စာမိတ်ဆက်
ဒီတစ်ပတ်တော့ အမေး+အဖြေကက္ဌ တစ်ခုကို စာရေးသူ၏ မှတ်စုအဖြစ် မှတ်သားထားလိုက်ပါသည်။ မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်သလို သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေလဲ ဖြစ်ပါတယ်။ သူတွေ့မြင်နေရတာတွေကို ရင်ထဲ သိမ်းဆည်း မထားနိုင်လို့ မေးလိုက်တဲ့ မေးခွန်းတွေဟာ မှတ်သင့်မှတ်ထိုက်တဲ့ မေးခွန်းတွေဖြစ်နေပါတယ်။ ထို့ကြောင့် စာရေးသူ၏ မှတ်စုအဖြစ် မှတ်သားထားခြင်းပဲ ဖြစ်ပါတယ်။ မေးသူက မန္တလေးက အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ သူနဲ့ စာရေးသူတို့ အပြန်အလှန် ဆွေးနွေးထားလေးတွေကို စုစည်းပြီး ပို့စ် အဖြစ်တင်လိုက်ရပါသည်။ အဖြေများ မပြည့်စုံမလုံလောက်သေးပါက ဖြည့်ပြီး နားလည်ပေးစေလိုပါသည်။
အမေးများ+အဖြေများ
ဘုန်းဘုန်း ဆွမ်းဘုန်းပေးနေတာလားဘုရား။ မေးလျှောက်စရာလေးရှိလို့ပါ။ ကားမောင်း၊ ဆိုင်ကယ်စီးတာကော ဘယ်လို အာပတ်သင့်လဲဘုရား။ ချဲဂဏန်းပေး။ ဗေဒင်တွက်တာကော ဘယ်လို အာပတ်လဲဘုရား။ ရဟန္တာလို့ သမုတ်ထားကြတဲ့ ဘုန်းဘုန်းက ကျန်းမာရေးမကောင်းလို့ ကိုရင်ကြိးဘ၀ကို ပြောင်းပြီး ညနေစာစားတယ်လို့ မိန့်တာကိုကော ဘယ်လိုမြင်ရမလဲဘုရား။ ဘုန်းဘုန်း အချိန်ရရင် တရားနာပြိး ဆွေးနွေးချင်ပါတယ်ဘုရား။
သူ၏ မေးခွန်းများစွာထဲက မေးခွန်းအချို့ ဖြစ်ပါတယ်။ မေးခွန်းတွေက ယနေ့ ရဟန်းတော်များ ဗုဒ္ဓဘာသာနိုင်ငံများတွင် ဖြစ်တတ်သည့် မေးခွန်းဖြစ်သည်၊ အထူးသဖြင့် စာရေးသူတို့ နိုင်ငံမှာ အတွေ့များကောင်း ဖြစ်ပါလိမ့်မည်။ သူမြင်နေကျ တွေ့နေကျ ဖြစ်လို့ပဲ ဒီလိုမေးခွန်းတွေကို မေးတယ်လို့ ယူဆရပါတယ်။ ထိုမေးခွန်းက ရဟန်းတော်များ ကား ဆိုင်ကယ် စက်ဘီးများကို ကိုယ်တိုင်မောင်း ကိုယ်တိုင် စီးခြင်းကို ရည်ရွယ်ပြီး မေးခြင်းဖြစ်ပါတယ်။
ဒီတော့ မေးခွန်းတွေကို တစ်ခုချင်းဖြေပေးလိုက်ပါတယ်။ ချက်တင်ကနေ အပြန်အလှန်ဆွေးနွေးရတဲ့ အဖြေများသည်၊ မပြည့်စုံသေးဘူးဟု ယုံကြည်ထားပြီး ဖြစ်ပါသည်၊ သို့သော် သူ အရိပ်အမြွက်လောက် သိသွားရင်ကိုပဲ ၀မ်းသာစရာ ဖြစ်ပါသည်။
ကားမောင်း၊ ဆိုင်ကယ်စီးခြင်း
(၁)အမေး
ကားမောင်း၊ ဆိုင်ကယ်စီးတာကော ဘယ်လို အာပတ်သင့်လဲဘုရား။
အဖြေ
ကားမောင်း၊ ဆိုင်ကယ်စီးတာကော ဘယ်လို အာပတ်သင့်လဲဘုရား ဆိုတာနဲ့ ပတ်သက်ပြီး စဖြေရမှာပေါ့။ ဘုရားလက်ထက်က ကားတို့ ဆိုင်ကယ်စတဲ့ ခေတ်မီ ယာဉ်တွေ မပေါ်သေးလို့ သူနဲ့ပတ်သက်ပြီး တိုက်ရိုက်ပညတ်ထားတဲ့ သိက္ခာပုဒ်တွေ မရှိသေးပါဘူး။ သေခိယသိက္ခာပုဒ်တွေမှာတော့ ရဟန်း ပဲဖြစ်ဖြစ် ကိုရင် သာမဏေပဲ ဖြစ်ဖြစ် လိုက်နာကျင့်သုံးရပါသည်။ ရဟန်းတော်များ ထိုသိက္ခာပုဒ်များကို ကျူးလွန်မိသော ဒုက္ကဋ (ဒုက္ကဋ်) အာပတ်သင့်သည်၊ ကိုရင်သာမဏေများကိုတော့ ဒဏ်ထိုက် ဒဏ်သင့်သည်အတွက် ဒဏ်ပေးခံရမည်။ ထိုသေခိယတွင် အထူးသဖြင့် ၀တ်ပုံ၊ သွားပုံလာပုံ နေပုံ ထိုင်ပုံ၊ စားပုံသောက်ပုံနှင့် ဟောပြောရေးနှင့်ပတ်သက်ပြီး ပညတ်ထားသည့် ယဉ်ကျေးမှုအတွက် အကောင်းဆုံး သိက္ခာပုဒ်များဖြစ်သည့် လူဝတ်ကြောင်တွေပါ လိုက်နာသင့်သည့် ကျင့်ဝတ်များဖြစ်သည်။ ခရစ်ယာန် ဘာသာဝင်များကလဲ ထိုကျင့်ဝတ်တွေကို သူတို့ စည်းကမ်းဥပဒေအဖြစ် ယူ၍ ကျင့်သုံးနေကျသလို ဆစ်ခ် ဘာသာဝင်တွေကလဲ သူတို့ဘာသာတရား၏ ကျင့်ဝတ်များဟု သက်မှတ်ကာ ကျင့်သုံးနေကြသည်။
ဥပမာ- စားရင်း စကားပြောခြင်း၊ ဟင်းရည်ကို တရှုးရူး တရှဲရှဲမြည်အောင် သောက်ခြင်း၊ ပလုပ်ပလောင်းနဲ့ စားခြင်း၊ သွားတဲ့အခါမှာလဲ ခေါင်းရမ်းသွားခြင်း၊ လက်ကို လှုပ်ခပ်ယမ်းသွားခြင်း စတဲ့ ကာယိနြေ္ဒကို ပျက်ပြားစေသည့် သွားပုံ လာပုံ နေပုံထိုင်ပုံတို့ကို မပြုကျင့်ရဟု လူ့ယဉ်ကျေးများ ဖြစ်အောင် ပြုကျင့်သည့် စည်းကမ်းများ ဖြစ်သည်။
ရဟန်းတော်များ ကိုရင်များ ဆိုင်ကယ်စီးသော် သို့မဟုတ် ကားစီးသော် လေးထောင့်ခန့်မျှသာ ရှေ့ကိုကြည့်ရမည့် စက္ခုနြေ္ဒအတွက် စည်းကမ်း၊ လက်ရုံးလက်မောင်းတို့ကို လှုပ်ခါရမ်း၍ မသွားရခြင်း စည်းကမ်း၊ ခန္ဓာကိုယ်ကို ယိမ်းယိုင်၍ မသွားရခြင်းစသော စည်းကမ်းများကို ဘယ်ကဲ့သို့ လိုက်နာနိုင်ပါအံ့နည်း။ ဤကား သိက္ခာပုဒ်များဖြင့် ညှိခြင်းတည်း။
သိက္ခာပုဒ်မဟုတ်သော ကိုယ်ကျင့်တရားပိုင်ဆိုင် သုတ္တန်များအရ- ‘‘အညော မေ အာကပ္ပေါ ကရဏီယောတိ ပဗ္ဗဇ္ဇိတေန အဘိဏှံ ပေစ္စဝေက္ခတဗ္ဗံ’’ ဆိုလိုသည်မှာ ရဟန်းတော်များသည် လူဝတ်ကြောင်များနှင့် တူညီသော အသွင်အပြင် အမူအရာ အကျင့် မရှိဟုပင်ဖြစ်သည်။
ဥပမာ-တစ်ခုပြောပြရလျှင် စာရေးသူ အမရပူရမြို့ မဟာဂန္ဓာရုံမှာနေစဉ်က နေ့လည် ဆွမ်းစားချိန် ရဟန်းတော်တစ်ပါး သင်္ကန်းတော့ ရုံထားပြီး ဆိုင်ကယ်နောက်က ထိုင်လိုက်လာတာကို နာယကချုပ်ဆရာတော် ကိုယ်တိုင်မြင်လိုက်ရသဖြင့် ချက်ချင်းပဲ ကျောင်းတိုက်ကနေ နှင်ထုတ်ပြစ်လိုက်သည်။ ကိုယ်တိုင်မောင်းလာသည်မဟုတ်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်းမှာလဲ ရဟန်းတော်များကို ဆိုင်ကယ် ကိုယ်တိုင်စီးခြင်း နောက်က ထိုင်လိုက်ခြင်းများကို လုံးဝကန့်ကွက်ထားသည်။
စာရေးသူတို့လူငယ်များသည် သင်းပိုင် (အောက်ပိုင်းအ၀တ်) များကို လူဝတ်ကြောင် ပုဆိုးများကဲ့သို့ ကြာကြာဝတ်ခံအောင် လှည့်ဝတ်လို့ ရအောင် ကွင်းကွင်း၍ ၀တ်လေ့ရှိသည်။ ဤကဲ့သို့ ကွင်းကွင်းသင်းပိုင် အောက်ပိုင်းအ၀တ်ကို ထိုစာသင်တိုက်မှာ လုံးဝခွင့်မပြု၊ လူဝတ် ပုဆိုးနှင့်တူသောကြောင့် ဖြစ်သည်။ အံသကိုကိ ကိုယ်ကျပ်အင်္ကျီကိုလည်း လုံးဝ မ၀တ်ရပါ၊ လူဝတ်အကျီနှင့်တူသောကြောင့် ဖြစ်သည်။ အညော မေ အာကပ္ပေါ အရ လက်ခံကျင့်သုံးခြင်းဖြစ်သည်။
အလားတူ ဆိုင်ကယ်စီး စက်ဘီးကိုယ်တိုင်စီးခြင်း ကားကိုယ်တိုင်မောင်းခြင်းတို့သည် လူဝတ်ကြောင်များနှင့် အာကပ္ပ-အသွင်ပြင် တူနေရကား လူဝတ်ကြောင်များ ကဲ့ရဲ့ဖွယ် ဖြစ်သည့်အတွက် လောက၀ဇ္ဇဖြစ်နေသည်။ ထို့ကြောင့် ကားကိုယ်တိုင် မောင်းခြင်းသည် ရဟန်း သာမဏေများအတွက် လုံးဝမသင့်လျော်ပါဟူ၍ ဖြေကြားလိုက်ရပါသည်။
ချဲဂဏန်းပေးခြင်းနှင့် ဗေဒင်ဟောခြင်း
(၂) အမေး
နောက်ပြီး ချဲဂဏန်းပေးခြင်း ဗေဒင်တွက်တာကော ဘယ်လို အာပတ်လဲဘုရား။
အဖြေ
ရဟန်းတော်များ အလုပ်သည် ဂန္ထဓုရ-စာပေ အသိပညာများကို ကိုယ်တိုင်လည်း သင်ယူခြင်း၊ တစ်ပါးသူတို့အားလဲ သင်ပြပေးခြင်၊ ဟောပြောပေးခြင်း၊ သွန်သင် လမ်းပြပေးခြင်းဖြင့် အတ္တဟိတ ပရဟိတ အလုပ်နှင့် ၀ိပဿနာဓုရ- မေတ္တာပို့ခြင်း ဘုရား တရား သံဃာ စသည့် အနုဿတိတရားများကို အာရုံပြုခြင်းဖြင့် သမထဘာဝနာ၊ ရုပ်တရား နာမ်တရားတို့အပေါ် အရှိတရားမြင်အောင် ကြည့်ခြင်းတည်းဟုသော ၀ိပဿနာ အားထုတ်ခြင်းတည်းဟုသော ဓုရ ၂ပါးသာ ဖြစ်သည်။
ချဲဂဏန်းပေးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခြင်းကို အလောင်းကစားဟု သက်မှတ်ထားသဖြင့် အစိုးရသူတို့၏ ဥပဒေနှင့်မကင်း မလွတ်ရကား လောက၀ဇ္ဇ-လောကအပြစ်အပြင် ရဟန်းတော်များ မလုပ်သင့်မလုပ်ထိုက်သော အမှုဖြစ်သည်။ ချဲဂဏန်းပေး၍ အသက်မွေးဝမ်းကြောင်း ပြုခြင်းသည်လည်း မိစ္ဆာဇီဝ, အနေသန ဖြစ်သောကြောင့် ထိုအသက်မွေးဝမ်းကြောင်းသည် ရဟန်းတော်များ အတွက် မစင်ကြယ်။ ဒကာ ဒကာမတွေ၏ သဒ္ဓါတရားကိုလည်း ဖျက်ဆီးရာရောက်သဖြင့် သဒ္ဓါဒေယျဝိနိပါတ ဖြစ်သည်။ ရဟန်းတော်များမဆိုထားဘိ လူဝတ်ကြောင်များပင် မလုပ်သင့် မလုပ်ထိုက်သော အသက်မွေးဝမ်းကြောင်းဖြစ်သည်။ မြတ်ဗုဒ္ဓတရားတော်များသည် လောဘ ဒေါသ မောဟ စသည့် အကုသိုလ်တရားများ ငြိမ်းအောင် အားထုတ်ရသော တရားဖြစ်သည်၊ ထို ကိလေသာပွားစေသော အလုပ်များသည် ဘုရားတရားနှင့် ဆန့်ကျင်သည်။
ရဟန်းတော်များအတွက် မြတ်ဗုဒ္ဓက သိက္ခာပုဒ် စည်းကမ်းတွေ ပညတ်ရခြင်းသည် လူဝတ်ကြောင်တွေရဲ့ အပြစ်တင် ဝေဖန်မှုများကြောင့် ပညတ်ရတာ များပါသည်။ လူတို့မကြိုက်သော ကဲ့ရဲ့ အပြစ်တင်ထိုက်သော ချဲဂဏန်းပေးခြင်းကို ရဟန်းတော်များ အတွက် မအပ်စပ်ဟု ဆိုနိုင်ပါသည်။ အနဲဆုံးတော့ ဒုက္ကဋ်အာပတ်တော့ သင့်နိုင်သည်။
အလောင်းကစား လုပ်ခြင်းကြောင့် ရနိုင် ဆိုးကျိုးများကို သိင်္ဂိါလ အမျိုးကောင်းသားတစ်ယောက်ကို မြတ်ဗုဒ္ဓဟောပြောခဲ့သည်။
ထိုလောင်းကစားရာဝယ် (၁) ကိုယ်က နိုင်ခဲ့သော်- ရန်များမည်။ (၂) ကိုယ်က ရှုံးခဲ့သော် ၀မ်းနဲ ပူဆွေးမည်။ (၃) လက်တွေ့ဘ၀တော့ ကိုယ့်ရှိ ပစ္စည်းကုန်မည် (၄) အလောင်းကစားသမားဟူ၍ အသိမှတ်ပြုခံရသဖြင့် လူမရိုသေ၊ ပွဲလမ်း သဘင် ပရိတ်သတ်အလယ် ကိုယ့်စကား လူ မလေးစား၊ အလောင်းကစားသမား၏ စကား အရာမရောက်ဖြစ်မည်။ (၅) မိတ်ဆွေ အပေါင်းသင်းများက အနိုင်ကျင့်မည် (၆) အိမ်ထောင်သည်အဖြစ် အရွေးခံရသည် ရှိသော် ကစားသမား အလောင်းကစားသမား (အက္ခဓုတ္တ) ဖြစ်သည့်အတွက် မိန်းကလေးရှင်များက သူတို့သမီးနှင့် မထိုက်တန်ဟု ဆိုကာ ပြင်းထန်စွာ ငြင်းပယ်ခံရမည်။
ဗေဒင်ဟောပေးခြင်း
(၃) အမေး
ဖေဒင်ဟောပေးခြင်းကော ဘယ်လို အာပတ်လဲဘုရား။
အဖြေ
ဗေဒင်တွက်ခြင်း ဟောခြင်း အင်္ဂံ နိမိတ္တံ ဥပ္ပါတံ သုပိနံ စသည်ဖြင့် အင်္ဂါ လက္ခဏာကို ကြည့်၍ ဟောခြင်း၊ မိုးကြိုးပြစ်ခြင်းစသည့်နိမိတ်ကို ကြည့်၍ ခန့်မှန်းဟောခြင်း အိပ်မက်အကြောင်း ဟောခြင်း၊ မဂ်လာမောင်နှံများအတွက် ရက်ကောင်းရက်မြတ်တို့ကို ဟောခြင်း စသည်တို့သည် မဂ်ဖို နိဗ္ဗာန်နှင့် ဖီလာ ဆန့်ကျင်နေရကား တိရစ္ဆာန၀ိဇ္ဇာ တိရစ္ဆာန်အတက်ဟုဆိုသည်။ ထိုအတက်ဖြင့် ဟောပြော၍ အသက်မွေးဝမ်းကြောင်းပြုသော ရဟန်းကို မိစ္ဆာဇီဝ-အသက်မွေးဝမ်းကြောင်း ပြုခြင်းကြောင့် မစင်ကြယ်ဟု ဆိုသည်။ ဘုရားရှင်၏ မဟာသီလတွင် ထိုအတက်ပညာမျိုးမှ လုံးဝရှောင်ကြဉ်ကြောင်း ပြထားသည်။ ထိုအတက်ဖြင့် အသက်မွေးဝမ်းကြောင်းပြုသော သူသည် အမျိုးကို ဖျက်ဆီးသူ သို့မဟုတ် ဒကာ ဒကာမများ၏ သဒ္ဓါတရားကို ဖျက်ဆီးသူ (သဒ္ဓါဒေယျဝိနိပါတ) ဟူ၍ ဆိုနိုင်သည်။ သံဃာကို ယုံကြည်တတ်သော ဒကာဒကာမများကို ဗေဒင်ဟောပေးခြင်းဖြင့် ကိုယ့်ကို ကြည်ညိုအောင် ကိုယ့်ဘက်ပါအောင် လုပ်နည်းမျိုးကို သဒ္ဓါတရားဖျက်ဆီးသူဟု ဆိုသည်။ ယနေ့ဒကာ ဒကာမတွေကလဲ ကဲကို ကဲလွန်းသည့်၊ ဘာပဲ ဖြစ်ဖြစ် ဗေဒင်မေး၊ နတ်မေး ယတြာချေ၊ ဘုန်းကြီးနဲ့တွေ့ တရားမဟောခိုင်းဘဲ ဗေဒင်ပဲ ဟောခိုင်းနေတော့တာပဲ၊ တရားဟောသူထက် ဗေဒင်ဟောသူကိုပဲ ပိုကြည်ညိုနေတော့သည်၊ ထိုဗေဒင်ဟောသူတို့လုပ်ခိုင်းတာ အကုန်လုပ်၊ သဒ္ဓါလွန်ကဲ ပညာနဲသော သူများ ဖြစ်ကြသည်။
ဘုရားလက်ထက်တော်က ယနေ့ခေတ်လို နာရီတွေ ပြက္ခဒိန်တွေ မပေါ်သေးသည်ဖြစ်၍ ထို အချိန်, နေ့ရက်, လ, နှစ်တို့ကို မှတ်သားဖို့ နက္ခတ်ကြယ်တာရာတို့ကို အသုံးပြုသည်၊ ထို့ကြောင့် နက္ခတ်ကြယ်တာရာ အတက်ပညာများကိုတော့ သင်ကောင်းသည် ပို့ချကောင်းသည်ဟု မှတ်သားသင့်သည်။
(၄) အမေး
နောက်ထပ် မေးခွန်းတစ်ခုကရှိသေးသည်။ ရဟန္တာလို့ သမုတ်ထားကြတဲ့ ဘုန်းဘုန်းက ကျန်းမာရေးမကောင်းလို့ ကိုရင်ကြိးဘ၀ကို ပြောင်းပြီး ညနေစာစားတယ်လို့ မိန့်တာကိုကော ဘယ်လိုမြင်ရမလဲဘုရား။
အဖြေ
ရဟန္တာက ကိုရင်ကြီးဘ၀ မပြောင်းပါဘူး ပြောင်းလို့လဲ မရပါဘူး၊ ဘယ်လို အကြောင်းကြောင့်ဘဲဖြစ်ဖြစ် ရဟန္တာများသည် သူ့အသက်သာ အသေခံမည် သီလကိုတော့ ချိုးဖောက်လိမ့်မည် မဟုတ်။ ရဟန္တာက ညစာ စားချင်လို့ နိမ့်ကျတဲ့ ကိုရင်ဘ၀ကို ပြောင်းခြင်းသည် ရဟန္တာ မဟုတ်သောကြောင့်ဖြစ်သည်။ စာ ရေးသူ မဟာဂန္ဓာရုံကျောင်းတိုက်မှာ နေစဉ်က ဆရာတော်ကြီးလွန်တော်မူပြီးသည်မှာ ၆နှစ်လောက်ပဲ ရှိဦးမည်ထင်သည်၊ ဆရာတော်ကြီး၏ အရှိန်အ၀ါတို့သည် လွမ်းမိုးဆဲဖြစ်သည်။ ထိုအချိန်က ထိုတိုက်တွင်း ဥယျာဉ်ကျောင်းမှ နေသွားသော အရှင်မြတ်တစ်ပါးသည် မကျမ်းမမာ ဖြစ်သည်။ သူ၏ ရောဂါသည် အစားအစာ ပျက်လို့မဖြစ်သဖြင့် ဆရာဝန်များက ညစာပါ စားခိုင်းသည်၊ နာယကဆရာတော်များကလဲ ကျန်းမာရေးအရ စားခိုင်းသည်။ သို့သော် ထိုအရှင်မြတ်က အသက်သာ အသေခံသွားခဲ့သည်၊ သီလကိုတော့ မဖျက်ဆီးခဲ့။ ဤကဲ့သို့ အလွန်ဝိနည်းလေးစား၍ ကြည်ညိုစရာကောင်းသော သာမန် ပုထုဇဉ် ရဟန်းတွေ ရှိပါသေးသည်။ သာမန်ပုထုဇဉ်တောင် ဤကဲ့သို့ ၀ိနည်းကို လေးစားနေပါလျှင် ရဟန္တာဆိုရင်တော့ ဆိုဖွယ်မရှိချေ။
စာရေးသူ ထင်ပါသည်။ ရဟန္တာဟု ဆိုခြင်းကား လူတွေကပဲ သဒ္ဓါလွန်ကဲ ပညာမွဲခြင်းကြောင့် အကဲပိုခြင်းပဲ ဖြစ်မည်၊ သို့မဟုတ် ထိုရဟန္တာဟု ဆိုသူက လိမ်ညာ လှည့်ပတ်တာပဲ ဖြစ်မည်။ သာမန် ရဟန်းသည် ကိုရင်ကြီးဘ၀ကို ပြောင်းခြင်းသည် သို့မဟုတ် ရသေ့ဘ၀ကို ပြောင်းခြင်းသည် ပါရာဇိကကျလို့သော်၎င်း၊ ရဟန်းသိက္ခာများကို စောင့်ထိန်းနိုင်စွမ်း သဒ္ဓါအား ၀ီရိယအား မရှိသောကြောင့်၎င်း ဖြစ်မည်။ လူဝတ်ကြောင် ဗုဒ္ဓဘာသာအများစုက သဒ္ဓါတရားသက်သက်ကြောင့်၎င်း၊ စီးပွားရေးအတွက်သောကြောင့်၎င်း ထို ထူးထူးဆန်း ဟောပြော ကျင့်ကြံနေသည်တို့ကို ရဟန္တာကြီးများဟု အထင်ကြီးကာ တရုံးရုံးနဲ့ ဆည်းကပ်နေကြသည်။ တချို့ကျတော့လဲ ဘုန်းကြီးတွေက ဘာမှမပြောမဟော သူနည်းသူဟန်နဲ့သူ ရဟန်းအလုပ် လုပ်နေသော်လည်း၊ ထိုအနီးအနားရှိ မျောက်ပြ ဆန်တောင်းတဲ့သူ အမျိုးစားတွေက ရှဲဒိုးလုပ်စားကြသည်၊ သူတို့ဆရာဘုန်းကြီး ရဟန္တာယောင်ယောင် ဈာန်ရသည့်ယောင်ယောင်၊ လေလွင့်ပြောဆိုကြသည်။
ဘုရားလက်ထက်ကထဲက ဇမ္ဗူက အစားအစာ မစားဘဲ လေကိုသာ စားသည်၊ မအိပ်ဘဲ ကျင့်သည်ဟု လူတွေကို အထင်ကြီးစေသည်၊ တကယ်တော့ လူသူတိတ်ချိန် ညအခါကျမှ မစင်တောသွားပြီး မစင်တွေကို စားသည်။ ထိုပုဂ္ဂိုလ်ကြီးကို ရဟန္တာဟု အထင်ကြီးပြီး ကိုးကွယ်နေလိုက်ကြတာ သဒ္ဓါလွန်ကဲ ပညာနဲတဲ့သူတွေပဲ ဖြစ်သည်။ အကျိုးမရှိတဲ့နေရာတွေမှာ အကျိုးဟုထင်ကာ ယုံကြည်နေကြသည်၊ သူတော်ကောင်း လူအကြီးများသာ ဖြစ်သည်။ သဒ္ဓါနဲပြီး ပညာလွန်ကဲနေပြန်ရင်လဲ ကောက်ကျစ်စင်းလဲဘက်သို့ ရောက်သွားပြီး လူမိုက်ပညာရှိကြီးဖြစ်သွားနိုင်သည်၊ သို့ဖြစ်ပါ၍ သဒ္ဓါကို ပညာနဲ့ကွပ်၊ ပညာကို သဒ္ဓါနဲ့ ချည်နှောင်ပြီး သဒ္ဓါပညာ ဟန်ချက်ညီမှသာလျှင် ပညာရှိသူတော်ကောင်းများ ဖြစ်ပါလိမ့်မည်။
ကိုရင်ဘ၀ဖြင့် ရဟန္တာဖြစ်သွားသော သာမဏေငယ်လေးများ ရှိပေမဲ့ သူတို့တတွေအားလုံးက မြင့်မြတ်သော ရဟန်းအဖြစ်ကို တက်ဖို့ပဲ ရှိသည်။ ထိုရဟန္တာ ဖြစ်သော ကိုရင်လေးများသည် ဒီနေ့မှ ရဟန်းဖြစ်သော သူကို ရှိခိုးရသည်၊ အရိုအသေပေးရသည့်၊ ဤမျှလောက် မြင့်မြတ်သော ရဟန်းအဖြစ်ကို စွန့်လွတ်သော ရဟန္တာဟူ၍ မရှိ။ ရဟန်းအဖြစ်သည် အလွန်မွန်မြတ်သည်။ လူဝတ်ကြောင်ဘ၀ဖြင့် ရဟန္တာဖြစ်ခဲ့သော သူသည် လမ်း ၂ သွယ်ပဲ ရှိသည်၊ ပရိနိဗ္ဗာန်စံ (သေ)ချင် စံ ဒါမှ မဟုတ် ရဟန်းပြုရသည်။ ရဟန္တာ၏ဂုဏ်ကို နိမ့်ကျသော လူဝတ်ကြောင် ဘ၀ဖြင့် ထိန်းမထားနိုင်။ သောတာပန်က ပုထုဇဉ်ဘ၀ကို ပြန်မဆင်းနိုင်သလို အထက်ထက်သော သကဒါဂါမ် အနာဂါမ် ရဟန္တာများသည် အောက်အောက်သော သာမန် သာမဏေ လူဝတ်ကြောင် အဆင့်များသို့ ဆင်းသွားရိုးမရှိ။ သာမဏေများ သီလသည် လူဝတ်ကြောင်များ စောင့်ထိန်းသော ၅ ပါး ၈ ပါး ၉ ပါး ၁၀ပါးထက် သိပ်မပိုလှပါ။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၎-၇-၂၀၁၁
Posted in: အမေး+အဖြေ
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment