သီတဂူစတား

သီတဂူစတား

13 August 2012

စေတီနှင့် ရုပ်ထုတော်ကို ရှိခိုးခြင်း မှတ်ဖွယ်

စာမိတ်ဆက်
မေးလာသဖြင့် ဖြေကြားလိုက်ပါသည်၊ မေးလာသူ နောင်နောင် ဟားခါးမှ ဖြစ်သည်၊ သူမေးတဲ့ မေးခွန်းများကို ခြုံငုံပြီး ဖြေဆိုလိုက်ခြင်းဖြစ်သည်၊ မေးခွန်းများကို တစ်ခုစီ ခွဲမဖြေတော့ဘဲ ပေါင်း၍ဖြေကြားလိုက်ပါသည်၊ မေးလာသည်အတွက်လဲ အထူးကျေးဇူးတင်ပါသည်။ သူ၏ မေးခွန်းများကိုလဲ ပူတွဲပြီး ဖော်ပြလိုက်ပါသည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင် ခမ်းမဆောင်တွင်းက ရုပ်ပွားဆင်းတုတော်)

စေတီ (စေတိယ)
ဥဒ္ဒိဿစေတီနဲ့ ပတ်သက်ပြီး ပြောရမည်ဆိုရင် ရှေးဦးစွာ စေတီအကြောင်းကို သိဖို့လိုတယ်။ ဥဒ္ဒိဿစေတီ ဆိုတာ ပါဠိစကားလုံး ၂ ခုကို ပေါင်းစပ်ထားတဲ့ မြန်မာဝေါဟာရတစ်ခုဖြစ်သည်။ “ဥဒ္ဒိဿ-ရည်စူးအပ်သော” ဟုဘာသာပြန်ဆိုသည်။ စေတီဆိုတဲ့ ပုဒ်ကတော့ စေတိယ ဆိုတဲ့ ပါဠိစကားလုံးက ဆင်းသက်လာတဲ့ မြန်မာဝေါဟာဖြစ်သည်။ မြန်မာစစ်စစ် အဓိပ္ပါယ်ကတော့ လူတို့၏ အမြတ်တနိုး ကိုးကွယ်ရာဌာန ဟု ဆိုသည်။

ဘုရားရှင်မပွင့်ခင်ကထဲက လူတွေဟာ အကြောက်တရား(ဒေါသ)ကြောင့်သော်၎င်း လိုချင်ရချင်လွန်း(လောဘ)သောကြောင့်၎င်း သစ်ပင်ကြီးတွေ တောတောင်တွေ နတ်ကွန်းတွေ မြစ်ချောင်းတွေ စသည်ဖြင့် သက်မဲ့တွေကို ကိုးကွယ်ကြသည်၊ ထိုကိုးကွယ်ရာ ဌာနတွေကို စေတိယ-စေတီဟု ခေါ်သည်။ ထိုအချိန်ကစပြီး ကိုးကွယ်ခြင်းဆိုတဲ့ ဘာသာ Religi0n ပေါ်လာသည်။ မြတ်ဗုဒ္ဓပွင့်တော်မူလာသော အခါ ထိုအယူဝါဒများကို တွန်းလှန်ခဲ့သည်။ မြတ်ဗုဒ္ဓ၏အဆုံးအမရ ဗုဒ္ဓဘာသာသည် ထိုသို့သော အကြောက်တရား၊ လိုချင်လောဘတရားတို့ကြောင့် ကိုးကွယ် ယုံကြည်၊ ရှိခိုး၊ ဆုတောင်းသည့် ဘာသာမျိုး religion ကား မဟုတ်။
ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်ယုံကြည်သည့် စေတီသည် လိုချင်ရချင်သော လောဘကြောင့် ရှိခိုး ဆုတောင်းသည်လည်း မဟုတ်၊ အကြောက်တရားကြောင့် ကိုးကွယ်သည်လည်းမဟုတ်၊ အလွန့်အလွန် ကျေးဇူးကြီးလွန်းလို့ ထိုကျေးဇူးတရားနှင့် မြတ်ဗုဒ္ဓဂုဏ်တော်တွေကို အာရုံပြု ရှိခိုးကြခြင်း၊ အရိုအသေပေးခြင်း၊ အသိအမှတ်ပြုခြင်းမျှသာဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်သည့် စေတီဟူသည် (စေတီ ၄မျိုး)
ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်သည့် စေတီဟူသည် ၄ မျိုးရှိသည်။ ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ ဟူသတည်း။

(၁) ဓာတုစေတီ ဟူသည် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ကျန်ရစ်ခဲ့သော အရိုးတော်များ၊ ဆံတော်များဖြစ်သည်၊ လယ်တီဆရာတော်ကြီး (၇) ဘုရားရှိခိုးတွင် နောက်ဆုံး ပရိနိဗ္ဗာန်ပြုခန်း၌ “မွေတော်ရှစ်စိတ် ကြွင်းသကိုးးးးးးး” မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုစဉ်က ဓာတ်တော်များ ရှစ်စိတ်ရှစ်ဖြာ ဖြစ်သဖြင့် မွေတော်ရှစ်စိတ် ကျန်ခဲ့သည်ဟုဆိုသည်၊ အမွေအနှစ်အဖြစ်ဖြင့် ချန်ထားခဲ့သောကြောင့် “မွေတော်”ဟူ၍လည်း ခေါ်ကြသည်။ ထိုဓာတ်တော်များသည် အကြီးဆုံး ပဲနှောက်ခြမ်းခန့်ရှိသည်၊ အလတ်အစားအရွယ်က ဆန်ကွဲခန့်ရှိသည်၊ အသေးဆုံး ဓာတ်တော်က မုန်ညင်းစေ့ခန့်ရှိသည်ဟု ဆိုကြသည်။

အဦးဆုံး သရဏဂုံ နှစ်ပါးတည်ခဲ့သော တပုဿနှင့်ဘလ္လိကာတို့ ကုန်သည်နှစ်ယောက်တို ဘုရားရှင်ထံမှ ဆံတော်များရရှိခဲ့သည်၊ ထိုဆံတော်များသည် ယခုအခါ ရွှေတိဂုံစေတီတော်ကြီးအတွင်း ဓာတုစေတီအဖြစ် ပူဇော်ထားကြသည်ဟု ဗုဒ္ဓဘာသာဝင်တို့အားလုံး တညီတညွတ်တည်း လက်ခံ ယုံကြည်ကြသည်။

(၂) ဓမ္မစေတီ ဟူသည် မြတ်ဗုဒ္ဓ၏ရွှေနှုတ်မှ ထွက်လာသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်၊ နိကာယ် ငါးရပ်၊ သို့မဟုတ် ပိဋကတ်တော် သုံးပုံဖြစ်သည်။ ထိုတရားတော်များသည် ရိုသေထိုက်သည်၊ လေစားမြတ်နိုးထိုက်သည်၊ ရှိခိုးထိုက်သည်၊ ထိုပိဋကတ်ဆောင် ရဟန်းတော်များသည်လည်း ဓမ္မစေတီထိုက်သဖြင့် ဓမ္မစေတီအဖြစ် လေးစားထိုက်သည်၊ ပူဇော်ထိုက်သည်၊ ထို့ပြင် တရားတော်အတိုင်း ကျင့်ကြံအားထုတ်သူတိုင်းလည်း ဓမ္မစေတီထိုက်သူများ ဖြစ်ကြသည်။

(၃) ဥဒ္ဒိဿစေတီ ဟူသည် ရည်စူး ရည်မှန်အပ်သော အရာမှန်သမျှဖြစ်သည်။ သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်စူး ရည်မှန်းပြီး ဘုရားရှင်ဟန်ပန်အမျိုးမျိုး ပြုလုပ်၍ ကိုးကွယ်ကြသည်။ ဘုရားရှင်၏ မာရ်ငါးပါးကို အောင်တော်မူပုံ၊ ဘုရားရှင် စင်္ကြလျှောက်နေပုံ၊ ဘုရားရှင်ရပ်တော်မူပုံ၊ ဘုရားရှင် ထိုင်တရားဟောတော်မူပုံ၊ ဘုရားရှင်လျှောင်းတော်မူပုံ၊ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပုံတို့ကို ရည်စူးပြီး ထိုလုပ် ကိုးကွယ်သော ပုံသည် ဥဒ္ဒိဿစေတီများ ဖြစ်ကြသည်။ ဘုရားရှင်၏ ကိုယ်ပွားအဖြစ်ဖြင့် ရုပ်ပုံတော်ကို တုပထားသောကြောင့် ရုပ်ပွားဆင်းတုတော်ဟုလဲ ခေါ်ကြသည်၊ မြတ်ဗုဒ္ဓရုပ်နဲ့ အဆင်းသဏ္ဌာန် တူအောင် ပြုလုပ်ထားသောကြောင့် ဆင်းတုတော်ဟုလည်း ခေါ်ကြသည်။ ထိုအားလုံးသည် ဥဒ္ဒိဿစေတီအတွင်း ပါဝင်သည်၊ စေတီမပါ၊ ရုပ်ပုံမပါဘဲ သက်တော်ထင်ရှား မြတ်ဗုဒ္ဓပုံကို စိတ်ထဲမှာ အာရုံယူခြင်းသည်လည်း ဥဒ္ဒိဿစေတီကို ကိုးကွယ်ခြင်းမည်သည်။
ယနေ့ခေတ်မှာလဲ ဘာသာ သာသနာအတွက်ပဲဖြစ်ဖြစ် လူမျိုးနှင့် နိုင်ငံတော်အတွက်ပဲ ဖြစ်ဖြစ် စွမ်းစွမ်းတမံ လုပ်ဆောင်သွားကြတဲ့ ပုဂ္ဂိုလ်များကို သူရဲကောင်းများအဖြစ် လေးစားကြည်ညိုကြသည်၊ သူတို့၏ ဂုဏ် ကျေးဇူးတရားများကို အမှတ်ရစေခြင်းနှင့် အတုယူဖွယ် စံပြအဖြစ်ဖြင့် သူတို့ကိုယ်ပွားရုပ်ထုကို ပြုလုပ်၍ အမြတ်တနိုးကိုးကွယ်ကြသည်။ သူတို့ရဲ့ ရုပ်ထုရှေ့မှာ ဆီးမီး ပန်းစသည်တို့ဖြင့် ပူဇော်ကြသည်မှာ ရုပ်ထုကို ပူဇော်ကြသည်မဟုတ် သူတို့၏ဂုဏ်ကျေးဇူးနှင့် စွမ်းရည်များကို ပူဇော်ကြခြင်းဖြစ်သည်။

(၄) ပရိဘောဂစေတီ ဟူသည်၊ မြတ်ဗုဒ္ဓအသုံးအဆောင်များဖြစ်သည်။ ပရိဘောဂ-အသုံးအဆောင်၊ ထို့ကြောင့် စားပွဲ ဗီရို၊ ကုလားထိုင် ကုတင်စတဲ့ အိမ်အသုံးအဆောင်ပစ္စည်းဆိုင်ကို ပရိဘောဂဆိုင်ဟု ခေါ်ကြသည်။ မြတ်ဗုဒ္ဓအသုံးပြုခဲ့သော တောင်ဝှေးတော်၊ ရေသနုတ်တော်၊ သပိတ်တော်၊ စသည်တို့သည် ပရိဘောဂစေတီများဖြစ်သည်၊ ထိုအသုံးဆောင်များကို ဌာပနာသွင်းပြီး စေတီ၊ ပုထိုး ဘုရားများတွင် ကိုးကွယ်ကြသည်၊ အမြတ်တနိုးထားကြသည်၊ ရိုသေကြသည်။ ယနေ့ခေတ် ဘာသာရေးဘက်မှာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးဘက်မှာပဲ ဖြစ်ဖြစ် တစ်နေနေရာမှာ ထူးချွန်ပြောင်မြောက်ခဲ့သော အာဇာနည်တို့၏ အသုံးအဆောင်အများကို အမြတ်တနိုးထားကြသည်။
(အမေရိကန်-သီတဂူဗုဒ္ဓ၀ိဟာရရှိ ရွှေစည်းခုံစေတီတော်ကြီး)

ကိုးကွယ်ခြင်းနှင့် ဆုတောင်းခြင်း

ဗုဒ္ဓဘာသာသည် အထက်မှာ ဖော်ပြထားသလို ကြောက်လို့ ကိုးကွယ်သည့် ဘာသာ Religion လည်းမဟုတ် လိုချင်ရချင်လို့ ကိုးကွယ်သည့် ဘာသာ Religion မဟုတ်၊ သံသရာဆင်းရဲမှလွတ်ရန်သာ သို့မဟုတ် ငြိမ်းချမ်းရေးကိုသာ ရည်ရွယ်၍ လက်တွေ့ကျကျ ကိုယ်တိုင်အားထုတ်ရသည့် (ဓမ္မ) တရားဖြစ်သည်။ ယုံကြည်ရုံနဲ့ မပြည့်စုံ၊ ကောင်း၏ မကောင်း၏ သင့်၏ မသင့်၏ အစစ် အတု စသည်ခွဲခြမ်း စိတ်ဖြာတတ်သော ပညာပါဖို့လိုသည်၊ ထိုယုံကြည်မှု (သဒ္ဓါ) ပညာ (၀ိဇ္ဇာ) ပါရုံနဲ့လဲ မပြီး၊ လက်တွေ့ကျကျ အားထုတ်ရသော (စရဏ)လဲ ပါရသည်။ ဘာမှ မလုပ်ဘဲ ရုပ်ထုရှေ့ လိုချင်တာ ဆုတောင်းနေတဲ့ ဘာသာမဟုတ်၊ ဘေးအန္တရာယ်ကျရောက်သော အခါ ရုပ်ထုရှေ့မှာ ကယ်ပါယူပါ တစာစာနဲ့ နပူနစာ တိုက်နေရသည့် ဘာသာလဲမဟုတ်၊ တကယ်တော့ ရုပ်ထုဆိုတာ စောစော ပြောခဲ့သလို မြတ်ဗုဒ္ဓကိုယ်စားပြုထားတဲ့ ရုပ်ထုဖြစ်သည်၊ အာရုံပြုလွယ်နိုင်ရန်၊ ဂုဏ်ကျေးဇူးတရားတွေကို အာရုံပြုလွယ်နိုင်ရန် ရည်ရွယ် ရုပ်ထုရှေ့မှာ အရိုသေပေးကြသည်၊ ရှိခိုးကြသည်၊ ထိုသို့အရိုသေပေးခြင်း ရှိခိုးခြင်းသည် အုတ်ပုံ သစ်သား ကျောက် စသည့် ရုပ်ထုများကို မဟုတ်၊ သက်တော်ထင်ရှား မြတ်ဗုဒ္ဓ၏ ကျေးဇူးတရားနဲ့ ဂုဏ်တော်တွေကို အရိုသေပေးခြင်းသာ ဖြစ်သည်၊ ရှိခိုးခြင်းသာ ဖြစ်သည်။

ဘာတွေ ဆုတောင်းကြသနည်း

ဆုတောင်းခြင်းနှင့်ပတ်သက်ပြီး စာရေးသူ၏ဆိုက်ထဲ့က ပို့စ်များစွာထဲမှာ မကြာမကြာ ထည့်ရေးဖူးသည်။ လူတွေက အကြောက်တရား တခုခုနဲ့ ကြုံလာတဲ့အခါ သို့မဟုတ် တစ်ခုခုကို ရချင်တဲ့အခါတွေမှာ သူတို့ကိုးကွယ်ရာ ရုပ်ထုရှေ့မှောက်မှာပဲ ဖြစ်ဖြစ် သစ်ပင်ကြီးတွေအောက်မှာပဲ ဖြစ်ဖြစ်၊ နတ်ကွန်းတွေမှာပဲ ဖြစ်ဖြစ် တောင်းပန်ကြသည်၊ တောင်းဆိုကြသည်။ ထိုရုပ်ထု သို့မဟုတ် တောတောင် သစ်ပင်၊ နတ်ကွန်းတွေမှာ သူတို့တောင်းတာကို ပေးနိုင်သူ တန်ခိုးရှင်တစ်ယောက် ရှိနေမည်ဟု ယုံကြည်ထားကြသည်။ မိမိဘ၀ကို ထို တန်ခိုးရှင်ထံမှာပဲ လုံးဝ အားကိုးနေကြသဖြင့် မိမိရဲ့ အစွမ်းအစ သတ္တိ၊ ဗျတ္တိတို့သည် အသုံးမ၀င်ဘဲ ဖြစ်နေတော့သည်။

မြတ်ဗုဒ္ဓကတော့ ထိုကဲ့သို့ သူတပါးကို အားကိုးတာ မကြိုက်၊ ကိုယ့်ရဲ့ ကံ ဥာဏ် ၀ီရိယ ကိုပဲ အားကိုးဖို့ပဲ ပြောသည်၊ (အတ္တာ ဟိ အတ္တနော နာထော)။ ကိုယ့်ဘ၀ရဲ့ အနိမ့်အမြင့် ကျရှုံးခြင်းနှင့် အောင်မြင်ခြင်းတွေကို ဘယ်ဘုရား ဘယ်တံခိုးရှင်တွေကမှ ဖန်တီးပေးသည်မဟုတ် ကိုယ့်ရဲ့ ကံ ဥာဏ် ၀ီရိယ ကပဲ ဖန်တီးပေးသည် (ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ ယဒိဒံ ဟီနပ္ပဏီတတာ)။

ဗုဒ္ဓဘာသာဝင်တွေကော ဆုမတောင်းကြဘူးလား? ဘုရားရှေ့မှာ ဘယ်လိုဆုတောင်းကြသလဲ? ဆိုတော့၊ ဆုတောင်းကြပါသည်။ သို့သော် အထက်က ပြဆိုထားသလို တခြားဘာသာတွေရဲ့ ဆုတောင်မျိုးနဲ့တော့ လုံးဝမတူ၊ ဘုရားရှင်ရုပ်ပွားဆင်းတုတော် ရှေ့မှာ ဒူးလေးတုတ်ပြီး အရိုအသေ ထိုင်ကြသည်၊ ပြီးတော့ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတွေကို အာရုံပြုပြီး ရှိခိုးကြသည်။ ပြီးတော့မှ ကိုယ်ပြုခဲ့တဲ့ကောင်းမှုတွေကြောင့် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို ရင်ထဲမထားဘဲ ထုတ်ဖော်ပြောကြသည်။ ဒါကိုပဲ ဆုတောင်းသည်ဟု ခေါ်သည်၊ ကိုယ်လုပ်ထားတဲ့ ကောင်းမှုရဲ့ အခွင့်အရေးကို တောင်းဆိုခြင်းမျှသာ ဖြစ်သည်။ ဘာမှ မလုပ်ဘဲ အခွင့်ရေးကို တောင်းဆိုနေသည်မဟုတ်၊ ဘုရားရှေ့မှာပဲ ဆုတောင်းသည်ဆိုသည်မှာလဲ လောကမှာ လူအများစုက မိမိ အလေးထားရဆုံးပုဂ္ဂိုလ်ရှေ့မှာ တောင်းဆိုကြခြင်းသည်။ ဤသို့အားဖြင့် မိမိကိုယ်ကို အားကိုးခြင်း၊ ကိုယ်လုပ်ခဲ့တဲ့အခွင့်ရေးအပေါ်မှာ ဆန္ဒပြုခြင်းတို့သည် မြတ်ဗုဒ္ဓအလိုကျ ဆုတောင်းခြင်းဖြစ်သည်။

နောက်တစ်ခုက ဘုရားပုထိုးများနှင့်မှတ်ဖွယ်ကိုလဲ တောင်မြို့မဟာဂန္ဓာဆရာတော်ကြီးက သူ၏ ရတနာ့ဂုဏ်ရည် စာအုပ်တွင် “ဘုရား-ပုထိုးဟူသော အသုံးအနှုန်းကို ယိုးဒယားမှ ကူးစက်လာသော အသုံးဟု ကြံကြ၏။ ယိုးဒယားလူမျိုးများက ဆင်းတုစေတီတော်များကို စာရေးသောအခါ “ဝရား=ဗုဒ္ဓေါ”ဟု ရေး၍ စာဖတ်သောအခါ “ဖရား=ဗုတ်ထိုး”ဟု အသံထွက်၏။ ထိုအသံထွက်ကိုလိုက်၍ မြန်မာတို့က “ဘုရား=ပုထိုး”ဟု ရေးဟန်တူ၏။ ထိုယိုးဒယား အသုံးဖြစ်သော “ဝရား=ဗုဒ္ဓေါ” စကား၌လည်း ဝရ-မြတ်သော၊ ဗုဒ္ဓေါ-ဘုရား၊ မြတ်သောဘုရား၊ မြတ်စွာဘုရားဟု ဆိုလိုသည်။ ထို့ကြောင့် “ဝရ၊ ဗရား၊ ဘုရား” ဤသုံးမျိုးသည် ပါဠိ၊ ယိုးဒယား၊ မြန်မာ အသုံးအဖြစ် ကွဲပြားသော်လည်း “ဘုရားရှင်”ဟူသော အနက်အားဖြင့် တူမျှသည်ဟု မှတ်ပါ။” ဟု ပြဆိုထားသည်။

ထိုဘုရား ပုထိုးတော်အတွင်း ဘုရားဆင်းတုတော်များ (ဥဒ္ဒိဿစေတီ) ဘုရားရှင်ဓာတ်တော်များ (ဓာတုစေတီ)၊ ကြေးပြားဖြင့် ထွင်းထားသော ဘုရားရှင်၏ ပိဋကတ်တော်များ၊ (ဓမ္မစေတီ)နှင့် ဘုရားရှင်အသုံးအဆာင်များကို ထည့်သွင်းပြီး ပူဇော်ကြသည်။ ဘုရားရှင်အဆက်ဆက်မှာရော ယနေ့ခေတ်မှာပါ စေတီတော်ကို အမြတ်ဆုံးရွှေငွေ ရတနာများဖြင့် ပူဇော်ကြသည်ကို တွေ့ရသည်။ လောကမှာ အထွဋ်မြတ်ဖြစ်သော မြတ်ဗုဒ္ဓကို လောကတွင် အမြတ်ဆုံးဟု ယူဆရသော ရွှေငွေ ကျောက်တန် ပတ္တမြားတို့ဖြင့် ပူဇော်ကြသည်၊ ထိုသို့ ပူဇော်ကြခြင်း လူတို့၏ သဒ္ဓါတရားဖြစ်သည်။ သဒ္ဓါ စေတနာ အနဲအများအားလျှော်စွာ အကျိုးကျေးဇူးရှိသည်။ ဘုရား၊ ဆင်းတုတော်၊ စေတီတော်များက မရှိ မဖြစ်တော့မဟုတ်၊ အထက်မှာ ပြထားသလို သက်တော်ထင်ရှား ဘုရားရှင်ကို စိတ်ထဲမှာ ပို၍မြင်သာထင်သာအောင် ပြုလုပ်၍ ကိုးကွယ်ခြင်းဖြစ်သည်။ စေတီ၊ ရုပ်ပွားဆင်းတုတော်များကို သက်တော်ထင်ရှား ဘုရားရှင်အဖြစ်နဲ့ ပူဇော်ခြင်းသည် သက်တော်ထင်ရှား ဘုရားရှင်းကို ပူဇော်ခြင်းနဲ့ ထပ်တူထပ်မျှဖြစ်သည်၊ (သမေ စိတ္တေ သမံ ဖလံ)။ ရုပ်ပွားဆင်းတုတော်များကို အနေကဇာတင်ခြင်းနဲ့စပ်လျဉ်းပြီး စာရေးသူ၏ဆိုက်တွင် ကြည့်နိုင်ပါသည်။

စေတီရုပ်ပွားတော်များနှင့် နေရာ
စေတီ ရုပ်ပွားတော် ဆင်းတုတော်များကို လောကအမြတ်ဆုံးဗုဒ္ဓကို ကိုယ်စားပြုထားသဖြင့် မြင့်မြတ်တဲ့ နေရာတွေမှာ ထားသင့်သည်၊ မွန်မြတ်သောပုဂ္ဂိုလ်အပေါ် မွန်မြတ်သောစိတ် ထားသင့်သည်။ စိတ်ထားအပေါ်မှာ အခြေခံပြီး အကျိုးကျေးဇူးများ ဖြစ်တတ်သည်။ ကောင်းတဲ့စိတ် မွန်မြတ်တဲ့စိတ်ထားရင် ကောင်းတဲ့အကျိုးပေးမည်။ တခါက စုပေါင်းကုသိုလ်အနေနဲ့ ကဿပမြတ်စွာဘုရားစေတီတော် တည်ကြသည်၊ ရွှေသင်္ကန်းကပ်ရန် အကျိုးဆောင်အလှူခံပုဂ္ဂိုလ်များက ရွှေပန်းတိမ်သည်ထံ ရောက်လာကြသည်၊ ထိုအချိန် မယားဖြစ်သူနဲ့ ရန်ဖြစ်နေသော ရွှေပန်းတိမ်သည်က “မင်းတို့ဆရာ ဘုရား ရေထဲကိုသာ မျှောပစ်လိုက်ကွာ” ဟု စိတ်ဆိုးမာန်ဆိုးနဲ့ ပြောမိတဲ့ ၀စီအကုသိုလ်ကံကြောင့် (၇) ဘ၀ ရေအမျောခံရသည်။ နိမ့်ကျတဲ့စိတ်ထားဖြင့် ရုပ်ပွားဆင်တုတော်ကို ပြစ်မှားမိခဲ့တဲ့ အကုသိုလ်ကံသည် ဤမျှ တန်ပြန်ခံရတတ်သည်။ ၀စီကံသည်ပင် ဤမျှလောက် အကျိုးပေးနေလျှင် ကိုယ်ထိလက်ရောက်ကျူးလွန်လျှင် မတွေးဝံ့စရာ။ မေးမြန်းသူ နောင်နောင်ရဲ့ “တပည့်တော်တို့ရွာမှာရှိတဲ့ ဘုရားဝင်းထဲက စေတီတော်တွေနဲ့ ဆင်းတုတော်တွေကို စစ်အတွင်းတုန်းက တပ်ဆုတ်ရင်း ဖျက်ဆီးခဲ့ကြတဲ့ ဂျပန်စစ်သားတွေရဲ့ ကံကြမ္မာကတော့ မတွေးရဲစရာပါ ဘုန်းဘုန်းရယ်။” ဆိုတဲ့ ခံစားချက်ကလဲ စဉ်းစားစရာပင် ဖြစ်သည်။ ဘယ်ဘာသာပဲဖြစ်ဖြစ် ကိုယ့်ဘာသာ ကိုယ့်ရုပ်ထု ဆင်းတုတော်များကို အမြတ်တနိုးထားသလို သူတပါးအမြတ်တနိုးထားတဲ့ ရုပ်ထု ဆင်းတုတော်တွေကိုလဲ တန်ဖိုးထားသင့်သည်၊ တန်ဖိုးမထားနိုင်၊ မမြတ်နိုးနိုင်ရင်တောင် မပြစ်မှားသင့်၊ မဖျက်ဆီးသင့်။

“တပည့်တော်တို့ရဲ့ ဘုရားဆင်းတုတော်တွေကို နိုင်ငံခြားက အနှိပ်ခန်း၊ ကလပ်တွေမှာ လပ်ကီးကောင်းတယ်ဆိုပြီး ထားတာတွေကို ဇာတ်ကားတွေတစ်ချို့မှာ တွေ့ရလို့ပါဘုရား၊” ဟု ဒကာ နောင်နောင်ပြောသလိုပါပဲ လွန်ခဲ့ ၂ နှစ်ဝန်းကျင်လောက်က သီတဂူဆရာတော်ကြီး နီပေါနိုင်ငံ ခတ္တမန္ဒုမြိုရှိ ဟိုတယ်တစ်ခုမှာ တည်းခိုသည်၊ နီပေါနိုင်ငံသည် မြတ်ဗုဒ္ဓဖွားမြင်ရာ ဒေသဖြစ်သည်၊ ထိုဒေသရှိလူတွေကလဲ သူတို့ကိုသူတို့ သက္ကမျိုး သာကီမျိုး (ဘုရားအမျိုး)ဟု ဂုဏ်ယူဝံ့ကြွားစွာပြောနေကြသည်။ သို့သော် ထိုမြို့ရှိ ဟိုတယ်ကြီးတစ်ခုရဲ့ အ၀င်ပေါက် လှေခါးရင်းမှာ မြတ်ဗုဒ္ဓ၏ရုပ်ပွားဆင်းတုတော်ကို ဟိုတယ်ရဲ့ အလှတန်ဆာတစ်ခုအနေနဲ့ ထားသည်။ သီတဂူဆရာတော်က ဟိုတယ်မန်နေဂျာကို ခေါ်ပြီး ဒီလို မထားသင့်ကြောင်း ပြောပြတော့မှ နေရာရွှေ့ပြောင်းပေးသည်။ အလားတူ ဗုဒ္ဓဘာသာမဟုတ်သော နိုင်ငံတွေမှာ အိမ်၏အလှတစ်ခုအနေနဲ့ ဗုဒ္ဓ၏ဦးခေါင်းပိုင်းပုံ၊ တစ်ကိုယ်လုံးပုံ အမျိုးမျိုးကို အိမ်၏ဧည့်ခန်းမှာ ထားကြသည်၊ ပိုဆိုးသည်က နိုတ်ကလာပ်တွေမှာပဲ ဖြစ်သည်။ သူတို့ရဲ့စိတ်ဘယ်လို ဘယ်ပုံရှိနေသည်ကိုတော့ စာရေးသူတို့ မခန့်မှန်းနိုင်၊ ဗုဒ္ဓဘာသာဝင်တွေကို မကျေနပ်၍သော်၎င်း၊ တစ်ဖက်ဘာသာကို စော်ကားလို တိုက်ခိုက်လို၍သော်၎င်း ပြုမူဆက်ဆံရင်တော့ အလွန့်လွန်ကို အပြစ်ကြီးသည်။ အမြတ်တနိုးအနေနဲ့ ထားရင်တော့ အပြစ်က မရှိနိုင်၊ မိမိစိတ်ဘယ်လို သဘောထားသည် အပေါ်မှာ ပို၍အရေးကြီးသည်။

နောက်တစ်ခုက “စေတီ သို့မဟုတ် ရုပ်ထု ပျတ်စီးသွားသော် ကိုးကွယ်ထိုက်သလား” ဆိုတာကတော့ ရှင်းပါသည်။ ကိုးကွယ်၊ အလေးထားဆိုသည်မှာ ရုပ်ထုကို မဟုတ် ဂုဏ်နှင့်ကျေးဇူးတရားဖြစ်ရကား ကိုယ့်စိတ်က ကိုးကွယ်ခြင်း မကိုးကွယ်ခြင်း အလေးထား မထားခြင်းအပေါ်မူတည်ပါသည်၊ ရုပ်ထု ပျက်စီးခြင်းမပျက်စီးခြင်းက အဓိကမဟုတ်ပါ။ တခါက လယ်သမားတစ်ယောက် အုဋ္ဌ်ပုံအပျက်အစီးကို ရှိခိုးနေသည်ကို မြင်၍ ဘုရားက သာဓုခေါ်ဖူးသည်။ အကြောင်းက ထိုလယ်သမားသည် ဘိုးစဉ်ဘောင်ဆက်ကထဲက ဒီအုဋ္ဌ်ပုံကို ဘုရားရှင်၏ကိုယ်ပွားအဖြစ် စေတီအနေနဲ့ ကိုးကွယ်ခဲ့ကြသည်ဟု ယူဆကာ ရှိခိုးခြင်းဖြစ်သည်။ သူ၏စိတ်ထဲတွင် အပျက်အစီးဆိုပေမဲ့ စေတီဟု နှလုံးသွင်းထားသည်။ ထို့ကြောင့် အရေးကြီးသည်မှာ စိတ်၊ ရုပ်ထုပျက်စီးခြင်း မပျက်စီးခြင်းက ပဓာနမဟုတ်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင် ခမ်းမဆောင် ထောင့်လေးထောင့်တွင် ပူဇော်ထားသော မြတ်ဗုဒ္ဓ-မဟာဗောဓိပင်နှင့် ရွှေပလ္လင်)

ကိုးကွယ်သူမရှိတာနဲ့ ရုပ်ပွားတော်များ အလိုအလျောက် ဥဒ္ဒိဿစေတီအဖြစ်မှ ပျောက်ကွယ်သွားလားဆိုတာနဲ့ပတ်သက်ပြီးတော့ကား စောစောကပြောသလို ရုပ်ပွားတော်များက အရေးမကြီး၊ ကိုးကွယ်သူ၏ စိတ်ကသာ အရေးကြီးသည်။ သာသနာကွယ်သည် ဆိုသည်မှာ ဘုရားအဆုံးအမတွေ ကွယ်ပျောက်သွားလို့မဟုတ်၊ ဘုရားအဆုံးအမကို လိုက်နာမည့်သူတွေ ကွယ်ပျောက်သွားခြင်းကြောင့်ဖြစ်သည်။ ဘုရားအဆုံးအမတွေသည် ဘယ်တော့မှ မပျောက်ပျက်ဘဲ ကမ္ဘာတည်သရွေ့ တည်ရှိနေမှာဖြစ်သည်။ ရုပ်ပွားဆင်းတုတော်များက ဥဒ္ဒိဿစေတီအဖြစ်မှ ကွယ်ပျောက်သွားမည် မဟုတ်၊ ကိုးကွယ်မည့်သူသာ ပျောက်ဆုံးသွားနိုင်သည်။ ဘုရားရှင်၏ဓာတ်မွှေတော်များသည် ကိုးကွယ်မည့်သူမရှိသောအခါ အလိုအလျောက် တေဇောဓာတ်မီးလောင်ပြီး ပျောက်ကွယ်သွားမည်ဟု စာပေမှာတွေ့ရသည်။

ကျမ်းကိုးများ-
၁။ မဟာပရိနိဗ္ဗာနသုတ် (ဒီဃနိကာယ်)၊ ၂။ စူဠကမ္မ၀ိဘင်္ဂသုတ် (မဇ္ဈိမနိကာယ်) ၃။ ဓမ္မပဒ (ခုဒ္ဒကနိကာယ်) ၄။ ရတနာ့ဂုဏ်ရည် (အရှင်ဇနကာဘိဝံသ) ၅။ သီတဂူဆရာတော် တရားတော်။

ဒကာနောင်နောင်ရေ--ဤမျှလောက်ဆိုရင် ဒကာ သိချင်တာတွေ ငုံမိ ခြုံမိသွားမည်ထင်ပါသည်၊ ကျေးဇူးအထူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၈-၂၀၁၂

++++++++

နောင်နောင်၏ အမေး
(ဥဒ္ဒိဿ စေတီတော်အကြောင်း )
ဒီတစ်ခါတပည့်တော် တွေးမိတာက ဥဒ္ဒိဿစေတီ (ရည်စူးပြီးကိုးကွယ်ပူဇော်ရာ)နဲ့ ပတ်သက်ပြီးတော့ပါဘုရား။ တပည့်တော်ရွာပြန်တုန်းက ရွာမှာရှိတဲ့စေတီပျက်၊ ဆင်းတုတော်ပျက်တွေ တွေ့ခဲ့ရတာနဲ့ စပ်လျဉ်းပြီး အတွေးရလာလို့ပါဘုရား....

ပထမဆုံး တပည့်တော်သိချင်တာက ဥဒ္ဒိဿစေတီရဲ့ မရှိမဖြစ်ရှိကိုရှိရမယ်ဆိုတဲ့ အဂါင်္ရပ်တွေ ရှိမရှိကိုပါဘုရား (တပည့်တော်တို့ရွာဘက်မှာ တစ်ချို့တောထဲ တောင်ထဲ အလုပ်လုပ်သွားရင်း တောထဲမှာ ပေါက်နေတဲ့ မှိုခြောက်က ဘုရားပုံနဲ့တူတယ်ဆိုပြီး အိမ်ယူထားပြီး ဘုရားစင်ပေါ် တင်ထားတာတွေ တွေ့ဘူးလို့ပါဘုရား။...

ဒီဟားခါးမှာတော့ တစ်ချို့ ခရစ်ယာန်ဘာသာဝင် သူငယ်ချင်းတွေက မေးကြတယ်ဘုရား။ သူငယ်ချင်းတို့က ရုပ်တုတွေ ကိုယ့်ဟာကိုယ်ထုလုပ်ကြပြီး ဘုရားဆိုပြီး ကိုးကွယ်ကြတာလားတဲ့။ တပည့်တော်လည်း သူတို့နားလည်အောင် ..
ငါတို့ရုပ်တုကိုးကွယ်တယ်ဆိုတာ မင်းတို့ဘုရားကျောင်းမှာ လက်ဝါးကပ်တိုင် ကိုထားပြီး ဘုရားသခင်ကို အာရုံပြုဆုတောင်းသလိုသဘောပါ။ ကြားခံပစ္စည်းထားတာပါလို့ပဲ... ရှင်းပြလိုက်တယ်ဘုရား)

ဒုတိယက ဥဒ္ဒိဿစေတီ ဖြစ်မြောက်ကြောင်း အလုပ်ပါဘုရား။ ဆင်းတုတော်(ကြေး၊ ရွေ၊ ငွေ၊ ကျောက်စိမ်း၊ သစ်သား) ဖြစ်စေ၊ မြေစိုက်စေတီ ကိုဖြစ်စေ ကိုးကွယ်ရာ ဥဒ္ဒိဿစေတီဖြစ်စေရန်အတွက် ကိုးကွယ်လိုသူရဲ့ သဒ္ဓါတရားစေတနာသည် အဓိကကျပါသလား (သို့) အနေကဇာတင်ခြင်းသည် အဓိကကျပါသလား ဘုရား။ (ဒီနေရာမှာ တပည့်တော် ဒီလိုမေးရခြင်းက အကြောင်းရှိပါတယ်ဘုရား။ တပည့်တော်တို့ရဲ့ ဘုရားဆင်းတုတော်တွေကို နိုင်ငံခြားက အနှိပ်ခန်း၊ ကလပ်တွေမှာ လပ်ကီးကောင်းတယ်ဆိုပြီး ထားတာတွေကို ဇာတ်ကားတွေတစ်ချို့မှာ တွေ့ရလို့ပါဘုရား၊ တစ်ခါတုန်းကဆို လူမည်း Hip Hop အဆိုတော်(အိုက်ကွန်) ဆိုတဲ့သူက သူအိမ့် လှေကားရင်းမှာတောင် ထားတယ်ဘုရား။
ဆင်းတုတော်ရှေ့မှာရှိတဲ့ ရေကန်ထဲမှာတောင် ကောင်မလေးတွေတစ်သိုက်နဲ့ ရေကူးနေတဲ့ပုံတွေ ဆိုက်တစ်ခုမှာ သူငယ်ချင်းတစ်ယောက်ပြတာနဲ့ တွေ့လိုက်ရသေးတယ်ဘုရား။)

တတိယအချက်က ဥဒိသစေတီအဖြစ်မှ ပျက်ပြယ်ခြင်း အကြောင်းပါဘုရား။
(၁)ကိုးကွယ်ဆည်းကပ်သူတို့ သေဆုံးသွားခြင်း၊ ထိုအရာကိုထားရစ်ခဲ့ပြီးခရီးထွက်ခြင်း၊ အရပ်တစ်ပါးသို့ ပြောင်းရွေ့သွားကြခြင်းတို့ကို လုပ်လျင် ထိုအရာသည်ဥဒ္ဒိဿစေတီအဖြစ်မှ အလိုလို ပျက်ပြယ်ပါသလားဘုရား။

(၂)ကိုးကွယ်ဆည်းကပ်ရာ ထိုအရာတို့ ပျက်စီး ပျောက်ပျက်သွားလျှင်လည်း ဥဒ္ဒိဿစေတီအဖြစ်မှ ပျက်ပျက်ပါသလား၊ ကိုးကွယ်ဆည်းကပ်သူတွေ စွန့်ခွါသွားပြီးကျန်ရစ်နေတဲ့ ဥဒ္ဒိဿစေတီတော်တွေဟာ
ထိုစေတီအဖြစ်ကနေ ပျက်ပျယ်ခြင်း မရှိဘူးဆိုရင် တပည့်တော်တို့ရွာမှာရှိတဲ့ ဘုရားဝင်းထဲက စေတီတော်တွေနဲ့ ဆင်းတုတော်တွေကို စစ်အတွင်းတုန်းက တပ်ဆုတ်ရင်း ဖျက်ဆီးခဲ့ကြတဲ့ ဂျပန်စစ်သားတွေရဲ့ ကံကြမ္မာကတော့ မတွေးရဲစရာပါ ဘုန်းဘုန်းရယ်။ (တစ်ချို့ဆင်းတု တော်တွေကို ဦးခေါင်းတော်ဖြတ်၊ တစ်ချို့ကို လက်တော်၊ ခြေတော်၊ အစုံပါပဲဘုရား။ စေတီတော်တွေလည်း ငုတ်တိုတွေ ပါ။) ကိုးကွယ် ဆည်းကပ်သူရှိနေစဉ်သာ ဥဒ္ဒိဿစေတီအဖြစ်နဲ့ရှိပြီး ထိုသူကမရှိတော့၊ စွန့်လွတ်သွားတဲ့အခါ ထိုအရာတွေဟာ မူရင်းအရည် အသွေးအတိုင်း သစ်သားဆင်းတုတော်က သာမန်သစ်သားအဖြစ်၊ စေတီတော်က သာမန်အုတ်ပုံ၊မြေပုံအဖြစ်၊ ကြေးဆင်းတုတော်က ရိုးရိုးကြေးတုံးအဖြစ်) ပြန်ဖြစ်သွားရင်တော့ အထွေအထူးပြောစရာတော့ မရှိဘူးပေါ့ဘုရား။
ဒီလောက်ပါပဲဘုရား၊ အဲဒီတော့ တပည့်တော်ပြောတဲ့သုံးချက်ကို အရှင်ဘုရားအားလပ်တဲ့ အချိန်ကျမှသာ ရှင်းပြပေးပါဘုရား။ ဖြေးဖြေးပါဘုရား။ တအားကြီး အရေးမကြီးပါဘူးဘုရား။ (တပည့်တော်လည်း ကိုယ့်အင်တာနက်ဆိုင်က ပိတ်လိုက်ပြီဆိုတော့ တခြားဆိုင်မှာ တကူးတက သွားမထိုင်ဖြစ်တော့ဘူးဘုရား။ Onlineပေါ်အရောက်ကျဲပြီဘုရား။)

အရှင်ဘုရား ဒီထက်မက သာသနာ့အကျိုးကို ထမ်းရွက်နိုင်ပါစေကြောင်း ဆုရည်လျှက် -

နောင်နောင်
ခေတ္တ- ဟားခါး၊ ချင်းပြည်နယ်

2 comments:

SEIN THAN said...

အရှင်ဘုရား တပည့်တော်သည် သီတဂူဖောင်ဒေးရှင်း သို့ ဝင်ချင်ပါသည် ဘုရား...လမ်းညွှန်ပြတော်မူပါဘုရား...တပည့်တော် account ပါ ဘုရား> tein.moe@gmail.com

Ko E' The(Aung Hein) said...

hi

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes