သီတဂူစတား

သီတဂူစတား

13 May 2013

သွေးပိုင်ရှင်နှင့် ထူးခြားကိုယ်ပိုင်ဟန်များ

သွေးပိုင်ရှင်နှင့် ထူးခြားစရိုက်များ
" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်
သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်းရပါတယ်.. ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ.. ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့...

ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့် လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့...

အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့် တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို စမ်းသပ်လုပ်ကိုင် တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ...

သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ...
နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...

အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက် တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါးကို ပျော်ရွှင်မှု ပေးချင်ကြသူများ ဖြစ်ပါတယ်...

တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ လျှောက်လည် ရတာ ကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက် ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်..

ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်... စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့ စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..

ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ ဖြစ်ပါတယ်... ကျွန်တော်နဲ့ ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး အပန်းဖြေနိုင်ရန် အတွက် ဖော်ပြပေးလိုက် ပါတယ်...

“B” သွေးပိုင်ရှင်များ ..
ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင် သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို ဆောင်ရွက်ချင်ကြပါတယ်... အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်...
စည်းမျဉ်းစည်းကမ်းတွေကို သိပ်ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်... တခါ ဒေါသထွက်ပြီ ဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့...
ဒေါသပြေတဲ့အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့... အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်း ဖြစ်ပါတယ်... တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ညှိးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။

“AB"သွေးပိုင်ရှင်များ..
အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...
မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့... ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်...

ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့...
အစပိုင်းမှာတော့ အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန် ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့...

လူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်... လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ အတားအဆီး တစ်ခုကို ထားပြီး ဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာ အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ ဖြစ်ပါတယ်...
ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့ အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်...

အလုပ်တစ်ခုကို လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်... ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့် ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့...

အေဘီသွေးပိုင်ရှင်များက ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း မထွက်တတ်ပါဘူးတဲ့... ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ မြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်...

" O " သွေးပိုင်ရှင်များ

ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက ထူးခြားပါတယ်...

အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့...

အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့...

ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်... အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး...
အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်... တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...

အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...

MoviesEntertainments မှ တစ်စုတစ်ဝေးတည်း ဗဟုသုတအဖြစ် ဖတ်နိုင်ရန် တဆင့်ကူးယူ ဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၅-၂၀၁၃

10 May 2013

ဖေ့ဘုတ် သင်းဂြိုင်း

ဖေ့ဘုတ် သင်းဂြိုင်း

စာမိတ်ဆက်
အရင်ကတော့ မြန်မာ့သတင်းစာ ဖတ်ရင် အရင်ဆုံး နာရေးသတင်းတွေကိုပဲ အရင်ဆုံးသွားဖတ်မိတယ်။ နောက်မှ တခြား ပါနေကျ သတင်းတွေကို ဖတ်မိတယ်။ နာရေးသတင်းတွေကို ဖတ်ရင်း သံဝေဂယူပြီး ကုသိုလ်စိတ်တွေ ဖြစ်မိသေးတယ်။ အခုတော့ အလွန်မြန်ဆန်တဲ့ ဖေ့ဘုတ်ပေါ်က သတင်းအစုံတွေ ဖတ်ခွင့်ရသည်။ ဖေ့ဘုတ်သတင်းသည် စက္ကန့်ပိုင်းတွင်းမှာပဲ သတင်းမျိုးစုံ တက်နေသည်၊ ထိုသတင်းတွေမှာ ကားတိုက်၊ ဆိုင်ကယ်တိုက်အစရှိတဲ့ ယာဉ်အက်ဆီးဒင့်တစ်ခုခုကြောင့် သေတဲ့သူတွေ တိုက်ပေါ်က ခုန်ချလို့သေတဲ့သူတွေ၊ မီးလောင်လို့သေတဲ့သူတွေ၊ ရေနှစ်လို့ သေတဲ့သူတွေ၊ တိုက်ပွဲတွေကြောင့် သေတဲ့သူတွေ၊ ရောဂါကြောင့်သေတဲ့ သူတွေ၊ သက်တမ်းကုန်လို့ သေတဲ့သူတွေ စသည်အားဖြင့် အကြောင်းအမျိုးမျိုးကြောင့် သေနေကြတဲ့ နာရေးတွေအကြောင်းတွေကလဲ တဖွဲဖွဲနဲ့ အွန်လိုင်းပေါ်တက်လာသည်။ အခုလဲ သေပြန်ပြီ တစ်ယောက်၊ လူအသိများထဲသူတစ်ယောက်ပဲ အသက်က ၅၉ တဲ့။ လူ့ဘ၀ရဲ့ တစ်ဝက်မျှသာ နေခဲ့ရသည်။ တစ်ယောက်ကတော့ တိုက်ပေါ်က ခုန်ချသတဲ့ အသက်က ၂၃ နှစ်တဲ့။ ထိုသတင်းတွေ ဖတ်ပြီး သံဝေဂပို့စ်လေးတစ်ခု ရေးချင်စိတ် ပေါက်လာသည်။

မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
အရင်ကတော့ “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်”ဆိုတာလို နာရေးအသုဘ သွားလိုက်တဲ့ အချိန်လေးမှာပဲ သံဝေဂစိတ်တွေဖြစ်သည်၊ ကျန်ချိန် နုပျိုစိတ်တွေ မာန်မာနစိတ် ဖြစ်မြဲဖြစ်ပြီး ဘ၀ရဲ့ သဘောသဘာဝကို မေ့နေတတ်သည်။ ဘုန်းကြီးကျောင်းရောက်တဲ့ အချိန်မှာက သာသနာရဲ့ အေးချမ်းတဲ့ဘ၀ကို မြင်ပြီး ဘ၀ရဲ့ အနှစ်သာရကို ခံစားမိသည်၊ ဘုန်ကြီးကျောင်းကို ရောက်သူက အအေးဓာတ်ရသလို အသုဘ သုသာန်ကို ရောက်တော့လဲ ဘ၀ရဲ့ ဒုက္ခတွေကို ဒီနေရာမှာပဲ ပိုပြီး ထင်ထင်ပေါ်ပေါ် မြင်ရသည်၊ တစ်ယောက်ပြီးတစ်ယောက်၊ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ၀င်လာတဲ့ ယာဉ်တန်းတွေ နောက်ဆုံး မီးသင်္ဂြိုစက်ထဲမှာ ဘ၀တစ်ခု အဆုံးသတ်ကြရသည်၊ တပြိုင်တည်းမှာပဲ မွေးဖွားရတဲ့ ဒုက္ခကို ရင်ဆိုင်ရပြန်သည်။ ချစ်ခင်နှစ်သက်သူတွေနဲ့ ခွဲခွါရခြင်းရဲ့ ဒုက္ခအသွင်ပြင်ကလဲ ထိုနာရေးတွေမှာ ပိုပြီး မြင်သာထင်သာ ရှိလှသည်။ ရင်ဘက်စည်တီးပြီး ဥပါယာသမီး အလောင်မြိုက်ခံရသူများကို မြင်ရသူအဖို့ သောကဆိုတဲ့ ဒုက္ခသည်လည်း ပီပြင်လှသည်။ “ရသည့် ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်၊ တကယ့်အရေး တကယ်ဘေး ဘယ်သွေး ဘယ်သား မကယ်မည်။” ဟူသော တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ သံဝေဂလင်္ကာသည်ကား ပို၍ပို၍အသက်ဝလာတော့သည်။

ထိုနေရာ ထိုအချိန်မှာပဲ ငါလဲ သေရမှာပါလား၊ ငါလဲ ဒီလမ်းကို လာရမှာပါလားဆိုတဲ့ သတိ တဒင်္ဂတော့ ရကြသည်။ ကိုယ့်ကိုယ်ကို ပြုပြင်စိတ်တွေ၊ ကောင်းအောင် နေချင်စိတ်တွေ ထိုအချိန်မှာ ပိုဖြစ်မိကြသည်။ ကျောင်းကို ဆယ်ခေါက် ရောက်လို့ ရတဲ့ ကုသိုလ်စိတ်က နာရေးက တစ်ကြိမ် တစ်ခါ ရလိုက် သတိသံဝေနှင့် ကုသိုလ်စိတ်တို့ ညီမျှသည်ဟု ဆိုဟန်ရှိသည်။

ကျော်သူ့ တစ်ခေါက် ကျောင်းဆယ်ခေါက်
ယနေ့ အင်တာနက်ခေတ်ဆိုတော့ မသာတစ်ခေါက် ဆိုတာထက် “ကျော်သူ့ဆီ တစ်ခေါက် ကျောင်းဆယ်ခေါက်” လို့ ပြောရမလို ဖြစ်နေသည်။ ဦးကျော်သူ ဖေ့ဘုတ်ကို မကြာမကြာ ရောက်မိသည်။ သေလိုက်တဲ့ လူတွေ၊ ပုံစံအမျိုးမျိုးနဲ့ကို သေနေလိုက်ကြတာ၊ “အင်တာနက် သင်္ဂြိုင်း” ဟုပင် ခေါ်ရမလို ဖြစ်နေသည်။ မွေးခါစ ငယ်တဲ့လူတွေလဲ သေကြသည်၊ ကျောင်းသား ကျောင်းသူဘ၀တွေလဲ သေနေကြသည်၊ အိမ်ထောင်ရှင်တွေလဲ သေနေကြသည်၊ အဖိုအဖွားတွေလဲ တဖြုတ်ဖြုတ်နဲ့ သေနေကြသည်။ မီးစာကုန် ဆီခမ်း အသက်တမ်းကုန်လို့ သေကြသည်၊ ကံကုန်လို့ သေကြသည်၊ နေဒဏ် လေဒဏ်ကြောင့် အချိန်မတန်ဘဲ တဖြုတ်ဖြုတ် ကြွေလွင့်သည့် ပန်းမျာလို မတော်တဆပေါ့ဆမှုကြောင့်ပဲ ဖြစ်ဖြစ်၊ တမင်တကာ ကြောင့်ပဲ ဖြစ်ဖြစ်၊ အချိန်မတိုင်ဘဲ တဖြုတ်ဖြုတ် သေကြသည်။ ဒီကနေ့ခေတ် သံဝေဂရချင်လို့ပဲဖြစ်ဖြစ်၊ မရဏဿတိဘာဝနာ ရချင်လို့ပဲဖြစ်ဖြစ်၊ ဒါ့ပြင် သေခြင်းတရားကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတဲ့ အသိလေး ရချင်လို့ပဲ ဖြစ်ဖြစ် သုသာန် သွားစရာမလိုဘဲ ကျော်သူဖေ့ဘုတ်ကဲ့သို့ အင်တာနက်မှ နာရေးသတင်းများကို သွားလည်ရင် ရနိုင်ပါသည်။

Unexpected Conditions

လောကမှာ မမြင်နိုင်တဲ့ အန္တရာယ်တွေ၊ မျော်လင့်မထားတဲ့ အန္တရာယ်တွေ Unexpected conditios) ဆိုတာ ရှိတတ်သည်။ ဝေဟင်မှာ သူ့ဘာသာ ပျံနေတဲ့ ကျီးကန်းတစ်ကောင် အမျိုးသမီးတစ်ယောက် ထမင်းဟင်းချက်ရာ မီးဖိုကနေ ကောင်းကင်တက်လာတဲ့ မီးကွင်း လည်ပင်းစွတ်မိပြီး သေရတဲ့ အဖြစ်တစ်ခု။ လူတစ်ယောက် “လူယုတ်မာပဲ”ဆိုပြီး မြစ်လည်ခေါင်မှာ ရေနှစ်အသတ်ခံရတဲ့ ဖြစ်ရပ်တစ်ခု။ ဘုရားဖူးကြွလာကြတဲ့ ရဟန်း ၇ ပါး၊ လမ်းခရီး ဘုန်းကြီးကျောင်းတစ်ကျောင်း ၀င်ခိုသည်၊ နေစရာ လှိုဏ်ဂူတစ်ခုထဲသို့ အတူဝင် နားခိုစဉ် တောင်ပေါ်က လိမ့်ဆင်းလာတဲ့ ကျောက်တုံးကြီးတစ်ခု လှိုဏ်ဂူအပေါက်ကို ပိတ်မိရက်သား ဖြစ်သွားသည်။ ထိုကဲ့ မမျှော်လင့်ဘဲ ရုတ်ရက် ရင်ဆိုင်လိုက်တဲ့ အန္တရာယ်တွေ ယနေ့ခေတ် ပိုလို့ပင် ရင်ဆိုင် တွေ့ကြုံနေကြရသည်။ “လှံထမ်းလာတာကို မြင်နိုင်သည်၊ ကံထမ်းလာတာကို မမြင်နိုင်” ဆိုတာလိုပဲ သူတို့ရဲ့ မမြင်နိုင်တဲ့ အတိတ်က ကံတွေကို ဘုရားရှင်က လွဲ၍ မည်သူမျှ မမြင်နိုင်၊ သူတို့ရဲ့ မျှော်လင့်မထားတဲ့ အန္တရာယ်တွေ (Unexpected coditions)ကို ဘုရားရှင်ပဲ မြင်နိုင်သည်။ ထို့ကြောင့် လောကမှာ ကျွန်ုပ်တို့တတွေအတွက် မမြင်နိုင်တဲ့ ကံတရားတွေ၊ မမြင်နိုင်တဲ့ အန္တရာယ်တွေ၊ မျှော်လင့်မထားတဲ့ အခြေအနေတွေ ရှိနေသည်ကို သတိပြုကြရမှာ ဖြစ်သည်။ သတ္တ၀ါတွေ ကြိုတင်မသိနိုင်တဲ့ အရာ ၅ မျိုးရှိသည်။

ကြို မသိနိုင်တဲ့ အရာ ၅ မျိုး
၁။ ဇီဝိတ- အဘယ်အသက်ရွယ်မှာ သေရမလဲဆိုတာ မသိနိုင်။
၂။ ဗျာဓိ- ဘယ်လိုပုံစံမျိုးနှင့်သေမယ် ဘယ်လိုရောဂါမျိုးနှင့် သေရမလဲဆိုတာ မသိနိုင်။ (ကံကုန်လို့လဲ သေနိုင် (ကမ္မက္ခယ)၊ ရုတ်တရက်မတော်တဆ (ဥပစ္ဆေဒက)ကြောင့်လဲ သေနိုင်၊ သက်တမ်းကုန်၍လည်း သေနိုင်(အာယုက္ခယ)။
၃။ ကာလ- ဘယ်အချိန်မှာ သေမလဲဆိုတာ မသိနိုင် (မနက်၊ နေ့လည်၊ ညနေ စသည်)။
၎။ ဒေဟနိက္ခေပန- ဘယ်နေရာမှာ သေမယ် ဘယ်နေရာမှာ ခန္ဓာချမယ်ဆိုတာ မသိနိုင်၊
၅။ ဂတိ- ဘယ်ဘ၀ ဘယ်ဘုံ ပြန်ဖြစ်ရမယ်ဆိုတာလည်း မသိနိုင် ဟူ၍ ၅မျိုးသော အရာတို့ကို အကျွန်ုပ်တို့
တတွေ မသိနိုင်ဟု စာပေမှာ မှတ်သားခဲ့ရဖူးသည်။ (ဇိဝိတံ ဗျာဓိ ကာလော စ၊ ဒေဟနိက္ခေပနံ ဂတိ။)

Confidence ယုံကြည်ချက်
ဘာပဲဖြစ်ဖြစ် သတ္တ၀ါတွေဟာ “ဇာတဿ အမရဏံ နာမ နတ္ထိ”အရ ခန္ဓာရလာလို့ သေရမည်ဆိုပေမဲ့ ဥပစ္ဆေဒကကံလို မမျှော်လင့်ဘဲ ဖြစ်လာမည့် အန္တရာယ် (Unexpected conditios) တွေကို ကာကွယ်နိုင်ရန် မိမိမှာ (Confidence) ယုံကြည်ချက် ရှိဖို့လိုသည်။ ယုံကြည်ချက် ရှိနေသူတစ်ယောက် ဘယ်သွားသွား၊ ဘယ်ရောက်ရောက်နေ၊ သူ့အတွက် “ထိတ်လန့်စရာ မရှိ၊ ကြောက်စရာ မရှိ၊ စိုးရွံ့စရာမရှိ” ယုံကြည်စိတ်ချစွာ သွားလာနိုင်သည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ဖို့လိုသည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုဟူသည် ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းပဲ ဖြစ်သည်။ ကိုယ်ကိုယ်တိုင် ယုံကြည်နိုင်အောင် စွမ်းရည်၊ အရည်အချင်း၊ တန်ဖိုးများကို ရရှိနေသူသည် ကိုယ့်ကိုယ်ကို အားကိုးနိုင်သည်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည်။ ထိုစွမ်းရည်၊ အရည်အချင်း၊ တန်ဖိုးများဟူသည် စရဏပင် ဖြစ်သည်။ ကိုယ့်သန္တာန်မှာ စရဏ-အကျင့်တစ်ခုခု လက်ကိုင်ထားလျှင်ပင် ကိုယ့်ကိုယ်ကို ယုံကြည်သည်။ ကိုယ့်နှလုံးသားမှာ ဘုရားရှိနေရင်၊ တရားရှိနေရင်၊ သံဃာရှိနေရင် ထိုကဲ့သို့သော အန္တရာယ်တွေအတွက် ပူပန်မှုကင်းသည်။ အရဟံ၊ သမ္မာသမ္ဗုဒ္ဓ၊ သုဂတစတဲ့ ဘုရားဂုဏ်တော်တစ်ခုခုကို ပွားများခြင်းဖြင့် ကိုယ့်နှလုံးသားမှာ ဘုရားတည်ထားရင် အန္တရာယ်သည် ကြောက်စရာဟူ၍ မထင်၊ “မရဏံ မေ ဘ၀ိဿတိ- ငါသည် တစ်နေ့ မုချ သေရမည်”ဟုသော မရဏဿတိကဲ့သို့သော ဘာဝနာတစ်ခုခုကို ပွားများခြင်းဖြင့် ကိုယ့်နှလုံးသားမှ ဓမ္မတည်နေလျှင် သေဘေးကို ရဲရဲကြီး ရင်ဆိုင်ရဲသည်။ သုပ္ပဋိပ္ပန္နလာ အစဖြာသည့် ကိုးဖြာသော သံဃာ့ဂုဏ်တော် ပွားများခြင်းဖြင့် ကိုယ့်နှလုံးသားမှာ သံဃာတည်းဟုသော အားကိုးရာ ရှိနေလျှင် ဘ၀မှာ နေရဲ သေရဲသည်။

မမြဲသုံးချက် မြဲသုံးချက်
ဘာပဲပြောပြော နောက်ဆုံးတော့လဲ “ကမ္မက္ခယ-ဒီဘ၀ဒီမျှအတွက် ကံကုန်ခြင်း၊ အာယုက္ခယ-ရုပ်သက်တမ်း၊ နာမ်သက်တမ်းကုန်ခြင်း”ဟူသော သဘာဝတရားကို မည်သူမျှ မလွန်ဆန်နိုင်ကြ။ ဘာတွေနဲ့ပဲ တားဆီးတားဆီး၊ မည်သည့်အရာတွေနဲ့ပဲ ကာကွယ် စောင့်ရှောက်စေကာမူ အိုမြဲ နာမြဲ သေမြဲဆိုတဲ့ ထာဝရ၊ “မြဲခြင်း သုံချက်” ကိုတော့ မကျော်လွန်နိုင်ကြ။ အားလုံးသော အရာ၊ အားလုံးသော သတ္တ၀ါတွေသည် ထိုမြဲခြင်းအောက်မှာ လက်မြောက် အရှုံးပေးကြရသည်။ “ဇရံ အနတီတော၊ ဗျာဓိံ အနတီတော၊ မရဏံ အနတီတော” ဟူသော အဘိဏှပစ္စဝေက္ခိတဗ္ဗသုတ်တော်အရ လောကမှာ ထိုသုံးမျိုးကလွဲ မြဲတာ ဘာမှမရှိ။ တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ နေစဉ်က ယခု နာယကချုပ်ဆရာတော် ဆုံးမလေ့ရှိသည့် “မမြဲသုံးချက် မြဲသုံးချက်” ဆိုတဲ့ ဆောင်ပုဒ် တစ်ခုကို အမှတ်ရမိသည်။

၁။ ပျိုခြင်းမမြဲ အိုခြင်းမြဲ ငါလည်း အိုရမှာပါ တကား။
၂။ မာခြင်းမမြဲ နာခြင်းမြဲ ငါလည်း နာရမှာပါ တကား။
၃။ နေခြင်းမမြဲ သေခြင်းမြဲ ငါလည်း သေရမှာပါ တကား။

နုပျိုခြင်း၊ ကျန်းမာခြင်း၊ အသက်ရှင်ခြင်းတို့သည် မြဲသည်ဟူ၍ မရှိ။ အိုခြင်း နာခြင်း သေခြင်းတို့သည်သာ မြဲသည်ဟူ၍ ရှိ၏။ ရလာတဲ့ အဖိုးမဖြတ်နိုင်တဲ့ လူ့ဘ၀၊ ကောင်း၏ မကောင်း၏၊ အပြစ်မရှိ အပြစ်ရှိ၏ ဟုသော ကုသိုလ် အကုသိုလ်ကို သိနိုင်တဲ့ သာသနာနဲ့လည်း ကြုံခိုက်၊ မမြဲတာကို မမြဲမှန်းသိ၊ မြဲတာကို မြဲမှန်းသိနိုင်တဲ့ ခေတ်နဲ့ကြုံခိုက် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူသော သူတော်သူမြတ်ကျင့်စဉ်ကို လက်လှမ်းမှီသမျှ ကျင့်နိုင်ကြပါစေကုန်သတည်းးးးးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၀၂-၂၀၁၃

04 May 2013

ဘ၀ဆိုတာ အိပ်မက်တစ်ခု

ဘ၀ဆိုတာ အိပ်မက်တစ်ခု
“သီတဂူစတား၏ စာတိုပေတို”

အိပ်မက်ထဲက အမှန်တရား
အိပ်မက်ထဲမှာတော့ ရေလဲ ကူးဖူးသည်၊ ကောင်းကင်သို့လဲ ပျံဖူးသည်၊ မြေကြီးထဲလဲ ၀င်ဖူးသည်၊ တောင်ပေါ်ကနေလဲ ခုန်ချဖူးသည်၊ ကြောက်စရာ ထိတ်လန့်စရာတွေနဲ့လဲ တွေ့ဖူးသည်၊ ပျော်စရာ ကြည်နူးစရာလေးတွေနဲ့လည်း ကြုံဖူးသည်၊ ငိုလည်း ငိုဖူးသည်၊ ရယ်လည်း ရယ်ဖူးသည်။ အိပ်မက်ထဲ မတွေ့ဖူးတာ မရှိ၊ အကုန်တွေ့ဖူးသည်၊ မဖြစ်နိုင်တာဆိုတာ မရှိ၊ အကုန်ဖြစ်နိုင်သည်၊ အိပ်မက်ထဲမှာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားသောကြောင့် အိပ်မက်ထဲက မြင်သမျှ ကြုံသမျှ တွေ့သမျှ ဖြစ်ခဲ့သမျှ အရာအားလုံးသည် အမှန်ချည်းပဲ ဖြစ်သည်။

လူသား သို့မဟုတ် ပုထုဇဉ်လူသားတို့သည် ကိုယ့်ကိုယ်ကို ရှိနေသည်ဟူ၍ ယူဆထားသည်၊ ထင်ထားသည်။ အနောက်တိုင်း အတွေးခေါ်ပညာရှင် ဒေကားစ် (Descartes) ၏ အတွေးနဲ့ တူသည်၊ “I am thinking so I am” or “I am thinking therefore I exist.” ငါ စဉ်းစားသည်၊ ထို့ကြောင့် ငါ ရှိသည်။ ပုထုဇဉ်မှန်သမျှ “ငါ” မရှိဟုသော စကား ဘယ်သောအခါမှ မပြောကြ။ “ငါ” ရှိ၏ ဟုသော အဆို အယူအဆ၊ ယုံကြည်မှုတို့သည် အမှန်ဆိုရင် ငါဟူသော မိမိကိုယ်တိုင် တွေ့ကြုံရသော အရာမှန်သမျှတို့သည်လည်း အမှန်ဟူပင် ဖြစ်မည်။

ထိုအဆိုအရ လောကမှာ ငါ ရှိသည်၊ သူရှိသည်၊ ပုဂ္ဂိုလ်ရှိသည်၊ သတ္တ၀ါရှိသည်၊ ယောက်ျားဆိုတာ ရှိသည်၊ မိန်းမဆိုတာ ရှိသည်၊ အမေဆိုတာ ရှိသည်၊ အဖေဆိုတာ ရှိသည်၊ သားရှိသည်၊ သမီးရှိသည်၊ သူဋ္ဌေးရှိသည်၊ သူဆင်းရဲရှိသည်၊ ရွှေရှိသည်၊ ငွေရှိသည်၊ ကားရှိသည်၊ စသည်ဖြင့် လောကမှာ အရှိတရားတွေ များစွာရှိသည်၊ ထိုအရှိတရားများသည် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံ ခံစား၍ အမှန်ချည်းသာ ဖြစ်သည်၊ အမှားဟူ၍ မရှိ။

အိပ်မက်အပြင်က အမှန်တရား
သို့သော် အိပ်မက်ကနေ နှိုးထလာသောအခါ အိပ်မက်ထဲက တွေ့သမျှ၊ မြင်သမျှ၊ ခံစားဖူးမှန်သမျှတို့သည် အမှားချည်းဖြစ်သွားသည်၊ တကယ် အစစ်၊ တကယ့်အမှန်တရား မဟုတ်တော့ချေ၊ ထိုသို့ တကယ်အမှန်အစစစ် မဟုတ်သည်ကိုလည်း မိမိကိုယ်တိုင် နှိုးလာခြင်းအတွေ့အကြုံက ကိုယ်တိုင် ရလိုက်ခြင်းကြောင့် အစစ်မဟုတ်၊ အမှန်မဟုတ်သည်ကို တွေ့ကြုံ ခံစား သိလိုက်ရခြင်းကလည်း အမှန်တရားပင် ဖြစ်တော့သည်။ ထိုအမှန်တရား အားလုံးကို မည်သူ့ မည်ဝါထံမှ တဆင့်စကား တဆင့်သိရခြင်း တွေ့ကြုံရခြင်းမဟုတ်ဘဲ ကိုယ်တိုင်တွေ့ကြုံရခြင်းဖြစ်သည်။ ငါ၊ မိမိ၊ ကိုယ် ဟူသော အမှန်တရားရှိနေလျှင် အိပ်မက်ထဲက အတွေ့အကြုံရော၊ အိပ်မက်အပြင်က အတွေ့ကြုံ မှန်သမျှတို့သည် အမှန်တရားများ ဖြစ်ကြသည်။

ပရမတ္ထ အမှန်တရား

အိပ်မက်ထဲက အသိ အမှန်တရားများသည် နှိုးကြားလာသော အခါ အမှန်တရားတွေက တကယ်မဟုတ်ဖြစ်သွားသည်။ အိပ်မက် အသိကို နှိုးကြားခြင်း အသိက ချေဖျက်ပြစ်လိုက်သည်။ အလားတူပဲ အိပ်မက်ပမာ ပုထုဇဉ်ဘ၀မှာ မှန်ကန်နေသည့် အမှန်တရားတွေသည် နှိုးကြားလာသော အခါ (သို့မဟုတ်) ပုထုဇဉ်ဘ၀တည်းဟူသော အိပ်မက်မှ နှိုးထလာတဲ့ အရိယာအသိ ဖြစ်လာသော အခါ ပုထုဇဉ်ဘ၀က အသိတွေသည် အမှန်မဟုတ်တော့ချေ၊ အမှားချည်း ဖြစ်သွားတော့သည်၊ ထိုအခါ ငါစဉ်းစားနေ၏ ထို့ကြောင့် ငါ ရှိ၏ဟူသော အမှန်တရား၊ အလားတူ သူရှိ၏၊ ပုဂ္ဂိုလ်ရှိ၏၊ သူဋ္ဌေး၊ ဆင်းရဲရှိ၏ ဟူသော အမှန်တရားတို့သည်လည်း အမှားချည်း ဖြစ်သွားတော့သည်၊ အိပ်မက်မှ နှိုးထလာခြင်းကြောင့် ဖြစ်သည်။
အရိယာအသိ၊ အရိယာ နယ်ပယ်သို့ ရောက်သွားသော အခါ ပုထုဇဉ်ဘ၀က ကိုယ်ကိုယ်တိုင် တွေ့ကြုံခဲ့သော အမှန်တရားတို့သည် အိပ်မက်ပမာ ပျောက်ကုန်သည်။ ယောက်ျားဆိုတာ မရှိ၊ မိန်းမဆိုတာ မရှိ၊ ပုဂ္ဂိလ်၊ သတ္တ၀ါဆိုတာ မရှိ။ ထိုသို့ ပုဂ္ဂိုလ် သတ္တ၀ါ မရှိတော့လျှင် သူဋ္ဌေး၊ ဆင်းရဲသားဆိုတာလဲ မရှိတော့။ ထိုကဲ့သို့ ဘာမှ မရှိတာကိုပဲ အမှန်တရားလားဆိုတော့၊ အဲဒါလဲ မဟုတ်ပြန်၊ တကယ့်အမှန်တရား၊ အရှိတရားကား ရုပ် သဘောတရားနှင့် နာမ်သဘောတရားမျှသာ ရှိသည်။

ပုထုဇဉ်ဘ၀တုန်းကတော့ ငါသိသည်၊ ငါ့မှာ ရှိသည်၊ ငါမှ ငါပဲ ဟု မိမိကိုယ်ကိုပင် မာနတွေ၊ ဣဿာစိတ်တွေ မစ္ဆရိယစိတ်စတဲ့ အဖျက်တရားတွေ အမှောင်တရားတွေ နဲ့ ရူးနေကြသေးသည်၊ ပုထုဇ္ဇနော ဥမ္မတ္တကော-အရိယာနယ်ပယ်ထဲ မရောက်သေးမှီမှာတော့ အားလုံးဟာ ထိုကဲ့သို့ အမှားကို အမှန်ထင် အမှန်ကို အမှားထင်နေကြတဲ့ အရူးဘ၀နဲ့ သံသရာလည်ကြရဦးမည်။ အရူးဘ၀မှ လွတ်မြောက်လိုသူ၊ အိပ်မက်ကနေ နှိုးထလိုသူတို့သည် အမှန်တရား (ပရမတ္ထ) ကို ရှာဖွေကြရမှာ ဖြစ်သည်၊ ထိုသို့ ရှာဖွေရာ၌ နည်းလမ်းသည် အပ္ပမာဒ (သတိ) ပင်ဖြစ်သည်။

သတိသည် ထိုမျှ အရေးကြီးသည်၊ ကုသိုလ်ကို ကုသိုလ်မှန်း သတိရှိသည်၊ အကုသိုလ်စိတ်ပေါ်လာပါက အကုသိုလ်စိတ်ပေါ်မှန်း သတိရှိနေသည်၊ ထိုသတိကြောင့် ကုသိုလ်ကောင်းမှု (ဒါန) အမှုကိုလဲ ပြုနိုင်သည်၊ အကုသိုလ်အမှုမှ ရှောင်ကြည်ခြင်း (သီလ)ကိုလဲ ပြုလုပ်နိုင်သည်။ ထိုမှတဆင့် သမာဓိ၊ ပညာထိရောက်ကာ ရုပ်တရား၊ နာမ်တရားတွေရဲ့ သဘောတရားတွေကို စူးစိုက်မိလာသည်၊ အတွင်းကျကျ သိလာသည်၊ ဘ၀ကို ကြောက်လာသည်၊ ငြီးငွေ့လာသည်၊ ဘ၀ကို လိုချင်တဲ့ လောဘ၊ တဏှာ (သမုဒယသစ္စာ) သေမှ နိဗ္ဗာန် (နိရောဓသစ္စာ) ရပြီး အရူးသံသရာမှ လွတ်မြောက်ကြမည် ဖြစ်သည်။

မှတ်ချက်။ ။ပျင်းပျင်းနဲ့ ဆရာကြီး ဦးရွှေအောင်၏ အတွေးများကို ဖတ်ရင်း စာရေးချင်စိတ်ပေါက်၊ “သီတဂူစတား၏ စာတိုပေတို”အဖြစ် ဖန်တီးလိုက်ရသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၃-၂၀၁၃

30 April 2013

နေ (၇)စင်းထွက်သော်

နေ (၇)စင်းထွက်သော်
(သီတဂူစတား စာတို ပေတို)

ပူလွန်းတယ်--
ညက တော်တော်နဲ့လည်း အိပ်မပျော်၊ မနက်ရောက်တော့လဲ စောစော အိပ်ယာက နိုးနေသည်၊ အိပ်ရေးမ၀ ဖြစ်နေသည်။ ခန္ဓာကိုယ်နဲ့ ထိတွေ့သည့် အရာမှန်သမျှတို့ ပူနေသည်၊ ခန္ဓာကိုယ်မှာ ဘာမှ မကပ်ဘဲ တာဇံလို နေချင်စိတ်တွေတောင် ဖြစ်လာမိသည်။

မွမ်ဘိုင်း (ဘုံဘေ) သည် အပူချိန် ၃၈ ရှိနေပြီ၊ ပူစပ်စပ်ရှိလှသည်၊ မေလအကုန်ထိ ပူမည်၊ မေလကုန်ပိုင်းဆိုရင်တော့ မိုး စရွာမည်။ ဒီအချိန် အိန္ဒိယပြည် ခရီးသွားလို့ မကောင်း၊ ပင်လယ်ကမ်းခြေရှိ မွမ်ဘိုင်းလို မြို့မှာတောင် ဒီလောက်ပူနေပြီဆိုရင် နယူးဒေလီ၊ ဗုဒ္ဓဂယာ၊ ဗာရာဏသီ စတဲ့ ဒေသတွေမှာ ၄၀-၄၂ အထိရှိနေသဖြင့် ကျောပြင်တွေ လောင်မတတ် ပူပြင်းသည်ဟု သိရသည်။ ဒီကနေ့ နေရာအနံ့အပြား “ပူလိုက်တာ ပူလိုက်တာ ပူလိုက်တာ”ဟူ၍ ငြီးထွားနေကြရသည်။ ဒါတောင် နေတစ်စင်းပဲ ရှိသေးတာနော်--
နေ ၂စင်းထွက်သော်----
နေ ၃စင်း ထွက်သော်---
နေ ၄စင်း ထွက်သော်----
နေ ၅စင်း ထွက်သော်----
နေ ၆စင်း ထွက်သော်---
နေ (၇)စင်း ထွက်လာလို့ကတော့----
ချောင်းတွေ မြစ်တွေ ခန်းချောက်သွားရုံမက ပင်လည်ရေတွေပါခန်းသွားမည်၊ တောတောင်တွေက မီးခိုးတွေ ထွက်လာမည်၊ ထုထည်ကြီးမားသည် တောင်လုံးတွေပါ မကျန် မီးလောင်မည်၊ မြင့်မိုရ်တောင်ကြီး မီးပြာကျမည်၊ ထိုကမ္ဘာမီးကြီးစွဲသော် မီးပြာကိုတောင် တွေ့ရမည်မဟုတ် အကြွင်းအကျန်မရှိ လောင်ကျွမ်းပါလိမ့်မည်။ လူ့လောက၊ နတ်လောက၊ ဗြဟ္မပြည် ပထမဈာန်ဘုံအထိ မီးဟုန်းဟုန်းတောက်မည်။

ထိုကဲ့သို့သော နေ ၇စင်းထွက်သည့် အချိန် သတ္တ၀ါတိုင်း ကြုံခဲ့ကြဖူးပြီ၊ နောင်လဲ ကြုံကြရဦးမည်၊ “ဒီလို အဖြစ်မျိုး တကယ်ရှိခဲ့သည်၊ ရှိလိမ့်မည်”ဟု သောတာပန် အရိယာမှ တစ်ပါး မည်သူ ယုံနိုင်လိမ့်မည်နည်း၊ ဘ၀တဏှာ၊ အ၀ိဇ္ဇာများကား အလွန်ကြောက်စရာ။

ထုထည်ကြီးမားသည် တောတွေ တောင်လုံးကြီးတွေ၊ မြင့်မိုရ်တောင်တွေတောင် နောက်ဆုံး မီးဟုန်းဟုန်းတောက်ပြီး ပျက်စီးကြရမည်၊ သွေးသားနဲ့ တည်ဆောက်ထားသည့် ခန္ဓာကား ဘယ်ဆိုဖွယ်ရှိအံ့။ အရာအားလုံး ဘာမှ မခိုင်မြဲ၊ အနိစ္စပါတကားးးး။

အပူကောင် အပူမတွေ
ကဆုန် နယုန် ဆွေ့ဆွေ့ခုန်သည့် ပူဟုန်တောက်ထဲ နေပူထဲမှာ အားလုံးသော သတ္တ၀ါတွေဟာ အတွင်းက ကိလေသာအပူ၊ အပြင်က အာရုံငါးပါးတည်းဟုသော အပူ နှစ်ရပ်တို့ ဖိညှပ်သဖြင့် အပူကောင် အပူမတွေ ဖြစ်နေကြရပါသည်။ ကမ္ဘာတ၀ှမ်းလုံး အပြင်က ပူ၊ အတွင်းကလဲ ပူနေကြသဖြင့် အပူသည်တွေ ဖြစ်နေကြရသည်။

ကိလောသာ အပူသည်တွေ ဖြစ်နေသရွေ့ နေတစ်စင်းအပူမှ နေ ၇နှစ်စင်းအပူတို့ ခံကြရလိမ့်ဦးမည်၊ ဒီထက်ပူရှိန်အားပြင်းသည်ကား ငရဲမီးပူပင် ဖြစ်သည်။ ထို့ကြောင့် မေတ္တာမိုးတွေ ရွာချကြ၊ ကရုဏာရေတွေ ဖြန်းကြ၊ မုဒိတာ အအေးတွေ တိုက်ကြခြင်းဖြင့် ကမ္ဘာကြီး အေးချမ်းပါလိမ့်မည်။

စာတိုပေတိုလေးကို ဓာတ်ပုံလေးတစ်ပုံထည့်ပြီး ပို့စ်အဖြစ် တင်ဖို့ ခေါင်းစဉ်နဲ့ အစင်ပြေမည့် very hot images ဆိုပြီး ဂူဂဲလ်မှာ ရှာလိုက်တာ မြို့ထဲ ရပ်ကွက်ထဲက မိန်းမတာဇံတွေ တွေ့လိုက်ရသဖြင့် ရယ်မိသေးတယ်၊ ဒီပုံတွေနဲ့ တင်လိုက်လို့ကတော့ very hot ဖြစ်သွားမှာပဲ တွေးပြီး ပြုံးမိသည်။ ကိုယ်လိုချင်တာက ရာသီဥတု hot တာကို လိုချင်တာ ဘယ့်နှယ် သူ ဟော့ကြီးက အ၀တ်မပါတဲ့ တာဇံမ ဟော့ကြီးဖြစ်နေတာ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၄-၂၀၁၃

27 April 2013

ငါချစ်ရဆုံးသူ

ငါချစ်ရဆုံးသူ
(သီတဂူစတား စာတို ပေတို)
 လူတွေက ပြောကြတယ် “ငါအချစ်ဆုံးက မင်းပါ”တဲ့၊ တကယ်တော့ ငါချစ်တာ မင်းပါလို့ ဆိုကထဲက “ငါအချစ်ဆုံးက ငါပါပဲ”လို့ပြောတာနဲ့ အတူတူပါပဲ။ ကိုယ့်စိတ်၊ ကိုယ့်ဆန္ဒအတွက် သူ့ကို ချစ်တာပါ၊ သူသည် ကိုယ့်ဆန္ဒပြည့်ဝစေဖို့ပဲ ဖြစ်သည်။ လောကမှာ ကိုယ့်ကိုယ်ကိုထက် ချစ်ရဆုံးသူဆိုတာ မရှိပါဘူး၊ မိမိသည်သာ မိမိရဲ့ အချစ်ဆုံးပါပဲ။

အမိသော်မှ အခက်အခဲ အကြပ်အတည်းနဲ့ကြုံလာလျှင် မိမိ၏ သားကိုပင် စွန့်ပစ်နိုင်ကြသည်၊ သားကို မချစ်၍မဟုတ် သို့သော် မိမိကိုယ် မိမိ ပိုချစ်နေသောကြောင့်ပင်ဖြစ်သည်။

အတ္တသမံ ပေမံ နတ္ထိ- လောကမှာ မိမိထက် ချစ်စရာ ကောင်းဆုံးသော အရာဟူ၍ မရှိ၊ သို့သော် မိမိကိုယ်သာ အချစ်ဆုံးဟူ၍ ဆိုစေကာမူ မိမိကိုယ်ကို ချစ်စရာ ဖြစ်အောင် လုပ်ကြသလားဟူ၍ကား အဓိက မေးစရာပင်ဖြစ်သည်။

မိမိကိုယ်ကို ချစ်စရာဖြစ်အောင် လုပ်သည်ဆိုသည်မှာ ဓမ္မနဲ့လျှော်ညီစွာ နေထိုင်ခြင်းပဲ ဖြစ်သည်။ ကိုယ်အမှုပဲ ဖြစ်ဖြစ်၊ နှုတ်အမှုပဲ ဖြစ်ဖြစ်၊ စိတ်အမှုပဲ ဖြစ်ဖြစ် ကိုယ်-နှုတ် စိတ်ပါ ဓမ္မနဲ့ အညီဖြစ်ဖို့လိုသည်။ မကောင်းတာ ရှောင်၊ ကောင်းတာ ဆောင်ခြင်းသည်ကား ဓမ္မနဲ့အညီ ဆောင်ရွက်ခြင်းပဲ ဖြစ်သည်။ ဓမ္မနဲ့အညီ မဆောင်ရွက်ဘဲ အဓမ္မနဲ့အညီ ဆောင်ရွက်နေပါက မိမိကိုယ်ကို ချစ်ရာ မရောက် နစ်ရာရောက်သည်၊ ဒုက္ခအတွင်းထဲသို့ နစ်ချရာရောက်သည်၊ အပါယ်လေးဘုံသို့ ဆွဲချရာရောက်သည်။
လောကမှာ မိမိကိုယ်ကို ချစ်စရာဖြစ်အောင် ဆောင်ရွက်ရာ၍ အကောင်းဆုံး၊ အမြင့်ဆုံးကို ရွေးချယ်၍ ပြုလုပ်ရသည်။ အကောင်းဆုံး အမြင့်ဆုံးကို ရွေးချယ်ရာမှာ သုတသောမဇာတ်တော်အရ-
(က) ပစ္စည်းဥစ္စာတွေထက် ခန္ဓာကိုယ် အစိတ်ပိုင်းက မြတ်သည်။
(ခ) ခန္ဓာကိုယ်ထက် အသက်က မြတ်သည်။
(ဂ) အသက်ထက် ဓမ္မက မြတ်သည်။

ထို့ကြောင့် ဓမ္မသည် သက်ရှိသက်မဲ့ အရာအားလုံးထက် မြတ်သည်ဖြစ်ရာကား မိမိကိုယ်ကို အချစ်ဆုံး အမြင့်မြတ်ဆုံးဟု ယုံကြည်သူများသည် အမြတ်ဆုံး ဓမ္မဖြင့် နေမှသာ အချစ်ဆုံး အမြတ်ဆုံးတို့ လိုက်ဖက်ညီကြမည်ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၄-၂၀၁၃

24 April 2013

နာဂဒေသ သီတဂူစက္ခုဒါနအလှူတော်

နာဂဒေသ သီတဂူစက္ခုဒါနအလှူတော်
 
(ဆရာတော်ကြီးကို ကြိုဆိုနေကြသော နာဂတိုင်းရင်းသားများ)
 
ပြည်တွင်းပြည်ပ သာသနာပြု သီတဂူဆရာတော်ကြီးသည် ကျန်းမာရေးအထူးပြု အလှူတော်များ လှူလျှက်ရှိရာ အထူးအားဖြင့် မျက်စိအလှူတော်များ ပြုလုပ်ရာတွင် မြန်မာနိုင်ငံ နေရာအနှံ့အပြား အရောက်သွားတော်မူသည်။ သီတဂူစက္ခုဒါန၊ သီတဂူအာရောဂျဒါန အစရှိလျှက် သီတဂူဆေးရုံတော် (၂၁) ရုံအထိ လှူဒါန်းပြီးဖြစ်သည်။ ဒီလအတွင်းမှာပဲ ဧရာဝတီတိုင်း ပန်းတနော် (အစုကြီးကျေးရွာ) သီတဂူသုမေဓာဆေးရုံကို ၂၃-၄-၂၀၁၃နေ့က ဖွင့်လှစ်ခဲ့သည်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ သီတဂူစက္ခုဒါနဆေးရုံများကိုလည်း ဆက်လက် ဖွင့်လှစ် လှူဒါန်းမည်ဖြစ်သည်ဟု သိရသည်။

နာဂဒေသ (လဟယ်) မျက်စိအလှူ
၁၈-၄-၂၀၁၃နေ့က ဆရာတော်ကြီး ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံ၏ အနောက်မြောက် အစွန်အဖျား နာဂတိုင်းရင်းသားများ ရှိရာ စစ်ကိုင်းတိုင်း၊ နာဂဒေသအထိ သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်သည်၊ မျက်စိအလှူများ ပြုလုပ်ပေးသည်။ ထိုဒေသရှိ လဟယ်ပြည်သူ့ဆေးရုံတွင် သီတဂူဆရာတော်ကြီးနှင့် အဖွဲ့က ဆေးရုံသုံးပစ္စည်းများ၊ သီတဂူစက္ခုဒါနဆေးရုံ အဆောက်အဦးများ လှူဒါန်းထားသည်ကို တွေ့ရသည်။
(မျက်စိဝေဒနာရှင်များအား အားပေးစကားပြောနေစဉ်)

၁၈-၄-၂၀၁၃နေ့မှ ၂၀-၄-၂၀၁၃ရက်နေ့အထိ လဟယ်ပြည်သူ့ဆေးရုံတွင် မျက်စိအထူးကုဆရာဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာမြအောင်၊ ဒေါက်တာပွင့်ဦးနှင့် သီတဂူမျက်စိဆရာဝန် ဒေါက်တာဒေါ်မိမိခင်၊ ဒေါက်တာမင်းသီဟနှင့် သီတဂူအာယုဒါနဆေးရုံမှ သူနာပြု (၆)ဦးတို့က မျက်စိဝေဒနာရှင်ပေါင်း (၂၀၂)ယောက် စမ်းသပ်စစ်ဆေးသည်။ (၂၂ )ယောက် ခွဲစိတ်ကုသပြီး မျက်စိအလင်းများ ပေးလှူခဲ့သည်။
(နိုင်ငံတော်အစိုးရရဲ့ ကောင်းမှုဖြင့် ခရီးကြမ်း အစဉ်ပြေ)

 ဝေးလံသော တောင်းတက်ခရီး
မျက်စိဝေဒနာရှင်များသည် ထိုဆေးရုံသို့ ရောက်ဖို့ရန် လမ်းခရီး (၃)ည အိပ်ရသည်ဟု ဆိုသည်၊ ဤမျှလောက် ဝေးလံခေါင်သော ထိုဒေသရှိ တိုင်းရင်းသားများသည် ဆရာတော်ကြီး၏ မေတ္တာ၊ ကရုဏာများကို ရရှိကြသည်၊ ဆရာတော်ကြီး၏ ဓမ္မစကား ကြားနာခွင့်ရသည်မှာ သီတဂူဆရာတော်ကြီး၏ လူသားအပေါ် ထားသည့် မေတ္တာ ကရုဏာတော်များနှင့် သူတို့၏ ကံကောင်းခြင်းများဖြစ်ကြသည်။ ဆရာတော်ကြီး၏ ထိုခရီစဉ်အတွက် အဆင်ပြေစေရန် နိုင်ငံတော်မှ ရဟတ်ယဉ်လှူဒါန်းသည်ဟုလည်း သိရသည်။
 
(ဓာတ်ပုံ၊ သတင်းများကို ကင်မရာမင်း သီတဂူထိန်လင်းဦး ထံမှ ရယူသည်)


ရွှပ်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၄-၂၀၁၃

22 April 2013

အချစ်နွံထဲမှ လွတ်မြောက်သူ

အချစ်နွံထဲမှ လွတ်မြောက်သူ

စာမိတ်ဆက်
ညက သူငယ်ချင်းတစ်ယောက်က ဦးဇင်း “သူ့မိဖုရားသေလို့ သောကရောက်နေတဲ့ ဘုရင်းကြီးတစ်ယာက် အကြောင်း၊ သူ့မိဖုရားက နွားချေးပိုး (နောက်ချေးပိုး) မလေး သွားဖြစ်တဲ့အကြောင်း” ဇာတ်တော် ဘယ်ထဲပါလဲ ဘုရားတဲ့။ စာရေးသူလည်း ခဏခဏသာ ကြာဖူးတယ်၊ တခါက လူနှစ်ယောက်ကိုတောင် ပြောပြဖူးသေးတယ်။ ဒါပေမဲ့ ဘယ်ဇာတ် ဘယ်နေရာမှာ ပါလည်းဆိုတာ ချက်ချင်းမပြောနိုင်လိုက်ဘူး။ ဒါနဲ့ စာတွေလိုက်ရှာလိုက်တော့ အဿကမင်းကြီးအကြောင်း အဿကဇာတ်တော်ကို တွေ့သည်။ ဖတ်ရင်း စဉ်းစားရင်း မှတ်မိအောင် စာရေးချင်စိတ်ပေါက်လာသည်။ မှတ်စုအဖြစ် ရေးချလိုက်သည်။
 အချစ်နဲ့ မကင်းသူ
အနာဂါမ် ရဟန္တာကလွဲရင် လူတိုင်း အချစ်နဲ့ မကင်းနိုင်ကြတာ အမှန်ဖြစ်သည်၊ နဲတာနဲ့ များတာသာ ကွာမည်၊ အချစ်ကတော့ ရင်ထဲ စိတ်ထဲ နှလုံးထဲ ကိန်းနေမည်။ ဘယ်လောက်ပင် မာကြောနေစေကာမူ အချစ်နဲ့ ထိတွေ့ခံလိုက်ရသူတိုင်း နုသွားသည်၊ သိမ်မွေ့သွားသည်လို့ ပြောကြသည်။ သူတို့ပြောသလို နုညံ့သွားသလား ဆိုတာတော့ မသိ၊ သေချာတာ တစ်ခုကတော့ ပူလောင်မည်ဟု ထင်ပါသည်။ အချစ်လို့ ဆိုလိုက်တာနဲ့ အများစုက ချစ်သူအချစ် လင်မယားအချစ်လို့ တိုက်ရိုက် မြင်ကောင်း မြင်လိမ့်မည်။ တကယ်တော့ သူငယ်ချင်း အချစ်၊ ညီအစ်ကို မောင်နှမ အချစ်၊ ရွှေချစ်၊ ငွေချစ်၊ အိမ်ချစ်၊ ကျောင်းချစ် စသည်စသည် အားဖြင့် သက်ရှိအချစ် သက်မဲ့ အချစ်တွေ များစွာရှိသည်။ ဘယ်လိုပုံစံပဲ ဖြစ်ဖြစ် အားလုံးသည် အချစ် (ပိယ၊ ကာမ၊ တဏှာ) ဆိုတဲ့ နာမည်တစ်ခု အောက်မှာ ရောက်သွားသည်။

အချစ်ဆိုတာ လောကလူသားတွေအတွက် “မရှိတောင်းတ၊ ရှိ ကြောင်းကြ၊ မရှိမကောင်း ရှိမကောင်း” ဆိုတဲ့ အရာတစ်ခု ဖြစ်သည်။ မရှိလို့ ရအောင်ရှာကြသည်၊ ရှိပြန်တော့လည်း ကြောင်းကြမှုတွေနဲ့ ပူလောင်လှသည်။ တချို့အရာတွေက လောက လူသားတွေအတွက် မရှိမဖြစ်လိုအပ်သလို၊ ရှိပြန်တော့လည်း သူတို့အတွက် လုံခြုံအောင် စောင့်ရှောက်ရ၊ ကြောင်းကြရတဲ့ ဒုက္ခက မသေးလှ၊ သို့သော်လည်း လောကလူသားတွေက အချစ်ကြောင့် ဖြစ်ရတဲ့ ခံစားမှုကို သုခလို့ပဲ ထင်နေသည်၊ ပူပန်ရမှုတွေ ကြောင်းကြရမှုတွေသည်လည်း သူတို့အတွက် သုခ ဖြစ်နေသည်။ ပူဆွေးရတာကိုပဲ ကြိုက်စရာ ဖြစ်သည်၊ ၀မ်းနဲနေရတာကိုပင် သာယာစရာ တစ်ခုဖြစ်နေသည်။ အ၀ိဇ္ဇာမျက်မှန်စိမ်း တပ်ထားတော့ ဒုက္ခ မြက်ခြောက်ကို သုခ မြက်စိမ်းလို့ ထင်နေသည်။ ဒါကိုပဲ ဘ၀ကို သာယာတဲ့ တဏှာပင်ဖြစ်သည်၊ ကိုယ်ရထားတဲ့ ဘ၀လေးကို နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ သာယာနေသည်မှာ သဘာဝ ဖြစ်သည်။ နိမ့်နေတဲ့ သူကလဲ နိမ့်နေတဲ့ သူ့ဘ၀ကို သာယာနေသည်၊ မြင့်နေတဲ့သူကလည်း သူ၏မြင့်နေတဲ့ ဘ၀ကို မက်မက်မောမော ရှိသည်။ အိမ်သာထဲက ပိုးလောက်က နတ်ဘ၀ကို မလိုချင်သလို၊ နွားချေးပိုးမလေးကလည်း လူ့ဘ၀ လူ့စည်းစိမ် မိဖုရားဘ၀ကို မတောင်းတတော့ပဲ လက်ရှိ ပိုင်ဆိုင်နေတဲ့ ဘ၀လေးကိုပဲ မက်မက်မောမော ရှိလှသည်။ ဒါကိုပဲ အချစ်ဟု ခေါ်သည်။

အချစ်ဆူးနဲ့ရူးနေသူ
တကယ်တော့ အချစ်က ဆူးတစ်ချောင်း ဖြစ်သည်။ အချစ်ဆူးတစ်ချောင်း ရင်ဘက်ထဲ ဆူးနှစ်သွားလျှင် ထိုသူသည် ဘယ်လောက်ထိ ပူလောင်၊ နာကျင်မည်နည်း၊ သို့တည်းမဟုတ် သာယာစရာ ခံစားစရာ မက်မောစရာ အဖြစ် ခံစားမည်နည်း။ တခါက သန္တတိအမတ်ကြီး တိုင်းပြည်အတွက် ဂုဏ်ဆောင်သဖြင့် ဘုရင်က သူ့အတွက် သိပ်လှတဲ့ မင်းသမီးလေးတစ်ယောက်ကို ပျော်ပါးစေတယ်၊ မင်းသမီးလေးလဲ သူမရဲ့ မော်ဒယ်လ် ခန္ဓာကိုယ် အလှပျက်မှာစိုးသဖြင့် အစာမစားဘဲ နေသည်။ ထိုနေ့ တစ်ညလုံး အမတ်ကြီးအတွက် ကပြဖျော်ဖြေရင်း အစာမရှိသဖြင့် ၀မ်းဗိုက်ထဲက လေနာထကာ နှလုံးကွဲကာ ပါးစပ် မျက်လုံး အဟောင်းသားနဲ့ ဆုံးသွားရှာသည်။ အမတ်ကြီးသည် သိပ်ချစ်လှသော မင်းသမီးလေး၏ အဖြစ်ဆိုး မြင်လိုက်ရသဖြင့် (၇)ရက်လုံး အမူး သောက်ထားသည် အရက်သည်လည်း တခဏလေးဖြင့် မီးအိုးခင်းအပူပေါ်က ရေပျောက်လေးလို ချက်ချင်း ပျောက်သွားတော့သည်။ အချစ်ကြောင့် ဖြစ်သော သောကသည် ဤမျှလောက် ခံစားရသည်၊ “ငါ့ရင်ဘက်ထဲ ဆူးဝင်နေတဲ့ အချစ်ကြောင့်ဖြစ်သော သောက အပူကို ဘုရားရှင်မှ တပါး ဘယ်သူမှ မငြိမ်းနိုင်”ဟု ယူဆပြီး ဘုရားရှင်ထံ ရောက်လာသည်။ “ဤကလေးမလေး သေလို့ ငိုခဲ့ရတဲ့ သင်၏မျက်ရည်တွေဟာ ဟောဒီ မဟာသမုဒ္ဒရာကြီး လေးစင်းထဲက ရေတွေထက် ပိုများပါတယ်” လို့ ဘုရားရှင် မိန့်သောအခါမှ သောက အပူတွေ လုံးဝ ငြိမ်းသွားတော့သည်။

တလောက ပြည်ပမှာ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်က စာရေးသူထံ ရင်ဖွင့်လာသည်၊ သူ၏ ကောင်မလေးသူငယ်ချင်းတစ်ယောက်နဲ့ပတ်သက်ပြီး ရင်ဖွင့်သည်။ တပည့်တော်ဘုရား- တပည့်တော် ကောင်မလေးတစ်ယောက်ကို တအားချစ်တာဘုရား၊ တစ်ဘ၀လုံး တစ်သက်လုံး လက်တွဲဖို့ တပည့်တော်က ဆုံးဖြတ်ပြီးသားပါဘုရား၊ တပည့်တော် သူ့အတွက်ဆို ဘာမဆို ပေးဆက်ဖို့ အရန်သင့်ပါဘုရား၊ ဒါပေမဲ့ သူက တပည့်တော်ကို ပစ်ထားပြီး တခြားကောင်လေးတစ်ယောက်နဲ့ တွဲနေတယ်ဘုရား။ တပည့်တော် မခံစားနိုင်ဘူးဘုရား၊ နေ့တိုင်း ဒီသူ့အတွက်နဲ့ မစားနိုင် မသောက်နိုင် ဖြစ်ရပါတယ်ဘုရား၊ အလုပ်လုပ်ရတာလဲ စိတ်မပျော်တော့ အဆင်မပြေဘူးဘုရား။ တပည့်တော် ၀ဋ်ကျွေးလားဘုရား? အရှင်ဘုရား အားတဲ့အခါ တပည့်တော် တရားတစ်ပုဒ်လောက် ဟောပေးပါ့လားဘုရားတဲ့။

သူ့လိုပဲ ကောင်မလေးတစ်ယောက်က စာရေးသူအား ဒီအဖြစ်အပျက်မျိုးပဲ ပြောဖူးတယ်။ သူ့ကောင်းလေးအပေါ် သူက ချစ်သလောက် သူက သူ့အပေါ် သစ္စာဖောက်ပြီး တခြား ကောင်မလေးနဲ့ ယူသွားတယ်ဘုရား၊ သူလည်းပဲ နုတ်၍မရသော ဆူးတစ်ချောင်း ရှိနေပြီ။ စာရေးသူလဲ သူတို့တတွေကို “မောင်ရင်တို့၊ မရင်တို့ ဖြစ်နေတာ ကြည့်ပြီး စိတ်မသက်သာလိုက်တာ၊ တကယ်တော့ကွာ အခုလို မစားနိုင် မသောက်နိုင်၊ အလုပ်ပျက်၊ အအိပ်ပျက် ဖြစ်နေတာ ချမ်းသာတယ်လို့များ ထင်နေလား၊ ဒုက္ခမှ အကြီးကြီးပဲ၊ အချစ်ကြောင့် ဖြစ်တဲ့ ဒုက္ခပဲ။

လွမ်းတာကို နာတာနဲ့ဖြေ
“မောင်ရင်တို့ကသာ မအိပ်နိုင် မစားနိုင်ဖြစ်နေတဲ့ အချိန် မောင်ရင်တို့ ချစ်သူတွေက ဟင်းကောင်းတွေ ထမင်းကောင်းတွေ အစားအစာကောင်းတွေနဲ့ တအားစားနေကြတာ၊ မောင်ရင် အိပ်မရတဲ့အချိန် သူတို့က အိပ်မက်လှလှလေးမက်ပြီး အိပ်ကောင်းနေလိုက်ကြတာ။ မောင်ရင်တို့ အလုပ်ပျက်နေတဲ့ အချိန် သူတို့တတွေ ပန်းခြံတွေ၊ ရှော့ပင်းမောတွေ၊ ရုပ်ရှင်ရုံတွေမှာ လက်ချင်းချိတ်ပြီး ပျော်နေကြမှာ။ လွမ်းတာရှိရင် ပန်းတာလေးနဲ့ဖြေလိုက်၊ ဆွေးတာရှိရင် နာတာလေးနဲ့ ဖြေလိုက်ပါ” ဟု ပြောလိုက်သည်၊ အောက်ပါ ဇာတ်လမ်းလေးကိုလဲ ပြောပြလိုက်ဖူးသည်။

တခါက ရဟန်းတပါး သူ့ရဲ့ အရင်က မိန်းမကို တမ်းတ လွမ်းဆွေးပြီး လူထွက်ချင်နေတဲ့ ရဟန်းကို မြတ်စွာဘုရားကလည်း ဒီလိုပဲ လွမ်းတာ ဆွေးတာတွေကို နာကျည်းခြင်းနဲ့ ဖြေဖျောက်ဖို့ ထိုရဟန်း၏ အတိတ်ဘ၀က ဇာတ်လမ်းတစ်ပုဒ်ကို ဟောပြခဲ့သည်။

ထိုရဟန်း၏အတိတ်ဘ၀သည် အဿကအမည်ရှိ ဘုရင်ကြီးတစ်ယောက်ဖြစ်ခဲ့သည်၊ သူသည် သိပ်ချော သိပ်လှတဲ့ ဥပရီအမည်ရှိ မိဖုရားကို အလွန်အကျွန်ချစ်သည်၊ တနေ့တော့ သူချစ်လှစွာသော မိဖုရား ဆုံးသွားသည်။ ဘုရင်ကြီး အချစ်ကြောင့် ပူဆွေးသောကကို မထိန်းနိုင်မသိန်းနိုင်ဖြစ်ရသည်။ သူ့မိဖုရား အလောင်းကိုလဲ မသင်ဂြိုဘဲ ကြာရှည်ခံနိုင်အောင် ဆေးရေ စိမ်ထားသည်၊ ထိုမိဖုရားအလောင်းနားမှာဘဲ မစားနိုင်မသောက်နိုင် မအိပ်နိုင်ဘဲ ရှိနေသည်။ မိဘဆွေမျိုး သူငယ်ချင်းတွေက ဖျောင်းဖြလဲမရဖြစ်နေသည်။ ထိုအချိန်ဝယ် ဈာန်အဘိဥာရ ဘုရားအလောင်း ရသေ့က “ဒီဘုရင်တော့ အချစ်ဆူး၍ ရူးနေသည်၊ သူ၏သောကကြောင့် အားကိုးရာ မဲ့နေသည်၊ ငါ ကယ်မှ ဖြစ်မည်”ဟု ကရုဏာဖြင့် ဘုရင်ကြီး ဥယျာဉ်ထဲ ရောက်လာသည်။ ဘုရင်ကြီး၏ ပုဏ္ဏားငယ်လေးနဲ့ တွေ့သည်၊ သူနှင့် ဘုရင်ကြီး နေကောင်းလား စသည်ဖြင့် အလ္လာပသလ္လာပ စကားစမြည်း ပြောဖြစ်ကြသည်။ ဘုရင်ကြီးအခြေအနေကို သူကုသပေးမည်ဟု အာမခံချက်ဖြင့် ဘုရင်ကြီးထံ ခေါ်လာသည်။ ဘုရင်ကြီးကို သူ့မိဖုရားဘ၀ပြောပြသည်၊ “သင်၏ ချစ်လှစွာသော မိဖုရား နွာချေးပိုးမ ဘ၀ရောက်နေကြောင်း” ပြောပြတော့ ဘုရင်ကြီး မယုံကြည်နိုင်ဖြစ်နေသည်။

တကယ်တော့ သူ၏ မိဖုရားသည်၊ သူမ၏ အလှအပကို ယဇ်မူးနေသူဖြစ်သည်၊ အလှမာန်ဖြင့် ဘ၀ကို မေ့နေသည်၊ ကောင်းမှုကုသိုလ်တွေ မေ့ထားသည်၊ ထို့ကြောင့်ပင် ဤဥယျာဉ်ထဲမှာ နွားချေးပိုးမ လာဖြစ်ရသည်။

ကောင်းပြီး သင်မယုံနိုင်ဘူးဆိုရင် လက်တွေ့ပြမယ်၊ “ဟိုမှာ-နွားချေးပိုးကောင် နှစ်ကောင်ကို သင် မြင်တယ်မဟုတ်လား၊ နွားချေးပိုးအထီး နောက်ကနေ တကောက်ကောက် လိုက်နေတဲ့ နွားချေးပိုးမက သင်ဘုရင်ကြီးကို စွန့်လွတ်သွားတဲ့ သင့်ရဲ့ အချစ်တော်လေးပဲ” ဆိုတော့ ဘုရင်ကြီး လုံးဝ မယုံကြည်နိုင်ဖြစ်ရပြန်သည်။ ကောင်းပြီ သင်ယုံအောင် နောက်တဆင့် ပြမယ်၊ ရသေ့လည်း သူ၏ တန်ခိုးဖြင့် တိရစ္ဆာန် နွားချေးပိုးမ လူစကား နားလည်အောင် လူစကား ပြောတတ်အောင် ဖန်တီးလိုက်ပြီး “ဥပရီ မိဖုရား”လို့ ခေါ်လိုက်တော့၊ “အရှင်ဘုရား ဘာများဘာလိမ့်” ဟု လူစကားနဲ့ပြောသည်။ သင်၏ အရင်ဘ၀အကြောင်းကို ပြောပြပေးပါလား ဆိုတော့၊ အရင် လူ့ဘ၀ဖြစ်စဉ်က အဿကမင်းကြီး၏ မိဖုရား ဥပရီ ဖြစ်ခဲ့ဖူးတယ်။ “အခု သင် ဘုရင်ကြီးအဿကကို ချစ်သေးလား”၊ “အရှင်ဘုရား၊ အမှန်အတိုင်း ပြောရရင် ဘုရင်ကြီး၏ လည်ချောင်းသွေးနဲ့ တပည့်တော်မ ယောက်ျား နွာချေးပိုးဖိုရဲ့ ခြေထောက်ကို ဆေးကြောပေးချင်ပါတယ်ဘုရား၊ ဘုရင်ကြီးကို ချစ်တဲ့ အချစ်ထက် အဆတစ်ရာ မက နွားချေးပိုးဖိုကို ချစ်ရပါတယ်ဘုရား”။ သုခ အသစ်သည် သုခအဟောင်းကို ဖုံးလွမ်းထားသည်၊ အလားတူပဲ ဒုက္ခအသစ်သည် ဒုက္ခအဟောင်းကို မေ့ပျောက်ထားသည်ကား သဘာဝပင် ဖြစ်သည်။ အချစ်အသစ်သည် အချစ်ဟောင်း သတိမရတော့၊ မေ့ပျောက်သွားသည်။ နွားချေးပိုးမလေး၏ အချစ်အသစ်သည် အချစ်ဟောင်း အဿကမင်းကို မေ့ပျောက်စေသည်။ (နဝေန သုခဒုက္ခေန ပေါရာဏံ အပိဓီယတိ)

နွားချေးပိုးမလေးက “ထိုကဲ့သို့ သူ့ထက် အချစ်အသစ်ကို အဆတစ်ရာမက ပိုချစ်သည်၊ သူ၏လည်ချောင်းသွေးကိုတောင် အချစ်သစ်၏ ခြေတော်ကို ဆေးကြောပေးချင်သည်”ဟု ဆိုတော့ ဘုရင်ကြီး ချက်ချင်းပဲ ချစ်သူအပေါ်ထားတဲ့ ချစ်စိတ်တွေ ပျောက်သွားသည်၊ အချစ် ယဇ်မူးပြီး သောကတွေနဲ့ ကုန်ခဲ့တဲ့ အချိန်တွေကိုလည်း နှမျောမိနေသည်။ “သစ္စာမရှိသော မိဖုရား”ဟု နှလုံးသွင်းကာ သူ၏ အချစ်ကို နာကျင်မှုလေးနဲ့ဖြေသိမ့်နိုင်သွားသည်။

တကယ်တော့ လက်ရှိဘ၀ကို ဘယ်ဘ၀နဲ့မှ မလဲနိုင်ကြ၊ ကိုယ်ရနေတဲ့ ဘ၀ကိုပဲ နှစ်သက်ကြသည်၊ မိဖုရားစည်းစိမ် ဘယ်လောက်ပင် ကြီးကျယ်စေကာမူ နွားချေးပိုးမ ဘ၀လောက် မမက်မောခြင်းက ရနေတဲ့ ဘ၀ကို သာယာတဲ့ ဘ၀နိကန္တိက လောဘ တဏှာပင်ဖြစ်သည်။ သံသရာကို ရှည်ကြာစေတာ ထိုဘ၀တဏှာကြောင့်ပင်ဖြစ်သည်။ ဘုရင်ကြီးကတော့ ဆူးနေတဲ့ အချစ်ဆူးတစ်ချောင်းကို နာကျည်းခြင်းတည်းဟူသော ညှပ်ဖြင့် ဆွဲနုတ်နိုင်ခဲ့သည်။ ဘုရင်ကြီး (၇)ရက်တိုင်တိုင် မစားနိုင် မသောက်နိုင် ဖြစ်နေတဲ့ အချိန် သူ၏မိဖုရားက ဘ၀သစ်၊ လင်သစ် နွားချေးပိုးထီးနှင့် ဥယျာဉ်ထဲမှာ ပျော်လို့နေသည်။

ထို့ကြောင့် အချစ်ကြောင့် ဖြစ်တဲ့ သောက၊ ပူဆွေးမှု၊ ပူလောင်မှု၊ ပင်ပန်းမှုတွေကို ဘုရင်ကြီးအဿက ထုံး နှစ်လုံးမူ၊ သန္တတိအမတ်၏ ဘ၀ကို သတိရကာ ကိုယ့်ကိုယ်ကို ကုသပေးနိုင်သည်။ ဤသည်ပင် အကောင်းဆုံး ဆေးကောင်းတစ်ခွက်ဖြစ်သည်။ ဒါ့ပြင် စာရေးသူ၏ ဖေ့ဘုတ်တွင် “အချိန်တန်ဖိုး” ခေါင်းစဉ်နှင့် Note ကလေးတစ်ခု ရေးဖူးသည်။ “ကိုယ့်ကို မချစ်မနှစ်သက်တော့လို့ စွန့်ခွါသွားသူအတွက် ကြေကွဲနေရင် ကိုယ့်ကို တကယ်ချစ်တဲ့သူအတွက် အချိန်တွေ နည်းသွားလိမ့်မည်...။ ဒီလိုပါပဲ ဘ၀မှာ အရေးမကြီးတာတွေကို အချိန်ကုန်မည့်အစား အရေးကြီးတာတွေကို အချိန်ပေးရမှာ ဖြစ်သည်။” ဟူသတည်း။ ဖေ့ဘုတ်စာမျက်နှာမှ တွေ့သော ရှေ့ပိုင်းဝါကျလေးကို မှီကာ နောက်ဝါကျလေးတစ်ကျောင်း ဆက်ပေးထားလိုက်ခြင်းသာ ဖြစ်သည်။

ပေမတော ဇာယတိ သောကော- အချစ်ကြောင့် ပူဆွေးမှုဖြစ်။ တဏှာယ ဇာယတိ သောကော-တဏှာကြောင့် ၀မ်းနဲမှုတွေဖြစ်၊ ပူလောင်မှုတွေ ဖြစ်ကြရသည်၊ ဘ၀ကို ရှည်လျားစေသည်၊ သံသရာကို ဆွဲဆန့်စေသည်။ ဘ၀ရှိနေ၍ သောကတွေ ရှိနေရသည်။ ဘ၀လွတ်မြောက်မှုကို ရလိုသူသည် ဘ၀ကို လိုချင်တဲ့ တဏှာ သတ်နိုင်ဖို့လိုသည်၊ တဏှာပြတ်မှ နိရောဓ သစ္စာဆိုက်မည် ဖြစ်သည်။ ဤပို့စ်ဆောင်းပါးသည် အချစ်ကြောင့် ပင်ပန်းနေသူတွေ အတွက် ဖြေဆေးတစ်ခု ဖြစ်နိုင်သလို သံသရာဒုက္ခခံစားနေရသူတွေ အတွက် ထွက်ပေါက် တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်လျှင် အတိုင်းမသိ ၀မ်းသာမိမှာ အမှန်ဖြစ်ပါတော့ သတည်းးးးးးးးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၀၂-၂၀၁၃

17 April 2013

နှစ်သစ်မွေးနေ့ အထူးပို့စ် (ဘောလုံးနဲ့တူသော မိန်းမများ)

နှစ်သစ်မွေးနေ့ အထူးပို့စ်
(ဘောလုံးနဲ့တူသော မိန်းမများ)

စာမိတ်ဆက်
ဒီကနေ့ ဧပြီလ (၁၇) ရက်၊ မြန်မာနှစ်ဆန်း (၁)ရက်ဖြစ်သည်။ နှစ်ဟောင်းကုန်ကျူး နှစ်သစ်ကူးသည့် နှစ်၏အစ နှစ်သစ်၊ နှစ်ဆန်း ဖြစ်သည်။ ဒီနေ့ ဒီရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင်အတွက် ဓမ္မလက်ဆောင်ပို့စ် ရေးရန် စိတ်ကူးပေါ်မိသည်။ “မွေးနေ့အတွက် အမှတ်တရ တစ်ခုခု လုပ်ပေးပါ”ဟု ပူဆာလွန်းသော ဂျီကျလွန်းသော မွေးနေ့ရှင်အတွက်ရော၊ ဒီကနေ့ကျရောက်သော မွေးနေ့ရှင်အားလုံးအတွက်ရော၊ မွေးနေ့ရှိသော လူတိုင်းအတွက်ပါ ဘ၀ဆိုတာ နေ့စဉ် တန်ဖိုးရော့ရော့သွားတယ်ဆိုတာကို ဘောလုံး ဥပမာဖြင့်သော်လည်းကောင်း၊ ဘ၀ဆိုတာ အချိန်က နေ့စဉ် အ၀ါးမျိုးခံရတယ်ဆိုတဲ့ အကြောင်းနှင့် အချိန်၏၀ါးမျိုးခြင်း မခံရအောင်၊ အချိန်ကို အသုံးချတတ်အောင်၊ အချိန်ကို အောင်နိုင်သူများဖြစ်အောင် တန်ဖိုးရှိတဲ့ ဘ၀လေးဖြစ်လာအောင် ဆိုတဲ့ မှတ်မှတ်ရရ မွေးနေ့ပို့စ်လေး ရေးပေးလိုက်ပါသည်။

(ဒီပို့စ်သည် ရုရှားရောက် ပညာတော်သင် စစ်ဗိုလ်တစ်ယောက်အားလည်း သင်္ကြန်အတွင်းမှာပဲ ဟောထားပြီးဖြစ်သည်။)
(နှစ်သစ်မှာ မဟာသတိပဌာန် တရား အားထုတ်သူများ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်)

အချိန်က လူကို ၀ါးမျိုးခြင်း
မွေးနေ့ တစ်နှစ်ပြည့်သွားတိုင်း၊ အသက်တစ်နှစ်ကြီးသွားသည်၊ အသက်ကြီးသွားသည်ဆိုတော့ အိုလာပြီလို့ သတိပေးနေတာပဲ။ ခေါင်းပေါ်က ဆံပင်ဖြူလေး တစ်ပင်မြင်လိုက်ရတာလေးနဲ့ပဲ ချွေးသီးချွေးပေါက်များကျပြီး ကြောက်အားကြီးသွားတဲ့ မဃဒေ၀မင်းကြီးက “သေမင်းက ငါ့ကို အောင်လံ လာစိုက်နေပြီ၊ ငါ ဒီလိုပေါ့ပေါ့ဆဆ မနေသင့်တော့ဘူး”ဟု ဆို၏။ ဘောလုံးစကားနဲ့ ပြောရရင် ငါ့ကို အ၀ါကပ်ပြနေပြီ၊ မကြာမီမှာပဲ နောက် နှစ်ဝါတစ်နီနဲ့ လူ့လောကကနေ ထုတ်ပယ်ခံရတော့မယ်။ မဃဒေ၀မင်းကြီးကတော့ သတိသံဝေ ရပြီး ရွှေနန်းတော်ကြီးကို သူ့သားအား မင်းကျင့်ဝတ်တရားနဲ့ အညီ တိုင်းပြည်ကို ဆက်လက်ဦးဆောင်ရန် လက်ဆင့်ကမ်းပြီး တောထဲတောင်ထဲမှာ ရသေ့ရဟန်းဝတ်ပြီး ကောင်းမှုပါရမီများ ပြုလုပ်သွား၏။

အသက်အရွယ်တွေကြီးလာတာနဲ့အမျှ ကိုယ့်ကိုယ်ကို တန်ဖိုးရော့နေသလား၊ တန်ဖိုးတက်လာနေသလား ဆိုတာ နေ့စဉ် ဆင်ခြင် စဉ်းစားသင့်သည်။ ကိုယ့်ရဲ့ အခြေအနေ၊ သဘာဝရဲ့ အခြေအနေကို သတိလက်လွတ်ဖြစ်ကာ မဆင်ခြင် မစဉ်းစားမိလေသော အခါ ကိုယ့်ကိုယ်ကို အထင်ကြီးမှုတွေ ၀င်လာတတ်သည်။ ထိုသည်ပင် မာနဖြစ်သည်၊ မာနသည် အသက်၊ အရွယ်၊ ဓန၊ ပညာတို့ကြောင့် ဖြစ်တတ်သည်။ အသက်ငယ်သော အခါ ငါဘယ်တော့မှ မသေနိုင်ဟုသော ဇီဝိတမာန်၊ ငါနုပျိုနေဆဲ၊ လှနေဆဲဟူသော ယောဗ္ဗနမာန်၊ စည်းစိမ်ဥစ္စာဆိုတဲ့ ဓနမာန်၊ အတတ်ပညာမာန်တွေ ဖြစ်တတ်သည်။

တကယ်တော့ အချိန်က သတ္တ၀ါတွေကို စားသည် (ကာလော ဃသတိ ဘူတာနိ) ဟူသော နိယာမ အရ တရွေ့ရွေ့နဲ့ အချိန်က လူတွေရဲ့ အသက်၊ အဆင်း၊ အရွယ်တွေကို အချိန်တိုင်း စားပြစ်နေသည်၊ ထို့ကြောင့်ပင် နုပျိုနေတဲ့ရုပ်တွေ၊ လှပနေတဲ့ အဆင်းတွေ ပျောက်ကွယ်ကာ ဆန်ဖြူ၊ သွားကျိုး၊ နားထိုင်း၊ အသားအရေတွန့်လိမ်ခြင်း အားအင်ချိနဲ့ခြင်းကနေ ရောဂါအမျိုးမျိုးဝင်လာခြင်း၊ နောက်ဆုံး တိုတောင်းလှတဲ့ ဘ၀တစ်ခု အဆုံးသတ်သွားတော့သည်။ ဒီလိုပါပဲ ဘ၀ဟာ အချိန်က နေ့စဉ် စားခြင်းကို ခံလိုက်ရသည့်အတွက်လဲ တန်ဖိုးသည်လည်း ရော့သွားတော့သည်။
 တန်ဖိုးလျှော့သွားသော ခန္ဓာ
ဥဒယဘဒ္ဒနတ်သားက ဥဒယဘဒ္ဒမင်းသမီးလေးကို ပထမဆုံးနေ့မှာ ရွှေလင်ပန်းနဲ့ရွှေအပြည့်ထည့်ကာ ချစ်လက်ဆောင်များပေးကာ ချစ်ခွင့်ပန်သည်၊ မင်းသမီးလေးက ဘ၀ဟောင်းက လင်တော်မောင်ကို သစ္စာစောင့်သောအားဖြင့် လက်မခံဘဲ ပယ်ခဲ့သည်။ နတ်သားက လက်မလျှော့၊ ဒုတိယနေ့မှာ ငွေလင်ပန်းထဲ ငွေတွေ အပြည့်ထည့်ပြီး ချစ်ခွင့်ပန်ပြန်သည်၊ ရှေးနည်းအတိုင်းပင် မင်းသမီးလေးက လက်မခံ။ တတိယနေ့ လာပြန်သည်၊ ကြေးလင်ပန်းထဲ ငွေအပြည့်ထည့်ပြီး ချစ်ရေးဆိုပြန်သည်။

တကယ်ဆို သဘာဝအရ ချစ်သူကို ချစ်ရေးဆိုတဲ့အခါ ချစ်သူလက်ဆောင်အဖြစ် တစ်ကြိမ်မရရင် နောက်တစ်ကြိမ်ကြိုးစားရသည်၊ ထိုသို့ကြိုးစားတဲ့အခါ ချစ်လက်ဆောင်သည်လည်း တန်ဖိုး တိုးတိုးပြီး ပေးရရိုးထုံးစံဖြစ်သည်။ အခုတော့ ရွှေကနေ ငွေ၊ ငွေကနေ ကြေး တန်ဖိုးလျှော့လျှော့ပြီး ချစ်ခွင့်ပန်သည်မှာ သဘာဝမကျလှပါ။ ထို့ကြောင့် မင်းသမီးကမေးသော အခါ---
“မင်းသမီး မနေ့ကနဲ့ ဒီနေ့ မတူပါ၊ မနေ့က သင်မင်းသမီးရဲ့ အရွယ်ကို အချိန်က စားပြစ်လိုက်သည်၊ တစ်ရက်နဲ့တစ်ရက် အချိန်က စားပြစ်လိုက်သဖြင့် သင့်ရဲ့ ရုပ်ရည်ဟာ မတူပါ၊ တနေ့ထက် တစ်နေ့ တန်ဖိုး လျော့လျော့လာတယ်။ အခု သင်မင်းသမီးကို ကျွန်ုပ် ရပ်ပြီး စကားပြောနေစဉ်မှာပဲ သင့်ရဲ့ ရုပ်ရည်တွေဟာ အချိန်က ၀ါးမျိုပြစ်လိုက်သဖြင့် တန်ဖိုးတွေ လျော့လျော့လာနေတယ်၊ ဒါ့ကြောင့် ကျွန်ုပ်ကလဲ သင့်ရဲ့ခန္ဓာ တန်ဖိုးနဲ့ကိုက်ညီတဲ့ ချစ်လက်ဆောင်တွေကို လျော့လျော့ပြီး ယူလာပါတယ်”ဟု ဆိုသတဲ့။

ဘောလုံးနဲ့တူသော မိန်းမများ
အမှန်တကယ်ပါပဲ ဖြစ်ခြင်း ပျက်ခြင်း ဆိုတဲ့ ဥပ္ပါဒ ၀ယ သဘောအရ တစ်စက္ကန့်ထက် တစ်စက္ကန့် အသက် ခန္ဓာတွေဟာ ယုတ်လျှော့လာသဖြင့် တန်ဖိုးလည်း လျှော့လာပါတယ်။ ဟာသလေးတစ်ပုဒ်ကြားဖူးသည်၊ ဟာသလေးဆိုပေမဲ့ တကယ့် သံဝေဂရစရာလေးဖြစ်သည်။ အမျိုးသမီးတွေရဲ့ အသက်အရွယ်ကို ဘောလုံး အမျိုးအစားနဲ့ နှိုင်းယှဉ်သည့်အခါ တစ်နှစ်ထက်တစ်နှစ် တန်ဖိုးကျသွားတဲ့ သဘောတရားလေးကို ထင်ဟပ်စေနေတာကို တွေ့ရသည်။

(က) အသက် ၂၀ အရွယ် မိန်းကလေးကို ဘောလုံးနဲ့ တူသတဲ့၊ ဘောလုံးတစ်လုံးကို လူ ၂၂ ယောက်ရောက်က အပြိုင်လုယုနေကြသည်၊ အလာတူပဲ အသက် ၂၀ အရွယ်အထိ တန်ဖိုးရှိသဖြင့် ၀ိုင်းဝိုင်းလည်နေတဲ့အချိန်ဖြစ်သည်။

(ခ) အသက် ၃၀ အရွယ် မိန်းကလေးကတော့ နဲနဲ တန်ဖိုးကျသွားသည်၊ သူမကတော့ ဘောလီဘောနဲ့တူသည်၊ ဘောလီဘော ဆိုသည်မှာ တစ်ဖက်က ပုတ်ထုတ်လိုက်သည့် ဘောလုံးဘောကို တစ်ဖက်က ဖမ်းယူသည်။ အပုတ်ထုတ်ခံရပေမဲ့ ဖမ်းယူမည့်သူတော့ ရှိနေသေးသည့်အတွက် တန်ဖိုးက ရှိနေသေးသည်။

(ဂ) အသက် ၄၀ အရွယ် မိန်းကလေးကတော့ ပိုပြီး တန်ဖိုးကျသွားသည်၊ သူမကို တင်းနစ်ဘောနဲ့ တင်စားသည်။ တင်းနစ်ဘောကို ဟိုဘက်လူနဲ့ ဒီဘက်လူက ကိုယ့်ဖက်ကျမလာအောင် အတင်းပုတ်ထုတ်နေကြသည်။ ထိုအရွယ်ကတော့ အပုတ်ထုတ်ခံ ဘ၀တော့ ရောက်သွားသည်။

(ဃ) အသက် ၅၀ အရွယ်ကိုတော့ ဂေါက်သီးဘောနဲ့ တူသဖြင့် တန်ဖိုးအနဲဆုံးဘ၀ ရောက်သွားသည်။ ဂေါက်ရိုက်သမားက ဂေါက်တံဖြင့် ဂေါက်သီးကို အဝေးဆုံးနေရာ ရောက်သွားအောင် အားရှိပါးရှိ ရိုက်ထုတ်ပစ်လိုက်သည်။ တကယ်တော့ ဟာသလေးဆိုပေမဲ့ ကိုယ့်ဘ၀ကို သတိပေးလိုက်တဲ့ သင်္ခန်းစားလေးဖြစ်သည်။ “အသက်တစ်နှစ်ကြီးလာတိုင်း ဘောလုံးနဲ့ တူနေလား၊ ဘောလီဘောနဲ့ တူနေပြီလား၊ တင်းနစ်ဘောနဲ့ တူနေပြီလား၊ ဂေါက်သီးဘောနဲ့ တူနေပြီလား” ဆိုတာ မမေ့မလျှော့ မပေါ့မဆဘဲ သတိရှိသင့်လှသည်။ အချိန်က ၀ါးမျိုးလိုက်သည့်အခါ ဘောလုံးဘ၀ကနေ ဘောလီဘောဘ၀၊ ဘောလီဘောဘ၀ကနေ တင်းနစ်ဘော၊ ဂေါက်သီးဘော ဘ၀သို့ ရောက်ကြရမှာဖြစ်သည်။ ထို့ကြောင့် တန်ဖိုးကျကျလာတဲ့ အသက် ခန္ဓာထဲက တန်ဖိုးရှိတဲ့ ကုသိုလ်အနှစ်တွေ ထုတ်ယူကြခြင်းဖြင့် ဘ၀ကို မြင့်သထက်မြင့်မားလာအောင် ကိုယ်ကိုယ်တိုင် ဖန်တီးကြရမည်ဖြစ်သည်။

အချိန်အခါရဲ့ အခြေအနေကို မဆင်ခြင် မစဉ်းစားမိသောအခါ

ကိုယ့်ဘ၀အခြေအနေ၊ သဘာဝရဲ့ အခြေအနေ၊ အချိန်အခါရဲ့ အခြေအနေကို မဆင်ခြင် မစဉ်းစားမိလေရာကား ကိုယ့်ကိုယ် အထင်ကြီး စိတ်ကြီးဝင်နေတတ်သည်၊ ထိုအခါ ပြောစကား ဆိုစကားများလည်း ရင့်သီးလာတတ်သည်၊ အပြုအမှု အပြောဆိုတို့သည် ကြမ်းတမ်းလာတတ်သည်၊ ပတ်ဝန်းကျင်နဲ့ အဆင်မပြေ ဖြစ်တတ်သည်၊ ပတ်ဝန်းကျင်ကို လေးစားရကောင်းမှန်းမသိ ဖြစ်လာတတ်သည်။

တခါက ပုဏ္ဏား (ဗြာဟ္မဏ) ငါးရာသည် မြတ်ဗုဒ္ဓထံ ရဟန်းဝတ်လာကြသည်။ သူတို့အားလုံးက ဗြာဟ္မဏ၀ါဒ အရ ဝေဒသုံးပုံ (ဗြာဟ္မဏ၏ ပိဋကတ်သုံးပုံ)ကို တတ်မြောက်ပြီးသားဖြစ်သည်။ မြတ်စွာဘုရားထံ ရောက်လာပြီး ဘုရားထံက ပိဋကတ်တော်များကိုလည်း သင်ယူတတ်မြောက်ပြီးသော အခါ “မြတ်စွာဘုရားလည်း ပိဋကတ်သုံးပုံဆောင်၊ ငါတို့လည်း ပိဋကတ်သုံးပုံဆောင်ပဲ၊ အတူတူပဲ၊ ဘာမှ ထူးခြားမှု မရှိ”ဟု စိတ်ကြီးဝင်၊ မာန သွေးနထင်တက်နေကြသည်။ ထိုအခါ မြတ်စွာဘုရားကို မချဉ်းကပ်တော့၊ အလုပ်အကြွေးလဲ မပြုစုတော့၊ ရိုသေမှုလဲ မပေးတော့၊ ဆရာအဖြစ်လဲ အသိအမှတ်မပြုတော့ဘဲ ဘုရားနဲ့ ယှဉ်ပြိုင်လာကြသည်၊ ဆရာနဲ့ ခြေရာခြင်း တိုင်းလိုကြသည်။

ဘုရားရှင်က သိသည်၊ ထို့ကြောင့် သုတ္တန်တစ်ခု (မူလာပရိယာယသုတ်)ကို တန်ဆာဆင်ပြီး အကျယ်တ၀န့် ဟောကြားလိုက်သောအခါ ထို ပုဏ္ဏား (ဗြာဟ္မဏ) ငါးရာတို့သည် အံ့သြဘနန်းဖြစ်ရသည်။ တခါမှ မကြားဘူးသေးသော တရားဓမ္မများကို မြေကြီးဟီးအောင် ဟောနိုင်သော ဘုရားရှင်ထံ သူတို့မာန ခ၀ါချတော့သည်၊ ဆရာနဲ့ ခြေရာခြင်းတိုင်းလိုသော စိတ်တွေ ပျောက်သွားတော့သည်၊ အဆိပ်ပြင်းသော မြွေ အစွယ်ကျိုးသလို မာနကျိုးသွားတော့သည်။ ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး အတိတ်ကြောင်းကို ဆက်စပ်ခါ “အချိန်သည် သတ္တ၀ါတွေရဲ့ အသက် အဆင်း၊ အားအင်းတွေကို ကုန်ခမ်းစေသည်။ ရောဂါမျိုးစုံတွေ ပေးပြီး ၀ါးမျိုးတတ်သည်”ဟု မိန့်သည်။

အသက် ၃၈ အရွယ်က အသက် ၁၆ နှစ်အရွယ်အဖြစ်ကို ပြန်မသွားနိုင်တော့၊ အချိန်က စားပြီး ဖြစ်လေသည်။ ကုန်လွန်သွားသော အချိန်တွေကို ပြန်၍ တောင်းတ၍မရတော့ပေ၊ ထိုကဲ့သို့ တောင်းတ၍ မရခြင်းသည်ကား အချိန်က ၀ါးမျိုးသွားခြင်းဟု ဆိုအပ်၏။

အချိန်ကို ပြန်ဝါးမျိုနိုင်သူ
အချိန်ကို တန်ဖိုးရှိရှိ အသုံးချနိုင်သူများသည် အချိန်ကို အောင်နိုင်သူများ ဖြစ်ကြသည်။ တစ်နေ့ကုန်လို့ ည အိပ်ယာဝင်ချိန် “ဒီ တစ်နေ့အတွင်းမှာ ငါဟာ ကုသိုလ်ကောင်းမှု တစ်ခုခု ရခဲ့သလား၊ ပညာရှာမှီးခဲ့သလား၊ ပစ္စည်းဥစ္စာ ရှာမှီးခဲ့သလား၊ ဒါမှ မဟုတ် အသက်ခန္ဓာ ခန့်ကျန်းဖို့အတွက် ကျန်းမာရေး တစ်ခုခု ရရှိလိုက်သလား၊”ဆိုတာ ဆင်ခြင်တွေးတောမိသောအခါ၊ ဘာတစ်ခုမှ မရလိုက်ရင် ထိုနေ့အတွက် အချိန်၏ ၀ါမျိုခြင်းကို ခံလိုက်သူဖြစ်သွားပြီ၊ အချိန်ကို ရှုံးနိမ့်သွားသူ ဖြစ်သွားသည်၊ ထိုနေ့အတွက် အရှုံးကြီး ရှုံးလိုက်ရသဖြင့် ၀မ်းနည်းဖွယ် နေ့ဖြစ်တော့သည်။ တောင်မြို့ မဟာဂန္ဓာဆရာတော်ကြီးက “ကုသိုလ် ဥစ္စာ ပညာ တန်ခိုး တစ်မျိုးမျိုးမှ အကျိုးမထွက် ထိုနေ့တွက် သက်သက် ၀မ်းနည်းဖွယ်” ဟု ကဗျာလေးဖြင့် အချိန်သည် အရေးကြီးသဖြင့် အချိန်ကို အသုံးချတတ်အောင် ဆုံးမခဲ့သည်။ ဘာသာခြား အဆိုအမိန့်တစ်ခု အရ Time is God. အချိန်ဆိုတာ ဘုရားသခင်ပါပဲ၊ ဘုရားသခင်ဆိုတာ အရာရာကို ဖန်တီးနိုင်သည်။ အချိန်သည်လည်း အရာရာကို ဖန်တီးနိုင်သည်၊ တန်ဖိုးရှိရှိနဲ့ အချိန်ကို ဖြတ်သန်းလျှင် အချိန်သည် ကြီးမြတ်သော တန်ဖိုးကို ဖန်တီးသည်။ တချို့ကတော့ Time is money- အချိန်သည် ငွေပဲဟု စီးပွားရေးသမားများအတွက် ဆိုကြသေးသည်။ အချိန်ကို ကောင်းကောင်း အသုံးချနိုင်ဖို့လိုသည်၊ အချိန်က ကိုယ့်ကို အသုံးချခွင့် မပေးသင့်။ ကိုယ်က အချိန်ကို တန်ဖိုးရှိရှိ အသုံးချနိုင်မှ အချိန်ကို နိုင်သည်ဟုဆိုသည်။ အချိန်၏ အသုံးချခံ ဖြစ်သွားလျှင်တော့ အချိန်၏၀ါးမျိုးခံ သားကောင်ဖြစ်သွားတော့သည်။

တကယ့် အချိန်ကို အောင်နိုင်သူ စစ်စစ်ကတော့ “အသက်၊ အရွယ်၊ အဆင်း၊ ခွန်အား စသည်များကို အချိန်၏ လုံးဝ ၀ါးမျိုးခြင်းမခံရတော့သူများ ဖြစ်သည်။ ထိုကဲ့သို့ ၀ါးမျိုးခြင်း မခံရအောင် ဘ၀အသစ် မရရှိဘို့ရန် ဖြစ်တော့သည်။ ဘ၀ ရရှိနေလျှင် အသက်၊ အရွယ်၊ အဆင်းစသည်တို့ကို အချိန်က ၀ါးမျိုးနေအုန်းမှာပင်။ ဘ၀ မရရှိဘို့ရန်မှာလည်း ဘ၀ကို လိုချင်၊ မက်မောမှု တဏှာ (သမုဒယ) ကို သတ်နိုင် ရှင်းနိုင်မှ ဖြစ်သည်။ ထို့ကြောင့် ရဟန္တာ အရှင်မြတ်များက တဏှာ မရှိရာကား ဘ၀အသစ်မရရှိတော့ဘဲ အချိန်၏ ၀ါးမျိုးခြင်း လုံးဝ မခံရတော့သဖြင့် အချိန်ကို လုံးဝ အောင်နိုင်သူများ ဖြစ်ကြသည်။

မွေးနေ့ဆုတောင်း
ထို့ကြောင့် မွေးနေ့ရှင်နှင့်တကွ အားလုံးသောသူတို့သည် ဒီကနေ့ မွေးနေ့မှစ၍ “အချိန်၏ ၀ါးမျိုခြင်း မခံရအောင်၊ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်အောင်၊ အချိန်ကို အောင်နိုင်သူဖြစ်အောင်၊ ကျန်းမာ ချမ်းသာစွာဖြင့် အားထုတ်နိုင်ပါစေသတည်း၊ တန်ဖိုးလျော့လျော့လာတဲ့ အသက်၊ ခန္ဓာမှ အဖိုးတန် သီလ သမာဓိ ပညာတွေ ရအောင် ယူနိုင်ကြပါစေသတည်း”ဟု ဆုတောင်း မေတ္တာပို့သပါသည်။ 

(မွေးနေ့ရှင် ညီမဖြစ်သူ မရီလေးနှင့် နှစ်ဆန်းတစ်ရက် မွေးနေ့ရှင်များအတွက် 
 မွေးနေ့ဓမ္မလက်ဆောင် ဖြစ်စ်သည်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၄-၂၀၁၃

13 April 2013

ဧရာဝတီ အလှ ဖန်တီးကြ


ဧရာဝတီ အလှ ဖန်တီးကြ

ဧရာဝတီတိုင်းကြီး တစ်တိုင်းလုံးနီးပါးသည် ၂၀၀၇ခုနှစ်က နာဂ်စ် မုန်တိုင်းဒဏ်ကြောင့် အကျည်းတန် ဖြစ်ခဲ့ရသည်။ ထိုအရုပ်ဆိုး နေသော နေရာလေးကို လှပအောင် ပရဟိတစိတ်ရှိသူများက မိမိ တတ်နိုင်သမျှ လှပသာယာလာအောင် ဖန်တီး အလှဆင်နေကြပေသည်။
(သီတဂူလှဆန်းယဉ် စက္ခုဒါန ဆေးရုံ (မော်လမြိုင်ကျွန်းမြို့)
 ထိုတိုင်းဒေသကြီးထဲက မော်လမြိုင်ကျွန်းမြို့ ပစ္ဆိမာရုံစာသင်တိုက်နေရသည် ထိုတိုင်းဒေသကြီးကို လှပအောင် အများဆုံးဖန်တီးပေးနေသူ သီတဂူဆရာတော်ကြီးအတွက် နေရာတစ်ခု ဖြစ်သည်။ ထိုကျောင်းကြီးရဲ့ ဆရာတော် အရှင်စိန္တိတာလင်္ကာရ၊ တိုက်အုပ်ဆရာတော် အရှင်ရေ၀တာလင်္ကာရနှင့် ကျောင်းရှိ သံဃာများသည် မုန်တိုင်းတိုက်ခတ် ပြီးပြီးခြင်း ဒုက္ခရောက်နေသူများအတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို အမာခံအနေနဲ့ လုပ်ဆောင်ခဲ့ကြသည်။ နာဂစ် ကယ်ဆယ်ရေးလုပ်ငန်းကို အများဆုံး လုပ်ဆောင် ခဲ့သော သီတဂူဆရာတော်ကြီး၏ ဦးဆောင်မှု့ အောက်တွင် လည်းပါဝင်ကူညီခဲ့သော ကျောင်းတိုက်ကြီး ဖြစ်ခဲ့သည်။

မော်ကျွန်းဆရာတော်နှင့် ပရဟိတ စိတ်ဓါတ်

ပစ္ဆိမာရုံကျောင်း ဆရာတော်သည် နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့ဝင် ဆရာတော်တစ်ပါးဖြစ်သည်။ မော်ကျွန်းဆရာတော်ဟူ၍၎င်း၊ ပစ္ဆိမာရုံဆရာတော်ဟူ၍၎င်း လူအသိများသည်။ ဆရာတော်သည် သာသနာရေးကိုသာမက လူမှုရေးတွေကိုပါ တစိုက်မက်မက် အားထုတ်ခဲ့သည်၊ အားထုတ်နေဆဲဖြစ်သည်။ ဧရာဝတီတိုင်း တစ်တိုင်းလုံးနီးပါး နာဂ်စ် မုန်တိုင်းဒဏ် ခံစားနေရချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို မိမိ စွမ်းနိုင်သမျှ လုပ်ဆောင်ခဲ့သည်။ လူနေအိမ်များ၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများ ဆောက်လုပ်ပေးသည်။ ကျောင်းရန်ပုံငွေ အတွက် စပါးချွေ့စက် ကိုင်းဆက် ဆန်စက်အသေးစားလေးများ တည်ဆောက်လှုဒါန်းပေးသည်၊ ဆက်သွယ်ရေး ကောင်းမွန်အောင် တယ်လီဖုန်းများ ၀ယ်လှုသည်။ ထိုနာဂ်စ်မုန်တိုင်းမှ ခိုကိုးရာမဲ့စွာ ကျန်နေသော ကလေးများကိုလဲ ဆရာတော်သည် ပြုစုစောင့်ရှောက်ထားပါသည်။

ကမ္ဘာကျော် မန္တလေး ပရိယတ္တိသာမဏေကျော်စာမေးပွဲကဲ့သို့ သာသနာတော်လုံးဆိုင်ရာ သာမဏေကျော် စာမေးပွဲများကို မိမိကျောင်းတိုက်တွင်းမှာပဲ ဦးဆောင်ကျင်းပနိုင်ခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံတွင် အောင်မြင်ကျော်ကြားသော စာမေးပွဲကြီးတစ်ခု ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ (ဘက ကျောင်း) များ၏ တိုင်း အကြီးဆုံး ဆရာတော် တစ်ပါးဖြစ်သည်။ ထိုကျောင်းတွင် ဘက ကျောင်းသား ( ၇၀၀ ) ခန့်ကို အချိန် နှစ်ချိန်ခွဲ သင်ကြားပေးနေသည်။ ဆရာတော်ကြီးသည် မိမိနိုင်သ၍ ကျောင်းတိုက်တွင်း နွမ်းပါးသူများအတွက် အခမဲ့ကုသိုလ်ဖြစ် ကုသပေးနိုင်သော ဆေးခန်းကို လွန်ခဲ့သော(၆) နှစ်လောက်က တည်ထောင် ကုသပေးခဲ့သည်။ စေတနာရှင် ဆရာဝန် (၆) ဦးက အလှည့်ကျလာရောက် ကုသိုလ်ယူ ကုသပေးသည်။ ဆရာတော်၏ န၀ကမ္မအလှူထဲကမှ ဆရာဝန် တစ်ဦး အား လစာပေး၍ အချိန်ပြည့်ထိုင်နိုင်ရန် ခန့်ထားသည်။

နိုင်ငံတော်သံဃာမဟာနာယကတာဝန်တွေကို ရန်ကုန်တွင် အလှည့်ကျ နှစ်စဉ် တာဝန် ထမ်းဆောင်နေသလို မိမိ ပရိယတ္တိစာသင်ကျောင်းတိုက်တွင်လဲ သာသနာ့တာဝန်တွေကို ဖျတ်လတ်သွက်လက်စွာ အပြုံးမပျက် ထမ်းဆောင်နေသော ဆရာတော်ကို စာရေးသူတို့က ကြည်ညိုလေးစားစွာ “ဘုန်ုးဘုန်းက အသက်နဲ့ မလိုက်အောင် တာဝန်တွေများကြီး လုပ်ဆောင်နေတာတောင် သွားလာလှုပ်ရှားပုံတွေ လျင်မြန်ဖျတ်လတ် သွက်လက်နေတာ”ပဲလို့ အားကျကြောင်းလျှောက် ထားသောအခါ ဆရာတော်က ပြန်မိန့် လိုက်သည်မှာ ပိုကြည်ညို လေးစားရပါသည်။ သူပြန်မိန့်လိုက်သည်မှာ “သူ ကိုယ်သူ ဖျတ်လတ် သွက်လက် နေတယ်လို့ ထင်နေမိတာ သီတဂူဆရာတော်ကြီး နဲ့တွေ့မှ သူဖျတ်လတ် သွက်လက်နေတာ သီတဂူ ဆရာတော့် ခြေဖျားတောင်မမှီ နိုင်ဘူး”ဟုပင် ဖြစ်သည်။

အလင်းဒါန ကုသိုလ်ရှင်

မျက်စိ အလင်းတွေပေးဆောင်နိုင်ရန် သီတဂူဆရာတော်ကြီးသည် တိုင်းနဲ့ ပြည်နယ် အနှံ့ စက္ခုဒါန ဆေးရုံများကို တည်ဆောက် ဖွင့်လှစ် ပေးခဲ့သည်မှာ ဆေးရုံပေါင်း (၂၀) ရှိပါသည်။ အခုအခါ ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့ ပစ္ဆိမာရုံစာသင်တိုက်ကြီးတွင် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မိန့်ကြားမှု၊ ရွှေပြည်ဟိန်းဆရာတော်၏ ပံ့ပိုးကူညီမှု၊ သီတဂူဦးမြင့်စိန်+ဒေါ်လှအေး (လှဆန်းယဉ်) မိသားစုတို့၏ မ တည်လှူဒါန်းမှုတို့ဖြင့် “သီတဂူလှဆန်းယဉ် စက္ခုဒါန ဆေးရုံကြီး” (သီတဂူ၏ ၂၁ ခုမြောက်ဆေးရုံ)ကို (၄-၉-၂၀၁၁)နေ့မှ စတင်၍ ပစ္ဆိမာရုံစာသင်တိုက် ပဓာနနာယက ဆရာတော် အရှင်စိန္တိတာလင်္ကာရနှင့် တိုက်အုပ်ဆရာတော် အရှင်ရေ၀တာလင်္ကာရတို့က အနီးကပ်ကြီးကြပ် ဆောက်လုပ်ခဲ့ပါသည်။

ကျောင်းတိုက်ဆရာတော်နှင့် တပည့် ရဟန်း ဒကာ/မများ၏ လုပ်အား၊ ငွေအား၊ စေတနာရှင် အလှုရှင်များ ၏ငွေအားကြောင့် ဆေးရုံကြီးသည် ခန့်ညားထည်ဝါစွာ ဖွင့်လှစ်နိုင်ပါသည်။ ဆေးရုံအဆောက်အဦးကြီးကို လှုဒါန်းကြသလို သီတဂူဆရာတော်ကြီးကလဲ လိုအပ်သော ဆေးရုံသုံး၊ လူနာ အသုံးအဆောင်များ၊ ခွဲစိပ်ခန်းသုံး စက်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ မီးစက်များကိုလဲ ပံ့ပိုးကူညီ လှုဒါန်းထားပါသည်။ ဘက်ပေါင်းစုံမှ ၀ိုင်းဝန်းပံ့ပိုး လှုဒါန်းကြသောကြောင့် ဧရာဝတီတိုင်း ဒေသကြီးတွင် စက္ခုအလင်းကို ပေးနေနိုင်ပြီ ဖြစ်သည်။

အားလုံးမျှော်လင့် တောင်းတနေသော မျက်စိဆေးရုံသစ်ကြီးကို ၂၀၁၃ ခုနစ် ဧပြီလ (၇) ရက်နေ့တွင် ဖွင့် လှစ်နိုင်ပါသည်။ ဖွင့်လှစ်နိုင်ရန်အတွက် မတ်လ(၂၈) ရက်နေ့တွင် စစ်ကိုင်း သီိတဂူအာယုဒါနဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးခင်မောင်ဇော်ဦးဆောင်သော အဖွဲ့သည် ဆေးရုံတွင်း ကြိုတင်ပြင်ဆင်ထားမှု့များကို လာရောက်ကြည့်ရှု့ပြီး ခွဲစိပ်ခန်း၊ ပေါင်းတင်ခန်းများကို ပိုးသတ်သည်။ ဧပြီ(၂) ရက်နေ့တွင် စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံ မှ ဒုဆေးရုံအုပ် ဒေါက်တာဒေါ်မိမိခင် ဦးဆောင်သော မျက်စိကုအဖွဲ့သည် မော်ကျွန်းမြို့ ဆေးရုံသို့ ကြိုရောက်ကာ မော်ကျွန်း အနီးတ၀ိုက် ကျေးရွာမှ မျက်စိ ဝေဒနာရှင်များကို အမြင်စစ်ဆေးပေးခြင်းနှင့် ခွဲစိပ်ရန်လိုအပ်သော မျက်စိဝေဒနာရှင်များအား သွေးတိုး၊ ဆီးချို စစ်ဆေး ပေးခြင်းများကို ကြိုတင်ပြုလုပ်ပေးကြသည်။ ဧပြီ(၃)ရက်နေ့တွင် မျက်စိအထူးကု ဆရာဝန်ကြီးပါမောက္ခ ဒေါက်တာဦးမြအောင်နှင့် အင်္ဂလန်မှ ဒေါက်တာဦးသိန်းမြင့်တို့ ဦးဆောင်ပြီး ပါမောက္ခဒေါက်တာ ဒေါ်မြင့်ခိုင်၊ ပါမောက္ခ ဒေါက်တာ ဦးစဂျေလွင် နှင့် ပါမောက္ခဒေါက်တာဦးအောင်မြတ်စိုး (မေတ္တာဦးဆေးခန်း)မျက်စိအထူးကု ဆရာဝန်ကြီးများသည် ခွဲစိပ်ကုသရန်လိုအပ်သော မျက်စိဝေဒနာရှင်များအား ခွဲစိပ်ပေးပြီး အလင်းဓါတ်ဆောင်ပေးသည်။ လိုအပ်သော ပံ့ပိုးကူညီမှု့များကို မော်ကျွန်း ပစ္ဆိမာရုံကျောင်းမှ ရဟန်း ကိုရင်များ၊ ဘကကျောင်းမှ ဆရာ/မ များက လုပ်အားပေး ကူညီကြသည်။

၂၁ ခုမြောက် သီတဂူလှဆန်းယဉ် ဆေးရုံအသစ် ဖွင့်ပွဲ

ဧပြီ(၆)ရက်နေ့ညတွင် ကျေးဇူးရှင် သီတဂူဆရာတော်ကြီးသည် ဆေးရုံဖွင့်လှစ်ခြင်း အထိမ်းအမှတ် အကြိုအဖြစ် တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးသည်။ အားလုံးမျှော်လင့် စောင့်မျှော်နေသော ဧပြီ (၇) ရက်နေ့သို့ ရောက်ရှိလာပါသည်။ ဖွင့်ပွဲ အခမ်းအနားကို အပိုင်း၂ ပိုင်းခွဲ ကျင်းပသည်။ ပထမပိုင်း အစီအစဉ်တွင် သီတဂူဆရာတော်ကြီးနှင့် တကွ ပင့်သံဃာများ၊ သာသနာရေးဝန်ကြီး၊ တိုင်းဒေသရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ အလှုရှင် မိသားစုများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်၊ ထိုနောက် ရွှေပြည်ဟိန်းဆရာတော်က သီတဂူလှဆန်းယဉ် စက္ခုဒါန ဆေးရုံဖြစ်ပေါ်လာပုံနှင့် သီတဂူဆရာတော်ကြီး၏ စက္ခုဒါနဆေးရုံများ ဖြစ်ပေါ်တည်ဆောက်လာပုံများ လျှောက်ထားသည်။ ထို့နောက် တိုင်းသာသနာရေးမှုးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်၊ ဆေးရုံအတွက် လိုအပ်သော နေရာတွင် အသုံးပြုရန် Super-Custom (ဂျပန်) ကားတစ်စီးနှင့် ပတ်သက်သော စာရွက်စာတန်းများနှင့် နောင်ရေရှည် ဆေးရုံ တည်တံ့ ခိုင်မြဲအောင် ငွေပဒေသာပင် စိုက်ထူရန် ကျပ်သိန်း (၁၀၀)တို့ကို ဆေးရုံ မတည် အလှုရှင် သီတဂူဦးမြင့်စိန်+ဒေါ်လှအေး (လှဆန်းယဉ် မိသားစု) တို့က ပစ္ဆိမာရုံကျောင်း ဆရာတော်အား လွှဲပြောင်းပေးအပ် လှုဒါန်းပါသည်။ တခြားအလှုရှင်များကလဲ လှူဒါန်းကြသည်။ လှူဒါန်းမှု့ အစုစုကို သီတဂူဆရာတော်ကြီးက ရေစက်ချ တရားချီးမြှင့်ပြီး အမျှပေးဝေကာ ပထမပိုင်း အစီအစဉ်ကို သီတဂူ အဓိဌာန်ဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးသည်။

ဖွင့်ပွဲ ဒုတိယ အစီအစဉ်ကို ဆေးရုံရှေ့ မျက်နှာစာတွင် ကျင်းပသည်။ ပစ္ဆိမာရုံကျောင်းဆရာတော်၊ တိုင်းသာသနာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ မတည်အလှုရှင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဆေးရုံ ဆိုင်းဘုတ် စက်ခလုပ်ကို သရုပ်ဆောင် စိုးမိုးကြည်မှ ကိုင်ဆောင်ပေးပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးလိုက်သည်။ ထိုအချိန်တွင် ဖွင့်ပွဲ အောင်ပွဲအထိမ်းအမှတ် ဒုံးကျည်၊ မီးပန်းများ ပစ်ဖေါက်ကြသည်။ မော်ကွန်းကမ္ဗည်း ကျောက်စာကို သီတဂူဆရာတော်ကြီးနှင့် တာဝန်ရှိသူများ၊ အလှုရှင်များက အမွှေးနံ့သာရေများ ပက်ဖြန်းကြသည်၊ ထိုနောက် တက်ရောက်လာသော ဧည့်သည်များက ဆေးရုံတွင်းရှိ လူနာဆောင်များကို လှည့်လည် ကြည့်ရှု့ပြီး မျက်စိဝေဒနာရှင်များကို အားပေး စကားများပြောကြားပြီး ဖွင့်ပွဲ အခန်းအနား အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
 
သီတဂူအလင်း ကမ္ဘာသို့ချဉ်း အလင်းကမ္ဘာတည်စေသော်
ဧရာဝတီတိုင်း မော်ကျွန်းမြို့ သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်ပေါင်း (၁၀၉၇) ဦးကို မျက်စိ စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့သည်။ အလင်းမရရှာသော ဝေဒနာရှင် (၂၉၅) ဦးကို ခွဲစိပ်ကုသပေးပြီး မျက်စိအလင်းရအောင် ကုသပေးနိုင်ပါသည်။ သီတဂူဆရာတော်ကြီးဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည်၊ မြန်မာပြည်အနှံ့ တောင်ပေါ်ဒေသ နယ်စပ်မြို့များပါ မကျန် လောကအလှ အလင်းကိုပေးဆောင်နေကြသည်။ လမင်းကြီးသည် သဘာဝ အလင်းကို ဖန်တီး ပေးနေသလို လမင်းကြီးနှင့် တူသော သီတဂူသည်လဲ ဧရာဝတီတိုင်းကြီး တစ်ခုလုံးကို အလင်းရောင်တွေ ထွန်းလင်းစေပါသည်။ ဧရာဝတီမြစ်ရေသည် အေးမြသောအအေးဓါတ်ကို ဆောင်ပြီး တိုင်းဒေသကြီး တစ်ခုလုံးကို အေးမြအောင် စီးဆင်း ပေးနေသလို ဧရာဝတီနှင့် အပြိုင် သီတဂူ လမင်းကြီး ကလဲ အလင်းဓါတ်တွေ လင်းစေပြီး ဧရာဝတီရဲ့အလှကို ဖန်တီးပေးကြပါသည်။ ရုပ်ဆိုးကျည်းတန်နေခဲ့သော ဧရာဝတီတိုင်းကြီးသည် အခုအခါ ထွန်လင်းတောက်ပသော အလင်းဓါတ်များရရှိပြီး အေးချမ်းသာယာလှပနေပါတော့သည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ။
 ပန်းစပယ် (လှဆန်းယဉ်)
 
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၄-၂၀၁၃

09 April 2013

သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံ

သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံ
(၂၁)ခုမြောက်ဆေးရုံ 

 
(ဆေးရုံတော် ဖွင့်လှစ်ပွဲနှင့် ရေစက်ချ လှူဒါန်းပွဲ)

သီတဂူဆရာတော်ကြီးနှင့် သီတဂူသာသနာပြု အဖွဲ့ကြီးက ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြန်မာနိုင်ငံ အနှံ့အပြား၊ ဝေလှံခေါင်သော နေရာပါ မကျန် သီတဂူစက္ခုဒါနဆေးရုံများ၊ သီတဂူအာရောဂျဒါနဆေးရုံများ၊ သီတဂူအထွေထွေရောဂါကု ဆေးရုံကြီးများကို တည်ဆောက် လှူဒါန်းလျှက်ရှိရာ ဤ သီတဂူလှဆန်းယဉ် စက္ခုဒါဆေးရုံသည် သီတဂူဆေးရုံများစွာထဲက (၂၁) ခုမြောက် ဆေးရုံဖြစ်သည်။

သီတဂူလှဆန်းယဉ် စက္ခုဒါဆေးရုံသည် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၉)ရပ်ကွက် ပစ္ဆိမာရုံစာသင်တိုက်တွင် တည်ရှိသည်။

ထိုဆေးရုံကြီးကို ၇-၄-၂၀၁၃ နေ့က သီတဂူဆရာတော်ကြီးနှင့် ဒေသခံ ပစ္ဆိမာရုံဆရာတော်တို့ ဦးဆောင်ပြီးဖွင့်လှစ်ရာ ပင့်သံဃာတော်များ၊ တိုင်းဒေသကြီးရှိ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူ ဧည့်သည်တော်များ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။
(ခွဲစိပ်ကုသပြီး လူနာရှင်များအား အလှူရှင်များ အားပေးစကားပြော)
( တာဝန်ရှိသူများ လာရောက် အားပေးစကားပြော)

အလှူရှင်များနှင့် ကုန်ကျစရိတ်
ထိုဆေးရုံကြီးကို သီတဂူဆရာတော်ကြီး တစ်ဦးတည်းလှုဒါန်းသော ဆေးရုံးသုံးဆေးပစ္စည်းများ၊ ခွဲစိပ်ခန်းသုံး စက်ပစ္စည်းကိရိယာများ၊ လူနာအသုံးပြုရန် ပစ္စည်းများ၊ မီးစက်များ စုစုပေါင်း ကျပ်သိန်း နှစ်ထောင် (၂၀၀၀ ကျပ်)နှင့် ဒေသခံ ပစ္ဆိမာရုံ ဆရာတော်၊ သီတဂူဦးမြင့်စိန်+ဒေါ်လှအေး (လှဆန်းယဉ်မိသားစု) နှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ စုပေါင်း လှူဒါန်းငွေ ကျပ်သိန်း နှစ်ထောင့်ငါးရာ (၂၅၀၀ကျပ်) နှစ်ရပ်ပေါင်း ကျပ်သိန်းပေါင်း လေးထောင့်ငါးရာ (၄၅၀၀) ဖြင့် အကုန်အကျခံ လှူဒါန်းထားသည်။

သီတဂူဦးမြင့်စိန်+ဒေါ်လှအေး (လှဆန်းယဉ်မိသားစု)က သီတဂူလှဆန်းယဉ်စက္ခုဒါနဆေးရုံ အတွက် ကျပ်သိန်း(၁၀၀) ငွေပဒေသာပင် စိုက်ထူခဲ့သည်၊ ထို့ပြင် ဆေးရုံအတွက် အသုံးပြုရန် Super Custom ဂျပန် ကားတစ်စီးကိုလည်း လှူဒါန်းသည်။ ဒေသခံများနှင့် အဝေးရောက် အလှူရှင်များကလဲ ဆေးရုံကြီး ရေရှည် ရပ်တည်နိုင်ရန် ငွေပဒေသာပင်များ စိုက်ထူလှူဒါန်းကြသည်။

မျက်စိဝေဒနာများ ကုသပေးခြင်း
ဆေးရုံကြီးမဖွင့်မီ ကြိုတင်ပြီး (၃-၄-၂၀၁၃)နေ့မှ စတင်ပြီး မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးမြအောင်၊ အင်္ဂလန်နိုင်ငံမှ ဒေါက်တာသိန်းမြင့်ခေါင်းဆောင်သော မျက်စိအထူးကု ဆရာဝန်များက မျက်စိဝေဒနာရှင်ပေါင်း (၁၀၉၇)ယောက်တို့အား စမ်းသပ် စစ်ဆေးပေးသည်။ ထိုအထဲမှ(၂၉ရ)ယောက်ကိုတော့ ခွဲစိပ်ကုသပေးသဖြင့် လောကအလင်းများ ပြန်လည်ရရှိကြသည်။

သတင်း-ပန်းစပယ် (လှဆန်းယဉ်) သတင်းကို ကိုးကားသည်။
ဓာတ်ပုံ-သီတဂူထိန်လင်းဦး ထံမှ ရယူသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၄-၂၀၁၃

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes