ဧ၀ံ မေ ပတ္ထိတံ
-----------
“ဘုန်းဘုန်းဘုရား ”
မိမိသည် အခန်းထဲမှာ အနားယူနေခိုက် ကျောင်းသားတစ်ယောက်၏ အသံကို ကြားလိုက်ရ သဖြင့် အခန်းတံခါးကို ဖွင့်လိုက်၏။
“ဆရာတော်က ဘုန်းဘုန်းက ပင့်ခိုင်းလိုက်လို့ပါဘုရား”။
“အေးအေး - ဟုတ်ပြီ၊ ဘာကိစ္စလဲ”။
“မှန်ပါ၊ မင်္ဂလာဦးဆွမ်းကျွေးမှာ ပရိတ်တရား ချီးမြှင့်ဖို့ပါဘုရား”။
မိမိ ရောက်သည့်နေ့မှာပဲ မင်္ဂလာဦးဆွမ်းကျွေးနှင့် ပက်ပင်းတိုးမိလေသည်။ မိမိ စီးနင်း လိုက်ပါလာသည့် လေယာဉ်သည် ကွာလာလမ်ပူလေဆိပ်သို့ နံနက် ၈-နာရီခန့်မှာ ဆိုက်ရောက် သဖြင့် ဒေါက်တာအရှင်ဣန္ဒက၏ ကပုန်းကျောင်းသို့ နေ့ဆွမ်းစားအမီ ရောက်ရှိလာခြင်း ဖြစ်ပေသည်။
ကပုန်းကျောင်းတွင်းမှာ ကျင်းပသည့် မင်္ဂလာဦးဆွမ်းကျွေးပွဲ၌ မြန်မာ့ရိုးရာ လုံချည်, အင်္ကျီ တို့ကို ၀တ်ဆင်ထားသည့် သတိုးသား, သတိုးသမီးကို တွေ့ရသောအခါ “ဒါမှ မြန်မာလူမျိုးကွ” ဟု စိတ်ထဲ၌ အသံတိတ် ကြုံးဝါးမိလေသည်။ နိုင်ငံရပ်ခြား တိုင်းတပါး၌ မြန်မာ့ဝတ်စုံတို့ကို မြင်ရဖို့ မလွယ်ကူလှပေ။ မြန်မာ့ဝတ်စုံသည် မြန်မာပြည်မှာ မဆန်းသော်လည်း ပြည်ပမှာကား ဆန်း၍ လန်း၍ နေလေတော့သည်။ မြန်မာ့ရိုးရာဓလေ့ ယဉ်ကျေးမှုတို့သည်ကား ဝေးကွာလေလေ တမ်းတလေလေ ဖြစ်တော့သည်။
မိမိ အိန္ဒိယပြည်မှာ ၀ါဆိုခဲ့စဉ်က နံနက်မိုးလင်းမှာ အိန္ဒိယကုလားသီချင်းသံက မိမိ၏နားကို အမြဲတန်း နှိပ်စက်လေ၏။ ကုလားသီချင်းသံကို ကြားရလေလေ မြန်မာ့သီချင်းသံကို လွမ်းရ လေလေပင်။
“အောင်ခြင်းရှစ်ပါး အသံကြားတဲ့အခါ . . .”
“အစိန္တေယျ …. အပ္ပမေယျ … အနန္တစကြာသေဋ္ဌ …. အတုမရှိသော ကျေးဇူးဂုဏ်တော်… အပေါင်းတည်ရာ ဖြစ်တော်မူသော အရှင်ဝိပဿီ.. မြတ်စွာ . . . . ဘုရား … ကိုယ်တော်. ” စသည့်စသည့် မြန်မာ့တေးသံသာများကို အနုဿတိ (အဖန်တလဲလဲသတိရခြင်း) ကမ္မဋ္ဌာန်း စီးဖြန်းမိလေ တော့သည်။
တခါတရံ နတ်ရွာစံသွားလေပြီဖြစ်သော မြန်မာတို့၏ နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်း ကိုပင် သတိရမိလိုက်သေး၏။ “အော် သီပေါမင်းခမျာ ရတနာဂီရိမှာ အကျဉ်းကျစဉ်က ငါလိုပဲ ကုလား သီချင်းသံ၏ နှိပ်စက်မှုကို ခံရရှာမှာပဲ၊ သူ့ခမျာ မြန်မာပြည်ကြီးကို တော်တော် လွမ်းတော်မူလိမ့် မည့်ဖြစ်ခြင်း”။
တိုင်းတပါး၏ ရိုးရာယဉ်ကျေးမှုကို မြင်ရလေလေ မြန်မာ့ရိုးရာယဉ်ကျေးမှုကို သတိရလေလေ ဖြစ်ရသည်မှာ အတွင်းမှာ ကိန်းအောင်းနေသည့် ၀ံသာနုစိတ်ဓာတ်ကြောင့်ပင်တည်း။ ယခုကဲ့သို့ မြန်မာ့ရိုးရာဝတ်စုံကိုတွေ့ရသောအခါ စိတ်ထဲမှာ အလွမ်းပြေသလိုတော့ ခံစားရပါ၏။ သို့သော် ရာနှုန်းပြည့်တော့ မဟုတ်။
ယင်းဆွမ်းကျွေးပွဲ၌ ကျောင်းထိုင်ဆရာတော်က တရားနာပရိသတ်အား သီလပေးပြီးနောက် သတိုးသား, သတိုးသမီးတို့အား တစ်ယောက်နှင့် တစ်ယောက် နားလည်မှုရှိဖို့ လိုအပ်ကြောင်း၊ မယ်တစ်ထမ်း မောင်တစ်ရွက်ဆိုတာလို တာဝန်ကိုယ်စီ လုပ်ကိုင် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ယခုလို ဘာသာတရားနှင့်အညီ ပြုလုပ်ကြခြင်းဟာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ခြင်းပဲ ဖြစ်ကြောင်းစသည်ဖြင့် အဆုံးအမ သြ၀ါဒစကားများကို မိန့်ကြားတော်မူ လေသည်။
“အမျိုးဘာသာ သာသနာကို စောင့်ရှောက်”ဟူသောစကားကို ကြားလိုက်ရသည့်အချိန်မှာ မန္တလေးမြို့ ၀ါခင်းကုန်းဆရာတော်ဟောကြားထားသည့် “မျိုးချစ်အာဇာနည် ဓနဉ္စာနီ” ဟူသော တရားကို နားထဲမှာ ကြားယောင်မိလေတော့သည်။ ဆရာတော်၏ အသံမှာ ကြည်လင်၏၊ ပြတ်သား၏။ နာရသည်မှာ အရသာရှိလှ၏။
“ဒကာ, ဒကာမတွေ ကိုယ့်သားသမီးတွေကို ဘုရားအဆုံးအမတွေကို ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး ပြောပေးကြရမယ်၊ ဒါမှ သူတို့ကြီးလာတဲ့အခါမှာ အမျိုး ဘာသာရဲ့ တန်ဖိုးကို သိရှိ နားလည်ကြမှာ၊ အဲသလို မဟုတ်ရင် ဘာသာခြားနှင့် အိမ်ထောင်ပြုပြီး ဘာသာကူးပြောင်းသွားကြလိမ့် မယ်၊ ဒီကိစ္စကို ပေါ့ပေါ့တန်တန် မတွေးကြနဲ့၊ အလွန် အရေးကြီးတယ်”။
“ပြောရဦးမယ်၊ သင်ခန်းစာယူကြဖို့အတွက်၊ ဟိုတနေ့က မန္တလေးကပဲ၊ ကလေးမလေး တစ်ယောက်ဟာ ဘာသာခြားအမျိုးသားနှင့် ရည်ငံပြီး ဘာသာခြားတို့ရဲ့ ထုံးစံနှင့် အညီ နံနက်ခင်းမှာ မင်္ဂလာဆောင်တယ်၊ ညနေရောက်တော့ သမီးရှင်ဖြစ်သူမိဘတွေက သူတို့နှင့် ရပ်မိရပ်ဖတွေကို ဂါရ၀ပြုဖို့အတွက်ဆိုပြီး သတိုးသားနှင့် သတိုးသမီး သူတို့အိမ်မှာ ခေါ်လိုက်တယ်”။
“ရပ်မိရပ်ဖတွေ စုံတဲ့အချိန်မှာ အဖေဖြစ်သူက သတိုးသားနှင့် သတို့သမီးကို မြန်မာ့ ယဉ်ကျေးမှုအရ မိဘတွေကို ရှိခိုးဖို့ ပြောတဲ့အခါ သတိုးသားက `ကျွန်တော်တို့ ဘာသာတရားက အခြားဘာသာဝင်တွေကို ရှိခိုးဖို့ ပိတ်ပင်ထားပါတယ်၊ ဒါကြောင့် ရှိမခိုးနိုင်ပါဘူး`လို့ ပြောလိုက်တယ်”။
“သမီးကို ရှိခိုးဖို့ပြောတဲ့အခါကျတော့ သမီးဖြစ်သူက သူ့အမျိုးသားကို လှမ်းကြည့်လိုက်တယ်။ ဒီတော့ သတိုးသားက `ကျွန်တော့်အမျိုးသမီးကိုလည်း ကျွန်တော်တို့ ဘာသာထဲဝင်ဖို့ သစ္စာရေ တိုက်ထား ပြီးပြီ၊ ဒါကြောင့်သူကလည်း ဗုဒ္ဓဘာသာ မဟုတ်တော့ပါဘူး၊ ကျွန်တော်တို့ ဘာသာဝင် ဖြစ်သွားပါပြီ၊ ကျွန်တော်တို့ ဘာသာဝင်ဖြစ်သွားပြီဆိုရင် အခြားမည်သည့် ဘာသာဝင်ကိုမျှ ရှိမခိုးရ တော့ပါဘူး`လို့ ပြောလိုက်ပါတယ်။ အဲဒီအခါကျမှ အမေဖြစ်သူဟာ ၀မ်းနည်းပက်လက်ဖြစ်ပြီးတော့ ရင်ဘတ် စည်တီးကာ ချုံးချုံးချ ငိုပါတော့တယ်”။
“ဘယ်လောက် ရင်နာစရာကောင်းလဲ ပရိသတ်ကြီး၊ ကိုယ်မွေးတဲ့ သမီးကတောင် ကိုယ့်ကို ရှိမခိုးတော့ဘူးဆိုတော့ မိဘဖြစ်သူတွေမှာ ၀မ်းနည်းပက်လက်ဖြစ်ကြမှာပေါ့၊ ဒကာ, ဒကာမတွေ သတိထားကြ၊ ကိုယ့်သားသမီးတွေ အဲသလို မဖြစ်ကြစေနဲ့၊ ငယ်စဉ်တောင်ကျေးကလေးဘ၀က စပြီး အမျိုးဘာသာကို ချစ်တတ်, မြတ်နိုးတတ်အောင် ဆုံးမကြ၊ ကျောင်းကန်ဘုရားကို ခေါ်သွားကြ၊ ယဉ်ကျေးမှုသင်တန်းတွေမှာ တက်ခိုင်းကြပါ၊ ဒါမှ ဘာသာ သာသနာရဲ့ တန်ဖိုးကို သိကြမှာ”ဟု ၀ံသာနုစိတ်ဓာတ် အပြည့်ရှိသော ၀ါခင်းကုန်းဆရာတော် အရှင်တိက္ခ၏ တရားသံကို ကြားယောင် မိလေသည်။
ထိုကဲ့သို့ ၀ါခင်းကုန်းဆရာတော်၏တရားကို သတိရပြီး အတွေးများ လွင့်မျောနေစဉ်မှာပင် ကျောင်းထိုင်ဆရာတော်က ပရိတ်တရားရွတ်ဖတ် တော့မည်ဟု ပရိသတ်ကို ဆော်သြလိုက်တော့မှ မိမိ၏ အတွေးများ ပြတ်တောက်သွားတော့သည်။
ထို့နောက် . . .
မလေးရှားမှာ အလုပ်လုပ်နေသော်လည်း ပြည်ပရိုးရာဓလေ့ကို ခ၀ါချ၍ မြန်မာ့ရိုးရာဓလေ့ကို တန်ဖိုးထားသည့် ယင်းသတိုးသား သတိုးသမီးတို့၏ မင်္ဂလာဦးဆွမ်းကျွေးအခန်းအနားမှာ မိမိသည် ပရိတ်တရားတော်ကို ကျောင်းထိုင်ဆရာတော်နှင့်အတူတကွ အားရပါးရ ရွတ်ဖတ်၍ ချီးမြှောက် လိုက်လေသည်။
ပြည်ပရောက်နေသော်လည်း မြန်မာ့ဓလေ့ကို ခုံမင်၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုး၊ မြတ်ဘုရား၏ အဆုံးအမကို တန်ဖိုးထားပြီး၊ ပရိတ်တရားတော်ကို တလေးတစား နာယူနေကြသည့် သတိုးသား, သတိုးသမီးကို ကြည့်ပြီး ဧ၀ံ- ဤသို့၊ မေ- ငါသည်၊ ပတ္ထိတံ- တောင့်တမိလေတော့သည်။
“ ဥုံ . . . ဖွဲဟဲ့ လွဲစေ ဖဲစေ၊ ယနေ့အချိန်မှစ၍ နောင်အနာဂတ်၌ မြန်မာ့ယဉ်ကျေးမှု, မြတ်ဘုရားအဆုံးအမကို ခ၀ါချပြီး လူမျိုးခြားယဉ်ကျေးမှု, ဘာသာခြား အဆုံးအမကို ခုံမင်မြတ်နိုးသည့် မြန်မာ့အမျိုးသား, အမျိုးသမီးများ မဖြစ်ပေါ်ရစ်ပါစေသား၊ မဖြစ်ပေါ်စေခလို”။
----------------------
အရှင်ဒေ၀ိန္ဒာဘိဝံသ
(၂၄၊ ၁၂၊ ၂၀၀၉)
`အနုမောဒနာ သြဝါဒ´ တရားတော်(၃)
4 years ago
1 comments:
တပည့်တော် မျိုးချစ် အာဇာနည် လာဖတ်ပါတယ် ဘုရား
Post a Comment