သံဃာကို ကြည်ညိုတတ်ပါစေ
စာမိတ်ဆက်
ဒီပို့စ်က ဗုဒ္ဓဘာသာဝင်တွေ အတွက်ပါမက တခြားဘာသာဝင်တွေ အတွက်ပါ များစွာ အထောက်ကူ ပြုပါလိမ့်မည်။ သံဃာကို ကြည်ညိုတတ်စေလိုပါသည်၊ သံဃာဆိုတဲ့အဓိပ္ပါယ်ကိုလည်း နားလည်စေလိုသည်။ “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်” ဆိုတာလို တစ်ပါးတစ်လေ မလျှော်မကန်တာလေးကို မြင်ပြီး တစ်သာသနာလုံး၊ တစ်သံဃာလုံးကို အထင်သေး အမြင်သေးပြီး အကုသိုလ် မဖြစ်စေလိုပါ။ သံဃာကို စော်ကားမိရင် အပြစ် အလွန်ကြီးများသလို သံဃာကို အကျိုးကျေးဇူးပြုရင်လဲ အလွန်အကျိုးများသည်။ တချို့ အွန်လိုင်းအပေါ်မှာ ကလေးမလေးတွေ စာရေးသူကို မေးလေ့ရှိတယ်၊ ဘယ် ဦးဇင်းကတော့ ဘယ်လို၊ ဘယ်ဘုန်းကြီးကတော့ ဘယ်ညာ၊ ဘယ်သူကတော့ ရဟန်းဖြစ်ပြီး ဘယ်လိုနေတာ၊ စသည်ဖြင့် အမြင်မကြည်တဲ့သဘောနဲ့ ပြောပြလေ့ရှိသည်၊ ဝေဖန်လေ့ရှိသြည်။ တချို့ကျပြန်တော့ အရှင်ဘုရား--ဘယ်နားက ဘုန်းကြီးက ဘယ်လိုနေတာဘုရား သင့်တော်ပါသလားဘုရားပေါ့၊ ဒီလိုနေတာ၊ ဒီလိုလုပ်တာ မသင့်တော်ပါဘူးဘုရားပေါ့၊ တစ်ချို့ဗုဒ္ဓဘာသာ စာပေနဲ့ အထိအတွေ့နှင့်လဲ နဲသည်၊ တရားတွေလဲ နာလေ့သိပ်မရှိတဲ့ ဘာသာရေးအထိအတွေ့ အရမ်းနုနယ်သေးတော့ ဘုန်းကြီးတစ်ပါး၏ မသင့်တော်တာကို မြင်တွေ့လိုက်ရပြီး ဘုန်းကြီးအားလုံး ဒီလိုပဲ နေမှာပဲ ဆိုတဲ့ အသိစိတ်ဝင်သွားပြီး သံဃာကို အထင်သေးအမြင်သေးစိတ်ဝင်ပြီး အပြစ်ကြီးတစ်ခု ရောက်သွားနိုင်သည်။ ထို့ကြောင့် ပုဂ္ဂိုလ် (Individual) နှင့် သံဃာ (The Order) ကို ကွဲကွဲပြားပြား သိစေလိုသည်အတွက် ဒီပို့စ် ဖြစ်ပေါ်လာသည်။
(တောင်မြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်)
စုန်းပြူးလေးတွေ
“ဆွမ်းဆန်ထဲ ကြွက်ချေးရော” “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်”ဆိုတဲ့ စကားပုံများလို အဖွဲ့အစည်းတစ်ခုမှာ စုန်းပြူးလေးတွေ၊ ကြွက်ချေးလေးတွေ ပါတတ်သည်။ လူ ငါးယောက်သာ ရှိတဲ့ မိသားစုတစ်စုထဲသည်ပင် စုန်းပြူးလေးတွေ ပါတတ်သည်။ ရဟန်းတော်များသည်လည်း သာမန်ပုထုဇဉ်တွေများသာ ဖြစ်သည်၊ ထိုရဟန်းတော် ထောင်နဲ့ ချီ ရှိတဲ့ ကျောင်းတိုက်တစ်တိုက်မှာ စုန်းပြူးတွေ၊ ကြွက်ချေးတွေ ပါနိုင်သည်ကား အဆန်းမဟုတ်တော့ပေ။ ဒါကို နားလည်ထားဖို့လိုသည်၊ ထိလွယ် ရှလွယ်ဖြစ်တတ်သော ဘာသာရေးနုနယ်သူများအတွက် ရဟန်းတော် တစ်ပါးပါး အမြင်မတော်သည်ကို တွေ့လျှင် ယောနိသော မနသိကာ (သင့်သော နှလုံး)ထားတတ်ဖို့လိုသည်။
“ဆွမ်းဆန်ထဲ ကြွက်ချေးရော” “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်”ဆိုတဲ့ စကားပုံများလို အဖွဲ့အစည်းတစ်ခုမှာ စုန်းပြူးလေးတွေ၊ ကြွက်ချေးလေးတွေ ပါတတ်သည်။ လူ ငါးယောက်သာ ရှိတဲ့ မိသားစုတစ်စုထဲသည်ပင် စုန်းပြူးလေးတွေ ပါတတ်သည်။ ရဟန်းတော်များသည်လည်း သာမန်ပုထုဇဉ်တွေများသာ ဖြစ်သည်၊ ထိုရဟန်းတော် ထောင်နဲ့ ချီ ရှိတဲ့ ကျောင်းတိုက်တစ်တိုက်မှာ စုန်းပြူးတွေ၊ ကြွက်ချေးတွေ ပါနိုင်သည်ကား အဆန်းမဟုတ်တော့ပေ။ ဒါကို နားလည်ထားဖို့လိုသည်၊ ထိလွယ် ရှလွယ်ဖြစ်တတ်သော ဘာသာရေးနုနယ်သူများအတွက် ရဟန်းတော် တစ်ပါးပါး အမြင်မတော်သည်ကို တွေ့လျှင် ယောနိသော မနသိကာ (သင့်သော နှလုံး)ထားတတ်ဖို့လိုသည်။
ယနေ့ခေတ်မှာ ခေတ်ရဟန်းတော်များသည် ခေတ်လူငယ်များနဲ့ ရင်ဘောင်တန်းကာ ခေတ်မှီသော စက်မှုကိရိယာများကို အမှီလိုက်ကာ အသုံးပြုနေကြသည်၊ တယ်လီဖုန်း၊ ကွန်ပြူတာ၊ အိုင်ပက်၊ အိုင်ဖုန်း၊ အင်တာနက် စသည်အားဖြင့် အသုံးပြုနေကြသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ထိုပစ္စည်းများသည် ရဟန်းတော်များသာ မဟုတ် လူဝတ်ကြောင် လူငယ်တွေပါ သုံးတတ်လျှင် အကျိုးများမည်၊ မသုံးတတ်လျှင်တော့ အန္တရာယ်များမည်၊ ၂၀၀၉ ခုနှစ်က ကလေးမလေးတစ်ယောက်က ရဟန်းတော်များ အင်တာနက် သုံးကောင်းပါသလား ဆိုတဲ့ မေးခွန်းအပေါ် “ရဟန်းတော်နှင့်အင်တာနက်” ဆိုတဲ့ပို့စ်တစ်ခု ရေးသားခဲ့ဖူးသည်။ မြန်မာနိုင်ငံမှာ အင်တာနက်တွေ စပြီး အသုံးများလာတော့ အင်တာနက်ဆိုင်တွေမှာ ရဟန်းတွေ တွေ့မြင်နေရတာကို တအံ့တသြဖြစ်သူတွေ ရှိသလို၊ ရဟန်းတွေ အင်တာနက် သုံးကောင်းပါသလားဆိုတဲ့ သံသယရှိသူတွေ ရှိကြသည်၊ ဒါ့အပြင် အမြင်မတော်ဘူးလို့ ထင်သူတွေလဲ ရှိမည်။ ကလေးမလေးတစ်ယောက်က သူမ၏ ဖေ့ဘုတ်မှာ ရေးထားသည့်စာတစ်ပုဒ် “ဟူးးးးးးးးးအင်တာနက်သုံးချင်လို့ မနက်စောစော အိပ်ယာက ထလာတယ်၊ အင်တာနက်ဆိုင်ရောက်တော့ ဘုန်းကြီးကျောင်းထဲကို ရောက်နေရသလိုပဲ”ဟု စိတ်မသက်မသာ လေသံနဲ့ ငြီးထွားနေသည်။ ဘုန်းကြီးကျောင်းနားမှာ ရှိသော အင်တာနက်ဆိုင်များသည် အင်တာနက် အသုံးပြုသော ရဟန်းတော်များကို အမှီပြုကြသည်အတွက် ဘုန်းကြီးကျောင်းအနားက အင်တာနက်ဆိုင်များကို သွားလျှင်တော့ ထိုကဲ့သို့အဖြစ်မျိုး ကြုံရမည် ဖြစ်သည်။ ခေတ်အမြင်အရ အဆန်းကား မဟုတ်ပါ၊ စာရေးသူ၏ “ရဟန်းတော်နှင့်အင်တာနက်” ပို့စ်ကို ဖတ်လျှင် ရဟန်းတော်များအတွက် အင်တာနက်သည် ဘယ်အတိုင်းအတာအထိ အရေးပါသလို၊ ဘယ်အတိုင်းအတာအထိ ဆိုးကျိုးပေးသနည်းဆိုတာပါ သိရမှာ ဖြစ်သည်။
ခေတ်ကာလအရ ပေါ်လာသည့်အလျှောက် ရဟန်းတော်များလဲ အသုံးပြုလာကြသည့်အခါ တချို့ပုဂ္ဂိုလ်များ အမြင်မတော်ဟု ထင်မှားပြီး သံဃာကို အကြည်ညိုမပျက်စေလိုပါ။ ရဟန်းတော်တွေဟာ ခေတ်နဲ့အညီ ပညာရပ်တွေလဲ သင်ယူလာကြသည့်အတွက် လူဝတ်ကြောင်တွေနဲ့ ပိုနီးစပ်လာသည်၊ ရှေးတုန်းကလို စာသင်တိုက်ထဲမှာပဲ အောင်းပြီး ဘုရားဟော ပိဋကတ်တွေကိုသာ သင်ကြသည် မဟုတ်တော့ပဲ အပြင်ထွက်ပြီး ခေတ်ပညာတွေ သင်လာကြတော့ အမြင်မတော်တာတွေ မြင်တွေ့နိုင်သည်။ ထိုအခါ ယောနိသော မနသိကာရ (အကောင်းအမြင်)နဲ့ မြင်သင့်သည်။ ပုဂ္ဂိုလ်တစ်ဦးဦးကြောင့် ဘုရားသားတော် သံဃာကို အထင်လွဲ အမြင်လွဲမှုတွေ အထိ မဖြစ်သင့်ပေ။
ကောင်းကင်ကြီးနှင့်တူသော သံဃာ
သံဃာဆိုတာ ဘုရားလက်ထက်က အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် တို့ ဦးဆောင်ခဲ့သော သံဃာ့အဖွဲ့အစည်း၊ မြတ်စွာဘုရားမရှိသည့်နောက်ပိုင်း အရှင်မဟာကဿပ၊ အရှင်အာနန္ဒာတို့ ဆက်ပြီး ဦးဆောင်ခဲ့သော ယနေ့အထိ သံဃာ့အဖွဲ့အစည်းကို ရည်ရွယ်သည်။ ရဟန်းတစ်ပါးပါး သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရည်ရွယ်သည် မဟုတ်။
သံဃာဆိုတာ ကောင်းကင်ကြီးနဲ့တူသည်၊ ကောင်းကင်ကြီးကို လက်နဲ့ ဝှေ့ယမ်းကြည့်သောအခါ ဘာကိုမှ မထိမခိုက်၊ မတိုက်မိဘဲ လှုပ်ခါ ယမ်းနိုင်သည်။ သံဃာသည်လည်း ပုဂ္ဂိုလ် မရှိသဖြင့် အလွန်ကြီးကျယ် ကျယ်ပြန့်သည်ဖြစ်ရာကား မထိခိုက်နိုင်။ ပုဂ္ဂိုလ်၊ တစ်ဦးတစ်ယောက်ချင်းကို မြင်ကြည့်လျှင်၊ မုန်းစရာ ဖြစ်လျှင် ဖြစ်မည်၊ ချစ်စရာ ဖြစ်လျှင် ဖြစ်မည်။ မုန်းစရာ ဖြစ်သောအခါ ဒေါသ ၀င်လာမည်၊ ချစ်စရာ ကြိုက်စရာဟု မြင်လာလျှင် သံယောဇဉ်၊ တွယ်တာမှုတွေ ပုဂ္ဂိုလ်စွဲတွေ ၀င်လာမည်။ ပုဂ္ဂိုလ်ကို ခင်မင်ပြီး ငါ့ဘုန်းကြီး၊ သူ့ဘုန်းကြီးဟု ဖြစ်တတ်သည်၊ ထိုအစွဲကနေ ကုလမစ္ဆရိယစိတ်တွေ၊ ဣဿာစိတ်တွေ ဆက်တိုက် ၀င်လာဦးမည်။
သံဃာပတ်သက်ပြီး အကုသိုလ်ဖြစ်လျှင်တောင် ကြီးလေးသော အပြစ် (ဂရုကံ) ဖြစ်သည်၊ ဥပမာ သံဃာ အသင်းခွဲတဲ့ အလုပ်မျိုး လုပ်မည့်ရင် အဖေကိုသတ်၊ အမေကို သတ်ခြင်းနှင့် အလားတူ အပြစ်မျိုးဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့ ပတ်သက်ပြီး ဖြစ်သော အပြစ်မျိုးကား အပြစ်ကြီး မဆိုလှ၊ ကုသိုလ်ကောင်းမှုပိုင်းဆိုင်ရာမှာတော့ ဘုရားကို လှူတာထက် သံဃာကို လှူတာက ပိုပြီး အကျိုးများသည်။ တခါက မိဒွေးတော်ဂေါတမီသည် ကိုယ်တိုင် ချုပ်ဆိုးထားသော သင်္ကန်းကို ဘုရားရှင်အားလှူသောအခါ ဘုရားရှင်က ကျေးဇူးများသော မိထွေးတော်အား သံဃာကို လှူစေသည်၊ သံဃာအား လှူရင် ငါ့ဘုရားအား လှူတာထက် ပိုအကျိုးများမည်။ ဘုရားရှင်အား ရည်စူးထားလျှင် ငါ့အမျိုး၊ ငါ့ဘုရား ဆိုတဲ့ အစွဲ၊ သံယောဇဉ် အစွန်းတဖက် ၀င်လာမည်။ ကိုယ်မကြည်ညိုသော ပုဂ္ဂိုလ်ကို လှူလျှင်ကား ဒေါသ အစွန်းတစ်ဖတ်သို့ ရောက်သွားမည်။ သံဃာအား ရည်စူးလျှင်ကား ထိုအစွန်းနှစ်ဖက်မှ လွတ်သွားတော့သည်။
ပင်လယ်ကြီးနဲ့တူသော သံဃာ
သံဃာသည် ပင်လယ်ကြီးနဲ့လည် တူသည်ဟု ဆိုထားသေးသည်၊ သံဃာကို ရည်မှန်းပြီး အလှူဒါနပြုလျှင် ပင်လယ်ကြီးလောက် အကျိုးရသည်။ ပင်လယ်ကြီးထဲက ရေတွေကို ရေပုံးတွေနဲ့ တစ်ပုံး နှစ်ပုံးစသည်ဖြင့် ခပ်ပြီး ရေတွက်လို့ မရသလို၊ သံဃိကဒါနသည်လည် အရေအတွက်ရော အရည်အချင်းပါ နှိုင်းယှဉ်လို့ မရအောင် ကြီးမားလှသည်။ စာရေးသူ တောင်မြို့ မဟာဂန္ဓာရုံမှာ နေစဉ်က ကျောင်းတိုက်မှာ သံဃာ ၁၃၀၀ ကျော် ဆွမ်းလာ လောင်းလှူသော အလှူရှင်များကို ဆွမ်းမလောင်းမီမှာ ဆရာတော်ကြီးများ နေ့စဉ် မိန့်သည့် စကားတစ်ခွန်းရှိသည်၊ “သံဃဿ ဒေမ နိဗ္ဗာနဿ ပစ္စယော ဟောတု” ပင်ဖြစ်သည်။ စိတ်ထဲကနေ ဆို၍ ဆွမ်းလောင်းခိုင်းသည်။ ကျမ်းအပြုအကျော် ဆရာတော်ကြီးလက်ထက်ကထဲက ထိုအစဉ်အလာသည် ယနေ့အထိ သက်ဝင်နေဆဲဖြစ်သည်။
စာရေးသူတို့ကျောင်းမှာ မနက်တိုင်း သြ၀ါဒ (နံနက်ခင်း သြ၀ါဒ)ဆိုတာ ရှိသည်၊ ထိုသြ၀ါဒတွင် ကျောင်းတိုက်အတွင်းရှိ သံဃာများသာမက ကျောင်းတိုက် အနီးအနားရှိ ရပ်ကွက်ထဲက ဒကာ ဒကာမတွေပါ လာနာယူကြသည်။ ထိုအထဲတွင် ကျောင်းဒကာကြီး ဦးမြညွှန့်လဲ ပါသည်၊ သံဃာ အားလုံးက သူ့ကို သိကြသည်။ ထိုကျောင်းဒကာသည် ဆရာတော်ကြီး လက်ထက်ကထဲက မနက်ခင်းတိုင်း သြ၀ါဒ လာနာလေ့ရှိသည်၊ သြ၀ါဒအပြီး သံဃာ ၁၃၀၀ လောက် နေ့စဉ် ဆွမ်းခံကြွရာ သူ့အိမ်က ကျောင်းအပေါက်မှာ ဖြစ်သဖြင့် သံဃာ အားလုံးနီးပါး လောင်းရသည်၊ နေ့စဉ် ဆန်တစ်တင်းလောက် လောင်းရသတဲ့၊ အများစုကတော့ ရွာဘုရား ရွာသား မရိုသေ၊ ရွာနွားမြက် ရွာနွားမစား ဆိုတာလို ကျောင်းနားမှာ နေသူများက ကျောင်းက ဘုန်းကြီးများကို ကြည်ညိုခဲ၏၊ ဒါပေမဲ့ ထိုဒကာကြီးက သံဃာကို ကြည်ညိုတတ်သဖြင့် ဘယ်ရဟန်း ဘယ်လိုနေနေ ကြည်ညိုတတ်နေသည်။ ရဟန်းဆိုတဲ့ ပုဂ္ဂိုလ်ကို မကြည့်၊ သံဃာကိုပဲ ကြည့်တတ်သူဟု ဆိုရမည်။ ကျောင်းအနီးအနားမှာ ဆိုတော့ ကျောင်းတိုက်ထဲက ကိုရင်တွေ ဦးဇင်းငယ်တွေ အိမ်ရှေ့ကနေ ဖြတ်သွား ဖြတ်လာ သွားတတ်ကြသည်၊ သင်္ကန်းမရုံ၊ လူငယ်သဘာဝ လွတ်လွတ်လပ်လပ် သွားတတ်ကြသည်၊ တချို့ဆို အိမ်ရှေ့ကနေ သီချင်းတောင် အော်ဆိုသွားသေးသည်၊ အကြည်ညိုမပျက် ကျောင်းတိုက်က တစ်တိုက်လုံး သံချောင်းခေါက်ပြီး သံဃာစစ်တိုင်း မြို့ထဲ ရပ်ထဲ အသီးအသီး ရောက်နေကြသော ကိုရင်တွေ ဦးဇင်းတွေ တ၀ုန်းဝုန်းနဲ့ အိမ်ရှေ့ကနေ ဖြတ်ပြီး ပြေးတတ်ကြသည်၊ ထိုအခါ အကြည်အညို မပျက်တဲ့အပြင် အိမ်ရှေ့ထွက်ပြီး လက်အုပ်ကလေးချီကာ အရှင်ဘုရားများ မှီအောင်ပြေးတော်မူကြပါဘုရားဟု လျှောက်တတ်သေးသည်။
စာရေးသူလဲ ထိုဖြစ်စဉ်ကို ကြည့်ပြီး ဘုရားလက်ထက်က ကျောင်းဒကာ ဦးအနာထပိဏ်တို့ ကျောင်းအမ ဒေါ်ဝိသာခါတို့ကို သတိရမိလိုက်သည်။ ထိုကျောင်းဒကာ ကျောင်းအမများသည်၊ သောတာပန်များ ဖြစ်ကြသည်၊ ရဟန်းသံဃာများကို ကြည်ညိုတတ်သလို ပုဂ္ဂိလ်တစ်ပါးချင်းအားဖြင့်လဲ သံယောဇဉ်ရှိကြသည်။ ဘုရားရှင်၏ အလုပ်အကြွေး အရှင်အာနန္ဒာကို သိပ်ချစ်ကြသည်။ ယနေ့ခေတ် ဆရာတော်ကြီးများ၏ အလုပ်အကြွေးများကို ကျောင်းဒကာ ကျောင်းအမများက ချစ်ကြသလိုပင် ဖြစ်မည်။ မြတ်ဗုဒ္ဓလက်ထက်တော်ကထဲက သံဃာထဲတွင် စုန်းပြူးလေးတွေ ရှိတတ်သည်၊ ထိုကဲ့သို့သော စုန်းပြူးလေးတွေကို ကျောင်းဒကာ အနာထပိဏ်တို့ ကျောင်းအမ ဒေါ်ဝိသာခါတို့ ကောင်းကောင်း သိကြသည်။ သံဃာကို ကြည်ညိုတတ်သဖြင့် တစ်ဦးတစ်ယောက် မကောင်းတာကို မြင်ပြီး သံဃာကို အကြည်အညိုမပြတ်ခဲ့ကြ။ သံဃာ၏ လေးနက်သော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကောင်းကောင်း သိထားသူများ ဖြစ်ကြသည်။
ပင်လယ်နဲ့တူတဲ့ သံဃာသည် အလွန်သန့်ရှင်းသည်၊ ဖြူစင်သည်။ အညစ်အကြေးမရှိ၊ အပုပ်အနံ့ မရှိ၊ ပင်လယ်ထဲတွင် အပုပ်အကောင်များ ကျရောက်သော် ပင်လယ်၏ လှိုင်းများ ရိုက်ခက်ပြီး ကမ်းပေါ်ရောက်အောင် ပို့လေ့ရှိသည်။ ပင်ထဲတွင် ဘာအပုပ်အကောင်မှ မထား၊ ဒါသည်ပင် ပင်လယ်ကြီး၏ အံဖွယ်ရှစ်ဖြာထဲက တစ်ခု အပါဝင်ဖြစ်သည်။ အလားတူပင် သံဃာ့အဖွဲအစည်းထဲမှာလဲ အပုပ်အကောင်များ မရှိ၊ အပုပ်ကောင်များ ကျရောက်လာလျှင်လဲ အပြင်ရောက်အောင် ထုတ်ပစ်လေ့ရှိသည်။ တစ်ခါက သံဃာများစုစည်းနေချိန် မြတ်စွာဘုရား ပါတိမောက်ပြမည့်ကို စောင့်နေကြသော သံဃာတော်များက “သံဃာ ပရိသတ် စုံလင်နေပါလျှက်၊ မြတ်ဗုဒ္ဓ ဘာ့ကြောင့် ငြိမ်နေသနည်း” သံဃာများက သံဃာတွေ စုံလင်ကြောင်း လျှောက်သော်လည်း ငြိမ်မြဲငြိမ်နေသည်။ နောက်တစ်ကြိမ်တော့ မြတ်ဗုဒ္ဓက သံဃာတွင် အပုပ်အနံ့ရှိသူ ရှိနေပြီ၊ သံဃာတွင် မစင်ကြယ်သူ ရှိနေပြီဟု မိန့်မှ မစင်ကြယ်သူ အပုပ်အနံ့ရှိသူ သံဃာထဲက ထွက်သွားဖို့ အရှင်မောဂ္ဂလာန် ၃ ကြိမ်တိုင်တိုင် မိန့်သော်လည်း ထွက်မသွားသော အခါ၊ အရှင်မောဂ္ဂလာန်သည် အဘိဥာဉ်ဖြင့် မစင်ကြယ်သူ အပုပ်အနံ့ရှိသူကို ရှာပြီး လက်မောင်းကို စွဲပြီး ခေါ်ထုတ်ရတဲ့အထိ ဖြစ်ခဲ့ဖူးသည်။ သံဃာတွင် အညစ်ကြေးမတင် သန့်ရှင်း ဖြူစင်နေခြင်းသည်လည်း သာသနာတော်ကြီး၏ အံ့ဖွယ် ရှစ်ဖြာမှ တစ်ခုအပါဝင် ဖြစ်သည်။
သာသနာတော်မှ အလိုလျောက် ထွက်သွားသူများ
သာသနာအပေါ်၊ ရတနာသုံးပါးအပေါ် သဒ္ဓါအား နဲသွားသော် မြတ်ဗုဒ္ဓအဆုံးအမတွေအပေါ် လိုက်နာ ကျင့်သုံးမှု ၀ီရိယနဲသွားမည်၊ သူတော်ကောင်း အလုပ်တွေကို လုပ်ချင်စိတ် ဆန္ဒ ၀ီရိယ နဲသွားတာနဲ့အမျှ မကောင်းမှုလုပ်ချင်စိတ် တွေ ပေါ်လာမည်၊ မကောင်းမှု လုပ်ရမှာကို မရှက်တော့၊ မကြောက်တော့သဖြင့် ထိုမကောင်းမှုတွေကို လုပ်ဖြစ်သွားမည်၊ ထိုကဲ့သို့ သဒ္ဓါအားနဲခြင်း၊ ၀ီရိယ လျှော့သွားခြင်း၊ မကောင်းမူ့ကို မရှက် မကြောက်ခြင်းတို့သည် ပညာ၊ အသိပညာ ဗဟုသုတ အားနဲလွန်းသော ကြောင့် ဖြစ်သည်။ ထိုကဲ့သို့ မကောင်းမှုတွေ အပေါ် ပျော်မွေ့သွားသော သူသည် သူတော်ကောင်းများ အသိုင်းအ၀ိုင်းတွင် မနေတတ်တော့၊ မနေနိုင်ဘဲ အလိုအလျှောက် အပြင်ရောက်သွားတော့သည်။ (စ၀နသုတ်၊ အင်္ဂုတ္တရနိကာယ်)။
စာရေးသူ ငယ်စဉ်က တောင်မြို့၊
မဟာဂန္ဓာရုံကျောင်းတိုက်ရဲ့ အတွေ့အကြုံလေးကို ဖောက်သည်ချချင်သည်။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့
အတွေ့ကြုံတိုင်းသည် ကိုယ့်အတွက် မမေ့စရာ၊ အမှတ်ရစရာ အဖြစ်ရှိနေသည်။
ထိုအတွေ့ကြုံလေးတွေကို တွေးမိတိုင်း ပိုငယ်သွားသလို ခံစားမိသည်၊ ကြည်နူးမိသည်၊
စိတ်ကောင်းတွေ နှိုးထလာသည်။ ထိုတိုက်ထဲမှာ နေစဉ်က ကျောင်းတိုက်ရဲ့ သေနာသန၀တ်တွေကို
ဘယ်သူမှ မတိုက်တွန်းဘဲ ကိုယ့် သဒ္ဓါတရားဖြင့် လုပ်ကြသည်၊ ဖြည့်ကျင့်ကြသည်။ မနက်
အိပ်ယာထ တချို့လဲ မေတ္တာဘာဝနာပွားကြ၊ တချို့လဲ လမ်းလျှောက်ရင်း
ပရိတ်တရားများရွတ်ပွားကြ၊ တချို့ကျတော့ တံမျက်စီးလှဲခြင်း၊ သောက်ရေးအိုး
ရေဖြည့်ခြင်းစတဲ့ သေနာသန၀တ်တွေ ပြုကြသည်၊ မနက်စာ အရုဏ်ဆွမ်းဘုန်းပေးပြီး သြ၀ါဒတရား
နာကြသည်၊ သြ၀ါဒ ပြီးတာနဲ့ ကိုယ့်အသိစိတ်နဲ့ ဦးသူတော်၊ ကိုရင်၊ ရဟန်းတော်
အသီးအသီးတို့က ကိုယ့်ပတ်ဝန်းကျင်မှာ သန့်ရှင်းရေးလုပ်ကြသည်၊ သောက်ရေးအိုး
ရေဖြည့်သူက ဖြည့်ကြသဖြင့် မနက်ပိုင်း သဒ္ဓါအားကြောင့် တက်တက်ကြွကြွနဲ့ သူတော်ကောင်း
အလုပ် လုပ်ကြသည်၊ ညနေပိုင်း စာဝါအချိန် သိမ်းချိန်မှာ တစ်ကြိမ် ကျောင်းတိုက်၏
သေနာသန၀တ်ကို ဖြည့်ကြပြန်သည်။ သဒ္ဓါတရားရှိသူများက ကိုယ့်စိတ်နဲ့ကို
သေနာသန၀တ်ကိုဖြည့်ကျင့်နေကြပေမဲ့ သဒ္ဓါနဲသူ၊ မရှိသူများကတော့ သူများ လုပ်နေတာကို
ဘေးကနေ မိန့်မိန့်ကြီး ထိုင်ကြည့်နေတတ်ကြသည်၊ ကိုယ့်ထက် အသက်ကြီး ၀ါကြီး
ပညာကြီးသူများက တံမျက်စီးလှဲနေတဲ့ အချိန် အနားမှာ သဒ္ဓါတရားနဲသူက အလိုက်မသိ
နေတတ်သည်။ ထို ပုဂ္ဂိုလ်များက သူတော်ကောင်း အလုပ်ကို မပျော်၊ သူပျော်နေတာက သာသနာနဲ့
မစပ်တဲ့ အလုပ်၊ ရဟန်းတို့ မလုပ်အပ်တဲ့ အလုပ်ဖြစ်နေသည်။ သူလဲ သိပ်မကြာပါဘူး၊
လူထွက်ရင် ထွက်၊ လူမထွက်ရင်လဲ ထိုအသိုင်းဝိုင်းမှာ ငြီးငွေ့လာသဖြင့် အလိုလိုနဲ့
အပြင်ရောက်သွားတော့သည်။
သဒ္ဓါတရားသည် သူတော်ကောင်းအလုပ် လုပ်ရန် နှိုးဆော်ပေးနိုင်စွမ်းရှိသလို သဒ္ဓါဇာတော ဥပသင်္ကမိ (စင်္ကီသုတ်) အရ သဒ္ဓါတရားသည် ဆရာသမားကို ချဉ်းကပ်စေပြီး၊ ထိုမှ ဆင့်ကဲဆင့်ကဲ သစ္စာတရားကို သိစွမ်းနိုင်သည်အထိ အရောက်ပို့သည်။ သဒ္ဓါတရား လုံးဝ မရှိလျှင်တော့ ဆန့်ကျင်ဘက် အလုပ်တွေကို လုပ်ဖို့ အခြေအနေ ရောက်သည်၊ ထိုမှ ဆင့်ကဲဆင့်ကဲ အပါယ်လေးပါးထဲသို့ ဆွဲချသည်အထိ ဖြစ်သွားတော့သည်။ သဒ္ဓါတရားမရှိလျှင်တော့ ကိုယ့်သန္တာန် သူတော်ကောင်းတရား (သာသနာ) ကွယ်ပြီဟူ၍မှတ်ရတော့မည်။
(မဟာဂန္ဓာရုံတိုက်ခွဲ မြစကြ်ာ၊ စစ်ကိုင်း)
ဗုဒ္ဓဘာသာ အဖြစ်ကိုရယူခြင်းနှင့် သံဃာ
ဗုဒ္ဓဘာသာ အဖြစ်ကို ခံယူခြင်းသည် ရတနာသုံးပါးကို လက်ခံ ယုံကြည် ကိုးကွယ်ခြင်း ဖြစ်သည့်အပြင် လူဝတ်ကြောင်များ စောင့်ထိမ်းသင့်သည့် ဥပဒေ (ခေါ်) ငါးပါးသီလကို ခံယူခြင်းတို့ဖြစ်သည်။ ထို ရတနာသုံးပါးတွင် “သံဃံ သရဏံ ဂစ္ဆာမိ” သံဃာကို ကိုးကွယ် အားထားရာဟူ၍ အသက်ထက်ဆုံး ဆည်းကပ်ပါ၏ ဟူသည် ရဟန်းတစ်ပါးပါးကို ဆည်းကပ် သည်ကို မဆိုလို။ ကောင်းကင်ကြီးနှင့်တူသော၊ ချစ်ခြင်း မုန်းခြင်း ဟူသော အစွန်းနှစ်ဖက်မှ လွတ်သော ဘုရားရှင်၏ သားတော်များ အဖွဲ့အစည်းကြီး တစ်ခုလုံးကို ဆိုလိုသည်။ သုပ္ပဋိပ္ပန္န၊ ဥဇုပ္ပဋိပ္ပန္န အစဖြာသည့် ကိုးဖြာသော ဂုဏ်တော်တွေနှင့် ပြည့်စုံသော သံဃာကို ဆိုလိုသည်။ ထိုဂုဏ်များအပြင် ယနေ့ ကုသိုလ် အကုသိုလ်၊ ကောင်း၏ မကောင်း၏၊ အပြစ်ရှိ မရှိ၊ ကံ ကံ၏အကျိုး၊ အမိအဖ၊ အစ်ကိုအစ်မ ကျေးဇူးတရားတွေကို သိရခြင်း၊ မြတ်ဗုဒ္ဓတရားတော်တွေကို ယနေ့အထိ နှစ်များစွာ လက်ဆင့်ကမ်းလာခြင်း စတဲ့ ဂုဏ်တွေကို အလေးအထားပြီး ယုံကြည် ကိုးကွယ်ခြင်းဖြစ်သည်။ ထိုဂုဏ်တွေသည် သံဃာမှာ ရှိသည်။ သံဃာသည် လယ်ယာမြေကောင်းနှင့်လည်း တူသည် (ပုညခေတ္တံ အနုတ္တရံ)၊ ထိုလယ်မြေကောင်းတွင် စိုက်ပျိုးခွင့်ရရှိသော သူတို့မှာ များစွားအကျိုးများ ရရှိကြသည်။ သံဃာသည် ထိုကဲ့သို့လယ်ယာမြေကောင်း ဖြစ်အောင် ကျင့်ဆောင်နေခြင်းကို လောကစီးပွား ပရဟိတအတွက် အားထုတ်နေသူ အစစ်များဖြစ်ကြသည်။ ထိုကဲ့သို့သော ဂုဏ်ကျေးဇူးများကို စိတ်တွင်သွင်း၍ သံဃံ သရဏံ ဂစ္ဆာမိ ဖြစ်လာရသည်။
ဗုဒ္ဓဘာသာ အဖြစ်ကို ခံယူခြင်းသည် ရတနာသုံးပါးကို လက်ခံ ယုံကြည် ကိုးကွယ်ခြင်း ဖြစ်သည့်အပြင် လူဝတ်ကြောင်များ စောင့်ထိမ်းသင့်သည့် ဥပဒေ (ခေါ်) ငါးပါးသီလကို ခံယူခြင်းတို့ဖြစ်သည်။ ထို ရတနာသုံးပါးတွင် “သံဃံ သရဏံ ဂစ္ဆာမိ” သံဃာကို ကိုးကွယ် အားထားရာဟူ၍ အသက်ထက်ဆုံး ဆည်းကပ်ပါ၏ ဟူသည် ရဟန်းတစ်ပါးပါးကို ဆည်းကပ် သည်ကို မဆိုလို။ ကောင်းကင်ကြီးနှင့်တူသော၊ ချစ်ခြင်း မုန်းခြင်း ဟူသော အစွန်းနှစ်ဖက်မှ လွတ်သော ဘုရားရှင်၏ သားတော်များ အဖွဲ့အစည်းကြီး တစ်ခုလုံးကို ဆိုလိုသည်။ သုပ္ပဋိပ္ပန္န၊ ဥဇုပ္ပဋိပ္ပန္န အစဖြာသည့် ကိုးဖြာသော ဂုဏ်တော်တွေနှင့် ပြည့်စုံသော သံဃာကို ဆိုလိုသည်။ ထိုဂုဏ်များအပြင် ယနေ့ ကုသိုလ် အကုသိုလ်၊ ကောင်း၏ မကောင်း၏၊ အပြစ်ရှိ မရှိ၊ ကံ ကံ၏အကျိုး၊ အမိအဖ၊ အစ်ကိုအစ်မ ကျေးဇူးတရားတွေကို သိရခြင်း၊ မြတ်ဗုဒ္ဓတရားတော်တွေကို ယနေ့အထိ နှစ်များစွာ လက်ဆင့်ကမ်းလာခြင်း စတဲ့ ဂုဏ်တွေကို အလေးအထားပြီး ယုံကြည် ကိုးကွယ်ခြင်းဖြစ်သည်။ ထိုဂုဏ်တွေသည် သံဃာမှာ ရှိသည်။ သံဃာသည် လယ်ယာမြေကောင်းနှင့်လည်း တူသည် (ပုညခေတ္တံ အနုတ္တရံ)၊ ထိုလယ်မြေကောင်းတွင် စိုက်ပျိုးခွင့်ရရှိသော သူတို့မှာ များစွားအကျိုးများ ရရှိကြသည်။ သံဃာသည် ထိုကဲ့သို့လယ်ယာမြေကောင်း ဖြစ်အောင် ကျင့်ဆောင်နေခြင်းကို လောကစီးပွား ပရဟိတအတွက် အားထုတ်နေသူ အစစ်များဖြစ်ကြသည်။ ထိုကဲ့သို့သော ဂုဏ်ကျေးဇူးများကို စိတ်တွင်သွင်း၍ သံဃံ သရဏံ ဂစ္ဆာမိ ဖြစ်လာရသည်။
နိဂုံးချုပ်သော်
ထို့ကြောင့် သံဃာ၊ သာသနာက အလွန်သန့်ရှင်းပါတယ်၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မကြည့်ဘဲ သံဃာ၊ သာသနာကိုပဲ ကြည့်ပြီး ကြည်ညိုတတ်ပါစေ။ သံဃံ သရဏံ ဂစ္ဆာမိ တွင် လေးနက်သော အဓိပ္ပါယ် များစွာ ပါရှိသည်ကို သတိပြုသင့်သည်၊ ဘိက္ခုံ-သမဏံ-ပုဂ္ဂလံ သရဏံ ဂစ္ဆာမိ စတဲ့ တစ်ဦးတစ်ယောက်ကို ကိုးကွယ်သည်နှင့် မတူဟု မှတ်ထားသည်။ မြတ်ဗုဒ္ဓ၏ဓမ္မသည်ပင် သာသနာ၊ မြတ်ဗုဒ္ဓသားတော် သံဃာသည်ပင် သာသနာဖြစ်သည်အတွက် သာသနာနှင့် သံဃာကို ကြည်ညိုတတ်ကြပါစေသတည်းးးး။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၁-၂၀၁၂
0 comments:
Post a Comment