မဖြတ်သင့်သည်ကို ဖြတ်မိခြင်း
စာမိတ်ဆက်
သာသနာတော်မှာ မဖြတ်သင့်တာကို ဖြတ်မိခြင်းကြောင့် ဘုရားရှင်က သိက္ခာပုဒ်တွေ ပညတ်ရ၊ တရားဓမ္မတွေကို ဟောရပြောရသည်၊ အခါတပါး ကမ္မဋ္ဌာန်းတရားကို ပြင်းပြင်ထန်ထန် အားထုတ်ခြင်းကြောင့် လောကီဈန်တွေ ရသွားသော ရဟန်းတော်တပါးရှိခဲ့ဖူးသည်။ ရောဂါကြောင့် ထိုရပြီးဈာန်များမှ အောက်အောက်သို့ လျှောကျခဲ့သည်၊ ၆ ကြိမ်တိုင်တိုင်အားထုတ်သောလည်း ကျမြဲကျမြဲ ဖြစ်နေသည်၊ ဈာန်ဂတိသည်လည်း မမြဲပါလားဟု တွေးသည်၊ အနီးအနားရှိ ခေါင်းရိပ်ဓားဖြင့် မိမိရဲ့ လည်ပင်းကို လှီးဖြတ်သည်၊ သို့သော်လည်း ထိုရဟန်းတော်သည် ထိုဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းမှ ဆက်လက် အားထုတ်လိုက်ရာကနေ တဏှာကိုလည်း အမြစ်ပြတ် ဖြတ်နိုင်သည်၊ တပြိုင်တည်း လည်မျိုးလည်းပြတ် တဏှာလည်းပြတ်ဟု ပြောရမလို ဖြစ်သည်။ တပြိုင်တည်း ရဟန္တာဖြစ်သွားသည်ဟု ဆိုသည်။ ထူးခြားသည့် ရဟန္တာဖြစ်ပုံစံတည်း။ သဒ္ဓါတရား ပြင်ထန်သော ရဟန်းတော်များ၏ မိမိရဲ့ အသက်ကိုတောင် ငဲ့ကွက်ခြင်း တွယ်တာခြင်း မရှိဘဲ ရဟန်းတရားအားထုတ်သည်ဟု ပြဆိုသည်။
တချို့နေရာတွေမှာတော့ ရဟန်းတော်များသည် သာသနာတော်မှာ မပျော်မွေ့ ဖြစ်လာလျှင် သို့မဟုတ် ကိလေသာ ရာဂပိုးထလာလျှင် အသုဘဘာဝနာ၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းစသော ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများရမည့်အစား နီးစပ်ရာ မိမိရဲ့ ခန္ဓာကိုယ်ကို နာကျင်အောင် နိပ်စက်သည်၊ တချို့ ကိုယ့်ပေါင်ကို တစ်ခုခုနဲ့ ရိုက်သည်၊ တချိုကတော့ ဓားနဲ့တောင် ထိုးသည်၊ ဖြစ်နေတဲ့ ကာမရာဂစိတ်ကို နာကျင်သော ဝေဒနာဖြင့် ပြောင်းလိုက်ခြင်းပင်ဖြစ်သည်။ သို့သော် အတ္တကိလမထာနုယောဂ အစွန်းရောက်သော အကျင့်မျိုးဖြစ်ရာကား ဘုရားရှင်၏ နည်းလမ်းမဟုတ်ပေ၊ ထိုကဲ့သို့ ရာဂစိတ်ဖြစ်လာလျှင် တခြား အာရုံတစ်ခုကို ယူလိုက်ခြင်းဖြင့် တဒင်္ဂပျောက်နိုင်သည်အတွက် အကုသိုလ်စိတ်တွေ ဆက်မဖြစ်တော့ပေ။ သို့မဟုတ် ကိုယ့်မှာ ဖြစ်ပေါ်တိုင်းသော စိတ်ကို ကမ္မဋ္ဌာန်းအာရုံအဖြစ် ယူကာ သတိဖြင့်စောင့်ရှောက်ရပါသည်။ ဤကဲ့သို့သောအားဖြင့် နည်းများစွာရှိသည်။
စာရေးသူ ဗုဒ္ဓဂယာဘက်ကို ဒီတစ်ခေါက် ရက်အတော်ကြာ နေခဲ့သည်၊ ရက်ပေါင်း ၂၂ ရက်လောက်ရှိမည်ထင်သည်၊ များစွာ ဗဟုသုတတွေ ရခဲ့သည်၊ အထူးသဖြင့် မြန်မာနှင့် ဗုဒ္ဓဂယာ၊ တခြားတိုင်းပြည်တွေနှင့် ဗုဒ္ဓဂယာ၊ မဂဓ တက္ကသိုလ်၊ ထိုဂယာရှိ ပတ်ဝန်းကျင်အကြောင်း များစွာ လေ့လာ အကဲခတ်မိသည်၊ ပြောမကုန်အောင်သော သတင်းတွေလဲ ကြားခဲ့ရသည်။ ရှိစေတော့- ကျောင်းသားများကျောင်းဆောင်မှာ တည်းခိုသည်၊ မိတ်သစ် ဆွေသစ်တွေလည်း ရသည်၊ မိတ်ဟောင်း ဆွေဟောင်းများကိုလည်း တွေ့ရသည်။
တနေ့တော့ မဂဓတက္ကသိုလ်ရှိ သူငယ်ချင်းတပါးနဲ့ ဟိုအကြောင်း ဒီအကြောင်း စကားစပ်မိရာက သူ၏ ရွာက ဇာတ်လမ်းလေး တစ်ပုဒ်အကြောင်း ပြောပြသည်။ ထိုဇာတ်လမ်းအကြောင်းကြား ပြီး စိတ်မကောင်းတာတွေရော ဖြစ်မိသည်။ ဘုရားလက်ထက်က ထိုအဖြစ်မျိုး ဖြစ်ရပ်မှန်တစ်ခုကို သွားသတိရမိလိုက်သေးသည်။
ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်
တောရွာများ ထုံးစံအတိုင်း ရွာတစ်ရွာမှာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းသာ အရှိများသည်၊ အိမ်ခြေများစွာရှိသော ရွာများကလွဲ၍ အများစုက တစ်ကျောင်းပဲ ရှိသည်၊ တချို့ရွာတွေမှာဆို ဘုန်းကြီးကျောင်းတောင် မရှိဘူးဖြစ်နေတယ်။ သူငယ်ချင်း၏ ရွာကလေးမှာလဲ ဘုန်းကြီးကျောင်းတစ်ကျောင်းသာ ရှိသည်အတွက် တရွာလုံးက ကြည်ညိုကြသည်၊ ဘုန်းကြီးကို ချစ်ကြောက် ရိုသေကြသည်၊ ဘုန်းကြီး အလိုရှိတာမှန်သမျှ ဖြည့်ဆည်းပေးနိုင်ကြသည်။
သို့သော် ထိုဘုန်းကြီးကျောင်းမှာကား ဒကာမတစ်ယောက် ရှိနေသည်ကို ရွာသူရွာသားများက မကြိုက်ကြ။ ထိုဒကာမသည် ဆင်းရဲနွမ်းပါးသူ ဖြစ်သည်၊ ဘုန်းကြီးကျောင်းမှာပဲ ပုဂံဆေး ခွက်ဆေး တံမျက်စည်းလှည်းခြင်းဖြင့် သူ့ဘ၀ အသက်ရှင်ရေးအတွက် နေရရှာသည်။
ကြိုခြင်းငြိ
အိုခြင်းထားတော့ အိုခြင်းထိ၊ ကြိုခြင်းထားတော့ ကြိုးခြင်းငြိ ဆိုတာလိုပဲ သူတို့လဲ ကာမသတ္တ၀ါတွေပဲ ဘာခံနိုင်မလဲ ကြာလာတော့ ဘုန်းကြီးနဲ့ ဒကာမ သံယောဇဉ်ကြိုးလေး ငြိမိနေကြသည်။ ရွာသူရွာသားတွေကလည်း သိနေပေမဲ့ ဘုန်းကြီးကို ချစ်ကြောက် ရိုသေလွန်းသောကြောင့် မလျှောက်ရဲကြ၊ ထိုဒကာမကို ဒီကျောင်းက ထွက်သွားအောင် ဘယ်လို လုပ်ရမလဲဆိုတာကိုသာ တစ်ရွားလုံး ဆွေးနွေနေကြရတော့သည်။
တနေ့ ရွာကဘုန်းကြီး ကျောင်းအတွက် ၀ယ်စရာကိစ္စနဲ့ မြို့ပေါ်တက်သွားခိုက် ရွာမှ လူတချို့ ကျောင်းရောက်လာသည်၊ ဒကာမနဲ့တွေ့သည်၊ ဒကာမကို စကားနှစ်ခွန်းပြောပြီး ပိုက်ဆံပေးသည်၊ ထိုစကားမှာ ‘‘ ခင်များ ဒီပိုက်ဆံတွေ ယူပြီး ဒီရွာက ထွက်သွားပါ၊ ဒီလိုမှ မဟုတ်ရင် ခင်များ အသက် အာမ မခံနိုင်’’ ဟူသတည်း။ ဒကာမလဲ ရွာသားတွေ စုပေးလိုက်သည့် ပိုက်ဆံသည် သူမ ဘ၀တစ်သက်စာ လုံလောက်နေသည် အတွက် ရွာမှ အသာတကြည် ထွက်သွားရှာသည်။
ဘုန်းကြီးလဲ မြို့ကပြန်ရောက်လာသည်၊ ထိုဒကာမကို မတွေ့၊ မနက် အရုဏ်ဆွမ်းကပ်ချိန်၊ နေ့လည် ဆွမ်းကပ်ချိန်၊ ညနေ အအေးကပ်ချိန်တို့၌ ထိုဒကာမကို မတွေ့ရသဖြင့် စိတ်မကောင်း ဖြစ်နေသည်၊ ကြာလာတော့လည်း သူ၏ သန္တာန် ကိန်းနေတဲ့ အချစ်စိတ် (အနုသယစိတ်)တွေ ရိုးတို့ရွတ ဖြစ်နေသည်၊ သူမရှိတော့မှ သူ့အတွက် သူမက အရေးကြီးလာမှန်း သိလာသည်၊ နေ့စဉ် သတိတရ ဖြစ်နေသည်။
ဖြတ်သင့်တာ မဖြတ်
ကြာလာတော့ ထိုရောဂါ ကြီးထွားလာသည်၊ တနေ့တော့ ကိုရင်တွေကို သူ့အခန်းထဲ မ၀င်ရဟု အမိန့်ထုတ်ထားသည်၊ နောက်တနေ့ နေလည် ဆွမ်းစားပြီး အချိန်လောက်မှာ အခန်းထဲဝင်ပြီး ပြန်မထွက်တော့ဘဲ အခန်းအောင်းနေတော့သည်၊ ကိုရင်တွေလဲ ဘုန်းကြီး အပြင်မထွက်တာ ကြာပြီး အခန်းထဲ ဘာဖြစ်မှန်းမသိဘူး၊ အခန်းအနား ကပ်ပြီး နားထောင်ကြည့်တော့ ဘုန်းကြီးက တဟီးဟီးနဲ့ နာကျင်ခံစားရတဲ့ ဝေဒနာကြောင့် ငြီးနေသည်၊ ဘုန်းကြီးဘုရား ဘုန်းကြီးဘုရားဟု အော်ခေါ်သော်လည်း ဘုန်းကြီး ပြန်မထူးဘဲ ငြီးနေတော့သည်၊ သွေးတွေက တံခါးအပြင်ဘက်သို့ စီးလာတာကို မြင်တော့မှ ‘‘ဟာ----- သွေးတွေ သွေးတွေ’’ဟု အော်ဟစ်ကြသည်၊ ရွာကလူတွေလဲ ရောက်လာကြသည်၊ တံခါးကို သံထုတ်တွေနဲ့ အတင်း ထုရိုက် ဖွင့်လိုက်တော့မှ ဘုန်းကြီး၏အဖြစ်ပျက်ကို မြင်ကြ၍သဖြင် ‘‘ဟာကနဲ၊ ဟင်ကနဲ’’ ဖြစ်သွားကြသည်၊ အံ့သြခြင်း ကြောက်ရွံ့ခြင်း ထိတ်လန့်ခြင်းများ ဖြစ်သွားကြသည်။
အကြောင်းမူကား ဘုန်းကြီးသည် သူ၏ မွေးရာပါ ယောက်ျားအင်္ဂါအစိတ်ပိုင်းကို အရင်းကနေ ဖြတ်ပြစ်လိုက်ခြင်း ဖြစ်သည်၊ သွေးများ စီးကျနေသဖြင့် သင်္ကန်းဖြင့် အုပ်ထားပြီး နာကျင်စွာ ခံစားနေရသည်၊ ဒီလိုနဲ့ ဘုန်းကြီးကို ပွေ့ပြီး မြို့ပေါ် ဆေးကုသရန် ခေါ်သွားကြသည်၊ အရေးထဲ ရဲက သွေးထွက်သံယို ဖြစ်မှုနဲ့ စစ်ဆေးနေသေးသည်၊ ကျောင်းမှာလဲ အချိန်ကြာခဲ့ပြီး ရဲစခန်းမှာ အချိန်ထက်ကုန်ပြန်ပြီ၊ ဒီလိုနဲ့ သွေးထွက်လွန်သွားသဖြင့် ဘုန်းကြီးအသက် ဆေးရုံတောင် မရောက်နိုင်တော့ပေ။
ယုံကြည်ချက်များ
လူတစ်ယောက် ဘာ့အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အသက်ဆုံးပြီဆိုရင် သဂြိုဟ်တဲ့ အခါ (နောက်ဆုံးအချိန်မှာ) နာရေးရှင်တွေက ကိုယ့်လူကို မျက်စိ နား နာ စတဲ့ အင်္ဂါ ခြေ လက် စုံစုံပါသွားစေချင်ကြသည်၊ နောက်ဘ၀မှာ ဒီလို မပြည့်မစုံ ပါသွားပါက ဒီလိုမပြည့်မစုံနဲ့ ပြန်ဖြစ်လာမည်ဟု ယူဆထားကြသည်။ ဤကား သဿတဒိဋ္ဌိ အယူထဲ ပါသွားနိုင်သည်။ တကယ်တော့ ထိုကဲ့သို့မဟုတ်၊ ကိုယ်ပြုခဲ့သော ကုသိုလ် အကုသိုလ်တို့၏ သတ္တိကသာ နောက်ဘ၀အထိ ပါသွားမည်၊ ခန္ဓာကိုယ် အနေအထားကား ပါသွားမည် မဟုတ်။
စာရေးသူ ပူနေးတက္ကသိုလ် ဒဿနိကဗေဒမှာ Bio Ethic ဘာသာရပ် သင်ခဲ့ရဖူးသည်၊ အဲဒီအထဲမှာ လူတစ်ယောက် သူ့ရဲ့ ခန္ဓာကိုယ်ကို ဆေးရုံသို့ လှူထားသည်၊ သူ တစ်စုံတစ်ခုကြောင့် အသက်ဆုံးရှုံးသွားခဲ့သော် သူ၏ခန္ဓာကိုယ် အစိတ်ပိုင်းမှ လိုအပ်တာကို အလှူခံနိုင်ရန် လှူထားသည်၊ ဒါပေမဲ့ ဘာသာရေးအရပဲ ဖြစ်ဖြစ် ယုံကြည်ချက်ကြောင့်ပဲ ဖြစ်ဖြစ် မိဘ ဆွေမျိုးများက သူတို့ရဲ့ လူ နောက်ဆုံးခရီးမှာ အင်္ဂါခြေလက် အပြည့်စုံပါသွားစေချင်ကြသောကြောင့် ဥပဒေအရ ခွင့်လွတ်ထားပေမဲ့ ဘာသာရေးအရ ခွင့်လွတ်မထားရကား ထိုလူနာ၏ အစိတ်အပိုင်းကို ယူခွင့်မရှိ။ ဥပဒေအရရော ဘာသာရေးအရပါ ညှိရသည်။ တချို့ဘာသာရေးတွေ မှာ ဒီဘ၀မှာ အင်္ဂါခြေလက် အစုံမပါသွားရင် နောင်ဘ၀လဲ ဒီလိုပဲ ဖြစ်လိမ့်မည်ဟု ယူဆထားကြသည်။
စာရေးသူတို့ ဗုဒ္ဓဘာသာမှာတော့ ဒီလို အင်္ဂါအစိတ်အပိုင်း အလှူမျိုးက ဒါနထဲမှာ အမြတ်ဆုံး ဒါနပါရမီဟု ဆိုထားသည်၊ ဘုရားအလောင်းများသာ ဖြည့်ကျင့်နိုင်သော အလှူဒါနမျိုးဖြစ်သည်၊ အင်္ဂပရိစ္စာဂ-ကိုယ်အင်္ဂါ အလှူ၊ ဇီဝိတပရိစ္စာဂ-အသက်အလှူ ဖြစ်သည့်အတွက် ဒါနပရမတ္ထပါရမီ မည်သည်။ ဗုဒ္ဓတရားတော်အောက်မှာ မွေးဖွားလာကြသော စာရေးသူတို့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ သွေးအလှူအသင်းအဖွဲ့တွေ ပေါ်ပေါက်လာတာဟာ ဒါနပရမတ္ထပါရမီ အတွက်ပဲ ဖြစ်သည်၊ အမွန်မြတ်ဆုံး အလှူဖြစ်သည်၊ ဇီဝိတဒါန အာယုဒါန ဆေးရုံတွေ၊ နာရေးကူညီမှုအသင်းတွေ ပေါ်ပေါက်လာခြင်းသည်လည်း ဘုရားအလောင်း၏ ဒါနပါရမီခန်းကို အားကျ၍ပင် ဖြစ်သည်။ လူသာဓုခေါ် နတ်သာဓုခေါ်သည့် အလုပ်များပင် ဖြစ်သည်၊ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဆေးရုံသို့ လှူဒါန်းထားသူများလည်း စာရေးသူတို့ မြန်မာနိုင်ငံမှာ အမြောက်အမြား ပေါများသည်။
သေလျင် ပြစ်ခဲ့ရမည့် ဘာမှ တန်ဖိုးမရှိမည့် ခန္ဓာကိုယ်ကို မတွယ်တာဘဲ မိမိတို့ အင်္ဂါအစိတ်ပိုင်းများသို့ လှူခဲ့သောကြောင့် အသက်ဆက်ရှင်ပြီး လောကအကျိုး သာသနာအကျိုး ဆောင်ရွက်မည့် လူနာများကို နှလုံး၊ မျက်ကြည်လွာ စသည်များကို အသက် ဆက်ပေးခဲ့ကြသည့် မွန်မြတ်သာ ပုဂ္ဂိုလ်များလည်း များစွာရှိသည်။
အင်္ဂါစုံတဲ့ ဘုန်းကြီးအတွက်
ဈာပန
ဒါပေမဲ့ တချို့မှာတော့ မွန်မြတ်သော အလုပ်ဟု ဆိုစေကာမူ နောင်ဘ၀အတွက် အင်္ဂါခြေလက် မစုံမှာကို စိုးရိမ်နေကြသည့် သဿတဒိဋ္ဌိ အယူကား ရှိနေသေးသည်။ ဘုန်းကြီးအတွက် ဈာပနလုပ်ဖို့ စီစဉ်ရတော့သည်၊ အင်္ဂါက မစုံဖြစ်နေသည်၊ ဘုန်းကြီးမှာ မွေးရာပါအင်္ဂါက ဖြတ်ထုတ်ထားတာ ဆိုတော့ အခက်တွေ့နေသည်၊ ဒီလိုနဲ့ သူနေတဲ့ အခန်းမှာ လိုက်ရှာကြသည်၊ ကံကောင်းချင်တော့ တံခါးကြားမှာ ညပ်နေသည်၊ ပုရွက်ဆိပ် ချီသွားတာလား ကြွက်ချီသွားတာလား မသိ၊ ၂ ရက် ၃ ရက်ဆိုတော့ ခြောက်သွေ့နေသည်။ ဒီအဖြစ်တွေကို တွေးပြီး ရွာသူရွာသားတွေလဲ စိတ်မကောင်း ဖြစ်ကြသည်၊ ဘုန်းကြီးကိုလည်း အလွန်သနားမိသွားကြသည်။
ဒါပေမဲ့ တချို့မှာတော့ မွန်မြတ်သော အလုပ်ဟု ဆိုစေကာမူ နောင်ဘ၀အတွက် အင်္ဂါခြေလက် မစုံမှာကို စိုးရိမ်နေကြသည့် သဿတဒိဋ္ဌိ အယူကား ရှိနေသေးသည်။ ဘုန်းကြီးအတွက် ဈာပနလုပ်ဖို့ စီစဉ်ရတော့သည်၊ အင်္ဂါက မစုံဖြစ်နေသည်၊ ဘုန်းကြီးမှာ မွေးရာပါအင်္ဂါက ဖြတ်ထုတ်ထားတာ ဆိုတော့ အခက်တွေ့နေသည်၊ ဒီလိုနဲ့ သူနေတဲ့ အခန်းမှာ လိုက်ရှာကြသည်၊ ကံကောင်းချင်တော့ တံခါးကြားမှာ ညပ်နေသည်၊ ပုရွက်ဆိပ် ချီသွားတာလား ကြွက်ချီသွားတာလား မသိ၊ ၂ ရက် ၃ ရက်ဆိုတော့ ခြောက်သွေ့နေသည်။ ဒီအဖြစ်တွေကို တွေးပြီး ရွာသူရွာသားတွေလဲ စိတ်မကောင်း ဖြစ်ကြသည်၊ ဘုန်းကြီးကိုလည်း အလွန်သနားမိသွားကြသည်။
စာရေးသူကတော့ အော်-- ဖြတ်သင့်တာကို မဖြတ်ဘဲ မဖြတ်သင့်တာကို ဖြတ်လိုက်တာပါလားလို့ သံဝေဂပွားမိသည်။ ဒီဇာတ်လမ်းလေးကို ကြားရတော့ ထိုဘုန်းကြီးအတွက် စိတ်မကောင်း ဖြစ်မိသလို ဘုရားလက်ထက်က ဒီလို အဖြစ်မျိုးကို အမှတ်ရမိသည်။
ဖြတ်သင့်တာက
စာရေးသူ သာမဏေကျော်တန်း ၀င်တုန်းက ၀ိနည်း ၅ကျမ်းတွင် စူဠ၀ါပါဠိတော်ဆိုတာ ရှိသည်၊ ထိုစူဠ၀ါပါဠိတော်ထဲတွင်- ရဟန်းတော်တစ်ပါးသည် ထိုကဲ့သို့သော သံယောဇဉ် အချစ်တွေကြောင့် သာသနာတော်၌ မမွေ့လျော်ဖြစ်နေသည်၊ ထိုသို့သော မမွေ့လျော်ခြင်းက တနေ့တနေ့ နှိပ်စက်ဖန်များတော့ ခံနိုင်ရည်မရှိဖြစ်လာသည်၊ ထို့ကြောင့် သူ၏ မွေးရာပါ ယောက်ျားအင်္ဂါအစိတ်ပိုင်းတစ်ခု ကို ဖြတ်ပြစ်လိုက်သည်။ ဘုရားထံရောက်တော့ ဘုရားက မဖြတ်သင့်တာကို ဖြတ်၊ ဖြတ်သင့်တာကို မဖြတ်လို့ ရှုံ့ချ အပြစ်တင်တယ်။ ဖြတ်ရမှာက တဏှာရာဂဖြစ်သည်၊ ထိုတဏှာသည်သာ ဖြတ်သင့် ဖြတ်ထိုက်သည်ဟု ဆိုသည်။ ထို့နောက် ရဟန်းတော်များ ကိုယ့်အင်္ဂါဇာတ်ကို မဖြတ်ရ၊ ဖြတ်လျင် ထုလ္လဇဉ်းအာပါတ် သင့်စေ ဟု ဥပဒေတစ်ရပ် ပညတ်လိုက်သည်။
ဖြတ်သင့်တာကို ဖြတ်မှ ချမ်းသာမည်၊ မဖြတ်သင့်တာကို ဖြတ်က ချမ်းသာအစစ် မရနိုင်၊ ဆင်းရဲခြင်း၊ ၀မ်းနဲခြင်းများကိုသာ တိုးပွားစေသည်၊ တကယ်ဖြတ် တကယ်ချမ်းသာရမှာက ရာဂ၊ ဒေါသ စတဲ့ ကိလေသာများကို ဖြတ်နိုင်ခြင်းကသာ ချမ်းသာအစစ်ဖြစ်သည်။ အခါတစ်ပါး နတ်သားတစ်ယောက် ဘုရားထံရောက်လာသည်၊ “အရှင်ဘုရား--လောကမှာ ဘာကိုဖြတ်မှ ချမ်းသာမလဲ ဘုရား၊ ဘာကိုဖြတ်ရင် စိုးရိမ်ပူပန်မှု သောက မရှိနိုင်သနည်းဘုရား”ဟု မေးလျှောက်တော့ “ကောဓံ ဆေတွာ သုခံသေတိ- အမျက်ဒေါသကို ဖြတ်နိုင်ခြင်းသည် ချမ်းသာ အစစ်ဖြစ်သည်၊ ကောဓံ ဆေတွာ န သောစတိ- အမျက်ဒေါသကိုဖြတ်နိုင်ခြင်းသည် စိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း သောကကို ဖြတ်ရာ ရောက်သဖြင့် ချမ်းသာ၏” ဟု မိန့်သည်။ တစ်ခါ ဓမ္မပဒမှာတော့ “ဆေတွာ ရာဂဉ္စ ဒေါသဉ္စ၊ တတော နိဗ္ဗာနမေဟိတိ- ရာဂ ဒေါသတို့ကို ဖြတ်နိုင်ပြီးမှသာ ချမ်းသာအစစ် နိဗ္ဗာန်ကို ရောက်နိုင်မည်” ဟူသတည်း။
စာရေးသူတို့လို သာမန်ပုထုဇဉ်တွေ အတွက် ရာဂ ဒေါသဆိုတာ ရှိနေမှာ ဖြစ်သည်။ အချစ်တို့ သံယောဇဉ်တို့ဆိုတာတွေ ရှိနေမှာ အမှန်ပင်ဖြစ်သည်၊ အကြောင်းတရား တိုက်ဆိုင်လာလို့ ထိုသံယောဇဉ်တွေ အချစ်တွေနဲ့ ရင်ဆိုင်လာသည့်အခါ ဘာလုပ်မလဲ? မြတ်ဗုဒ္ဓရဲ့ နည်းလမ်းကတော့ ဣန္ဒြိယသံဝရပင် ဖြစ်သည်။
ဒီဇင်ဘာ၊၂၀၁၁မှာတုန်းက ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးက ဗုဒ္ဓဂယာ ကျောင်းသားတွေကိုကို မိန့်ဖူးတဲ့ စကားတစ်ခွန်းရှိသည်၊ ‘‘ကောင်မလေးက အရှင်ဘုရားကို မရရင် သေရပါတော့မယ်ဆိုရင် ထွက်သာ ယူလိုက်တဲ့၊ ဒါပေမဲ့ ကောင်မလေးနဲ့ မတွေ့မချင်းတော့ စာအံ စာကျက်ကြ’’တဲ့။ ဆိုလိုတာ အမြဲတမ်း စာအံ စာကျက်နေဖို့ရန် ဗုဒ္ဓဂယာမှာ စာသင်သားများအား ပေးသည့် သြ၀ါဒ ဖြစ်သည်။ စာအံ စာကျက်နေခြင်းကလည်း ဣန္ဒြိယသံဝရပင် ဖြစ်သည်။
ထို့ကြောင့် တကယ်ချမ်းသာလိုလျှင် တကယ်ဖြတ်သင့်တာကို ဖြတ်နိုင်ကြပြီး တကယ့် ချမ်းသာအစစ်ကို ရနိုင်ကြပါစေကုန်သတည်းးးးးးးးး။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၁၂-၂၀၁၁
0 comments:
Post a Comment