သီတဂူစတား

သီတဂူစတား

01 February 2010

ညခင်းနှင့်လမင်းရဲ့ ခရေဇီ





ညခင်းရဲ့ ငယ်ငယ်က ပုံလေးတွေပါ၊ သူငယ်ငယ်တုန်းက အဲလိုပဲ ပေါင်မုန့်ပေါ်တက်ထိုင်တယ်၊ ရဲမှည့်နေတဲ့ ငရုပ်သီးတောင့် အပေါ်တောင် ခွစီးလိုက်သေးတယ်၊ ဟီးးးးးးးးးးး။။ အခုကျတော့လဲ သူမဟုတ်သလိုဘဲ စာတွေ ရေးနေလိုက်တာ ညခင်းနှင့်လမင်းရယ်လို့ ဖြစ်လာတယ်။

ဒီနေ့သည် ညခင်းနှင့်လမင်း http://www.nyahkinyaelamin.com/ဘလော့ဂ်လေးရဲ့ နှစ်နှစ်မြောက်ပြည့်ဖြစ်ပါတယ်။ အဲဒီအတွက် (Congratulation) ဂုဏ်ပြုပေးချင်စိတ်လေးဖြစ်ပေါ်လာပါတယ်။ ဘယ်လိုဂုဏ်ပြုပေးရမလဲ ဟတ်ပီးဘာသဒေး (happy birthday) ပဲ ဆိုပေးရမလားတွေးနေမိတယ်၊ နောက်ဆုံးတော့ သူရဲ့ ခရေဇီ (crazy ) အကြောင်းနှင့်ပဲ ဂုဏ်ပြုလိုက်ပါသည်။

သူ့ရဲ့ ခရေဇီအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။ ပြောကုန်မည်မထင်။ သူဟာ ဘလော့ဂါ တစ်ယောက်လို့ ပြောရမလား၊ ဘလော့ဂါဆိုရာဝယ် ဘလော့ဂ်ဖန်းတီးရှင်ကိုသာ ဆိုလိုသည်မဟုတ် ဘလော့ဂ်ထဲမှာ တံဖိုးမဖြတ်နိုင်သည့် လူသားအကျိုးပြု အစာပလာ ထည့်ခြင်းကိုဆိုလိုပါသည်။ ဘာ့ကြောင့်လဲဆိုတော့ သူဟာ ဘလော့ဂ်အပေါ်မှာ သိပ်မြတ်နိုး လွန်းလို့ သူ၏ဘလော့ဂ်သည် သူ၏ဘ၀ပင်ဖြစ်နေပါသည်။ သူဟာ သူ၏ဘလော့ဂ်လေးကို နေ့စဉ် တသသ တစိမ့်စိမ့်ကြည့်နေသူပါ။ မကြာမကြာလဲ သူ၏ဘလော့ဂ်ကို အမြဲတမ်းဆန်းသစ်အောင် မွန်းမံပြင်ဆင်နေသူတစ်ယောက်ဖြစ်ပါတယ်။

ညခင်းနှင့်လမင်းသည် သူ၏ဘလော့ဂ်ကိုသာ မွန်းမံပြုပြင်သည်မဟုတ် မကြာသေးမီကမှ ပေါ်ပေါက်လာတဲ့ (၄ လ အသက်တမ်းသာ ရှိသေးသော သီတဂူစတား http://www.sitagustar.net/ ဘလော့ဂ်လေးကိုလဲ မွန်းမံပြင်ဆင်ပေးခဲ့သူပါ။ ပုံစံ၊ အရောင်စသည်တို့နှင့်စပ်လျင်းပြီး လူတိုင်းမှာ အကြိုက်ချင်း မတူကြပါဘူး၊ အကြိုက်တစ်မျိုးစီဖြစ်ကြပါတယ်။ ညခင်းနှင့်လမင်း သည် သီတဂူစတားဘလော့ဂ်ကို သီတဂူစတားအကြိုက် ဖန်တီးပေးသူလဲဖြစ်ပါတယ်၊ ထိုကဲ့သို့ ပုံစံ အရောင်စသည် ပြင်ဆင်ရသည့်အချိန်ခါဆိုရင် တခါတရံ ညလုံးပေါက် အချိန်ပေးရပါသည်။ ဒါလဲသူ၏စေတနာနှင့် သူ၏ခရေဇီ ဖြစ်သည်။ နှစ်နှစ်တာအတွင်း ကမ္ဘာတ၀ှမ်းရှိ စာဖတ်ပရိသတ်များနှင့် ဘာသာရေးစိတ်ဝင်စားသော ဓမ္မမိတ်ဆွေတို့အား ညခင်းနှင့်လမင်းဟာ များစွာသော အသိပညာတွေ ပေးနေခဲ့ပြီးပါပြီ၊ ထိုနှစ်နှစ်တာအတွင်း စာဖတ်ပရိသတ်ရဲ့ ရင်တွင်းဖြစ်ခံစားချက်လေးရဲ့ ပီတိအဟုန်တွေကြောင့် ညခင်းဟာ မမောနိုင် မပန်းနိုင် တခါတရံ အစားအစာကိုပင် စားဘို့ မေ့ပျောက်ကာ စာပေချစ်သူများအား ဘယ်လို အသိအဆန်းတွေ ပေးရပါ့မလဲ တွေးတောနေခဲ့သူပါ။ ဒါလဲပဲ သူ၏ ခရေဇီပဲထင်မပါသည်။

ထိုသို့အသိအဆန်းတွေ ဗဟုသုတနှင့် အပြုသဘောဆောင်သည့် များစွာသောဆောင်းပါး၊ ပို့စ်များ တင်ပြဘို့ရာ စာအုပ်စာပေဖတ်ဘို့ အချိန်များစွာပေးရသည့်အပြင် စာပေချစ်သူများ စိတ်ဝင်စားအောင် သူ၏ ဘလော့ဂ်လေးကို စိတ်ကူးရတိုင်း ပြုပြင်ပြောင်းလဲပေးနေသူဖြစ်ပါတယ်၊ ထိုအတွက် အချန်များစွာပေးဆက်ရပါတယ်။ ဘလော့ဂ်ပေါ်ရောက်ရှိလာကြတဲ့ ဓမ္မညီအစ်ကိုမောင်နှများရဲ့ ပီတိစကားလေးတွေကလဲ အလွန်အစွမ်းထက်လှပါတယ်။ သူတို့ရဲ့ စကားလေးတွေနှင့်ပဲ ပင်ပန်းသမျှ နွမ်းသမျှတွေ တမုဟုတ်အတွင်း ပျောက်ပြယ်သွားပါတယ်။ ဒါဟာ စကားလုံးရဲ့ စွမ်းအားတွေပေါ့။ စကားလုံးတိုင်းမှာ စွမ်းအားဆိုတာရှိပါတယ်၊ ထိုစကားလုံးရဲ့ အစွမ်းအားဟာ လူသားက ဖန်တီးတာရှိသလို သူတို့ပင်ကိုယ်က စွမ်းအားတွေရှိနေကြပါတယ်။ ကောင်းတဲ့စကားလုံးက ကောင်းတဲ့စွမ်းအား (အဖြစ်စွမ်းအား) (Positive) ရှိသလို မကောင်းတဲ့စကားလုံးက အဖျက်စွမ်းအား( Negativie) ရှိပါတယ်။

သူ၏ပို့စ်ထဲက ညခင်လမင်းတင်ပြသွားတဲ့ စကားလုံးတိုင်းဟာ အဓိပ္ပါယ်အပြည့်ဝရှိသလို Positive စွမ်းအားတွေလဲ ပါဝင်နေပါတယ်။ အကြောင်းက စကားလုံးတိုင်း ၀ါကျတိုင်းသည် လူသားတိုင်းရဲ့ ဘ၀မြင့်မားရေးဆီသို့သာ ဦးတည်နေသောကြောင့်ဖြစ်ပါသည်။ ထိုစွမ်းအားတွေကြောင့်ပင် ဓမ္မမိတ်ဆွေတွေရဲ့ ပီတိစကားလေးတွေ ထွက်ပေါ်လာဖြင်းဖြစ်ပါတယ်။ ဆိုလိုသည်မှာ စာပေချစ်သူများ အားရကျေနပ်နှစ်သက်စေသည်ဟူ၍ပင်ဖြစ်ပါသည်။

ဤ ညခင်းလမင်းရဲ့ ခရေဇီ (Crazy) ပို့စ်ဖြင့် ညခင်းလမင်းရဲ့နှစ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ်ဖြင့် ဂုဏ်ပြုလိုက်ပါသည်။

နှစ်နှစ်ပြည့်မှ သုံးနှစ်ပြည့် လေးနှစ်ပြည့် စသည်ဖြင့် ရာပြည့်အထိ ဆက်လက် အသိပညာတွေ ဖြန့်ဝေနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။

ရာပြည့်အထိမ်းမှတ်မှာ ဂုဏ်ပြုမှတ်တမ်းလေးရေးပေးချင်ပါတယ်၊ ထိုနေ့ကို သီတဂူစတား စောင့်မျော်နေပါမည်။



သီတဂူစတား
၁-၂-၂၀၁၀

31 January 2010

ခြေတော်ရာ



အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၇)


သားအမိ သားအဖသုံးယောက်

ဘုရားရှင်ကိုယ်တော်မြတ်တို့ မည်သည် ပရိသတ်ရေခြေရာကိုလေ ထင်စေချင်မှသာ ထင်တာ၊ မြေကြီးကို နင်းတိုင်းနင်းတိုင်း ဘုရားခြေတော်ရာ ထင်တာမအောက်မေ့နဲ့၊ မြေကြီးကိုနင်းတိုင်း ခြေရာထင်နေရင် စက်တော်ရာတွေ တစ်ခါတည်း ပွကျဲသွားမှာပေါ့၊ ဟုတ်လား။ အဲဒါ ဘုရားက ခြေရာလေးချထားပစ်ခဲ့၊ ဆွမ်းခံဆက်သွား၊ သားအမိ သားအဖသုံးယောက်ကလည်း ဘုရားနောက်ကလိုက်ကြတယ်၊ လမ်းစပျောက်ပြီးတော့ ခြေရာပဲ တွေ့တယ်၊ ခြေရာကို သားအမိ သားအဖသုံးယောက် ငုံ့ကြည့်ပြီးတော့ ဆွေးနွေးတယ်။

စက်လက္ခဏာ
ဟောဒီခြေရာကြည့်ကွ၊ ဟောဒီခြေရာခြေဖဝါးအောက် အလယ် တည့်တည့်မှာ စက်လက္ခဏာပါတယ်တဲ့။ ပြောဘာလဲ။
စက်လက္ခဏာပါ ပါတယ်ဘုရား။
စက်ဆိုတာ လှည်းဘီလိုအဝိုင်းကြီးကို စက်လို့ခေါ်တယ်နော်၊ အဲဒီ စက်ဝိုင်းကြီးပါတယ်ဆိုလို့ရှိရင် စကြာမင်းဖြစ်မယ်၊ ယောက်ျားရေ လက္ခဏာ မှတ်ထား၊ စကြာမင်းဖြစ်မယ့်လူကွ၊ အဲဒါကြောင့် တို့သမီး စကြာမင်းရဲ့မိဖုရားကြီးဖြစ်အုံးမှာ၊ ယောက်ျားက တအားအူမြူးနေတယ်၊ အဲဒါမိန်းမကြီးက သေချာကြည့်လိုက်တော့မှ မိန်းမကြီးကလည်း လက္ခဏာတတ်တယ်၊ မောင် ရူးနေပြီး ဟာ ဘာဖြစ်လို့လဲ။ အဲဒီခြေရာပိုင်ရှင်က မိန်းမယူမယ့်ယောက်ျား မျိုးမဟုတ်ဘူး။
ဘာဖြစ်လို့မင်းဒီလိုပြောနိုင်တာလဲ၊ ခြေဖဝါးကညီပြီးတော့နေတယ်၊ နင်းထားတာ မှန်သားပြင်လိုပဲ ညီနေတယ်၊ နောက်တစ်ခါ ခြေချောင်းလေး တွေကလည်းပဲ ညီနေတယ်၊ နောက်တစ်ခါ ဖနောင့်ကလည်းပဲ နောက်မှာ ရှည်ပြီးထွက်နေတယ်၊ ထူးတဲ့လက္ခဏာဘယ်နှစ်ပါး။
(၁) ခြေဖဝါးညီတယ်။
(၂) ခြေချောင်းညီတယ်။
ဘုန်းကြီးတို့ပရိသတ်ကြီး ကိုယ့်ခြေချောင်း ငါးချောင်းကိုပြန်ကြည့် ဟုတ်လား၊ ငါးချောင်းက ငါးမျိုးဖြစ်မယ်။ ဟာ အတိုအရှည်မညီဘူး၊ ညီချင်ရင်တော့စက်နဲ့ဖြတ်၊ ဟာ ဟိုမှာတော့ ဘုရားကတော့ ဝေးတယ်၊ အလိုလို ညီပြီးတော့ထွက်လာ၊ ခြေချောင်းတော်များညီတယ်၊ ဖဝါးတွေညီညွတ်တယ်၊ ဖနောင့်ရှည်တယ်၊ အဲဒီလက္ခဏာသုံးပါးရှိတဲ့ယောက်ျားဟာ လောကသုံးပါး မှာ ဘုရားပဲ။ စကြာမင်းမဖြစ်နိုင်ဘူး။
စကြာမင်းဖြစ်နိုင်တယ်ပေါ့လေ၊ စကြာမင်းစည်းစိမ်ကိုစွန့်လွှတ်တယ် ပရိသတ်ရေ ဟုတ်လား။ အဲဒါ မိန်းမက လက္ခဏာဖတ်တော့ ဒီသုံး ချက်ကိုကြည့်ပြီးတော့ ကာမဂုဏ်မခံစားဘူး ဒီယောက်ျား၊ လာ သမီးခေါ် ပြန်ကြစို့၊ အရှက်ကွဲလိမ့်မယ် မိန်းမက။

ဘုရားအား သမီးပေး
ယောက်ျားက မင်းကွာ ဘယ်မှမတွေ့သေးဘဲနဲ့ အစောကြီးလက်လျော့တယ်၊ လာတွေ့ပြီ ဆွေးနွေးကြသေးတာပေါ့ ဆိုပြီးတော့၊ ကိုင်း ဒါဆိုလည်းသွား ဆိုတော့ ဘုရားက သစ်ပင်ရိပ်မှာ ထိုင်စောင့်နေတာ၊ သွားတွေ့ တယ်၊ တွေ့လည်းတွေ့ရော ပုဏ္ဏားကြီးက ဘုရားကို လက်အုပ်ချီရှိခိုးပြီး တော့လျှောက်တယ်၊ ဟောဒီမှာ သမီးချောတဲ့ တစ်ယောက်တည်းရယ်၊ ပစ္စည်း လည်းပေါတယ်၊ ပညာလည်းတတ်တယ်၊ အမျိုးလည်းမြတ်တယ်၊ မောင့်လို ယောက်ျားတစ်ယောက် ကျုပ်ရှာနေတာ၊ အခုမှပဲတွေ့တော့တယ်၊ တစ်သက်လုံး တစ်ခါမှမတွေ့ဘူး၊ သမီးကိုလက်ထပ်ပြီးတော့ သိမ်းပိုက်စမ်းပါတဲ့၊ ဘုရားကိုလျှောက်တယ်။
အဲဒီတော့ ရုပ်ချောရတာလည်း တစ်မျိုးကြောက်စရာကြီးနော်။ အတင်းလိုက်ပြီးတော့ ယူစမ်းပါ ယူစမ်းပါ ဆိုတော့ တော်တော်ခက်တဲ့ကိစ္စ။

ခြေဖျားနှင့်တောင် မတို့ချင်
အဲဒီတော့ မြတ်စွာဘုရားကပြောတယ်။ ဟဲ့ ငါ့ခြေဖဝါးမှာလမ်းလျှောက်ရင် မစင်အညစ်အကြေး တစ်ခုတစ်ခုများနင်းမိလို့ပေးထာတယ်၊ ပေကြံနေတဲ့ ဒီအညစ်အကြေးကို မင်းသမီးချောက လက်ဖဝါးလေးတွေနဲ့ ပွတ်သပ်ပွတ် သပ်ပြီးတော့ ဆေးကြောပေးမယ်ဆိုရင်၊ ဘုန်းကြီးတို့ပရိသတ်ကတော့ အို ကေပေါ့၊ ဟုတ်လား။ အဲဒီလိုပွတ်သပ်ပေးမယ့် ကလေးမတွေဝိုင်းနေရင် အိုကေပေါ့။
ဘုရားကပြောလိုက်တယ်။
ငါ့ခြေထောက်မှာ ပေနေတဲ့အညစ်အကြေးကို ငါဒီအတိုင်းထားမယ်၊ မင့်သမီး ငါ့လာကိုင်တဲ့အတွက်ကြောင့် ငါ့ခြေထောက်မှာထပ်မံ၍ ပေသွားမဲ့အညစ်အကြေးမျိုး ငါအပေမခံနိုင်ဘူး။ ပြတ်ပြတ်သားသားပြောတယ်၊ အဲဒါကိုခြေဖျားနဲ့တောင်မှ အတို့မခံနိုင်ဘူးပေါ့လေ။ တိုတိုပြောကြစို့။

သမီးမာဂဏ္ဍီ ဒေါပုန်းထ
အဲဒါကို စိတ်ဆိုးတာက သမီးမာဂဏ္ဍီ၊ ငါလိုချောတဲ့မိန်းမကို ဒီလောက်ရက်ရက်စက်စက် ပြောတဲ့ယောက်ျား၊ အေးပေါ့ကွာ တစ်ချိန်ကျရင်တော့ သိအုံးမှာပေါ့။ ငါလည်းပဲအကွက်လည်တော့ ကလဲ့စားချေအုံးမယ်။
အဲဒီတော့ ပုဏ္ဏားလင်မယားနှစ်ယောက်က ဘယ်နှယ့်ကြောင့် သမီးကို လက်ဖျားခြေဖျားနဲ့တောင်မှ မတို့ချင်ရတာတဲ့တုံးလို့မေးတော့။

မစင်အိုးပန်းချီရေးထားသလို
ဘုရားက အသုဘဟောတယ်တဲ့၊ အဲဒီမှာ ဘာဟောသလဲ။
အသုဘဟောပါတယ်ဘုရား။
မင့်သမီးဘယ်လောက်ချောတယ်ပြောပြော၊ အိုးတစ်လုံးမစင်ထည့် အလုံပိတ် ပန်းချီရေး ပန်းပန်ထားသလိုပဲ၊ မစင်အိုးပန်းပန်ပြီးတော့ ဝိုင်းကြည့်နေတာမျိုးပဲကွာ၊ အထဲတော့ မစင်တွေအပြည့်ပဲ၊ အဲဒါကြောင့် အသုဘအိုးကြီးကို ဘာတပ်မက်စရာရှိလဲ စသည်ဖြင့် ရာဂကွာစေဖို့ရန် ဘာဟောရသလဲ၊ အသုဘ။
အဲဒါကြောင့် အဲဒီရာဂကွာစေဖို့ အသုဘတရားဟောတဲ့အဆုံးမှာ ပုဏ္ဏားကြီးလင်မယား အနာဂါမ်ဖြစ်ပြီးတော့ ဘုရားထံ ရဟန်းဘဝရလို ကြောင်းခွင့်တောင်းလို့ ရဟန်းပြုပြီးတော့ ဘုရားနောက်ပါသွားတယ်၊ သမီး အပျိုကြီးကျန်ရစ်ပြန်ပြီ။
ဟာ အဲဒီတော့မှ ရဟန်းဝတ်သွားတော့ အမေအဖေနှစ်ယောက် သားက မှာခဲ့တယ်၊ ဘာမှာခဲ့သလဲဆိုတော့ ညီတော်စူဠမာဂဏ္ဍီဆိုတာရှိတယ်၊ ငါ့ညီ ငါ့သမီးကိုစောင့်ရှောက်လိုက်ပါကွာ၊ မင်းတူမလေးကို စောင့်ရှောက် ထိန်းသိမ်းလိုက်ပါဆိုပြီးတော့ ညီတော်စူဠမာဂဏ္ဍီကိုအပ်ထားပစ်ခဲ့တယ်။

အဖေ အမေမာဂဏ္ဍီ ရဟန်းပြု
အဲဒီတော့ အမေအဖေနှစ်ယောက်သား ရဟန်းပြုပြီးတော့ ဘုရားနောက်ပါသွားကြတယ်၊ စူဠမာဂဏ္ဍီက ဒီသမီးပျိုကို အရွယ်လွန်နေတဲ့ ဒီအပျိုမကြီးကို ထိန်းရ သိမ်းရ မာနကလည်းကြီး၊ ဒေါသကလည်းကြီးတော့ ထိန်းသိမ်းစောင့်ရှောက်ရတာ ခက်ပြီ စိတ်ညစ်လို့ ဦးလေးလုပ်တဲ့ စူဠမာဂဏ္ဍီက ဥတေနရှင်ဘုရင်ဆီစာပို့လိုက်တယ်။
မင်းတရား စဉ်းစားစရာလေးတစ်ခုရှိလို့စာပို့လိုက်ပါတယ်၊ ဟော ဒီမှာ မာဂဏ္ဍီအမေအဖေနှစ်ယောက်သားရဟန်းပြုသွားတော့ သမီးမာဂဏ္ဍီ ပျိုကြီးမကျန်ရစ်တယ်၊ အလွန်ချော အမျိုးလည်းမြတ်ပါတယ်၊ ဘုရင်ကြီး ကြိုက်မယ်ဆိုရင် သိမ်းပိုက်တော်မူပါ။ ရွှေနန်းတော်သို့ပို့မယ်ဆိုတော့။
ဘုရင်ကလည်း ဒါလာဘ်ကောင်းတယ်တဲ့ ဒါမျိုးရှာနေတာကိုးဗျ၊ ဟုတ်လား။ အဲဒါနဲပဲ ပရိသတ်ကြီးရေ လက်ဝဲနန်းတော်ကဘာလဲ၊ မာဂဏ္ဍီ မိဖုရားကြီး၊ လက်ယာနန်းတော်မှာက သာမာဝတီတဲ့၊ ဥတေနနန်းတော်မှာ မိဖုရားနှစ်ယောက်၊ တစ်ယောက်သောမိဖုရားက မာဂဏ္ဍီက မြတ်စွာဘုရား ကို ဘယ်လိုလဲ လာခဲ့ တို့မြို့ တို့နန်းတော်လာခဲ့၊ ငါကလဲ့စားချေမယ်။
သာမာဝတီကတော့ အဖေသောတာပန်ကနေပြီးတော့ မွေးလာတဲ့ သမီး၊ ဟုတ်လား၊ အဲဒါကြောင့် မြတ်စွာဘုရား ကြွလာရင်သူကလည်း ရိုရိုသေသေလုပ်ကျွေးမယ်၊ တရားနာမယ်၊ ဒီလိုနေကြတာ၊ ရွှေနန်းတော်ထဲမှာဘက်က မညီဘူး၊ နှစ်ဘက် Balance မဖြစ်ဘူး။

မာဂဏ္ဍီသောင်းကြမ်းပြီ
မြတ်စွာဘုရားနှင့်သံဃာတော်တွေ ကောသမ္ဗီပြည်အဝင်မှာ မာဂဏ္ဍီလုပ်တယ်၊ လူမိုက်တွေ အမူးသမားတွေ အရက်တိုက်ပြီးတော့ ဝိုင်းဆဲခိုင်း ပြီးတော့ခဲတွေနဲ့ပစ်တာ။ ဘုရားကြွလာတာ ရှင်အာနန္ဒာက စိတ်ပျက်လွန်းလို့ လာပြန်ကြွစို့ဘုရား၊ ကောသမ္ဗီမဝင်ကြပါနဲ့။
ချစ်သားအာနန္ဒာ ဒီမှာဖြစ်တဲ့ပြဿနာ ဒီမှာပဲရှင်းရှင်းပြီးတော့ တို့ထွက်ကြမယ်။
ဘုရားက သည်းခံပြီးတော့ ဝင်သွားတယ်၊ မြတ်စွဘုရား ဝင်သွားတော့ Wellcome ကမ်းလှမ်းကြိုဆိုတာက ဃောသကသူဋ္ဌေးရဲ့သမီး သာမာဝတီ၊ ဘုရားကိုတွေ့တိုင်း မြင်တိုင်း ဆဲဆိုကြိမ်းမောင်တာက မာဂဏ္ဍီနော်။

(အပိုင်း-၈)ဆက်ပါဦးမည်
သီတဂူစတား
၃၁-၁-၂၀၁၀

29 January 2010

မိဘကျေးဇူးဆပ်နည်းလေး


သားသမီးတိုင်းအတွက် မိဘကျေးဇူးဆပ်နည်းလေး
အနန္တောအနန္တငါးပါးနှင့် ကျေးဇူးရှင်အပေါင်းတို့အား ဦးခိုက်ကန်တော့ပါ၏.......

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အများစုသိရှိထားကြသော မိဘကျေးဇူးဆပ်နည်းလေး အကြောင်းကိုတင်ပြချင်ပါတယ်......
တစ်ချို့သော စာဆိုတွေက ကဗျာသီချင်းတွေထဲမှာေ၇းထားသောအကြောင်းအရာမှာ မြတ်စွာဘုရားရှင်သော်မှ နို့တစ်လုံးဖိုးမကျေ ဟုဆို ကြပါတယ်....ကျွန်တော်တို့၏ဗုဒ္ဓမြတ်စွာဘုရားရှင်သည် မိဘကျေးဇူးကို အကျေဆပ်ခဲ့ပြီး မိဘကျေးဇူးသိတတ်တဲ့သူတိုင်း မိဘကျေးဇူးအကျေဆပ်ရန် မာတုပေါသကသုတ္တန်တွင်ဖော်ပြခဲ့ပါသည်။
.....ကျွန်တော်ကြားနာဘူးခဲ့သော တရားတော်တွင် မိဘကျေးဇူးအကျေဆပ်နည်း( ၂ ) နည်းကို ဆရာတော်ဘုရားထံမှကြားနာခဲ့ရပါသည်....ထိုအခြင်းအရာမှာ လောကီနည်းနှင့် လောကုတ္တရာနည်း ဟုဟောကြားခဲ့ပါသည်......လောကီနည်းတွင် မိဘများ၏ကျန်းမာရေး.. စားဝတ်နေရေး တို့ ဖြင့် မိဘတို့အား ကျေးဇူးဆပ်နိုင်သလို လောကုတ္တရာနည်းဖြင့်လည်း မိဘတို့၏ ကျေးဇူးကို ပညာမဲ့သောမိဘအား ပညာအလှူ လှူခြင်းဖြင့်လည်းကောင်း.. သဒ္ဓါနည်းသောမိဘကို သဒ္ဓါတရား တိုးပွားအောင်လည်းကောင်း....အလှူမလှူတတ်သောမိဘအား အလှူ လှူတတ်လာအောင် လှုံ့ဆော်ခြင်း..တရားဓမ္မတို့အား ကျင့်ကြံအားထုတ်ရန် ပြောကြားခြင်း (ကောင်းမှုပါရမီများ ပြုနိုင်ရန် အခွင့်လမ်းများ ရအောင်ဖန်တီးပေးခြင်း) ဖြင့်မိဘကျေးဇူး ဆပ်ဖူးနိုင်ကြပါသည်.....လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်ခြင်းသည် လောကီနည်းဖြင့် ကျေးဇူးဆပ်ခြင်းထက် ပို၍ မြင့်မြတ်ပါသည်ဟု နာယူမှတ်သားခဲ့ရပါသည်။

မိဘကို မသေခင်လုပ်ကျွေးပါ သေမှမငိုပါနှင့်....
ကျွန်တော်တို့ငယ်စဉ်တောင်ကျေးကလေးဘ၀က ၇ွတ်ဆိုခဲ့ရသောကဗျာလေးကို အမှတ်ရမိပါသည်....
‘ကျွေးမွေးမပြတ် ဆောင်၇ွက်စီမံ မွေခံထိုက်စေ လှူမျှဝေ၍ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ကျင့်ဖွယ်သားတို့ သမီးတို့တာ’’
ကျွန်တော်ကိုယ်တိုင် လုပ်ဆောင်ခဲ့သော မိဘများနှင့်မိဘကျေးဇူး ဆပ်ဖူးပုံကို မိဘကျေးဇူးကို နားလည် မြတ်နိုးသူများအတွက် ကျေးဇူးဆပ်နိုင်ရန်တင်ပြအပ်ပါသည်။

မိဘများသက်ရှိထင်ရှားရှိစဉ် မိဘနှစ်ပါးကိုဦးထိပ်ထားကာ မိသားစုနှင့်အတူ အလှူပြုလုပ်ပုံလေးမှာ.........
ပရိယတ္တိစာသင်တိုက်တွင် ပညာသင်ကြားနေသော ကိုရင်လေးအား ရှစ်ပါးပရိက္ခရာ စုံလင်စွာဖြင့် မိမိကိုယ်တိုင်ပင် ရဟန်းဒကာခံယူကာ ပစ္စည်းလေးပါးဒါယိကာအဖြစ် မိဘများနှင့်အတူ ရေစက်သွန်းချကာ လှူတန်းခဲ့သလို ဗုဒ္ဒဘာသာဝင်များ မိဘများ သက်ရှိထင်ရှားရှိစဉ် မိဘတို့၏ကျေးဇူးကို လောကီ လောကုတ္တရာနည်းဇြင့် ကျေးဇူးဆပ်ရန်နှင့် မိဘများနှင့်အတူ
အလှူအတန်းများပြုလုပ်၍ အတူတကွ ရေစက်ချကာ လှူတန်းခြင်းဖြင့် မိဘကျေးဇူး ဆပ်သင့်ကြောင်း တင်ပြအပ်ပါသည်.....

မိဘကျေးဇူးကိုဆပ်နိုင်သောသားသမီးများဖြစ်နိုင်ကြပါစေ........
မင်းလှသားလေး
၂၈-၁-၂၀၁၀.
....

ဤပို့စ်ကို ရုရှာ ပညာတော်သင် ကျောင်းသားတစ်ယောက်က ပူဇော်ထားပါသည်၊ သူ၏ခံစားချက်ကို သူရဲ့ စွမ်းအား (experience and capacity) ဖြင့် သရုပ်ဖော်ဆောင်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။ ထိုအတွက် မင်းလှသားလေးအား အထူးကျေးဇူးတင်ပါသည်။
မိဘကျေးဇူးကြီးမားပုံတွေကို သားသမီးတိုင်းပင် ကိုယ်တွေ့ခံစား စံစားခဲ့ကြလို့ အထူးပြောဖွယ်မလိုသော်လည်း ဒီပို့စ်လေးက ထပ်လောင်းပြီး သတိပေး (remind) ခြင်းပင်ဖြစ်ပါသည်ဟု ယုံကြည်မိပါသည်။

သီတဂူစတား
၂၈-၁-၂၀၁၀

26 January 2010

သူဋ္ဌေး သုံးယောက်



အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၆)

သူဋ္ဌေး သုံးယောက်

ဃောသကသူဋ္ဌေး၊ ပါဝါရိကသူဋ္ဌေး၊ ကုက္ကုဋသူဋ္ဌေး၊ ပြောအုံး။
တစ်က (ဃောသကသူဋ္ဌေးပါဘုရား) နှစ်က (ပါဝါရိကသူဋ္ဌေးပါ ဘုရား) သုံးက (ကုက္ကုဋသူဋ္ဌေးပါဘုရား) အဲဒီသူဋ္ဌေးသုံးယောက်ရဲ့ ကျောင်းတိုက်ကြီးသုံးခုဟာ သူတို့ရဲ့နာမည်အတိုင်းပဲ၊ ဃောသိတာရုံကျောင်းရယ်၊ ပါဝါရိကာရုံကျောင်းရယ်၊ ကုက္ကုဋာရုံကျောင်းရယ်လို့ ကျောင်းတိုက်ကြီး သုံးခု ရှိရာမှာ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကိုယ်တော်မြတ် သံဃာတော် အပါးငါးရာနှင့် ကြွတော်မူလာပြီးတော့ ဘယ်ကျောင်းတိုက်မှာ သီတင်းသုံးနေသလဲဆိုရင် ဃောသိတာရုံကျောင်းမှာ စတင်လို့သီတင်းသုံးတယ်၊ ပြီးတော့မှ တစ်ကျောင်းစီ တစ်ကျောင်းစီ လှည့်ပြီးတော့ နေသွားတာ။
အဲဒါကြောင့် '' ဧကံသမယံ - အခါတစ်ပါး၌။ ဘဂဝါ - ဘုရား ရှင်ကိုယ်တော်မြတ်သည်။ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ၊ ရဟန်းတော်ငါးရာတို့နှင့်အတူတကွ။ ကောသမ္ဗီယံ - ကောသမ္ဗီ ဆိုတဲ့ရွှေမြို့တော်မှာ။ ပရိသတ်ရေ ဘယ်မြို့လဲ။
ကောသမ္ဗီမြို့ပါဘုရား။
ယမုံနာမြစ်ကမ်းမှာရှိနေတဲ့ ကောသမ္ဗီမြို့က၊ ဃောသိတာရာမေ ဃောသိတာရုံဆိုတဲ့ ကျောင်းတိုက်တော်မှာ။ ဝိဟရတိ - ဣရိယာပထ မျှတ ရွှင်ပြုံးသီတင်းသုံးစံနေတော်မူခဲ့ပါပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

အဲဒီအချိန် ကောသမ္ဗီပြည်မှာ ထီးနန်းစိုးအုပ် မင်းလုပ်နေတာက ပရိသတ်ရေ ရှင်ဘုရင်ကြီးကိုပြော၊ ဘယ်သူတဲ့လဲ။
ဥတေနပါဘုရား။
တေန ခေါ ပန သမယေန - ထိုအခါမှာ။ ဥဒေနောနာမရာဇာ (သို့မဟုတ်) ဥတေနော နာမရာဇာ - ဥတေနခေါ်တဲ့ရှင်ဘုရင်ကြီးသည်။ ဓမ္မေန သမေန - ဓမ္မနှင့်လျော်ညီစွာ တရားနှင့်လျော်ညီစွာ။ ဒါက စာက ထည့်ရေးတာ၊ ရှင်ဘုရင်ကြီးသည် ကောသမ္ဗီပြည်မှာ မင်းလုပ်တာ ဘာနဲ့ လျော်ညီစွာနေသလဲ။ ဓမ္မေန သမေန - တရားနှင့်လျော်ညီစွာ။ ရဇ္ဇံ ကာရေသိ - မင်းပြုတော်မူ၏။
ရှင်ဘုရင်ဆိုတော့လည်းပဲ ဒီလိုကောင်းအောင် ကြည့်ပြီးရေးရတာပဲနော်၊ တရားနှင့်လျော်ညီစွာမင်းလုပ်တော်မူ၏။ ပြီးတော့မှသာ မဟုတ်တာလျှောက်လုပ်တာ၊ မဟုတ်တာလျှောက်လုပ်တာကိုကြည့်၊ ဒီမှာပြောမယ် ဥတေနရှင်ဘုရင်လုပ်တာကိုပြောတာပါ၊ ဟုတ်လား၊ သူ့မှာ မိဖုရားနှစ်ယောက်ရှိတယ်၊ တစ်ယောက်က ခုနပြောထားတဲ့ သာမာဝတီ၊ ဃောသကသူဋ္ဌေးက မွေးစားတဲ့ ဒီသမီးကလေး၊ သာမာဝတီကို ဃောသကသူဋ္ဌေးက ချစ်လွန်းလို့တဲ့၊ သူဋ္ဌေသမီးငါးရာအခြံအရံနဲ့ စောင့်ရှောက်ထားတယ်။

ဘုရင်တိုင်းခန်းလှည့်လည်
ဘုရင်ကြီးဥတေနက တိုင်းခန်းလှည့်ပြီးတော့ တိုင်းပြည်ကိုလှည့်ကြည့်တာ၊ ဘုရင်ကြီးတိုင်းပြည်လှည့်ပြီဆိုလို့ရှိရင် တိုင်းသူပြည်သားတွေ ဟိုရွာကထွက်ကြို ဟိုမြို့ ဒီမြို့ကထွက်ကြို၊ လမ်းဘေးဝဲယာကနေ အလံတလူလူနဲ့၊ သပြေပန်းတွေနဲ့ ဝှေ့ယမ်းလို့ ဟုတ်လား။ ကြိုကြရတယ်ကို။ လုံချည်တွေဆင်တူတွေ ဘာတွေဝတ်ပြီးတော့ အဲဒါကြိုကြဟေ့ဆိုတော့ ထုံးစံအတိုင်း အမျိုးသမီးတွေချည်ပွဲထုတ်တာများတယ်။

မြို့ကျက်သရေဆောင် သူဋ္ဌေးသမီးတွေ အမျိုးသမီးတွေ ဘာတွေ အကုန်ထွက်၊ အဲဒါလူကြီးတွေကခေါ်ထုတ်တာ၊ လမ်းဘေးဝဲယာတန်းစီလို့ သာမာဝတီနှင့်အမျိုးသမီးငါးရာ သူတို့လည်းပဲ ကြိုကြရတယ်။ ရှင်ဘုရင် ကြီးကြွတော်မူလာတယ်ပေါ့၊ အရပ်ထဲလမ်းတွေကြည့်မယ်၊ ဘာတွေကြည့်မယ်၊ ရေတွေ မီးတွေ တံတားတွေကြည့်မယ်ထွက်လား၊ အဲဒါ ဃောသကသူ ဋ္ဌေးရဲ့အိမ်ရှေ့ရောက်တဲ့ အခါလည်းကျရောဟာ ကြိုဆိုတဲ့အဖွဲ့က တယ်စည်တာပဲ၊ ရွှေရုပ်ကလေးလို့လှနေတဲ့ သူဋ္ဌေးသမီးကလေးလည်း တခါတည်း ပြေပန်းနဲ့ငွေဖလားနဲ့ကိုင်ပြီးတော့ ဘေးကတစ်ဖက်နှစ်ရာငါးဆယ်စီ မိန်းမချောလေးတွေနဲ့ ဘုရင်ကြီးလာတဲ့နေရာမှာ အောင်မယ် သနပ်ခါးရည်လေးနဲ့ ရင်ဘတ်ကိုဖြန်းပေးပြီးတော့။

ဘုရင်ကြီးဘာကြည့်?
ရှင်ဘုရင်ကြီးက သေချာကြည့်ဟာ တယ်ချောတယ်ဟေ့၊ သူက လက်စသတ်တော့ ဒါကြည့်တာပဲ၊ တယ်ချောတယ်ဟေ့၊ ဒီကောင်မလေး တယ်ချောတယ်ကွ၊ ကြည့်ရင်းကြည့်ရင်းနဲ့ပဲ ဘုရင်မင်းကြီး မျက်လုံးပိတ်လို့ မရတော့ဘူး၊ စိုက်ပြီးကြည့်တော့ မျက်လုံးကပြူးပြီးတော့ ပုဇွန်မျက်လုံးလို ထွက်၊ အနားမှာရှိတဲ့ ဝန်ကြီး အမတ်ကြီးတွေက၊ ဟာ တို့ရှင်ဘုရင် ဘာဖြစ်ပါလိမ့်လဲ၊ ဟာ ဘုရင်ဘာဖြစ် မျက်လုံးကြီးထွက်ရသလဲ ဆိုတော့ အရေ တကြီးအနားမှာ ဆရာဝန်တွေ ဘာတွေလည်းပါတယ်၊ အဲဒီဘုရင်ကို မြန်မြန်ဆေးရုံပို့၊ မျက်စိအထူးကုတွေ သီတဂူမှာရောက်နေတယ်၊ ပို့ မြန်မြန် ပို့၊ ဒါတော့ အပိုထည့်ပြောတာ၊ ဘယ်ပါမလဲ စာထဲမှာ၊ အဲဒါဘုရင်ကြီး မအိပ်နိုင် မစားနိုင်ဖြစ်ပြီးတော့ ပြန်သွားတာတဲ့၊ မျက်စိမှိတ်လို့မရဘူး၊ သာမာဝတီမျက်လုံးထဲက မထွက်နိုင်ဘူး၊ သူဋ္ဌေးသမီး ကြိုက်ပြီးတော့ ရွှေနန်းတော်ပြန်ရောက်တော့ ဒီပြင်ဟာတွေ သိပ်မကြည့်တော့ဘူး၊ အဲဒါကြည့်ပြီးတော့ ခပ်မြန်မြန်ပြန်တာပဲ၊ နန်းတော်ပြန်ရောက်တော့မှ ဟဲ့အမတ်တွေ ဟိုမှာ ငါ မိန်းမချောတစ်ယောက်တွေ့ခဲ့တာ အဲဒါမေးကွယ်၊ နာမည်လေး ဘာလေးမေး၊ အဲဒါ ဘယ်သူ့သမီးလဲ၊ ယောက်ျားရှိ မရှိစုံစမ်းကြ။

ဘုရင်ကြီးသမီးပျိုများသိမ်းပိုက်
အလုပ်ကဒါအရေးကြီးသွားတာ၊ အဲဒါ စုံစမ်းရေးထွက်တော့ အဖြေက ယောက်ျားမရှိဘူး၊ သမီးပျိုပဲ၊ ဃောသကသူဋ္ဌေးရဲ့သမီး၊ အဲဒါဆိုရင် နောက်ထပ်စာတစ်စောင်ပို့ အဲအိမ်ကိုစာပို့လိုက် အဲဒီအမျိုးသမီးကို မိဖု ရားမြှောက်မယ်၊ ရွှေနန်းတော်ဆက်၊ လုပ်ပြီဟုတ်လား၊ အဲဒီလိုစာပို့လိုက် တဲ့အချိန်မှာ သာမာဝတီအိမ်မှာမရှိဘူး၊ ခရီးထွက်သွား၊ အဖေ အမေနှစ် ယောက်သားတစ်ခါ ဘုရင်ရဲ့စာလည်းရရော မျက်ရည်ဖြိုင်ဖြိုင်ကျပြီးတော့ တို့သမီးအတွက်ကြုံမိတာ ဘုရင်တော်ကောက်တော်မူပြီ ဒုက္ခပါပဲ၊ မချမ်းသာကြဘူး။
အဲဒါ ဃောသကသူဋ္ဌေးက ဘုရင်ထံစာပြန်တယ်၊ မဆက်သွင်းနိုင်ပါဘူး၊ သမီးလေးချမ်းသာစွာနေပါစေ၊ မင်းနန်းတော်ကိုမပို့နိုင်ပါဘူးလို့ စာပြန်လိုက်တာ၊ အဲဒါဘုရင်ကစိတ်ဆိုးပြီးတော့ အေး သမီးမပေးဘူးဆိုတဲ့ အဲဒီအိမ်ကိုသွား ချိတ်ပိတ် အိမ်ရှိလူတွေ အကုန်ထုတ်ပြီးတော့ အဲဒါပုလိပ် တွေကိုလွှတ်ပြီးတော့ အိမ်ချိတ်ပိတ်၊ ဟာအဖေရော အမေရော အိမ်အပြင် လမ်းပေါ်ထွက် မတ်တတ်ရပ်ပြီးတော့ သာမာဝတီပြန်လာတော့တွေ့ပြီးမေး အမေတို့အဖေတို့ ဘယ်နဲ့ကြောင့်လမ်းပေါ်ထွက်နေကြလဲ၊ ဒို့အိမ်ချိတ် ပိတ်ထားပြီ၊ ဟာ အမြတ်တော်ကြေးလည်းမရှိ ဘာလဲမရှိ၊ ဘယ်လိုကြောင့် ပိတ်ရသလဲ၊ ဘုရင်ကိုသမီးထွက်ကြိုမိတာ၊ အဲဒါကြည့်ပြီးတော့ ကြိုက်သွားတာနဲ့တူတယ်၊ မိဖုရားမြှောက်ချင်လို့တဲ့။

အဲဒါပေးရင်ပေး မပေးလို့ရှိရင် ခုဟာ ချိတ်ပိတ်သေးတာ၊ နောက်ကျတော့မှ ဆက်ငြင်းနေရင်တော့ အမေရော အဖေရော အကုန်လုံးအချုပ် ထဲရောက်လိမ့်မယ်၊ ဟာ အဲဒါဆိုရင်တော့မဖြစ်သေးဘူး၊ လိုက်မှပဲဆိုပြီးတော့ သာမာဝတီက တိုအောင်ချုံ့လိုက်တော့ အမျိုးသမီးအခြံအရံငါးရာ နှင့်အတူတူ မင်းနန်းတော်ကိုလိုက်သွားတာ၊ အဲဒါနဲ့ မတော်တဆ သာမာဝတီ ဘာဖြစ်ရသလဲ မိဖုရားဖြစ်ရတာတဲ့၊ နန်းတော်ထဲကမွေးလို့မဟုတ်ဘူး၊ ဘုရင်လမ်းသွားရင်ကြိုက်သွားပြီးတော့ ကောက်သွားတာ၊ အဲဒီလိုဖြစ်သွားတာ။ ဟာ မိဖုရားကြီးမြှောက်ပြီးပြီလည်းဆိုရော အမေရော အဖေရော အမယ်လေး မျက်နှာတွေပွင့်လို့၊ ဘာလိုချင်လဲပြော၊ ဟုတ်လား၊ ဘုရင်ကြီးကလေ အဖေရော အမေရော အိုကေပဲ လိုချင်တာတွေ အကုန်လုံးရနော် အဆင်ပြေတယ်။

ကလေးထိန်းရဲ့သမီးဆိုတာ အဲဒါကိုခေါ်တယ်၊ ရှေးကခေါ်သလို ယဉ်ယဉ်ကျေးကျေး ခေါ်ရအောင်၊ အထိန်းတော်ရဲ့သမီး၊ ရှေးခေါ်သလို ခေါ်ကြည့်။
အထိန်းတော်ရဲ့သမီးပါဘုရား။
အေး ဓာတိဓီတာ - ဓာတိ-နို့ထိန်း။ ဓီတာ-သမီး။ ဓာတိဓီတာ- နို့ထိန်းရဲ့သမီးကလေးထိန်းရဲ့သမီးဆိုတော့ သူဟာကျေးကျွန်အနေအထာ မှာရှိတယ်နော်၊ မိဘနှစ်ပါးကလေးထိန်းရတယ်ဆိုတော့ အမျိုးအားဖြင့်ထိပ်တန်းမကျဘူး၊ အဲဒီကလေးထိန်းရဲ့သမီး ခုဇ္ဇုတ္တရာကို ဃောသကသူဋ္ဌေးက ဟဲ့ နင့်အရှင်သခင်မအတွက် ပန်းဝယ်တဲ့တာဝန် နင်ယူဆိုတော့ ပန်းဆက် တာဝန်ယူရတယ်၊ သာမာဝတီရွှေနန်းတော်ပါသွားတဲ့အခါကျတော့ ခုဇ္ဇုတ္တရာကလည်း ပန်းဆက်တာဝန်နဲ့ရောပြီး သူလည်းရွှေနန်းတော်လိုက်သွားရတယ်ကိုးဗျနော်။
အဲဒါအထိန်းတော်ရဲ့သမီးသည် ဘာဖြစ်ပြန်လဲ၊ ရွှေနန်းတော်ထဲမှာ မိဖုရားခေါင်ကြီးရဲ့ပန်းတော်ဆက်ရာထူးကိုတက်သွားပြန်တာ၊ သူကလည်း ပဲ အဲဒီလိုဖြစ်တယ်။ နောက်ဘုရင်ကြီး ဟိုဘက်တစ်ဘက်မှာကြည့်လိုက်ရင် မိဖုရားတစ်ယောက်ရှိသေးတယ်၊ မာဂဏ္ဍီတဲ့ ဘာတဲ့လဲ။
မာဂဏ္ဍီပါဘုရား။

မာနကြီးရင် ကျန်ရစ်ဖြစ်မယ်
အေး မာဂဏ္ဍီဆိုတာက ပုဏ္ဏားမျိုး အမျိုးဇာတ်မြတ်တယ်လို့သူ တို့ကသူတို့သတ်မှတ်ကြတယ်၊ တို့အမျိုးအထက်တန်းစားပိုက်ဆံပေါတယ်၊ ပညာတတ်တယ်၊ အမျိုးမြတ်တယ်၊ မာနသိပ်ကြီးတယ်၊ ပုဏ္ဏားမျိုးတွေ ဟို လူနဲ့မပေါင်းနိုင်ဘူး၊ ဒီလူနဲ့မပေါင်းနိုင်ဘူး၊ ဒီလိုတွေ။ အဲဒီတော့ မာနအလွန်ကြီးပြီးဆိုလို့ရှိရင် အဲဒီသမီးမာဂဏ္ဍီ၊ ယောက်ျားလည်း မာဂဏ္ဍီ၊ မိန်းမလည်းမာဂဏ္ဍီ၊ လင်မယားနှစ်ယောက်၊ မာဂဏ္ဍီကနေမွေးတဲ့သမီးလည်း မာဂဏ္ဍီပဲ၊ အဲဒီတော့ သမီးမာဂဏ္ဍီအချောအလှ မာနကြီးလွန်းလို့ အမျိုးဇာတ်ကိုအကြောင်းပြုပြီးတော့ မာနတက်လွန်းလို့ ဟိုယောက်ျားနှင့်စေ့စပ် မာနကြီးတာနဲ့ပျက်သွား၊ ဒီယောက်ျားနှင့်စေ့စပ် မာနကြီးတာနဲ့ပျက်သွား၊ မာနကရှေ့ကခံခံနေတဲ့အတွက်ကြောင့် ယောက်ျားမရနိုင်ဘဲနဲ့အဲဒီမာဂဏ္ဍီ အမျိုးသမီးလည်းပဲ တဖြည်းဖြည်းနဲ့အရွယ်လွန်ပြီးတော့ သူလည်းပဲအပျို ဟိုင်းမကြီးဖြစ်တယ်။
အဲဒီ မာဂဏ္ဍီကို အဖေလုပ်တဲ့သူက မာဂဏ္ဍီက ငါ့သမီးအပျိုးကြီး လင်ရမှကောင်းမယ် လင်မရရင်တော့ ဒီပစ္စည်းတွေ အမွေခံမည့်ကလေး တော့ ဒုက္ခပဲ ပစ္စည်းကလည်းသိတ်ချမ်းသာတယ်၊ အမွေခံမရှိရင် ရှေးတုန်း က ဘုရင်ကသိမ်းတာ၊ အဲဒါကြောင့် အဖေလုပ်တဲ့သူက သမီးအတွက် ယောက်ျားရဖို့ကြိုးကြိုးစားစားရှာတယ်၊ အမေကလည်း ဒီလောက်မဟုတ် ဘူး၊ အဖေကြီးပဲ ပူပင်နေတာ၊ တစ်မျိုးကြီးပဲအဲဒါလဲ။

ဘုရားကိုသမီးနှင့်ပေးစားရန်ကြံ
အဲဒါကျတော့ မြတ်စွာဘုရားကလည်း ကောသမ္ဗီအကြွ၊ ပရိသတ်ရေ သူတို့အိမ်ရှေ့ကဖြတ်သွားတာ၊ ဘုရားကိုမြင်လိုက်ရော မာဂဏ္ဍီပုဏ္ဏားကြီးက ဘုရားကိုမြင်လိုက်တော့၊ ဟာ ချောလိုက်တဲ့ယောက်ျား၊ ဒီလောက် ချောတဲ့ယောက်ျားကို ငါတစ်သက်တစ်ခါမှမတွေ့ဖူးဘူး၊ ဒီယောက်ျားကို ငါ့သမီးနဲ့ပေးစားရင်ကောင်းမှာပဲ။ ဘာသာရေးမှာ တော်တော်ခေါင်းပါးတဲ့သူတွေ၊ သမီးကို ဘုရားနဲ့ပေးစားရင်ကောင်းမယ်ဆိုပြီးတော့ အဲဒါမိန်းမကို ပြောတယ်၊ ဟဲ့မိန်းမ တို့သမီးနဲ့တော်တဲ့ယောက်ျားကိုငါတွေ့လိုက်တယ်၊ သမီးအလှပြင်၊ လာတို့သုံးယောက်လိုက်ကြရအောင်ဆိုပြီးတော့ ဘုရားနောက်ကနေ တစ်ခါတည်းတောက်လျှောက်လိုက်ကြတယ်။

ဘုရားခြေတော်ရာ
မြတ်စွာဘုရားကိုယ်တော်မြတ်က သိတော်မူတယ်၊ ဟောဒီ ပုဏ္ဏား လင်မယားနှစ်ယောက် မာဂဏ္ဍီလင်မယားနှစ်ယောက် ငါဘုရားသာသနာတော်မှာ အနာဂါမ်တည်ပြီးတော့ဝင်မယ်၊ အနာဂါမ်တည်ပြီးတော့ သာသနာတော်ရောက်ပြီးရင် ရဟန္တာဖြစ်မယ်၊ အဲဒီအကျိုးကိုမျှော်ကိုးပြီးတော့။ ဘုရားကသူတို့အရပ်ထဲ ဆွမ်းခံသွားတဲ့အခါမှာ လမ်းမှာခြေရာလေး ချထားပစ်ခဲ့ပြီးတော့ ဆွမ်းခံဆက်ကြွတယ်။

အပိုင်း(၇)ဆက်ပါဦးမယ်။
သီတဂူစတား
၂၅-၁-၂၀၁၀

22 January 2010

ကိုရင်လေး၏ သတ္တိ ဗျတ္တိ







သီတဂူညီလာခံ အမှတ်တရ ဓာတ်ပုံလေးတွေပါ


သီတဂူဆရာတော်သြ၀ါဒ နောက်ဆုံးအပိုင်း

သီတဂူဆရာတော်သြ၀ါဒ
(ပူနေးကျောင်းသားများ)

ကိုရင်လေး၏ သတ္တိ ဗျတ္တိ


(1)
ကိုရင်လေးဘက်ကို ကြည့်ကြစို့။ ကိုရင်လေး-- အရှင်ဘုရားနှင့် သင့်တော်သော နေရာကို ရွေးပြီးထိုင်ပါဆိုတော့ ကိုရင်လေးသည် ဘေးဘီကို ကြည့်လိုက်တော့ သူ့ထက်ကြီးကျယ် မြင့်မြတ်သော သူကို မတွေ့ရ (ဆိုလိုသည်မှာ- ရဟန်းတော်များ၊ ဆရာများဖြစ်သည်။ ရှင်ဘုရင်ကြီး၏ ရွှေနန်းပလ္လင် (သီဟာသန ပလ္လင်)ပေါ်သို့ တက်ထိုင်လိုက်သောအခါ ရှင်ဘုရင်ကြီး ဒူးတွေတုန်လှုပ်ကာ ဦးညွန့် ဂါရ၀ပြုမိလေတော့သည်။ အဲဒီနောက် ကိုရင်လေးအား မေးခွန်းအချို့ မေးသည်။ ပထမ မေးခွန်းမှာ အရှင်ဘုရား မြတ်ဗုဒ္ဓ၏အဆုံးမတွေကို လေ့လာပြီးပါပြီလားဘုရား မေးသောအခါ မင်းကြီး ကျွန်ုပ် အာလုံးလေ့လာပြီးဖြစ်ပါတယ်။ အဲဒီတော့ ငါပြောချင်တာက မင်းတို့တတွေ ဒီလိုမေးခွန်းလာရင် ဖြေနိုင်အောင် အဆင်သင့်လုပ်ထားကြ။

ဒုတိယ မေးခွန်း အရှင်ဘုရား အားလုံးကို လေ့လားပြီးပေါ့၊ ဟုတ်ကဲ့မင်းကြီး အားလုံးလေ့လာ သင်ယူပြီးဖြစ်ပါတယ်။ အဲဒီလိုဆိုရင် အရှင်ဘုရား ကျင့်ကြံအားထုတ်ပြီးပြီလားဘုရား။ မင်းကြီး ကျွန်ုပ် မြတ်ဗုဒ္ဓရဲ့သာသနာမှာ အားလုံးအားထုတ်ပြီးဖြစ်ပါတယ်။ (ရဟန္တာဖြစ်ပြီးကို ရည်ရွယ်ပါသည်)။ လော့လာသင်ယူခြင်း၊ ကျင့်ကြံအားထုတ်ခြင်းများ ပြီးသောအခါ မြတ်ဗုဒ္ဓအဆင့်မြင့် တရားတော်များကို ထိုးထွင်းသိပြီးပါပြီလားဘုရား။ မင်းကြီး အားလုံးပြီးစီးပါပြီ။
ဒီတော့ ဆိုလိုတာက ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓပဲ။ အဲဒီလိုဆိုရင် အရှင်ဘုရား လေ့လာထားတာတွေ အနည်းငယ်မျှ တပည့်တော်အား ဟောပေးတော်မူပါဘုရားဆိုတော့ ကိုရင်လေးက အပ္ပမာဒေါ အမတံ ပဒံ ပမာဒေါ မစ္စုနော ပဒံ- သတိတရားသည် မသေရာ နိဗ္ဗာန်၏တစ်ခုတည်းသော လမ်းကြောင်းပဲ။ မေ့လျော့ပေါ့ဆခြင်းသည် သေဘို့ရာ သံသရာအတွက် လမ်းပဲ၊ (ဓမ္မပဒပါဠိတော်)။

မင်းကြီး သတိတရားဖြင့် စိတ်၏အမူအရာ လှုပ်ရှားမှုများ၊ ကိုယ်၏ပြုမူ လှုပ်ရှားမှုများနှင့် နုတ်၏အပြောအဆိုများကို ထိန်းရပါသည်။ သတိတရားသည် ထိုသုံးမျိုးသော ကိုယ်၊နုတ်၊ စိတ်တို့၏ အမူအကျင့်မှန်သမျှတို့၏ အထိန်းအကွပ်ဖြစ်ပါသည်ဟူ၍ ဟောလေသည်။ အရှင်ဘုရား ရပြီး ရပ်ပါတော့ဘုရား နောက်နေ့တွေလဲ ဆက်ဟောရဦးမယ်ဘုရား၊ ဒီနေ့ ဒီလောက်ဆို လုံလောက်ပါပြီဘုရား။ ရွှေနန်းတော်ကြီး၏ တံခါကြီးသည် ကိုရင်လေးအတွက် ၂၄ နာရီ ဖွင့်ထားလေတော့သည်။ ဒါ့ကြောင့် မျော်လင့်ချက်ကင်းမဲ့နေတဲ့ ရွှေနန်းတော်ကြီး မျော်လင့်ချက်တွေနှင့် ပြည့်လာတယ်။
အဲဒီတော့ မင်းတို့တစ်တွေ ဘာရည်ရွယ်ထားလည်း ဘာတွေ မျော်လင့်ထားသလဲ။ အကယ်၍ missionary နှင့် ministry ဒီနှစ်ခုကို မလုပ်နိုင်ဘူးဆိုရင် မင်းတို့တတွေ မျော်လင့်ချက် ကင်းမဲ့သူတွေပဲ ဖြစ်မယ်။
On the other side, when Samanera! You have to choose your proper place, Samanera, Arahanta got up the lion throne (sihasanapalanga) and sat down in it. At the time the King Empire Asoka's knees were shaking and trembled and he said that great teacher came to the palace now. He paid a respect to him three times. And then the King asked him three questions. Firstly do you have any learning in the Buddha's dispensation? Yes, I have learned all. If someone asked you such a question, you must be ready to response it. And secondly have learned everything? Yes, I have done all. If so, did you have any practice or training in the Buddha's sasana? Yes, I have done.

After learning and training, did you have understanding or penetrating? Yes, I know everything what the Buddha taught. So learning, practicing and understanding are called respectively Pariyatti, Patipatti and Pativeda. If you learned, teach me please that requested by King to Samanera. Samanera on the lion throne taught that appamado amatam padam- mindfulness is the way to the deathlessness. Pamadado majjuno padam- headless is the way to death.
So, Oh! Maharaja, you must control your mind with mindfulness. You must control your bodily action with mindfulness. You must control your speech with mindfulness. Mind and mindfulness mean the controller of the bodily action, speech and mental action. Oh! Stop! Stop! Why did you say to stop? Because you have to teach also tomorrow. So the King Asoka opened his palace for Samanera. The palace which was hopeless became hopeful. What is your hope? What is your expectation? If you cannot do Missionary and Ministry, you will be hopeless.

(2)
ကိုရင်လေး မနက်ဖြန်ခါလည်း ကြွပြီးတရားချီးမြင့်ပေးပါဘုရား။ ဒီကနေ့ အရှင်ဘုရားရဲ့ တရားတော်အတွက် တပည့်တော် ဆွမ်း ၈ အုပ်လှူပါတယ်ဘုရား၊ အဲဒီ ၈အုပ်ကို ကိုရင်လေးက သူ၏ ဥပဇ္ဈာယ်အား လှူလိုက်လေသည်။ နောက် ၈ အုပ်ကိုတော့ ဆရာသမားများ အားလှူပြန်သည်၊ အဲဒီနည်းဖြင့် ဆွမ်းအုပ် ၃၂ အုပ်လှူလေသည်။ အသက် ၇နှစ်သာရှိသေးသော ကိုရင်လေးတစ်ပါးက ရှင်ဘုရင်ကြီး၏ ၃၂ ခုသော ဆွမ်းအုပ်များကို အလှူခံထိုက်၏။ ဘာကြောင့်လဲဆိုတော့ ကိုရင်လေးသည် missionary နှင့် ministry ကို လုပ်နိုင်ခဲ့လို့ပဲ။ ကြမ်းထမ်းခက်ထန်တဲ့ မင်းကြီး ယဉ်ကျေးပြီး ရတနာသုံးပါးကို ကိုင်းရှိုင်းလာတယ်။ စဏ္ဍာသောက မင်းကြီး ဓမ္မာသောက ဖြစ်လာတယ်။ ဒါ့ကြောင့် missionary သည် အလွန်အစွမ်းထက်ပါတယ်။ အကယ်၍ မင်းတို့တတွေ ဒီလိုလုပ်နိုင်မယ်ဆိုရင် လောကကြီးတစ်ခုလုံးကိုတောင် ပြောင်းလဲပြစ်နိုင်တယ်။
ယနေ့ခေတ် အမေရိကန်သမ္မတ လူမည်းသည် သူသမ္မတမဖြစ်ခင်က (ရွေးကောက်ပွဲပြိုင်စဉ်က) အမြဲတမ်းကြေငြာလေ့ရှိတယ်။ ကျွန်ုပ်တို့ ပြောင်းလဲဘို့လိုပြီ ဆိုတာကို ထပ်ခါထပ်ခါ ကြေငြာလေ့ရှိတယ်။ သူလဲ ရွေးကောက်အောင်မြင်ပြီးလာတော့ လူဖြူသမ္မတကနေ လူမည်းသမ္မတပဲ ပြောင်းလာတယ်။ အပေါ်အယံပြောင်းလဲခြင်းသာ ဖြစ်တယ်။ အသောကမင်းကြီးကတော့ ရင်ထဲကကို ပြောင်းလဲသွားခဲ့တယ်။
Samanera! Tomorrow you have to teach. Ok today, because of your teaching I will offer eight alms bows. Ok Maharaja! I will donate them to my Upajjhayas. And then the King again donated next eight alms bows for his teachers etc. Oh! So many, 32 alms bows were donated by King Asoka were accepted by sever year age Samanera, great teacher. Samanera even years age did successful his missionary and ministry because the cruel King became the devoted King and Candasoka could be changed as Dhammasoka. Therefor, missionary is very powerful. If you can do it, you can change the world. The whole of the world needs to change.
Now the president of United State of America announced that we need to change, we need to change. It was a policy before his election but after he was elected as a president of US.A, there changed nothing. Only he could change from white to black. White president was changed the Black president. This changing was just surface of level. Dhammasoka changed heartedly.
(3)


နိဂုံးချုပ်
ကောင်းပြီး နိဂုံးချုပ်ကြအောင်။ မင်းတို့တတွေ နိဂြောဓကိုရင်လေးလို ကိုယ့်ကိုယ်ကို လေ့ကျင့် အားထုတ် ပြုစုပျိုးထောင်ကြပေတော့။ အသောကမင်းကြီး ကိုရင်လေးကို မြင်လိုက်တဲ့ အချိန်မှာ နှလုံးသားတစ်ခုလုံး ငြိမ်းချမ်းသွားတယ်၊ စိတ်နှလုံးလဲ ကြည်လင်လာတယ်။ ဒါဟာ ကိုရင်လေး၏ အပြင်ဘန်း အသွင်သဏ္ဌာန် မြင်လိုက်ရရုံလေးနှင့် ဖြစ်သွားတဲ့ အကျိုးကျေးဇူးပဲ။
In my conclusion, you must train yourselves. You must practice yourselves. You must understand yourselves. You must treat yourselves like Nirogya Samanera. When the cruel King saw seven years age of Samanera, his heart became calm and clear. In this case, it was just seeing of outer appearance of Samanera Nirogya.

အဲဒါပဲကွ၊ သင်္ကန်းခါးတောင်းကြိုက်ပြီး ဘော့ကန်နေရင် ဘုရင်ကြီး စိတ်ကြည်ပါ့မလား။ ဘုရင့်စိတ်ထဲမှာ ကြည်ညိုမှုမဖြစ်နိုင်ပါဘူး။ ဒါပဲ outer appearance (အပြင်ဘန်းအသွင်းအပြင်) တောင်မှ ဒီလောက် အရာရောက်ရင် inner appearance (အတွင်းသန္တာန်) ကို မင်းတို့တတွေ ကောင်းကောင်းပြနိုင်မယ်ဆိုရင် ဘယ်လောက် အကျိုးကျေးဇူးများမလဲနော်။ ဒီတော့ ချစ်ခြင်းနှင့် ကြည်ညိုခြင်း ဒီနှစ်ခုကို မရသေးသမျှ မင်းတို့ Missionary ရော Ministry ရော မအောင်မြင်နိုင်ဘူး။ အသေားမင်း ချစ်သွားတာ၊ ကြည်ညိုသွားတာ၊ ကိုရင်လေး ရှင့်ဘုရင့်ပလ္လင်ပေါ်တက်တာတွေကို သတိထားကြည့်ပါ။ You must know your right place. Samanera Nirogya knew his right place. ရှင်ဘုရင်ကြီးက ကိုရင်လေးကို ပြောတယ်လေ။ ကိုရင်လေး အရှင်ဘုရားနှင့်သင့်တော်မယ့် နေရာ အရှင်ဘုရားသိပြီး သတင်းသုံးပါဆိုတော့ ကိုရင်လေးက သူနှင့်သင့်တော်တဲ့ သိလို့ ပလ္လင်ပေါ်တက်ထိုင်တယ်။ နန်းတော်ထဲမှာ သူ့ထက်ကြီးမြတ်တဲ့ တစ်ယောက်မှ မရှိဘူး။ Right person and right pace are very important. လူမှန် နေရာမှန်ဖြစ်ဘို့ဆိုတာ အလွန်ရေးကြီးတယ်။
Every morning after wake up, where do you sit, where do you go? မနက်မိုးလင်း အိပ်ယာထ မင်းတို့ ဘယ်မှာသွားမလဲ ဘယ်မှာထိုင်မလဲ။ teashop လဘက်ဆိုင်လား၊ roadside လမ်းဘေးလား။ In evening, where do you go and sit? ညနေပိုင်းရော ဘယ်သွားမလဲ ဘယ်မှာ ထိုင်မလဲ။ ခေါက်ဆွဲဆိုင်လား၊ လက်ဘက်ဆိုင်လား ဆိုတော့ (တပည့်များ အားလုံး ရယ်ကြသည်)။ ရေနွေးကြမ်းသောက်လိုက် တီဗွီကပြတဲ့ ဘော့လုံးပွဲလေးကြည့်လိုက်နဲ့။ အဲဒါ လူမှန် နေရာမှန်ဖြစ်ဘို့ဆိုတာ အရေးတယ်။ မင်းတို့အတွက် remainder ပဲ။

Now a day, in India how many groups of Sadus, how many groups of Parivvajakas? And how many Jain Populations exist? The existence of Jain and Sadus are very few now. Some Parivvajakas and Sadus are begging now in around Buddhist temples in India. And also some Buddhist monks are like a begger. You should note yourselves.

ဒါကြောင့်စားဦးစားဖြားကနေ စားကြွင်းစားကျန်ဘ၀ မရောက်အောင် မင်းတို့တတွေ ထိမ်းထားရမှာ။ ဂျိန်းအုပ်စု၊ ဆာဒူးအုပ်စု ငါးရာ တစ်ထောင် အခုမတွေ့ရတော့ဘူး။ လူတွေက မကျွေးတော့ဘူး၊ ဗုဒ္ဓဘာသာလို ပြောရင်တော့ အလှူတော့ဘူး။ လူတွေရဲ့ စိတ်နှစ်လုံးဖွံ့ဖြိုးအောင် ဘာမှ မလုပ်ပေးနိုင်ဘူးလေ။ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ အဲလိုတွေဖြစ်မှာ စိုးရိမ်ရတယ်။ မင်းတို့တတွေ ကောင်းကောင်းနေဘို့ အရေးကြီးတယ်။
Character and wisdom or character and education are your investments. သီလနှင်ပညာ ဒီနှစ်ခုဟာ မင်းတို့အတွက် အရင်းအနီးပဲ။ ဘ၀ရဲ့အရင်းအနှီး များများမြုတ်နှံပြီး များများ အလုပ်လုပ်ကြ။ မြတ်ဗုဒ္ဓရဲ့သာသနာမှာ Missionary နှင့် ministry ဒီတာဝန် နှစ်ရပ်ကို ထမ်းဆောင်နိုင်ဘို့ character (သီလ) နှင့် wisdom or education ပညာ ဒီအရင်အနှီး နှစ်ခုကို များများမြုပ်နှံပြီး အားထုတ်နိုင်ကြပါစေ။

သာဓု သာဓု သာဓု
ပြီး၏

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူစတား
၂၂-၁-၂၀၁၀

21 January 2010

အနှိုင်းမဲ့ မေတ္တာ



တကယ့်မေတ္တာစစ်ကို ဘယ်သိပ္ပံဆရာကမှ မတိုင်းတာ နိုင်ပါဘူးလို့........


အနှိုင်းမဲ့မေတ္တာ….ဖက်ဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ကိုယ့်ဘာသာကို နာမည်တပ်ပြီး ပြန်လည်ပြောပေးတာပါနော်။
တောသားလေးည်း စာရေးဆရာကိုတော့မမှတ်မိဘူး။ ဖက်ဖူးတာတော့ကြာနေပါပြီ ။ အခုတော့ အရှင်ဝီရိယ(တောင်းစွန်း) ရေးတဲ့ ဘုန်းရယ် ကံရယ် ကုသိုလ်ရယ်.........ဆိုတဲ့ စာအုပ်ကို ဖက်မိတော့ ပြန်လည် သတိရမိလာလို့ မျှဝေပေးတာပါ။

တစ်ခါက....ဈေးရှိတဲ့ ရွာကြီးတစ်ရွာမှာ ဈေးဖိတ်နေ့ညနေပိုင်းရောက်တဲ့အခါမှာ နောက်နေ့ရောင်းချဖို့အတွက် အမဲသတ်လေ့ရှိပါတယ်….. အဲဒီအခါမှာ နောက်နေ့နွားသတ်ဖို့ ၀ယ်လာတော့ နွားမကြီးတစ်ကောင်ဖြစ်နေတယ် အဲဒီနွားမကြီးဝယ်လိုက်တော့ နို့မပျက်သေးတဲ့ နွားငယ်လေးတစ်ကောင်ပါလာတယ်။ နွားမကြီးကို နွားသတ်ကုန်းပေါ်ခေါ်လာတော့ နွားငယ် သားလေးလည်း ဘာမသိညာမသိနဲ့ လိုက်ပါလာတော့တာပေါ့။ နွားသတ်ကုန်းနဲ့ မနီးမဝေးမှာတော့ အရင်ကသက်ထားတဲ့ နွားတွေရဲ့အရိုးအနံ့ရတော့ နွားမကြီးလည်း မိမိကို သတ်တော့မယ်ဆိုတာသိတော့ မောင်းလို့မရတော့ဘူးတဲ့။

လူတွေကလည်း နေမ၀င်ခင် ကိစ္စပြီးအောင်လုပ်ရမှာဆိုတော့ နွားမကြီးကို နောက်ကနေမောင်းလို့မရတော့တဲ့ အဆုံး နှာကြိုးကို လှန်ပြီး ရှေ့ကနေတအားဆွဲတော့တယ်။ နွားမကြီးလည်း ကြောက်အားလန့်အားနဲ့ ယက်ကန် ယက်ကန်နဲ့ ရုံးနေတာပေါ့။ အဲဒီအချိန်မှာ နွားသားလေးက ဘာမှမသိရှာဘူးလေ။ တောထဲမှာ မြက်စားရင်း ဆော့ကစားနေလေရဲ့။ နောက်တော့ပါလာတဲ့လူတွေအားလုံးက နွားမကြီးနှားဖျားကြိုးကို တအားဆွဲကြတော့ နွားမကြီးရဲ့ နှာဖျား အသား တွေပြတ်သွားတော့တယ်။ သွေးတစက်စက်နဲ့ နွားမကြီးလည်း ကြောက်အား လန့်အားပြေးတော့တာပေါ့။

လယ်ကွက်နှစ်ကွက် သုံးကွက်လောက် လွန်တဲ့အခါမှာ ကျန်တဲ့နွားသားငယ်လေးက အမေကိုမတွေ့တော့ အသံပေး အော်လိုက်တော့ နွားမကြီးလည်း ဆက်မပြေးတော့ဘူး နွားသားလေးကိုရပ်စောင့်နေတယ်။ နွားသားလေးနဲ့အတူ နွားသက်သမားတွေက ပါလာတော့ နွားမကြီးလည်း နောက်လယ်ကွက် သုံးကွက်လောက် ဆက်ပြေးပြန်ေ၇ာ ။ အမေနဲ့အတော်ဝေးသွားတော့ နွားသားလေးလည်းဆက်အော်ပြန်တော့ နွားမကြီးလည်းတစ်ဖန် ရပ်စောင့်နေပြန်တယ်။

အဲဒါကို နွားသတ်သမားတွေက နွားမကြီးကိုလိုက်နေ့လို့တော့ ဒို့တောနေ၀င်သွားတော့မယ်။ ဖမ်းဖို့တော့မလွယ်တော့ဘူး။ သူ့သားလေးကိုဖမ်းရင်တော့ သူပြန်လာမှာပဲဆိုတဲ့ အကြံကိုရရှိသွားတော့တာပေါ့။ အဲဒါနဲ့ နွားသားလေးကို ၀ိုင်းဖမ်းကြတော့တယ်။ နွားသတ်ကုန်းမှာ နွားသားလေးကိုကြိုးနဲ့ချီထားပြီး အော်အောင် ၀ိုင်းရိုက်ကြတယ်။ သားလေးရဲ့ မချိမဆံ့အော်သံကိုကြားရတော့ နွားမကြီးလည်းဆက်မပြေးနိုင်တော့ဘူး။ သူ့မှာရှိတဲ့ ဒဏ်ရာကိုရော အသတ်ခံရမယ်ဆိုတဲ့အသိကိုပါ မေ့ပြီး သားလေးရှိရာကို ပြန်လှည့်လာတော့တာပေါ့။

နွားသတ်သမားတွေကလည်း လက်နက်ကိုယ်စီနဲ့ ကိုင်စောင့်နေကြတာပေါ့။ နွားမကြီးကလည်း သားလေးရှိရာကို တဖြေး ဖြေးလှမ်းလျှောက်လာတယ် ။ သားလေးရဲ့ကိုယ်မှာရှိတဲ့သွေးထွက်နေတဲ့ ဒဏ်ရာတွေကိုလျှာနဲ့ လျှက်ပေးနေတော့တယ်။ အဲဒီအချိန်မှာနောက်မှာရှိတဲ့ နွားသတ်သမားတွေက သူတို့လုပ်ရမယ့်လုပ်ငန်းကို ဆက်လုပ်ကိုင်ကြတော့တယ်။
ဒါကို မြင့်မိုရ်ဦးရဲ့နောက်ဆုံးရေစင်ပဲဆိုတာ နွားသားလေးကသိချင်မှ သိမယ်ပေါ့နော်။ မြင်းမိုရ်ဦးကတော့ ကွယ်ပျောက်သွားပြီ။
ဇာတ်လမ်းလေးကတော့ အဲဒါပါပဲ...............
ဘုရားရှင်မေတ္တာသုတ်တော်မှာ ဟောကြားတော်မူတဲ့ မာတာ ယထာ နိယံပုတ၊္တ မာယုသာ ဧကပုတ္တ မနုရက္ခေ ။ လူမိခင်များသာမကဘူး တိရစ္ဆာန်မိခင်များလည်း ရင်သွေးကို အသက်နဲ့လဲပြီး ကာကွယ်ကြတယ် ။
အဲဒါကြောင့် အနှိုင်းမဲ့မေတ္တာကို ဘယ်သိပ္ပံဆရာကမှ မတိုင်းတာနိုင်ပါဘူး။
မိဘကျေးဇူး ဆပ်နိုင်ပါစေ .................

(အမည်မသိ စာရေးဆရာ)


ဤပို့စ်လေးကို ဖတ်လိုက်ရတော့ အမေကို အရမ်းသတိရမိသွားသည်။ သီတဂူစတားရဲ့ အမေ (မယ်တော်ကြီး) သည် အသက် ၇၀ ကျော်ရှိနေပါပြီ။ ယခုအချိန်အထိ အမေ့အတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့သေးလို့ စိတ်မကောင်းဖြစ်နေမိသည်။ ပိုဆိုးနေသည်ကား အသက်ကြီးကာမှ သားဖြစ်သူက ပြည်ပမှာ ပညာသင်နေတုန်း။ အမေ့ရဲ့ အနီးအနားမှာ မနေပေးနိုင်သည်အတွက်လည်း ပို၍ပင် စိတ်မကောင်းဖြစ်နေမိသည်။ အမေ့အနားမှာ နေနိုင်သူတွေကို မြင်ရတော့ သူတို့အတွက်လည်း အားကျပြီး မုဒိတာပွားနေမိသည်။ အမေ့မေတ္တာ ငက်နေသူများအတွက်နှင့် အမေ့မေတ္တာ ခံစားနေရသူများအတွက် မျှဝေလိုက်ပါသည်။ ဤပို့စ်ကလေး၏ မူပိုင်ရှင် ဘယ်သူလဲဆိုတာ မသိပါ။ အင်တာနတ် forward မှရရှိပါသည်၊ ပူပိုင်ရှင်အားလည်း အထူးကျေးဇူးတင်နေပါသည်၊ ဤအတွက် ကုသိုလ်တွေလဲ ရနေမှာပါ။ အမြဲတမ်း မေးလ်အသစ်အဆန်းများ ပိုပေးနေသော berry.blue19 အား အထူးကြေးဇူးတင်ပါသည်၊ ပို့စ်စာရေးဆရာ၏ နာမည်ကို မဖော်ပြန်နိုင်သည့်အတွက် တောင်းပန်ပါသည်။

သီတဂူစတား
၂၁-၁-၂၀၁၀

20 January 2010

နာလန္ဒမှ အာဇာနည်များ


အိန္ဒိယကျောင်းများ အဆင့်နိမ့်မည်ဆို၍ စာသင်သားများ ဆန္ဒပြ

အိန္ဒိယနိုင်ငံမှ အဆင့်မြင့် ပညာသင်ကျောင်း ၄၄ ခုကို အရည်အသွေး မမီဟု အစိုးရက ယူဆပြီး တက္ကသိုလ် အဆင့်မှ ပယ်ဖျက်ရန် စစ်ဆေးနေသဖြင့် မြန်မာ စာသင်သား သံဃာများနှင့် နိုင်ငံတကာ ကျောင်းသားများ မကျေမနပ် ဖြစ်နေကြသည်။
ထိုကျောင်း ၄၄ ခုအနက် တခုဖြစ်သည့် ဘီဟား ပြည်နယ်ရှိ နာလန္ဒာ တက္ကသိုလ်တွင် ပညာသင်နေသော မြန်မာရဟန်းများ အပါအ၀င် ကျောင်းသား ၄၀၀ ကျော်က အင်္ဂါနေ့တွင် လမ်းပေါ်ထွက်ပြီး အိန္ဒိယ အစိုးရ၏ အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည်။

၎င်းတို့ ပညာသင်နေသည့် ကျောင်းများကို တက္ကသိုလ်အဆင့် ဆက်လက် ထားရှိစေလိုသည်ဟု နာလန္ဒာမှ မြန်မာ ရဟန်းများက ဧရာဝတီကို မိန့်သည်။

“တက္ကသိုလ်က ၃ နှစ်ရှိပြီ။ အစိုးရ အသိအမှတ်ပြုပြီး လုပ်ထားတာ။ ပညာရေးအနေနဲ့ ဝန်ခံရမယ် ဆိုရင်တော့ ဟုတ်တယ် ဒီလောက်ကြီး တိုးတက်မှု မရှိသေးဘူး။ ကျန်တဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကတော့ ရှိတယ်” ဟု ရဟန်းတပါးက မိန့်ကြားသည်။

နာလန္ဒာတွင် မြန်မာစာသင်သား ရဟန်း ၉၇ ပါး ပညာသင်ယူလျက်ရှိသည်။ နာလန္ဒာသည် ၂၀၀၈ ခုနှစ်က သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ခဲ့သည့် တက္ကသိုလ်ဖြစ်သည်။

နာလန္ဒာကို အိန္ဒိယ၏ ရှေးဘုရင်တပါးဖြစ်သူ အသောကမင်းကြီး တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာတက္ကသိုလ်ကြီး၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ယနေ့တွင်လည်း ဗုဒ္ဓဘာသာ စာပေကျမ်းဂန် လေ့လာသူများကြားတွင် ထင်ရှားသည့် တက္ကသိုလ်ဖြစ်သည်။

မြန်မာစာသင်သား ရဟန်းတော် အများစုသည် ကျောင်းပြင်ပတွင် အခန်းငှားပြီး ခက်ခဲကျပ်တည်းစွာ သီတင်းသုံးနေရစဉ်တွင် အိန္ဒိယအစိုးရ၏ အစီအစဉ်ကြောင့် ယူကြုံးမရဖြစ်ရသည်ဟု သိရသည်။

တခြား တက္ကသိုလ်များသို့ သွားရောက်ရာတွင်လည်း ပြီးဆုံးခဲ့သော စာသင်နှစ်များ၏ ရလဒ်များ ထိခိုက်နိုင်ကြောင်း၊ အနာဂတ်တွင်လည်း အရည်အချင်းမီဘွဲ့များ မရမည်ကို စိုးရိမ်ရကြောင်း ကျောင်းသားများနှင့် မိဘများက ဆိုသည်။

ကျောင်း ၄၄ ကျောင်းကို ပြန်လည် စိစစ်မည် ဆိုသည်ကို လူသားရင်းမြစ်တိုးတက်ရေး ၀န်ကြီးဌာနက ဇန်န၀ါရီ ၉ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က ပြုလုပ်ခဲ့သော ပညာရေးဆိုင်ရာ အစည်းအဝေးတခုတွင် လူသားရင်းမြစ်တိုးတက်ရေး ၀န်ကြီး Mr. Kapil Sibal က ထိုကျောင်းများကို ကျွမ်းကျင်သူများဖြင့် စိစစ်မည် ဖြစ်ကြောင်း၊ တွေ့ရှိချက်များနှင့် ပတ်သက်ပြီး တရားရုံးချုပ်က ချမှတ်မည့် ဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်ဟု အိန္ဒိယ သတင်းစာများတွင် ရေးထားသည်။

ထိုကျောင်းများတွင် တက်ရောက်နေသူများအားလုံး သက်ဆိုင်ရာ ဘွဲ့များ မလွဲမသွေ ရကြမည်ဟုလည်း သူက အာမခံလိုက်သည်။ အိန္ဒိယ၏ ပညာရေး အဆင့်မြင့်မားရေး လုပ်ဆောင်ရာတွင် တက္ကသိုလ်များ အရည်အသွေး ပြည့်မီရေးအတွက် အလေးပေး ဆောင်ရွက်ရမည်ဟု သူက ဆိုသည်။

အစိုးရက စိစစ်နေသည့် စာသင်ကျောင်း ၄၄ ခုတွင် နိုင်ငံတကာ နှင့် ဒေသခံ ကျောင်းသား နှစ်သိန်းခန့် ပညာသင်ယူနေသည်ဟု သိရသည်။ ကျောင်းများ စာရင်းကို www.merinews.com တွင် တွေ့နိုင်သည်။
ဧရာဝတီမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။

နာလန္ဒမှ အာဇာနည်များအား ဂုဏ်ပြုသောအားဖြင့် ပို့စ်ကို ကူးယူးဖော်ပြလိုက်ပါသည်။
ဗုဒ္ဓတက္ကသိုလ်ကြီးဖြစ်သဖြင့် ၀ိုင်းဝန်းကူညီ အားပေးသင့်ပါကြောင်း။


ဤကဲ့သို့ဆန္ဒပြခြင်း၊(ကိုယ့်ရဲ့ဆန္ဒ)ကို ဖော်ပြနေခြင်းများကို အိန္ဒိယနိုင်ငံ၏ နေရာတိုင်းမှာ တွေ့နိုင်ပါသည်။ ပူနေးတက္ကသိုလ်မှာလဲပဲ ကျောင်းသားများ ဆန္ဒပြပွဲ၊ ဆရာများ ဆန္ဒပြပွဲ၊ ၀န်ထမ်းမျာ ဆန္ဒပြပွဲများ၊ သုံးဘီးကားသမားများ ဆန္ဒပြပွဲများ စသည်ဖြင့် ဆန္ဒပြပွဲ အမျိုးမျိုးကို မကြာခဏတွေ့နေရသည်။ ထိုကဲ့သို့ ဆန္ဒပြခြင်းကြောင့် အိန္ဒိယအစိုးရသည် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ တားဆီးခြင်း၊ ရိုက်နပ်ခြင်း မပြုတဲ့အပြင် တွေ့ဆုံ ဆွေးနွေးကာ ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနေသည်။ အိန္ဒိယအစိုးရ၏ ချစ်စရာကောင်းသော အပြုအမူပင်ဖြစ်ပါသည်။

သီတဂူစတား
၂၀-၁-၂၀၁၀

19 January 2010

ဓမ္မဆေးတော်







သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပအပ်သော အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များ ညီလာခံအမှတ်တရများ၊ နိုင်ငံ ၃၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၅)
ခုဇ္ဇုတ္တရာ


ဆရာတော် ဦဉေယျ၏ဓမ္မဆေး

ဟို သာယာဝတီ ဆရာတော်ဦးဉေယျ ပြောသလိုပဲ -
''ဘေးပြစ်တာ လေးသစ္စာ မမြင်ကန်းသောကြောင့် ပင်ပန်းသူလူ အချို့မှာ ပူလို့မဆုံး'' သာယာဝတီ ဆရာတော်ကြီး ဦးဉေယျ ရှိတုန်းက ရွှေတောင်မှာ တရားဟော၊ ဘုန်းကြီးတို့ သွားနားထောင် ဒီစာတစ်ပိုဒ်ရထားတာ၊ ယခုအထိ ကျေးဇူးတင်လို့ မပြီးနိုင်ဘူး ဆရာတော်ကြီးကို။

''ဘေးပြစ်တာ လေးသစ္စာ မမြင်ကန်းသောကြောင့် ပင်ပန်းသူ လူအချို့မှာ ပူလို့မဆုံး'' ဘာဖြစ်လို့မဆုံးလဲ။
ပူလို့မဆုံးပါဘုရား။

ဘာဖြစ်လို့ပူလဲ၊ ကိုယ့်အပူနဲ့ကိုယ်ပဲ၊ ဆန်မရှိလဲပူတယ်၊ ဆီမရှိလဲ ပူတယ်၊ ပူပေါ့၊ အိုလို့ပူတယ်၊ နာလို့ပူတယ်၊ ချစ်သူနဲ့မတွဲရလို့ပူတယ်၊ မုန်း တဲ့သူနဲ့တွဲရလို့ပူတယ်၊ ပူစရာတွေအများကြီးပဲ ဟုတ်လား။
''ဘေးပြစ်တာ လေးသစ္စာ မမြင်ကန်းသောကြောင့် ပင်ပန်းသူလူ အချို့မှာ ပူလို့မဆုံး၊ သနားလေသနော်'' ဆရာတော်ကြီးရေးထားတာ ဘုန်းကြီးတို့ မရေးတတ်ပါဘူး၊ သနားလေသနော် တရာအရည်ဖျော်လို့ တစ်ခွန်းခေါ် ဇွန်းကော်လို့ တိုက်ချင်လ'' အံမယ် သနားစရာကောင်းလွန်းလို့ ဟောဒီလူတွေက တစ်ခွန်းစွန်းခေါ်တဲ့ အခြေအနေရောက်ကုန်ပြီတဲ့၊ အဲတာ ဇွန်းနဲ့ ကော်ပြီးတော့ တရားကိုအရည် ဖျော်တိုက်ချင်တယ် ဆရာတော်ကြီးက။

တစ်ခွန်းခေါ်ဆိုတာ သိလား၊ မေးခိုင်လို့နော်၊ သွားဖြဲလို့မရတော့ ဘူး သေပေါက်ဝကပ်နေတယ်၊ အဲတာ ဆေးဘယ်လိုမှတိုက်လို့မဖြစ်တော့ ဘူးတဲ့။ အမေ ဟဲ့ဆိုပြီး တစ်ခွန်းပဲခေါ်နိုင်တယ်၊ နောက်မခေါ်နိုင်တော့ ဘူး၊ အဲဒီလောက်အခြေအနေဆိုးရောက်နေတဲ့လူတွေကို ဆရာတော်ကြီးက အမလေး ပါးစပ်ဖြဲပြီးတော့ တရားအရည်ဖျော်ပြီး ငါတိုက်လိုက်ချင်တယ် ကွာဆိုပြီးတော့ ဒီစာရေးထားတာ။

''တစ်ခွန်းခေါ် ဇွန်းကော်လို့ တိုက်ချင်လ မလိမ္မာ သူနာမိုက်ကယ် တို့'' အဲဒီလူမမာက အဲဒီအခြေအနေ ရောက်နေတော့ တရားရေအေးအမြိုက် ဆေးဆိုတာကို အဲဒီလူသောက်သလားဆိုတော့ သွားကစိထားတယ်၊ တိုက်လို့မရဘူး၊ အဲဒါနဲ့ ဆရာတော်ကြီးက စိတ်ပျက် လက်လျော့ပြီးတော့ကွာ ဒီလူတွေ မေးခိုင်တယ်၊ သွားတွေကစိနေတော့ တရားရေအေး အမြိုက်ဆေး တိုက်ကျွေးအလကား သူတို့အော်နေတာ တိုက်လို့မရပါဘူး။

''ကဲ မျှောလိုက်ကြနေအုံး မျှောက်လိုက်ကြနေအုံး'' ဆိုပြီး ဆရာတော်ကြီးက အဲဒါနဲ့အဆုံးသတ်ထားတယ်။ ဆရာတော်ဦးဉေယျ သာယာဝတီဆရာတော်တဲ့၊ ဘယ်တော့မှပလ္လင်နဲ့ ထိုင်မဟောဘူး၊ မတ်တတ် လမ်းလျှောက်ဟောတယ်၊ အဲဒါကြောင့် အားလုံးပဲ ဟုတ်လား မြတ်ဗုဒ္ဓရဲ့သာသနာမှာ လူ့ဘဝရကြတဲ့ ဒီဒကာ ဒကာမတွေ ဘုန်းကြီးတို့တစ်တွေ အပါအ ဝင်တဲ့အနှစ်တစ်ရာအတွင်းမှာ အားလုံးပရိသတ်ရေ ဘဝတစ်ခုနိဂုံးချုပ်ဖို့ က သေချာသလောက်ရှိတယ် မဟုတ်လား။
မှန်ပါ့ဘုရား။

အေး ရာကျော်ဆိုတာ ယခု စပါးတောင်မရှိတော့ဘူး၊ ရာကျော်ဆိုတာ စပါးတောင်မရှိတော့ဘူး သွားပြီ မဟုတ်လား၊ လူရာကျော် တော်တော်ရှားတယ်နော်။ အဲဒါကြောင့် မရပ်မနားလုပ်နိုင်မှ၊ ကြာကြာလုပ်နိုင်မှ၊ အကုန်လုံးသိမ်းကြုံးလုပ်နိုင်မှ ဟုတ်လား။ ရိုရိုသေသေလုပ်၊ ပျော်ပျော်ပါးပါးလုပ်၊ ဒီလောက်လုပ်နိုင်မှ တော်ရုံကျတယ်၊ အဲဒါ အိပ်လိုက် စားလိုက် အနားယူလိုက်၊ အပန်းဖြေလိုက် အတင်းအဖျင်းထိုင်ပြောလိုက် တီဗွီကြည့်လိုက် လက်ဘက်ရည်ဆိုင်ထိုင်လိုက် ဘာမှဖြစ်လာမှာမဟုတ်ဘူး။

ဒါတိုင်းပြည်အတွက်လည်း မဖြစ်ဘူး၊ ကိုယ့်အတွက်လည်းမဖြစ်ဘူး၊ သာသနာတော်အတွက်လည်း ဘာမှဖြစ်မှာမဟုတ်ဘူး၊ အဲဒါ အချိန်ကို အချည်းအနှီးဖျက်ဆီးနေတဲ့ လူတွေကများကုန်ပြီတဲ့။ အဲဒါကြောင့် ကမ္ဘာမှာ အောက်တန်းကျတာဟာ အဲဒါ အလုပ်မလုပ်ခြင်းဟာလည်း အကြောင်းတစ်ပါးပဲ။

မေတ္တာဧတဒဂ်ပိုင်ရှင် သာမာဝတီ၏ မွေးဌာန
နောက် သာမာဝတီနဲ့ ခုဇ္ဇုတ္တရာတို့က ကမ္ဘာတစ်သိန်းကာလ မရပ်မနား ကျင့်ကြံအားထုတ်၍လာခဲ့ကြတာ ဂေါတမဘုရား သာသနာတော် ဟောဒီကောသမ္ဗီမှာ ဘုရားကိုးဝါမြောက် ဝါကပ်တော့ မြတ်စွားဘုရားနဲ့ လာတွေ့ကြတယ်။
သာမာဝတီဆိုတာ တကယ်တော့ ကောသမ္ဗီမြို့သူတော့ မဟုတ်ဘူ့း ပရိသတ်ရေ ဘဒ္ဒိယမြို့သူ၊ ဘဒ္ဒိယမြို့ကသူဋ္ဌေးသမီး၊ မြို့မှာ ကပ်ရောဂါ အကြီးအကျယ် ကူးစက်ရောဂါကြီးဖြစ်တော့ ရရာပစ္စည်းယူပြီးတော့ သားအမိ သားအဖသုံးယောက် ထွက်ပြေးတာ၊ ကောသမ္ဗီမှာတို့သူငယ်ချင်း ချစ်သူငယ်ချင်းဃောသက သူဋ္ဌေးရှိတယ်ဆိုပြီးတော့ ထွက်ပြေးတာ၊ မြို့မရောက်ခင်မှာပဲ မိဘနှစ်ပါးကွယ်လွန်သွားတော့ ဃောသကသူဋ္ဌေးက သတင်းကြားပြီးတော့ သြော် ငါရဲ့စီးပွားဖက် သူငယ်ချင်းရဲ့သမီးလေး မိမဲ့ ဖမဲ့ဖြစ်ရှာပြီဆိုပြီးတော့ အဲဒါမွေးစားထားတာ။

ဒါနဲ့ ဘဒ္ဒိယမြို့က သာမာဝတီသည် ဘာဖြစ်လဲ၊ ကောသမ္ဗီက ဃောသကသူဋ္ဌေးရဲ့ မွေးစားတဲ့သမီးတဲ့၊ ဒါချုံးပြီးတော့ပြော၊ အဲဒီလိုဖြစ်လာ၊ ခုနက သူဋ္ဌေးသုံးယောက် မြတ်စွာဘုရားကိုယ်တော်မြတ်ရှိရာ သာဝတ္ထိသွား တရားနာ၊ ပြောပြီးပြီ၊ ပရိသတ်ရေ မေ့သွားမယ်၊ ပြန်စပ်ထား၊ မြတ်စွာဘုရား ကျေးဇူးတင်ဖို့ ကောင်းလိုက်တာ၊ ဘာဖြစ်လို့ကျေးဇူးတင်၊ အဆုံးမမြင်တဲ့ သံသရာကို ကန့်သတ်ပေးလိုက်ပြီ။ တို့သံသရာ ဘယ်လောက်ပဲကြာတော့ အဲဒီသူဋ္ဌေးသုံးယောက် သောတာပန်သံသရာ ဘယ်လောက်ကြာမလဲ၊ ကမ္ဘာ သုံးသောင်းနဲ့တစ်ထောင် ဟုတ်လား။
မှန်ပါ့ဘုရား။

အဲဒါကြောင့် သံသရာကို ဒီလိုတိုအောင် ကန့်သတ်ပေးတဲ့ဘုရားဟဲ့ ဆိုပြီးတော့ ကျေးဇူးတွေတင်ပြီးတော့ ရှိတဲ့ပစ္စည်းကုန်သွန်ပြီးတော့ ကောသမ္ဗီမှာ ကျောင်းတိုက်ကြီးတွေ တည်ဆောက်ကြတာ၊ အဲဒီတော့ ကျောင်းဆောက်တယ် ကျောင်းဆောက်တယ်ဆိုတဲ့ ကိစ္စနော်၊ သူ့ရည်ရွယ်ချက်နဲ့သူ တွေရှိကြတယ်၊ ဒီကနေ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဒီမှာ တည်ထားတဲ့ ဘာတဲ့လဲ မဟာသိမ်တော်ကြီး ပြန်လည်ပြင်ဆင်ပြီးစီး အောင်မြင်တယ်၊ ဘာ ရည်ရွယ်ချက်နဲ့ သိမ်တော်ကြီးကို တည်ဆောက်သလဲ မေးစရာရှိတယ်၊ မေးထားတယ်၊ ကိုယ့်ဟာကိုဖြေ။

ဟောဒီ သူဋ္ဌေးသုံးယောက် ကျောင်းဆောက်တာ ဘာဖြစ်လို့ ဆောက်၊ စကြာမင်းဖြစ်ချင်လို့ မဟုတ်ဘူး၊ အသက်ရှည်ချင်လို့ မဟုတ်ဘူး၊ အနာကင်းချင်လို့ မဟုတ်ဘူး၊ ဘာဖြစ်လို့ဆောက်သလဲ၊ ရှည်လျာစွာသော သံသရာ ဘာလုပ်ပေးလိုက်သလဲ၊ ဒီလောက်ပဲ မင်းတို့သံသရာလည်တော့ကွာ။ သောတာပန်ဆိုတာ ကမ္ဘာသုံးသောင်းတစ်ထောင်၊ ဟာ - Endless the cycle of the continuous of the suffering အဆုံးမမြင် အောင်လည်နေတဲ့ ဒုက္ခစက်ကြီးကို ဒီမှာရပ်တော့ သတ်မှတ်ပေးလိုက်တယ်။ ဒါကိုကျေးဇူးတင်ပြီးတော့ ရှိတဲ့ပစ္စည်းသွန်ချပြီးတော့ ဘာလုပ်သလဲ၊ ကျောင်း ဆောက်တာ၊ သူတို့ဆောက်ပုံကတစ်မျိုး။

ဟောဒီ ခုလူတွေဆောက်ပုံကတော့ တော်တော်တစ်မျိုးပဲ၊ သူအမျိုးနဲ့သူပေါ့လေ၊ အသေးစိပ် မပြောတော့ပါဘူး၊ ကျေးဇူးတွေတင်ပြီးတော့ ဒီလိုဆောက် ဘုရားကိုလျှောက်ခဲ့တယ်၊ ကောသမ္ဗီကိုတစ်ခါတစ်ခေါက်ကြွ ရောက်တော်မူခဲ့ပါဘုရား၊ ဘုရားက ဒေသစာရီလှည့်လည်ပြီးတော့ ကြွသွားတာ၊ ကိုးဝါမှာ ကောသမ္ဗီရောက်ပြီ၊ ဘယ်သူတွေလဲ၊ ကျောင်းဒကာကြီးတွေက၊ အဲဒါသွားရော၊ ထူးချွန်ဘွဲ့တော့အဝေးကြီးပဲ၊ ဟုတ်လား၊ ကျောင်းဒကာ နာမည်တောင်မမှတ်မိဘူးလို့ဆိုရင် ထူးချွန်ဘွဲ့ရဖို့တော့ မမြင်တော့ဘူး။

အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၆)ကို ဆက်ပါဦးမည်
သီတဂူစတား
၁၉-၁-၂၀၁၀

17 January 2010

သီတဂူဆရာတော်သြ၀ါဒ အပိုင်း(၄)





ဤပုံများသည် သီတဂူဆရာတော်ကြီး ၏ နာဂစ် Ministry များဖြစ်သည် ရွှံ့တွေ ဗွတ်တွေနှင့် လမ်းခရီးက ကြမ်းထမ်းပေမဲ့ ပန်းသမျှကို ပင်ပန်းနွမ်းနယ်နေတဲ့ လူသားတွေရဲ့ မျက်နှာမြင်လိုက်ရတော့ မေတ္တာစိတ် ကရုဏာစိတ်တွေက အနိုင်ယူခဲ့ပါတယ်။

သီတဂူဆရာတော်သြ၀ါဒ
(ပူနေးကျောင်းသားများ)


(1)
စဏ္ဍာသောကမှ ဓမ္မာသောက

ငါ ဘာပြောလဲဆိုတော့ တစ်ခါတရံ တချို့လူတွေသည် ပညာတော့တက်ပါတယ် ဒါပေမဲ့ ကိုယ်ကျင့်သီလ မရှိဘူး၊ တချို့ကြပြန်တော့လည်း ကိုယ်ကျင့်သီလရှိပေမဲ့ ပညာမဲ့နေတယ်။ မင်းတို့တစ်တွေကတော့ နှစ်မျိုးလုံးရှိနေရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ခုလုံးဟာ သာသနာပြုတာဝန် နှစ်ရပ်ထမ်းဆောင်နိုင်ဘို့ရန် အရေးကြီးသည့် မင်းတို့အတွက် အရင်းအနှီးပဲ။
ယနေ့ခေတ်မှာတော့ အိန္ဒိယနိုင်ငံမှာ ဂျိန်းဘုန်းကြီးတွေ အနည်းငယ်မျှသာ ကျန်တော့သည်။ အသောမင်းကြီးအကြောင်းကို ဆက်ပြောဦးမယ်။ အသောက မင်းကြီးသည် သူ၏ဖခမည်းတော် နတ်ရွာစံပြီးနောက်ပိုင်း သူ၏ ၉၉ ယောက်သော ညီအစ်ကိုများ အပါဝင် များစွာသော လူတွေကို သတ်ဖျက်သုတ်သင်ခဲ့သည်. သူ၏ဖခမည်းတော်သည် မိဖုရားတစ်ရာကျော်ကို မိဖုရားအဖြစ်တင်မြောက်ခဲ့သည်အတွက် သူ့မှာ ညီအစ်ကို ၉၉ ယောက်ရှိခဲ့သည်။ အသောကမင်းသည် အဲဒီ ညီအစ်ကိုအားလုံးကို သုတ်သင်ပစ်လိုက်သည်။ ဒါ့ကြောင့် သူကို ရက်စက်ကြမ်းကြုတ်သောမင်း (စဏ္ဍာသောက) ဟုခေါ်သည်၊ သာရတ္တဒီပနီဋီကာ၌ တွေ့နိုင်ပါသည်။ ဒါပေမဲ့ ယခုအခါမှာတော့ သူဟာ ဓမ္မာသောက၊ သိရီဓမ္မာသောက ဟူ၍ ဂုဏ်ပြုလာကြသည်။ ရက်စက်သောမင်း (စဏ္ဍာသောက)မှ သူတော်ကောင်း မင်း (ဓမ္မာသောက)အဖြစ်သို့ ဘယ်လိုပြောင်းလဲလာတယ်ဆိုရင်။ Missionary သည် ကြမ်းတမ်းရက်စက်ခြင်းမှာ သိမ်မွေ့နုညံ့ပျော့ပြောင်းအောင် ပြောင်းလွဲနိုင်တဲ့ အလွန်အရေပါသည့် စွမ်းအင်တစ်ခုဖြစ်ပါသည်။ သူ၏သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်၊ အသောကမင်းကြီး၏တူတော်သူ အသက် ၇နှစ်မျှသာရှိသေးသော နိဂြောဓကိုရင် ရဟန္တာအရှင်မြတ်သည် နံနက် နေထွက်စပြုအချိန် ဘုရင်ကြီး၏နန်းတော်ရှေ့က ဖြတ်သွားစဉ် ရှင်ဘုရင်ကြီးကလည်း ပြတင်းပေါက်ဖွင့်ပြီးကြည့်လိုက်စဉ် ဘုရင်ကြီး၏ နှလုံးသားမှာ ရှေးက မတွေ့ထိဘူး မကြားဘူး မခံစားဘူးသေးသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဘုရင်ကြီးသည် များစွာသော ပဒေသရာဇ်မင်း၊ ဆွေးတော်မျိုးတော်များနှင့် ညီအစ်ကိုများနှင့် သူ့ကိုဆန့်ကျင်သူအားလုံးကို သတ်ဖျက်ခဲ့သည့်အပြင် ဂျိန်းဘုန်းကြီးတွေကိုလည်း နေ့စဉ် ရှိခိုးနေခဲ့ရသည့် အတွက်ကြောင့် များစွာနောင်တ ပူပန်နေရပါသည်။
So, what I mean? Sometimes some people, they have only wisdom but they don't have character. Some people have only character but they don't have wisdom. You must have the both character and wisdom. These are your investments to do two tasks and duties Missionary and Ministry.
Now a day, how many Jain Monks priests exist in India? Very a few remain. I want to continue King Empire Asoka. After his father death, he killed many human beings as well as his 99 brothers because of his father who got marriage over hundred queens. Therefore he has 99 brothers and killed all. He is cruel King (candasoka). You must read about him Sarattadipanitika) but now a day he becomes Dhammasoka, Siridhammasoaka. How become Candasoka (Cruel King) to Dhammasoka (Honorable King)?
Missionary is very powerful to convert from Candasoka (Cruel King) to become Dhammasoka. You know in history, in the morning his nephew, seven year ages, Samanera Niroja Arhan going through the in front of palace of King Empire, the King Empire Asoka felt unheard in his heart before because he has killed many Padesarajas, many relatives, many opposites people and he have worshiped Jain Monks. Therefore he felt sad.

အသောကနှင့် ဂျိန်းဘုန်းကြီးများ
(2)
မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်းမှာ အိန္ဒိယပြည်ကြီးတွင် သိန်းပေါင်းများစွာသော ရဟန္တာအရှင်မြတ်များ ရှိခဲ့သေးပေမဲ့ ဖူးမျော်ခွင့်မရခဲ့သောကြောင့်လည်း မင်းကြီး စိတ်မကောင်း ဖြစ်ခဲ့ရသည်။ ကိုရင်လေးရဲ တည်ငြိမ်တဲ့အသွင်အပြင်ကို မြင်လိုက်ရသည့်အချိန်မှာတော့ ထူးဆန်းစွာခံစားရသည်၊ များစွာသော ပြည်သူတွေကို သတ်ဖျတ်ခဲ့ခြင်းကြောင့်လည်း နောင်တ ပူဆွေးမှုများဖြစ်ခဲ့ရသည်။ ပြတင်းပေါက်မှ မြင်တွေ့လိုက်ရသော ကိုရင်လေး၏ တည်ငြိမ်းပြတ်သားသော အသွင်ကို ဖူးမြင်လိုက်ရသော မင်းကြီး၏စိတ်နှစ်လုံး အေးချမ်းပြီး တည်ငြိမ်မှုလည်း ဖြစ်ပေါ်လာခဲ့သည်။ ကိုရင်လေးကို ရွှေနန်းတော်သို့ ပင့်ဖိတ်ပြီး လျှောက်ထားလေသည်။ ရွှေနန်းတော်အတွင်း ကုလားထိုင်း ပလ္လင် စသည်တို့ဖြင့် နေရာမျိုးစုံ ပြင်ဆင်ထားပြီးဖြစ်ပါတယ် အရှင်ဘုရားနှင့် သင့်တော်သော နေရာကို ရွေးပြီး သတင်းသုံးရန် လျှောက်ထားလေသည်။ ကိုရင်လေးကို ရွှေနန်းတော်အတွင်း မပင့်မီကာလာမှာ အသောကမင်းကြီးသည် ဂျိန်းဘုန်းကြီးများစွာကို ပင့်ဖိတ်ခဲ့ဖူးသည်။ မင်းကြီးသည် ထိုနည်းတူစွာ ဂျိန်းဘုန်းကြီးများကိုလည်း လျှောက်ထားခဲ့ဖူးသည်၊ ရွှေနန်းတော်အတွင်းမှာ စားပွဲ ကုလားထိုင်နှင့် ပလ္လင်စသည့် နေရာထိုင်ခင်းအမျိုး ပြင်ဆင်ထားပြီးဖြစ်ကြောင်း အရှင်မြတ်များနှင့် သင့်တော်မည့် နေရာများကို ရွေးပြီး သတင်းကြပါရန် လျှောက်ထားသောအခါ။ ဂျိန်းဘုန်းကြီးတွေ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ဒို့ ဘယ်နေရာထိုင်ကြမလဲ၊ မင်းကော ဘယ်မှာထိုင်မလဲ ဆွေးနွေးကြလေသည်။ နောက်ဆုံး သူတို့အားလုံး နန်းတော်အပြင်ဘက်ထွက်ပြီး မြေကြီးပေါ်မှာပဲ ထိုင်ကြလေသည်။ သူတို့အားလုံး အလွန်ခမ်းနားထယ်ဝါသော ကုလားထိုင် ကော်ဇော်ကြီးတွေအပေါ် ထိုင်ရမှာ ကြောက်ရွံ့နေကြလေသည်။ အကြောင်းကတော့ သူတို့အားလုံးသည် လုံးဝ အ၀တ်အစား ၀တ်မထားပဲ မိမွေးတိုင်းဖမွေးတိုင်းပင် လာကြသည့်အပြင် ရေလည်းမချိုးကြသည့်အတွက် အလွန်ညစ်ပတ်နေကြသည်။ ဒါကြောင့် သူတို့တတွေသည် သူတို့နှင့် သင့်တော်သော မြေကြီးပေါ်ကို နေရာယူဘို့ သူတို့ကိုယ်တိုင်ပဲ ရွေးချယ်ကြလေသည်။
ထိုအချိန်မှာတော့ အသောကမင်းကြီးသည် ဒီဂျိန်းဘုန်းကြီးတွေ သန္တာန်မှာ ဘာတရားအနှစ်မှ မရှိကြောင်းကို စမ်းသပ် တွေ့ရှိ နားလည်လိုက်သည်။
After death of the Buddha, over millions of Arahantas exited in India but the King has no chance to worship Arahantas, he was so sad. Looking through the window he saw the Arhanta Samanera. As soon as he saw the Arahanta Samanera, he felt his in heart. When he saw Aranta Niroja Samaneara, his mind became peaceful and love also. And then he invited Samanera. When Samanera arrived at the Palace, the King asked him that you must choose your proper place. I prepared many places in my royal palace. Oh! Wonderful place! Before Samanera, the King invited Jain monks. Hey! I prepared many places for you in my royal palace. You must choose your proper place. All Jain monks are naked, never took shower and very dirty. They discussed where we want to sit and where you want to sit. Please choose where you want to sit but there were afraid to sit on the carpet in Royal Palace because they were totally naked, dirty and never tool shower. At the time, went out of palace and sat down on the ground. This place was proper for them.
At the time the King traced and tasted and understood that they don't have any essence of the light of dhamma in their heart because they were afraid to sit on the carpet in Royal Palace. In the Palace, there were many chairs and throne and so on.

မှတ်ချက်။ ။ Missionary နှင့် Ministry သာသာပြုနည်းနှစ်ရပ်ကို ပေါ်လွင်စေရန် သီတဂူဆရာတော်ကြီး၏ နာဂစ် ကယ်ဆယ်ရေးပုံရိပ်ဖြင့် ဖော်ပြလိုက်ပါသည်။

သီတဂူဆရာတော်သြ၀ါဒ အပိုင်း(၅)ဆက်ပါဦးမည်။
သီတဂူစတား
၁၇-၁-၂၀၁၀

14 January 2010

ထူးချွန်သူတို့၏ကျင့်စဉ်



အမျိုးသမီးစွမ်းဆောင်ရှင်(အပိုင်း-၄)
ခုဇ္ဇုတ္တရာ


ထူးချွန်သူတို့၏ကျင့်စဉ်
အလုပ်မလုပ်တဲ့ လူတွေကိုပြောတာ။ အဲဒါကြောင့်
(၁) အလုပ်လုပ်ရင် ကြာကြာလုပ်။
(၂) မရပ်မနားလုပ်
ဘုရားအလောင်းခြောက်နှစ် ဒုက္ကရစရိယကျင့်တာ အနားယူ အပန်းဖြေတာ တစ်ခါမှမရှိဘူး၊ Vacation တွေ၊ ဘာတွေ Holiday တွေမရှိဘူး။ ဘုရားလေးဆယ့်ငါးနှစ်ပတ်လုံး ဟုတ်လား၊ အသက်ရှည် မရပ်မနားဟော တဲ့တရားပွဲတွေမှာလည်း လေးဆယ့်ငါးနှစ် ဘုရား သက်တော်ရှည်တယ်၊ မဟုတ်လား၊ ဝါတော် ဘုရားဖြစ်ပြီး လေးဆယ့်ငါးဝါ အနားယူ အပန်းဖြေ ပြီးတော့ ငပလီသွားတာ၊ ဘာညာမရှိပါဘူး၊ ဟုတ်လား။
မှန်ပါ့ဘုရား။
အေး အဲဒါကြောင့် ပရိသတ်ကြီး မရပ်မနားလုပ်နိုင်မှ တော်ရုံကျတယ်၊ အနားယူ အပန်းဖြေပြီးလုပ်နေလို့ကတော့ မဖြစ်ဘူး။ နောက်နံပါတ် (၃)က အလုပ်လုပ်စရာက ဘာလဲဆိုတော့ ''နိရာဝသေသဘာဝနာ'' နိရာဝသေသဆိုတဲ့အဓိပ္ပါယ်က ကောင်းတာမှန်သမျှ အကုန်လုပ်၊ ဘာပါဘဲ။
ကောင်းတာမှန်သမျှ အကုန်လုပ်ပါဘုရား။

ဥပမာ ယောဂီတရားအားထုတ်တယ်၊ တရားအားထုတ်တယ်ဆိုတဲ့ ဝိပဿနာတရားဟာ အလုပ်တကာအလုပ်ထဲ အကောင်းဆုံးအလုပ်ပဲ၊ တချို့ယောဂီက တို့တရားအားထုတ်နေတာကွ၊ ဘုရားမီးမထွန်းနိုင်ဘူး၊ ရေ မကပ်နိုင်ဘူး၊ မအားဘူးတဲ့၊ ဘုရားမီးထွန်း ရေကပ်ပစ်ထားတာနော်၊ အဲဒီလိုမဟုတ်ဘူး၊ ကောင်းတာမှန်သမျှ အကုန်လုပ်ရမယ်၊ တံမြက်လှည်း၊ သောက် ရေကပ်၊ သုံးရေခပ်၊ အိမ်သာရေဆေး၊ ဘုရားဆီမီးထွန်း၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ ပရိတ်ရွတ် ဘာမှမကျန်နဲ့၊ အဲဒီလိုကောင်းတာတွေစုံတော့ ဟို အဓိက ကောင်းမှုဟာ အခြံအရံတွေရလို့ သူကတက်သွားတာ၊ တစ်ခုတည်းစွပ်လုပ်လို့ တက်တာမဟုတ်ဘူးနော်။

အဲဒါကြောင့် နံပါတ်(၃)က ကောင်းမှုဆိုရင် အကြွင်းမရှိအကုန် လုပ်တဲ့။ နောက်ဆုံနံပါတ်(၄)က ဘာလဲဆိုတော့ ''သက္ကစ္စဘာဝနာ'' ဘာပြောသလဲ။
သက္ကစ္စဘာဝနာပါဘုရား။
ရိုရိုသေသေ လေးလေးစားစားလုပ်တဲ့၊ ကိုယ်လုပ်တဲ့အလုပ်ကို ပေါ့ပေါ့တန်တန်မလုပ်လိုက်ကြနဲ့။ နံပါတ်(၅)ကျတော့ ''အဘိရတိဘာဝနာ'' ပျော်ပျော်ပါးပါးလုပ်။ နည်းဘယ်နှစ်ပါးလဲ။
ငါးပါးပါဘုရား။
(၁) မရပ်မနားလုပ်။
(၂) ကြာကြာလုပ်။
(၃) ကောင်းတာအကုန်လုပ်။
(၄) ရိုရိုသေသေလုပ်။ ပြီးတော့
(၅) ပျော်ပျော်ပါးပါးလုပ်ကြ။ ဟုတ်လား
မှန်ပါ့ဘုရား။
အေး အဲဒီနည်းငါးပါးကို ထူးချွန်ပြောင်မြောက်တဲ့ပုဂ္ဂိုလ်တွေ လုပ်တဲ့နည်းငါးပါးခေါ်တယ်။ အဲဒါကိုအသေးစိတ် ပရိသတ်ရေ သင်တန်း တစ်ရပ်အနေနဲ့ ပို့ချမယ်ဆိုရင် အလွန်ကောင်း။ ခေါင်းဆောင်တို့ကျင့်စဉ်ဆို ပြီးတော့ ဘုန်းကြီးတို့ ခပ်ငယ်ငယ်သံဃာ့တက္ကသိုလ်တုန်းက ဆရာဦးဖေအောင်နဲ့ ဆရာ ဦးလှမောင်တို့၊ ဆရာတော်ကြီး အရှင်သေဋ္ဌိလတို့ပို့ချတာ သင်ခဲ့ရဖူးတယ်။

နောက်ကျတော့မှ အဲဒီစာလုံးတွေက စရိယာပိဋကပါဠိတော်ကြီးထဲမှာ ဘုရားလောင်းကျင့်တဲ့ကျင့်စဉ်တွေပဲဆိုတာ စာကိုသေချာဖတ်မှ နောက်ကျမှပြန်တွေ့ရတယ်၊ ခေါင်းဆောင်တို့ကျင့်စဉ်ဆိုတာ ဒါမျိုးတွေ။ အဲဒီတော့ သာမာဝတီတို့ ခုဇ္ဇုတ္တရာတို့ ဒီလိုထူးချွန်တဲ့ဘွဲ့တွေရ၊ သာသနာ တော်မှာ ထိပ်တန်းရောက်အောင် သူတို့လုပ်ခဲ့တာ ကမ္ဘာတစ်သိန်း၊ ဘယ် လောက်လဲ။
ကမ္ဘာတစ်သိန်းပါဘုရား။
အေး ဂေါတမဘုရားလက်ထက်မှာ လာပြီးတော့ ပြည့်စုံကြတယ်တဲ့ တွဲဖက်ညီတဲ့ မိန်းမနှစ်ယောက်၊ ဒီတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ဝါတော်ကို ပရိသတ်ကြီးပြော။
ကိုးဝါရ ပါဘုရား။
ကိုးဝါအရ ကောသမ္ဗီမှာဝါဆိုတယ်၊ အဲဒီအချိန်မှာ ဒီအမျိုးသမီး တွေရဲ့ထူးချွန်ပြောင်မြောက်မှုတွေဟာ ဘုရားရှေ့မှောက်မှာဖြစ်သွားတယ်။

သူဋ္ဌေးသုံးယောက်၏သတင်းစကား
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် သာဝတ္ထိပြည်ဇေတဝန်ကျောင်းမှာ နေနေတုန်း၊ အဲဒီကောသမ္ဗီပြည်ကနေ သူဋ္ဌေးသုံးယောက်က သတင်းကြားတယ်၊ ဘုရားပွင့်ပြီ။ သူဋ္ဌေးသုံးယောက် ဃောသကသူဋ္ဌေး၊ ကုက္ကုဋသူဋ္ဌေး၊ ပါဝါရိကသူဋ္ဌေး၊ အဲဒီသူဋ္ဌေးသုံးယောက်သတင်းကြားတော့ သာဝတ္ထိ သွားပြီးတော့ သူတို့ဘုရားဖူးပြီး တရားနာကြတယ်၊ သုံးယောက်စလုံး သော တာပန်တည်ပြီးတော့ ပြန်လာတယ်၊ မြတ်စွာဘုရား ကျေးဇူးတင်ဖို့ကောင်းလိုက်တာတဲ့။
သူတို့က ဘုရားကိုကျေးဇူးတင်တာ၊ သူတို့တင်ပုံတင်နည်းက ဘာလဲဆိုတော့ အဆုံးမမြင်တဲ့သံသရာကို။ ပရိသတ်ရေ ဘာသံသရာလဲ။
အဆုံးမမြင်တဲ့သံသရာပါဘုရား။
ဘယ်တော့ဆုံးမလဲလို့ ပုထုဇဉ်အနေနဲ့မမြင်နိုင်ဘူး။ အဲဒီအဆုံး မမြင်နိုင်တဲ့သံသရာကို ကန့်သတ်ပေးလိုက်လို့အဆုံးမြင်သွားပြီ၊ သောတာပန်ဆိုတာ လူ့ပြည် နတ်ပြည်ခုနှစ်ကြိမ်၊ နောက်သကဒါဂါမ်ဖြစ်၊ လူ့ပြည် နတ်ပြည်မှာ တစ်ကြိမ်၊ အနာဂါမ်ဖြစ်ပြီးတော့ လူ့ပြည်နတ်ပြည်ပြန်မလာတော့ဘူး၊ သုဒ္ဓဝါသဘုံတက်ပြီးတော့ သုဒ္ဓဝါသငါးဘုံမှာ အစဉ်အတိုင်းတက် အကနိဋ္ဌဘုံရောက် ရဟန္တာဖြစ်လို့နိဗ္ဗာန်စံ။

အဲဒီတော့ သုဒ္ဓဝါသငါးဘုံမှာရှိနေတဲ့ သက်တမ်းတွေကို အကုန် ပေါင်းပြီးတော့ တွက်ကြည့်လိုက်ရင် မှတ်ထား၊ ကမ္ဘာသုံးသောင်းနှင့်တစ်ထောင်၊ ဘုန်းကြီးတို့တွက်ပြီးသားမှတ်၊ ဒီလူတွေတွက်ခိုင်းနေရင် မိုးလင်းတောင်ပြီးမှာမဟုတ်ဘူး၊ ကမ္ဘာဘယ်လောက်လဲ။
သုံးသောင်းနှစ်တစ်ထောင်ပါဘုရား။
သောတာပန်ရဲ့ဘဝသံသရာသည် ဘယ်လောက်ပဲကြာတော့မှာလဲ ကမ္ဘာသုံးသောင်းနှင့်တစ်ထောင်၊ ဟောဒီဇေယျဝတီက ဒကာမတွေရဲ့သံသရာသည် သွားပေအုံးတော့ သွားပေအုံးတော့ ကြာကြာလည်းမလုပ်ချင်ဘူး၊ မရပ်မနားလည်း အားမထုတ်ချင်ဘူး၊ အြ<ွကင်းမရှိလည်း အားမထုတ်ချင်ဘူး၊ ရိုရိုသေသေလည်း အားမထုတ်ချင်ဘူး၊ ပျော်ပျော်ပါးပါးလည်းအား မထုတ်ချင်ဘူးဆိုရင်တော့ သွားပေအုံးတော့ သွားပေအုံးတော့ မြုပ်ကြအုံး၊ မျောကြအုန်းလို့။ (အပိုင်း-၅) မျှော်
သီတဂူစတား
၁၃-၁၂၀၁၀

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes