အိမ်ဖော်မလေး၏ ဘ၀နဲ့ ကံကြမ္မာ
စာမိတ်ဆက်
တနေ့က ကျောင်းအမတစ်ယောက်က စာရေးသူ၏ “ချစ်ခြင်းကို မခွဲပါနဲ့” ဆိုတဲ့ ပို့စ်ကို ဖတ်ပြီး သူ့အတွေ့ကြုံနဲ့ပတ်သက်ပြီး မေးထားတာလေးဖြစ်သည်။ တပည့်တော်မကလေ လူမှန်းသိတတ်စထဲက ဘယ်သူ့အပေါ်ကိုမဆို ရိုင်းပြစွာ၊ မောက်မာစွာ မဆက်ဆံဘူးခဲ့ဘူး၊ အနိုင်လဲ မကျင့်ခဲ့ဖူးးဘူး၊ တပည့်တော်မကသာ သူများ အနိုင်ကျင့်တာကို အမြဲခံခဲ့ရတာလေ။ တပည့်တော်မတို့အိမ်မှာ အိမ်ဖေါ်ဘယ်တာ့မှ မထားဘူး၊ ဒါပေမဲ့ ဆွေမျိုးတွေထဲမှာ နဲနဲပါးပါးနွမ်းနေတဲ့ ဆွေမျိုးအချို့ကို မိဘတွေက ခေါ်ယူစောင့်ရှောက်ခဲ့။ အစ်ကိုအရွယ် အစ်မအရယ်၊ အရွယ်တူတွေ တစ်ယောက်ပြီး တစ်ယောက် အတူတူ နေကြတယ်။ သူတို့တတွေကို တပည့်တော်မက ဘယ်တုန်းကမှ မောက်မာ ရိုင်းစိုင်း ငြူစူတဲ့ အကျင့်မရှိခဲ့ဘူး။ ကိုယ်ကပဲ ကြည်ကြည်ဖြူဖြူ တပည့်တော်မ ပင်ကိုယ်စိတ်ဓာတ်ကိုက လူတစ်ဘက်သားကို သနားတတ်တယ်၊ အလျော့ပေးတတ်တယ်၊ အောက်ကျို့ခံပြီး ပေါင်းသင်းတတ်တယ်။
အဲလိုမျိုးနေခဲ့တာတောင်မှ တပည့်တော်မကို ငြူစူသူ၊ မောက်မာသူ အငြိုးအတေးထားသူတွေ ပေါ်ပေါ်လာတယ်။ ပေါ်လာတိုင်းလဲ သူတို့ကို မေတ္တာပို့ပေးတယ်၊ အာဃာတ ဆိုတာ မထားဘဲ နေတယ်။ အဲလိုမျိုး အပြုအမူခံရတာတွေက အခုလက်ရှိဘ၀ရဲ့ ကံတရား၊ ကံ၏ အကျိုးပေးကြောင့်လား၊ ဒါမှမဟုတ် ဟိုးအတိတ်ဘ၀ ဟောင်းတစ်ခုခု ကလား။
အခု လက်ရှိဘ၀မှာ တပည့်တော်မအနေနဲ့ ကောင်းအောင်နေပေမဲ့ ကိုယ့်အပေါ်မကြိုက်တဲ့သူတွေရှိနေတယ်။ အခုလို အပြုအမူတွေ ခံနေရတာတွေကို ပြေပျောက်အောင် တပည့်တော်မအနေနဲ့ ဘယ်လိုလုပ်ရမလဲ၊ ဆုံးမစကားလေးပေးပါ။ ဆုံးမ စကားတွေကိုလဲ လိုက်နာကျင့်သုံးပါ့မယ်။ ကျောင်းအမရဲ့ စာကို ဖတ်ပြီး ဘုရားလက်ထက်က ရဇ္ဇုမာလာ အစေခံမလေးအကြောင်းကို သတိရသွားသည်။ ထို့အတွက် ကံအကြောင်း တစ်စိတ်တစ်ဒေသကို ရဇ္ဇုမာလာဘ၀အကြောင်းနဲ့ ထင်ဟပ်စေလိုက်ပါသည်။
ရူးသွပ်စေသော ကံအကြောင်း
လောကမှာ မကြံစည်ကောင်း မကြံအပ်သော အရာ ၄ မျိုးရှိသည်၊ ဘုရားရှင်၏အရာ၊ ဈာန်အရာ၊ ကံ၊ ကံ၏အကျိုးနှင့် လောကကြီးအကြောင်းတို့သည် အလွန်ဆန်းပြား နက်နဲ ကျယ်ပြန့်သည်ဖြစ်ရကား ထိုအကြောင်းအရာများကို စဉ်းစားတွေးခေါ်နေလျှင် ပင်ပန်းမည်၊ ရူးသွပ်သွားမည်ဟု ဘုရားရှင် မိန့်ခဲ့သေးသည်။ ထို့ကြောင့် တချို့ကံ၏ အကျိုးတွေ ကိုယ့်ဥာဏ် ကိုယ့်အတွေး လိုက်မမီအောင် ဆန်းကျယ်သည်ကို တွေ့ရသည်။ သို့သော်လည်း ကိုယ်မီသလောက်လေးကိုပဲ တွေးဖြစ်ကြသည်၊ ရေးဖြစ်ကြသည်။
ကံအကြောင်းနဲ့ပတ်သက်တာကို စာရေးသူ၏ဆိုက်မှာ “ဘ၀ရဲ့အနိမ့်အမြင့်” ပို့စ်ကဲ့သို့ ပို့စ်တော်တော်များများမှာ ရေးခဲ့ဖူးသည်။ ထိုပို့စ်ကို ဖတ်လိုက်ခြင်းအားဖြင့် ဒီကနေ့ ဖြစ်ပေါ်နေသော လူတွေရဲ့ ဘ၀ အနိမ့်အမြင့်၊ ဆက်ဆံရေး၊ သဘောထားတွေရဲ့ တစ်စိတ်တစ်ဒေသကို ဖြေရှင်းပေးနိုင်ပါလိမ့်မည်။ အထက်ပါ အကြောင်းအရာနဲ့ပတ်သက်ပြီး ထိုပို့စ်က အထောက်ကူပြုပါလိမ့်မည်။
ကိုယ်က သူ့ကို ကောင်းကောင်း ဆက်ဆံခဲ့တယ်၊ ကောင်းကောင်း ဆက်ဆံနေတယ်။ ဒါပေမဲ့ ကိုယ် ပြန်ရလိုက်တာက သူ့ရဲ့ အမုန်းတရား၊ သူ့ရဲ့ မောက်မာတဲ့ တုန့်ပြန်မှု၊ သူ့ရဲ့ ကြမ်းထမ်းတဲ့ အပြုအမူပဲ။ အဲဒါ ဘာကြောင့်ဘာလဲ၊ ဒီလိုမေးခွန်းအလားတူပဲ၊ ကိုယ်က ကောင်းကောင်းနေတယ်၊ သီလတွေလဲ မကျိုးအောင် ဆောက်တည် ကျင့်သုံးတယ်၊ ကိုယ်တတ်နိုင်သလောက်လဲ လိုအပ်နေသူတွေကို ဝေငှတယ်၊ ပေးကမ်းတယ်၊ လှူဒါန်းတယ်။ ဒီလောက် ကောင်းတာတွေချည်းလုပ်နေရဲ့သားနဲ့ အဆိုးတွေချည်း ရင်ဆိုင်နေရတယ်။ ဒီလိုပြဿနာတွေက လူ့လောကမှာ ဒူးနဲ့ဒေး တွေ့ကြုံနေရတယ်။ တချို့ကြပြန်တော့ သားသတ်၊ ငါးသတ်၊ ၀က်သတ်နဲ့ ကြီးပွားချမ်းသာနေလိုက်ကြတာ။ ဒီလိုအဖြစ်အမျိုးတွေ ကြုံတွေ့နေရတော့ လူတွေမှာ ကောင်းတာလုပ်ဖို့ ဇဝေဇ၀ါ ဖြစ်သွားကြတယ်၊ ကံတရားအပေါ် သံသယ၀င်လာကြတယ်။ တကယ်တော့ သူတို့တတွေ ကံတရားနှင့် ကံ၏အကျိုးတရားကို ကောင်းကောင်း နားမလည်သေးလို့ပါပဲ။
“မဓုဝါ မညတိ ဗာလော၊ ယာဝ ပါပံ နပစ္စတိ” သတ္တ၀ါတွေဟာ အကုသိုလ်ကံ အကျိုးမပေးသေးခင်တော့ သူလုပ်နေတဲ့ အလုပ်တွေကို ပျားရည်လို ချိုမြိန်ကောင်း ချိုမြိန်နေပါလိမ့်မည်။ “ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ” အကျိုးပေးချိန်ကျပြီဆိုတော့မှ ဒုက္ခလှလှတွေ ခံစားကြရမှာ ဖြစ်ပါတယ်။ အဲဒီတော့မှ ဓားသွားပေါ်က ပျားရည်ဆိုတာ သဘောလာကြတာ ဖြစ်ပါတယ်။ အကုသိုလ်ကံက ချက်ချင်းအကျိုးပေးတဲ့ ကံရှိသလို နောက်နောက် ဘ၀တွေမှ အကျိုးပေးတာလဲ ရှိပါတယ်။ ဘုရားရှင်အား ပြစ်မှားစော်ကားခဲ့တဲ့ အရှင်ဒေ၀တ်၊ အဖေကို ညှင်းပန်းနှိပ်စက်ပြီး သတ်ခဲ့တဲ့ အဇာတသတ်၊ ၀က်သတ်ရုံထောင်ပြီး နစ်ပေါင်းများစွာ အသက်မွေးဝမ်းကြောင်း ပြုခဲ့သော စုန္ဒတို့ ဒီဘ၀မှာပဲ အကျိုးပေးခြင်းကို ခံစားကြရသည်။ တခါတရံ အကုသိုလ်ကံအဟုန်က နည်းနေသေးရင် အကျိုးပေးရန် အချိန်တစ်ခုတော့ စောင့်သည်။ ထိုအချိန်မှာ ထိုအကုသိုလ်ကံတွေက ပျားရည်လို ချိုမြိန်နေသည်ဟု ထင်တတ်သည်။
ကုသိုလ်ကောင်းမှုတွေဆိုလဲ ထို့နည်းတူပါပဲ။ အကျိုးပေးချိန်တန်မှ အကျိုးပေးမှာပါ၊ သူဋ္ဌေးအလုပ်သမား မောင်ပုဏ္ဏ မယ်ဥတ္တရာတို့ဆို နိရောဓသမာပတ်ဝင်စားရာမှ ကြွတော်မူလာသော အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို အစေခံ အလုပ်သမားတွေ စားလေ့စားထရှိတဲ့ မုန့်ပိုင်းလေးများ လှူဒါန်းလိုက်ခြင်းကုသိုလ်ကံ ချက်ချင်းလက်ငင်း အကျိုးပေးသည်။ သူဆင်းရဲက သူဋ္ဌေးရာထူးဘွဲ့ရသွားသည်။ ကုသိုလ်ကံတို့၊ အကုသိုလ်ကံတို့၊ ၀ဋ်တို့ဆိုတာ တချိန်မဟုတ် တချိန်တော့ အကျိုးပေးပါလိမ့်မည်။ အကုသိုလ်ကံ အကျိုးပေးပုံလေးကို ရဇ္ဇုမာလာအမျိုးသမီးလေးဘ၀က ထင်ရှားစေပါလိမ့်မည်။
အစေခံမလေး ရဇ္ဇုမာလာ ဘဝ
ဘုရားလက်ထက်က အစေခံမလေးတစ်ယောက် သူဋ္ဌေးအိမ် ရောက်လာတယ်၊ သူဋ္ဌေးမက သူ့ကို မြင်မြင်ခြင်းပဲ ရန်ငြိုးဖွဲ့တယ်၊ သူမအပေါ်မှာ ဘယ်လို မုန်းမှန်းမသိ မုန်းနေခဲ့တယ်။ အစေခံမလေးက နေ့တိုင်း သူဋ္ဌေးမအပေါ် ရိုသေတယ်၊ လုပ်သင့်လုပ်ထိုက်တဲ့ အိမ်၏အမှုကိစ္စတွေကို တာဝန်ကျေအောင် လုပ်ပေးနေပေမဲ့ သူဋ္ဌေးမဆီက သူရလိုက်တာက အမုန်းတရားချည်းပဲ ဖြစ်သည်။ နေ့စဉ် ထုထောင်းခံရသည်။ နေ့စဉ် အဆူ အပူခံရရုံမဟုတ်ဘဲ ဆံပင် စွဲစောင့်ခြင်း၊ ဆံပင်ဆွဲပြီး အမျိုးမျိုး ညှင်းပန်း နိပ်စက်ခြင်းကို ခံရသည်။ အစေးခံမလေးလဲ မိန်းမသားပီးပီ သူမ၏ အလွန်လှပ ကျောရှင်းတဲ့ ဆံပင်ကို မြတ်နိုးတွယ်တာပေမဲ့ ဒီဆံပင်ကြောင့်ပဲ အမျိုးမျိုး နိပ်စက်ခံရသည့်အတွက်ကြောင့် ဆံပင်ဆိုင်သွားပြီး ခေါင်းတုန်းပစ်လိုက်တော့သည်။
ဒါပေမဲ့ သူမခင်မျာ မလွတ်ရှာ၊ ဆံပင်ဆွဲစရာ မရှိပေမဲ့ နောက်တစ်မျိုးနဲ့ နိက်စက်ပြန်သည်။ ခေါင်းကို ကြိုးနဲ့ပတ်ပြီး တိရစ္ဆာန်များကို ရိုက်သလို အရိုက်ခံရပါတော့သည်၊ ခေါင်းကို အောက်ကို ငုံ့စေကာ အမျိုးမျိုး ညှင်းပန်းခြင်းကို ခံရပြန်သည်။ ထိုအချိန်က စပြီး သူမကို ရဇ္ဇုမာလာဟု ခေါ်ကြသည်။ ခေါင်းမှာ ကြိုးရှိသူ၊ သို့မဟုတ် လည်ပင်းမှာ ကြိုးကွင်းရှိသူကို ရဇ္ဇုမာလာဟု ခေါ်သည်။ (ရဇ္ဇု-ကြိုး၊ မာလာ-ပန်းကုန်း။)
ကိုယ့်ကိုယ်ကို သေကြောင်းကြံ
ရဇ္ဇုမာလာသည် ကိုယ့်ကိုယ်ကို သေဖို့ရန် ကြိုးစားတော့သည်။ လူတွေဟာ ပြသနာတစ်ခုကို မဖြေရှင်းနိုင်ရင်သော်၎င်း၊ စိတ်ဖိစီးမှုတွေ၊ ဖိအားတွေ အလွန်အကဲများလာရင်သော်၎င်း၊ အကောင်းဆုံးနည်းကို မရွေးဘဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ ကြိုးစားတော့သည်။ ကိုယ်သေသွားလျှင် ပြသနာ အေးသွားပြီဟု ထင်တတ်ကြသည်။ တကယ်တော့ ကိုယ့်ကိုယ်ကိုသေကြောင်း ကြံသူတွေက ပြသနာကို ရင်မဆိုင်နိုင်လို့ ကိုယ်လွတ် ရုန်းထွက်ပြေးသော သူရဲဘောကြောင်သူများ ဖြစ်ကြသည်။ နောက်တစ်ခုက အတ္တကြီးသူများ ဖြစ်ကြသည်။ ကိုယ့်အတွက်ပဲ ကြည့်သည်၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အသိုင်းအ၀ိုင်းကို မကြည့်တတ်သော အတ္တသမားများသာ ဖြစ်သည်။ ဒီလို စိတ်ဖိဆီးမှုတွေကို ကိုယ့်အပေါ် မကျရောက်စေချင်၊ မခံစားချင်သောကြောင့် ရှောင်လွဲသွားတတ်သော အတ္တသမားများသာ ဖြစ်သည်။ ဒီလိုအဖြစ်အမျိုးတွေ ဘုရားလက်ထက်ကထဲက ရှိခဲ့သည်၊ ယနေ့ခေတ်အထိ ဘုရားပွင့်ခဲ့ရာ အိန္ဒိယဒေသမှာ ပိုမိုတွေ့မြင်ရသည်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံသည့် အမှုများသည် တစ်ခြားနိုင်ငံများထက် အိန္ဒိယမှာ ပိုအဖြစ်များသည်။ လူတွေဟာ ကိုယ်ရလာတဲ့ ရခဲတဲ့ လူ့ဘ၀ကို တန်ဖိုးထားရကောင်းမှန်းမသိ ဖြစ်နေတတ်သည်၊ ထိုအခါ လွယ်လွယ်နဲ့ တန်ဖိုးရှိတဲ့ ဘ၀ကို အလွယ်တကူစွန့်လွတ်နိုင်ခဲ့ကြသည်။ အသိတရားနဲပါးသည်ဟု ကောက်ချက်ချ ရတော့မည်ဖြစ်သည်။
ရဇ္ဇုမာလာလည်း ထိုနည်းတူစွာ သူဋ္ဌေးမ၏ ညှင်းပန်းနိက်စက်မှုကို မခံစားနိုင်ဖြစ်ရသည်။ “နေ့စဉ်နေ့စဉ် သူဋ္ဌေးမရဲ့ ကြမ်းတမ်းတဲ့ ဆဲသံဆိုသံပဲ ကြားရသည်၊ နေ့စဉ် သူဋ္ဌေးမရဲ့ အမျိုးမျိုးနိက်စက်တာကိုပဲ ခံနေရသည်၊ ဒီလို လူ့ဘ၀မှာ အသက်ရှင်နေခြင်းက ဘာမှအကျိုးမရှိ၊ သေတာမှ ကောင်းလိမ့်ဦးမည်” ဟု အသက်ဆက်ရှင်နေခြင်းကို ငြီးငွေ့လာသည်၊ ရေအိုးထဲ ကြိုးခွေကို ထည့်ပြီး ရေဆိပ်သို့ ရေခပ်ဟန် ထွက်ခဲ့သည်။ တောအုပ်ကြီးတစ်ခုထဲ ရောက်လာပြီး သစ်ပင်ကြီးတစ်ပင်ပေါ်တက်သည်၊ ကြိုးစတစ်စကို ကွင်းလုပ်ပြီး လည်ပင်းကို စွပ်လိုက်သည်၊ ကြိုးတစ်စကိုတော့ သစ်ပင်ကြီးက ကိုင်းတစ်ကိုင်းကို ချည်ထားလိုက်ပြီး ခုန်ချတော့မည့်ဟန်ပြင်လိုက်မှ ကံကောင်းချင်တော့ ထိုသစ်ပင်ကြီးအနီးအနားမှာ ဘုရားရှင်က စောင့်နေသည်။ ဘုရားရှင်ကို မြင်လိုက်တော့မှ “ဘုရားရှင်က ငါ့လိုလူကို အလေးထားပါ့မလား၊ ဘုရားရှင်၏ တရားနာခွင့်ရရင်တော့ ဒီလို စက်ဆုပ်ဖွယ် အသက်ရှင်နေရခြင်းက လွတ်ကောင်းပါရဲ့”ဟု အတွေးဝင်နေတဲ့ အချိန် ဘုရားရှင်က ချစ်သမီး ရဇ္ဇုမာလ လို့ခေါ်လိုက်သည်။ ငါ့လိုအစေခံမ၏ အမည်ကို ဘုရားရှင်က ခေါ်သည်၊ သောကတွေ ဒုက္ခတွေ၊ စိတ်ဖိစီးမှုတွေနဲ့ နောက်ဆုံး ထိုဒဏ်တွေကို မခံနိုင်လို့ ဘ၀ကို အရှုံးပေးတော့မည့်အချိန်မှာ ဘုရားရှင်၏ ရဇ္ဇုမာလဆိုတဲ့ ခေါ်သံက သူမအတွက် အမြိုက်ရေအေးနဲ့ သွန်းဖြန်းပေးလိုက်သလို ခံစားရသည်။ အလွန့်လွန်ကို အေးချမ်းသွားသည်။
ဘယ်သူမပြု မိမိမှု
သူ့ဆီချဉ်းကပ်လာသော ရဇ္ဇုမာလာအား ဘုရားရှင်က ယခုလို သူဋ္ဌေးမ၏ ဆဲဆို ကြိမ်းမောင်း၊ ညှင်းပန်းနိက်စက်ခြင်းကို ခံရတယ်ဆိုတာ သင်လုပ်ခဲ့တဲ့ ကံ ပြန်ခံရတာပဲ။ ဘယ်သူကမှ လုပ်တာမဟုတ် သင်ကိုယ်တိုင်ပဲ လုပ်ခဲ့တာ ဆိုပြီး အတိက်ဘ၀ ရဇ္ဇုမာလာသည် သူဋ္ဌေးမဖြစ်ခဲ့ဘူးသည်။ သူ့ကို ညှင်းဆဲတဲ့ သူဋ္ဌေးမက အိမ်အဖော်ဖြစ်ခဲ့သည်။ အတိတ်ဘ၀က အိမ်ဖော်မကို ဒီလိုပဲ ဆဲဆို ကြိမ်းမောင်း၊ ညှင်းပန်းနိပ်စက်ခဲ့ဖူးသည်။ ထို အကုသိုလ်ကံက အခု အကျိုးပေးတာပဲ ဆိုပြီး “ကိုယ့်ကာယကံ ကိုယ့်ထံပြန် ပဲ့တင်သံမလွဲ တစ်ထပ်တည်း” ကံ၊ ကံ၏ အကျိုးကို ဟောပေးလိုက်သည်။ ရဇ္ဇုမာလာ သောတာပန် အရိယာမကြီး ဖြစ်သွားသည်။
အိမ်ပြန်လမ်း
ရဇ္ဇုမာလာသည် သူဋ္ဌေးမ အိမ်သို့ပြန်သည်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ တောထဲကို ရောက်လာသော ရဇ္ဇုမာလာ၏ မျက်နှာနှင့် အိမ်အပြန်လမ်း မျက်နှာတို့ မတူကွဲပြားလျှက်ရှိသည်။ လာတုန်းက စိုးရိမ်စိတ်၊ ပူပန်စိတ်နဲ့ ပင်ပန်းကြီးစွာ လာရသည်။ အိမ်အပြန်လမ်းမှာတော့ သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ ကရုဏာ၊ မေတ္တာတရားတွေနဲ့ “ သူဋ္ဌေးမသည် ငါ့ကို သတ်လျှင်လဲ သတ်ပါစေ၊ ညှင်းဆဲရင်လဲ ညှင်းဆဲပါစေ၊ သူပြုသမျှခံပါမည်”ဟု နှလုံးသွားထားသည်။ သို့သော်လည်း သူထင်သလို မဖြစ်ဘဲ သူဋ္ဌေးမက ဆီးကြိုနေသည်။ “သမီး ဘယ်သွားနေလဲ၊ ကြာလိုက်တာ” ဟု ပြုံးရွှင်သော မျက်နှာဖြင် ဆိုသတဲ့။ ဘုရားရှင်နဲ့တွေ့ခဲ့ပုံတွေ အကြောင်း ပြောပြတော့ အံသြခြင်၊ ၀မ်းသားခြင်းနဲ့အတူ ဘုရားရှင်နှင့် သံဃာတော်တွေကို အိမ်ပင့်ပြီး ဆွမ်းကပ်၊ ဘုရားရှင်က တရားဟောတော့ သူဋ္ဌေးနှင့် သူဋ္ဌေးကတော်တို့ ရတနာသုံးပါးကို ဆည်းကပ်သော ဗုဒ္ဓဘာသာဝင်များ ဖြစ်သွားသည်။ အစေခံမလေး ရဇ္ဇုမာလာသည်လည်း သူဋ္ဌေးကြီး၏ မွေးစားသမီး ဖြစ်သွားတော့သည်။
ကိုယ်က အကောင်းဆုံး ဖြစ်အောင် နေခဲ့ပေမဲ့၊ ကိုယ့်အပေါ်မှာတော့ ကံမကောင်း အကြောင်းမလှတာတွေချည်း ကျရောက်လာသည်။ ကိုယ်ပြုတဲ့ ကုသိုလ်အဟုန်က နဲနေသေးခြင်း၊ ရှေးရှေးဘ၀က ပြုခဲ့တဲ့ မကောင်းကံအဟုန်တွေ အားကောင်းနေဆဲ ဖြစ်သည်။ ရှေးယခင် အကုသိုလ်ကံတွေကို အရှိန်ရော့သွားအောင် နဲသွားအောင် ပါးသွားအောင် ကောင်းကံတွေ များများနဲ့ အစားထိုးဖို့လိုသည်။ အဖေသတ် အမေသတ် ဘုရားကို ပြစ်မားခြင်း စတဲ့ ကြီးလေးတဲ့ ဂရုကံကလွဲရင် သေးမွှားတဲ့ အကုသိုလ်ကံတွေကို ကုသိုလ်ကံဖြင့် အရှိန်ရော့သွားအောင် နဲသွားအောင် ပြုလုပ်နိုင်သည်၊ နောက်ဆုံး အကျိုးမပေးအောင် (အဟောသိကံ) လုပ်နိုင်သည်။ အဖေကို သတ်ခဲ့သော အဇာတသတ်သည် ဘုရားရှင်နဲ့တွေ့ပြီး ကုသိုလ်ကံကြီးကြီးမားမား ပြုလုပ်ခဲ့သဖြင့် ငရဲကျမည့် လျှော့ရက်များ ရသွားသည်။ အကုသိုလ်ကံများကို လုံးဝ ပယ်သတ်နိုင်သည်ကား မဂ်ကုသိုလ်များသာဖြစ်သည်။ နောက်ဆုံး အကုသိုလ်ကံကိုသာ မက ကုသိုလ်ကံများကိုလည်း ပယ်သတ်နိုင်သည်ကား အရဟတ္တမဂ် ဖြစ်သည်။ ရဟန္တာအရှင်မြတ်များသည် ဘ၀ သံသရာကို ရှည်စေသည့် ထိုကံနှစ်မျိုးလုံးကို လုံးဝပယ်နိုင်သွားကြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၁၀-၂၀၁၂
1 comments:
တပည့်တော် ပိုစ့်အသစ်လေး လာဖတ်ရင်း အလည်ရောက်ခဲ့ပါတယ်ဘုရား။ အရှင်ဘုရား သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး သာသနာအကျိုးကို ဆထက်တိုးပြီးဆောင်ရွတ်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်ဘုရား။
Post a Comment