စာမိတ်ဆက်
ဘလော့ဂါနေ့ ဆိုပြီး ဘလော့တဂ်တွေနဲ့ ဝေေ၀ဆာဆာ တန်ဆာဆင် ရေးထားတာ တွေ့တော့ အားကျမိတယ်၊ ဘလော့ဂါဒေးဆိုတာလဲ ဘာမှန်းမသိသလို တဂ်တယ်ဆိုတာလဲ ဘာမှန်းမသိတာ အမှန်ပဲ၊ အ,တယ်လို့ပြောရင်လဲ ခံရမှာပဲ၊ သမီးစံက ဘုန်းဘုန်း ဘလော့ဂါဒေးမှ တဂ် ပို့စ်ရေးပါ၊ အတင်းရေးခိုင်းနေတော့၊ စာရေးသူလဲ ဘာဆိုဘာမှ မသိ ပေမယ့်
အန်တီတင့်နှင့် သမီးစံတို့ တဂ်ထားတဲ့ ဘလော့ဂါနေ့ပို့စ်ကိုဖတ်ပြီးရေးချင်စိတ်ပေါက်လာတယ်။
သမီးစံကရေးဖို့တိုက်တွန်းပါတယ်၊ စာရေးသူကမရေးတတ်ဘူးပြောတော့၊ ဘုန်းဘုန်းကလဲ ရထားတဲ့ဘွဲ့တွေကိုမှ အားမနာတဲ့၊ သူကလဲ ရေစေချင်တဲ့ဇော စေတနာတွေနဲ့ ပြောလိုက်ပေမယ့်ကိုယ်ကတော့ heart ထိသွားပါတယ်။ ဒါ့ကြောင့် သူများတွေက ဖြတ်ထိုးဥာဏ်ကောင်းတော့ စာတစ်ပုဒ် ရေးဖို့ အဆင်ပြေပေမဲ့ စာရေးသူမှာ တုံးတုံးအအ ဆိုတော့ ဘုမသိ ဘမသိနဲ့ စမ်းတ၀ါးဝါးနဲ့ပဲ တဂ်ပို့စ်တစ်ခု ရေးဖို့ ပြင်ဆင်လိုက်ပါတယ်။
သီတဂူစတားဖွားမြင်ခြင်း
ဘလော့ဂါဒေး၂၀၁၁သည် သီတဂူစတား ၏ ၂ နှစ်ပြည့်မွေးနေ့ဖြစ်သည်၊ စာရေးသူ ပူနေးတက္ကသိုလ် ဒဿနိကဗေဒဌာနမှာ အမ်အေ M.A တန်း ပထမနှစ်အပြီး (၂၀၀၉ ခုနှစ်)
မေတ္တာပန်းတို့လန်းရာမြေ ရဲ့ ကျေးဇူးနဲ့ ဘလော့ဂ်တစ်ခု စပြီးဖြစ်လာတာပါ။ ဘလော့ဂ်တစ်ခုတော့ ဖြစ်သွားပြီး ဟိုကဒီက ရထားတဲ့စာတိုပေစလေးတွေ၊ မေးလ်ထဲ ရောက်လာတဲ့ စာလေးတွေနဲ့ သီတဂူစတား ဘလော့ဂ်ကို အသက်သွင်းခဲ့တာပါ။ စာရေးသူလဲ စာက ကောင်းကောင်းမရေးတတ်၊ ရေးလေ့ရေးထ မရှိခဲ့လေတော့ မျောက် အုံးသီးရသလို ဘာမှ မလုပ်တတ်ဖြစ်နေတယ်၊ အဲဒီအချိန်မှာပဲ သီဟိုဠ်မှာ အမ်အေတန်းတက်နေတဲ့ သူငယ်ချင်း
အရှင်ဒေ၀ိန္ဒာဘိဝံသ (ဓမ္မကထိက) က ပြောတယ်၊ ‘‘ ဆရာကော--ဘလော့ဂ်တွေဘာတွေနဲ့ပါလား၊ စာတွေရေးတင်ပါ၊ သီတဂူဆရာတော်ကြီးရဲ့ တရားတွေ၊ ဆောင်းပါးတွေ ရှိတယ်၊ အဲဒါတွေ တင်ပါ၊ တပည့်တော်လဲ ရေးပြီး ပို့ပေးပါမည့်ဆိုပြီး’’ အားပေးရှာတယ်၊ မှန်ပါသည် သူ၏ ပြောင်မြာက်လှသည့် စာရေးဟန်ဖြင့် ဆန်းဒေးစကူးလ် ဆောင်းပါးက အတော်လေးပေါက်သွားတယ်၊ စာရေးသူလဲ သူ၏ စာရေးဟန်ကို သဘောကျခဲ့သည်၊ တောင်မြို့
မဟာဂန္ဓာရုံဆရာတော်ကြီးး ရိုးရိုးနဲ့ ရှင်းလင်းသည့် စာရေးဟန်၊ ဆရာကြီး
မင်းယုဝေ၏ ကျစ်လစ်သေသပ်သည့် စားရေးဟန်တို့ကို သဘောကျခဲ့သည်။ စိတ်ကူးပေါက်ရာ စာတိုပေစများ၊ ခရီးသွားမှတ်တမ်းများ၊ မှတ်စုအတိုထွာလေးတွေ ရေးရင်းနဲ့ စာရေးတဲ့ အလေ့ကျင့် စဖြစ်လာခဲ့သည်။
ထိုကဲ့သို့သော အကြောင်းအထာက်ပံ့ဖြင့် သီတဂူစတား ဆိုတဲ့ ဘလော့ဂ်တစ်ခု အွန်လိုင်းစာမျက်နှာပေါ် ရောက်လာခဲ့သည်၊ ဘလော့ဂ်နှင့်ပတ်သက်ပြီး နားမလည်ခဲ့၊ ဘလော့ဂ်ပညာတွေကို တစ်စတစ်စနဲ့ နားလည်လာအောင် သင်ပြ ပြောပြပေးတဲ့
ညခင်းရဲ့လမင်း၊
မေမေ့လပြည့်ဝန်းလေး၊ ပြည်မြန်မာတစ်ခွင်ရှိ စာဖတ်ပရိသတ် ကြည့်ခွင့်ရအောင် ဒိုမိန်းလှူပေးတဲ့ အမေရိကမှ
ဦးကိုကို (၂ နှစ်စာလှူခဲ့)၊ ယခုနောက်ပိုင်း ထာဝရအလှူရှင်ဖြစ်တဲ့ အမေရိကမှ
ကိုခွန်သီရိနှင့် အွန်လိုင်းစာဖတ်ပရိသတ်တို့၏ တခဲနက်အားပေးမှုကြောင့်ပဲ ဘလော့ဂ်သက်တမ်း ၇ လကျော်လောက်မှာ ဘာသာရေးစာပေနှင့်ဆိုင်သော
ဘလော့ဂ်အကယ်ဒမီဆုကို ရရှိခဲ့သည်။
ဘလော့ဂါတစ်ယောက်ရဲ့ သဘောထား
ဘလော့ဂါတွေရဲ့ ရင်ထဲမှာ တူညီတဲ့ဆန္ဒတစ်ခုရှိတယ်၊ အဲဒါကတော့ ကိုယ့်မှာ ရရှိနေတဲ့ အသိပညာတွေကို တစ်ပါးသူများ၏ ရင်ဘက်ထဲသို့ ထိထိရောက်ရောက် ရောက်သွားစေလိုတဲ့ဆန္ဒပဲဖြစ်သည်။
ပန်းကမ္ဘာ၊
ဝိမုတ္တိရသ၊
အဖြူရောင်မေတ္တာ၊
မင်းလှသားလေး စတဲ့ ဘာသာရေးဆိုင်ရာပဲဖြစ်ဖြစ်၊
ကိုသံလုံးငယ်၊ ညီနေမင်း၊
မနောဖြူ၊
ကိုဇော် စတဲ့နည်းပညာရှင်တွေရဲ့ နည်းပညာတွေပဲဖြစ်ဖြစ်၊
အမှတ်တရလေးများကဲ့သို့သော လူမှုရေးဆိုင်ရာ ပရဟိတတွေပဲ ဖြစ်ဖြစ်၊
ဧရာဝတီစာကြည့်တိုက်ကဲ့သို့ အထွေထွေ ဗဟုသုတတွေပဲဖြစ်ဖြစ် အားလုံးက ကိုယ်သန်ရာ သန်ရာ စာဖတ်ပရိသတ်ကို အသိတစ်မျိုးစီ ပေးနေကြသည်။ ဒါတွေဟာ သူတို့အားလုံးရဲ့ ရင်ထဲက တူညီတဲ့ဆန္ဒတစ်ခုဖြစ်သည်။
သို့သော်လည်း အခန့်မသင့်ရင် စီဘောက်ကနေ အော်ခံရမည်၊ ပြင်းပြင်းထန်ထန် ဝေဖန်ခံရမည်၊ နောက်ဆုံး အဆဲအဆိုပါခံရမည်။ တချို့က ဘလော့ဂ်တစ်ခုလုံးကို စောင့်ပြီး ဖတ်နေတာမဟုတ်ဘဲ စာမျက်နှာပေါ် ပေါ်နေတဲ့ ပို့စ်တစ်ခုတည်းကိုသာ ဖတ်ပြီး ဒီဆိုက်က ဘာဆိုက် ညာဆိုက်ဆိုပြီး ပြောသွားသေးသည်၊ တချို့လဲ မဆီမဆိုင် ထိုင်နေတဲ့ ဓာတ်ပုံတွေကို ဝေဖန်လိုက်သေးသည်၊ ပိုဆိုးသည်ကား ဘလော့ထဲမှာ ဝေေ၀ဆာဆာ လှလှပနဲ့ ကိုယ်နေတဲ့ နေရာ၊ ကိုယ်မြတ်နိုးတဲ့ အဆောက်အဦးလေးတွေနဲ့ တံဆာဆင်ထားတာကိုပဲ ကြွားလုံးထုတ်သည်ဟု ဝေဖန်သွားတာမျိုးတွေရှိသလို ၉၅ ရာခိုင်းနုန်းကတော့ အကောင်းမြင်နဲ့ လာရောက်လည်ပတ် စာဖတ်၊ ကွန်မန့်လေးတွေပေးသွားကြတယ်၊ ဘလော့ဂါတွေဟာ ဘယ်လောက်ဘဲ အပြစ်တင်ဝေခံရပေမဲ့ ၉၅ ရာခိုင်နုံးသော သူတွေရဲ့ ရင်ထဲက ပီတိစကားလေးနဲ့ပဲ အသက်ရှင်နေကြရတာ ဖြစ်ပါတယ်။
လွန်ခဲ့သော နှစ်က ဘလော့ဂါဆုရပြီး ၂ လအကြာလောက်မှာ ထင်သည်၊ ဘလော့ဂ်ထဲက ဓာတ်ပုံတွေနဲ့ ပဲ စီဘောက်မှာ အပြန်အလှန် အငြင်းပွားနေကြသည်၊ စာရေးသူ၏စာဖတ် ပရိသတ်က တစ်ဖက်နှင့် ဝေဖန်သူကလဲ တစ်ယောက်တည်းနဲ့ နာမည်အမျိုးမျိုးသုံးပြီး အပြန်အလှန်တိုက်နေကြတာ ဖြစ်ဖူးသည်၊ အဖြူရောင်မေတ္တာတို့ ပန်းကမ္ဘာတို့က အားပေးရှာသည်၊ ပန်းကမ္ဘာကပြောပါသည် ဦးကောရေ အမြင့်ကိုရောက်လာရင် လေအတိုက်ခံရမည် ဆိုတဲ့စကားတစ်ခွန်းနဲ့ပဲ စာရေးသူ၏ပုထုဇဉ်စိတ်တွေ ငြိမ်ချမ်းသွားသည်။ ဘာပဲ ပြောပြော ဘလော့ဂါတွေဆိုတာ ပြင်းထန်တဲ့ဝေဖန်ချက်တွေကို အားပေးတဲ့သူတွေရဲ့ ပီတိစကားလေးတွေနဲ့ ဖုံးလွှမ်းပစ်လိုက်ရပါတယ်။ အဲဒီလို အားပေးဖို့ အလည်ရောက်လာကြတဲ့ စာဖတ်ပရိသတ်၊ ဘလော့ဂါ ညီအစ်ကို မောင်နှမများကို အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါသည်။
အမ်အေတန်းပြီးလို့ Ph.D အတွက် စာတမ်းရေးဖို့အတွက် ပြည်မြန်မာကိုပြန်ပြီး RV (Research Visa) ပြန်လုပ်ရတယ်၊ မြန်မာပြည်မှာ ၇ လလောက်နေခိုက် အလွန့်အလွန်နေကွေးသော internet connection နှင့် ဘလော့ဂ်တွေကို ပိတ်ဆို့ထားတာကြောင့် admin ၀င်ဖို့ အခက်အခဲနှင့်ကြုံရသည်၊ ပြည်မြန်မာ နေခိုက် စာရေးသူ ရေးသမျှပို့စ်နှင့် သတင်းများကို တင်ပေးဖို့ရန် ရုရှားပညာတော်သင်
တောသားလေး အား အကူအညီတောင်းရသည်။ သူလဲပဲ စာရေးသူစိတ်ကြိုက်ဖြစ်အောင် စာရေးသူပို့လိုက်သမျှ ပို့စ်များကို စိတ်ရှည်လက်ရှည် တင်ပေးသည်၊ ထိုအတွက် တောသားလေးအား အထူးကျေးဇူးတင်ပါသည်။
ယခုအချိန်ထိ ၂နှစ်ပြည့်ပြီးအချိန်ပေါ့ စာရေးသူဆိုက်ထဲမှာ ဘာသာရေးစာပေ ဆောင်းပါး၊ အမေး+အဖြေ၊ လူမှူရေး၊ ပေးစာများအပြင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ဆက်စပ်သော သတင်းထူးများနှင့် သီတဂူသာသနာပြုအဖွဲ့၏ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာ သာသနာရေးကိစ္စနှင့်စပ်သော ပို့စ်ပေါင်း ၃၅၃ ပုဒ်ရှိသွားပြီ ဖြစ်ပါသည်။
စာဖတ်ပရိသတ်များနှင့် ဘလော့ဂါညီအစ်ကိုမောင်နှမများ ဒီနေ့မှသည်နှစ်များစွာ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေကြောင်း ဘလော့ဂါဒေး ၂၀၁၁ နေ့အတွက် ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၈၂၀၁၁
Posted in: မှတ်မှတ်ရရ
Email This
BlogThis!
Share to Facebook
8 comments:
ပို့စ်လေးအတွက်ကျေးဇူးပါဘုန်းဘုန်း။
နောင်များမှာလည်းတဂ်လာသမျှကို
လျောလျောရှုရှုရေးပေးနိုင်ပါရန်မျှော်လင့်မိပါတယ်
ဘုရာ့။
သာသနာ့အကျိုး၊ဘလော့အကျိုးကိုဆထက်ထမ်းပိုး
ထမ်းရွက်နိုင်ပါစေကြောင်း။
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဘုရာ့။
ရိုသေလေးစာလျှက်
သမီးစံ
ကောင်း၏, ကောင်း၏, ကောင်း၏
တာဝန်ကျေပွန်သော ဘလော့ဂါ တစ်ပါးအဖြစ် လေးစားလျှက်ပါ ကိုစတားရေ့။ လူချင်းမဆုံးဘူးပေမဲ့ ရိုးသားပြီး မာန်မာနကင်းစင်တဲ့ မျက်နှာလို့ သိပါတယ်ဗျ။
့ဆက်ပြီး ရေးနိုင်ပါစေဗျား၊။။
ကျေးဇူးအထူးတင်လျက်ပါ၊ မေတ္တာတွေ မုဒိတာပွားပေးတဲ့ အရှင်၏မျက်နှာသည်လဲ ရိုးသားကြည်လင်သူ ဖြစ်မည်ဟု ခန့်မှန်းရပါသည်။ အရှင်မေတ္တာ မုဒိတာတွေက တပည့်တော်များအတွက် အားဆေးတွေပါဘုရား။
မင်္ဂလာပါ ဆရာတော်ဘုရား-
blog day အမှတ်တရ Tag Post လေးကို ကော်နက်ရှင်ခက်ခဲတဲ့ကြားက လာရောက်ဖတ်သွားပါတယ် ဘုရား။
Comment ရေးလို့ရအောင်လည်း အကြိမ်ကြိမ်ကြိုးစားလိုက်ရပါတယ် ဘုရား-
ဘလော့ဂ်ဒေးအမှတ်တရပို့စ်လေးမှာ အမှတ်တရလေးများဘလော့ဂ်ကို သတိတရထည့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်မိပါတယ် ဘုရား။
ဆရာတော်လည်း ကျန်းမာစွာဖြင့် စာတွေရေးရင်း ဘာသာသာသနာအကျိုးကို တဖက်တလမ်းက ဆက်လက်အကျိုးပြုနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် ဘုရား။
ဝါ၀ါခိုင်မင်း(အမှတ်တရလေးများ)
ဆရာတော်စတားရေဆွမ်းတွေဟင်းတွေကောင်းလိုဝင်ရောက်ဘုန်းပေးသွားပါတယ်ဘုရား.....
ရွှေဝန်းရတနာ....
ဆရာတော်စတားရေ ဆွမ်းတွေဟင်းတွေကောင်းလို့ဝင်ရောက်ဘုန်းပေးသွားပါတယ်ဘုရား
ရွှေဝန်းရတနာ......
I visit your site and read some one.It is a great one among the blogs.Hope you also visit me back
Post a Comment