မနေ့က (၂၃-၁၀-၂၀၁၃)ည ကောင်လေးတစ်ယောက် ရောက်လာတယ်၊ သူက
အမေရိကန်နိုင်ငံ နာမည်ကြီးတက္ကသိုလ်တစ်ခုက M.A ကို Social နဲ့ ပြီးလာတယ်လို့
ပြောပါတယ်။ စကားပြောရင်လဲ မြန်မာတစ်ဝက် အင်္ဂလိပ်တစ်ဝက်နဲ့ ပြောတတ်ပါတယ်။
သူက
သူရလာတဲ့ ဘွဲ့တွေ အကြောင်း သီတဂူဆရာတော်ကြီးကို လျှောက်ပြနေတော့
ဆရာတော်ကြီးက-အေးကွ--- ငါကတော့ ဘာဘွဲ့မှ မရပါဘူးကွ၊ ငါက လက်တွေ့ ဆိုရှယ် (လူမှုရေး)
အလုပ်တွေကို တကယ် လက်တွေ့ကျ လုပ်နေတာကွ၊ ငါက ဘယ်တက္ကသိုလ်ကမှ ဘာစာမှ မသင်ခဲ့ဘဲ
ဘာဘွဲ့မှလဲ မရခဲ့ဘဲ ဘုရားပေးတဲ့ နည်းတွေနဲ့ပဲ လုပ်နေတာကွ၊ ဒီမှာ ဧရာဝတီ ဒိုင်ယာရီ
စာအုပ်ကြည့်လိုက်ပါ။ အဲဒီထဲမှာ ဧရာဝတီတိုင်းတစ်ခုလုံး နာဂစ်တုန်းကြောင့်
ကြေမွနေတာတွေကို ပြန်လည် တည်ဆောက်ရေးတွေ လုပ်ထားတဲ့ မှတ်တမ်းတွေ ဖြစ်တယ်။ နောက်
မြန်မာနိုင်ငံ မြေပုံကို ထုတ်ပြသည်၊ ထိုမြေပုံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ
မြို့ကြီးများ၊ နယ်စွန်နယ်ဖျားတွေမှာ သီတဂူဆေးရုံများ ရှိရာတွေကို ဆေးရုံအမှတ်
(ကြက်ခြေနီ)သားတွေဖြင့် ပြထားသည်။ လက်ရှိ သီတဂူဆေးရုံ (၂၄) ရုံ ဆောက်လုပ်ခဲ့ပြီး
ဖြစ်သည်။ နောက်မြေပုံတစ်ခုကိုလဲ ထုတ်ပေးလိုက်သေးသည်၊ ထိုမြေပုံထဲမှာတော့
ဧရာဝတီတိုင်းထဲက နာဂစ်ဒဏ် အထိနာဆုံးနေရာ ဖြစ်တဲ့ ပြင်စလူကျွန်းမှာ (၁၅၀၀)
ရေဂါလံဆန့် သောက်ရေကန် (၁၃) လုံး ရှိရာ နေရာတွေကို ဓာတ်ပုံများဖြင့်
ဖော်ပြထားသည်။
သူက ဆက်လျှောက်သေးတယ်၊ မှန်ပါဘုရား--တပည့်တော်ဘ၀မှ သိပ်အားကျ အထင်ကြီးနေရတဲ့သူ ၃ ယောက်ရှိပါတယ်ဘုရား၊ သီတဂူဆရာတော်ကြီးရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ နောက်တစ်ယောက်က ဘယ်သူလဲ မသိ၊ မေ့နေတယ်၊ ကိုယ့်ဘာသာ တွေးပြီး သုံးယောက်မြောက် အထင်ကြီးခံရသူ ထည့်လိုက်ကြစို့၊ ဘယ်သူဖြစ်တယ်ပေါ့။
NGO နှင့်
သီတဂူဆရာတော် ပြောသော ဆိုရှယ် အလုပ်
သူက ဆက်လျှောက်သေးတယ်၊ တပည့်တော်ကတော့ အခု
အဓိက ဆိုရှယ်လုပ်နေတဲ့ NGOတွေကို သိပ်အားမကျဘူးဘုရား၊ တပည့်တော်ကိုယ်တိုင်က
အဲဒီအဖွဲ့တည်းမှာ အလုပ်လုပ်နေပါတယ်ဘုရား။ မရှိ ဆင်းရဲသားတွေ အတွက် အကူညီပေးရန်
တည်ထောင်ထားတဲ့ အဖွဲ့ကြီးက မြန်မာနိုင်ငံမှာ ဈေးအကြီးဆုံး Trader Hotel
(ကုန်သည်ကြီးများ ဟိုတယ်လ်)လို နေရာမှာ ရုံးခန်းတွေ ဖွင့်တယ်၊ ကားအကောင်းစားတွေပဲ
စီးတယ်၊ နောက်ဆုံးပေါ်တွေပဲ သုံးနေကြတယ်၊ နိုင်ငံတကကာ ပေးတဲ့ အထောက်ပံ့တွေက သူတို့
ဝန်ထမ်းတွေ စားသောက်တာနဲ့ တကယ် ဆင်းရဲတဲ့ သူတွေစီ မရောက်ဘူး၊ တကယ့်လိုအပ်တဲ့
နေရာတွေမှာ နဲနဲပဲ ရောက်တယ်ဟု လျှောက်သည်။
ဆရာတော်ကြီးက သူလျှောက်တာနဲ့ စပ်လျှင်းပြီး အေးကွ- ငါ အလုပ်လုပ်နေတဲ့ လုပ်ငန်းတွေကြည့်ကွ၊ သူ့ခေါင်းစဉ်နဲ့သူ လုပ်တာ၊ ငါ အဓိကလုပ်နေတဲ့ အလုပ်က သီတဂူ ရေအလှူတော် စီမံကိန်း၊ သီတဂူဆေးရုံများ စီမံကိန်း၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ စီမံကိန်း၊ ပြည်တွင်းပြည်ပ သီတဂူသာသနာပြုကျောင်းများ စီမံကိန်း လေးခုပဲ။ ဒါပေမဲ့ အခါအားလျှော်စွာ သဘာဝဘေးဒဏ်ကြောင့် သေကြေ ပျက်စီးကြတာတွေကို ကယ်ဆယ်ရေး ကူညီရေး လုပ်ငန်းတွေ၊ မလေးရှားနှင့် သီရိလင်္ကာနိုင်ငံမှာကဲ့သို့ အဆင်မပြေ ဖြစ်နေကြတဲ့ ဒို့နိုင်ငံသားတွေ ကူညီရေးတွေကိုပါ လုပ်နေရတယ်။
အဲဒီလို လုပ်တဲ့အခါမျိုးမှာ ပြည်တွင်းပြည်ပက လှူလိုက်တဲ့ ထောက်ပံ့လိုက်ကြတဲ့ အထဲက နဲနဲလေးမှ မသုံးဘဲ ကိုယ့်စရိတ်နဲ့ကို သွားပြီး ကူညီကြတာ၊ ငါ့တပည့်တွေ ကပ္ပိယတွေကိုလဲ ပြောထားတယ် “မင်းတို့ ဒီအလှူတွေထဲက နဲနဲလေးမှ ယူမသုံးကြနဲ့၊ ကိုယ့်စရိတ်နဲ့ကိုယ် သွားကြ လာကြ စားကြ နေကြကွ၊ ငါကိုယ်တိုင်လည်း ငါ့ကား ဆီဖိုးကအစ ငါ့ဘာသာ ငါ တာဝန်ယူတယ်။ ဒါ့ကြောင့် ပြည်တွင်းပြည်ပက လှူလိုက်တဲ့ ပစ္စည်း၊ အလှူငွေ အားလုံး တကယ်လိုအပ်တဲ့သူတွေ ဆီကို ထိထိမိမိ ရောက်တယ်ကွ”ဟု မိန့်သည်။ တပည့်တော်က ကျောင်းက ပေးတဲ့ မာစတာပါဘုရား၊ အရှင်ဘုရားက တကယ့်လက်တွေ့ကျတဲ့ ပီအိပ်ချီ ဆိုရှယ် ပါဘုရားဟု ကောင်းလေးက လျှောက်တော့သည်။
သီတဂူဆရာတော် ပြောသော ဘုရားပေးတဲ့ ဆိုရှယ်အလုပ်တည်း။။
မှတ်ချက်။ ဓာတ်ပုံများအားလုံး စစ်တွေ ငြိမ်းချမ်းရေး ဓမ္မခရီးမှ ပုံများဖြစ်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၁၀-၂၀၁၃
0 comments:
Post a Comment