ချစ်ခြင်းကို မခွဲပါနဲ့
စာမိတ်ဆက်ခေါင်းစဉ်က ကလက် (frivolous)နေပါတယ်၊ တချို့က ခေါင်းစဉ်ကလက်တာကို မကြိုက်ကြသလို စာရေးဟန် ကလက်နေရင်လဲ ပေါ့ပျက်ပျက် ဖြစ်နေသည်ဟု ထင်မြင်ချက်ပေးကြသည်။ ဥပမာ-နာမည်ကြီး ဓမ္မကထိက စာရေးဆရာ၏ စာအုပ်များသည် အမည် ကလက်လွန်း၍ ဝေဖန်တာတွေလဲ ရှိနေသည်။ စာရေးသူ၏ အနီးအနားက သူတွေတောင် ဝေဖန်တာကို ကိုယ်တိုင်ကြားသိရသည်။ သို့သော်လည်း သူ၏စာအုပ်များသည် သို့မဟုတ် သူ၏စာရေးဟန်တို့သည် ယနေ့ ခေတ်လူ လူငယ်များနှင့် လူလတ်ပိုင်းများကို ဆွဲဆောင်မှုပေးနိုင်သည်။ သူပြောသည့် စကားတွေသည် ယနေ့ လူငယ်တွေ ရင်ဘက်ထဲ စွဲကျန်စေသည်။ ဤနည်းဖြင့် လူငယ်တွေရဲ့ ရင်ထဲ မြတ်ဗုဒ္ဓ၏အဆုံးအမတွေကို အရောက်ပို့နိုင်ခြင်းသည်လည်း သူ၏စွမ်းရည်ပင် ဖြစ်သည်၊ ကောင်းနေသည်ဟု ဆိုရမည်။
အမည်ပေး ဆန်းသလို စာအုပ် စာသား ဒီဇိုင်း အပြင်အဆင်ကလဲ လှပသေသပ်မှ လူငယ်တွေ စိတ်ဝင်စားသည်၊ စိတ်ဝင်စားသည်ဆိုသည်မှာလဲ စာအုပ်ကလေးက လက်ထဲမှာ အမြဲကိုင်ထားချင်စရာကောင်းနေခြင်း၊ စာအုပ်နာမည်လေးကလဲ ဆန်းသစ်နေခြင်းတို့ကြောင့် စာဖတ် မဖတ်တော့မသိ စာအုပ်ကလေးတော့ သူတို့ လက်ထဲမှာကိုင်ထားကြသည်။ အကျိုးမများသည့် စာအုပ်တွေကို ကိုင်ထားတာစာလျှင် ဘာသာရေးစာအုပ်ကလေးကိုင်ထားနေတာကိုက ကျက်သရေရှိလှသည်။ ဘာပဲပြောပြော လူငယ်တွေ စာဖတ်ဖို့ စိတ်ဝင်စားလာတာကိုက ကျေးဇူးတင်စရာ ဖြစ်သည်။ စာဖတ်တဲ့ အလေ့အထ မရှိရင်တော့ အတွေးအခေါ်ပိုင်းမှာလဲ အားနဲလာသည်၊ သုတမရှိခြင်းတို့ကြောင့် သူပြောလူပြောပြသမျှတွေကို မှန်၏ မမှန်၏ မစဉ်းစားတတ်၊ ပြောသမျှကို ပုတ်သင်ညိုကြီးလို ခေါင်းတညိတ်ညိတ်နဲ့ သဘောကျ လက်ခံနေတတ်သည်။ စာမဖတ်ရင်တောင်မှ စာဖတ်အလေ့အထ မရှိသူတွေရဲ့ လက်ထဲမှာ စာအုပ်လေးကိုင်ထားနေသည်ကိုက ကျက်သရေရှိလှသည်။ ထို့အတွက် စာအုပ်-အမည် ကလက်စေကာမူ စာဖတ်အလေ့မရှိသူတွေရဲ့ လက်ထဲမှာ အရောက်ပို့နိုင်တာကိုက ကျေးဇူးတင်ကြရမှာ ဖြစ်သည်။
ကိုယ်ကိုယ်တိုင်လဲ သူတို့နည်းတူ ကလောင်သွေး ကလောင်သွား လှလှပပ၊ စာသားစာသွား ထွားထွား၊ စာဖြစ်စာနှစ် ကျစ်ကျစ်၊ စာသုံး စာလုံး ပြုံးပြုံးလေးတွေ ရေးချင်သည်၊ မရေးတတ်။ အဖြစ်ကား မရှိဖြစ်နေသည်။ သို့ပေမဲ့ ကိုယ်နားလည်သလို နားလည်စေချင်သည်၊ ကိုယ်သိသလို သိစေချင်သည်၊ ကိုယ်ရသလို ရစေချင်သည်၊ ထို့ကြောင့် ဖတ်သမျှ မှတ်သမျှ သိသမျှ နားလည်သမျှတွေကို စုစည်းမိသည်။
ယခုလည်း စာရေးသူ တရားကို မကြာမကြာ နာယူဖော်ရတဲ့ သူအတွက် အထူးကျေးဇူးတင်ပါသည်။ ထိုသို့ ဟောဖို့ ပြောဖို့ရန်အတွက် စာရှာရသည်၊ စာဖတ်ရသည်၊ ဖတ်ပြီး အဆင်ပြေအောင် ပြောဖို့ စာစီရသည်၊ နားလည်နိုင်မည့် စကားလုံးရှာရသည်၊ ကိုယ်ကိုယ်တိုင်က ထိုအလုပ်တွေလုပ်တော့ မဟောမီ မပြောမီကထဲက ကုသိုလ်များစွာ ရနေသည်။ ငယ်ငယ်က ဖတ်ထား၍ သိနေသည် ဆိုပေမဲ့ အရွယ်ရလာချိန် ပြန်ဖတ်ခြင်းက ထပ်ဆင့် အတွေးများ ရတတ်သည်။ ငယ်ငယ်က စာမေးပွဲ အောင်ဖို့အတွက်ပဲ စာဖတ် စာကျက်ရသည်၊ နုတ်တက် အာဂုံဆောင်ရသည်၊ ကျက်ထားသလောက်ပဲ ခေါင်းထဲမှာ ရှိနေသည် ကျယ်ကျယ်ပြန့်ပြန့် မတွေးတတ် မခေါ်တတ်၊ အသိကျဉ်းသည်၊ အမြင်ကျဉ်းသည်၊ သူတပါးကို ဝေငှဖို့ မလွယ်ကူဖြစ်နေသည်၊ အရွယ်ရောက်၍ သူတပါးကို ပြောဖို့ ဟောဖို့ရန်အတွက် ဖတ်မှတ်တဲ့ အသိက ငယ်ငယ်က စာကျက်သလို မဟုတ်ဘဲ ပိုမို ကျယ်ပြန့်တဲ့ အတွေးအမြင်ရှိလာသည်ကတော့ အမှန်ဖြစ်သည်။ ထို့ကြောင့် စာရေးသူ၏ ဟောသမျှ ပြောသမျှတွေကို မငြီးမငြူ နာယူဖော်ရတဲ့ အတွက်လဲ အထူးကျေးဇူးတင်မိသည်။
ဒီနေ့ဟောတရား
ဒီနေ့အတွက် ဘာဟောရမလဲ ကွန်ပြူတာထဲ ဆော်ဝဲဖြင့် ထည့်ထားသော တိပိဋက စာတွေကို ရှာမိသည်၊ ရှာသည်ဆိုသည်မှာလဲ ကိုယ် ငယ်ငယ်က သင်ယူခဲ့ပြီးတဲ့ စာပေထဲကပဲ လျှောက်ကြည့်ရင်း ကောဏ္ဍဓာန မထေရ်အကြောင်းကို တွေ့မိသည်။ ဖတ်ရင်းနဲ့ စိတ်ဝင်စားလာ၍ ဒီတရား ဒီနေ့ ဟောမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုစာထဲတွင် တချိန်က သူများချစ်ခြင်းကို ခွဲခဲ့သဖြင့် မထေရ်တပါး၏ ထိုအပြစ်ကို ခံယူနေရပုံတွေကို ပြထားသည်။
“၀ဋ်မှာအမြဲ ငရဲမှာ အပ” မြန်မာစကားပုံထဲမှာ ငယ်ငယ်ကထဲက ကြားဖူးနေသည်။ “ကိုယ့်ကာယကံ ကိုယ့်ထံပြန် ပဲ့တင်သံမလွဲ တထပ်တည်း” ဆိုတဲ့ ဆောင်ပုဒ်ကဗျာလေးကလဲ နားလည်သည့် အရွယ်ကထဲက ကြားဖူးနေသည်။ ထို ကဗျာဆောင်ပုဒ် စကားပုံတွေကို ပိသုဏ၀ါစာ မှ ကိုယ် (body-language) ဖြင့်ပြောသော ပိသုဏ အကြောင်းလေးက ထင်ဟပ်စေပါလိမ့်မည်။
ပိသုဏ
ပိသုဏ ဆိုတာ ပိယ+သုည+ကရ မှ ပိသုဏ-ပေသုည ဟု ဖြစ်လာသည်၊ အဓိပ္ပါယ်မှာ ချစ်ခြင်းကို ကင်းအောင်ပြုခြင်း၊ ချစ်ခြင်းကို ခွဲခြင်း၊ အဆင်ပြေနေသူအကြား အထင်မှား အမြင်မှားအောင် နုတ်ဖြင့်ပြောခြင်း၊ ကိုယ်ဟန်ဖြင့်ပြောခြင်း(body-language) များ ဖြစ်သည်။ ဣဿာ မစ္ဆရိယ စိတ်ကြောင့် ပိသုဏ ဖြစ်ပေါ်လာတတ်သည်။ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်နေသည်ကို မကြည့်နိုင်၊ တစ်ယောက်နှင့်တစ်ယောက် အဆင်ပြေနေသည်ကို ၀မ်းမသာနိုင်၊ တစ်ယောက်နှင့်တစ်ယောက် ညီညွတ်နေသည်ကို မလိုလားသည့် ဣဿာစိတ်ကြောင့် ပိသုဏ၀ါစာ ဒုစရိုတ်ကို ကျူးလွန်မိတတ်ကြသည်။ ပိသုဏအကြောင်းလေးကလဲ အမျိုးသမီးနောက်ယောင်ခံ ရဟန်းတစ်ပါး၏ အတိတ်အကြောင်းလေးက ထင်ရှားစေပါလိမ့်မည်။
ရဟန်းတစ်ပါးနှင့်အမျိုးသမီး
တခါက ရဟန်းတော်တစ်ပါး ဆွမ်းခံသွားတိုင်း သူ၏နောက်က ကပ်လျှက် အမျိုးသမီးတစ်ယောက် ပါလာတတ်သည်။ သူ့နောက်ကပ်ပါလာတဲ့ အမျိုးသမီးကို မထေရ်က မမြင်ပေမဲ့ နဘေးက လူအားလုံးက မြင်ကြသည်။ ဒကာ ဒကာမတွေက ဆွမ်းလောက်တဲ့အခါ “ဒီတစ်ဇွန်းက အရှင်ဘုရားအတွက်ပါဘုရား၊ ဒီတစ်ဇွန်းကတော့ အရှင်ဘုရားရဲ့ အမျိုးသမီးအတွက်ပါဘုရား”ဟု ပြော၍ လောင်းလှူလေ့ရှိကြသည်။ နောက် ဒကာ ဒကာမတွေကလဲ ထိုနည်းအတိုင်း ပြောသဖြင့် မထေရ်လဲ အလွန်အရှက်ရနေသည်။ ထိုအမျိုးသမီးသည် မထေရ် ရဟန်းပြုတဲ့အချိန်က စပြီး သူ့နောက် တကောက်ကောက် အရိပ်သဖွယ် လိုက်နေတော့သည်၊ ဒါကို မထေရ်ကိုယ်တိုင် မသိရှာ။ သူသွားတိုင်း အမျိုးသမီးတစ်ယောက် ကပ်ပါလာသည့်အတွက်ကြောင့်ပဲ သူ့ကို ကောဏ္ဍဓာန မထေရ်ဟု အမည်တွင်ခဲ့သည်။
ကျောင်းထဲမှာရှိတဲ့ ရဟန်းတွေကလဲ ဒီရဟန်းရှိနေရင် ငါတို့ ရဟန်းအားလုံး သိက္ခာကျမည်၊ “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်” ဆိုတာလို ရဟန်းသံဃာအားလုံး ဂုဏ်သိက္ခာ ညှိုးမည်၊ သာသနာအတွက်လဲ အိုးမဲသုတ်ရာ ရောက်မည်၊ ထို့ကြောင့် ကျောင်းဒကာကြီး အနာထပိဏ်ထံ သွားပြီး အကူအညီတောင်းကြသည်၊ ရဟန်းတော်များကား သူတို့ကိုယ်တိုင် ပြောရမှာ အားနာနေဟန်ရှိသည်၊ “ဘုန်းကြီးအမှု ရွာပတ် ဆိုတာလို” သာသနာမှာ ပြောရေးဆိုရေးခွင့်ရှိတဲ့ ကျောင်းဒကာ ကျောင်းအမများထံ အပူကပ်ရတော့သည်။ “ကျောင်းဒကာကြီး-- ဦးဇင်းတို့ကျောင်းမှာတော့ သီလမရှိတဲ့ ရဟန်းတစ်ပါး ရှိနေပြီ၊ သာသနာအတွက် ရဟန်းသံဃာအတွက်ပါ ဒီရဟန်းကို ကျောင်းတိုက်ကနေ နှင်ပေးပါ”ဟု ပြောသောအခါ ကျောင်းဒကာကြီးက အလိမ္မာစွာ ပြန်ပြောလိုက်သည်မှာ “အရှင်ဘုရားတို့--ကျောင်းမှာ မြတ်စွာဘုရားရှိနေတယ်မလား ဘုရား၊ ဒီကိစ္စ မြတ်စွာဘုရားပဲ တတ်နိုင်ပါသည်ဘုရား” ဟုသတည်း။ အနာထပိဏ်ရဲ့ အကူအညီမရတော့ ကျောင်းအစ်မကြီး ၀ိသာခါထံ သွားကြပြန်သည်၊ ကျောင်းအစ်မကြီး ၀ိသာခါလည်း အနာထပိဏ်နည်းတူ ပြန်လျှောက်လိုက်သည်။
ကျောင်းဒကာ ကျောင်းဒကာမများ မှတ်သားရန်
ဘုန်းကြီးအရေးမှာ လူဝတ်ကြောင်တွေ ၀င်ပါလာလျှင် ပိုရှုပ်ထွေးသွားနိုင်သလို လူဝတ်ကြောင်တို့၏ တချို့ အရေးတွေမှာ ဘုန်းကြီးတွေ ပါလာလျှင်လဲ ပို၍ ရှုပ်ထွေးသွားနိုင်သည်။ မြတ်စွာဘုရား၏ တပည့် ကျောင်းဒကာ ကျောင်းအစ်မတို့သည် သာသနာတော်အတွက် အလွန်ကျေးဇူးများသူများ ဖြစ်ကြသည်၊ ရဟန်းသံဃာအားလုံးနဲ့ အလွန်ကျွမ်းဝင်ကြသည်၊ ရဟန်းသံဃာအားလုံးကလဲ ကျောင်းဒကာ ကျောင်းအစ်မများကို လေးစားကြသည်၊ မေတ္တာထားကြသည်။ ထို့ကြောင့် ထိုကျောင်းဒကာ ဒကာမများသည် သာသနာမှာ ပြောရေးဆိုခွင့် ရှိသူများ ဖြစ်ကြပေမဲ့ လူဝတ်ကြောင်တွေ အနေနဲ့ ရဟန်းကိစ္စများကို ၀င်ပြီး ရှုပ်လေ့မရှိ။ ဤသည်မှာ ဘုရားလက်ထက်က ကျောင်းဒကာ ကျောင်းအစ်မများ၏ ထူးခြားသည့် ဂုဏ်တစ်ခုဖြစ်သည်။ ယနေ့ခေတ် ဘုန်းတော်ကြီးကျောင်းများတွင် ဘုန်းကြီးအရေးတွင် ကျောင်းဒကာ ဒကာမများ ၀င်ပါနေသည်အတွက် အလုပ် ပိုရှုပ်သွားသည်။ ကျောင်းပြောင်း ကျောင်းလွှဲကိစ္စတွေမှာ ကျောင်းဒကာ ကျောင်းအစ်မများ ၀င်ပါနေသဖြင့် ကျောင်းပြဿနာများ ဖြစ်ပေါ်နေသည်ကိုလဲ တွေ့ဖူး မြင်ဖူးရသည်။ ကျောင်းဒကာ ကျောင်းအစ်မများအနေဖြင့် သာသနာတော်ကို မိမိတို့ သဒ္ဓါ စေတနာ သုံးတန် အပြတ်လှူပြီးဖြစ်ရကား ကျောင်းပြဿနာ ဘုန်းကြီးအရေးများ ပေါ်ပေါက်လာပါက အနာထပိဏ် ၀ိသာခါတို့ထုံး နှလုံးမူသင့်သည်။
သာသနာတွင် အာဏာစက်တည်
ကျောင်းဒကာ ကျောင်းအစ်မများဆီ သွားအကူညီတောင်းသော်လည်း အဆင်မပြေခဲ့၊ ဒီတခါတော့ တိုင်းပြည်တွင် အာဏာရှိဆုံး ရှင်ဘုရင်ထံ အကူအညီတောင်းကြသည်။ “ဘုရင်ကြီး-- အရှင်မင်းကြီးတိုင်းပြည်မှာ ကောဏ္ဍဓာန မထေရ်သည် အမျိုးသမီးတစ်ယောက်နဲ့အတူ အမြဲတမ်းရှိနေပါတယ်၊ တစ်သာသနာလုံးကို ဂုဏ်မဲ့စေပါတယ်၊ ထို့ကြောင့် အရှင်မင်းကြီး တိုင်းပြည်ကနေ နှင်ထုတ်ပေးပါ”ဟု ဘုရင့်ထံ အကူအညီတောင်းကြသည်။ ဘုန်းကြီးအမှု ရွာတင်ပတ်သည်မဟုတ် တိုင်းပြည်တပြည်လုံးကိုပါ ပတ်နေတော့သည်။ ဘုရင်ကြီးလဲ ကောင်းပါပြီဘုရား တပည့်တော် ကူညီပါ့မယ်ဘုရား၊ အဲဒီရဟန်း ဘယ်မှာလဲ ဘုရား၊ တပည့်တော် ဖမ်းပါ့မယ်ဘုရားဟု အာမခံပြီး ကျောင်းထဲမှာ ၀င်ရှာသည်၊ ရဟန်းလဲ လူသံကြား၍ အပြင်ထွက်ကြည့်ရာ တံခါးပေါက်အရောက် အမျိုးသမီးလဲ ရဟန်းအနောက်တွင် ကပ်လျှက်ပါလာသည်ကို ဘုရင်ကြီး ကိုယ်တိုင် မြင်သည်၊ သို့ပေမဲ့ အခန်းထဲ ၀င်ကြည့်ပြန်တော့ စောစောက အမျိုးသမီးကို မတွေ့၊ ဒီလိုနဲ့ တက်လိုက်ဆင်းလိုက် လုပ်ကြည့်ရာ ရဟန်းနောက်တွင် ထိုအမျိုးသမီးတွေ့ပေမဲ့ တကယ်တမ်း ၀င်ရှာကြည့်တော့ မတွေ့။
“မင်းကြီး--အားလုံးက ဦးဇင်းနောက်မှာ အမျိုးသမီးတစ်ယောက် ကပ်လျှက်ပါသည်ကို မြင်ကြတယ်၊ မြင်သူတိုင်းကလဲ ပြောကြသည်၊ ဝေဖန်ကြသည်၊ ကဲ့ရဲ့ကြသည်၊ အပြစ်တင်ကြသည်၊ ဒါပေမဲ့ ဦးဇင်းက မမြင်၊ မသိ၊” ဟု ဘုရင်ကြီးအား အကျိုးအကြောင်း ပြောပြတော့မှာ ဘုရင်ကြီးလဲ သံသယ ၀င်လာသည်၊ ထို့ကြောင့် ပြန်လည် စစ်ဆေးပြန်သည်၊ ဘုရင်ကြီးလဲ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်၊ “ဤအမျိုးသမီးသည် တကယ့်အမျိုးသမီး အစစ်ကား မဟုတ်၊ တစ်ယောက်ယောက်က ဖန်ဆင်းတာ ဖြစ်နိုင်သည်၊ ဒီရဟန်းကို ဘယ်သူမှ ဆွမ်းလောင်းလိမ့်မည်မဟုတ်၊ ငါကပဲ တာဝန်ယူ ထောက်ပံ့မှ ဖြစ်တော့မည်”ဟု သတည်း။ ဘုရင်ကြီးသည် ထိုရဟန်း၏ ပစ္စည်းလေးပါ ဒကာ ဖြစ်လာသည်။ ရဟန်းတွေသည်လဲ ဘုရင်ကြီးအား ကဲ့ရဲ့ကြပြန်သည်။ “ဘုရင်ကြီးက ဒီရဟန်းကို တိုင်းပြည်က နှင်ထုတ်မည်ဟု ကြုံးဝါးပြီးကာမှ နှင်မထုတ်တဲ့အပြင် ထိုရဟန်း၏ပစ္စည်းလေးပါး ဒကာအဖြစ် ခံယူလိုက်သေးတယ်၊ သူလဲပဲ အလိုတူပဲ”ဟု အမြင်လွဲ အထင်မှားကြသည်။ ဘုရားလက်ထက်တော်ကထဲက သာသနာသန့်ရှင်းရေးအတွက် ဓမ္မစက်အပြင် အာဏာစက်ပါ သုံးခဲ့သည်ကို ဤ၀တ္ထုက ထင်ရှားစေသည်။
ထိုရဟန်းလည်း အရင်က တစ်ယောက်တည်း သူ့ဘက်က ဘယ်သူမှ ကာကွယ် ပြောပေးမည့်သူ မရှိသဖြင့် ရဟန်းအားလုံးက ဒုဿီလ ဟု စွပ်စွဲသမျှ ခေါင်းငုံ့ ခံခဲ့သည်၊ ယခုအခါမှာတော့ ဘုရင်ကြီးကျောထောက် နောက်ခံရှိသဖြင့် သူ့ကို စွပ်စွဲတဲ့သူမှန်သမျှကို ဒုဿီလဟု ပြန်လည် စွပ်စွဲ ဆဲရေးတော့သည်။ ထိုရဟန်းကို နှင်ထုတ်ရေးအဓိကရုဏ်းသည် ရဟန်းသံဃာတွေထံ ရိုက်ခတ်ရုံမက ဘုရားအထံပါ ရောက်သွားတော့သည်။ မြတ်စွာဘုရားက တရားလို တရားသေ အားလုံးသော ရဟန်းသံဃာတွေ စုဝေးပြီး မေးမြန်းစစ်ဆေးသည်။ အဲဒီနောက်- မိန်းမကပ်လျှက်ပါခြင်းကြောင့် ဒုဿီလဟု စွပ်စွဲခံ ရဟန်းကို ဘုရားက အပြစ်တင်သည်မှာ-“ရဟန်းတွေက တကယ်မြင်လို့ သင့်ကို ဒုဿီလဟု ပြောတာ၊ သင်က ဘာမှ မမြင်ဘဲ သက်သက် ထိုရဟန်းတွေကို ပြန်ပြီး ဒုဿီလဟု စွပ်စွဲသည်၊ သင်ဟာ အရင်တုန်းကလဲ ဒီလို နုတ်ဝစီ မစောင့်ခဲ့၊ သူတပါးကို ခြောက်ချခဲ့လို့ သူတပါး ချစ်ခြင်းကို ခွဲခဲ့လို့ အခုလို သင်လဲ အလားတူ ပြန်ခံနေရတာပဲ” ဟု မိန့်ကာ ထိုရဟန်း အတိတ်က ပိသုဏ- သူတပါးချစ်ခြင်းကို ခွဲခဲ့ခြင်း အကြောင်းကို ဆက်မိန့်လေတော့သည်။
အတိတ်က ပိသုဏ
ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်က တစ်မိတည်းပေါက် ညီအစ်ကိုရင်းနှစ်ယောက်လို သိပ်ချစ် သိပ်ညီညွတ်ကြတဲ့ သူငယ်ချင်း ရဟန်း ၂ ပါးရှိခဲ့ဖူးသည်။ ထိုသူငယ်ချင်းနှစ်ယောက် သိပ်ချစ် သိပ်ညီညွတ်နေတာကို တာဝတိံသာက နတ်သားတစ်ယောက်က ကြည့်မရ ဖြစ်နေသည်။ သူတို့နှစ်ယောက် သိပ်ညီညွတ် သိပ်ချစ်နေတာကို ခွဲမယ်ဆိုတဲ့ အတွေးရိုင်း ၀င်လာသည်။ တနေ့တော့ ရဟန်းတော်များ ဥပုသ်ပြုကြဖို့ရန် သိမ်ရှိရာ နေရာသို့ စုဝေးကြသည်၊ အဲဒီခေတ်က သက်တော်ရှည် ဘုရားလက်ထက်တော် ဖြစ်သည့်အတွက် ဒီခေတ်လို လပြည့်-လကွယ်နေ့တိုင်း ဥပုသ်ပြုရသလို မဟုတ်ဘဲ တစ်နှစ်မှ တစ်ကြိမ်၊ ၆ လမှ တစ်ကြိမ်မျှသာ ဥပုသ်ပြုကြရသည်။ တောနယ်တွေမှာတော့ ဘုန်းကြီးကျောင်းတကျောင်းနဲ့ တကျောင်း အလှမ်းဝေးပေမဲ့ အသက် သိက္ခာ အကြီးဆုံး မထေရ်ကြီး ရှိရာ ကျောင်းသို့ အနီးအနားမှာ ရှိသည့် ကျောင်းတွေက လာစုဝေးကြသည်။ စာရေးသူတို့ တောနယ်မှာဆို ရှေး မထေရ်ကြီးရှိစဉ်ကထဲက အစဉ်အလာကို ယနေ့အထိ ထိန်းသိမ်းတဲ့ ကျောင်းထိုင်ဆရာတော်က လပြည့် လကွယ်နေ့တိုင်း ညနေ ၄ နာရီ အနီးအနားရှိ ကျောင်းမှ ရဟန်းတော်များ ဥပုသ်ပြုကြွရန် ကြေးစည် ကြေးမောင်း အသံပေးလေ့ရှိသည်။ တောလမ်းတွေဆိုတော့ ချုံတွေ တောအုပ်တွေ အလွန်ပေါသည်။
ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်က တစ်မိတည်းပေါက် ညီအစ်ကိုရင်းနှစ်ယောက်လို သိပ်ချစ် သိပ်ညီညွတ်ကြတဲ့ သူငယ်ချင်း ရဟန်း ၂ ပါးရှိခဲ့ဖူးသည်။ ထိုသူငယ်ချင်းနှစ်ယောက် သိပ်ချစ် သိပ်ညီညွတ်နေတာကို တာဝတိံသာက နတ်သားတစ်ယောက်က ကြည့်မရ ဖြစ်နေသည်။ သူတို့နှစ်ယောက် သိပ်ညီညွတ် သိပ်ချစ်နေတာကို ခွဲမယ်ဆိုတဲ့ အတွေးရိုင်း ၀င်လာသည်။ တနေ့တော့ ရဟန်းတော်များ ဥပုသ်ပြုကြဖို့ရန် သိမ်ရှိရာ နေရာသို့ စုဝေးကြသည်၊ အဲဒီခေတ်က သက်တော်ရှည် ဘုရားလက်ထက်တော် ဖြစ်သည့်အတွက် ဒီခေတ်လို လပြည့်-လကွယ်နေ့တိုင်း ဥပုသ်ပြုရသလို မဟုတ်ဘဲ တစ်နှစ်မှ တစ်ကြိမ်၊ ၆ လမှ တစ်ကြိမ်မျှသာ ဥပုသ်ပြုကြရသည်။ တောနယ်တွေမှာတော့ ဘုန်းကြီးကျောင်းတကျောင်းနဲ့ တကျောင်း အလှမ်းဝေးပေမဲ့ အသက် သိက္ခာ အကြီးဆုံး မထေရ်ကြီး ရှိရာ ကျောင်းသို့ အနီးအနားမှာ ရှိသည့် ကျောင်းတွေက လာစုဝေးကြသည်။ စာရေးသူတို့ တောနယ်မှာဆို ရှေး မထေရ်ကြီးရှိစဉ်ကထဲက အစဉ်အလာကို ယနေ့အထိ ထိန်းသိမ်းတဲ့ ကျောင်းထိုင်ဆရာတော်က လပြည့် လကွယ်နေ့တိုင်း ညနေ ၄ နာရီ အနီးအနားရှိ ကျောင်းမှ ရဟန်းတော်များ ဥပုသ်ပြုကြွရန် ကြေးစည် ကြေးမောင်း အသံပေးလေ့ရှိသည်။ တောလမ်းတွေဆိုတော့ ချုံတွေ တောအုပ်တွေ အလွန်ပေါသည်။
ကဿပဘုရားလက်ထက်က ဥပုသ်ပြုသွားကြသော ရဟန်း ၂ ပါးလဲ ထိုကဲ့သို့သော တောအုပ်လမ်းလေးအတိုင်း ဖြတ်ပြီး ဥပုသ်ပြုသွားကြသည်။ တခါတော့ လမ်းခုလပ်မှာ ၀မ်းမထိန်းနိုင်ဖြစ်နေသည်၊ ထိုဝမ်းပြဿနာကို အနီးအနားမှာ ရှိသည့် တောအုပ်ကလေးထဲမှာပဲ ဖြေရှင်းလိုက်သည်။ ထိုအချိန်မျိုးကို စောင့်နေသော နတ်သားက ချုံပုတ်ကထွက်လာသော ရဟန်းနောက်က မိန်းကလေးဟန်ဆောင်ပြီး ကပ်လိုက်သည်၊ ဟိုကိစ္စ ဒီကိစ္စ ပြီးခဲ့သည် ဟန်ဖြင့် ထမီကိုပါ ပြင်ဝတ်ပြလိုက်သေးသည်။ အပြင်ကစောင့်နေသော အချစ်ဆုံးသူငယ်ချင်း ရဟန်းက ထိုအခြင်းအရာ အားလုံးကို မြင်သည်။ စိတ်လဲ အရမ်းဆိုးနေသည်၊ “အရှင်ဘုရားဟာ- တပည့်တော် သူငယ်ချင်းမဟုတ်တော့ဘူး၊ တပည့်တော် သူငယ်ချင်း ဖြစ်ဖို့ မတန်ဘူး၊ အရှင်ဘုရားမှာ ဘာသီလမှ မရှိတော့ဘူး” စသည်ဖြင် အချစ်ဆုံးသူငယ်ချင်းရဲ့ စိတ်ဆိုးမာန်ဆိုးပြောသော စကားကို သူ နားမလည်ရှာ ဘာပြောနေမှန်းလဲ မသိ။ မိန်းကလေးနဲ့ အတူ ချုံပုတ် ထဲမှာ သားမယားပြုတယ်ဆိုတဲ့ အကြောင်းပြောပြလိုက်တော့ ဦးခေါင်းကို မိုးကြိုးပစ်သလို ခံရသည်။ တပည့်တော် ဘာမှ မသိပါဘူးဘုရား ပြောလဲ မရတော့ချေ၊ အရှင်ဘုရားနဲ့အတူ ဥပုသ်လဲ အတူမပြုနိုင်တော့ဘူးဘုရား ဟု လမ်းခွဲကြရန် ပြောသောအခါ နတ်သားလဲ သူဟာ ကြီးလေးတဲ့ အမှားကြီးတစ်ခုကို လွန်ကျူးမိလိုက်ပြီဆိုတာ သိလိုက်ရပြီ၊ သံဝေဂလဲ ရသွားသည်၊ ရဟန်းနှစ်ပါးလုံးကို တောင်းပန်သည်၊ အရှင်ဘုရားတို့ တစ်ပါးနဲ့တစ်ပါး အမြင်မလွဲကြပါနဲ့ဘုရား၊ “စောစောက ချုံပုတ်ထဲမှာ အိမ်သာသွားသော ရဟန်းနောက်က မိန်းကလေးက တပည့်တော် နတ်သား အယောင်ဆာင်လိုက်လာတာပါဘုရား၊ အရှင်ဘုရားတို့ နှစ်ပါး သိပ်ချစ် သိပ်ညီညွတ်တာကို ခွဲချင်လို့ လုပ်မိတာပါဘုရား၊ တပည့်တော် အပြစ်ပါဘုရား”ဟု ၀န်ခံလိုက်မှ ထိုရဟန်းနှစ်ပါးလဲ ဥပုသ်အတူ ပြုနိုင်သည်၊ သို့ပေမဲ့ တစ်ယောက်နှင့်တစ်ယောက် အထင်သေး အမြင်သေး ပြောမိလိုက်ခြင်းကြောင့် သူတို့ နှလုံးသားမှာတော့ အစွန်းထင်သွားသည်၊ အရင်လို တစ်ပါးနဲ့တစ်ပါး သိပ်ပြီး လှိုက်လှိုက်လှဲလှဲ မဖြစ်တော့ချေ။ တာဝတိံနတ်သားသည် ထိုကဲ့သို့သော အကုသိုလ်ကြောင့် ဘုရားနှစ်ဆူ အကြားမှာ ငရဲခံရပြီး အကုသိုလ် အကြွင်းအကျန်အနေနဲ့ ၀ဋ်ကတော့မြဲနေသေးသည်။ ယခု ဘ၀မှာတော့ ကောဏ္ဍဓာန မထေရ်အဖြစ် ဆွမ်းခံကြွတိုင်း နောက်က အမျိုးသမီးတစ်ယောက် အရိပ်သဖွယ် လိုက်နေတော့သည်။ အများအမြင်မှာ ထင်ယောင်ထင်မှားဖြစ်စေတော့သည်။ ကုသိုလ်ကံ အကုသိုလ်ကံတွေ ကုန်လို့ ရဟန္တာ ဖြစ်သွားပေမဲ့ ၀ဋ်ကတော့ လိုက်မြဲပင် ဖြစ်သည်။
ဤ၀ဋ် ဤကံတို့သည် သူများ ချစ်ခြင်းကို ခွဲမိခြင်းကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ချစ်ခြင်းကို မခွဲမိစေဖို့ သတိရစေပါသည်။
နိဂုံး
ကြမ်တမ်းသော စကားကို အနဲငယ်မျှ မဆိုမိစေနဲ့၊ သင်ပြု သင်ပြောသမျှသော ကံတွေသည် သင့်ထံ မလွဲ မသွေ ပြန်ရောက်မှာ အမှန်ပင် ဖြစ်သည်၊ “သင်ဘာတွေး၊ ဘာပြော၊ ဘာလုပ်၊ သင်တွေးမျှ ပြောသမျှ လုပ်သမျှတို့သည် သင်၏ ကံ၊ သင်၏ ကိုယ်ကျင့်တရားများဖြစ်တော့သည်။”ဟု မှတ်ရမည်။ ကိုယ့်ကာယကံ ကိုယ့်ထံပြန် ပဲ့တင်သံမလွဲ တစ်ထပ်တည်း ဟူသတည်းးးးးးးး
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၄-၂၀၁၂
ကြမ်တမ်းသော စကားကို အနဲငယ်မျှ မဆိုမိစေနဲ့၊ သင်ပြု သင်ပြောသမျှသော ကံတွေသည် သင့်ထံ မလွဲ မသွေ ပြန်ရောက်မှာ အမှန်ပင် ဖြစ်သည်၊ “သင်ဘာတွေး၊ ဘာပြော၊ ဘာလုပ်၊ သင်တွေးမျှ ပြောသမျှ လုပ်သမျှတို့သည် သင်၏ ကံ၊ သင်၏ ကိုယ်ကျင့်တရားများဖြစ်တော့သည်။”ဟု မှတ်ရမည်။ ကိုယ့်ကာယကံ ကိုယ့်ထံပြန် ပဲ့တင်သံမလွဲ တစ်ထပ်တည်း ဟူသတည်းးးးးးးး
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၄-၂၀၁၂
2 comments:
မှန်တယ် ကိုစတားရေ။ တပည့်တော်တို့ ရဟန်းတော်များဟာ ဟောပြောမှုကို အထူးတလည် လေ့ကျင့်သင့်ပါသည်။ တပည့်တော်တို့ ဟောသောတရားထက် လူရွှင်တော် ဆိုင်းနောက်ထများ ပြောသော ပိဋကတ်နဲ့ လွဲချော်နေသော ဘာသာရေးစကားများကို လူတွေက နားထဲမှာ စွဲနေပါသည်။ဘာလို့လဲဆိုတော့ လူရွှင်တော်တွေက တူရိယာတွေ အကူအညီ အသံ၊ ဟန်၊ ဌာန်၊ မာန်နဲ့ စွဲသွားအောင် ပြောနိုင်လို့ပါ။
မိုက်ကရိုဖုန်းကလွဲပြီး အကူအညီမပါဘဲ လူတွေကို ဟောပြောရသော ရဟန်းတော်များအတွက် ဟောပြောနည်း ကျွမ်းကျင်ဘို့ လိုအပ်လှပါသည်။ သီတဂူဆရာတော်ကြီး၏ တည်ငြိမ်ရှင်းလင်းသော ဟောပြောဟန်ကို အတုယူသင့်ပါသည်။
ဦးဇင်းပိုစ့်လေးဖတ်ပြီးအသိတိုးပါတယ် ဘုရား တပည့်တော်လည်းအချစ်ရေးကံမကောင်းတော့ အရင်ဘ၀သူများချစ်ခြင်းခွဲခဲ့တာဖြစ်မယ်..
Post a Comment