ချက်တင်စကားဝိုင်း အပိုင်း (၅)
ဒီမေးခွန်းလေးတွေကတော့ ဖေ့ဘုတ်က ကောင်လေးတစ်ယောက်က မေးထားသည့် မေးခွန်းဖြစ်သည်။ စာရေးသူကို ချက်တင်ကနေ ဆွေးနွေးထားဖြင့် ချက်တင်စကားဝိုင်းဟူ၍ အမည်ပေးလိုက်သည်။ ထိုချက်တင်စကားဝိုင်းမှာ သူမေးထားသည့် မေးခွန်းများသည် လွယ်သော အကြောင်းအရာ ဖြစ်ပေမဲ့ သိသင့်သိထိုက်သော မေးခွန်းဖြစ်သည်။အမေး+အဖြေကဏ္ဍ
(၂၀၁၁- ၁ လပိုင်းလောက်က ဆရာတော်ကြီး၏ တရားပွဲ အစီအစဉ်များ ရိုက်ပေးနေစဉ်က သူငယ်ချင်းရိုက်ပေးသော
အမှတ်တရပုံ)
အမှတ်တရပုံ)
မေးခွန်း (၁)
အရှင်ဘုရား၊ တပည့်တော် မေးလျှောက်စရာလေးရှိလို့ပါဘုရား၊ အချိန်ရရင် ဖြေပေးပါဘုရား။ တပည့်တော် ပြုတဲ့ ကုသိုလ်ကို သက်ရှိ လူတွေကို အမျှပေးလို့ ရ-မရ သိချင်လို့ပါဘုရား။ တပည့်တော် အရင် တစ်ခါတုန်းကလည်း အရှင်ဘုရားကို ဘုရားအနေကဇာတင်တာနဲ့ ပတ်သက်ပြီး မေးဖူးပါတယ်ဘုရား။အဖြေ
ရတယ်လို့လဲ ပြောရတယ်၊ မရဘူးလို့လဲ ပြောရတယ်။ ဒါ့ကြောင့် အပိုင်း နှစ်ပိုင်း ခွဲဖြေရလိမ့်မယ်။ ရတယ်ဆိုတဲ့အပိုင်းမှာက ကိုယ့်ကုသိုလ်ကို အမျှဝေလိုက်တော့ လူတွေက သာဓုခေါ်တယ်၊ ၀မ်းသာပေးတယ်၊ ပတ္တာနုမောဒန ကုသိုလ် ရသွားတယ်။ ကုသိုလ်ရတယ်လို့ ပြောလို့ ရတယ်။ ပေးသူကော ယူသူကော ကုသိုလ်ရတယ်။ ပုညကိရိယာဝတ္ထု= ကုသိုလ်ဖြစ်ကြောင်း (၁၀)ပါးကို စာပေမှာ တွေ့ရပါတယ်။ စာရေးသူ၏ ဆိုက်ထဲမှာ အဲဒီ ၁၀မျိုးလုံးကို ရေးပြီးသား ဖြစ်ပါသည်။ ထို ၁၀ မျိုးထဲတွင် ပတ္တိဒါနနှင့်ပတ္တာနုမောဒန ကုသိုလ်ဆိုတာ ပါသည်။ ပတ္တိဒါနကုသိုလ်ဆိုတာ ကိုယ်ပြုလုပ်ခဲ့သော ကောင်းမှု (အလှူ)ကို သူတစ်ပါးကို မျှဝေပေးခြင်း ခွဲဝေပေးခြင်း၊ ကိုယ်ရသလို သူတစ်ပါးတွေကို ရစေခြင်းဆိုတဲ့ စေတနာ မေတ္တာတွေ ဖြစ်သည်။ သူတစ်ပါးက အမျှဝေ ခွဲဝေ ပေးလိုက်တဲ့ ကုသိုလ်ကို မုဒိတာ ပွားတဲ့ အနေနဲ့ ၀မ်းမြောက်စွာ သာဓု သာဓု သာဓု ဟုခေါ်ပေးလိုက်သည့် လူသားအတွက် ကုသိုလ်ရသွားသည်။ သူတစ်ပါးအတွက် ၀မ်းသာပေးခြင်းဆိုတဲ့ မုဒိတာပင်ဖြစ်သည်။ မုဒိတာသည် ဗြဟ္မ၀ိဟာရ (သူတော်ကောင်းအလုပ်) ၄ ပါးထဲက တစ်ပါးအ၀င်ဖြစ်သည်။ “သူများလှူတာ တစ်ဝက်ဆိုင် သာဓု ခက်မြိုင်မြိုင်” တဲ့။ဗိမ္ဗိသာရမင်းကြီး၏ တချိန်က ဆွေတော်မျိုးတော် တော်စပ်ခဲ့ဖူးသူတွေ သံဃာအတွက် ရည်စူးထားတဲ့ စားဖွယ်သောက်ဖွယ်တွေ စားမိလို့ ပြိတ္တာဘုံဘ၀ ရောက်နေကြသည်။ သူတို့တစ်တွေ မပြည့်စုံလို့ ပုံစံအမျိုးမျိုး အသံအမျိုးမျိုးနဲ့ လာပြသည်။ အခုခေတ်လို ပြောရင်တော့ တစ္ဆေခြောက်တယ်လို့ ပြောရမှာပဲ။ ဒီလိုအကြောင်းတွေကို ဘုရားရှင်အားလျှောက်တော့ ဘုရားက အေး--မင်းကြီး-- အဲဒါ တခြားသူတွေမဟုတ်ဘူး၊ မင်းကြီးရဲ့ ဆွေတော် မျိုးတော်ဟောင်းတွေပဲ။ သူတို့မှာ အစား အ၀တ် နေစရာ မပြည့်စုံလို့ လာအသိပေးတဲ့ သဘောပဲ။ ဒါ့ကြောင့် သံဃာတော်များကို ဆွမ်းလောင်း၊ သင်္ကန်းလှူပြီး အမျှဝေလိုက်ရင် အစားအစာရော၊ အ၀တ်ရော ပြည့်စုံသွားလိမ့်မည်ဟု ဘုရားရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ပြုလုပ်လိုက်မှ ဆွေဟောင်းမျိုးဟောင်းပြိတ္တာတွေ အသံအမျိုးစုံး ပုံစံအမျိုးစုံ အနံ့အမျိုးစုံကို လာမပြကြတော့ဘူ။
ဇာဏုေဿာဏိပုဏ္ဏားကြီး အားလဲ မြတ်စွာဘုရားက ဒီအကြောင်းနဲ့ပတ်သက်ပြီး ဟောထားဖူးတယ်။ တမလွန်ဘ၀ရောက်နေသူအတွက် ရည်စူးပြီး ပြုတဲ့ ကောင်းမှုက သူတို့အထံ ရောက်ပါသလားဘုရား။ ပြိတ္တာဘုံဘ၀ရောက်နေသူအတွက်တော့ ကိုယ်ပြုတဲ့ ကောင်းမှုအဖို့ကို ရရှိခံစားနိုင်တယ်။ ငရဲပြည်ရောက်နေသူကတော့ သူ့အကုသိုလ်ကံ ကြီးမားလွန်းလို့ သူတို့ထံ မရောက်နိုင်ဘူး၊ တိရစ္ဆာန်ဘ၀ရောက်နေသူတွေကတော့ သူတို့အတွက် သစ်ပင် သစ်ရွက် မြက် စတဲ့ အစားအစာ ပြည့်စုံနေရကား ကိုယ်ပြုတဲ့ ကုသိုလ် မရောက်နိုင်။ လူပြည်နှင့်နတ်ပြည်ကို ရောက်နေသူတွေကတော့ သူတို့မှာ အားလုံးပြီးပြည့်စုံနေရာကား ကိုယ်ပြုတဲ့ ကုသိုလ် အဖို့ မရောက်နိုင်။ သို့သော်လည်း သံသရာမှာ ဆွေမျိုးမတော်စပ်ဖူးသူ မရှိရာကား ကိုယ်ပြုတဲ့ ကုသိုလ်အဖို့ကို တစ်ယောက်မဟုတ် တစ်ယောက်တော့ ရသွားနိုင်သည်။ ပြိတ္တာဘုံဘ၀မှာ ကိုယ်ရည်ရွယ်ထားသူလဲ မရှိ၊ ဆွေးမျိုးတော်သူလဲ မရှိဆိုရင် ကိုယ်ပြုတဲ့ ကုသိုလ်ကား အချည်းအနှီးဖြစ်သွားရောလားဆိုတော့၊ အဲဒီလိုလည်းမဟုတ်။ ကိုယ်ပြုတဲ့ ကုသိုလ် ကိုယ်ပဲ ရသည်။ ဤကား ဇာဏုေဿာဏိအားဟောသော ဘုရားစကားများတည်း။
မရဘူးဆိုတဲ့အပိုင်းမှာတော့ ကိုယ်ပေးလိုက်တဲ့ အမျှက ပြိတ္တာဘ၀မှာ မပြည်စုံတဲ့ သူတွေလို ရသွားစေတာမျိုး မဟုတ်ဘူး။ ပြိတ္တာတွေကတော့ သူတပါးရဲ့ အလှူ၏အမျှကို သာဓုခေါ်လိုက်တာနဲ့ စားစရာ နေစရာ ၀တ်စရာ တခါတည်း ပြည့်စုံသွားတယ်။ ကမ္မဇိဒ္ဓိသတ္တ၀ါတွေဖြစ်သည်၊ ကံနဲ့ အသက်ရှင်နေသူများ ဖြစ်ကြသည်။ လူတွေကတော့ အဲဒီလို မရနိုင်ဘဲ ကုသိုလ်တော့ ရသွားတယ်။ အဲဒါကြောင့် ရတယ်လဲပြောလို့ရတယ် မရဘူးလို့လဲ ပြောလို့ရတယ်ပေါ့။
မေးခွန်း (၂)
နောက်ပြီး တပည့်တော်က တစ်ခြား တစ်ယောက်ကိုယ်စား ကုသိုလ် ပြုပေးလို့ ရပါသလားဘုရား?တဲ့။ ဒီမေးခွန်းလေးကလဲ ရိုးရှင်းပေမဲ့ သိသင့်သိထိုက်တဲ့ မေးခွန်းတစ်ခုပါပဲ။အဖြေ
ဒီမေးခွန်းကလဲ အပိုင်းနှစ်ပိုင်း ခွဲဖြေရလိမ့်မယ် ထင်ပါတယ်။ တစ်ပိုင်းကတော့ အကျိုးများသော ကိုယ်စားပြုတဲ့ ကုသိုလ်သည်။ ဆိုကြပါစို့ သူငယ်ချင်းလေးယောက် အစုရှယ်ရာဝင်ပြီး အတူစီးပွားကြသည်။ ရလာတဲ့ အကျိုးမြတ်ကို ၅ စု ပုံပြီး ၄စုကို လေးယောက် အညီအမျှ ဝေယူကြသည်။ ဝေပုံတစ်စုကိုတော့ ပရဟိတအတွက် ကုသိုလ်ပြုရန်ဖြစ်သည်။ ထိုဝေစုကို သူငယ်ချင်းတစ်ယောက်က ကျန် ၃ ယောက် ကိုယ်စား ကုသိုလ်ပြုပေးသည်။ ၄ ယောက်စလုံး ကုသိုလ်ရသည်။ သို့သော်လည်း ကိုယ်တိုင်ကိုယ် သာဟတ္ထိက သွားရောက်လှူတဲ့သူကတော့ ကျန် ၃ ယောက်ထက် ပိုကုသိုလ်ရသည်။တခါက ပါယာသိမင်းကြီးက ကုမာရကဿပမထေရ်၏ တရားတော်ကြောင့် မိစ္ဆာအယူကို စွန့်ခွါပြီး ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ခဲ့သည်။ ဒါန၏ အကျိုးကို ယုံကြည်လာသည်။ ထို့ကြောင့် ခရီးသွားတွေ၊ သူဆင်းရဲတွေ၊ ရဟန်းပုဏ္ဏားတွေကို ဆန်ကွဲထမင်းများကို လှူသည်။ အညံ့စားအ၀တ်တွေကို ပေးကမ်းသည်။ ထိုအလှူဒါနပြုရာဝယ် ဥတ္တရလုလင်အား တာဝန်ပေးထားသည်။ ဥတ္တရလုလင်က ထိုအလှူဒါနဝေယျာဝေစ္စပြုရာဝယ် “ဤကောင်းမှုကြောင့် နောင်ဘ၀ ဒီ ပါယာသိမင်းကြီးနဲ့ မဆုံပါရစေနဲ့”ဟု ဆုတောင်းသတဲ့။ ဘုရင်ကြီးက ကြားသွားသဖြင့် အဘယ့်ကြောင့် ဤကဲ့သို့ဆုတောင်းသနည်းဟု မေး၏။ အရှင်မင်းကြီး လှူတဲ့ အလှူကို ကြည့်ပါအုန်း၊ အရှင်မင်းကြီးလှူတဲ့ အစားအစာ အ၀တ်အထည်တွေကို မစား မသုံးတဲ့အပြင် ခြေနဲ့တောင် ထိချင်ကြမည် မဟုတ်။
ကောင်းပြီး၊ ဒီလိုဆိုရင် ငါ စားနေတဲ့ အစားအစာ ငါသုံးနေတဲ့ အ၀တ်အထည်တွေကို လှူပေတော့၊ သို့သော်လည်း သူကိုယ်တိုင် အလှူမလုပ်နိုင်ဘဲ တပည့်ဖြစ်သူ ဥတ္တရလုလင်အား စီမံခန့်ခွဲရန် တာဝန်ပေးထားသည်။ ဥတ္တရလုလင်က သူကိုယ်ပိုင်ပစ္စည်းဖြင့် လှူသည့်ဒါန မဟုတ်စေကာမူ ရိုရိုသေသေ သံဃာ့ဝေယျာဝေစ္စပြုသည်။ ဘုရင်ကြီးက ကိုယ်ကိုယ်တိုင် လှူဖို့ စိတ်မပါ။ သူတို့နှစ်ယောက် သေပြီးသော်အခါ ဘုရင်ကြီးက နတ်ပြည် ၆ ထက် အောက်ဆုံးဘုံ စာတုမဟာရာဇဘုံရောက်သွားသည်။ ဥတ္တလုလင်ကတော့ သူ့အထက်ကဘုံဖြစ်တဲ့ တာဝတိံသာမှာ သွားဖြစ်သည်။ ဤဇာတ်တော်မှာ ဥတ္တရလုလင်သည် ဘုရင်ကြီးကိုယ်စား အလှူဒါနကို ပြုပေးသည်။ ဘုရင်ကြီးလဲ ကုသိုလ်ရသည်၊ ကိုယ်စားပြုပေးတဲ့သူက ပိုကုသိုလ်ရနေသည်။
ကိုယ်တိုင်ပြုသူသာ ကုသိုလ်ရနိုင်
နောက်တစ်ပိုင်းကတော့ သူတပါးအတွက် ကုသိုလ် လုပ်ပေးလို့မရတာတွေ ရှိသည်။ ဥပမာ- သူငယ်ချင်းတစ်ယောက်ကိုယ်စား မေတ္တာသုတ်ရွတ်ပေးခြင်း၊ ပရိတ်ရွတ်ပေးခြင်း၊ ပဋ္ဌာန်းရွတ်ပေးခြင်း စသည့် ဘာဝနာကုသိုလ်များ၊ ဘုရားသောက်တော်ရေ၊ ပန်း ဆီးမီးကပ်ခြင်း၊ ကိုယ့်ပိုင်ပစ္စည်းဖြင့် သူအတွက် ကောင်းမှုပြုပေးခြင်းတို့သည် ပြုသူသာ ကုသိုလ်ရသည်။ သူငယ်ချင်းဖြစ်သူမှာ ကုသိုလ်မရနိုင်။ သို့သော် အဲဒီပြုသမျှကို သူ့အတွက် အမျှဝေသော်အခါ သူငယ်ချင်းက သာဓုခေါ်လျှင်ကား ပတ္တာနုမောဒန ကုသိုလ်တော့ ရနိုင်သည်။ တချို့က “ ကိုယ့်မိသားစုထဲက အမေကသော်၎င်း၊ အမ အစ်ကို တစ်ယောက်ယောက်ကသော်၎င်း ကောင်းမှုပြုနေရင် ငါပြုစရာမလို၊ သူတို့ပြု ငါပြုတာနဲ့ အတူတူပဲ”ဟု ထင်တတ်ကြသည်။တခါက မဃလုလင်ဆိုတဲ့ အမျိုးကောင်းသားတစ်ယောက် ရွာထဲမှာ လမ်းပြင် တံတားခင်း၊ အမှိုက်ရှင်း စတဲ့ အများကောင်းကျိုးအတွက် ကောင်းမှုအပြင် အများပြည်သူ ပင်ပန်းတဲ့အခါ တည်းခိုဖို့ ဇရပ်တံဆောင်းကိုလဲ ဆောက်လုပ် လှူဒါန်းခဲ့သည်။ သူနဲ့အတူ အမျိုးကောင်းသား ၃၁ ယောက်၊ စုပေါင်း ၃၂ ယောက်သော အမျိုးကောင်းသားတို့သည် အများအကျိုးသယ်ပိုးသည့် သူငယ်ချင်းတစ်စု ဖြစ်ကြသည်။ ထိုအဲတွင် ထူးထူးခြားခြား မဃလုလင်ကတော့ သကြာမင်းဖြစ်ကြောင်း ကောင်းမှုတွေကိုပါ အသက်ထက်ဆုံး အားထုတ်သွားသည်။
သကြားမင်းဖြစ်ကြောင်း (၇)
၁။ မိဘကို ပြုစုလုပ်ကြွေးခြင်း
၂။ ကြီးသူကို ရိုသေ လေစားခြင်း
၃။ သိမ်မွေ့နုညံ့သော စကားကိုသာ ပြောဆိုခြင်း
၎။ ညီညွတ်ရေး စေ့စပ်ရေးလမ်းစဉ် စကားကိုသာ ပြောဆိုခြင်း (ချောပြစ်ဂုဏ်ချောခြင်း ပိသုဏစကားကို မပြောဆိုခြင်း)
၅။ အလှူအတန်းမှာ ပျော်မွေ့ခြင်း၊ ပေးကမ်းခြင်း စွန့်လွတ်ခြင်းတို့၌ စီမံခန့်ခွဲရတာကို ပျော်မွေ့ခြင်း
၆။ မှန်သော စကားကိုပဲ ပြောဆိုခြင်း နှင့်
၇။ ဒေါသမကြီးခြင်း သည်းခံခြင်း တည်းဟူသော သကြားဖြစ်ကြောင်း ကျင့်စဉ်တို့ကို အသက်ထက်ဆုံး ပြုကျင့်အားထုတ်သည့်အတွက် မဃ၀အမည်ရှိ သကြားမင်း ဖြစ်လာသည်။
သူ့သူငယ်ချင်းများကတော့ သူနဲ့အတူ နတ်သားများ ဖြစ်လာကြသည်။
သကြားမင်းမဖြစ်မှီ မဃလုလင်ဘ၀မှာ သုဓမ္မာ၊ နန္ဒာ၊ စိတ္တာနှင့် သုဇာဆိုတဲ့ အမျိုးသမီး လေးယောက် ရှိသည်။ ထိုအမျိုးသမီးလေးယောက်တွင် သုဓမ္မာကတော့ ဇရပ်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းသည်၊ နန္ဒကတော့ ထိုဇရပ်အနီး ရေကန်ကြီးတစ်လုံး လှူသည်၊ စိတ္တာကတော့ ထိုအနီး အများပြည်သူ အပန်းဖြေရန် ပန်းခြံကြီးတည်ဆောက်လှူသည်။ ထိုကောင်းမှုများကြောင့်ပင် တာဝတိံသာမှာပဲ မဃ၀သကြားမင်း၏ နတ်သမီးလေးများ ဖြစ်လာသည်။ နောက် သုဇာဆိုတဲ့ အမျိုးသမီးကတော့ မဃလုလင်၏ဦးကြီးသမီးလည်းဖြစ်သည်၊ မဃလုလင်၏ ဇနီးလည်း ဖြစ်သည့်အတွက် “ ငါက သူနဲ့အမျိုးလည်းတော်သည်၊ သူ့ဇနီးလည်းဖြစ်သည့်အတွက် ကောင်းမှုပြုစရာမလို၊ လင်တော်မောင် မဃ ကောင်းမှုပြုတိုင်း ငါပြုရာမည်သည်၊ ငါပြုသမျှသည်လည်း သူပြုရာရောက်သည်”ဟုသော အတွေးဖြင့် ဘာကောင်းမှုမှ မပြုခဲ့ဘဲ အလှအပတန်ဆာဆင်ရင်းဖြင့် ဘ၀ကို ကုန်ဆုံးစေခဲ့သည်။ သေသည့်အခါ ဗျိုင်းမလေးတစ်ကောင် သွားဖြစ်သည်။
ဤဇာတ်တော်တွင် မဃလုလင်၏ ဇနီး မသူဇာသည် သူ့အမျိုးသား ကောင်းမှုပြုလျှင် သူမလည်း အတူ ရလိမ့်မည်ဟုသော မျှော်လင့်ခဲ့သည်။ တကယ်တော့ မဃလုလင်ပြုသမျှ ကုသိုလ်သည် မဃလုလင်ပဲ ရသည်။ တခြားလူ မရနိုင်။ ထို့ကြောင့် သူတစ်ပါးကိုယ်စား ကုသိုလ် လုပ်ပေးလို့ မရတာလဲ ရှိသည်ဟုသော အဖြေသည် ဤနည်းဖြင့် တစ်နည်းမှတ်သားနိုင်သည်။ အလားတူပင် အကုသိုလ်အရာ၌ ပြုသူသည်သာ ထိုအကုသိုလ်အကျိုးခံစားရမည်၊ တစ်ပါးသောသူကား ထိုအကုသိုလ်ပြုရာ၌ ကာယကံ ၀စီကံမပါခဲ့ရင် ထိုအကုသိုလ်အကျိုးမရောက်လာနိုင်။ “သူ့ကာယကံ သူ့ထံပြန်၊ ကိုယ့်ကာယကံ ကိုယ်ထံပြန် ပဲ့တင်သံမလွဲ တစ်ထပ်တည်း” ဟူသတည်း။
ဒကာတော်ရေ--ဘုန်းဘုန်းကို မေးခွန်းတွေမေးလို့ အထူးပဲ ကျေးဇူးတင်ပါသည်။ ဘုန်းဘုန်းလဲ မောင်ရင် မေးသမျှ မေးခွန်းတွေကို အတတ်နိုင်ဆုံး စုစည်းပြီး တင်ပြထားသည်။ ပြည့်စုံမည်ဟူ၍ကား မထင်။ ထို့ကြောင့် တိုးတက်၍လေ့လာနိုင်ပါသေးသည်။
“တပည့်တော်ကို နားလည်အောင်ရှင်းပြပေးတာ အများကြီး ကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော် နောက်ကိုလည်း မသိတာ ရှိရင် ဘုန်းဘုန်းကို မေးပါဦးမယ် ဘုရား”ဟူ၍ ဒီကနေ့ အမေးအဖြေအခန်း ချက်တင်စကားဝိုင်း ဤမှာ အပြီးသတ်ပါသတည်းးးးးးးးးးးးးးးး။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၆-၂၀၁၂