ပရဟိတစိတ်
စာမိတ်ဆက်
၆-၁၀-၂၀၁၃ နေ့က စာရေးသူ၏ ဒုတိယ မြောက် ထွက်လာမည့် စာအုပ်အတွက်
မိုးကျော်သူ စာပေဖြန့်ချီရေးက ကိုအောင်လင်းသူဆီ စာမူများ သွားပေးဖို့ ထွက်လာခဲ့သည်။
အဲနေ့က သူကလဲ ပေးပျော် ပရဟိတအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်နေတော့
သူတို့ရဲ့ အလှူဒါနတစ်ခုမှာ ကြုံတုန်းကြုံခိုက် တရားချီးမြှင့်ပေးရန် လျှောက်သည်။
ဝမ်းမြောက်စရာပါပဲ၊ ပရဟိတအဖွဲ့ဆိုတဲ့အတိုင်း တကယ့် ပရဟိတ စိတ်ရှိကြတဲ့ အဖွဲ့ပဲ၊
နယ်စွန်နယ်ဖျား ရှားပါး ကျောင်းတွေကို ထောက်ပံ့နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တော့
သူတို့ပွဲမှာ ပရဟိတစိတ် အကြောင်း နဲနဲ ပြောခဲ့သည်။ စာရေးသူဟောခဲ့သမျှတို့ကို
နာချင်သူများ ရှိသည်၊ မကြာမကြာလဲ ဟောပေးခဲ့သည်၊ တစ်ယောက်သော ကလေးမတစ်ယောက်က
ဘုန်းဘုန်း ဘာတရားဟောခဲ့လဲ၊ စာရေးပြီး ပို့စ်တင်ပါ့လားဘုရား၊ အများဖတ်ရတာပေါ့ ဟု
ပြောသည်။ ထို့အတွက် ရေးဖို့ ရည်ရွယ်ချက်မရှိပေမဲ့ ဖြစ်ညှစ်ပြီး စာတစ်ပုဒ်
အားထုတ်မိသည်။
သူတော်ကောင်း အမှတ်သားဟူသည်
ထိုပွဲအတွက် အပိုင်း ၃ခုနဲ့
မျှဝေခဲ့သည်၊ အပိုင်း (၁)မှာ သူတော်ကောင်းလက္ခဏာ၊ မစ္ဆရိယကင်းမှ သူတော်ကောင်း
ဖြစ်နိုင်၊ မစ္ဆရိယကင်းမှ ပေးနိုင် စွန့်နိုင်။ အပိုင်း (၂)မှာ မစ္ဆရိယကင်းမှ
ပရဟိတစိတ် ဖြစ်နိုင်ပုံနှင့် အပိုင်း (၃) မစ္ဆရိယကင်းသော ပရဟိတ စိတ်သည်
အသင်းအဖွဲ့တစ်ဖွဲ့၏ ညီညွတ်ရေးကိုလည်း ဖြစ်စေနိုင်ပုံကို တိုတိုကျဉ်းကျဉ်း
လိုရင်းဖြင့် မျှဝေခဲ့သည်။
အပိုင်း (၁) သူတော်ကောင်း အမှတ်သား
ဒဿန၀တော
သီလ၀တံ၊ သဒ္ဓမ္မံ သောတု မိစ္ဆတိ။
ဝိနယေ မစ္ဆေရ မလံ၊ သဝေ သဒ္ဓေါတိ ၀ုစ္စတိ။
(အင်္ဂုတ္တရနိကာယ်)
ဒဿန၀တော သီလ၀တံ= ကိုယ်ကျင့်သီလရှိတဲ့ သူတော်ကောင်းများကို
ဖူးမြင် တွေ့မြင် ဆုံချင်သူ သည် သူတော်ကောင်းတစ်ယောက်၏ ရှိသင့်သော အမှတ်အသား
လက္ခဏာတစ်ခု ဖြစ်သည်။ တချို့ကျပြန်တော့ သူတော်စင်များနဲ့ တွေ့ရမှာ ရှက်ကြသည်၊
ကြောက်ကြသည်၊ သူတော်ကောင်းများနှင့် တွေ့ဖို့ ဆွေးနွေးဖို့ ကိုယ့်ကိုယ်ကို
ယုံကြည်မှု မရှိဖြစ်နေတတ်သည့်အတွက် မတွေ့လို မမြင်လို၍ ဝေးဝေးက ရှောင်လွဲ
သွားတတ်ကြသည်။ ချဉ်းကပ်ဖို့ဆို ပိုလို့တောင် ဝေးနေတော့သည်။ ဒါကို သဒ္ဓါနဲသူဟု
ခေါ်သည်၊ သဒ္ဓါတရားရှိသူသည် သူတော်ကောင်းများကို ချဉ်းကပ်ခွင့်ရဖို့ အမြဲပဲ
အခွင့်လမ်းရှာနေသူ ဖြစ်သည်။
သဒ္ဓမ္မံ သောတု မိစ္ဆတိ= သူတော်ကောင်းတရား
နားကြားလိုစိတ်ရှိခြင်း၊ သူတော်ကောင်းတွေရဲ့ အဆုံးအမကို ခံယူလိုခြင်း၊
သူတော်ကောင်းတွေနဲ့ ဆွေးနွေးလိုစိတ်ရှိခြင်းသည် သူတော်ကောင်းများ၏
အမှတ်အသားများဖြစ်သည်။ အရှင်ရာဟုလာသည် သာမဏေဘ၀ကပင် လက်ထဲက သဲ နှစ်ဆုပ်ကိုကြည့်ပြီး
သူ့ကို ဆုံးမ လမ်းပြမည့် ဆရာကောင်းများ ဤလက်ထဲက သဲပွင့်လေးတွေလောက်မက ရပါရစေဟု
ဆန္ဒပြုသည်။ ဤကဲ့သို့ သူတော်ကောင်းတို့၏ စိတ်နေ စိတ်ထားရှိသူသည် သဒ္ဓါတရား
ရှိသူဟုလည်း ဆိုသည်။
ဝိနယေ မစ္ဆေရ မလံ= ပေးချင် ကမ်းချင် စွန့်ကြဲချင်စိတ်သည်
သူတော်ကောင်းတို့၏ အမှတ်အသား လက္ခဏာ ဖြစ်သည်။ ပေးကမ်း စွန့်ကြဲလိုစိတ်သည် မစ္ဆရိယ
(နှမျောတွန့်တို) စိတ်ကင်းမှသာလျှင် ဖြစ်နိုင်သည်။ ၀ိနယမစ္ဆေရမလ၊ ၀ိဂတမစ္ဆေရမလ-
မစ္ဆရိယစိတ် မရှိခြင်းကို ပယတ္တပါဏီ ဝေါသဂ္ဂရတော ဒါနသံဝိဘာဂရတော စသည်တို့ဖြင့်
တန်ဆာဆင်ထားသည်။ ဆိုလိုသည်မှာ သတ္တ၀ါတို့၏ လက်သည် အလုပ်နှစ်မျိုးလုပ်သည်၊
ယူခြင်းနှင့် ပေးခြင်း ဟူသော ကိစ္စနှစ်ရပ်ပင်ဖြစ်သည်၊ ပစ္စည်းတစ်ခုကို ယူနေတဲ့
အခိုက်အတန့် ထိုလက်မှာ လိုချင်မှု တဏှာ ကပ်ညှိနေသည်၊ သို့သော် ပေးသူ၏ လက်မှာတော့
ထိုတဏှာ သန့်ရှင်းနေသည်အတွက် ပယတ္တပါဏီ-သန့်ရှင်းသော လက်ရှိသူ၊ သန့်စင်ပြီးသော
လက်ရှိသူဟု ဆိုအပ်၏။ မစ္ဆရိယစိတ် ကင်းသောကြောင့်သာ သန့်ရှင်းသော လက်ပိုင်ရှင်
ဖြစ်ကြသည်။
မစ္ဆရိယသည် ကိုယ့်ပစ္စည်းအပေါ်မှသာ ဖြစ်တတ်သည်၊ ဣဿာကတော့
သူတပါးပစ္စည်းအပေါ်မှာ ဖြစ်တတ်သည်ဟု မှတ်သားထားခဲ့ဖူးသည်။ တခါတရံ
သူတစ်ပါးပစ္စည်းအပေါ်မှာလဲ မစ္ဆရိယစိတ်ဖြစ်သည်ကို တွေ့ရသည်။ ကောသလမင်းကြီး၏
အသဒိသဒါနအလှူပွဲမှာ မြတ်ဗုဒ္ဓက လေးပါဒမျှသာရှိသည့် ဂါထာလေးတစ်ပုဒ်သာ ဟောခဲ့သဖြင့်
မင်းကြီး စိတ်ဆိုးသည်။ မြတ်ဗုဒ္ဓကတော့ ဘုရားတစ်ဆူလက်ထက်မှာ တစ်ကြိမ်တစ်ခါသာ ပေါ်လာတဲ့
ဒီလောက်ကြီးကျယ်တဲ့ အလှူပွဲမှာ အလှူဒါနနှင့် သင့်လျှော်သော ဓမ္မမိုးရွာသွန်းလျှင်
ဘာဖြစ်နိုင်မလဲ၊ တရားနာ ပရိသတ်ကကော လက်ခံနိုင်စွမ်းရှိရဲ့လားဟု ဥာဏ်တော်ဖြင့်
ကြည့်လိုက်ရာ ပရိသတ်မစင်ကြယ်သည်ကိုတွေ့ရသည်၊ ထိုအထဲမှာ ၀န်ကြီးနှစ်ယောက်၏
အခြေအနေကို မြင် သိနေရသည်။ ကာဠအမည်ရှိ ၀န်ကြီးကတော့ ကွန်မြူနစ်ဆန်ဆန် တွေးခေါ်သည်၊
“အရပ်ရှစ်မျက်နှာက ပြည်သူတွေအား ကျွေးတဲ့ အသဒိသအလှူပွဲကြီးမှာ ဘုရင်ကြီးသည်
တိုင်းပြည် မင်းဘဏ္ဍာကို ဖြုန်းတီးပစ်သည်၊ မကြာမီ တိုင်းပြည်မွဲပြာကျတော့မည်၊ ဒီအလှူက
ကျွေးလိုက်တဲ့ အစားအစာတွေ စားသုံးပြီး အဲဒီလူတွေလဲ အိပ်ကြလိမ့်မည်”ဟု တွေးတောနေသည်။
ဇုဏှအမည်ရှိ ၀န်ကြီးကတော့ သူနဲ့ ဆန့်ကျင်ဘက် တွေးသည်၊ အော်--အလှူပွဲကြီး
ကြီးကျယ်လိုက်တာ၊ ဒီလောက် ပြည့်စုံတဲ့ အလှူပွဲကြီးမျိုးကို ဘုရင်များသာ
ပြုနိုင်သည်ဟု တွေးကာ ၀မ်းမြောက်နုမော် သာဓုခေါ်နေသည်။
အကယ်၍သာ အကြီးအကျယ်
ဓမ္မမိုး ရွာသွန်းလိုက်လျှင် မစ္ဆရိယထန်သော ၀န်ကြီး ကာဠ ခေါင်း ၇စိပ် ၇လွှာ
ကွဲတော့မည်၊ ၀န်ကြီး ဇုဏှကတော့ တစ်ထိုင်းတည်းမှာပဲ သောတာပန် ဖြစ်လိမ့်မည်ကို
မြင်တော်မူသော မြတ်ဗုဒ္ဓသည် မဟာကရုဏာဖြင့် ၀န်ကြီး ကာဠကို သနားရကား လေးပါဒမျှသော
ဂါထာဖြင့်သာ အသဒိသအလှူပွဲကြီး ပြီးဆုံးခဲ့ရသည်။ ကရုဏာသည် သာသူ နာသူ ယှဉ်လာလျှင်
နာသူအပေါ်ကိုသာ ကရုဏာ သက်ရောက်သည်။
မြတ်ဗုဒ္ဓထံ စိတ်ဆိုးမာန်ဆိုးနဲ့ ရောက်လာသော
ကောသလမင်းကြီးလည်း သူ၏ပရိသတ် မစင်ကြယ်သည်ကို ကောင်းကောင်း သဘောပေါက်သွားသည်၊
အမတ်ကြီးနှစ်ယောက်ကို ခေါ်ပြီး စစ်ဆေးကြည့်ရာ မြတ်ဗုဒ္ဓမိန့်သည့်အတိုင်း
အမှန်ဖြစ်နေသည်။ ၀န်ကြီး ကာဠကို သင်ကတော့ ကိုယ်နဲ့လဲ မဆိုင်၊ သူများအလှူအပေါ်မှာ
(သူများပစ္စည်းအပေါ်မှာ) မစ္ဆရိယစိတ် ဖြစ်တဲ့အတွက် တိုင်းပြည်က ထွက်စေဟု
ပြည်နှင်ဒဏ်ပေးလိုက်သည်။ ၀န်ကြီး ဇုဏှကိုတော့ သင်ကတော့ သူများအလှူအပေါ်မှာ
ဝမ်းမြောနုမော် သာဓုခေါ်ပေးတဲ့ အတွက် ဤမျှလောက်သော စည်းစိမ်တွေကို ယူပြီး ၇
ရက်တိုင်တိုင် အလှူဒါန ပြုလောဟု ချီးမြောက်သည်။
မစ္ဆရိယစိတ်သည် လက်တွေ့ဘ၀မှာပင်
ယခုကဲ့သို့ အကျိုးပေးသည်၊ တမလွန်ဘ၀မှာလဲ သုဂတိဘုံဘ၀သို့ မရောက်နိုင်၊
သူတော်ကောင်းစိတ် ရှိသူ မစ္ဆရိယစိတ် ကင်းသူ သူတစ်ပါးအလှူဒါနအပေါ် ၀မ်းသာ
ပေးနိုင်သူများကတော့ လက်တွေ့ဘ၀မှာပဲ ဇုဏှအမတ်ကြီးလို ကောင်းကျိုးချမ်းသာ ရမည်၊
နောင်ဘ၀အဆက်ဆက်မှာလဲ ကောင်းသော ဘ၀ ဂတိကို ပိုင်ဆိုင်မည်။
န ဝေ ကဒရိယော ဒေ၀လောကံ
ဝဇန္တိ၊ ဗာလော ဟဝေ နပ္ပသန္တိ ဒါနံ။
ဓီရော စ ဒါနံ အနုမောဒမာနော၊ တေ နေ၀ သော ဟောတိ
သုခီ ပရတ္ထ။ (ဓမ္မပဒ)
မစ္ဆရိယစိတ် မရှိမှသာလျှင် ကရုဏာစိတ် ရှိမည်၊
စွန့်ကြဲပေးကမ်းနိုင်မည်။ နောက်တစ်ပုဒ်က ဝေါသဂ္ဂရတော- သူတစ်ပါးကို ပေးရ ကမ်းရ
လှူရတန်းရတာကို ပျော်မွေ့ခြင်းနှင့် ဒါနသံဝိဘာဂရတော- အလှူဒါနပွဲတွေမှာ စီမံ
ခန့်ခွဲနေရတာကို ပျော်မွေ့ခြင်းတို့သည် သူတော်ကောင်းတို့
အသွင်ဖြစ်သည်။
ဘုရားလောင်း ကျင့်စဉ် (၅)မျိုး
ကောင်းမှုပြုနေရတာကို
ပျော်မွေ့ခြင်းကလည်း ဘုရားလောင်းတို့ ကျင့်စဉ် ၅ ခုထဲက တစ်ခုဖြစ်သည်။
ဘုရားလောင်းတို့သည် ကောင်းမှုပါရမီ ဖြည့်ကျင့်ရာဝယ် (၁) စိရကာလ ဘာဝနာ-
အကြာကြီးပြုလုပ်ခြင်း၊ ဘုရားဖြစ်ရန် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အကြာကြီး ပါရမီများ
ဖြည့်ကျင့်ခဲ့ရသည်။ (၂) နိရန္တရ ဘာဝနာ- အဆက်မပြတ် ပြုလုပ်ခြင်း၊ ကောင်းမှုပြုရာ၌
တစ်ကြိမ်ပြုလိုက် ရပ်လိုက်၊ နောက်မှ ပြန်လုပ်လိုက်၊ ယခုလို ပရဟိတအလှူပွဲတွေ ဒီလမှာ
ပါဝင်ပြီး နောက်လမှာ ရပ်လိုက်တာမျိုးသည် ဘုရားလောင်းတို့ ကျင့်စဉ်မဟုတ်။
အလှူအဖွဲ့ရဲ့ အစီအစဉ်အတိုင်း လစဉ် နှစ်စဉ် အဆက်မပြတ် ပါဝင်ခြင်းက ဘုရားလောင်းတို့
ကျင့်စဉ်ဖြစ်သည်။ (၃)နိရ၀သေသ ဘာဝနာ- ကောင်းမှုမှန်သမျှ ကုသိုလ်မှန်သမျှ
ကောင်းတာမှန်သမျှ သိမ်းကြုံးလုပ်ခြင်း၊ နေရာ မရွေး၊ အချိန်မရွေး အခါမရွေး
အလှူအမျိုးစား မရွေးဘဲ အကြွင်းကျန်မရှိ အကုန် လုပ်ခြင်းသည် ဘုရားလောင်းများ
ကျင့်စဉ်ဖြစ်သည်။ (၄) သက္ကစ္စ ဘာဝနာ-ကောင်းမှုပြုရာဝယ် ကပျက်ကချော် စိတ်မပါတပါမျိုး
မဟုတ်ဘဲ စိတ်ပါပါ တလေးတစား ပြုခြင်းသည် ဘုရားလောင်းတို့ ကျင့်စဉ်ဖြစ်သည်။ နောက်ဆုံး
နံပါတ် (၅) အဘိရတိ ဘာဝနာ-ကောင်းမှုပြုသော အခါ ပျော်ပျော်ကြီး
ပြုရာ၏။
မစ္ဆရိယစိတ်မရှိခြင်း၊ သူတော်ကောင်း အမှတ်အသား၊ သဒ္ဓါတရားရှိသူတို့
လက္ခဏာတွင် ကောင်းမှုပြုရခြင်းကို ပျော်မွေ့ခြင်းက အသွင်အပြင်တစ်ခု ဖြစ်သည်။
ပျော်ပျော်ကြီး ကုသိုလ်ကောင်းမှု ပြုနိုင်ခြင်းက
ဘုရားလောင်းအကျင့်ဖြစ်သည်။
အပိုင်း(၂) မစ္ဆရိယကင်းမှ
ပရဟိတစိတ်ဖြစ်
ပရ=တစ်ပါးသူ၊ ဟိတ= အကျိုးစီးပွား၊ ပရဟိတ-တစ်ပါးသူ၏ အကျိုးစီးပွား။
သူတစ်ပါးအကျိုးစီးပွားအတွ ဆောင်ရွက်လိုစိတ်၊ ဆောင်ရွက်သော စိတ်သည်။ ပရဟိတစိတ်
ဟုခေါ်သည်။ မိမိအကျိုးစီးပွားကို မကြည့်ဘဲ သူတစ်ပါးအကျိုးစီးပွားကို လိုလားသော
စိတ်သည် ပရဟိတ စိတ်မည်သည်။ မစ္ဆရိယ စိတ်ရှိသူတို့သည် ကိုယ့်အကျိုးစီးပွားကိုယ်သာ
လိုလားသည်၊ သူတစ်ပါးအကျိုးစီးပွားကို မလိုလား။ မစ္ဆရိယစိတ် ရှိနေသရွေ့ ပရဟိတစိတ်
မဖြစ်နိုင်၊ ပရဟိတ အလုပ်ကို လုပ်နိုင်သူများသည် ကိုယ့်အကျိုးစီးပွားကို
စွန့်ထားရသည်၊ မစ္ဆရိယကို စွန့်နိုင်ရသည်။
ငွေအားနှင့်ပဲ ဖြစ်ဖြစ်၊
ကိုယ်အားနှင့်ပဲဖြစ်ဖြစ်၊ ဥာဏ်အားနှင့်ပဲ ဖြစ်ဖြစ် သူတစ်ပါးအကျိုးစီးပွားအတွက်
ဆောင်ရွက်နေသူများသည် လာဘမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ အာဝါသမစ္ဆရိယ၊ ၀ဏ္ဏမစ္ဆရိယ
ကာယဂရု မစ္ဆရိယတို့ကို ပယ်စွန့်နိုင်သူများ ဖြစ်ကြသဖြင့် သူတော်ကောင်းကြီးများ
ဖြစ်ကြသည်။
တစ်ခါက သီဟိုဠ်ကျွန်းမှာ မဟာမိတ္တအမည်ရှိ ရဟန်းတပါးသည် ကဿက လိုဏ်ဂူ၌
သီတင်းသုံးကာ ရဟန်းတရား အားထုတ်၍ နေလေ့ရှိသည်။ သူသည် နေ့စဉ်နှင့်အမျှ ထို
လိုဏ်ဂူအနီးအနားရှိ ဆင်းရဲသား မိသားစုအိမ်သို့ ဆွမ်းခံကြွလေ့ရှိသည်။
ထိုမိသားစုမှာလည်း အမေနှင့် သမီး သားအမိ ၂ ယောက်သာရှိသည်။ တစ်နေ့သ၌ မိခင်ကြီးသည်
တောထဲသို့ မသွားမီ သမီးအား ‘‘ သမီးရေ--သမီး အကိုကြီး ဆွမ်းခံကြွလာရင် ထမင်းချက်ပြီး
နို့၊ ထောပတ်၊ တင့်လဲ တို့ကို လောင်းလှူလိုက်ပါ၊ သမီးလည်း စားပေါ့’’ဟု
မှာကြားခဲ့သည်၊ ကိုယ့်လယ်ယာမှ ထွက်သော ဆန်စပါးများကို ကိုယ်ကိုတိုင်
ဖွတ်ထောင်းပြီး ထားခဲ့သော နေရာကို သမီးအား ပြပြီး အထွက်တွင် ‘‘မေမေကော
ဘာစားပြီးပြီလဲ’’ ဟု သမီးက မေးရာ မေမေတော့ မနေ့က ကျန်တဲ့ ထမင်ကြမ်းခဲကို
ထမင်းရည်နဲ့ စမ်းပြီး စားလိုက်ပြီ သမီး။ ဒါဆို နေ့လည်စာအတွက်ကော မေမေ?
နေ့လည်စာအတွက်တော့ ဆန်ကွဲလေးကို ပြုတ်ပြီး ဟင်းရွက်ကလေးခပ်လိုက်ရင် ဒို့သားအမိ
နှစ်ယောက်စာအတွက် လုံလောက်ပြီပေါ့။
မဟာမိတ္တမထေရ်သည် ဆွမ်းခံရန်အတွက် သပိတ်
သင်္ကန်းတို့ကို ပြင်ဆင်နေစဉ် ဒိဗ္ဗသောတ အဘိဥာဉ်ဖြင့် သားအမိ နှစ်ယောက် ပြောသမျှ
စကားအားလုံးကို ကြားသိရသဖြင့် သတိသံဝေရကာ သူ့ကိုယ်သူ ဆုံးမသည်မှာ ‘‘ မောင် မိတ္တ--
မင်း ကြားရဲ့လား၊ သူတို့ခမျာ ထမင်းရည်၊ ထမင်းကြမ်း၊ ဟင်းကြမ်းမျှဖြင့် တစ်နပ်သာ
စားရရှာပေမဲ့ မင်းအတွက်တော့ ကောင်းပေ့ဆိုတဲ့ ထောပတ်၊ ဆီဦး၊ ဆန်ကောင်း၊
နို့ထမင်းတို့ဖြင့် အကောင်းချည်းပဲ လှူဖို့ စိတ်ဆန္ဒစောနေကြတယ်၊ သူတို့က မင်းဆီက ရွှေ
ငွေ ကျောက်သံ ပတ္တမြား ဘယ်ဥစ္စာကိုမှ မျှော်လင့်နေကြတာ မဟုတ်ဘူး၊ မင်းနဲ့
ဆွေမျိုးတော်လို့ လှူကြတာလဲ မဟုတ်ဘူး၊ လူနတ် နိဗ္ဗာန် ချမ်းသာကိုသာ မျှော်ကိုးပြီး
လှူနေကြတာ ဖြစ်၍ သင်ကကော သူတို့မျှော်သလို ပေးနိုင်တဲ့ လယ်ယာ မြေကောင်းကြီးကော
ဟုတ်ရဲ့လား၊ ထို့ကြောင့် မောင်မိတ္တ- သင့်မှာ ရာဂ၊ ဒေါသ၊ မောဟ အစရှိတဲ့ ကိလေသာတွေနဲ့
သူတို့ လှူတဲ့ ဆွမ်းကို စားသင့်ရဲ့လား’’ ဟူပင်တည်း။
ဆင်းရဲသား သားအမိနှစ်ယောက်၏
မစ္ဆရိယကင်းပုံ၊ ကိုယ့်ကျိုးမကြည့် တစ်ပါးသူ၏အကျိုးစီးပွားကိုသာ ကြည့်ပုံနှင့်
မွန်မြတ်သော ပရဟိတစိတ်တို့သည် အလွန်ပင် အားကျဖွယ်ကောင်းလှသည်။
အပိုင်း (၃) ပရဟိတ
စိတ်သည် ညီညွတ်ရေးကို ဖြစ်စေ
ပရဟိတစိတ်သည် ညီညွတ်မှုကိုလဲ ဖြစ်စေနိုင်ပါသည်။
မိသားစု၊ အဖွဲ့အစည်း၊ ကျေးရွာ၊ မြို့၊ နိုင်င်ငံတို့မှာ တစ်ဦးချင်းစီ ပရဟိတစိတ်
ရှိနေပါလျှင် အေးချမ်းသော မိသားစု၊ အေးချမ်းသော တိုင်းပြည် ဖြစ်ပါလိမ့်မည်။
ထိုသို့မဟုတ် ကိုယ့်အတ္တ ကိုယ့်အကျိုးကိုပဲ ကြည့်နေကြပါက မည်သို့မျှ
ညီညွတ်လိမ့်မည်မဟုတ်၊ အေးချမ်းလိမ့်မည် မဟုတ်။
တစ်ခါက ကောသမ္ဗီမြို့မှာ
ရဟန်းတော်များသည် အမှုကိစ္စလေး သေးသေးမွှားမွှားလေးကနေ အကျယ်ကျယ်ချဲ့ကာ
ရန်ပွဲကြီးဖြစ်ခဲ့ကြသည်။ ထိုရန်ပွဲကြီး မြတ်ဗုဒ္ဓသည်ပင် ဥပေက္ခာပြုရလောက်အောင်
ထိဖြစ်ခဲ့သည်၊ မြတ်ဗုဒ္ဓသည် ဆူညံပွက်လောရိုက်နေသော ထိုအရပ်ကို စွန့်ခွါ၍
ဂေါသိင်္ဂဥယျာဉ်ဘက်သို့ ရောက်လာသည်။ ထိုတောအုပ်ကြီးတွင် အရှင်အနုရုဒ္ဓါ၊
အရှင်နန္ဒိယနှင့် အရှင်ကိမိလတို့ သီတင်းသုံးနေကြသည်။ မြတ်ဗုဒ္ဓသည် ပူလောင်သော
အရပ်ဆီကနေ အေးချမ်းသော ထိုဥယျာဉ်ကြီးသို့ ရောက်သောအခါ စိတ်ထဲ ကြည်နူးမှုဖြစ်သည်။
ဒီလောက် လှပတဲ့တောအုပ်ကြီးထဲမှာ အေးချမ်းအောင် လှပအောင် ငါ့ရှင်တို့ ဘယ်လို ဘယ်ပုံ
သီတင်းသုံးကြသနည်းဟု မြတ်ဗုဒ္ဓ မေးသောအခါ တစ်ပါးစီတစ်ပါးစီ လျှောက်ထားသော တူညီသော
စကားမှာ “တပည့်တော်သည် ကိုယ့်ရဲ့ အတ္တစိတ် (ကိုယ်ကျိုးစိတ်)ကို ဘေးဖယ်ထားပြီး ကျန်
အရှင်မြတ်နှစ်ပါး၏ စိတ်ဆန္ဒ အတိုင်း နေပါတယ်ဘုရား”ဟုသတည်း။ ဤ၀တ္ထုလေးမှာ ရဟန်းတော်
သုံးပါးလုံး၏ ပရဟိတစိတ်ထားကြောင့် တစ်ပါးနှင့်တစ်ပါး ညီညွတ်ကာ ဥယျာဉ်ကြီးတစ်ခုလုံး
အေးချမ်းနေသည်၊ လှပလို့နေသည်။ ပရဟိတစိတ်က ညီညွတ်ခြင်းကို ဖြစ်စေနိုင်သည်ဆိုသည်မှာ
တကယ်လက်တွေ့ဆန်ပါသည်။ ကျင့်သုံးနိုင်ကြဖို့ပဲ
လိုပါသည်။
နိဂုံးချုပ်သော်
“ဒီကနေ့ ပရဟိတ အလုပ်ကို လုပ်နေသူများမှာ
ကိုယ့်သန္တာန်မှာ သူတော်ကောင်း စိတ် သဒ္ဓါကို မွေးရပါသည်၊ မစ္ဆရိယစိတ်ကို ဝေးစေရပါသည်၊
ဖယ်ထုတ်ရပါသည်၊ ထိုမှသာလျှင် ပရဟိတ စိတ်ကို မွေးနိုင်ပြီး အလွန်မွန်မြတ်သော ပရဟိတ
အလုပ်များကို ညီညီညွတ်ညွတ် လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါကြောင်း ပရဟိတစိတ် ပို့စ်
နိဂုံးသပ်ပါသတည်းးးးးးး
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁၀-၂၀၁၃