သီတဂူစတား

သီတဂူစတား

23 September 2013

သီတဂူစတား ၏ ဓမ္မရသမှတ်စု စာအုပ်လေး ထွက်ပြီ

 သီတဂူစတား
စာရေးသူ သီတဂူစတား အွန်လိုင်းတွင်တင်သမျှ ဆောင်းပါး (ပို့စ်) စာစုတချို့ကို ''အွန်လိုင်းဓမ္မရသစာစု'' အမည်ဖြင့် ဓမ္မမိတ်ဆွေတို့ လက်ထဲအရောက်ပို့နိုင်ရန် စီစဉ်ထားပါသည်။ ဘာသာရေးပြဿနာ၊ လူမှုရေးပြဿနာ မေးခွန်းများနှင့် အခြား ဗဟုသုတဖြစ်ဖွယ် ဆောင်းပါး (၈)ခု၊ စာမျက်နှာ ၁၇၅ ပါဝင်သည်။

ရနိုင်သည့်နေရာ-
၁။ သီတဂူစတား၊ ကွန်ပြုတာခန်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ရန်ကုန်၊ ဖုန်း-၀၉၃၁၆၆၆၁၁၁

၂။ မရီလေး- တိုက် ၃၀ -အခန်း ၆(ညာ)- ရေကျော်ဈေးအနီး- ရေကျော်လမ်းမကြီး- ပုစွန်တောင်မြို့၊ ရန်ကုန်။ ဖုန်း-၀၉၄၂၀၂၄၆၅၅၁

၃။ မသီသီဆွေ၊ မြိတ်မြို့၊ ဖုန်း-၀၉၅၆၄၀၂၆၁

(နောက်ဆက်ထွက်လာမည့် စာအုပ်အတွက် ဓမ္မဒါနပြုနိုင်ကြပါသည်။)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၉-၂၀၁၃

22 September 2013

နေပြည်တော်ရောက်

နေပြည်တော်ရောက်

၂၀-၉-၂၀၁၃ ရက်နေ့က နေပြည်တော်ကို ကိစ္စတစ်ခုနဲ့သွားခဲ့သည်၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁)ရက်နှင့် (၂)ရက်နေ့များတွင် နိုင်ငံတကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် လက်ခံကျင်းပမည်ဖြစ်သည်။ ထိုကိစ္စအတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီးထံ အကြောင်းကြားစာ သွားပို့ရန်အတွက် နေပြည်တော်သို့ ရောက်ခဲ့သည်။

နေပြည်တော်ကို ဘက်စ်ကားအကြီးနဲ့ပဲ ဖြတ်သွားဖြတ်လာ သွားဖူးသည်၊ ဒီကနေ့တော့ သီတဂူတပည့် ကပ္ပိယကားနဲ့ သွားဖြစ်သည်။ လမ်းတစ်လျှောက်တွေ့ကြုံတာလေးတွေ ဗဟုသုတအဖြစ် မှတ်စုဒိုင်ယာရီအဖြစ်ရေးလိုသည်။

သိပ်လှတဲ့နေပြည်တော်
နေပြည်တော်ကြီးသည် သိပ်လှသည်၊ သိပ်ပူသည်၊ လူသူမရှိ၊ ကျိုးတို့ကြဲတဲသော ကားများ၊ သိပ်ကျယ်လွန်းသော လမ်းမကြီးတွေက ရန်ကုန်မြို့လို မြို့ကြီးတွေ အတွက် မနာလိုစရာပင်ဖြစ်သည်။ နောင်နှစ်ပေါင်း ၁၀၀ အထိ အဲဒီလမ်းတွေက ရန်ကုန်မြို့လို ကားကြပ်မှုတွေ မဖြစ်နိုင်၊ မလိုအပ်ဘဲ ဖြုန်းတီးနေတယ်လို့ ထင်ရပေမဲ့ ရှေးနှစ် ၁၀၀ အတွက် ကြိုတင် စီမံကိန်းချထားဟန်ရှိတယ်လို့ အကောင်းဘက်က တွေးကြည့်မိသည်။ ''မလိုအပ်ဘဲ မီးတိုင်ကြီးတွေကလဲ တစ်တိုင်နှင့်တစ်တိုင် သိပ်ကပ်လွန်းနေတယ်''လို့ တခြားမြို့တွေအတွက် မနာလိုစရာပင်၊ တခြားမြို့တွေမှာ မီးစက်တွေ၊ မီးအားမြင့်စက်တွေ သုံးနေရပဲမဲ့ နေပြည်တော်က ဘယ်နိုင်ငံမှ စနစ်မရှိတဲ့ တစ်တိုင်နှင့်တစ်တိုင် သိပ်ကပ်လွန်းနေတဲ့ မီးတိုင်ကြီးတွေက ပြည်မြန်မာ လျှပ်စစ်ပေါကြောင်း ကြွားနေသလားဟု ထင်ရသည်။

ဗဟုသုတအဖြစ် စူပါမားကတ်တစ်ခုအပေါ်တက်ပြီး လေ့လာကြည့်တော့ စူပါမားကတ်နဲ့ မတူဘဲ ရှိုးပြအခန်းကြီးလို့တောင် ထင်ရသည်၊ ကျိုးတို့ကြဲတဲသော ဈေးဝယ်သူနှင့် ဈေးရောင်းသူ ၀န်ထမ်းတွေရဲ့ အလုပ်မရှိလို့ ပျင်းပျင်းနဲ့ ထိုင်နေကြရပုံ မြင်ရတော့ မားကတ်အပေါ် ရောက်နေတာ ဟုတ်ပါ့မလားတောင် ကိုယ့်ကိုယ်ကို ထင်မိသည်။ မြို့ကလဲကျယ်၊ လမ်းတွေကလဲ ကျယ်၊ ကားကလဲ ရှားပါးတဲ့အတွက် သာမန်လူတန်းစား အဲဒီဈေးတွေကို ရောက်ဖို့မလွယ်၊ ဈေးကိုမရောက်ခင် လမ်းစရိတ်နဲ့တင် လယ်ထဲ ယာထဲက ပါသမျှ ပိုက်ဆံတွေ ကုန်မည်ထင်။ စာရေးသူကတော့ အထက်အောက် မြို့ကြီးများကို ဆက်သွယ်ပေးသော မြို့ကြီးတစ်မြို့ ပေါ်ပေါက်သည့်အတွက် အလွန်ကောင်းသည်ဟု တွေးမိသည်။ နှောင်တစ်ခေတ်တစ်ချိန်မှာ အစီကားဆုံးမြို့ကြီး မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်။

သိပ်လှတဲ့နေပြည်တော် လမ်းမကြီး
စာရေးသူ ပြည်ပနေစဉ်၊ ရန်ကုန်နေပြည်တော်လမ်းကြီးက သိပ်နာမည်ကြီးသည်၊ နာမည်ကြီးသည်ဆိုသည်မှာ အကောင်းနာမည်ကြီးတာတော့မဟုတ်၊ ကားအက်ဆီးဒင့်ကြောင့် ခဏခဏလူတွေ သေကြ၊ ကားတွေပျက်စီးကြပဲ ဖြစ်သည်။ စာရေးသူလဲ ကားထွက်တာနဲ့ ထုံးစံအတိုင်း ရွှတ်ပွားနေကြ ဘုရားဂုဏ်တွေ တရားဂုဏ်တွေ သံဃာ့ဂုဏ်တွေ ရွတ်နေမိသည်။
ရွတ်ဖက်ပြီးတာနဲ့ လမ်းကြောတစ်လျှောက်ကို လမ်းဘေးက သိပ်လှသည့် စိမ်းစိုသော ခြံကြီးတွေ တောင်တန်းကြီးတွေ ကြည့်ရင်း ငေးမောနေမိသည်၊ လမ်းတွေက သိပ်ခုန်လွနေတာကြောင့် သဘာဝရှုခင်းခံစားရတဲ့ အရသာ ပျက်လှသည်။ မျက်လုံးတွေ အတွေးတွေက လမ်းမကြီးတွေဘက်ရောက်သွားသည်၊ အကဲခက်သည်၊ တွေးသည်။ ထိုတွေးရင်းက လမ်းတွေ ကားအက်ဆီးဒင့်တွေ သတင်းတွေကို အမှတ်ရမိသည်။

လမ်းကို ဖြတ်ကူးရင်း တခြားနိုင်ငံတွေရဲ့ လမ်းတွေနဲ့ အကဲခပ် နှိုင်ယှဉ်ကြည့်မိသည်။ လမ်းနဲ့ပတ်သက်ပြီး ကြုံတွေ့နေကြရတဲ့သူတွေ သူတို့ မြင်တွေ့သမျှ တွေ့ကြုံသမျှတွေကို သူတို့နည်းသူတို့ဟန်နဲ့ ထောက်ပြပြီး ဒီလမ်းကြီးရဲ့ လိုအပ်ချက်တွေ တင်ပြီးဖြစ်ကြသည်။

စာရေးသူလဲ လမ်းမကြီးပေါ်ရောက်တော့ လမ်းကြောင်း မကျွမ်းကျင်ပေမဲ့ မတူတာလေးတွေတော့ ကြည့်မိသည်၊ တွေးမိသည်၊ ရေးမိသည်။ ထိုမတူတာလေးတွေကပဲ အန္တရာယ်ကို ဖြစ်စေတတ်သည်ဟု ထင်ပါသည်။

လမ်းကြီးက သိပ်ကောင်းပါသည်၊ သိပ်လှပါသည်၊ သို့ တချို့တံတားတွေက အန္တရာယ်ကို ပြနေသည်၊ ကားသမားတွေကလဲ လမ်းရှင်း လမ်းဖြောင့်ရောက်တာနဲ့ အရှိန်ပြင်းစွာ မောင်းနှင်ကြသည်၊ ထိုသို့အပြင်းအထန်မောင်းလာသော ကားများသည် နဲနဲလေး ပိုကျဉ်းသွားသော တံတားနှင့် မကြာမကြာတွေ့ရမည်၊ ပိုဆိုးတာက ထိုလမ်းထက်ပိုကျင်းနေသော တံတားက လမ်းဘက်မှာ ၆ လက်မလောက် အစွန်းထွက်နေသည်။ ထိုတံတားအများစုသည် ချက်ချင်း အကွေ့နဲ့တွေ့နေရတတ်သည်၊ ဒါတွေက ကားဘီးပေါက်ခြင်း၊ ဘရိတ်ပေါက်ခြင်း၊ ကားသမား အိပ်ငိုက်ခြင်း၊ မူးနေခြင်းစတဲ့ ကြိုတင်မမြင်နိုင်တဲ့ အကြောင်းတွေကြောင့် အလွယ်တကူ အန္တရာယ်ဖြစ်စေနိုင်သည်။

ဒီလောက်ကောင်းတဲ့ လမ်းမကြီးက ကားအသေးကိုစီ၍ သွားသောအခါ သက်သောင့်သက်သာ ဖြစ်မည်ဟု ထင်ထားသည်၊ ခါးတွေ ဇက်တွေ တင်ပါးတွေလဲ မသက်မသာ ဖြစ်ရသည်။ မြင်းစီးနေရသလို ခုန်တက်လိုက် ခုန်ဆင်းလိုက် ဖြစ်နေခြင်းကိုက ဒီလမ်းရဲ့ ထူးခြားချက်ဖြစ်နေသည်။ လမ်းအစပ်တွေက မို့ပြီး အခုံးဖြစ်နေသည်၊ နှစ်ကြာလာတော့ လမ်းတွေ ကျွံကျသွားသည်ဟုထင်သည်။ တချို့ ကတ္တရာဖြင့် ပြန်လည်ပြုပြင်ထားသည့် နေရာကလွဲ ကျန်လမ်းတွေက လှိုင်းထနေသည်။

လမ်းဘေးဝဲယာမှာ ရေးဆင်းဖို့ ရေမြှောင်း မပါတဲ့အတွက် တင်နေသော မိုးရေကြောင့် အရှိန်ဖြင့်မောင်းနှင်လာသော ကားတွေ ချော်လဲဖို့ အလွယ်တကူဖြစ်နေသည်။ ဘေးဝဲယာမှာလဲ လမ်းအကာ မပါသဖြင့် ကားသမားများ အိပ်ငိုက်ခြင်း သို့မဟုတ် မူးဝေနေခြင်းကြောင့် လမ်းဘေးထိုးကျဖို့ သိပ်လွယ်ကူသည်။

ပို၍အန္တရာယ်ကြီးနေသည်က အဝေးပြေးလမ်းမှကြီးပေါ်မှာ ရွာတွေ နယ်တွေက လမ်းပြောင်းပြန်မောင်းနှင်းနေသော ဆိုင်ကယ်တွေ၊ ကားတချို့တွေပဲ ဖြစ်သည်။ ကားသမားအများစုကလဲ မီတာ ၁၀၀ ထက်ပိုမောင်းနေသည်။ နေရာအတော်များများမှာ လမ်းပြောင်းပြန်မောင်းနေတာကို တွေ့နေရသည့်အတွက် ကားမောင်းသူတွေမှာ ပိုပြီးသတိကြီးစွာ ထားသင့်သည်။ 
သတိရှိစွာ မောင်းနှင်နိုင်ကြပါစေ၊

သီတဂူစတား
ရွှင်လန်းချမ်းမြေ့ပါစေ
၂၁-၉-၂၀၁၃

19 September 2013

တော်သလင်းလပြည့်နေ့ အထူးတရားပွဲ တိုက်ရိုက်အစီအစဉ်

 အို--သူတော်ကောင်းအပေါင်းတို့
ဒီကနေ့ တော်သလင်းလပြည့်နေ့ဖြစ်ပါသည်၊ ဒီနေ့ ည ၇ နာရီမှ စပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးတွင် သီတဂူဆရာတော်ကြီး တရားဟောကြားမည်၊ စကိုင်းနက်မှ တိုက်ရိုက် ထုတ်လွင့်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၉-၂၀၁၃

ဟေးးးး ဒို့ဦးဇင်း ဒေါက်တာဖြစ်သွားပြီတဲ့

စာမိတ်ဆက်
တစ်နေ့က ဘုံဘေ (မွမ်ဘိုင်း) အိန္ဒိယကနေ ပြန်လာတော့ ရန်ကုန်မှာ နေရာတကျဖြစ်တဲ့ အချိန် ရွာက ဆရာသမားရယ် မွေးသမိခင် အမေရယ်၊ ဆွေတော်အပေါင်း မျိုးတော်အပေါင်းတို့ကို ပြည်တော်ပြန် သွားပြရသည်။ ရွာပြပို့စ်လေး ရေးချင်သည်၊ အင်တာနက် အခက်ခဲကြောင့် ဘာစာမှကို ရေးချင်စိတ်မရှိ၊ အင်တာနက်ပေါ်လဲ မတတ်ဖြစ်ခဲ့၊ ဒီနေ့တော့ သတိရတုန်း ရွာက အမျိုးတွေရဲ့ အာဘောင်အာရင်းနဲ့ ပြောတဲ့ ''ဒို့ဦးဇင်း ဒေါက်တာဖြစ်သွားပြီတဲ့''ဆိုတဲ့ တောသူတောင်သားတွေရဲ့ အရိုးခံလေးကို သဘောကျမိသည်။

ရှေးဦးစွာ
ရောက်ရောက်ချင်းပဲ အမေကို တွေ့သည်၊ အံ့သြစရာကောင်းသည်ကား စာရေးသူ၏အမေသည် ထင်မထားလောက်အောင်ကို ကျန်းမာရေးတိုးတက်နေသည်။ မတွေ့တာလဲကြာပြီ၊ နေမကောင်းဖြစ်နေတာလဲ ကြာနေပြီ၊ အခြေအနေကို သိထားသော ကိုယ့်မှာတော့ အသက်အရွယ်အရ ငါ့အမေဟာ အရမ်းပိန်သွားပြီး ခြောက်ကပ်နေမည်ဟု စိတ်ထဲမှာ တွေးထားမိသည်၊ သို့သော် ထင်ထားသည်ကား လုံးဝ လွဲသွားတော့သည်။ စာရေးသူလဲ အမေနဲ့ မတွေ့တာ ကြာပြီ၊ အမေမသေခင်လေးတော့ ခဏခဏ တွေ့မှ ဖြစ်မည်ဆိုတဲ့ အတွေးက အိန္ဒိယမှာနေစဉ် သတိရတိုင်းတွေးနေမိသည်။ အမေလည်း သားတော်မောင်ကို သိပ်တွေ့ချင်နေသည်၊ ပြန်မလာသေးဘူးလား ခဏခဏမေးနေသည်။ ဒီလိုနဲ့ ရွာကို ရောက်အောင် သွားဖြစ်တော့သည်။

သားတော်မောင် ပြန်လာမည်ကို တွေးပြီး ပီတိတွေ ဖြစ်နေတဲ့ အမေ့ရဲ့မျက်နှာလည်း ၀ါဝင်းလို့နေသည်။ သားတော်မောင် ပြည်ပထွက်သွားကထဲက အစာအိမ်ရောဂါဖြစ်လိုက်၊ သွေးတိုးရောဂါဖြစ်လိုက်၊ လေဖြတ်လိုက်၊ ရောဂါတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်နေတဲ့ အမေလဲ ခန္ဓာကိုယ်လဲ ပိန်ကျသွားသည်၊ အသားရေလည် ခြောက်ကပ်သွားသည်၊ နှစ်များစွာ ခွဲခွါခဲ့ရတဲ့ သားတော်မောင် ပြန်လာတော့မည်ဆိုကထဲက ကျန်းမာရေးတွေ ပြန်ကောင်းလာသည်၊ အသားအရေတွေ ၀ါဝင်းလာပြီး ပြည့်ဖြိုးလာသည်၊ လမ်းတွေလဲ လျှောက်လာနိုင်သည်။ သားသမီးအပေါ် ထားသည့် မိဘ၏ မေတ္တာသည်ကား အံ့သြလောက်သည်။

သားသမီးတို့သည် မိဘတို့၏ အသည်းနှလုံးဖြစ်သည်၊ မိဘတို့၏နှလုံးသားကျန်းမာရေးကို သားလိမ္မာ သမီးလိမ္မာများကသာ ကုသပေးနိုင်သည်။ သားလိမ္မာ သမီးလိမ္မာတို့က အမေ အဖေကို နုပျိုစေသည်၊ အရွယ်တင်စေသည်၊ ကျန်းမာစေသည်၊ စိတ်ချမ်းသာစေသည်၊ ကိုယ်ကျန်းမာစေသည်။ အဝေကနေပဲ ဖြစ်ဖြစ် အဝေးကနေ ပြန်လာတာပဲ ဖြစ်ဖြစ် "အမေ နေကောင်းလား၊ အဖေနေကောင်းလား၊ ကျန်းမာရေးဂရုစိုက်နော်၊ မတတ်တာတွေ မစားပါနဲ့နော်" ဆိုတဲ့ သားသမီးတို့၏ နုတ်ခွန်းဆက်သတဲ့ အသံ၊ သားသမီးတို့၏ တတွတ်တွတ်မှာကြားသည့်အသံသည် မိဘများအတွက် အကောင်းဆုံး အားဆေးတစ်ခွက်ဖြစ်နေသည်ကို မမေ့သင့်ကြ။
ဒုတိယ
အမေနဲ့စကားတွေ အများကြီး ပြောပြီး ငယ်ငယ်လေးကထဲ စောင့်ရှောက် ထောက်ပံ့ခဲ့တဲ့ ရပ်ရွာက ကျေးဇူးရှင် ဆရာတော် (ရှစ်မျက်နှာဆရာတော်) ကို သွားကန်တော့သည်၊ မိမိဆရာသည်လည်း မိမိ၏ အမေနဲ့ အသက်အရွယ် သိပ်ကွာမည် မထင်၊ စာရေးသူ ကိုရင်ဘ၀တုန်းကး မြင်တွေ့ရသလို နုပျိုမှုတွေ မရှိတော့ပြီ၊ မျက်ခုံးမွှေးတွေ ဖြူကုန်ပြီ၊ ဆံပင်တွေလဲ တစ်ခေါင်းလုံးနီးပါး ဖြူဆွတ်လို့နေသည်၊ ကျန်းမာရေးလဲ အရင်ကလို မခိုင်တော့၊ ဆရာဘုန်းကြီးကို ကြည့်ပြီး အတွေးများစွာ ဖြစ်မိသည်၊ အချိန်တိုအတွင်းမှာပဲ ရုပ်တွေ ပြောင်းလွဲသွားသည်ဟု ထင်မိသည်၊ ပိုပြီး စိတ်မကောင်းဖြစ်သည်ကား အနားမှာ အားကိုး ယုံကြည်ရလောက်တဲ့ တပည့် မရှိခြင်းပဲ ဖြစ်သည်။

ဆရာဘုန်းကြီးက စာရေးသူ စာသင်တိုက်မှာ နေစဉ်ကလဲ စာမေးပွဲအောင်တိုင်း တစ်မျိုးမဟုတ် တစ်မျိုး ဆုချတတ်သည်၊ အစိုးရဓမ္မာစရိယဘွဲ့အောင်စဉ်က အထူးချီးမြှောက်ခဲ့သည်၊ စာရေးသူ ပြည်ပပညာတော်သင်သွားစဉ်ကလဲ သူနိုင်သလောက် ထောက်ပံ့လိုက်သေးသည်၊ ယခု ကျောင်းပြီးလို့ ပြန်လာတော့လည်း အထူးချီးမြှောက်ပြန်သည်၊ ဆရာသမား၏ မေတ္တာ စေတနာသည်ကား အံ့သြလောက်သည်။ ဆရာသမားတွေ ကောင်းသလောက် တပည့်တွေ ပြန်ကောင်းနိုင်ကြပါ့မလားဆိုပြီး တွေးကာ ရှက်စိတ်ဝင်မိသေးသည်။

တတိယ (ညီအကိုမောင်နှမ ဆွေးတော်မျိုးတော်များနဲ့ တွေ့ဆုံခြင်း)
တိုင်းတပါးကနေနှစ်အတန်ကြာမှ ပြန်လာသော အစ်ကို၊ မောင်၊ တူဖြစ်သူကို ကြိုဆိုနေကြတဲ့ ဆွေတော်မျိုးတော်တို့ရဲ့ အပြုံးပန်းသည်လည်း အလွန်ပီတိဖြစ်စရာ ကောင်းလှသည်။ ဒေါက်တာဘွဲ့ ရလာတယ်တဲ့ဆိုပြီး ရွာက စာဥတို့ သာအေးတို့ကလဲ ဂုဏ်ယူနေကြသည်၊ ဒို့ရွာက ဒေါက်တာတစ်ပါး ထွက်လာပြီတဲ့ဟု ရွာနီးချောက်ချက်တွေ လျှောက်ပြောသဖြင့်လဲ နေ့ချင်းညချင်း နာမည်ကြီးသွားသေးသည်။ သို့သော် သူတို့တစ်တွေ ဒေါက်တာဘွဲ့ဆိုတာကို သိပ်မသိကြ၊ ဆေးကုသတဲ့ ဆရာဝန်ကိုသာ ဒေါက်တာဟု သိထားကြသည်။

အစ်မဖြစ်သူက ရောက်ရောက်ချင်း စာရေးသူအား ကံထပ်အလှူလုပ်ပေးလိုက်တော့ အဝေးရောက် ဆွေးတော်မျိုးတော်တွေ ရောက်လာကြသည်။ စာရေးသူကို တခါမှ အထင်မကြီး၊ လှည့်တောင် မကြည့်ခဲ့ကြတဲ့ အမျိုးတွေတောင် လာကြသည်တဲ့၊ ရွာဘုရား ရွာသား မရိုသေဆိုတဲ့ သဘောကို စာရေးသူတို့ ကောင်းကောင်း သဘောပေါက်ထားသည်။ စာရေးသူက ဓမ္မာရုံထဲမှာ ဧည့်ခံစကားပြောနေစဉ် ရွာက ဒကာမတစ်ယောက်က "ဦးဇင်းက အခု ရန်ကုန်မှာ ဆေးကုသနေတာလား"တဲ့ စာရေးသူလဲ ကြိတ်ပြီး ရယ်လိုက်မိသေးသည်၊ အော် တောသူ တောင်သားတွေ အတော်ကို ဗဟုသုတ နဲရှာသကိုး၊ ကိုယ့်ရပ်ရွာက လူတွေ ကြည့်ပြီး သနားမိသည်၊ မြို့နဲ့ နီးကပ်နေပါလျှက်နဲ့ ဘာအသိပညာမှ မရှိကြ၊ စာဖတ်တတ်ရုံမျှသာ ရှိကြသည်၊ စာ မရေးတတ်ကြ၊ အတော့်ကို ၀မ်းနဲဖို့ကောင်း၏။ တကယ်တော့ သူတို့တစ်တွေ ကျောင်းမတက်နိုင်ခဲ့ကြပါ၊ ကျောင်းတက်ဖို့ ပိုက်ဆံမရှိ၊ အချိန်မရှိ၊ မွေးကထဲက သူတို့ရဲ့ အချိန်အားလုံးသည် ၀မ်းစာအတွက် ရှာနေကြရသည်၊ ကိုယ့်ပြည် ကိုယ့်ရွာရဲ့ ကြွယ်ဝမှုက ဤမျှသာဖြစ်သည်၊ ပြောပြန်ရင်လဲ အောင်မင်းလွန်ရာကြဦးမည်၊ နိုင်ငံရေးတွေ ပါလာတော့မည်၊ မပြောတော့ပြီ။

မြန်မာ့အင်တာနက်

မပြောတော့ဘူးဆိုပေမဲ့ ပြောတော့ ပြောလိုက်ဦးမယ်၊ စာရေးသူက အတွေ့အကြုံ ဗဟုသုတတွေ စာရေးချင်သည်၊ ကိုယ့်ရဲ့ နေ့စဉ်မှတ်တမ်းအဖြစ် ဘလော့ဂ်၊ ဖေ့ဘုတ်မှာ တင်ချင်သည်၊ သို့သော် တော်တော်ကို အသုံးမကျတဲ့ အင်တာနက် အမြန်နှုံးကြောင့် စိတ်ဓာတ်တွေကျမိသည်၊ အင်တာနက်ကို ဖွင့်ချင်စိတ်တောင်ပျက်မိသည်။

ဆရာတော်ကြီးက စာရေးသူအား ၀က်ဘဆိုက်တစ်ခု တည်ဆောက်ရန် ညွန်ကြားထားသည်၊ ယခုအခါ သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့ရဲ့ လုပ်ငန်းစဉ်များကို ကမ္ဘာတလွှားမှ ဓမ္မမိတ်ဆွေတို့ ၀မ်းမြောက်စေရန် လွှင့်ထုတ်လိုသည်၊ မြန်မာ့အင်တာနက်ကုမ္ပဏီမှ ၀က်ဘဆိုက်ကို ၀ယ်ယူထားသည်၊ ပထမနှစ်အတွက် ၁၇,၉၉၀၀၀ (ဆယ်ခွန်နှစ်သိန်း ကိုးသောင်း ကိုးထောင်) ပေးဆောင်ရမည်၊ တစ်နှစ်တစ်ခါ နှစ်စဉ်ကြေးအဖြစ် ၁၂ သိန်းကျပ် ပေးဆောင်ရဦးမည်။ အဲဒါနဲ့တွဲဖက်အသုံးပြုရန်အတွက် အင်တာနက် ကောင်းကောင်းလိုသည်၊ ကုမ္ပဏီတစ်ခုနဲ့ ဆက်သွယ်ပြီး ဆွေးနွေးလိုက်တော့ မိမိတို့ မြောက်ဒဂုံ ဘေလီတံတားထိပ်ရှိ သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြု ဗိမာန်အရောက် ဖိုင်ဘာဆက်ရန်နှင့် တပ်ဆင်ပြီးအထိ သိန်း (၆၀)ကျပ်ကုန်ကျမည်တဲ့။ လစဉ်ကျေး ၂ မက် (2mbps)ကို အမေရိကန် ဒေါ်လာ ၈၅၀၊ ၁ မက်(1mbps) ကိုတော့ ၅၅၀ဟု ဆိုသည်။ စာရေးသူတို့က ၂ မက် (2mbps)ယူဖို့ စဉ်းစားထားသည်၊ အဲဒီလောက် ငွေးကြေးကုန်ခံပြီးပြီရင် အင်တာနက်လိုင်းတွေ ကောင်းရောလားဆိုတော့ မြန်မာနိုင်ငံမှာတော့ အကောင်းဆုံးတဲ့၊ ကောင်းတယ်သာပြောတာ အဲဒီဖိုင်ဘာနဲ့ သုံးနေတဲ့ ကုမ္ပဏီတစ်ခုကို သွားကြည့်တော့ သိပ်မထူးလှ၊ စိတ်ရှည်ပြီး သုံးရင်တော့ ရရုံလောက်ပဲ ဖြစ်မည်။ မဖြစ်မနေတော့ ၀ယ်ရလိမ့်ဦးမည်။

ဘုံဘေ (မွမ်ဘိုင်း) အိန္ဒိယမှာ စာရေးသူတို့ ယူဆာ ၂၀ သုံးတဲ့ အင်တာနက်သည် မူဗီများ တိုက်ရိုက်ကြည့်နိုင်သည်၊ အမြန်နှုံး အရမ်းကောင်းသဖြင့် စိတ်ချမ်းသာရသည်၊ အချိန်သက်သာသည်၊ ယူဆာတစ်ယောက် ၆ လမှ မြန်မာကျပ်ငွေ တစ်သောင်းခွဲမျှလောက်ပဲ ပေးရသည်။ မြန်မာပြည်မှာ အဲလောက် မြန်နှုံးထက်နိမ့်နေတာတောင် တစ်လ ခြောက် (၈) သိန်းကျပ်ပေးနေရသည်ကို နားမလည်တော့ပေ။ အဘယ့်ကြောင့် အင်တာနက်တွေ ဒီလောက်ညံ့ပြီး ဒီလောက် အဆမတန် ဈေးကြီးနေရသနည်း။

ရေးရင်းက ရွာအကြောင်း၊ အခုတော့ ရွာကနေ အင်တာနက်တွေ ကမ္ဘာကြီးအထိ ရောက်သွားသည်။ ဆယ်တန်းအောင်ပြီး၊ ဘွဲ့ရပြီး အလုပ်မရှိ၊ တောထဲမှာပဲ ယာလုပ်၊ မြေလုပ်၊ လက်သမားလုပ်၊ ပန်ရံလုပ်နေတဲ့ ညီငယ် ညီမငယ်များကိုလဲ အင်တာနက်သုံးတတ်အောင် သင်ကြဖို့ ရွာ တရားပွဲမှာလဲ ထည့်ဟောခဲ့သေးသည်၊ ခက်တာ အင်တာနက်မပြောနဲ့ ကွန်ပြူတာတောင် မြင်ဖူးကြသည့်မဟုတ်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၉-၂၀၁၃

မနက်စောစော အင်တာနက်ဖွင့်ရတုန်း အပြေးအလွားတင်လိုက်ရသည်။

04 September 2013

ဆီဒိုးနားဟိုတယ်မှာ ရွှေအိုး ငွေအိုးမြုပ်သူများ

 ဆီဒိုးနားဟိုတယ်မှာ ရွှေအိုး ငွေအိုးမြုပ်သူများ

၁၃၇၅ ခုနှစ် ၀ါခေါင်လကွယ်နေ့ (၄-၉-၂၀၁၃) နေ့၊ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ သီတဂူအလှူတော်မင်္ဂလာပွဲကြီး ကျင်းပပြုလုပ်ခဲ့သည်။
ထိုအလှူမင်္ဂလာပွဲကြီးက အလှူရှင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ကျောင်းအမကြီး ဒေါ်ယဉ်ထွေး၏ ၇၅ နှစ်ပြည့် စိန်ရတု မွေးနေ့ပွဲပဲ ဖြစ်ပါသည်။
ကျောင်းအမကြီး၏ မွေးနေ့ပွဲမှာ သီတဂူအပြည်ပြည်ဆိုင်ရာ ၀ိပဿနာ အကယ်ဒမီတွင် လက်ထောက် ကထိကဆောင်အတွက် ကျပ်ငွေ သိန်း ၂၀၀၀ (နှစ်ထောင်)၊ မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွက် ကျပ်ငွေ သိန်း ၂၀၀ (နှစ်ရာ)၊ သီတဂူဆရာတော်ကြီး၏ န၀ကမ္မအလှူတော်ငွေအတွက် ကျပ် သိန်း ၃၀၀ (သုံးရာ) နှင့် ပင့်သံဃာ အပါး ၁၀၀ တို့အား တစ်ပါးလျှင် တစ်သိန်းကျပ်စီ ကျပ်သိန်း ၁၀၀ (တစ်ရာ) တို့ကို လှူဒါန်းခဲ့ပါသည်။

ပင့်သံဃာနှင့် အထူးဖိတ်ကြားထားသူ ပရိသတ်အပေါင်းအား အစာအာဟာရတို့ဖြင့် ဆက်ကပ်ခြင်း ကျွေးမွေးခြင်းများကို ဆီဒိုးနားဟိုတယ်မှာပဲ ပြုလုပ်ခဲ့ပါသည်။

ထိုပွဲတွင် သီတဂူဆရာတော်ကြီးက ရွှေအိုးမြုပ်သူများအကြောင်းကို ဟောထားသည်မှာ အလွန့်အလွန်ကို ကောင်းမွန်လှသည်၊ ငယ်ငယ်က ထိုတရား ခဏခဏ နာကြားခဲ့ဖူးပေမဲ့ ဆရာတော်ကြီး၏ ထူးခြားသော အတွေးအမြင်များနှင့် ဟောကြားအပ်သော တရားတော်ကို တဖန် နာကြားရသူမှာ ပီတိမျက်ရည်ကျမတတ် အရသာရှိလှသည်၊ အလှူရှင်တွေရဲ့ မျက်လုံးတွေမှာလဲ ပီတိမျက်ရည်တွေ ဖုံးလွမ်းလို့နေသည်ကို တွေ့ရသည်။ အလှူရှင်များ ပီတိမျက်ရည်ကျအောင် ဟောစွမ်းနိုင်သော ဆရာတော်ကြီး၏ မေတ္တာတော်ကလဲ ထူးခြားလို့နေသည်။

ဆရာတော်ကြီးသည် အခမ်းအနားပြီးပြီးချင်းပဲ သီရိလင်္ကာနိုင်ငံသို့ ဗုဒ္ဓနှစ်၂၆၀၀ ပြည့် အထိမ်းအမှတ် ဗုဒ္ဓဘာသာညီလာခံပွဲသို့ တစ်ပတ်ခရီး ကြွသွားတော်မူသည်။

မှတ်ချက်။ ။ ထိုတရားဗီဒီယိုခွေကို မကြာမှီ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ ဖြန့်ချီပါလိမ့်မည်။ နာဖြစ်အောင် နာကြပါရန် သတင်းကောင်းပါးလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၉-၂၀၁၃

02 September 2013

ပျက်စီးကြောင်း လေးမျိုး

ပျက်စီးကြောင်း လေးမျိုး(သီတဂူစတား စာတိုပေတို)


(၁) ရုပ် သိပ်လှရင် ပျက်စီးတတ်သည်၊ ရုပ်ချောသူများ ၀ိုင်းဝိုင်းလည်ခံရရင် ပျက်စီးဖို့ အလားအလာဖြစ်သည်။


(၂) ပိုက်ဆံချမ်းသာလျှင် ပျက်စီးတတ်သည်။ ရေလျှံ (ငွေပေါ) နေသူများ ၀ိုင်းဝိုင်းလည်ခံရမည်၊ ပျက်စီးဖို့ နီးလာသည်။


(၃) အာဏာ ရရှိလျှင် ပျက်စီးတတ်သည်၊ အာဏာရှိသူများ ခစားသူများ၊ ကပ်ဖားသူများဖြင့် ၀ိုင်းဝိုင်းလည်ခံရသည်၊ ပျက်စီးဖို့ သေချာနေသည်။


(၄) အမှားအမှန် မသိသူသည် ပျက်စီးတတ်သည်။ (မိမိအနားကလူ၊ မိမိကို ပြုစုပေးနေသူ၏ စကားကိုသာ ယုံတတ်သည်၊ အရင်ပြောသူ၏ စကားကိုသာ ယုံတတ်သည်၊ တကယ့်အမှန်ကန်သမားတွေ၊ တကယ်အလုပ်လုပ်နေသူများကိုတော့ ချောင်ထိုးထားတတ်ကြသည်။)


(ဟိတောပဒေသကျမ်းကို ကိုးကားသည်)


ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၂၇-၀၂-၂၀၁၃

20 August 2013

အောင်မြင်သော ခရီးသည်





အောင်မြင်သော ခရီးသည်
 ဘ၀သောတံ ဘေ၀၀ါဟံ၊ တိဏ္ဏော ပါရင်္ဂတော အဟု။
ဧတေန သစ္စ၀စ္စေန၊ ဂမနံ မေ သမိဇ္ဈတု။

မြတ်ဗုဒ္ဓသည် ဘ၀သံသရာတည်းဟု ရေပင်လယ်ကြီးကို လွန်မြောက်တော်မူသည်။
ဤမှန်ကန်သော သစ္စာ စကားကြောင့် ယနေ့ ကျွနိုပ်သွားမည့် ခရီးစဉ်သည်လည်း အဆင်ပြေ ချောချောမွေ့ပါစေသတည်း။

မဟာကပ္ပိနမင်းကြီးနှင့် ဇနီးသည် မိဖုရား အနော်ဇာတို့ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်နှင့် သံဃာဂုဏ်တော်တို့ကို အာရုံပြု ပွားများ၍ မြစ်ကြီး သုံးစင်းကို ကျော်လွန်နိုင်ခဲ့ကြသည်။

ဤမှန်ကန်သော သစ္စာကြောင့် ဘုရား တရား သံဃာ ရတနာသုံးပါး ဂုဏ်တော်ကျေးဇူးများဖြင့် အိန္ဒိယမဟာသမုဒ္ဒရာကြီးကို ချောမွေ့စွာ ကျော်ဖြတ်နိုင်ပါစေသတည်း။

ဒီကနေ့ည စာရေးသူသည် ဘုံဘေလေဆိပ်မှ စထွက်မည်၊ နောက်တစ်နေ့ မနက် ဘန်ကောက်လေဆိပ်ရောက်၊ ထိုနေ့မှာပဲ ၉ နာရီ ရန်ကုန်လေဆိပ်ရောက်။

၆-၈-၂၀၁၃ နေ့က Ph.D  ကျမ်းတင်ခဲ့သည်။ ၁၉-၈-၂၀၁၃ နေ့က နှုတ်ဆက်ပွဲ  Ph.D မြန်မာ ကျောင်းသားများအား ဆွမ်းကပ်ခဲ့သည်။ ပြီးလုနီးပါးဖြစ်သော ပညာရေးခရီးသည် ဘ၀။

ဘ၀သံသရာခရီးသွားပြီး (ဂတဒ္ဓိက)သူများကို ကြည်ညိုရင်း ကျွန်ုပ်ရဲ့ လောကခရီးသည်လည်း ပြီးဆုံးတိုင် အောင်မြင်နိုင်ပါစေသတည်းးး

 သံသရာခရီးသည်တွေ ဘ၀ခရီးသည်တွေ လောကခရီးသည်တွေ အားလုံး မိမိတို့ရာ လိုရာ ခရီး ပြီးမြောက်အောင်မြင်နိုင်ကြပါစေကုန်သတည်းးးး

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၈-၂၀၁၃

10 August 2013

သိကြားရှိခိုးခံ သူများ

သိကြားရှိခိုးထိုက်သူ
(သီတဂူစတား စာတိုပေတို)
စာမိတ်ဆက်
ငယ်ငယ်ကထဲက ခဏခဏ ကြားဖူးနေတဲ့ သုတ္တန်တစ်ခုဖြစ်သည်၊ စာရေးသူ တောင်မြို့မဟာဂန္ဓာရုံမှာ နေစဉ်က ယခု နာယကချုပ်ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသသည် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သံဃာ ၁၃၀၀ ကျော်တို့အား ဆွမ်းကပ်ရန် ရောက်လာကြသော အနယ်နယ်အရပ်ရပ်မှ ဒကာ ဒကာမများအား နေ့စဉ် နံနက်တိုင်း တရားစကားများ ပြောကြားရာဝယ် “သိကြားမင်းက လူဝတ်ကြောင်တွေကို ရှိခိုးလေ့ရှိတဲ့အကြောင်း”ကို မကြာမကြာ ပြောလေ့ရှိသည်။ ယခု စာဖတ်ရင်း ထိုသုတ္တန်ကို ဖတ်မိသဖြင့် အလွမ်းပြေ အမှတ်တရ စာတိုပေတို မှတ်စု ပြုစုလိုက်သည်။

သိကြားမင်း ရှိခိုးခံရသူများ

၁။ ကြာမြင့်စွာကာလကထဲက မြတ်သော အကျင့်ရှိကြတဲ့ ရဟန်းသူတော်စင်
၂။ ပရဟိတ စိတ်ရှိပြီး ဒါန၀တ်ရှိတဲ့ လူဝတ်သူတော်စင်များ
၃။ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသည်အားဖြင့် အကျင့်သီလ ရှိကြတဲ့ လူဝတ်သူတော်စင်များ
၎။ တရားသဖြင့် ရှာဖွေပြီး သား မယားကို ပြုစုသူများ။ (လင့်ဝတ်၊ မယားဝတ်၊ သားသမီးဝတ်၊ မိဘ၀တ်၊ ကျေပွန်သူများ)

မိသားစုဘ၀လေးကို စင်စင်ကြယ်ကြယ်နဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်သူကို သိကြားမင်း ရှိခိုးသတဲ့။
 အပြင်ထွက်လျှင် မိဘကို ရှိခိုးသွားသင့်
သိကြားမင်းက သူ၏နေရာ ဘုံဗိမာန်ကနေ အပြင်ထွက်တိုင်း ထွက်တိုင်းမှာ ရှိခိုးသင့်တဲ့သူတွေကို ရှိခိုးလေ့ရှိသတဲ့၊ ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်ဆိုတာထက် ဘာသာစိတ် အသိစိတ်ရှိတဲ့သူတွေဆိုရင် ပိုမှန်မည်ထင်သည်၊ သူတို့တတွေဟာ ကျောင်းကိုပဲ သွားသွား၊ သင်တန်းကိုပဲ သွားသွား၊ အလုပ်ကိုပဲ သွားသွား၊ ခရီးကိုပဲ သွားသွား၊ ဘယ်အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အပြင်ထွက်ပြီဆိုရင် ဘုရားခန်းက ဗုဒ္ဓမြတ်စွာရယ်၊ အမေ အဖေတို့ကိုပါ ကျကျနန ရှိခိုးပြီးမှ သွားလေ့ရှိသည်။ သိကြားမင်းသည်လည်း ထိုနည်းတူစွာပင် ဗုဒ္ဓ၏တပည့်ကောင်းများနည်းတူ အပြင်ထွက်ခါနီး လက်အုပ်ချီ ရှိခိုးလေ့ရှိသည်၊ ထိုသို့ရှိခိုးနေတာကို မြင်တော့ တပည့်ဖြစ်သူ မာတလိနတ်သားက “အရှင်မင်းကြီး---အရှင်မင်းကြီးက ဘယ်သူ့ကို ဘယ်အကြောင်းကြောင့် ရှိခိုးနေတာလဲ၊ တကယ်ဆို မြေပြင်ရှိ ၀ိဇ္ဇာသုံးပါး အဘိဥာဏ်များရရှိပြီးသူများနှင့် ရေမြေတောတောင်ကို အစိုးရတဲ့ ဘုရင်တွေက အရှင်နတ်မင်းကြီးကို ရှိခိုးကြရပါတယ်။ ဝေဟင်ပြင်ရှိ နတ်မင်းကြီး လေးယောက်နှင့် နတ်အပေါင်းတို့ကို အစိုးရသော တာဝတိံသာနတ်မင်းတို့ကပါ အရှင်နတ်မင်းကြီးကို ရိုသေပေးကြရတယ်၊ ရှိခိုးကြရတယ် မဟုတ်လား”ဟု မေးတော့ သိကြားမင်းက “ငါ ရှိခိုးနေတဲ့သူတွေက တခြားမဟုတ်ဘူး ရဟန်းသူတော်စင် လူ သူတော်စင်များ ဖြစ်ကြတယ်”ဟု အထက်ပါ အရှိခိုးခံထိုက်သူများကို စာရင်းလုပ် ထုတ်ပြလေသည်။

ကိုယ့်သား ကိုယ့်မယားကို သမ္မာအာဇီဝဖြင့် ပြုစုလုပ်ကျွေးနေချိန်၊ ကိုယ့် အမိအဖကို ပြုစုလုပ်ကျွေးနေတဲ့အချိန်သည် ကောင်းကင်းသိကြားမင်း၏ ရှိခိုးမှုကို ထိုက်နေသူဟု၍မှတ်။ ငါးပါးသီလ လုံတဲ့နေ့သည် သိကြားမင်း၏ ရှိခိုးခြင်းကို ကောင်းကောင်းကြီး ထိုက်နေတဲ့ အချိန်ဟူ၍မှတ်။ ပေးကမ်းနေတဲ့အချိန်၊ စွန့်ကြဲနေတဲ့အချိန် အလှူဒါန ပြုနေတဲ့အချိန်တိုင်းသည်လည်း သိကြားမင်း ရှိခိုးခြင်းကို ထိုတ်တန်တဲ့အချိန်ဟူ၍မှတ်ကြရန် သိကြားမင်းပြောသည်။

ထိုကဲ့သို့သော အလုပ်မျိုးကို သိကြားရှိခိုးခံထိုက်ရုံသာ မက၊ ပညာရှိ သူတော်ကောင်းတို့ကပါ ချီးမွးမ်းထောမနာပြုကြသည်၊ အယုံအကြည်ရှိကြသည်၊ မြတ်နိုးကြသည်၊ ပူဇော်ကြသည်။ ဖြစ်လေရာရာ ဘ၀တိုင်းမှာလဲ ထိုသူပြုအပ်သော အလုပ်တွေကပဲ ပြန်လည် ကြိုဆိုကြပါလိမ့်မည်။ သိကြားမင်းနှင့် သူတော်ကောင်းများ အရိုအသေပေးထိုက်သော ထိုအလုပ်များကို ပြုလုပ်ထားသူသည်လည်း လက်ရှိဘ၀မှာလဲ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာစွာ နေရသလို ဘ၀တိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပါလိမ့်မည်။ ကိုယ်လုပ်ခဲ့သော အလုပ်ကို တွေးမိလေးတိုင်းလဲ ပီတိတွေ လှိုင်လှိုင်ဖြစ်ရပါလိမ့်မည်။

(ဂဟဋ္ဌ၀န္ဒနာသုတ်၊ သံယုတ်)


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၀၂-၂၀၁၃

06 August 2013

သီတဂူ+ထူးဖောင်ဒေးရှင်းတို့ မျက်စိအလှူ

သီတဂူ+ထူးဖောင်ဒေးရှင်းတို့ မျက်စိအလှူ

သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့မှပူးပေါင်း၍ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မျက်စိဝေဒနာရှင်များအား တတိယအကြိမ်မြောက် ဆေးကုသပေးခြင်းအစီအစဉ်ကို (၁၀.၇.၁၃)ရက်နေ့မှ (၁၃.၇.၁၃) ရက်နေ့အထိ ပူတာအိုခရိုင်ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြပါသည်။
ဝေးလံခေါင်ဖျားဒေသများမှ ဆေးဝါးကုသရန်အခက်အခဲရှိသည့် မျက်စိဝေဒနာရှင်များကို သက်ဆိုင်ရာဒေသ တာဝန်ရှိသူများ အကူအညီဖြင့် ထူးဖောင်ဒေးရှင်းမှ လိုအပ်သည်များကို ပံ့ပိုးပေးခဲ့ပြီး သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓသာသနာပြုအဖွဲ့မှ မျက်စိအထူးကုဆရာဝန်ကြီးများ၏ ကုသမှုဖြင့် ယခု တတိယအကြိမ်တွင် ပူတာအိုခရိုင်အတွင်း ရှိမြို့နယ်(၆)ခုတို့မှ မျက်စိဝေဒနာရှင်ပေါင်း (၉၇၁) ဦးကို လိုအပ်သော ဆေးဝါးကုသမှုများပေးနိုင်ခဲ့ပြီး၊ မျက်စိဝေဒနာရှင် ၁၂၅ ဦးတို့ကို ခွဲစိပ်ကုသပေးနိုင်ခဲ့ပါသည်။
ပထမအကြိမ်ကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ပေးခဲ့ပြီး မျက်စိဝေဒနာရှင် (၈၀၀)ကျော်ကို ကုသပေးနိုင်ခဲ့ကာ ဝေဒနာရှင် (၉၂)ဦးကိုခွဲစိပ်ကုသပေးနိုင်ခဲ့ပြီး။

ဒုတိယအကြိမ်အဖြစ် ၂၀၁၂ခုနှစ်၊ အောက်တိုဘာလတွင် ပြုလုပ်ခဲ့ကာ မျက်စိဝေဒနာရှင် (၁၀၇၆)ဦးကို ကုသပေးနိုင်ခဲ့ပြီး ဝေဒနာရှင် (၁၄၈)ဦးကို ခွဲစိပ်ကုသပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

မျက်စိဝေဒနာရှင်များသည် ပူတာအိုခရိုင်အတွင်း ကားလမ်းမပေါက်သော ကျေးရွာများမှ လမ်းလျောက်လာကာ ဆေးဝါးကုသကြပြီး ထူးဖောင်ဒေးရှင်းမှ မော်တော်ဆိုင်ကယ်သွားလာ၍ ရသည့်နေရာများမှစတင်ကာ ကြို၊ပို့ယာဉ်များစီစဉ်ပေးခဲ့ကြပါသည်။ မျက်စိဝေဒနာရှင်များအတွက် မနက်၊ နေ့လည်စာဒန်ပေါက်နှင့် ညစာထမင်းဗူးများအပါအဝင် အခြားလိုအပ်ချက်အားလုံးကို ပါဖြည့်ဆည်းပေးခဲ့နိုင်ခဲ့ပါသည်။

အချို့ဝေဒနာရှင်များမှာ သားထောက်သမီးခံ မရှိခြင်း၊ သွားလာ၍ ခက်ခဲခြင်းတို့ကြောင့် လူနာတစ်ဦးတည်းလာရောက်ဆေးကုသခံယူခဲ့ကြပါသည်။ အဆိုပါဝေဒနာရှင်များအား ထူးဖောင်ဒေးရှင်းမှ ဝန်ထမ်းများက လိုအပ်သည့် ကူညီစောင့်ရှောက်မှုများပေးခဲ့ပြီး အိမ်အပြန်အတွက် သက်တောင့်သက်သာဖြစ်နိုင်စေရန်ကိုပါ စီစဉ်ပေးနိုင်ခဲ့ပါသည်။

သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့ကြီးမှ မျက်စိအထူးကုဆရာဝန်များ၏ မငြီးမငြူ စစ်ဆေးကုသမှုများနှင့် သူနာပြုဝန်ထမ်းများကို စေတနာနှင့်စောင့်ရှောက်မှုများကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ထူးဖောင်ဒေးရှင်းအနေဖြင့် တတိယအကြိမ်မျက်စိဝေဒနာရှင်များအား ကုသပေးခဲ့ခြင်းအား ဝမ်းမြောက်ပီတိဖြစ်ရသကဲ့သို့ လိုအပ်သော ဆေးဝါးများမှစ၍ ခွဲစိပ်ခန်းသုံးပစ္စည်းများ၊ စားစရာပစ္စည်းများသယ်ဆောင်ရာတွင် ကူညီဆောင်ရွက် ပေးခဲ့ကြသော Air Bagan လေကြောင်းလိုင်း၊ Asian Wings လေကြောင်းလိုင်း၊ တည်းခိုနေထိုင်နိုင်ရန်အတွက် ကူညီပေးခဲ့ကြသော Aureum Palace Hotelနှင့် Malikha Lodge Hotel၊ အခြားလိုအပ်သည်များကို ပံ့ပိုးကူညီခဲ့ကြသော Htoo Group Of Companies နှင့် AGD Bank တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ထို့အပြင် မျက်စိဆေးကုသခြင်းအစီအစဉ်တွင် ထူးဖောင်ဒေးရှင်း Facebook မှတဆင့်ဆက်သွယ်ကာ အလှူငွေကျပ် (၅၀၀၀၀)စီလာရောက်လှူဒါန်းပေးသော (ဦးကျော်မင်း) + ဒေါ်မြင့်မြင့်သန်းမိသားစုနှင့် ဦးအောင်ထွန်း(ညွှန်/မှူး (ငြိမ်း) ၊အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)+ဒေါ်နီလာမင်း မိသားစုတို့ကိုလည်း ကျေးဇူးတင်ရှိပါသည်။
 ထူးဖောင်ဒေးရှင် (https://www.facebook.com/HtooFoundation?fref=ts) ဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၇-၂၀၁၃

01 August 2013

“မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသား”သို့

“Heart to Heart” “မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသား”သို့

မြစ်တို့သည် မြင့်ရာမြင့်ရာအရပ်မှ နိမ့်ရာနိမ့်ရာသို့ စီးသွားကြမြဲဖြစ်ကြကုန်၏။ ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် အီကွေတာစက်ဝိုင်း၏ မြောက်ဖက်၌ရှိသောကြောင့် ကမ္ဘာ့မြောက်ခြမ်း၌ တည်ရှိပေသည်။ သို့သော် အိန္ဒိယပြည်နှင့်တရုတ်ပြည်ကြီးတို့၏ အစိတ်အပိုင်းအချို့သည် မြန်မာနိုင်ငံမြောက်ဖက်စွန်းဒေသကို အရှေ့အနောက် နှစ်ဖက်ညှပ်၍ ဆက်စပ် ဝိုင်းပတ်ထားကြသည်။ သို့ဖြစ်ခြင်းကြောင့် အိန္ဒိယပြည် အရှေ့မြောက်ဒေသ၊ တရုတ်ပြည် အနောက်တောင်ဒေသ အစိတ်အပိုင်း အသီးသီး၌ စီးသွားကြကုန်သော မြစ်အားလုံးတို့သည် မြန်မာနိုင်ငံ မြောက်ပိုင်း၊ အနောက်ပိုင်း၊ အရှေ့မြောက်ပိုင်းဒေသတို့မှ မြန်မာနိုင်ငံအတွင်းသို တောတောင် လျှိုမြောင် အသီးသီးတို့မှ တိုးလျှိုး စိမ့်ဝင် စီးဆင်းလာကြကုန်၏။
 
ဒုဋ္ဌဝတီမြစ်၊ သံလွင်မြစ်တို့သည် တရုတ်ပြည် အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့မှ စီးဝင်လာကြလျှက် ရှမ်းကုန်းပြင်မြင့် တစ်ခွင်ကို ဖြတ်သန်းကာ ဧရာဝတီသို့ ဝင်ရောက်ပူးပေါင်းကြကုန်၏။ မေခမြစ်သည်လည်း တရုတ်ပြည် အနောက်တောင်ပိုင်းမှ ရှမ်းနှင့် ကချင်နယ်မြေတို့ကို တိုးလျှိုး စီးဝင်ကာ ဧရာဝတီသို့ ဝင်ရောက်ကြကုန်၏။ မလိခမြစ်သည်လည်း တရုတ်ပြည်အနောက်တောင် တိဘက်နှင့် အိန္ဒိယပြည်အရှေ့မြောက် အာသံနယ်များကို ဖြတ်သန်း၍ မြင့်မောက်သည့် ကချင်တောင်တန်းကြီးများ အကြားမှ စီးဝင်ကာ ဧရာဝတီသို့ပင် ပူးပေါင်းစီးဝင်ကြသည်။

တရုတ်ပြည်၏ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကြီးတစ်ခုလုံးနီးပါးက မြစ်ငယ်၊ ချောင်းငယ် အားလုံးတို့သည် ရွှေလီမြစ်သို့ စီးဝင်ကြကုန်လျှက် ထိုရွှေလီ မြစ်သည်လည်း ယူနန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် နယ်စပ်များကို ကွေ့လျှက် လိမ်လျှက် မြွေကြီးကောင်ရှည်ကဲ့သို့ တလွန့်လွန့် တလူးတလူး မြန်မာမြေသို့ စီးဝင်ကာ ကချင်ပြည်နယ် ဗန်းမော်မြို့အောက်နား မိုးတားမြို့အနီး၌ ဧရာဝတီသို့ စီးဝင်ပူးပေါင်းခဲ့လေသည်။ ယူနန်နယ်က တာပန်ဆိုသော မြစ်ငယ် တစင်းသည်လည်း မြန်မာပြည်တွင်းသို့ စီးဝင်ကာ ဗန်းမော်မြို့ အထက်နား၌ ဧရာဝတီသို့ပင် ပူးပေါင်းဝင်ရောက်ခဲ့လေသည်။

“ဗမာ”ဟူသည်
ရှေးဟောင်းသမိုင်းဆရာများ ရေးသားခဲ့ကြသည့် သမိုင်းအချက်အလက်အချို့ကို မှတ်သားမိသည်မှာ “ဗမာ”ဟူသည် တိဘက်တိုဘားမင်း (Tibeto-burman) မျိုးနွယ်မှ ဆင်းသက်လာသည်။ မွန်ခမာတို့သည် သံလွင်မြစ်ကြောင်းမှ ဝင်ရောက်လာသည်။ ရှမ်း ပလောင်တို့သည် ယူနန်နယ်မှ ဝင်ရောက်လာကြသည်ဟု ရေးသားကြသည်ကို ကြားဖူးဖတ်ဖူးပါသည်။

နယ်စပ်နယ်ခြားရှိ တောင်ကြား, တောင်ကြားလမ်းများနှင့် မြစ်ရေစီးကြောင်းများသည် တနယ်မှာရှိသော လူမျိုးစုများသည် အခြားနယ်မှာ ရှိသော လူမျိုးစုများနှင့် ကူးလူးရောယှက်ရန် လမ်းကြောင်းများ ဖြစ်ခဲ့ကြလေသည်။ ယူနန်ပြည်နယ်တစ်ခွင်၌ အခြေကျကျကြာမြင့်စွာ နေလာကြကုန်သော လူမျိုးတို့၏ လူနေမှုစနစ်, ဓလေ့ထုံးစံ, စရိုက်, ပြောဆိုသည့်ဘာသာစကား, ၀တ်စားဆင်ယင်မှု ဓလေ့ထုံးစံအများစုသည် ရှမ်းပြည်နယ်အရှေ့ပိုင်း, မြောက်ပိုင်းက ရှမ်း, ပလောင်မျိုးနွယ်များ, ကချင်ပြည်နယ်က ဂျိန်းဖောမျိုးနွယ်များနှင့် အများဆုံးရောယှက် တူညီနေသည်ကို တွေ့ရပေမည်။ မန္တလေး၊ ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်စသည့်မြို့များတစ်ခွင်သို့ ယူနန်တရုတ်တို့ ကာလကြာမြင့်စွာက စိမ့်ဝင်ရောနှော မြန်မာမှုပြုပြီး နေခဲ့ကြသည်ကို မေခ မလိခ, ရွှေလီစသည့်တရုတ်မြစ်တို့က ရေတို့သည် ဧရာဝတီမှာ ပေါင်းသကဲ့သို့ ဖြစ်ပေသည်ဟု စဉ်းစားမိပေသည်။
(နမ်းခမ်း သီတဂူစက္ခုဒါနဆေးရုံ)

 ဧရာဝတီမှ ရွှေလီသို့ အဆန်
မြန်မာနယ်စပ် ရွှေလီမြစ်အနီးက ရွှေလီမြို့သို့ ဓမ္မဒူတခရီးအဖြစ် နှစ်ခေါက်သုံးခေါက် ရောက်ခဲ့ရာ မန္တလေးက တရုတ်တန်း၊ ရန်ကုန်မြို့က လသာလမ်းတို့မှာ တရုတ်လူမျိုးတွေ ရောင်းဝယ် ဖောက်ကား စီးပွားရှာနေကြသလိုပင် မြန်မာပြည်အနှံ့က မြန်မာတို့သည်လည်း ရွှေလီမြို့မှာ မြန်မာရပ်ကွက်၊ မြန်မာလမ်း၊ မြန်မာဆိုင်းဘုတ်နှင့် ဆိုင်တွေ ဖွင့်၍ ရောင်ဝယ်ဖောက်ကား နေကြသည်ကို မြင်ရပြန်လေသည်။ ထိုသို့ဆိုလျှင် ရွှေလီမှ ဧရာဝတီသို့ ဟူသောစကားကို ဧရာဝတီမှ ရွှေလီသို့ဟု အဆန်စကား ပြောကြားရပေမည်။

အံ့ဖွယ် ရှမ်းတို့၏စိတ်ဓာတ်
အင်္ဂလိပ်ကိုလိုနီခေတ်က ဗုဒ္ဓဘာသာမစ်ရှင်တို့ အရောက်အပေါက်မရှိခဲ့ကြသည့် တောကြား၊ တောင်ကြား၊ နယ်ခြားဒေသများသို့ ခရစ်ယာန်သာသနာပြုမစ်ရှင်များ နေရာအနှံ့ရောက်ခဲ့ကြသည်။ အမေရိက, ဥရောပမှ လာကြကုန်သော ခရစ်ယာန်မစ်ရှင်တို့၏ စွန့်စားခြင်း၊ စွန့်လွှတ်ခြင်း၊ စူးစမ်းခြင်းနှင့် ဇွဲသတ္တိတို့မှာ အံ့ချီးဖွယ်ကောင်းပါသည်။ မိမိငယ်စဉ်က (အသက် ၂၅-နှစ်) နမ့်ခမ်းမြို့သို့ အလည်အပတ် တစ်ခေါက် ရောက်ခဲ့သည်။ ယနေ့အထိ နမ့်ခမ်းသို့ ဆယ်ခေါက်ထက်မနည်း ရောက်ခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သောနှစ် - ၅၀ ခန့်က နမ့်ခမ်းမြို့နှင့် ယနေ့နမ့်ခမ်းမြို့တို့ မှတ်သားမိသလောက် နှိုင်းယှဉ်ကြည့်မိရာ လူနေမှုစနစ်, ယဉ်ကျေးမှုဓလေ့ထုံးစံ, ဘာသာရေး, လူမျိုးရေးအလွန်ကြီး ကွာခြားမှုမရှိ၊ ပကတိမူလအတိုင်းလောက်နီးနီးပင် တည်ရှိနေသည်ကို တွေ့ရသည်မှာ အံ့သြဖွယ်ဖြစ်သည်။

မိုင်-၂၀ သာသာကလေးမျှသာဝေးသော နယ်ခြားဝင်ပေါက်ထွက်ပေါက်မြို့ မူဆယ်မှာ ထူးထူးခြားခြား ပြောင်းလဲတိုးတက်မှုတွေကြောင့် ရှမ်းဗုဒ္ဓဘာသာတို့၏ မူရင်းအနှစ်သာရအပေါ်မှာ ယဉ်ကျေးမှု စရိုက်မျိုးစုံတို့ ၀ိုင်းအုံလွှမ်းခြုံနေသည့်အဖြစ်ကို မူဆယ်ရှမ်းတို့ ကြံ့ကြံ့ခံခုခံနေရပေသည်။ နမ့်ခမ်းမှာမူ မူရင်းရှမ်းဗုဒ္ဓဘာသာတို့၏ ယဉ်ကျေးမှု, လူမှုရေး, ဘာသာရေးအနှစ်သာရတို့ကို မပျောက်ပျက်စေဘဲ မူရင်းဘာသာရေး, ယဉ်ကျေးမှု အနှစ်သာရအပေါ်၌ ခေတ်ဆန်သော ခေတ်မှီသော လူနေမှုစနစ်နှင့်စရိုက်တို့ လွှမ်းမိုးခြင်းမခံရအောင် ကြံ့ကြံ့ခိုင်ခိုင် ခုခံနိုင်ကြသည့် နမ့်ခမ်း ရှမ်းတို့၏စိတ်ဓာတ်ကို အံ့ဩချီးကျူးမိပေသည်။
(ပထမဆုံးပေါ်ပေါက်လာသော သီတဂူအာယုဒါနဆေးရုံ-စစ်ကိုင်း)

သီတဂူဆေးရုံများ၏ မျိုးစေ့
စာသင်သားဘ၀ နမ့်ခမ်းမြို့ကို ရောက်တုန်းက ဘက်ပတစ် ဘုန်းတော်ကြီး ဒေါက်တာ ဆီးဂရေး၏ တောင်ကုန်းကလေးပေါ်က ဆေးရုံကြီးကိုကြည့်ပြီး အားကျမိခဲ့ပေသည်။ သူ၏ဆေးရုံမှာ သံဃာတော်များ၊ သီလရှင်များ ဆေးကုသမှုခံယူနေကြသည်ကို မြင်ခဲ့၍လည်း “ငါ့အချိန်ရောက်လာလျှင် ငါဆေးရုံဆောက်တော့မည်” ဟူသော ဆေးရုံမျိုးစေ့ကို စတင်ရယူခဲ့မိလေသည်။ ဆီးဂရေးဆေးရုံပေါ်က မြောက်ဘက်သို့ကြည့်လျှင် မိုးကာလဖြစ်လို့ ရှမ်းတို့စိုက်ပျိုးထားသော လယ်ကွင်းများမှာ စိမ်းညို့ညို့ရှိပေသည်။ ကောက်ပင်လေးတွေ အတော်ရင့်ကုန်၍ မြင့်နေပြီဖြစ်လို့ လေများတိုက်လိုက်တိုင်း အစိမ်းရောင်လှိုင်းတံပိုးကို တအိအိမြင်ရသည်။ ရွှေလီမြစ်ပေါ်က ဖြတ်တိုက်လာသော လေသည် အေးမြမြရှိပေသည်။ ရွှေလီသည် ယူနန်ကိုကျော်၍ ရှမ်းမြေထဲသို့ တိုးဝင်လာသည်။ ဧရာဝတီမှာ ပေါင်းသွားသည်။ သို့သော် ယနေ့ ဧရာဝတီသည် ရွှေလီသို့ဆန်လာခဲ့ပြီ။ နမ့်ခမ်းမြို့ ဇေယျသုခပရဟိတကျောင်းတိုက် ရှမ်းလူမျိုး ဆရာတော် ဦးဝိနယစာရ နှင့် သီတဂူဆရာတော်တို့ ရွှေလီမြစ်အနီးမှာ ဆုံမိကြရာ နမ့်ခမ်းမှာ သီတဂူစက္ခုဒါနဆေးရုံ ပေါ်ပေါက်လာခဲ့ပေပြီ။ စက္ခုဒါနဆေးရုံတော်ကို ဇေယျသုခပရဟိတကျောင်းထဲမှာ တည်ဆောက်ခဲ့သည်။ ဆေးရုံအဆောက်အဦးဆောက်လုပ်ခြင်း ကိစ္စတို့ကို နမ့်ခမ်းက ရှမ်းအားလုံးတို့ တာဝန်ယူလှူဒါန်းခဲ့ကြသည်။ ကျပ်သိန်း ၃၀၀၀ ကျော်ဖိုးခန့်ရှိမည်။ ဆရာဝန်သုံး ပစ္စည်းအားလုံးတို့ကို သီတဂူတော်ဝင် ဦးကိုကိုထွေး မိသားစုက လှူဒါန်းကြသည်။ သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိမည်။ ဂိလာနအသုံးအဆောင်ပစ္စည်း အားလုံးတို့ကို သီတဂူဆရာတော်က လှူဒါန်းသည်။ သိန်း ၁၀၀၀ ခန့် တန်ဖိုးရှိသည်။ မေခ, မလိခ, ရွှေလီမြစ်အားလုံးတို့ ဧရာဝတီမှာ ပေါင်းကြသလို သီတဂူနှင့် တော်ဝင်ပြည်သူအားလုံးတို့၏ စက္ခုဒါနသည် ကြည်ကြည်ဖြူဖြူ ရွှေလီမှာပေါင်းခဲ့ကြပါပြီ။

ဒေါက်တာဆီးဂရေး အသက်ရှင်လျှက်ရှိနေသေးလျှင် ပြလိုက်ချင်ပါသည်။ ဆေးရုံတော်ကို ၁၄-၁၁-၂၀၁၂ နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ စမ်းသပ်စစ်ဆေးခံ လာရောက်သူပေါင်း၂၅၀၀- ယောက်ရှိသည်။ ခွဲစိပ်ကုသမှုခံယူပြီး မြင်ရသူပေါင်း ၃၇၅-ရောက် ရှိပါသည်။ ယခုနှစ် ၂၄-၇-၂၀၁၃ နေ့က သီတဂူမျက်စိ အထူးကုအဖွဲ့ ဒုတိယအကြိမ် သွားရောက်ခဲ့ကြသည်။ ၅- ရက်ကြာ ခွဲစိပ်ကုသခဲ့ကြသည်။ လာရောက်စမ်းသပ်ခံယူသူပေါင်း ၁၀၀၀-ကျော်ရှိသည်။ မျက်စိအလင်းရသူပေါင်း ၁၅ဝ- ယောက်ရှိသည်။ နမ့်ခမ်းဟူသော ရွှေမြစ် မြို့လေးသည် ရိုးရိုး ငြိမ်ငြိမ် အေးအေး ချမ်ချမ်း ရှိသည်။ ချစ်စဖွယ်ကောင်းသည်။ မြောက်ဘက်လက်တစ်ကမ်းမှာ တရုတ်ပြည်ရှိသည်။ အနောက်ဘက် ခြေတစ်လှမ်းမှာ ကချင်ပြည်နယ်ရှိသည်။ နမ့်ခမ်းရှမ်းတို့သည် မြန်မာ့ယဉ်ကျေးမှု စရိုက်တို့ကို ကောင်းကောင်းကြီး စောင့်ရှောက်ထားနိုင်ခဲ့ကြသည်။

ဇေယျာပြည် ဧရာဝတီမှ ရွှေလီသို့
သီတဂူ မျက်စိအထူးကု ဆေးရုံသို့ ယူနန်က တရုတ်တို့လည်း လာရောက် မျက်စိခွဲစိပ်ကုသမှု ခံယူသွားခဲ့ကြသည်။ အားလုံးကို ကုသိုလ်ဖြစ် အခမဲ့ ခွဲစိပ်ကုသပေးလိုက်ကြသည်။ ကချင်ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကိုလည်း ဒေါက်တာဆီးဂရေး၏ တပည့် အစဉ်အဆက် ဘရားသာ, ဖားသာ, ဘစ်ရှော့ဘုန်းတော်ကြီးများက ၅ဝ-တစ်စု ၁ဝဝ-တစ်စု ခေါ်လာ ခေါ်လာ ကြသည်။ ဇေယျသုခ ပရဟိတ ဆရာတော်က ကျောင်းမှာ အိပ်ယာ နေရာ ပေးသည်။ ထမင်းကျွေးသည်။ သီတဂူက ကြည်ကြည် ဖြူဖြူ မျက်စိကုသပေးပါသည်။ ယ္ခုနှစ် ကချင် ခရစ်ယာန် ညီအကို မောင်နှမ ပေါင်း ၁၆ဝ- ယောက်တို့ လာရောက်ကြရာ ၁၂- ယောက်တို့ကို မျက်စိခွဲစိပ် ကုသပေးလိုက်ပါသည်။

အချို့သော မျက်စိ ဝေဒနာရှင်များမှာ ကချင်လွတ်မြောက်ရေး စစ်ပြန်များ ဖြစ်ကြပါသည်။ သူတို့လည်း ဘုန်းကြီးကျောင်းမှာ ပျော်ပျော် ပါးပါး အိပ်အိပ် စားစား နေသွားကြသည်။ ကချင်စစ်ပြန်ကြီး တစ်ယောက် ဝတ်ထားသော အင်္ကျီ၏ ရင်ဘတ်ကတံဆိပ်ကို အမှတ်မထင် သတိပြုမိသည်။ ဆက်လက်၍ စူးစူး စိုက်စိုက် ကြည့်မိပါသည်။ ရေးထားသည်မှာ “Heart to Heart” “နှလုံးသားမှ နှလုံးသားသို့” ဟု ရေးထားသည်ကို ကျေနပ်စွာ တွေ့လိုက်ရသည်။ ပို၍ ချစ်စဖွယ်ကောင်းသော စာတမ်းတစ်ခုမှာ “တရားမျှတမှ ထာဝရငြိမ်းချမ်းရေး ရမည်” ဟူ၍ ဖြစ်ပါသည်။

ထိုသို့ဆိုလျှင် ဤစာတမ်း၏ ခေါင်းစဉ်ကို “ဇေယျာပြည် ဧရာဝတီမှ ရွှေလီသို့“ ဟု ပြင်လိုက်ချင်ပါသည်။ မေတ္တာဟူသည် ရေနှင့်တူသည်။ ရေသည် သောက်သုံးသူတို့၏ နှလုံးကို အေးချမ်းစေသည်။ ချိုးသုံးသူတို့၏ ကိုယ်ကို သန့်ရှင်း ရွှင်လန်းစေသည်။ ရွှေလီက လူတွေရော ဧရာဝတီက လူတွေပါ အားလုံး မေတ္တာလွှမ်းခြုံ၍ သန့်ရှင်းသော စိတ်ဓာတ်, ရွှင်လန်းသော စိတ်ဓာတ်, အေးချမ်းသောစိတ်ဓာတ်တို့ဖြင့် ဘဝခရီးကို ရွှေလီနှင့် ဧရာဝတီကဲ့သို့ ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ကြပါစေကုန်သတည်းဟု ဆုတောင်းပါသည်။

Heart to Heart” “မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသားသို့
ဇူလိုင် ၂၇- ရက်နေ့လည်ခင်းမှာ ဖားသားတို့ ဘရားသားတို့နှင့်တကွ လွယ်ကျယ်မှ ရောက်လာကြသော ကချင်လူမျိုး ၁၂ဝ- တို့ အထုပ်ကိုယ်စီ ပိုက်၍ သီတဂူစက္ခုဒါန ဆေးရုံတော်မှ ရွှေလီမြစ်ကို ဖြတ်၍ နေရပ်သို့ ပြန်သွားကြရာ မိမိသည် နောက်ကျောမှ ကြည့်ရင်း တဒုံးဒုံး နှင့် ဒုန်းစိုင်း မောင်းနှင်သွားကြသည့် သူတို့၏ ထော်လာဂျီ အိပ်ဇောသံများသည် မိမိနားကို ဖောက်ထွင်းခြင်းငှာ မစွမ်းနိုင်ကြ၊ စူးစိုက်၍ စဉ်းစားနေမိသည်ကား ရွှေလီနှင့် ဧရာဝတီစသည့် မြစ်တို့သည် အမည်နာမ မျှသာ ကွာပြားကြကုန်၏။ အမည်နာမကို လွန်မြောက် အတွင်းပေါက်အောင် ကြည့်လိုက်လျှင် မြစ်အားလုံးတို့မှာ ရေတစ်ခုတည်းသာရှိုပေသည်။ တကယ်တော့ ဧရာဝတီဟူသော အမည်နာမနှင့် ရွှေလီဟူသော အမည်နာမတို့ ပေါင်းစည်းကြသည်မဟုတ်၊ ရေနှင့် ရေတို့သာ ပေါင်းစည်းကြသည်သာ ဖြစ်၏။ ဤမြေမှာ ရှိကြသည့် လူသားအားလုံးတို့သည် ရွှေလီနှင့် ဧရာဝတီက ရေတို့ အချင်းချင်း ရောနှော စီးဆင်းကြသလို မေတ္တာရေစီးကြောင်းမှာ အေးချမ်း ကြည်လင် သန့်ရှင်းသော စိတ်ဓာတ်ဖြင့် ပေါင်းစည်း ညီညွတ်ကြပါစေကုန်သတည်း ဟု မေတ္တာဆုတောင်းလိုက်ပါသည်။

“Heart to Heart” “မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသားသို့”

သိတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ…….
သီတဂူဆရာတော်
၂၇ - ၇ - ၂ဝ၁၃

+++++++++++

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၈-၂၀၁၃

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes