သီတဂူစတား

သီတဂူစတား

05 November 2013

သီတဂူမျက်စိအထူးကု အစီစဉ် (၂၀၁၃)

၂၀၁၃နှစ် သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)တွင် ပြည်ပမှ မျက်စိအထူးကုအဖွဲ့၊ နှုတ်ခမ်းကွဲအဖွဲ့များ ပါဝင်သော အဖွဲ့ (၅)ဖွဲ့ ရောက်ရှိလာပြီး ဖြစ်သည်။

(၁)အဖွဲ့ Lion Club Team (U.S.A)

(22-1-2013) မှ (25-1-2013)နေ့အထိ Lion Club Team (U.S.A) အဖွဲ့မှ 1. Dr. Robert Sullivan 2. Dr. Arvind Saini 3. Dr. Kevin Wienkers ဆရာဝန်ကြီးများနှင့် သီတဂူအာယုဒါနဆေးရုံ ဆရာဝန်ကြီးများ၊ အထူးသူနာပြုများက မျက်စိဝေဒနာရှင် (၅၃) ဦး ခွဲစိပ်ပြီး အလင်းရောင်ပေးလှူနိုင်ခဲ့သည်။

(၂) အဖွဲ့ U.S.A
(၂၆-၁-၂၀၁၃) မှ (၂၇-၁-၂၀၁၃) နေ့အထိ တစ်ရက်အတွင်း Dr. San Aye (U.S.A) အဖွဲ့ မျက်စိဝေဒနာရှင် (၁၂) ဦးကို ခွဲစိပ် လှူဒါန်းနိုင်ခဲ့သည်။

(၃)အဖွဲ့ U.K
(၂၈၊ ၁၊ ၂၀၁၃) မှ (၃၁၊ ၁၊ ၂၀၁၃) နေ့အထိ မျက်စိခွဲစိတ်လူနာ (၇၇) ဦး အောင်မြင်စွာ ကုသနိုင်ခဲ့သည်။ Daw Khin May Htwe Team (U.K) အဖွဲ့မှ မျက်စိဆရာဝန်များဖြစ်ကြသော 1. Dr. Rolf Raimann 2. Dr. Rene Moya 3. Dr. Rene Rodrigo 4. Dr. Steven Harsum တို့ဖြစ်ပြီး သီတဂူအာယုဒါနဆေးရုံမှ ဆရာဝန်ကြီးများ အထူးသူနာပြုများက ၀ိုင်းဝန်းပံ့ပိုးသည်။

(၄) အဖွဲ့ Belgium Team
(၄-၂-၂၀၁၃)မှ (၁၀-၂-၂၀၁၃) နေ့အထိ Belgium Team အဖွဲ့မှ 1. Dr. Paul Jonckheere 2. Dr. Bleyen Isabel 3. Dr. Leysen တို့ ဦးဆောင်ပြီး သီတဂူအာယုဒါနဆေးရုံတော်မှာ ဆရာဝန်ကြီးများ အထူးသူနာပြုများ ပါဝင်လျှက် လူနာ (၄၇) ဦးကို မျက်စိခွဲစိပ်ပြီး အလင်းပေးနိုင်ခဲ့သည်။

(၅) အဖွဲ့ Dr. San Aye Team
(၁၅-၈-၂၀၁၃) မှ (၂၀-၈-၂၀၁၃) နေ့အထိ Dr. San Aye Team အဖွဲ့မှ 1. Dr. San Aye2. Dr. Erik Tu တို့က မျက်စိဝေဒနာရှင် (၃၅) ဦးကို ခွဲစိပ်လှူဒါန်းပေးခဲ့သည်။

အာခေါင်ကွဲ နှုတ်ခမ်းကွဲ ကုသမှု အစီအစဉ်များကို ဆက်လက် ဖော်ပြမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၁၁-၂၀၁၃

www.thesitagu.org
www.sitagustar2020.net

29 October 2013

အဆိုးတကာ အဆိုးဆုံး

အဆိုးတကာ အဆိုးဆုံး
(သီတဂူစတား စာတို ပေတို)

(က) မီးတကာမီးတို့တွင် ရာဂမီး အဆိုးဆုံး။
(ခ) ဖမ်းစားတတ်သူတို့တွင် ဒေါသသည် အဆိုးဆုံး။
(ဂ) ပိတ်လှောင် ဖမ်းတတ်သော ပိုက်ကွန်တို့တွင် မောဟ ပိုက်ကွန်သည် အဆိုးဆုံး။
(ဃ) မြစ်တကာမြစ်တို့တွင် တဏှာသည် အဆိုးဆုံး။

ပကတိမီးတို့သည် လောင်ကျွမ်းနေသည်ကို မြင်ရသည်၊ ငြိမ်းလိုက ငြိမ်းသတ်နိုင်သည်၊ ရာဂမီးသည်ကာ အတွင်းမှ လောင်ကျွမ်း လိုက်စားနေသဖြင့် မမြင်ရ၊ ငြိမ်းသတ်ဖို့ ခက်ခဲသည်ဖြစ်ရကား အဆိုးဆုံးဖြစ်သည်၊ တစ်ဘ၀တစ်ခါ မက လောင်ကျွမ်းနေသည်။

ဘီလူးဖမ်းစားခြင်း၊ စပါးကြီးမြွေဖမ်းစားခြင်း၊ မီးကျောင်းစသော ရေသတ္တ၀ါများ ဖမ်းစားခြင်းတို့သည် တစ်ဘ၀ တစ်ခါမျှသာ ဖမ်းစားနိုင်သည်။ ဒေါသသည်ကား ဘ၀တိုင်း ဘ၀များစွာ ဖမ်းစားနိုင်သည် ဖြစ်ရကား အဆိုးဆုံးဖြစ်သည်။

ပကတိပိုက်ကွန်တို့သည် အမှန်အားဖြင့် လုံအောင် ပိတ်လှောင် ဖမ်းမထားနိုင်၊ ထိုအထဲမှ ရုန်းထွက်လိုက ထွက်နိုင်သည်၊ မောဟတည်းဟူသော ပိုက်ကွန်သည် ဘ၀များစွာ အထက်အောက် ပတ်ပတ်လည် ရုန်းမထွက်နိုင်အောင် ပိတ်လှောင် ဖမ်းထားနိုင်သည်အတွက် အဆိုးဝါးဆုံး ပိုက်ကွန်ဖြစ်သည်။

ဂင်္ဂါ၊ ဧရာဝတီစသော မြစ်ချောင်းတို့သည် ပြည့်လာသောအခါ၊ ခြောက်သွေ့ခန်းခြောက်သော အခါ ထင်ရှားစွာ မြင်ရ၏၊ တဏှာတည်းဟုသော မြစ်ချောင်းသည်ကား ပြည့်သည်ဟူ၍ မရှိ၊ အမြဲတမ်း အလိုပြနေသည်၊ အမြဲတမ်း ယုတ်လျှော့နေသည်၊ ပြည့်အောင် ဖြည့်နိုင်ဖို့ မလွယ်ကူသောကြောင့် မြစ်တကာ ဖြစ်တို့တွင် တဏှာမြစ်သည် အဆိုးဆုံးဖြစ်သည်။

နတ္ထိ ရာသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ဂဟော။
နတ္ထိ မောဟသမံ ဇာလံ၊ နတ္ထိ တဏှာသာမာ နဒီ (ဓမ္မပဒ)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၁၀-၂၀၁၃

25 October 2013

ဘုရားပေးတဲ့ ဆိုရှယ်အလုပ်


 မနေ့က (၂၃-၁၀-၂၀၁၃)ည ကောင်လေးတစ်ယောက် ရောက်လာတယ်၊ သူက အမေရိကန်နိုင်ငံ နာမည်ကြီးတက္ကသိုလ်တစ်ခုက M.A ကို Social နဲ့ ပြီးလာတယ်လို့ ပြောပါတယ်။ စကားပြောရင်လဲ မြန်မာတစ်ဝက် အင်္ဂလိပ်တစ်ဝက်နဲ့ ပြောတတ်ပါတယ်။
သူက သူရလာတဲ့ ဘွဲ့တွေ အကြောင်း သီတဂူဆရာတော်ကြီးကို လျှောက်ပြနေတော့ ဆရာတော်ကြီးက-အေးကွ--- ငါကတော့ ဘာဘွဲ့မှ မရပါဘူးကွ၊ ငါက လက်တွေ့ ဆိုရှယ် (လူမှုရေး) အလုပ်တွေကို တကယ် လက်တွေ့ကျ လုပ်နေတာကွ၊ ငါက ဘယ်တက္ကသိုလ်ကမှ ဘာစာမှ မသင်ခဲ့ဘဲ ဘာဘွဲ့မှလဲ မရခဲ့ဘဲ ဘုရားပေးတဲ့ နည်းတွေနဲ့ပဲ လုပ်နေတာကွ၊ ဒီမှာ ဧရာဝတီ ဒိုင်ယာရီ စာအုပ်ကြည့်လိုက်ပါ။ အဲဒီထဲမှာ ဧရာဝတီတိုင်းတစ်ခုလုံး နာဂစ်တုန်းကြောင့် ကြေမွနေတာတွေကို ပြန်လည် တည်ဆောက်ရေးတွေ လုပ်ထားတဲ့ မှတ်တမ်းတွေ ဖြစ်တယ်။ နောက် မြန်မာနိုင်ငံ မြေပုံကို ထုတ်ပြသည်၊ ထိုမြေပုံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့ကြီးများ၊ နယ်စွန်နယ်ဖျားတွေမှာ သီတဂူဆေးရုံများ ရှိရာတွေကို ဆေးရုံအမှတ် (ကြက်ခြေနီ)သားတွေဖြင့် ပြထားသည်။ လက်ရှိ သီတဂူဆေးရုံ (၂၄) ရုံ ဆောက်လုပ်ခဲ့ပြီး ဖြစ်သည်။ နောက်မြေပုံတစ်ခုကိုလဲ ထုတ်ပေးလိုက်သေးသည်၊ ထိုမြေပုံထဲမှာတော့ ဧရာဝတီတိုင်းထဲက နာဂစ်ဒဏ် အထိနာဆုံးနေရာ ဖြစ်တဲ့ ပြင်စလူကျွန်းမှာ (၁၅၀၀) ရေဂါလံဆန့် သောက်ရေကန် (၁၃) လုံး ရှိရာ နေရာတွေကို ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။

သူက ဆက်လျှောက်သေးတယ်၊ မှန်ပါဘုရား--တပည့်တော်ဘ၀မှ သိပ်အားကျ အထင်ကြီးနေရတဲ့သူ ၃ ယောက်ရှိပါတယ်ဘုရား၊ သီတဂူဆရာတော်ကြီးရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ နောက်တစ်ယောက်က ဘယ်သူလဲ မသိ၊ မေ့နေတယ်၊ ကိုယ့်ဘာသာ တွေးပြီး သုံးယောက်မြောက် အထင်ကြီးခံရသူ ထည့်လိုက်ကြစို့၊ ဘယ်သူဖြစ်တယ်ပေါ့။

NGO နှင့် သီတဂူဆရာတော် ပြောသော ဆိုရှယ် အလုပ်
သူက ဆက်လျှောက်သေးတယ်၊ တပည့်တော်ကတော့ အခု အဓိက ဆိုရှယ်လုပ်နေတဲ့ NGOတွေကို သိပ်အားမကျဘူးဘုရား၊ တပည့်တော်ကိုယ်တိုင်က အဲဒီအဖွဲ့တည်းမှာ အလုပ်လုပ်နေပါတယ်ဘုရား။ မရှိ ဆင်းရဲသားတွေ အတွက် အကူညီပေးရန် တည်ထောင်ထားတဲ့ အဖွဲ့ကြီးက မြန်မာနိုင်ငံမှာ ဈေးအကြီးဆုံး Trader Hotel (ကုန်သည်ကြီးများ ဟိုတယ်လ်)လို နေရာမှာ ရုံးခန်းတွေ ဖွင့်တယ်၊ ကားအကောင်းစားတွေပဲ စီးတယ်၊ နောက်ဆုံးပေါ်တွေပဲ သုံးနေကြတယ်၊ နိုင်ငံတကကာ ပေးတဲ့ အထောက်ပံ့တွေက သူတို့ ၀န်ထမ်းတွေ စားသောက်တာနဲ့ တကယ် ဆင်းရဲတဲ့ သူတွေစီ မရောက်ဘူး၊ တကယ့်လိုအပ်တဲ့ နေရာတွေမှာ နဲနဲပဲ ရောက်တယ်ဟု လျှောက်သည်။

ဆရာတော်ကြီးက သူလျှောက်တာနဲ့ စပ်လျှင်းပြီး အေးကွ- ငါ အလုပ်လုပ်နေတဲ့ လုပ်ငန်းတွေကြည့်ကွ၊ သူ့ခေါင်းစဉ်နဲ့သူ လုပ်တာ၊ ငါ အဓိကလုပ်နေတဲ့ အလုပ်က သီတဂူ ရေအလှူတော် စီမံကိန်း၊ သီတဂူဆေးရုံများ စီမံကိန်း၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ စီမံကိန်း၊ ပြည်တွင်းပြည်ပ သီတဂူသာသနာပြုကျောင်းများ စီမံကိန်း လေးခုပဲ။ ဒါပေမဲ့ အခါအားလျှော်စွာ သဘာဝဘေးဒဏ်ကြောင့် သေကြေ ပျက်စီးကြတာတွေကို ကယ်ဆယ်ရေး ကူညီရေး လုပ်ငန်းတွေ၊ မလေးရှားနှင့် သီရိလင်္ကာနိုင်ငံမှာကဲ့သို့ အဆင်မပြေ ဖြစ်နေကြတဲ့ ဒို့နိုင်ငံသားတွေ ကူညီရေးတွေကိုပါ လုပ်နေရတယ်။

အဲဒီလို လုပ်တဲ့အခါမျိုးမှာ ပြည်တွင်းပြည်ပက လှူလိုက်တဲ့ ထောက်ပံ့လိုက်ကြတဲ့ အထဲက နဲနဲလေးမှ မသုံးဘဲ ကိုယ့်စရိတ်နဲ့ကို သွားပြီး ကူညီကြတာ၊ ငါ့တပည့်တွေ ကပ္ပိယတွေကိုလဲ ပြောထားတယ် “မင်းတို့ ဒီအလှူတွေထဲက နဲနဲလေးမှ ယူမသုံးကြနဲ့၊ ကိုယ့်စရိတ်နဲ့ကိုယ် သွားကြ လာကြ စားကြ နေကြကွ၊ ငါကိုယ်တိုင်လည်း ငါ့ကား ဆီဖိုးကအစ ငါ့ဘာသာ ငါ တာဝန်ယူတယ်။ ဒါ့ကြောင့် ပြည်တွင်းပြည်ပက လှူလိုက်တဲ့ ပစ္စည်း၊ အလှူငွေ အားလုံး တကယ်လိုအပ်တဲ့သူတွေ ဆီကို ထိထိမိမိ ရောက်တယ်ကွ”ဟု မိန့်သည်။ တပည့်တော်က ကျောင်းက ပေးတဲ့ မာစတာပါဘုရား၊ အရှင်ဘုရားက တကယ့်လက်တွေ့ကျတဲ့ ပီအိပ်ချီ ဆိုရှယ် ပါဘုရားဟု ကောင်းလေးက လျှောက်တော့သည်။

သီတဂူဆရာတော် ပြောသော ဘုရားပေးတဲ့ ဆိုရှယ်အလုပ်တည်း။။

မှတ်ချက်။ ဓာတ်ပုံများအားလုံး စစ်တွေ ငြိမ်းချမ်းရေး ဓမ္မခရီးမှ ပုံများဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၁၀-၂၀၁၃

20 October 2013

သီတဂုဆရာတော်၏ စစ်တွေခရီးစဉ်


 
အောက်တိုဘာ (၁) ရက်နှင့် (၂) ရက်နေ့များက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် International Interfaith Conference for Security Peace and Co-Exisitence အစည်းအဝေးကို ကျင်းပနေခဲ့သည်။ ဘာသာပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် လုံလုံခြုံခြုံ လက်တွဲနေထိုင်ရေး ဦးတည်ချက်ဖြင့် အစည်းအဝေးကို ကျင်းပသည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီတွင် အခြေစိုက်သော (The Institute for Globle Engagement) ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းဌာနနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့က ပူးတွဲထောက်ပံ့ စည်းရုံး၍ ကျင်းပခြင်း ဖြစ်သည်။

ထိုအစည်းဝေး၌ နိုင်ငံပေါင်း (၁၂)နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း (၈၀)ကျော် တက်ရောက်ကြသည်။ သံရုံးပေါင်း (၁၀)ရုံးမှ သံအမတ်ကြီးများ၊ သံမှူးကြီးများ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ (ပရိယတ္တိသာသနတက္ကသိုလ်၊ ထေရ၀ါဒတက္ကသိုလ်၊ ဗုဒ္ဓတက္ကသိုလ်) သာသနာ့တက္ကသိုလ်ကြီး၊ ဗုဒ္ဓတက္ကသိုလ်တက္ကသိုလ်ကြီး ၆ ခုတို့မှ ပါမောက္ခများ၊ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ ရန်ကုန် မန္တလေး အစ္စလာမ်အသင်းအဖွဲ့များနှင့် ခရစ်ယာန်အသင်းများမှ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ကြသည်။ သတင်း မီးဒီယာ (၁၅)ခု တို့မှ သတင်းလာယူကြသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က သ၀ဏ်လွှာများ ပေးပို့ကြသည်။ လုံခြုံရေး ငြိမ်းချမ်းရေး လက်တွဲနေထိုင်ရေးဟူသော ခေါင်းစဉ်ဖြင့် စာတမ်းပေါင်း ၃၆ စောင်တို့ကို ဖတ်ကြား တင်သွင်းကြသည်။

ထိုငြိမ်းချမ်းရေး ညီညွတ်ရေး အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဆွေးနွေးပွဲကြီး ပြုလုပ်နေစဉ် အောက်တိုဘာ (၁) ရက်နေ့ ညပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့အနီး ကျေးရွာ သုံးစုတို့တွင် ရခိုင်နှင့် ဘင်္ဂါလီတို့ အဓိကရုဏ်းဖြစ်ကြကြောင်း သတင်းတစ်ပုဒ် အစည်းအဝေးခန်းမဆောင်ထဲသို့ ရောက်ရှိလာသည်။ ဘာသာပေါင်းစုံ အစည်းအဝေးကြီးသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်အပေါင်းတို့က စိုးရိမ်ပူပန်ကြသည်။ ထိုအတွက် သီတဂူဆရာတော်က ဘာလုပ်မည်နည်းဟု မေးမြန်းကြသည်။ အစည်းအဝေးကြီး၏ ရည်ရွယ်ချက်နှင့် ဆုံးဖြတ်ချက်အတိုင်း ကိုယ်တိုင် သွားရောက်၍ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး တရားဟောမည်ဟု ကိုယ်စားလှယ်အားလုံးကို ပြောလိုက်သည်။ ဘာသာပေါင်းစုံ အစည်းအဝေး၏ ရည်ရွယ်ချက်နှင့်ဆုံးဖြတ်ချက်ကို Actiion Plan လုပ်လိုက်ခြင်းပင် ဖြစ်သည်။

သံတွဲမြို့၌လည်းကောင်း ကိုယ်တိုင်သွားရောက်နိုင်သော ကျေးရွာများ၌လည်းကောင်း ရခိုင်လူမျိုးနှင့် ဘင်္ဂါလီလူမျိုးတို့ကို တစ်နေရာစီ စု၍စု၍ အုပ်စုလိုက် တရားဟောမည်ဟု မေတ္တာရပ်ခံပြီး သီတဂူဆရာတော်၏ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သော ပရဟိတ လုပ်ငန်းများမှ ကျန်းမာရေးနှင့် ပညာရေး ဆောင့်ရှောက်မှု ဤနှစ်ခုသည် ဦးစားပေး ပဓာန ဖြစ်သည့်အားလျှော်စွာ မီးလောင်းခံရသော ကျေးရွာများ၌ ဆေးပေးခန်းနှင့် စာသင်ကျောင်းများ ဆောက်မည်ဟု ဆုံးဖြတ်ခဲ့သည်။ သံတွဲမြို့၌ ဆောက်လုပ်ဆဲဖြစ်သော သီတဂူစက္ခုဒါနဆေးရုံတော်ကိုလည်း အမြန်ဆုံး ဖွင့်လှစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အတိုင်း နိုင်ငံတော် အကြီးအကဲများထံ တင်ပြ၍ အောက်တိုဘာ (၇)ရက်နေ့က ကမ္ဘောဇ အဲယားလိုင်းဖြင့် သွားရောက်ခဲ့သည်။

သံတွဲမြို့ လေဆိပ်၌ စစ်စဉ်ရေးကွပ်ကွဲအထူးအဖွဲ့ အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဘာသာရေးအသင်းအဖွဲ့ (ဗုဒ္ဓဘာသာ၊ မွတ်စလင်) တို့က ကြိုဆိုခဲ့ကြသည်။ ရန်ကုန်မြို့ အစ္စလာမ်အဖွဲ့ချုပ်မှ ဦးအေးလွင်ကိုလည်း ဆရာတော်က ခေါ်ဆောင်သွားခဲ့သည်။

အောက်တိုဘာ (၇) ရက်နေ့ ညနေခင်းက သံတွဲမြို့တော်ခန်းမ၌ သီတဂူဆရာတော်နှင့် အစ္စလာမ်ခေါင်းဆောင် ဦးအေးလွင်တို့က ရခိုင်ဗုဒ္ဓဘာသာဝင်တို့အား ငြိမ်းချမ်းရေး ညီညွတ်ရေး တရားများ ဟောကြားကြသည်။

အောက်တိုဘာ (၈)ရက်နေ့ နံနက်ပိုင်းတွင် ခရိုင်အုပ်ချုပ်ရေးရုံး၌ အစ္စလာမ်ဘာသာဝင်တို့အား သီတဂူဆရာတော်နှင့် ဦးအေးလွင်တို့က ငြိမ်းချမ်းရေး တရားဟောကြသည်။

အောက်တိုဘာ (၈)ရက်နေ့ နေလည်ခင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၏ စီမံဆောင်ရွက်ပေးမှုကြောင့် အိမ်ခြေ ၁၄ လုံးခန့် မီးလောင်ခံရသော သပြုချိုင်းရွာသို့ ရဟတ်ယာဉ်ဖြင့် သွားရောက် ကြည့်ရှုခဲ့သည်။ မွတ်စလင်နှင့် ဗုဒ္ဓဘာသာ နှစ်မျိုးတို့ကို နှစ်နေရာ စု၍ ငြိမ်းချမ်းရေး ညီညွတ်ရေး တရား ဟောခဲ့သည်။

ယိမ်းရိုင်နေသာ မူလတန်းကျောင်းကို အသစ်ဆောက်ပေးရန်နှင့် လုံးဝမရှိသေးသော ဆေးခန်းကို တည်ဆောက်ပေးရန် သီတဂူဆရာတော်က ကြေညာခဲ့သည်။ ထိုသပြုချိုင်းရွာ၌ စာသင်ကျောင်းနှင့် ဆေးခန်း ဆောက်လုပ်ရန် အလှူခံခဲ့ရာ ယခုအခါ ကျပ်သိန်း (၆၀၀) ခြောက်ရာ ရရှိပြီးဖြစ်သည်။ ပါဝင်လှူဒါန်းလိုသော ပုဂ္ဂိုလ်များသည် သီတဂူသာသနာပြုအဖွဲ့နှင့် ဆက်သွယ်နိုင်ပါသည်။

မိုးလုံးဝ ရပ်စဲ ဆောင်းအလည်လောက် ရောက်သည့်အခါ သီတဂူမေတ္တာစက္ခုဒါန ဆေးရုံကိုလည်း ဖွင့်လှစ်၍ လူမျိုးမရွေး ဘာသာမရွေး မျက်စိ ခွဲစိပ်ပေးမည်ဖြစ်သည်။ သပြုချိုင်းရွာ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်မည် ဖြစ်သည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
ဖုန်း၀၁-၅၈၁၉၉၉၊ ၅၈၁၇၇၇

ရွင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၀-၂၀၁၃

16 October 2013

သီတဂူ တက္ကသိုလ်များ စာမေးပွဲ ကျင်းပ

သီတဂူ တက္ကသိုလ်များ စာမေးပွဲ ကျင်းပ 
 ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ဒီပလိုမာတန်းများနှင့် ဘီအေတန်းများ၏ ပထမ နှစ်ဝက်စာမေးပွဲများကို စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန် မြို့ကြီးများရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် ၂၀၁၃ခုနှစ် အောက်တိုဘာ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ (၅) ရက်တိုင်းတိုင် ကျင်းပလျှက်ရှိသည်။ 

ထိုစာမေးပွဲများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် တက်ရောက်သင်ယူနေကြသော ရန်ဟန်းတော်များ၊ သီလရှင်ဆရာလေးများ၊ ကျောင်းသား ကျောင်းသူများ (၈၀၀ခန့်)က ၀င်ရောက်ဖြေဆိုကြသည်။ 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
www.thesitagu.org/
 ရွှင်လန်းချမ်းမြေ့ပါစေ
 သီတဂူစတား

14 October 2013

သီတဂူဝက်ဘဆိုက် စတင်ထုတ်လွင့်

ဝက်ဘဆိုက်
+++++++++++++++++

သီတဂူကို ကြည်ညိုလေးစားကြကုန်သော အိုသူတော်စင် အပေါင်းတို့

မြတ်ဗုဒ္ဓသာသနာတော်ကြီး တည်တန့်ခိုင်မာစေရန်နှင့် ပြန့်ပွားစေရန် ရည်စိတ်သန်၍ သာသနာရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အရေးများစွာကို ပြုလုပ်နေသော သီတဂူဆရာတော်ကြီး ဦးဆောင် တည်ထောင်ထားအပ်သော “သီတဂူ အပြည်အပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြု အဖွဲ့” (Sitagu International Buddhist Missionary Association (SIBMA) ” ၏ လုပ်ငန်းစဉ်များကို ကမ္ဘာတစ်ဝှမ်းရှိ သူတော်စင်အပေါင်းတို့ ၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ရန်အတွက် www.thesitagu.org လိပ်စာဖြင့် သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့ ၀က်ဘဆိုက်ကို စတင်စမ်းသပ် ထုတ်လွင့်နေပါသည်။

၁။ အကြံအဥာဏ်များ ပေးရန်နှင့်

၂။ သီတဂူနှင့် ဆက်စပ်သည့် သတင်း၊ သာသနာရေး၊ ဘာသာရေးလှုပ်ရှားမှု သတင်း ဓာတ်ပုံများ ပေးပို့နိုင်ရန် ဖြစ်ပါသည်။

၃။ မကြာမီမှာပဲ ဖေ့စ်ဘုတ်ကိုပါ ပူးတွဲ ထုတ်လွင့်မှာ ဖြစ်ပါသည်။

သီတဂူ စမ်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

ဆက်သွယ်ရန် thesitagu@gmail.com

တာဝန်ခံ
သီတဂူသာသနာပြုအဖွဲ့
၃-၁၀-၂၀၁၃

12 October 2013

ပရဟိတစိတ်

ပရဟိတစိတ်
စာမိတ်ဆက် 
၆-၁၀-၂၀၁၃ နေ့က စာရေးသူ၏ ဒုတိယ မြောက် ထွက်လာမည့် စာအုပ်အတွက် မိုးကျော်သူ စာပေဖြန့်ချီရေးက ကိုအောင်လင်းသူဆီ စာမူများ သွားပေးဖို့ ထွက်လာခဲ့သည်။ အဲနေ့က သူကလဲ ပေးပျော် ပရဟိတအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်နေတော့ သူတို့ရဲ့ အလှူဒါနတစ်ခုမှာ ကြုံတုန်းကြုံခိုက် တရားချီးမြှင့်ပေးရန် လျှောက်သည်။ ၀မ်းမြောက်စရာပါပဲ၊ ပရဟိတအဖွဲ့ဆိုတဲ့အတိုင်း တကယ့် ပရဟိတ စိတ်ရှိကြတဲ့ အဖွဲ့ပဲ၊ နယ်စွန်နယ်ဖျား ရှားပါး ကျောင်းတွေကို ထောက်ပံ့နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တော့ သူတို့ပွဲမှာ ပရဟိတစိတ် အကြောင်း နဲနဲ ပြောခဲ့သည်။ စာရေးသူဟောခဲ့သမျှတို့ကို နာချင်သူများ ရှိသည်၊ မကြာမကြာလဲ ဟောပေးခဲ့သည်၊ တစ်ယောက်သော ကလေးမတစ်ယောက်က ဘုန်းဘုန်း ဘာတရားဟောခဲ့လဲ၊ စာရေးပြီး ပို့စ်တင်ပါ့လားဘုရား၊ အများဖတ်ရတာပေါ့ ဟု ပြောသည်။ ထို့အတွက် ရေးဖို့ ရည်ရွယ်ချက်မရှိပေမဲ့ ဖြစ်ညှစ်ပြီး စာတစ်ပုဒ် အားထုတ်မိသည်။

သူတော်ကောင်း အမှတ်သားဟူသည်

ထိုပွဲအတွက် အပိုင်း ၃ခုနဲ့ မျှဝေခဲ့သည်၊ အပိုင်း (၁)မှာ သူတော်ကောင်းလက္ခဏာ၊ မစ္ဆရိယကင်းမှ သူတော်ကောင်း ဖြစ်နိုင်၊ မစ္ဆရိယကင်းမှ ပေးနိုင် စွန့်နိုင်။ အပိုင်း (၂)မှာ မစ္ဆရိယကင်းမှ ပရဟိတစိတ် ဖြစ်နိုင်ပုံနှင့် အပိုင်း (၃) မစ္ဆရိယကင်းသော ပရဟိတ စိတ်သည် အသင်းအဖွဲ့တစ်ဖွဲ့၏ ညီညွတ်ရေးကိုလည်း ဖြစ်စေနိုင်ပုံကို တိုတိုကျဉ်းကျဉ်း လိုရင်းဖြင့် မျှဝေခဲ့သည်။

အပိုင်း (၁) သူတော်ကောင်း အမှတ်သား
ဒဿန၀တော သီလ၀တံ၊ သဒ္ဓမ္မံ သောတု မိစ္ဆတိ။
ဝိနယေ မစ္ဆေရ မလံ၊ သဝေ သဒ္ဓေါတိ ၀ုစ္စတိ။ (အင်္ဂုတ္တရနိကာယ်)

ဒဿန၀တော သီလ၀တံ= ကိုယ်ကျင့်သီလရှိတဲ့ သူတော်ကောင်းများကို ဖူးမြင် တွေ့မြင် ဆုံချင်သူ သည် သူတော်ကောင်းတစ်ယောက်၏ ရှိသင့်သော အမှတ်အသား လက္ခဏာတစ်ခု ဖြစ်သည်။ တချို့ကျပြန်တော့ သူတော်စင်များနဲ့ တွေ့ရမှာ ရှက်ကြသည်၊ ကြောက်ကြသည်၊ သူတော်ကောင်းများနှင့် တွေ့ဖို့ ဆွေးနွေးဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဖြစ်နေတတ်သည့်အတွက် မတွေ့လို မမြင်လို၍ ဝေးဝေးက ရှောင်လွဲ သွားတတ်ကြသည်။ ချဉ်းကပ်ဖို့ဆို ပိုလို့တောင် ဝေးနေတော့သည်။ ဒါကို သဒ္ဓါနဲသူဟု ခေါ်သည်၊ သဒ္ဓါတရားရှိသူသည် သူတော်ကောင်းများကို ချဉ်းကပ်ခွင့်ရဖို့ အမြဲပဲ အခွင့်လမ်းရှာနေသူ ဖြစ်သည်။

သဒ္ဓမ္မံ သောတု မိစ္ဆတိ= သူတော်ကောင်းတရား နားကြားလိုစိတ်ရှိခြင်း၊ သူတော်ကောင်းတွေရဲ့ အဆုံးအမကို ခံယူလိုခြင်း၊ သူတော်ကောင်းတွေနဲ့ ဆွေးနွေးလိုစိတ်ရှိခြင်းသည် သူတော်ကောင်းများ၏ အမှတ်အသားများဖြစ်သည်။ အရှင်ရာဟုလာသည် သာမဏေဘ၀ကပင် လက်ထဲက သဲ နှစ်ဆုပ်ကိုကြည့်ပြီး သူ့ကို ဆုံးမ လမ်းပြမည့် ဆရာကောင်းများ ဤလက်ထဲက သဲပွင့်လေးတွေလောက်မက ရပါရစေဟု ဆန္ဒပြုသည်။ ဤကဲ့သို့ သူတော်ကောင်းတို့၏ စိတ်နေ စိတ်ထားရှိသူသည် သဒ္ဓါတရား ရှိသူဟုလည်း ဆိုသည်။

ဝိနယေ မစ္ဆေရ မလံ= ပေးချင် ကမ်းချင် စွန့်ကြဲချင်စိတ်သည် သူတော်ကောင်းတို့၏ အမှတ်အသား လက္ခဏာ ဖြစ်သည်။ ပေးကမ်း စွန့်ကြဲလိုစိတ်သည် မစ္ဆရိယ (နှမျောတွန့်တို) စိတ်ကင်းမှသာလျှင် ဖြစ်နိုင်သည်။ ၀ိနယမစ္ဆေရမလ၊ ၀ိဂတမစ္ဆေရမလ- မစ္ဆရိယစိတ် မရှိခြင်းကို ပယတ္တပါဏီ ဝေါသဂ္ဂရတော ဒါနသံဝိဘာဂရတော စသည်တို့ဖြင့် တန်ဆာဆင်ထားသည်။ ဆိုလိုသည်မှာ သတ္တ၀ါတို့၏ လက်သည် အလုပ်နှစ်မျိုးလုပ်သည်၊ ယူခြင်းနှင့် ပေးခြင်း ဟူသော ကိစ္စနှစ်ရပ်ပင်ဖြစ်သည်၊ ပစ္စည်းတစ်ခုကို ယူနေတဲ့ အခိုက်အတန့် ထိုလက်မှာ လိုချင်မှု တဏှာ ကပ်ညှိနေသည်၊ သို့သော် ပေးသူ၏ လက်မှာတော့ ထိုတဏှာ သန့်ရှင်းနေသည်အတွက် ပယတ္တပါဏီ-သန့်ရှင်းသော လက်ရှိသူ၊ သန့်စင်ပြီးသော လက်ရှိသူဟု ဆိုအပ်၏။ မစ္ဆရိယစိတ် ကင်းသောကြောင့်သာ သန့်ရှင်းသော လက်ပိုင်ရှင် ဖြစ်ကြသည်။

မစ္ဆရိယသည် ကိုယ့်ပစ္စည်းအပေါ်မှသာ ဖြစ်တတ်သည်၊ ဣဿာကတော့ သူတပါးပစ္စည်းအပေါ်မှာ ဖြစ်တတ်သည်ဟု မှတ်သားထားခဲ့ဖူးသည်။ တခါတရံ သူတစ်ပါးပစ္စည်းအပေါ်မှာလဲ မစ္ဆရိယစိတ်ဖြစ်သည်ကို တွေ့ရသည်။ ကောသလမင်းကြီး၏ အသဒိသဒါနအလှူပွဲမှာ မြတ်ဗုဒ္ဓက လေးပါဒမျှသာရှိသည့် ဂါထာလေးတစ်ပုဒ်သာ ဟောခဲ့သဖြင့် မင်းကြီး စိတ်ဆိုးသည်။ မြတ်ဗုဒ္ဓကတော့ ဘုရားတစ်ဆူလက်ထက်မှာ တစ်ကြိမ်တစ်ခါသာ ပေါ်လာတဲ့ ဒီလောက်ကြီးကျယ်တဲ့ အလှူပွဲမှာ အလှူဒါနနှင့် သင့်လျှော်သော ဓမ္မမိုးရွာသွန်းလျှင် ဘာဖြစ်နိုင်မလဲ၊ တရားနာ ပရိသတ်ကကော လက်ခံနိုင်စွမ်းရှိရဲ့လားဟု ဥာဏ်တော်ဖြင့် ကြည့်လိုက်ရာ ပရိသတ်မစင်ကြယ်သည်ကိုတွေ့ရသည်၊ ထိုအထဲမှာ ၀န်ကြီးနှစ်ယောက်၏ အခြေအနေကို မြင် သိနေရသည်။ ကာဠအမည်ရှိ ၀န်ကြီးကတော့ ကွန်မြူနစ်ဆန်ဆန် တွေးခေါ်သည်၊ “အရပ်ရှစ်မျက်နှာက ပြည်သူတွေအား ကျွေးတဲ့ အသဒိသအလှူပွဲကြီးမှာ ဘုရင်ကြီးသည် တိုင်းပြည် မင်းဘဏ္ဍာကို ဖြုန်းတီးပစ်သည်၊ မကြာမီ တိုင်းပြည်မွဲပြာကျတော့မည်၊ ဒီအလှူက ကျွေးလိုက်တဲ့ အစားအစာတွေ စားသုံးပြီး အဲဒီလူတွေလဲ အိပ်ကြလိမ့်မည်”ဟု တွေးတောနေသည်။ ဇုဏှအမည်ရှိ ၀န်ကြီးကတော့ သူနဲ့ ဆန့်ကျင်ဘက် တွေးသည်၊ အော်--အလှူပွဲကြီး ကြီးကျယ်လိုက်တာ၊ ဒီလောက် ပြည့်စုံတဲ့ အလှူပွဲကြီးမျိုးကို ဘုရင်များသာ ပြုနိုင်သည်ဟု တွေးကာ ၀မ်းမြောက်နုမော် သာဓုခေါ်နေသည်။

အကယ်၍သာ အကြီးအကျယ် ဓမ္မမိုး ရွာသွန်းလိုက်လျှင် မစ္ဆရိယထန်သော ၀န်ကြီး ကာဠ ခေါင်း ၇စိပ် ၇လွှာ ကွဲတော့မည်၊ ၀န်ကြီး ဇုဏှကတော့ တစ်ထိုင်းတည်းမှာပဲ သောတာပန် ဖြစ်လိမ့်မည်ကို မြင်တော်မူသော မြတ်ဗုဒ္ဓသည် မဟာကရုဏာဖြင့် ၀န်ကြီး ကာဠကို သနားရကား လေးပါဒမျှသော ဂါထာဖြင့်သာ အသဒိသအလှူပွဲကြီး ပြီးဆုံးခဲ့ရသည်။ ကရုဏာသည် သာသူ နာသူ ယှဉ်လာလျှင် နာသူအပေါ်ကိုသာ ကရုဏာ သက်ရောက်သည်။

မြတ်ဗုဒ္ဓထံ စိတ်ဆိုးမာန်ဆိုးနဲ့ ရောက်လာသော ကောသလမင်းကြီးလည်း သူ၏ပရိသတ် မစင်ကြယ်သည်ကို ကောင်းကောင်း သဘောပေါက်သွားသည်၊ အမတ်ကြီးနှစ်ယောက်ကို ခေါ်ပြီး စစ်ဆေးကြည့်ရာ မြတ်ဗုဒ္ဓမိန့်သည့်အတိုင်း အမှန်ဖြစ်နေသည်။ ၀န်ကြီး ကာဠကို သင်ကတော့ ကိုယ်နဲ့လဲ မဆိုင်၊ သူများအလှူအပေါ်မှာ (သူများပစ္စည်းအပေါ်မှာ) မစ္ဆရိယစိတ် ဖြစ်တဲ့အတွက် တိုင်းပြည်က ထွက်စေဟု ပြည်နှင်ဒဏ်ပေးလိုက်သည်။ ၀န်ကြီး ဇုဏှကိုတော့ သင်ကတော့ သူများအလှူအပေါ်မှာ ၀မ်းမြောနုမော် သာဓုခေါ်ပေးတဲ့ အတွက် ဤမျှလောက်သော စည်းစိမ်တွေကို ယူပြီး ၇ ရက်တိုင်တိုင် အလှူဒါန ပြုလောဟု ချီးမြောက်သည်။

မစ္ဆရိယစိတ်သည် လက်တွေ့ဘ၀မှာပင် ယခုကဲ့သို့ အကျိုးပေးသည်၊ တမလွန်ဘ၀မှာလဲ သုဂတိဘုံဘ၀သို့ မရောက်နိုင်၊ သူတော်ကောင်းစိတ် ရှိသူ မစ္ဆရိယစိတ် ကင်းသူ သူတစ်ပါးအလှူဒါနအပေါ် ၀မ်းသာ ပေးနိုင်သူများကတော့ လက်တွေ့ဘ၀မှာပဲ ဇုဏှအမတ်ကြီးလို ကောင်းကျိုးချမ်းသာ ရမည်၊ နောင်ဘ၀အဆက်ဆက်မှာလဲ ကောင်းသော ဘ၀ ဂတိကို ပိုင်ဆိုင်မည်။

န ဝေ ကဒရိယော ဒေ၀လောကံ ၀ဇန္တိ၊ ဗာလော ဟဝေ နပ္ပသန္တိ ဒါနံ။
ဓီရော စ ဒါနံ အနုမောဒမာနော၊ တေ နေ၀ သော ဟောတိ သုခီ ပရတ္ထ။ (ဓမ္မပဒ)

မစ္ဆရိယစိတ် မရှိမှသာလျှင် ကရုဏာစိတ် ရှိမည်၊ စွန့်ကြဲပေးကမ်းနိုင်မည်။ နောက်တစ်ပုဒ်က ဝေါသဂ္ဂရတော- သူတစ်ပါးကို ပေးရ ကမ်းရ လှူရတန်းရတာကို ပျော်မွေ့ခြင်းနှင့် ဒါနသံဝိဘာဂရတော- အလှူဒါနပွဲတွေမှာ စီမံ ခန့်ခွဲနေရတာကို ပျော်မွေ့ခြင်းတို့သည် သူတော်ကောင်းတို့ အသွင်ဖြစ်သည်။

ဘုရားလောင်း ကျင့်စဉ် (၅)မျိုး

ကောင်းမှုပြုနေရတာကို ပျော်မွေ့ခြင်းကလည်း ဘုရားလောင်းတို့ ကျင့်စဉ် ၅ ခုထဲက တစ်ခုဖြစ်သည်။ ဘုရားလောင်းတို့သည် ကောင်းမှုပါရမီ ဖြည့်ကျင့်ရာဝယ် (၁) စိရကာလ ဘာဝနာ- အကြာကြီးပြုလုပ်ခြင်း၊ ဘုရားဖြစ်ရန် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အကြာကြီး ပါရမီများ ဖြည့်ကျင့်ခဲ့ရသည်။ (၂) နိရန္တရ ဘာဝနာ- အဆက်မပြတ် ပြုလုပ်ခြင်း၊ ကောင်းမှုပြုရာ၌ တစ်ကြိမ်ပြုလိုက် ရပ်လိုက်၊ နောက်မှ ပြန်လုပ်လိုက်၊ ယခုလို ပရဟိတအလှူပွဲတွေ ဒီလမှာ ပါဝင်ပြီး နောက်လမှာ ရပ်လိုက်တာမျိုးသည် ဘုရားလောင်းတို့ ကျင့်စဉ်မဟုတ်။ အလှူအဖွဲ့ရဲ့ အစီအစဉ်အတိုင်း လစဉ် နှစ်စဉ် အဆက်မပြတ် ပါဝင်ခြင်းက ဘုရားလောင်းတို့ ကျင့်စဉ်ဖြစ်သည်။ (၃)နိရ၀သေသ ဘာဝနာ- ကောင်းမှုမှန်သမျှ ကုသိုလ်မှန်သမျှ ကောင်းတာမှန်သမျှ သိမ်းကြုံးလုပ်ခြင်း၊ နေရာ မရွေး၊ အချိန်မရွေး အခါမရွေး အလှူအမျိုးစား မရွေးဘဲ အကြွင်းကျန်မရှိ အကုန် လုပ်ခြင်းသည် ဘုရားလောင်းများ ကျင့်စဉ်ဖြစ်သည်။ (၄) သက္ကစ္စ ဘာဝနာ-ကောင်းမှုပြုရာဝယ် ကပျက်ကချော် စိတ်မပါတပါမျိုး မဟုတ်ဘဲ စိတ်ပါပါ တလေးတစား ပြုခြင်းသည် ဘုရားလောင်းတို့ ကျင့်စဉ်ဖြစ်သည်။ နောက်ဆုံး နံပါတ် (၅) အဘိရတိ ဘာဝနာ-ကောင်းမှုပြုသော အခါ ပျော်ပျော်ကြီး ပြုရာ၏။

မစ္ဆရိယစိတ်မရှိခြင်း၊ သူတော်ကောင်း အမှတ်အသား၊ သဒ္ဓါတရားရှိသူတို့ လက္ခဏာတွင် ကောင်းမှုပြုရခြင်းကို ပျော်မွေ့ခြင်းက အသွင်အပြင်တစ်ခု ဖြစ်သည်။ ပျော်ပျော်ကြီး ကုသိုလ်ကောင်းမှု ပြုနိုင်ခြင်းက ဘုရားလောင်းအကျင့်ဖြစ်သည်။

အပိုင်း(၂) မစ္ဆရိယကင်းမှ ပရဟိတစိတ်ဖြစ်

ပရ=တစ်ပါးသူ၊ ဟိတ= အကျိုးစီးပွား၊ ပရဟိတ-တစ်ပါးသူ၏ အကျိုးစီးပွား။ သူတစ်ပါးအကျိုးစီးပွားအတွ ဆောင်ရွက်လိုစိတ်၊ ဆောင်ရွက်သော စိတ်သည်။ ပရဟိတစိတ် ဟုခေါ်သည်။ မိမိအကျိုးစီးပွားကို မကြည့်ဘဲ သူတစ်ပါးအကျိုးစီးပွားကို လိုလားသော စိတ်သည် ပရဟိတ စိတ်မည်သည်။ မစ္ဆရိယ စိတ်ရှိသူတို့သည် ကိုယ့်အကျိုးစီးပွားကိုယ်သာ လိုလားသည်၊ သူတစ်ပါးအကျိုးစီးပွားကို မလိုလား။ မစ္ဆရိယစိတ် ရှိနေသရွေ့ ပရဟိတစိတ် မဖြစ်နိုင်၊ ပရဟိတ အလုပ်ကို လုပ်နိုင်သူများသည် ကိုယ့်အကျိုးစီးပွားကို စွန့်ထားရသည်၊ မစ္ဆရိယကို စွန့်နိုင်ရသည်။

ငွေအားနှင့်ပဲ ဖြစ်ဖြစ်၊ ကိုယ်အားနှင့်ပဲဖြစ်ဖြစ်၊ ဥာဏ်အားနှင့်ပဲ ဖြစ်ဖြစ် သူတစ်ပါးအကျိုးစီးပွားအတွက် ဆောင်ရွက်နေသူများသည် လာဘမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ အာဝါသမစ္ဆရိယ၊ ၀ဏ္ဏမစ္ဆရိယ ကာယဂရု မစ္ဆရိယတို့ကို ပယ်စွန့်နိုင်သူများ ဖြစ်ကြသဖြင့် သူတော်ကောင်းကြီးများ ဖြစ်ကြသည်။

တစ်ခါက သီဟိုဠ်ကျွန်းမှာ မဟာမိတ္တအမည်ရှိ ရဟန်းတပါးသည် ကဿက လိုဏ်ဂူ၌ သီတင်းသုံးကာ ရဟန်းတရား အားထုတ်၍ နေလေ့ရှိသည်။ သူသည် နေ့စဉ်နှင့်အမျှ ထို လိုဏ်ဂူအနီးအနားရှိ ဆင်းရဲသား မိသားစုအိမ်သို့ ဆွမ်းခံကြွလေ့ရှိသည်။ ထိုမိသားစုမှာလည်း အမေနှင့် သမီး သားအမိ ၂ ယောက်သာရှိသည်။ တစ်နေ့သ၌ မိခင်ကြီးသည် တောထဲသို့ မသွားမီ သမီးအား ‘‘ သမီးရေ--သမီး အကိုကြီး ဆွမ်းခံကြွလာရင် ထမင်းချက်ပြီး နို့၊ ထောပတ်၊ တင့်လဲ တို့ကို လောင်းလှူလိုက်ပါ၊ သမီးလည်း စားပေါ့’’ဟု မှာကြားခဲ့သည်၊ ကိုယ့်လယ်ယာမှ ထွက်သော ဆန်စပါးများကို ကိုယ်ကိုတိုင် ဖွတ်ထောင်းပြီး ထားခဲ့သော နေရာကို သမီးအား ပြပြီး အထွက်တွင် ‘‘မေမေကော ဘာစားပြီးပြီလဲ’’ ဟု သမီးက မေးရာ မေမေတော့ မနေ့က ကျန်တဲ့ ထမင်ကြမ်းခဲကို ထမင်းရည်နဲ့ စမ်းပြီး စားလိုက်ပြီ သမီး။ ဒါဆို နေ့လည်စာအတွက်ကော မေမေ? နေ့လည်စာအတွက်တော့ ဆန်ကွဲလေးကို ပြုတ်ပြီး ဟင်းရွက်ကလေးခပ်လိုက်ရင် ဒို့သားအမိ နှစ်ယောက်စာအတွက် လုံလောက်ပြီပေါ့။

မဟာမိတ္တမထေရ်သည် ဆွမ်းခံရန်အတွက် သပိတ် သင်္ကန်းတို့ကို ပြင်ဆင်နေစဉ် ဒိဗ္ဗသောတ အဘိဥာဉ်ဖြင့် သားအမိ နှစ်ယောက် ပြောသမျှ စကားအားလုံးကို ကြားသိရသဖြင့် သတိသံဝေရကာ သူ့ကိုယ်သူ ဆုံးမသည်မှာ ‘‘ မောင် မိတ္တ-- မင်း ကြားရဲ့လား၊ သူတို့ခမျာ ထမင်းရည်၊ ထမင်းကြမ်း၊ ဟင်းကြမ်းမျှဖြင့် တစ်နပ်သာ စားရရှာပေမဲ့ မင်းအတွက်တော့ ကောင်းပေ့ဆိုတဲ့ ထောပတ်၊ ဆီဦး၊ ဆန်ကောင်း၊ နို့ထမင်းတို့ဖြင့် အကောင်းချည်းပဲ လှူဖို့ စိတ်ဆန္ဒစောနေကြတယ်၊ သူတို့က မင်းဆီက ရွှေ ငွေ ကျောက်သံ ပတ္တမြား ဘယ်ဥစ္စာကိုမှ မျှော်လင့်နေကြတာ မဟုတ်ဘူး၊ မင်းနဲ့ ဆွေမျိုးတော်လို့ လှူကြတာလဲ မဟုတ်ဘူး၊ လူနတ် နိဗ္ဗာန် ချမ်းသာကိုသာ မျှော်ကိုးပြီး လှူနေကြတာ ဖြစ်၍ သင်ကကော သူတို့မျှော်သလို ပေးနိုင်တဲ့ လယ်ယာ မြေကောင်းကြီးကော ဟုတ်ရဲ့လား၊ ထို့ကြောင့် မောင်မိတ္တ- သင့်မှာ ရာဂ၊ ဒေါသ၊ မောဟ အစရှိတဲ့ ကိလေသာတွေနဲ့ သူတို့ လှူတဲ့ ဆွမ်းကို စားသင့်ရဲ့လား’’ ဟူပင်တည်း။

ဆင်းရဲသား သားအမိနှစ်ယောက်၏ မစ္ဆရိယကင်းပုံ၊ ကိုယ့်ကျိုးမကြည့် တစ်ပါးသူ၏အကျိုးစီးပွားကိုသာ ကြည့်ပုံနှင့် မွန်မြတ်သော ပရဟိတစိတ်တို့သည် အလွန်ပင် အားကျဖွယ်ကောင်းလှသည်။

အပိုင်း (၃) ပရဟိတ စိတ်သည် ညီညွတ်ရေးကို ဖြစ်စေ
ပရဟိတစိတ်သည် ညီညွတ်မှုကိုလဲ ဖြစ်စေနိုင်ပါသည်။ မိသားစု၊ အဖွဲ့အစည်း၊ ကျေးရွာ၊ မြို့၊ နိုင်င်ငံတို့မှာ တစ်ဦးချင်းစီ ပရဟိတစိတ် ရှိနေပါလျှင် အေးချမ်းသော မိသားစု၊ အေးချမ်းသော တိုင်းပြည် ဖြစ်ပါလိမ့်မည်။ ထိုသို့မဟုတ် ကိုယ့်အတ္တ ကိုယ့်အကျိုးကိုပဲ ကြည့်နေကြပါက မည်သို့မျှ ညီညွတ်လိမ့်မည်မဟုတ်၊ အေးချမ်းလိမ့်မည် မဟုတ်။

တစ်ခါက ကောသမ္ဗီမြို့မှာ ရဟန်းတော်များသည် အမှုကိစ္စလေး သေးသေးမွှားမွှားလေးကနေ အကျယ်ကျယ်ချဲ့ကာ ရန်ပွဲကြီးဖြစ်ခဲ့ကြသည်။ ထိုရန်ပွဲကြီး မြတ်ဗုဒ္ဓသည်ပင် ဥပေက္ခာပြုရလောက်အောင် ထိဖြစ်ခဲ့သည်၊ မြတ်ဗုဒ္ဓသည် ဆူညံပွက်လောရိုက်နေသော ထိုအရပ်ကို စွန့်ခွါ၍ ဂေါသိင်္ဂဥယျာဉ်ဘက်သို့ ရောက်လာသည်။ ထိုတောအုပ်ကြီးတွင် အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒိယနှင့် အရှင်ကိမိလတို့ သီတင်းသုံးနေကြသည်။ မြတ်ဗုဒ္ဓသည် ပူလောင်သော အရပ်ဆီကနေ အေးချမ်းသော ထိုဥယျာဉ်ကြီးသို့ ရောက်သောအခါ စိတ်ထဲ ကြည်နူးမှုဖြစ်သည်။ ဒီလောက် လှပတဲ့တောအုပ်ကြီးထဲမှာ အေးချမ်းအောင် လှပအောင် ငါ့ရှင်တို့ ဘယ်လို ဘယ်ပုံ သီတင်းသုံးကြသနည်းဟု မြတ်ဗုဒ္ဓ မေးသောအခါ တစ်ပါးစီတစ်ပါးစီ လျှောက်ထားသော တူညီသော စကားမှာ “တပည့်တော်သည် ကိုယ့်ရဲ့ အတ္တစိတ် (ကိုယ်ကျိုးစိတ်)ကို ဘေးဖယ်ထားပြီး ကျန် အရှင်မြတ်နှစ်ပါး၏ စိတ်ဆန္ဒ အတိုင်း နေပါတယ်ဘုရား”ဟုသတည်း။ ဤ၀တ္ထုလေးမှာ ရဟန်းတော် သုံးပါးလုံး၏ ပရဟိတစိတ်ထားကြောင့် တစ်ပါးနှင့်တစ်ပါး ညီညွတ်ကာ ဥယျာဉ်ကြီးတစ်ခုလုံး အေးချမ်းနေသည်၊ လှပလို့နေသည်။ ပရဟိတစိတ်က ညီညွတ်ခြင်းကို ဖြစ်စေနိုင်သည်ဆိုသည်မှာ တကယ်လက်တွေ့ဆန်ပါသည်။ ကျင့်သုံးနိုင်ကြဖို့ပဲ လိုပါသည်။

နိဂုံးချုပ်သော်
“ဒီကနေ့ ပရဟိတ အလုပ်ကို လုပ်နေသူများမှာ ကိုယ့်သန္တာန်မှာ သူတော်ကောင်း စိတ် သဒ္ဓါကို မွေးရပါသည်၊ မစ္ဆရိယစိတ်ကို ဝေးစေရပါသည်၊ ဖယ်ထုတ်ရပါသည်၊ ထိုမှသာလျှင် ပရဟိတ စိတ်ကို မွေးနိုင်ပြီး အလွန်မွန်မြတ်သော ပရဟိတ အလုပ်များကို ညီညီညွတ်ညွတ် လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါကြောင်း ပရဟိတစိတ် ပို့စ် နိဂုံးသပ်ပါသတည်းးးးးးး

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁၀-၂၀၁၃

09 October 2013

သံတွဲရောက် သီတဂူဆရာတော်ကြီး

သံတွဲရောက် သီတဂူဆရာတော်ကြီး

တကျော့ပြန် ပဋိပက္ခဖြစ်ပွားခဲ့သော သံတွဲမြို့သို့ ရောက်နေသော သီတဂူဆရာတော်ကြီးသည် အောက်တိုဘာ (၇) ရက်နေ့က သံတွဲမြို့ ခန်းမဆောင်ကြီးတွင် ငြိမ်းချမ်းရေး တရားဟောကြားခဲ့သည်။ ဒေါသတွေ လျှော့ကြဖို့၊ ဒေါသမျက်လုံးဖြင့် အချင်းချင်း မကြည့်ကြဖို့၊ ဒေါသကို ထိန်းချုပ်ကြဖို့ ဟောကြားခဲ့သည်။

အောက်တိုဘာ (၈)ရက်နေ့ မနက်ပိုင်းမှာတော့ အစ္စလာမ်အဖွဲ့အစည်းများကို တွေ့ဆုံ ဟောပြောခဲ့သည်။ အလားတူး အချင်းချင်း ခွင့်လွတ်ကြဖို့၊ သည်းခံကြဖို့ ဒေါသတွေ လျှော့ချဖို့အပြင် ပြည်တွင်းမှာ ဖြစ်သည့် ပြဿနာကို ကိုယ့်ပြည်တွင်းမှာပဲ ဖြေရှင်းကြဖို့၊ ကိုယ့်ပြည်တွင်းကလူ အချင်းချင်း ညှိနိုင်းဖြေရှင်းကြဖို့၊ အင်တာနက်စာမျက်နှာပေါ်က သတင်းအမှားတွေကိုလည်း မယုံကြဖို့ မိန့်ကြားခဲ့သည်။ အိုအိုင်စီတို့လို ပြည်ပအဖွဲ့အစည်းများကို အားကိုးပြီး ဖြေရှင်းလျှင်ကား ပြဿနာ ပိုမိုကြီးထွားစေသည်၊ ကိုယ့်သေတွင်းကို ကိုယ်တိုင်တူးရာ ရောက်ကြောင်းကိုပါ မိန့်ကြားခဲ့သည်ဟု သိရသည်။

ထိုဒေသတွေမှာ လိုအပ်တဲ့ စာသင်ကျောင်းများကို သီတဂူဆရာတော်က တတ်နိုင်သလောက် ဆောက်လုပ် လှူဒါန်းမည်ဟု သိရသည်၊ နိုင်ငံတော်အစိုးရကလဲ ပျက်စီးဆုံးရှုံးသွားသော အိမ်များကို တစ်အိမ်လျှင် (၁၀) ဆယ်သိန်းကျပ်စီ ထောက်ပံ့မည်ဟုလည်း သိရသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၁၀-၂၀၁၃
Sent at 7:56 AM

28 September 2013

အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး

အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး

 1-2-10-2013 နေ့များမှာ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ SIBMA (Sitagu International Buddhist Missionary Association) နှင့် IGE (Institute of Global Engagement) တို့ ပူးပေါင်းပြီး ''ဘာသာရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ အတူလက်တွဲ နေထိုင်ရေး'' ခေါင်းစဉ်ဖြင့် Academic Conference ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ မြောက်ဒဂုံ၊ ရန်ကုန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
ထိုဘာသာပေါင်းစုံ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံ ၁၇ နိုင်ငံမှ ဘာသာပေါင်းစုံ ကိုယ်စားလှယ်တော်ကြီးများက စာတမ်းဖတ်ကြားခြင်းများ၊ စားပွဲဝိုင်းဆွေးနွေးခြင်းများ ပြုလုပ်ကြမည်ဖြစ်သည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်မှ သမ္မတကြီးပေးပို့သည့် သ၀ဏ်လွှာကို ဖတ်ကြားမည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ လွတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားမည်၊ ငြိမ်းချမ်းရေးစင်တာမှ ၀န်ကြီးများ၏ သ၀ဏ်လွှာများကို ဖတ်ကြားမည်၊ အထူးဧည့်သည်တော်များနှင့် ဖိတ်ကြားထားသည့် ပညာရှင်များ ၁၀၀ ကျော် တက်ရောက်ဆွေးနွေးကြမည် ဖြစ်သည်။ ထိုပွဲသို့ကြွရောက်လာသော ဧည့်သည်တော်ကြီးများအား အစားအစာတို့ဖြင့် တော်ဝင်မိသားစုက ဧည့်ခံကျွေးမွေး ပြုစုမည်။ 
ရွှင်လန်းချမ်းမြေ့ကြပါစေ 
သီတဂူစတား 
၂၃-၉-၂၀၁၃

25 September 2013

မြန်မာသီရိလင်္ကာ သာသနာတော်ဆက်ဆံရေး သီတဂူဆရာတော်

မြန်မာသီရိလင်္ကာ သာသနာတော်ဆက်ဆံရေး
သီတဂူဆရာတော်
ဒေါက်တာအရှင်ဥာဏိဿရ (Ph.D, D.Litt)
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်
မြန်မာသီရိလင်္ကာ နှစ်နိုင်ငံတို့၏ ရင်းရင်းနှီးနှီး ဆက်ဆံရေးမှာ နှစ်ပေါင်း (၂၀၀၀) ကြာညောင်းခဲ့ပြီ ဖြစ်သည်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံပြီးသည့်နောက် (၂၃၆)ခုနှစ်အကြာ မြန်မာနှင့် သီရိလင်္ကာသို့ ဗုဒ္ဓသာ သာနာသည် တစ်နှစ်တည်းမှာပင် ရောက်ရှိခဲ့ကြသည်။ ဓမ္မာသောကမင်းကြီး၏ သာသနာပြုအဖွဲ့ (mission) (၉)ဖွဲ့တို့တွင် သီရိလင်္ကာသို့ သွားသော သာသနာပြု အဖွဲ့၌ သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တတို့ ခေါင်းဆောင်ခဲ့ကြသည်။ အရှေ့တောင်အာရှ သုဝဏ္ဏဘူမိဒေသသို့ ကြွသော သာသနာပြုအဖွဲ့တွင် အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ် နှစ်ပါးတို့ ဦးဆောင်တော်မူခဲ့ကြသည်။ မြန်မာနိုင်ငံတော် အောက်ပိုင်း ပုသိမ်၊ ပဲခူး၊ သထုံ ဒေသတို့ကို ထိုစဉ်က မွန်တို့၏ ရာမညတိုင်းဟု ခေါ်ခဲ့ကြသည်။ ဓမ္မာသောက၏ ကြွရာဒေသကို ခြုံမိ ငုံမိအောင် ပြောရလျှင် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်း၊ ထိုင်းနိုင်ငံတောင်ပိုင်း အင်ဒိုနီးရှားနိုင်ငံ၏ စူမတြာကျွန်းတစ်ဝိုက် မလေးရှားကျွန်းစုအားလုံးတို့ကို သုဝဏ္ဏဘူမိရွှေနိုင်ငံဟု ဆိုလျှင် ငြင်းခုံဖွယ်ရာမရှိပါ။ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှာ အေဒီ (၂)ရာစုလောက်မှာမှ ဘာသာ ပြောင်းလဲသွားကြခြင်းဖြစ်သည်။ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်၏ စီမံလမ်းညွှန်ချက်အရ ဓမ္မာသောကမင်း လွှတ်လိုက်သော သုဝဏ္ဏဘူမိ သာသနာပြု အဖွဲ့သည် ဘင်္ဂလားပင်လယ်၊ မုတ္တမပင်လယ်သို့ဖြတ်၍ မြန်မာနိုင်ငံ ရာမညဒေသ သထုံမြို့သို့ စတင်ဝင်ရောက် သာသနာပြုကြခြင်းဖြစ်သည်။ မွန်ပြည်နယ်၊ တနင်္သာရီကမ်းမြောင်ဒေသ တစ်လျှောက်ရှိ မွန်မြန်မာတို့သည် သီရိလင်္ကာနှင့်လည်းကောင်း၊ အိန္ဒိယအရှေ့ဘက် ကမ်းရိုးတန်းဒေသ တစ်ခွင်နှင့်လည်းကောင်း ကူးလူးဆက်ဆံမှုရှိခဲ့ကြပြီးဖြစ်သည်။ အိန္ဒိယပြည် အရှေ့တောင်ပိုင်းဒေသ တိလင်္ဂန အရပ် တိလဂူ လူမျိုးတို့ ဘင်္ဂလားပင်လယ်အော်ဖြတ်၍ ဘီလူးကျွန်းဒေသများသို့ ရောက်ရှိလာခဲ့ကြရာ ထိုလူမျိုး တို့ကို (တေလင်္ဂန)မှ တလိုင်းဟု ပြောင်းလဲ ခေါ်ဝေါ်ကြကြောင်း မြန်မာ့သမိုင်းပညာရှင်တို့ ခန့်မှန်းကြသည်။

သာသနာနှစ် (၄၅၀)တွင် သီရိလင်္ကာ၌ စတုတ္ထသင်္ဂါယနာတင်အပြီး ပိဋကတ်သုံးပုံကို ပေရွက်များပေါ်တွင် ရေးခဲ့ကြသည်။ ထိုပေရွက်တွင် သီဟိုဠ်အက္ခရာဖြင့် ရေးထားသော ပိဋကတ်သုံးပုံသည် သုဝဏ္ဏဘူမိ (ရာမည) ဒေသ မွန်ရဟန်းတော်တို့ ၏ စွန့်စားအားထုတ်မှုကြောင့် သထုံသို့ ရောက်နှင့်ခဲ့ပြီး ဖြစ်ပေ လိမ့်မည်။ သာသနာနှစ် (၁၅၀၀)ခန့် တွင် ပုဂံ အနော်ရထာမင်း သည် သထုံ ရာမညဒေသကို သိမ်းပိုက် အောင်မြင်သောအခါ ရာမည၌ ရောက်ရှိနေသော သီဟိုဠ် အက္ခရာ ရေး ပိဋကတ်သည် မြန်မာပြည်အလယ်ပိုင်း ပုဂံသို့ ရောက်ရှိလာခဲ့သည်။ အနော်ရထာမင်း သထုံကို မသိမ်းပိုက်မီကပင် အရှင်သောဏ၊ အရှင်ဥတ္တရတို့၏ အနွယ်ဖွား ပိယဒဿီ (ရှင်အရဟံ) အရှင်သူမြတ်သည် ထေရ၀ါဒသာသနာပြုခရီးအဖြစ် ပုဂံသို့ ကြွချီနှင့်ခဲ့ပြီး ဖြစ်လေသည်။ ထို့ကြောင့် ဘင်္ဂလားနှင့် ချိုင်းနားဘက်မှ ဖြတ်သန်းဝင်ရောက်လာသော မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်နေရသော အနော်ရထာသည် ပိယဒဿီအရှင်မြတ်ထံမှ ထေရ၀ါဒဓမ္မကို ကြားနာရသဖြင့် ရာမညတိုင်း မွန်ဘုရင် မနုဟာ ထံမှ ပိဋကတ်ကို ပုဂံသို့ ပင့်ဆောင်လာ ခဲ့ခြင်းဖြစ်လေသည်။ နှစ်ပေါင်း (၁၀၀၀)ခန့်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးသော ပိဋကတ်သုံးပုံ ပေစာများကို စတုတ္ထသင်္ဂါယနာတင် သီဟိုဠ်မူများနှင့် တိုက်ဆိုင်လိုသဖြင့် အနော်ရထာမင်းသည် ဥတ္တရဇီဝမထေရ်နှင့် ရဟန်း သာမဏေများကို သီရိလင်္ကာနိုင်ငံသို့ လွှတ်တော်မူခဲ့လေသည်။ ပရက္ကမဗာဟု မင်းသုံးဆက်တို့တွင် ပထမပရက္ကမ ဗာဟုမင်းကြီးသည် အနော်ရထာမင်းကြီးလွှတ် လိုက်သော ဥတ္တရဇီဝမထေရ် ခေါင်းဆောင်သည့် မြန်မာသာသနာပြုသံဃာတော်များအဖွဲ့ကို လေးစားမြတ်နိုးစွာ ကြိုဆိုသည်၊ ဧည့်ခံလုပ်ကျွေးသည်။ ဥတ္တရဇီဝမထေရ် ပုဂံသို့ ပြန်အကြွတွင် ပိဋကတ်သုံးပုံ ပေထုပ်အသစ်တစ်စုံ လှူဒါန်းလိုက်သည်။ သထုံပိဋကတ်နှင့် သီဟိုဠ်ပိဋကတ် များကို ညှိနှိုင်းတိုက်ဆိုင်ကြရာ တစ်သားတည်း တစ်ထပ်တည်း ဖြစ်နေသည်ကို တွေ့ရကြရသည်။ ပုဂံတစ်ပြည်လုံး ကျောင်းတိုက်များ ပိဋကတ်သုံးပုံကို မြန်မာအက္ခရာ ပြောင်းလဲ၍ ပို့ချ သင်ကြား လာခဲ့ကြရာ ယနေ့တိုင်အောင် ဖြစ်သည်။ ဥတ္တရဇီဝမထေရ်၏ နောက်ပါတပည့် ရဟန်းသာမဏေ တို့တွင် ဆပဒသာမဏေကျော်သည် သီဟိုဠ်ကျွန်း အနုရာဓပုရမြို့ မဟာဝိဟာရကျောင်းတိုက်၌ ရဟန်းပြုသည်။ မဟာဝိဟာရကျောင်းတိုက်၌ ပိဋကတ်ကျမ်းဂန်များကို သင်ယူသည်၊ ထို ဆပဒ ရဟန်းတော်သည် သီဟိုဠ်သံဃာလေးပါးနှင့်အတူ ပုဂံပြည်သို့ပြန်လာရာ ပုဂံပြည်၌ သီဟိုဠ်သံဃာဂိုဏ်းကို တည်ထောင်ခဲ့လေသည်။ သီရိလင်္ကာ၊ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ စီးပွားရေး စစ်ရေး နိုင်ငံရေး စသည်ဖြင့် ဆက်ဆံသည့်ဆက်ဆံမှုမျိုးမဟုတ်ဘဲ သာသနာရေး သာသနာမှုနှင့် ရင်းနှီးစွာ ဆက်ဆံသည့် နှစ်နိုင်ငံ ဆက်ဆံရေးဖြစ်သည်။

နရပတိစည်သူမင်းလက်ထက် သီဟိုဠ်ကျွန်းသို့ ချစ်ကြည်ရေးခရီး ကြွရောက်ခဲ့လေသည်။ သီဟိုဠ်ဘုရင် ပရက္ကမဗာဟု မင်းကြီးက ဇကားသား ဘုရားဆင်းတုတော်များ လက်ဆောင်ပေးခဲ့ လေသည်။ သာသနိက ပစ္စည်းများ အပြန်အလှန် လက်ဆောင်ပေးခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေး မှာ တိုးတက်ခဲ့လေသည်။ အင်းဝဘုရင် မိုးညှင်းမင်းတရားလက်ထက် သီဟိုဠ်ကျွန်းမှ သံဃာတော် များ ဓာတ်တော်များကို ပင့်ဆောင်လာရာ၌ မိုးညှင်းမင်းတရားထံ ဆက်သကြရာ မိုးညှင်းမင်းတရား က ထိုဓာတ်တော်များကို ဌာပနာ၍ စစ်ကိုင်းဘက်တွင် စေတီပုထိုး တည်ထားခဲ့ကြသည်။ ထို့အပြင် အင်းဝဘုရင် ရွှေနန်းကြော့ရှင် နရပတိလက်ထက် သီဟိုဠ်မင်းများက ဓာတ်တော်များ ဆက်သကြရာ စစ်ကိုင်းဘက်တွင် စေတီပုထိုးများ တည်ထား ခဲ့ကြသည်။ သီဟိုဠ်ကျွန်း မဟိယင်္ဂဏ အရပ်မှ သံဃာတော်များသည်လည်း ဓာတ်တော်များ ပင့်ဆောင်၍ မြန်မာနိုင်ငံသို့ ကြွတော်မူ ခဲ့ကြရာ မြန်မာမင်းများက ထိုဓာတ်တော်များကို လက်ခံပြီး စစ်ကိုင်းဘက်တွင် စေတီပုထိုးများ တည်ထားခဲ့ကြသည်။ ထို့ကြောင့် ယနေ့ စစ်ကိုင်းဘက်တွင် ရှိသော ထူပါရုံစေတီ၊ မဟိယင်္ဂဏစေတီ (မရှိခဏ)၊ မဟာစေတီ (ဆင်များရှင်)တို့မှာ သီဟိုဠ်မင်းအဆက်ဆက်တို့က သီဟိုဠ်သံဃာတော်များကို မြန်မာမင်းများထံ လွှတ်၍ ဘုရားဓာတ်တော်များ ဓမ္မလက်ဆောင် ပေးရာမှ ဖြစ်ပေါ်လာသော စေတီတော်များ ဖြစ်ကြသည်။ ရာဇမဏိစူဠာဟူသော ကောင်းမှုတော် စေတီတော်ကြီးမှာ သီဟိုဠ်ဘုရင်တို့ ပေးပို့သော ဓာတ်တော်ကြုပ်၏ ပုံစံအတိုင်း တည်ထားခြင်း ဖြစ်သည်။ သီရိလင်္ကာ မင်းအဆက်ဆက်တို့၏ လက်ဆောင်ပဏ္ဏာတို့ကို ဌာပနာသွင်းပြီး သီရိလင်္ကာနိုင်ငံ၏ ဗိသုကာလက်ရာယဉ်ကျေးမှုပုံစံအတိုင်း မြန်မာမင်းအဆက်ဆက်တို့ စစ်ကိုင်းတွင် တည်ထားခဲ့ကြသော ထူပါရုံစေတီ၊ ဆင်များရှင်စေတီ၊ မဟိယင်္ဂဏ ခေါ် မရှိခဏ စေတီ၊ ရာဇမဏိစူဠာ ခေါ် ကောင်းမှုတော်စေတီ အစရှိသည့် စေတီတော်ကြီးတို့မှာ သီရိလင်္ကာ မြန်မာ နှစ်နိုင်ငံသာသနာရေး ချစ်ကြည်ရင်းနှီးမှု၏ အထိမ်းအမှတ် မှတ်တိုင်ကြီးများ ဖြစ်ကြပါသည်။ အေဒီ (၁၆)ရာစုတွင် ထူးခြားသော စစ်ရေးလက်ဆောင် မှတ်တမ်းတစ်ခု ရှိသည်ကို တွေ့ရပေသည်။ ထို (၁၆)ရာစုနှစ် များတွင် သီရိလင်္ကာနိုင်ငံ၌ ဓမ္မပါလအမည်ရှိ ဗုဒ္ဓဘာသာ ဘုရင်ကို တမီးလ်သူပုန်တွေက ၀ိုင်းဝန်းတိုက်ခိုက်ကြသဖြင့် ရာမညဘုရင် ဘုရင့်နောင် မင်းတရားကြီးထံ စစ်ကူတောင်းခဲ့သည့် မှတ်တမ်းရှိခဲ့ဖူးသည်။ ဘုရင့်နောင်မင်းကြီးက ရာမညပြည့်ရှင်ထံသို့ သင်္ဘောငါးစင်းဖြင့် စစ်သား (၇၀၀၀) စစ်ကူပို့၍ ဓမ္မမင်းဘက်က ကူညီတိုက်ခိုက်ပေးခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး လွှတ်လိုက်သော စစ်တပ်တွင် တပ်မှူးကြီး စန္ဒသူရိယနှင့် ရာဇဗညားတို့ ခေါင်းဆောင်၍ မိစ္ဆာဒိဋ္ဌိ မင်းတို့ကို အပြတ်အသတ် ကူညီ နှိမ်နင်းပေးခဲ့သည်။

မိစ္ဆာဒိဋ္ဌိမင်းတို့သည် စစ်ရှုံးသောအခါ လက်နက်ချပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခဲ့ကြသည်။ ဤအချက်မှာ သာသနာရေးအတွက် စစ်ရေး အကူပေးခြင်းဖြစ်သည်။ အမရပူရမြို့ နန်းတည် ဘိုးတော်မင်းတရားလက်ထက် သီဟိုဠ်ကျွန်းသာသနာညှိုးမှိန်၍ ဆုတ်ယုတ်ခဲ့သဖြင့် သီဟိုဠ်မှ သံဃာတော်များ အမရပူရမြို့တော်သို့ ရောက်ရှိလာကြပြီး မောင်းထောင်သံဃာ့ရာဇာကို ဥပဇ္ဈာယ်ပြု၍ ရဟန်းခံကြလျက် သီဟိုဠ်ကျွန်းသို့ ပြန်ကြွတော်မူကြရာ အမရပူရမှ ဗမာသံဃာ တော်များစွာသည် လိုက်ပါကြွသွားတော်မူခဲ့ကြသည်။ ထိုအမရပူရသံဃာတော်တို့ သီဟိုဠ်ပြန် ရောက်၍ သိမ်အသစ်သမုတ်ခါ ရဟန်းအသစ် ပြုတော်မူကြသဖြင့် အမရပူရ နိကာယကို သီဟိုဠ် တွင် အေဒီ (၁၇၈၀)ခန့်က စတင်ခဲ့ကြလေသည်။ ဗုဒ္ဓသာသနာနှစ် ၂၀၀၂- ခုနှစ်၊ ခရစ်နှစ် ၁၄၇၆-ခုနှစ်များတွင် ရာမညတိုင်း ဟံသာဝတီမြို့တော် (ပဲခူး)၌ ဓမ္မစေတီမင်း မင်းပြု၏၊ ထိုမင်း မင်းပြုခိုက်တွင် ရာမညတိုင်း၌ ဗုဒ္ဓသာသနာ အထူးညှိုးမှိန်ပျက်စီးလျက်ရှိသည်ဟု မှတ်တမ်းများက ဆိုသည်၊ ထို့ကြောင့် ဓမ္မစေတီမင်းတရားသည် မွန်သံဃာတော် (၂၂)ပါးတို့ကို သီဟိုဠ်ကျွန်းသို့ စေလွှတ်သည်။ ထိုစဉ် သီဟိုဠ်ကျွန်း၌ ဘုဝနေကဗာဟု အမည်ရှိသောမင်း မင်းပြုလေ၏။ ရာမည ရဟန်းတော် (၂၂)ပါးတို့သည် ဘုဝနေကဗာဟုမင်း၏ အထောက်အပံ့တို့ဖြင့် မဟာဝိဟာရ ၀ါသီ ထေရ၀ါဒသံဃာတော်တို့က ကမ္မ၀ါစာရွတ်ဖတ်တော်မူကြ၍ ကလျာဏီမြစ် ရေသိမ်တွင် ရဟန်း အသစ် ပြုတော်မူကြသည်။ ထိုကလျာဏီရာမညရဟန်းတော်တို့ ဟံသာဝတီသို့ ပြန်ရောက်လျှင် သိမ်အသစ် သမုတ်တော်မူကြသည်။ သီဟိုဠ်ကျွန်းကလျာဏီမြစ်မှာ ရဟန်းခံသော ထိုရဟန်းတို့ သမုတ်ခဲ့သည့်သိမ်ကို ကလျာဏီသိမ်ဟု ယနေ့တိုင် ခေါ်ဆိုလေသည်။ ရာမညတိုင်း တစ်ခွင်၌ ကလျာဏီသိမ်ပွားပေါင်း (၃၄၇) လုံးတို့ကို သမုတ်တော်မူခဲ့ကြသည်။ ပဲခူး ကလျာဏီ သိမ်ကြီးမှာ အသစ် အသစ်ဖြစ်ကြကုန်သော ကလျာဏီရဟန်းတော် အပါး (၁၅၆၆၆) ပါး ရှိခဲ့လေ သည်။ ထို့ကြောင့် ထိုကလျာဏီနွယ်ဖွား သံဃာတော်များကို ကလျာဏီနိကာယဟု ခေါ်လိုက ခေါ်ဆိုနိုင်ပေသည်။ သီရိလင်္ကာ ဘုဝနေကဗာဟုမင်းနှင့် မဟာဝိဟာရ၀ါသီ သံဃာတော်တို့၏ ရာမညတိုင်း၌ သာသနာတော်ကို ထောက်ပံ့ပေးခြင်း၏ သမိုင်းမှတ်တိုင်သည် ပဲခူးကလျာဏီ သိမ်ကြီးပင်ဖြစ်သည်။ သီရိလင်္ကာသံဃာတို့သည်လည်း ရာမညတိုင်း ဟံသာဝတီရှိ ကလျာဏီ သိမ်မှာ ရဟန်းပြု၍ သီဟိုဠ်ကျွန်းသို့ ပြန်ကြွတော်မူသည့် အရေအတွက်မှာလည်း မြောက်များစွာ ပင်ဖြစ်သည်။ သို့သော် သီဟိုဠ်ကျွန်း၌ ရာမညနိကာယကို တရားဝင်တည်ထောင်ခြင်း ပြုတော် မမူကြသေးပါ။ သာသနာတော်နှစ်(၂၃၅၀)တွင် သီဟိုဠ်ကျွန်းမှ သံဃာ့ရာဇာ ဂုဏရတန တိဿမထေရ်ခေါင်းဆောင်သော သံဃာတော်ငါးပါးတို့ ဟံသာဝတီ ကလျာဏီသိမ်မှ ရဟန်းသစ်ပြုတော်မူကြသည်။ ရာမညသံဃာ့ရာဇာက ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုပေးတော်မူလိုက်ကြ သည်။ ဂုဏရတနတိဿမထေရ်နှင့် သံဃာတော်တို့ သီဟိုဠ်ကျွန်းသို့ ပြန်ရောက်လျှင် ကလျာဏီ ၀ံသနိကာယဟု သီဟိုဠ်ကျွန်း၌ တည်ထောင်ခဲ့သည်ကို မှတ်တမ်းတွင် တွေ့ရသည်။ ထို့နောင် တစ်ကွဲပြီး တစ်ကွဲ သီဟိုဠ်သံဃာတော်များ ပဲခူးကလျာဏီသိမ်မှာ ရဟန်းပြုကြရာ ရဟန်း (၃၅၀)ခန့် ရှိခဲ့လေသည်။ ဤသမိုင်းမှတ်တမ်းကို ရာမညသံဃာ့ရာဇာ ရာဇဂုရု မေဓင်္ကရရေးသား သည့် သာသနသမ္ပတ္တိဒီပနီကျမ်းမှာ အသေးစိတ် ဖော်ပြထားပါသည်။ ထိုသံဃာ့ဂိုဏ်းသည် ရာမညဂိုဏ်းပင်ဖြစ်သော်လည်း ရာမညဂိုဏ်းဟု တရားဝင်မကြေငြာပဲ ကလျာဏီဝံသနိကာယ ဟု ကြေငြာခဲ့ပါသည်။ သာသနာနှစ် (၂၃၉၉)ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ ပိဋကတ် ကျွမ်းကျင်တတ် မြောက်သော သရဏင်္ကရမထေရ်သည် မန္တလေးမြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုစဉ်မန္တလေးမြို့၌ မင်းတုန်းမင်းတရားကြီး နန်းစံလျက်ရှိသည်။ သီဟိုဠ်ရဟန်းတော် သရဏင်္ကရကို မင်းတုန်းဘုရင်ကြီးက ပစ္စည်းလေးပါးထောက်ပံ့၍ ဒုတိယ မောင်းထောင်သာသနာပိုင် ဉေယျဓမ္မာ ဘိဝံသ မထေရ်ကို ဥပဇ္ဈာယ်ပြု၍ မန္တလေးမြို့အနီး ဧရာဝတီ ရေသိမ်တွင် ရဟန်းသစ်ပြုပေးခဲ့ သည်။ မောင်းထောင်သံဃာ့ရာဇာက ထိုသရဏင်္ကရမထေရ်၏ အမည်ကို အမ္ဗဂဟကုရုဝတ္တေ ဣန္ဒာသဘသာမိဝရဉာဏဟု နာမည်သစ် ပေးတော်မူသည်။ သို့သော် ထိုမထေရ်သည် မန္တလေးမှာ မင်းတုန်းမင်းတရားနှင့် မောင်းထောင်သံဃာ့ရာဇာတို့ထံမှာ ရဟန်းခံပြီး ရာမညတိုင်း ဟံသာဝတီ ပဲခူးမြို့သို့ ရောက်သွားပြန်သည်။ ရာမညတိုင်း ပဲခူးမြို့၌ ရာမညသံဃာ့ရာဇာ ရာဇဂုရု မေဓာနန္ဒာကို ဥပဇ္ဈာယ်ပြု၍ ရာမညတိုင်း ကလျာဏီသိမ်၌ ရဟန်းသစ် ထပ်မံ၍ ခံယူခဲ့ပြန်လေ သည်။ မန္တလေးမှာ သံဃာ့ရာဇာထံ ၀င်ပြီး၊ ရာမညတိုင်း ဟံသာဝတီ ပဲခူးမှာ ၀င်ပြီး မြန်မာ့သံဃာ့ ရာဇာနှင့် ရာမညသံဃာ့ရာဇာထံမှာ ရဟန်းပြုခဲ့သော သရဏင်္ကရမထေရ်နှင့် သီဟိုဠ်သံဃာတော် အဖွဲ့သည် သာသနာနှစ် (၂၄၀၆) ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ ပြန်ကြွတော်မူကြသည်။

သာသနာနှစ် (၂၄၀၉)ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ ရာမညနိကာယကို တည်ထောင်လိုက် ပြီ ဟု တရားဝင်ကြေငြာလိုက်လေသည်။ သီရိလင်္ကာနှင့် မြန်မာ သာသနာရေး ဆက်ဆံမှု မိတ်ရင်း ဆွေရင်း ပီသမှုမှာ ဤမျှလောက် ရိုင်းပင်းမှု အားကောင်းခဲ့လေသည်။ ယနေ့ (၇-၉-၂-၁၃) နေ့မှာ ထိုရာမညဂိုဏ်းတည်ထောင်ခဲ့သည့်သက်တမ်းမှာ နှစ်ပေါင်း (၁၅၀) ပြီးမြောက်ခဲ့လေသည်။
သီဟိုဠ်ကျွန်းရောက် မွန်မြန်မာနွယ်ဖွား ရာမညသံဃာတော်တို့၏ နှစ် (၁၅၀)ပြည့်ပွဲတော် နှင့် တိုက်ဆိုင်၍ သီရိလင်္ကာဗုဒ္ဓဘာသာ လေ့လာရေးအသင်း (SLABS) ကြီးက ဗုဒ္ဓဘာသာ လေ့လာရေး သုတေသန ညီလာခံကြီးကို သုံးရက်တိုင်တိုင် ကျင်းပခဲ့လေသည်။ အိန္ဒိယ၊ သီဟိုဠ်၊ နီပေါ၊ မြန်မာ၊ ကိုရီးယား နိုင်ငံတို့မှ သုတေသန ပညာရှင်ပေါင်း (၁၀၆) တက်ရောက်၍ စာတမ်းပေါင်း (၁၀၂) ဖတ်ကြားခဲ့သည်။ အခမ်းအနားဖွင့်သောနေ့၌ သီတဂူဆရာတော်နှင့် Hon.Jagath Balasuriya, Minister of National Heritage က Keynote Speech သော့ချက် မိန့်ခွန်းများကို မိန့်ကြားခဲ့ကြသည်။ သီတဂူဆရာတော်၏ အတ္ထုပ္ပတ္တိကို Prof.G.A Somaratne က ဖတ်ကြားခဲ့သည်။ ထိုအစည်းအဝေးကြီးတစ်ခုလုံးကို အင်တိုက် အားတိုက်လှုပ်ရှားသူမှာ Colombo တက္ကသိုလ်မှ Prof. Asanga Tilakaratane ဖြစ်သည်။ အလွန်အံ့သြဖွယ်ကောင်းသော Section အခန်းတစ်ခုမှာ ပါဠိဘာသာဖြင့်ရေး၍ ပါဠိဘာသာဖြင့် ဟောပြောဆွေးနွေးသော အခမ်းအနားပင်ဖြစ်သည်။ အခမ်းအနားမှူးဆရာတော်သည် ဖတ်ကြား မည့် စာတမ်းအကြောင်းနှင့် စာတမ်းဖတ်သူများကို ပါဠိဘာသာဖြင့် ကြေငြာသည်။ ပါဠိဘာသာ စာတမ်းငါးခု တင်သွင်းရာတွင် စာတမ်းရှင် သုံးဦးတို့က စာတမ်းကို ရေး၍ ဖတ်ကြားသော်လည်း စာတမ်းရှင် နှစ်ဦးတို့က စာရွက်မပါဘဲ အလွတ်ပြောသွား လေသည်။
( မှတ်ချက်။ ။ ယနေ့ခေတ် သီဟိုဠ်ဘာသာစကား သီဟိုဠ်သူ သီဟိုဠ်သားတို့၏ အမည်နာမများတွင် အများစုမှာ ပါဠိဘာသာစကားများဖြစ်ကြသည်။ )

သီဟိုဠ်နိုင်ငံ၏ အတိတ်သာသနာရေးသမိုင်းကို ပြန်လည်၍ လေ့လာလျှင် ပါဠိစာပေ၏ အခန်းကဏ္ဍမှာ အံ့သြဖွယ်ရာကောင်းလောက်အောင် အထွတ်အထိပ်ရောက်ခဲ့သည်ကို တွေ့ရပေ သည်။ မဟိန္ဒမထေရ် အရိဋ္ဌမထေရ်တို့ နှုတ်ဖြင့် သယ်ဆောင်လာခဲ့သော ပိဋကတ်တော်များကို သာသနာနှစ် (၄၅၀)တွင် သီဟိုဠ်ရဟန်းတော်တို့ ပေပေါ်၌ သံကညစ်ဖြင့် ရေးသားခဲ့ကြလေသည်။ ပေပေါ်မှာ ရေးပြီးသည့်နောက် ပါဠိဘာသာဖြင့် အဋ္ဌကထာကျမ်းကြီးများကို ပြုစုခဲ့ကြလေသည်။ ထို ရှေးဟောင်း အဋ္ဌကထာကြီးများမှာ ကုရုန္ဒီအဋ္ဌကထာ၊ မဟာပစ္စရီ အဋ္ဌကထာ၊ မဟာအဋ္ဌကထာ ဟူ၍ ရှင်မဟာဗုဒ္ဓဃောသက သူ၏အဋ္ဌကထာအသစ်၌ မကြာမကြာ ကိုးကားသည်ကို တွေ့ရ သည်။ ယခုမျက်မှောက်ခေတ်၌ ထိုရှေးဟောင်း မဟာအဋ္ဌကထာကြီးများ၏ အမည်မျှကိုသာ ကြား ရ၍ ကျမ်းရင်းကိုမူ မမြင်ဖူးတော့ချေ၊ သာသနာနှစ် (၈၀၀) ကျော်တွင် ရှင်မဟာဗုဒ္ဓဃောသနှင့် ရှင်ဓမ္မပါလတို့ ပြုစုတော်မူသော အဋ္ဌကထာများမှာ ထိုရှေးဟောင်းအဋ္ဌကထာကျမ်းကြီးတို့၏ အနှစ်ချုပ်မျှသာ ဖြစ်လေသည်။ ထို့ပြင် နိကာယ်ငါးရပ် ဋီကာကျမ်းကြီးများကိုလည်း ရှင်အာနန္ဒာ ရှင်သာရိပုတ္တရာ ရှင်ဓမ္မပါလ အစရှိသော သီဟိုဠ် ပါဠိပညာရှိ ဆရာတော်ကြီးများက သာသနာနှစ် (၉၀၀)ကျော်တွင် ရေးသားတော်မူခဲ့ကြလေခြင်းဖြစ်လေသည်။ ရှင်မဟာဗုဒ္ဓဃောသ၊ ရှင်ဓမ္မပါလ၊ အိန္ဒိယပြည်ဖွား အိန္ဒိယတောင်ပိုင်းသား ပါဠိပညာရှင် နှစ်ပါးတို့ သီဟိုဠ်ကျွန်းသို့ ကူးလာခဲ့ကြရာ သာသနာနှစ် (၉)ရာစုတွင် ဗုဒ္ဓသာသနာမျိုးစေ့ ကြဲချ စိုက်ပျိုးရာလည်း ဖြစ်၊ ပင်စည်နှင့် အသီး အပွင့်တို့ ဝေေ၀ဆာဆာ သီးပွင့်ရာလည်းဖြစ်သော အနုရာဓမင်းနေပြည်တော်၌ အိန္ဒိယဘက်မှ ကူးဝင် လာသော မဟာယာနဂိုဏ်းကွဲအချို့ရောက်နှင့်နေပြီးဖြစ်သည်။

သို့ဖြစ်ခြင်းကြောင့် ရှင်မဟာဗုဒ္ဓဃောသနှင့် ရှင်ဓမ္မပါလတို့သည် သီဟိုဠ်၌ ထေရ၀ါဒ ပိဋကတ်တော်ကို လေ့လာရာ၌ ကျောင်းတိုက်ကို ရွေးချယ်တော်မူခဲ့ကြရလေသည်။ မဟာယာန ဂိုဏ်းတို့၏ သြဇာအာဏာ လွှမ်းမိုးခြင်းအောက်သို့ ရောက်နေခဲ့ကြရသော မဟာဇေတ၀န ကျောင်းတိုက်၌ မဟာအဘယဂိရီ ကျောင်းတိုက်တို့ကို ရှောင်ကွင်း၍ မဟာဝိဟာရ ကျောင်းတိုက်ကို ၀င်ရောက်တော်မူခဲ့ကြလေသည်။ မဟာဝိဟာရကျောင်းတိုက်ကြီး၏ အလယ်ဗဟိုချက်၌ ဒုဋ္ဌဂါမဏိမင်းကြီး၏ မဟာစေတီတော်ကြီး တည်ရှိလေသည်။ ရှင်မဟာဗုဒ္ဓဃောသက မဟာဝိဟာရကျောင်းတိုက်၌ ၀ိသုဒ္ဓိမဂ္ဂကျမ်းကို ရေးလိုက်သောအခါ ဇေတ၀နကျောင်းတိုက်မှ ၀ိမုတ္တိမဂ္ဂကျမ်းကို အပြိုင်ရေးတော်မူလေသည်။ သီဟိုဠ်ကျွန်း သာသနာ့သမိုင်း တစ်လျှောက်လုံး၌ မဟာဝိဟာရကျောင်းတိုက် မထေရ်အဆက်ဆက်တို့၏ အယူဝါဒကို ထေရ၀ါဒဟု မိန့်တော်မူကြသည်။ ယနေ့ အနုရာဓမြို့တော်ဟောင်း၌ မဟာစေတီ၊ ဇေတ၀နစေတီ၊ အဘယဂိရိစေတီတော်တို့ကို လှည့်လည်ဖူးမြှော်သောအခါ ကျောင်းတိုက်ကြီး သုံးခုတို့၏ နယ်မြေချင်း စပ်လျက် တည်ရှိနေပုံတို့ကို ကြည့်သောအခါ မန္တလေးမြို့ တောင်ပြင်က အသောကာရာမတိုက်၊ ဘုရားကြီးတိုက်၊ ထီးလင်းတိုက်၊ မြင်းဝန်တိုက်များကဲ့သို့ နီးနီးစပ်စပ် တည်ရှိနေဟန်ကို တွေ့ရပေသည်။ ပါဠိဘာသာဖြင့် အဋ္ဌကထာ ဋီကာကျမ်းကြီးတို့ကို ပြုစုတော်မူခဲ့ ကြကုန်သော ထိုရှေ့ဆောင် သီဟိုဠ်ထေရ်အရှင်မြတ်ကြီးတို့၏ စာသံ၊ ပေသံတို့သည်လည်း ထိုစဉ်က ဘ၀ဂ်တိုင်အောင် ဆူညံခဲ့ကြဟန် ရှိသော်လည်း ယနေ့မြင်တွေ့ရသော အနေအထားမှာ သစ်တောအုပ်ကြီးတို့၏ အကြားအကြားဝယ် ပြန့်ကျဲ၍ နေသော ကျောင်းတိုက်ကြီးတို့၏ အုတ်ကျောက် အတုံးအရုံးများ နှစ်ပေါင်း (၂၅၀၀) နီးပါးခန့်က သဘာဝဘေးဒဏ် စစ်ဘေး စစ်ဒဏ်တို့ကို ကြံ့ကြံ့ကြီး သည်းခံတော်မူ၍ သီတင်းသုံးတော်မူ ကြကုန်သော စေတီတော်ကြီးတို့ကို ဖူးမျှော်ရင်းဖူးမျှော်ရင်း အထူးပင်ကျေးဇူးကြီးမားတော်မူ ကြသည့် သာသနာ့သမိုင်းဝင် ကျေးဇူးရှင် ဆရာတော်ကြီးများကို လွမ်းဆွတ်ဦးညွတ်ခယတသ မိပါသည်။

သီရိလင်္ကာနိုင်ငံ အနုရာဓပုရမြို့၊ ပေါလာနရုဝမြို့ တစ်ခွင်လှည့်လည်သော သီတဂူ သုတေသနခရီးမှာ မြတ်စွာဘုရား၏ အသမ္ဘိန္န ဓာတ်တော် (၇)ပါးတွင် တစ်ပါး အပါအ၀င်ဖြစ်သော ညှပ်ရိုးတော်ဓာတ် နှစ်ဆူ ကိန်းဝပ်ရာ ထူပါရာမစေတီတော် (ထူပါရုံ) ကို ဖူးမြင် ဦးတင်ရသည့်အခါ အင်းဝဘုရင် နရပတိမင်း၏ ထူပါရုံစေတီတော်ကြီးကို အနုရာဓထူပါရုံအတိုင်းပင် ထူပါရုံ၏ မူရင်းအတိုင်းဖြစ်အောင် ပြင်ဆင်မည်ဟု စိတ်ညွတ်မိလေသည်။ မြတ်စွာဘုရားကြွရောက်၍ သီတင်းသုံးတော် မူခဲ့ရာ မဟိယင်္ဂဏသို့ ရောက်သောအခါမှာလည်း စစ်ကိုင်းက မဟိယင်္ဂဏကို သီဟိုဠ်ကျွန်း မူရင်းမဟိယင်္ဂဏနှင့် ထပ်တူဖြစ်အောင် တည်ဆောက်ခဲ့ကြလျှင် ကောင်းမည်ဟု စဉ်း စားခဲ့လေသည်။ မြတ်စွာဘုရား သိဟိုဋ္ဌ်ကျွန်းသို့ကြွစဉ် ဆွမ်းဘုန်းပြီး ကလျာဏီမြစ်မှာ ရေသုံးသပ်တော်မူ၍ မုတိယင်္ဂဏာ အရပ်မှာ သမာပါတ်ဝင်စားကာ နေ့သန့်တော်မူသည်။ ထိုမုတိယင်္ဂကာ စေတီတော်ကို ဖူးရသည်မှာ ဖူးမ၀နိုင်အောင် ရှိလေသည်။ ပဲခူး ကလျာဏီမြစ်အနားက ကလျာဏီစေတီတော်ကို ဖူးမြင်ရသော်လည်း ပဲခူး ကလျာဏီသိမ်အနီးမှာ အဘယ့်ကြောင့် ကလျာဏီစေတီမရှိရသနည်း ဟု စဉ်းစားဖြစ်လေသည်။

သီဟိုဠ်ကျွန်းတောင်ပိုင်း တိဿမဟာဂါမသို့ ရောက်သွားသောအခါ တိဿမဟာရာမ စေတီတော်ကြီးကို ဦးတင်ရန် ဖူးမြင်ပါသည်။ စေတီတော်ကြီးမှာ တောင့်တောင့်ခိုင်ခိုင်ကြီး ဖြစ်သည်။ ကောင်းမှုတော်ကြီးပမာဏရှိပါသည်၊ ကောင်းမှုတော်ကြီးနှင့်မတူ ထူးခြားသည်မှာ ရေပူပေါင်းပုံရှိသော ထူပါပေါ်၌ လေးထောင့်တိုက် ဟမ္မိက (စတုဂဗ္ဘ) ကို တည်ဆောက်ပြီး ထိုဟမ္မိကခေါ် ဓာတ်တော်တိုက်အပေါ်၌ ကျောက်ထီး တစ်ဆယ့် သုံးချက်ကို ထိစပ်အောင် ထပ်လျက် တင်လှူပူဇော်ထားသည်။ အပေါ်၌ ထီးအထွတ်ကဲ့သို့သော အထွတ်တစ်ခု တင်ထားသည်။ စေတီတော်ကြီးကို ဘုရင်ဂ၀ံတိဿ မင်းတည်ထားသည်ဟု သမိုင်းရေးထိုး ထားသည်။
မှတ်သားဖွယ်အထူးမှာ မြတ်စွာဘုရား၏ အသမ္ဘိန္နဓာတ်တော် နဖူးသင်းကျစ်ရိုးကို ဌာပနာသွင်း၍ ပူဇော်ထားသည်ဟု ဆိုလိုလေသည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံခန်းကို ဖွင့်ဆို ရေးသားထားသော သုတ်မဟာဝါ အဋ္ဌကထာ ဋီကာတို့နှင့် စွယ်တော်လေးဆူတို့၏ ကြွရာကိုသာ ဖော်ပြထားပြီး နဖူးသင်းကျစ်အရိုးတို့၏ ကြွတော်မူရာကို ဖေါ်ပြထားခြင်း မရှိချေ။ ဤနဖူးသင်းကျစ် ဓာတ်တော်တို့ ဤတိဿမဟာရာမသို့ မည်သို့ မည်ပုံ ရောက်လာပါသနည်း ဟု စဉ်းစားရင်း သုတေသနပြုခြင်းလုပ်ငန်း၏ လိုအပ်ပုံနှင့် အဖိုးတန်ပုံကို တွေးတောမိလေသည်။
ဤတစ်ခေါက် သီဟိုဠ်ကျွန်း၌ ကျင်းပခဲ့သည့် ဗုဒ္ဓကျမ်းစာ သုတေသနစာတမ်းဖတ်ပွဲသို့ အရှင်ပညာသီဟာ လင်္ကာရ Ph.D,ဓမ္မာစရိယ၊ အရှင်ဓမ္မိက M.A, ဓမ္မာစရိယ၊ အရှင်ဝိသုတ M.A ဓမ္မာစရိယ၊ သီတဂူ မောင်ကျော်ဆန်းဝင်း (ဓာတ်ပုံမှတ်တမ်း)၊ သီတဂူ မောင်ထိန်လင်းဦး (ဗွီဒီယိုကင်မရာမှတ်တမ်း) (၉)ရက်ခရီးကို လာရောက်ကြခြင်းဖြစ်ပါသည်။
(၀၇-၀၉-၂၀၁၃) ညနေပိုင်း (၇)နာရီအချိန်၌ Napana Pemanand Mahathero ရာမညဂိုဏ်းချုပ် မဟာနာယက သံဃရာဇာက သီတဂူဆရာတော်အား သမ္မုဒ္ဓသာသန ကိတ္တိသိရီပါဝစန ၀ိသာရဒ ဘွဲ့တံဆိပ်ကို အခမ်းအနားဖြင့် ချီးမြှင့်တော်မူသည်။

သီတဂူဆရာတော်အား ဂုဏ်ပြုသည့် အခမ်းအနားကို သီဟိုဠ်ဆရာတော် (၅)ပါးနှင့် ၀န်ကြီးတစ်ပါးတို့က မိန့်ခွန်းပြောကြားတော်မူခဲ့ကြသည်။ သီတဂူဆရာတော်က သင်္ကန်းခြောက်စုံ၊ ဘုရားသုံးဆူ ရွှေပြည်တန် သင်္ကန်း (၂၀) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်စာအုပ် တစ်စုံတို့ကို ပေးအပ် လှူဒါန်းခဲ့ကြသည်။ သီရိလင်္ကာနှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုမှာ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးမျိုးမဟုတ်၊ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဓမ္မနှင့် ပတ်သက်၍ နှစ်ပေါင်း (၂၀၀၀)နီးပါးက နှစ်နိုင်ငံ အပြန်အလှန် အားပေးကူညီစောင့်ရှောက်ခဲ့သော ချစ်ခင်ရင်းနှီးမှု Dhamma Friendship ဖြစ်ပါသည်။
နေနှင့်လတို့ ဤကမ္ဘာမှာ တည်ရှိသမျှကာလပတ်လုံး သီရိလင်္ကာ မြန်မာ ဆက်ဆံရေး ဖြစ်ထွန်းတည်ရှိပါစေဟု ဆုတောင်းပါသည်။

သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းကားပါစေ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၉-၂၀၁၃

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes