သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သို့မဟုတ် သီတဂူဓမ္မစကူးလ်
သီတဂူသာသနာပြုအဖွဲ့အောက်ရှိ ပညာရေးကဏ္ဍဖြစ်သည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သည် သာသနာ့နွယ်ဝင် ရဟန်းတော်၊ သာမဏေ၊ သီလရှင်များတို့အားသာ ပညာဒါန-ပညာရေးအလှူပေးသည်မဟုတ်၊ သာသနာတော်ကို ချီးမြှောက်ကြသည့် သာသနာ့ဒါယကာ ဒါယကာမများနှင့် ဗုဒ္ဓစာပေများကို စိတ်ဝင်စားသူတို့အားလဲပဲ ပညာရေး ကုသိုလ်များ ပေးလျှက်ရှိပါသည်။ အထူးသဖြင့် ဓမ္မကိုပေးရာ ဌာနဖြစ်သောကြောင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သည် ဓမ္မစကူးလ် (Dhamma School) မည်သည်။သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (၃) ခုတို့တွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် အောက်ပါအတိုင်း သက်ဝင်လှုပ်ရှားလျှက်ရှိသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) တွင် ဒီပလိုမာ(Diploma)၊ ဘီအေ (B.A)၊ အမ်အေ (M.A)နှင့် ပီအိပ်ခ်ျ (Ph.D)တန်းများကို အတန်းစုံ ဆရာစုံတို့ဖြင့် ပုံမှန် လှုပ်ရှားသက်ဝင်လျှက်ရှိသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)မှာတော့ ဒီပလိုမာတန်းများကို သက်ဝင်လှုပ်ရှားပေးသည်မှာ ၃ နှစ်ပင်ရှိသည်။ လာမည့်နှစ်ပညာသင်နှစ်တွင် ဘီအေတန်းများ စတင်နိုင်ပါလိမ့်မည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ဒီပလိုမာတန်း၊ ဘီအေတန်း ပထမနှစ်၊ ဒုတိယနှစ်တို့ အပြင် လူဝတ်ကြောင်များအတွက် အထူးသင်တန်းအဖြစ် အခြေခံခံဗုဒ္ဓဘာသာ သင်တန်းများကိုပါ ထည့်သွင်းလျှက် သီတဂူဆရာတော်ကြီးကိုယ်တိုင် သင်ကြားပေးလျှက်ရှိပါသည်။ ထိုသင်တန်းကို အများစုက ဘွဲ့ရပြီးသော လူကြီးများကသာ တက်ရောက်သင်ယူနေသည်ကို တွေ့ရသည်။ နွေရာသီဓမ္မသင်တန်းများကိုလဲ ၂၀၁၀-၂၀၁၁ ကစပြီး ၅ တန်းမှ ဘွဲ့ရအထိ ကျောင်းသား ကျောင်းသူများကို အထူးသင်တန်းအဖြစ် သင်ကြားပေးလျှက်ရှိသည်။
လူဝတ်ကြောင်များအတွက် သင်တန်းအကြိုမိန့်ခွန်း
၂၇-၆-၂၀၁၂ နေ့က (2012/2013 ပညာသင်နှစ်) လူပုဂ္ဂိုလ်များအတွက် အခြေခံဗုဒ္ဓဘာသာသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဆရာများ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ သီတဂူဆရာတော်ကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး သြ၀ါဒစကား မိန့်ကြားသည်။ ယခုသင်ကြားပို့ချနေသော လူဝတ်ကြောင်များအတွက် ဓမ္မစကူးလ်သည် ဒုတိယ အကြိမ်ဖြစ်သည်။အလားတူပဲ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) မှာလဲ ၃၀--၆-၂၀၁၂ နေ့က ဒီပလိုမာအောင်မြင်ပြီး ကျောင်းသား ကျောင်းသူများကို အောင်လက်မှတ် ပေးအပ်ပွဲနှင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆို (Fresher-welcome) ကို သီတဂူအဓိပတိဆရာတော်ကြီး တက်ရောက် ချီးမြင့်ခဲ့သည်။ ဓာတ်ပုံများကို ဤနေရာမှ ကူးယူဖော်ပြသည်။
သီတဂူဓမ္မစကူးလ်
စာရေးသူတို့ ဗုဒ္ဓဘာသာအများစုက ဗုဒ္ဓဘာသာဝင်ရယ်လို့ ယူဆထားပေမဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အခြေခံ သဘောတရားလောက်ကိုမျှ မသိတဲ့သူက များနေသည်။ တချို့က ကိုယ့်ကိုယ်ကို မိရိုးဖလာဗုဒ္ဓဘာသာလို့ အားပါးတရ ပြောတတ်ကြသည်၊ ဂုဏ်မယူသင့်တာ ဂုဏ်ယူနေတတ်ကြသည်။ ကိုယ်ကိုးကွယ် ယုံကြည်နေတဲ့ ကိုယ့်ယဉ်ကျေးမှု၏ အခြေခံဖြစ်သည့် ဗုဒ္ဓစာပေကို သင်ရကောင်းမှန်းမသိ ဖြစ်နေတတ်ကြသည်။ တချို့ကတော့ စီးပွားရေးအကြပ်အတည်းကြောင့် စီးပွားရေးပညာဖြစ်တဲ့ လောကီပညာကိုပင် မသင်နိုင်ခဲ့ကြ။ စာရေးသူပင် ငယ်ငယ်က လေးတန်းကျောင်းသားဘ၀မျှသာ နေခဲ့သည်။ စာရေးသူ၏ ရပ်ရွာရှိ အများစုက ရေးတတ်ဖတ်တတ်ရင် ကျောင်းထုတ်ကြသည်။ မိဘတွေကိုယ်တိုင်က ပညာရေး အားမပေး၊ ကျောင်းပြီးလို့ ဘာလုပ်မလဲဆိုတဲ့ မေးခွန်းက သူတို့အတွက် ဖြေစရာမရှိဖြစ်နေသည်။ လက်တလောမှာပင် ပညာတတ်လို့ယူဆရတဲ့ ဘွဲ့ရများသည်ပင် တောင်ယာ ကိုင်းကျွန်းလုပ်ကြရသည်၊ တချို့က လက်သမား၊ ပန်းရံအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည်။ ဘွဲ့ရရင် ဘာလုပ်မလဲဆိုတော့ မေးခွန်းအတွက် အဖြေမရှိသော မိဘများကား မိမိတို့ သားသမီးများကို အသက်ငယ်ငယ်နဲ့ပဲ ကျောင်းထုတ်ပြီး အလုပ်ထဲ ထည့်ကြသည်။ ဒီလိုနဲ့ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ကြည့်ရင် ပညာမဲ့လူတန်းစား၊ ပညာတတ်အလုပ်လက်မဲ့ လူတန်းစားတွေ သိပ်များနေသည်။ ပညာတက်လူတန်းစား တိုးပွားလာလေ စားဝတ်နေရေးအတွက် ကြပ်တည်းလေ ဖြစ်လာသည်။ အူမတောင့်မှ သီလစောင့် ဆိုတာလို စားဝတ်နေရေး ကြပ်တည်းလာလေလေ ဘာသာ-ယဉ်ကျေးမှုအတွက် အချိန်မပေးနိုင် ဖြစ်ကြရသည်အတွက် မိရိုးဖလာဗုဒ္ဓဘာသာဟု ကြွေးကြော်သူ များလာလေလေ ဖြစ်သည့်အပြင် မျှော်လင့်ချက် ရည်ရွယ်ချက်ကင်းမဲ့သူတွေ များလာတာနဲ့အမျှ လဘက်ရည်ဆိုင် အရက်ဆိုင် ဘားဆိုင် ကေတီဗီ KTV အစရှိသည့် လူငယ်များ မသွားသင့်သည့်နေရာများမှာ ပိုတိုးပွားလာလေ ဖြစ်လာသည်။ ထို့ကြောင့် ဘာသာတရား၏ အခြေခံကို မသိခြင်းအတွက် အပြစ်မတင်သာ ဖြစ်နေကြရသည်။ ဘာသာ ယဉ်ကျေးမှု အသိတွေ နဲလာလေ အတ္တသမားတွေ အကျင့်ပျက် ခြစားတွေ များလာလေလေ ဖြစ်မည်။(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ဒီပလိုမာသင်တန်းမြင်ကွင်း)
နိုင်ငံတစ်နိုင်ငံ၏ ဘာသာတရား ယဉ်ကျေးမှု၊ ပညာ၊ စီးပွား၊ နိုင်ငံရေးတို့သည် ကွင်းဆက် ဆက်စပ်နေသည် ဖြစ်ရကား တစ်ခု ချို့ယွင်းတာနဲ့ အားလုံး နီးပါးလိုက်ပြီး ပျက်သုန်းသွားနိုင်သည်။ ထိုအချက်ကို များစွာ ဂရုပြုသင့်သည်။သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ဒီပလိုမာ၊ ဘီအေ၊ အမ်အေ၊ ပီအိပ်ခ်ျနှင့် အခြခံဗုဒ္ဓဘာသာသင်တန်းများ၊ လူငယ်များအတွက် နွေရာသီဓမ္မစကူးလ်များကို သင်ပေးခြင်းဖြင့် ဟာကွက် ဖြစ်နေသော ထိုဘာသာ ယဉ်ကျေးမှုအသိပညာများကို ရဟန်းတော် သီလရှင်များအပြင် လူဝတ်ကြောင်များ ဖြစ်သော လူငယ် လူကြီး အားလုံးကို ဖြည့်ဆည်းပေးလျှက်ရှိသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ဓမ္မစကူးလ်သည် မျော်လင့်ချက်မဲ့နေသော လူငယ်တွေအတွက် အရက်ဆိုင် ဘားဆိုင် ကေတီဗီဆိုင်တွေသွားပြီး အချိန်ဖြုန်းနေမည့်အစား ဘာသာရေးအသိပညာ ယဉ်ကျေးမှုအသိပညာ အပြင် မြတ်ဗုဒ္ဓ၏ လူမှုရေး စီးပွားရေး နိုင်ငံရေးအသိပညာတွေကိုပါ ပေးနိုင်သည့် ဌာနတစ်ခုဖြစ်ဖြင့် ထိုဌာနသို့ သွားရောက် အချိန်ဖြုန်းကြပါလေ။
ထို့ကြောင့် “ဓမ္မစကား၊ နေ့တိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏” ဟူသော ရှေးပညာရှိများအဆုံးအမများနှင့်အညီ ဓမ္မစကား နေ့တိုင်းကြားရန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ သင်ကြားပေးသော အခြေခံဗုဒ္ဓဘာသာသင်တန်း၊ နွေရာသီဓမ္မစကူးလ်များကို သွားရောက် သင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၆-၂၀၁၂
0 comments:
Post a Comment