမွမ်းခြင်း၊ မိမိအတွက်ရော တစ်ပါးသူအတွက်ပါ မထိခိုက်စေခြင်းကြောင့် အပြစ်မရှိ။ မိအတွက်ရော သူတပါးအတွက်ပါ ကောင်းကျိုးပေးတဲ့ အရာမှန်သမျှသည် ကုသလ-အကောင်း, ကောင်းသော အရာ ဟုဆိုသည်။ မကောင်းသော အရာကား အကုသလ- သာဝဇ္ဇ- အပြစ်ရှိခြင်း၊ ဒုက္ခ၀ိပါက- မကောင်းသော အကျိုး၊ ဆိုးကျိုးကိုသာပေးသည့် အရာဖြစ်သည်။ ဥပဒေကပဲ ဖြစ်ဖြစ် သူတော်ကောင်းတွေကပဲ ဖြစ်ဖြစ် အပြစ်လို့ ယူဆထားခြင်း၊ မိမိအတွက်ရော သူတပါးအတွက်ပါ ထိခိုက် နစ်နာစေတတ်သော အရာမှန်သမျှသည် မကောင်း- အကုသလ ဟုဆိုသည်။ ထို ကောင်းမကောင်းကို ကိုယ်ပိုင်အသိဖြင့် ဆင်ခြင်တွေးတောကာ ရှောင်သင့်တာ ရှောင် ဆောင်သင့်တာ ဆောင်ခြင်းပဲ ဖြစ်သည်။
အတ္တ ဒီပံ၊ အတ္တ သရဏံ- မိမိသည်သာ မိမိ၏ မှီရာ ကျွန်း၊ မိမိသည်သာ မိမိ၏ ကိုးကွယ်ရာ မှ တပါး အခြား မရှိ။ ဗုဒ္ဓဘာသာက man-centric လူသားပဓာနဖြစ်သည်။ အခြားဘာသာကဲ့သို့ သူများအားကိုးရသော God-centric တံခိုးရှင်ပဓာန ဘာသာမျိုးမဟုတ်။ မြတ်ဗုဒ္ဓက အတ္တာ ဟိ အတ္တနော နာထော-ကိုယ့်ကိုယ်ကို အားထားကြ ကိုးကွယ်ကြဟူ၍၎င်း တုမှေ ဟိ ကိစ္စ မာတဗ္ဗံ အက္ခာတာရော တထာဂတာ- ကိုယ်လုပ်ရမည့်အလုပ်ကို ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားကြ၊ ငါ့ဘုရားကို အားမကိုးနဲ့ ငါ့ဘုရားက လမ်းပဲ ညွှန်ပြနိုင်မှာ ဖြစ်သည်၊ ထိုလမ်းအတိုင်း ကိုယ်ကိုယ်တိုင်ပဲ ဆက်လျှောက်ကြဟု မိန့်သတည်း။ ‘‘ကိုယ့်ရဲ့ ဘ၀ အနိမ့်အမြင့်ကို ကိုယ့်အလုပ်ကပဲ ဆုံးဖြတ်ပေးသည်’’ ဖြစ်ကြောင်း မိန့်သည်။ (ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ ယဒိဒံ ဟီနပဏီတတာ)
ထို့ကြောင့် ဗုဒ္ဓဘာသာက မိမိကိုယ်ကို ရပ်တည်ရသည့် ဘာသာဖြစ်သလို သူတပါး သြဇာ အာဏာအောက်မှာ ရပ်တည်နေရသည့် ဘာသာတရားမဟုတ်သည်ဖြစ်၍ စစ်မှန်သော ဒီမိုကရေစီကျသော လွတ်လပ်သော ဘာသာ တရားဖြစ်သည်။
လက်တွေ့ကျသော ဘာသာ
ဗုဒ္ဓဘာသာက သူတပါးကို အားကိုးရသည့် ဘာသာမဟုတ်၊ သူများကို မျှော်ကိုးရသည့် ဘာသာမဟုတ်၊ သူများဆီက တောင်းယူရသော ဘာသာမျိုးမဟုတ်၊ လက်တွေ့ကျကျ ကိုယ်တိုင် ကျင့်သုံးရသော ဘာသာတရားဖြစ်သည်။ တံခိုးရှင်ကို မျှော်မှန်းပြီး ဆုတွေတောင်းရုံနဲ့ ဘ၀ရဲ့ပြည့်စုံမှုတွေရ၊ ဆုမွန်ကောင်းတွေရ၊ အပြစ်တွေ ကြေအေးတဲ့ ဘာသာတရားမျိုးလည်းမဟုတ်။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာက ဆုတောင်းတာမျိုးကော မရှိဘူးလားဆိုတော့၊ ရှိပါသည်။ ဘုရားရှေ့မှာ ပန်း ဆီးမီး ဆွမ်းစသည် ကပ်ခြင်း ဘုရားရှင်အား ရှိခိုးခြင်းသည် ဘုရားရှင်၏ကျေးဇူးတရားတွေနှင့် ဂုဏ်တော်တွေကို အာရုံပြု၍ အရိုအသေ ပေးခြင်းမျှသာဖြစ်သည်။ အသိတရားတွေ အမှန်တရားတွေ ထုတ်ဖော်ဟောပြောပေးတဲ့ ဆရာသခင် အနေနဲ့ အရိုအသေပေးခြင်းပဲဖြစ်သည်။ မြတ်ဗုဒ္ဓ၀ါဒက ဆုတောင်းခြင်းထက် လက်တွေ့ကျကျ ကျင့်သုံးခြင်းကို သဘောကျသည်။ မြတ်ဗုဒ္ဓ၏လမ်းစဉ် ဖြစ်သည့် သီလ သမာဓိ ပညာတို့သည် လက်တွေ့ကျကျ အားထုတ်ရသော နည်းဖြစ်သည်။ ဆုတောင်းခြင်းနည်းလမ်းမဟုတ်။
ဗုဒ္ဓဘာသာဝင် (ဥပါသကာ)
မြတ်ဗုဒ္ဓ၏အဆုံးအမကို လက်ခံယုံကြည်သူ။ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဆိုတာကတော့ မြတ်ဗုဒ္ဓ၏အဆုံးအမကို ယုံကြည်ရုံတင်မက လက်တွေ့ကျကျ လိုက်နာ ကျင့်သုံးသူကို ဆိုလိုပါသည်။ ဒါကို စာပေက ဥပါသကာဟု ခေါ်သည်။
မြတ်ဗုဒ္ဓ ဘုရားဖြစ်ပြီး ရက် ၅၀ မြောက်ထင်ပါသည်၊ ရွှေတိဂုံစေတီ ဘုရားဒကာဖြစ်မည့် တပုဿနှင့်ဘလ္လိကာ ကုန်သည်နှစ်ယောက် ဘုရားထံမှောက်ရောက်လာ၊ တရားနာပြီး၊ ‘‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ’’ ဘုရားကို ကိုယ်းကွယ်ပါ၏ တရားတော်ကို ကိုးကွယ်ပါ၏ဟု ဒွေဝါစိက သရဏဂမန ဥပါသကာများ ဖြစ်သည်။ ထိုခေတ်က သံဃာ မပေါ်ပေါက်သဖြင့် သံဃံ သရဏံ ဂစ္ဆာမိ ဟုမရှိသေး။ ထိုကုန်သည် ၂ ယောက်သည် ပထမဆုံးသော ဗုဒ္ဓဘာသာဝင် (ဥပါသကာ) များဖြစ်ကြသည်၊ ပထမဦးဆုံး တရားတော် (တရားဦး) ဓမ္မစကြာတရားတော်နှင့် ပဉ္စ၀ဂ္ဂီ ငါးဦး ရဟန်းများဖြစ်၍ ပထမဦးဆုံး သံဃာထု စပေါ်လာသည်၊ ထိုနောက် များမကြာမီမှာပဲ ယသ အမျိုးသား ဘုရားနှင့်တွေ့၍ ‘‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ’’ ဘုရားကို ကိုယ်းကွယ်ပါ၏ တရားတော်ကို ကိုးကွယ်ပါ၏ သံဃာတော်ကို ကိုးကွယ်ပါ၏ ဟု တေ၀ါစိက သရဏဂမန ဥပါသကာ ဖြစ်သည်။ မထမဆုံး ရတနာသုံးပါးကို ဆည်းကပ်ပြီး ဒုတိယမြောက် ဥပါသကာ ဖြစ်သည်။
ဆိုလိုသည်မှာ ဗုဒ္ဓဘာသာဝင် ဖြစ်ချင်ရင် ထို သရဏဂုံ ၃ ပါး လက်ခံ ယုံကြည်ပြီး ဆောက်တည်ရမည်။ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက် ဖြစ်လိုပါက ထိုသရဏဂုံသုံးပါးအပြင် မြတ်ဗုဒ္ဓအဆုံးအမ နိမ့်ဆုံး ၅ ပါးသီလကို လက်တွေ့ကျကိ ကျင့်သုံး လိုက်နာရပါမည်။
ဗုဒ္ဓဘာသာဝင် (၃) မျိုး
(၁) ကံ-ကံ၏အကျိုးကို ယုံကြည်၊ ရတနာသုံးပါးကို ယုံကြည်သော အနိမ့်စား ဗုဒ္ဓဘာသာ
(၂) နာမ-ရူပ ပရိစ္ဆေဒ ဥာဏ် (ရုပ်-နာမ်ကွဲပြားသော ဥာဏ်)ကို ရသော အလယ်လတ်တန်းစား ဗုဒ္ဓဘာသာ
(၃) မဂ်ဥာဏ် ဖိုလ်ဥာဏ် ရသော အထက်တန်းစား ဗုဒ္ဓဘာသာ ဟူ၍ သုံးမျိုးကို မှတ်သားရပါမည်။
ဤကား ဗုဒ္ဓဘာသာနှင့်မှတ်ဖွယ်များသည် ဒကာဦးကျော်ဆွေ ဆွေးနွေးတင်ပြသော ဓမ္မသာကစ္ဆာ အကြောင်းအရာများကို စုစည်းပြီး စာရေးသူ၏ မှတ်စုတစ်ပုဒ် သို့မဟုတ် ပို့စ်လေးအဖြစ် တင်လိုက်ရပါသည်။
ဤ ပို့စ်ဖြင့် ယနေ့ အလှူရှင် ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေးနှင့် သမီး မယဉ်သူဇာကျော်တို့ (၅)ကြိမ်မြာက် အလှူကို ဂုဏ်ပြုပါသည်။ ဒီနေ့အလှူရှင် အလှူဒါနတို့ကို ပတ္တိဒါနပြုပါသည်။ သာဓုခေါ်စေသော်------။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၇-၂၀၁၁
`အနုမောဒနာ သြဝါဒ´ တရားတော်(၃)
4 years ago
0 comments:
Post a Comment