သီတဂူစတား

သီတဂူစတား

14 July 2011

ဝါဆိုသင်္ကန်း

စာမိတ်ဆက်
မနက်ဖန်ဆို ၀ါဆိုလပြည့်နေ့၊ သဘက်ခါဆို ရဟန်းတော်များ ၀ါကပ်တော်မူကြရတော့မည်။ ၀ါဆိုကာလဆိုတော့ မြန်မာပြည်တစ်ဝှမ်းရော အခြားဗုဒ္ဓဘာသာနိုင်ငံတွေပါ ၀ါဆိုသင်္ကန်းကပ်တဲ့ အလေ့အကျင့် အလွန်ကိုပဲ ပေါ်ပြူလာ ဖြစ်နေပါသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နာမည်ကြီးတက္ကသိုလ်ကြီးတစ်ခုမှာ ပညာသင်နေကြသော စာရေးသူ၏ သူငယ်ချင်း အများအပြား ရောက်လာနေကြပါပြီ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အပြင် ထိုမြို့မှာလဲ မြန်မာမိသားစု အမြောက်အမြား ရှိနေတော့ တစ်ပိုင်တစ်နိုင် ဘာသာရေးပွဲလေးတွေ ရှိနေကြသည်။ ထိုဘာသာရေးပွဲတွေအတွက် သူငယ်ချင်းများက ဟောရပြောရမည်ဖြစ်သည်။ ၀ါဆိုသင်္ကန်းကပ်လေးတွေလဲ တန်းစီနေတယ်တဲ့။ ကြည့်စမ်း စာရေးသူတို့ကို ကြွားနေလိုက်တာ၊ ကြွားနိုင်တာပေါ့ ကုလားပြည်မှာ နေတဲ့သူကို ကြွားနိုင်တာပေါ့။ အခုလောလောဆယ်တော့ သူငယ်ချင်းက အရှင်ဘုရား ၀ါဆိုသင်္ကန်းနှင့်ပတ်သက်တဲ့ ပို့စ်လေး တင်ပါဦးတဲ့။ ဟောရေးပြောရေးအတွက်တော့ မဟုတ်ဘဲ ဗဟုသုတအဖြစ် ပို့စ်ရေးဖို့ စိတ်ကူးဝင်မိသည်။ စာရေးသူလဲ စဉ်းစားလိုက်ဦးမည်၊ အဆင်ပြေရင် ရေးပြီးတင်လိုက်ပါမည်ဟူ၍သာ ပြန်ကြားလိုက်သည်။

အကြောင်းရှာကြံ ကောင်းမှုကံ
စာရေးသူတို့နိုင်ငံမှာ လအလိုက် အလှူအတန်းတွေ၊ ဘာသာရေးပွဲတွေ၊ ကထိန်အချိန် ကထိန်သင်္ကန်း၊ ၀ါဆိုအချိန် ၀ါဆိုသင်္ကန်းစသည်မြင့် အလှူအတန်းတွေကို နာမည်တပ်ပြီး နည်းမျိုးမျိုးနဲ့ ကုသိုလ်ပြုနေကြတာဖြင့် ချစ်စရာကောင်းသည့် သဒ္ဓါတရားပင်ဖြစ်သည်။ ‘‘နာနာအာရမ္မဏံ အာရဗ္ဘ မစ္ဆေ ဒါနံ မလာဘိဘူ’’ ဟု ငယ်ငယ်က ရဖူးတဲ့ စာပိုဒ်ကလေးတစ်ခု ဖြစ်ပါတယ်၊ ဘယ်အထဲပါမှန်းလဲ မသိဘူး၊ ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ ‘‘ကောင်းမှုကုသိုလ်ဆိုတာ အကြောင်းအမျိုးမျိုးရှာကြံပြီး’’ ပြုတတ်ရတယ်တဲ့ ဟုဆိုသည်။ မွေးနေ့ပွဲရောက်တော့ မွေးနေ့အလှူ၊ နာမည်ပေးအလှူ၊ မင်္ဂလာ တစ်နှစ်ပြည့် နှစ်နှစ်ပြည့်အလှူ၊ စာမေးပွဲအောင်လို့ အလှူ စသည်ဖြင့် အကြောင်းရှာကြံပြီး ပြုတတ်ရသည်။
ယခုအချိန်မှာလဲ ၀ါဆိုလဆန်းတစ်ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ၀ါဆိုအလှူအချိန်အခါ ရောက်နေပြီဖြစ်၍ ၀ါဆိုအလှူများ နေရာအနှံ့ပြား ပြုလုပ်နေကြပါသည်။ အထူးသဖြင့် ၀ါဆိုသင်္ကန်းကပ်အလှူများ ကျင်းပကြသည်။

ဝါဆိုသင်္ကန်းအလှူ သမိုင်း
ဝါဆိုသင်္ကန်းကပ်ခြင်းဆိုတဲ့ အလှူဒါနသည် ၀ိသာခါကျောင်းအမကြီးကျေးဇူးကြောင့် ဖြစ်ပေါ်လာခဲ့တာ ဖြစ်သည်။ ထိုအလှူကို လှူသူတိုင်းက ၀ိသာခါ ကျောင်းအမကြီးကို အားကျ အမှတ်ရကြပါလိမ့်မည်။ ၀ိသာခါကျောင်းအမကြီးသည် ထုံစံအတိုင်း သူဆောက်လုပ် လှူဒါန်းထားသော ပုဗ္ဗာရုံကျောင်းကို တစ်နေ့ နှစ်ကြိမ်အနဲဆုံး ရောက်သည်။ ကျောင်းသွားရင်လဲ လက်ဗလာချည်း သွားလေ့သွားထ မရှိ၊ မနက်ပိုင်းသွားရင် မနက်အတွက် ရဟန်းသာမဏေများ ဘုန်းပေးနိုင်တဲ့ အစားအစာများ၊ ညနေပိုင်းသွားရင်လဲ ညနေပိုင်းအတွက် အဖျော်ရည်များ ယူဆောင်သွားလေ့ရှိသည်။ စာထဲမှာတော့ ကျောင်းအမကြီးလာရင် ကိုရင်ငယ်လေးတွေက ကျောင်းအမကြီး လက်ထဲ ဘာပါလဲဆိုတာ ကြည့်ကြသတဲ့၊ ထိုအဖြစ်ကို သိသော အနာထပိဏ်၊ ၀ိသာခါတို့သည် ကျောင်းသွားတိုင်း လက်ဗလာ မသွားဟု ဆိုသည်။
ယခု အကြိမ် ၀ိသာခါကျောင်းသွားတဲ့ အချိန်က ၀ါဆိုလဖြစ်သည်။ ကျောင်းရောက်တော့ ဘုရားနဲ့တွေ့ တရားစကားများ နာယူပြီး နောက်နေ့မနက်အတွက် ဘုရားအမှူးရှိသံဃာများ အိမ်ကို ဆွမ်းစားကြွဖို့ ပင့်ဖိတ်ခဲ့တယ်။
နောက်တစ်နေ့မနက် မိုးလင်းချိန် ကျွန်းကြီးလေးကျွန်းလုံး မိုးအကြီးအကျယ် ရွာသွန်းချလေတော့သည်။ ဘုရားခွင့်ပြုချက်အရ ရဟန်းတော်တွေ သင်္ကန်း (ရေစနုပ်)မပါဘဲ ရေချိုးနေချိန် ၀ိသာခါ၏ တပည့်မ တစ်ယောက် ဆွမ်းစားချိန်ရောက်၍ ကျောင်းကို ရဟန်းတွေလာပင့်တော့ ရဟန်းတစ်ပါးမှ မတွေ့ဘူး အ၀တ်မပါ တက္ကဒွန်းတွေပဲ တွေ့ခဲ့တယ်ဆိုပြီး ပြန်လာ၊ ၀ိသာခါသည် အသိလိမ္မာရှိသူဖြစ်သည်ဖြစ်ရာကား မိုးရွာတုန်း အ၀တ်မပါဘဲ ရေချိုးနေကြသော ရဟန်းတွေပဲဖြစ်မည်ဟု သိသဖြင့် နောက်တစ်ကြိမ် ကျောင်းသို့ သွားပင့်ခိုင်းပြန်၊ ထိုအချိန်မှာတော့ ရဟန်းတော်များ သင်္ကန်းများယူဆောင်ပြီး မိမိတို့ အသကအသက နေရာမှာ သွားပြီး ရေချိုးပြီး စိုရွှဲနေသော ခန္ဓာကို ချောက်သွေ့အောင်လုပ်နေရာသည်။ ကျောင်းမှာ ဘယ်ရဟန်းကိုမှ မတွေ့ရဘဲ ပြန်သွားပြန်သည်၊ ၀ိသာခါသည် ဒီအခြင်းအရာကိုလည်း သိသည်။ နောက်တစ်ကြိမ်ကျောင်းသို့ လွတ်ပြန်သည်၊ ထိုအချိန်မှာတော့ ဆွမ်းစားကြွချိန်တန်ပြီးဖြစ်၍ မြတ်စွာဘုရားက ရဟန်းတော်အားလုံးသင်္ကန်းများ ပြင်ဆင်ပြီး စုရုံးခိုင်းသည်။ ဘုရားရှင်၏ တန်ခိုးဖြင့် ၀ိသာခါအိမ်ပေါက်ရောက်သွားသည့်အခါ ၀ိသာခါ အံ့ကြရပြန်သည်၊ စောစောလေးကမှ မိုးအကြီးအကျယ် ရွာထားသဖြင့် လမ်းတစ်လျှောက်လုံးသည် ခါးလောက် မြုပ်နိုင်လောက်အောင် ရေတွေဖြင့် လွှမ်းနေသည်၊ သို့သော်လည်း ဘုရားရှင်နှင့် ရဟန်းသံဃာအားလုံး သင်္ကန်းများ ရေမစိုသည့် အပြင် ခြေမျက်စိလေးကိုတောင်မှ ရေစိုထားတာ မတွေ့ရ။

ဆု ၈မျိုး
ဘုရားနှင့်ရဟန်းသံဃာများ ဆွမ်းကပ်ပြီး ကျောင်းအမကြီးသည် အရှင်ဘုရားအား တပည့်တော် ဆုလာဘ် ၈ မျိုး သနားချီးမြောက်တော်မူပါဘုရားဟု လျှောက်ထားလေသည်။ အပ်စပ်သောဆုဆို တောင်းစေ ဟု ဘုရားခွင့်ပြုတော်မူသောကြောင့် အောက်ပါဆို ဆု ၈ မျိုးကို တောင်းသည်။ ဘုရားလည်း ခွင့်ပြုသည်။
(၁) အသက်ထက်ဆုံး ရဟန်းတော်များအား ၀ါဆိုသင်္ကန်းလှူခွင့်ပြုရန်
(၂) ကျောင်းသို့ ရောက်လာကြသော အာဂန္တု ဧည့်သည် ရဟန်းတော်များအား ဆွမ်းဟင်းများ လှူခွင့်ပြုရန်
(၃) ခရီးသွား ရဟန်းတော်များအား ဆွမ်းဟင်းများ လှူခွင့်ပြုရန်
(၄) မနာမကျန်းဖြစ်နေသော ရဟန်းကို ပြုစုလုပ်ကျွေးနေသော ပုဂ္ဂိုလ်အား ဆွမ်းဟင်းများ လှူခွင့်ပြုရန်
(၅) မနာမကျန်းသော ရဟန်းအား ဆွမ်းဟင်းများ လှူရန်
(၆) မနာမကျန်းဖြစ်သော ရဟန်းအား ဆေးပစ္စည်းများ လှူရန်
(၇) အမြဲမပြတ် ဆန်ပြုတ် (ယာဂု)ဆွမ်းလှူရန်
(၈) ရဟန်းမ (ဘိက္ခုနီမ)တို့အား ရေသနုပ်လှူရန် တို့ဖြစ်သည်။
တကယ်တော့ ဒီဆု ၈ မျိုးကို သုံးသပ်ကြည့်မယ်ဆိုရင် ၀ိသာခါ ကျောင်းအမကြီးသည် အလှူဒါနပြုဖို့ အကြောင်းအမျိုးမျိုးရှာခြင်းပဲ ဖြစ်သည်။ သဒ္ဓါတရားကြီးသူတိုင်းသည် ဤကဲ့သို့ အကြောင်းရှာ ကောင်းမှုပြုလေ့ရှိသည်။

နံပါတ် (၁) ၀ါဆိုသင်္ကန်းဆိုတာ တကယ်တော့ ၀ါတွင်းကာလမှာ မိုးများတော့ သင်္ကန်းကုန်လွယ်သည်၊ သင်္ကန်းခဏခဏ လျှော်ပြန်ရင်လဲ သင်္ကန်းအရောင်ဖျော့ပြီး ပျက်စီးမြန်မည်၊ ထို့ကြောင့် သင်္ကန်းကို ရေမစိုအောင် ရဟန်းတော်များ ကိုယ်တုံးလုံး ရေချိုးကြသည်။ ထိုအခြင်းအရာကို ဘာသာခြားများသော်၎င်း ရတနာသုံးပါးကို ကြည်ညိုသူများသည်၎င်း အကြည်ညိုပျက်မည်ကို စိုးသဖြင့် နောင် ကိုယ်တုံးလုံး ရေမချိုးဘဲ ရေသနုပ် ၀ဿိကသာဋိက မိုးရေခံသင်္ကန်းကိုအသုံးပြုရန် ရည်ရွယ်၍ လှူခြင်းဖြစ်သည်။ ယနေ့ခေတ်သစ် ၀ါဆိုသင်္ကန်းကတော့ မိုးရေခံသင်္ကန်းမဟုတ်၊ အစုံလိုက် အစုံလိုက်လှူကြသည်။ ဘုရားရှင်ကလဲ သူ့တပည့်များ သင်္ကန်းအတွက် ကြောင်းကြစိုက်စရာ မလိုရအောင် ခွင့်ပြုလိုက်သည်။

နံပါတ် (၂) မှာတော့ ဧည့်သည် ရဟန်းတော်တွေဆိုတာ လမ်းမကျွမ်းကျင်ကြဘူး၊ ဘယ်နေရာ ဘယ်လိုသွားပြီး ဆွမ်းခံစားရမည်ဆိုတာလဲ မသိဘူး၊ ထိုဧည့်သည် ရဟန်းတော်များ မပင်ပန်းရလေအောင် ရည်ရွယ်၍ ဒီလှူခွင့်ဆုကို တောင်းခြင်း ဖြစ်သည်။ မှန်ပါသည်၊ စာရေးသူ ငယ်ငယ်က ရန်ကုန် ခဏလာနေဖူးသည်၊ ရန်ကုန်မြို့ကြီးသည် စာရေးသူတို့ နေသည့် နေရာနှင့်မတူသည့်အတွက် ရောက်ခါစ ရဟန်းတော်များ သာမဏေများ ဆွမ်းရေးအတွက် ခက်ခဲသည်၊ ဘယ်နေရာ ဘယ်လိုသွားပြီး ဆွမ်းခံစားရမလဲဆိုတာ မသိ၊ ဆွမ်းခံအိမ်များ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ဖိတ်နေရသည်မှာလဲ အလွန်ရှက်စရာ။ ထိုကဲ့သို့ စားရေးနှင့်ပတ်သက်ပြီး စိတ်မပင်ပန်းစေရန် ရောက်ခါစနှင့် ဧည့်သည်ရဟန်းများအား သီးသန့်လှူသည့် အလှူမျိုးကို အာဂန္တုကဘတ် ဟု ခေါ်သည်။ ထိုကဲ့သို့ အလှူမျိုးကို လှူနိုင်ဖို့ စဉ်းစားနိုင်သူမှာလည်း အလှူတစ်ခုပြုလုပ်ရန် အကြောင်းရှာနေသော သဒ္ဓါတရားရှိသူတို့သာ တတ်နိုင်ကြသည်။

နံပါတ် (၃) တွင် ခရီးသွားရဟန်းတော်များသည် ကိုယ်သွားမည့် နေရာကို ဆွမ်းစားချိန် အချိန်မီ မရောက်နိုင်ဖြစ်၍ ပင်ပန်းကြလိမ့်မည်၊ ထိုအရေးကို မျှော်၍လည်း ဂမိကဘတ် ခေါ် ခရီးသည် ရဟန်းများလှူသည့် သီးသန့်အလှူကိုလဲ တောင်းဆိုခဲ့သည်။

နံပါတ် (၄) လူနာစောင့်အတွက် ဆွမ်းဟင်းအလှူဖြစ်သည်၊ လူနာစောင့်သည် လူနာအတွက် စောင့်ရှောက်နေရသဖြင့် သူ၏စားချိန်သောက်ချိန် အချိန်မီ ဆွမ်းဟင်းမရလျှင် ပင်ပန်းမည့်အရေးကို တွေး၍ ဂိလာနုပဋ္ဌကဘတ် အလှူကိုလည်း သီးသန့်တောင်းသည်။

နံပါတ် (၅) အလှူတွင်မူ ဂိလာန လူနာသည် သင့်တော်သော အစားအစာ မရလျှင် ရောဂါပိုတိုးမည်၊ ပိုပင်ပန်းမည့် အရေးကို မျှော်တွေး၍ ဂိလာန ရဟန်းများအား သီးသန့်လှူခွင့်ပြုရန်ကိုလဲ တောင်းဆိုခဲ့သည်။ ထို နံပါတ် (၄)နှင့် (၅) ဆုမျိုးကို သီတဂူအာယုဒါန ဆေးရုံက လက်တွေ့ကျကျ အားထုတ်နေသည်။ ထိုဆုမျိုးအားထုတ်လိုသော ၀ိသာခါကျောင်းအမများကို သီတဂူက ကြိုဆိုနေပါသည်။

နံပါတ် (၆) ဆုမှာကား လူနာအတွက် ဆေးပစ္စည်းအလှူပဲ ဖြစ်သည်။ အကယ်၍ လိုအပ်သော ဆေးဝါး မရပါက ထိုလူနာ ရဟန်း ပင်ပန်းမည်၊ ရောဂါ ပိုဆိုးဝါးလာမည်၊ အထိုအဖြစ်ကို တွေး၍ ဂိလာနဘေသဇ္ဇအလှူ ဖြစ်သည်၊ ယနေ့ခေတ် သီတဂူအာယုဒါနဆေးရုံတော်တွင် ၀ိသာခါ ကျောင်းအမကြီး၏ နံပါတ် (၆) ဆုကို အားကျ ကြည်ညိုကြသဖြင့် ၀ိသာခါကျောင်းအမကဲ့သို့သော ဆေးအလှူရှင်များကို များစွာ တွေ့ရပါသည်။ ထိုဝိသာခါကဲ့သို့သော ကျောင်းအမများကို သီတဂူက ကြိုဆိုနေပါသည်။

နံပတ် (၇) အလှူမှာကား ဘုရားရှင်ကား ဆန်ပြုတ်သောက်ခြင်း အကျိုးများကို ဟောထားသဖြင့် ထိုဆန်ပြုတ်သည် ကျန်းမာရေးအတွက် အလွန်ကောင်းသည်ဖြစ်ရကား ရဟန်းသံဃာများ အမြဲမပြတ် ယာဂု (ဆန်ပြုတ်)ဆွမ်းလှူခွင့် ပြုရန်လည်း တောင်းဆိုခဲ့သည်။ သီတဂူအာယုဒါနဆေးရုံတွင် မနက်တိုင်း ဂိလာန လူနာများကို ဆန်ပြုတ် လှူသည်။

နောက်ဆုံး နံပါတ် (၈) ခုမြောက် ဆုမှာကား တစ်နေ့တော့ ဘိက္ခုနီမတွေ ပြည်တန်ဆာတွေနဲ့ အတူ လူသူ မရှိတဲ့ အစိရ၀တီမြစ်မှာ အ၀တ်မပါဘဲ ရေးဆင်းချိုးကြသည်၊ ပြည်တန်ဆာ အမျိုးသမီးတွေက ထိုရဟန်းမများကို လှောင်ပြောင်ကြသည့်အတွက် အရှက်ရကြသည်၊ မျက်နှာမကောင်းဖြစ်ကြသည်၊ အ၀တ်မပါဘဲ ရေချိုးခြင်းသည်ကား အမျိုးသမီးများအတွက် မသင့်တော်ပါ၊ ထိုအရေးများကို သိသော ကျောင်းအမကြီးသည် ဘိက္ခုနီမများအတွက် ရေသနုပ်အလှူကို တောင်းဆိုခြင်းဖြစသည်။

ဤဆု ၈ မျိုးကို စဉ်းစားကြည့်သော် ကျောင်းအမကြီးသည် အလှူတစ်ခု ပြုနိုင်လုပ်ရေးအတွက် ထောင့်စုံကနေ ရဟန်းတော်များ၏ အခက်အခဲကို ရှာဖွေသည်၊ အထိုအခက်အခဲကို ဖြည့်စီးပေးသည်မှာလည်း ကျောင်အမကောင်း တစ်ယောက်ပင်ဖြစ်သည်။ ရဟန်းသံဃာများကို ကိုယ့်သားရဟန်းများဟု သဘောထားကာ မေတ္တာ ကရုဏာ ရှေ့ရှုသော တောင်းဆု ၈မျိုးဖြစ်သည်။ ထိုအချိန်အခါကစပြီး ၀ိသာခါကျောင်းအမ ကျေး၊ဇူးနဲ့ ဒီကနေ့ခေတ် ၀ါဆိုသင်္ကန်းအလှူများ နေရာအနှံ့အပြားမှာ တွေ့မြင်နေကြရသည်။

သင်္ကန်းလှူရကျိုး
သင်္ကန်းလှူရခြင်းကြောင့် သေချာတဲ့ အကျိုးကတော့ ရဟန်းတော်များ သင်္ကန်းအတွက် မပူရ မပင်ပန်းရခြင်းဖြစ်သည့်အတွက် ရဟန်းအလုပ် ချမ်းချမ်းသာသာ လုပ်နိုင်သည်။ ထိုသင်္ကန်းက ထိုအသုံးပြုသော ရဟန်းအား အရှက်ကိုလည်း ကာကွယ်မယ်၊ အချမ်း အပူ လေ နေစတဲ့ ရာသီဥတုဒဏ်ကိုလည်း ဆောင့်ရှောက်မည်၊ မှည့်, ခြင်, ယင်, ပိုးမွှားစသော အန္တရာယ်မှလည်း ကာကွယ်စောင့်ရှောက်သဖြင့် ရဟန်းအလုပ်ကို ချမ်းချမ်းသာသာ လုပ်ခွင့်ရမည်။ လှူတဲ့သူမှာ တန်ပြန်အနေနဲ့ ထိုအကျိုးများရရှိမည်။
သင်္ကန်းလှူခြင်းကြောင့် အသားရေလှပခြင်း၊ ကျန်းမာခြင်း စတဲ့ကုသိုလ်၏ အကျိုးများအပြင် အချိန်အခါအလျောက် လှူခွင့်ရသည့်အတွက် ကာလဒါနဖြစ်သည်၊ ထိုအကျိုးကတော့ လိုတရ ပဲဖြစ်သည်။
အမျိုသမီးများ သင်္ကန်းလှူခြင်းကြောင့် ၀ိသာခါကျောင်းအမကြီးပိုင်ဆိုင်သည့် စိန်ရွှေရတနာပေါင်းစုံ စီခြယ်ထားသည့် ကိုးကုဋေတန် မဟာလတာ မြတ်တံဆာကြီးကိုလဲ ပိုင်ဆိုင်ဦးမည်။ နောက်ဆုံး အာသဝေါကင်းကွာ ရဟန္တာမကြီးဖြစ်မည်။
အမျိုးသားများအတွက်တော့ ဧဟိဘိက္ခုနဲ့ ရဟန္တာ ဖြစ်ခွင့်ရမည်။ ဘုရားလက်ထက်က ပဉ္စ၀ဂ္ဂီတို့ ယသအမျိုးကောင်းသားတို့သည် ရှေးက သင်္ကန်းပရိက္ခရာလှူဒါန်းခဲ့ခြင်းကြောင့် ဘုရားနဲ့တွေ့တော့ သိမ်တွေ ကမ္မ၀ါတွေ ရွတ်ဖတ်ပေးစရာမလိုဘဲ သင်္ကန်းသပိတ် ရှာစရာ မလိုဘဲ ဘုရားက ‘‘ဧဟိ ဘိက္ခ’’ ငါ့ရှင် ရဟန်း လာခဲ့ လို့ ခေါ်လိုက်ရုံနဲ့ အလိုအလျောက် ၀ါတော် ၆၀ ရ မထေရ်ကြီးကဲ့ သပ္ပါယ်တင့်တယ်စွာ ဖူးမျှော်ရသည်။
ဘာဟိယဒါရုစိယ အမျိုးသားသည် ဘုရားနဲ့တွေ့လို့ တရားနားလိုက်ရခြင်းကြောင့် ရဟန္တာဖြစ်သွားပါလျက် သင်္ကန်းပရိက္ခရာ မရှိလို့ ရဟန်းမဖြစ်လိုက်ရ၊ ဘုရားကလဲ သူ့ရဲ့အတိတ်က သင်္ကန်းလှူခဲ့တဲ့ ဒါန မရှိခဲ့တော့ ဧဟိ ဘိက္ခု ခေါ်ခွင့်မရ၍ လမ်းမှာပဲ နွားမခွေ့သတ်လို့ သေရသည်။ ရဟန္တာဖြစ်လျှင် လူဝတ်ကြောင်ဘ၀နဲ့ ရပ်တည်ခွင့်မရ၊ ရဟန်းပြုရင် ပြု မပြုလျှင်တော့ ပရိနိဗ္ဗာန်ပြုရသည်။ ဘာဟိယဒါရုစိယ အမျိုးသားကတော့ ရှေးက၀ဋ်ကြွေးကြောင့် ထိုနေရာမှာပဲ ဘီလူးမ ဟန်ဆောင်သော နွားမခွေ့အသတ်ခံရသည်။ သင်္ကန်းမလှူခဲ့ခြင်းကြောင့် အလွယ်တကူ ရဟန်းဖြစ်ခွင့်မရလိုက်။

ဤသို့အားဖြင့် အလွယ်တကူ ရဟန်းဖြစ်ခွင့် ရဟန္တာဖြစ်ခွင့်များ ရလိုပါလျှင် သင်္ကန်းလှူကြပါလေ---------။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၇-၂၀၁၁

12 July 2011

ရဟန်းနှင့်ဆိုင်ကယ်


စာမိတ်ဆက်
ဒီတစ်ပတ်တော့ အမေး+အဖြေကက္ဌ တစ်ခုကို စာရေးသူ၏ မှတ်စုအဖြစ် မှတ်သားထားလိုက်ပါသည်။ မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်သလို သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေလဲ ဖြစ်ပါတယ်။ သူတွေ့မြင်နေရတာတွေကို ရင်ထဲ သိမ်းဆည်း မထားနိုင်လို့ မေးလိုက်တဲ့ မေးခွန်းတွေဟာ မှတ်သင့်မှတ်ထိုက်တဲ့ မေးခွန်းတွေဖြစ်နေပါတယ်။ ထို့ကြောင့် စာရေးသူ၏ မှတ်စုအဖြစ် မှတ်သားထားခြင်းပဲ ဖြစ်ပါတယ်။ မေးသူက မန္တလေးက အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ သူနဲ့ စာရေးသူတို့ အပြန်အလှန် ဆွေးနွေးထားလေးတွေကို စုစည်းပြီး ပို့စ် အဖြစ်တင်လိုက်ရပါသည်။ အဖြေများ မပြည့်စုံမလုံလောက်သေးပါက ဖြည့်ပြီး နားလည်ပေးစေလိုပါသည်။

အမေးများ+အဖြေများ
ဘုန်းဘုန်း ဆွမ်းဘုန်းပေးနေတာလားဘုရား။ မေးလျှောက်စရာလေးရှိလို့ပါ။ ကားမောင်း၊ ဆိုင်ကယ်စီးတာကော ဘယ်လို အာပတ်သင့်လဲဘုရား။ ချဲဂဏန်းပေး။ ဗေဒင်တွက်တာကော ဘယ်လို အာပတ်လဲဘုရား။ ရဟန္တာလို့ သမုတ်ထားကြတဲ့ ဘုန်းဘုန်းက ကျန်းမာရေးမကောင်းလို့ ကိုရင်ကြိးဘ၀ကို ပြောင်းပြီး ညနေစာစားတယ်လို့ မိန့်တာကိုကော ဘယ်လိုမြင်ရမလဲဘုရား။ ဘုန်းဘုန်း အချိန်ရရင် တရားနာပြိး ဆွေးနွေးချင်ပါတယ်ဘုရား။

သူ၏ မေးခွန်းများစွာထဲက မေးခွန်းအချို့ ဖြစ်ပါတယ်။ မေးခွန်းတွေက ယနေ့ ရဟန်းတော်များ ဗုဒ္ဓဘာသာနိုင်ငံများတွင် ဖြစ်တတ်သည့် မေးခွန်းဖြစ်သည်၊ အထူးသဖြင့် စာရေးသူတို့ နိုင်ငံမှာ အတွေ့များကောင်း ဖြစ်ပါလိမ့်မည်။ သူမြင်နေကျ တွေ့နေကျ ဖြစ်လို့ပဲ ဒီလိုမေးခွန်းတွေကို မေးတယ်လို့ ယူဆရပါတယ်။ ထိုမေးခွန်းက ရဟန်းတော်များ ကား ဆိုင်ကယ် စက်ဘီးများကို ကိုယ်တိုင်မောင်း ကိုယ်တိုင် စီးခြင်းကို ရည်ရွယ်ပြီး မေးခြင်းဖြစ်ပါတယ်။

ဒီတော့ မေးခွန်းတွေကို တစ်ခုချင်းဖြေပေးလိုက်ပါတယ်။ ချက်တင်ကနေ အပြန်အလှန်ဆွေးနွေးရတဲ့ အဖြေများသည်၊ မပြည့်စုံသေးဘူးဟု ယုံကြည်ထားပြီး ဖြစ်ပါသည်၊ သို့သော် သူ အရိပ်အမြွက်လောက် သိသွားရင်ကိုပဲ ၀မ်းသာစရာ ဖြစ်ပါသည်။

ကားမောင်း၊ ဆိုင်ကယ်စီးခြင်း
(၁)အမေး
ကားမောင်း၊ ဆိုင်ကယ်စီးတာကော ဘယ်လို အာပတ်သင့်လဲဘုရား။

အဖြေ
ကားမောင်း၊ ဆိုင်ကယ်စီးတာကော ဘယ်လို အာပတ်သင့်လဲဘုရား ဆိုတာနဲ့ ပတ်သက်ပြီး စဖြေရမှာပေါ့။ ဘုရားလက်ထက်က ကားတို့ ဆိုင်ကယ်စတဲ့ ခေတ်မီ ယာဉ်တွေ မပေါ်သေးလို့ သူနဲ့ပတ်သက်ပြီး တိုက်ရိုက်ပညတ်ထားတဲ့ သိက္ခာပုဒ်တွေ မရှိသေးပါဘူး။ သေခိယသိက္ခာပုဒ်တွေမှာတော့ ရဟန်း ပဲဖြစ်ဖြစ် ကိုရင် သာမဏေပဲ ဖြစ်ဖြစ် လိုက်နာကျင့်သုံးရပါသည်။ ရဟန်းတော်များ ထိုသိက္ခာပုဒ်များကို ကျူးလွန်မိသော ဒုက္ကဋ (ဒုက္ကဋ်) အာပတ်သင့်သည်၊ ကိုရင်သာမဏေများကိုတော့ ဒဏ်ထိုက် ဒဏ်သင့်သည်အတွက် ဒဏ်ပေးခံရမည်။ ထိုသေခိယတွင် အထူးသဖြင့် ၀တ်ပုံ၊ သွားပုံလာပုံ နေပုံ ထိုင်ပုံ၊ စားပုံသောက်ပုံနှင့် ဟောပြောရေးနှင့်ပတ်သက်ပြီး ပညတ်ထားသည့် ယဉ်ကျေးမှုအတွက် အကောင်းဆုံး သိက္ခာပုဒ်များဖြစ်သည့် လူဝတ်ကြောင်တွေပါ လိုက်နာသင့်သည့် ကျင့်ဝတ်များဖြစ်သည်။ ခရစ်ယာန် ဘာသာဝင်များကလဲ ထိုကျင့်ဝတ်တွေကို သူတို့ စည်းကမ်းဥပဒေအဖြစ် ယူ၍ ကျင့်သုံးနေကျသလို ဆစ်ခ် ဘာသာဝင်တွေကလဲ သူတို့ဘာသာတရား၏ ကျင့်ဝတ်များဟု သက်မှတ်ကာ ကျင့်သုံးနေကြသည်။

ဥပမာ- စားရင်း စကားပြောခြင်း၊ ဟင်းရည်ကို တရှုးရူး တရှဲရှဲမြည်အောင် သောက်ခြင်း၊ ပလုပ်ပလောင်းနဲ့ စားခြင်း၊ သွားတဲ့အခါမှာလဲ ခေါင်းရမ်းသွားခြင်း၊ လက်ကို လှုပ်ခပ်ယမ်းသွားခြင်း စတဲ့ ကာယိနြေ္ဒကို ပျက်ပြားစေသည့် သွားပုံ လာပုံ နေပုံထိုင်ပုံတို့ကို မပြုကျင့်ရဟု လူ့ယဉ်ကျေးများ ဖြစ်အောင် ပြုကျင့်သည့် စည်းကမ်းများ ဖြစ်သည်။

ရဟန်းတော်များ ကိုရင်များ ဆိုင်ကယ်စီးသော် သို့မဟုတ် ကားစီးသော် လေးထောင့်ခန့်မျှသာ ရှေ့ကိုကြည့်ရမည့် စက္ခုနြေ္ဒအတွက် စည်းကမ်း၊ လက်ရုံးလက်မောင်းတို့ကို လှုပ်ခါရမ်း၍ မသွားရခြင်း စည်းကမ်း၊ ခန္ဓာကိုယ်ကို ယိမ်းယိုင်၍ မသွားရခြင်းစသော စည်းကမ်းများကို ဘယ်ကဲ့သို့ လိုက်နာနိုင်ပါအံ့နည်း။ ဤကား သိက္ခာပုဒ်များဖြင့် ညှိခြင်းတည်း။

သိက္ခာပုဒ်မဟုတ်သော ကိုယ်ကျင့်တရားပိုင်ဆိုင် သုတ္တန်များအရ- ‘‘အညော မေ အာကပ္ပေါ ကရဏီယောတိ ပဗ္ဗဇ္ဇိတေန အဘိဏှံ ပေစ္စဝေက္ခတဗ္ဗံ’’ ဆိုလိုသည်မှာ ရဟန်းတော်များသည် လူဝတ်ကြောင်များနှင့် တူညီသော အသွင်အပြင် အမူအရာ အကျင့် မရှိဟုပင်ဖြစ်သည်။
ဥပမာ-တစ်ခုပြောပြရလျှင် စာရေးသူ အမရပူရမြို့ မဟာဂန္ဓာရုံမှာနေစဉ်က နေ့လည် ဆွမ်းစားချိန် ရဟန်းတော်တစ်ပါး သင်္ကန်းတော့ ရုံထားပြီး ဆိုင်ကယ်နောက်က ထိုင်လိုက်လာတာကို နာယကချုပ်ဆရာတော် ကိုယ်တိုင်မြင်လိုက်ရသဖြင့် ချက်ချင်းပဲ ကျောင်းတိုက်ကနေ နှင်ထုတ်ပြစ်လိုက်သည်။ ကိုယ်တိုင်မောင်းလာသည်မဟုတ်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်းမှာလဲ ရဟန်းတော်များကို ဆိုင်ကယ် ကိုယ်တိုင်စီးခြင်း နောက်က ထိုင်လိုက်ခြင်းများကို လုံးဝကန့်ကွက်ထားသည်။

စာရေးသူတို့လူငယ်များသည် သင်းပိုင် (အောက်ပိုင်းအ၀တ်) များကို လူဝတ်ကြောင် ပုဆိုးများကဲ့သို့ ကြာကြာဝတ်ခံအောင် လှည့်ဝတ်လို့ ရအောင် ကွင်းကွင်း၍ ၀တ်လေ့ရှိသည်။ ဤကဲ့သို့ ကွင်းကွင်းသင်းပိုင် အောက်ပိုင်းအ၀တ်ကို ထိုစာသင်တိုက်မှာ လုံးဝခွင့်မပြု၊ လူဝတ် ပုဆိုးနှင့်တူသောကြောင့် ဖြစ်သည်။ အံသကိုကိ ကိုယ်ကျပ်အင်္ကျီကိုလည်း လုံးဝ မ၀တ်ရပါ၊ လူဝတ်အကျီနှင့်တူသောကြောင့် ဖြစ်သည်။ အညော မေ အာကပ္ပေါ အရ လက်ခံကျင့်သုံးခြင်းဖြစ်သည်။

အလားတူ ဆိုင်ကယ်စီး စက်ဘီးကိုယ်တိုင်စီးခြင်း ကားကိုယ်တိုင်မောင်းခြင်းတို့သည် လူဝတ်ကြောင်များနှင့် အာကပ္ပ-အသွင်ပြင် တူနေရကား လူဝတ်ကြောင်များ ကဲ့ရဲ့ဖွယ် ဖြစ်သည့်အတွက် လောက၀ဇ္ဇဖြစ်နေသည်။ ထို့ကြောင့် ကားကိုယ်တိုင် မောင်းခြင်းသည် ရဟန်း သာမဏေများအတွက် လုံးဝမသင့်လျော်ပါဟူ၍ ဖြေကြားလိုက်ရပါသည်။

ချဲဂဏန်းပေးခြင်းနှင့် ဗေဒင်ဟောခြင်း

(၂) အမေး
နောက်ပြီး ချဲဂဏန်းပေးခြင်း ဗေဒင်တွက်တာကော ဘယ်လို အာပတ်လဲဘုရား။

အဖြေ

ရဟန်းတော်များ အလုပ်သည် ဂန္ထဓုရ-စာပေ အသိပညာများကို ကိုယ်တိုင်လည်း သင်ယူခြင်း၊ တစ်ပါးသူတို့အားလဲ သင်ပြပေးခြင်၊ ဟောပြောပေးခြင်း၊ သွန်သင် လမ်းပြပေးခြင်းဖြင့် အတ္တဟိတ ပရဟိတ အလုပ်နှင့် ၀ိပဿနာဓုရ- မေတ္တာပို့ခြင်း ဘုရား တရား သံဃာ စသည့် အနုဿတိတရားများကို အာရုံပြုခြင်းဖြင့် သမထဘာဝနာ၊ ရုပ်တရား နာမ်တရားတို့အပေါ် အရှိတရားမြင်အောင် ကြည့်ခြင်းတည်းဟုသော ၀ိပဿနာ အားထုတ်ခြင်းတည်းဟုသော ဓုရ ၂ပါးသာ ဖြစ်သည်။

ချဲဂဏန်းပေးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခြင်းကို အလောင်းကစားဟု သက်မှတ်ထားသဖြင့် အစိုးရသူတို့၏ ဥပဒေနှင့်မကင်း မလွတ်ရကား လောက၀ဇ္ဇ-လောကအပြစ်အပြင် ရဟန်းတော်များ မလုပ်သင့်မလုပ်ထိုက်သော အမှုဖြစ်သည်။ ချဲဂဏန်းပေး၍ အသက်မွေးဝမ်းကြောင်း ပြုခြင်းသည်လည်း မိစ္ဆာဇီဝ, အနေသန ဖြစ်သောကြောင့် ထိုအသက်မွေးဝမ်းကြောင်းသည် ရဟန်းတော်များ အတွက် မစင်ကြယ်။ ဒကာ ဒကာမတွေ၏ သဒ္ဓါတရားကိုလည်း ဖျက်ဆီးရာရောက်သဖြင့် သဒ္ဓါဒေယျဝိနိပါတ ဖြစ်သည်။ ရဟန်းတော်များမဆိုထားဘိ လူဝတ်ကြောင်များပင် မလုပ်သင့် မလုပ်ထိုက်သော အသက်မွေးဝမ်းကြောင်းဖြစ်သည်။ မြတ်ဗုဒ္ဓတရားတော်များသည် လောဘ ဒေါသ မောဟ စသည့် အကုသိုလ်တရားများ ငြိမ်းအောင် အားထုတ်ရသော တရားဖြစ်သည်၊ ထို ကိလေသာပွားစေသော အလုပ်များသည် ဘုရားတရားနှင့် ဆန့်ကျင်သည်။

ရဟန်းတော်များအတွက် မြတ်ဗုဒ္ဓက သိက္ခာပုဒ် စည်းကမ်းတွေ ပညတ်ရခြင်းသည် လူဝတ်ကြောင်တွေရဲ့ အပြစ်တင် ဝေဖန်မှုများကြောင့် ပညတ်ရတာ များပါသည်။ လူတို့မကြိုက်သော ကဲ့ရဲ့ အပြစ်တင်ထိုက်သော ချဲဂဏန်းပေးခြင်းကို ရဟန်းတော်များ အတွက် မအပ်စပ်ဟု ဆိုနိုင်ပါသည်။ အနဲဆုံးတော့ ဒုက္ကဋ်အာပတ်တော့ သင့်နိုင်သည်။

အလောင်းကစား လုပ်ခြင်းကြောင့် ရနိုင် ဆိုးကျိုးများကို သိင်္ဂိါလ အမျိုးကောင်းသားတစ်ယောက်ကို မြတ်ဗုဒ္ဓဟောပြောခဲ့သည်။
ထိုလောင်းကစားရာဝယ် (၁) ကိုယ်က နိုင်ခဲ့သော်- ရန်များမည်။ (၂) ကိုယ်က ရှုံးခဲ့သော် ၀မ်းနဲ ပူဆွေးမည်။ (၃) လက်တွေ့ဘ၀တော့ ကိုယ့်ရှိ ပစ္စည်းကုန်မည် (၄) အလောင်းကစားသမားဟူ၍ အသိမှတ်ပြုခံရသဖြင့် လူမရိုသေ၊ ပွဲလမ်း သဘင် ပရိတ်သတ်အလယ် ကိုယ့်စကား လူ မလေးစား၊ အလောင်းကစားသမား၏ စကား အရာမရောက်ဖြစ်မည်။ (၅) မိတ်ဆွေ အပေါင်းသင်းများက အနိုင်ကျင့်မည် (၆) အိမ်ထောင်သည်အဖြစ် အရွေးခံရသည် ရှိသော် ကစားသမား အလောင်းကစားသမား (အက္ခဓုတ္တ) ဖြစ်သည့်အတွက် မိန်းကလေးရှင်များက သူတို့သမီးနှင့် မထိုက်တန်ဟု ဆိုကာ ပြင်းထန်စွာ ငြင်းပယ်ခံရမည်။

ဗေဒင်ဟောပေးခြင်း
(၃) အမေး
ဖေဒင်ဟောပေးခြင်းကော ဘယ်လို အာပတ်လဲဘုရား။

အဖြေ

ဗေဒင်တွက်ခြင်း ဟောခြင်း အင်္ဂံ နိမိတ္တံ ဥပ္ပါတံ သုပိနံ စသည်ဖြင့် အင်္ဂါ လက္ခဏာကို ကြည့်၍ ဟောခြင်း၊ မိုးကြိုးပြစ်ခြင်းစသည့်နိမိတ်ကို ကြည့်၍ ခန့်မှန်းဟောခြင်း အိပ်မက်အကြောင်း ဟောခြင်း၊ မဂ်လာမောင်နှံများအတွက် ရက်ကောင်းရက်မြတ်တို့ကို ဟောခြင်း စသည်တို့သည် မဂ်ဖို နိဗ္ဗာန်နှင့် ဖီလာ ဆန့်ကျင်နေရကား တိရစ္ဆာန၀ိဇ္ဇာ တိရစ္ဆာန်အတက်ဟုဆိုသည်။ ထိုအတက်ဖြင့် ဟောပြော၍ အသက်မွေးဝမ်းကြောင်းပြုသော ရဟန်းကို မိစ္ဆာဇီဝ-အသက်မွေးဝမ်းကြောင်း ပြုခြင်းကြောင့် မစင်ကြယ်ဟု ဆိုသည်။ ဘုရားရှင်၏ မဟာသီလတွင် ထိုအတက်ပညာမျိုးမှ လုံးဝရှောင်ကြဉ်ကြောင်း ပြထားသည်။ ထိုအတက်ဖြင့် အသက်မွေးဝမ်းကြောင်းပြုသော သူသည် အမျိုးကို ဖျက်ဆီးသူ သို့မဟုတ် ဒကာ ဒကာမများ၏ သဒ္ဓါတရားကို ဖျက်ဆီးသူ (သဒ္ဓါဒေယျဝိနိပါတ) ဟူ၍ ဆိုနိုင်သည်။ သံဃာကို ယုံကြည်တတ်သော ဒကာဒကာမများကို ဗေဒင်ဟောပေးခြင်းဖြင့် ကိုယ့်ကို ကြည်ညိုအောင် ကိုယ့်ဘက်ပါအောင် လုပ်နည်းမျိုးကို သဒ္ဓါတရားဖျက်ဆီးသူဟု ဆိုသည်။ ယနေ့ဒကာ ဒကာမတွေကလဲ ကဲကို ကဲလွန်းသည့်၊ ဘာပဲ ဖြစ်ဖြစ် ဗေဒင်မေး၊ နတ်မေး ယတြာချေ၊ ဘုန်းကြီးနဲ့တွေ့ တရားမဟောခိုင်းဘဲ ဗေဒင်ပဲ ဟောခိုင်းနေတော့တာပဲ၊ တရားဟောသူထက် ဗေဒင်ဟောသူကိုပဲ ပိုကြည်ညိုနေတော့သည်၊ ထိုဗေဒင်ဟောသူတို့လုပ်ခိုင်းတာ အကုန်လုပ်၊ သဒ္ဓါလွန်ကဲ ပညာနဲသော သူများ ဖြစ်ကြသည်။

ဘုရားလက်ထက်တော်က ယနေ့ခေတ်လို နာရီတွေ ပြက္ခဒိန်တွေ မပေါ်သေးသည်ဖြစ်၍ ထို အချိန်, နေ့ရက်, လ, နှစ်တို့ကို မှတ်သားဖို့ နက္ခတ်ကြယ်တာရာတို့ကို အသုံးပြုသည်၊ ထို့ကြောင့် နက္ခတ်ကြယ်တာရာ အတက်ပညာများကိုတော့ သင်ကောင်းသည် ပို့ချကောင်းသည်ဟု မှတ်သားသင့်သည်။

(၄) အမေး
နောက်ထပ် မေးခွန်းတစ်ခုကရှိသေးသည်။ ရဟန္တာလို့ သမုတ်ထားကြတဲ့ ဘုန်းဘုန်းက ကျန်းမာရေးမကောင်းလို့ ကိုရင်ကြိးဘ၀ကို ပြောင်းပြီး ညနေစာစားတယ်လို့ မိန့်တာကိုကော ဘယ်လိုမြင်ရမလဲဘုရား။

အဖြေ
ရဟန္တာက ကိုရင်ကြီးဘ၀ မပြောင်းပါဘူး ပြောင်းလို့လဲ မရပါဘူး၊ ဘယ်လို အကြောင်းကြောင့်ဘဲဖြစ်ဖြစ် ရဟန္တာများသည် သူ့အသက်သာ အသေခံမည် သီလကိုတော့ ချိုးဖောက်လိမ့်မည် မဟုတ်။ ရဟန္တာက ညစာ စားချင်လို့ နိမ့်ကျတဲ့ ကိုရင်ဘ၀ကို ပြောင်းခြင်းသည် ရဟန္တာ မဟုတ်သောကြောင့်ဖြစ်သည်။ စာ ရေးသူ မဟာဂန္ဓာရုံကျောင်းတိုက်မှာ နေစဉ်က ဆရာတော်ကြီးလွန်တော်မူပြီးသည်မှာ ၆နှစ်လောက်ပဲ ရှိဦးမည်ထင်သည်၊ ဆရာတော်ကြီး၏ အရှိန်အ၀ါတို့သည် လွမ်းမိုးဆဲဖြစ်သည်။ ထိုအချိန်က ထိုတိုက်တွင်း ဥယျာဉ်ကျောင်းမှ နေသွားသော အရှင်မြတ်တစ်ပါးသည် မကျမ်းမမာ ဖြစ်သည်။ သူ၏ ရောဂါသည် အစားအစာ ပျက်လို့မဖြစ်သဖြင့် ဆရာဝန်များက ညစာပါ စားခိုင်းသည်၊ နာယကဆရာတော်များကလဲ ကျန်းမာရေးအရ စားခိုင်းသည်။ သို့သော် ထိုအရှင်မြတ်က အသက်သာ အသေခံသွားခဲ့သည်၊ သီလကိုတော့ မဖျက်ဆီးခဲ့။ ဤကဲ့သို့ အလွန်ဝိနည်းလေးစား၍ ကြည်ညိုစရာကောင်းသော သာမန် ပုထုဇဉ် ရဟန်းတွေ ရှိပါသေးသည်။ သာမန်ပုထုဇဉ်တောင် ဤကဲ့သို့ ၀ိနည်းကို လေးစားနေပါလျှင် ရဟန္တာဆိုရင်တော့ ဆိုဖွယ်မရှိချေ။

စာရေးသူ ထင်ပါသည်။ ရဟန္တာဟု ဆိုခြင်းကား လူတွေကပဲ သဒ္ဓါလွန်ကဲ ပညာမွဲခြင်းကြောင့် အကဲပိုခြင်းပဲ ဖြစ်မည်၊ သို့မဟုတ် ထိုရဟန္တာဟု ဆိုသူက လိမ်ညာ လှည့်ပတ်တာပဲ ဖြစ်မည်။ သာမန် ရဟန်းသည် ကိုရင်ကြီးဘ၀ကို ပြောင်းခြင်းသည် သို့မဟုတ် ရသေ့ဘ၀ကို ပြောင်းခြင်းသည် ပါရာဇိကကျလို့သော်၎င်း၊ ရဟန်းသိက္ခာများကို စောင့်ထိန်းနိုင်စွမ်း သဒ္ဓါအား ၀ီရိယအား မရှိသောကြောင့်၎င်း ဖြစ်မည်။ လူဝတ်ကြောင် ဗုဒ္ဓဘာသာအများစုက သဒ္ဓါတရားသက်သက်ကြောင့်၎င်း၊ စီးပွားရေးအတွက်သောကြောင့်၎င်း ထို ထူးထူးဆန်း ဟောပြော ကျင့်ကြံနေသည်တို့ကို ရဟန္တာကြီးများဟု အထင်ကြီးကာ တရုံးရုံးနဲ့ ဆည်းကပ်နေကြသည်။ တချို့ကျတော့လဲ ဘုန်းကြီးတွေက ဘာမှမပြောမဟော သူနည်းသူဟန်နဲ့သူ ရဟန်းအလုပ် လုပ်နေသော်လည်း၊ ထိုအနီးအနားရှိ မျောက်ပြ ဆန်တောင်းတဲ့သူ အမျိုးစားတွေက ရှဲဒိုးလုပ်စားကြသည်၊ သူတို့ဆရာဘုန်းကြီး ရဟန္တာယောင်ယောင် ဈာန်ရသည့်ယောင်ယောင်၊ လေလွင့်ပြောဆိုကြသည်။

ဘုရားလက်ထက်ကထဲက ဇမ္ဗူက အစားအစာ မစားဘဲ လေကိုသာ စားသည်၊ မအိပ်ဘဲ ကျင့်သည်ဟု လူတွေကို အထင်ကြီးစေသည်၊ တကယ်တော့ လူသူတိတ်ချိန် ညအခါကျမှ မစင်တောသွားပြီး မစင်တွေကို စားသည်။ ထိုပုဂ္ဂိုလ်ကြီးကို ရဟန္တာဟု အထင်ကြီးပြီး ကိုးကွယ်နေလိုက်ကြတာ သဒ္ဓါလွန်ကဲ ပညာနဲတဲ့သူတွေပဲ ဖြစ်သည်။ အကျိုးမရှိတဲ့နေရာတွေမှာ အကျိုးဟုထင်ကာ ယုံကြည်နေကြသည်၊ သူတော်ကောင်း လူအကြီးများသာ ဖြစ်သည်။ သဒ္ဓါနဲပြီး ပညာလွန်ကဲနေပြန်ရင်လဲ ကောက်ကျစ်စင်းလဲဘက်သို့ ရောက်သွားပြီး လူမိုက်ပညာရှိကြီးဖြစ်သွားနိုင်သည်၊ သို့ဖြစ်ပါ၍ သဒ္ဓါကို ပညာနဲ့ကွပ်၊ ပညာကို သဒ္ဓါနဲ့ ချည်နှောင်ပြီး သဒ္ဓါပညာ ဟန်ချက်ညီမှသာလျှင် ပညာရှိသူတော်ကောင်းများ ဖြစ်ပါလိမ့်မည်။

ကိုရင်ဘ၀ဖြင့် ရဟန္တာဖြစ်သွားသော သာမဏေငယ်လေးများ ရှိပေမဲ့ သူတို့တတွေအားလုံးက မြင့်မြတ်သော ရဟန်းအဖြစ်ကို တက်ဖို့ပဲ ရှိသည်။ ထိုရဟန္တာ ဖြစ်သော ကိုရင်လေးများသည် ဒီနေ့မှ ရဟန်းဖြစ်သော သူကို ရှိခိုးရသည်၊ အရိုအသေပေးရသည့်၊ ဤမျှလောက် မြင့်မြတ်သော ရဟန်းအဖြစ်ကို စွန့်လွတ်သော ရဟန္တာဟူ၍ မရှိ။ ရဟန်းအဖြစ်သည် အလွန်မွန်မြတ်သည်။ လူဝတ်ကြောင်ဘ၀ဖြင့် ရဟန္တာဖြစ်ခဲ့သော သူသည် လမ်း ၂ သွယ်ပဲ ရှိသည်၊ ပရိနိဗ္ဗာန်စံ (သေ)ချင် စံ ဒါမှ မဟုတ် ရဟန်းပြုရသည်။ ရဟန္တာ၏ဂုဏ်ကို နိမ့်ကျသော လူဝတ်ကြောင် ဘ၀ဖြင့် ထိန်းမထားနိုင်။ သောတာပန်က ပုထုဇဉ်ဘ၀ကို ပြန်မဆင်းနိုင်သလို အထက်ထက်သော သကဒါဂါမ် အနာဂါမ် ရဟန္တာများသည် အောက်အောက်သော သာမန် သာမဏေ လူဝတ်ကြောင် အဆင့်များသို့ ဆင်းသွားရိုးမရှိ။ သာမဏေများ သီလသည် လူဝတ်ကြောင်များ စောင့်ထိန်းသော ၅ ပါး ၈ ပါး ၉ ပါး ၁၀ပါးထက် သိပ်မပိုလှပါ။


ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၎-၇-၂၀၁၁

08 July 2011

စောမယကောလိပ် (Somaiya College) Ph.D ကျောင်းသားများ

စောမယကောလိပ် (Somaiya College) Ph.D ကျောင်းသားများ အတွက် သိသင့်သည်ဟု ထင်၍ ဒီသတင်းပို့စ်ကို တင်လိုက်ရပါသည်။

ယခုနှစ်ပိုင်း ၂၀၁၀ နောက်ပိုင်း အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်ကြီးတွေ အများစုမှာ စည်းမျဉ်းစမ်းကမ်းတွေ အပြောင်းအလဲကြောင့် Ph.D ကျောင်းသားတွေ အတွက် အခက်အခဲနဲ့ ကြုံနေရသည်။ ပူနေးတက္ကသိုလ်မှာ စာရေးသူ အမ်အေ M.A တန်း တက်စဉ်ကထဲက စဉ်းမျဉ်းစည်းကမ်းအသစ်တွေကြောင့် Ph.D အတွက် ကျောင်းသားတွေ ယောင်လည်လည်ဖြစ်နေသည်။ နဂိုကတော့ ပူနေးတက္ကသိုလ်တစ်ခုပဲလို့ ထင်လာခဲ့သည်၊ တကယ်တော့ တက္ကသိုလ်ကြီးအားလုံးမှာပဲ ဖြစ်နေဟန်တူသည်။ ၂၀၁၀ နောက်ပိုင်း တက္ကသိုလ်ရဲ့ ကျောင်းဝင်ကြေးတွေလဲ မြင့်လာသည်ကို တွေ့ရသည်။

စောမယကောလိပ်နှင့် Ph.D

စောမယကောလိပ်တွင် မြန်မာရဟန်းတော်အများစုသာ ဆန်းစခရစ် (Sanskrit) ဌာနနှင့် ပါဠိ (Buddhist study) ဌာနနှစ်ခုမှာပဲ Ph.Dအတွက် စာတမ်းပြုစုကြသည်။ ဆန်စခရစ်ဌာနရဲ့ စည်းကမ်းအသစ် တစ်ခုအကြောင်းကို စောမယကောလိပ်တွင် Ph.D အတွက် စာတမ်းရေးလိုသော အရှင်မြတ်များအတွက် သတင်းတစ်ပုဒ်အဖြစ် တင်ပြလိုက်ပါသည်။
၂၀၁၀ ခုနှစ်က Ph.D စာတမ်းအတွက် စာရေးသူနှင့်အတူ ထိုဌာနတွင် ၀င်ခွင့်ဖြေဆိုခဲ့ကြတဲ့သူတွေ အားလုံးရော၊ ၂၀၁၁မှ နောက်ပိုင်း Ph.D စာတမ်းရေးမည့်သူ အားလုံးအတွက် ဖြစ်သည်။

ဝင်ခွင့်ဖြေဆိုစရာမလိုသူများ
၁။ M.Phil ပြီးသူ (မည်သည့်တက္ကသိုလ်ကပဲဖြစ်ဖြစ်)
၂။ U.G.Cမှ ကျင်းပသော NET/ SET Examination အောင်ပြီးသူ
၃။ Ph.D အတွက် စာတမ်းပြုစုလိုသော နိုင်ငံခြားသား ကျောင်းသားများ နှင့်
၎။ အိန္ဒိယနိုင်ငံသား အသက် ၆၀ ပြည့်ပြီးသူ အားလုံးတို့သည် Entrance Examination (၀င်ခွင့်) စာမေးပွဲ ဖြေဆိုစရာ မလိုဟု စည်းမျဉ်းမှာ ဖော်ပြထားသည်။ နံပါတ် (၃) အရ စာရေးသူတို့အဖွဲ့သည် နိုင်ငံခြားသားများ ဖြစ်သည်အတွက် ၀င်ခွင့် ဖြေဆိုစရာမလို။ ၂၀၁၀ ကဖြေဆိုခဲ့သော ၀င်ခွင့်သည်လည်း တရားမ၀င်သလို ဖြစ်သွားသည်။

ထိုဝင်ခွင့်အစား နိုင်ငံခြားကျောင်းသားများအတွက် အမေရိကန်ဒေါ်လာ ၇၅ တန် အိန္ဒိယရူပီးငွေ (ယခုပေါက်ဈေး တစ်ဒေါ်လာ ၄၄.၃၄၀ ရူပီး ရှိသည်)၊ အိန္ဒိယကျောင်းသားများအတွက် ရူပီး ၁၀၀၀ ပေးသွင်းရမည့်အပြင် နုတ်ဖြေ သူတို့ခေါ် Open-Defense ပြုလုပ်ရမည်။ အပြင်ပ ဆရာများကို ခေါ်ယူပြီး ကိုယ့်ရဲ့ Synopsis ကိုပဲ မေးမည်ဖြစ်သဖြင့် ပြင်ဆင်ထားဖို့လိုသည်။ 2010 July လက စာရေးသူနှင့်အတူ ၀င်ခွင့်ဖြေခဲ့သော ကျောင်းသား အားလုံးနှင့် 75 ဒေါ်လာတန် ရူပီးများနှင့် ပတ်စပို့ကော်ပီ၊ B.A, M.A အောင်လက်မှတ်, အမှတ်စာရင်း ကော်ပီနှင့် ပူးတွဲပြီး form မှာ ဖြည့်သင့်တာ ဖြည့်ပြီး ယခုနှစ် july 25 မတိုင်မီ စောမယကောလိပ်ရှိ ဆန်စခရစ်ဌာနတွင် တင်ရပါမည်။ August လ အစပိုင်းတွင် ထို Open-Defense ကျင်းပပေးမည် ဖြစ်သဖြင့် ထိုရက်တွင် စောမယကောလိပ် ဆန်စခရစ် ဌာန ၂၀၁၀၊ ၂၀၁၁ Ph.D Candidates အားလုံး စောမယကောလိပ်တွင် ရှိနေရမည်ဟု ဒါရိုက်တာမှ မေတ္တာရပ်ခံခိုင်းပါသည်။ ကျောင်းဝင်ကြေးများ အနည်းငယ်မြင့်တက်သွားသည်ကို ဒါရိုက်တာကြီးကလဲ သူမတတ်နိုင်ကြောင်း၊ တက္ကသိုလ်၏ ဒီနှစ်ထုတ်ပြန်သော စည်းမျဉ်းအသစ်ဟု ဆိုပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၇-၂၀၁၁

07 July 2011

ရှားရှားပါးပါး အလှူ (၃)

စာမိတ်ဆက်
ဒီအရင်တစ်ပတ်က ရှားရှားပါးပါးအလှူ အပိုင်း (၂)ဖြင့် ပို့စ် တစ်ခု ရေးပြီး အလှူရှင်တစ်ဦးကို ဂုဏ်ပြု ရေးသားခဲ့သည်၊ ယခုတစ်ပတ်မှာလဲ ထိုအလှူရှင် မိသားစု ၄ ကြိမ်မြောက် ရောက်လာပြန်သည်။ ဒီနေ့ ၄ ကြိမ်မြောက် ရောက်လာခြင်းကား အမေဖြစ်သူ (၇) နှစ်ပြည့်အမှတ်ရ ပတ္တိဒါန (Sharing merit) ကုသိုလ် လာပြုကြခြင်းဖြစ်သည်။
ဒီကနေ့အလှူက စောမယကောလိပ် ဆန်းစခရစ်ဌာနနှင့် ပါဠိစာပေဌာနတို့မှ Ph.D ကျောင်းသား ၁၆ ပါးတို့အား နေ့ဆွမ်းကပ်ခြင်း၊ အသီးအနှံ အဖျော်ရည်များနှင့် ဆန်စသည့် သံဃိက အလှူ အပြင် တစ်ပါးလျင် ရူပီး ၁၀၀၀ (၂သောင်းကျပ်ဝန်းကျင်) သွားတိုက်ဆေး ဆပ်ပြာ တစ်ဘက် စသည်များဖြင့် ပုဂ္ဂလိအလှူများ လှူသွားပါသည်။ Ph.D ကျောင်းသားများ တစ်စုတစ်ဝေးတည်းမှာ ကပ်ခွင့်ရသည့် ထိုမိသားအတွက် Great Opportunity ပင်ဖြစ်သည်။
ထိုမိသားအတွက် Ph.D ကျောင်းသားများက ပရိတ်တရားတော်များ ချီးမြှင့်သည်။ စာရေးသူကတော့ သီလပေးနှင့် တရားဟော ရေစက်ချ တာဝန်ယူသည်။ ထိုနေ့ဟောသည့် စာရေးသူ၏ ၅ မိနစ်တရားကို စာရေးသူအတွက် မှတ်စု ကျန်သွားဖို့ရန်အတွက်၎င်း၊ အများအတွက် ဗဟုသုတဖြစ်စေရန်အတွက်၎င်း ပို့စ်အဖြစ် ရေးလိုက်ရခြင်းဖြင့် ထိုမိသားစုအလှူကို မှတ်မှတ်ရရ ရှိစေပြီး ကျေးဇူးတုန့်ပြန်သော ဂုဏ်ပြု ပို့စ် ဖြစ်ပါသည်။

ဖြူစင်ကြောင်း ကောင်းမှု (ပုညကိရိယာ)
ထိုနေ့က ပုညအကြောင်း ဟောခဲ့သည်။ ပုညအကြောင်းဆိုတော့ စလေဦုးပုည ဟု ထင်ကောင်း ထင်သွားပါလိမ့်မည်။ တကယ်တော့ ပုညကိရိယာဝတ္ထုမှ ပုည အကြောင်းကို ဟောလိုက်ရခြင်းဖြစ်ပါသည်။ ထိုပုညကိရိယာဝတ္ထု အကြောင်းကို ငယ်ငယ်ကထဲက တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ ရတနာ့ဂုဏ်ရည် စာအုပ်မှ ဖတ်ဖူးသည်။ သို့သော်လည်း ငယ်ငယ်က စာမေးပွဲအတွက် ကျက်ရမှတ်ရသည်၊ အခုအခါမှာတော့ ဘ၀အတွက် အသုံးချဖို့ ဖတ်ရ မှတ်ရသည်အတွက် အခြေအနေခြင်းက မတူညီခဲ့။ ငယ်ငယ်ကတော့ ကျယ်ကျယ်ပြန့်ပြန့် နားမလည်သလို ဘ၀အတွက် အသုံးချရကောင်းမှန်း မသိခဲ့တာ အမှန်ပင်။ တကယ်တော့ ဘ၀အတွက် အလွန်သုံးဝင်သည့် စာကောင်း ပေကောင်းဖြစ်သည်။

ပုည
ပုညဟုသည် ကုသိုလ် ကောင်းမှုဟု မြန်မာမှု ပြုပါလိမ့်မည်။ အင်္ဂလိပ်လိုကတော့ merit ဟု ပြန်ဆိုသည်။ အဓိပ္ပါယ်ကတော့ purifies and cleans the mind ပါပဲ။ စိတ်မှာ ကပ်ငြိနေသော ကိလေသာ အညစ်တွေကို သန့်စင်ခြင်း, စိတ်ကို ကိလေသာ အညစ်ကြေးမှ ဖြူစင်အောင် ပြုခြင်းသည် ပုည (merit) မည်ပါသည်။ ပါပ သ္မိံ ရမတိ မနော အရ စိတ်၏ သဘောသည် အကုသိုလ် ကိလေသာ အညစ်အကြေးများ ၀င်ရောက်ဖို့ အဆင်သင့်ဖြစ်နေသည်၊ အကုသိုလ်ဘက်သို့ ညွတ်နေသည်အတွက် ညစ်ထေး လွယ်သည်။ လှပတဲ့ အာရုံတစ်ခုကို မြင်လျှင် စိတ်သည် တဏှာ လောဘ လိုချင်မက်မောမှု (craving and attachment) တွေ ဖြစ်လာမည်။ ထိုအာရုံကို မရမက ကျိုးစားမည် (အဘိဇ္ဈာ) နှင့် မနှစ်မြို့သည့် အာရုံကို တွေ့ပြန်တော့ ဒေါသ ဖြစ်မည်။ မောဟကတော့ လူ၏ စိတ်ကို ထို လောဘ ဒေါသတို့ထဲမှ နှစ်မြုတ်နေအောင် စွဲထားမည်။ ဤနည်းအား စိတ်သည် ညစ်လွယ် စွန်းလွယ်သည် ဖြစ်ရကား ထိုညစ် စွန်းလာသော စိတ်ကို ဖြူစင်အောင် သန့်စင်နိုင်တာကတော့ ပုည ပဲ ဖြစ်ပါသည်။

ပုညကိရိယာဝတ္ထု (၁၀)ပါး
ပုညကိရိယာဝတ္ထု (၁၀)ပါး ကို Ten domains of meritorious actions ဟု ဘာသာပြန်ဆိုသည်။ုစိတ်ကို ဖြူစင်ကြောင်း ကောင်းသော အမှုလုပ်ငန်း ၁၀ မျိုးဟူ၍ ဆိုနိုင်ပါသည်။ အမှန်တကယ်တော့ ပါဠိတော်မှာ ပုညကိရိယ၀တ္ထုသုတ်မှာ ဒါနမယ သီလမယ ဘာဝနာမယ ဟူ၍ သုံးမျိုးသာ ပြဆိုထားသည်။ ဣတိဝုတ်အဋ္ဌကထာနှင့် အဋ္ဌသာလိနီ အဋ္ဌကထာများ၌ ထို ၃ မျိုးမှာ နောက်ထက် ၇ မျိုးဖြာထွက်လာသည်။ ပို၍ နားလွယ် လွယ်အောင် အဋ္ဌကထာဆရာများက ရှင်းပြခြင်းပဲ ဖြစ်သည်၊ ထို ၁၀ မျိုးလုံးကို ဗုဒ္ဓဘာသာနိုင်ငံ အားလုံးက လက်ခံကျင့်သုံးကြသည်။
ထိုဆယ်ပါးကား (၁) ဒါန (၂) သီလ (၃) ဘာဝနာ (၄) အပစာယန (၅) ဝေယျာဝစ္စ (၆) ပတ္တိဒါန သို့မဟုတ် ပတ္တိ အနုပ္ပါဒန (၇) ပတ္တာနုမောဒန သို့မဟုတ် အဗ္ဘာနုမောဒန (၈) ဓမ္မဒေသနာ (၉) ဓမ္မဿဝနာ (၁၀) ဒိဋ္ဌိဇုကမ္မ ဟူ၍ ဖြစ်သည်။

ထိုဆယ်မျိုးတွင် (၁) ဒါနနှင့်ပတ်သက်ပြီး အလှူရှင်ဂုဏ်ရည်၊ ရှားရှားပါးပါး အလှူ အပိုင်း (၁) အပိုင်း (၂) ဟူ၍ တင်ပြပြီး ဖြစ်သည့်အတွက် အထူးမပြတော့ပေ။ (၂) သီလနှင့်မှတ်ဖွယ်များကို သီးသန့်ဖော်ပြပါဦးမည်။ (၃)ဘာဝနာ နည်းများကိုလည်း အခါခွင့်သင့်က ဖော်ပြပါမည်။
ဒါန-ပေးကမ်းခြင်း၊ စွန့်လွတ်ခြင်းအမှုကို ပြုခြင်းသည် လောဘ မစ္ဆရိယ ကိလေသာ အညစ်အကြေးကို ဆေးကြော ဖြူစင်အောင် ပြုနိုင်လို့ ပုည ဟုခေါ်သည်။ သီလမှုကို ပြုနေခြင်းက ဒေါသ အာဃာတ ဗျာပါဒစတဲ့ စိတ်ရိုင်း စိတ်ညစ်တွေကို ဖြူစင်အောင်လုပ်ပေးနိုင်လို့ ပုည ဟုခေါ်သည်။ ဘာဝနာကတော့ တွေဝေ ထိုင်းမှိုင်းး မောဟ အညစ်အကြေးနှင့် ကိလေသာ အပူတွေကို ငြိမ်းသက်နိုင်လို့ ပုညဟု ခေါ်သည်။ ဤသုံးမျိုးကား ဗုဒ္ဓဘာသာအတွက် အဓိက အလုပ်များဖြစ်သလို ဘာသာခြားများလည်း လုပ်နေကြ အလုပ်ဖြစ်သည်။ အမည်မပေးတာပဲ ကွာခြားမည်။

အပစာယနကုသိုလ်
(၄) အပစာယန (reverence or giving respect to ohters) ဟူသော ကောင်းမူမျိုးကား မြင်နေကျ တွေ့နေကျ လုပ်နေကျ ဖြစ်ပေမဲ့ အမှတ်တမဲ့နဲ့ နေကြသည်အတွက် အလေးထား လုပ်သင့်လုပ်ထိုက်သော ကောင်းမှု၍ကား မသိကြပေ။ ထိုကုသိုလ်က မိမိရဲ့ မာနအညစ်အကြေးကို ရိုက်ချိုးခြင်းဖြင့် ဖြူစင်စေလို့ ပုည ဟု ခေါ်သည်။ လေးစားထိုက်သော ရဟန်းသံဃာ သို့မဟုတ် ဆရာသမား အသက် သိက္ခာကြီးသူများ ရှေ့၌ အရိုအသေ ပေးခြင်း နေရာပေးခြင်း၊ ကာယကံ ၀စီကံတို့ဖြင့် အရိုသေသမှုပြုခြင်းသည် အပစာယန ကုသိုလ်ဟု ခေါ်သည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင် မည်သည့် လူဝတ်ကြောင်မဆို မည့်သည့် ရာထူး အဆင့်အတန်းမဆို ဘုန်းကြီး ရဟန်းသံဃာများရှေ့၌ မိမိရဲ့ မာနကို ခွါချကာ လက်အုပ်ချီ ဒူးတုတ်ကြရသည်။ ဒါကိုပဲ ဂါရ၀မင်္ဂလာ ဟူ၍ ဆိုသည်။

ဝေယျာဝေစ္စ ကိုသိုလ်

(၅) ဝေယျာဝေစ္စ (rendering sevice) ဟူသော ဝေါဟာရသည် စာရေးသူတို့ မြန်မာနိုင်ငံတွင်သာမက ဗုဒ္ဓဘာသာနိုင်ငံအားလုံးတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေသော မူပိုင်စကား ဖြစ်နေသည်။ မြန်မာနိုင်ငံ နေရာအနှံ့အပြား ထင်ရှားကျော်ကြားသော ရွှေတိဂုံ မဟာမြတ်မုနိ ကဲ့သို့သော ဘုရား စေတီ ပုထိုးများတွင် ဝေယျာဝေစ္စ အသင်းအဖွဲ့များ ဟူ၍ ရှိသည်။ ဘုရား ဓမ္မာရုံ ဘာသာရေး လူမှုရေးနှင့်ပတ်သက်သော အမှုကိစ္စများကို လုပ်အားဒါနပြုသော service-၀န်ဆောင်မှုပြုနေသော အဖွဲ့များကို ဝေယျာဝေစ္စ အဖွဲ့များဟူ၍ ခေါ်ကြသည်။ ဝေယျာဝေစ္စ ကုသိုလ်သည်လည်း အပစာယန ကုသိုလ်ကဲ့ မာန ဟုသော ကိလေသာကို သန့်စင်စေပါသည်။ မာန ရှိနေသော သူသည် ထို ဝေယျာဝေစ္စ ကုသိုလ်များ ယူနိုင်လိမ့်မည်မဟုတ်၊ ထို့ပြင် ဝေယျာဝေစ္စကုသိုလ်သည် မိမိ၏ ကရုဏာကို ထင်ရှားပြသ သဖြင့် ကရုဏာ၏ ဆန့်ကျင်ဘက် ဖြစ်သော ဒေါသ စတဲ့ အကုသိုလ်ကိုလဲ သန့်စင်သဖြင့် ပုည ဟုခေါ်ပါသည်။

ပတ္တိဒါန (ပတ္တိ အနုပ္ပါဒန) ကုသိုလ် နှင့် ပတ္တာနုမောဒန ကုသိုလ်
(၆) ပတ္တိဒါန (၇) ပတ္တာနုမောဒန ကိုသိုလ် ၂ ပါးတို့သည် တစ်ခုနှင့် အဆက်စပ်ရှိသည်၊ ပေးသူနှင့် ယူသူ၍ ဆိုရမည်။ ပတ္တိဒါန (sharing merit) ကုသိုလ်သည် ကိုယ့်ရဲ့ကောင်းသော အမူ့များကို သူတပါးအား ဝေငှခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ့်အတ္တကြီးမှု တစ်ကိုယ်ကောင်းဆန်မှုကို စွန့်ခွါခြင်းနှင့် မိမိ၏ သူတပါးအပေါ်ထားရှိသည့် ကရုဏာကို ပြလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ပတ္တိဒါနသည်လည်း ပုည ဟု ခေါ်သည်။
ဒီကနေ့ ထိုမိသားစုသည် စောမယကောလိပ်ရှိ Ph.D ကျောင်းသား ၁၆ ပါးတို့အား ဆွမ်းကပ် အလှူဒါနပြု၊ သီလဆောက်တည်၊ တရားတော်နာယူခြင်း စတဲ့ ကုသိုလ်တွေသည် လွန်ခဲ့ ၇ နှစ်က ကွယ်ကွန်သွားသော အမေဖြစ်သူအတွက် ရည်မှန်းပြီး ပြုပါသည်၊ ပြုသမျှကောင်းမူများကို ထို အမေအတွက် ဝေငှ (အမျှဝေ) sharing merit ပြုလုပ်ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ကိုယ့်ကုသိုလ်ကို သူများအား မျှဝေလိုက်ခြင်းကြောင့် မိမိကုသိုလ် ရော့သွားသလားဟု ဆိုသော်--- ‘‘ဖယောင်းမီးကို နောက်တစ်ယောက်က ဖယောင်းတစ်တိုင်ဖြင့် လာကူးယူသော် နဂိုဖယောင်းတိုင် အလင်းအား လျော့မသွားသည့်အပြင် အလင်းအရောင် ပိုရလသည်၊ တစ်တိုင်အလင်းက နှစ်တိုင်းအလင်း၊ နှစ်တိုင်အလင်းက သုံးတိုင်းအလင်း စသည်ဖြင့် ပို၍ပင်လင်းလာသလို ကောင်းမှုပါရမီများ တပါးသူအား ပေးဝေလိုက်ရခြင်းသည်လည် ပို၍ပို၍ပင် တိုးလာမည်’’ဟု အဋ္ဌကထာဆရာက ပြောသည်။

ထို့ပြင် ထိုပတ္တိဒါနနှင့်ဆက်ပြီး မှတ်ဖွယ်တစ်ခုမှာဆက်ရ ပါဦးမည်။ ကိုယ်ပြုသမျှကောင်းမှုတွေကို ကိုယ်ရည်ရွယ်ထားတဲ့ သူအထံ ရောက်နိုင်ပါသလား ဆိုတဲ့ မေးခွန်းသည် ဘုရားလက်ထက်က ရှိခဲ့ဖူးသည်။ ဇာဏုေဿာဏိ ပုဏ္ဏားကြီး လျှောက်ထားလို့ မြတ်ဗုဒ္ဓက ထိုအမေးကို အောက်ပါအတိုင်း ဖြေထားသည်။
ကံမကောင်း အကြောင်းမလှ၍ ငရဲဘုံသို့ရောက်ခဲ့သော် သူ၏အကုသိုလ်ကံ ကြီးမားခြင်းကြောင့် ပြုသမျှကုသိုလ် အဖို့မရနိုင်သလို ထိုကြွင်းကျန်သော အကုသိုလ်ကံကြောင့် တိရစ္ဆာန်ဘုံဘ၀ ရောက်ခဲ့သော ထိုဘ၀မှ အစားအစာများနှင့် လုံလောက်ရကား အမျှအတမ်းပေးလိုက်သည့် ကုသိုလ်များ သူတို့ ခံစားခွင့်မရကြ။

ပတ္တာနုမောဒနကုသိုလ်

ကံကောင်းထောက်မ၍ သို့မဟုတ် လုံလောက်တဲ့ ကောင်းမှုကုသိုလ်ကံတွေကြောင့် နတ်ဘုံနတ်ဘ၀နှင့် လူ့ဘုံ လူ့ဘ၀ကို ပိုင်ဆိုင်သူများသည် သူတို့ဘုံ သူတို့ဘ၀မှာ အစားအစာ အ၀တ်အစား စသည်တို့ဖြင့် ပြည့်စုံရာကား ပြုသမျှသော ကောင်းမှု၏ အဖို့ကို သူတို့တစ်တွေ မခံစားရ။ သို့သော်လည်း သာဓု ခေါ်လိုက်ရခြင်း ကြောင့် ပတ္တာနုမောဒန (rejoicing and appreciating of other’s merit) ကုသိုလ်ရသည်။ ပတ္တာနုမောဒန သဘောသည် သူတစ်ပါးပေးသော ကောင်းမှု မပေးသော်လည်း သူတပါးပြုသမျှ ကောင်းမူတွေကို ၀မ်းသာနေခြင်းပဲဖြစ်သည်။ ထိုကဲ့သို့ သူတပါး၏ ကောင်းမှုနှင့် အောင်မြင်မှုတို့အပေါ် ၀မ်းသာပေးခြင်းက မိမိမှာ ဣဿာ ဆိုတဲ့ အကုသိုလ် မရှိခြင်းကို ဖော်ပြသည်။
ကောင်းမှု့ ကုသိုလ်အဖို့ကို ရနိုင်သည့် ဘုံ ဘ၀သည် အမြဲတမ်း ဆာလောင် ငတ်မွတ် နေရသော ပြိတ္တာဘ၀ပဲ ဖြစ်သည်။ အကြောင်းမလှ၍ ပြိတ္တာဘုံဘ၀ရောက်ခဲ့သော် သူတို့သည် ဆွေးတော် မျိုးတော်တို့ ပြုသမျှကောင်းမှု အမျှဝေမှုကို မျှော်နေကြရသည်။

ဗိမ္မိသာရမင်းကြီး၏ ဆွေးတော်မျိုးတော်များသည် သံဃာအတွက် ရည်စူးမှန်းထားသော အစားအစာများကို စားမိခြင်း၊ အသုံးပြုမိခြင်းတို့ကြောင့် ပြိတ္တာဘ၀ကို ရရှိနေကြသည်။ မင်းကြီးကောင်းမှု့ ကို မျှော်နေကြသည်။ တနေ့တော့ ထိုပြိတ္တာများ၏ အရိပ်အယောင်ပြမှုတို့ကြောင့် ဘုရားရှင်၏ လမ်းညွှန်မှုဖြင့် သံဃာတော်များ ပင့်ဖိတ်ပြီး အလှူဒါနပြုကာ ပတ္တိဒါနကုသိုလ် ပြုပေးလိုက်ခြင်းကြောင်း ဆွေတော်မျိုးတော် ပြိတ္တာ တစ်စုသည် ထိုကုသိုလ်ကို သာဓုခေါ်ကာ ပတ္တာနုမောဒန ကုသိုလ် ယူလိုက်ရခြင်းကြောင့် အစားအစာ အ၀တ်အစားတို့ဖြင့် ပြည်စုံသွားကြသည်။
အကယ်၍ ကိုယ်ရည်မှန်းထားသည့် ပုဂ္ဂိုလ် ပြိတ္တာဘ၀မှာ မရှိခဲ့သော် လောကမှာ ဘ၀သံသရာ ကျင်လည်သရွေ့ ဆွေးမျိုးမတော်ဘူးသူဟူ၍ကား မရှိ။ ထိုဆွေတော်မျိုးတော်အတွက် ဖြစ်သည်၊ အကယ်၍ ထိုဆွေတော်မျိုးတော်များ မရှိခဲ့သော ကိုယ်ပြုသည့် ကောင်းမှု အလကား အချီးအနှီးဖြစ်ရောလားဆိုတော့ ဒီလိုလဲမဟုတ်ပေ၊ ကိုယ်ပြုသည့်ကုသိုလ် ကိုယ်ပဲ ရသည်။

ဓမ္မဒေသနာကုသိုလ်
(၈) ဓမ္မဒေသနာ (Expounding Dhamma) ကုသိုလ် မျိုးဟူသည် တရားဟောခြင်း၊ ဆွေးနွေးခြင်၊ (ဓမ္မသာကစ္စ)၊ အသဥာဏ် ဗဟုသုတ အတွေ့အကြုံများ ဝေငှမျိုးဖြစ်သည်။ ဓမ္မဒေသနာဖြင့် မေတ္တာ ကရုဏာ တို့ကိုပြဆိုသည်၊ ထို့ကြောင့် ဘုရားရှင်တရားဟောဟု ဆိုရာ ကရုဏာပြထန်းသော မဟာကြိယာဥာဏသမ္ပယုတ်စိတ်ကို ကောက်ရသည်။ တရားဟောသူ၏ သန္တာန်မှာ လာဘသက္ကာရ မငဲ့ဘဲ မေတ္တာ ကရုဏာ ရှေးရှုဟောကြရသည့်၊ အကုသိုလ်အညစ်များကို ဖြူစင်စေသော ကုသိုလ်ဖြစ်သောကြောင့် ပုညမည်သည်။ အလွန်းထူးမြတ်သော ကုသိုလ်ဖြစ်သည်။

ဓမ္မဿဝနာကုသိုလ်
(၉) ဓမ္မဿဝနာ (Listening to Dhamma) ကုသိုလ်ဟူသည် ပညာရှိသူတော်ကောင်းတို့၏ ဟောစကား ပြောစကားများကို နားယူခြင်း မှတ်သားခြင်း သင်ယူခြင်းမျိုးဖြစ်သည်။ သူကောင်းတရားများကို နားယူမှ မဟုတ် ထိုတရားများ ပို့ချရာ အဘိဓမ္မာသင်တန်း ၀ိသုဒ္ဓိမဂ်သင်တန်းကဲ့သို့သော ဘာသာရေး ယဉ်ကျေးမှုသိပညာများကို လေ့လာခြင်းဖြစ်သည်။
ထိုတရားနာယူမှတ်သားသူ၏ သန္တာန်ဝယ် (က) မကြားဖူးသေးသော အကြောင်းအရာတွေ ကြားရခြင်း၊ (ခ) ကြားဖူးပြီးသောအကြောင်းအရားများကို ဥာဏ်ထဲမှာ ပိုပြီး ရှင်းလင်းပြတ်သားခြင်း၊ (ဂ) သို့လောသို့လော အတွေးများ သံသယများ ရှင်းလင်းသွားခြင်း၊ (ဃ) ယုံကြည်မှု ဖြောင့်မတ် မှန်ကန်ခြင်း၊ (င) စိတ်ကြလင်ခြင်း၊ တရားနားယူနေသော သူ၏ စိတ်အစဉ်သည် ကိလေသာ အညစ်အကြေးမှ ကင်းစင်ပြီး ကြည်လင်နေရာကား စိတ်ကို ဖြူစင်သော ပုညမည်ပါသည်။

ဒိဋ္ဌိဇုကမ္မကုသိုလ်
(၁၀) ဒိဋ္ဌိဇုကမ္မကုသိုလ် (straightening views and reflection) ဟူသည် အယူမှန်ကန်ခြင်း၊ အမြင်မှန်ကန်ခြင်းဟုဆိုလိုသည်၊ ပုညကိရိယာ ၁၀ ပါးတွင် အရေးအကြီးဆုံးဖြစ်သည်။ ယုံကြည်ချက်မှန်မှသာလျှင် ရှေးက ၉ပါးကို စနစ်တကျ ဖြည့်ကျင့်နိုင်မှာ ဖြစ်သည်။ ကံနှင့်ကံ၏အကျိုး၊ ရတနားသုံးပါး စတာတွေကို မယုံကြည်သော သူအတွက် ထို ပုညခေါ်သည့် အကုသိုလ် အညစ်အကြေးတွေကို စင်ကြယ်စေသော အမှုများကို ပြုလုပ်နိုင်လိမ့်မည်မဟုတ်။

နိဂုံး
ထိုပုညကိရိယာ ၀တ္ထုဆယ်မျိုးကို ဖြည့်ကျင့်နေသော သူသည် မိမိအတွက်ပါ မက တစ်ပါးသူအတွက်ပါ အကျိုးကိုဖြေစ်စေသည်။ သူတပါးအတွက် အကျိုးများပုံကား---
ဒါန- ပေးကမ်းခြင်ဖြင့် လက်ခံသူကို အကျိုးဖြစ်စေသည်။ သီလဖြင့် မိမိဝန်းကျင်ရှိ သတ္တ၀ါအားလုံကို အကျိုးဖြစ်စေသည်၊ ဘာဝနာဖြင့် လောဘ ဒေါသ မောဟတို့ဖြင့် လွမ်းမိုးခံ မရေတွက်နိုင်လောက်အောင်သော လူတွေကို အကျိုးဖြစ်ထွန်းစေသည်။ အပစာယန-အရိုအသေပေးခြင်းဖြင့် အဖွဲ့အစည်းတစ်ခု၏ ညီညွတ်မှုကို ဖြစ်စေသည်။ ဝေယျာဝေစ္စကုသိုလ်ဖြင့် လောကလူသားတွေကို ပို၍ကောင်းအောင် အကူအညီပေးခြင်းဖြစ်သည်။ ပတ္တိဒါန ကုသိုလ်ကား တပါးသူ၏ အကျိုးစီးပွားကို လိုလားသော ကရုဏာဖြင့် အကျိုးကို ဖြစ်စေသည်။ ပတ္တာနုမောဒန ကုသိုလ်သည် သူတပါး၏ ပျော်ရွှင်ခြင်းကို ၀မ်းသာပေးခြင်းကြောင့် အေးချမ်းခြင်းနှင့် ငြိမ်းချမ်းမှုကို ဖြစ်စေသည်။ ဓမ္မကို နာယူခြင်းနှင့် ဟောပြောပို့ချခြင်းတို့သည် ပစ္စုပ္ပန်ဘ၀အတွက် ဘ၀နေနည်းကောင်းများနှင့် ဘ၀လွတ်မြောက်ရေးအတွက် အကျိုးများကို ဖြစ်စေသည်။ အယူဖြောင့်မတ်ခြင်းဖြင့် တပါးသူများအား နည်းလမ်းမှန် နည်းလမ်းကောင်းများ ပေးနိုင်သည်။ ထို့ကြောင့် ပုညကိရိယာဝတ္ထု ၁၀ ပါးသည် လူတိုင်း လိုက်နာသင့် ကျင့်သုံးသင့်သော ဘ၀အတွက် အကောင်းဆုံး လမ်းညွှန်များ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသတည်း။

ဤပို့စ်ဖြင့် ၂-၇-၂၀၁၁ နေ့က ကုသိုလ်ရှင်-
ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေး နှင့် သမီး မယဉ်သူဇာကျော်တို့၏ ၄ ကြိမ်မြောက် ကုသိုလ်များကို မှတ်မှတ်ရရ ဂုဏ်ပြုလိုက်ပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၇-၂၀၁၁

02 July 2011

ဆန့်ကျင်ဘက်တို့၏ဆွဲငင်အား

စာမိတ်ဆက်
ရဟန်းနှင့်မိန်းမ အမည်ရှိ ပို့စ်မှ စီးဆင်းလာသော ရဟန်းနှင့်မိန်းမ အပိုင်း(၂) ပင်ဖြစ်သည်။ အပိုင်း (၁)တွင့် ရဟန်းနှင့်မိန်းမများ၏ ဖြစ်တတ်သော သဘောတရားတို့သည် ဆန့်ကျင်ဘက် သဘောတို့ လက္ခဏာဖြစ်ကြောင်း သရုပ်ပေါ်စေရန် အပိုင်း (၂) ကို ဆက်ရပါသည်။ ဘယ်သူ့ကိုမှ မရွယ်ဘဲ ထိုပို့စ်ရေးရင်း စိတ်ပါ (mood) ၀င်သွားတာနဲ့ တဆက်တည်း ရေးဖြစ်သွားခြင်းဖြစ်ပါသည်။

ဆွဲငင်အား

ဆန့်ကျင်ဘက် သဘောတရားတွေရဲ့ ဆွဲငင်အားပဲ ပြောမလား ၀ိသဘာဂ အာရုံတွေရဲ့ ဆွဲငင်အား ပြောမလား အဖိုနှင့် အမသတ္တ၀ါတွေရဲ့ တစ်ယောက်နှင့် တစ်ယောက်ရဲ့ ဆွဲငင်အားပဲ ပြောရမလား ဘာပဲဖြစ်ဖြစ် ဆွဲငင်အားဟာ လောကမှာ အကြီးမားဆုံးပဲ ဖြစ်သည်။

မြတ်ဗုဒ္ဓကလည်း ထိုဝိသဘာဂ မတူညီသော ဆန့်ကျင်သော အာရုံနှစ်ခု၏ ဆွဲငင်အားကို ဤသို့ပြထားပါသည်။ ယောက်ျား (ဖိုသတ္တ၀ါ) တစ်ယောက် စိတ်ကို ဆွဲဆောင်နိုင်ဆုံး အရာသည် မိန်းမ (မသတ္တ၀ါ)၏ အလှအပ, အသံ, အနံ့အသက်, အတွေ့အထိများဖြစ်သည်။ အလားတူ မိန်းမ (မသတ္တ၀ါ)၏ စိတ်ကို ဆွဲဆောင်နိုင်ဆုံး အရာတို့သည် ယောက်ျားတို့၏ အလှအပ, အသံ, အနံ့အသက်, အတွေ့အထိများဖြစ်သည်။ လောကမှာ ထို့ထက် ဆွဲငင်အားကောင်းသော အရာကို ငါ့ဘုရားရှင်၏ ဥာဏ်ဖြင့် ရှာသော်လည်း မတွေ့နိုင်ဟု ဘုရားပြောထားသည်ကို စာပေမှာ တွေ့ရသည်။

တခါက ရဟန္တာအရှင်မြတ် ပါလိတထေရ် (စက္ခုပါလ) အတိတ်ဘ၀ကံဆိုးတစ်ခုကြောင့် မျက်မမြင်ဘ၀ရောက်ခဲ့သည်၊ ဘုရားဖူးရန် ဘုရားရှိရာသို့ တူလေးဖြစ်သူ ကိုရင်ပါလိတနှင့် အတူ တောလမ်းခရီးက ဖြတ်ခဲ့သည်။ လမ်းခုလပ်မှာ ထင်ခွေသည့် အမျိုးသမီးလေး၏ သီချင်းသံကြားလိုက်ရသော ကိုရင်ပါလိတ မနေနိုင် မထိုင်နိုင်ဖြစ်ကာ ဦးလေး၏ တောင်ဝှေးကို ခဏလွတ်ကာ အသံရှိရာသို့သွားလိုက်သည်။ ကိုရင်လေးလဲ ထိုထင်းခွေ အမျိုးသမီးလေးနဲ့ပဲ သီလပျက်သွားပါတော့သည်။ ဦးလေးဖြစ်သူကလဲ ချက်ချင်းသိလိုက်တယ် ကိုရင်လေးပျောက်သွားတာရယ် သီချင်းအသံ ရပ်သွားတာရယ် တပြိုင်တည်းဖြစ်သွားတာကို ထောက်ဆပြီး ဒီကိုရင်တော့ သီလပျက်ပြီပေါ့။ ထိုနေရာမှာ စာကပြဆိုထားသေးတယ်၊ အမျိုးသမီးများ၏ အသံဆွဲငင်အားသည် ယောက်ျားများ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဆုပ်ယူ ဖန်းစားနိုင်သည်တဲ့။

မိသားစုတစ်စုတွင် အမေက သားကို ပိုချစ်သလို အဖေက သမီးကို ပိုချင်တယ်။ သမီးက အဖေကို ပိုချစ်သလို သားက အမေကို ပိုချစ်တယ်။ ညီမ, အစ်မက အစ်ကို မောင်လေးကို အစ်မ ညီမတို့ထက် ပိုချစ်သလို အစ်ကို ညီများကလဲ အစ်ကို ညီများထက် ညီမလေး အစ်မတို့ကို ပိုချစ်တယ်။ တကယ်ဆို တစ်မိတည်းက တစ်ဖအေတည်းက ပေါက်ဖွားလာတာချင်းအတူတူ ဘာ့အကြောင့် အချစ်တွေ မတူညီကြသလဲ၊ စိတ်ပညာအရဆိုရင် မတူညီတဲ့ ၀ိသဘာဂကို ပိုပြီး တွယ်တာကြတယ်၊ သံယောဇဉ်ရှိကြတယ်။ ဒါဟာ မတူညီတဲ့ ဆန့်ကျင်ဘက်တို့၏ ဆွဲငင်အားပဲ ဖြစ်သည်။

အမေနှင့်သားတို့၏ ဆွဲငင်အား

အင်္ဂုတ္တရနိကာယ် မာတာပုတ္တသုတ်မှာ သားအမိနှစ်ယောက်၏ ဇာတ်လမ်းတစ်ခု ဟောထားတာ တွေ့ရတယ်၊ သားဖြစ်သူက ရဟန်းဝတ်သွားတယ်၊ အမေဖြစ်သူကတော့ ဘိက္ခူနီမအဖြစ် ၀င်ရောက်သွားတယ်။ သားဖြစ်သူကလဲ အမေကို ခဏခဏ တွေ့ချင်သလို အမေဖြစ်သူကလဲ သူ့သားလေးကို မကြာမကြာတွေ့ချင်နေတယ်။ သူတို့စိတ်အတိုင်းပဲ ခဏခဏတွေ့ကြပါများတော့ တစ်ယောက်နှင့်တစ်ယောက် အကျွမ်းဝင် အရောဝင်မှုတွေဖြစ်လာတယ်၊ တစ်ယောက်ကို တစ်ယောက် သားအမိစိတ် မဟုတ်တော့ဘဲ ငြိကပ်တွယ်တာတဲ့စိတ်ကနေ ရာဂစိတ်တွေ ၀င်လာတယ်။ ရာဂစိတ်တွေ သောင်းကြမ်းလာတာနဲ့အမျှ သိက္ခာချ လူဝတ်လဲပြီး သားအမိနှစ်ယောက်သည် သားကျင့် မယားအကျင့်တွေအဆင့်ထိ ရောက်သွားကြတယ်။ ရာဂဘီလူးပူးဝင်လာတော့ သားက အမေလို့ မမြင်တော့ဘူး၊ အမေဖြစ်သူကလဲ သားအဖြစ် မမြင်တော့ဘူး။ ဒါ့ကြောင့် ဘုရားက လောကမှာ ဆွဲငင်အား အကောင်းဆုံးသည် မတူညီသော ဆန့်ကျင်သော အာရုံနှစ်ခုတို့ပဲ ဖြစ်ကြောင်း ဟောထားသည်။

အဆိပ်ပြင်းမြွေ
အဆိပ်ပြင်း မြွေအကိုက်ခံရသော သူ သေမှာပဲ။ ရဟန်းတော်များအတွက် မိန်းမတွေဆိုတာ အဆိပ်ပြင်းတဲ့ မြွေပဲ။ သူတို့၏ အပြုံးလေးမြင်လိုက်ရင် အကိုက်ခံရပြီ၊ အသံလေးကို ကြားလိုက်ရုံနဲ့ အဆိပ်တက်ပြီ။ သူတို့ရဲ့အကြည့် အပြုံးတွေကြောင့် အဆိပ်သင့်ပြီး သတိလွတ်သွားတယ်၊ သမဏသညာဆိုတဲ့ ငါ ရဟန်းပါလားဆိုတဲ့ အသိစိတ် သတိပါလွတ်သွားတယ်။ ဒါ့ကြောင့် မာတုဂါ- မသတ္တ၀ါများသည် ရဟန်းတွေ အတွက် အဆိပ်ပြင်းတဲ့မြွေဟု ဘုရားကပြောထားသည်။
တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက သူ၏ ကိုယ်တိုင်ရေး တစ်ဘ၀သံသရာစာအုပ်တွင် သူစာသင်သား ရဟန်းငယ်ဘ၀က အတွေ့အကြုံလေးကို ကဗျာလေးနဲ့စပ်ဆိုထားတယ်။ ရဟန်းငယ်ဘ၀ စာအံကျောင်းသွားစဉ်လို့ ထင်ပါသည်၊ အမျိုးသမီးငယ်တစ်ယောက် အနားက ဖြတ်လျှောက်သွားတာကို လှည့်တောင်မကြည့်ဘဲ သူ၏ အငွေ့နှင့်ပင် ခန္ဓာတစ်ခုလုံး ရှိန်းဖိန်းသွားသည်ဟု ဆိုသည်၊ ကဗျာ လေးချိုး တေးထပ် ၀ါသနာရော ကျွမ်းကျင်နိုင်နှင်းသော ဆရာတော်အလောင်းလျာသည် ချက်ချင်း ကဗျာစပ်လိုက်သည်။ ကဗျာကိုတော့ အစလောက်ပဲ မှတ်မိတော့ သည်။ ‘‘ ကြည့်ရုံ မြင်ရုံ အဆိပ်တက်သမို့ သိပ်ခက်သကွဲ့ အမိတို့ရေ’’ အစချီသော ကဗျာတစ်ပုဒ်ဖြစ်သည်။ ထိုကဗျာထဲတွင်။
ဒဋ္ဌ၀ိသမြွေ- ကြည့်ရုံ မြင်ရုံနဲ့ အဆိပ်တက်သည့်မြွေ၊ ဖုဋ္ဌ၀ိသမြွေ- ထိရုံနဲ့ အဆိပ်တက်သည့် မြွေဟု ရေးထားသည်၊ ပြည့်အစုံကိုတော့ ထိုစာအုပ်တွင် ဖတ်ကြည့်ပါလေ။ အသားထိခြင်း မြင်ခြင်းမျိုး မဟုတ်ဘဲ လေအရှိန်ကြောင့် ကိုယ်ငွေ့သည်ပင် အစွမ်းသတ္တိရှိနေရာကား ထိလိုက်တာနဲ့ အဆိပ်သင့်မှာ အမှန်ပင်ဖြစ်သည်။

တကယ်တော့ ဘုရားရှင်က အမျိုးသမီးတွေကို အပြစ်ပြောတာမဟုတ်ဘူး၊ သာသနာ့ဝန်ထမ်းရှင်ရဟန်းတွေဆိုတာ အမျိုးသားများ (ဖိုသတ္တ၀ါ)များသာ အဓိကဖြစ်နေသည်အတွက် ရဟန်းတော်များကို ကာကွယ်တဲ့ အနေနဲ့သော်၎င်း သူ့သာသနာအတွက်သော်၎င်း ၀ိသဘာဂဖြစ်သော ဆန့်ကျင်သော ဆွဲငင်အားပြင်းသော မသတ္တ၀ါများ၏ တပ်မက်ဖွယ်အာရုံတွေကို စက်ဆုတ်ဖွယ်အဖြစ် ကြောက်ဖွယ်အဖြစ် ရွံဖွယ်အဖြစ် ပေါ်လွင်အောင်ကို ဟောထားခြင်းပဲ ဖြစ်သည်။ ပါဠိစာပေနှင့် အခြားမဃဒေ၀လင်္ကာကဲ့သို့သော စာပေတွေမှာ များစွာတွေ့ရပါလိမ့်မယ်၊ မိန်းမများသည် ကောက်ကွေးသော မြစ်နဲ့တူ၏၊ မိန်းများမှ ထွက်လာသော အနံ့အသက်များသည် မြင်းအနံ့ (မြင်းချွေး) ရှိ၏ စသည်ဖြင့် များစွာတွေ့ရခဲ့သော် ဘုရားရှင်သည် ဤကဲ့သို့ သူ့သာသနာတော်ကို အလေးထားပုံတို့ကို ပို၍ ကြည်ညိုနိုင်ကြပါလေ။ ရဟန်းတော်များ ၀ိသဘာဂကြောင့် ကိလေသာ မပွားရလေအောင် ဟောထားခြင်းဖြစ်သဖြင့် ရဟန်းတော်များအတွက်သာ ဖြစ်ပါသည်။ အမျိုးသမီးများကို အပြစ်မပြောလို၊ အပြစ်သမီးများ ဂုဏ်ရည်များနှင့် အမျိုးသမီးသူရဲကောင်းများလည်း ရှိသဖြင့် ဧတဒဂ်ပေးကာ ချီးမြောက်ထားသည်လည်း ရှိသည်။

ဒီလောက် ကြောက်စရာကောင်းအောင် ရွံစရာကောင်းအောင် ဟောထားတာတောင် ဘာလို့ ကြိုက်ကြမှန်းကို မသိဘူး။ သူများက ထင်လိမ့် ကြီးကြီးကျယ်ကျယ်နဲ့ စာရေးသူကော မကြိုက်ဘူးလားလို့ မေးကောင်းမေးပါလိမ့်မယ်။ အဖြေကတော့ မညာတမ်းပြောရရင် ကြိုက်မိမှာ အမှန်ပါပဲ။ အဆိပ်ပြင်းတာကိုး။

ထို့ကြောင့် မိထွေးဂေါတမီ အမျိုးသမီးရဟန်းမ ဖြစ်ရေးကို အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အမျိုးသမီးများ သာသနာဝင်လာလျှင် သာသနာအသက်တိုမယ်ဆိုတာ မြင်လို့ မြတ်ဗုဒ္ဓက သူ့သာသနာမှာ အမျိုးသမီးရဟန်းမတွေကို ခွင့်မပြုခဲ့ဘူး။ သို့သော်လည်း ကျေးဇူးတရားတွေကို ထောက်ဆပြီး ၀င်ခွင့်ပြုတော်မူခဲ့ရတယ်။

အမျိုးသမီးများနှင့်ဆက်ဆံရာဝယ်
နောက်ပိုင်း မလွဲသာ မရှောင်သာ ဖြစ်လာခဲ့လျှင် အရှင်အာနန္ဒာအား မိန်းမများနှင့် မည်သို့ မည်ပုံ ဆက်ဆံရမည်ကို လမ်းညွှန်းထားသည်။ တခါက အရှင်အာနန္ဒာက ဘုရားရှင်အား မေးသည်၊ မိန်းများနှင့်တွေ့လျှင် ဘယ်လို ပြုကျင့်ရမလဲ? မကြည့်နဲ့ပေါ့ဟု ဘုရားကဖြေသည်၊ အမျိုးသမီးများနှင့်မမြင်အောင်နေပါ။ အကယ်၍ မဖြစ်မနေ မြင်နေရရင်ကော ဘယ်လိုလုပ်မလဲ ဘုရား? စကားမပြောပါနဲ့။ အကယ်၍ ပြောဖို့ကြုံလာရင်ကောဘုရား? သတိထားရမှာပေါ့။ သတိထားဆိုတာက အမေအရွယ်ဆို အမေလို သဘောထား၊ အဒေါ်အရွယ်ဆို အဒေါ်လို့ သဘောထားပါ။ အမအရွယ်ဆိုရင် ကိုယ့်အစ်မကဲ့သို့ စိတ်ထား၊ ကိုယ့်နှမအရွယ်ဆို ကိုယ့်နှမအရင်းလို စိတ်ထားပြီး ပြောပါ။ ဒီနေရာမှာပဲ ဘုရားက အမျိုးသမီးများနှင့် တစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ စကားမပြောဖြစ်အောင်ကို နေဖို့မှာထားသည်။ စကားပြောဖြစ်လျှင် အဆိပ်ပြင်းမြွေအကိုက်ခံရပါလိမ့်မည်။

ခက်တာက ရဟန်းဆိုတာ အမျိုးသမီးတွေကပဲ ဦးဆောင်ပြီး ဆွမ်းလောင်း ဟင်းလောင်းနှင့် အလှူအတန်းတွေမှာ သူတို့က အဓိကဖြစ်နေတာဆိုတော့ သူတို့နှင့် မတွေ့အောင် မမြင်အောင် စကားမပြောပြန်ရင်လဲ စားစရာ ရှားပါးသွားလိမ့်မည်။ တခါတရံ အမျိုးသမီးများကပဲ လူရန် တရားနာရန် သီလဆောက်တည်ရန် ရဟန်းတော်များဖူးမြင်ရန် တောင်းဆိုလာပါလိမ့်မယ်။ ဒါ့ကြောင့် မဖြစ်မနေ မြင်ရ တွေ့ရ ပြောကြရပြီးဆိုရင် ညီအကို မောင်နှမစိတ်မွေးပြီး သတိကပ်ထားဖို့ပဲ ဖြစ်ပါသည်။

ဒီပို့စ်ရည်ရွယ်ချက်

ဒီပို့စ်၏ဆိုလိုသည်မှာ အပိုင်း (၁) မှာတုန်းက ပြောထားသလို ခေတ်ကာလ အလျောက် ပေါ်ပေါက်လာတဲ့ အင်တာနက်ကနေပဲ ဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် ကျားသတ္တ၀ါ ဖြစ်သော ရဟန်းငယ်များနှင့် မသတ္တ၀ါတို့ အနှောင်ဖွဲ့စကားလေးတွေ ပြောကြခြင်းက အဆန်းမဟုတ်ပါဘူး။ မတူညီသော ဆန့်ကျင်ဘက် ၂ ခုတို့၏ ဆွဲငင်အားကြောင့်သာ ဖြစ်သည်။ ဒါဆိုရင် မြွေအကိုက်ခံရပြီပေါ့။

ဆွဲငင်အားတို့ မလွမ်းမိုးမိအောင်

သို့သော်လည်း ရဟန်း (ဘိက္ခု) ဆိုသူတို့သည် ထိုဆွဲငင်အားတို့မှ လွတ်ရာ လွတ်ကြောင်း အားထုတ်နေသူများ ဖြစ်ကြသည့်အတွက် ထိုဆွဲငင်အားတို့ မလွမ်းမိုးမိအောင်၊ အဆိပ်ပြင်းမြွေ မကိုက်မိအောင် ရှောင်နည်းများကို မြတ်ဗုဒ္ဓက နည်းမျိုးစုံနဲ့ ပြထားပါတယ်။

တခါက--သူဋ္ဌေးလေး ယသအမျိုးသားမှာ ဆောင်းရာသီ, နွေရာသီ, မိုးရာသီ ဟုသော ဥတုသုံးမျိုးအတွက် ထိုဥတုအသီးအသီးနှင့် သင့်လျော်သော နားနေဆောင် သုံးမျိုး ဖန်တီးထားသည်၊ ထိုအဆောင် သုံးမျိုးလုံးမှာလဲ မြိုနယ်အသီးသီးမှ အလှကလေးတွေ အလန်းကလေးတွေချည်း ပျော်ပါးဖို့ ခေါ်ထားသည်။ တနေ့တော့ သူအိပ်ယာက စောစော နိုးလာတော့တော့ သူမြင်လိုက်ရတဲ့ မြင်းကွင်းက ‘‘အချို့လန်းပါတယ်ဆိုတဲ့ မိန်းမလှလေးတွေတွေ ပါးစပ်ဟောင်းလောင်းနဲ့ အိပ်နေပုံ၊ အချို့ကလေးမလေးတွေကတော့ ပါးစပ်ဟောင်းလောင်းဖြစ်ရုံမဟုတ် တခေါခေါ တဂူးဂူး အသံအမျိုးစုံနဲ့ ဟောက်တောင် ဟောက်နေကြသေးတယ်၊ အချို့ကျပြန်တော့ တကျီကျီနဲ့ သွားကြိတ်အသံတွေ၊ အချို့ကတော့ ပါးစပ်က သွားရည်တွေ ယိုစီးလို့၊ အချို့ကျပြန်တော့ ဆံပင်တွေ စုတ်ဖွားဖြစ်ပြီး ရှုပ်ရှက်ခက်နေသည့် ဟန်အမျိုးမျိုး ပုံစံအမျိုးမျိုး’’တို့ကို မြင်လိုက်ရတော့ ‘‘အော်--ကြည့်စမ်း ဖီးလိမ်းခြယ်ထားတော့ လှတယ် တပ်မက်ဖွယ်လို့ ထင်ထားခဲ့ အလန်းလေးတွေက ကြည့်စမ်း-- အခုတော့ စပ်ဆုတ်ရွံဖွယ်တို့ဖြင့် ပြည့်နေသော အသုဘကြီးပါတကားးးးဟု တွေးပြီး သူ့စိတ်ထဲမှာ နဂိုတပ်မက်တဲ့ နေတဲ့ ရာဂစိတ်တွေ တဒင်္ဂ ကုန်သွားတယ်။ အဲဒီအချိန်ကစပြီး ရဟန်းပြုသွားကြတာပဲ။

ရဟန်းများ၏ ယူနီဖောင်း

ဘုရားရှင်က အဆိပ်ပြင်းမြွေ အကိုက်ခံရခြင်းမှ ကာကွယ်ဖို့ သူ့တပည့်တွေကို ပုံစံတစ်မျိုး လူဝတ်ကြောင်များနှင့် မတူအောင် ဖန်တီးပေးထားခြင်းဖြစ်ပါတယ်။ သူတီထွင် ဖန်တီးထားတဲ့ ယူနီဖောင်းပုံစံက တပ်မက်စရာမရှိ အလှအပကင်းတဲ့ ပုံစံပါ။ ကာလာစုံ အရောင်စုံတွေကို ပယ်ပြီး တစ်ရောင်တည်း တစ်သွေးတည်းသော အ၀တ်၊ ပုံစံမျိုးစုံ မရှိ တစ်မျိုးတည်းသော ပုံစံ၊ ညက်ညော ပြေပြစ်သော အ၀တ်မျိုးမဟုတ်ဘဲ လယ်ကွင်း လယ်ယာကဲ့သို့သော အကြောင်းလိုက် အကွက်လိုက်သော ချုပ်ရိုးများဖြင့် ဖန်တီးထားသော အ၀တ်၊ ပုခုံးတစ်ဖတ်ဖော်သော စတိုင်လ်၊ အလှ အပနှင့် တပ်မက်မှုကို ဖြစ်စေသော အမွှေးအမြင်မှန်သမျှ ပယ်ပြီး လူများနှင့် မတူသော ပုံစံသစ်တစ်ခုကို ဖန်တီးပေးလိုက်ခြင်းဟာလဲ တပ်မက်စရာ မရှိအောင်၊ အဆိပ်ပြင်းမြွေ အကိုက်မခံရအောင် ဖန်တီးပေးလိုက်ခြင်းပဲ ဖြစ်ပါသည်။ ထို့ကြောင့် အဆိပ်ပြင်းမြွေမှကာကွယ်သော ယူနီဖောင်းကို တန်ဖိုးရှိရှိ ၀တ်ရုံသင့်ပါတော့ သတည်းးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၆-၂၀၁၁

29 June 2011

ခေါင်းဆောင်တို့ ကျင့်စဉ်



သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲ
တတိယမြောက်နေ့၌
ကြွရောက်လာသော လူမှုအဖွဲ့အစည်း ပရိသတ်တို့အား

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရဟောကြားအပ်သော



ခေါင်းဆောင်တို့ ကျင့်စဉ်

သုမင်္ဂလော အယံကာလော၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့အခါကောင်းပါ။ မင်္ဂလာကောင်း အခါကောင်းမှာ အားလုံးကို မင်္ဂလာစကားပြောပါမယ်။ မင်္ဂလာစကား ပြောကြားခွင့် ရလို့၊ ပြောကြားခွင့်ရဆိုရာမှာ အသင်းအဖွဲ့ပေါင်းစုံ၊ လူမျိုးလည်း တော်တော် စုံတဲ့ ပွဲမှာ ပြောကြားခွင့်ရလို့ ပိုပြီးတော့ ၀မ်းသာတယ်။
ရှေးဦးစွာ နားထောင်ကြတဲ့ ပရိသတ်ကို မေတ္တာရပ်ခံထားချင်တာ နှစ်ခု ရှိပါတယ်။ တစ်ခုက ငြိမ်ငြိမ်တိတ်တိတ်၊ တိတ်တိတ်ဆိတ်ဆိတ် မြတ်စွာဘုရားကြိုက်တဲ့ မူဝါဒ၊ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ရဲ့ Country-side-ဒေသမှာ ရဟန်းခံ လာကြတဲ့ ကျေးလက်က ရဟန်းအပါး (၅၀၀) ဘုရားနဲ့ သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့ နေရာကို ဘုရားဖူးဖို့ ရောက်လာကြတယ်။ ဟိုအလွန်ဝေးတဲ့ Remote place-ကနေ သာဝတ္ထိဆိုတဲ့ Capital-ကို ရောက်တော့ သူတို့မှာ မမြင်ဘူးတာ၊ မတွေ့ဘူးတာတွေ၊ မကြားဘူးတာတွေ သိပ်များတော့ မြင်လိုက်ရင် ဟာကနဲ့၊ ဟယ်ကနဲ့ အခုနက တမ္ပ၀တီဦးဝင်းမောင်ပြောတဲ့ ပန်းဆယ်မျိုးကို စိတ်ဝင်စား တတ်ရင် ဒီကျောင်းတော်ကြီး ထဲမှာ ဟာ, ဟယ် ဒီလိုဖြစ်တယ်။ အဲဒီလို ဇေတ၀န် ကျောင်းတော်ကြီးကို ရောက်တော့ တအံ့တသြတွေ ဖြစ်တော့ တပါးနဲ့ တပါး အပါး (၅၀၀) တောက ကိုယ်တော်တွေရော၊ မြို့က ကိုယ်တော်တွေရော ဆုံလိုက်တော့ နှုတ်ဆက်စကား ပြောတာ၊ တောကကိုယ်တော် (၅၀၀)နဲ့ မြို့က ကိုယ်တော် အပါး (၅၀၀)စကား ပြောရင် အပါး (၁၀၀၀)ပြောတဲ့ စကားဖြစ်မယ်။ အဲဒါတွေ ဇေတ၀န် ကျောင်းတိုက်ကြီးမှာ ညံနေတာ၊ ဆူနေတာ၊ အဲဒါတွေ မြတ်စွာဘုရားကြားတော့… ဟဲ့ ဟဲ့. . . ညံလှချည်လား ကျောင်းတိုက်ကြီးမှာ ဘာသံတွေလဲ? တောရဟန်းနဲ့ မြို့ရဟန်းတွေ မတွေ့တာကြာလို့ နှုတ်ဆက်တဲ့ အသံတွေ ပါဘုရား။
ဟယ်… အင်းကြီးတစ်ခုမှာ တံငါသည်တွေ ငါးပက်တော့ ရေတွေကခန်း ငါးတွေက ကျိကျိတက် ပေါ်လာတဲ့အခါ တံငါသည်တွေ လုပြီးတော့ ငါးဖမ်းတော့ ဆူညံနေတဲ့ အသံတွေလိုပဲလို့ ဘုရားရှင်က ဆိုတော်မူတယ်။ ရဟန်းတော်တွေ တံငါသည်တွေ ငါးဖမ်းသလို ဆူညံနေတယ်။ ဘယ်သူ့တပည့်တွေလဲ? အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့ရဲ့ တပည့်တွေပါဘုရား၊ သွား. . . မင်းတို့ တပည့်(၅၀၀)ကိုခေါ်, မင်းတို့ ကျောင်းကထွက်၊ အရှင်သာရိပုတ္တရာရော၊ အရှင်မောဂ္ဂလာန်ရော တပည့်တွေကို ကောင်းကောင်း မဆုံးမနိုင်လို့ မြတ်စွာဘုရားက ဘာလုပ်လိုက်လဲ? ပရိသတ်ပြော၊ မြတ်စွာဘုရားက ဘာလုပ် လိုက်လဲ? နှင်ထုတ်လိုက်ပါတယ်ဘုရား။ ဘုန်းကြီးကျောင်းက အထုတ် ခံရမှာ ကြောက်လို့ အားလုံးပရိသတ်က ငြိမ်ငြိမ်နေကြပါ။ ဘုရားက အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်ကို ဘာလုပ်လိုက်လဲ? တပည့်တွေကို ကောင်းကောင်း မဆုံးမနိုင်တော့ ဆရာပါ နှင်ထုတ်တယ် မဟုတ်လား? တင်ပါဘုရား။
ဒီကနေ့ အားလုံးလာကြတဲ့ ပရိသတ်ဟာ ဘုန်းကြီးကို ဆရာလို့ သဘောထားရင် အားလုံးက ကိုယ့်ကိုယ်ကို တပည့်လို့ သဘောထားရင် တပည့် ဆူရင် ဆရာပါ ဘာဖြစ်လဲ? နှင်ထုတ်ခံပါတယ်ဘုရား။ နှင်ထုတ်ခံရမှာ ကြောက် ပါတယ်။ အားလုံးပဲ ငြိမ်ငြိမ်နေကြပါ။

နောက်တစ်ချက် မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက် ဓာတ်တော်တွေကို ဝေခြမ်းမလို့ ပြင်ဆင်တဲ့နေ့က ရှစ်ပြည်ထောင်မင်းတို့ ဓားလှံလေးမြှား လက်နက်တွေနဲ့ ဓာတ်တော်တွေကို လုမလို့ အုံးအုံးကျွက်ကျွက် ဓားတ၀င်းဝင်း၊ လှံတ၀င်းဝင်း ဖြစ်ကြတယ်။ အိမ်ရှင်နိုင်ငံဖြစ်တဲ့ မလ္လာမင်းတို့ကလည်း တို့နယ်မြေမှာ ပရိနိဗ္ဗာန်စံတဲ့ မြတ်စွာဘုရားရဲ့ ဓာတ်တော်ဟာ တို့ပဲ ပိုင်တယ်။ ဘယ်သူ့မှ မပေးဘူး။ ကျန်တဲ့ မင်း ခုနစ်ပါးတို့ကလည်း တို့ဘုရားမို့ တို့လည်းပိုင်တယ်။ မြတ်စွာဘုရားကို အမျိုး တော်ချင်ကြတာနော်။ ပရိသတ်ရေ… ဘာဖြစ်ချင်ကြတာလဲ? အမျိုးတော်ချင် ကြတာပါ ဘုရား။ အခု ခင်ဗျားတို့ ဘာကို အမျိုးတော်ချင်ကြတာလဲ? ကိုယ်တော် ချင်တဲ့ အမျိုး ကိုယ့်ဘာသာကို ရှာ။ ဘုရားကို အမျိုးတော်ချင်ကြလိုက်ကြတာ။ အဇာတသတ်ကလည်း မြတ်စွာဘုရားက တို့အမျိုး၊ ကပိလ၀တ်က သာကီဝင်တွေနဲ့ ဒေ၀ဒဟက ကောလိယ၀င်တွေကတောင် ဘာမှ မပြောရသေးဘူး၊ အဇာတသတ်က စပြောလာတယ်၊ ဘုရားဟာ တို့အမျိုးတဲ့….၊ ဒီလို ဒီလို။ အဲဒီတော့ သူလည်း ဘုရားအမျိုး ငါလည်း ဘုရားအမျိုး ဒီလိုဖြစ်ကုန်တယ်။ ဘာလိုချင်လို့လဲ? ဓာတ်တော်လိုချင်လို့။ အဲဒီတော့ ဓားတ၀င်းဝင်း လှံတ၀င်းဝင်းနဲ့ ဓာတ်တော်လုတဲ့ ပွဲ။ ဘုရားအမျိုးတွေက ဓားလှံတ၀င်းဝင်းနဲ့ ဓာတ်တော်လုမလို့ ဖြစ်တော့ အခြေအနေက မကောင်းဘူး။ အဲဒါကို ထိန်းမည့် ပုဂ္ဂိုလ်က မရှိဘူး။

အဲဒီတော့ ပေါ်လာတဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲဆိုတော့. . . ဟိုရှေးတုန်းက တက္ကသီလဆိုတဲ့ မြို့တော်ကြီးမှာ နှစ်ပေါင်းများစွာ ဆရာလုပ်ခဲ့ဘူးတဲ့ တက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစား ဒေါဏ၊ သူက ဒီပွဲရောက်နေတာ။ ကြည့်လိုက်တော့ ဓားတ၀င်းဝင်း လှံတ၀င်းဝင်းနဲ့ ဓာတ်တော် လုမည့် မင်းတွေဟာ ဒီကောင်တွေ အကုန်လုံး ငါ့တပည့်တွေ။ ငါ့တပည့်တွေ ငါပြောရင် ရလောက်တယ်ဆိုပြီးတော့ စင်မြင့်ပေါ် တက်ပြီးတော့ သူကအော်လိုက်တာ။ ပါမောက္ခချုပ်ဒေါဏဆရာကြီး အော်တဲ့ စကား (၂)ခွန်း မှတ်ရအောင်။ "အမှာကံ ဗုဒ္ဓေါ ခန္တိဝါဒေါ" တို့များရဲ့ ဘုရားဟာ ခန္တီဝါဒီပုဂ္ဂိုလ် ဖြစ်တယ်။ တို့ဘုရားဟာ ဘာဝါဒကို ကိုင်ထားလဲ ပရိသတ်? ခန္တီဝါဒပါဘုရား၊ ခန္တီဝါဒ။ ဒီထဲကလူတွေ ဘာဝါဒတွေ ကိုင်ထားလဲ? ကိုင်ချင်တဲ့ ၀ါဒကိုင်၊ အဲဒါတွေ အားလုံး ခန္တီဝါဒအပေါ်မှာ အခြေဆိုက်ရမယ်။ ခန္တီ. . . မြေကြီးပေါ်မှာ ဒီလူတွေ နေတယ်၊ ဒီလူတွေ နေ့တိုင်း. . ., စကားလုံးလေး နဲနဲရိုင်းရိုင်းလေးပြောရင် ခန္တီအဓိပ္ပါယ် ပိုရှင်းတယ်။ သည်းခံပြီး နားထောင်ပါ၊ ဂမ္မဒေါသရောက်တယ်လို့ အပြစ်မတင်ပါနဲ့၊ ဒီမြေကြီးပေါ်မှာ နေတဲ့ ဒီလူတွေ ဒီမြေကြီးပေါ်မှာ ဒီလူတွေ ချေးယိုတယ်၊ သေးပေါက်တယ်။ မြေကြီးဘယ်တော့မှ reject-မလုပ်ပါဘူး။ ယိုချင်တိုင်း ယို၊ အရှိ အရှိအတိုင်းထား။ ဒီလူတွေပဲ ဒီမြေကြီးကို လှချင်လို့ ပန်းတွေနဲ့ အလှပြင်ပြန်ရော…၊ ဟာ… ငါ့မြေကြီး သိပ်လှနေပြီ ဆိုပြီးတော့ စိုက်ထားတဲ့ ပန်းပင်တွေကို ဒီမြေကြီးက attach-လည်း မဖြစ်လို့ accept-လည်း မလုပ်ပါဘူး။ လှလို့လည်း မမက်မောဘူး။ ညစ်ပတ် အရုတ်ဆိုးလို့လည်း စိတ်မပျက်ဘူး။ အဲဒါဟာ quality, qualification of leader. ခေါင်းဆောင်တွေမှာ ဒါဟာ အရေးကြီးတဲ့ အရည်အချင်းပဲ။ ကောင်းချင်တိုင်းကောင်း မမက်မောဘူး၊ ဆိုးချင်တိုင်းဆိုး စိတ်မပျက်ဘူး။ မြေကြီးနဲ့ တူတဲ့အကျင့် ခန္တီခေါ်တယ်။ အကျယ်တ၀င့်ပြောဖို့ ဘုန်းကြီးတို့ ဒီနေ့ အချိန်မယူပါဘူး။ နိဒါန်းလောက်ပြောရင် ဘုန်းကြီးတို့ တရားတွေ ရှာနာပါ။ ခန္တီ။ အမှာကံ ဗုဒ္ဓေါ အဟု ခန္တိဝါဒေါ။ တို့ဗုဒ္ဓဟာ ဘာဝါဒလဲ? ခန္တီဝါဒပါဘုရား။ အားလုံးမြေကြီးလို ကျင့်သုံး ကြရမယ်။ မကောင်းဆိုးဝါးတွေ လာချင်တိုင်းလာ စိတ်မပျက်ပါဘူး။ အကောင်းနဲ့ အဆိုးတွေ ပေးချင်တိုင်း ပေး၊ မမက်မောပါဘူး။ ခန္တီတရား. . . ဒါဟာ ဗုဒ္ဓရဲ့ ၀ါဒပဲ။

နောက်တခု အမှာကံ ဗုဒ္ဓေါ သန္တိဝါဒေါ။ ခန္တီဝါဒကို မကိုင်နိုင်ရင် သန္တိဝါဒကို ချမှတ်လို့ မရဘူး။ မခံနိုင်ဘူးဟေ့လို့ဆိုရင် သန္တိဟာ မဖြစ်နိုင်တော့ဘူး။ နောက် လာမည့်ဝါဒက ဘာလဲဆိုတော့ သန္တိဝါဒ။ ဘာများပါလဲ? သန္တိဝါဒပါဘုရား။ နောက် လာမည့်ဝါဒက သန္တိဝါဒ။ တို့ဘုရားရဲ့ဝါဒက သန္တိဝါဒ။ ကုလားလို့ ပြောရရင် သျှန္တီဝါဒ။ ငြိမ်းချမ်းတဲ့ဝါဒ။ ခန္တီရှိတော့မှ သန္တိ။ အဲဒီမှ ခန္တီရဲ့နောက်မှ မေတ္တာ ပါလာမယ်။ မေတ္တာကို တဆက်တည်းပြောရရင် ရေနဲ့တူအောင် ကျင့်။ ရေ… မြန်မာနိုင်ငံမှာ ရေပေါင်းများစွာမှာ Brand name-တွေ တစ်ရာကျော်လောက် ရှိမယ်ထင်တယ်။ ဘယ်နာမည်နဲ့ ထုတ်တဲ့ ဘာရေပဲ ဖြစ်ဖြစ် သတ္တိက နှစ်မျိုးထဲပဲ- သန့်ရှင်းတာနဲ့ အေးချမ်းတာ။ ဘယ်နမျိုးလဲ? နှစ်မျိုးပါဘုရား။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းစသည် နာမည်ပဲ ကွဲတယ်။ သောက်လိုက်ရင် အေးတယ်၊ ချိုးလိုက်ရင် သန့်ရှင်းတယ်။ တရုတ်၊ ကုလား၊ အမေရိကန် ဘယ်တိုင်းပြည်ကထွက်တဲ့ ရေပဲ ဖြစ်ဖြစ် ဘာရလဲ? သန့်ရှင်းတာနဲ့ အေးချမ်းတာ နှစ်မျိုးပဲ ရတယ်။ ကုလားရေကို တရုတ်သောက်လည်း ဒီနှစ်မျိုးပဲ အကျိုးထွက်တယ်။ တရုတ်ရေကို ကုလားသောက်လည်း ဒီနှစ်မျိုးပဲ အကျိုးထွက်တယ်။ မေတ္တာဆိုတာ ရေနဲ့တူတယ်။ လူသားတိုင်းကို တညီတည်း အေးချမ်းစေချင်တယ်။ လူသားတိုင်းကို တညီတည်း နှလုံးစိတ်ဝမ်းအေးချမ်းစေချင်တယ်။ ဘ၀သန့်ရှင်းစေချင်တယ်။ အဲဒါ ခန္တီနဲ့ မေတ္တာ၊ မေတ္တာနဲ့ ခန္တီ၊ အဲဒါဘယ်သူ့ဝါဒလဲ? ဗုဒ္ဓရဲ့ဝါဒပါဘုရား။ အဲဒီနှစ်ခုလက်ကိုင်ထားမှ နောက်ကဘာရလဲ? သန္တိဆိုတဲ့ Peace ငြိမ်းချမ်းခြင်းကို ရနိုင်တယ်။ ဆိုတော့… ဘုရားကို အကြောင်းပြုပြီး ဓားတ၀င်းဝင်း လှံတ၀င်းဝင်း မလုပ်ကြနဲ့။ တို့ဘုရားဟာ ခန္တီဝါဒ, သန္တိဝါဒ။ သန္တိဝါဒဘုရားကို အကြောင်းပြုပြီးတော့ ဓားတွေ တ၀င်းဝင်း၊ လှံတွေ တ၀င်းဝင်း မပြကြနဲ့ဟေ့။ ဓားတွေ လှံတွေ ချလိုက်ကြ။
ဒီတော့ ရှစ်ပြည်ထောင် မင်းတွေ အကုန်လုံးက ကြည့်ကြတယ်၊ အသံဝါကြီးနဲ့ အော်နေတာ ဘယ်သူများလဲ? ဒါ. . .တို့ဆရာကြီး၊ ဆရာကြီးပြောတဲ့ စကားတော့ တို့နားထောင်မှပဲ။ အားလုံး ဓားလှံတွေ ချပြီးတော့ ဓာတ်တော်ဝေပွဲဟာ အေးအေး ချမ်းချမ်း ပြီးသွားတယ်။ အဲဒါကြောင့် ဒီကနေ့ ဗုဒ္ဓတက္ကသိုလ်ကြီး ဖွင့်ပွဲကို ကြွရောက်လာကြတဲ့ အသင်းဖွဲ့ ပရိသတ်အားလုံးတို့ အငြိမ်းစားပါမောက္ခချုပ်ဟောင်း ဦးဒေါဏပြောတဲ့ ခန္တီတရား၊ သန္တိတရား လက်ကိုင်ထားပြီးတော့ ဒီကနေ့ ဒီအစည်းအဝေး၊ ဒီအခမ်းအနားက စပြီးတော့ မည်သည့်လုပ်ငန်းကို ဆောင်ရွက်စေကာမူ ဗုဒ္ဓရဲ့ ဒီဝါဒနှစ်ပါး လက်ကိုင်ထား။ ခန္တီနဲ့ မေတ္တာလက်ကိုင်ထား၊ သန္တိဖြစ်အောင် ဆောင်ရွက်ကြပါလို့ ဘုန်းကြီးက ဒုတိယအနေနဲ့အားလုံးကို တိုက်တွန်းပါတယ်။
နောက်တတိယပြောချင်တဲ့ အချက်က လာကြတဲ့ ပရိသတ်တွေ လူမှုရေး ဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ၊ ဘာသာရေးဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ၊ နိုင်ငံရေး ဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ ဆိုင်းဘုတ်ကတော့ အမျိုးမျိုးပဲ။ ဘာသာရေး အသင်း အဖွဲ့လည်း နာမည်မျိုးစုံပဲ၊ လူမှုရေးအဖွဲ့လည်း နာမည်မျိုးစုံပဲ၊ နိုင်ငံရေးအဖွဲ့လည်း နာမည်မျိုးစုံပဲ၊ အဲဒါ ဆိုင်းဘုတ်တွေပဲ။ အဲဒီဆိုင်းဘုတ်တွေကို ခွာပြီးတော့ အရှိကို အရှိအတိုင်း ကြည့်နိုင်ဖို့တော့ တော်တော် အရေးကြီးတယ်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် ဗမာပြည်မှာ အလွန်အရေးပါတဲ့ မြစ်ကြီးတွေ။ ဧရာဝတီရယ်၊ ချင်းတွင်းရယ်၊ စစ်တောင်းရယ်၊ သံလွင်ရယ်၊ ကုလားတန်ရယ် နာမည်တွေ အများကြီးပဲ။ အဲဒီ different name-တွေဟာ ဘယ်အပေါ်မှာပဲ ရှိတာလဲ? Only in the land, မြေကြီးပေါ်မှာပဲ။ သူတို့ရဲ့ ဦးတည်ချက်က ဘယ်မှာလဲ? They are flowing successfully, continuously, their destination is only ocean။ သူတို့ရဲ့ destination-က တစ်ခုတည်းပဲ။ မြစ်တွေနာမည်သာ ကွဲတာ၊ ပန်းတိုင်က တစ်ခုတည်းပဲ။ အဲဒါကို ကောင်းကောင်းကြီး မြင်ဖို့ လိုတယ်။ အဲဒါ clear vision-လို့ ခေါ်တယ်။ ပါဠိလိုပြောရင် သမ္မာ ဒဿန-လို့ ခေါ်တယ်။ အဲဒီ clear vision-မဖြစ်သေးသမျှ ဧရာဝတီက ကြည်တယ်ကွ၊ ချင်းတွင်းက နောက်တယ်ကွဆိုရင် အဲဒီမှာ conflict-ဖြစ်တာပဲ။ နာမည်ကို ဖောက်ပြီး ရေကို ရောက်အောင် ကြည့်ပါ။ ဟုတ်ပီလား? တင်ပါပါဘုရား။ နာမည်ကို ဖောက်ပြီး ရေကို ရောက်အောင် ကြည့်လိုက်ရင် ရေက ဘာဖြစ်လဲ? သတ္တိနှစ်မျိုးပဲ ရှိတယ်။ ဘာနဲ့ ဘာလဲ? သန့်ရှင်းခြင်းနဲ့ ကြည်လင်ခြင်းပါဘုရား။ ဧရာဝတီလည်း ဒါပဲ၊ ချင်းတွင်းလည်း ဒါပဲ။ သံလွင်ကော၊ စစ်တောင်းကော? ဒါပဲ။ နာမည်ကို ငြင်းခုံနေရင်ဖြင့် ပင်လယ်ကို တော်တော်နဲ့ ရောက်ကြမှာ မဟုတ်ပါဘူး။ မြစ်ရေတွေဟာ ပင်လယ်ထဲ စီးသွားကြတယ်၊ ပင်လယ်ထဲရောက်တော့ . . . ဟေ့ ဧရာဝတီကရေ ချင်းတွင်းထဲ လာမပေါင်းနဲ့ဆိုပြီးတော့ ဟိုမှာ ရသေးလား? မရပါဘူး ဘုရား။ စစ်တောင်းက ရေလည်း ဧရာဝတီရေနား မကပ်နဲ့၊ တခြားစီနေကြ, နေလို့ ဖြစ်သေးလား? မဖြစ်ပါဘူးဘုရား။ အဲဒါတကယ့် United-ပဲ၊ တကယ့် Unity-ပဲ၊ တကယ့် Harmony-ပဲ။ ဘယ်ထဲမှာ သွားပေါင်းလဲ? ငန်သော အရသာ၊ ပြာသောအဆင်းဆိုတဲ့ ပင်လယ်ကြီးမှာ မြစ်အားလုံးတို့က ရေတွေ ပေါင်းသလိုပဲ။ သန္တိဆိုတဲ့. . . ဗုဒ္ဓရဲ့ စကားအရပြောရင် ငြိမ်းချမ်းတဲ့ နိဗ္ဗာန်မှာ အားလုံး ပေါင်းဖို့ရန်အတွက် ကုန်းမြေပေါ်မှာ နေနေခိုက် နာမည် လေးတွေကို ကြည့်ကြည့်ပြီးတော့ ငြင်းခုံ မနေကြပါနဲ့။

အခုဒီမှာ အားလုံး ထိုင်နေကြတယ်၊ ဒါဘာလဲ? ဗုဒ္ဓတက္ကသိုလ် Convocation hall, နာမည်က ဒီအတိုင်းပေးထားတယ်။ အကယ်၍ ဒီအဆောက်အဦးကြီးထဲမှာ ဘုရင်ကြီးနဲ့ မိဖုရားကြီးလာနေတယ်ဆိုလို့ရှိရင် ဗုဒ္ဓတက္ကသိုလ် Convocation hall-မဟုတ်တော့ဘူး၊ Palace-ဖြစ်သွားမယ်။ အကယ်၍ ငါးပိတွေ ငါးခြောက်တွေ လာတင်ရောင်းတော့ ဘာဖြစ်သွားမလဲ? Bazaar, Market- ဈေးကြီး ဖြစ်သွားမယ်။ အကယ်၍ အရက်တွေ, ဘာတွေ လာရောင်းကြမယ်၊ ခေါက်ဆွဲတွေ, ဘာတွေ လာကြော် ရောင်းကြမယ်ဆိုတော့ ဒီအဆောက်အဦးကြီးက ဘာဖြစ်သွားမလဲ? Bar and restaurant ဖြစ်သွားမယ်။ ဘာလဲ? နာမည်တွေ ပြောင်းတာ။ တကယ့် Structure-က ဘာလဲ? သံချောင်းရယ်၊ အုတ်ရယ်၊ အင်္ဂတေရယ် ဒါပဲ။ နန်းတော်ကြီးလည်း ဒါနဲ့ပဲ ဆောက်တယ်၊ အိမ်သာလည်း ဒါနဲ့ပဲ ဆောက်တယ်၊ ဘုရားကျောင်းလည်း ဒါနဲ့ပဲ ဆောက်တယ်။ အထဲက သံချောင်းနဲ့၊ အုတ်နဲ့၊ အင်္ဂတေနဲ့ အဲဒါကို မမြင်တော့ အပေါ်က အဆောက်အဦးကြီးလောက် ကြည့်ပြီးတော့ ဘာဖြစ်လဲ? Beauty, I love. Ugly-ဆိုတော့ I hate။ အဲဒါတွေ မဖြစ်ရအောင် reality-ကို မြင်အောင် ကြည့်ရအောင်။ အရှိတရားနဲ့ အမှန် တရားဟာ အထဲမှာ ရှိတာ။ ပါဠိကို ရွတ်ချင် ရွတ်ပေါ့ . . . အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓံ ၀ါ။
တကယ်တော့ နာမည်တွေက အလကားပါ၊ နာမည်တွေ သိပ်များရင် သိပ်စကားများတယ်။ မြတ်ဗုဒ္ဓရဲ့လမ်းက "ဧကာယနော မဂ္ဂေါ"။ တစ်လမ်းထဲပဲ။ အားလုံး အရှိနဲ့ အမှန်ကို မြင်အောင်ကြည့်။ ရေရဲ့ သတ္တိကို မြင်အောင်ကြည့်။ မြစ်တွေရဲ့ အပေါ်ယံ နာမည်ကို ဖောက်၊ ရေရောက်အောင် ကြည့်ပြီးတော့ အေးချမ်းသော နှလုံးသား၊ သန့်ရှင်းသော နှလုံးသားကို တည်ဆောက်ပြီးတော့ ငန်သောအရသာ ပြာသောအဆင်း ဆိုတဲ့ ပန်းတိုင်၊ ပန်းတိုင်ကတော့ ဘာလဲ မသိဘူး။ ဘုန်းကြီးတို့ အခုထိ မသိသေးဘူး ပန်းတိုင်က ဘာလဲလို့။ အဲဒီပန်းတိုင် တခုခုမှာ အကုန်လုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပေါင်းဆုံးဖို့ရန် ဒါအရေးကြီးပါတယ်။ အဲဒါကြောင့် ခန္တီတရားနဲ့ မေတ္တာတရားပါ။ ဒီတော့ ဘာပြောမလဲ? Capitalist-လား? Socialist-လား? Communist-လား? အဲဒါတွေဟာ အကား၊ နာမည်တွေပဲ။ လူသား။ အဲဒီ Label-တွေကို ခွာထား။ အားလုံးဘာတွေလဲ? လူသားတွေ။ အဲဒါလေးကို ကြည့်ကြပါ။ လူသားတွေပဲ။ "သဗ္ဗေ၀ အညမညေဟိ ပိယစက္ခူဟိ သမ္ပဿန္တာ ၀ိဟရန္တု"။ သတ္တ၀ါအားလုံး အချင်းချင်း ချစ်ခင်သော မျက်လုံး တို့ဖြင့် တစ်ယောက်နဲ့ တစ်ယောက် ကြည့်နိုင် ကြပါစေကုန်သတည်း။ အားလုံးလည်း နေ့တိုင်း ဒီဆုကို တောင်း၊ မေတ္တာနာနာပို့။ "ချစ်သောမျက်လုံးနဲ့ ကြည့်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်သော မျက်လုံးဖြင့်ကြည့်နိုင်ကြပါစေ"လို့ ဘုန်းကြီးတို့ရဲ့ ဆုတောင်းကိုလည်း အစဉ်သဖြင့် ဘုန်းကြီးတို့ရဲ့ နှလုံးသားထဲမှာ တကယ်ရှိတဲ့ ဒီဆုတောင်း, အဲဒါကို ဘုန်းကြီးတို့ တောင်းဆိုပါတယ်။
အဲဒါကြောင့် clear vision, ပါဠိလိုပြောရရင် သမ္မာ ဒဿန-ရှင်းသောဉာဏ် အမြင်ကို ရအောင် အပေါ်ယံက label-တွေကို ခွါထား၊ လူသားတွေဟာ လူသား အချင်းချင်း လူသားမျက်စေ့နဲ့ ချစ်သောမျက်လုံးနဲ့ အားလုံးကြည့်နိုင်အောင် ကြိုးစား လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။

"နတ္ထိ ဘိက္ခဝေ အနမတဂ္ဂေ သံသာရေ အဉာတိဗုဗ္ဗော" ဘ၀သံသရာမှာ ညီ အစ်ကို၊ မောင်နှမ၊ ဆွေမျိုး ဉာတိ မတော်ဘူးတဲ့ သတ္တ၀ါ မရှိပါဘူး။ မြတ်စွာဘုရား သံသုမာဂီရိကို ရောက်တော့၊ သံသုမာဂီရိဆိုတာ ဗာရာဏသီ အနီးနားမှာ။ သံသုမာဂီရိမြို့က ဘုရားရဲ့ ဆွေများ, မျိုးများနေတဲ့ ဟို. . .ဟိမ၀န္တာတောင်ခြေမှာ အဝေးကြီးပဲ။ သံသုမာဂီရိကို ဘုရားရောက်တော့ အဘိုးကြီး အဘွားကြီး နှစ်ယောက် မြတ်စွာဘုရား အိမ်ရှေ့ရောက်တာ မြင်မြင်ချင်း ထွက်ပြေးလာပြီးတော့. . . ဟာ. . . ငါ့သားကြီး အိမ်ကို မလာတာကြာပီ ဆိုပြီးတော့ ဘုရားရှင်လက်ကို ဆွဲပြီးတော့ အိမ်ပေါ်ကို ခေါ်သွားတယ်။ ဘုရားရှင်က လိုက်သွားတယ်၊ ဘာမှ မပြောဘူး။ သံဃာတော်တွေက အံ့သြငေးမောနေတာ။ အိမ်ပေါ် ရောက်တော့ သားကြီးဆိုပြီးတော့ ပုဏ္ဏားကြီးက ချွေးလေး ဘာလေးသုတ်, ခြေလေး ဘာလေး ဆေး, အဘွားကြီးကလည်း ဆွမ်းတွေ ဘာတွေပြင်၊ ငါ့သားကြီးဆွမ်းမကျွေးရတာ ကြာပြီ, စား။ သား အမိ အရင်းလို ပြုစုကြတာ။ နကုလပီတာ နကုလမာတာ။ အဲဒီတော့ အရှင်မောဂ္ဂလာန်၊ အရှင်အာနန္ဒာစတဲ့ သံဃာတော်တွေက ဘုရားဟာ အဖေလည်း ရှိတယ်၊ အမေလည်း ရှိတယ်၊ သုဒ္ဓေါဒနတို့ မာယာဒေ၀ီတို့ဆိုတာ လူတိုင်းသိတယ်။ ဒီအဘိုးကြီး အဘွားကြီးက သားကြီး သားကြီးဆိုတာကို ဘုရားကလည်း ငြိမ်ခံနေတယ်။ ဟုတ်မှ ဟုတ်ရဲ့လား? ဘယ်လိုလဲ?။ ဆွမ်းဘုဉ်းပေး ပြီးတော့မှ ဘုရားက ရှင်းပေးရတယ်။ တို့ဗုဒ္ဓဘာသာတွေက အတိတ်သံသရာ (cycle of the continue of the birth and death)ဒါကို တို့…ယုံကြည် လက်ခံတယ်။ အဲဒါကြောင့် အတိတ်မှာ မရေမတွက် နိုင်သောဘ၀မှာ ငါဟာ သူတို့လက်ထဲမှာ၊ သူတို့ရဲ့ ရင်ခွင်မှာ သားဖြစ်ခဲ့ဘူးတယ်။ အဲဒါကြောင့် ဘ၀ဟောင်းက ဘာလဲ? အချစ်ဓာတ်။ ပရိသတ်ရေ … ဘာလဲ? ဘ၀ဟောင်းက အချစ်ဓာတ်ပါဘုရား။ ဘ၀ဟောင်းက အချစ်ဓာတ်က မပြယ်သေးဘူး။ အားလုံး "ဘ၀ဟောင်းက အချစ်ဓာတ်လေးတွေ မပြယ်ကြပါစေနဲ့" ဆိုတာကိုလည်း ဆုတောင်း နေတယ်။ ဘ၀ဟောင်းက အချစ်ဓာတ်လေးက မပြယ်သေးတော့ သားဆိုတဲ့ အမှတ်နဲ့ အိမ်ပင့်ပြီးတော့ ဆွမ်းကပ်တာ။ အဲဒီမှာ ဘုရားပြောတာ။ ဘ၀ဟောင်းမှာ ဆွေမျိုးသားချင်း မတော်ဘူးတဲ့ ပုဂ္ဂိုလ်သတ္တ၀ါ မရှိဘူး။ ဆွေမျိုးသားချင်းဆိုတာ ယဉ်ကျေးအောင် ပြောတာ။ အသေးစိတ်ပြောရရင် သိပ်မကောင်းဘူး။ အသေးစိတ် ပြောချင်သေးလား? လင်မယား မတော်ဘူးတဲ့ ယောက်ျားမိန်းမလည်း မရှိဘူး။ အဲဒီလောက်အထိ ပြောလို့ရတယ်။ ဆရာတပည့် မတော်ဘူးတာလည်း မရှိဘူး၊ အိမ်အောက်က ကိုယ်စားပြီးတဲ့ စားဖတ် ၀ါးဖတ်ကို ပစ်ချကျွေးလို့ အမြီးတငေါက်ငေါက်နဲ့ စားနေတဲ့ ခွေးလေးသည်ပင် လွန်ခဲ့တဲ့ဘ၀က ကိုယ့်အဖေ ဖြစ်ချင် ဖြစ်မယ်။ ဘ၀ဟောင်းက ဆွေမျိုးသားချင်း မတော်ဘူးတဲ့ ပုဂ္ဂိုလ်သတ္တ၀ါ မရှိဘူး။

အဲဒီလို နှလုံးသွင်းပြီးတော့. . .
၁။ အချစ်ကို မပြယ်ရအောင်
၂။ အမုန်းတွေကို ပြယ်သွားအောင် ကြိုးစားကြပါ…ဆိုတာကို ဒီအချက်လေး ကိုလည်း ဘုန်းကြီးတို့ ပရိသတ်အားလုံးကို တိုက်တွန်းပါတယ်။
နောက်တစ်ခု လူမှုရေး၊ ဘာသာရေး၊ သာသနာရေး၊ နိုင်ငံတော်ရဲ့ အကျိုး စီးပွားကို ဆောင်ရွက်ကြတဲ့ လူတွေအားလုံး၊ အထူးသဖြင့်တော့ အသက်စွန့်ပြီးတော့ တိုင်းပြည် အတွက် အလုပ်လုပ်ကြတဲ့ စစ်ခေါင်းဆောင်တွေ၊ တပ်မတော်သားတွေ၊ အသက်စွန့်ပြီး ဆောင်ရွက်ကြတဲ့ နိုင်ငံခေါင်းဆောင်တွေကို ဘုန်းကြီးတို့က ဘုန်းကြီးရဲ့ စိတ်ထဲမှာ ဘုရားလောင်းတွေလို ဘုန်းကြီးက ကြည်ညိုတာ။ လေးအသင်္ချေကမ္ဘာတစ်သိန်း ဖြည့်ခဲ့တဲ့ ဘုရားလောင်းရဲ့ ကျင့်စဉ်တွေကို ကြည့်, ကြည့်။ သူတပါးရဲ့ အကျိုးစီးပွားအတွက် ဘုရားလောင်း ဘာတွေလုပ်လဲ?။ အသက်စွန့်တာတွေ အများကြီးပဲ။
အားလုံးပရိသတ်ကို မေးမယ်၊ စွန့်ခြင်းကြီး ဘယ်နပါးရှိလဲ?။ ငါးပါးပါဘုရား။
၁။ ဓနပရိစ္စာဂ - သူတပါးရဲ့ အကျိုးစီးပွားအတွက် ငါ့ပစ္စည်း ဆုံးရှုံးချင်တိုင်း ဆုံးရှုံးပါစေ … ဒီလိုမဟုတ်လား?။ ဘုရားလောင်းစိတ်ဓာတ်ကို မွေးရမယ်။

၂။ နောက်တစ်ခုက ဘာလဲ?။ ဓနပရိစ္စာဂပြီးရင် ဘရိယပရိစ္စာဂ-ဆိုကြပါစို့။ အဲဒါတော့ Very difficult to renounce your wife။ ဘရိယပရိစ္စာဂ-မယားကို စွန့်တာ။ ရှေ့တန်းတိုက်ပွဲ ဆင်နွဲနေကြတဲ့ တပ်မတော်သားတွေ၊ တပ်မတော် ခေါင်းဆောင်တွေ၊ သူတို့က ဟိုမှာတိုက်ပွဲ ဆင်နွဲနေတုန်း, ဒီက တခါတခါ ဘာဖြစ်သွားမှန်းကို မသိလိုက်ဘူး။ စွန့်လိုက်ရတာတွေ ပြန်လာတော့ မရှိတော့ဘူး။ အဲဒါမျိုးတွေ အများကြီးပဲ။ သူတို့ ကိုယ်တိုင်လည်း အသက်စွန့်သွားလို့ ဒီက မုဆိုးမဖြစ်သွားပြီး ကျန်ရစ်တာတွေ။ နိုင်ငံရေးကို လုပ်ကြတဲ့ နိုင်ငံခေါင်းဆောင်တွေလည်း ဒီလိုပဲ အသက်စွန့်ပြီး အလုပ် လုပ်ကြရတာ။ အဲဒါကြောင့် ဘုန်းကြီးက အရမ်းကြည်ညိုတယ်။ အော်. . . နိုင်ငံခေါင်းဆောင်တွေနဲ့ တပ်မတော် ခေါင်းဆောင်တွေဟာ ဘာလဲ? ဘုရားလောင်းတွေ။

ဘုရားလောင်းကျင့်စဉ်

(၁) စီးပွားဥစ္စာကိုလည်း စွန့်လွှတ်ရတယ်။ (၂) သားသမီးကိုလည်း စွန့်လွှတ်ရတယ်။ (၃) သားမယားကိုလည်း စွန့်လွှတ်ရတယ်။ (၄) အင်္ဂါအစိတ်အပိုင်း ခြေထောက်တွေပြတ်, လက်တွေပြတ်, မျက်လုံးတွေကန်း, ဘာတွေလဲ? အင်္ဂပရိစ္စာဂ။
သိဝိဇာတ်မှာ မျက်ကန်းပုဏ္ဏားတစ်ယောက် နန်းတော်ရှေ့ ရောက်လာ၊ ကြေးစည် ရိုက်တယ်။ တူဝေေ၀ဆိုတော့… ဟာ နန်းတော်ရှေ့မှာ အလှူခံ၊ ဘာအလိုရှိပါသလဲ?။ ဆန်လိုလား? ဆီလိုလား? မလိုဘူး။ မျက်လုံးလိုတယ်တဲ့၊ မျက်လုံးကို ကြေးစည်ရိုက် အလှူခံတာ။ အဲဒီတော့ မင်းချင်း ယောကျာ်းတွေက မင်းတရား. . . မျက်လုံး အလှူခံတဲ့ဘုရား။ (ဟာ. . . အဲဒါဆို သီတဂူစက္ခုဒါန ဆေးရုံကိုပို့။ ဟုတ်လား? အဲဒီတုန်းက မပေါ်သေးဘူး၊ အခုမှ ပေါ်တာ။ သီတဂူစက္ခုဒါနဆေးရုံ အားလုံး (၁၂)ခု ဖွင့်ထားပြီးပီ။ (၃)ခုက တည်ဆောက်ဆဲ။ အားလုံး (၁၅)ခုရှိတယ်။) ကြားညှပ်လိုက်ရင်တော့ အားလုံးမှတ်ထားလိုက်ပါ၊ ငါဘာယူသွားမလဲ?။ ကိုယ့်ကိုယ်ကို မေးပြီးတော့ အဖြေ ထွက်အောင် လုပ်ကြ။ ဘုန်းကြီး အခု (၇၅)နှစ် Retire-လုပ်ဖို့ သင့်ပြီ။ ငါဘာယူသွားမလဲ?။ အားလုံး မေးကြပါ။ ငါ့တိုင်းပြည်၊ ငါ့သာသနာ၊ ငါ့လူမျိုးအတွက် ငါဘာတွေ ထားခဲ့မလဲ?။ အဲဒီမေးခွန်း နှစ်ခု နာနာမေးပြီးတော့ အဖြေထွက်အောင် လုပ်ကြစမ်းပါ။
အာနန္ဒာနဲ့ ဒေ၀ဒတ်၊ နှစ်ယောက်လုံး ဘုရားရဲ့ ညီတော်ဝမ်းကွဲ အတူတူပဲ။ အာနန္ဒာဘာယူသွားပြီး၊ ဘာထားခဲ့သလဲ? ညီအစ်ကို နှစ်ယောက်မတူတာ။ ဒေ၀ဒတ်ကို အပြည့်အစုံဖတ်ကြရအောင် ဒေ၀ဒတ္တ။ နားထဲ နဲနဲ မချမ်းသာဘူးလား?။ ချမ်းသာ ပါတယ်ဘုရား။ ဘယ်လိုဖတ်ရမလဲ?။ ဒေ၀ဒတ္တပါဘုရား။ ဒေ၀ဒတ်ဆိုတော့ ဂမ္မဒေါသ၊ နားထဲ တော်တော် ဆင်းရဲတယ်။ အဲဒီတော့ နာမည်ထဲက ဟိုဖြတ် ဒီဖြတ် မဖတ်ကြပါနဲ့။ နာမည်တွေကို ဟိုပြင် ဒီပြင်မလုပ်ကြပါနဲ့။ နာမည်ကို အရှိအတိုင်းသာ ဖတ်ကြပါ။ ဒေ၀ဒတ်တစ်မျိုး၊ ဒေ၀ဒတ္တ- ဒါသိပ်ကောင်းတယ်။ အဲဒါကို တချို့က နာမည်တွေကို ဟိုလိုဖတ် ဒီလိုဖတ်နဲ့ . . . တခါတလေ စကားဝှက်တွေလား? ပဟေဠိတွေလား? နားကို မလည်ဘူး။ အေး… ဒေ၀ဒတ္တက ဘာတွေ ယူသွားနိုင် ခဲ့သလဲ? ဘာတွေ ထားပစ်နိုင်ခဲ့သလဲ? အဖြေက ရှင်းနေတာပဲ၊ မတူတာ။ နှစ် (၂၅၀၀)သမိုင်းမှာ ဒေ၀ဒတ္တ ဘာတွေ ထားခဲ့သလဲ? အပြစ်အညစ်အကြေး ဒုစရိုက် မကောင်းဆိုးဝါးတွေချည်းပဲ အကုန်ထားပစ်ခဲ့တယ်။

အာနန္ဒာ. . . ဘာထားပစ်ခဲ့သလဲ?။ မြတ်စွာဘုရား (၄၅)နှစ်မှာ ဟောသမျှ စကားလုံးတွေကို combine and organization- လုပ်ခဲ့တာ သူပဲ။ အဲဒါကြောင့် ဘ၀မှာ ကောင်းကောင်းထားပစ်ခဲ့နိုင်အောင်၊ ကိုယ့်အတွက်လည်း ကောင်းတာ လေးတွေ ယူသွားနိုင်အောင် အားလုံးကြိုးစားကြရမှာ ဖြစ်ပါတယ်။ အခုပြောနေတာ ဘုရားလောင်းရဲ့ စွန့်ခြင်းကြီး ဘယ်နပါးလဲ? (၅)ပါးပါဘုရား။ နောက်ဆုံး အသက်စွန့်တာ။ အခုနက သိဝီဇာတ်မှာ ပုဏ္ဏားကကြေးစည်လေး ရိုက်လိုက်တော့ ဘုရင်ကြီးက အလှူခံကို ဘာလှူလိုက်လဲ? မျက်လုံးလှူလိုက်တယ်။ ဘုရင်ကြီးက အလှူခံကို နန်းတော်ထဲကို ခေါ်လိုက်တယ်။ မျက်စေ့ဆရာဝန်က အသိတဉ္စန။ အံ့သြစရာ ကောင်းတာက မျက်စေ့ဆရာဝန်ဆိုတာ အဲဒီတုန်းကတည်းက ရှိတာ။ မင်းကြီးရဲ့ မျက်လုံးထုတ်ပြီးတော့ မျက်လုံးအစားထိုး လှူလိုက်တာ။ ပုဏ္ဏား မျက်လုံးတစ်ဖက် ရသွားတယ်။ အင်္ဂပရိစ္စာဂကို ပြောတာပါ။ ခြေထောက်တွေ ပြတ်လို့၊ လက်တွေပြတ်လို့၊ မျက်လုံးတွေကန်းလို့ နိုင်ငံတော်အတွက် ဆောင်ရွက် ကြတဲ့ တပ်မတော်သားတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေအသင်းအဖွဲ့က ပုဂ္ဂိုလ်တွေ နိုင်ငံမှာ အများကြီးပဲ။ အားလုံးကို ဘုန်းကြီးက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုတယ်၊ ကျေးဇူးတင်တယ်။ အော်. . . ဘုရားလောင်းစိတ်ဓာတ်နဲ့ အလုပ် လုပ်ကြတာ။ ဒီအတိုင်းလည်း ဆက်လုပ်ကြပါ။
ပုဏ္ဏားကလည်း ရှိသေးတယ်၊ မျက်လုံးတစ်ဖက်မြင် တော်ရော့ပေါ့၊ တော်ပြီးလား? မင်းဘာလိုသေးလဲ ဆိုတော့။ တစ်ဖက်ကျန်သေးတယ်တဲ့။ တစ်ဖက်ပေးပါအုန်း။ အလှူခံက မျှမျှတတလေး ကြည့်လုပ်မှ ရတယ်။ ရတိုင်း ကိုယ်လိုချင်လို့ ယူချင်တိုင်း ဘယ်ရမလဲ။ အင်္ဂပရိစ္စာဂနော်၊ ကိုယ်အင်္ဂါကို စွန့်တာ။
အသက်စွန့်တာ တစ်ခုလေး ပြောပြရရင် "ယုံလေး" ဖြစ်တဲ့ဘ၀ကို ပြောပြချင်တယ်။ အစာငတ်နေတဲ့ ပုဏ္ဏားတစ်ယောက်ကို တွေ့တယ်။ ပုဏ္ဏား ဘာဖြစ်နေလဲ? ဖိုလှိုက် ဖိုလှိုက်နဲ့၊ ထမင်းမစားရလို့။ ဒါဆို မီးလေးဖို။ ရဲရဲတောက်မီးလည်း ဖိုပြီးရော့ ဘာပြောလဲ? ကျုပ်ခုံချမယ်၊ ကျုပ်အသားတွေကို မီးထဲမှာ ဖုတ်လိုက်။ ကျက်တဲ့အခါ ခင်ဗျား စားပါ။ ဒါဘာလုပ်တာလဲ? ဇီဝိတပရိစ္စာဂ အသက်ကိုစွန့်တာ။ စွန့်လွှတ်ခြင်း renounce။ မစွန့်လွှတ်နိုင်ရင် ဘယ်တော့မှ ထိပ်တန်း မရောက်ဘူး။ အဲလို စွန့်လွှတ်ချင်တဲ့ စိတ်ဓာတ်မျိုးရှိဖို့လည်း လိုပေလိမ့်မယ်။ စွန့်လွှတ်ခြင်းဟာ လွတ်မြောက်ခြင်းရဲ့ လမ်းစပဲလို့ ဒီလိုလည်း ခေါ်နိုင်တယ်။ စာဂေါ ပရိနိဿဂ္ဂေါ မုတ္တိ-ဆိုတဲ့ စာကို ကြည့်ပြီးပြောတာ။ အဲဒါကြောင့် အားလုံး ဘုရားလောင်းစိတ်ဓာတ် မွေးကြ။ ဘုရားလောင်းစိတ်ဓာတ် မွေးဆိုတော့ တဆက်တည်း . . . ဘုန်းကြီးက ဘုရားလောင်းကျင့်စဉ် ဆိုတာ လေးကို နဲနဲဆက်လက်ပြီးတော့ ပြောပြ ချင်သေးတယ်။ ဘုန်းကြီးနောက်ထပ် အချိန်(၁၅) မိနစ်လောက် ယူမယ်။ အရေးကြီးတဲ့အပိုင်းလေးတွေကို ဘုန်းကြီး Point-တွေလောက် ပြောပြီးသွားပါပြီ။

ဘာပြောမလဲဆိုတော့ ဘုရားလောင်းရဲ့ ကျင့်စဉ်က (၁၀)ခု ရှိတယ်။ (၁၀)ခုကို ဗမာတို့ ပြောနေကျအတိုင်း ရိုးရိုးပြောရင် ပါရမီ (၁၀)ပါး။ ပထမပါရမီက ဘာများလဲ? ပရိသတ်ကြားဘူးလား? ပြောစမ်းပါ။ ဒါနပါရမီပါဘုရား။ ဒါန။ ဒါန-ဆိုတာကို ဘယ်လို နားလည်လဲ?။ လှူတယ်လို့ ဒီလို နားလည်မယ်နော်။ လှူတာလည်း ဒါနမှန်တယ်။ အဲဒီ ဒါနထဲမှာ ပေးတာကိုလည်း ဒါနအနေနဲ့ထည့်ပါ။ နဲနဲလေး နဲနဲလေး ကွာတာကို ကိုယ့်ဟာကို နှလုံးသွင်းယူပါ။ Share-ဝေပေးတာ၊ ဝေငှတာကိုလည်း ဒါနပါရမီထဲ ထည့်ပါ။ စွန့်လွှတ်တာကိုလည်း ဒါနပါရမီထဲ ထည့်ပါ။ လှူတယ်၊ ပေးတယ်၊ ရှယ်ယာတယ်၊ ဝေငှတာကိုလည်း ဒါနထဲထည့်ပါ။
ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် (United Nation Organization)က "ဗုဒ္ဓနေ့" အခမ်းနားကျင်းပတယ်။ (၁၆)နိုင်ငံက ကိုယ်စားလှယ်တွေကို စကားပြောဖို့ ဖိတ်တယ်။ (၁၄)နိုင်ငံက သံအမတ်တွေ ပြောတယ်၊ ဗမာနဲ့ မွန်ဂိုလီးယား နှစ်နိုင်ငံပဲ ဘုန်းကြီး တက်ပြောတယ်။ Dana means giving up of our position။ ဘာလုပ်တာလဲ?။ မိမိတို့ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်တာ။ Sharing our power with others။ မိမိတို့ရဲ့ Power-တွေကို ဘာလုပ်တာလဲ? သူတပါးတို့နဲ့ ဝေငှတာ။ Now-a-day craving for power influence and wealth, အဲဒါတွေကို သိပ်ပြီး crave-ဖြစ်နေလို့ရှိရင်၊ is the main cause for war and tension။ သိပ်ပြီးတော့ position-ကို အရမ်းမက်မောနေကြလို့ရှိရင် ဘာဖြစ်လဲ?။ Tension-နဲ့ စစ်အတွက် အဓိကအကြောင်းကြီး ဖြစ်နေတတ်တယ်။ ဗိမ္ဗိသာရမင်းကြီး အသတ်ခံရတာ၊ နောက်ပြီးတော့ ကောသလတိုင်းက ကောသလ ဘုရင်ကြီး နန်းလုခံရတာ၊ အဇာတသတ်က အဖေကို သတ်ပြီးတော့ နန်းလုတယ်။ ကောသလတိုင်းမှာ ကောသလဘုရင်ကို နန်းချပြီးတော့ ၀ိဋဋူဘက နန်းလုတယ်၊ Power sharing-မလုပ်လို့။ ဝေသာလီကျတော့ လိစ္ဆ၀ီမင်းတွေက "ဝေသာလိယာ လိစ္ဆ၀ီရာဇာနော ၀ါရေန ရဇ္ဇံ ကာရေသုံ"-ဆိုပြီးတော့ ဘုရင်ကို လေးနှစ် တစ်ကြိမ်, လေးနှစ် တစ်ကြိမ် ပါလီမန်လွှတ်တော်ထဲကနေ ရွေးပြီးတော့ ဘုရင်ကို တင်မြှောက်သွားတာကို တွေ့ရတယ်။ ဝေသာလီမှာ ရာဇဂြိုလ်ရဲ့ ဖြစ်ရပ်မျိုး ကောသလတိုင်းမှာ တခါမှ မဖြစ်ခဲ့ဘူး။ အဲဒါကြောင့် ဒါနဆိုတဲ့ သဘောသည် ပစ္စည်းဥစ္စာကို လှူတာလောက် တခုတည်း မဟုတ်ပဲနဲ့ ဝေတာကော ယူရမယ်။ ကိုယ်က Billion-အထိ ချမ်းသာနေတယ် ကိုယ့်အိမ်ရှေ့မှာ သူတောင်းစားတွေ့ရင် နဲနဲတော့ ဝေပေးပါ။ ကိုယ်က ဘီလျံ (Billion)၊ မီလျံ(Million) လောက် ချမ်းသာနေမယ် ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊ ဆေးမကုနိုင်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ရင် ဆေးလေးတွေ၊ ပညာရေးလေးတွေ ဝေပေးပါ။ Sharing our positions with the poor people။ Poverty ကမ္ဘာကြီးက အများကြီး poor-ဖြစ်နေကြတယ်၊ poverty-ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေများနေကြတယ်။ The possessor-တွေက ဘာလုပ်ကြမလဲ? ဝေနိုင်မှ tension-မှုတွေ လျော့ပြီးတော့၊ the world fighting, conflicting-တွေလည်း လျော့သွားမယ်။ ဒါနပါရမီဟာ အလွန်ကျယ်ပြန့်ပါတယ်။ နာနာ ပေးနိုင်ရင် အရာရာကို အောင်မြင်တယ်။ ဒါနံ သဗ္ဗတ္ထ သာဓကံ-ဟောထားတာ ရှိပါတယ်။ Learning the beauty of giving- ပေးကမ်းစွန့်ကြဲခြင်းနဲ့ ပတ်သက်တဲ့ အလှအပလေးတွေကို သင်ယူကြပါ။ We should pity on millions of people who are living under poverty-line- ဆင်းရဲ မွဲတေနေကြတဲ့ လူတွေကို များများကြီးကြည့်ပြီးတော့ မီလျံနာတွေ၊ ဘီလျံနာတွေက ဝေငှနိုင်တဲ့ စိတ်ဓာတ်တွေ မွေးကြပါ။ And suffering from diseases and ignorance- အ၀ိဇ္ဇာကြောင့် ရလာတဲ့ mental disease၊ ရောဂါအမျိုးမျိုးကြောင့် ရလာတဲ့ physical disease၊ အဲဒီ disease- (၂)မျိုးကို ခံနေရတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီးတော့ သနားပြီးတော့ များများကြီး ဝေတဲ့အလုပ် ဒါနပါရမီကို ဖြည့်ကြပါ။

နောက် ဒုတိယပါရမီဘာလဲ? သီလပါရမီပါဘုရား။ သီလဆိုလိုက်လို့ရှိရင် ပါဏာတိပါတာ ဝေရာမဏိ- ငါးပါး၊ ရှစ်ပါး၊ ကိုးပါး ရွတ်တာကို အားလုံး စိတ်က ရောက်သွားလိမ့်မယ်၊ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလောက်တင် မစဉ်းစားပဲနဲ့၊ အတိုချုပ်ကတော့ ဘုန်းကြီး စာလေးတစ်ကြောင်း ဖတ်ပြပါမယ်။ Not to generate any evil deeds- မကောင်းတဲ့ အမူအရာကို ဘာမှ မလုပ်ပါနဲ့။ Not to generate any evil speeches- မကောင်းသောစကားဘာမှ မပြောပါနဲ့။ ဒါ သီလပဲ။ Every leader-ခေါင်းဆောင်တွေအားလုံး၊ should value-တန်ဖိုး ထားကြပါ။ the life-ဘ၀ကို တန်ဖိုးထားကြပါ။ Practicing of morality-ကိုယ်ကျင့်တရားကို ထိမ်းသိမ်းခြင်းဖြင့် အားလုံးတန်ဖိုးထားကြစမ်းပါ။ So, guard your morality- ကိုယ်ကျင့်တရားကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်ဟာ။ Become good leader- ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာမှာပါ။ Foreign policies of nations are-ကမ္ဘာအရပ်ရပ်က ပြည်ပရေးရာ ၀ါဒတွေမှာ။ Mostly based on selfish- တကိုယ်ကောင်းဆန်တဲ့ အပေါ်မှာ အခြေခံတတ်ကြတယ်။ And interests lacking moral dimension- ကိုယ်ကျင့်တရားနဲ့ ပတ်သက်တာတွေ လျော့ပါးနေတယ်။ Morality serves- ကိုယ်ကျင့်တရားက အားလုံးကို လုပ်ကျွေးပြုစုမယ်။ As the foundation for the development of meritorious deeds- ဘ၀ရဲ့ ကောင်းကျိုးတရားတွေ ဖြစ်ပွားဖို့ရန်အတွက် သီလတရားဟာ အားလုံးရဲ့ အခြေခံ ဖြစ်ပါလိမ့်မယ်။

နောက်တတိယတစ်ခုက ဘာလဲ? နေက္ခမ္မပါဘုရား။ နေက္ခမ္မ-ဆိုတာ ဘယ်လို translate (ဘာသာသာပြန်)လုပ်ချင်လဲ? တောထွက်တာလား? တောထဲမှာ အခုလူတွေ အများကြီးပဲ။ ဘုန်းကြီးတွေရော၊ ကလေးတွေရော၊ ကျောင်းသား တွေရော၊ စစ်သားတွေရော၊ ကချင်တွေရော၊ ကရင်တွေရော အများကြီးပဲ။ ဒါ…တောထွက်တာလား?။ အဲဒါနေက္ခမ္မဆိုတဲ့ စာလုံးကို ဘုန်းကြီးတို့က တောထွက်တာလို့ မဆိုချင်ဘူး။ Renounce-စွန့်လွှတ်တာ။ ဘာလုပ်တာလဲ? စွန့်လွှတ်တာပါဘုရား။ အားလုံးစွန့်လွှတ် နိုင်မှ။ သိဒ္ဓတ္ထက ထိပ်တန်းကနော်။ ဟို…သမ္မာသမ္ဗုဒ္ဓကိုမပြောပဲ စကားလုံးတစ်လုံး ပြောပါ့မယ်။ Most perfect one- လောကမှာ အပြည့်စုံဆုံး ပုဂ္ဂိုလ် တစ်ယောက်၊ လောကရဲ့ အထိပ်တန်း အပြည့်စုံဆုံးသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာဖို့ရန်အတွက် သူဘာလုပ်ရတာလဲ?။ ယသောဓရာနဲ့ (၁၃)နှစ်လောက် ကာမဂုဏ်စည်းစိမ်ခံစားနေပေမယ့် အဲဒါကို ဘာလုပ် ပစ်ရလဲ?။ စွန့်ပစ်ရပါတယ်ဘုရား။ စွန့်ပစ်ရတယ်… renounce-ဆိုတာ ဒါကို ပြောတာ။ တောထဲသွားနေကို ပြောတာမဟုတ်ဘူး။ renounce- စွန့်ကြ။ ဒီစည်း စိမ်းချမ်းသာလေးကို မစွန့်လွှတ်နိုင်ရင်, မက်မောနေရင်, သာယာမှုလေးတွေကို မစွန့်လွှတ်နိုင်ရင် လောကမှာ ဘယ်တော့မှ ရှေ့တန်းမရောက်ဘူး၊ ထိပ်တန်း မရောက်ဘူး။ renounce-ဆိုတာ စွန့်လွှတ်တာ။ နန်းတော်ကြီးလည်း စွန့်ရတယ်၊ မကြာခင်မှာ သုဒ္ဓေါဒနက သူ့ကို ဘာလုပ်တော့မှာလဲ?။ နန်းလွှဲတော့မယ်၊ ဘုရင် လွှဲတော့မယ်။ အဲဒီတော့ မင်းစည်းစိမ်ပါ ဘာလုပ်ရလဲ? အဲဒီတော့ ဒီလိုပြောရင် စိတ်မဆိုးနဲ့။ Renounce the power-သူရမည့် အာဏာပါဝါတွေကို သူဘာလုပ်သွားလဲ?။ စွန့်တာ။ အဲလိုစွန့်တဲ့အတွက်ကြောင့် သူဘာဖြစ်သွားလဲ? ဗုဒ္ဓဖြစ်တာ။ အဲဒါကြောင့် ခန္ဓာကိုယ်ရဲ့ သက်သာမှုကလေးတွေ မစွန့်လွှတ် နိုင်သေးသမျှ, မက်မောစရာလေးတွေကို မစွန့်လွှတ်နိုင်သေးသမျှ ဘာဖြစ်လဲ? ဘယ်တော့မှ ထိပ်တန်းတစ်နေရာကို မရဘူး။ စွန့်လွှတ်ချင်တဲ့ စိတ်ဓာတ်ကို အားလုံးမွေးကြ။ Renounce-ဆိုတာ အဲဒါပါပဲ။ We should sacrifice and renounce our time. အချိန်၊ ကျုပ်မအားဘူး၊ ကျုပ်အချိန်၊ ကျုပ်အတွက် အလုပ် လုပ်ရအုန်းမယ်။ သူများအတွက် အချိန်မပေးနိုင်ဘူး၊ တိုင်းပြည်အတွက် အချိန်မပေးနိုင်ဘူး၊ လူသားတွေ အတွက် အချိန်မပေးနိုင်ဘူး၊ လုပ်သမျှ ကိုယ့်အတွက်ကိုချည်း အချိန်ကို အသုံးချတာ။ အချိန်ကိုလည်း မစွန့်လွှတ်နိုင်ဘူး။ နောက်တစ်ခုက as long as we should not renounce money- ပိုက်ဆံငွေကြေးလည်း အဆုံးရှုံးမခံနိုင်ဘူး၊ Power-ကိုယ့်ရဲ့ တန်ခိုးသြဇာ ပါဝါကိုလည်း မစွန့်လွှတ်နိုင်ဘူး။ Sensual pleasure-စည်းစိမ်ခံစားရတာ တွေကိုလည်း မစွန့်လွှတ်နိုင်ဘူး၊ for the welfare of the nations- သူတပါးတို့ရဲ့ အကျိုးစီးပွားအတွက် ကိုယ့်ရဲ့ အချိန်၊ ကိုယ့်ရဲ့ စီးပွားဥစ္စာ၊ ကိုယ့်ရဲ့ သက်သာမှုတွေကို မစွန့်လွှတ်နိုင်သေးသမျှ မက်မောစရာလေးတွေကို မစွန့်လွှတ် နိုင်သေးသမျှ ဘယ်တော့မှ ထိပ်တန်းကို မရောက်ပါဘူး။ အဲဒါကြောင့် renounce-ဆိုတဲ့ နေက္ခမ္မပါရမီဟာ ကိုယ့်ရဲ့ possession, ကိုယ့်ရဲ့ power, ကိုယ့်ရဲ့ ပိုင်ဆိုင်မှု, ကိုယ့်ရဲ့အချိန်, ကိုယ့်ရဲ့ သက်သာမှုတွေကို ဘာလုပ်တာလဲ? သူတပါးတို့ အတွက် များများကြီး စွန့်လွှတ် နိုင်အောင် ကြိုးစားကြပါလို့ ဒီအချက်တော့ ဒါပြောသွားတာ။ We would never minister the services to the nations as long as we could not renounce- မစွန့်လွှတ်နိုင်သေးသမျှ။ We would never minister the services to the nations-လူတွေရဲ့ အကျိုးစီးပွားကို တို့မလုပ်နိုင်ဘူး။

နောက် နံပါတ် (၄)ဘာပါလိမ့်? ပညာပါဘုရား။ ပညာ- removing the ignorance-မိမိ နှလုံးသားထဲမှာ ဘာကို ဖယ်နိုင်ဖို့လဲ?၊ အ၀ိဇ္ဇာကို ဖယ်နိုင်ဖို့ လိုတယ်။ The darkness of delusion in life- ဘ၀ရဲ့ အမှောင်တွေကို အကုန်လုံး ဘာလုပ်ရမလဲ? ဖယ်ထား နိုင်ရမယ်။ This is right and this is wrong- မှားလား? မှန်လား? မသိတဲ့ အဲဒီအ၀ိဇ္ဇာတရားကို ဖယ်ပစ်။ Understanding the true and understanding the reality- အရှိတရား အမှန်တရားကို နားလည်အောင် လုပ်ကြ။ Seeing the realistic nature and reviewing the correct vision are very important to make balanced decisions- သိပ်အရေးကြီးတယ်, correct vision။

သမ္မာဒဿနမရှိသေးသမျှ ဘာဖြစ်လဲ? မှန်ကန်သော ဆုံးဖြတ်ချက်ကို မချနိုင်ဘူး။ အသိဉာဏ်က Clear vision-ရှင်းလင်းသော အသိဉာဏ်မရှိသေးသမျှ ဘာဖြစ်လဲ? ဆုံးဖြတ်ချက်တွေ ဘာတွေ ချချ မမှန်နိုင်ဘူး။ မှားတဲ့ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်မိပြီဆိုလို့ရှိရင် အဲဒါကိုလုပ်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီဆုံးဖြတ်ချက် နောက်မှာ ခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဒုက္ခအစဉ်အဆက်ကြီးကတော့ အဆုံးသတ်ဖို့ မလွယ်ဘူး။ အဲဒါကြောင့် ပညာအရေးကြီးပါတယ်။ ဘုန်းကြီးတို့ မနေ့တစ်နေ့က အမေရိကက ပြန်လာတော့ Barnes and Noble-ဆိုတဲ့ စာအုပ်ဆိုင်ကို သွားပြီးတော့ ဘုန်းကြီးက စာအုပ်တွေကို သွားနေ့ကျဆိုင်မှာ ၀င်ရှာတော့ စာအုပ်ကြီးတစ်အုပ် တွေ့တယ်။ ဗမာလို ပြောမယ် "ကမ္ဘာမှာ အဆိုးဝါးဆုံးသော ဆုံးဖြတ်ချက်ကြီးများရဲ့ သမိုင်း"ဆိုတဲ့ စာအုပ်ကြီး တစ်အုပ်ကိုတွေ့တော့ ဘုန်းကြီးက ပျော်ပျော်ပါးပါးနဲ့ ၀ယ်လာခဲ့တယ်။ ဘယ်ကစဆုံး ဖြတ်ထားသလဲဆိုတော့ အာဒံနဲ့ဧ၀တို့၊ အီဗရာဟင် တို့က စပြီးတော့ သူတို့ဆုံးဖြတ်တွေကို မှားလို့ ဒီကနေ့ ကမ္ဘာကြီးမှာ the passion-ဆိုတဲ့ ရာဂတွေ တိုးပွားနေတယ် ဆိုတဲ့အကြောင်း အဲဒီလူက ရေးထားတယ်။ ခရစ်ယာန်တွေကို သူကရေးထားတယ်။ စာအုပ်ကတော်တော် ကောင်းတယ်။ The history the words dicession of the world- ဆိုတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်တစ်ခုချတော့မယ် ဆိုရင် ဘာလိုလဲ?။ ပညာလိုတယ်။ ပညာမပါပဲ ဆုံးဖြတ်ချက်ချတဲ့ ဆုံးဖြတ်ချက်တွေဟာ မှန်ကန်ဖို့ ခက်ခဲတယ်။ အဲဒါကြောင့် ဘုရားလောင်းရဲ့ ပါရမီမှာ ဘာ Quality-လဲ? ပညာပါရမီ။ အားလုံး ဘုရားလောင်းကျင့်စဉ်ကို ကျင့်ကြတဲ့ ဒီအမျိုးကောင်းသားတွေဟာ ပညာကို လေ့လာကြပါ။ အဲတော့ ကျောင်းတက်မှ ပညာရမယ်လို့တော့ တဖက်သတ်ကြီး မမှတ်နဲ့။ ကျောင်းမတက်ဘဲလည်း ပညာတွေ ရနိုင်ပါတယ်။ ဘုန်းကြီးတို့ နီတိမှာ စာတစ်ခုရှိတယ် "လောကော သတ္တာန-မာဆေရော။ The whole world is our teacher. လောကကြီးတစ်ခုလုံးဟာ ကျွန်ုပ်တို့ရဲ့ ဆရာသမား"။ နေ့စဉ် နေ့စဉ်မြင်နေကြတဲ့ အရာအကုန်လုံးက ကျွန်ုပ်တို့ရဲ့ ဆရာသမားတွေ။ အဲဒါတွေ အားလုံးကို ယူသင့်တာ ယူထား၊ ဖယ်သင့်တာကို ဖယ်ထား။ အားလုံးဟာ ပညာပဲ။ Invaluable to decision makers။ Wisdom guided by awareness-သတိနဲ့ ထိန်းချုပ်ထားတဲ့ ပညာ။ is invaluable- အလွန်တရာ တန်ဖိုးကြီးမားတယ်။ ဘာတွေအတွက်လဲ? To decision makers-ဆုံးဖြတ်ချက် တစ်ခုကို ချချပေးမည့် လူတွေအတွက် သတိနဲ့ ထိန်းချုပ်ထားသော ပညာသည် အလွန်တရာ တန်ဖိုး ကြီးပါတယ်။

နောက်တစ်ခုဘာလဲ ပရိသတ်? ၀ီရိယပါဘုရား။ ၀ီရိယ endeavor။ ၀ီရိယဆိုတဲ့ ဥစ္စာဟာ အဓိပ္ပါယ် နှစ်မျိုးပြောလို့ ရပါတယ်။ တစ်မျိုးက ၀ီရ- ရဲရင့်သော စိတ်ထား၊ ရဲရင့်တယ်ဆိုတာ သတ်ဖို့၊ ဖြတ်ဖို့၊ ခိုးဖို့၊ လုယက်ဖို့၊ နှိပ်စက်ဖို့ ရဲရင့်တာကို မဆိုလိုပါဘူး။ ဘာလုပ်ဖို့ ရဲရင့်ရမလဲ? အေးသလား? ဒီလောက် အေးနေတဲ့ အချိန်ကြီးမှာ အလုပ် လုပ်စရာရှိတယ်၊ အဲဒီအေးနေတဲ့ အရာကို ရဲရဲတင်းတင်း ရင်ဆိုင်ပြီး သွားလုပ်ပါ။ သိပ်ပူတယ်၊ ပူနေတုန်းလည်း ပူနေတာကို ရဲရဲတင်းတင်းရင်ဆိုင်ပြီးတော့ လုပ်ရမည့် ကိစ္စကိုလုပ်သာလုပ်။ ပူလို့ နောက်ဆုပ်နေမယ်၊ အေးလို့ နောက်ဆုပ်နေမယ်ဆိုရင် ဘာဖြစ်မလဲ? အကုန်လုံး အခွင့်အရေးတွေ ဆုံးရှုံးမယ်။ အဲဒါကြောင့် ၀ီရဆိုတာ အေးတာတို့, ပူတာတို့, စောခြင်းတို့, နောက်ကျခြင်းတို့, နေကောင်းခြင်းတို့, နေမကောင်းခြင်းတို့, ချစ်သူနဲ့ ခွဲရခြင်းတို့, မုန်းသူနဲ့ တွဲရခြင်းတို့ကို ရင်ဆိုင်ရဲတဲ့ သတ္တိကို ဘာခေါ်သလဲ? ၀ီရလို့ ခေါ်ပါတယ်ဘုရား။ အဲဒီ "၀ီရရှိတဲ့ ပုဂ္ဂိုလ်ကို ၀ီရိယရှိတဲ့ ပုဂ္ဂိုလ်"လို့ ခေါ်တာပါပဲ။ အဲဒီ ၀ီရစိတ်နဲ့ အားထုတ်တဲ့အခါမှာ right endeavour-အရေးကြီးပါတယ်။ Right endeavourer-ဆိုတာက မိမိအတွက်လည်း အကျိုးရှိမယ်၊ သူတပါးလည်း အကျိုး ရှိမယ် နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်ဆိုရင် ဒါ endeavour-ပဲ။ ကိုယ့်အတွက်သာ အကျိုးရှိပြီး သူတပါးအတွက် အကျိုးမရှိဘူးဆိုလို့ရှိရင် အဲဒီကိစ္စကို အားထုတ်ဖို့ အများကြီး ကျိုးစားရမယ်။ လောကရေးရာဆိုရင်တော့ ဒါကို လုပ်ဖို့ စဉ်းစားရမယ်။ ဓမ္မရေးရာမှာ ဆိုရင်တော့ ကိုယ့်အကျိုးစီးပွားအတွက် ဒါကို လုပ်လို့ရပါတယ်။ အဲဒါ Right endeavourer-မှန်ကန်စွာ အားထုတ်ခြင်း။ Striving steadfastly without slacking in efforts and perseverance is the perfection of right endeavor-ဒါဟာ perfection-တစ်ခုပဲ။ ပါရမီကို perfection-လို့ ခေါ်တယ်နော်။ If you want to perfect man, we should follow ten perfections.
နောက်တခုက ဘာတဲ့လဲ ပရိသတ်? ခန္တီပါရမီပါဘုရား။ ခန္တီလည်းပဲ ဘယ်ထဲ ပါသလဲ? ပါရမီထဲပါပါတယ် ဘုရား။ ခန္တီအကြောင်း ပြောပြီးပီ။ မြေကြီးလို ကျင့်ကြ။

နောက်တစ်ခုက ဘာတဲ့လဲ ပရိသတ် ခန္တီပြီးတော့? သစ္စာပါရမီပါဘုရား။ သစ္စာ။ အဲဒါကိုလည်း ရေးထားတဲ့ ဘုန်းကြီးရဲ့ စာတမ်းလေး ဖတ်ပြီးတော့ အပြည့်အစုံ ပြောပြမယ်။ Leaders, any leaders should not utter-မပြောသင့်ဘူး။ Any conscious lies- သိလျက်နဲ့ မဟုတ်တာကို မပြောနဲ့။ For the sake of wealth and power-စီးပွားဥစ္စာနဲ့ ပါဝါအတွက် သိလျက်နဲ့ မဟုတ်တာကို မပြောရဘူး။ They should not be swayed by desire-ရာဂကြောင့်လည်းပဲ လောဘနဲ့ပဲလည်း မဟုတ်တာကို မပြောရဘူး။ ဒေါသကြောင့်လည်းပဲ မဟုတ်တာကို မပြောပါနဲ့။ They should not be swayed by fear- ကြောက်လို့လည်းပဲ မဟုတ်တာကို မပြောပါနဲ့။ They should not be swayed by delusion- မသိသဖြင့် မောဟ လွမ်းပြီးတော့လည်း မဟုတ်တာကို မပြောပါနဲ့။ Leaders should constantly establish the Perfection of Truthfulness-မှန်ကန်စွာ ပြောဆိုတဲ့ အလေ့အကျင့်ကို အားလုံး စနစ်တကျ တည်ဆောက်ကြပါ။ Which is speaking only the truth with no duplicity in speech- စကားထဲမှာ နှစ်ခွန်းမရှိပါစေနဲ့၊ နှစ်မျိုးမရှိပါနဲ့။ Planet Venus pursues its own course through all the seasons- Planet Venus- ဘာလဲ? အင်္ဂါဂြိုလ်လား? ကမ္ဘာမြောက်ဝင်ရိုးစွန်းမှာ သွားနေတဲ့ ဓူဝင်ကြယ်၊ ကမ္ဘာကြီးကို ပတ်နေတာ လမ်းကြောင်းလေး ပြောင်းပြီးတော့ ဟိုလမ်းကြောင်း ဒီလမ်းကြောင်းကနေ သွားအုန်းမယ်ဆိုပြီးတော့ ဘယ်တုန်းက သွားဘူးလဲ?။ ကမ္ဘာပတ်နေတဲ့ ကြယ်တာရာတွေ, လတွေ, နေတွေ, ဒီ orbits-တွေ, ဒီ planet-တွေဟာ ဒီ orbit-ကိုသာ ပြောင်းပြီးသွားရင် ကမ္ဘာကြီး ဘာဖြစ်မလဲ? ကမ္ဘာပျက်မယ်။ အဲဒါကို စံနမူနာထားပြီးတော့ မှန်ကန်သော လမ်းကြောင်းက အားလုံး လျှောက်ကြပါ၊ သစ္စာပါရမီ။
နောက်နံပါတ် (၈) ဘာပါရမီလဲ ပရိသတ်? အဓိဋ္ဌာနပါရမီပါဘုရား။ အားလုံး ဘုန်းကြီးက ဘုရားလောင်းကျင့်စဉ်ကို ပြောနေတာ။ စစ်ခေါင်းဆောင်အားလုံး၊ နိုင်ငံရေး ခေါင်းဆောင်အားလုံး, လူမှုရေး, ဘာသာရေး, သာသနာရေး ခေါင်းဆောင်အားလုံးကို ဘုန်းကြီးက ဘုရားလောင်းတွေလို ကြည်ညိုပြီး ပြောနေတာ။ အခု အဓိဋ္ဌာနပါရမီ- resolusion။ The leaders should make resolution as steadfast as a rocky mountain-ကျောက်တောင်ကြီးကဲ့သို့ ခိုင်မာသော ဆုံးဖြတ်ချက် ရှိရမယ်။ အခုတစ်မျိုး အခုတစ်မျိုး မလုပ်ရဘူး။ ဆုံးဖြတ်ချက်တစ်ခုချပြီးရင် အဲဒီ decision-ကို ချတော့မယ် ဆိုရင်လည်း ဘာနဲ့ ချရမလဲ? သတိနဲ့ ထိန်းထားတဲ့ ပညာနဲ့ ဆုံးဖြတ်ချက် ချရင် အဲဒီဆုံးဖြတ်ချက်သည် မမှားဘူး။ အဲဒီမှန်ကန်တဲ့ အကျိုးရှိမည့် ဆုံးဖြတ်ချက်ကို ချပြီးရင် ကျောက်ထဲမှာ စိုက်ထောင်ထားတဲ့ ကျောက်တိုင်လိုဆို ဘာဖြစ်မလဲ? ဒီဆုံးဖြတ်ချက်ဟာ ခိုင်းမြဲနေရမယ်။ ဖွဲထဲမှာ, သဲထဲမှာ စိုက်ထားတဲ့ တိုင်လို ရိုင်မနေရဘူး။ Which never trembles when the storm beats upon it- မုန်တိုင်းတွေ တိုက်ချင်တိုင်း တိုက် ကျောက်ထဲမှာ စိုက်ထားတဲ့ ကျောက်တိုင်က ဘယ်တော့မှ မယိမ်းယိုင်ဘူး။ Likewise, leaders must be unshaken in their resolution- ဆုံးဖြတ်ချက်တွေ အားလုံး ဘယ်တော့မှ မယိမ်းယိုင်ပါစေနဲ့။

နောက် နံပါတ် (၉) ဘာပါရမီလဲ? မေတ္တာပါရမီပါဘုရား။ မေတ္တာ- ပြောပြီး သွားပြီ။ မေတ္တာကဘာနဲ့ တူတဲ့အကျင့်လဲ?၊ ရေနဲ့ တူတဲ့အကျင့်ပါဘုရား။ ရေလို ကျင့်ကြပါ။ လူကောင်းတွေသောက်လည်းပဲ၊ သူတော်ကောင်းတွေ သောက်လည်းပဲ ဘာဖြစ်လဲ? အေးချမ်းတယ်။ လူမိုက်တွေ လူဆိုးတွေသောက်လည်း အေးချမ်းတယ်။ လူကောင်း လူဆိုး နှစ်မျိုးလုံးကို ရေသည် အေးချမ်းစေသလိုပဲ ရန်သူမိတ်ဆွေ အားလုံး ဘာဖြစ်ပါစေလဲ? အေးချမ်းပါစေလို့ နှလုံးသွင်းကြပါ။ မေတ္တာ။
နောက်ဆုံး နံပါတ် (၁၀) ဘာပါရမီလဲ ပရိသတ်? ဥပေက္ခာပါရမီပါဘုရား။ ဥပေက္ခာ။ We all leaders, any leaders, religious leaders, national leaders, social leaders, political leaders, any leaders should not be perturbed by prosperity- စီးပွားဥစ္စာတွေကြောင့် စိတ်တွေ ဘာဖြစ်ရမလဲ? စိတ်တွေ မယိမ်းယိုင်ရဘူး။ and adversity gain and lost- Gain-အသစ်ရတာ, စိတ်က ဘာဖြစ်လာလဲ? စိတ်က မြှောက်သွားတယ်။ Lost-ဘာဖြစ်လဲ? ဆုံးရှုံးကုန်ပြီ၊ စိတ်ဓာတ်တွေကျလာတယ်။ သိပ်အောင်မြင်နေပြီ ဘာဖြစ်လဲ? မြောက်ကြွကြွ ဖြစ်လာတယ်။ ဆုံးရှုံးကုန်ကြပြီး စိတ်ဓာတ်တွေ ကျလာတယ်။ Gain and lost-အဲဒီ နှစ်ခုကြောင့် စိတ်က ဘာဖြစ်ရလဲ? မယိုင်ရဘူး။ Honor- ဂုဏ်ကျေးဇူး အပြောခံရတယ်။ Censure- ကဲ့ရဲ့ခံရတာ။ ဂုဏ်ကျေးဇူးအပြောခံရလို့ ဘာဖြစ် လာသလဲ? ငါပဲကွ ငါပဲကွ ငါ့အတွက် ဒါပြောတာ။ ဒါငါလုပ်တာ။ ကဲ့ရဲ့လာတော့ ငါမဟုတ်ဘူး၊ ဒါ ငါမလုပ်ဘူး၊ ဟိုကောင်တွေ။ ဘုန်းကြီးတို့ဆရာ အနီးစခန်း ပြောတယ်။ အင်္ဂလိပ်ကြီး အမဲပစ်သွားတာ ဗမာအရာရှိတွေ နောက်ကလိုက်ရတယ်။ အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်က အင်္ဂလိပ်အရေးပိုင်, ဗမာပြည်မှာ အုပ်ချုပ်နေတာ အတော်ကြာလာတော့ ဗမာစကားလေး မတောက်တခေါက် ပြောတတ် လာတယ်။ ဗမာအရာရှိတွေက နောက်က လိုက်ရတယ် တောထဲသွား အမဲပစ်တယ်။ ဒိုင်း. . .ဆို ပစ်ချလိုက်တယ်၊ သမင်ကို တည့်တည့် မှန်တယ်။ အဲဒီ အင်္ဂလိပ်အရေးပိုင် ပစ်တာ မမှန်ဘူး။ သူ့နောက်က မြို့ပိုင် ပစ်တာ မှန်တယ်။ ဟိုမှာ သွားကြည့်တော့ သမင်လေးဆိုတော့… အင်္ဂလိပ်အရေးပိုင်က ရိုင်ဖယ်ကြီးကို ကိုင်ပြီးတော့ ဒါ နာကျစ်တာကွ၊ ဒါ နာကျစ်တာ။ မြို့ပိုင်က ပစ်တာ, အင်္ဂလိပ် အရေးပိုင်က ပစ်တာကို မဟုတ်ဘူး။ သမင်ကို ပစ်တာ မှန်တိုင်း မှန်တိုင်း ငါကျစ်တာချည်းပဲကို လုပ်တာ, အင်္ဂလိပ်အရေးပိုင်။ နောက်ကျတော့ ဒိုင်း…ဆို ပစ်လိုက်တာ သမင်မဟုတ်ဘူး၊ ယာခုတ်နေတဲ့ လူကြီးကို မှန်တာ၊ သွားကြည့်တော့ လူသွားမှန်တာ…၊ အဲဒီတော့ အင်္ဂလိပ်ကြီးက ဟင်း. . .ဒါ ငါကျစ်တာ မဟုတ်ဘူး၊ နင် ကျစ်တာ။ အဲဒီတော့ ကောင်းလာလို့ ဆိုရင်တော့ ငါပဲ၊ ဆိုးလာလို့ဆိုရင်တော့ နင်ပဲ။ အဲဒီလို မလုပ်ကြနဲ့။ We all leaders should not be perturbed by prosperity and adversity, gain and lost, honor and censure. A leader must have the quality of equilibrium of mind- စိတ်ဓာတ်က ဘာဖြစ်ရမလဲ? တညီတည်း ရှိရမယ်။ ကောင်းချင်လည်း ကောင်း၊ ဆိုးချင်လည်း ဆိုး၊ တညီတည်း။ ဗုဒ္ဓရဲ့ Middle way-က နေရာတကာမှာ ၀င်တယ်။ အခုနက ခန္တီမှာကြည့် ဘာဖြစ်သလဲ? ချေးယို သေးပေါက်လည်း ခံရတယ်၊ စိတ်မပျက်နဲ့။ ချေးနဲ့ သေးနဲ့ အပက်ခံရလည်း စိတ်မပျက်နဲ့။ ပန်းကုံး အဆက်ခံရလည်း စိတ်မမြောက်နဲ့။ Middle way-ပဲ ကျင့်ရမယ်။ မေတ္တာကျတော့ ဘာဖြစ်လဲ? ကောင်းတဲ့လူတွေလည်း ချမ်းသာ ကြပါစေ၊ ဆိုးတဲ့လူတွေလည်း ကျန်းမာပါစေပဲ။ Middle way-ပဲ။ ဗုဒ္ဓရဲ့ Middle way-က in every case-ပဲ။ You can apply။ အဲဒါကြောင့် Buddhist Acadamy-က ဘာတွေကို သင်မလဲ? Apply Buddhism-ကို သင်တာ။ ဗုဒ္ဓတက္ကသိုလ်ရဲ့ ရည်ရွယ်ချက်သည် ဘာလုပ်ကြမလဲ? သံဃာငယ်တွေကို apply Buddhism- လောကကြီး လူတကာနဲ့ အသုံးချနိုင်တဲ့ ဗုဒ္ဓရဲ့ အဆုံးအမတွေကို သင်ပေးမယ်၊ လူနဲ့ တထပ်တည်း ဖြစ်အောင်။ အဲဒါကြောင့် Morning class-ဘုန်းကြီးတို့ ဒကာ ဒကာမတွေအတွက် ဖွင့်မယ်ဆိုတာကလည်း အဲဒါပါပဲ။ Apply Buddhism-ကို သင်ပေးမယ်။ Equilibrium of mind- ဥပေက္ခာဆိုသည်ကား ကောင်းသော အနေအထား၊ ဆိုးသော အနေအထား ဘယ်အနေအထားမှာ မဆို စိတ်ကို ဘယ်လိုထားရမလဲ? Equal, stability သာတူ ညီမျှဖြစ်အောင်၊ ငြိမ်နေအောင် အားလုံး ကျင့်သုံးကြ။ ဒါပြောပါတယ်။ We should go through middle way by being always evenly balanced in both favor and fear without attachment- သိပ် favor-ရရင်လည်း do not attach-ပဲ။ fear-ဖြစ်လာရင်လည်း do not deattach။ အဲဒီနှစ်ခုကို လွတ်အောင် အလယ်ကသွားကို ဘာခေါ်သလဲ? Equanimity။ အဲဒါတွေ အားလုံးဟာ ဘယ်သူ့ကျင့်စဉ်တွေလဲ? ဘုရားလောင်း ကျင့်စဉ်။ ဒါတွေကို ပါဠိလို ဘာခေါ်သလဲ? ပါရမီ။ ပါရမီကို အင်္ဂလိပ်လို ဘာသာပြန်တော့ Perfection။ အားလုံးသော ဘ၀သံသရာတစ်လျှောက်လုံးက ဆွေမျိုးမတော်ခဲ့ဘူးသော ပုဂ္ဂိုလ်သတ္တ၀ါမရှိဆိုတဲ့ မြတ်စွာဘုရားရဲ့ အနမတဂ္ဂ သုတ်တော်အရ ဒီကနေ့ ဘုန်းကြီးတို့ ပြောဆိုတဲ့ တရားစကား လာရောက် နားထောင်ကြတဲ့ အမျိုးသား အမျိုးသမီးအားလုံးဟာ ဘုန်းကြီးတို့ရဲ့ ဘ၀ဟောင်းက ညီအစ်ကို မောင်နှမဟောင်းတွေပါလို့ ဘုန်းကြီးတို့ ဒီလို သဘောထားပြီးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ် လုပ်ကြတဲ့ လုပ်ငန်းဟာ ဘာလုပ်ငန်းလဲ? ဘုရားလောင်း လုပ်ငန်း, အဲဒါကြောင့် ဘုရားလောင်းကျင့်စဉ် (၁၀)ပါးကို Leadership quality-များအနေနဲ့ ဘုန်းကြီးတို့ ဒီကနေ့ ပြောပြပါတယ်။ နိုင်ငံမှာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ လူလူချင်း တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ယောက်အကျိုးစီးပွားကို တစ်ယောက်က ဆောင်ရွက်တဲ့အခါမှာ ဘာသာရေး ခေါင်းဆောင်များသည်ပင် ဒီအတိုင်း ပါရမီ (၁၀)ပါးလမ်းစဉ်အတိုင်း (Ten kinds of perfections)ဆိုတဲ့ ပါရမီ (၁၀)ပါးအတိုင်း အားလုံးကျင့်သုံးနိုင်ကြမယ်ဆိုရင် တိုင်းသူပြည်သား လူအများလည်း သူတို့ရဲ့ အကျိုးစီးပွားတွေ ဘာဖြစ်လာမလဲ? Perfect- တိုင်းသူပြည်သား လူအများရဲ့ အကျိုးစီးပွားလည်း perfect-ဖြစ်လာအောင်၊ ခေါင်းဆောင်တွေ အားလုံးကလည်း ဘာဖြစ်လဲ? Perfect men-တွေ ဖြစ်လာအောင် ဒီ ten kinds of perfection-ဆိုတဲ့ ပါရမီ (၁၀)ပါး အားလုံးကို လိုက်နာ ကျင့်သုံး ပြီးတော့ တိုင်းပြည်ရဲ့ အကျိုးစီးပွားအားလုံး ပြည့်စုံအောင် ကျင့်သုံးကြပါ၊ ကျင့်သုံးနိုင်ကြပါစေဆိုတာ ဘုန်းကြီးက လေးနက်စွာ တိုက်တွန်းပြီးတော့ ဘုန်းကြီးရဲ့ ဒီမှာတင် နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူဆရာတော်ဒေါက်တာအရှင်ဉာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဓမ္မကထိက (Ph.D., D.Litt.)

ဤနေရာမှ ကူးယူဖော်ပြသည်။

ရွင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၆-၂၀၁၁

26 June 2011

ရဟန်းနှင့် အမျိုးသမီး

စာမိတ်ဆက်

ဒီမေးခွန်းလေးကတော့ အားလုံးသိထားသင့်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အများဆုံးရှိသော နိုင်ငံဖြစ်သည်၊ ၄ သိန်းကျော်သော ရဟန်းသံဃာများ ရှိရာကား အလွန်ကြီးကျယ်သော အဖွဲ့စည်းကြီးတစ်ခုဖြစ်သည်။ ထိုအဖွဲ့အစည်းကြီးသည် လူဝတ်ကြောင်များကို အမှီပြုပြီး အသက်မွေးဝမ်းကြောင်းပြုကာ ရဟန်းအလုပ်ကို လုပ်နေသူများ ဖြစ်ကြသည်။ လူဝတ်ကြောင်များနှင့် အနေနီးစပ်စွာ နေကြရသည်။ အများစုသော သူများသည် သာမန် ပုထုဇဉ်များ ဖြစ်ကြသည်၊ ပုထုဇဉ်များပီပီ ဖြစ်တတ်သော မေတ္တာတွေ သံယောဇဉ်တွေ အချစ်တွေ စတဲ့ တစ်ယောက်နှင့်တစ်ယောက် အနှောင်အဖွဲ့များ ဖြစ်တတ်သည်။ သို့သော် ရဟန်း (ဘိက္ခု)ဆိုတာကိုက ထိုအနှောင်ဖွဲ့တွေကို ကြောက်လို့ ရဟန်းပြုလာသည်ဟု ဆိုလိုသည့်အတွက် အနှောင်ဖွဲ့တွေ ရှင်းအောင် အားထုတ်သူများ ဖြစ်ကြရပါမည်။ ကိလေသာပွားအောင် အားထုတ်သူများ မဖြစ်သင့်ပါ။

လူတွေကတော့ ရဟန်းတွေဆိုတာ ရဟန္တာကြီးများကဲ့သို့ ကိလေသာ တဏှာ ရာဂ ကင်းသူများဟု မှတ်ယူထားကြသည်။ သာမန် လူဝတ်ကြောင်တွေလို ချစ်တာ ကြိုက်တာ စတဲ့ သံယောဇဉ်များ မရှိဟု ခံယူထားကြသည်။ စာရေးသူ ရဟန်းဖြစ်ခါစက ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ မဟာဂန္ဓာရုံကျောင်းတိုက်မှာ နွေရာသီ စာသွားချပေးဖူးသည်။ တခါတော့ ထိုကျောင်းရှိ စာချဘုန်းကြီးများနှင့် သားအမိ နှစ်ယောက်ရှိသော အိမ်သို့ အလည်ပင့်သဖြင့် သွားခဲ့သည်။ သမီးဖြစ်သူမှာ ကျောင်းဆရာမ စာရေးသူထက် ၃ နှစ်လောက်ပဲ ကြီးမည်ထင်သည်။ ထိုသားအမိနှစ်ယောက်သည် ဘုန်းကြီးရဟန်းတွေကို အလွန်ကြည်ညိုတတ်သည်၊ အလှူအတန်းလဲ ၀ါသနာပါသူဖြစ်သည်။ တနေ့တော့ အမေဖြစ်သူ ဒကာမကြီးက အားပါးတရပြောတယ် ‘‘ဘုန်းကြီးတွေက ငါးပါးသီလ လုံခြုံတယ်၊ ရဟန္တာကြီးတွေပဲ ဘုရား၊ တပည့်တော် သမီးကိုလဲ အဲလို ရဟန္တာကြီးတွေနဲ့ဆို ယုံကြည်စိတ်ချရပါတယ်ဘုရား’’ အဲဒီလောက်ထိ ဘုန်းကြီးရဟန်းတွေကို အထင်ကြီး လေးစားထားကြသည်။ မန္တလေးက ကျောင်းအမ သားအမိက စစ်ကိုင်းရောက်လာတော့ သူတို့ ပြောနေတဲ့စကား ကြားလိုက်မိတယ်။ သူ့မှာ ဘွဲ့ရသမီးက တစ်ယောက်ရှိသည်။ ဘွဲ့တစ်ခုသာရထားသည်၊ ဒီက ဘုန်းကြီးတွေ ဘွဲ့တွေ ၂ ခု ၃ ခုတောင်ရထားတာဆိုတော့ သမီးကိုတော့ စဉ်းစားမှာ မဟုတ်ပါဘူးတဲ့။ သူအထင်ကြီးတာက တမျိုး။

အဲဒီလောက် အထင်ကြီး ကြည်ညိုတတ်ကြသော ဒကာဒကာမတွေ တွေ့ရပြန်တော့ တွေးပြီး ရှက်မိသည်၊ ငါ့မှာက ကိလေသာတွေနဲ့ လူဝတ်ကြောင်တွေလို ကိလေသာတွေ ရှိနေတာပဲ၊ လူတွေနဲ့ မတူတဲ့ အသိုင်းအ၀ိုင်းမှာ နေပြီး လူတွေ မလုပ်နိုင်တဲ့ အလုပ် လုပ်နေတာပဲ ထူးတာ။ ကျန်တဲ့ စိတ်အစဉ်ကတော့ သိပ်မထူးပါလားဟု တွေးကာ ရှက်မိသည်။ ဒါ့ကြောင့်ဘုရားက ဣန္ဒြိယသံဝရသီလ ခေါ်တဲ့ သတိ အမြဲရှိစေဖို့ ဟောထားသည်။ မျက်စိ, နား,နှာ စတဲ့ ဒွါရ (ပေါက်) ၆ ခုမှ ၀င်လာတဲ့ အာရုံတွေနောက် လိုက်ပြီး တဏှာ ရာဂစတဲ့ ကိလေသာတွေ ၀င်မလာနိုင်အောင် သတိဖြင့် ပိတ်ဆို့ထားဖို့ သီလ အကျင့်တစ်ခု အနေနဲ့ ဟောထားခဲ့သည်။

အမေး+အဖြေ

ထိုကြည်ညိုတတ်သော သူများထဲက ကျောင်းအမတစ်ယောက်က စာရေးသူအား မေးခွန်းတစ်ခုမေးတယ်၊ ၂၅-၆-၂၀၁၁ နေ့က ဖြစ်တယ်။ သူက စာရေးသူနဲ့ အရမ်းရင်းနှီးသူဖြစ်သဖြင် စတားဟုခေါ်လေ့ရှိသည်။ စတား အားလား၊ မေးခွန်းတစ်ခု မေးချင်လို့ ဟု အစချီကာ မေးပါတော့သည်။ သူ့မေးခွန်းက--

အမေး

အခုနေရာတော်တော်များများမှာ ရဟန်းတော်တွေနဲ့ ဒကာမ ဇာတ်လမ်းတွေ တော်တော် များများကြားနေရတယ်လေ။ အဲဒါ ၂ယောက်လုံးငရဲတွေကြီးကြလား။ ဒါက သူမေးလိုက်တဲ့ မေးခွန်းဖြစ်ပါတယ်။

မှန်ပါသည်။ မေးသင့်ပါသည်။ အထက်မှာ ပြထားသလိုပဲ ရဟန်းတော်များသည် သာမန် ပုထုဇဉ်များဖြစ်ကြသည် လူဝတ်ကြောင် အသိုင်းအ၀ိုင်းမှာ သွားလာ နေကြရသည်၊ အနေနီးစပ်သည့်အတွက် ရဟန်းနှင့်မိန်းမ ဆိုတဲ့ ဇာတ်လမ်းတွေ ဖြစ်ကြသည်။ နှစ်ယောက်လုံးမှာ အပြစ်ရှိလားဆိုတာက အလွန်ကျယ်ပြန့်တဲ့ မေးခွန်းဖြစ်ပါတယ်။ သူမေးတဲ့ မေးခွန်းက ရဟန်းတော်များ ပါရာဇိက ကျပါသလားဆိုတာပဲ ဖြစ်ပါသည်။

အဖြေ

ပါရာဇိကအဓိပ္ပါယ်က သာသနာတော်မှ ဆုံးရှုံးခြင်းဟု ဆိုလိုသည်၊ အကျဉ်းအားဖြင့် ၄ မျိုးရှိသည်။ (၁) မ-သတ္တ၀ါများနှင့် သားကျင့် မယားကျင့်ခြင်း (၂) လူသတ္တ၀ါသတ်ခြင်း (ကိုယ်ဝန်ကျဆေးပေးခြင်းအပါဝင်) (၃) သူများပစ္စည်းခိုးခြင်း (၄) ဈာန်မဂ်ဖိုလ် မရဘဲ ရယောင်ဆောင်ပြီး လိမ်လည် လှည့်ဖြားခြင်း။

ရဟန်းတော်များ လူမိန်းမ တိရစ္ဆာန်မ စတဲ့သူတွေနဲ့ သံဝါသခေါ် သားကျင့်မယားကျင့် ကျင့်ခဲ့ရင်တော့ ပါရာဇိက ကျသည်ဟုဆိုသည်၊ ရဟန်းဘ၀မှာ ဘုရားပေါင်း ထောင်သောင်းချီပြီး သိမ်ပြန်လည်ဝင်လည်း ဒီဘ၀ ရဟန်း ပြန်မဖြစ်နိုင်၊ သို့အတွက် လူ သို့မဟုတ် ကိုရင်ကြီးဘ၀ဖြင့် နေရသည်။ ရဟန်းဘ၀နဲ့ ဆက်နေတော့ ဘာဖြစ်လဲ? သူသည် မစင်ကျယ်သော သူဖြစ်ရကား ၀တ်ထားတဲ့ သင်္ကန်းသည် မီးရဲရဲတောက်နေတဲ့ သံပြားကို ပတ်ထားရသလို၊ ဒကာ ဒကာမတွေ လှူတဲ့ အစားအစာတွေကလည်း မီးရဲရဲတောက်နေတဲ့ သံလုံး သံခဲတွေကို စားမျိုနေရသလို၊ နေရတဲ့ ကျောင်းသည်လည်း သူ့အတွက် မီးရဲရဲတောက်နေသော သံလှောင်အိမ်ကြီးသဖွယ်ဖြစ်သည်၊ ဒကာ ဒကာမတွေရဲ့ လက်အုပ်ချီခြင်းဟာလဲ သူ့အတွက် လှံနဲ့ ၀ိုင်းထိုးနေသည့်အလားပင်ဖြစ်ပါတော့သည်။ ဈာန်တရား မဂ်တရား များ မရနိုင်။ ဤပြစ်မှုကား ကိုယ်ထိလက်ရောက် ကျူးလွန်မှ အပြစ်သင့်သည်။ စကားဖြင့် သားမယား ပြောခြင်းကား ပါရာဇိက မကျနိုင်ပါ။ ရဟန်းသည် မိန်းမနှင့် အတူအိပ်စေကာမူ လွန်ကျူးမှု မဖြစ်ဘူးဆိုရင် ပါရာဇိက မကျ။ သံဃာဒေသ် အာပါတ်ခေါ်တဲ့ ကုစားလို့ရတဲ့ အပြစ်ကြီးစားတော့ သင့်သည်။

(မှတ်ချက်။ ။ မေထုနသံဝါသခေါ် သားကျင့်မယားကျင့်ခြင်းနှင့်ပတ်သက်ပြီး ပါရာဇိက ကျနိုင်တဲ့ အဆင့်နှင့် မကျနိုင်တဲ့ အဆင့်တွေကိုတော့ ပါရာဇိကဏ်အဋ္ဌကထာနှင့် ကင်္ခါဝိတရဏီအဋ္ဌကထာတို့၌ ပါသည်၊ အသေးစိပ်ကိုတော့ ဖော်မပြလိုတော့) ၀ိနည်းသိက္ခာပုဒ်တွေဆိုတာ လူဝတ်ကြောင်တွေလဲ သိသင့် သိထိုက်ပါတယ်၊ ထို့ကြောင့် လူဝတ်ကြောင်တွေအတွက် နားလွယ်နိုင်တဲ့ ၀ိနည်းအကြောင်းကို ဘုရားဥပဒေတော်ကြီး ဟုသော အမည်ဖြင့် တောင်မြို့ မဟာဂန္ဓာဆရာတော်ကြီး ရေးသားခဲ့သည်။)

အဲဒါ ၂ယောက်လုံးငရဲတွေကြီးကြလား ဆိုတဲ့ မေးခွန်းကတော့ ရဟန်းအတွက် အဖြေကတော့ ပြဆိုခဲ့အတိုင်းပါပဲ။ အမျိုးသမီးများအတွက်ကော ဘာဖြစ်နိုင်လဲ? ငရဲကြီးလား? ဆိုလိုတာ ရဟန်းအပြစ်ခံရသလို အမျိုးသမီးကော ခံရသလား? ဆိုတဲ့ အဓိပ္ပါယ်ပဲ။
အပြစ်ဆိုတာ ၂ မျိုးရှိပါတယ်။ လောက၀ဇ္ဇ နှင့် ပဏ္ဏတ္တိဝဇ္ဇပေါ့။ ထိုအမျိုးသမီးကို ရဟန်းနှင့် ဖြစ်တော့ လူတွေက သာသနာဖျက်မဆိုတဲ့ ခေါင်းစဉ် တပ်ပြီး ကဲ့ရဲ့ကြလိမ့်မယ်၊ အပြစ်တင်ကြလိမ့်မယ်။ ဒါက လောက လူသားတွေက ပေးတဲ့ အပြစ်မို့ လောက၀ဇ္ဇမည်တယ်။ ပဏ္ဏတ္တိဝဇ္ဇဆိုတာက ပညတ် သတ်မှတ်ထားတဲ့ စည်းကမ်း။ ဥပမာ-ငါးပါးသီလပေါ့၊ သူများအသက် သတ်ခြင်း၊ ခိုးခြင်း၊ လိမ်လည်ခြင်၊ စတဲ့ ငါးပါးသီလကို ကျူးလွန်က ပဏ္ဏတ္တိဝဇ္ဇ အပြစ် ဖြစ်တာပေါ့။ ဤအပြစ် ၂ မျိုးတွင် ရဟန်းနှင့်ဇာတ်လမ်းဖြစ်သော အမျိုးသမီးကား လောကအပြစ် (လောက၀ဇ္ဇ)ကိုတော့ ခံရမည်။ ငရဲ ကျ မကျကိုတော့ ဇာတ်လမ်းလေး တစ်ခု ပြောပြမယ်။

ဘုရားလက်ထက်က အရှင်သုဒိန္နအမည်ရှိ အလွန် သဒ္ဓါတရားကောင်းသော သူဋ္ဌေးသား ရဟန်းတပါးရှိခဲ့ဖူးတယ်၊ သူ့မှာက ရဟန်းမ၀တ်ခင်က အိမ်ထောင်ကျခဲ့ဖူးလို့ ဇနီးတစ်ယောက်ရှိတယ်။ ရဟန်းဘ၀ရောက်သွားတော့ အမေဖြစ်သူက အမွေစားအမွေခံ သားသမီးမျိုးရိုး ပြတ်စဲသွားမည်ကို စိုးရိမ်ရကား သားဖြစ်သူ ပြန်လာသောအခါ သမီးဖြစ်သူနဲ့ သားသမီးတစ်ယောက်စာ အတွက် သားမယားတို့ထုံး ကျင့်ခိုင်းတော့သည်၊ ရဟန်းဖြစ်သူကလဲ မပြုချင်ပေမဲ့ ခဏခဏ ဒီလို တောင်းဆိုနေတော့မှာပဲ၊ ဒီတစ်ကြိမ်တစ်ခါတော့ သူတို့စိတ်ကြိုက် အတိုင်း လိုက်နာလိုက်သည်၊ သားလေး တစ်ယောက်ထွန်းကားသည်။ သို့သော်ကား ရဟန်းဖြစ်သူမှာ ဒီဘ၀မှာ ဈာန်မဂ်ဖိုလ် မရနိုင်တော့။ သိက္ခာပုဒ်များ မညတ်ခင် ပထမဆုံး ဒီလိုကျူးလွန်မှုအတွက် ပါရာဇိကခေါ် သာသနာတော်မှ နှင်မထုတ်ခံရပေမဲ့ ဈာန်တရား မဂ်တရားများကိုတော့ မရ။ ဇနီးဖြစ်သူနှင့် သားကလေး နှစ်ယောက်လုံးကတော့ သောတာပန် အရိယာပုဂ္ဂိုလ်များ ဖြစ်သွားကြသည်။ အဲဒီတော့ အမျိုးသမီး ငရဲကြီးလားဆိုတာကိုတော့ စာဖတ်သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါလေ။

အမေး
ကိုယ်အားဖြင့်ကျူးလွန်တာ မဟုတ်ဘဲ ၀စီကံတွေ မနောကံတွေနဲ့ ပြောဆိုနေကြတယ်ဆိုရင်ကော ဘာအပြစ်သင့်လဲ?

အဖြေ
ဟုတ်ပါတယ်၊ ဒါလဲ အလွန်မေးသင့်တဲ့ မေးခွန်းပါပဲ။ သူက ပြောတယ် အွန်လိုင်းမှာ ရီးစားစကားပြောနေတာ ဘာအပြစ်သင့်လဲ? ကုစားလို့ မရတဲ့ ပါရာဇိက အပြစ်လဲ မသင့်ပါဘူး၊ သံဃာဒေသေသ်ခေါ် ကုစားလို့ ရတဲ့ အပြစ်လဲ မသင့်ပါဘူး။

မနောကံဖြင့် ကျူးလွန်ပါက ရဟန်းတော်များ ၀ိနည်း အပြစ် လုံးဝမရှိပါ၊ (မနောဒွါရေ အာပတ္တိ နာမ နတ္ထိ)။ သို့သော် ရီးစားစကားပြောခြင်း ၀စီကံအပြစ်ကတော့ လောကအပြစ် (လောက၀ဇ္ဇ) လူသူများ ကဲ့ရဲ့ခံရမည်။ ၀စီကံရော မနောကံ ၂ မျိုးလုံးကတော့ ၀ိနည်းအပြစ် မရှိသော်လည်း အဘိဓမ္မာ အပြစ်တော့ ရှိသည်။ ဆိုလိုတာက တဏှာ ရာဂ ကိလေသာတို့ကို ဖြစ်စေ တိုးပွားစေတက်သော စကားများဖြစ်သောကြောင့် ၎င်း၊ ကြံစီနေသောကြောင့်၎င်း အကုသိုလ် အပြစ်များကား ရှိသည်။
ရဟန်းများ ရီးစားစကားပြောလျှင်ကော ဘာအပြစ်ဖြစ်လဲ ဆိုတာနဲ့ စပ်လျှဉ်းပြီး ဒုဋ္ဌုလ္လ၀ါစာ နှင့် အတ္တကာမပါရိစရိယာယ သိက္ခာပုဒ်များမှာတော့ ယုတ်ရင်းကြမ်းထမ်းတဲ့ ၀စ္စမဂ် ပဿာဝမဂ်တို့နှင့် စပ်လျှင်၍ ပြောလျှင်တော့ သံဃာဒေသေသ် အာပတ် အပြစ်ရှိသည်။ ထိုစကားများ မဟုတ်ပါက- မုသာဝါဒ လေးမျိုးထဲက သမ္ဖပ္ပလာပါဝါစာ- အကျိုးမရှိတဲ့ စကားဖြစ်ခြင်းကြောင့် ဒုစရိတ် ၁၀ ပါးထဲက တပါးအပါအ၀င်ဖြစ်တဲ့ အကုသိုလ်အပြစ်ဖြစ်သည်။ တဏှာ ရာဂစတဲ့ ကိလေသာစကားများဖြစ်ခြင်းကြောင့် အဘိဓမ္မာသဘောအရ အကုသိုလ်အပြစ်ဖြစ်သည်။

အမေး
နောက်တစ်ခု မေးခွန်းကလဲ သိသင့်တဲ့ မေးခွန်းပါပဲ။
ဘုန်းကြီးနဲ့ အမျိုးသမီး ဖြစ်ကြရင် ဘုန်းကြီး အနေနဲ့ အာပတ်ဖြေလိုက်ရင်ပြီးရော ဒကာမတွေ ဘက်က သာသနာဖျက်မဆိုတဲ့ ငရဲ ကိုခံကြရမယ်ဆိုတာကို တပည့်တော် သူငယ်ချင်း ကျောင်းအမ တစ်ယောက်က ပြောတယ်ဘုရား။ စတား အဲဒါကော ဟုတ်လား။ သူက သူ့ဘုန်းကြီး လူထွက်သွားတာနဲ့ ပတ်သက်ပြီးပြောပြတာ စတားရဲ့။

အဖြေ
အာပတ်ဖြေတယ်ဆိုတာ ရဟန်းတော်များ အပြစ်ကျူးလွန်ထားရင် ကုစားတဲ့နည်းပဲ။ ရဟန်းတော်များမှာ အပြစ် (အာပတ်)အမျိုးစား ၇ ခုရှိတယ်။ ရှေးက ပါရာဇိကနှင့် သံဃာဒေသေသ် ၂ မျိုးကို အပြစ်ကြီးလို့ ယူဆထားကြတယ်၊ နောက် ၅ မျိုးကတော့ အပြစ်သေးသေးပေါ့။
၁။ ပါရာဇိက အာပတ်ကတော့ ကုစားမရတော့ဘူး
၂။ သံဃာဒိသေသ်အာပတ်ကတော့ ကြီးလေးတဲ့ အပြစ်ဖြစ်သောကြောင့် ကြီးကြီးကျယ်ကျယ် ကံဆောင်ပြီးတော့ ကုစားရပါတယ်။ ဒါကို မာနတ်ဆောက်တည်တယ် ပရိဝါသ်ဆောက်တည် တယ်ဟုခေါ်သည်။ လူဝတ်ကြောင်တွေကို ပြောပြဖို့ နဲနဲ ခက်ပါတယ်။
၃။ ကျန် ၅ မျိုးကတော့ ဒေသနာကြားခြင်းခေါ်တဲ့ အာပတ်ဖြေ ကုစားရင် ရသည်ဟု စာပေမှာ ဆိုသည်။ ဒါပေမဲ့ နောင်မကျူးလွန်မိအောင် ဆင်ခြင်ပါ့မယ်လို့ ပြောပြီး ခဏခဏ ကျူးလွန်လို့တော့ မရပါဘူး။ အာပါတ်ဖြေလိုက်ရင် လုံးဝပျောက်ရောလားဆိုတော့၊ အနာပေါက်နေသူကို ဆေးဖြင့်ကုသပါက အနာပျောက်ပေမဲ့ အမာရွတ်လေး ကျန်တတ်သည်။ အပြစ်တွေ ဆေးကြော ကုစားပေမဲ့ အမာရွတ်လေးတော့ ကျန်တက်သည်တဲ့ (ဘာသာဋီကာဆရာတော်)

ကျောင်အမက ပြောသေးတယ်၊ ဒီမေးခွန်းကို မေးချင်နေတာ ကြာပြီ၊ မေးရမှာ ရှက်တာရယ်၊ အားနာနေတာရယ်ကြောင့် မမေးဖြစ်တာ။ စတားတို့ ဘုန်းကြီးတွေက တရားနဲ့ပတ်သက်လာလျှင် ပြည့်စုံကြတယ်လေ၊ ဒါ့ကြောင့် အထင်ကြီးပြီးမေးတာပါတဲ့ဗျာ။

အမှာစာ
စာရေးသူအနေနဲ့ ဒီမေးခွန်းနဲ့ ပတ်သက်၍၎င်း အင်တာက်စာမျက်နှာပေါ်တွင် ဒကာတစ်ယောက်၏ ဖော်ဝက မေးလ်စာများနှင့်စပ်လျဉ်းပြီး အနဲငယ်ပြောချင်ပါသည်။ စာရေးသူတို့နိုင်ငံသည် မတူညီတဲ့ ရဟန်းရယ် လူဝတ်ကြောင်ရယ် အလွန်းကြီးမားတဲ့ အဖွဲအစည်းကြီး ၂ ခုက ယှဉ်တွဲ နေကြသည်ဖြစ်၍ ဒီအဖြစ်မျိုးတွေက ကြုံလာနိုင်ပါသည်၊ သီလ သမာဓိ အားကောင်းတဲ့ခေတ် ဘုရားလက်ထက်ကတောင် ဤကဲ့သို့ ဖြစ်ရပ်တွေ ရှိနေပါသည်။ ဒါတွေကို နားလည်ပြီး လူဝတ်ကြောင်ဘက်က ဤကဲ့သို့ ရဟန်းငယ်များနှင့်တွေ့က သို့မဟုတ် သိသိချင်း လိမ္မာပါးနပ်စွာ နောက်ဆုတ်လိုက်ပါ၊ သို့ဟုတ် ထိုရဟန်းကို နားလည်အောင် ဆုံးမလိုက်ပါ။ ရဟန်းတော်အားလုံး ဒီလိုချည်းပဲဆိုတာမျိုး ယူဆသွားမည်၊ မှတ်သွားမည်ကိုတော့ စိုးရိမ်မိပါသည်။ စာရေးသူတို့ သာသနာအတွင်းနေသူများကလဲ ထိုဒကာဒကာမအသိုင်းဝိုင်းများကို အမှီပြု၍ နေကြရပါသည်၊ သာသနာအတွက် ကျေးဇူးများသူများဖြစ်ကြသည်။ သူတို့၏ သဒ္ဓါဒေယျ ၀ိနိပါတ ခေါ် သဒ္ဓါတရားကို ပျက်ပြားစေတဲ့ အမှုမျိုး မကျူးလွန်မိအောင် သတိကြီးစွား စောင့်ထိမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတော့သတည်း။


စာရေးသူ မီသလောက်ပဲ ဖြေကြားလိုက်ပါသည်။ ကျေးဇူးအထူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၆-၂၀၁၁

23 June 2011

ရှားရှားပါးပါး အလှူ (၂)

စာရေးဖို့ အကြောင်းရှာနေတာကြာပြီ၊ အခန်းအောင်းနေရကား ခရီးသွားမှတ်တမ်းလဲ မရေးနိုင်ခဲ့။ ဒီတပတ်တော့ အရင်တစ်ပတ်က ရှားရှားပါးပါးအလှူ အပိုင်း (၁)ဖြင့် ပို့စ် တစ်ခု ရေးပြီး အလှူရှင်တစ်ဦးကို ဂုဏ်ပြု ရေးသားခဲ့သည်၊ ယခုတစ်ပတ်မှာလဲ ထိုအလှူရှင် မိသားစု တဖန် ရောက်လာတာကြောင့် အလှူရှင် ဂုဏ်ပြုပို့စ်လေးတစ်ခု တင်ဖို့ စိတ်ကူးမိပါသည်။ အလှူရှင် များများရလျင်တော့ ဂုဏ်ပြုပို့စ်တွေ များများ တင်ဖြစ်မည်ထင်။pppppppp။ ဟုတ်ပါဘူး စာရေးသူက အကြောင်းရှိမှ mood ၀င်ပြီး စာရေးမှ အဆင်ပြေသည်။

ရဟန်းတော်များသည် အိမ်ယာတည်ထောင် လူဝတ်ကြောင်များကို အမှီပြုပြီး သာသနာပြု လုပ်ငန်းတွေကို အားထုတ်နေကြရတာ ဖြစ်ပါတယ်။ တိုင်းသူ ပြည်သားများသည် အရပ်စကားနှင့် ပြောရလျှင် ရဟန်းတော်များ၏ ထမင်းရှင်များဖြစ်သည်။ ထို့အတွက် ရဟန်းတော်များမှာ ထိုထမင်းရှင်များကို အမှတ်ရ သတိရ မေတ္တာပွားကြရမည့် တာဝန်ရှိပါသည်။ အကယ်၍ မေတ္တာပွားခြင်း မပြုခဲ့သော် ထိုထမင်းရှင်များကို ကျေးဇူးယူစားသော -ဣဏပရိဘောဂ (အကြွေးတင်) ဖြစ်၍ နေသည်။ တိုင်းပြည်၏ဆွမ်းကို အချီးအနှီးစားသုံးသူများဟု အပြစ်တင်စရာ ဖြစ်လာသည်။ ထို ထမင်းရှင်များကို လက်ဖျောက်တစ်ချက်လောက်ကလေးမျှ မေတ္တာပွားလိုက်ပါက (မှတ်မှတ် ရရ သတိရမိလိုက်ပါက) အကြွေးမတင်သည့်အပြင် တိုင်းပြည်၏ အစားစာများကို အကျိုးရှိစွာ စားသုံးသူများဟု ဆိုအပ်၏။

မြန်မာမိသားတစ်စုသို့ မှတ်မှတ်ရရ
၁၈-၆-၂၀၁၁ နေ့၊ စနေနေ့ ရုံးပိတ်ချိန် ဖြစ်၍ ဘုံဘေမြို့ရှိ မြန်မာမိသားစု လေယာဉ်အင်ဂျင်နီယာ ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေးနှင့် သမီးဖြစ်သူ မယဉ်သူဇာကျော်တို့ စောမယကောလိပ်ရှိ စာရေးသူတို့အဆောင်သို့ ရောက်လာကြသည်။ စောမယကောလိပ် ဆန်စကရစ်ဌာနနှင့် ပါဠိဌာနတို့တွင် ဒေါက်တာဘွဲ့အတွက် စာတမ်းပြုစုနေကြသော မြန်မာရဟန်းတော် ၁၅ ပါး (အမြဲနေ-အတူစား) တို့အား နေ့ဆွမ်းအတွက် စားဖွယ်များ အသီးအနှံများ ပိုပိုလျှံလျှံ လှူသွားကြသည့်အပြင် ဆန် ဆီများပါ လှူသွားသည်။ ထိုမိသားစုအတွက် မှတ်မှတ်ရရ သတိရစေရန် သို့မဟုတ် မေတ္တာပွားမိစေဘို့ရန် ဤပို့စ်ဖြင့် မှတ်တမ်းတင်အပ်ပါသည်။

ဒါနဟူသည်
ဒါန-ပေးဝေခြင်း, စွန့်လွတ်ခြင်း, ဟူသော အဓိပ္ပါယ်ရှိသည်။ ကိုယ့်မှာရှိသော ရုပ်ဝတ္ထုပစ္စည်းကို တစ်ပါးသူအား ပေးဝေခြင်း၊ ကိုယ်သန္တာန်မှာ ကိန်းဝပ်နေသော လောဘ တဏှာ အညစ်အတေးကို စွန့်လွတ်ခြင်းဟုသော နေက္ခမ္မ အဓိပ္ပါယ်ရှိသည်၊ နေက္ခမ္မ ကို အများစုက တောထွက်ခြင်းဟု သိထားကြသည်၊ မူရင်းအဓိပ္ပါယ်မှာ စွန့်လွတ်ခြင်းဟု ဆိုလိုသည်၊ စွန့်လွတ်ခြင်း အမျိုးမျိုးရှိသည်၊ သားမယားကို စွန့်ခြင်း၊ ဇနီးကို စွန့်ခြင်း စသည့် ဘုရားရှင်ပါရမီဖြည့်ခဲ့သည် စွန့်ခြင်းကြီး ငါးမျိုးတို့ကို စွန့်လွတ်ပြီး တောထဲတောင်ထဲ တစ်ကိုယ်တည်း တောရဆောက်တည်ခြင်းသည်လည်း နေက္ခမ္မ မည်ပါသည်။ ထို့ပြင် ကိုယ့်သန္တာန်မှာ ကပ်ညှိနေသည့် ကိလေသာ အညစ်အကြေးများကို စွန့်လွတ်ခြင်းသည်လည်း နေက္ခမ္မမည်ပါသည်။ ဒါကိုပဲ စာပေက ပုည ဟု ခေါ်သည်။ ပုည-ကုသိုလ်ဟု မြန်မာမှုပြုသည်။ ဆိုလိုသည့် အဓိပ္ပါယ်မှာ စိတ်ကို ဖြူစင်အောင် ပြုလုပ်ခြင်းဟု ဆိုလိုပါသည်၊ ထို့ကြောင့် စိတ်ကို ဖြူစင်အောင် အားထုတ်နည်း ဆယ်မျိုးပြထားသည်။ ဒါကို စာပေက ပုညကြိယာဝတ္ထု (၁၀)ပါးဟု ခေါ်သည်။ ဒါနသည်လည်း ထို ၁၀ မျိုးတွင် ပထမဆုံးသော တစ်ခုပင် ဖြစ်သည်။

ဒါနနှင့် စပ်ဖွယ် သံသရာ

ဒါနပြုဘို့လိုအပ်ပါသလား? သံသရာလွတ်အောင် အားထုတ်ရာ၌ ဒါနက အရေးကြီးပါသလား? ဒါနမပါဘဲ သံသရာ မလွတ်နိုင်ဘူးလား? ဒါနက သံသရာကို ရှည်စေနိုင်ပါသလား? စသည်ဖြင့် ဒါနနှင့်ပတ်သက်ပြီး လားပေါင်းများစွာ မေးခွန်းများရှိနေပါသည်။
အူမတောင့်မှ သီလစောင့်ဆိုတဲ့ မြန်မာစကားပုံလိုပြောရမည်ဆိုရင်၊ ကိုယ့်ကျင့်တရားဆိုတာ ဘ၀မှာ ပြည့်စုံ လုံလောက်မှုနှင့်လည်း ပတ်သက်နေသည်၊ လုံလောက်မှုမရှိပါက ခိုးမယ် လိမ်မယ် သတ်မယ်ဆိုတဲ့ အကုသိုလ်အမှုတွေ တသီကြီး လွန်ကျူးနိုင်ပါတယ်၊ စက္က၀တ္တိသုတ်မှာ ရှင်ဘုရင်က တိုင်းပြည်သူ ပြည်သားတွေကို အရင်းအနှီးထုတ်မပေးတော့ ပြည်သူတွေ စားဝတ်နေရေးတွေ မပြေလည်တော့ဘူး၊ လူမှုရေးကျင့်ဝတ်တွေ ပျက်ကုန်တယ်၊ ခိုးမှု လိမ်မှု သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာတယ်။ ဒါနသည် ဘ၀သံသရာမှာ သက်တောင့်သက်သာ ဘ၀ကို ရပ်တည်နိုင်ဘို့ အထောက်အပံ့ တိုက်ရိုက်အကျိုးပေးရုံမဟုတ်၊ တခြားသော သီလမှု၊ ဘာဝနာမှုစတဲ့ ဘ၀သံသရာမှ လွတ်ကြောင်း ကောင်းမှုတွေ အတွက် အထောက်အပံ့ဖြစ်ပါတယ်။ ဘာမှ မပြည့်စုံ မလုံလောက် တစ်နေ့လုပ်မှ တစ်နပ်စာရသော ပုဂ္ဂိုလ်တစ်ယောက် ဘ၀အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရသောကြောင့် ထိုသီလ ဘာဝနာ စတဲ့ ကောင်းမှုပါရမီတွေ ပြုနိုင်ဘို့ဆိုတာ မလွယ်ကူ။ ထို့ကြောင့် ဒါနသည် ဘ၀သံသရာလွတ်မြောက်ရေးအတွက် သွယ်ဝိုက်ပြီး များစွာ အထောက်ကူပြုပါသည်။

ဒါနအကျိုး

ဒါနပြုခဲ့သော ပုဂ္ဂိုလ်သည် လူချစ်လူခင်ပေါသည်။ သူတော်ကောင်းတွေက လာရောက်တွေ့ဆုံကြမည် ချီးမွမ်းစကားပြောဆိုကြမည်၊ ကောင်းသတင်း ကျော်ကြားမည်၊ အလှုရှင်သည် ဘယ်ရောက်ရောက် ဘယ်ပရိသတ်မှာပဲ ဖြစ်ဖြစ် ရဲရဲဝံ့ဝံ့ ရှိသည်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည်၊ လူတို့ကျင့်သုံးသော ဂိဟိဓမ္မခေါ် ၅ပါးသီလ မြဲစေနိုင်သော အခွင့်ထူး ရှိသည့်အပြင် နောက်ဘ၀အတွက် ကောင်းသော ဂတိမှာ ဖြစ်ရသည် ဟု သီဟသေနာပတိသုတ်နှင့် ဒါနာနိသံသသုတ်တို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ဒါနပြုခဲ့သော ပုဂ္ဂိုလ်သည် ဒါနမပြုသူထက် အကျိုး ၅ မျိုးသာလွန်သည်ဟု အင်္ဂုတ္တရနိကာယ် သုမနသုတ်တွင် ဖော်ပြသည်။ နတ်ဘ၀မှာပဲ ဖြစ်ဖြစ် လူ့ဘ၀မှာ ဖြစ်ဖြစ် ရဟန်းဘ၀မှာပဲ ဖြစ်ဖြစ်၊ သူတပါးထက် ပိုအသက်ရှည်ခြင်း၊ ပိုလှခြင်း၊ ပိုချမ်းသာခြင်း၊ ပိုပြီး အခြံအရံ မိတ်ဆွေ အပေါင်းသင်း ပေါခြင်း၊ ပိုပြီး သြဇာအာဏာရှိခြင်း ဟူသော အကျိုများပဲ ဖြစ်ပါတယ်။ ဒီသုတ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်ရှိတယ်။

ထူးဆန်းဖွယ် ဇာတ်လမ်း
ကောသလမင်းကြီး၏ သမီးတော်လေး သုမနသည် အမျိုးသမီး ၅၀၀ အခြံအရံနှင့် ဘုရားထံရောက်လာသည်၊ သူ့မှာ မယုံနိုင်အောင် အံသြစရာအဖြစ်အပျက်တစ်ခု ကြုံခဲ့ရတယ်၊ ဒီအဖြစ်အပျက်ကို သူများကိုလဲ မပြောရဲဘူး၊ မယုံနိုင်ဘဲ သူ့ကို သို့မဟုတ် ဖြစ်ပျက်ခဲ့တဲ့ ကလေးတွေကို အရူး သို့ဟုတ် ဘီးလူးကလေးတွေဟု ယူဆကာ သတ်ပစ်မှာကိုလဲ ကြောက်နေသည်၊ ထို့ကြောင့် ဘယ်သူ့ကိုမှမပြောဘဲ ဘုရားထံရောက်လာပြီး တွေ့ခဲ့သော ဖြစ်ကြောင်းကုန်စဉ်ကို လျှောက်ထားလေသည်။
‘‘သူတွေ့ခဲ့သော အဖြစ်ပျက်က-- သူမ အခန်းထဲ ၀င်လာသောအခါ စိန်,ရွေတွေ စီခြယ်ထားသော စိန်စီပုခက်ထဲအိပ်နေသော သူမ၏ မွေးကင်းစမောင်လေးနှင့် အနားက ရိုးရိုး အသားပုခက်ထဲမှာ အိပ်နေသော သူ၏အထိန်းတော်မ၏ သားလေးတို့ လူသူမရှိချိန် ခေါင်းငဲ့၍ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ စကားပြောနေကြသည်ကို ကြားလိုက်သည်။ စိန်စီပုခက်ထဲက ဘုရင့်သားတော်လေးက ‘‘ကဲ--သူငယ်ချင်းရေ--အခုတော့ ကောင်းကြသေးရဲ့လား၊ အရင်တုန်းက လှူပါဟဲ့လို့ ပြောတုန်းက မလှူခဲ့ဘူး၊ အခုတော့ ငါ့အလုပ်သမားရဲ့သား အသားပုခက်နဲ့ အိပ်နေရပြီပေါ့’’လို့ ပြောလိုက်သောအခါ အသားပုခက်ထဲက ကလေးက‘‘ ဘာထူးလဲကွာ- မင်းပုခက်လဲ ဓာတ်ကြီး ၄ ပါးနဲ့လုပ်ထားတာ၊ ငါ့ပုခက်လဲ ဓာတ်ကြီး ၄ ပါးနဲ့ ပြုလုပ်ထားတာ’’ပဲဟု မွေးကင်းစကလေးများက ထူးဆန်းစွား ဓာတ်သံ ပရမတ်သံတွေ ပြောနေတာကို ကြားလိုက်ရသော မင်းသမီးလေး သုမနခင်မျာ အံ့သြမှင်သက်ကာ မတုန်မလှုပ် ကျောက်ရုပ်ကဲ့သို့ ဖြစ်ရသည်။
ထိုဖြစ်စဉ်များကို ဘုရားရှင်ကြားသိသောအခါ ထိုကလေး ၂ ယောက်၏ အတိတ်ဘ၀အကြောင်းကို ပြောပြတယ်။ သူတို့ ၂ ယောက် လွန်ခဲ့သော ဘ၀များစွာက သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့၊ တစ်ယောက်က အလှူအတန်း ၀ါသနာပါတယ်၊ တစ်ယောက်က လှူစရာ မလိုဟု ယူဆထားသည်၊ သို့သော်လည်း သီလမှု ဘာဝနာမှုကိုတော့ အတူ အားထုတ်ကြသည့်အတွက် လူဘ၀ နတ်ဘ၀များစွာတို့၌ အလှူအတန်း ပါခဲ့သူက အထက်မှာ ပြဆိုခဲ့ အကျိုး ၅ မျိုးတို့ဖြင့် သာလွန်ခဲ့သည်၊ ယခု ဘ၀မှာလဲ ဘုရင့်သားနဲ့ အထိမ်းတော်သား လာဖြစ်ကြပြန်သည်။ ဤကား ဒါန၏ ကောင်းကွက်များဖြစ်သည်။ နောက်ဆုံးတော့ ထိုကလေး ၂ ယောက်လုံး ရဟန္တာများ ဖြစ်သွားကြသည်။
လောသကတိဿ ဒါနအမှုမပြုခဲ့ သို့သော် ရဟန်းတရားအားထုတ်ခဲ့သော်ကြောင့် ရဟန္တာဖြစ်တဲ့အချိန် ဘ၀မှာတောင် အစားအစာ ၀၀လင်လင် မစားခဲ့ရဟု ဆိုသည်။

ဒါနနှင့် သံသရာ

ဒါနက သံသရာကို ရှည်စေနိုင်ပါသလား? အချို့က ဒါနသည် သံသရာကို ရှည်ကြာစေဖို့ အားပေးသည်ဟု မှားယွင်းစွာ ယူဆသည်။ အမှန်တကယ်တော့ ဒါနပြုရာဝယ် ဦးတည်ချက် ၂ မျိုးရှိသည်၊ လူ့ဘ၀ နတ်ဘ၀ စသည့် ဘ၀သံသရာမှာ ပြည့်ပြည့်စုံစုံ နေနိုင်ဘို့အတွက် မျှော်လင့်ချက်ဖြင့် ဒါပြုခြင်း။ ဒီလို ဒါနမျိုးကို ၀ဋ္ဋနိဿိတ ဒါန (ကုသိုလ်) ဟုဆိုလိုပါသည်၊ သူ၏ အလှူဒါနသည် ၀ဋ်ဆင်းရဲကို ဦးတည်နေသည်၊ မှီနေသည်၊ ထိုဒါနမျိုးသည် သံသရာကို ရှည်စေပါသည်။
ဒုတိယ တစ်မျိုးကတော့- ဘ၀သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုသည့် (နိဗ္ဗာန်ကို ရလိုသည့်) ဦးတည်ချက်ဖြင့် ပြုသော ဒါနသည် သံသရာမှ လွတ်စေပါသည်၊ သံသရာကို တိုစေပါသည်၊ ဒီလိုဒါနမျိုးကို ၀ိဝဋ္ဋနိဿိတ ဒါန (ကုသိုလ်) ဟု ခေါ်ပါသည်။ သံသရာ လွတ်မြောက်ကြောင်း အလှူဖြစ်ပါသည်။

ဒါနသည် အလွန်အရေးပါသည့် ကောင်းမှုမျိုးဖြစ်သည်၊ စာရေးသူတို့ ဘုရား ဂေါတမသည်ပင် ဒါနနှင့်စပြီး ဒါနနဲ့ပဲ အဆုံးသက်ခဲ့သည်။ သုမေဓာ ရသေ့ဘ၀မှာ ခန္ဓာကိုယ်ကို တံတားခင်းလှူဒါန်းပြီး နောက်ဆုံး ဘုရားဖြည့်မည့် ရှေးတစ်ဘ၀၊ ဝေဿန္တရာမင်းဘ၀မှာ သားတော်သမီးတော်များဖြစ်သော ကဏှာ နှင့် ဇာလီတို့ကို ဇူးဇကာပုဏ္ဏားကြီးအားလှူဒါန်းခဲ့သလို တိုင်းပြည်က အလေးပေး အားထားရသော ဆင်ဖြူတော်ကြီးကိုလည်း တိုင်းတပါးသို့လှူဒါန်းခဲ့သည်။ သတ္တ၀ါများ ကယ်တင်ရန် ဘာကိုပဲ ပေးစွန့်ရ ပေးစွန့်ရ စွန့်လွတ်လှူဒါန်းဖို့ အသင့်ဖြစ်နေခဲ့သည်။ ဘုရားရှင်ကဲ့သို့ ဘ၀ကို ဒါနဖြင့်စ၍ ဒါနဖြင့် အဆုံးသက်နိုင်ကြပါစေသတည်းးးးး။

မှတ်မှတ်ရရ ဒါနနှင့်စပ်ဖွယ် ပို့စ်ဖြင့် ယနေ့ကုသိုလ်ရှင် (တတိယ အကြိမ်) ------
ဘုံဘေမြို့ရှိ မြန်မာမိသားစု လေယာဉ်အင်ဂျင်နီယာ ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေးနှင့် သမီးဖြစ်သူ မယဉ်သူဇာကျော်တို့အား မှတ်မှတ်ရရ ဂုဏ်ပြုပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၆-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes