စာမိတ်ဆက်
ဒီမေးခွန်းလေးကတော့ အားလုံးသိထားသင့်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အများဆုံးရှိသော နိုင်ငံဖြစ်သည်၊ ၄ သိန်းကျော်သော ရဟန်းသံဃာများ ရှိရာကား အလွန်ကြီးကျယ်သော အဖွဲ့စည်းကြီးတစ်ခုဖြစ်သည်။ ထိုအဖွဲ့အစည်းကြီးသည် လူဝတ်ကြောင်များကို အမှီပြုပြီး အသက်မွေးဝမ်းကြောင်းပြုကာ ရဟန်းအလုပ်ကို လုပ်နေသူများ ဖြစ်ကြသည်။ လူဝတ်ကြောင်များနှင့် အနေနီးစပ်စွာ နေကြရသည်။ အများစုသော သူများသည် သာမန် ပုထုဇဉ်များ ဖြစ်ကြသည်၊ ပုထုဇဉ်များပီပီ ဖြစ်တတ်သော မေတ္တာတွေ သံယောဇဉ်တွေ အချစ်တွေ စတဲ့ တစ်ယောက်နှင့်တစ်ယောက် အနှောင်အဖွဲ့များ ဖြစ်တတ်သည်။ သို့သော် ရဟန်း (ဘိက္ခု)ဆိုတာကိုက ထိုအနှောင်ဖွဲ့တွေကို ကြောက်လို့ ရဟန်းပြုလာသည်ဟု ဆိုလိုသည့်အတွက် အနှောင်ဖွဲ့တွေ ရှင်းအောင် အားထုတ်သူများ ဖြစ်ကြရပါမည်။ ကိလေသာပွားအောင် အားထုတ်သူများ မဖြစ်သင့်ပါ။
လူတွေကတော့ ရဟန်းတွေဆိုတာ ရဟန္တာကြီးများကဲ့သို့ ကိလေသာ တဏှာ ရာဂ ကင်းသူများဟု မှတ်ယူထားကြသည်။ သာမန် လူဝတ်ကြောင်တွေလို ချစ်တာ ကြိုက်တာ စတဲ့ သံယောဇဉ်များ မရှိဟု ခံယူထားကြသည်။ စာရေးသူ ရဟန်းဖြစ်ခါစက ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ မဟာဂန္ဓာရုံကျောင်းတိုက်မှာ နွေရာသီ စာသွားချပေးဖူးသည်။ တခါတော့ ထိုကျောင်းရှိ စာချဘုန်းကြီးများနှင့် သားအမိ နှစ်ယောက်ရှိသော အိမ်သို့ အလည်ပင့်သဖြင့် သွားခဲ့သည်။ သမီးဖြစ်သူမှာ ကျောင်းဆရာမ စာရေးသူထက် ၃ နှစ်လောက်ပဲ ကြီးမည်ထင်သည်။ ထိုသားအမိနှစ်ယောက်သည် ဘုန်းကြီးရဟန်းတွေကို အလွန်ကြည်ညိုတတ်သည်၊ အလှူအတန်းလဲ ၀ါသနာပါသူဖြစ်သည်။ တနေ့တော့ အမေဖြစ်သူ ဒကာမကြီးက အားပါးတရပြောတယ် ‘‘ဘုန်းကြီးတွေက ငါးပါးသီလ လုံခြုံတယ်၊ ရဟန္တာကြီးတွေပဲ ဘုရား၊ တပည့်တော် သမီးကိုလဲ အဲလို ရဟန္တာကြီးတွေနဲ့ဆို ယုံကြည်စိတ်ချရပါတယ်ဘုရား’’ အဲဒီလောက်ထိ ဘုန်းကြီးရဟန်းတွေကို အထင်ကြီး လေးစားထားကြသည်။ မန္တလေးက ကျောင်းအမ သားအမိက စစ်ကိုင်းရောက်လာတော့ သူတို့ ပြောနေတဲ့စကား ကြားလိုက်မိတယ်။ သူ့မှာ ဘွဲ့ရသမီးက တစ်ယောက်ရှိသည်။ ဘွဲ့တစ်ခုသာရထားသည်၊ ဒီက ဘုန်းကြီးတွေ ဘွဲ့တွေ ၂ ခု ၃ ခုတောင်ရထားတာဆိုတော့ သမီးကိုတော့ စဉ်းစားမှာ မဟုတ်ပါဘူးတဲ့။ သူအထင်ကြီးတာက တမျိုး။
အဲဒီလောက် အထင်ကြီး ကြည်ညိုတတ်ကြသော ဒကာဒကာမတွေ တွေ့ရပြန်တော့ တွေးပြီး ရှက်မိသည်၊ ငါ့မှာက ကိလေသာတွေနဲ့ လူဝတ်ကြောင်တွေလို ကိလေသာတွေ ရှိနေတာပဲ၊ လူတွေနဲ့ မတူတဲ့ အသိုင်းအ၀ိုင်းမှာ နေပြီး လူတွေ မလုပ်နိုင်တဲ့ အလုပ် လုပ်နေတာပဲ ထူးတာ။ ကျန်တဲ့ စိတ်အစဉ်ကတော့ သိပ်မထူးပါလားဟု တွေးကာ ရှက်မိသည်။ ဒါ့ကြောင့်ဘုရားက ဣန္ဒြိယသံဝရသီလ ခေါ်တဲ့ သတိ အမြဲရှိစေဖို့ ဟောထားသည်။ မျက်စိ, နား,နှာ စတဲ့ ဒွါရ (ပေါက်) ၆ ခုမှ ၀င်လာတဲ့ အာရုံတွေနောက် လိုက်ပြီး တဏှာ ရာဂစတဲ့ ကိလေသာတွေ ၀င်မလာနိုင်အောင် သတိဖြင့် ပိတ်ဆို့ထားဖို့ သီလ အကျင့်တစ်ခု အနေနဲ့ ဟောထားခဲ့သည်။
အမေး+အဖြေ
ထိုကြည်ညိုတတ်သော သူများထဲက ကျောင်းအမတစ်ယောက်က စာရေးသူအား မေးခွန်းတစ်ခုမေးတယ်၊ ၂၅-၆-၂၀၁၁ နေ့က ဖြစ်တယ်။ သူက စာရေးသူနဲ့ အရမ်းရင်းနှီးသူဖြစ်သဖြင် စတားဟုခေါ်လေ့ရှိသည်။ စတား အားလား၊ မေးခွန်းတစ်ခု မေးချင်လို့ ဟု အစချီကာ မေးပါတော့သည်။ သူ့မေးခွန်းက--
အမေး
အခုနေရာတော်တော်များများမှာ ရဟန်းတော်တွေနဲ့ ဒကာမ ဇာတ်လမ်းတွေ တော်တော် များများကြားနေရတယ်လေ။ အဲဒါ ၂ယောက်လုံးငရဲတွေကြီးကြလား။ ဒါက သူမေးလိုက်တဲ့ မေးခွန်းဖြစ်ပါတယ်။
မှန်ပါသည်။ မေးသင့်ပါသည်။ အထက်မှာ ပြထားသလိုပဲ ရဟန်းတော်များသည် သာမန် ပုထုဇဉ်များဖြစ်ကြသည် လူဝတ်ကြောင် အသိုင်းအ၀ိုင်းမှာ သွားလာ နေကြရသည်၊ အနေနီးစပ်သည့်အတွက် ရဟန်းနှင့်မိန်းမ ဆိုတဲ့ ဇာတ်လမ်းတွေ ဖြစ်ကြသည်။ နှစ်ယောက်လုံးမှာ အပြစ်ရှိလားဆိုတာက အလွန်ကျယ်ပြန့်တဲ့ မေးခွန်းဖြစ်ပါတယ်။ သူမေးတဲ့ မေးခွန်းက ရဟန်းတော်များ ပါရာဇိက ကျပါသလားဆိုတာပဲ ဖြစ်ပါသည်။
အဖြေ
ပါရာဇိကအဓိပ္ပါယ်က သာသနာတော်မှ ဆုံးရှုံးခြင်းဟု ဆိုလိုသည်၊ အကျဉ်းအားဖြင့် ၄ မျိုးရှိသည်။ (၁) မ-သတ္တ၀ါများနှင့် သားကျင့် မယားကျင့်ခြင်း (၂) လူသတ္တ၀ါသတ်ခြင်း (ကိုယ်ဝန်ကျဆေးပေးခြင်းအပါဝင်) (၃) သူများပစ္စည်းခိုးခြင်း (၄) ဈာန်မဂ်ဖိုလ် မရဘဲ ရယောင်ဆောင်ပြီး လိမ်လည် လှည့်ဖြားခြင်း။
ရဟန်းတော်များ လူမိန်းမ တိရစ္ဆာန်မ စတဲ့သူတွေနဲ့ သံဝါသခေါ် သားကျင့်မယားကျင့် ကျင့်ခဲ့ရင်တော့ ပါရာဇိက ကျသည်ဟုဆိုသည်၊ ရဟန်းဘ၀မှာ ဘုရားပေါင်း ထောင်သောင်းချီပြီး သိမ်ပြန်လည်ဝင်လည်း ဒီဘ၀ ရဟန်း ပြန်မဖြစ်နိုင်၊ သို့အတွက် လူ သို့မဟုတ် ကိုရင်ကြီးဘ၀ဖြင့် နေရသည်။ ရဟန်းဘ၀နဲ့ ဆက်နေတော့ ဘာဖြစ်လဲ? သူသည် မစင်ကျယ်သော သူဖြစ်ရကား ၀တ်ထားတဲ့ သင်္ကန်းသည် မီးရဲရဲတောက်နေတဲ့ သံပြားကို ပတ်ထားရသလို၊ ဒကာ ဒကာမတွေ လှူတဲ့ အစားအစာတွေကလည်း မီးရဲရဲတောက်နေတဲ့ သံလုံး သံခဲတွေကို စားမျိုနေရသလို၊ နေရတဲ့ ကျောင်းသည်လည်း သူ့အတွက် မီးရဲရဲတောက်နေသော သံလှောင်အိမ်ကြီးသဖွယ်ဖြစ်သည်၊ ဒကာ ဒကာမတွေရဲ့ လက်အုပ်ချီခြင်းဟာလဲ သူ့အတွက် လှံနဲ့ ၀ိုင်းထိုးနေသည့်အလားပင်ဖြစ်ပါတော့သည်။ ဈာန်တရား မဂ်တရား များ မရနိုင်။ ဤပြစ်မှုကား ကိုယ်ထိလက်ရောက် ကျူးလွန်မှ အပြစ်သင့်သည်။ စကားဖြင့် သားမယား ပြောခြင်းကား ပါရာဇိက မကျနိုင်ပါ။ ရဟန်းသည် မိန်းမနှင့် အတူအိပ်စေကာမူ လွန်ကျူးမှု မဖြစ်ဘူးဆိုရင် ပါရာဇိက မကျ။ သံဃာဒေသ် အာပါတ်ခေါ်တဲ့ ကုစားလို့ရတဲ့ အပြစ်ကြီးစားတော့ သင့်သည်။
(မှတ်ချက်။ ။ မေထုနသံဝါသခေါ် သားကျင့်မယားကျင့်ခြင်းနှင့်ပတ်သက်ပြီး ပါရာဇိက ကျနိုင်တဲ့ အဆင့်နှင့် မကျနိုင်တဲ့ အဆင့်တွေကိုတော့ ပါရာဇိကဏ်အဋ္ဌကထာနှင့် ကင်္ခါဝိတရဏီအဋ္ဌကထာတို့၌ ပါသည်၊ အသေးစိပ်ကိုတော့ ဖော်မပြလိုတော့) ၀ိနည်းသိက္ခာပုဒ်တွေဆိုတာ လူဝတ်ကြောင်တွေလဲ သိသင့် သိထိုက်ပါတယ်၊ ထို့ကြောင့် လူဝတ်ကြောင်တွေအတွက် နားလွယ်နိုင်တဲ့ ၀ိနည်းအကြောင်းကို ဘုရားဥပဒေတော်ကြီး ဟုသော အမည်ဖြင့် တောင်မြို့ မဟာဂန္ဓာဆရာတော်ကြီး ရေးသားခဲ့သည်။)
အဲဒါ ၂ယောက်လုံးငရဲတွေကြီးကြလား ဆိုတဲ့ မေးခွန်းကတော့ ရဟန်းအတွက် အဖြေကတော့ ပြဆိုခဲ့အတိုင်းပါပဲ။ အမျိုးသမီးများအတွက်ကော ဘာဖြစ်နိုင်လဲ? ငရဲကြီးလား? ဆိုလိုတာ ရဟန်းအပြစ်ခံရသလို အမျိုးသမီးကော ခံရသလား? ဆိုတဲ့ အဓိပ္ပါယ်ပဲ။
အပြစ်ဆိုတာ ၂ မျိုးရှိပါတယ်။ လောက၀ဇ္ဇ နှင့် ပဏ္ဏတ္တိဝဇ္ဇပေါ့။ ထိုအမျိုးသမီးကို ရဟန်းနှင့် ဖြစ်တော့ လူတွေက သာသနာဖျက်မဆိုတဲ့ ခေါင်းစဉ် တပ်ပြီး ကဲ့ရဲ့ကြလိမ့်မယ်၊ အပြစ်တင်ကြလိမ့်မယ်။ ဒါက လောက လူသားတွေက ပေးတဲ့ အပြစ်မို့ လောက၀ဇ္ဇမည်တယ်။ ပဏ္ဏတ္တိဝဇ္ဇဆိုတာက ပညတ် သတ်မှတ်ထားတဲ့ စည်းကမ်း။ ဥပမာ-ငါးပါးသီလပေါ့၊ သူများအသက် သတ်ခြင်း၊ ခိုးခြင်း၊ လိမ်လည်ခြင်၊ စတဲ့ ငါးပါးသီလကို ကျူးလွန်က ပဏ္ဏတ္တိဝဇ္ဇ အပြစ် ဖြစ်တာပေါ့။ ဤအပြစ် ၂ မျိုးတွင် ရဟန်းနှင့်ဇာတ်လမ်းဖြစ်သော အမျိုးသမီးကား လောကအပြစ် (လောက၀ဇ္ဇ)ကိုတော့ ခံရမည်။ ငရဲ ကျ မကျကိုတော့ ဇာတ်လမ်းလေး တစ်ခု ပြောပြမယ်။
ဘုရားလက်ထက်က အရှင်သုဒိန္နအမည်ရှိ အလွန် သဒ္ဓါတရားကောင်းသော သူဋ္ဌေးသား ရဟန်းတပါးရှိခဲ့ဖူးတယ်၊ သူ့မှာက ရဟန်းမ၀တ်ခင်က အိမ်ထောင်ကျခဲ့ဖူးလို့ ဇနီးတစ်ယောက်ရှိတယ်။ ရဟန်းဘ၀ရောက်သွားတော့ အမေဖြစ်သူက အမွေစားအမွေခံ သားသမီးမျိုးရိုး ပြတ်စဲသွားမည်ကို စိုးရိမ်ရကား သားဖြစ်သူ ပြန်လာသောအခါ သမီးဖြစ်သူနဲ့ သားသမီးတစ်ယောက်စာ အတွက် သားမယားတို့ထုံး ကျင့်ခိုင်းတော့သည်၊ ရဟန်းဖြစ်သူကလဲ မပြုချင်ပေမဲ့ ခဏခဏ ဒီလို တောင်းဆိုနေတော့မှာပဲ၊ ဒီတစ်ကြိမ်တစ်ခါတော့ သူတို့စိတ်ကြိုက် အတိုင်း လိုက်နာလိုက်သည်၊ သားလေး တစ်ယောက်ထွန်းကားသည်။ သို့သော်ကား ရဟန်းဖြစ်သူမှာ ဒီဘ၀မှာ ဈာန်မဂ်ဖိုလ် မရနိုင်တော့။ သိက္ခာပုဒ်များ မညတ်ခင် ပထမဆုံး ဒီလိုကျူးလွန်မှုအတွက် ပါရာဇိကခေါ် သာသနာတော်မှ နှင်မထုတ်ခံရပေမဲ့ ဈာန်တရား မဂ်တရားများကိုတော့ မရ။ ဇနီးဖြစ်သူနှင့် သားကလေး နှစ်ယောက်လုံးကတော့ သောတာပန် အရိယာပုဂ္ဂိုလ်များ ဖြစ်သွားကြသည်။ အဲဒီတော့ အမျိုးသမီး ငရဲကြီးလားဆိုတာကိုတော့ စာဖတ်သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါလေ။
အမေး
ကိုယ်အားဖြင့်ကျူးလွန်တာ မဟုတ်ဘဲ ၀စီကံတွေ မနောကံတွေနဲ့ ပြောဆိုနေကြတယ်ဆိုရင်ကော ဘာအပြစ်သင့်လဲ?
အဖြေ
ဟုတ်ပါတယ်၊ ဒါလဲ အလွန်မေးသင့်တဲ့ မေးခွန်းပါပဲ။ သူက ပြောတယ် အွန်လိုင်းမှာ ရီးစားစကားပြောနေတာ ဘာအပြစ်သင့်လဲ? ကုစားလို့ မရတဲ့ ပါရာဇိက အပြစ်လဲ မသင့်ပါဘူး၊ သံဃာဒေသေသ်ခေါ် ကုစားလို့ ရတဲ့ အပြစ်လဲ မသင့်ပါဘူး။
မနောကံဖြင့် ကျူးလွန်ပါက ရဟန်းတော်များ ၀ိနည်း အပြစ် လုံးဝမရှိပါ၊ (မနောဒွါရေ အာပတ္တိ နာမ နတ္ထိ)။ သို့သော် ရီးစားစကားပြောခြင်း ၀စီကံအပြစ်ကတော့ လောကအပြစ် (လောက၀ဇ္ဇ) လူသူများ ကဲ့ရဲ့ခံရမည်။ ၀စီကံရော မနောကံ ၂ မျိုးလုံးကတော့ ၀ိနည်းအပြစ် မရှိသော်လည်း အဘိဓမ္မာ အပြစ်တော့ ရှိသည်။ ဆိုလိုတာက တဏှာ ရာဂ ကိလေသာတို့ကို ဖြစ်စေ တိုးပွားစေတက်သော စကားများဖြစ်သောကြောင့် ၎င်း၊ ကြံစီနေသောကြောင့်၎င်း အကုသိုလ် အပြစ်များကား ရှိသည်။
ရဟန်းများ ရီးစားစကားပြောလျှင်ကော ဘာအပြစ်ဖြစ်လဲ ဆိုတာနဲ့ စပ်လျှဉ်းပြီး ဒုဋ္ဌုလ္လ၀ါစာ နှင့် အတ္တကာမပါရိစရိယာယ သိက္ခာပုဒ်များမှာတော့ ယုတ်ရင်းကြမ်းထမ်းတဲ့ ၀စ္စမဂ် ပဿာဝမဂ်တို့နှင့် စပ်လျှင်၍ ပြောလျှင်တော့ သံဃာဒေသေသ် အာပတ် အပြစ်ရှိသည်။ ထိုစကားများ မဟုတ်ပါက- မုသာဝါဒ လေးမျိုးထဲက သမ္ဖပ္ပလာပါဝါစာ- အကျိုးမရှိတဲ့ စကားဖြစ်ခြင်းကြောင့် ဒုစရိတ် ၁၀ ပါးထဲက တပါးအပါအ၀င်ဖြစ်တဲ့ အကုသိုလ်အပြစ်ဖြစ်သည်။ တဏှာ ရာဂစတဲ့ ကိလေသာစကားများဖြစ်ခြင်းကြောင့် အဘိဓမ္မာသဘောအရ အကုသိုလ်အပြစ်ဖြစ်သည်။
အမေး
နောက်တစ်ခု မေးခွန်းကလဲ သိသင့်တဲ့ မေးခွန်းပါပဲ။
ဘုန်းကြီးနဲ့ အမျိုးသမီး ဖြစ်ကြရင် ဘုန်းကြီး အနေနဲ့ အာပတ်ဖြေလိုက်ရင်ပြီးရော ဒကာမတွေ ဘက်က သာသနာဖျက်မဆိုတဲ့ ငရဲ ကိုခံကြရမယ်ဆိုတာကို တပည့်တော် သူငယ်ချင်း ကျောင်းအမ တစ်ယောက်က ပြောတယ်ဘုရား။ စတား အဲဒါကော ဟုတ်လား။ သူက သူ့ဘုန်းကြီး လူထွက်သွားတာနဲ့ ပတ်သက်ပြီးပြောပြတာ စတားရဲ့။
အဖြေ
အာပတ်ဖြေတယ်ဆိုတာ ရဟန်းတော်များ အပြစ်ကျူးလွန်ထားရင် ကုစားတဲ့နည်းပဲ။ ရဟန်းတော်များမှာ အပြစ် (အာပတ်)အမျိုးစား ၇ ခုရှိတယ်။ ရှေးက ပါရာဇိကနှင့် သံဃာဒေသေသ် ၂ မျိုးကို အပြစ်ကြီးလို့ ယူဆထားကြတယ်၊ နောက် ၅ မျိုးကတော့ အပြစ်သေးသေးပေါ့။
၁။ ပါရာဇိက အာပတ်ကတော့ ကုစားမရတော့ဘူး
၂။ သံဃာဒိသေသ်အာပတ်ကတော့ ကြီးလေးတဲ့ အပြစ်ဖြစ်သောကြောင့် ကြီးကြီးကျယ်ကျယ် ကံဆောင်ပြီးတော့ ကုစားရပါတယ်။ ဒါကို မာနတ်ဆောက်တည်တယ် ပရိဝါသ်ဆောက်တည် တယ်ဟုခေါ်သည်။ လူဝတ်ကြောင်တွေကို ပြောပြဖို့ နဲနဲ ခက်ပါတယ်။
၃။ ကျန် ၅ မျိုးကတော့ ဒေသနာကြားခြင်းခေါ်တဲ့ အာပတ်ဖြေ ကုစားရင် ရသည်ဟု စာပေမှာ ဆိုသည်။ ဒါပေမဲ့ နောင်မကျူးလွန်မိအောင် ဆင်ခြင်ပါ့မယ်လို့ ပြောပြီး ခဏခဏ ကျူးလွန်လို့တော့ မရပါဘူး။ အာပါတ်ဖြေလိုက်ရင် လုံးဝပျောက်ရောလားဆိုတော့၊ အနာပေါက်နေသူကို ဆေးဖြင့်ကုသပါက အနာပျောက်ပေမဲ့ အမာရွတ်လေး ကျန်တတ်သည်။ အပြစ်တွေ ဆေးကြော ကုစားပေမဲ့ အမာရွတ်လေးတော့ ကျန်တက်သည်တဲ့ (ဘာသာဋီကာဆရာတော်)
ကျောင်အမက ပြောသေးတယ်၊ ဒီမေးခွန်းကို မေးချင်နေတာ ကြာပြီ၊ မေးရမှာ ရှက်တာရယ်၊ အားနာနေတာရယ်ကြောင့် မမေးဖြစ်တာ။ စတားတို့ ဘုန်းကြီးတွေက တရားနဲ့ပတ်သက်လာလျှင် ပြည့်စုံကြတယ်လေ၊ ဒါ့ကြောင့် အထင်ကြီးပြီးမေးတာပါတဲ့ဗျာ။
အမှာစာ
စာရေးသူအနေနဲ့ ဒီမေးခွန်းနဲ့ ပတ်သက်၍၎င်း အင်တာက်စာမျက်နှာပေါ်တွင် ဒကာတစ်ယောက်၏ ဖော်ဝက မေးလ်စာများနှင့်စပ်လျဉ်းပြီး အနဲငယ်ပြောချင်ပါသည်။ စာရေးသူတို့နိုင်ငံသည် မတူညီတဲ့ ရဟန်းရယ် လူဝတ်ကြောင်ရယ် အလွန်းကြီးမားတဲ့ အဖွဲအစည်းကြီး ၂ ခုက ယှဉ်တွဲ နေကြသည်ဖြစ်၍ ဒီအဖြစ်မျိုးတွေက ကြုံလာနိုင်ပါသည်၊ သီလ သမာဓိ အားကောင်းတဲ့ခေတ် ဘုရားလက်ထက်ကတောင် ဤကဲ့သို့ ဖြစ်ရပ်တွေ ရှိနေပါသည်။ ဒါတွေကို နားလည်ပြီး လူဝတ်ကြောင်ဘက်က ဤကဲ့သို့ ရဟန်းငယ်များနှင့်တွေ့က သို့မဟုတ် သိသိချင်း လိမ္မာပါးနပ်စွာ နောက်ဆုတ်လိုက်ပါ၊ သို့ဟုတ် ထိုရဟန်းကို နားလည်အောင် ဆုံးမလိုက်ပါ။ ရဟန်းတော်အားလုံး ဒီလိုချည်းပဲဆိုတာမျိုး ယူဆသွားမည်၊ မှတ်သွားမည်ကိုတော့ စိုးရိမ်မိပါသည်။ စာရေးသူတို့ သာသနာအတွင်းနေသူများကလဲ ထိုဒကာဒကာမအသိုင်းဝိုင်းများကို အမှီပြု၍ နေကြရပါသည်၊ သာသနာအတွက် ကျေးဇူးများသူများဖြစ်ကြသည်။ သူတို့၏ သဒ္ဓါဒေယျ ၀ိနိပါတ ခေါ် သဒ္ဓါတရားကို ပျက်ပြားစေတဲ့ အမှုမျိုး မကျူးလွန်မိအောင် သတိကြီးစွား စောင့်ထိမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတော့သတည်း။
စာရေးသူ မီသလောက်ပဲ ဖြေကြားလိုက်ပါသည်။ ကျေးဇူးအထူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၆-၂၀၁၁
`အနုမောဒနာ သြဝါဒ´ တရားတော်(၃)
4 years ago
0 comments:
Post a Comment