သီတဂူစတား

သီတဂူစတား

28 August 2012

ကုသိုလ် လူတွေကို အမျှပေးလို့ ရ-မရနှင့် ကိုယ်စား ကောင်းမှုများ


ချက်တင်စကားဝိုင်း အပိုင်း (၅)
အမေး+အဖြေကဏ္ဍ
ဒီမေးခွန်းလေးတွေကတော့ ဖေ့ဘုတ်က ကောင်လေးတစ်ယောက်က မေးထားသည့် မေးခွန်းဖြစ်သည်။ စာရေးသူကို ချက်တင်ကနေ ဆွေးနွေးထားဖြင့် ချက်တင်စကားဝိုင်းဟူ၍ အမည်ပေးလိုက်သည်။ ထိုချက်တင်စကားဝိုင်းမှာ သူမေးထားသည့် မေးခွန်းများသည် လွယ်သော အကြောင်းအရာ ဖြစ်ပေမဲ့ သိသင့်သိထိုက်သော မေးခွန်းဖြစ်သည်။

(၂၀၁၁- ၁ လပိုင်းလောက်က ဆရာတော်ကြီး၏ တရားပွဲ အစီအစဉ်များ ရိုက်ပေးနေစဉ်က သူငယ်ချင်းရိုက်ပေးသော
အမှတ်တရပုံ)

မေးခွန်း (၁)
အရှင်ဘုရား၊ တပည့်တော် မေးလျှောက်စရာလေးရှိလို့ပါဘုရား၊ အချိန်ရရင် ဖြေပေးပါဘုရား။ တပည့်တော် ပြုတဲ့ ကုသိုလ်ကို သက်ရှိ လူတွေကို အမျှပေးလို့ ရ-မရ သိချင်လို့ပါဘုရား။ တပည့်တော် အရင် တစ်ခါတုန်းကလည်း အရှင်ဘုရားကို ဘုရားအနေကဇာတင်တာနဲ့ ပတ်သက်ပြီး မေးဖူးပါတယ်ဘုရား။

အဖြေ
ရတယ်လို့လဲ ပြောရတယ်၊ မရဘူးလို့လဲ ပြောရတယ်။ ဒါ့ကြောင့် အပိုင်း နှစ်ပိုင်း ခွဲဖြေရလိမ့်မယ်။ ရတယ်ဆိုတဲ့အပိုင်းမှာက ကိုယ့်ကုသိုလ်ကို အမျှဝေလိုက်တော့ လူတွေက သာဓုခေါ်တယ်၊ ၀မ်းသာပေးတယ်၊ ပတ္တာနုမောဒန ကုသိုလ် ရသွားတယ်။ ကုသိုလ်ရတယ်လို့ ပြောလို့ ရတယ်။ ပေးသူကော ယူသူကော ကုသိုလ်ရတယ်။ ပုညကိရိယာဝတ္ထု= ကုသိုလ်ဖြစ်ကြောင်း (၁၀)ပါးကို စာပေမှာ တွေ့ရပါတယ်။ စာရေးသူ၏ ဆိုက်ထဲမှာ အဲဒီ ၁၀မျိုးလုံးကို ရေးပြီးသား ဖြစ်ပါသည်။ ထို ၁၀ မျိုးထဲတွင် ပတ္တိဒါနနှင့်ပတ္တာနုမောဒန ကုသိုလ်ဆိုတာ ပါသည်။ ပတ္တိဒါနကုသိုလ်ဆိုတာ ကိုယ်ပြုလုပ်ခဲ့သော ကောင်းမှု (အလှူ)ကို သူတစ်ပါးကို မျှဝေပေးခြင်း ခွဲဝေပေးခြင်း၊ ကိုယ်ရသလို သူတစ်ပါးတွေကို ရစေခြင်းဆိုတဲ့ စေတနာ မေတ္တာတွေ ဖြစ်သည်။ သူတစ်ပါးက အမျှဝေ ခွဲဝေ ပေးလိုက်တဲ့ ကုသိုလ်ကို မုဒိတာ ပွားတဲ့ အနေနဲ့ ၀မ်းမြောက်စွာ သာဓု သာဓု သာဓု ဟုခေါ်ပေးလိုက်သည့် လူသားအတွက် ကုသိုလ်ရသွားသည်။ သူတစ်ပါးအတွက် ၀မ်းသာပေးခြင်းဆိုတဲ့ မုဒိတာပင်ဖြစ်သည်။ မုဒိတာသည် ဗြဟ္မ၀ိဟာရ (သူတော်ကောင်းအလုပ်) ၄ ပါးထဲက တစ်ပါးအ၀င်ဖြစ်သည်။ “သူများလှူတာ တစ်ဝက်ဆိုင် သာဓု ခက်မြိုင်မြိုင်” တဲ့။

ဗိမ္ဗိသာရမင်းကြီး၏ တချိန်က ဆွေတော်မျိုးတော် တော်စပ်ခဲ့ဖူးသူတွေ သံဃာအတွက် ရည်စူးထားတဲ့ စားဖွယ်သောက်ဖွယ်တွေ စားမိလို့ ပြိတ္တာဘုံဘ၀ ရောက်နေကြသည်။ သူတို့တစ်တွေ မပြည့်စုံလို့ ပုံစံအမျိုးမျိုး အသံအမျိုးမျိုးနဲ့ လာပြသည်။ အခုခေတ်လို ပြောရင်တော့ တစ္ဆေခြောက်တယ်လို့ ပြောရမှာပဲ။ ဒီလိုအကြောင်းတွေကို ဘုရားရှင်အားလျှောက်တော့ ဘုရားက အေး--မင်းကြီး-- အဲဒါ တခြားသူတွေမဟုတ်ဘူး၊ မင်းကြီးရဲ့ ဆွေတော် မျိုးတော်ဟောင်းတွေပဲ။ သူတို့မှာ အစား အ၀တ် နေစရာ မပြည့်စုံလို့ လာအသိပေးတဲ့ သဘောပဲ။ ဒါ့ကြောင့် သံဃာတော်များကို ဆွမ်းလောင်း၊ သင်္ကန်းလှူပြီး အမျှဝေလိုက်ရင် အစားအစာရော၊ အ၀တ်ရော ပြည့်စုံသွားလိမ့်မည်ဟု ဘုရားရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ပြုလုပ်လိုက်မှ ဆွေဟောင်းမျိုးဟောင်းပြိတ္တာတွေ အသံအမျိုးစုံး ပုံစံအမျိုးစုံ အနံ့အမျိုးစုံကို လာမပြကြတော့ဘူ။

ဇာဏုေဿာဏိပုဏ္ဏားကြီး အားလဲ မြတ်စွာဘုရားက ဒီအကြောင်းနဲ့ပတ်သက်ပြီး ဟောထားဖူးတယ်။ တမလွန်ဘ၀ရောက်နေသူအတွက် ရည်စူးပြီး ပြုတဲ့ ကောင်းမှုက သူတို့အထံ ရောက်ပါသလားဘုရား။ ပြိတ္တာဘုံဘ၀ရောက်နေသူအတွက်တော့ ကိုယ်ပြုတဲ့ ကောင်းမှုအဖို့ကို ရရှိခံစားနိုင်တယ်။ ငရဲပြည်ရောက်နေသူကတော့ သူ့အကုသိုလ်ကံ ကြီးမားလွန်းလို့ သူတို့ထံ မရောက်နိုင်ဘူး၊ တိရစ္ဆာန်ဘ၀ရောက်နေသူတွေကတော့ သူတို့အတွက် သစ်ပင် သစ်ရွက် မြက် စတဲ့ အစားအစာ ပြည့်စုံနေရကား ကိုယ်ပြုတဲ့ ကုသိုလ် မရောက်နိုင်။ လူပြည်နှင့်နတ်ပြည်ကို ရောက်နေသူတွေကတော့ သူတို့မှာ အားလုံးပြီးပြည့်စုံနေရာကား ကိုယ်ပြုတဲ့ ကုသိုလ် အဖို့ မရောက်နိုင်။ သို့သော်လည်း သံသရာမှာ ဆွေမျိုးမတော်စပ်ဖူးသူ မရှိရာကား ကိုယ်ပြုတဲ့ ကုသိုလ်အဖို့ကို တစ်ယောက်မဟုတ် တစ်ယောက်တော့ ရသွားနိုင်သည်။ ပြိတ္တာဘုံဘ၀မှာ ကိုယ်ရည်ရွယ်ထားသူလဲ မရှိ၊ ဆွေးမျိုးတော်သူလဲ မရှိဆိုရင် ကိုယ်ပြုတဲ့ ကုသိုလ်ကား အချည်းအနှီးဖြစ်သွားရောလားဆိုတော့၊ အဲဒီလိုလည်းမဟုတ်။ ကိုယ်ပြုတဲ့ ကုသိုလ် ကိုယ်ပဲ ရသည်။ ဤကား ဇာဏုေဿာဏိအားဟောသော ဘုရားစကားများတည်း။

မရဘူးဆိုတဲ့အပိုင်းမှာတော့ ကိုယ်ပေးလိုက်တဲ့ အမျှက ပြိတ္တာဘ၀မှာ မပြည်စုံတဲ့ သူတွေလို ရသွားစေတာမျိုး မဟုတ်ဘူး။ ပြိတ္တာတွေကတော့ သူတပါးရဲ့ အလှူ၏အမျှကို သာဓုခေါ်လိုက်တာနဲ့ စားစရာ နေစရာ ၀တ်စရာ တခါတည်း ပြည့်စုံသွားတယ်။ ကမ္မဇိဒ္ဓိသတ္တ၀ါတွေဖြစ်သည်၊ ကံနဲ့ အသက်ရှင်နေသူများ ဖြစ်ကြသည်။ လူတွေကတော့ အဲဒီလို မရနိုင်ဘဲ ကုသိုလ်တော့ ရသွားတယ်။ အဲဒါကြောင့် ရတယ်လဲပြောလို့ရတယ် မရဘူးလို့လဲ ပြောလို့ရတယ်ပေါ့။

မေးခွန်း (၂)
နောက်ပြီး တပည့်တော်က တစ်ခြား တစ်ယောက်ကိုယ်စား ကုသိုလ် ပြုပေးလို့ ရပါသလားဘုရား?တဲ့။ ဒီမေးခွန်းလေးကလဲ ရိုးရှင်းပေမဲ့ သိသင့်သိထိုက်တဲ့ မေးခွန်းတစ်ခုပါပဲ။

အဖြေ
ဒီမေးခွန်းကလဲ အပိုင်းနှစ်ပိုင်း ခွဲဖြေရလိမ့်မယ် ထင်ပါတယ်။ တစ်ပိုင်းကတော့ အကျိုးများသော ကိုယ်စားပြုတဲ့ ကုသိုလ်သည်။ ဆိုကြပါစို့ သူငယ်ချင်းလေးယောက် အစုရှယ်ရာဝင်ပြီး အတူစီးပွားကြသည်။ ရလာတဲ့ အကျိုးမြတ်ကို ၅ စု ပုံပြီး ၄စုကို လေးယောက် အညီအမျှ ဝေယူကြသည်။ ဝေပုံတစ်စုကိုတော့ ပရဟိတအတွက် ကုသိုလ်ပြုရန်ဖြစ်သည်။ ထိုဝေစုကို သူငယ်ချင်းတစ်ယောက်က ကျန် ၃ ယောက် ကိုယ်စား ကုသိုလ်ပြုပေးသည်။ ၄ ယောက်စလုံး ကုသိုလ်ရသည်။ သို့သော်လည်း ကိုယ်တိုင်ကိုယ် သာဟတ္ထိက သွားရောက်လှူတဲ့သူကတော့ ကျန် ၃ ယောက်ထက် ပိုကုသိုလ်ရသည်။

တခါက ပါယာသိမင်းကြီးက ကုမာရကဿပမထေရ်၏ တရားတော်ကြောင့် မိစ္ဆာအယူကို စွန့်ခွါပြီး ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ခဲ့သည်။ ဒါန၏ အကျိုးကို ယုံကြည်လာသည်။ ထို့ကြောင့် ခရီးသွားတွေ၊ သူဆင်းရဲတွေ၊ ရဟန်းပုဏ္ဏားတွေကို ဆန်ကွဲထမင်းများကို လှူသည်။ အညံ့စားအ၀တ်တွေကို ပေးကမ်းသည်။ ထိုအလှူဒါနပြုရာဝယ် ဥတ္တရလုလင်အား တာဝန်ပေးထားသည်။ ဥတ္တရလုလင်က ထိုအလှူဒါနဝေယျာဝေစ္စပြုရာဝယ် “ဤကောင်းမှုကြောင့် နောင်ဘ၀ ဒီ ပါယာသိမင်းကြီးနဲ့ မဆုံပါရစေနဲ့”ဟု ဆုတောင်းသတဲ့။ ဘုရင်ကြီးက ကြားသွားသဖြင့် အဘယ့်ကြောင့် ဤကဲ့သို့ဆုတောင်းသနည်းဟု မေး၏။ အရှင်မင်းကြီး လှူတဲ့ အလှူကို ကြည့်ပါအုန်း၊ အရှင်မင်းကြီးလှူတဲ့ အစားအစာ အ၀တ်အထည်တွေကို မစား မသုံးတဲ့အပြင် ခြေနဲ့တောင် ထိချင်ကြမည် မဟုတ်။

ကောင်းပြီး၊ ဒီလိုဆိုရင် ငါ စားနေတဲ့ အစားအစာ ငါသုံးနေတဲ့ အ၀တ်အထည်တွေကို လှူပေတော့၊ သို့သော်လည်း သူကိုယ်တိုင် အလှူမလုပ်နိုင်ဘဲ တပည့်ဖြစ်သူ ဥတ္တရလုလင်အား စီမံခန့်ခွဲရန် တာဝန်ပေးထားသည်။ ဥတ္တရလုလင်က သူကိုယ်ပိုင်ပစ္စည်းဖြင့် လှူသည့်ဒါန မဟုတ်စေကာမူ ရိုရိုသေသေ သံဃာ့ဝေယျာဝေစ္စပြုသည်။ ဘုရင်ကြီးက ကိုယ်ကိုယ်တိုင် လှူဖို့ စိတ်မပါ။ သူတို့နှစ်ယောက် သေပြီးသော်အခါ ဘုရင်ကြီးက နတ်ပြည် ၆ ထက် အောက်ဆုံးဘုံ စာတုမဟာရာဇဘုံရောက်သွားသည်။ ဥတ္တလုလင်ကတော့ သူ့အထက်ကဘုံဖြစ်တဲ့ တာဝတိံသာမှာ သွားဖြစ်သည်။ ဤဇာတ်တော်မှာ ဥတ္တရလုလင်သည် ဘုရင်ကြီးကိုယ်စား အလှူဒါနကို ပြုပေးသည်။ ဘုရင်ကြီးလဲ ကုသိုလ်ရသည်၊ ကိုယ်စားပြုပေးတဲ့သူက ပိုကုသိုလ်ရနေသည်။

ကိုယ်တိုင်ပြုသူသာ ကုသိုလ်ရနိုင်
နောက်တစ်ပိုင်းကတော့ သူတပါးအတွက် ကုသိုလ် လုပ်ပေးလို့မရတာတွေ ရှိသည်။ ဥပမာ- သူငယ်ချင်းတစ်ယောက်ကိုယ်စား မေတ္တာသုတ်ရွတ်ပေးခြင်း၊ ပရိတ်ရွတ်ပေးခြင်း၊ ပဋ္ဌာန်းရွတ်ပေးခြင်း စသည့် ဘာဝနာကုသိုလ်များ၊ ဘုရားသောက်တော်ရေ၊ ပန်း ဆီးမီးကပ်ခြင်း၊ ကိုယ့်ပိုင်ပစ္စည်းဖြင့် သူအတွက် ကောင်းမှုပြုပေးခြင်းတို့သည် ပြုသူသာ ကုသိုလ်ရသည်။ သူငယ်ချင်းဖြစ်သူမှာ ကုသိုလ်မရနိုင်။ သို့သော် အဲဒီပြုသမျှကို သူ့အတွက် အမျှဝေသော်အခါ သူငယ်ချင်းက သာဓုခေါ်လျှင်ကား ပတ္တာနုမောဒန ကုသိုလ်တော့ ရနိုင်သည်။ တချို့က “ ကိုယ့်မိသားစုထဲက အမေကသော်၎င်း၊ အမ အစ်ကို တစ်ယောက်ယောက်ကသော်၎င်း ကောင်းမှုပြုနေရင် ငါပြုစရာမလို၊ သူတို့ပြု ငါပြုတာနဲ့ အတူတူပဲ”ဟု ထင်တတ်ကြသည်။

တခါက မဃလုလင်ဆိုတဲ့ အမျိုးကောင်းသားတစ်ယောက် ရွာထဲမှာ လမ်းပြင် တံတားခင်း၊ အမှိုက်ရှင်း စတဲ့ အများကောင်းကျိုးအတွက် ကောင်းမှုအပြင် အများပြည်သူ ပင်ပန်းတဲ့အခါ တည်းခိုဖို့ ဇရပ်တံဆောင်းကိုလဲ ဆောက်လုပ် လှူဒါန်းခဲ့သည်။ သူနဲ့အတူ အမျိုးကောင်းသား ၃၁ ယောက်၊ စုပေါင်း ၃၂ ယောက်သော အမျိုးကောင်းသားတို့သည် အများအကျိုးသယ်ပိုးသည့် သူငယ်ချင်းတစ်စု ဖြစ်ကြသည်။ ထိုအဲတွင် ထူးထူးခြားခြား မဃလုလင်ကတော့ သကြာမင်းဖြစ်ကြောင်း ကောင်းမှုတွေကိုပါ အသက်ထက်ဆုံး အားထုတ်သွားသည်။

သကြားမင်းဖြစ်ကြောင်း (၇)
၁။ မိဘကို ပြုစုလုပ်ကြွေးခြင်း
၂။ ကြီးသူကို ရိုသေ လေစားခြင်း
၃။ သိမ်မွေ့နုညံ့သော စကားကိုသာ ပြောဆိုခြင်း
၎။ ညီညွတ်ရေး စေ့စပ်ရေးလမ်းစဉ် စကားကိုသာ ပြောဆိုခြင်း (ချောပြစ်ဂုဏ်ချောခြင်း ပိသုဏစကားကို မပြောဆိုခြင်း)
၅။ အလှူအတန်းမှာ ပျော်မွေ့ခြင်း၊ ပေးကမ်းခြင်း စွန့်လွတ်ခြင်းတို့၌ စီမံခန့်ခွဲရတာကို ပျော်မွေ့ခြင်း
၆။ မှန်သော စကားကိုပဲ ပြောဆိုခြင်း နှင့်
၇။ ဒေါသမကြီးခြင်း သည်းခံခြင်း တည်းဟူသော သကြားဖြစ်ကြောင်း ကျင့်စဉ်တို့ကို အသက်ထက်ဆုံး ပြုကျင့်အားထုတ်သည့်အတွက် မဃ၀အမည်ရှိ သကြားမင်း ဖြစ်လာသည်။

သူ့သူငယ်ချင်းများကတော့ သူနဲ့အတူ နတ်သားများ ဖြစ်လာကြသည်။
သကြားမင်းမဖြစ်မှီ မဃလုလင်ဘ၀မှာ သုဓမ္မာ၊ နန္ဒာ၊ စိတ္တာနှင့် သုဇာဆိုတဲ့ အမျိုးသမီး လေးယောက် ရှိသည်။ ထိုအမျိုးသမီးလေးယောက်တွင် သုဓမ္မာကတော့ ဇရပ်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းသည်၊ နန္ဒကတော့ ထိုဇရပ်အနီး ရေကန်ကြီးတစ်လုံး လှူသည်၊ စိတ္တာကတော့ ထိုအနီး အများပြည်သူ အပန်းဖြေရန် ပန်းခြံကြီးတည်ဆောက်လှူသည်။ ထိုကောင်းမှုများကြောင့်ပင် တာဝတိံသာမှာပဲ မဃ၀သကြားမင်း၏ နတ်သမီးလေးများ ဖြစ်လာသည်။ နောက် သုဇာဆိုတဲ့ အမျိုးသမီးကတော့ မဃလုလင်၏ဦးကြီးသမီးလည်းဖြစ်သည်၊ မဃလုလင်၏ ဇနီးလည်း ဖြစ်သည့်အတွက် “ ငါက သူနဲ့အမျိုးလည်းတော်သည်၊ သူ့ဇနီးလည်းဖြစ်သည့်အတွက် ကောင်းမှုပြုစရာမလို၊ လင်တော်မောင် မဃ ကောင်းမှုပြုတိုင်း ငါပြုရာမည်သည်၊ ငါပြုသမျှသည်လည်း သူပြုရာရောက်သည်”ဟုသော အတွေးဖြင့် ဘာကောင်းမှုမှ မပြုခဲ့ဘဲ အလှအပတန်ဆာဆင်ရင်းဖြင့် ဘ၀ကို ကုန်ဆုံးစေခဲ့သည်။ သေသည့်အခါ ဗျိုင်းမလေးတစ်ကောင် သွားဖြစ်သည်။
ဤဇာတ်တော်တွင် မဃလုလင်၏ ဇနီး မသူဇာသည် သူ့အမျိုးသား ကောင်းမှုပြုလျှင် သူမလည်း အတူ ရလိမ့်မည်ဟုသော မျှော်လင့်ခဲ့သည်။ တကယ်တော့ မဃလုလင်ပြုသမျှ ကုသိုလ်သည် မဃလုလင်ပဲ ရသည်။ တခြားလူ မရနိုင်။ ထို့ကြောင့် သူတစ်ပါးကိုယ်စား ကုသိုလ် လုပ်ပေးလို့ မရတာလဲ ရှိသည်ဟုသော အဖြေသည် ဤနည်းဖြင့် တစ်နည်းမှတ်သားနိုင်သည်။ အလားတူပင် အကုသိုလ်အရာ၌ ပြုသူသည်သာ ထိုအကုသိုလ်အကျိုးခံစားရမည်၊ တစ်ပါးသောသူကား ထိုအကုသိုလ်ပြုရာ၌ ကာယကံ ၀စီကံမပါခဲ့ရင် ထိုအကုသိုလ်အကျိုးမရောက်လာနိုင်။ “သူ့ကာယကံ သူ့ထံပြန်၊ ကိုယ့်ကာယကံ ကိုယ်ထံပြန် ပဲ့တင်သံမလွဲ တစ်ထပ်တည်း” ဟူသတည်း။

ဒကာတော်ရေ--ဘုန်းဘုန်းကို မေးခွန်းတွေမေးလို့ အထူးပဲ ကျေးဇူးတင်ပါသည်။ ဘုန်းဘုန်းလဲ မောင်ရင် မေးသမျှ မေးခွန်းတွေကို အတတ်နိုင်ဆုံး စုစည်းပြီး တင်ပြထားသည်။ ပြည့်စုံမည်ဟူ၍ကား မထင်။ ထို့ကြောင့် တိုးတက်၍လေ့လာနိုင်ပါသေးသည်။

“တပည့်တော်ကို နားလည်အောင်ရှင်းပြပေးတာ အများကြီး ကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော် နောက်ကိုလည်း မသိတာ ရှိရင် ဘုန်းဘုန်းကို မေးပါဦးမယ် ဘုရား”ဟူ၍ ဒီကနေ့ အမေးအဖြေအခန်း ချက်တင်စကားဝိုင်း ဤမှာ အပြီးသတ်ပါသတည်းးးးးးးးးးးးးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၆-၂၀၁၂

22 August 2012

အေပက်တက္ကသိုလ် (ABAC) တရားပွဲ မှတ်တမ်း


(တရားဟောခမ်းမဆောင်သို့ ကြွရောက်လာသော သီတဂူဆရာတော်ကြီး)


သီတဂူဆရာတော်ကြီး၏ အထူးတရားပွဲ ဓာတ်ပုံသတင်း

၂၀-၈-၂၀၁၂ (တနလာင်္နေ့)ညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Salle De Expo, ABAC (အေပက်တက္ကသိုလ်အတွင်း)မှာ
ဟောကြားခဲ့စဉ်က မြင်ကွင်းဓာတ်ပုံ တစ်ချို့ကို သီတဂူညီနောင် ဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်။
(တက္ကသိုလ် ခမ်းမဆောင်ကြီးတွင်းက ဓမ္မအသံ)
(တရားနာကြွရောက်သော ဘန်ကောက် ပရိသတ်များ)



သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ (Ph.D), (D.Litt) ထိုင်းနိုင်ငံတွင် အောက်ပါအစီအစဉ်အတိုင်း တရားတော်များ ချီးမြှောက်ခဲ့သည်။

ဟောကြားခဲ့သည့်နေ့ရက်= 20-08-2012 (တနလာင်္နေ့)
ဟောကြားခဲ့သည့်နေရာ= Salle De Expo, ABAC (အေပက်တက္ကသိုလ်အတွင်း)
ဟောကြားခဲ့သည့်အချိန်= ညနေ ၇ နာရီ မိနစ် သုံးဆယ်
(မှတ်ချက်။ ။ သတင်း ကြေညာပြီး၊)
(တရားနာကြွရောက်လာကြသော တက္ကသိုလ် ကျောင်းသား ကျောင်းသူအချို့)
(တက္ကသိုလ်အတွင်းက တရားဟောခမ်းမ ပြင်ဆင်နေစဉ်)



ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၈-၂၀၁၂

18 August 2012

သီတဂူဆရာတော် အထူးတရားပွဲ (ထိုင်းနိုင်ငံ)

သီတဂူဆရာတော်ကြီး၏ အထူးတရားပွဲ ဖိတ်ကြားလွှာ
(ထိုင်းနိုင်ငံ)

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တက္ကသိုလ်များနှင့် သီတဂူသာသနာပြုအဖွဲ့ကြီး၏ အဓိပတိ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ

ဒေါက်တာ အရှင်ဥာဏိဿရ (Ph.D), (D.Litt) အရှင်မြတ်က နိဗ္ဗာန်ရောက်ကြောင်းတရား ဟောကြားမည် ဖြစ်ပါသောကြောင့် တရားနာပရိတ်သတ်များအား လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။
(လွန်ခဲ့သော နှစ်များစွာက ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး သီတဂူအာယုဒါနဆေးရုံတော် ဖွင့်ပွဲ ကြွရောက် ချီးမြှောက်)

ဟောကြားမည့်နေ့ရက်= 20-08-2012 (တနလာင်္နေ့)
ဟောကြားမည့်နေရာ= Salle De Expo, ABAC (အေပက်တက္ကသိုလ်အတွင်း)
ဟောကြားမည့်အချိန်= ညနေ ၇ နာရီ မိနစ် သုံးဆယ်

ABAC (အေပက်တက္ကသိုလ်အတွင်း)တက္ကသိုလ်ရှိ သီတဂူ ညီနောင်များမှ ပေးပို့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၀၈-၂၀၁၂

17 August 2012

ကျန်းမာ ပျော်ရွှင်ရေးအတွက် အချိန်ကိုက်

ကျန်းမာ ပျော်ရွှင်ရေးအတွက် အချိန်ကိုက် လုပ်ဆောင်ရန်
အကောင်းဆုံး အချိန်များ

သင့်ခန္ဓာ ကိုယ်ရဲ့ဇီဝ နာရီကို နားလည်တာကြောင့် နှစ်နှစ် ခြိုက်ခြိုက် အိပ် ပျော်တာ၊ ကိုယ်အလေးချိန်လျော့တာ၊ စိတ်ဖိစီးမှုလျော့နည်းတာနဲ့ ဒါထက် ပိုမို ကောင်းမွန်တာတွေ ဖြစ်နိုင်အောင် ကူညီနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက မကြာခင်ကမှ အကြံပြုထားပါတယ်။ သင့်ကို ပိုမိုကျန်းမာပြီး ပျော်ရွှင်နိုင်အောင် ပြုလုပ်ပေးနိုင်တဲ့ အချိန်လှည့်စားမှုတွေကို အောက်ပါအတိုင်း ရှာဖွေတွေ့ရှိထားပါ တယ်။

၁။ ဆေးထိုးဖို့ လိုအပ်ရင် နံနက်ပိုင်း အချိန်မှာ ပြုလုပ်ပါ
သင်ဟာ ကာကွယ်ဆေးထိုးဖို့ လိုအပ်ရင် ဒါမှမဟုတ် နာကျင်မှုဖြစ်စေတဲ့ အရာကို ပြုလုပ်ရမယ်ဆိုရင် နံနက်ပိုင်းမှာ ပြုလုပ်တာကြောင့် ပိုမိုပြီး သက်သောင့်သက်သာဖြစ်နိုင်တယ်လို့ ယူကေ တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။

ဘယ်လို အလုပ်လုပ်သလဲ
အိပ်ရာထစအချိန်မှာ ခန္ဓာကိုယ်အတွင်း နာကျင်မှုကို ပိတ်ပင်နိုင်တဲ့ ဟော်မုန်းအဆင့်ဟာ အမြင့်ဆုံးအချိန်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ မနက် ခြောက်နာရီနဲ့ ရှစ်နာရီအတွင်းမှာ အဲဒီဟော်မုန်းတွေ အမြင့်မားဆုံးအချိန် ဖြစ်တာကြောင့် ဆေးထိုးဖို့ လိုအပ်ရင် ဒီအချိန်ကို ရွေးချယ်လိုက်ပါ။

သွားနဲ့ ပတ်သ်သက်ပြီး ကုသုသမှု ခံယံယူရင် မနက်ပိုင်း ကို မရွေးပါနဲ့
သင်ဟာ ထုံဆေးလိုအပ်တဲ့ သွား ကုသမှုကို ခံယူရမယ်ဆိုရင် ညနေ့ခင်း သုံးနာရီမှာ ပြုလုပ်လိုက်ပါ။ ဒီအချိန်မှာ ထုံဆေးအသုံးပြုတာဟာ တခြားအချိန်တွေမှာ အသုံးပြုတာထက် နှစ်ဆမှ သုံးဆ ပိုမိုတာရှည်နိုင်တယ်လို့ ပြင်သစ်မှ သုတေသီတွေက ဖော်ထုတ်လိုက်ပါတယ်။ သင့် န္ဓာကိုယ်မှ သွေးကြောတွေဟာ ဒီအချိန်မှာ အကျဉ်းမြောင်းဆုံးဖြစ်တာမို့ ထုံဆေးတွေဟာ ခန္ဓာကိုယ်အတွင်း လှည့်ပတ် ရောက်ရှိမှုနည်းသွားပြီး ခံတွင်းထဲမှာ ရှိနေနိုင်တာမို့ပါ။

၂။ အိပ်မပျော်တာဖြစ်နေရင် Mult-Vitamins ကို မနက်ပိုင်းမှာ မှီဝဲပါ
သင်ဟာ အိပ်ရေးမဝဖြစ်ခဲ့ရင် သင် မှီဝဲနေတဲ့ Mult-Vitamins အားဆေးကို မှီဝဲတဲ့အချိန်ကြောင့်ပါလို့ အယ်လ်ဘားမားတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ နေ့ခင်း ၁၂ နာရီနောက်ပိုင်းမှာ အားဆေးမှီဝဲခဲ့ရင် အိပ်မပျော်တာတွေ ဖြစ်တတ်လို့ပါ။

ဘယ်လို အလုပ်လုပ်သလဲ

Mult-Vitamins အားဖြည့်ဆေးမှာ ပါဝင်တဲ့ တချို့ဗီတာမင်တွေဟာ ဦးနှောက်ကို နာရီပေါင်းများစွာ တက်ကြွစေနိုင်တာမို့ အိပ်စက်မှုစက်ဝန်းကို အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။ မနက်စာ စားပြီးတာနဲ့ အားဆေးတွေ မှီဝဲရင် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပါတယ်။

ဖိစီးမှုများတဲ့ အလုပ်ကို လုပ်ဆောင်ရမယ်ဆိုရင် နံနက် ၁၀ နာရီမှာ ပြုလုပ်ပါ
သင့်မှာ အလုပ်နဲ့ပတ်သက်ပြီး တင်ပြစရာ ကြီးကြီးမားမားရှိခဲ့ရင် နံနက်ပိုင်း အချိန်ဟာ လုပ်ဆောင်ဖို့ အကောင်းဆုံး အချိန်ပါ။ စိတ်အေးချမ်းစေတဲ့ ဟော်မုန်းတွေဟာ ဒီအချိန်မှာ အမြင့်ဆုံးဖြစ်တယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။

၃။ ဦးစားပေးခံရဖို့ လိုအပ်နေရင် နေ့ လယ်ပိုင်းအချိန်မှာ ပြုလုပ်ပါ
သင်ရဲ့ အလုပ်ရှင်က သင့်ကို စစ်ဆေးမေးမြန်းတာကြောင့် သင့်အနေနဲ့ သင်ရဲ့ သူငယ်ချင်းတစ်ယောက်ယောက်ဆီက ထောက်ခံတဲ့အဖြေ ရယူလိုချင်ရင် သူတို့ကို မနက် ၁၀ နာရီနဲ့ ၂ နာရီ ကြားမှာ မေးခိုင်းလိုက်ပါ။ လေ့လာမှုတွေအရ တစ်နေ့တာအတွင်း ဒီအချိန်ဟာ ဖျောင်းဖျသွေးဆောင်ဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဘယ်လို အလုပ်လုပ်သလဲ

Brain Scan ပြုလုပ်ချက်အရ နေ့လယ်ပိုင်းမှာ အချက်ကျကျ အကြောင်းပြနိုင်တဲ့ စွမ်းရည် (အငြင်းအခုံပြုလုပ်ရာမှာ ဖျားယောင်းသွေးဆောင်နိုင်ဖို့ လိုအပ်တဲ့ စွမ်းရည်)ဟာ အဆင့်မြင့်ဆုံးဖြစ်နေလို့ပါ။

နေ့ခင်းပိုင်းမှာ အလုပ်ပိုလုပ်ပါ
သင်လုပ်ရမယ့်အလုပ်ကို အမြန်ပြီးစေချင်ရင် နေ့ခင်းပိုင်းမှာ ပြုလုပ်လိုက်ပါ။ အလုပ်မျိုးစုံလုပ်နိုင်တဲ့ စွမ်းရည်ဟာ မနက် ၁၁ နာရီနဲ့ ညနေ ၃ နာရီကြားမှာ အကောင်းဆုံးအချိန်ဖြစ်လို့ပါ။ ဒီအချိန်မှာ ဦးနှောက်မှ ဆုံးဖြတ်မှု ပြုလုပ်နိုင်တာ အမြန်ဆုံးဖြစ်နေလို့ပါ။

၎။ ကိုယ်အလေးချိန် လျှော့ချလိုရင် ညစာ ကို စောစောစားပါ
သင် ဘယ်လောက်ပမာဏ စားသုံးတာတင် မဟုတ်ပါဘူး၊ စားသုံးတဲ့ အချိန်ဟာလည်း ကိုယ်အလေးချိန် လျှော့ချရာမှာ အရေးကြီးတဲ့ သော့ချက်တစ်ခုပါ။ လေ့လာမှုတစ်ခုအရ အိပ်ရာမဝင်ခင် သုံးနာရီအတွင်း အစာစားသုံးသူတွေဟာ ဒီအချိန်ထက် ပိုစောပြီး စားသူတွေထက် ကိုယ်အလေးချိန် လျော့ကျမှု နည်းပါး ကြောင်း သိရပါတယ်။

ဘယ်လို အလုပ်လုပ်သလဲ
အိပ်ရာဝင်ချိန်နဲ့ နီးကပ်နေတဲ့အတွက် သင့်ခန္ဓာကိုယ်ဟာလည်း အိပ်ဖို့အတွက် ပြင်ဆင်နေပြီး ဇီဝရုပ်ဖြစ်ပျက်မှု နှေးသွားပါတယ်။ ဒါကြောင့် စားသုံးတဲ့ အစားအစာမှ ကယ်လိုရီအနည်းငယ်သာ လောင်ကျွမ်းသွားပြီး အများစုဟာ အဆီအနေနဲ့ ခန္ဓာကိုယ်မှာ စုဆောင်းသွားပါတယ်။ သင်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းတုန်းအချိန်မှာ အစာစားရင် ကိုယ် အလေးချိန် ပိုမိုလျော့သွားနိုင်ပါတယ်။

လေဖြတ်ခြင်း မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်
ညစာ စောစောစားတာကြောင့် လေဖြတ်နိုင်ခြေ ၆၆ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်။ အစာစားပြီးတာနဲ့ ချက်ချင်း အိပ်ရာဝင်တာကြောင့် အိပ်ရင်းအသက် ရှူရပ်တာဖြစ်တတ်ပြီး လေဖြတ်နိုင်လို့ပါ။ ၅။ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဖြစ်အောင် လေ့ကျင့်ခန်းလုပ်လိုရင် ညနေပိုင်းမှာ ပြုလုပ်ပေးပါ ညနေ ၄ နာရီနဲ့ ၈ နာရီကြားမှာ လေ့ကျင့်ခန်းပြုလုပ်တာကြောင့် တစ်နေ့တာလုံး ဖြစ်ပေါ်နေတဲ့ ဖိစီးမှုတွေ ပျောက် ကင်းနိုင်ရုံမက အမျိုးအစား (၂) ဆီးချို ရောဂါဖြစ်နိုင်ခြေပါ လျှော့ချနိုင်တယ်လို့ သုတေသီတွေက သက်သေပြထားကြပါတယ်။

ဘယ်လို အလုပ်လုပ်သလဲ
ဒီအချိန်မှာ မြင့်တက်နိုင်တဲ့ သွေးတွင်းသကြားဓာတ်တွေကို လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် လျှော့ချနိုင်လို့ပါ။ သွေးတွင်းသကြားဓာတ် ဆက်တိုက်မြင့် တက်တာဟာ ဆီးချိုရောဂါဖြစ်နိုင်လို့ပါ။

နှလုံးကျန်းမာရေးလည်းကောင်းစေပါတယ်
ညစာစားပြီး လှုပ်လှုပ်ရှားရှားနေတာကြောင့် အစာမှာပါဝင်တဲ့ အဆီတွေကြောင့်ဖြစ်တဲ့ သွေးကြောစေးကပ်တာ ကို ပြန်လည်ပြုပြင်နိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး
ဤနေရာမှ ကူးယူ ဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၈-၂၀၁၂

13 August 2012

စေတီနှင့် ရုပ်ထုတော်ကို ရှိခိုးခြင်း မှတ်ဖွယ်

စာမိတ်ဆက်
မေးလာသဖြင့် ဖြေကြားလိုက်ပါသည်၊ မေးလာသူ နောင်နောင် ဟားခါးမှ ဖြစ်သည်၊ သူမေးတဲ့ မေးခွန်းများကို ခြုံငုံပြီး ဖြေဆိုလိုက်ခြင်းဖြစ်သည်၊ မေးခွန်းများကို တစ်ခုစီ ခွဲမဖြေတော့ဘဲ ပေါင်း၍ဖြေကြားလိုက်ပါသည်၊ မေးလာသည်အတွက်လဲ အထူးကျေးဇူးတင်ပါသည်။ သူ၏ မေးခွန်းများကိုလဲ ပူတွဲပြီး ဖော်ပြလိုက်ပါသည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင် ခမ်းမဆောင်တွင်းက ရုပ်ပွားဆင်းတုတော်)

စေတီ (စေတိယ)
ဥဒ္ဒိဿစေတီနဲ့ ပတ်သက်ပြီး ပြောရမည်ဆိုရင် ရှေးဦးစွာ စေတီအကြောင်းကို သိဖို့လိုတယ်။ ဥဒ္ဒိဿစေတီ ဆိုတာ ပါဠိစကားလုံး ၂ ခုကို ပေါင်းစပ်ထားတဲ့ မြန်မာဝေါဟာရတစ်ခုဖြစ်သည်။ “ဥဒ္ဒိဿ-ရည်စူးအပ်သော” ဟုဘာသာပြန်ဆိုသည်။ စေတီဆိုတဲ့ ပုဒ်ကတော့ စေတိယ ဆိုတဲ့ ပါဠိစကားလုံးက ဆင်းသက်လာတဲ့ မြန်မာဝေါဟာဖြစ်သည်။ မြန်မာစစ်စစ် အဓိပ္ပါယ်ကတော့ လူတို့၏ အမြတ်တနိုး ကိုးကွယ်ရာဌာန ဟု ဆိုသည်။

ဘုရားရှင်မပွင့်ခင်ကထဲက လူတွေဟာ အကြောက်တရား(ဒေါသ)ကြောင့်သော်၎င်း လိုချင်ရချင်လွန်း(လောဘ)သောကြောင့်၎င်း သစ်ပင်ကြီးတွေ တောတောင်တွေ နတ်ကွန်းတွေ မြစ်ချောင်းတွေ စသည်ဖြင့် သက်မဲ့တွေကို ကိုးကွယ်ကြသည်၊ ထိုကိုးကွယ်ရာ ဌာနတွေကို စေတိယ-စေတီဟု ခေါ်သည်။ ထိုအချိန်ကစပြီး ကိုးကွယ်ခြင်းဆိုတဲ့ ဘာသာ Religi0n ပေါ်လာသည်။ မြတ်ဗုဒ္ဓပွင့်တော်မူလာသော အခါ ထိုအယူဝါဒများကို တွန်းလှန်ခဲ့သည်။ မြတ်ဗုဒ္ဓ၏အဆုံးအမရ ဗုဒ္ဓဘာသာသည် ထိုသို့သော အကြောက်တရား၊ လိုချင်လောဘတရားတို့ကြောင့် ကိုးကွယ် ယုံကြည်၊ ရှိခိုး၊ ဆုတောင်းသည့် ဘာသာမျိုး religion ကား မဟုတ်။
ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်ယုံကြည်သည့် စေတီသည် လိုချင်ရချင်သော လောဘကြောင့် ရှိခိုး ဆုတောင်းသည်လည်း မဟုတ်၊ အကြောက်တရားကြောင့် ကိုးကွယ်သည်လည်းမဟုတ်၊ အလွန့်အလွန် ကျေးဇူးကြီးလွန်းလို့ ထိုကျေးဇူးတရားနှင့် မြတ်ဗုဒ္ဓဂုဏ်တော်တွေကို အာရုံပြု ရှိခိုးကြခြင်း၊ အရိုအသေပေးခြင်း၊ အသိအမှတ်ပြုခြင်းမျှသာဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်သည့် စေတီဟူသည် (စေတီ ၄မျိုး)
ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်သည့် စေတီဟူသည် ၄ မျိုးရှိသည်။ ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ ဟူသတည်း။

(၁) ဓာတုစေတီ ဟူသည် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ကျန်ရစ်ခဲ့သော အရိုးတော်များ၊ ဆံတော်များဖြစ်သည်၊ လယ်တီဆရာတော်ကြီး (၇) ဘုရားရှိခိုးတွင် နောက်ဆုံး ပရိနိဗ္ဗာန်ပြုခန်း၌ “မွေတော်ရှစ်စိတ် ကြွင်းသကိုးးးးးးး” မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုစဉ်က ဓာတ်တော်များ ရှစ်စိတ်ရှစ်ဖြာ ဖြစ်သဖြင့် မွေတော်ရှစ်စိတ် ကျန်ခဲ့သည်ဟုဆိုသည်၊ အမွေအနှစ်အဖြစ်ဖြင့် ချန်ထားခဲ့သောကြောင့် “မွေတော်”ဟူ၍လည်း ခေါ်ကြသည်။ ထိုဓာတ်တော်များသည် အကြီးဆုံး ပဲနှောက်ခြမ်းခန့်ရှိသည်၊ အလတ်အစားအရွယ်က ဆန်ကွဲခန့်ရှိသည်၊ အသေးဆုံး ဓာတ်တော်က မုန်ညင်းစေ့ခန့်ရှိသည်ဟု ဆိုကြသည်။

အဦးဆုံး သရဏဂုံ နှစ်ပါးတည်ခဲ့သော တပုဿနှင့်ဘလ္လိကာတို့ ကုန်သည်နှစ်ယောက်တို ဘုရားရှင်ထံမှ ဆံတော်များရရှိခဲ့သည်၊ ထိုဆံတော်များသည် ယခုအခါ ရွှေတိဂုံစေတီတော်ကြီးအတွင်း ဓာတုစေတီအဖြစ် ပူဇော်ထားကြသည်ဟု ဗုဒ္ဓဘာသာဝင်တို့အားလုံး တညီတညွတ်တည်း လက်ခံ ယုံကြည်ကြသည်။

(၂) ဓမ္မစေတီ ဟူသည် မြတ်ဗုဒ္ဓ၏ရွှေနှုတ်မှ ထွက်လာသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်၊ နိကာယ် ငါးရပ်၊ သို့မဟုတ် ပိဋကတ်တော် သုံးပုံဖြစ်သည်။ ထိုတရားတော်များသည် ရိုသေထိုက်သည်၊ လေစားမြတ်နိုးထိုက်သည်၊ ရှိခိုးထိုက်သည်၊ ထိုပိဋကတ်ဆောင် ရဟန်းတော်များသည်လည်း ဓမ္မစေတီထိုက်သဖြင့် ဓမ္မစေတီအဖြစ် လေးစားထိုက်သည်၊ ပူဇော်ထိုက်သည်၊ ထို့ပြင် တရားတော်အတိုင်း ကျင့်ကြံအားထုတ်သူတိုင်းလည်း ဓမ္မစေတီထိုက်သူများ ဖြစ်ကြသည်။

(၃) ဥဒ္ဒိဿစေတီ ဟူသည် ရည်စူး ရည်မှန်အပ်သော အရာမှန်သမျှဖြစ်သည်။ သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်စူး ရည်မှန်းပြီး ဘုရားရှင်ဟန်ပန်အမျိုးမျိုး ပြုလုပ်၍ ကိုးကွယ်ကြသည်။ ဘုရားရှင်၏ မာရ်ငါးပါးကို အောင်တော်မူပုံ၊ ဘုရားရှင် စင်္ကြလျှောက်နေပုံ၊ ဘုရားရှင်ရပ်တော်မူပုံ၊ ဘုရားရှင် ထိုင်တရားဟောတော်မူပုံ၊ ဘုရားရှင်လျှောင်းတော်မူပုံ၊ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပုံတို့ကို ရည်စူးပြီး ထိုလုပ် ကိုးကွယ်သော ပုံသည် ဥဒ္ဒိဿစေတီများ ဖြစ်ကြသည်။ ဘုရားရှင်၏ ကိုယ်ပွားအဖြစ်ဖြင့် ရုပ်ပုံတော်ကို တုပထားသောကြောင့် ရုပ်ပွားဆင်းတုတော်ဟုလဲ ခေါ်ကြသည်၊ မြတ်ဗုဒ္ဓရုပ်နဲ့ အဆင်းသဏ္ဌာန် တူအောင် ပြုလုပ်ထားသောကြောင့် ဆင်းတုတော်ဟုလည်း ခေါ်ကြသည်။ ထိုအားလုံးသည် ဥဒ္ဒိဿစေတီအတွင်း ပါဝင်သည်၊ စေတီမပါ၊ ရုပ်ပုံမပါဘဲ သက်တော်ထင်ရှား မြတ်ဗုဒ္ဓပုံကို စိတ်ထဲမှာ အာရုံယူခြင်းသည်လည်း ဥဒ္ဒိဿစေတီကို ကိုးကွယ်ခြင်းမည်သည်။
ယနေ့ခေတ်မှာလဲ ဘာသာ သာသနာအတွက်ပဲဖြစ်ဖြစ် လူမျိုးနှင့် နိုင်ငံတော်အတွက်ပဲ ဖြစ်ဖြစ် စွမ်းစွမ်းတမံ လုပ်ဆောင်သွားကြတဲ့ ပုဂ္ဂိုလ်များကို သူရဲကောင်းများအဖြစ် လေးစားကြည်ညိုကြသည်၊ သူတို့၏ ဂုဏ် ကျေးဇူးတရားများကို အမှတ်ရစေခြင်းနှင့် အတုယူဖွယ် စံပြအဖြစ်ဖြင့် သူတို့ကိုယ်ပွားရုပ်ထုကို ပြုလုပ်၍ အမြတ်တနိုးကိုးကွယ်ကြသည်။ သူတို့ရဲ့ ရုပ်ထုရှေ့မှာ ဆီးမီး ပန်းစသည်တို့ဖြင့် ပူဇော်ကြသည်မှာ ရုပ်ထုကို ပူဇော်ကြသည်မဟုတ် သူတို့၏ဂုဏ်ကျေးဇူးနှင့် စွမ်းရည်များကို ပူဇော်ကြခြင်းဖြစ်သည်။

(၄) ပရိဘောဂစေတီ ဟူသည်၊ မြတ်ဗုဒ္ဓအသုံးအဆောင်များဖြစ်သည်။ ပရိဘောဂ-အသုံးအဆောင်၊ ထို့ကြောင့် စားပွဲ ဗီရို၊ ကုလားထိုင် ကုတင်စတဲ့ အိမ်အသုံးအဆောင်ပစ္စည်းဆိုင်ကို ပရိဘောဂဆိုင်ဟု ခေါ်ကြသည်။ မြတ်ဗုဒ္ဓအသုံးပြုခဲ့သော တောင်ဝှေးတော်၊ ရေသနုတ်တော်၊ သပိတ်တော်၊ စသည်တို့သည် ပရိဘောဂစေတီများဖြစ်သည်၊ ထိုအသုံးဆောင်များကို ဌာပနာသွင်းပြီး စေတီ၊ ပုထိုး ဘုရားများတွင် ကိုးကွယ်ကြသည်၊ အမြတ်တနိုးထားကြသည်၊ ရိုသေကြသည်။ ယနေ့ခေတ် ဘာသာရေးဘက်မှာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးဘက်မှာပဲ ဖြစ်ဖြစ် တစ်နေနေရာမှာ ထူးချွန်ပြောင်မြောက်ခဲ့သော အာဇာနည်တို့၏ အသုံးအဆောင်အများကို အမြတ်တနိုးထားကြသည်။
(အမေရိကန်-သီတဂူဗုဒ္ဓ၀ိဟာရရှိ ရွှေစည်းခုံစေတီတော်ကြီး)

ကိုးကွယ်ခြင်းနှင့် ဆုတောင်းခြင်း

ဗုဒ္ဓဘာသာသည် အထက်မှာ ဖော်ပြထားသလို ကြောက်လို့ ကိုးကွယ်သည့် ဘာသာ Religion လည်းမဟုတ် လိုချင်ရချင်လို့ ကိုးကွယ်သည့် ဘာသာ Religion မဟုတ်၊ သံသရာဆင်းရဲမှလွတ်ရန်သာ သို့မဟုတ် ငြိမ်းချမ်းရေးကိုသာ ရည်ရွယ်၍ လက်တွေ့ကျကျ ကိုယ်တိုင်အားထုတ်ရသည့် (ဓမ္မ) တရားဖြစ်သည်။ ယုံကြည်ရုံနဲ့ မပြည့်စုံ၊ ကောင်း၏ မကောင်း၏ သင့်၏ မသင့်၏ အစစ် အတု စသည်ခွဲခြမ်း စိတ်ဖြာတတ်သော ပညာပါဖို့လိုသည်၊ ထိုယုံကြည်မှု (သဒ္ဓါ) ပညာ (၀ိဇ္ဇာ) ပါရုံနဲ့လဲ မပြီး၊ လက်တွေ့ကျကျ အားထုတ်ရသော (စရဏ)လဲ ပါရသည်။ ဘာမှ မလုပ်ဘဲ ရုပ်ထုရှေ့ လိုချင်တာ ဆုတောင်းနေတဲ့ ဘာသာမဟုတ်၊ ဘေးအန္တရာယ်ကျရောက်သော အခါ ရုပ်ထုရှေ့မှာ ကယ်ပါယူပါ တစာစာနဲ့ နပူနစာ တိုက်နေရသည့် ဘာသာလဲမဟုတ်၊ တကယ်တော့ ရုပ်ထုဆိုတာ စောစော ပြောခဲ့သလို မြတ်ဗုဒ္ဓကိုယ်စားပြုထားတဲ့ ရုပ်ထုဖြစ်သည်၊ အာရုံပြုလွယ်နိုင်ရန်၊ ဂုဏ်ကျေးဇူးတရားတွေကို အာရုံပြုလွယ်နိုင်ရန် ရည်ရွယ် ရုပ်ထုရှေ့မှာ အရိုသေပေးကြသည်၊ ရှိခိုးကြသည်၊ ထိုသို့အရိုသေပေးခြင်း ရှိခိုးခြင်းသည် အုတ်ပုံ သစ်သား ကျောက် စသည့် ရုပ်ထုများကို မဟုတ်၊ သက်တော်ထင်ရှား မြတ်ဗုဒ္ဓ၏ ကျေးဇူးတရားနဲ့ ဂုဏ်တော်တွေကို အရိုသေပေးခြင်းသာ ဖြစ်သည်၊ ရှိခိုးခြင်းသာ ဖြစ်သည်။

ဘာတွေ ဆုတောင်းကြသနည်း

ဆုတောင်းခြင်းနှင့်ပတ်သက်ပြီး စာရေးသူ၏ဆိုက်ထဲ့က ပို့စ်များစွာထဲမှာ မကြာမကြာ ထည့်ရေးဖူးသည်။ လူတွေက အကြောက်တရား တခုခုနဲ့ ကြုံလာတဲ့အခါ သို့မဟုတ် တစ်ခုခုကို ရချင်တဲ့အခါတွေမှာ သူတို့ကိုးကွယ်ရာ ရုပ်ထုရှေ့မှောက်မှာပဲ ဖြစ်ဖြစ် သစ်ပင်ကြီးတွေအောက်မှာပဲ ဖြစ်ဖြစ်၊ နတ်ကွန်းတွေမှာပဲ ဖြစ်ဖြစ် တောင်းပန်ကြသည်၊ တောင်းဆိုကြသည်။ ထိုရုပ်ထု သို့မဟုတ် တောတောင် သစ်ပင်၊ နတ်ကွန်းတွေမှာ သူတို့တောင်းတာကို ပေးနိုင်သူ တန်ခိုးရှင်တစ်ယောက် ရှိနေမည်ဟု ယုံကြည်ထားကြသည်။ မိမိဘ၀ကို ထို တန်ခိုးရှင်ထံမှာပဲ လုံးဝ အားကိုးနေကြသဖြင့် မိမိရဲ့ အစွမ်းအစ သတ္တိ၊ ဗျတ္တိတို့သည် အသုံးမ၀င်ဘဲ ဖြစ်နေတော့သည်။

မြတ်ဗုဒ္ဓကတော့ ထိုကဲ့သို့ သူတပါးကို အားကိုးတာ မကြိုက်၊ ကိုယ့်ရဲ့ ကံ ဥာဏ် ၀ီရိယ ကိုပဲ အားကိုးဖို့ပဲ ပြောသည်၊ (အတ္တာ ဟိ အတ္တနော နာထော)။ ကိုယ့်ဘ၀ရဲ့ အနိမ့်အမြင့် ကျရှုံးခြင်းနှင့် အောင်မြင်ခြင်းတွေကို ဘယ်ဘုရား ဘယ်တံခိုးရှင်တွေကမှ ဖန်တီးပေးသည်မဟုတ် ကိုယ့်ရဲ့ ကံ ဥာဏ် ၀ီရိယ ကပဲ ဖန်တီးပေးသည် (ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ ယဒိဒံ ဟီနပ္ပဏီတတာ)။

ဗုဒ္ဓဘာသာဝင်တွေကော ဆုမတောင်းကြဘူးလား? ဘုရားရှေ့မှာ ဘယ်လိုဆုတောင်းကြသလဲ? ဆိုတော့၊ ဆုတောင်းကြပါသည်။ သို့သော် အထက်က ပြဆိုထားသလို တခြားဘာသာတွေရဲ့ ဆုတောင်မျိုးနဲ့တော့ လုံးဝမတူ၊ ဘုရားရှင်ရုပ်ပွားဆင်းတုတော် ရှေ့မှာ ဒူးလေးတုတ်ပြီး အရိုအသေ ထိုင်ကြသည်၊ ပြီးတော့ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတွေကို အာရုံပြုပြီး ရှိခိုးကြသည်။ ပြီးတော့မှ ကိုယ်ပြုခဲ့တဲ့ကောင်းမှုတွေကြောင့် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို ရင်ထဲမထားဘဲ ထုတ်ဖော်ပြောကြသည်။ ဒါကိုပဲ ဆုတောင်းသည်ဟု ခေါ်သည်၊ ကိုယ်လုပ်ထားတဲ့ ကောင်းမှုရဲ့ အခွင့်အရေးကို တောင်းဆိုခြင်းမျှသာ ဖြစ်သည်။ ဘာမှ မလုပ်ဘဲ အခွင့်ရေးကို တောင်းဆိုနေသည်မဟုတ်၊ ဘုရားရှေ့မှာပဲ ဆုတောင်းသည်ဆိုသည်မှာလဲ လောကမှာ လူအများစုက မိမိ အလေးထားရဆုံးပုဂ္ဂိုလ်ရှေ့မှာ တောင်းဆိုကြခြင်းသည်။ ဤသို့အားဖြင့် မိမိကိုယ်ကို အားကိုးခြင်း၊ ကိုယ်လုပ်ခဲ့တဲ့အခွင့်ရေးအပေါ်မှာ ဆန္ဒပြုခြင်းတို့သည် မြတ်ဗုဒ္ဓအလိုကျ ဆုတောင်းခြင်းဖြစ်သည်။

နောက်တစ်ခုက ဘုရားပုထိုးများနှင့်မှတ်ဖွယ်ကိုလဲ တောင်မြို့မဟာဂန္ဓာဆရာတော်ကြီးက သူ၏ ရတနာ့ဂုဏ်ရည် စာအုပ်တွင် “ဘုရား-ပုထိုးဟူသော အသုံးအနှုန်းကို ယိုးဒယားမှ ကူးစက်လာသော အသုံးဟု ကြံကြ၏။ ယိုးဒယားလူမျိုးများက ဆင်းတုစေတီတော်များကို စာရေးသောအခါ “ဝရား=ဗုဒ္ဓေါ”ဟု ရေး၍ စာဖတ်သောအခါ “ဖရား=ဗုတ်ထိုး”ဟု အသံထွက်၏။ ထိုအသံထွက်ကိုလိုက်၍ မြန်မာတို့က “ဘုရား=ပုထိုး”ဟု ရေးဟန်တူ၏။ ထိုယိုးဒယား အသုံးဖြစ်သော “ဝရား=ဗုဒ္ဓေါ” စကား၌လည်း ဝရ-မြတ်သော၊ ဗုဒ္ဓေါ-ဘုရား၊ မြတ်သောဘုရား၊ မြတ်စွာဘုရားဟု ဆိုလိုသည်။ ထို့ကြောင့် “ဝရ၊ ဗရား၊ ဘုရား” ဤသုံးမျိုးသည် ပါဠိ၊ ယိုးဒယား၊ မြန်မာ အသုံးအဖြစ် ကွဲပြားသော်လည်း “ဘုရားရှင်”ဟူသော အနက်အားဖြင့် တူမျှသည်ဟု မှတ်ပါ။” ဟု ပြဆိုထားသည်။

ထိုဘုရား ပုထိုးတော်အတွင်း ဘုရားဆင်းတုတော်များ (ဥဒ္ဒိဿစေတီ) ဘုရားရှင်ဓာတ်တော်များ (ဓာတုစေတီ)၊ ကြေးပြားဖြင့် ထွင်းထားသော ဘုရားရှင်၏ ပိဋကတ်တော်များ၊ (ဓမ္မစေတီ)နှင့် ဘုရားရှင်အသုံးအဆာင်များကို ထည့်သွင်းပြီး ပူဇော်ကြသည်။ ဘုရားရှင်အဆက်ဆက်မှာရော ယနေ့ခေတ်မှာပါ စေတီတော်ကို အမြတ်ဆုံးရွှေငွေ ရတနာများဖြင့် ပူဇော်ကြသည်ကို တွေ့ရသည်။ လောကမှာ အထွဋ်မြတ်ဖြစ်သော မြတ်ဗုဒ္ဓကို လောကတွင် အမြတ်ဆုံးဟု ယူဆရသော ရွှေငွေ ကျောက်တန် ပတ္တမြားတို့ဖြင့် ပူဇော်ကြသည်၊ ထိုသို့ ပူဇော်ကြခြင်း လူတို့၏ သဒ္ဓါတရားဖြစ်သည်။ သဒ္ဓါ စေတနာ အနဲအများအားလျှော်စွာ အကျိုးကျေးဇူးရှိသည်။ ဘုရား၊ ဆင်းတုတော်၊ စေတီတော်များက မရှိ မဖြစ်တော့မဟုတ်၊ အထက်မှာ ပြထားသလို သက်တော်ထင်ရှား ဘုရားရှင်ကို စိတ်ထဲမှာ ပို၍မြင်သာထင်သာအောင် ပြုလုပ်၍ ကိုးကွယ်ခြင်းဖြစ်သည်။ စေတီ၊ ရုပ်ပွားဆင်းတုတော်များကို သက်တော်ထင်ရှား ဘုရားရှင်အဖြစ်နဲ့ ပူဇော်ခြင်းသည် သက်တော်ထင်ရှား ဘုရားရှင်းကို ပူဇော်ခြင်းနဲ့ ထပ်တူထပ်မျှဖြစ်သည်၊ (သမေ စိတ္တေ သမံ ဖလံ)။ ရုပ်ပွားဆင်းတုတော်များကို အနေကဇာတင်ခြင်းနဲ့စပ်လျဉ်းပြီး စာရေးသူ၏ဆိုက်တွင် ကြည့်နိုင်ပါသည်။

စေတီရုပ်ပွားတော်များနှင့် နေရာ
စေတီ ရုပ်ပွားတော် ဆင်းတုတော်များကို လောကအမြတ်ဆုံးဗုဒ္ဓကို ကိုယ်စားပြုထားသဖြင့် မြင့်မြတ်တဲ့ နေရာတွေမှာ ထားသင့်သည်၊ မွန်မြတ်သောပုဂ္ဂိုလ်အပေါ် မွန်မြတ်သောစိတ် ထားသင့်သည်။ စိတ်ထားအပေါ်မှာ အခြေခံပြီး အကျိုးကျေးဇူးများ ဖြစ်တတ်သည်။ ကောင်းတဲ့စိတ် မွန်မြတ်တဲ့စိတ်ထားရင် ကောင်းတဲ့အကျိုးပေးမည်။ တခါက စုပေါင်းကုသိုလ်အနေနဲ့ ကဿပမြတ်စွာဘုရားစေတီတော် တည်ကြသည်၊ ရွှေသင်္ကန်းကပ်ရန် အကျိုးဆောင်အလှူခံပုဂ္ဂိုလ်များက ရွှေပန်းတိမ်သည်ထံ ရောက်လာကြသည်၊ ထိုအချိန် မယားဖြစ်သူနဲ့ ရန်ဖြစ်နေသော ရွှေပန်းတိမ်သည်က “မင်းတို့ဆရာ ဘုရား ရေထဲကိုသာ မျှောပစ်လိုက်ကွာ” ဟု စိတ်ဆိုးမာန်ဆိုးနဲ့ ပြောမိတဲ့ ၀စီအကုသိုလ်ကံကြောင့် (၇) ဘ၀ ရေအမျောခံရသည်။ နိမ့်ကျတဲ့စိတ်ထားဖြင့် ရုပ်ပွားဆင်တုတော်ကို ပြစ်မှားမိခဲ့တဲ့ အကုသိုလ်ကံသည် ဤမျှ တန်ပြန်ခံရတတ်သည်။ ၀စီကံသည်ပင် ဤမျှလောက် အကျိုးပေးနေလျှင် ကိုယ်ထိလက်ရောက်ကျူးလွန်လျှင် မတွေးဝံ့စရာ။ မေးမြန်းသူ နောင်နောင်ရဲ့ “တပည့်တော်တို့ရွာမှာရှိတဲ့ ဘုရားဝင်းထဲက စေတီတော်တွေနဲ့ ဆင်းတုတော်တွေကို စစ်အတွင်းတုန်းက တပ်ဆုတ်ရင်း ဖျက်ဆီးခဲ့ကြတဲ့ ဂျပန်စစ်သားတွေရဲ့ ကံကြမ္မာကတော့ မတွေးရဲစရာပါ ဘုန်းဘုန်းရယ်။” ဆိုတဲ့ ခံစားချက်ကလဲ စဉ်းစားစရာပင် ဖြစ်သည်။ ဘယ်ဘာသာပဲဖြစ်ဖြစ် ကိုယ့်ဘာသာ ကိုယ့်ရုပ်ထု ဆင်းတုတော်များကို အမြတ်တနိုးထားသလို သူတပါးအမြတ်တနိုးထားတဲ့ ရုပ်ထု ဆင်းတုတော်တွေကိုလဲ တန်ဖိုးထားသင့်သည်၊ တန်ဖိုးမထားနိုင်၊ မမြတ်နိုးနိုင်ရင်တောင် မပြစ်မှားသင့်၊ မဖျက်ဆီးသင့်။

“တပည့်တော်တို့ရဲ့ ဘုရားဆင်းတုတော်တွေကို နိုင်ငံခြားက အနှိပ်ခန်း၊ ကလပ်တွေမှာ လပ်ကီးကောင်းတယ်ဆိုပြီး ထားတာတွေကို ဇာတ်ကားတွေတစ်ချို့မှာ တွေ့ရလို့ပါဘုရား၊” ဟု ဒကာ နောင်နောင်ပြောသလိုပါပဲ လွန်ခဲ့ ၂ နှစ်ဝန်းကျင်လောက်က သီတဂူဆရာတော်ကြီး နီပေါနိုင်ငံ ခတ္တမန္ဒုမြိုရှိ ဟိုတယ်တစ်ခုမှာ တည်းခိုသည်၊ နီပေါနိုင်ငံသည် မြတ်ဗုဒ္ဓဖွားမြင်ရာ ဒေသဖြစ်သည်၊ ထိုဒေသရှိလူတွေကလဲ သူတို့ကိုသူတို့ သက္ကမျိုး သာကီမျိုး (ဘုရားအမျိုး)ဟု ဂုဏ်ယူဝံ့ကြွားစွာပြောနေကြသည်။ သို့သော် ထိုမြို့ရှိ ဟိုတယ်ကြီးတစ်ခုရဲ့ အ၀င်ပေါက် လှေခါးရင်းမှာ မြတ်ဗုဒ္ဓ၏ရုပ်ပွားဆင်းတုတော်ကို ဟိုတယ်ရဲ့ အလှတန်ဆာတစ်ခုအနေနဲ့ ထားသည်။ သီတဂူဆရာတော်က ဟိုတယ်မန်နေဂျာကို ခေါ်ပြီး ဒီလို မထားသင့်ကြောင်း ပြောပြတော့မှ နေရာရွှေ့ပြောင်းပေးသည်။ အလားတူ ဗုဒ္ဓဘာသာမဟုတ်သော နိုင်ငံတွေမှာ အိမ်၏အလှတစ်ခုအနေနဲ့ ဗုဒ္ဓ၏ဦးခေါင်းပိုင်းပုံ၊ တစ်ကိုယ်လုံးပုံ အမျိုးမျိုးကို အိမ်၏ဧည့်ခန်းမှာ ထားကြသည်၊ ပိုဆိုးသည်က နိုတ်ကလာပ်တွေမှာပဲ ဖြစ်သည်။ သူတို့ရဲ့စိတ်ဘယ်လို ဘယ်ပုံရှိနေသည်ကိုတော့ စာရေးသူတို့ မခန့်မှန်းနိုင်၊ ဗုဒ္ဓဘာသာဝင်တွေကို မကျေနပ်၍သော်၎င်း၊ တစ်ဖက်ဘာသာကို စော်ကားလို တိုက်ခိုက်လို၍သော်၎င်း ပြုမူဆက်ဆံရင်တော့ အလွန့်လွန်ကို အပြစ်ကြီးသည်။ အမြတ်တနိုးအနေနဲ့ ထားရင်တော့ အပြစ်က မရှိနိုင်၊ မိမိစိတ်ဘယ်လို သဘောထားသည် အပေါ်မှာ ပို၍အရေးကြီးသည်။

နောက်တစ်ခုက “စေတီ သို့မဟုတ် ရုပ်ထု ပျတ်စီးသွားသော် ကိုးကွယ်ထိုက်သလား” ဆိုတာကတော့ ရှင်းပါသည်။ ကိုးကွယ်၊ အလေးထားဆိုသည်မှာ ရုပ်ထုကို မဟုတ် ဂုဏ်နှင့်ကျေးဇူးတရားဖြစ်ရကား ကိုယ့်စိတ်က ကိုးကွယ်ခြင်း မကိုးကွယ်ခြင်း အလေးထား မထားခြင်းအပေါ်မူတည်ပါသည်၊ ရုပ်ထု ပျက်စီးခြင်းမပျက်စီးခြင်းက အဓိကမဟုတ်ပါ။ တခါက လယ်သမားတစ်ယောက် အုဋ္ဌ်ပုံအပျက်အစီးကို ရှိခိုးနေသည်ကို မြင်၍ ဘုရားက သာဓုခေါ်ဖူးသည်။ အကြောင်းက ထိုလယ်သမားသည် ဘိုးစဉ်ဘောင်ဆက်ကထဲက ဒီအုဋ္ဌ်ပုံကို ဘုရားရှင်၏ကိုယ်ပွားအဖြစ် စေတီအနေနဲ့ ကိုးကွယ်ခဲ့ကြသည်ဟု ယူဆကာ ရှိခိုးခြင်းဖြစ်သည်။ သူ၏စိတ်ထဲတွင် အပျက်အစီးဆိုပေမဲ့ စေတီဟု နှလုံးသွင်းထားသည်။ ထို့ကြောင့် အရေးကြီးသည်မှာ စိတ်၊ ရုပ်ထုပျက်စီးခြင်း မပျက်စီးခြင်းက ပဓာနမဟုတ်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင် ခမ်းမဆောင် ထောင့်လေးထောင့်တွင် ပူဇော်ထားသော မြတ်ဗုဒ္ဓ-မဟာဗောဓိပင်နှင့် ရွှေပလ္လင်)

ကိုးကွယ်သူမရှိတာနဲ့ ရုပ်ပွားတော်များ အလိုအလျောက် ဥဒ္ဒိဿစေတီအဖြစ်မှ ပျောက်ကွယ်သွားလားဆိုတာနဲ့ပတ်သက်ပြီးတော့ကား စောစောကပြောသလို ရုပ်ပွားတော်များက အရေးမကြီး၊ ကိုးကွယ်သူ၏ စိတ်ကသာ အရေးကြီးသည်။ သာသနာကွယ်သည် ဆိုသည်မှာ ဘုရားအဆုံးအမတွေ ကွယ်ပျောက်သွားလို့မဟုတ်၊ ဘုရားအဆုံးအမကို လိုက်နာမည့်သူတွေ ကွယ်ပျောက်သွားခြင်းကြောင့်ဖြစ်သည်။ ဘုရားအဆုံးအမတွေသည် ဘယ်တော့မှ မပျောက်ပျက်ဘဲ ကမ္ဘာတည်သရွေ့ တည်ရှိနေမှာဖြစ်သည်။ ရုပ်ပွားဆင်းတုတော်များက ဥဒ္ဒိဿစေတီအဖြစ်မှ ကွယ်ပျောက်သွားမည် မဟုတ်၊ ကိုးကွယ်မည့်သူသာ ပျောက်ဆုံးသွားနိုင်သည်။ ဘုရားရှင်၏ဓာတ်မွှေတော်များသည် ကိုးကွယ်မည့်သူမရှိသောအခါ အလိုအလျောက် တေဇောဓာတ်မီးလောင်ပြီး ပျောက်ကွယ်သွားမည်ဟု စာပေမှာတွေ့ရသည်။

ကျမ်းကိုးများ-
၁။ မဟာပရိနိဗ္ဗာနသုတ် (ဒီဃနိကာယ်)၊ ၂။ စူဠကမ္မ၀ိဘင်္ဂသုတ် (မဇ္ဈိမနိကာယ်) ၃။ ဓမ္မပဒ (ခုဒ္ဒကနိကာယ်) ၄။ ရတနာ့ဂုဏ်ရည် (အရှင်ဇနကာဘိဝံသ) ၅။ သီတဂူဆရာတော် တရားတော်။

ဒကာနောင်နောင်ရေ--ဤမျှလောက်ဆိုရင် ဒကာ သိချင်တာတွေ ငုံမိ ခြုံမိသွားမည်ထင်ပါသည်၊ ကျေးဇူးအထူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၈-၂၀၁၂

++++++++

နောင်နောင်၏ အမေး
(ဥဒ္ဒိဿ စေတီတော်အကြောင်း )
ဒီတစ်ခါတပည့်တော် တွေးမိတာက ဥဒ္ဒိဿစေတီ (ရည်စူးပြီးကိုးကွယ်ပူဇော်ရာ)နဲ့ ပတ်သက်ပြီးတော့ပါဘုရား။ တပည့်တော်ရွာပြန်တုန်းက ရွာမှာရှိတဲ့စေတီပျက်၊ ဆင်းတုတော်ပျက်တွေ တွေ့ခဲ့ရတာနဲ့ စပ်လျဉ်းပြီး အတွေးရလာလို့ပါဘုရား....

ပထမဆုံး တပည့်တော်သိချင်တာက ဥဒ္ဒိဿစေတီရဲ့ မရှိမဖြစ်ရှိကိုရှိရမယ်ဆိုတဲ့ အဂါင်္ရပ်တွေ ရှိမရှိကိုပါဘုရား (တပည့်တော်တို့ရွာဘက်မှာ တစ်ချို့တောထဲ တောင်ထဲ အလုပ်လုပ်သွားရင်း တောထဲမှာ ပေါက်နေတဲ့ မှိုခြောက်က ဘုရားပုံနဲ့တူတယ်ဆိုပြီး အိမ်ယူထားပြီး ဘုရားစင်ပေါ် တင်ထားတာတွေ တွေ့ဘူးလို့ပါဘုရား။...

ဒီဟားခါးမှာတော့ တစ်ချို့ ခရစ်ယာန်ဘာသာဝင် သူငယ်ချင်းတွေက မေးကြတယ်ဘုရား။ သူငယ်ချင်းတို့က ရုပ်တုတွေ ကိုယ့်ဟာကိုယ်ထုလုပ်ကြပြီး ဘုရားဆိုပြီး ကိုးကွယ်ကြတာလားတဲ့။ တပည့်တော်လည်း သူတို့နားလည်အောင် ..
ငါတို့ရုပ်တုကိုးကွယ်တယ်ဆိုတာ မင်းတို့ဘုရားကျောင်းမှာ လက်ဝါးကပ်တိုင် ကိုထားပြီး ဘုရားသခင်ကို အာရုံပြုဆုတောင်းသလိုသဘောပါ။ ကြားခံပစ္စည်းထားတာပါလို့ပဲ... ရှင်းပြလိုက်တယ်ဘုရား)

ဒုတိယက ဥဒ္ဒိဿစေတီ ဖြစ်မြောက်ကြောင်း အလုပ်ပါဘုရား။ ဆင်းတုတော်(ကြေး၊ ရွေ၊ ငွေ၊ ကျောက်စိမ်း၊ သစ်သား) ဖြစ်စေ၊ မြေစိုက်စေတီ ကိုဖြစ်စေ ကိုးကွယ်ရာ ဥဒ္ဒိဿစေတီဖြစ်စေရန်အတွက် ကိုးကွယ်လိုသူရဲ့ သဒ္ဓါတရားစေတနာသည် အဓိကကျပါသလား (သို့) အနေကဇာတင်ခြင်းသည် အဓိကကျပါသလား ဘုရား။ (ဒီနေရာမှာ တပည့်တော် ဒီလိုမေးရခြင်းက အကြောင်းရှိပါတယ်ဘုရား။ တပည့်တော်တို့ရဲ့ ဘုရားဆင်းတုတော်တွေကို နိုင်ငံခြားက အနှိပ်ခန်း၊ ကလပ်တွေမှာ လပ်ကီးကောင်းတယ်ဆိုပြီး ထားတာတွေကို ဇာတ်ကားတွေတစ်ချို့မှာ တွေ့ရလို့ပါဘုရား၊ တစ်ခါတုန်းကဆို လူမည်း Hip Hop အဆိုတော်(အိုက်ကွန်) ဆိုတဲ့သူက သူအိမ့် လှေကားရင်းမှာတောင် ထားတယ်ဘုရား။
ဆင်းတုတော်ရှေ့မှာရှိတဲ့ ရေကန်ထဲမှာတောင် ကောင်မလေးတွေတစ်သိုက်နဲ့ ရေကူးနေတဲ့ပုံတွေ ဆိုက်တစ်ခုမှာ သူငယ်ချင်းတစ်ယောက်ပြတာနဲ့ တွေ့လိုက်ရသေးတယ်ဘုရား။)

တတိယအချက်က ဥဒိသစေတီအဖြစ်မှ ပျက်ပြယ်ခြင်း အကြောင်းပါဘုရား။
(၁)ကိုးကွယ်ဆည်းကပ်သူတို့ သေဆုံးသွားခြင်း၊ ထိုအရာကိုထားရစ်ခဲ့ပြီးခရီးထွက်ခြင်း၊ အရပ်တစ်ပါးသို့ ပြောင်းရွေ့သွားကြခြင်းတို့ကို လုပ်လျင် ထိုအရာသည်ဥဒ္ဒိဿစေတီအဖြစ်မှ အလိုလို ပျက်ပြယ်ပါသလားဘုရား။

(၂)ကိုးကွယ်ဆည်းကပ်ရာ ထိုအရာတို့ ပျက်စီး ပျောက်ပျက်သွားလျှင်လည်း ဥဒ္ဒိဿစေတီအဖြစ်မှ ပျက်ပျက်ပါသလား၊ ကိုးကွယ်ဆည်းကပ်သူတွေ စွန့်ခွါသွားပြီးကျန်ရစ်နေတဲ့ ဥဒ္ဒိဿစေတီတော်တွေဟာ
ထိုစေတီအဖြစ်ကနေ ပျက်ပျယ်ခြင်း မရှိဘူးဆိုရင် တပည့်တော်တို့ရွာမှာရှိတဲ့ ဘုရားဝင်းထဲက စေတီတော်တွေနဲ့ ဆင်းတုတော်တွေကို စစ်အတွင်းတုန်းက တပ်ဆုတ်ရင်း ဖျက်ဆီးခဲ့ကြတဲ့ ဂျပန်စစ်သားတွေရဲ့ ကံကြမ္မာကတော့ မတွေးရဲစရာပါ ဘုန်းဘုန်းရယ်။ (တစ်ချို့ဆင်းတု တော်တွေကို ဦးခေါင်းတော်ဖြတ်၊ တစ်ချို့ကို လက်တော်၊ ခြေတော်၊ အစုံပါပဲဘုရား။ စေတီတော်တွေလည်း ငုတ်တိုတွေ ပါ။) ကိုးကွယ် ဆည်းကပ်သူရှိနေစဉ်သာ ဥဒ္ဒိဿစေတီအဖြစ်နဲ့ရှိပြီး ထိုသူကမရှိတော့၊ စွန့်လွတ်သွားတဲ့အခါ ထိုအရာတွေဟာ မူရင်းအရည် အသွေးအတိုင်း သစ်သားဆင်းတုတော်က သာမန်သစ်သားအဖြစ်၊ စေတီတော်က သာမန်အုတ်ပုံ၊မြေပုံအဖြစ်၊ ကြေးဆင်းတုတော်က ရိုးရိုးကြေးတုံးအဖြစ်) ပြန်ဖြစ်သွားရင်တော့ အထွေအထူးပြောစရာတော့ မရှိဘူးပေါ့ဘုရား။
ဒီလောက်ပါပဲဘုရား၊ အဲဒီတော့ တပည့်တော်ပြောတဲ့သုံးချက်ကို အရှင်ဘုရားအားလပ်တဲ့ အချိန်ကျမှသာ ရှင်းပြပေးပါဘုရား။ ဖြေးဖြေးပါဘုရား။ တအားကြီး အရေးမကြီးပါဘူးဘုရား။ (တပည့်တော်လည်း ကိုယ့်အင်တာနက်ဆိုင်က ပိတ်လိုက်ပြီဆိုတော့ တခြားဆိုင်မှာ တကူးတက သွားမထိုင်ဖြစ်တော့ဘူးဘုရား။ Onlineပေါ်အရောက်ကျဲပြီဘုရား။)

အရှင်ဘုရား ဒီထက်မက သာသနာ့အကျိုးကို ထမ်းရွက်နိုင်ပါစေကြောင်း ဆုရည်လျှက် -

နောင်နောင်
ခေတ္တ- ဟားခါး၊ ချင်းပြည်နယ်

08 August 2012

ကမ္ဘာ့အကြီးကျယ်ဆုံး ဘာသာရေးပြောင်းပွဲကြီး

ကမ္ဘာ့အကြီးကျယ်ဆုံး ဘာသာရေးပြောင်းပွဲကြီး
စာမိတ်ဆက်
၁၅-၇-၂၀၁၂ ရက်နေ့က ဘုံဘေမြို့ ဘူတာကြီးမှ ညပိုင်း ၈နာရီ ရထားဖြင့် စီးခဲ့ရာ နောက်နေ့မနက် ၁၆-၇-၂၀၁၂ စောစော ၇ နာရီလောက်မှာ နာဂမြို့ရှိ Duranto ဘူတာကြီးသို့ ရောက်သည်။ သူငယ်ချင်းတစ်ပါးက ထိုမြို့မှာ စေတီတစ်ဆူတည်ခြင်းနှင့် သိမ်အတွက် စီမံခြင်းကိစ္စဖြင့် သွားရာ စာရေးသူလဲ သူလဲ အဖော်ရ၊ ကိုယ်လဲ သွားချင်ဆုံးနေရာလဲ ဖြစ်တော့ ရက်ကြာပေမဲ့ လိုက်သွားဖြစ်သည်။ မှတ်မှတ်ရရလဲဖြစ်အောင် ကမ္ဘာ့အကြီးဆုံး ဘာသာရေးပြောင်းပွဲကြီး ပို့စ်လဲဖြစ် သို့မဟုတ် စာရေးသူ၏ ခရီးသွားမှတ်တမ်းလဲဖြစ်သည့် ပို့စ်ကို မှတ်တမ်းတင်ဖြစ်သည်။
(ဟိန္ဒူလူထု ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပွဲ ကျင်းပရာ Deekshabhoomi, Nagpur)

နာဂပူမြို့
နာဂပူမြို့ (Nargpur)သည် အိန္ဒိယပြည်ကြီး၏ ကြွယ်ဝချမ်းသာဆုံး ပြည်နယ်ဖြစ်တဲ့ မဟာရဋ္ဌပြည်နယ်တွင် တတိယ အကြီးမားဆုံးမြို့ဖြစ်သည်။ ဘုံဘေမြို့နဲ့ ပူနေးမြို့ပြီးရင် နာဂပူမြို့ဟာ အကြီးဆုံးမြို့ဖြစ်သလို အိန္ဒိယအလယ်ပိုင်းဒေသရှိ အကြီးဆုံးမြို့ဟုလည်းဆိုသည်။ လူဦးရေမှာ ၂၀၁၁ စစ်တမ်းအရ 2,405,421 ရှိသည်။ ဘာသာစကားများစွာနှင့် ဘာသာရေးမှာလဲ ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဂျိန်း၊ ဆစ်ခ်၊ ဂျူး၊ နှင့် Zoroastrians အစရှိသည့် ဘာသာရေးတွေ ထူထပ်သည့်မြို့ တစ်မြို့ဖြစ်သည်။
မဟာရဋ္ဌပြည်နယ်၏ မြို့တော်သည် ဘုံဘေမြို့ဖြစ်သည်၊ လူဦးရေ သန်း ၂၀ ရှိသဖြင့် အိန္ဒိယပြည်၏ လူဦးရေ အထူအထပ်ဆုံးမြို့ဖြစ်သည်၊ စီးပွားရေးမြို့တော်လဲဖြစ်သည်၊ သို့သော်လည်း နာဂပူမြို့သည် မဟာရဋ္ဌပြည်နယ်၏ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးမြို့တော် (winter capital city) ဖြစ်သည်။ နာဂပူမြို့ကို Orange City လို့လဲ ခေါ်ကြသည်။ အဲဒီဒေသမှာ လိမ္မော်ခြံ အထူးပေါများသဖြင့် အိန္ဒိယနိုင်ငံ၏ လိမ္မော်အရောင်းအ၀ယ် အချက်အချာကျသည့် မြို့ဖြစ်သည်။

နာဂပူမြို့သည် ရထားဖြင့် ဘုံဘေမြို့ကနေ ကီလိုမီတာ ၈၆၃ (မိုင်ပေါင်း ၅၃၆) ခရီးဝေးရှိသဖြင့် ညနေ ၈နာရီကနေ နောက်နေ့မနက် ၇ နာရီအထိ ရထားစီးရသည်။ နာဂပူမြို့ကို ရောက်ပါပြီ မြို့ခံ ကျောင်းဆရာတော် ဦးနန္ဒမာလာ Duranto (နာဂပူဘူတာကြီး) သို့ မနက်စောစောကထဲက ရောက်နင့်နေသည်။ သူလာကြိုသဖြင့် အဆင်ပြေသည်။ သူသီတင်းသုံးသည့် သာရိပုတ္တဗုဒ္ဓ၀ိဟာကျောင်း (shranjivi Nagar, Near New Kailash Nagar, Nagpur) သို့ ရောက်သွားသည်၊ ထိုရပ်ကွက်သည် ဗုဒ္ဓဘာသာဝင် အများစု နေရာ ရပ်ကွက်ဖြစ်သဖြင့် လုံခြုံ စိတ်ချရသည့်အပြင် သန့်ရှင်းသော နေရာဖြစ်သည်။ မြန်မာနိုင်ငံမှာ ကိုယ့်ရဲ့ဘာသာတရား အထိမ်းအမှတ်နဲ့ အိမ်တွေမှာ အရဟံတို့လို စာတမ်းရေးတာတို့၊ လိုဂို တံဆိပ်တပ်ဆင်တာတို့လို ထိုရပ်ကွက်ရှိဗုဒ္ဓဘာသာအိမ်များမှာလဲ ဗုဒ္ဓဘာသာသို့ပြောင်းခြင်း လှုပ်ရှားမှုသင်္ကေတဖြစ်တဲ့ လိုဂိုတံဆိပ်ကို တပ်ဆင်ထားသည်၊ ထိုလိုဂိုတံဆိပ်သည်လည်း အပြာရောင်ရှိင ပဋ္ဌာန်း ၂၄ပစ္စည်းကို ပုံဖော်ထားသည်။ ထိုရပ်ကွက်ရှိ ဗုဒ္ဓဘာသာဝင်များ စုပေါင်း လှူဒါန်းဆောက်လုပ်ထားသော ထိုရပ်ကွက်ရှိ သာရိပုတ္တဗုဒ္ဓ၀ိဟာကျောင်းသည်လည်း ထိုမြို့မှာတော့ ကြီးကျယ်ထည်ဝါဆုံး ဖြစ်သည်။ ထိုကျောင်းဆရာတော်သည် အသက် ၅၀ ကျော်ရှိ၊ ၀ါတော် ၆၀ါမျှသာ ရသေးသော်လည်း သူ့နေရာမှာတော့ အထင်ကရဖြစ်ပုံရသည်။ မြန်မာပြည် မော်လမြိုင်ဖွား အိန္ဒိယမျိုးနွယ်ဖြစ်သည်။ အိန္ဒိယရောက်သည်မှာ ၅ နှစ်မျှသာ ရှိသေးပေမဲ့ အိန္ဒိယစကားကို မွတ်နေအောင် ပြောနိုင်သည်။ မြန်မာပြည်ဖွားဖြစ်သဖြင့် မြန်မာစကားအတွက် အထူးပြောဖွယ်မရှိ၊ သို့သော် နိုင်ငံတကာလဲ လှည့်လည်သွားလာနေသူ ဖြစ်ရကား အင်္ဂလိပ်စာလဲ မွတ်နေသည်။ ဘာသာစကားအတွက် ကျွမ်းကျင်နိုင်နင်းပြီဖြစ်ရကား ဗုဒ္ဓစာပေ တိုး၍တိုး၍လေ့လာမည်ဆိုပါက ဒီိနယ်တစ်ဝိုက်မှာ ဒိတ်ဒိတ်ကျဲကြီး ဖြစ်မည်။ ယခုလဲ ပဋိစ္စသမုပ္ပါဒနည်းဖြင့် တရားပြလျှက်ရှိသည်။ အိန္ဒိယသားတွေ သူဟောသည့် တရားအောက်မှာ ငြိမ်ဝပ်ပိပြားလျှက်ရှိနေသည်မှာလည်း အားရစရာပင်။
(စက်ဝိုင်းတံဆိပ်နဲ့ ရပ်ကွက်ထဲက ဗုဒ္ဓဘာသာအိမ်များ)

ထိုရပ်ကွက်သည် မြန်မာပြည်က ရပ်ကွက်တွေနဲ့ ဆင်သည်၊ ရှားရှားပါးပါး ဗုဒ္ဓဘာသာထွန်းကားဆုံးနေရာ ဖြစ်သည်။ ဆွမ်းဟင်းချိုင့်များ ကျောင်းသို့ပို့သည်မှာလဲ မြန်မာနဲ့ တူလှသည်။ ညပိုင်း ပုံမှန် တရားထိုင် တရားနာယူကြသည်၊ ညပိုင်း သုံးထပ်ကျောင်းဆောင် အပေါ်မိုးထက်မှာ လမ်းလျှောက်စဉ် အနီးအနားရှိ ဓမ္မာရုံများမှ အမျိုးသား အမျိုးသမီးများ ဗုဒ္ဓစာပေများ ရွတ်ဖတ်သံကြားတော့ မြန်မာပြည်ကိုတောင် လွမ်းမိသည်။

နာဂပူနှင့်ဗုဒ္ဓဘာသာ
နာဂပူမြို့သည် အိန္ဒိယပြည်တွင် ဗုဒ္ဓဘာသာဦးရေ အများဆုံးဖြစ်သလို နှစ်စဉ် ဗုဒ္ဓဘာသာဘက်သို့ ကူးပြောင်းလာသော ဦးရေမှာလဲ များသထက်များလာသည်။ တချို့လဲ မသိမသာ ဗုဒ္ဓဘာသာဘက်သို့ ပြောင်းလာကြသူများလဲ ရှိသည်၊ တရားဝင် အခမ်းအနားတွေ ကျင်းပ၍လည်း လူသိ ရှင်ကြား ပြောင်းလာသူများလဲ ရှိကြသည်။

အထင်ရှားဆုံးတစ်ခုမှာ ၁၉၅၆ ခုနှစ် အောက်တိုဘာလ (၁၄) ရက်ဖြစ်သည်။ ထိုနေ့ နာဂပူမြို့မှာ လူထုဘာသာအယူဝါဒ ပြောင်းပွဲကြီး ဖြစ်ခဲ့သည်။ ဟိန္ဒူဘာသာမှ ဗုဒ္ဓဘာသာဘက်သို့ ကူးပြောင်းခြင်းလှုပ်ရှားမှုကြီးတစ်ခုဖြစ်သည်။ လူပေါင်း ၅,၆၀၀၀၀ (ငါးသိန်းကျော်) လူထုသည် ရဟန်းသံဃာတော်များထံမှာ သရဏံဂုဏ်ဆောက်တည်ခြင်း၊ ငါးပါးသီလ ခံယူကြခြင်းဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ် အသိအမှတ်ပြုပွဲကြီး ပြုလုပ်ကြသည်၊ ကမ္ဘာမှာ ဘာသာအယူဝါဒ ပြောင်းခြင်း အကြီးအကျယ်ဆုံး ဖြစ်ခဲ့သည်။
(နာဂပူသားတွေရဲ့ ပြတ်သားတဲ့ သံန္နိဋ္ဌာန် ၂၂ ပါ ကျောက်စာတိုင်)

နာဂပူသားတွေရဲ့ သံန္နိဋ္ဌာန် (၂၂)
ထိုဗုဒ္ဓဘာသာ ခံယူပွဲခြင်းမှာ အလွန်ပြောင်မြောက်ပြီး အာမာန် အပြည့်လဲရှိ ရဲစွမ်းသတ္တိလဲရှိတဲ့ သံန္နိဋ္ဌာန် (၂၂) ချက်တို့ဖြင့် ကြွေးကြော်ခဲ့ကြသဖြင့် ဟိန္ဒူဝါဒကြီးစိုးသော အိန္ဒိယပြည်ကြီး တုန်လှုပ်ခဲ့သည်။
၁။ ကျွန်ုပ်သည် ဗြဟ္မာ,ဗိဿနိုးနှင့် မဟေရွှာရ ကို အယုံအကြည်မရှိ၊ ဘယ်တော့ မရှိခိုး။
၂။ ကျွန်ုပ်သည် ထာဝရဘုရား ၀င်စားသည်ဟု ယူဆသော ရာမနှင့် ကရိရှနကို အယုံအကြည်မရှိ၊ ဘယ်တော့ မရှိခိုး။
၃။ ကျွန်ုပ်သည် ဂေါရီ (Gauri), Ganapati နှင့် အခြား ဟိန္ဒူ နတ်ထီး နတ်မများကို အယုံအကြည်မရှိ၊ ဘယ်တော့ မရှိခိုး။
၎။ ကျွန်ုပ်သည် ထာဝရဘုရား လူဝင်စားသည်ကို အယုံအကြည်မရှိ။
၅။ ကျွန်ုပ်သည် ဂေါတမဗုဒ္ဓသည် ဗိဿနိုးဝင်စားတယ်ဟူသော ဟိန္ဒူအယူကို လုံးဝ လုံးဝ အယုံအကြည်မရှိ။
၆။ ကျွန်ုပ်သည် မိဘသေဆုံးခြင်းနှင့် ပတ်သက်ပြီး ဟိန္ဒူတို့ထုံးတမ်းစဉ်လာဖြစ်တဲ့ ယဇ်ပူဇော်မှုမျိုး (Shraddha) ဘယ်တော့မှ မလုပ်၊ ဟိန္ဒူဓလေ့ဖြစ်တဲ့ သေသူအတွက် ရည်စူးပြီး ဆန်လုံး ဂျုံလုံးဖြင့် ပြုလုပ်ထားသော ခဲဘွယ်ကို ဘယ်တော့မှ မပေး (Pind-dan)။
၇။ ကျွန်ုပ်သည် မြတ်ဗုဒ္ဓချမှတ်သော စည်းကမ်းကို ဘယ်တော့မှ မချိုးဖောက်၊ သူ၏တရားကိုလဲ ချိုးဖောက်တဲ့ အမှု ဘယ်တော့မှ မလုပ်။
၈။ ကျွန်ုပ်သည် ဗြဟ္မဏ-ပုဏ္ဏားတွေပြုလုပ်တဲ့ မည်သည့်ပွဲမျိုးမဆို ခွင့်မပြု။
၉။ ကျွန်ုပ်သည် လူသားချင်း တန်းတူညီမျှ အခွင့်အရေးကို ယုံကြသည်။
၁၀။ ကျွန်ုပ်သည် လူသားချင်းတန်းတူညီမျှ အခွင့်ရေးကို တည်ဆောက်မည်။
၁၁။ ကျွန်ုပ်သည် မြတ်ဗုဒ္ဓဟောကြားသည် မဂ္ဂင် ၈ပါးကို လိုက်နာကျင့်သုံးမည်။
၁၂။ ကျွန်ုပ်သည် မြတ်ဗုဒ္ဓကျင့်အပ်သော ပါရမီများကို လိုက်နာမည်။
၁၃။ ကျွန်ုပ်သည် သတ္တ၀ါ အားလုံးအပေါ် ကရုဏာနှင့်မေတ္တာရှိရမည်၊ ကာကွယ်ရမည်။
၁၄။ ကျွန်ုပ်သည် ဘယ်တော့မှ သူတစ်ပါး ပစ္စည်းကို မခိုး။
၁၅။ ကျွန်ုပ်သည် ဘယ်တော့မှ မုသားစကား မပြော။
၁၆။ ကျွန်ုပ်သည် ဘယ်တော့မှ သူများ သားမယား မကျူးလွန်။
၁၇။ ကျွန်ုပ်သည် မူးယဇ်စေသော အရာများကို ဘယ်တော့မှ မသောက် မသုံး။
၁၈။ ကျွန်ုပ်သည် မဂ္ဂင်ရှစ်ပါးကို အားထုတ်နိုင်အောင် ကျိုးစားရမည်၊ နေ့စဉ်ဘ၀မှာ ကရုဏာ မေတ္တာတရားများ ပွားများအားထုတ်ရမည်။
၁၉။ ကျွန်ုပ်သည် လူသားချင်း ဇာတ်ခွဲခြားဆက်ဆံသဖြင့် လူသားအားလုံးကို အကျိုးမပြုသော တိုးတက်မှုကို ပိတ်စို့သော ဟိန္ဒူဝါဒကို စွန့်လွတ်ပြီး ဗုဒ္ဓ၀ါဒကို ကျွန်ုပ်၏ ကိုးကွယ်ရာအဖြစ် လက်ခံပါသည်။
၂၀။ ကျွန်ုပ်သည် မြတ်ဗုဒ္ဓတရားသည်သာ လောကမှာ အမှန်တရားအဖြစ် ခိုင်မြဲစွာ ယုံကြည် လက်ခံသည်။
၂၁။ ကျွန်ုပ်သည် ပြန်လည် မွေးဖွားခြင်း (re-birth)ဆိုတဲ့ သံသရာကို ယုံကြည်သည်။ (ဆိုလိုသည်မှာ- reincarnation လူသေရင် လူပြန်ဖြစ်တဲ့ လူဝင်စားဝါဒ ကို လက်မခံ)
၂၂။ ကျွန်ုပ်သည် ယခုအချိန်ကစပြီး ကျွန်ုပ်၏ဘ၀မှာ မြတ်ဗုဒ္ဓ၏ တရားတော်အတိုင်း နေပါမည်ဟု ကြေညာပါသည်၊ ခိုင်မြဲစွာ ဆုပ်ကိုင်ထားပါသည်။

ဤအဓိဋ္ဌာန် ၂၂ ချက်ကို ခြံငုံသုံးသပ်လိုက်ရင်-- ဟိန္ဒူ ဗြဟ္မဏ၀ါဒကြီးစိုးသော အိန္ဒိယပြည်ကြီး၏ လူထုရှေ့မှောက်မှာ ဟိန္ဒူဝါဒမှန်သမျှကို လုံးဝ အယုံအကြည်မရှိဟု ကြေညာသည်။ အလွန့်အလွန်ကို အန္တရာယ်များသည့် အသက်စွန့်ဆံဖျား အလုပ်ကို ဒေါက်တာအမ်ဘေဒကာ ဦးဆောင်မှုဖြင့် နာဂပူမြို့နှင့် အိန္ဒိယပြည်ရှိ လူထု ၅ သိန်း ၆ သောင်းခန့်က ဆောင်ရွက်နိုင်ခဲ့ကြသည်။ ထိုအဓိဋ္ဌာန်ထဲတွင် ငါးပါးသီလလဲပါသည်၊ မြတ်ဗုဒ္ဓနှင့် သူ၏တရားတော်ကို လုံးဝ ယုံကြည် လက်ခံကြောင်း ကြေညာသွားသည်။

ခေါင်းဆောင် ဒေါက်တာအမ်ဘေဒကာကို ယနေ့အထိ အိန္ဒိယဗုဒ္ဓဘာသာဝင်တွေက လူစွမ်းကောင်းဟု ကိုးကွယ်ရင်းကနေ ဘုရားအလောင်းအထိ အဆင့်တိုးမြင့်ကာ ကိုးကွယ်နေကြသည်။ ဒေါက်တာအမ်ဘေဒကာနှင့် ပတ်သက်ပြီး စာရေးသူ ပို့စ် အပိုင်း (၁) အပိုင်း (၂) အပိုင်း (၃)ခွဲကာ တင်ခဲ့ပြီးဖြစ်သည်၊ စိတ်ဝင်စားဖွယ်ကောင်းသည်။
ဤသို့အားဖြင့် တစ်ကြိမ်တစ်ခါတည်းပင် ၅ သိန်းကျော်သော လူထုက ဗုဒ္ဓဘာသာဝင် ဖြစ်ကြပြီဆိုရင် ရှိပြီးသားနှင့် နောက်တိုးများ ပေါင်းလိုက်ပါက ၁၀ သိန်းကျော် ရှိမည်။ လူဦးရေ ၂ သန်းကျော် ရှိတဲ့ အနက် ဟိန္ဒူ အစ္စလာမ်၊ ခရစ်ယာန်၊ ဆစ်ခ၊ ဂျူး၊ ဂျိန်း၊ စသည်အားဖြင့် ဘာသာပေါင် ရှိတဲ့ အနက် လူဦးရေတစ်ဝက်ခန့်က ဗုဒ္ဓဘာသာဝင်များဆိုတော့ နာဂပူမြို့မှာ ၈၅ ရာခိုင်းနှုန်းက ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်ဟု ပူနေးမြို့ အိန္ဒိယသူငယ်ချင်းတစ်ယောက် ပြောသော စကားသည် ဖြစ်နိုင်သည်။

ထိုနှစ်ကစပြီး ၂၀၀၇ ခုနှစ်အထိ နှစ်စဉ်နီးပါး အိန္ဒိယပြည် မဟာရဋ္ဌပြည်နယ်မှာ ဗုဒ္ဓဘာသာဝင် ကူးပြောင်းရေးပွဲများ ခေတ်စားလာခဲ့သည်။ ၁၉၃၅ ခုနှစ်က ဘုံဘေ (မွမ်ဘိုင်း) မြို့ အစည်းဝေးပွဲတစ်ခုမှာ အိန္ဒိယပြည်ကြီး၏ ဖွဲ့စည်းပုံဥပဒေကို ရေးဆွဲခဲ့တဲ့ ဒေါက်တာ အမ်ဘေဒကာက လူထုကို ပြောတယ် “ ဟိန္ဒူ အဖြစ်နဲ့ မွေးဖွားလာခဲ့ပေမဲ့ ဟိန္ဒူဘ၀နဲ့တော့ ဘယ်တော့မှ မသေနိုင်ဘူး” ဟူသတည်း။ သူက ဆက်လက်ပြီး လူထုကို တိုက်တွန်းခဲ့တယ် “ဘာသာရေးဟာ လူသားအတွက် ဖြစ်ရမယ်၊ လူသားက ဘာသာရေးရဲ့ အတွက် သားကောင် မဖြစ်ရဘူး” တစ်ဆက်တည်းမှာပဲ----
၁။ သင်ဟာ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားရင် သင့်ရဲ့ ဘာသာရေးကို ပြောင်းလိုက်ပါ။
၂။ သင်ဟာ လူ့အဖွဲ့အစည်းနဲ့ အကျိုးတူ ဖန်တီးချင်တယ်ဆိုရင် သင့်ရဲ့ ဘာသာရေးကို ပြောင်းလိုက်ပါ။
၃။ သင်ဟာ အရှိန်သြဇာ ပိုင်ဆိုင်ချင်တယ်ဆိုရင် သင့်ရဲ့ ဘာသာရေးကို ပြောင်းလိုက်ပါ။
၎။ သင်ဟာ တန်းတူညီမျှ အခွင့်ရေး ရချင်တယ်ဆိုရင် သင့်ရဲ့ ဘာသာရေးကို ပြောင်းလိုက်ပါ။
၅။ သင်ဟာ ကိုယ့်ကိုယ် လွတ်လပ်မှုကို ရချင်တယ်ဆိုရင် သင့်ရဲ့ ဘာသာရေးကို ပြောင်းလိုက်ပါ။
၆။ သင်ဟာ ကမ္ဘာကြီးကို ပျော်ရွှင်မှုတွေ ပေးချင်တယ်ဆိုရင် သင့်ရဲ့ ဘာသာရေးကို ပြောင်းလိုက်ပါ။

အထက်ပါ ၆ ချက်သော အခွင့်လမ်းတွေကို ဗုဒ္ဓဘာသာမှာပဲ ရနိုင်သည်၊ ဗုဒ္ဓဘာသာကလွဲရင် ဘယ်မှာမှ မရနိုင်ဘူး ဟု ထိုခေတ် ထိုအခါက အဖိနှိပ်ခံ သူ့လူမျိုး (ဇာတ်နိမ့်)တွေနှင့် တခြား လူတန်းစားတွေကို တိုက်တွန်းလိုက်ခြင်းဖြစ်ပါတယ်။ သူ၏ ပြောင်မြောက်လှတဲ့ နိုင်ငံရေးအတွက် ဘာသာရေးကို အသုံးချတဲ့ နည်းဟာလဲ အတုယူစရာဖြစ်ပါသည်။ ဗုဒ္ဓဘာသာသည် နိုင်ငံရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ဒေါက်တာအမ်ဘေဒကာ ယုံကြည်သည်။ ထို့ကြောင့်ပင် သူ၏ဇာတ်နိမ့်ဘ၀နှင့် နိမ့်ကျနေတဲ့ လူထုကို ဗုဒ္ဓဘာသာဖြင့် မြင့်တင်ပေးခဲ့သည်။
(နာဂပူရဲ့ ဗုဒ္ဓဘာသာ ပုံရိပ်တစ်ခုဖြစ်တဲ့ ပရဟိတ စာသင်ကျောင်း၊ ဂျပန်ကောင်းမှု)
၁၉၅၆ ခုနှစ် အောက်တိုဘာလ (၁၄)ရက်က ဗုဒ္ဓဘာသာသို့ပြောင်းပွဲကြီးအပြီး နှစ်လအကြာမှာပဲ အိန္ဒိယဗုဒ္ဓဘာသာဝင်တို့အတွက် ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ သူတို့ရဲ့ခေါင်းဆောင် ဒေါက်တာအမ်ဘေဒကာ ဘ၀တစ်ခု အဆုံးသတ်သွားပါတယ်။ လူသေပေမဲ့ နာမည်မသေ၊ ခန္ဓာအိမ်ပျောက်ကွယ်သွားပေမဲ့ သူ၏ ၂၂ ချက်သော အဓိဋ္ဌာန် သို့မဟုတ် ကျမ်းဂန်တို့သည် ယနေ့အထိ တောက်ပြောင်လျှက်ရှိပြီး အသက်ဝင် လှုပ်ရှားနေဆဲပင် ဖြစ်သည်။

ချိတ်ဆက်မိသော ဗုဒ္ဓဘာသာ
ယခုအခါ ဒေါက်တာအမ်ဘေဒကာ မွေးဖွားပေးလိုက်သော ဗုဒ္ဓဘာသာ လူထုနှင့် ကမ္ဘာကျော် ၀ိပဿနာ ဆရာကြီး ဂိုအင်ကာ၏ ဗုဒ္ဓဘာသာဝင်များ ချိတ်ဆက်မိနေသည်။ သို့သော်လဲ သူတို့နှစ်ယောက် ဗုဒ္ဓဘာသာဘက်ကို ချဉ်းကပ်လာပုံခြင်းက အလွန်ကွာခြားလှသည်။ ဒေါက်တာအမ်ဘေဒကာ၏ ဗုဒ္ဓဘာသာသို့ ချဉ်းကပ်ခြင်းသည် သူ့လူမျိုးများကို ကယ်တင်လို၍ နိုင်ငံရေးအတွက် လှုပ်ရှားမှုကနေ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို တွေ့သွားသည်။ စာဖတ် အလွန်ဝါသနာ ပါသူဖြစ်သည်အလျှောက် အလွန်ထက်မြတ်ပြီး အလွန်ကြိုးစားသူဖြစ်သည်။ ဆရာကြီး ဂိုအင်ကာကတော့ မြန်မာနိုင်ငံမှာ နေစဉ်ကထဲက ဗုဒ္ဓရဲ့ မဂ္ဂင်ရှစ်ပါးနှင့် သတိပဋ္ဌာန်ကို ကောင်းကောင်း ရလိုက်သူဖြစ်သည်။ ကိုယ်တိုင်လည်း အထူးအားထုတ်ထားသူ ဖြစ်ရကား သူ၏ သတိပဋ္ဌာန်နဲ့ ၀ိပဿနာဟောပြောနည်းတို့သည် အလွန်ပြောင်မြောက်သည်၊ အိန္ဒိယပြည်ကြီးရှိ ဘာသာပေါင်းစုံကလာသော ပညာရှင်အသိုင်းအ၀ိုင်းကသာမက ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ် ခရစ်ယာန် ဂျူး ဟိန္ဒူစသော ဘာသာကြီးများက ပညာရှင်အသိုင်းဝိုင်းကပါ အထူးစိတ်ဝင်စားကြသည်။ ထို့ကြောင့်လဲ ကမ္ဘာကျော်ခဲ့သည်။ ယနေ့ခေတ်ဆိုလျှင် အိန္ဒိယပြည်ရှိ မဟာရဋ္ဌပြည်ကြီးမှာ အထက်ဖော်ပြပါ ဆရာကြီးနှစ်ယောက်ရဲ့ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာဝင် လူထုအများအပြားရှိသဖြင့် နေရာအနှံအပြားမှာ ဒေါက်တာအမ်ဘေဒကာပုံနှင့် သာသနာ့အလံများ တွေ့ရသည်။ ဒေါက်တာအမ်ဘေဒကာကိုတော့ နိုင်ငံရေးထူးချွန်သူတစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာဝင်များသာမက ဟိန္ဒူ အစ္စလာမ် ဂျိန်း ဆစ်ခ် ဂျူးအစရှိတဲ့ ဘာသာဝင်များကပါ လေစားကြည်ညိုကြသည်။
(ဒေါက်တာအမ်ဘေဒကာ၏ အသုံးအဆောင်များ ထားရာ ပြတိုက်)

ဘူမိနက်သန် အောင်မြေဖြစ်ရာ နာဂပူမြို့
ထိုမျှလောက် နာမည်ကြီးသော ဒေါက်တာအမ်ဘေဒကာရဲ့ ဘူမိနက်သန် အောင်မြေဖြစ်ရာ နာဂပူမြို့ကို ရောက်ချင်ခဲ့သည်မှာလဲ ကြာခဲ့ပြီ။ သူ၏ ခြေရာ လက်ရာများကို ကြည့်ချင်သည် လေ့လာချင်သည်၊ ထို့ကြောင့်ပင် သူငယ်ချင်းတစ်ယောက် ထိုမြို့သို့အကြောင်းကိစ္စတစ်ခုနဲ့ သွားတာ ကြုံတာနဲ့ အဆင်ပြေသွားသည်၊ လိုက်ဖြစ်သွားခဲ့သည်။

ရောက်ပြီး နောက်ရပ်တွေမှာ ဆရာတော်က မြို့ထဲ လိုက်ပို့ပေးသည်။ ပထမရက်မှာတော့ မြို့ထဲက ရှော့ပင်းမောတွေ လိုက်ကြည့်သည်။ နောက်ရက်မှာတော့ မြို့နဲ ၂၅ ကီလိုမီတာလောက် ဝေးတဲ့ မြို့ပြင်က နေရာတစ်ခုသို့ ရောက်ခဲ့သည်။ လူသူမနီးတဲ့ လယ်တောမြေကွက် အကျယ်ကြီးတစ်ခုထဲမှာ ဒေါက်တာအမ်ဘေဒကာ၏ စာရေးကိရိယာ အ၀တ်အစား ရုံးသုံး လက်နှိပ်စာများနှင့် သူသွားလေရာ ပါသွားသည့် မြန်မာပြည်က ဗုဒ္ဓကြေးရုပ်ဆင်းတုတော် စသည်အားဖြင့် သူ၏အသုံးဆောင်များ ထားရာ ပြတိုက်သို့ လေ့လာခဲ့သည်။ နှစ်အတော်ကြာပြီးဖြစ်သဖြင့် တချို့ အ၀တ်အစားများသည် အနိစ္စသဘောအရ ဟောင်းနွမ်းပြီး ဆွေးမြေ့နေသည်ကို မြင်ရတော့လဲ တဒင်္ဂ သံဝေဂဖြစ်မိသည်။
ထိုမှ အပြန် နာဂပူတက္ကသိုလ်ကို ဖြတ်ပြီး ၁၉၅၆ ခုနှစ်က ၅ သိန်းကျော်သော ဟိန္ဒူလူထု ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပွဲ ကျင်းပရာ Deekshabhoomi, Nagpur နေရာသို့ ရောက်ခဲ့သည်။ စာရေးသူ သွားချင်ဆုံးနေရာဖြစ်သည်။ အလွန်ကျယ်ပြန့်သော နေရာဖြစ်သည်၊ ယခုအခါ ထိုနေရာကို အမှတ်တရအဖြစ် ကြီးမားသော အသောကမင်းကြီးခေတ်ဟန် ဆန်ချီစေတီပုံစံရှိ အဆောက်အဦးအကြီးတစ်ခု တည်ဆောက်ထားသည်။ လှိုင်ခေါင်းပါသဖြင့် အောက်ထက်မှာ ဒေါက်တာအမ်ဘေဒကာ၏ ဘာသာရေး နိုင်ငံရေးနှင့် လူမျိုးအတွက် လှုပ်ရှားမှုဓာတ်ပုံများပြထားသည်၊ ဗုဒ္ဓဘာသာဝင်များ အခါအားလျှော်စွာ ဟောပြောပွဲကျင်းပရာ နေရာလဲဖြစ်သည်။ နှစ်စဉ် ဒေါက်တာအမ်ဘေဒကာ၏ မွေးနေ့ပွဲအတွက် အိန္ဒိယပြည်ရှိ နေရာအနှံ့အပြားမှ သူ၏တပည့်များ လာရောက် ဂါရ၀ပြုရာ နေရာလဲဖြစ်သည်။ စာရေးသူလဲ အမှတ်တရ ဓာတ်ပုံများ ရိုက်ခဲ့သည်။
(ဗုဒ္ဓဘာသာ ပုံရိပ်တစ်ခု Nagalok, Dragon Palace Temple )
နောက်တစ်နေ့မှာတော့ မိုးတွေရွာနေသဖြင့် အခန်းအောင်း စာဖတ်သည်။ နောက်နေ့မှာတော့ ဗုဒ္ဓဘာသာအမှတ်အသားဖြစ်တဲ့ Nagalok, Dragon Palace Temple သို့ရောက်ခဲ့သည်။ ရပ်တော်မူ ရုပ်ပွားတော် အကြီးကြီးတစ်ဆူရှိသည်။ ထိုကွင်းမှာပဲ ဗုဒ္ဓဘာသာနှင့်ဆိုင်သော တက္ကသိုလ်တစ်ခု ဖွင့်ရန်ရှိသည်ဟု လိုက်ပြသူက ဆိုသည်။

ရက်ပေါင်း ၁၀ ရက်လောက် နာဂပူမှာ အိန္ဒိယသားတွေ ချက်ပြုတ်ကျွေးတဲ့ အစားအစာတွေကို ကြိတ်မှိတ်ပြီး စားခဲ့ရသည်။ လည်စရာလဲ နှစ်ရက်လောက်လည်လျှင် ပြည့်စုံသွားသည်။ လည်ပတ်စရာ သိပ်မရှိ။ လည်ပတ်စရာမရှိတော့ ကျန်တဲ့ ၇ ရက်လောက်က အခန်းအောင်းပြီး စာပဲ ဖိဖတ်ရင်း အနားယူခဲ့သည်။
ခရီးသွားရင်း ရလာသည့် ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ဗဟုသုတများကို အားဆေးအဖြစ် သို့မဟုတ် စာရေးသူ၏ မှတ်စုအဖြစ် မှတ်တမ်းတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၇-၂၀၁၂

04 August 2012

နှစ်ပေါင်း ၂၆၀၀ ရှိ ဗုဒ္ဓယဉ်ကျေးမှုတစ်ခု

နှစ်ပေါင်း ၂၆၀၀ ရှိ ဗုဒ္ဓယဉ်ကျေးမှုတစ်ခု
ဒုတိယအကြိမ် ၀ါဆိုခြင်း
ယနေ့ ၁၃၇၄ခုနှစ် ဒုတိယ၀ါဆိုလပြည့်ကျော် (၁)ရက် ဗုဒ္ဓဘာသာရဟန်းတော်များ ၀ါဆိုဝါကပ်တဲ့ နေ့ဖြစ်သည်။ ယခုနှစ် အိန္ဒိယနိုင်ငံ ဘုံဘေ (မွမ်ဘိုင်း)မြို့ရှိ စောမယကောလိပ်မှာ မြန်မာရဟန်းတော် Ph.D ကျောင်းသား ၂၀ ခန့် ၀ါကပ်တော်မူကြသည်။ စာရေးသူသည် အိန္ဒိယပြည် ဘုံဘေမြို့ စောမယကောလိပ်တွင် ဒီနှစ် ၂၀၁၂ ခုနှစ်အတွက် ၀ါဆို ၀ါကပ်ခြင်းသည် နှစ်ကြိမ်မြောက် ဖြစ်သည်။ ကျောင်းသားရဟန်းတော်များ တစ်နေရာတည်းမှာ စုစည်းပြီး ဘုရားရှိခိုးခြင်း၊ ၀ါဆိုစည်းသက်မှတ်ခြင်း၊ ၀ါဆိုခြင်း၊ မေတ္တာပွားများကြခြင်း စသည့်အစီအစဉ်များအပြီး ဒေါက်တာအလောင်းအလျာ အရှင်အရိယဓမ္မရဲ့ အလှူ အဖျော်ရည်များ ဘုန်းပေးကြသည်။
(ဘုံဘေမြို့ စောမယကောလိပ် Ph.D ရဟန်းတော်များ အဆောင်တွင် ၀ါကပ်တော်မူစဉ်)

ကြည်ညိုထိုက်သော သာသနာ
ရဟန်းတော်များ ၀ါဆိုလပြည့်ကျော် (၁) ရက်နေ့တိုင်း ၀ါကပ်ရမည်ဆိုတဲ့ ကျင့်ဝတ် သို့မဟုတ် ယဉ်ကျေးမှုတစ်ခုသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၆၀၀ ရှိပြီဖြစ်သဖြင့် ရှေးဟောင်း ဓလေ့ ယဉ်ကျေးမှုဟု ဆိုက မမှားနိုင်။ ဘုရားရှင်ရဲ့သာသနာသည် လက်တွေ့ကျသော သာသနာဖြစ်ရုံတင်မက (သန္ဒိဋ္ဌိက) လူအကြည်ညိုခံ (ဧဟိပဿိက) (သုပ္ပဋိပန္န) စတဲ့ သာသနာဖြစ်၏ဟုလည်းဆိုနိုင်သည်။ ထို့ကြောင့်ပင် ၀ိနည်းတော်များကို လေ့လာကြည့်ပါက ဘုရားရှင်သည် ဥပဒေပညတ်သည့်အခါတိုင်း ရဟန်းတော်များ၏ လုပ်ရှားမှု ပြောဆိုမှုများကို လူဝတ်ကြောင်များ အပြစ်တင်သောကြောင့်သာ ဖြစ်သည်ကို တွေ့ရသည်။ မြတ်စွာဘုရားရှင်၏ သာသနာမူတစ်ခုကိုက အပ္ပသန္နာနံ ပသာဒါယ- သာသနာတော်ကို မကြည်ညိုသေးတဲ့ သူတွေ ကြည်ညိုလာအောင်၊ ပသန္နာနံ ဘိယျောဘာဝါယ- ကြည်ညိုလေးစားပြီးသား သူတွေကို ပိုပြီး သဒ္ဓါတရား ထက်သန်လာအောင် အသွင်အပြင် အပြောအဆို အမူအရာများ ရှိရပါည်။

ဥပမာ- ရဟန်းတော်များများ ၀ါတွင်းကာလ, မိုးရာသီအချိန်သည် ကောက်ပဲ သီနှံများ စိုက်ပျိုးရာ အချိန်ဖြစ်သည်။ စိမ်းစိမ်းစိုစို သော ကောက်ပဲသီးနှံများ အညွှန့်တလူလူ တက်လာချိန်ဖြစ်သည်။ ထိုအချိန်မှာ ရဟန်းတော်များသည် ဘုရားဖူးရန်သော်လည်ကောင်း၊ အခြားအကြောင်းများကြောင့်လည်ကောင်း လယ်ခင်း ယာခင်းများကို ဖြတ်ပြီး ခရီးကြွကြသဖြင့် အညွှန်တလူလူတက်နေသော စိုက်ပျိုးခင်းများကို နှင်းမိသည်၊ ယာပိုင်ရှင် လယ်ပိုင်ရှင်များက ကဲ့ရဲ့အပြစ်တင်ကြသည်၊ ထိုကဲ့ရဲ့သော လူများသည် ဗြဟ္မဏ၀ါဒ ရှိသူများဖြစ်ရာကား သစ်ပင်များ အသက်ရှိဟု ယူဆကြသည်။ ထို့ကြောင့် ရဟန်းများ သစ်ပင်များကို သတ်သည်ဟု စွပ်စွဲသည်၊ ဒီလိုအချိန်မှာ ငှက်ကလေးများသည်ပင် သူတို့အသိုက်ကလေးထဲမှာပဲ ဘယ်မှ မသွားပဲ နေကြသည်။ ဒီရဟန်းတွေကတော့ မိုးတွင်းတောင်မှ ကိုယ့်နေရာကိုယ် မနေနိုင်ကြဘဲ ခရီးသွားနေကြသည် ဟုသော လူတို့ကဲ့ရဲ့သော စကားကြောင့် ရဟန်းများ ၀ါတွင်း ဘယ်မှ မသွားရ ၀ါကပ်ရမည် ဟုသော အမိန့်ကို ဘုရားရှင် ထုတ်ပြန်လိုက်ရသည်။ ဤသည်ကို ကြည့်သောအားဖြင့် ဘုရားရှင်သည် လူဝတ်ကြောင်တွေကို အလေးထားသည်၊ သူတို့ရဲ့ အပြောအဆို မခံရအောင် သူ၏တပည့်တွေကို နေစေသည်။ လူဝတ်ကြောင်များ အပြစ်ပြောလာတိုင်း ရဟန်းတော်များအတွက် စည်းကမ်းဥပဒေများ သက်မှတ်ပေးရသည်။ ၀ိနည်းသည် သာသနာတော်၏ ခြံစည်းရိုးတံတိုင်းဖြစ်သည်၊ ရဟန်းတော်များ ၀ိနည်းတော်အတိုင်း နေပါက လူအများကြည်ညိုမှုကို ရရုံမက အန္တရာယ်မှလဲ ကင်းသည်၊ ချမ်းသာမည်။ မဂ်ဥာဏ်များ ရနိုင်မည်။ ဒါသည်ပင်လဲ သာသနာတော်၏ မူတစ်ခု ဖြစ်ပြန်သည်။
အဲဒီအချိန်ကစပြီး ၀ါတွင်း ၀ါကပ်ရခြင်းသည် ရဟန်းတော်များအတွက် ကျင့်သုံးရမည့် ကျင့်ဝတ်တစ်ခု ဖြစ်လာသည်။ ထိုကျင့်ဝတ်သည် ယနေ့အထိ အသက်ဝင်နေဆဲ ဖြစ်သည်၊ နှစ်ပေါင်း ၂၆၀၀ အထိ ထိုကျင့်ဝတ်ကို ထိမ်းထားနိုင်သည်မှာလည်း ရဟန်းတော်များ၏ ဂုဏ်ကို ပြသလိုက်ခြင်းပဲ ဖြစ်သည်။
(၂၀၁၂-၂၀၁၃ခုနှစ် စောမယကောလိပ် Ph.D ကျောင်းသားရဟန်းတော်များ)

ပြည်ပရောက် ပညာတော်သင် ရဟန်းတော်များသည်လည်း မိမိတို့ရောက်လေရာ နေရာအသီးသီးမှာ တစ်နေ့တည်း ၀ါကပ်တော်မူကြသည်ကို ကြည့်သောအားဖြင့် တစ်ကမ္ဘာလုံးရှိ ရဟန်းတော် ၁၅ သိန်းကျော်တို့သည် ထိုနေ့မှာပဲ ၀ါကပ်နေတော်မူကြမည်ကို အာရုံပြု ကြည်ညိုမိသည်။

ပထမအကြိမ် ၀ါဆိုခြင်းနှင့် ၀ါဆိုရခြင်း၏သမိုင်းနဲ့ ပတ်သက်ပြီး စာရေးသူ၏ဆိုက် ဤနေရာတွင် ကြည့်ရှုနိုင်သည်။
ဘုံဘေမြို့ စောမယကောလိပ်ရှိ Ph.D မြန်မာရဟန်းတော် ၀ါဆိုသံဃာတော် ၂၁ ပါးတို့အား ဒီနေ့ စနေနေ့မှာပဲ ဒကာဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဋ္ဌေးတို့ မိသားစုက နေ့ဆွမ်းကပ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၈-၂၀၁၂

31 July 2012

ဥပဒေစိုးမိုးသော ငရဲပြည်

ဥပဒေစိုးမိုးသော ငရဲပြည် သို့မဟုတ် ယမမင်း၏ ကယ်ဆယ်ရေး
စာမိတ်ဆက်
စာရေးသူက ဘာရယ်မဟုတ် ရောက်တက်ရာရာ အွန်လိုင်းကနေ တရားဟောလေ့ရှိတယ်၊ ဟောသူ တစ်၊ နာသူတစ်နဲ့ တရားပွဲက စည်စည်ကားကားပဲ။ တရားနာသူ တစ်ကလဲ ဘာဟောဟော နာမည့်သူ၊ တရားနာ အလွန်ဝါသနာပါသူ၊ တရားနာရရင် ပြီးတာပဲ ဘာတရားပဲ နာရနာရ၊ စာရေးသူလဲ အသံကွဲ အသံဗြဲနဲ့ဆိုတော့ ကိုယ့်အသံကို ကိုယ်ပြန်ကြားရမှာ ကြောက်လွန်း ရှက်လွန်းလို့ နားကျပ်နဲ့ ပိတ် ဟောရတာ။ ဘာပဲ ဖြစ်ဖြစ် သူ့ကို ဟောနေရလို့ပဲ စာပြန်ကြည့်ဖြစ်သည်၊ အတွေးမျိုးမျိုးဝင်သည်။ ဒီနေ့တော့ ဒေ၀ဒူတသုတ်ကို ဟောခဲ့သည်။ ငယ်ငယ်က ထိုသုတ်ကို သာမန်မျှ နားလည်ခဲ့သည်။ တကယ်တော့ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် သုတ်တစ်သုတ်ဖြစ်သည်။ ထိုသုတ်ကို ဟောရင်းကနေ အတွေးတစ်ခုဝင်လာတာက စာအဖြစ်ဖန်တီးလိုက်ရင် ကောင်းမှာပဲဆိုပြီး ရေးဖြစ်သွားတာ။

တကယ်တော့ ထိုသုတ္တန်က ငရဲပြည်ရှိ အမှုထမ်းတွေရဲ့ လုပ်ထုံးလုပ်နည်း၊ တရားစီရင်ရေး ဥပဒေ တစ်ခု ဖြစ်သည်၊ နိုင်ငံရေးစကားလုံးကို ငှါးသုံးရရင် ငရဲပြည်၏ ဥပဒေစိုးမိုးသည့် စနစ်တစ်ခုဖြစ်နေတာကို တွေးမိသည်။ ထို ငရဲပြည်၏ ဥပဒေဘက်တော်သားသည် သို့မဟုတ် တရားစီရင်ရေး အကြီးဆုံးသည် အများစု ကြားဖူးသည့် ယမမင်းဖြစ်သည်။
(အင်တာနက်မှ ဒေါင်းထားတဲ့ ငရဲခန်းပုံလေးပါ)

ယမမင်း King of Hell နှင့် စစ်ကြောရေး
ယမမင်းဆိုတာ ဝေမာနိက ပြိတ္တာတစ်မျိုးပဲ တစ်ခါတရံ နတ်စည်းစိမ်ခံစားခွင့်ရှိတယ်၊ တခါတရံမှာတော့ သူ့အကုသိုလ်ကို ခံစားရတယ်၊ သူ၏ အကုသိုလ်ကံသက်တမ်းရှိသရွေ့ ယမမင်း (ဝေမာနိကပြိတ္တာ) ဘ၀မှာ နေရမှာဖြစ်သည်။ ကုသိုလ်တစ်လှည့် အကုသိုလ်တစ်လှည့် ခံစားနေရတဲ့ ပြိတ္တာတစ်မျိုးက ငရဲပြည်ရဲ့ ခုံရုံး (စစ်ကြောရေး) မှာ ဥပဒေ အရာရှိလာဖြစ်နေတယ်။ စစ်ကြောရေးရုံးက ၃ ဌာရှိသည်။ ထိုဌာန သုံးခုမှာ စစ်ကြောရေးမှူး ဥပဒေအရာရှိဖြစ်တဲ့ ယမမင်းက မေးမြန်း စစ်ဆေးသည်။ သူက တကယ်တော့ ကယ်တင်ရှင်လို့ ပြောလို့ရပါတယ်၊ ကုသိုလ်ကောင်းပြုစဉ်က သူ့ကို သတိတရ အမှတ်ရပြီး အမျှဝေခဲ့တဲ့ သူတွေကို ကယ်တင်ပါတယ်။ ဒါ့ကြောင့် ကောင်းမှုပြုတိုင်း သူ့ကို အမျှဝေဖို့ မမေ့သင့်။ ဥပဒေဆိုတာ တကယ်အပြစ်ရှိသူကို အပြစ်ပေး၊ အပြစ်မရှိသူတွေကို အပြစ်ရှိသည်ဟု သံသယထဲကနေ ကယ်တင်ပေးခြင်းပဲ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဆိုလိုတာက ဥပဒေက အပြစ်မဲ့သူတွေကို အကာအကွယ်ပေးခြင်းဖြစ်နေသည်ကို စစ်ကြောရေးသုံးဌာနမှ ဥပဒေအရာရှိ ယမမင်း၏ စစ်ဆေး ဆုံးဖြတ်ချက်က ထင်ရှားစေပါသည်။

တကယ်တော့ ထိုစစ်ကြောရေး ၃ ဌာနက သွားတွေကျိုးအောင် နဖူးကွဲ ဒူးတွေပြဲအောင် နည်းမျိုးစုံနဲ့ ညှင်းပန်းနိပ်စက် ရိုက်နှိပ်ပြီး စစ်ဆေးတဲ့ နေရာမျိုးမဟုတ်၊ အကြောင်းအားလျော်စွာ ကံမကောင်းအကြောင်းမလှ ခြေချော် လက်ချော်ပြီး ငရဲပြည်ကို ရောက်လာသူတွေကို ပြန်ကယ်တင်ရန် အခွင့်ရေးပေးသည့် ဌာနကြီးများ ဖြစ်သည်။ ကယ်တင်ရေး စစ်ကြောရေးရုံးများလို့ ပြောရင် ပိုမှန်မည်။ အပြစ်မရှိသူတွေကို ကယ်တင်သည့် ဌာနဖြစ်သည်။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ် မှုံမှုံလေးကိုပင် သတိရအောင် နည်းမျိုးစုံ သုံးပြီး စစ်ဆေးတဲ့ ဌာနဖြစ်သည်။ မိမိကိုယ်တိုင် လုပ်ခဲ့သည့် ကောင်းတာလေးတွေကို ထောက်ပြသည့် ဌာဖြစ်သည်။ အပြစ်မရှိသည်ကို နည်းမျိုးစုံး အပြစ်ရှိလာအောင်၊ အပြစ်ရှိသူကို တော့ နည်းမျိုးစုံနဲ့ အကာအကွယ်ပေးသည့် ဌာန မဟုတ်။

စစ်ကြောရေး ၃ ဌာန
ငရဲပြည်ကို ရောက်လာသူတွေဆိုတာ အမှန်တကယ်ပဲ အပြစ်ကျူးလွန်သူတွေပဲ ရောက်လာကြတာ ဖြစ်သည်။ ငရဲပြည်ကို ရောက်လာသူကို ငရဲပြည် တံခါးစောင့် (နိရယပါလ)က လက်မောင်းဆွဲခေါ်လာပြီး ငရဲဥပဒေမှာ အာဏာအရှိဆုံးဖြစ်တဲ့ ယမမင်းထံ အပ်တယ်၊ ‘‘ အရှင်မင်းကြီး--ဒီပုဂ္ဂိုလ်ကတော့ အမေကို စော်ကားသူ၊ အမေအတွက် ဘာမှ ကောင်းကျိုးမပေးတဲ့သူ၊ အဖေကို စော်ကားသူ အဖေ့အတွက် ကောင်းကျိုးမရှိတဲ့သူ၊ ကြီးသူကို လေးစားရကောင်းမှန်းမသိသူ၊ ရဟန်းစတဲ့ သူတော်စင်တွေကို စော်ကားသူဖြစ်တယ်၊ သူ့ကို အပြစ်ပေးပါ’’ ဟု ပြောပြီး အပ်နှင်းသည်။ ဥပဒေအရာရှိတဲ့ ဖြစ်တဲ့ ငရဲသနင်း ယမမင်းကြီးက အောက်ပါ စစ်ကြောရေးမှာ မေးခွန်းသုံခုနှင့်မေးသည်။ သူ့ရဲ့ မေးခွန်းလေးတွေက ရိုးရိုးရှင်းရှင်းလေးတွေပဲ ဖြစ်သည်။

၁။ ပထမဆုံး စစ်ကြောရေးရုံး
အပြစ်ရှိသူဟု ယူဆရသော ပုဂ္ဂိုလ်တစ်ယောက်ကို တံခါးစောင့် (နိရယပါလ)က ဥပဒေအရာရှိ ယမမင်းထံ ခေါ်ဆောင်လာသောအခါ- သင်လား အပြစ်ကျုးလွန်သူ? မောင့်ရင့်ကို မေးမယ်၊ အသက် ၈၀၊ အသက် ၉၀၊ အသက် ၁၀၀၊ အသက် ၁၀၀ ကျော်ရှိ ဆံပင်တွေဖြူ သွားတွေကျိုး၊ နားတွေထိုင်း၊ အသားအရေတွေ တွန့်၊ မိမိခန္ဓာကိုယ်ကို မိမိ မသယ်နိုင်တဲ့ အိုမင်းမစွမ်းဖြစ်နေတဲ့ သူတစ်ယောက်ကို တွေ့ဖူးလာ? အရှင်¡ တွေ့ဖူးတာပေါ့၊ ကျွန်ုပ်ပတ်ဝန်းကျင်မှာ ခဏခဏ တွေ့ဖူးနေပါတယ်၊ အေး- ဒါဆို ကောင်းပြီ၊ အဲဒီလို သူအိုကြီးကို မြင်တော့ မင်းစိတ်ထဲမှာ ဘာတွေ တွေးမိလဲ? ဥပမာ- ငါလည်းပဲ နောင်တစ်ချိန် ဒီလို အိုမင်းမစွမ်း ဖြစ်ရမှာပါလားလို့ တွေးခဲ့မိပြီး အပြစ်ဖြစ်မည့် အရာများကို ရှောင် သူတပါးကောင်းကျိုး မိမိကောင်းကျိုးဖြစ်တဲ့ ကောင်းမှုတွေ ပြုမည်လို့ စိတ်ကူးဖြစ်ခဲ့ဖူးလား? အရှင်မင်းကြီး- ကျွန်ုပ် အဲဒီအတွေးမျိုး မရှိခဲ့ဖူးပါဘူး၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေခဲ့မိပါတယ်။

ပထမဆုံးမေးခွန်းမှာ ရာဇ၀တ်သား ရှူံးနိမ့်သွားပြီ။ အေးကွာ-ငါကတော့ မင်းကို ဒီငရဲပြည်ကို မလာစေချင်ဘူး၊ မင်းကို ဒီကနေ လွတ်ရာလွတ်ကြောင်း ဖြစ်ပါစေတော့ဆိုပြီး ကောင်းတဲ့အမှုလေးတွေကို အမှတ်စေလို၍ ဒီမေးခွန်းလေးတွေကို မေးတာပါ။ အေးကွာ မင်းထိုက်နဲ့ မင်းကံပဲ ခံပေတော့။ ဒါပေမဲ့ ဥပဒေအရာရှိက မလျှော့သေးဘူး။ နောက်ထက် မေးခွန်းတစ်ခု မေးပြန်တယ်၊ ကြည့်စမ်း အပြစ်ရှိသူဟု ယူဆသူကို ဘယ်လောက် ကရုဏာထားလဲ၊ “ကြီးသော အမှု ငယ်စေ၊ ငယ်သော အမှု ပပျောက်စေ”ဆိုတာ ဥပဒေစိုးမိုးသော ငရဲပြည်မှာပဲ ရှိနေသလောလား။ ကဲကွာ-ဒါဆိုရင် နောက်တစ်ခု ထက်မေးမယ်။

၂။ ဒုတိယ စစ်ကြောရေးရုံး
မင်းပတ်ဝန်းကျင်မှာ ရောဂါတွေနဲ့ ဒုက္ခခံစားနေရသူ၊ ပျင်းထန်သော ဝေဒနာကြောင် မိမိရဲ့ မစင်တွေနဲ့ လိမ်းကြံပြီး အိပ်ယာထဲ ဘုန်းဘုန်းလဲနေသူ၊ တပါးသူ အကူအညီနဲ့ တုန်တုန်ရီရီနဲ့ အိပ်ယာမှ ထနိုင်သူကို မင်း မြင်ဖူးလား? အရှင်မင်းကြီး- မြင်ဖူးတာပေါ့၊ ဒီလို သူနာတွေ ကျွန်ုပ်ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ တွေ့မြင်နေရပါတယ်။ အေးကွာ ကောင်းပြီ။ ဒါဆို မင်း--အဲဒီလို ရောဂါ ပြင်းပြင်ထန်ထန် ခံစားနေရတဲ့သူကို မြင်တော့ “ငါလည်း နောင်တချိန် ဒီလို ဖြစ်ရမှာပါလား၊ မေ့လျှော့နေလို့ မဖြစ်ဘူး၊ ကောင်းရာကောင်းကြောင်း အလုပ်ကလေးတွေကို လုပ်မှ ဖြစ်မယ်”လို တွေးခဲ့ဖူးသလား? အရှင်မင်းကြီး၊ ကျွန်ုပ် ဒီလိုလဲ မတွေးခဲ့မိဘူး၊ မလုပ်ခဲ့မိဘူး။ ရာဇ၀တ်သား ဒုတိယအကြိမ် ရှုံးပြန်ပြီ။ အေးကွာ ငါကတော့ မင်းကို ကယ်ချင်လွန်းလို့ ဒုတိယအကြိမ် မေးမြန်းခဲ့တာ။ မင်းက ပေါ့ပေါ့ဆဆနဲ့ ဘ၀ကို ဖြတ်သမ်းခဲ့တာကိုးးး။ အေးလေးကွာ- မင်းလုပ်ခဲ့တဲ့ ကံ မင်းပဲ ခံပေတော့။
ဒီလို ငရဲပြည်မှာ ရောက်လာတယ်၊ ငရဲပြည်ကပေးတဲ့ အပြစ်တွေကို ခံရမည်ဆိုတာ မင်းကိုယ်တိုင်ပဲ လုပ်ခဲ့တာ၊ မင်းမိဘတွေက လုပ်တာမဟုတ်၊ မင်းဆွေမျိုးတွေက လုပ်တာမဟုတ်၊ ဘယ်တန်ခိုးရှင်ကမှ လုပ်တာ မဟုတ်၊ မင်းအမှုနဲ့ မင်းခံပေတော့။ ဒါပေမဲ့ ဥပဒေအရာရှိ ယမမင်းက သနားနေပုံရတယ်။ အေးကွာ-ငါ မင်းကို နောက်ဆုံး မေးခွန်းတစ်ခု ထက်မေးပါ့မယ်၊ ဒါဟာ မင်းအတွက် နောက်ဆုံး အခွင့်ရေးပဲ။

၂။ တတိယ စစ်ကြောရေးရုံး
မောင်မင်း--လောကမှာ သေပြီး တစ်ရက်လွန်၊ နှစ်ရက်လွန်၊ သုံးရက်လွန် ဖူးဖူးယောင်ပုတ် အလောင်းကောင် (သူသေကောင်) ကို မြင်းဖူးသလား? မင်းကြီး-ကျွန်ုပ်ပတ်ဝန်းကျင်မှာ မြင်နေကျ ဖြစ်ပါတယ်၊ ကျွန်ုပ် မြင်ဖူးတာပေါ့။ အေး-ဒီလိုဆိုရင်-သူသေကောင်းကြီးကို မြင်ပြီးတော့ “ငါလည်း များမကြာမီမှာ ဒီလိုပဲ မြို့စွန် ရွာဖျား တောချုံမှာ စွန့်ပစ်ခံရမည့် သူသေကောင်ဖြစ်ရမှာပါလား”လို့ တွေးပြီး ကောင်းတာလုပ် ကောင်းတာပြော ကောင်းတာ ကြံဖူးသလား? မင်းကြီး ကျွန်ုပ် မေ့လျှော့နေခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို သေရမည်ကို မေ့နေပြီး ကောင်မှုကံတွေ မပြုမိခဲ့။ အေးကွာ-ငါကတော့ မင်းကို ဒီဆင်းရဲတွင်းက လွတ်မြောက်ရေးအတွက် သုံးကြိမ်တိုင်တိုင် နည်းမျိုးစုံနဲ့ ကျိုးစားပေးခဲ့ပြီးပြီ၊ ငါ့တာဝန် ငါကျေအောင် ထမ်းဆောင်ခဲ့ပြီးပြီ။ ကျန်တာ မင်းအပြစ်နဲ့ မင်းခံပေတော့။ ဒီလိုနဲ့ပဲ ရာဇ၀တ်သား ဘာကောင်းတာမှာ မလုပ်မိခဲ့၊ မကောင်းတာတွေနဲ့ပဲ ပျော်မွေ့ခဲ့လို့ ငရဲမှာ ခံပေးဦးတော့။

ယမမင်းကြီး တရားသူကြီးက မေးမြန်းစစ်ဆေးအပြီးမှာတော့ တကယ် အပြစ်ရှိကြောင်း ထင်ရှားသည်၊ မည်သည့်ကောင်းကံကိုမျှ မပြုလုပ်ခဲ့ မကောင်းကံတွေကို ပြုလုပ်ခဲ့သော ရာဇ၀တ်သားကို ငါးမျိုးသော ညှင်းပန်းနိပ်စက်မှုတို့ဖြင့် အပြစ်ပေးရန် ဆုံးဖြတ်လိုက်သည်။ မီးပြင်းပြင်းတိုက်ထားသည့် သံချွန်ဖြင့် ရင်ဘက်၊ လက်နှစ်ဖက်၊ ခြေနှစ်ဖတ်ဟုသော ငါးနေရာကို ထိုးဆွ ညှင်းပန်းခြင်းကို ခံရလေတော့သည်။

ယမမင်းလွတ်ပေးသူများ သို့မဟုတ် ငရဲပြည်မှ လွတ်လာသူများ

အကယ်၍သာ တရားသူကြီး ယမမင်းကြီးက စစ်ဆေးမေးမြန်းလို့ တစ်စုံတရာ ကုသိုလ်ကောင်းမှု (လူသားအကျိုးပြု) တစ်ခုခုကို သတိရသွားလျှင် အေးကွာ-မင်းလဲ အပြစ်ရှိတဲ့သူတွေနဲ့ ရောနောပြီး ပါလာတာဆိုတော့ မင်းမှာလဲ ကောင်းမှုကံလေးတွေ ပြုခဲ့တာဆိုတော့ မင်းကို ဒီငရဲပြည်ကနေ လွတ်လိုက်သည်။ “ကြီးသော အမှု ငယ်စေ၊ ငယ်သော အမှု ပပျောက်စေ”ဆိုတဲ့ သဘောပင်ဖြစ်သည်။ သို့သော်လည်း မှတ်သားစရာတစ်ခုကတော့ တကယ်အပြစ်ကြီးကြီးမားမား များစွာ ပြုခဲ့သူကိုတော့ ယမမင်းက မကယ်နိုင်ပါဘူး။ ငရဲပြည်ရဲ့ ဥပဒေအရကလဲ မစစ်ဆေးဘဲ ငရဲခန်းထဲ တိုက်ရိုက်ပို့ပါတယ်။ မကောင်းမှု အနည်းငယ်ကိုသာ ပြုခဲ့တဲ့သူကိုပဲ ယမမင်း၏ ကယ်တင်ခွင့် စစ်ဆေးခွင့် ရရှိသည်၊ ထို့ကြောင့် ကောင်းမှုများများပြုနိုင်စေ၊ မကောင်းမှုများ နဲနိုင်သမျှနဲစေ။

အပြစ်များစွာ ပြုခဲ့တဲ့သူကတော့ ခိုးထုပ်ခိုးထည် ပစ္စည်းနဲ့ လက်ပူးလက်ကျ မိခံရတဲ့ သူခိုးလိုဖြစ်သည်။ အဲလိုပုဂ္ဂိုလ်မျိုးကို စစ်ဆေးစရာမလိုဘဲ တိုက်ရိုက် ပုဒ်မတပ်ပြီး အပြစ်ပေးခြင်းဖြစ်သည်။ အကယ်၍ သံသယနဲ့ ဖမ်းခံရသူကတော့ စစ်ဆေးရုံးသို့ ရောက်ရမည်။ ယမမမင်းလို ဥပဒေဘက်တော်သားနဲ့ တွေ့ရင် ထိုအပြစ်ကလွတ်မည်။ နို့မို့ဆို မလွယ်ကူ။ ငရဲပြည်မှာ လာဘ်မစား၊ လက်ဆောင်ပေးလို့မရ။ အပြစ်နဲ့ညီမျှသော ထပ်တူ ခံရသည်။ သို့သော်လည်း ယမမင်းကို ပေးနိုင်သည့် အကောင်းဆုံး လက်ဆောင်ကတော့ ကောင်းမှုလုပ်ပြီး အမျှဝေးပေးရုံမျှသာ ဖြစ်သည်။

တခါက ၀န်ကြီးတစ်ယောက် ပန်းအိုးဖြင့် ဗုဒ္ဓမြတ်စွာ၏စေတီတော်ကြီးအား ပူဇော်ပြီး ယမမင်းကြီးအား သူ၏ကုသိုလ်တွေကို အမျှဝေခဲ့ဖူးသည်။ ထိုဝန်ကြီး ငရဲပြည်ကို ရောက်လာပေမဲ့ တရားသူကြီးယမမင်းက ထိုစစ်ဆေးနည်းသုံးမျိုးတို့ဖြင့် ထိုဝန်ကြီး၏ ကုသိုလ်ကို အမှတ်ရစေခဲ့သည်။ သင် စေတီတော်ကြီးအား ပန်းတို့ဖြင့်ပူဇော်ပြီး ငါ့ကို အမျှပေးဝေခဲ့ဖူးတယ်မဟုတ်လားဟု မေး၍ သတိရစေခဲ့သည်။ အဲဒီလိုအားဖြင့် ထိုဝန်ကြီး ငရဲပြည် အစစ်ဆေးခံရုံသာ ခံခဲ့ရပြီး နတ်ပြည်သို့ ရောက်သွားသည်။ ထို့ကြောင့် ယနေ့ခေတ် ဆရာတော်ကြီးများက ကုသိုလ်ကောင်းမှုပြုသူတွေအတွက် ကောင်းမှုပါရမီများ ရေစက်သွန်းချ အမျှဝေပေးသည့်အခါ “လူတို့သနင်း အစိုးရမင်း၊ နတ်တို့သနင်း သကြားမင်း၊ ငရဲသနင်း ယမမင်း” ဟူ၍ ယမမင်းကြီးကို ထည့်၍ အမျှပေးဝေခဲ့သည်။ ယမမင်းကို အမျှဝေခဲ့လျှင် ငရဲပြည်ကို ရောက်သွားခဲ့ရင်တော့ ယမမင်းကြီးက အဲဒီနည်းနဲ့ ပြန်ကျေးဇူးပြုသည်၊ လူတို့သနင်း အစိုးရမင်းကို အမျှပေးသူအတွက် ထောင်ဒဏ် အချုပ်ဒဏ် လျှော့ရက်ကလေးများ ရကောင်းပါရဲ့။ PPPPPPP။

တချို့က ပထမအကြိမ် စစ်ဆေးလိုက်တာနဲ့ ကိုယ်ပြုခဲ့တဲ့ ကောင်းမှုကို အမှတ်ရသည်၊ တချို့က ဒုတိယအကြိမ်မှ သတိရသည်၊ တချို့ကတော့ နောက်ဆုံး တတိယအကြိမ်မှပဲ အမှတ်ရသည်။ တရားသူကြီးယမမင်း၏ အဆင့်သုံးဆင့် စစ်ဆေးခန်းသည် ငရဲပြည် ရောက်လာသူတွေအတွက် အလွန်မျှတသော တရားစီရင်ခန်းဖြစ်သည်။ တချို့ကျပြန်တော့ ထိုသုံးမျိုးလုံးတို့ဖြင့် မစစ်ဆေးမီ ကိုယ့်ဘာသာ ကိုယ့်ရဲ့ ကောင်းမှုကို အမှတ်ရသွားသည်လည်းရှိသေးသည်။ တခါက ဒီဃဇယန္တဒမိဠ ဆိုတဲ့ အမျိုးသားတစ်ယောက် ငရဲပြည်ရောက်လာပြီးမှ မိမိရဲ့ ကောင်းကံလေးတွေကို အမှတ်ရခဲ့လို့ နတ်ပြည် ရောက်ခဲ့ရသည်။ ဒမိဠသည် သုမဂိရိကျောင်းတော်ကြီးအတွင်းက အာကာသစေတီတော်ကြီး နီးမြန်းသော အ၀တ်ဖြင့် ပူဇော်ခဲ့ဖူးသည်။ သူသည် ငရဲပြည် ရောက်လာသည့်အခါ ငရဲခန်းထဲက မီးအသံ ညှင်းဆဲအသံတွေ ကြားသောအခါ သူလှူခဲ့သော ကောင်းမှုကို အမှတ်ရပြီး ငရဲပြည်က ပေးတဲ့ အပြစ်ဒဏ် မခံရတဲ့အပြင် နတ်ပြည်က နတ်စည်းစိမ်များ ခံစားခွင့်ရသွားခဲ့သည်။ ကောင်းမှုအမျိုးစုံး ပြုတတ်ဖို့လိုသည်၊ အကယ်၍များ မတော်တဆ ငရဲပြည်ရောက်သွားပါက ကောင်းမှုများစွား ပြုခဲ့ဖူးသူက တမျိုးမဟုတ် တမျိုးဖြင့် မိမိ၏ကုသိုလ်ကို မိမိ ကိုယ်တိုင်ပဲ အမှတ်ရတတ်သည်။

ယမမင်းနဲ့ မေးခွန်းတစ်ခု
စာရေးသူ ဒီတရားဟောလို့အပြီးမှာပဲ တိုက်တိုက်ဆိုင်ဆိုင် မေးခွန်းတစ်ခု စာရေးသူကို မေးထားဖူးသည်။ စာရေးသူနဲ့ဖေ့ဘုတ်မှာ တွေ့ရင်း သူက ဒီလိုလေးမေးထားတယ်။
“တပည့်တော်က ဘုန်းဘုန်းကို သိချင်တာလေး မေးချင်လို့ပါ ဖြေလို့အားရင် ဖြေပေးပါလားဘုရား။ ဟိုလေ လူတွေကကြတော့ သံသရာမှာ ကျင်လည်နေရတယ်နော်ဘုရား၊ သေမင်းတို့ ယမမင်းတို့ ငရဲထိန်းတို့ကကော သံသရာမှာ မကျင်လည်ရဘူးလား?”

သေမင်းဆိုတာကို ပုဂ္ဂိုလ်သတ္တ၀ါ ဟု ထင်တတ်ကြသည်။ သတ္တ၀ါမဟုတ် သေခြင်းသဘောတရားကိုဆိုသည်။ တကယ်တော့ သေမင်းဆိုတာ မင်းကို တပ်ပြီး သေမင်း (King of Death) ဟုတင်စားပြောကြတာပါ၊ သူ့ကို ဘယ်သူမှ မလွန်ဆန်နိုင်လို့ မင်း- King ဟု တင်စားပြောခြင်းပဲဖြစ်သည်။ သေမင်းဆိုတာ သံသရာရှိသရွေ့ သတ္တ၀ါရှိနေသရွေ့ ကမ္ဘာကြီး ရှိနေသ၍ ရှိနေအုန်းမှာဖြစ်သည်။ လူမင်းအောက်မှာ လက်အောက်ငယ်သားတွေ ပြည်သူတွေရှိသည်၊ ယမမင်းအောက်မှာ ငရဲသားတွေ ရှိသသည်။ သိကြာမင်းအောက်မှာ နတ်သား နတ်သမီးတွေရှိတယ်၊ ဒါပေမဲ့ သေမင်းဆိုတာ အဲဒီလိုမျိုး ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ သေမင်းအောက်မှာ သတ္တ၀ါတွေ ရှိသည်လို့ ပြောရမှာပေါ့။

ယမမင်းတို့ ငရဲသားတို့ဆိုတာ သူတို့ရဲ့ အကုသိုလ်ကြောင့် ဒီလိုဘ၀ကို ရောက်ကြရတာဖြစ်သဖြင့် သူတို့လဲ သတ္တ၀ါတမျိုးဖြစ်ရကား သံသရာ ကျင်လည်ရမည်။ သူတို့အကုသိုလ်ကံအကြွေး ဆပ်ပြီးရင်တော့ ဒီဘ၀က လွတ်မည်။ ယမမင်းနဲ့ ပတ်သက်ပြီး အထက်မှာ ပြဆိုပြီးဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၆-၂၀၁၂

27 July 2012

နှလုံးရောဂါအတွက် (၂)

နှလုံးရောဂါအတွက် နည်းလမ်းကောင်း
သင် ယနေ့ နှလုံး တိုက်ခိုက် ခံရရင် (Heart Attack) လွန်ခဲ့တဲ့ ဆယ်စု တစ်ခု ဒါမှမဟုတ် နှစ်ခုမှာ ထက် သင်အသက်ရှင်ဖို့ အလားအလာ ပိုများပြီး မစွမ်းမသန် အထိ ထိခိုက်ခြင်းမျိုး ပိုနည်းပါး ပါလိမ့်မယ်။ ဒါက အမေရိကန်မှ နှလုံးတိုက်ခိုက်ခံ ရခြင်း အချက်အလက်များ အပေါ် ကြည့်ပြီး အထင်ကရ လေ့လာမှုကြီး ၂ခုက ကောက်ချက် ချခဲ့တာပဲဖြစ် တယ်။

သေဆုံးမှုနှုန်း ကျဆင်းခြင်း အတွက် သင်က နည်းပညာဆေးဝါး ကုသမှု၊ ဆေးရုံတွင်းပြုစု စောင့်ရှောက် မှုနှင့် ကြိုတင်ကာကွယ်ရေးနည်း လမ်းများ ဘက်မှ တိုးတက်မှုများကို ကျေးဇူးတင်ရလိမ့်မယ်။ သင်က သွေးတိုးနှင့် ကိုလက် စထရောလ်ပမာဏမြင့်မားမှုအတွက် ကုသမှုခံယူနေသူဆိုရင် နှလုံးတိုက် ခိုက်ခံရမှုကြောင့် သေဆုံးဖို့ရာအလား အလာ နည်းပါးသွား ပါတယ်လို့ နယူးယောက်မြို့ရှိ St. Luke's Roosevelt ဆေးရုံ နှလုံး သွေးကြော ရောဂါကာကွယ်ရေး အစီအစဉ်ရဲ့ ညွှန် ကြားရေးမှူး Dr. Merle Myerson က ပြောပါတယ်။

“သို့တိုင် တိုးတက်မှုအတွက် နောက်ထပ်လုပ်ဆောင်နိုင်တဲ့အရာ များ ကျန်ရှိနေပါသေးတယ်။ လူ အများက ရင်ဘတ် အောင့်ခြင်းက နှလုံးတိုက်ခိုက်ခံရခြင်းရဲ့ တစ်ခု တည်းသော ရောဂါလက္ခဏာလို့ ထင်မြင်နေဆဲပဲ ရှိနေသေးတယ်”လို့ Dr Myeson က ပြောပါတယ်။

အောက်ပါ လူသိပိုနည်းသေးတဲ့ သတိပေးချက်များကလည်း အကူ အညီ ချက်ချင်းလိုအပ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ (၁) အနည်းငယ်အားစိုက်ထုတ် လိုက်တာနှင့် ခေါင်း ထဲရီတီတီ ဖြစ်လာ ခြင်းနှင့် အသက်ရှူကျပ်ခြင်း (၂) သင့်လက်မောင်း (အထူး သဖြင့် ဘယ်လက်မောင်း)၊ မေးရိုး၊ လည်ပင်းဒါမှမဟုတ် ကျောတွင် ထုံကျဉ်ခြင်း ဒါမှမဟုတ် နာကျင်ခြင်း (၃) ရင်ဘတ်အလယ်တွင် ဖိအားတစ်ခုသက်ရောက်သည်ဟု ခံ စားရခြင်း ဒါမှမဟုတ် စုညှစ်ထား သလို ခံစားရခြင်း။
ဦးလှမြင့်(ဂန္ဓမာ) Ref : RD May 2010

ကျန်းမာရေးအတွက် ဤနေရာမှ ကူးယူဖော်ပြသည်။


ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား
၂၇-၇-၂၀၁၂Link

17 July 2012

မောင်မယ်သစ်လွင် ကြိုဆိုကြိုပွဲ သ၀ဏ်လွှာ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၏

မောင်မယ်သစ်လွင် ကြိုဆိုကြိုပွဲ သ၀ဏ်လွှာ

၃၀-၆-၂၀၁၂ နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ၏ ကျောင်းသားသစ် ကြိုဆိုပွဲတွင် ပေးပို့သော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၏ သ၀ဏ်လွှာဖြစ်သည်။ စာရေးသူ တတ်သလောက်လေးနဲ့ ဘာသာပြန်ဆိုထားသည်။


ချစ်ခင်ရပါသော တပည့်တို့ -------

၃၀-၆-၂၀၁၂ နေ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ၏ ကျောင်းသားသစ် ကြိုဆိုပွဲတွင် သ၀ဏ်လွှာပေးပို့ခွင့်ရတဲ့အတွက် အလွန်ပဲ ၀မ်းသာမိပါတယ်။

တပည့်တော်တို့တတွေဟာ ဘုရားရှင်၏ မွန်မြတ်သော သား သမီးတွေ ဖြစ်ကြပါတယ်။ ဘုရားသားတော် သမီးတော်များ ဖြစ်ကြတဲ့ ဘုရားတပည့်တော်တို့တတွေမှာ မဖြစ်မနေ တာဝန်ထမ်းဆောင်ရမည့် မြတ်ဗုဒ္ဓက လမ်းညွှန်ထားတဲ့ တာဝန်တွေရှိပါတယ်ဘုရား။ အဲဒီတာဝန်တွေကတော့ ချမ်းသာ သုခကို ဆောင်နိုင်တဲ့ ဓမ္မကို ထိမ်းသိမ်းဖို့ တာဝန်တွေပဲ ဖြစ်ပါတယ်ဘုရား။

မြတ်ဗုဒ္ဓက ဓမ္မကို ထိမ်းသိမ်းနည်း (၅) သွယ်ကို အောက်ပါအတိုင်း ညွှန်ကြားထားပါတယ်ဘုရား-

၁။ ဓမ္မကို လေးလေးစားစား နာယူခြင်း

၂။ ဓမ္မကို စိတ်ပါလက်ပါ သင်ယူခြင်း

၃။ ဓမ္မကို ဂရုတစိုက် အာဂုံဆောင် ကျက်မှတ်ခြင်း

၎။ ဓမ္မကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်ခြင်း

၅။ ဓမ္မကို ထက်ထက်သန်သန် လက်တွေ့ အသုံးချခြင်း ဟုဆိုအပ်သော ဤနည်းငါးမျိုးဖြင့် ဓမ္မကို ထိမ်းသိမ်းပါက ဓမ္မသည် လောကကြီးထဲမှာ ကြာရှည်စွာတည်နိုင်မည်။

ထို့ကြောင့် ချစ်ခင်ရပါသော တပည့်တို့----------တပည်တော် တပည့်တို့အားလုံးကို “ဓမ္မကို ထိမ်းသိမ်းနိုင်တဲ့ နည်းလမ်းတို့ဖြင့် ဓမ္မကို အကောင်းဆုံး သင်ယူကြပါလို့”တိုက်တွန်းလိုပါတယ်။

အားလုံးကျေးဇူးတင်ပါတယ်။

ဒေါက်တာနန္ဒမာလာဘိဝံသ

==========
အဆင်ပြေသလို ဘာသာပြန်ဆိုထားပါသည်။ အဓိပ္ပါယ်အကောက်မှားက ဘာသာပြန်သူ၏ တာဝန်သာ ဖြစ်ပါသည်။

စာရေးသူ၏ ကွန်မန့်

ပါချုပ်ဆရာတော်က ဓမ္မကို ထိမ်းသိမ်းတဲ့ နေရာမှာ စာပေသင်ကြား လေ့လာနေရုံနဲ့ မလုံလောက်၊ ထိုဓမ္မကို လက်တွေ့ဘ၀ထဲ အသုံးချနိုင်မှသာလျှင် ဓမ္မဖြင့်နေသူ (ဓမ္မ၀ိဟာရီ)ဟု ဆိုအပ်။

ဓမ္မကို သင်ယူရုံ နာယူရုံမျှဖြင့် နေသူသည် ပရိယတ္တိဗဟုလော

ဓမ္မကို ဟောပြောနေရုံမျှဖြင့် နေသူသည် ပညတ္တိဗဟုလော

ဓမ္မကို စဉ်းစား ဆင်ခြင်ရုံမျှဖြင့် နေသူသည် ၀ိတက္ကဗဟုလော

ဓမ္မကို အာဂုံနှုတ်တက်ဆောင်ရုံမျှဖြင့် နေသူသည် သဇ္ဈာယဗဟုလော

ဓမ္မကို လက်တွေ့ကျကျ အားထုတ်ခြင်း၊ ဓမ္မကို သိခြင်းတို့ဖြင့် နေသူသည်သာ ဓမ္မ၀ိဟာရီ= တရားဖြင့်နေသူဟု ဆိုသည်။ (အင်္ဂုတ္တရနိကာယ်၊ ဓမ္မ၀ိဟာရီသုတ်)

ထို့ကြောင့် ဓမ္မကို ထိမ်းသိမ်းလိုသော သူတော်စင်တို့သည် ဓမ္မကိုလဲ သင်ယူ နာယူ ဟောပြော၊ သရဇ္ဈာယ်၊ ဆင်ခြင်သုံးသပ်ပြီး မိမိ၏ နှလုံးသားထဲရောက်အောင် အားထုတ်ခြင်းဖြင့် ဓမ္မကို ထိမ်းသိမ်းနိုင်ကြပါစေကုန်သတည်းးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၁၀-၇-၂၀၁၂



Message From Rector to his students

in the Sitagu International Buddhist Academy (Mandalay) 30-Jun-2012


My Dear students

It makes me pleasure that I have an opportunity to send this
message to my all students at this glorious time today, 30-jun-2012,
in the sitagu Buddhist Academy, Mandalay.

We are pious Buddhists and sons and daughters of the Buddha. We
have noble duty that we must be performed, The Buddha taught us how to
maintain the Dhamma that brings about happiness and peace. As long as
the Dhamma remains in the world, we never lose our way to happiness
and peace.



To maintain the Dhamma, there are 5 ways that must be followed by us;

1. by listening attentively to the Dhamma.

2. by learning earnestly the Dhamma,

3. by memorizing carefully the Dhamma,

4. by contemplating the meaning of Dhamma mindfully and

5. by putting the Dhamma into practice ardently.

By means of these five ways the Dhamma taught by the Buddha would
be maintained in the world.

My dear students,

This is the message that i want to send to all of you. Let me encourage you to do your best in study of Dhamma that lead to the Dhamma maintenance.

Thank you alll

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes