သီတဂူစတား

သီတဂူစတား

23 July 2013

ဗုဒ္ဓဂယာအကြမ်းဖက်မှု သီတဂူ သတင်းထုတ်ပြန်

ယခုနှစ် ၀ါဆိုလပြည့်နေ့ (၂၂-၇-၂၀၁၃) နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် တော်ဝင်မိသားစု ၀ါဆိုသင်္ကန်းကပ်ပွဲကျင်းပ။ 

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါဝင်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်၊ အစ္စရေးသံအမတ်၊ ထိုင်းသံအမတ်၊ အင်ဒိုနီးရှား သံအမတ်စသော နိုင်ငံတကာ သံအမတ်များ၊ ဖိတ်ကြားထားသူ ပရိသတ်များစွာ တက်ရောက် ကြည်ညိုကြသည့် ထိုပွဲကြီးမှာ သီတဂူဆရာတော်ကြီးက ဗုဒ္ဓဂယာ အကြမ်းဖက်မှုကို သီတဂူသာသနာပြုအဖွဲ့အနေဖြင့် ရှုတ်ချကြောင်း အောက်ပါအတိုင်း ကြေညာသည်။
( အမေရိကန် သံအမတ် ဆရာတော်ကြီးအား လှူဒါန်းစဉ်)
+++++++++++++++
သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့၏
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဗုံးခွဲအကြမ်းဖက်မှုကို ရှုတ်ချခြင်း
(၂၂-၇-၂၀၁၃)

၂၀၁၃ ခုနှစ် ဇူလိုင်လ(၇) ရက်နေ့ ကအကြမ်းဖက်သမား တစ်ချို့အကြောင်းမဲ့ သက်သက် ယုတ်မာ သိမ်ဖျင်းသော စိတ်ထားဖြင့် အကြမ်းဖက်မှု့ လွန်ကျုးခဲ့သည့်လုပ်ရပ်အပေါ် သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့က အလွန်အမင်း ထိတ်လန့် တုန်လှုပ်ခဲ့ပါသည်။

အဲဒီ အကြမ်းဘက် သိမ်ဖျင်းသည့် လုပ်ရပ်သည် သီးခံခြင်းနှင့် အကြမ်းမဖက်ခြင်း တည်းဟူသော ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ အနှစ်သာရနှင့်တကွ အခြားဘာသာကြီး လေးရပ် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျုးတို့၏ အဆုံးအမများနှင့်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျှက်ရှိသည်ဟု သီတဂူအဖွဲ့က ယုံကြည်ပါတယ်။

ဗုဒ္ဒဘုရားရှင်၏ အဆုံးအမများကို ကမ္ဘ့ာ့ဘာသာကြီး လေးရပ်တို့က ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ အမှန်တရားအဖြစ်လဲ လက်ကိုင်ယုံကြည်တယ်လို့ သီတဂူအဖွဲ့က ယုံကြည်ထားပါတယ်။ အခု အကြမ်းဖက်လုပ်ရပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုသာမက ကမ္ဘာ့ဘာသာရေးနှင့် ယဉ်ကျေးမှု့ အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးကိုလဲ ခြိမ်းခြောက်လျှက်ရှိသည့်အတွက် သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့က  ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်သည်။

တစ်ဆက်တည်းမှာ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များအားလုံးက ကမ္ဘာ့ဘာသာရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရင်း ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပါ ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် နည်းလမ်းတစ်ခု ၀ိုင်းဝန်းလက်တွဲ ရှာဖွေ သွားကြရန် တိုက်တွန်းပါသည်။

အိန္ဒိယနိုင်ငံ အစိုးရကလဲ ဤကဲ့သို့ မိုက်မဲသော ပြစ်မှုလွန်ကျုးခဲ့သူများကို ထိထိရောက်ရောက် ဖေါ်ထုတ်ပြီး ပြင်းပြင်ထန်ထန် အရေးယူသွားရန် ယခုကဲ့သို့ မလိုလားအပ်သောဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားခြင်း မရှိရလေအောင် လိုအပ်သော စီမံချက်များကို ချမှတ်ဆောင်ရွက်သွားပါရန် အိန္ဒိယအစိုးရကို အလေးအနက်ထား၍ တောင်းဆို တိုက်တွန်းပါသည်။

ကမ္ဘာတလွှားက ဗုဒ္ဓဘာသာဝင်အားလုံး တို့လည်းပဲ ယခုကဲ့သို့ နာကျည်းဖွယ် အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်မှာ ဗုဒ္ဓဘုရားရှင်၏ အဆုံးအမဖြစ်သော သီးခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အကြမ်းမဖက်ခြင်းတို့ကို မမေ့မပျောက်၊ စွဲစွဲမြဲမြဲ လိုက်နာ ကျင့်သုံးသွားကြရန် အလေးအနက်တိုက်တွန်း လိုက်ရပါသည်။ 

သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့
ပင်လုံလမ်း၊ ပါရမီလမ်းထိပ်၊ မြောက်ဒဂုံ၊ ရန်ကုန်မြို့၊
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
ဖုန်း ၀၁-၅၈၁၇၇၇ 
(ထိုင်းသံအမတ်)
(အစ္စရေးသံအမတ်) 
အသံဖိုင်မှမြန်မာစားသားကို စပယ် (လှဆန်းယဉ်)၊ ဓာတ်ပုံများကိုတော့-Wit Yi, Marlar Myint, Htun Htun Oo,နှင့် Ashin Visuta တို့ ဖေ့ဘုတ်မှ ကူးယူသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၇-၂၀၁၃

22 July 2013

နယူးဒေလီ (အိန္ဒိယ) ခရီးသွားမှတ်တမ်း

နယူးဒေလီ (အိန္ဒိယ) ခရီးသွားမှတ်တမ်း

စာမိတ်ဆက်
စာရေးသူလဲ ပတ်စပို့ကိစ္စဖြင့် နယူးဒေလီသို့ သွားဖြစ်ခဲ့။ အားလုံးအဆင်ပြေသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာသံရုံးက တာဝန်ရှိသူများကို အထူးကျေးဇူးတင်ပါသည်။ စစ်သံရုံးက ဒကာ ဦးတိုးသိန်းကို ဆက်သွယ်ပြီး မြန်မာသံရုံးကို သွားနိုင်ခဲ့သည်၊ လပ်တလော တာဝန်ကျနေတဲ့ အမျိုးသမီးနှစ်ယောက်ကလဲ ချက်ချင်း အကူညီပေးသည်၊ ဒေလီရဲ့ ပူပြင်းလှတဲ့အချိန်မှာ ထိုအမျိုးသမီးနှစ်ယောက်ရဲ့ အဖျော်ရည်အေးအေးတစ်ခွက်နဲ့ ကာယကံမေတ္တာတွေကြောင့် အတွင်းပူ အပြင်ပူ အပူနှစ်ဝ အေးမြသွားလေရဲ့။

ထုံးစံအတိုင်း ရောက်တတ်ရာရာ မှတ်တမ်းရေးတတ်တဲ့ အကျင့်ရှိသည်အားလျှော်စွာ ဘုံဘေ+နယူးဒေလီ ခရီးစဉ်မှတ်တမ်းလေး ရေးမိသည်၊ ခရီးသွားများအတွက် ရာသီဥတု တည်းခိုစရာ၊ ကား ရထားများအကြောင်း သိထားသင့်စရာလေးတွေ စုစည်းထားသည်။ စာရေးသူတို့ ပတ်စပို့ကိစ္စလဲ အဆင်ပြေသဖြင့် ကတညူ ကတဝေဒီအတွက်လဲ မှတ်တမ်းရေးလိုသည်။
(Red Fort)
ကျေးဇူးတင်ပါတယ်
ရဟန်းဘ၀ဆိုတာ “ကျေးဇူးတင်ပါတယ်”ဆိုတာရယ်၊ မေတ္တာပို့ခြင်းစတဲ့ ကတညူ ကတဝေဒီဖြင့်ပဲ ကိုယ့်ဒကာ ဒကာမတွေကို ကျေးဇူးတုန့်ပြန်ရသည်။

မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ်က ရဟန်းတော်တစ်ပါးက နေ့စဉ် သပဒါနိက ဓုတင်ခေါ်တဲ့ အိမ်စဉ်မကျော်ဘဲ ဆွမ်းခံအကျင့် ကျင့်လေ့ရှိသည်၊ ဘာသာကွဲပြားခြင်းမရှိဘဲ၊ ဆင်းရဲ ချမ်းသာ မရွေးဘဲ၊ လောင်းသည်ဖြစ်စေ မလောင်းသည်ဖြစ်စေ မစဉ်းစားဘဲ အိမ်တိုင်းမှာ ဆွမ်းရပ်သည်။ ထိုအထဲတွင် ဘာသာခြားအိမ်တွေလဲ ပါသည်၊ ထိုဘာသာခြားအိမ်တစ်အိမ်က နေ့စဉ် ရသည်လိုက်က “ရဟန်းစုတ်၊ ဂတုံးစုတ်” စသည်ဖြင့် ဆဲရေး၊ ကြိမ်းမောင်းခံခြင်းကိုသာ ရလိုက်သည်။ သို့သော် ထိုရဟန်းက သူ၏ အိမ်စဉ် ဆွမ်းခံအကျင့်တိုင်းပဲ နောက်နေ့လည်း ကြွပြန်သည်၊ ဒီနေ့တော့ ထိုဘာသာခြားအိမ်က ဘာစိတ်ကောင်း ၀င်လာသည် မသိ၊ ရှေးနေ့ရက်ကလို မဆဲတော့ဘဲ “ကန်တော့ဆွမ်းပါဘုရား”ဟု ပြောသတဲ့၊ ထိုအခါ ရဟန်းတော်က “သာဓု သာဓု သာဓု”ဟု ခေါ်လိုက်သည့်အခါ ထိုဘာသာခြားအိမ်ရှင်မှာတော့ အံ့အားသင့်နေသည်။

“အရှင်ဘုရားကို ကန်တော့ဆွမ်းပါလို့ ပြောတာ၊ ဘာမှလဲ မလောင်းလိုက်ဘဲနဲ့ အရှင်ဘုရားက ဘာလို့ သာဓုခေါ်တာလဲ”ဟု ထိုအိမ်ရှင်က မေးသောအခါ၊ “ဒကာတော်- အရင်ရက်တွေက ဒကာတော်ဆီက နေ့တိုင်း အဆဲခံရခြင်း၊ ခြိမ်းခြောက်အခံရခြင်းကိုသာ ရခဲ့တာ၊ ဒီနေ့တော့ အလွန်သိမ်မွေ့တဲ့ ကန်တော့ဆွမ်းပါဆိုတဲ့ စကားလေးတစ်ခွန်း ရလိုက်လို့ သာဓုခေါ်တာပါ”ဟု ရဟန်းတော်က ပြန်ပြောသတဲ့။


ဘာသာခြားအိမ်ရှင်လဲ “အော်--ကြည့်စမ်း၊ ဒီရဟန်းတွေ စကားချိုချိုလေးပဲ ရလိုက်တာကို ကျေးဇူးတင်မဆုံးဖြစ်နေလိုက်တာ၊ တကယ်လို့များ ငါသာ ဆွမ်းဟင်းများ လောင်းလှူလိုက်လျှင် ဘယ်လောက်များ ကျေးဇူးတင်လိုက်မလဲ”ဟု စိတ်ကူးဝင်လာကာ နေ့တိုင်း ဆွမ်းလောင်းတော့သည်တဲ့။

စာရေးသူတို့မှာတော့ ဒီကနေ့ မြန်မာသံရုံးက ရောက်ရောက်ခြင်း နွေးနွေးထွေးထွေး ကြိုဆိုမှု ရသည်၊ ရုံးခန်းနှင့် ထိုင်ရမည့်နေရာတွေအတွက် စီစဉ်ပေးသည်၊ တစ်ခါမှ မရောက်ဖူးသေးတဲ့ သူအတွက် စိတ်ထဲမှာ နွေးထွေးမှုရရှိလှသည်ဟု ခံစားမိသည်၊ သံရုံးဝန်ထမ်းများကလဲ အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်းဖြင့် ကာယကံမေတ္တာ ရရှိသည်။ စာရေးသူတို့အတွက် ပတ်စပို့ကိစ္စ အဆင်မှပြေပါ့မလားဆိုတဲ့ အတွင်းပူ၊ ပူစပ် ပူကြပ်နေတဲ့ ဒေလီမြို့ အပြင်ပူတွေ နေ့ချင်းငြိမ်းသွားသည်၊ အေးမြခြင်းများကိုသာ ရရှိသဖြင့် ဒိထက် ကျေးဇူးတင်စရာကောင်းတာတောင် ဒီလောက် ကောင်းမည် မထင်။ စာရေးသူတို့မှာ အထက်က ဘုရားရှင်လက်ထက်က ရဟန်းတော်က ကျေးဇူးတင်တာထက် အဆပေါင်းများစွာ သံရုံးဝန်ထမ်းများကို ကျေးဇူးတင်သင့်လို့ ကျေးဇူး အများကြီး တင်ပါသည်။ တစ်ဇွန်းတည်းသော ဆွမ်းအတွက်နဲ့ ကျေးဇူးတရားကို သိ၊ ကျေးဇူးတရားကို ဆပ်တဲ့အနေနဲ့ အရှင်သာရိပုတ္တရာသည် ပုဏ္ဏားအိုကြီးတစ်ယောက်ကို လက်ခံ ရဟန်းပြုပေးခဲ့သည်။ “တစ်လုပ်စားဖူး သူကျေးဇူး”စကားပုံသည် အရှင်သာရိပုတ္တရာ၏ ပြောင်မြောက်သော ကျေးဇူးသိခြင်း၊ ဆပ်ခြင်းက ပေါ်ပေါက်လာခဲ့သည်၊ ကျေးဇူးတရားဆိုတာ မမေ့ကောင်းပါ။
(Qutub Minar) 
အိန္ဒိယမြို့တော်များ
စာရေးသူတို့လည်း ရောက်တဲ့နေ့မှာပဲ သံရုံးဝန်ထမ်းများ၏ ကျေးဇူးကြောင့် အားလုံး အဆင်ပြေသွားသဖြင့် စိတ်အေးလက်အေးနဲ့ နယူးဒေလီမြို့ထဲကို လျှောက်ကြည့်ဖြစ်ကြသည်။ အိန္ဒိယပြည်ကြီး၏ အစိုးရရုံးစိုက်ရာမြို့သည် နယူးဒေလီမြို့ဖြစ်သည်၊ စီးပွားရေးနှင့် လူဦးရေအထူထပ်ဆုံးမြို့တော်သည် ဘုံဘေ (မွမ်ဘိုင်း)မြို့ဖြစ်သည်၊ အဲဒီနောက်မှ ကာလကတ္တား၊ ချန်နိုင်းနှင့် ဟိုဒရာဘက်မြို့တို့ ဖြစ်သည်။
ဒီအချိန်ဒီရာသီက မိုးရာသီဖြစ်သည်၊ အိန္ဒိယတစ်ပြည်လုံး အပူရှိန်ကျရာ အချိန်ဖြစ်သည်။ ဘုံဘေကနေ နယူးဒေလီမြို့ကိုရောက်တော့ အောက်ပြည်အောက်ရွာကနေ အညာမြေဖြစ်တဲ့ မန္တလေးကို ရောက်ရသလို ခံစားမိသည်၊ ရာသီဥတု ခြောက်သွေ့သည်၊ မန္တလေးမြို့ထက် ပိုပူပါသည်၊ ဒီလိုချိန်မှာ အဲယားကွန်း၊ သို့မဟုတ် ကူလာ (cooler) မပါဘဲ နေလို့မဖြစ်၊ ဒီလိုအချိန်မှာ ဘုံဘေမြို့မှာ မပူ မအေး၊ နွေးထွေးသည့်အချိန်ဖြစ်သည်၊ ဆောင်းရာသီကဲ့သို့ အလွန်နေလို့ကောင်းတဲ့ ရာသီဖြစ်သည်၊ မိုးတောထဲက လာတဲ့ စာရေးသူတို့အဖို့ နယူးဒေလီမှာ ကြာကြာမနေနိုင်ခဲ့၊ ဘုံဘေကိုပဲ ပြန်ချင်နေသည်။ နယူးဒေလီမှာ ဆောင်းရာသီရောက်ပြန်လျှင်လဲ အပူပေးစက် (Heater) မပါဘဲ နေမဖြစ်ပေမဲ့ ဘုံဘေမှာက လွပ်လပ်ပေါ့ပါးစွာနေလို့ အကောင်းဆုံး အချိန်ဖြစ်သည်။ ကြီးကျယ်သည်မဟုတ်၊ တကယ်ပင် ဘုံဘေမှာ နေဖူးသူသည် နယူးဒေလီမြို့ကို နေနိုင်လိမ့်မည် မဟုတ်။

လမ်းတံတားများနှင့် မြို့အနေအထား
နယူးဒေလီမှာတော့ သစ်ပင်ကြီးတွေ သိပ်လှသည်၊ နိုင်ငံတကာ သံရုံးသွားတဲ့ လမ်းမှာဆိုရင် မန်ကျည်းပင်တန်း၊ တမာတန်း၊ ခရေပင်တန်း များဖြင့် မြန်မာပြည်ရဲ့ အညာမြေလို လှနေသည်။ ဘုံဘေမြို့ထဲမှာ ထိုကဲ့သို့ သစ်ပင်မျိုးမရှိ။

အဆောက်ဦးတွေသည် ဘုံဘေမြို့ကဲ့သို့ အမြင့် မရှိ၊ အများဆုံး ၅ ထပ်အဆောက်ဦးများသာ ဖြစ်သည်၊ တချို့နေရာလောက်သာ ဘုံဘေမြို့ကဲ့သို့ အမြင့်အဆောက်ဦးများတွေ့ရသည်၊ ရုံးစိုက်ရာ မြို့တော်ဖြစ်လို့ တိုက်အမြင့်ကြီးများ ဆောက်ခွင့်မပြုဟု ထင်ရသည်၊ ဘုံဘေမှာတော့ မြို့ထဲဝင်လိုက်တာနဲ့ နေရာတိုင်းမှာ ထပ်ပေါင်းများစွာသော အဆောက်ဦးများတွေ့ရမည်၊ အဆောက်ဦး အမြင့်တွေ များသောကြောင့် နယူဒေလီကဲ့သို့ လမ်းတွေမှာ ကောင်းကင်ရဲ့ အလင်းရောင်အား မကောင်း။

နယူးဒေလီမြို့နေရာ အများစုလမ်းတွေသည် ကတ္တရာလမ်းတို့ဖြင့် သေသေသပ်သပ်ရှိသည်၊ ကွေ့ကောက်၊ လိမ်ပတ်နေတဲ့ လမ်းတံတားတွေလဲ လှလှပပတွေ့ရသည်၊ ဘုံဘေမြို့နေရာ အများစုကတော့ ကွန်ကရစ်လမ်းများသာဖြစ်သည်။ လူဦးရေသိပ်သည်းမှု၊ လမ်းတံတားတွေ ကားကြပ်မှုတို့သည် ဘုံဘေမြို့လောက် မရှိသဖြင့် ပိုသန့်သည်ဟု ဆိုရပေမဲ့ ကမ္ဘာ့ အညစ်ပတ်ဆုံး ၁၀ နိုင်ငံက မြို့တော်တွေထဲမှာ နယူးဒေလီပါသည်။ အိန္ဒိယမှာတော့ အသန့်ရှင်းဆုံးနေရာလို့ ပြောလို့ရသည်။

လူနေမှုအဆင့်အတန်း
နယူးဒေလီမြို့သည် လူနေမှုအဆင့်အတန်းအရ ဘုံဘေမြို့နေ လူနေမှု အဆင့်အတန်းနှင့် သိပ်မကွာလှ၊ တက္ကသိုလ်တစ်ဝိုက်မှာတော့ လူငယ်တွေ အတော်များများက ရုပ်ရည်သန့်သည်၊ အဖြူရောင် အသားရည်ရှိသူ များသည်၊ ထိုအနေထားသည် ဘုံဘေမြို့နေသူများနှင့် တူသည်၊ မတူသည်က မျက်နှာပေါက်၊ မျက်နှာပေါက် အနေထား သိပ်မတူဟု ထင်မိသည်၊ နယူးဒေလီရှိ သူတွေမှာ အဖြူရောင်တွေ များပေမဲ့ အများစုက မျက်နှာချွန်သည်၊ ကိုယ်လုံးကိုယ်ပေါက် သိပ်မထွား၊ ဘုံဘေရှိသူများကတော့ မာရတီလူမျိုးများစု ဖြစ်သဖြင့် မျက်နှာအနေအထား ပြည့်သည်၊ အများစုက ခန္ဓာကိုယ် ထွားကြိုင်းသည်။
ရာသီဥတု အနေအထား ကွာခြားသဖြင့် လူနေမှုပုံစံလဲ မတူလှ၊ အိန္ဒိယပြည်၏ အများဆုံးနေရာတွေသည် အပူပိုင်းများဖြစ်သည်၊ အပူပိုင်းနေသူတို့၏ စတိုင်လ်က သိပ်မကွာလှ၊ မြို့နေ တောနေ အဆင့်သာ ကွားခြားကြမည်။ သို့သော် ဘုံဘေမြို့သည် အိန္ဒိယပြည်၏ သီးခြားနိုင်ငံတစ်ခု ဖြစ်နေသလို ပုံစံ စတိုင်လ်ကလဲ သီးခြားဖြစ်နေသည်ကို တွေ့ရသည်။

ယဉ်ရထားနှင့် ကား
နယူးဒေလီမြို့မှာ နယူးဒေလီ ဘူတာကြီးသည် ကြီးကျယ်သည်၊ မန္တလေးဘူတာကြီးထက် ကြီးသော အဆောက်ဦးအသစ်ရှိသည်၊ စင်္ကြံလမ်း ၁၆ ခုထိရှိသည်။ အိန္ဒိယ ရထားများထုံးစံအတိုင်း တစ်စီးကို အတွဲပေါင်း ၃၀ အနဲဆုံးရှိသည်။ စင်္ကြံလမ်းအတိုင်း ကိုယ်စီးမည့် အတွဲနေရာအထိ ရောက်ဖို့ တော်တော်လေး သွားရသည်။ ထို့ကြောင့် အိန္ဒိယရထားများစီးလျှင် ကြိုတင်သွားရဖို့လိုသည်၊ မြို့တိုင်း နေရာတိုင်းမှာ အထူးသဖြင့် ဘုံဘေလို၊ ဒေလီလို မြို့ကြီးတွေမှာ ယာဉ်ကြောများ ပိတ်ဆို့မှုကြောင့် ကိုယ်သွားမည့်နေရာ ကြိုတင်အချိန်ပို တွက်ယူထားရသည်။ အိန္ဒိယပြည်ကြီး၏ ကုန်းလမ်းပို့ဆောင်ရေးမှာ ရထားသည် အရေးပါဆုံးဖြစ်သည်။ အများစုသည် တစ်ညအိပ်ခရီးများအတွက် ရထားပဲ အစီးများသည်၊ ရထားလက်မှတ်ဖြတ်ရာမှာလဲ အင်တာနက်ကနေ ၀ယ်လို့ရသလို၊ ဘူတာမှာ သွားတန်းစီရင်လဲ ရသည်၊ များသောအားဖြင့် တစ်လလောက်ကြိုပြီး လက်မှတ်ဝယ်ထားမှ ရသည်၊ ကပ်ဝယ်လို့ မရ၊ အကယ်၍ ကိုယ်မလိုက်ဖြစ်၍ ထိုခရီးကို ဖျက်လိုပါက ရထားထွက်ပြီး တစ်နာရီအကြာထိ လက်မှတ် ပြန်ရောင်းလို့ရသည်။ သို့မဟုတ် တစ်ရက်ကြို မနက်ပိုင်း Tatkal (တတ်ကယ်လ်) လက်မှတ်ဝယ်လို့ရသည်၊ ထိုလက်မှတ်ကို အင်တာနက်၊ သို့မဟုတ် ဘူတာ၊ သို့မဟုတ် အေးဂျင့်တို့မှာ ရနိုင်သည်၊ အင်တာနက်နှင့် ဘူတာကနေ ၀ယ်လျှင် ပုံမှန်ဈေး ဖြစ်ပေမဲ့ အေးဂျင့်ကနေ ၀ယ်လျှင်တော့ ၀န်ဆောင်မှုအတွက် ပေးရသည်၊ ထို Tatkal လက်မှတ်သည် ပုံမှန်လက်မှတ်လို ပြန်ရောင်းမရ။

အိန္ဒိယပြည်ကြီးသည် အလွန်ကျယ်ဝန်းသည် ဖြစ်ရကား နေရာအနှံ့အပြား လည်ပတ်လိုပါက ရထားစီးတတ်လျှင် ပိုသက်သာသည်၊ ပိုအဆင်ပြေသည်၊ မြို့ကြီးများတွင် အိန္ဒိယရထားများသည် အဝေးပြေးနှင့် မြို့တွင်းပြေး နှစ်မျိုးရှိသည်။ အိန္ဒိယပြည် တစ်ပြည်လုံး ရထားလမ်းများဖြင့် ကွန်ယတ် ချိတ်ဆက်ထားသဖြင့် နေရာတိုင်းမှာ ရထားရှိသည်။ မြို့တွင်းမှာလဲ ၀န်ထမ်း၊ ကျောင်းသား ကျောင်းသူအားလုံးက ရထားပဲ စီးကြသည်။ သို့သော် မြို့တွင်းရထားများသည် အလွန်ပြည့်သိပ်ကြပ်နေသဖြင့် ပစ္စည်းများကို ဂရုစိုက်ရပါသည်။ ဘုံဘေမှာတော့ ခါးပိုက်နှိက် သိပ်မရှိပေမဲ့ ဒေလီမှာတော့ ခါးပိုက်နှိက် ပေါသည်။ အမျိုးသမီးများအတွက်ကတော့ သီးသန့်တွဲ စီမံထားသဖြင့် သိပ်ပြီး တိုးဝှေ့မစီးရ။

အိန္ဒိပြည်မှာ ရာဇဓာနီရထားသည် အထူးရထားဟူ၍ ဆိုသည်၊ ဈေးလည်း တခြားရထားတွေထွက် ပိုကြီးသည်၊ စားစာရာ ၀န်ဆောင်မှုကောင်းသဖြင့် စားစရိတ်သက်သာမည့်အပြင် အချိန်ပါသက်သာသွားသည်။ စာရေးသူတို့သည် နယူးဒေလီအသွား ရိုးရိုးအမြန်ရထားနဲ့ သွားသည်၊ ရူပီး ၁၇၅၀ ပေးရသည်၊ အေးဂျင့်ခမပါ၊ ကိုယ့်ဘာသာ ဘူတာသွားဖြတ်သည်။ ဘုံဘေကနေ ည ၁၁-၄၅ ထွက်သော ရထားသည် ၂ ညအိပ်ပြီးမှ နောက်နေ့မနက် ၆ နာရီလောက်မှ နယူးဒေလီမြို့ထဲဝင်သည်။ နာရီပေါင်း (၂၈) ကြာသည်။ စားစရာကို ထိုရထားက ၀န်ဆောင်မှုမပေးသဖြင့် ၂ ရက်စာ စားစရိတ်ကုန်မည်။ အပြန်မှာတော့ ရာဇဓာနီ ရထားလက်မှတ်ဝယ်သည်၊ အေးဂျင့်ကနေ ၀ယ်သဖြင့် ၀န်ဆောင်ခ ၃၅၀ရူပီး ပေးရသည်၊ စုစုပေါင်း ထိုရထားခ ၂၅၀၀ ရူပီး နီးပါးကျသည်။ ကိုယ့်ဘာသာ ရထားဘူတာမှာ သွားဝယ်ရင်တော့ ၃၅၀ ရူပီးသက်သာမည်။ ရေ-ကော်ဖီ-အချိုပွဲ-ညစာ- မနက်စာ စားစရိတ်ကို ၀န်ဆောင်ပေးသည့်အပြင် သန့်ရှင်းမှုလဲရှိသည်။ ညနေ ၄-၃၀ ကထွက်လာသည်၊ တစ်ညအိပ်ပြီး နောက်နေ့မနက် ၈-၃၀ မှာ ဘုံဘေရောက်သည်၊ နာရီပေါင်း ၁၆ နာရီပဲ ကြာမည်ဟု လက်မှတ်မှာ ရေးထားသည်။ ၂၈ နာရီနဲ့ ၁၆ နာရီ အချိန်အရမ်းကွာသွားသည်။ နယူးဒေလီနဲ့ ဘုံဘေ မိုင်ပေါင် ၇၀၀ကျော် ၈၀၀ နီးပါးကို လမ်းခုလပ် ၄ ဘူတာပဲ ရပ်ခဲ့သည် အတွက် အချိန်သက်သာသွားသည်။ ရိုးရိုးအမြန်ရထားများက ဘူတာပေါင်း ၂၀ နီးပါးလောက်ရပ်သည်။ ထူးခြားတာ တစ်ခုက ရာဇဓာနီအထူးအမြန်ရထားသည် အားလုံး အေစီတွဲတွေပဲ ပါသည်၊ ရိုးရိုးအိပ်စင်များမပါ။ အိန္ဒိယပြည် အလည်လာသူများအတွက် ရထားအကြောင်း သိကောင်းစရာ မှတ်တမ်းတစ်ခုဖြစ်သည်၊ ဗုဒ္ဓဂယာ ဘုရားဖူးဇုန်နေရာလောက်ကိုသာ ရောက်လိုသူများအတွက်တော့ မလိုအပ်ပါ။

ဟိုတယ်-တည်းခိုခန်းများ
အိန္ဒိယမြို့ကြီးတွေမှာ ကမ္ဘာ့အဆင့်မှီ ကြယ်ငါးပွင့်တို့လို ဟိုတယ်တွေ များစွာရှိသည်။ ဈေးအမျိုးမျိုးရှိသည်၊ စာရေးသူလဲ သီတဂူဆရာတော်ကြီး အမှီပြုပြီး ဖိုက်စတား ဟိုတယ်များလဲ တည်းဖူးသည်၊ ကိုယ့်ဘာသာ ဈေးပေါပေါ တည်ခိုခန်းများမှာလဲ အတွေ့ကြုံရှိဖူးသည်။ ဘုံဘေမှာ ဟိုတယ်ဇုန်အနေနဲ့ မြို့ရဲ့ အချက်အချာကျသည့် ပင်လယ်ကမ်းခြေ နေရာမှာ ဟိုတယ်ဈေးအမျိုးမျိုးရှိသည်။ စာရေးသူတို့ကောလိပ်နဲ့ နီးတဲ့ နေရာတွေမှာလဲ သာမန်ဟိုတယ်တွေရှိသည်၊ ဈေး အလွန်မကြီးလှ၊ တစ်ည မြန်မာငွေ ကျပ် ၅ သောင်းဝန်းကျင်ရှိသည်။ ကမ်းခြေက မြို့လည်က ဟိုတယ်တွေကတော့ တစ်ခန်း တစ်ည အမေရိကန်ဒေါ်လာ ၁၀၀ ကနေ ၁၀၀၀ (တစ်ထောင်) ၀န်းကျင်အထိရှိနေသည်။ နယူးဒေလီမှာလဲ ထို့အတူပင်။ စာရေးသူတို့ကတော့ ဈေးအသက်သာဆုံး နေရာကို ရှာရသည်၊ ထိုနေရာသည် တိဘက်တန်တွေ နေရာဖြစ်သည်။ တိဘက်တွေအတွက် နေရာမှာ တိဘက်ပိုင်တည်းခိုးခန်းများစွာရှိသည်၊ ဈေးမကြီးလှ၊ နေရာလဲ လုံခြုံမှုရှိသည်၊ အစားအစာလဲ တရုပ်အမျိုးနွယ်များဖြစ်သဖြင့် မြန်မာပါးစပ်နဲ့ အဆင်ပြေသည်၊ တိဘက်တန်ဈေးတန်းရှိသဖြင့် လိုချင်တာ အကုန်ရသည်၊ စားသောက်ဆိုင်၊ အလှကုန်ဆိုင်၊ အထည်ဆိုင်၊ ခရီးသွားအေးဂျင့်၊ ငွေလဲကောင်တာ အကုန်ရှိသဖြင့် ထိုနေရာသည် စာရေးသူတို့အတွက် အလွန်အဆင်ပြေသည်။ နယူးဒေလီ တက္ကသိုလ်နဲ့လဲ နီးသည်၊ ထိုနေရာကား တိဘက်တန် ကိုလိုနီ (Aruna Nagar Tibatan Colony)ဟု ခေါ်သည်။

နယူးဒေလီမြို့ကို လည်ပတ်စရာဆိုလို့ နာမည်ကြီး လက်မှုအနုပညာ အလွန်လှပတဲ့ ဟိန္ဒူဘုရားကျောင်း Akash dhan, Red Fort, Qutub Minar, Lotus-Temple, စတာတွေ အပြင် အနီးအနားမှာ ရှိသော အသောကမင်းကြီးတည်ထားသော ဆန်ချီစေတီတော်ကြီးကိုလည်း သွားရောက် ဖူးနိုင်သည်။ မြတ်ဗုဒ္ဓ မဟာသတိပဋ္ဌာန်ဟောရာ ကမ္မာသဓမ္မရွာသည်လည်း ဒေလီမြို့စွန်မှာ တည်ရှိသည်ဟုလည်း သိရသည်။

နယူးဒေလီကို ရောက်ဖို့ အကြောင်းပါလာရင် ဈေးလည်းသက်သာ အစားအစာလည်းအဆင်ပြေ၊ သွားဖို့လာဖို့လဲ ကားတွေက အဆင်သင့်ကြိုက်သူများအတွက် တိဘက်တန် ကိုလိုနီ (Aruna Nagar Tibatan Colony)နေရာလေးကို သတိရလိုက်ပါ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၇-၂၀၁၃

13 July 2013

အရေးတကြီး လိုအပ်သော ကံ

အရေးတကြီး လိုအပ်သော ကုသိုလ်ကံ

စာမိတ်ဆက်

တနေ့က ဇာတ်ကားတစ်ခု ကြည့်မိတယ်၊ “အနှိုင်းမဲ့ လိပ်ပြာ” ဆိုတဲ့ ဇာတ်ကားတစ်ခုပဲ ဖြစ်သည်။ ထိုဇာတ်ကားထဲမှာ သေခါနီးလူတစ်ယောက် ဘ၀ကို နာကျည်းပြီး မူးရူးပြီး သေသွားသော် သူခေါင်းချခဲ့သည့် အိမ်လေးမှာပဲ မျောက်ကလေးတစ်ကောင် လာဖြစ်သည့် ဇာတ်ကားဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တွေ အတွက် ကံကံ၏အကျိုးကို သရုပ်ဖော်ပေးသော သင်္ခန်းစာပေးသည့် ဇာတ်ကားတစ်ကားဖြစ်သည်။ စာရေးသူလဲ ထိုကားကိုကြည့်ပြီး အာသန္နကံ (ဘ၀တစ်ခု နိဂုံးချုပ်ချိန်ကံ)၏ အရေးပါပုံ ရေးချင်စိတ်ဖြစ်လာသည်အတွက် ရေးခြင်းဖြစ်သည်။

ကံ (ဖန်တီးရှင်)
ဗုဒ္ဓဘာသာအလိုရ ဖန်တီးရှင်ဆိုတာ အပြင်အပ မမြင်ရသည့် တန်ခိုးရှင်များကို မဆိုလို၊ မိမိပြုအပ်သော ကောင်းကံ ဆိုးကံသည်သာ ဘ၀၏ဖန်တီးရှင်များဖြစ်ကြသည်အတွက် မိမိသည်သာ ကိုးကွယ်ရာ အားထားရာ ဖြစ်တော့သည်။ လောကကို အလှဆင်သည်မှာလည်း ကိုယ်ကိုယ်တိုင်ဖြစ်သလို လောကကို အရုပ်ဆိုးအကျည်းတန်သည်မှာလည်း ကိုယ်ကိုယ်တိုင်ပင်ဖြစ်သည်။ ထိုကဲ့သို့ အလှဆင်၊ အကျည်းတန်စေတတ်သော မိမိ၏ ကောင်းကံ မကောင်းကံတို့သည် လောကကြီး၏ ဖန်တီးရှင်များဖြစ်ကြသည်။ ကံ၏ဖန်တီးမှုတို့သည် အလွန်သိမ်မွေ့ နက်ရှိုင်းသည်၊ အလွန်ကျယ်ပြန့်သည်။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓကို ကံ၏ဆန်းကြယ်မှုကို တွေးတော ကြံဆခြင်း ပင်ပန်းသည်၊ ရူးသွပ်သွားနိုင်သည် ဟူ၍လည်း ဆိုထားသေးသည်။ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတ ဥာဏ်တော်ဖြင့်သာ ကျက်စားနိုင်သည့် ကံ၏အကျိုးပေးမှုကား နက်ရှိုင်းလှသည်။ အလွန်ကျယ်ပြန့် နက်ရှိုင်းသည့် ကံများစွာထဲက ကံ ၄ မျိုးအကြောင်းလည်းပါသည်။ ထို ၄ မျိုးထဲမှ အာသန္နကံ၏ အရေးပါမှုကားလည်း မှတ်သားစရာဖြစ်လှသည်။
(စာရေးသူ၏ ဆိုက်တွင် ကံ၏ ဆန်းကြယ်ပုံများကို ဖြစ်ရပ်မှန်ဇာတ်လမ်းများဖြင့် ဖော်ပြပြီးဖြစ်သည်၊ ရှာဖွေ လေ့လာနိုင်ပါသည်)

ကံလေးမျိုး
အဘိဓမ္မာတွင် ကံလေးမျိုး အကြောင်းကို ပြထားသည်။ အလွန်ထင်းရှားသော ကံအကြောင်းများ ဖြစ်ရကား လူအသိများသိသည့် ကံအကြောင်းများဖြစ်သည်။
၁။ ဂရုကံ-ကံတပါးတို့သည် မတားမြစ်နိုင်သည့် ကြီးလေးသော ကံ။
၂။ အာသန္နကံ-သေခါနီးကာလ၌ ပြုအပ်သောကံနှင့် အောက်မေ့အပ်သည့် ကံ။
၃။ အာစိဏ္ဏကံ-နေ့စဉ် အကြိမ်များစွာ လေ့ကျင့်အပ်သော ကံ။
၎။ ကဋတ္တာကံ-ပြုဖူးကာမျှဖြစ်သော ကံ-ဟူ၍ အကျိုးပေးသောအစဉ်အားဖြင့် ၄-မျိုးကွဲပြားလျက် ရှိပေသည်။

(က) ဂရုကံဟူသည် ကံတပါးတို့သည် မတားမြစ်နိုင်သည့် ကြီးလေးသောကံဖြစ်သည်။ ထို ဂရုကံတို့သည် ကောင်းသောဘက်တွင် ကုသိုလ်ကံနှင့် မကောင်းဘက်တွင် အကုသိုလ်ကံဟူ၍ ၂-မျိုးရှိပေသည်။ အကုသိုလ်ကံအရာ၌ အမိကို သတ်ခြင်း၊ အဖကို သတ်ခြင်း၊ ရဟန္တာကို သတ်ခြင်း၊ ဘုရားကို သွေးစိမ်းတည်အောင်၊ သွေးခြည်ဥအောင် ပြုခြင်းနှင့် သံဃာကို အသင်းကွဲအောင် ပြုခြင်းဟူသော ပဉ္စာနန္တရိယကံ ငါးပါး၊ နိယတမိစ္ဆာဒိဋ္ဌိကံတို့ ဖြစ်ကြပေသည်။ ထိုအကုသိုလ်ဟူသော ဂရုကံငါးပါး ကျူးလွန်ထားသူနှင့် နိယတမိစ္ဆာဒိဋ္ဌိကံ ၃-ပါး ရှိကြသော သူတို့သည် ယခုဘ၀မှ စုတိ (သေပြီး)သည့်နောက်ကာလ ဒုတိယ ဘ၀၌ အပါယ်ငရဲသို့သာ မုချ ကျရောက်ကြရပေသည်။ မည်သည့်ကုသိုလ်ကံ အကုသိုလ်ကံတို့ကမှ တားမြစ်၍ မရသောကြောင့် ကြီးလေးသော ဂရုကံတို့ ဖြစ်ကြပေသည်။

တိုင်းပြည်အာဏာ လောဘဇောဖြင့် ဖခင် ဗိမ္ဗိသာရမင်းကြီးကို အကျဉ်းချ၊ ညှင်းဆဲ သတ်ခဲ့သော အဇာတသတ်သည် ဘုရားရှင်နှင့်တွေ့၍ အကြီးအကျယ် သာသနာပြုခဲ့သော်လည်း သူ၏ကုသိုလ်ကံတို့သည် သူ၏ အဖကိုသတ်ခဲ့တဲ့ အကုသိုလ် ဂရုကံကို မတားဆီးနိုင်ခဲ့ ငရဲသို့ ရောက်ခဲ့ရသည်။ သံဃာ့ရာဇာ အာဏာကို မက်မောသော လောဘဇောဖြင့် ဘုရားရှင်ကို နည်းအမျိုးမျိုးနဲ့ ညှင်းပန်းရန်ကြံစီခြင်း၊ ခြေမတော် အနာတရဖြစ်အောင် ပြုခဲ့ခြင်း သံဃာအသင်းခွဲခြင်း အကုသိုလ်ကံဂရုကံ ပြုလုပ်ခဲ့သော အရှင်ဒေ၀ဒတ်သည်လည်း အ၀ီစိသို့ပင် ရောက်ခဲ့ရသည်။
ကောင်းဘက်ဖြစ်သော ကုသိုလ်ကံအရာ၌ မဟဂ္ဂုတ်(ဈာန်) ကုသိုလ်ကံတို့သည် ဂရုကံများ ဖြစ်ကြပေသည်။ ထိုမဟဂ္ဂုတ်(ဈာန်) ကုသိုလ်ကံတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် ဒုတိယဘ၀တွင် ဗြဟ္မာ့ပြည်သို့ ဧကန်မုချ ရောက်ကြရမည် ဖြစ်ပေသည်။ မည်သည့်ကုသိုလ်ကံ အကုသိုလ်ကံတို့ကမှ တားမြစ်လို့ မရသောကြောင့် ကြီးလေးသော ကုသိုလ်ဆိုင်ရာ ဂရုကံတို့ ဖြစ်ကြပေသည်။

(ခ) အာသန္နကံ ဟူသည် သေခါနီးကာလ၌ ပြုအပ်သောကံနှင့် အောက်မေ့အပ်သောကံ ဖြစ်သည်။ ထိုကံသည်လည်း ကုသိုလ်အာသန္နကံနှင့် အကုသိုလ်အာသန္နကံဟူ၍ ၂-မျိုးပင် ရှိပေသည်။ ကုသိုလ်အာသန္နကံသည် အမြဲမပြတ် ပြုအပ်သော အကုသိုလ်အာစိဏ္ဏကံကိုပင် ပယ်ဖြတ်၍ ကောင်းကျိုးများကို ပေးနိုင်ပေသည်။ အကုသိုလ်အာသန္နကံသည်လည်း အမြဲပြုအပ်သော ကုသိုလ်အာစိဏ္ဏကံကို ပယ်ဖြတ်၍ မကောင်းကျိုးများကို ပေးနိုင်ပေသည်။
နှစ်နှစ်သောင်းတို့ပတ်လုံး ရဟန်းတရား အားထုတ်ခဲ့သော ရဟန်းတပါးသည် လှေဖြင့်ခရီးကြွရာမှ မတော်တဆ ပိန်းရွက်ကလေးကို လက်ဖြင့် ကိုင်မိ၍ လှေ၏ အဟုန်ဖြင့် ပိန်းရွက်ကလေး ပြတ်သွားသည်။ ၀ိနည်းအရ ရဟန်းတော်များမှာ အာပတ် (အပြစ်) ဖြစ်သည်။ ထိုအပြစ်ကို ရဟန်းတစ်ပါးပါး မရှိသဖြင့် ဒေသနာကြားခြင်း၊ အပြစ်ဝန်ခံခြင်း၊ အပြစ်ဆေးကြောခြင်း အမှုကိုမလုပ်မိခဲ့။ သေခါနီးအချိန်မှာ ထိုအပြစ်ကလေးကို အမှတ်ရနေသည်၊ နေ့စဉ် ရဟန်းတရားအားထုတ်ခဲ့သော အာစိဏ္ဏကံကို ဖြတ်၍ သေခါနီး အပြစ်ကို အမှတ်ရသော အကုသိုလ်အာသန္နကံကြောင့် ဧရကပတ္တနဂါး (တိရစ္ဆာန်) ဖြစ်ရသည်။

မိဖုရားနှင့် အိမ်မွေးခွေး
အလားတူ ဇာတ်လမ်းတစ်ပုဒ်မှာ အများသိသည့် ကောသလမင်းကြီးကတော် မလ္လိကာ အကြောင်းပင်ဖြစ်သည်။ တခါက မလ္လိကာ မိဖုရားကြီးသည် အိမ်မှာ ကျွေးမွေးစောင့်ရှောက်ထားသော ခွေးအထီးကြီးတစ်ကောင်က ပွတ်သီးကတ်သီး လုပ်နေသဖြင့် ထိုခွေး၏ အတွေ့အထိကို သာယာမိသွားသည်။ ထိုသို့သော ဖဿ ဝေဒနာကြောင့်ပင် ထိုခွေးကြီးနှင့် မယ်သူတော်အလုပ် အားထုတ်နေသော မိဖုရားကြီးကို နန်းပြသာဒ်အထက်ကနေ ဘုရင်ကြီးမြင်၍ “အယုတ်မ၊ သင်မို့လို့ ဒီအလုပ်ကို လုပ်ရက်တယ်”ဟု ကြိမ်းမောင်းဆိုသောအခါ မိဖုရားကြီးလည်း ကြံမိကြံရာ ကြံ၍ လိမ်ညာစကား ဆိုခဲ့သည်။ “မင်းကြီး ဒီနေရာကို ၀င်လာသူကို ဒီတံခါးပေါက်ကနေ ကြည့်ရင် နှစ်ယောက်ထင်ရတယ်”ဟု ဘုရင်ကြီးကို ၀င်ခိုင်းပြီး “အယုတ်ကောင်၊ သင်မို့ ဒီလိုလုပ်ရက်တယ်” ဟု မိဖုရားကြီး တဖန် မုသားစကားကို အသိဥာဏ်နည်းရှာသော ဘုရင်ကြီး ယုံကြည်ခဲ့သည်။ မိဘုရားကြီးသည် သေခါနီးအချိန်မှာ ထိုပြုခဲ့သော အမှုတွေကို အမှတ်ရနေသည်၊ ဘုရားရှင်နှင့်တွေ့၍ သူမတူအောင် အသဒိသဒါန ကုသိုလ်ကို အကြီးအကျယ်ပြုခဲ့သော မိဖုရား၊ နေ့စဉ် ကုသိုလ်များကို ပြုလေ့ရှိသော မိဖုရားတစ်ယောက်ကို သေခါနီးအချိန်လေး အကုသိုလ်အာသန္နကံက ထိုအသဒိသဒါန၊ နေ့စဉ်ပြုအပ်သော အာစိဏ္ဏကံကုသိုလ်တွေကို ကျော်ဖြတ်ကာ ငရဲသို့ အရောက်ပို့သည်။
ထိုဇာတ်လမ်းနှစ်ပုဒ်အရ သေခါနီးအချိန် ကံသည် အလွန်အရေးကြီးသည်ကိုတွေ့ရသည်။ အာသန္နကံ ကောင်းဖို့အတွက် အာစိဏ္ဏကံသည် လိုအပ်လှသည်။ အမြဲမပြတ်ပြုအပ်သော အာစိဏ္ဏကံက သေခါနီးအချိန် အာသန္နကံကို အထောက်အပံ့ပေးနိုင်သေးသည်။ သေခါနီး နိမိတ်ကောင်းရန်၊ သတိကောင်းရန်၊ အမှတ်ကောင်းရန်တို့မှာ နေ့စဉ်လေ့ကျက်အပ်သော ကုသိုလ် အာစိဏ္ဏကံသည်လည်း အရေးပါလှသည်။ သေခါနီးအချိန်တွင် အကြိမ်များစွာ ပြုအပ်သော ကုသိုလ်ကံများထက် အနည်းငယ်လေးမျှ ပြုအပ်သော အကုသိုလ်ကံကို အမှတ်ရတတ်သည်အတွက် အကုသိုလ်ကံများကို အနည်းငယ်လေးမျှ မပြုမိအောင် ရှောင်ကြင်ဖို့လိုသည်။

တရားရှိသူ၊ သူတော်ကောင်းတရားဖြင့် နေသူ၊ သူတော်ကောင်းတရားတွေကို နေ့စဉ် အားထုတ်နေသူ၊ သူတော်ကောင်းတရားကို အာစိဏ္ဏကံဖြင့် ကျင့်သုံးနေသူ ဓမ္မိကဥပါသကာကြီးသည် သေခါနီးအချိန်အခါဝယ် နိမိတ်ကောင်းများ ထင်လာသည်ကို တွေ့ရသည်။ သေခါနီးအချိန်မှာ သံဃာတော်များက မဟာသတိပဋ္ဌာန်သုတ်ကို ရွတ်ပွားပေးနေစဉ် တာဝတိံသာ နတ်ပြည်က နတ်ရထားများဖြင့် သူ့ကို လာခေါ်သည့် နိမိတ်များပေါ်လာသည်။ “ခဏစောင့်ကြအုန်း ငါတရားနာနေတယ်” ဟု လာခေါ်သူ နတ်ရထားများကို ပြောသတဲ့။ သေခါနီးအချိန်ထိ သတိကောင်းသည်။ စာရေးသူ ကြားဖူးသေးသည်၊ ဘာသာဋီကာကျမ်းပြုအကျော် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး လွန်တော်မူခါနီး တစ်ရက်အလိုအထိ သတိကောင်းသည်၊ “မသေသေးရင် မနက်ဖန် စာ ဆက်လက်ပို့ချမည်”ဟု ပြောလိုက်သေးသည်၊ နောက်နေ့မှာတော့ သက်တမ်းကုန် (အာယုက္ခယ) အရ ကုတင်ပေါ်မှာ ပြုံးပြုံးလေး လွန်တော်မူသွားသတဲ့။ ဆရာတော်ကြီး၏ နေ့စဉ် အားထုတ်အပ်သော သီလ သမာဓိ ပညာတည်းဟုသော အာစိဏ္ဏကံက ပျံလွန်တော်မူခါနီးအချိန် သူ၏အာသန္နကံကို အားကောင်းစေသည်။

ဘ၀ကူးကောင်းလှဖို့ အာသန္နကံ
ထို့ကြောင့် ဘ၀ကောင်းတစ်ခု ရဖို့ရန်မှာ နေ့စဉ်ဖြည့်ကျင့်အားထုတ်အပ်သော အာစိဏ္ဏကံ လိုအပ်သလို၊ သေခါနီးအချိန် အမှတ်ကောင်း သတိကောင်းဖို့ရန်မှာလည်း အာသန္နကံကောင်းဖို့လိုသည်။ သေခါနီး သတိကောင်း အမှတ်ကောင်း အာသန္နကံကောင်းဖို့ ပတ်ဝန်းကျင်၏ ပံ့ပိုးမှုလည်း လိုအပ်သည်။ သေခါနီး မရဏသန္တဇော အချိန်ရောက်နေသူတစ်ယောက်အတွက် ဓမ္မအသံပေးခြင်းက အသင့်တော်ဆုံးဖြစ်သည်။ ဒီအချိန်မှာ တချို့ သားတွေ သမီးတွေ တူ တူမတွေ ဆွေတွေ မျိုးတွေက သောကကို မထိန်းနိုင်ကြသဖြင့် ငိုကြွေးကြတတ်သည်။ ထိုငိုကြွေးအသံသည် သေခါနီးလူတစ်ယောက်အတွက် အာသန္နကံကောင်း မဖြစ်နိုင်၍ ဘ၀ကူးမကောင်းလှ။ ဓမ္မိကဥပါသကာကြီး သေခါနီးအချိန်မှာ သူ၏ အဖေတူ သားသမီးများက သံဃာတော်များကို ပင့်ဖိတ်၍ တရားတော်ကို နာကြားစေသည်မှာ အတုယူစရာဖြစ်သည်။

အချိန်များစွာ အကုသိုလ်တွေ ဒုစရိုတ်တွေနဲ့ နေခဲ့တဲ့သူကိုပင် ပတ်ဝန်းကျင်က အာသန္နကံကောင်းအောင် ပြုလုပ်နိုင်သည်။ တခါက သောဏမထေရ်၏ ဖခင်မုဆိုးသည် ရဟန်းကြီးဘ၀ဖြစ်လာပြီးနောက် ကွယ်လွန်လောက်သည့် ရောဂါဝေဒနာများ ဖြစ်လာသောအခါ ခွေးမုဆိုးအလုပ်ကို တသက်ပတ်လုံးပြုခဲ့သော အကုသိုလ်ကံ၏ အကျိုးပေးဖြစ်သည့် ခွေးကြီးများက သူ့ကိုကိုက်စားတော့မည့် နိမိတ်များထင်လာ၍ ကြောက်လန့်သောအသံဖြင့် “ငါ့သား သောဏတို့ ခွေးကြီးများကို မောင်းထုတ်ပေးကြပါ”ဟု အကြောက်အကန် ပြောဆိုသတဲ့။ ထိုအခါ သောဏမထေရ်က ဖခင်မုဆိုးရဟန်းကြီး ငရဲကျတော့မည့်အရေးကို သိတော်မူသည်၊ ထိုဘေးကိုကာကွယ်လို၍ စေတီရင်ပြင်တော်၌ ပန်းတွေပူဇော်လှူဒါန်းကာ ဖခင်မုဆိုးရဟန်းကြီးကို ရှိခိုးပူဇော်စေ၏။ ထို့နောက် မကြာမီမှာပင် နတ်သမီးနိမိတ်တွေ ထင်လာသည့်အခါ “ဟေ့--ငါ့သား သောဏတို့ ဘေးဖယ်ကြ ဖယ်ကြ သင်တို့၏ မိခင်တွေ လာနေပြီ” ဟု ပြောဆိုရင်း ပျံလွန်တော်မူသွားပြီး နတ်ပြည်မှာ သွားဖြစ်၏။

စာရေးသူ ကြည့်ခဲ့သော “အနှိုင်းမဲ့ လိပ်ပြာ” ဇာတ်ကားတွင် ဘ၀ကို နာကြည်းပြီး အရက်သေစာဖြင့် ဘ၀ကို လွမ်းဖုံးခဲ့သည်၊ အမိုက်မှောင်ချခဲ့သည်၊ မောဟပင်ဖြစ်သည်။ “မောဟနဲ့သေ တိရစ္ဆာန်ပြည် မသွေရောက်တတ်သည်” ဆိုတဲ့အတိုင်း မျောက်ဘ၀ရောက်ရသည်။ ထိုဇာတ်ထဲမှာပဲ မှတ်သားစရာ တစ်ခုက “မာနနဲ့ သေ အသုရကာယ်ပြည် မသွေ ရောက်တတ်သည်”ဟူသတည်း။ အသုရကာယ ပိတ္တာဖြစ်တတ်သည်ဟု ဆိုသည်။ စာရေးသူတို့ ငယ်ငယ်က ကြားဖူးတဲ့ ဆောင်ပုဒ်လေးများကား---
၁။ လောဘနဲ့ သေ ပြိတ္တာပြည် မသွေ ရောက်တတ်သည်။
၂။ ဒေါသနဲ့ သေ ငရဲပြည် မသွေ ရောက်တတ်သည်။
၃။ မောဟနဲ့သေ တိရစ္ဆာန်ပြည် မသွေရောက်တတ်သည်။ ဟူ၍ပင် ဖြစ်သတည်။ အဋ္ဌသာလိနီ-နှာ-၁၇၂ ကို ကိုးကားပြီး ဆောင်ပုဒ်လေး ဖြစ်လာသည်။

ထို့ကြောင့် ကောင်းကံများ အလေ့ကျင့်ရထားပြီးသူပဲ ဖြစ်ဖြစ်၊ မကောင်းကံများကို အာစိဏ္ဏကံ ဖြစ်သူများပဲ ဖြစ်ဖြစ် သေခါနီးအချိန်ဝယ် သူတို့အတွက် ပတ်ဝန်းကျင်ကောင်း ဖြစ်ဖို့လိုသည်။ ပတ်ဝန်းကျင်က တရားသံ ဓမ္မသံများ ရနိုင်ပါမှ သူတို့အတွက် အာသန္နကံကောင်းရရှိ၍ ဘ၀ကူးကောင်းလှပမည်ဖြစ်သည်။ ယနေ့ခေတ်မှာလည်း ဆေးရုံကပဲဖြစ်ဖြစ် ဆရာဝန်ကပဲ ဖြစ်ဖြစ် လက်လျှော့လိုက်ပြီဆိုရင် ထိုလူနာအတွက် ဘ၀ကူးကောင်းအောင် ကြေးစည်သံလေးပေး၍ တရားသံများ ပေးရမှာ ဖြစ်သည်။ မိမိတို့ကိုယ်တိုင်ကလဲ ဘ၀ဘ၀တွေ လှဖို့အတွက် ကောင်းကံများဘက်က အာစိဏ္ဏကံ၊ အာသန္နကံများကို ပြုလုပ်နိုင်ကြရန်သာ ဖြစ်ပါသည်။

အာသန္နကံနှင့် အာစိဏ္ဏကံတို့ အားခြင်းပြိုင်ပါက အားရှိသော ကံက ရှေးဦးစွာ အကျိုးပေးသည်။ အားချင်း ညီမျှနေပါက အာသန္နကံက အရင် အကျိုးပေးသည်ဟုလည်း မှတ်သားရသဖြင့် အာသန္နကံသည် ပို၍ပို၍ အရေးပါနေတော့သည်၊ အာသန္နကံသည် ဘ၀ဘ၀တွေ လှဖို့ရန်အတွက် အရေးတကြီးလိုအပ်နေတော့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၀၁-၂၀၁၃

07 July 2013

မဟာဗောဓိ ဗုံးပေါက်ကွဲ

သီတဂူစတား: အထူးသတင်း

ဒီကနေ့ ၇-၇-၂၀၁၃ မနက်စောစော ၅း၃၀ နာရီ လောက်က မဟာဗောဓိပင် ဗုံး ၅ လုံး ဆက်တိုက် ပေါက်ကွဲသည်ဟူသော သတင်း ကြားလိုက်ရသည်။
မဟာဗောဓိပင်သည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် တည်ရှိသည်။ မနက်စောစော ပဋ္ဌာန်းရွတ်ပွားလေ့ရှိသော မြန်မာရဟန်းတော်

တစ်ပါး ထိမှန်သဖြင့် ဆေးရုံတင်ထားရကြောင်း၊ ဘုရားကြီး အပျက်အဆီး အခြေအနေ ကွဲကွဲပြားပြား မသိရသေးကြောင်း။ ယခုအခါ လုံခြုံရေးတွေ ရှုပ်ထွေးနေသဖြင့် အတွင်းကို ၀င်ခွင့်မရှိကြောင်း- ဗုဒ္ဓဂယာရှိ မိတ်ဆွေ ရဟန်းတစ်ပါးက မနက်စောစော ဖုန်းဆက် အကြောင်းကြားပါသည်။ မြန်မာဘုရားဖူးအဖွဲ့များ သွားလေ့ အချိန်မဟုတ်သဖြင့် အသေအပျောက်နဲသည်။

တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်မြတ်ထားရာ နေရာဖြစ်သည်။ မြတ်ဗုဒ္ဓ ကဆုန်လပြည့်နေ့ သဗ္ဗညုတဥာဏ်ရရာ နေရာဖြစ်သည်၊ ၇ရက် ၇လီ- ၄၉ ရက် ၇ဌာနမှာ ကမ္မဋ္ဌာန်းအားထုတ်ရာ နေရာလည်းဖြစ်သည်။

ဗုဒ္ဓဘာသာတို့ အထွဋ်မြတ်ထားရာ နေရာကို ဒီလိုဖျက်ဆီးလိုက်ခြင်းသည် ဗုဒ္ဓဘာသာတစ်ခုလုံးကိုပါ ပက်ပက်စက်စက် စော်ကားလိုက်ခြင်းဖြစ်သည်။

မြတ်ဗုဒ္ဓကို ကြည်ညိုသူတို့ လေးစားသူတို့ လုံးခြုံရေး အလွန်ညံ့ဖျင်းသည့် အိန္ဒိယလို နေရာမျိုးမှာ ဘုရားဖူးအဖြစ် မလာသင့်။

ဒီလို ဖျက်ဆီး တိုက်ခိုက်လေ့ရှိသည့် အစွန်းရောက်တို့ မည်သူ မည်ဝါ မည်သည့်ဘာသာက ဖျက်ဆီး၊ စော်ကားနေသည်ကို အထူးစစ်ဆေးစရာမလိုဘဲ လူတိုင်းသိကြသည်။

အားလုံး သတိ ၀ီရိယ ရှိကြပါ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၇-၂၀၁၃

အခု နောက်တိုး သတင်းအရ ဗုံးပေါက်ကွဲမှုမှာ ၈လုံးဖြစ်သည်၊ ဘုရားအတွင်း အပြင်နှင့် အနီးတ၀ိုက်က ဂျပန်ဘုရား (ရုပ်ပွားဆင်းတု)ကြီးမှာ ရော ပေါက်ကွဲ၊ ဒဏ်ရာ ရသော ရဟန်းတော်မှာ အရှင်ဝိလာသဂ္ဂ (မြင်းခြံ) ဟုလည်း သိရသည်။

04 July 2013

လူနှင့် ကျေးဇူးတရားများ

လူနှင့် ကျေးဇူးတရားများ

စာမိတ်ဆက်
စာရေးသူသည် နေ့စဉ်နီးပါး ကလေးတစ်ယောက်ကို အင်္ဂလိပ်စာ ဖတ်ပေးသည်၊ ဘာသာပြန်နည်းစနစ်၊ အင်္ဂလိပ်စာ ရေးနည်းစနစ်ရရန်နှင့် ဘာသာရေးနှင့်ဆက်စပ်သော ဝေါဟာရစကားလုံးများ ရစေရန် ဓမ္မပဒကို အင်္ဂလိပ်လို ဖတ်ပေးသည်၊ ထို့နောက်မှ အကျယ်တ၀န့် တရားအဖြစ် ဟောပြောသည်။ ထိုသို့ဟောပြောသောအလုပ်ကို လုပ်ရာ ဓမ္မပဒပါဠိတော် အဋ္ဌကထာအပြင် ဆရာကြီး ဦးရွှေအောင်၏ စာအုပ်များကိုပါ ဖတ်လေ့ရှိသည်၊ ဓမ္မပဒလာ ဖြစ်ရပ်မှန် ဇာတ်လမ်းများကို ဝေဖန် သုံးသပ်ပြထားသည်မှာ အလွန်ကောင်းသည်၊ သူ၏ သုံးသပ်တင်ပြပုံတွေက စာရေးသူကို အတွေးများစွာ ဖြစ်လာစေသည့်အပြင် စာရေးဖို့တွန်းအားလည်းဖြစ်လာသည်၊ ဖတ်မိသမျှ မှတ်စုကလေးတွေ ရေးမှတ်ထားကာ အခွင့်သင့်တိုင်း စာရေးသူ၏ ပို့စ်မှာ အသုံးပြုသည်။ ဒီပို့စ်သည်လည်း သူ၏ ရေးဟန်များကြောင့် ပေါ်လာသမျှသော အတွေးများကို စာအဖြစ် ဖန်တီးမိသည်။
(မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်-သစ်ပင်သစ်ရိပ်များဖြင့် ကြည့်ကောင်း၊ သီတဂူကျောင်းသားတစ်ယောက် ဖေ့ဘုတ်က ကူးယူ)
 
သူတော်ကောင်းအထိမ်းအမှတ်

လောကမှာ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ခုနှင့်တစ်ခု ကျေးဇူးကင်းသော အရာဟူ၍ မရှိ၊ မြတ်ဗုဒ္ဓဒေသနာတော်အရ အရာအားလုံးသည် တစ်ယောက်ကို တစ်ယောက်၊ တစ်ခုပေါ်တစ်ခု၊ အကြောင်းပေါ် အကျိုး၊ အကျိုးအပေါ် အကြောင်း အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေကြသည်။ ကျေးဇူးကင်းသော အရာဟူ၍ မရှိ၊ ထို့ကြောင့် လောကရှိ သက်ရှိ သက်မဲ့ အရာ အားလုံးတို့သည် မိမိ၏ ကျေးဇူးရှင်များ ဖြစ်ကြသည်။ လောကမှာ ကျေးဇူးတရားကို သိတတ်သူနှင့် ကျေးဇူးတရားကို တုန့်ပြန်တတ်သူတို့သည် ရှားပါး သတ္တ၀ါများ ဖြစ်ကြသည်။ ထိုနှစ်မျိုးလုံးကို ပြုလုပ်နိုင်သူကား မင်္ဂလာအပေါင်းနှင့် ပြည့်စုံသူဟု ဆိုကြသည်။ ကျေးဇူးသိတာ၊ ကျေးဇူးတုန့်ပြန်ခြင်သည် သူတော်ကောင်း အထိမ်းအမှတ် ဖြစ်သည်။

လူဆိုသည်
လူဆိုတာ အသိဥာဏ်ရှိသူကို ဆိုလိုသည်၊ တိရစ္ဆာန်ထက် ထူးသော ပိုသော အသိရှိနေ၍ လူဟူ၍ဆိုအပ်၏၊ လူသည် ဤကား ကုသိုလ် ဤကား အကုသိုလ်ဟူ၍ သိ၏၊ တိရစ္ဆာန်ကား မသိ။ လူသည် အေးမြသော မေတ္တာ၊ နုညံ့သော ကရုဏာ၊ မွန်မြတ်သော မုဒိတာ၊ သိမ်မွေ့သော ဥပေက္ခာ စတဲ့ မြင့်မြတ်သော စိတ်ရှိ၏ တိရစ္ဆာန်ကား မရှိ။ လူသည် အရှက်ရှိသည်၊ အကြောက်ရှိသည်၊ တိရစ္ဆာန်များကား အရှက်မရှိ၊ အကြောက်မရှိ၊ မည်သူ့ကိုမှ မရှက် မကြောက်ဘဲ မိမိသွေးသားဆန္ဒအတိုင်း လမ်းမအလည်မှာ ကာမဂုံအလုပ်ကို လုပ်နိုင်ကြသည်။ လူဟုဆိုသော သတ္တ၀ါသည်ကား ထိုသို့သော ဆန္ဒရှိသည်တိုင် အရှက်တရား အကြောက်တရားကြောင့် ဟန်ဆောင်နိုင်သည်၊ ထိန်းနိုင်သည်။ အဟိတ် တိရစ္ဆာန်များကား ဟန်မဆောင်နိုင်၊ မထိန်းနိုင်ဘဲ စိတ်ရှိတိုင်း ဆန္ဒရှိတိုင်း ပျော်ပါးနိုင်သည်၊ စိတ်အလို ဆန္ဒအလို လိုက်သည်၊ ကာမသုခလ္လိကာ-နုယောဂ အကျင့်ကို ကျင့်သည်။ လူဟုဆိုသော သူများက စိတ်အလိုကို မလိုက်၊ စိတ်အလိုကို လိုက်မိသောအခါ ယုတ်ညံ့သော အလုပ်ဖြစ်၍ အကျိုးမဲ့ကို ဖြစ်စေသည်။ မိမိစိတ်ကို မထိန်းနိုင်ဘဲ၊ အလိုတဏှာကို ဟန်မဆောင်နိုင်ဘဲ စိတ်အလို လိုက်သူတိုင်းသည် တိရစ္ဆာန်လို လူသားဖြစ်သွားသည်။

လူသည် ဂုဏ်ကျေးဇူးကို သိတတ်သူဖြစ်သည်၊ တိရစ္ဆာန်များကား ဂုဏ်တွေ၊ ကျေးဇူးတရားတွေကို နားမလည်၊ ကျေးဇူးတရား ပြန်လည်တုံ့ပြန်ဖို့ဆိုတာ ဝေးစွ၊ သို့သော်လည်း သူတို့ကို ထိပါးလာလျှင်၊ သူတို့အကျိုးမဲ့ကို လုပ်ခဲ့ရင်တော့ အဲဒီရန်ငြိုးကိုတော့ တုန့်ပြန်တတ်သည်။ သို့သော်လည်း လူလောက် အသိဥာဏ်မရှိ၊ အဟိတ်ဖြစ်နေပေမဲ့ ကျေးဇူးတရား သိတတ်သော တချို့ပါရမီရှိ ဘုရားအလာင်း တိရစ္ဆာန်များလည်း ရှိသေးသည်။ လူဆိုသူများက ထိုအဟိတ် တိရစ္ဆာန်များထက် ပို၍ပင် ကျေးဇူးတရား သိတတ်ရမည်။ လူ ဆိုသည်ကား အဟိတ်တိရစ္ဆာန်များထက် ကျေးဇူးတရားကို ပိုသိတတ်သည်၊ ထိုကျေးဇူးတရားကို ပြန်တုန့်ပြန်ဖို့လည်း နားလည်သည်၊ နားလည်သည်အလျှောက် တုန့်ပြန်တတ်ကြသည်။ သို့သော်လည်း ရန်ငြိုးကို ရန်ဖြင့် ပြန်လည် တုန့်ပြန်ပါက တိရစ္ဆာန်နဲ့ တူသွားပါလိမ့်မည်။ လူသား စင်စစ်ကား တိရစ္ဆာန်များထက် အသိရော အကျင့်ပါ ထူးနေရပါမည်၊ တူနေလျှင် တိရစ္ဆာလို လူသားဖြစ်သွားပါမည်။

လူ (၄) မျိုး

လောကမှာ လူ လေးမျိုးရှိသည်ဟု ၀ိမာန၀တ္ထုအဋ္ဌကထာတွင် ဆိုထားသည်။ ငရဲသားလူ၊ ပြိတ္တာလူ၊ တိရစ္ဆာန်လူနှင့် ပရမတ္ထလူ (လူစစ်စစ်)ဟူ သတည်း။

သူများအသက် သတ်ခြင်း၊ သူများ ပစ္စည်း ခိုးခြင်း၊ လိမ်ညာ လှည့်ပတ် ကောက်ကျစ်ခြင်း၊ သူများ သားမယား ကျူးလင့်ခြင်း၊ မူးယဇ်ဆေးဝါးသုံးစွဲခြင်း၊ စတဲ့ ဒုစရိုတ်တွေ ကျူးလွန်းခြင်းကြောင့် အရာရှိကြီးများ၏ ညှင်းပန်းနိပ်စပ်ခံနေရသည်၊ ထိုသူများသည် လူသားဖြစ်ပါလျှက် ကိုယ့်အပြစ်နဲ့ကိုယ် ငရဲသားများကဲ့သို့ အငြင်းဆဲဒဏ်ခံနေရသော ကြောင့် ငရဲသားလူ (နေရယိကမနုဿ) မည်သည်။

လူသားဖြစ်ပါလျှက် လူချင်းတူအောင် မနေရ၊ ငတ်ငတ်ပြတ်ပြတ်နေရသည်၊ အစာရေစာ မ၀သဖြင့် ဟိုဟိုဒီဒီ ခြေသလုံးအိမ်တိုင် လျှောက်သွားနေရသည့်ဘ၀၊ ထိုသို့ပင် ပင်ပင်ပန်းပန်း လှည့်လည်သွားနေရပေမဲ့ အစားအစာ၊ အ၀တ်၊ နေစရာ၊ ကျန်းမာရေး စသည် ချို့တဲ့နေခြင်းသည် ပြိတ္တာဘ၀နှင့်တူလှသည်။ (ပေတမနုဿ)

လူသားစင်စစ်ဖြစ်ပါလျှက် သူတစ်ပါးခိုင်းတာလုပ်နေရတဲ့ ဘ၀၊ သူတစ်ပါးဝန်တွေကို ထမ်းနေရတဲ့ဘ၀၊ လုပ်သင့်လုပ်ထိုက်သည်ကို နားမလည်၊ အပြစ်ရှိ မရှိသည်ကိုလည်း မသိ၊ အသိဥာဏ်မရှိသဖြင့် သူတစ်ပါး ခြိမ်းခြောက်ခံနေသည့် ဘ၀တို့သည် တိရစ္ဆာန်ဘ၀နဲ့ ဘာမှ မခြားဖြစ်သည်။ (တိရစ္ဆာနမနုဿ)

စတုတ္ထမြောက် လူသားကတော့ လူပီသသူဖြစ်သည်၊ အပြစ်ဟုတ်သည် မဟုတ်သည်ကိုလည်း သိသည်၊ ပြုလုပ်သင့်ပြုလုပ်သည်ကိုလည်း ပြုသည်၊ မလုပ်သင့်မလုပ်ထိုက်သည်ကို ရှောင်သည်၊ အရှက်၊ အကြောက်ရှိသည်၊ ကောင်းကံ မကောင်းကံနှင့် ထိုကံတို့၏အကျိုးကိုလည်း နားလည် သဘောပေါက် ယုံကြသည်၊ ကြင်နာတတ်တဲ့ နှလုံးသားရှိသည်၊ သံဝေဂ အသိဥာဏ်ရှိသည်၊ ပုညကိရိယ စသော သူတစ်ပါးကောင်းကျိုး အလုပ်တွေကို လုပ်တတ်သည်။ လူသားဖြစ်လျှက် လူသားတို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေ၊ ကျေးဇူးတရားတွေကို သိလည်းသိ လုပ်လည်းလုပ်တတ်သူကို လူသားပီသသူ၊ လူသားစစ်စစ် (ပရမတ္ထမနုဿ) ဟုခေါ်သည်။

လူနဲ့တူသူ လူပီသသူ၊ လူစစ်စစ် ဖြစ်သူတို့သည် လူတို့၏တာဝန်တွေကို ကျေပွန်ကြသည်၊ လူသားတစ်ယောက် ဖြစ်လာလျှင် လူသားတွေရဲ့ တာဝန်တွေရှိသည်၊ ဆရာနဲ့တပည့်တို့ တာဝန်၊ မိဘနှင့် သားသမီးတို့တာဝန်၊ လင်နှင့်မယားတို့ တာဝန်၊ မိတ်ဆွေတာဝန်၊ ခေါင်းဆောင်နှင့် နောက်လိုက်တို့ တာဝန် စသည်ဖြင့် တာဝန်တွေ အသီးသီးရှိကြသည်။ လူပီသသူတို့ ကျလာသည့် တာဝန်ကို ကျေနပ်စွာ ထမ်းဆောင်ကြသည်။ ဒါ့ပြင် သက်ရှိတွေအပေါ် တာဝန်ရှိသလို၊ လူသားမဟုတ်တဲ့ သတ္တ၀ါနှင့် သက်မဲ့တွေအပေါ်မှာလည်း တာဝန်ကျေဖို့လိုသည်။

လူသားနဲ့လူ့ပတ်ဝန်းကျင်

လောကကြီးထဲတွင် ကိုယ်တစ်ယောက်တည်း ရှိနေသည်မဟုတ်၊ ကိုယ်တစ်ယောက်တည်း အထီးကျန်စွာ နေ၍လည်း မဖြစ်။ မိမိမှတစ်ပါး အခြားလူများလည်း ရှိကြသေး၏။ ကမ္ဘာ့ကနဦးကပင် လူ့ယဉ်ကျေးမှု မပေါ်မီကထဲက လူတို့သည် မိသားစု၊ အသင်းအဖွဲ့၊ အုပ်စု အားဖြင့် အတူယှဉ်တွဲ နေလာခဲ့ကြသည်။ မိမိမှတစ်ပါး တခြားလူ၊ တခြားမိသားစု၊ တခြားအသင်းအဖွဲ့တို့သည်လည်း သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ကျေးဇူးရှိသူများဖြစ်ကြသည်။ မေတ္တာပွားခြင်း၊ ကရုဏာထားခြင်းစတဲ့ လူ့အသိုင်းအ၀ိုင်းတွင် ရှိသင့်ရှိထိုက်သော ဗြဟ္မ၀ိဟာရ လေးပါး ရှိနေခြင်းဖြင့် အပြန်အလှန် ကျေးဇူးတရား သိကြသည်၊ ကျေးဇူးဆပ်ကြရသည်။ ကိုယ့်ထက်ကြီးသူကို ဂါရ၀ထား ပူဇော်ခြင်း၊ ကိုယ့်အောက်ငယ်သူကို နိဝါတထား ချီးမြှောက်ခြင်းတို့ကလည်း လူ့အသိုင်းအ၀ိုင်း၊ လူ့ပတ်ဝန်းကျင်အတွက် ရှိသင့်ရှိထိုက်သော ကျေးဇူးသိခြင်း၊ ကျေးဇူးဆပ်နည်းများ ဖြစ်ကြသည်။

လူသားနဲ့ လူသားမဟုတ်သော ပတ်ဝန်းကျင် 
လူသားမဟုတ်သော်လဲ လူသားဆန်တဲ့ ပတ်ဝန်းကျင်တစ်ခုက ကျေးငှက်တိရစ္ဆာန်များ၊ ရေ၊ မြေ၊ တော၊ တောင်၊ သစ်ပင်စသော ရုပ်လောကဖြစ်သည်။ လူတို့သည် သဘာဝကပေးတဲ့ ကျွဲ၊ နွား၊ ဆင် စတဲ့ တိရစ္ဆာန်အကြီးစားနဲ့ ကျေးငှက်ကအစ ပိုးရွချပုံးအထိ သေးငယ်တဲ့ သက်ရှိသတ္တ၀ါတွေနဲ့ အတူယှဉ်တွဲနေကြရသည်။ ထိုအရာဝတ္ထု၊ ထိုသတ္တ၀ါများနဲ့ လိုက်လျောညီထွေ နေကြရသည်။ သူတို့ မရှိဘဲ လူ့လောကကြီးသည် ရပ်တည်၍ မဖြစ်။ သူတို့သည်လည်း လူသားမရှိဘဲ ရပ်မတည်နိုင်၊ သူတို့နေတဲ့ ကမ္ဘာကို လူသားတွေကပဲ ထိမ်းသိန်းနိုင်သည်၊ လူသားတွေကပဲ ဖျက်ဆီးသည်၊ ထိမ်းသိန်းတဲ့ လူသားဆန်တဲ့ လူရှိခြင်းကြောင့် ထိုသဘာဝ ရေမြေ တောတောင်တို့၊ သက်ရှိသတ္တ၀ါတို့ ရေရှည်တည်တံ့ တည်တန့်ခိုင်းမြဲလျက်ရှိသည်။ လူသားများသည်လည်း ထို သက်ရှိ သက်မဲ့တို့သည်လည်း လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးကို ကျေးဇူးပြုနေဆဲ၊ ဖြစ်သည်။ ဤသို့အားဖြင့် အပြန်အလှန် ကျေးဇူးတရားများရှိသည်ဖြစ်၍ ကျေးဇူးပြုရမှာ ဖြစ်သည်။ ဗြာဟ္မဏ၀ါဒတွင် သက်မဲ့ဝတ္ထုတွေကို ပူဇော်ခြင်းသည် ဘူတယညဟုခေါ်သည်။ သက်မဲ့တွေရဲ့ ကျေးဇူးကို ပြန်လည်တုံ့ပြန်ခြင်းပင် ဖြစ်သည်။

ထိုရေ မြေ၊ တောတောင်၊ ကျေးငှက်စတဲ့ သက်ရှိ သက်မဲ့တွေကို ထိမ်းသိန်းစောင့်ရှောက်ခြင်း၊ ကာကွယ်ခြင်းဖြင့် ကျေးဇူးဆပ်ရာ ရောက်သည်။ ထိုသို့ကဲ့သို့ ကျေးဇူးရှိသူများကို သဘာဝပတ်ဝန်းကျင်လို့ခေါ်တဲ့ သက်ရှိသက်မဲ့တို့က ပြန်လည် စောင့်ရှောက်သည်။ ထိုသဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးလျှင် သူတို့က တန်ပြန်သက်ရောက်မှုအနေဖြင့် ဖျက်ဆီးလိမ့်မည်။ ယနေ့ မြေပြိုခြင်း၊ ရေကြီးခြင်း၊ မြေငလျှင်လှုပ်ခြင်း၊ မိုးကြီးကြီးခြင်း စတဲ့ သဘာဝဘေးဒဏ်တို့ မည်သည် နတ်ဆိုး၊ မည်သည့် တန်ခိုးရှင်ကမှ ပြုလုပ်သည် မဟုတ်၊ မိမိတို့ကိုယ်တိုင် ပြုလုပ်ခြင်းဖြစ်သည်၊ မိမိတို့ကိုယ်တိုင် သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်း စော်ကားခြင်းတို့ကြောင့် တန်ပြန် သက်ရောက်မှု အကျိုးများပင် ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ် သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးတို့သည် တကမ္ဘာလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ဖို့ လိုသည်၊ သဘာဝပတ်ဝန်းကျင်ကို ကျေးဇူးသိတက်ခြင်းနှင့် ကျေးဇူးဆပ်ခြင်းတို့သည် အရေးတကြီးလိုအပ်နေသည်။
စာပေမှာ လောက၌ အမြဲတစေ ပူဇော် စောင့်ရှောက်ရမည့် သူ ငါးဦးရှိသည်။ (က) ရိုးရာနှင့် မျိုးရိုးအစဉ်ဆက်၊ (ခ) ဆရာသခင်ကျေးဇူးရှင်၊ (ဂ) မြင့်မိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးကြီးလှ မိနှင့်ဖ၊ (ဃ) မိမိပတ်ဝန်းကျင်ရှိ လူသားများ နှင့် (င) ကျေးငှက်တိရစ္ဆာန်များ အပါဝင် ပတ်ဝန်းကျင် ရုပ်လောက ဖြစ်သည်။ ထိုသူ ငါးဦးတို့သည် ကျေးဇူးရှိသူများ ဖြစ်ကြရကား ကျေးဇူးသိတတ်သူတို့အတွက် ကျေးဇူးဆပ်ခြင်းဖြင့် ပူဇော်ရာရောက်သည်။ ပတ်ဝန်းကျင်နှင့် သက်ရှိသက်မဲ့များကို ကျေးဇူးဆပ်နည်းကား အထက်ပါအတိုင် အပြန်အလှန် ထိမ်းသိန်း ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်။

နိဂုံးချုပ်သော်
လောကကြီးကို မေတ္တာဖြင့် ကြည့်လျှင် ချစ်စရာကောင်းသည်ကို မြင်ရမည်၊ ကရုဏာဖြင့် ကြည့်လျှင် စာနာထောက်ထားသည့် ကြင်နာမူ့တွေကို တွေ့ရမည်၊ မုဒိတာဖြင့် ကြည့်လျှင် ၀မ်းသာစရာတွေ၊ ပျော်ရွှင်စရာတွေ၊ ပီတိဖြစ်စရာတွေ တွေ့ရမည်၊ ဥပေက္ခာဖြင့် ကြည့်လျှင် လူသားအချင်းချင်း ခွဲခြားမှု မရှိတော့ဘဲ လူလူချင်း အတူတူပင် မြင်ရတော့မည်။ ထို့ကြောင့် လောကကြီး အေးချမ်းဖို့ဆိုသည်မှာ လူကို လူဟု မြင်တတ်သော အခြေခံသူတော်ကောင်းတရား လေးပါးဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာတရား လက်ကိုင်ထား၍ ကျေးဇူးတရားများကို အပြန်အလှန် သိတတ်ခြင်း၊ အပြန်အလှန် ပေးဆပ်ခြင်းပင် ဖြစ်သည်။ ထိုမှသာလျှင် လူသားဆန်သော လူပီသသော ပရမတ္ထမနုဿဖြစ်ပါတော့မည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၃-၂၀၁၃

29 June 2013

ရဟန်းတော်များ ကြောင်းကြောင်းကြကြ ရှိသင့်

“အမျိုးဘာသာ-သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်း သြ၀ါဒခံယူပွဲ” 
 ဂုဏ်ပြုပို့စ်

စာမိတ်ဆက်
အင်တာနက် ဖေ့ဘုတ်ပေါ်မှာ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး လှုပ်ရှားမှုနဲ့ပက်သက်ပြီး သံဃာတွေအပေါ် တော်တော်ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ်တာတွေ တွေ့နေရတယ်၊ စိတ်မကောင်းစရာပဲ၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဒီလောက် ပုတ်ခတ်လိမ့်မည်ဟု မထင်။ ၂၇-၆-၂၀၁၃ နေ့က သီတဂူဆရာတော်ကြီးတို့ ဦးဆောင်ပြီး “အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်း သြ၀ါဒခံယူပွဲ” သတင်းတွေ လိုက်ဖတ်တော့ တလွဲဆံပင်ကောင်းနဲ့ ကွန်မန့်တွေ သွားတွေ့ရတယ်၊ ဆဲရေး ပုတ်ခတ်တာတွေလဲ တွေ့ရတာ အတော်ကို စိတ်မကောင်းစရာပါ။ အများစုကတော့ မိကောင်းဖခင် သားကောင်း သမီးကောင်း ပီပီ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးသည်၊ လက်ခံနေသည်ကိုလည်း တွေ့ရသည်။ စာရေးသူ၏ ဖေ့ဘုတ်မှာလဲ လွန်ခဲ့ ရက်ပိုင်းများ “ဝေဖန်ပါ၊ မဆဲပါနဲ့”ဟူသော ခေါင်းစဉ်ဖြင့် အကြံပေး စာလေးတစ်စောင် ရေးခဲ့ဖူးသည်။ ဒီကနေ့လဲ နိုင်ငံနဲ့ လူမျိုး၊ ဘာသာသာ သာသနာ၊ ယဉ်ကျေးမှုအတွက် အားတက်သရော ကြောင်းကြတော်မူကြသော ရဟန်းတော်များကို ကြည်ညိုမိရင်း မြတ်မဗုဒ္ဓ၏ သားတော် ဖြစ်ကြသော အရှင်မောဂ္ဂလာန်ကို တမ်းတမိ၍ ဤပို့စ်လေး ဖြစ်လာရသည်၊ ရေးမိရေးရာ ရေးမိသည်ကိုတော့ မုဒိတာလေး ပွားပေးကြပါ။

နိုင်ငံသားတိုင်းတာဝန်
နိုင်ငံတိုင်းမှာ ကိုယ့်ယုံကြည်ချက်နဲ့သူ ရှိကြသည်၊ ကိုယ်ကိုးကွယ်တဲ့ဘာသာကို ကိုယ်ကာကွယ်ရမည့် တာဝန်သည် လူတိုင်းရဲ့ တာဝန်ဖြစ်သည်၊ ကိုယ့်ယဉ်ကျေးမှုသည် ကိုယ့်ဘာသာရဲ့ အစွယ်အပွားဆိုတာ မမေ့ဖို့လိုသည်။ ဘာသာနဲ့ ယဉ်ကျေးမှု ခွဲခြားမရပါ၊ ကိုယ့်နိုင်ငံ ယဉ်ကျေးမှုကို ကာကွယ်ဖို့ ကိုယ့်နိုင်ငံမှာရှိသည့် လူတိုင်းမှာ တာဝန်ဖြစ်သည်။

လူဆိုသည်မှာ အသိုင်းနဲ့ အ၀ိုင်းနဲ့ နေကြရသည်ဖြစ်၍ မိသားစုအရေးမှာလဲ တာဝန်မဲ့ မနေသင့်သလို လူမှုရေး၊ နိုင်ငံရေးမှာလဲ တာဝန်မဲ့ မနေသင့်၊ ကြောင်းကြမဲ့ မနေသင့်။ ကိုယ့်မိသားစုအရေး ကိုယ့်အရေး ဖြစ်သည်၊ ကိုယ့်နိုင်ငံအရေး ကိုယ့်အရေးဖြစ်သည်၊ ကိုယ့်လူမျိုးအရေး ကိုယ့်အရေးဖြစ်သည်၊ ကိုယ့်ဘာသာ အရေး ကိုယ့်အရေးဖြစ်သည်။ ကိုယ့်ယဉ်ကျေးမှုအရေး ကိုယ့်အရေးဖြစ်သည်။

လူဝတ်ကြောင်တွေမှာ လူ့လောက တာဝန်တွေအတွက် ကြောင်းကြမဲ့ မနေသင့်ဘဲ၊ တက်တက်ကြွကြွ ရှိနေသင့်သလို၊ သာသနာနှင့် ယဉ်ကျေးမှုကို ဦးဆောင်ကြသော ရဟန်းတော်များကလဲ သာသနာနှင့်ယဉ်ကျေးမှုအတွက် တက်တက်ကြွကြွ ရှိနေသင့်၏။ လူဝတ်ကြောင်တွေ အရေး ဒို့ရဟန်းတော်များနှင့် မဆိုင်ဘူး၊ ဘာမှ ၀င်ရောက် လုပ်စရာ မလိုဘူးဟူ၍ ကြောင်းကြမဲ့ မနေသင့်၊ သာသနာ၊ ယဉ်ကျေးမှုနှင့် ထိုသာသနာနှင့် ယဉ်ကျေးမှုများကို ဦးဆောင်ပါဝင် ထမ်းဆောင်နေကြသော ရဟန်းတော်များသည် လူဝတ်ကြောင်များကို အမှီပြု၍နေကြရသည်၊ လူဝတ်ကြောင်များနှင့် ကင်း၍မရ၊ လူဝတ်ကြောင်များသည် သာသနာအတွက် ကျေးဇူးကြီးမားသူများ ဖြစ်ကြသည်။ ကိုယ့်သာသနာ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်တိုင်းပြည်ကို ရဟန်းသံဃာရော လူဝတ်ကြောင်တွေပါ တစ်ယောက်ကို တစ်ယောက် အမှီပြုပြီး ညီညီညွတ်ညွတ်နဲ့ ကာကွယ်ရမှာ ဖြစ်ပါသည်။ ထို့ကြောင့် ကျေးဇူးရှိသော လူဝတ်ကြောင်များကို နည်းမှန် လမ်းမှန် ရောက်အောင် လမ်းပြ ဦးဆောင်ပေးသင့်သည်။ ကြောင်းကြမဲ့၍ မနေသင့်။

အညာမြေရဟန်းတော်များ
ထိုကဲ့သို့ သာသနာ၊ ယဉ်ကျေးမှုနှင့် ကိုယ့်ကျေးဇူးရှင်များကို ကာကွယ်ပေးဖို့၊ စောင့်ရှောက်ပေးဖို့ တာဝန်ရှိနေသည်ကား မှန်သည်။ ကျေးဇူးရှိ လူဝတ်ကြောင်တွေကို အိမ်ရဲ့ တာဝန်၊ မိသားစု စားဝတ်နေရေးတွေ ထမ်းပြီး ကျေးဇူးဆပ်ဖို့ မဟုတ်ဘဲ၊ နည်းမှန် လမ်းမှန်ရောက်ဖို့ ညွှန်ပြပေးခြင်းဖြင့် ကျေးဇူးဆပ်ရာ ရောက်သည်။ သို့သော်လည်း တခါတရံ ညွှန်ကြားဖို့ အချိန်မပေးတဲ့အခါ အရေးပေါ် အထုပ် ၀ိုင်းထမ်းသင့်ရင် ထမ်းရမည်။

အညာမြေသည် အေးချိန်တန် အလွန်အေးသည်၊ ပူချိန်တန် အလွန်ပူသည်၊ ရာသီဥတု ကြမ်းသည်။ ဆောင်းအကူး နွေဦးပေါက်ချိန်၊ သစ်ပင်သစ်ရွက် ခြောက်သွေ့ချိန်၊ အညာမြေတခွင်လုံး ခြောက်သွေ့ချိန်မှာ မီးအန္တရာယ် စိုးရိမ်ရသည်၊ နေရာအနှံ့အပြား မကြာမကြာ မီးလန့်ကြသည်၊ မီးသင့်တိုင်း၊ မီးလောင်တဲ့ အချိန်တိုင်း၊ မီးသက်ကား ဥသြသံ ကြားတိုင်း နီးစပ်ရာ ကျောင်းတိုက်ရှိ တစ်တိုက်လုံး ရဟန်းတော်များက ဆွဲမိဆွဲရာ ဆွဲပြီး မီးလောင်ရာ နေရာသို့ အပြေးလာကြရသည်၊ တချို့ဆို ဖိနပ်တောင် မစီးနိုင်ဘဲ ပြေးလာကြရသည်၊ ထမိန်ထုပ်ကော ဘာကော မစဉ်းစား၊ တွေ့ရာအထုပ် ဆွဲထုတ်ပြီး ဘေးလွတ်ရာ သယ်ပေးကြသည်။ တခါတရံ မီးဝိုင်းခံနေရတဲ့ အမျိုးသမီးတွေကိုတောင် ထမ်းခေါ်ထုတ်ရသည်၊ ကိုယ့်ကျေးဇူးရှိသည့် ဒကာ

ဒကာမတွေ မီးလန့်နေချိန် တစ်တပ်တစ်အား ကူညီခြင်းပဲ ဖြစ်သည်။ ဒီလို အကူညီပေးခြင်းကြောင့် “ဒါက ပရိယတ်လဲ မဟုတ်၊ ပဋိပတ်လဲ မဟုတ်၊ ရဟန်းအလုပ်မဟုတ်ဘူးလို့” ဘုရားရှင်ကလဲ မတားမြစ်ခဲ့ဘူး၊ ဘေးထိုင် ဘုပြောသမားတွေကတော့ အားအားယားယားနဲ့ ရဟန်းအလုပ်မဟုတ်ဘူးဟု ပြောလိမ့်မည်။

အလ္လာအရှင်မြတ်ရဲ့တမာန် ဖြစ်ဖူးတဲ့ စာရေးသူ
စာရေးသူ ရဟန်း၊ သာမဏေ ၁၃၀၀ လောက်ရှိတဲ့ တောင်မြို့၊ မဟာဂန္ဓာရုံမှာ နေစဉ်က နာယကချုပ်ဆရာတော်များကလဲ နွေရာသီရောက်တိုင်း အမိန့်ရှိလေ့ရှိသည်မှာ “ဦးဇင်းတွေ၊ ကိုရင်တွေ၊ ဘယ်နား မီးလောင်လောင်၊ ကြားတဲ့နေရာ မြင်တဲ့ နေရာကနေ တွေ့ရာ ရေပုံးဆွဲပြီး ပြေးကြ၊ ၀ိုင်းဝန်း ကူညီကြ”ဟူပင် ဖြစ်သည်။

တခါက (စာရေးသူ ရဟန်းမဖြစ်ခင်က) အမရပူမြို့ထွက် စစ်ကိုင်းဘက်သွားသည့်လမ်းမှာ ဘုံးအိုးရွာဆိုတာ ရှိသည်၊ အိမ်ခြေ ၁၀၀၀ ကျော်ရှိမည်၊ ထိုတစ်ရွာလုံးသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည့် ရွာဖြစ်သည်၊ ယက်ကန်း၊ အမှတ် (၈) မော်တော်ယဉ်လုပ်ငန်းများနှင့် တောင်သမန်အင်းမှာ ငါးဖမ်း၊ ခရုကောက်လုပ်ငန်းများဖြင့် အသက်မွေးပြုကြသည်၊ ဗလီတွေလည်း အမြောက်အများရှိသည်။ မဟာဂန္ဓာရုံကျောင်းတိုက်နဲ့ဆိုရင် ၃ မိုင်ကျော်လောက်ဝေးသည်၊ တစ်နေ့တော့ ထိုရွာ မီးအကြီးအကျယ် လောင်သည်၊ တော်တော်များများ ကုန်သွားသည်၊ တောင်မြို့ မဟာဂန္ဓာရုံက ရဟန်းတော်များသည် “ကိုယ့်ဘာသာမတူသော်လည်း၊ ကိုယ့်အပေါ် ဆွမ်းသင်္ကန်းစတဲ့ ကျေးဇူးတရား မရှိသော်လည်း လူသားဆိုတဲ့ အသိစိတ်နဲ့”ပဲ အပြေးအလွား သွားရောက်ကူညီကြသည်၊ ထိုအထဲတွင် စာရေးသူလဲ ပါသည်၊ စာရေးသူ၏ သင်္ကန်းမှာ မီးလောင်ပေါက်များစွာနဲ့ ပြန်ခဲ့ရသည်။

ထိုမီးလောင်မြင်ကွင်းမှာ လူတွေ အလ္လာအရှင်မြတ်ကို ကယ်ပါ ယူပါ တစာစာနဲ့ တမ်းတနေကြသည်၊ ဘယ်သူမှ လာမကယ်၊ လာကယ်တာက မြတ်ဗုဒ္ဓရဲ့သားတော်များ ဖြစ်နေသည်၊ သို့သော် မြတ်ဗုဒ္ဓရဲ့သားတော်တွေ လာကယ်တာကိုပဲ အလ္လာအရှင်မြတ်က လွတ်လိုက်တာတဲ့၊ စာရေးသူလဲ အဲဒီရွာရောက်မှပဲ အလ္လာအရှင်မြတ်ရဲ့ တမာန် ဖြစ်ခဲ့ဖူးသည်။ ဒါက တကယ့် အဖြစ်ပျက်၊ ကိုယ်တွေ့ဖြစ်ပါသည်။ ဘာပဲ ပြောပြော လူသားချင်းစာနာသည့် လူသားဆန်တဲ့ ဤကဲ့သို့သောအလုပ်မျိုးကို စာရေးသူတို့ မကြာမကြာ လုပ်ခဲ့ဖူးကြသည်။ ကိုယ်နဲ့မတူ ကိုယ့်ရန်သူဟူ၍ ဘယ်သောအခါမှ သဘောမထားခဲ့။

သာသနာအတွက် ကြောင်းကြမဲ့ မနေသင့်
မြတ်ဗုဒ္ဓက လူသားကို လူသားအနေနဲ့မြင်ပြီး သာသနာပြုခဲ့သည်၊ သူ့ဘာသာသို့ ပြောင်းလာအောင် လူသားတွေကို အဆွယ်တရားမဟော၊ သူ၏မူအတိုင်း ဓမ္မကိုပဲ ပေးသည်၊ သစ္စာတရားကို ပေးသည်၊ နည်းမှန် လမ်းမှန်သို့ ရောက်အောင် ပို့ပေးသည်။ သူချထားတဲ့ မူကို သူ့တပည့်များကို လက်ဆင့်ကမ်း ထမ်းဆောင်စေခဲ့သည်။ သူ့ရဲ့မူအတွက်၊ သူ့သာသနာအတွက် သူ၏တပည့်တွေကို ကြောင်းကြမဲ့ မနေစေလိုဘဲ တက်တက်ကြွကြွနဲ့ အလုပ်လုပ်စေချင်ခဲ့သည်။ “အေးအေးလူလူ၊ နားအေးပါးအေးနဲ့ တောထဲ တောင်ထဲ တစ်ကိုယ်တည်း နေခြင်းထက် သာသနာအတွက် တာဝန်ယူစိတ်ကို ပိုပြီးနှစ်သက်သည်။

တစ်ခါက မြတ်ဗုဒ္ဓသည် သာကီမင်းတို့၏ စာတုမာရွာ၌ သီတင်းသုံးစဉ် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန် မထေရ်နှစ်ပါးတို့သည် မြတ်ဗုဒ္ဓမမြင်ဖူးကြသေးသော တောရွာများမှ ရဟန်းငယ် ငါးရာကို ခေါ်လာသည်။ ကျေးတောသား ရဟန်းငယ် ငါးရာ ဆူညံနေအောင် စကားတွေ အကျယ်ကြီးပြောကြသည်၊ တစ်ယောက်နဲ့ တစ်ယောက် အော်ကြီးဟစ်ကျယ် လှမ်းခေါ်ကြသည်။ မြတ်ဗုဒ္ဓသည် ပင်ကိုယ်က ဆူညံတာ မကြိုက်၊ သူ့သာသနာကိုလဲ တိတ်ဆိတ် ငြိမ်သက်၊ အေးချမ်းမှုဖြင့် တည်ဆောက်ထားသည်။ မြတ်ဗုဒ္ဓက ဆရာဖြစ်သူ အဂ္ဂသာဝကနှစ်ပါးနှင့် တပည့် ငါးရာတို့ကို ကျောင်းတိုက်က နှင်ချလိုက်သည်။ သာကီဝင်မင်းသားများက မြတ်ဗုဒ္ဓကို တောင်းပန်လိုက်မှ ပြန်ခေါ်သည်။

ပြန်ရောက်လာသော အရှင်သာရိပုတ္တရာကို မြတ်ဗုဒ္ဓက “ငါ့ဘုရား နှင်ထုတ်လိုက်တော့ ဘယ်လို ခံစားရလဲ”လို့ မေးလိုက်သောအခါ “ယခု မြတ်ဗုဒ္ဓသည် သံဃာ့ပရိသတ်အပေါ် ကြောင်းကြစိုက်တော်မမူဘဲ ဖိုလ်ချမ်းသာများ ခံစားကာ နေလိုတော်မူပြီ၊ တပည့်တော်တို့လည်း မြတ်ဗုဒ္ဓနည်းတူ သံဃာ့တာဝန်ကို ကြောင်းကြကင်းစွာ အေးချမ်းစွာ နေတော့မည်ဟူသော စိတ် ဖြစ်ပါသည်ဘုရား”ဟု မထေရ်က ဖြေလိုက်သည်၊ မြတ်ဗုဒ္ဓသည် သာဓုခေါ်တော်မမူဘဲ နေအုံး အဲဒီလို မလုပ်သေးနဲ့အုန်းဟု တားမြစ်သည်။

အရှင်မောဂ္ဂလာန်ကို ထိုမေးခွန်းမေးတော့ “မြတ်ဗုဒ္ဓသည် သံဃာ့ပရိသတ်အပေါ် ကြောင်းကြောင်းကြကြ မရှိဘဲ နားအေးပါးအေးနေလိုပြီ၊ တပည့်တော်နှင့် အရှင်သာရိပုတ္တရာတို့က သံဃာ့ပရိသတ်တာဝန်၊ သာသနာ့တာဝန်များကို ကြောင်းကြတော့မည်၊ ထမ်းဆောင်တော့မည်”ဟု ခံစားမိကြောင်း မထေရ်က လျှောက်တော့၊ မြတ်ဗုဒ္ဓ သာဓုခေါ်သည်။

တကယ်တော့ သံဃာ့ပရိသတ်ကို ခိုင်ခိုင်ခန့်ခန့်နဲ့ ထာဝစဉ်ရှိစေချင်သည်၊ သံဃာရှိမှ ဓမ္မရှိမည်၊ ဓမ္မရှိမှ ဗုဒ္ဓရှိမည်။ လောကတွင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါး ရှိနေပါမှ တကယ့်ချမ်းသာစစ် ချမ်းသာမှန် ရှိလိမ့်မည်။ ရတနာသုံးပါးသည် ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု အုတ်မြစ်ဖြစ်သည်၊ ယဉ်ကျေးမှုဆင်းသက်လာရာ မူလဘူတ ဖြစ်သည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက သူ၏ တပည့်များကို သံဃာ့ပရိသတ်၊ သံဃာ့တာဝန်၊ သာသနာတော်ရဲ့ တာဝန်တွေကို အားတက်သရော ပါဝင် ဆောင်ရွက်စေလိုသည်။ သာသနာနှင့်ပက်သက်လာလျှင်၊ သံဃာနှင့်ပတ်သက်လာလျှင် သွေးအေးမနေစေလိုသည်မှာ မြတ်ဗုဒ္ဓ အစစ်အမှန် စိတ်ထားဖြစ်သည်။

မြန်မာနှင့် သံဃာ

မြန်မာလူမျိုးများတွင် အချို့သည် ရဟန်းသံဃာများကို ဘာမှ မလုပ်စေဘဲ တရားပဲထိုင်၊ စာပဲ ကျက်စေချင်ကြသည်၊ တချို့သော သူများကတော့ သာသနာရေးမှာ သွေးအေးမနေသလို လူမျိုးနှင့် နိုင်ငံအတွက်ပါ သွေးအေး မနေစေလိုကြ။

ယနေ့ခေတ်သည် မြတ်ဗုဒ္ဓပွင့်တော်မူခဲ့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀၀ ခေတ်နဲ့မတူသည်ကို အားလုံး လက်ခံကြရပေလိမ့်မည်။ ထိုခေတ် ထိုအခါက လူဦးရေထူထပ်မှု နဲသည်နဲ့အမျှ လောဘဖြစ်စရာလဲ နဲသည်၊ ဒေါသဖြစ်စရာလဲနဲသည်၊ လူတွေကို ထိခိုက်စေတဲ့ အရာလဲ ဒီနေ့ခေတ်လောက် အလွယ်တကူမရှိခဲ့၊ လောကကြီးရဲ့ သဘာဝအရ ဓမ္မပင်ဖြစ်သည်။ ထိုသဘာဝဓမ္မတွေ၏ အပြောင်းအလဲကို ဓမ္မသံဝေဂယူရင်း အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေ နေတတ်ဖို့လည်း လိုသည်။

ယနေ့ခေတ် နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စိတ်နေ စိတ်ထားတို့သည် ရှေးခေတ်ကနဲ့ မတူသည့်အတွက်ကြောင့် ပိုပြီးတော့ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်သာသနာ၊ ကိုယ့်ယဉ်ကျေးမှုကို ပိုပို တိုးပြီး စောင့်ထိန်းဖို့ အချိန်ဖြစ်သည်။ ရဟန်းတော်များလည်း ကိုယ်လုပ်လို့ ရတဲ့ နေရာကနေ ပါဝင်ဖို့ အချိန်ကျလာသည့်ခေတ်ဖြစ်သည်၊ တောထဲ တစ်ကိုယ်တည်းနေ မဂ်ပေါက် ဖိုလ်ပေါက် ကျင့်နေဖို့ အချိန်တောင် မရတော့တဲ့ ခေတ်ဖြစ်နေသည်။ မြတ်ဗုဒ္ဓကလဲ သူ့ရဲ့တပည့်တွေကို ကြောင်းကြမဲ့နေခြင်းထက် တက်တက်ကြွကြွနဲ့ သာသာနာအရေး၊ သံဃာရေးကို ပိုပြီး လုပ်စေလိုသည်။ မင်းကွန်းဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီးတို့သည် “ဒီဘ၀ ဒီမျှ ကိလေသာကုန်ပြီး ရဟန္တာမဖြစ်ချင်လိုကြ၊ သာသနာအတွက် နိုင်ငံအတွက် အလုပ်လုပ်ချင်ကြသည်”ဟု မကြာမကြာ မိန့်သည်ကို ကြားဖူးသည်။ ကမ္ဘာကျော်ဆရာတော်ကြီးတွေတောင် နားအေးပါးအေး မနေနိုင်ဘဲ သာသာနှင့်လူမျိုးအတွက် ကြောင့်ကြတော်မူကြသည်။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုသည် ထိုသာသနာ သံဃာကနေ ဆင်းသက်လာသည်ကိုလဲ သတိရှိထားဖို့လိုသည်။

တချို့က ရဟန်းတော်များ နိုင်ငံရေး၊ လူမျိုရေး၊ ဘာသာရေး လှုပ်ရှားမှုတွေမှာ ပါဝင်နေသည်ကို သိပ်နားမလည်ဖြစ်နေတတ်သည်၊ လူတစ်စုရဲ့ တို့မီး ရှို့မီး၊ တိုက်သံ ခိုက်သံတွေကို ဖတ်ပြီး ဝေေ၀ ၀ါးဝါးဖြစ်နေတတ်သည်။ ထိုကိုယ့်နိုင်ငံကို ၀ါးမျိုးမည့်သူတွေရဲ့ ဗုဒ္ဓဘာသာအပေါ်ဝေဖန်မှုတွေကို ဖတ်ပြီး ကိုယ့်သဒ္ဓါတရားကို အားနဲစေခဲ့ကြသည်၊ သဒ္ဓါဆိုသည်မှာ အလုပ်ကိစ္စမှန်သမျှအပေါ်မှာ ရှိတဲ့ ယုံကြည်ချက်ဖြစ်သည်၊ သဒ္ဓေါ အာရာဓကော ဟောတိ- ယုံကြည်မှုက အရာအားလုံးကို ပြီးမြောက်စေသည်။ ထိုကြောင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုအပေါ်ထားတဲ့ ယုံကြည်မှု ပြင်းပြင်းထန်ထန် ထားသင့်သည်။ ထိုယုံကြည်ချက်ဖြင့် မျိုးချစ်စိတ်ဓာတ် အားမွေးသင့်သည်၊ မျိုးချစ်ဆိုသည်မှာ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု အားလုံးပါဝင်သည်။ ထိုသို့ဆောင်ရွက်ရာတွင် မြတ်ဗုဒ္ဓက မည်သူ တစ်ဦးတစ်ယောက်ကိုမျှ သွေးထွက်သံယို မဖြစ်စေလို၊ ငြိမ်းချမ်းရေးကိုသာ လိုလားသည်။ သူကိုယ်တိုင် စစ်ပွဲတွေ ဖြစ်တဲ့နေရာတွေ အထိ ငြိမ်းချမ်းရေးတရားများ ဟောခဲ့သည်ကိုလည်း နမူနာယူသင့်လှသည်။ လောကကြီးက လှည့်ပတ်၊ လိမ်ကောက်နေတဲ့ မာယာတွေလဲ အလွန်များလှသည်၊ ရဟန်းတော်များ ထိုမာယာများ၏ သားကောင်များ မဖြစ်ဖို့ သတိကြီးကြီး ရှိနေဖို့လဲလိုသည်။

ရဟန်းသံဃာ သီးသန့်ကြီး မမြင်သင့်

စာရေးသူတို့နိုင်ငံမှာက လူတွေရဲ့ အမြင်မှာ ရဟန်းသံဃာအဖွဲ့အစည်းနဲ့ လူဝတ်ကြောင်တွေကို သီးခြားစီ၊ သီးသန့်ကြီး မြင်နေတာကိုက စာရေးသူအနေနဲ့ သိပ်မကြိုက်လှ၊ ရဟန်းတော်များသည်လည်း ဒီပြည်သူ မိသားစုထဲက မွေးဖွာသူများဖြစ်ကြသည်၊ မိုးပေါ်က အလိုလျောက်ကျလာသူများ မဟုတ်ကြ။ သို့သော် လူတစ်မျိုး ကမ္ဘာတစ်မျိုးလို့တောင် မြင်နေလား မသိ၊ သို့သော်လည်း တိုင်းပြည်အတွက် နိုင်ငံအတွက်၊ သာသနာအတွက်၊ လူမျိုးအတွက်၊ ယဉ်ကျေးမှုအတွက် တစ်သားတည်း ဖြစ်နေသည်ကို မြင်ရတော့လည်း ၀မ်းသာမိသည်။ ဒီအတွေးကို ပြည်ပရောက်လာမှ မြင်မိခြင်းဖြစ်သည်။ ပြည်ပမှာ ရှိတဲ့ တက္ကသိုလ်တွေသည်၊ လူသား- လူမျိုး၊ ဘာသာ မခွဲဘဲ တက္ကသိုလ်တစ်ခုတည်းမှာပဲ ကိုယ်ကြိုက်တဲ့ ဘာသာရပ်ကို ယူပြီး တက်ရောက်နိုင်ကြသည်၊ တက္ကသိုလ်ကြီးကလဲ ဘာသာရပ်အားလုံးနီးပါးကို သင်ပေးနိုင်သည် ဖြစ်၍ ဘာသာရပ်ဌာနတိုင်းမှာ ကျောင်းသားရှိနေသည်၊ မြန်မာနိုင်ငံမှာ ဘာသာရေး သင်တဲ့တက္ကသိုလ်တွေက သီးသန့်ဖြစ်နေသည်၊ ဗုဒ္ဓတက္ကသိုလ်များ၊ ပရိယတ္တိတက္ကသိုလ်များသည် ရဟန်းတော်များအတွက်သာ ဖြစ်နေသည်၊ ဘုန်းကြီးတက္ကသိုလ်ကြီးအနေနဲ့ဖြစ်နေသည်။ လူဝတ်ကြောင် တက္ကသိုလ်တွေမှာ တခြားနိုင်ငံတက္ကသိုလ်တွေလို ဒဿနိကဗေဒ၊ သမိုင်း၊ ဘာသာဗေဒ၊ စိတ်ပညာ၊ ရှေးဟောင်းပညာ စတဲ့ ၀ိဇ္ဇာပိုင်းဆိုင်ရာ ရဟန်းတော်တွေ တက်ရောက်ခွင့်မရှိဖြစ်နေသည်၊ ယခုအခါ ထိုဘာသာရပ်တွေကို သင်ယူဖို့ ရဟန်းတော်များ ငွေကုန်ကြေးကျများပြီး တခြားတိုင်းပြည်က တက္ကသိုလ်တွေဆီသို့ အပင်ပန်းခံ သွားနေကြရသည်။ ပြည်ပရောက် မြန်မာရဟန်းတော်များ တစ်ထောင်ကျော်ရှိသည်၊ တစ်ပါးလျှင် တစ်နှစ် ဒေါ်လာ ၁၅၀၀နှုံးနဲ့တွက်ကြည့်ရင် ရဟန်းတစ်ထောင် အမေရိကန်ဒေါ်လာ ၁၅ သိန်းရှိမည်၊ ထိုအမောင့် (ကုန်ကျပမာဏ)သည် မြန်မာပြည်သူများကပဲ ပေးနေရသည်။ အကယ်၍သာ အဲဒီပညာရပ်တွေကို ကိုယ့်ပြည်တွင်းမှာပဲ သင်ခွင့်ရမည်ဆိုရင်---။

အဲဒီပညာရပ်တွေကို မြန်မာနိုင်ငံတက္ကသိုလ် အရှေ့တိုင်းပညာရပ်၊ အနောက်တိုင်းပညာရပ်တွေမှာ သင်ယူလို့ မရဘူးလား၊ မရပါ၊ ရဟန်းတော်တွေကို သီးခြားလူမျိုး၊ သီးခြားကမ္ဘာအနေနဲ့ မြင်နေကြလို့ပဲ ဖြစ်သည်၊ သိပ်ကြည်ညိုလွန်းလို့ပဲလား မပြောတတ်။

နိုင်ငံရေး၊ လူမှုရေးမှာလဲ အလားတူပင်။ ရဟန်းတွေကို သီးခြားစီ မြင်နေသည့်အတွက် ကိုယ့်နိုင်ငံသား ဖြစ်နေရက်နဲ့ ကိုယ့်တိုင်းပြည်အတွက် ဆန္ဒမဲလေးတောင် ပေးပိုင်ခွင့်မရှိ။ သီရိလင်္ကာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်၊ သံဂါယနာကိုလဲ ကိုယ့်နိုင်ငံထက် နှစ်ပေါင်း ရာနဲ့ချီ စောပြီး တင်နိုင်ခဲ့သည့် နိုင်ငံဖြစ်သည်။ ထိုနိုင်ငံက လူတွေက ရဟန်းတော်တွေကို မြန်မာပြည်လောက် သီးခြားစီ မမြင်ကြ၊ မည်သည့်တက္ကသိုလ်မှာ မည်သည့်ဘာသာရပ်မဆို ရဟန်းတော်များ တက်ရောက် သင်ခွင့်ရှိသည်၊ နိုင်ငံရပ်ခြား သွားစရာမလို၊ နိုင်ငံရေး လူမှုရေးမှာလဲ ရဟန်းတော်များ တိုင်းပြည်အတွက် အလုပ်လုပ်စေသည်၊ ၀န်ကြီးဖြစ်ခွင့်ရှိသည်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ စာရေးသူတို့ နိုင်ငံမှာလဲ ဤလိုအခွင့်ရေးမျိုး မရှိသေးသည်ကို ဘာ့ကြောင့် နားလည်မှုမပေးနိုင်ဘဲ ရဟန်းတော်တွေကို နိုင်ငံရေး လူမျိုးရေး၊ ဘာသာရေးမှာ ၀င်ရှုပ်ရသလဲဟု မြင်နေကြသည်ကား အမြင်ကျဉ်းလွန်းလှသည်။

နိဂုံးချုပ်သော်
“အမျိုးဘာသာ သာသာနာ ထိန်သိမ်းစောင့်ရှောက်ခြင်း သြ၀ါဒခံယူပွဲ”မှာ ဆရာတော်ကြီးတွေ ပြောတဲ့ မိန့်ခွန်းတွေကို မိုက်မိုက်ရိုင်းရိုင်း ဝေဖန်တဲ့သူတွေ ကိုယ့်ဝစီကံ ကိုယ့်ဆီပြန် မရောက်ပါစေနဲ့ ဆိုတဲ့ စေတနာကောင်းနဲ့ “ဝေဖန်ပါ မဆဲပါနဲ့”လို့အကြံပေးပါရစေ။ မြန်မာရဟန်းတော်များသည် မြန်မာတိုင်းရင်းသား အားလုံးကို အမှီပြုပြီး သာသနာရေး ဘာသာရေး၊ ယဉ်ကျေးမှု အလုပ်တွေကို မပင်မပန်းလုပ်ခွင့်ရကြသည်၊ ထို့အတွက် မြန်မာတိုင်းရင်းသားများကို နည်းလမ်းတကျ ကာကွယ်ပေးတဲ့နေရာမှာ ရဟန်းတော်များ ပါဝင်လာခြင်းအတွက် များစွာ ၀မ်းသာမိပါကြောင်း။ ရှေ့ဆက်ပြီး ဒီထက်မက ကာကွယ် စောင့်ရှောက်နိုင်ကြပါစေလို့ ဆုတောင်းပတ္ထနာ ပြုလိုက်ပါသတည်းးးးးးးး။ 

ငါတို့ဖြစ်ရ၊ ဤလောက၀ယ်၊
ဘ၀သမိုင်း၊ မရိုင်းစေရန်၊
စိတ်မန်မချ၊ မာနမပါ၊ ဒို့စွမ်းရာဖြင့်၊
ဒို့သာသနာ၊ ဒို့ပြည်ရွာကို၊
သာယာစေမှု လုံ့လပြုအံ့။

ဤပို့စ်ဖြင့် 27-6-2013နေ့ ကျင်းပပြီးသော “အမျိုးဘာသာ သာသနာ ထိန်သိမ်းစောင့်ရှောက်ခြင်း သြ၀ါဒခံယူပွဲ”ကြီးကို ကြိုဆို ဂုဏ်ပြုပါသည်။

(ဓာတ်ပုံ Popular Myanmar News မှ ကူးယူသည်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၆-၂၀၁၃

27 June 2013

သီတဂူဆရာတော် သြ၀ါဒ (မလေးရှား)

မလေးရှားရောက် သီတဂူဆရာတော် သြ၀ါဒ

ဒီကနေ့ မလေးရှား ကွာလာလမ်ပူကို ရောက်လာတာဟာ ဟိုအရင်နှစ်တွေက ရောက်လာသလို တရားဟောဖို့ လာတာ မဟုတ်ဘူး၊ အရင်ခေါက်တွေ ရောက်တုန်းကတော့ မလေးရှားရောက် တပည့်တွေ ဒကာ ဒကာမတွေ အထူးသဖြင့်တော့ လူငယ် လူရွယ်တွေဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မနဲ့ ဝေးသွားမှာစိုးလို့၊ “မီးဝေးရင် ချိတ်မာတယ်” ဆိုတဲ့ စကားတစ်ခုရှိတယ်။ ချိတ်ဆိုတဲ့ ကပ်တဲ့ အစေးလေးတစ်မျိုးဟာ မီးနဲ့ခဏခဏ တွေ့မှ အပူပေးမှ ပျော့ပျော့ပြောင်းပြောင်း ဖြစ်တာ၊ မီးနဲ့ အထိတွေ့ မရရှိတဲ့ ချိတ်ဟာ မာကျွတ်ပြီး ဘယ်မှာမှ အထိမ်းကွပ်မရှိပြီး အကွဲအပြဲ ဖြစ်တတ်တယ်။

စာအိပ်တွေမှာ ချိတ်နဲ့ပို့တယ်ဆိုတာ၊ မီးနဲ့အပူပေးပြီး ကပ်တာ၊ အဲဒီတော့ “မီးဝေး ချိတ်မာ” ဒီစကားလိုပဲ ဗုဒ္ဓဓမ္မနဲ့ ဝေးတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ မာကျောကျော ဖြစ်ပြီး ကွဲကွဲပြားပြား ဖြစ်ကုန်မှာစိုးလို့ တရား လာလာ ဟောပြပါတယ်။

နိုင်ငံရဲ့သားငယ်သမီးငယ်တွေအတွက် စိတ်မကောင်း 
ဒီကနေ့လဲပဲ တကယ်တော့ ဟောဖို့လာတာ မဟုတ်ဘူး၊ ပေးမလို့ လာတာ၊ မလေးရှားနိုင်ငံမှာ လာပြီးတော့ စီးပွားရှာ အလုပ် လုပ်ကြတဲ့ လူငယ် အမျိုးသားတွေ အမျိုးသမီးတွေ အကြောင်းအမျိုးမျိုးပေါ့၊ အကြောင်းအမျိုးမျိုးဆိုတာ ပတ်စပို့မရှိတာ၊ ဗီဇာကုန်သွားတာ စသည်၊ အမှားအယွင်းတစ်ခုကြောင့် အကျဉ်းအကြပ် ဖြစ်နေကြတဲ့ ဒို့နိုင်ငံတော်ရဲ့ သားငယ် သမီးငယ်တွေ အကြောင်းတွေ ကြားပြီးတော့ စိတ်ထဲမှာ တော်တော် ခံစားရတယ်။

ကရုဏာဆိုတာ
ကရုဏာဆိုတဲ့ စကားလုံးကို မှတ်ထား၊ Feeling for others suffering လို့ အဓိပ္ပါယ်ရှိတယ်၊ သူတစ်ပါးတို့ ဒုက္ခရောက်နေသည်ကို အဲဒီ ဒုက္ခရောက်သူတို့ ခံစားရသလိုပဲ၊ မြင်သူ ကြားသူတို့ရဲ့ ရင်ထဲမှာ ခံစားခြင်း။ အဲဒီခံစားချက်နဲ့ ဒီကနေ့ ဒို့လာပြီးတော့ ဒုက္ခရောက်နေကြတဲ့ ညီငယ်တွေ၊ ညီမငယ်တွေ သားငယ် သမီးငယ်တွေ ဒုက္ခမှ လွတ်မြောက်ကြောင်း အနဲငယ်မျှ အထောက်ပံ့ကောင်း ဖြစ်စေတော့ ဆိုပြီးတော့ ရောက်လာတာ။

ဒို့ တရားဟောတဲ့ ဘုန်းကြီးဆိုတော့ တရားလေးဘာလေး ဟောလိုက်ရင် ရတယ်ကိုး၊ လှောင်သလိုလိုနဲ့ သီတဂူက လေဘုန်းကြီပါကွာလို့ ပြောဖူးတယ်၊ ဟုတ်ပါတယ် ဒို့က လေနဲ့ အလုပ်လုပ်တာပါ၊ လေကနေပြီး ရေဖြစ်လာတာ၊ စစ်ကိုင်းတောင် တစ်တောင်လုံး ရေးပေးတာ လေနဲ့ပေးတာ၊ နောက်တစ်ခါ လေကနေ ဆေးရုံတွေလဲ ဖြစ်ပါတယ်၊ မြန်မာပြည် တစ်ပြည်လုံး ဆေးရုံပေါင်း ၂၅ ခု ဆောက်ပြီးတော့ လှူပြီးသွားပြီ၊ အဲဒီလေနဲ့ပဲ တက္ကသိုလ်ကြီးတွေ တည်ထောင်တာ၊ တက္ကသိုလ် ၃ ခုလဲ ထောင်ပြီးပြီ၊ အဲဒီလေပေးပြီး ကျောင်းတိုက်တွေ တည်ထောင်တာ၊ အမေရိကန်မှာ ကျောင်းတိုက် ၃ ခု တည်ထောင်ပြီးပြီ၊ ကျောင်းတိုက်တစ်ခု ဆိုရင်၊ အောစတင်က ကျောင်းဆိုရင် ၂၀ ဘီလျံလောက် အကုန်ကျ ရှိတယ်၊ ၅၄ ပေရှိတဲ့ ရွှေစည်းခုံစေတီတော်ကြီး အော်စတင် တက္ကဆက်ပြည်နယ်မှာ တည်ပြီးပြီ။ ဧရာဝတီ မုန်တိုင်းတုန်းကဆို လေနဲ့ပဲ အလုပ်လုပ်တာပဲ၊ ရေဘေးသင့်တဲ့ သူတွေ တော်တော်များများ ဒို့ ထောက်ပံ့နိုင်ခဲ့တယ်၊ ၈.၅၈ ဘီလျံ ဒို့ သီတဂူရဲ့ အလှူ လှူနိုင်ခဲ့တယ်။

ဒို့ မလေးရှားက ပင်ပန်း ဆင်းရဲနေကြတဲ့ သားငယ် သမီးငယ်တွေ၊ ညီတွေ နှမငယ်တွေ အတွက် လာပြီးတော့ နဲနဲပါးပါး ကူအုန်းမယ်ဆိုပြီးတော့ ရန်ကုန်မှာ ဟောလိုက် ပြောလိုက် အလှူခံလိုက်တော့---
အမေရိကန်ဒေါ်လာ တစ်သိန်း သုံးထောင် သုံးရာ လေးဆယ် (၁၀၃၃၄၀) အဲဒါ လေးငါးရက်အတွင်းမှာ ရလာတယ်။ အဲဒါ ဒီယူလာပြီးတော့ ဒီထဲက စရိတ်ကို မသုံးဘူး၊ ကိုယ့်ပိုက်ဆံနဲ့ လေယာဉ်လက်မှတ် ၀ယ်စီး၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဟိုတယ်ခ ပေးပြီးတော့ အဲဒီ(၁၀၃၃၄၀)ကို ဒုက္ခဖြစ်ရှာကြတဲ့ ကလေးတွေကို လှူမလို့။ ဒီကနေ့ပွဲ့ ဘုန်းကြီးက မင်းတို့ကို ပြန်လှူတဲ့ ပွဲနော်၊ ဘယ်သူက ဘယ်သူ့ကိုမဆို လာလှူကောင်းတယ်၊ လှူတယ်ဆိုတဲ့ စကားကို ရှယ်ယာ Share ပေါ့၊ ဝေစုခွဲပေးတာ၊ ဝေပေးတာ၊ သာသနာတော်မှာ ပျော်ရွှင်စရာ အလုပ်တွေ အများကြီးရှိတဲ့ အထဲက သံဝိဘာဂ ရတော ဆိုတာ မှတ်ပါ၊ ပြော- (ပရိသတ် လိုက်ဆိုသံ)။ ဝေပေးရတဲ့ အလုပ်ကို ပျော်ရမယ်တဲ့။ ဘာလဲဟေ့--(ပရိသတ်လိုက်ဆိုသံ)၊ ဒီကနေ့ ငါဝေပေးမယ်၊ ငါ သိပ်ပျော်တယ်၊ ဝေစု ရတဲ့သူတွေကော မပျော်ဘူးလား (ပျော်ပါတယ်ဘုရား ပရိတ်သက်သံ)။

အေးး၊ ဒို့များရဲ့ မေတ္တာပို့မှာ ရှိတယ်၊ “ဒို့လဲ ၀မ်းသာ၊ ငါလည်း ရွှင်ပြုံး၊ နှလုံးစိတ်ဝမ်း လန်းလာယခု ချမ်းသာကို ပြုလျက်”။ Your happiness makes me happy. My happiness also makes you happy. မင်းတို့ ပျော်ရွှင်မှုကလဲ ငါ့ကို ပျော်ရွှင်စေရမည်၊ ငါ့ပျော်ရွှင်မှုကလဲ မင်းတို့ကို ပျော်ရွှင်စေရမည်၊ အဲဒီပျော်ရွှင်မှုနှစ်ခု ပေါင်းစပ်တဲ့ ကောင်းမှုပွဲကို တက်ရောက်လာကြတဲ့ သံမတ်ကြီးနှင့်တကွသော အားလုံးေ ညီအကိုမောင်နှမတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်၊ ၀မ်းသာတယ်။

ဒဏ်ငွေဆောင်ခြင်းနှင့် အလှူ၏ ရည်ရွယ်ချက် 
အဲဒီတော့ အလှူငွေ အမေရိကန်ဒေါ်လာ တစ်သိန်း သုံးထောင် သုံးရာ လေးဆယ် (၁၀၃၃၄၀)ကို လှူလိုက်ကြတဲ့ အလှူရှင်တွေကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ၊ ရန်ကုန်ဆေးခန်းက တပည့် ဒကာ ဒကာမတွေ၊ တော်ဝင်စင်တာက တပည့်ဒကာ ဒကာမတွေ၊ သီတဂူအဖွဲ့ တပည့် ဒကာဒကာမတွေ၊ အားလုံးပေါင်းပြီးတော့ လှူကြတယ်။

အဲဒါတွေကို ဘာကို သုံးရမလဲဆိုတော့၊ ဒီရောက်တော့ သံမတ်ကြီးအမှူးရှိတဲ့ တပည့်ဒကာဒကာမတွေနဲ့ ဒီလုပ်ငန်းကို ဆောင်ရွက်နေတဲ့ မောင်သီဟရယ်၊ နောက်ပြီးတော့ ဘုန်းကြီးက ငါ-နှစ်ပေါင်းများစွာ ခိုင်းလာခဲ့တဲ့သူ ဒီမှာ ရှိတယ်၊ သီဟ မောင်မောင်ဆိုတဲ့ကောင်ရယ်၊ အောင်မိုးဆိုတဲ့ ကောင်ရယ်၊ ရဲထွဋ်ဆိုတဲ့ ကောင်ရယ်၊ ရဲထွဋ်က ကျောက်တံခါး၊ အောင်မိုးက ကျိုက်ထို၊ သီဟမောင်မောင်က ရန်ကုန်သား။ ကြာပြီ-- ၁၀နှစ်လောက်ရှိပြီ၊ ဒီကောင်တွေကို ဘုန်းကြီး ဒီမှာ ခိုင်းလာတာ၊ သူတို့ရွာတွေလဲ သွားသွားပြီး တရားဟောတယ်။ အဲတော့ ဒီရောက်တော့ ငါ ဘယ်နေရာမှာ လှူရရင် ကောင်းမလဲဆိုတော့ ဧရာဝတီ ဖောင်ဒေးရှင်းကတော့ လေယာဉ်စရိတ်ကို အဓိကထားပြီး လှူကြတယ်၊ အဲဒါဆို ငါ့ကို ကျန်တဲ့ နေရာလေး တစ်နေရာပေးပါဆိုတော့ မလေး လူဝင်မှုကြည့်ကြပ်ရေး (လ၀က)မှာ အိုဗာစတေး Over Stay ကြောင့် ဖြစ်တဲ့ ဒဏ်ကြေးပေါ့၊ အဲဒါလေးတွေကို ငါက ပေးမယ်။

ဒဏ် ဆိုတဲ့စကား ငါက တော်တော်ကြိုက်တယ်၊ ဒဏ္ဍဆိုတဲ့ ပါဠိပုဒ်မှာ ဂျိန်းဘာသာမှာနော် ရှေးကနေ အထွဋ်အမြတ်ထားပြီး သုံးတဲ့ စကားလုံး၊ မင်းတို့ သြကာသ ကန်တော့တဲ့အခါ ကာယကံ၊ ၀စီကံ၊ မနောကံ ဆိုတာ ပါတယ်မလား၊ မြတ်ဗုဒ္ဓထက် နှစ်သုံးဆယ်လောက် စောတဲ့ ဂျိန်းဘာသာက ကာယကံ၊ ၀စီကံ၊ မနောကံ မပြောဘူး၊ ကာယဒဏ်၊ ၀စီဒဏ်၊ မနောဒဏ်၊ ဒီလိုပဲပြောတယ်၊ အဲဒီတော့ ဒီစကားဟာ အခုမှပေါ်တာမဟုတ်ဘူး၊ မြတ်စွာဘုရားထက် စောကြီးကထဲက ပေါ်ခဲ့တဲ့ စကားဟောင်း၊ အဲဒါကြောင့် ဒဏ်ဆိုတဲ့ စကားဟာ အမှု၊ ဘာလဲဆိုတော့ ကာယဒဏ်-ကိုယ်နှင့်ပြုတဲ့အမှု၊ ၀စီဒဏ်-နှုတ်နဲ့ပြုတဲ့ အမှု၊ မနောဒဏ်- စိတ်ထဲက ကြံတဲ့ အမှု၊ ကိုယ်-နှုတ်-စိတ် သုံးပါးကြောင့် ဖြစ်လာတဲ့ အမှုတွေကို ဘာခေါ်လဲဟေ့၊ ဒဏ်လို့ ခေါ်တယ်။ အဲဒီဒဏ်လေးတွေကို ငါက လှူမယ်။

ဘာ့ကြောင့် ငါ ဒဏ်သေးသေးတွေကို ရွှေးပြီး လှူမိလဲဆိုတော့ ငါလဲ ဒဏ်မသင့်ချင်ဘူးလေ၊ “ဘ၀အဆက်ဆက်က ကာယကံအမှား ၀စီကံအမှား၊ မနောကံအမှား၊ ကိုယ်-နှုတ်-စိတ် အမှားတွေကြောင့် သင့်လာခဲ့တဲ့ ဒဏ်တွေကို ဒီဘ၀ ဒီအလှူကြောင့် ပြေပါစေတော့လို့” ငါ့ရည်ရွယ်ချက်နဲ့ ငါဆုတောင်းလာတာ။

“မြန်မာနိုင်ငံ လူတွေရော၊ မြန်မာနိုင်ငံအပြင်ဘက်က လူတွေရော ကိုယ်အမှား နှုတ်အမှား စိတ်အမှားကြောင့် ဖြစ်လာတဲ့ ဒဏ်တွေ အားလုံး ပြေကြပါစေ၊ ပျောက်ကြပါစေ”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီ ဒဏ်သင့်အတွက် အလှူငွေ (၁၀၃၃၄၀) ဆိုတာကို ဒီကနေ့ လှူပါတယ်ဆိုတာကို အဲဒါ ကြေငြာပါတယ်။

သီတဂူအထောက်ကူပြုအဖွဲ့ (မလေးရှား) ဖွဲ့စည်းလိုက်
အဲဒီငွေတွေကို ဘယ်သူက ဘယ်လိုကိုင်ပြီးတော့ သုံးစွဲမလဲဆိုတော့ ဒို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ သီတဂူသာသနာပြုအဖွဲ့ဆိုတာ ရှိတယ်။ သာသနာပြုအဖွဲ့ကြီးကို ၀ိုင်းဝန်းကူညီတဲ့ အဖွဲ့တွေကို အထောက်အကူပြု အဖွဲ့ဆိုတာရှိတယ်၊ အထောက်ကူပြုအဖွဲ့တွေက ရန်ကုန်မှာရှိတယ်၊ မန္တလေးမှာရှိတယ်၊ တခြားမြို့နယ်တွေမှာလဲရှိတယ်၊ စင်္ကာပူမှာလဲရှိတယ်၊ အင်္ဂလန်မှာလဲ ရှိတယ်၊ အမေရိကန်မှာလဲ ရှိတယ်၊ အဲဒီတော့ တစ်သိန်းကျော်သော ပိုက်ဆံတွေကို သုံစွဲဖို့ စနစ်တစ်ခုတော့ လုပ်မှ ဖြစ်မှာပဲ ဆိုတော့၊ ငါက မနေ့က ကိုင်း-ဒီပိုက်ဆံကို ဒို့ရဲ့တာဝန်ပေးချက်အရ လုပ်ဖို့ရန်အတွက် သီတဂူအထောက်ကူပြုအဖွဲ့ ဆိုတာကို မလေးရှားမှာ ဖွဲ့လိုက်အောင်ဆိုပြီး ဒို့က စီမံလိုက်တယ်။ စီမံလိုက်တော့ ဟောဒီမှာ အာရှတော်ဝင် မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမြတ်သူ (မက်တက်ရပ်ခိုင်း)၊ သူလဲ အလှူတွေ အများကြီးပါတယ်၊ သူပါမယ်၊ ရန်ကုန်တိုင်းက ဆေး၊ ဆင်ဘရားသားဆေးကုမ္ပဏီက ဘာဘူပီကေဆင်းဆိုတာ ပါမယ်၊ သီတဂူအဖွဲ့ထဲက လှဆန်းယဉ် ကိုမြင့်အောင်ဆိုတာ ပါမယ်၊ အဲဒီ သုံးယောက်နဲ့ မလေးရှားက ခုနက ကြော်ငြာသွားတဲ့ သီဟမောင်မောင်၊ အောင်မိုး၊ ရဲထွဋ် ရယ်၊ အဲဒီသုံးယောက်ပေါင်းပြီးတော့ စုစုပေါင်း ၆ ယောက်၊ ၆ ယောက်ကို တိုက်ရိုက် ခိုင်းမှာက ဘုန်းကြီးကိုယ်တိုင်၊ ဒါရိုက်တာဆိုလဲ ဘုန်းကြီးပဲ၊ ဥက္ကဋ္ဌဆိုလဲ ဘုန်းကြီးပဲ၊ “မလေးရှား သီတဂူအထောက်ကူပြုအဖွဲ့”။ အဲဒီသီတဂူအထောက်ကူပြုအဖွဲ့ကို ဒီကနေ့ ဒီငွေတွေကို ပေးအပ်တဲ့အခမ်းအနား ဒီကနေ့ ကျင်းပခြင်းဖြစ်ပါတယ်။

(အဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့သူက “အရင်က တစ်ယောက်ကို ၄၀၀ လှူရန် အလှူခံမည်ဖြစ်သော်လည်း အခု သီတဂူဆရာတော်နှင့်အဖွဲ့က တစ်ယောက်ကို အမေရိကန် ဒေါ်လာ ၄၀၀ ဆီ ဒဏ်ကြေးငွေအတွက် လှူပေးပြီးဖြစ်၍ သီးခြား အဲဒီအတွက် အလှူမခံရတော့ကြောင်း” ပြော)

“၂၇ရက်နေ့မှာ ဒေါက်တာမြတ်သူ ရန်ကုန်ပြန်မယ်၊ အဲဒီမှာ ၂၇ ရက်နေ့ညမှာ ဘုန်းကြီးတို့ သီတဂူအဖွဲ့ အစည်းဝေးလုပ်မည်၊ ဒီထက် အင်တိုက်အားတိုက် လှူနိုင်လိမ့်မယ်၊ အစည်းဝေးပြီးတာနဲ့ ဒီထဲက လှဆန်းယဉ် ကိုမြင့်အောင်နှင့် ဘာဘူးပီကေဆင်တို့ ဒီမလေးရှားကို ထက်လွတ်မယ်၊ နောက်ထက် ၂၇ ရက်ညမှာ ဘယ်လောက် ဖြစ်မလဲ ဆိုတာ သတင်းကောင်းစောင့်နေကြအုန်း”ဟု ဆရာတော်မိန့်သည်။

 သီတဂူဆရာတော် မလေးရောက် သြ၀ါဒ ဗီဒီယိုဖိုင်မှ စာအဖြစ်ဖန်တီးသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၆-၂၀၁၃

25 June 2013

သီတဂူဆရာတော်ကြီး မလေးရှားရောက်

မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံး ဝမ်းသာစရာ သတင်းကောင်း....
(သီတဂူဆရာတော်ဘုရားကြီးနှင့်တကွ မြန်မာပြည်ပြန်ရန် မလေး(လဝက)ရုံးတွင် လက်ဗွေနှိပ်ရန်သွားသော မြန်မာအမျိုးသား/သ္မီးများ အမှတ်တရ)
 
မြန်မာပြည်မှ သီတဂူဆရာတော်ကြီးသည် မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများ မိမိတို့ဌာနေသို့ အေးချမ်းစွာ ပြန်နိုင်ရန် ရည်ရွယ်၍ အလှူငွေလှူဒါန်းရန် င်္ဒီနေ့(၂၄.၆.၂၀၁၃)ညနေပိုင်းမှာ ကြွရောက်တော်မူလာပါတယ်....

လေဆိပ်မှ ဆင်းလျင်ဆင်းချင်း မလေးရှား လဝကရုံးသို့ တိုက်ရိုက်ကြွရောက်တော်မူလာပါတယ်၊ ဒီနေ့ လဝကရုံးမှာ လက်ဗွေနှိပ်ရန် ရောက်ရှိနေသူများအား ဒုက္ခရောက်နေသည်ဟု ကြား၍ ရောက်လာခဲ့ရကြောင်း မိမိမှာ အလှူငွေ ကန်ဒေါ်လာ (၁၀၀၀၀၀) ပါလာကြောင်း တတ်နိုင်သလောက် ကူညီပေးသွားမည်ဖြစ်ကြောင်း လက်ရှိ လဝကရုံးတွင် ပေးဆောင်နေရသော ဒဏ်ကြေး (၄၀၀)အား သီတဂူအထောက်အကူပြုအဖွဲ့မှ ဆရာတော်ဦးဆောင်၍ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း။

ထို့ကြောင့် ယနေ့မှစတင်၍ အမိမြန်မာပြည်သို့ ပြန်လိုသူများအနေဖြင့် ငွေကုန်ကြေးကျမရှိဘဲ မိမိတို့အိမ်သို့ ပြန်နိုင်တော့မည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်...........

၁။ မလေးရှားနိုင်ငံ မြန်မာသံရုံးမှ ယာယီနိုင်ငံသူလက်မှတ်(CI) အခမဲ့ထုတ်ပေးခြင်း။

၂။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်တည်ထောင်ထားသော ဧရာဝတီေ ဖာင်ဒေးရှင်းမှ လေယဉ်လက်မှတ်နှင့် လဝကရုံးသို့သွားလာရန်၎င်း လေဆိပ်သို့ပို့ဆောင်ရန်၎င်း ဘစ်ကားများ စီစဉ်ပေးခြင်း။

၃။ မြန်မာပြည် သီတဂူအထောက်အကူပြုအဖွဲ့မှ သီတဂူဆရာတော်ကြီးဦးဆောင်၍ လဝက ရုံးမှ ဒဏ်ကြေး (၄၀၀) အား ပေးဆောင်ပေးခြင်း။ အစရှိသောအကူအညီများအားလုံးကို ကျွန်တော်များ ဧရာဝတိစေတနာ့ဝန်ထမ်းအဖွဲ့(မလေးရှား)နှင့်အတူ မည်သည့် ငွေကြေးကောက်ခံခြင်း တစ်စုံတစ်ရာမရှိဘဲ ဆောင်ရွက် နေပါသဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း........

ဤသတင်းအားလဲ SHARE မျှဝေပေးခြင်းအားဖြင့် မြန်မာနိုင်ငံသားများအားလုံးသိစေရန် ကုသိုလ်ယူနိုင်ကြပါတယ်......

Myo Nyunt ဖေ့ဘုတ်မှ ကူးယူသည်။

ရွင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၆-၂၀၁၃

21 June 2013

ပြည်မြန်မာလူကြီးမင်းများ တော်လာပြီ

ပြည်မြန်မာလူကြီးမင်းများ တော်လာပြီ

၂၇-၉-၂၀၁၀ နေ့ သီရိလင်္ကာမှာ ဖြစ်ပျက်ခဲ့တဲ့ သတင်းလေး မှတ်မိကြဦးမည် ထင်ပါသည်၊ နာဂစ်ဒဏ်ခံ မိဘမဲ့ ကလေးများဟု ခေါင်းစဉ်တပ်ပြီး ခေါ်သွားခံရတဲ့ ကိုရင်လေးတွေ၊ သီလရှင်လေးတွေကို သီတဂူဆရာတော်ကြီးက လေယာဉ်စရိတ်အကုန်ကျခံသည်၊ သိမ်းဆည်းခံထားရသော ပတ်စပို့တွေကို ရအောင်ယူပေးသည်။ ဤနည်းဖြင့် သီရိလင်္ကာရောက် ကိုရင်၊ သီလရှင်လေးများကို ကယ်တင်ခဲ့ဖူးသည်။ ဒီလင့်ကလေးကို ကြည်လိုက်ရင် သတင်းအပြည့်စုံ ရမည်။ 

အဲဒီအချိန်က ၀န်ကြီးဌာနတွေကို သက်ဆိုင်ရာမှ အကြောင်းကြားသော်လည်း ၀န်ကြီးဌာနများက သူတို့ဌာနနှင့် မဆိုင်ကြောင်း၊ ဟိုဘက်ပုတ်ချ၊ ဒီဘက်လွဲချနဲ့ အချိန်ကြာမြင့်ခဲ့သည်၊ တချို့ဌာနတွေကဆို “သူတို့ဌာနက ရေ မျှော ကမ်းတင်သူများကိုသာ တာဝန်ရှိသည်၊ ဒီကိစ္စမှာ တာဝန်မရှိ”ဟု မျက်နှာလွဲ ခဲပစ် လုပ်ခဲ့ကြဖူးသည်။ နောက်ဆုံး ဘယ်သူမှ တာဝန်မယူရင် သီတဂူဆရာတော် တာဝန်ယူမည်ဟု ဆုံးဖြတ်ကာ သီရိလင်္ကာ မြန်မာသံအမတ် အကူညီဖြင့် အောင်မြင်ခဲ့ဖူးသည်။
 
(Eleven Media Group မှ မလေးရှားအတွက် အလှူခံငွေများ သွားရောက်လှူဒါန်းစဉ်)
မလေးရှားအတွက် လှူဒါန်းရန်
ယခုတစ်ခါ ၂၆-၆-၂၀၁၃နေ့မှာ မလေးရှားရောက် မြန်မာပြည်သူ ပြည်သားများကို အကူအညီပေးရန် သီတဂူဆရာတော်ကြီး ကြွသွားအုန်းမည်ဟု Eleven Media Group သတင်းအရ သိရသည်။

မလေးရှားတွင် အခက်အခဲတွေ့နေသော မြန်မာနိုင်ငံသားများ အတွက် ထပ်မံလှူဒါန်းလိုသူများ အနေဖြင့် သီတဂူဆရာတော်နှင့် သီတဂူ သာသနာပြုအဖွဲ့ (ဒေါက်တာမြတ်သူ (ဘဏ္ဍာရေးမှူး)ဖုန်း - ၀၉၅၁၀၃၉၁၃၊ ဒေါက်တာကျော်ဝင်း ဖုန်း - ၀၁-၅၀၁၇၁၅)ထံ ဆက်သွယ်လှူဒါန်းနိုင်သလို Eleven Media Group သို့ ထပ်မံ လာရောက်လှူဒါန်းမှုများ အားလည်း သီတဂူဆရာတော်နှင့် သီတဂူ သာသနာပြုအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Eleven Media Group)

မြန်မာလူကြီးမင်းများ တော်လာ

အစိုးရအသစ်တက်လာပြီး နောက်ပိုင်း မလေးရှားအရေးနှင့် ပက်သက်ပြီး ပြည်ပရောက် ကိုယ့်မြန်မာပြည်သူ ပြည်သားတွေကို ကြည့်တတ်လာသည်၊ စဉ်းစားပေးလာသည်၊ အကူညီတွေ ပေးလာသည်ကို တွေ့ရသဖြင့် အလွန့်အလွန် ၀မ်းသာမိသည်။ ပြည်သူတွေရဲ့ အခက်အခဲကို အဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် အစိုးရအနေနဲ့ပါ ပူးပေါင်းပြီး ၀ိုင်းဝန်းဖြေရှင်းပေးနေကြသည်ကို ကြားမိတော့ ဟိုးးးးလွန်ခဲ့တဲ့ သီရိလင်္ကာ အဖြစ်ပျက်လေးကို သွားသတိရမိသည်။ “မြန်မာလူကြီးမင်းများ တော်လာသည်”ဟု မြန်မာပြည်သားတစ်ယောက်အနေဖြင့် ခံစားမိသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၆-၂၀၁၃

17 June 2013

သံဃာကို ကြည်ညိုတတ်ပါစေ

သံဃာကို ကြည်ညိုတတ်ပါစေ

စာမိတ်ဆက်

ဒီပို့စ်က ဗုဒ္ဓဘာသာဝင်တွေ အတွက်ပါမက တခြားဘာသာဝင်တွေ အတွက်ပါ များစွာ အထောက်ကူ ပြုပါလိမ့်မည်။ သံဃာကို ကြည်ညိုတတ်စေလိုပါသည်၊ သံဃာဆိုတဲ့အဓိပ္ပါယ်ကိုလည်း နားလည်စေလိုသည်။ “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်” ဆိုတာလို တစ်ပါးတစ်လေ မလျှော်မကန်တာလေးကို မြင်ပြီး တစ်သာသနာလုံး၊ တစ်သံဃာလုံးကို အထင်သေး အမြင်သေးပြီး အကုသိုလ် မဖြစ်စေလိုပါ။ သံဃာကို စော်ကားမိရင် အပြစ် အလွန်ကြီးများသလို သံဃာကို အကျိုးကျေးဇူးပြုရင်လဲ အလွန်အကျိုးများသည်။ တချို့ အွန်လိုင်းအပေါ်မှာ ကလေးမလေးတွေ စာရေးသူကို မေးလေ့ရှိတယ်၊ ဘယ် ဦးဇင်းကတော့ ဘယ်လို၊ ဘယ်ဘုန်းကြီးကတော့ ဘယ်ညာ၊ ဘယ်သူကတော့ ရဟန်းဖြစ်ပြီး ဘယ်လိုနေတာ၊ စသည်ဖြင့် အမြင်မကြည်တဲ့သဘောနဲ့ ပြောပြလေ့ရှိသည်၊ ဝေဖန်လေ့ရှိသြည်။ တချို့ကျပြန်တော့ အရှင်ဘုရား--ဘယ်နားက ဘုန်းကြီးက ဘယ်လိုနေတာဘုရား သင့်တော်ပါသလားဘုရားပေါ့၊ ဒီလိုနေတာ၊ ဒီလိုလုပ်တာ မသင့်တော်ပါဘူးဘုရားပေါ့၊ တစ်ချို့ဗုဒ္ဓဘာသာ စာပေနဲ့ အထိအတွေ့နှင့်လဲ နဲသည်၊ တရားတွေလဲ နာလေ့သိပ်မရှိတဲ့ ဘာသာရေးအထိအတွေ့ အရမ်းနုနယ်သေးတော့ ဘုန်းကြီးတစ်ပါး၏ မသင့်တော်တာကို မြင်တွေ့လိုက်ရပြီး ဘုန်းကြီးအားလုံး ဒီလိုပဲ နေမှာပဲ ဆိုတဲ့ အသိစိတ်ဝင်သွားပြီး သံဃာကို အထင်သေးအမြင်သေးစိတ်ဝင်ပြီး အပြစ်ကြီးတစ်ခု ရောက်သွားနိုင်သည်။ ထို့ကြောင့် ပုဂ္ဂိုလ် (Individual) နှင့် သံဃာ (The Order) ကို ကွဲကွဲပြားပြား သိစေလိုသည်အတွက် ဒီပို့စ် ဖြစ်ပေါ်လာသည်။
 
(တောင်မြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်)
စုန်းပြူးလေးတွေ
“ဆွမ်းဆန်ထဲ ကြွက်ချေးရော” “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်”ဆိုတဲ့ စကားပုံများလို အဖွဲ့အစည်းတစ်ခုမှာ စုန်းပြူးလေးတွေ၊ ကြွက်ချေးလေးတွေ ပါတတ်သည်။ လူ ငါးယောက်သာ ရှိတဲ့ မိသားစုတစ်စုထဲသည်ပင် စုန်းပြူးလေးတွေ ပါတတ်သည်။ ရဟန်းတော်များသည်လည်း သာမန်ပုထုဇဉ်တွေများသာ ဖြစ်သည်၊ ထိုရဟန်းတော် ထောင်နဲ့ ချီ ရှိတဲ့ ကျောင်းတိုက်တစ်တိုက်မှာ စုန်းပြူးတွေ၊ ကြွက်ချေးတွေ ပါနိုင်သည်ကား အဆန်းမဟုတ်တော့ပေ။ ဒါကို နားလည်ထားဖို့လိုသည်၊ ထိလွယ် ရှလွယ်ဖြစ်တတ်သော ဘာသာရေးနုနယ်သူများအတွက် ရဟန်းတော် တစ်ပါးပါး အမြင်မတော်သည်ကို တွေ့လျှင် ယောနိသော မနသိကာ (သင့်သော နှလုံး)ထားတတ်ဖို့လိုသည်။

ယနေ့ခေတ်မှာ ခေတ်ရဟန်းတော်များသည် ခေတ်လူငယ်များနဲ့ ရင်ဘောင်တန်းကာ ခေတ်မှီသော စက်မှုကိရိယာများကို အမှီလိုက်ကာ အသုံးပြုနေကြသည်၊ တယ်လီဖုန်း၊ ကွန်ပြူတာ၊ အိုင်ပက်၊ အိုင်ဖုန်း၊ အင်တာနက် စသည်အားဖြင့် အသုံးပြုနေကြသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ထိုပစ္စည်းများသည် ရဟန်းတော်များသာ မဟုတ် လူဝတ်ကြောင် လူငယ်တွေပါ သုံးတတ်လျှင် အကျိုးများမည်၊ မသုံးတတ်လျှင်တော့ အန္တရာယ်များမည်၊ ၂၀၀၉ ခုနှစ်က ကလေးမလေးတစ်ယောက်က ရဟန်းတော်များ အင်တာနက် သုံးကောင်းပါသလား ဆိုတဲ့ မေးခွန်းအပေါ် ရဟန်းတော်နှင့်အင်တာနက် ဆိုတဲ့ပို့စ်တစ်ခု ရေးသားခဲ့ဖူးသည်။ မြန်မာနိုင်ငံမှာ အင်တာနက်တွေ စပြီး အသုံးများလာတော့ အင်တာနက်ဆိုင်တွေမှာ ရဟန်းတွေ တွေ့မြင်နေရတာကို တအံ့တသြဖြစ်သူတွေ ရှိသလို၊ ရဟန်းတွေ အင်တာနက် သုံးကောင်းပါသလားဆိုတဲ့ သံသယရှိသူတွေ ရှိကြသည်၊ ဒါ့အပြင် အမြင်မတော်ဘူးလို့ ထင်သူတွေလဲ ရှိမည်။ ကလေးမလေးတစ်ယောက်က သူမ၏ ဖေ့ဘုတ်မှာ ရေးထားသည့်စာတစ်ပုဒ် “ဟူးးးးးးးးးအင်တာနက်သုံးချင်လို့ မနက်စောစော အိပ်ယာက ထလာတယ်၊ အင်တာနက်ဆိုင်ရောက်တော့ ဘုန်းကြီးကျောင်းထဲကို ရောက်နေရသလိုပဲ”ဟု စိတ်မသက်မသာ လေသံနဲ့ ငြီးထွားနေသည်။ ဘုန်းကြီးကျောင်းနားမှာ ရှိသော အင်တာနက်ဆိုင်များသည် အင်တာနက် အသုံးပြုသော ရဟန်းတော်များကို အမှီပြုကြသည်အတွက် ဘုန်းကြီးကျောင်းအနားက အင်တာနက်ဆိုင်များကို သွားလျှင်တော့ ထိုကဲ့သို့အဖြစ်မျိုး ကြုံရမည် ဖြစ်သည်။ ခေတ်အမြင်အရ အဆန်းကား မဟုတ်ပါ၊ စာရေးသူ၏ “ရဟန်းတော်နှင့်အင်တာနက်” ပို့စ်ကို ဖတ်လျှင် ရဟန်းတော်များအတွက် အင်တာနက်သည် ဘယ်အတိုင်းအတာအထိ အရေးပါသလို၊ ဘယ်အတိုင်းအတာအထိ ဆိုးကျိုးပေးသနည်းဆိုတာပါ သိရမှာ ဖြစ်သည်။

ခေတ်ကာလအရ ပေါ်လာသည့်အလျှောက် ရဟန်းတော်များလဲ အသုံးပြုလာကြသည့်အခါ တချို့ပုဂ္ဂိုလ်များ အမြင်မတော်ဟု ထင်မှားပြီး သံဃာကို အကြည်ညိုမပျက်စေလိုပါ။ ရဟန်းတော်တွေဟာ ခေတ်နဲ့အညီ ပညာရပ်တွေလဲ သင်ယူလာကြသည့်အတွက် လူဝတ်ကြောင်တွေနဲ့ ပိုနီးစပ်လာသည်၊ ရှေးတုန်းကလို စာသင်တိုက်ထဲမှာပဲ အောင်းပြီး ဘုရားဟော ပိဋကတ်တွေကိုသာ သင်ကြသည် မဟုတ်တော့ပဲ အပြင်ထွက်ပြီး ခေတ်ပညာတွေ သင်လာကြတော့ အမြင်မတော်တာတွေ မြင်တွေ့နိုင်သည်။ ထိုအခါ ယောနိသော မနသိကာရ (အကောင်းအမြင်)နဲ့ မြင်သင့်သည်။ ပုဂ္ဂိုလ်တစ်ဦးဦးကြောင့် ဘုရားသားတော် သံဃာကို အထင်လွဲ အမြင်လွဲမှုတွေ အထိ မဖြစ်သင့်ပေ။

ကောင်းကင်ကြီးနှင့်တူသော သံဃာ
သံဃာဆိုတာ ဘုရားလက်ထက်က အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် တို့ ဦးဆောင်ခဲ့သော သံဃာ့အဖွဲ့အစည်း၊ မြတ်စွာဘုရားမရှိသည့်နောက်ပိုင်း အရှင်မဟာကဿပ၊ အရှင်အာနန္ဒာတို့ ဆက်ပြီး ဦးဆောင်ခဲ့သော ယနေ့အထိ သံဃာ့အဖွဲ့အစည်းကို ရည်ရွယ်သည်။ ရဟန်းတစ်ပါးပါး သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရည်ရွယ်သည် မဟုတ်။
သံဃာဆိုတာ ကောင်းကင်ကြီးနဲ့တူသည်၊ ကောင်းကင်ကြီးကို လက်နဲ့ ဝှေ့ယမ်းကြည့်သောအခါ ဘာကိုမှ မထိမခိုက်၊ မတိုက်မိဘဲ လှုပ်ခါ ယမ်းနိုင်သည်။ သံဃာသည်လည်း ပုဂ္ဂိုလ် မရှိသဖြင့် အလွန်ကြီးကျယ် ကျယ်ပြန့်သည်ဖြစ်ရာကား မထိခိုက်နိုင်။ ပုဂ္ဂိုလ်၊ တစ်ဦးတစ်ယောက်ချင်းကို မြင်ကြည့်လျှင်၊ မုန်းစရာ ဖြစ်လျှင် ဖြစ်မည်၊ ချစ်စရာ ဖြစ်လျှင် ဖြစ်မည်။ မုန်းစရာ ဖြစ်သောအခါ ဒေါသ ၀င်လာမည်၊ ချစ်စရာ ကြိုက်စရာဟု မြင်လာလျှင် သံယောဇဉ်၊ တွယ်တာမှုတွေ ပုဂ္ဂိုလ်စွဲတွေ ၀င်လာမည်။ ပုဂ္ဂိုလ်ကို ခင်မင်ပြီး ငါ့ဘုန်းကြီး၊ သူ့ဘုန်းကြီးဟု ဖြစ်တတ်သည်၊ ထိုအစွဲကနေ ကုလမစ္ဆရိယစိတ်တွေ၊ ဣဿာစိတ်တွေ ဆက်တိုက် ၀င်လာဦးမည်။

သံဃာပတ်သက်ပြီး အကုသိုလ်ဖြစ်လျှင်တောင် ကြီးလေးသော အပြစ် (ဂရုကံ) ဖြစ်သည်၊ ဥပမာ သံဃာ အသင်းခွဲတဲ့ အလုပ်မျိုး လုပ်မည့်ရင် အဖေကိုသတ်၊ အမေကို သတ်ခြင်းနှင့် အလားတူ အပြစ်မျိုးဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့ ပတ်သက်ပြီး ဖြစ်သော အပြစ်မျိုးကား အပြစ်ကြီး မဆိုလှ၊ ကုသိုလ်ကောင်းမှုပိုင်းဆိုင်ရာမှာတော့ ဘုရားကို လှူတာထက် သံဃာကို လှူတာက ပိုပြီး အကျိုးများသည်။ တခါက မိဒွေးတော်ဂေါတမီသည် ကိုယ်တိုင် ချုပ်ဆိုးထားသော သင်္ကန်းကို ဘုရားရှင်အားလှူသောအခါ ဘုရားရှင်က ကျေးဇူးများသော မိထွေးတော်အား သံဃာကို လှူစေသည်၊ သံဃာအား လှူရင် ငါ့ဘုရားအား လှူတာထက် ပိုအကျိုးများမည်။ ဘုရားရှင်အား ရည်စူးထားလျှင် ငါ့အမျိုး၊ ငါ့ဘုရား ဆိုတဲ့ အစွဲ၊ သံယောဇဉ် အစွန်းတဖက် ၀င်လာမည်။ ကိုယ်မကြည်ညိုသော ပုဂ္ဂိုလ်ကို လှူလျှင်ကား ဒေါသ အစွန်းတစ်ဖတ်သို့ ရောက်သွားမည်။ သံဃာအား ရည်စူးလျှင်ကား ထိုအစွန်းနှစ်ဖက်မှ လွတ်သွားတော့သည်။

ပင်လယ်ကြီးနဲ့တူသော သံဃာ

သံဃာသည် ပင်လယ်ကြီးနဲ့လည် တူသည်ဟု ဆိုထားသေးသည်၊ သံဃာကို ရည်မှန်းပြီး အလှူဒါနပြုလျှင် ပင်လယ်ကြီးလောက် အကျိုးရသည်။ ပင်လယ်ကြီးထဲက ရေတွေကို ရေပုံးတွေနဲ့ တစ်ပုံး နှစ်ပုံးစသည်ဖြင့် ခပ်ပြီး ရေတွက်လို့ မရသလို၊ သံဃိကဒါနသည်လည် အရေအတွက်ရော အရည်အချင်းပါ နှိုင်းယှဉ်လို့ မရအောင် ကြီးမားလှသည်။ စာရေးသူ တောင်မြို့ မဟာဂန္ဓာရုံမှာ နေစဉ်က ကျောင်းတိုက်မှာ သံဃာ ၁၃၀၀ ကျော် ဆွမ်းလာ လောင်းလှူသော အလှူရှင်များကို ဆွမ်းမလောင်းမီမှာ ဆရာတော်ကြီးများ နေ့စဉ် မိန့်သည့် စကားတစ်ခွန်းရှိသည်၊ “သံဃဿ ဒေမ နိဗ္ဗာနဿ ပစ္စယော ဟောတု” ပင်ဖြစ်သည်။ စိတ်ထဲကနေ ဆို၍ ဆွမ်းလောင်းခိုင်းသည်။ ကျမ်းအပြုအကျော် ဆရာတော်ကြီးလက်ထက်ကထဲက ထိုအစဉ်အလာသည် ယနေ့အထိ သက်ဝင်နေဆဲဖြစ်သည်။

စာရေးသူတို့ကျောင်းမှာ မနက်တိုင်း သြ၀ါဒ (နံနက်ခင်း သြ၀ါဒ)ဆိုတာ ရှိသည်၊ ထိုသြ၀ါဒတွင် ကျောင်းတိုက်အတွင်းရှိ သံဃာများသာမက ကျောင်းတိုက် အနီးအနားရှိ ရပ်ကွက်ထဲက ဒကာ ဒကာမတွေပါ လာနာယူကြသည်။ ထိုအထဲတွင် ကျောင်းဒကာကြီး ဦးမြညွှန့်လဲ ပါသည်၊ သံဃာ အားလုံးက သူ့ကို သိကြသည်။ ထိုကျောင်းဒကာသည် ဆရာတော်ကြီး လက်ထက်ကထဲက မနက်ခင်းတိုင်း သြ၀ါဒ လာနာလေ့ရှိသည်၊ သြ၀ါဒအပြီး သံဃာ ၁၃၀၀ လောက် နေ့စဉ် ဆွမ်းခံကြွရာ သူ့အိမ်က ကျောင်းအပေါက်မှာ ဖြစ်သဖြင့် သံဃာ အားလုံးနီးပါး လောင်းရသည်၊ နေ့စဉ် ဆန်တစ်တင်းလောက် လောင်းရသတဲ့၊ အများစုကတော့ ရွာဘုရား ရွာသား မရိုသေ၊ ရွာနွားမြက် ရွာနွားမစား ဆိုတာလို ကျောင်းနားမှာ နေသူများက ကျောင်းက ဘုန်းကြီးများကို ကြည်ညိုခဲ၏၊ ဒါပေမဲ့ ထိုဒကာကြီးက သံဃာကို ကြည်ညိုတတ်သဖြင့် ဘယ်ရဟန်း ဘယ်လိုနေနေ ကြည်ညိုတတ်နေသည်။ ရဟန်းဆိုတဲ့ ပုဂ္ဂိုလ်ကို မကြည့်၊ သံဃာကိုပဲ ကြည့်တတ်သူဟု ဆိုရမည်။ ကျောင်းအနီးအနားမှာ ဆိုတော့ ကျောင်းတိုက်ထဲက ကိုရင်တွေ ဦးဇင်းငယ်တွေ အိမ်ရှေ့ကနေ ဖြတ်သွား ဖြတ်လာ သွားတတ်ကြသည်၊ သင်္ကန်းမရုံ၊ လူငယ်သဘာဝ လွတ်လွတ်လပ်လပ် သွားတတ်ကြသည်၊ တချို့ဆို အိမ်ရှေ့ကနေ သီချင်းတောင် အော်ဆိုသွားသေးသည်၊ အကြည်ညိုမပျက် ကျောင်းတိုက်က တစ်တိုက်လုံး သံချောင်းခေါက်ပြီး သံဃာစစ်တိုင်း မြို့ထဲ ရပ်ထဲ အသီးအသီး ရောက်နေကြသော ကိုရင်တွေ ဦးဇင်းတွေ တ၀ုန်းဝုန်းနဲ့ အိမ်ရှေ့ကနေ ဖြတ်ပြီး ပြေးတတ်ကြသည်၊ ထိုအခါ အကြည်အညို မပျက်တဲ့အပြင် အိမ်ရှေ့ထွက်ပြီး လက်အုပ်ကလေးချီကာ အရှင်ဘုရားများ မှီအောင်ပြေးတော်မူကြပါဘုရားဟု လျှောက်တတ်သေးသည်။

စာရေးသူလဲ ထိုဖြစ်စဉ်ကို ကြည့်ပြီး ဘုရားလက်ထက်က ကျောင်းဒကာ ဦးအနာထပိဏ်တို့ ကျောင်းအမ ဒေါ်ဝိသာခါတို့ကို သတိရမိလိုက်သည်။ ထိုကျောင်းဒကာ ကျောင်းအမများသည်၊ သောတာပန်များ ဖြစ်ကြသည်၊ ရဟန်းသံဃာများကို ကြည်ညိုတတ်သလို ပုဂ္ဂိလ်တစ်ပါးချင်းအားဖြင့်လဲ သံယောဇဉ်ရှိကြသည်။ ဘုရားရှင်၏ အလုပ်အကြွေး အရှင်အာနန္ဒာကို သိပ်ချစ်ကြသည်။ ယနေ့ခေတ် ဆရာတော်ကြီးများ၏ အလုပ်အကြွေးများကို ကျောင်းဒကာ ကျောင်းအမများက ချစ်ကြသလိုပင် ဖြစ်မည်။ မြတ်ဗုဒ္ဓလက်ထက်တော်ကထဲက သံဃာထဲတွင် စုန်းပြူးလေးတွေ ရှိတတ်သည်၊ ထိုကဲ့သို့သော စုန်းပြူးလေးတွေကို ကျောင်းဒကာ အနာထပိဏ်တို့ ကျောင်းအမ ဒေါ်ဝိသာခါတို့ ကောင်းကောင်း သိကြသည်။ သံဃာကို ကြည်ညိုတတ်သဖြင့် တစ်ဦးတစ်ယောက် မကောင်းတာကို မြင်ပြီး သံဃာကို အကြည်အညိုမပြတ်ခဲ့ကြ။ သံဃာ၏ လေးနက်သော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကောင်းကောင်း သိထားသူများ ဖြစ်ကြသည်။

ပင်လယ်နဲ့တူတဲ့ သံဃာသည် အလွန်သန့်ရှင်းသည်၊ ဖြူစင်သည်။ အညစ်အကြေးမရှိ၊ အပုပ်အနံ့ မရှိ၊ ပင်လယ်ထဲတွင် အပုပ်အကောင်များ ကျရောက်သော် ပင်လယ်၏ လှိုင်းများ ရိုက်ခက်ပြီး ကမ်းပေါ်ရောက်အောင် ပို့လေ့ရှိသည်။ ပင်ထဲတွင် ဘာအပုပ်အကောင်မှ မထား၊ ဒါသည်ပင် ပင်လယ်ကြီး၏ အံဖွယ်ရှစ်ဖြာထဲက တစ်ခု အပါဝင်ဖြစ်သည်။ အလားတူပင် သံဃာ့အဖွဲအစည်းထဲမှာလဲ အပုပ်အကောင်များ မရှိ၊ အပုပ်ကောင်များ ကျရောက်လာလျှင်လဲ အပြင်ရောက်အောင် ထုတ်ပစ်လေ့ရှိသည်။ တစ်ခါက သံဃာများစုစည်းနေချိန် မြတ်စွာဘုရား ပါတိမောက်ပြမည့်ကို စောင့်နေကြသော သံဃာတော်များက “သံဃာ ပရိသတ် စုံလင်နေပါလျှက်၊ မြတ်ဗုဒ္ဓ ဘာ့ကြောင့် ငြိမ်နေသနည်း” သံဃာများက သံဃာတွေ စုံလင်ကြောင်း လျှောက်သော်လည်း ငြိမ်မြဲငြိမ်နေသည်။ နောက်တစ်ကြိမ်တော့ မြတ်ဗုဒ္ဓက သံဃာတွင် အပုပ်အနံ့ရှိသူ ရှိနေပြီ၊ သံဃာတွင် မစင်ကြယ်သူ ရှိနေပြီဟု မိန့်မှ မစင်ကြယ်သူ အပုပ်အနံ့ရှိသူ သံဃာထဲက ထွက်သွားဖို့ အရှင်မောဂ္ဂလာန် ၃ ကြိမ်တိုင်တိုင် မိန့်သော်လည်း ထွက်မသွားသော အခါ၊ အရှင်မောဂ္ဂလာန်သည် အဘိဥာဉ်ဖြင့် မစင်ကြယ်သူ အပုပ်အနံ့ရှိသူကို ရှာပြီး လက်မောင်းကို စွဲပြီး ခေါ်ထုတ်ရတဲ့အထိ ဖြစ်ခဲ့ဖူးသည်။ သံဃာတွင် အညစ်ကြေးမတင် သန့်ရှင်း ဖြူစင်နေခြင်းသည်လည်း သာသနာတော်ကြီး၏ အံ့ဖွယ် ရှစ်ဖြာမှ တစ်ခုအပါဝင် ဖြစ်သည်။

သာသနာတော်မှ အလိုလျောက် ထွက်သွားသူများ
သာသနာအပေါ်၊ ရတနာသုံးပါးအပေါ် သဒ္ဓါအား နဲသွားသော် မြတ်ဗုဒ္ဓအဆုံးအမတွေအပေါ် လိုက်နာ ကျင့်သုံးမှု ၀ီရိယနဲသွားမည်၊ သူတော်ကောင်း အလုပ်တွေကို လုပ်ချင်စိတ် ဆန္ဒ ၀ီရိယ နဲသွားတာနဲ့အမျှ မကောင်းမှုလုပ်ချင်စိတ် တွေ ပေါ်လာမည်၊ မကောင်းမှု လုပ်ရမှာကို မရှက်တော့၊ မကြောက်တော့သဖြင့် ထိုမကောင်းမှုတွေကို လုပ်ဖြစ်သွားမည်၊ ထိုကဲ့သို့ သဒ္ဓါအားနဲခြင်း၊ ၀ီရိယ လျှော့သွားခြင်း၊ မကောင်းမူ့ကို မရှက် မကြောက်ခြင်းတို့သည် ပညာ၊ အသိပညာ ဗဟုသုတ အားနဲလွန်းသော ကြောင့် ဖြစ်သည်။ ထိုကဲ့သို့ မကောင်းမှုတွေ အပေါ် ပျော်မွေ့သွားသော သူသည် သူတော်ကောင်းများ အသိုင်းအ၀ိုင်းတွင် မနေတတ်တော့၊ မနေနိုင်ဘဲ အလိုအလျှောက် အပြင်ရောက်သွားတော့သည်။ (စ၀နသုတ်၊ အင်္ဂုတ္တရနိကာယ်)။

စာရေးသူ ငယ်စဉ်က တောင်မြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ရဲ့ အတွေ့အကြုံလေးကို ဖောက်သည်ချချင်သည်။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့ကြုံတိုင်းသည် ကိုယ့်အတွက် မမေ့စရာ၊ အမှတ်ရစရာ အဖြစ်ရှိနေသည်။ ထိုအတွေ့ကြုံလေးတွေကို တွေးမိတိုင်း ပိုငယ်သွားသလို ခံစားမိသည်၊ ကြည်နူးမိသည်၊ စိတ်ကောင်းတွေ နှိုးထလာသည်။ ထိုတိုက်ထဲမှာ နေစဉ်က ကျောင်းတိုက်ရဲ့ သေနာသန၀တ်တွေကို ဘယ်သူမှ မတိုက်တွန်းဘဲ ကိုယ့် သဒ္ဓါတရားဖြင့် လုပ်ကြသည်၊ ဖြည့်ကျင့်ကြသည်။ မနက် အိပ်ယာထ တချို့လဲ မေတ္တာဘာဝနာပွားကြ၊ တချို့လဲ လမ်းလျှောက်ရင်း ပရိတ်တရားများရွတ်ပွားကြ၊ တချို့ကျတော့ တံမျက်စီးလှဲခြင်း၊ သောက်ရေးအိုး ရေဖြည့်ခြင်းစတဲ့ သေနာသန၀တ်တွေ ပြုကြသည်၊ မနက်စာ အရုဏ်ဆွမ်းဘုန်းပေးပြီး သြ၀ါဒတရား နာကြသည်၊ သြ၀ါဒ ပြီးတာနဲ့ ကိုယ့်အသိစိတ်နဲ့ ဦးသူတော်၊ ကိုရင်၊ ရဟန်းတော် အသီးအသီးတို့က ကိုယ့်ပတ်ဝန်းကျင်မှာ သန့်ရှင်းရေးလုပ်ကြသည်၊ သောက်ရေးအိုး ရေဖြည့်သူက ဖြည့်ကြသဖြင့် မနက်ပိုင်း သဒ္ဓါအားကြောင့် တက်တက်ကြွကြွနဲ့ သူတော်ကောင်း အလုပ် လုပ်ကြသည်၊ ညနေပိုင်း စာဝါအချိန် သိမ်းချိန်မှာ တစ်ကြိမ် ကျောင်းတိုက်၏ သေနာသန၀တ်ကို ဖြည့်ကြပြန်သည်။ သဒ္ဓါတရားရှိသူများက ကိုယ့်စိတ်နဲ့ကို သေနာသန၀တ်ကိုဖြည့်ကျင့်နေကြပေမဲ့ သဒ္ဓါနဲသူ၊ မရှိသူများကတော့ သူများ လုပ်နေတာကို ဘေးကနေ မိန့်မိန့်ကြီး ထိုင်ကြည့်နေတတ်ကြသည်၊ ကိုယ့်ထက် အသက်ကြီး ၀ါကြီး ပညာကြီးသူများက တံမျက်စီးလှဲနေတဲ့ အချိန် အနားမှာ သဒ္ဓါတရားနဲသူက အလိုက်မသိ နေတတ်သည်။ ထို ပုဂ္ဂိုလ်များက သူတော်ကောင်း အလုပ်ကို မပျော်၊ သူပျော်နေတာက သာသနာနဲ့ မစပ်တဲ့ အလုပ်၊ ရဟန်းတို့ မလုပ်အပ်တဲ့ အလုပ်ဖြစ်နေသည်။ သူလဲ သိပ်မကြာပါဘူး၊ လူထွက်ရင် ထွက်၊ လူမထွက်ရင်လဲ ထိုအသိုင်းဝိုင်းမှာ ငြီးငွေ့လာသဖြင့် အလိုလိုနဲ့ အပြင်ရောက်သွားတော့သည်။

သဒ္ဓါတရားသည် သူတော်ကောင်းအလုပ် လုပ်ရန် နှိုးဆော်ပေးနိုင်စွမ်းရှိသလို သဒ္ဓါဇာတော ဥပသင်္ကမိ (စင်္ကီသုတ်) အရ သဒ္ဓါတရားသည် ဆရာသမားကို ချဉ်းကပ်စေပြီး၊ ထိုမှ ဆင့်ကဲဆင့်ကဲ သစ္စာတရားကို သိစွမ်းနိုင်သည်အထိ အရောက်ပို့သည်။ သဒ္ဓါတရား လုံးဝ မရှိလျှင်တော့ ဆန့်ကျင်ဘက် အလုပ်တွေကို လုပ်ဖို့ အခြေအနေ ရောက်သည်၊ ထိုမှ ဆင့်ကဲဆင့်ကဲ အပါယ်လေးပါးထဲသို့ ဆွဲချသည်အထိ ဖြစ်သွားတော့သည်။ သဒ္ဓါတရားမရှိလျှင်တော့ ကိုယ့်သန္တာန် သူတော်ကောင်းတရား (သာသနာ) ကွယ်ပြီဟူ၍မှတ်ရတော့မည်။
(မဟာဂန္ဓာရုံတိုက်ခွဲ မြစကြ်ာ၊ စစ်ကိုင်း)
ဗုဒ္ဓဘာသာ အဖြစ်ကိုရယူခြင်းနှင့် သံဃာ
ဗုဒ္ဓဘာသာ အဖြစ်ကို ခံယူခြင်းသည် ရတနာသုံးပါးကို လက်ခံ ယုံကြည် ကိုးကွယ်ခြင်း ဖြစ်သည့်အပြင် လူဝတ်ကြောင်များ စောင့်ထိမ်းသင့်သည့် ဥပဒေ (ခေါ်) ငါးပါးသီလကို ခံယူခြင်းတို့ဖြစ်သည်။ ထို ရတနာသုံးပါးတွင် “သံဃံ သရဏံ ဂစ္ဆာမိ” သံဃာကို ကိုးကွယ် အားထားရာဟူ၍ အသက်ထက်ဆုံး ဆည်းကပ်ပါ၏ ဟူသည် ရဟန်းတစ်ပါးပါးကို ဆည်းကပ် သည်ကို မဆိုလို။ ကောင်းကင်ကြီးနှင့်တူသော၊ ချစ်ခြင်း မုန်းခြင်း ဟူသော အစွန်းနှစ်ဖက်မှ လွတ်သော ဘုရားရှင်၏ သားတော်များ အဖွဲ့အစည်းကြီး တစ်ခုလုံးကို ဆိုလိုသည်။ သုပ္ပဋိပ္ပန္န၊ ဥဇုပ္ပဋိပ္ပန္န အစဖြာသည့် ကိုးဖြာသော ဂုဏ်တော်တွေနှင့် ပြည့်စုံသော သံဃာကို ဆိုလိုသည်။ ထိုဂုဏ်များအပြင် ယနေ့ ကုသိုလ် အကုသိုလ်၊ ကောင်း၏ မကောင်း၏၊ အပြစ်ရှိ မရှိ၊ ကံ ကံ၏အကျိုး၊ အမိအဖ၊ အစ်ကိုအစ်မ ကျေးဇူးတရားတွေကို သိရခြင်း၊ မြတ်ဗုဒ္ဓတရားတော်တွေကို ယနေ့အထိ နှစ်များစွာ လက်ဆင့်ကမ်းလာခြင်း စတဲ့ ဂုဏ်တွေကို အလေးအထားပြီး ယုံကြည် ကိုးကွယ်ခြင်းဖြစ်သည်။ ထိုဂုဏ်တွေသည် သံဃာမှာ ရှိသည်။ သံဃာသည် လယ်ယာမြေကောင်းနှင့်လည်း တူသည် (ပုညခေတ္တံ အနုတ္တရံ)၊ ထိုလယ်မြေကောင်းတွင် စိုက်ပျိုးခွင့်ရရှိသော သူတို့မှာ များစွားအကျိုးများ ရရှိကြသည်။ သံဃာသည် ထိုကဲ့သို့လယ်ယာမြေကောင်း ဖြစ်အောင် ကျင့်ဆောင်နေခြင်းကို လောကစီးပွား ပရဟိတအတွက် အားထုတ်နေသူ အစစ်များဖြစ်ကြသည်။ ထိုကဲ့သို့သော ဂုဏ်ကျေးဇူးများကို စိတ်တွင်သွင်း၍ သံဃံ သရဏံ ဂစ္ဆာမိ ဖြစ်လာရသည်။

နိဂုံးချုပ်သော်
ထို့ကြောင့် သံဃာ၊ သာသနာက အလွန်သန့်ရှင်းပါတယ်၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မကြည့်ဘဲ သံဃာ၊ သာသနာကိုပဲ ကြည့်ပြီး ကြည်ညိုတတ်ပါစေ။ သံဃံ သရဏံ ဂစ္ဆာမိ တွင် လေးနက်သော အဓိပ္ပါယ် များစွာ ပါရှိသည်ကို သတိပြုသင့်သည်၊ ဘိက္ခုံ-သမဏံ-ပုဂ္ဂလံ သရဏံ ဂစ္ဆာမိ စတဲ့ တစ်ဦးတစ်ယောက်ကို ကိုးကွယ်သည်နှင့် မတူဟု မှတ်ထားသည်။ မြတ်ဗုဒ္ဓ၏ဓမ္မသည်ပင် သာသနာ၊ မြတ်ဗုဒ္ဓသားတော် သံဃာသည်ပင် သာသနာဖြစ်သည်အတွက် သာသနာနှင့် သံဃာကို ကြည်ညိုတတ်ကြပါစေသတည်းးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၁-၂၀၁၂

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes