ဒု-သမ္မတ
အစိုး ရအဖွဲ့ဝင်ပုဂ္ဂိုလ်တွေကို ဗုဒ္ဓရဲ့တရားတော်တွေအတိုင်း ကျင့်ကြံအားထုတ်ပြုမူ၊ နေထိုင် ဆောင်ရွက်ကြဖို့ သီတဂူဆရာတော် ဒေါက်တာအရှင် ဉာဏိဿရက မိန့်ကြားလိုက်ပါတယ်။
ဒုတိယအ နေအဖြစ် ဒီကနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားကိုတက်ရောက်လာတဲ့ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ နိုင်ငံတကာသံရုံးတွေက တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ဧည့်ပရိသတ်တွေကို မိန့်ကြားလိုက်တာ ဖြစ်ပါတယ်။
ဒီလို မိန့်ကြားခဲ့တာနဲ့ပတ်သက်ပြီး ဆရာတော်ရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးဟန်က အခုလို ပြန်ပြောပြပါတယ်။
“ဗုဒ္ဓရဲ့ ဟောကြားချက်တွေကို အားလုံး ညီညီညွတ်ညွတ်နဲ့ လိုက်နာကြဖို့ပေါ့။ ကျင့်ကြံကြဖို့ အားထုတ်ကြဖို့ ဘာသာရေး သာသနာရေးဆိုင်ရာ ဆုံးမဩဝါဒတွေ အဲဒီမှာလည်း လူတိုင်းလူတိုင်း အားလုံး ကိုယ့်နေ့စဉ် လုပ်ငန်းမှာ ဗုဒ္ဓရဲ့ တရားကို ကျင့်ကြံအားထုတ်မယ် ဆိုလို့ရှိရင် အားလုံး အေးအေးချမ်းချမ်းနဲ့ ကိုယ့်ဘဝအေးချမ်းမှုရော အားလုံး ဖြစ်မယ်။ ကိုယ့်ဘဝ ရှေဘဝ၊ ဒီဘဝ အားလုံး ပြည့်စုံမယ်ဆိုတာတွေ တကယ့် တရားသက်သက်တွေ။”
ပြည်ထောင်စု သာသနာရေးဝန်ကြီးဌာန ဝန်ကြီး သူရဦးမြင့်မောင်ကတော့ ဆရာတော်ကြီးအနေနဲ့ အခုလို အပြည်အပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်တွေ တည်ထောင်ဖွင့်လှစ်ပေးတဲ့အပေါ် ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ဖွင့်ပွဲအခမ်းအနားအစီအစဉ်တွေကိုလည်း ဦးဟန်က အခုလို ပြောပြပါတယ်။
“ရှေ့မှာက နေပြည်တော်ကနေပြီးတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ပြည်ထောင်စု ဝန်ကြီးခေါ်တာပေါ့နော် သာသနာရေးဝန်ကြီး ဦးမြင့်မောင်ကနေပြီး ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်တယ်။ နောက် ကျနော်တို့ တိုင်းဒေသကြီးက ဝန်ကြီးချုပ် ဦးမြင့်ဆွေကနေပြီး လိုက်ကာ ဖွင့်ပေးတယ်။ နောက် ရောင်စုံ ၆ ရောင်ခြယ် ဘူဘောင်းတွေနဲ့ ကျနော်နဲ့ မြို့တော်ဝန်ကြီး ဦးလှမြင့်နဲ့က နှစ်ယောက်တွဲပြီးတော့ ကျနော်တို့ ဖွင့်ပေးတယ်။ အဲဒီကနေ ဆရာတော်ကြီးက လိုက် ရှင်းလင်းပြပြီးတော့ ကျနော်တို့အပေါ်ထပ်က ဘုရားဆောင်ကြီးတွေဆီကို အားလုံးတက်ကြတာပေါ့။ အဲဒီကျတော့ ဗုဒ္ဓရုပ်ပွားတော်တွေကို ဒုတိယ သမ္မတကြီးက ဖွင့်တယ် အဲဒါပါပဲ။”
သဲကုန်း သပိတ်အိုင်တောရ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ တည်ထောင်ဖွင့်လှစ်နေတဲ့ သီတဂူ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားတွေကို နောက် သုံးရက်ထက်မံကျင်းပပြုလုပ်ဦးမှာဖြစ်ပြီး နိုင်ငံရေးပါတီခေါင်း ဆောင်တွေ၊ လူမှုရေးအသင်းအဖွဲ့ခေါင်းဆောင်တွေလည်း တက်ရောက်ကြဖို့ရှိနေပါသေးတယ်။
သဲကုန်း သပိတ်အိုင်တောရ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ သီတဂူအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ကို ၁၉၉၁ က စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။
သာသနာပြုလုပ်ငန်း တွေအပြင် ပညာရေး၊ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ သက်တော် ၇၅ နှစ် ရှိပြီဖြစ်တဲ့ ဆရာတော်ကြီးဟာ ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီအရေးအခင်း ကာလတုန်းက “ရာဇောဝါဒသုတ္တန်” ကို ဟောကြားခဲ့ပြီး အစိုးရအပါအဝင် တိုင်းပြည်အုပ်ချုပ်သူတွေအနေနဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမ တရားတော်အတိုင်း လိုက်နာကျင့်ကြံကြဖို့ လိုအပ်ပုံကို ဟောပြောဆုံးမခဲ့ဖူးပါတယ်။
သီတဂူစတား
၁၈-၆-၂၀၁၁
0 comments:
Post a Comment