ညီညွှတ်ကြီးပွားလမ်းစဉ် (သို့) သာရဏီယ တရား
စာမိတ်ဆက်
“ဖေ့စ်ဘုတ်မှာ
သာရဏီယတရား ၆ ပါးနှင့် ထင်ရှား ပြည့်စုံသူများ”ဟုသော ခေါင်းစဉ်အောက်မှာ
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
ဦးသန့်နှင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့
သုံးယောက်ကို ပြထားတာ တွေ့ရတယ်။ မြန်မာကို ကမ္ဘာ့အသိုင်းအ၀ိုင်းနဲ့
မိတ်ဆက်ပေးသူများဟူ၍လဲ ရေးထားသည်။ ထိုအောက်မှ ကွန့်မန့်တွေ ဖတ်ရင်း
စိတ်ဝင်စားစရာလဲတွေ့ရ ရယ်စရာတွေ့၍လဲ ရယ်မိသည်။ တချို့လဲ အကောင်းမြင်ဝါဒဖြင့်
ချီးမွမ်းထောမနာ ပြုထားကြသည်၊ တချို့ကတော့ ဘယ်သူကိုတော့ ဘာလို့မထည့်လဲဆိုပြီး
နာမည်ကိုပါ ထည့်၍ မန့်ထားသည်။ စာရေးသူလဲ ဖေ့စဘုတ်ဂျိုးဖြစ်နေမှန်းမသိ ဖြစ်နေသည်၊
ဖေ့စ်ဘုတ်က ကွန်မန့်တွေ ဖတ်ရတာကို နှစ်သက်လာမိသည်။ တော်တဲ့သူကို တော်သလို
ကောင်းတဲ့သူကို ကောင်းသလို ချီးမွမ်းခန်းတွေနဲ့ မန့်ထားသည်၊ ဆိုးသည်ဟု
ယူဆရသောသူကိုတော့ အသားကုန် မန့်ထားသည်ကို တွေ့ရသည်။ နိုင်ငံရေးမှာပဲဖြစ်ဖြစ်
ဘာသာရေးမှာပဲဖြစ်ဖြစ် လူမှူရေးမှာပဲဖြစ်ဖြစ် တော်သူကို တော်သလို ဆိုးဝါးသူကို
ဆိုးသလို အချက်ကျကျ ဝေဖန်သုံးသပ်ထားသည်ကိုလဲ တွေ့ရသည်။ ထိုကွန်မန့်များစွာထဲက
သာရဏီယတရားအကြောင်း မန့်ထားတာလေးကိုလဲ တွေ့ရသည်။ ဒါနဲ့ပဲ သာရဏီယအကြောင်း
ရေးချင်စိတ်ပေါက်လာတာနဲ့ ရေးဖြစ်သွားခြင်းဖြစ်သည်။
ညီညွတ်ခြင်း၏ သင်္ကေတ (ဦးပိန်တံတား)
(မွေးနေ့တစ်ခုအတွက်နဲ့
နှစ်လည်အောင့်မေ့ဖွယ်အတွက် ဂုဏ်ပြုပေးသော စာရေးသူ၏ ပို့စ်တချို့မှာလဲ
ထိုသာရဏီယတရားအကြောင်း အနဲငယ်ထည့်ရေးဖူးသည်။)
သာရဏီယတရားများ
အဂုင်္တ္တရနိကာယ်
တိကနိပါတ်မှာတော့ သာရဏီယဆိုတာ တစ်သက်မမေ့ထိုက်သော အရာများ၊ မမေ့သင့် မမေ့ထိုက်သော၊
တစ်သက်တာ အမှတ်ရထိုက်သော အရာများဟု မေ ၁၆ ရဲ့မွေးနေ့ပို့စ်မှာ ရေးခဲ့ဖူးသည်။
ထိုသုတ်အရ မမေ့ထိုက်သော အရာ သုံးခုကို ပြထားသည်၊ ၁။မွေးနေ့၊ ၂။ဘ၀တစ်ခု၏
အလုပ်စလုပ်ရာနေ့ (ဘုရင်ဖြစ်သောနေ့၊ ရဟန်းဖြစ်သောနေ့စသည်) ၃။ အောင်မြင်သောနေ့ဟု
ပြဆိုခဲ့ပြီး ဖြစ်သည်။
အဂုင်္တ္တရနိကာယ် ဆက္ကနိပါတ်မှာတော့ တစ်သက်တာ အမှတ်ရစေရမည့်
အရာ ၆ မျိုးကို ပြထားသည်။ ထို ၆ မျိုးလုံးကို ခြံငုံသုံးသပ်လျှင် “သာရဏီယတရားသည်
အချင်းအချင်း တစ်ဦးပေါ် တစ်ဦး ခိုက်ရန်မဖြစ်ခြင်း၊ ချစ်ခင်ကြင်နာခြင်း,
လေးစားယုံကြည်ခြင်းတို့ကို ဖြစ်စေသောကြောင့် စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်း
ကြီးပွားခြင်းတို့ကို ဖြစ်စေသည်သည်။ ထို့ကြောင့် ထိုသာရဏီယတရား ၆ပါးကို
လူဝတ်ကြောင်ပဲ ဖြစ်ဖြစ် သာသနာအတွင်းက ရဟန်းသာမဏေများပဲ ဖြစ်ဖြစ်
တစ်သက်တာအမှတ်ရစေရမည့် တရား ၆-ပါးအဖြစ် ပြုကျင့်၏ဟူ၍” ဆိုအပ်၏။
သာရဏီယ ၆
ပါး
(၁) တစ်ယောက်ကိုတစ်ယောက် ,ရှေ့မှာပဲဖြစ်စေ ဆိပ်ကွယ်ရာမှာဖြစ်စေ
ကာယကံမေတ္တာထားခြင်း (မေတ္တံ ကာယကမ္မံ)။
ရဟန်းတော်များအတွက် အာဘိသမာစာရိက
အချင်းအချင်းအပေါ် နားလည် လေးစား လိုက်နာရမည့် ကျင့်ဝတ်တွေကို မေတ္တာဖြင့်
ပြုကျင့်ခြင်းဖြစ်သည်။ ဥပမာ-တပည့်တစ်ယောက်က ဆရာသမားအပေါ် သို့မဟုတ်
မိတ်ဆွေတစ်ယောက်အပေါ် လုပ်သင့်လုပ်ထိုက်သော တာဝန်များရှိသည်၊ ထိုတာဝန်များကို
မေတ္တာထားပြီး ကိုယ်ဖြင့်ပြုလုပ်သော အမှုများကို ကာယကံမေတ္တာ
ထားခြင်းဟုဆိုသည်။
အလားတူပင် လူဝတ်ကြောင်များလဲ အချင်းအချင်းအပေါ် အပြန်အလှန်
လေးစားရမည်၊ ပြုလုပ်သင့်သော တာဝန်များရှိသည်။ ထိုတာဝန်များကို ဖြည့်ဆည်းပေးရာဝယ်
မေတ္တာစိတ်လေးထားလိုက်ရုံမျှဖြင့် ကာယကံမေတ္တာဖြစ်သွားသည်။ သူငယ်ချင်းတစ်ယောက်
သို့မဟုတ် သူစိမ်းတစ်ယောက် အိမ်ကိုရောက်လာလျှင် နွေးနွေးထွေးကြိုဆိုလိုက်ခြင်း
နေရာပေးခြင်း ရေအေးအေးလေးတိုက်ခြင်း စသည်စသည်ဖြင့် ဧည့်ဝတ်ပြုကြရသည်၊
ထိုသို့ဧည့်ဝတ်ပြုရာဝယ် မေတ္တာစိတ်လေးထားလိုက်ခြင်းသည်ပင် ကာယကံမေတ္တာမည်သည်။
ဘုရားဖူးသွားသည်ပဲ ဖြစ်ဖြစ်၊ ဘုရားဝတ်ပြုတာပဲ ဖြစ်ဖြစ်၊ သူတော်စင်တပါးပါးကို
အိမ်သို့ပင့်တာပဲဖြစ်ဖြစ်၊ ကြွလာသော သူတော်စင်ကို ခရီးဦးကြိုခြင်း၊
နေရာထိုင်ခင်းပေးခြင်း စသည် ဝေယျာဝေစ္စအမှုများသည် မေတ္တာဦးစီးသောအခါ ကာကယံမေတ္တာ
ဖြစ်သွားသည်။
(၂) အချင်းချင်း တစ်ဦးအပေါ် တစ်ဦး ၀စီကံမေတ္တာ ထားခြင်း (မေတ္တံ
ဝစီကမ္မံ)
ဝစီကံမေတ္တာ သည်လည်း ကာယကံမေတ္တာနည်းတူ မေတ္တာဖြင့် နှုတ်ဝစီကို
ဆိုခြင်းသည် ၀စီကံမေတ္တာမည်သွားသည်။ မေတ္တာစိတ်ဖြင့် ဓမ္မအကြောင်း ဘာသာရေးအကြောင်း
လူမှုရေးအကြောင်း စီးပွားရေးအကြောင်း စသည်ဖြင့် ဗဟုသုတဖြစ်ဖွယ်၊
အကျိုးများဖွယ်ရှိသော စကားများကို ပြောပေးခြင်း၊ ဟောပေးခြင်း၊ ဆွေးနွေးခြင်းများသည်
ဝစီကံမေတ္တာမည်သည်။ သူငယ်ချင်းရေ-- ဒီည ဘယ်ဆရာတော် တရားဟောမည်တဲ့၊
တရားသွားနာကြရအောင်ဟု ပြောဆိုခြင်း၊ မနက်ဖန် သံဃာ့ ဘုရားရှိခိုးမယ်၊ ပရိတ်ရွတ်မယ်၊
ပဌာန်းရွတ်မယ် စသည်အားဖြင့် မေတ္တာဖြင့် ပြောဆိုခြင်း၊ ရွတ်ဖတ်ခြင်းတို့သည်
ဝစီကံမေတ္တာများဖြစ်သည်။ အမြင်မတော် လုပ်နေသော သူငယ်ချင်းကို
“သူငယ်ချင်းရေ-ဒီအလုပ်တော့ မလုပ်သင့်ဘူး၊ ဒီလိုတော့ လုပ်သင့်တယ်၊ ဒီလိုတော့
မပြောသင့်ဘူး၊ ဒီလိုတော့ ပြောသင့်တယ်”ဟု မေတ္တာဖြင့် လမ်းညွှန်ပြသ
ပြောဆိုခြင်းသည်လည်း ၀စီကံမေတ္တာ မည်သည်။ ဤသို့အား အကောင်းဘက်မှာ မေတ္တာနှင့်ယှဉ်၍
ပြောဆိုခြင်းအားလုံးကို ၀စီကံမေတ္တာ ဆိုပါသည်။
(၃) တစ်ယောက်အပေါ် တစ်ယောက်
ရှေ့မှာပဲဖြစ်ဖြစ် မျက်ကွယ်မှာပဲဖြစ်ဖြစ် မေတ္တာပွားခြင်း (မေတ္တာ
မနောကံ)
အချိန်မရွေး နေရာမရွေး တစ်ဦးနဲ့ တစ်ဦး မေတ္တာစိတ်တွေ မွေးနေရင် မေတ္တာ
မနောကံ မည်သည်။ “ဤမြို့ ဤရွာ ဤနေရာ၌ နေကြကုန်သော သူတို့သည်
စိတ်ဆင်းရဲခြင်းကင်းကြပါစေ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ” စသည်ဖြင့် တစ်ဦးချင်းကို
ရည်ရွယ်ပြီး မေတ္တာပွားခြင်းပဲ ဖြစ်ဖြစ် (ဥဒ္ဒိဿမေတ္တာ)၊ ခြုံငုံ၍
မေတ္တာပွားခြင်းပဲဖြစ်ဖြစ် (အနောဒိဿမေတ္တာ) ဘယ်နည်းနဲ့မဆို မေတ္တာပို့ခြင်းမှန်သမျှသည်
မေတ္တံ မနောကံမည်သည်။ မေတ္တံ-မနောကံဆိုတာ ကာယကံ မေတ္တာကဲ့သို့ ကိုယ်ထိလက်ရောက်
မေတ္တာဖြင့် ပြုစုခြင်းမျိုးလဲ မဟုတ်၊ မေတ္တာစိတ်ဖြင့် နှုတ်ဝစီဖြင့် ထုတ်ဖော်
ပြောဆိုခြင်းမျိုးလဲ မဟုတ်ဘဲ စိတ်ထဲမှာပဲ ပွားများခြင်းမျိုးဖြစ်သည်။
(၄)
ရရှိလာတဲ့ ပစ္စည်းတွေကို အတူမျှဝေသုံးစွဲခြင်း (လာဘေဟိ
အပ္ပဋိဝိဘတ္တဘောဂီ)
ရဟန်းသာမဏေများသည် ကိုယ့်ဘုန်းကိုယ့်ကံကြောင့် ရရှိလာတဲ့
လာဒ်လာဘတွေကို ကိုယ်တစ်ယောက်တည်း မသုံးဘဲ မိတ်ဆွေအပေါင်းသင်းများနဲ့
မျှဝေသုံးစွဲခြင်း။ ဘယ်သူ့ကိုပဲ မျှဝေမယ် ဘယ်သူ့ကိုတော့ မျှဝေ မပေးနိုင်ဘူးဆိုတဲ့
ခွဲခြားတဲ့စိတ်မထားဘဲ အတူနေသူအားလုံးကို တပြေညီတည်းသဘောထားပြီး အညီအမျှဝေခြမ်းပြီး
သုံးစွဲခြင်းဖြစ်သည်။ စာရေးသူတို့ ငယ်ငယ်က ဆရာသမားများ၏ အဆိုအဆုံးအမကို
နားကြားခဲ့ရသည်။ “စိတ်ကောင်းရှိဖို့က ပထမ”ဆိုတဲ့ ဥပဒေဆယ်ချက်ထဲက တစ်ချက်သည်
အမရပူရမြို့မဟာဂန္ဓာရုံတိုက်ကြီး၏ စာသင်နည်းစနစ်တခုဖြစ်သည်။ သူတော်ကောင်းစိတ်ကို
ဖြစ်စေဖို့ သဒ္ဓါတရားကို တိုးပွားစေဖို့၊ ဣဿာ မစ္ဆရိယစိတ်တွေ ဆုတ်ယုတ်စေဖို့ ဆိုတဲ့
ရည်ရွယ်ချက်ဖြင့် ပရိယတ္တိစာပေများကို သင်ယူရသည်။ ဆရာများကလဲ ကိုယ့်မှာ ရရှိလာတဲ့
ပစ္စည်းပစ္စယလေးတွေကို အတူနေ သီတင်းသုံးဖော်တို့အား ပေးတတ်ကမ်းတတ်အောင်
ဆိုဆုံးမလေ့ရှိသည်။ ဆိုလိုသည်မှာ နံပါတ် ၄ သာရဏီယ တရားကို ဖြစ်ကျင့်ဖို့ရန်ဖြစ်သည်။
စိတ်ကောင်းရှိဖို့ ပထမ ဟူသော ပထမဆုံး ဥပဒေသည်ပင် သာရဏီယ ၆ ပါးလုံး ဖြည့်ကျင့်စေဖို့
တိုးပွားစေဖို့ပဲ ဖြစ်သည်။ ကိုယ့်ရဲ့ ကျိုးပန်းမှုကြောင့် ရရှိလာတဲ့ ဘ၀စည်းစိမ်
ဥစ္စာတွေကို ကိုယ်တည်း မသုံးစွဲဘဲ ကိုယ့်မိသားစုပဲ မသုံးစွဲဘဲ
ကိုယ့်အိမ်အနီးအနားမှာရှိတဲ့ သူတွေကို မျှဝေပေးခြင်းသည် ၄ ခုမြောက် သာရဏီယဖြစ်သည်။
အလုပ်ရှင်၊ အရာရှိ အသီးအသီးတို့သည်လည်း ကိုယ်ချည်း မသုံးစွဲဘဲ
ကိုယ့်အောက်ငယ်သားတွေကို ဝေမျှသုံးစွဲခြင်းဟုသော သာရဏီယ အကျင့်ကို
လေ့ကျင့်သင့်သည်။
အထူးသတိပြုရသည်မှာ ပေးသူ ယူသူတို့ နှစ်ဦးလုံး
ကိုယ်ကျင့်တရားရှိရမည်။ ကိုယ်ရှာဖွေလို့ ရလာတဲ့ စည်းစိမ်တို့သည် ဓမ္မိယလဒ္ဓဖြစ်ရမည်၊
အသက်မွေးဝမ်းကြောင်းစင်ကြယ်ပြီး ရတဲ့ ပစ္စည်းဖြစ်ရမည်။ မသန့်ရှင်းသော ပစ္စည်းဖြင့်ကား
သာရဏီယ ကျင့်ဝတ်မဖြစ်နိုင်။ ထို့ကြောင့် ဒီသာရဏီယကျင့်ဝတ်သည်
ကိုယ်ကျင့်တရားရှိသူသည်သာ ဖြည့်ကျင့်နိုင်သည်၊ ကိုယ်ကျင့်တရား မရှိသော ဒုဿီလ
သမားကတော့ ဖြည့်ကျင့်ခွင့်မရ။ ကိုယ်ကျင့်တရားရှိသော မိတ်ဆွေ အပေါင်းသင်းများက
နည်းမမှန်သောနည်း (၀ိသမလောဘ၊ မိစ္ဆာဇီဝ)ဖြင့် ရရှိလာသော ပစ္စည်းကို ဝေငှပါက
လက်မခံနိုင်ကြ။ ဆိုလိုသည်မှာ ဒုဿီလပေးသော ပစ္စည်းလက်မခံ။
သာရဏီယဖြည့်ကျင့်ဖို့ရန်အတွက် အသက်မွေးဝမ်းကြောင်း စင်ကြယ်စေရမည်၊
သီလရှိရမည်ဟူသတည်း။
ပေးသူ+ယူသူနှစ်ဦးလုံးက ကိုယ်ကျင့်တရားနှင့်
ပြည့်စုံကြသည်ဖြစ်သောကြောင့် သာရဏီယတရားကို ဖြည့်ကျင့်သူသည် ဣဿာ မစ္ဆရိယစိတ်
မရှိခြင်း၊ လူရော နတ်ပါ ချစ်မြတ်နှိုးခြင်းကို ရရှိခြင်း၊ လာဘ်လာဘပေါများခြင်း၊
ပေးမကုန်အောင် ပေါများခြင်း။ ကိုယ့်မှာ အကြောက်တရားနှင့် ဆာလောင်မှုဘေးနဲ့
ရင်ဆိုင်ရရင်တောင် နတ်တွေရဲ့ အစောင့်အရှောက်ကို ရရှိခြင်း စသည်ဖြင့် အကျိုးကား
ကြီးမားလှသည်။
(၅) တူညီသော ကိုယ်ကျင့်သီလရှိခြင်း (သီလသာမညဂတော)
“ရောမမှာနေ
ရောမလိုကျင့်”ဆိုတာလို ရောက်တဲ့နေရာမှာ သီလရှိသူ ကိုယ်ကျင့်တရားရှိသူတွေနဲ့
တန်းတူနေနိုင်ခြင်း။ သာရဏီယတရားတို့သည် အကောင်းဘက်ကိုပဲ ရည်ရွယ်သဖြင့် သီလမရှိသူ
ကိုယ်ကျင့်တရားမရှိသူတို့နှင့် တန်းတူစရာမလို။ ရောက်တဲ့နေရာတိုင်းမှာ
သောတာပန်သီလရှိသူနဲ့ တန်းတူ သောတာပန်သီလအဖြစ် ဖြည့်ကျင့်၍နေခြင်း။
ကောင်းတဲ့သူနဲ့တွေ့တော့ သူနဲ့အဆင့်တူအောင် သူ့လိုနေပြရသည်။ သာရဏီယသဘောအရ
သောတာပန်ပုဂ္ဂိုလ်တစ်ယောက်၏ သီလသည် သမုဒ္ဒရာတစ်ဘက်ကမ်း သို့မဟုတ် နတ်ပြည်မှာရှိသော
သောတာပန်ပုဂ္ဂိုလ်တစ်ယောက်၏ သီလနဲ့ ဘယ်လိုမှ ခွဲခြား၍မရ၊ တစ်ထပ်တည်း
ညီမျှနေသည်။
လောကလူသားတွေ အများစုက ကိုယ့်ထက် စည်းစိမ် ရာထူး ပညာ နိမ့်ပါးသူကို
ကိုယ်နဲ့အဆင့်မတူဘူးဆိုပြီး တန်းတူမဆက်ဆံနိုင်ကြ၊ ကိုယ့်ထက်
ကိုယ်ကျင့်တရားဘယ်လောက်ပဲ ကောင်းကောင်း ပိုက်ဆံရှိ ပညာတတ် လူ့ဗာလက အထင်သေး
အမြင်သေးဆက်ဆံတတ်သည်။ ပညာရှိသူတော်ကောင်းကို ရှေ့တန်းမတင်ချင်ကြ၊ ကိုယ့်ထက်သာသူ
မြင်ပြန်တော့လဲ ၀မ်းမသာနိုင်ဘဲ ဆွဲချဖို့ပဲ စဉ်းစားတတ်ကြသည်။ တကယ်ဆို သာရဏီယတရားအရ
အသွင်မတူပေမဲ့ မွန်မြတ်တဲ့အသွင်ဖြစ်အောင် တန်းညှိပေးရသည်။ ကိုယ်က
စည်းစိမ်ဥစ္စာဘယ်လောက်ပေါပေါ၊ ပညာတွေဘယ်လောက်ပဲ တတ်တတ်၊ ရာထူးတွေဘယ်လောက်ပဲ
မြင့်မြင့် ကိုယ့်ထက်ကိုယ်ကျင့်သီလ မြင့်မြတ်သူကို တလေးတစားဆက်ဆံရမည်၊
ကိုယ့်ထက်သာသူကို ၀မ်းသာပေးရမည်အပြင် ကိုယ်လဲ
သူ့လိုလူဖြစ်အောင်ကြိုးစားရမည်။
(၆) တစ်ယောက်နဲ့တစ်ယောက် အမြင်တူမျှခြင်း
(ဒိဋ္ဌိသာမညဂတော)
သာရဏီယတရားတော်အရ အမြင်တူရမည်ဟုဆိုရာဝယ်
သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ရေး အမြင်တူရခြင်းဖြစ်သည်။ ရောက်လေရာ အရပ်မှာ
သံသရာလွတ်မြောက်ကြောင်း သမ္မာဒိဋ္ဌိအမြင်ရှိသူတွေနဲ့ တန်းတူနေနိုင်အောင်
ကြိုးစားရမည်။
ဘာသာရေးမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊
လူမှုရေးမှာပဲဖြစ်ဖြစ် စီးပွားရေးမှာပဲဖြစ်ဖြစ် အရေးများစွာတွင် အမြင်မတူရင်၊
အသွင်မတူရင် ပေါင်းရသင်းရ ခက်ခဲတတ်သည်၊ သို့သော်လည်း အသွင်မတူ အမြင်မတူရင်
ညှိယူလို့ရသည်၊ အများစုက မျက်စိ ဇွတ်မိတ်ပြီး ကိုယ့်အမြင်က မှန်သည်ဟု ယူဆတတ်သည်၊
အတ္တကြီးသူ ဖြစ်တတ်သည်။ အတ္တလေး ဘေးဖယ်ထားပြီး ကိုယ့်အမြင် သူ့အမြင်များကို
ပြန်လည်သုံးသပ်သင့်သည်။ အများအတွက် အကျိုးရှိမည့် အမှန်တရားကို လက်ခံသင့်သည်။
တစ်ဖတ်လူ၏ အမြင်သည် ကိုယ်အမြင်ထက် ပိုအကျိုးများနေပါက ထိုသူ့အမြင်နဲ့
တန်းညှိသင့်သည်။
အကျဉ်းချုပ်သော်----
(၁) တစ်ယောက်ကိုတစ်ယောက်
,ရှေ့မှာပဲဖြစ်စေ ဆိပ်ကွယ်ရာမှာဖြစ်စေ ကာယကံမေတ္တာထားခြင်း (မေတ္တံ ကာယကမ္မံ)
(၂)
အချင်းချင်း တစ်ဦးအပေါ် တစ်ဦး ၀စီကံမေတ္တာ ထားခြင်း (မေတ္တံ ၀စီကမ္မံ)
(၃)
တစ်ယောက်အပေါ် တစ်ယောက် ရှေ့မှာပဲဖြစ်ဖြစ် မျက်ကွယ်မှာပဲဖြစ်ဖြစ် မေတ္တာပွားခြင်း
(မေတ္တာ မနောကံ)
(၄) ရရှိလာတဲ့ ပစ္စည်းတွေကို အတူမျှဝေသုံးစွဲခြင်း (လာဘေဟိ
အပ္ပဋိဝိဘတ္တဘောဂီ)
(၅) တူညီသော ကိုယ်ကျင့်သီလရှိခြင်း (သီလသာမညဂတော)
(၆)
တစ်ယောက်နဲ့တစ်ယောက် အမြင်တူမျှရခြင်း (ဒိဋ္ဌိသာမညဂတော)
ဘာပဲဖြစ်ဖြစ် အဓိကအားဖြင့်
သာရဏီယတရားသည် အရိယာနယ်ပယ် သို့မဟုတ် ဘာသာရေးနယ်ပယ်ကို အဓိကထား ဖွင့်ဆိုထားပေမဲ့
ဘာသာရေးအပြင် လူမှုရေး စီးပွားရေး နိုင်ငံရေးတွေမှာပါ စံနမူနာယူပြီး
အသုံးချမည်ဆိုပါက ညီညွှတ်ရေး ငြိမ်းချမ်းရေး တည်ငြိမ်ရေး ကြီးပွားရေး စသည့်
အရေးများစွာအတွက် များစွား အကျိုးများမည်
ဖြစ်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၇-၂၀၁၂