သီတဂူစတား

သီတဂူစတား

19 September 2009

မြတ်ဗုဒ္ဓ၏ သဘောထားကြီးမှု



အခြားစံတင်လောက်သည့် ဖြစ်ရပ်တစ်ခုမှာလည်း မြတ်ဗုဒ္ဓသည် နာလန္ဒမှာ နေနေစဉ် ဂျိန်းဆရာကြီးမဟာဝီရ နိဂဏ္ဌ၏ ထင်ရှားကျော်ကြားသော သူဌေးတပည့်ကြီး ဥပါလိသည် သူ၏ဆရာကြီး မဟာဝီရက စေလွှတ်သဖြင့် မြတ်စွာဘုရား ထံမှောက် ရောက်လာ၏။ စေလွှတ်ခြင်း၏ရည်ရွယ်ချက်မှာ ကမ္မဝါဒနှင့်ပတ်သက်၍ ငြင်းခုံဖို့ အနိုင်တိုက်ဖို့ဖြစ်၏။
မြတ်ဗုဒ္ဓ၏ကမ္မဝါဒနှင့် နိဂဏ္ဌ၏ ဒဏ္ဍဝါဒတို့သည် တူသယောင်ယောင်နှင့် ခြားနားကြကုန်၏၊ မဟာဝီရ နိဂဏ္ဌက အထူးမျှော်လင့်ထားသည်မှာ သူ့တပည့်ဥပါလိသည် စကားအပြိုင်ပြု၍ စကားအနိုင်လုရာ၌ အလွန်ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ခြင်းကြောင့် ဗုဒ္ဓကို သူတို့အဖွဲ့က အနိုင်ရမည်ဟု ဧကန်မျှော်လင့်ထား၏။ ဤမျှော်လင့်ချက်နှင့် ရလဒ်မှာကား တခြားစီဖြစ်သွား၏၊ ကမ္မဝါဒနှင့် ဒဏ္ဍဝါဒတို့ အပြိုင်ပြု၍ အနိုင်လုကြရာ ဒဏ္ဍဝါဒသည် ကမ္မဝါဒအောက်၌ ကြေမွပျက်ပြုန်းခဲ့ရလေသည်။

ထို့ကြောင့် စကားစစ်ထိုးပွဲအဆုံး၌ မဟာဝီရဂိုဏ်းသား ဥပါလိသူဌေးသည် သူ၏ဒဏ္ဍဝါဒကို အကြွင်းမဲ့စွန့်လွှတ်၍ မြတ်ဗုဒ္ဓ၏ကမ္မဝါဒကို အကြွင်းမဲ့လက်ခံလိုက်လေသည်။ သူ၏ဆရာရင်း မဟာဝီရနှင့် မဟာဝီရ၏ဝါဒတို့ကို ဤယနေ့မှစ၍ စွန့်လွှတ်ပါမည်ဘုရား၊ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒကို ဤယနေ့မှစ၍ ကိုးကွယ်ဆည်းကပ်ပါ၏ဘုရားဟု ပရိသတ်အလယ် ထင် ရှားစွာ ကြေငြာခဲ့လေသည်။ သူ့ကိုလည်း မြတ်ဗုဒ္ဓ၏တပည့် သာဝကအဖြစ် လက်ခံပါရန် လျှောက်ထားခဲ့လေသည်။
ထိုအခါ မြတ်ဗုဒ္ဓက "အို ဥပါလိ စဉ်းစဉ်းစားစားလုပ်ပါ၊ မဟာဝီရနိဂဏ္ဌသည် သင်၏ဆရာအရင်းဖြစ်သည်၊ ဆရာရင်းကို စွန့်လွှတ်၍ ဆရာသစ်ကို ချဉ်းကပ်သည့်အလုပ် မျိုးကို လျှင်မြန်လွယ်ကူစွာ မလုပ်သင့်၊ စဉ်းစဉ်းစားစားလုပ်ပါ၊ ထို့အပြင် သင်၏ ဆရာမဟာဝီရနှင့် အဖွဲ့ဝင်များသည် သင်၏ပစ္စည်းလေးပါး အထောက်အပံ့ဖြင့် အသက်ရှင်နေကြ ရကုန်၏၊ သို့ဖြစ်ခြင်းကြောင့် သင်၏ဆရာဟောင်းနှင့်အ ဖွဲ့သားများအား သင်ထောက်ပံ့၍နေသော အထောက်အပံ့တို့ကို ဖြတ်တောက်၍မပစ်ပါနဲ့၊
ထို့အပြင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ် ယောက်သည် ဆရာပြောင်းခြင်း၊ ဘာသာပြောင်းခြင်းအလုပ် တို့ကို ပေါ့ပေါ့တန်တန်မလုပ်သင့်၊ စဉ်းစဉ်းစားစားလုပ်သင့်၏၊ ထို့ကြောင့် သင့်ဆရာရင်းမဟာဝီရကို ကိုးကွယ်မြဲ ကိုးကွယ်၊ ထောက်ပံ့မြဲထောက်ပံ့ပါလေ"ဟု မိန့်ကြားတော်မူ၏။
ဤဖြစ်ရပ်များသည်ကား ဘာသာရေးသမိုင်းတွင် စံနမူနာယူလောက်သည့် သဘောထားကြီးခြင်းကို ဖော်ပြသည့် ဖြစ်ရပ်များ ဖြစ်ကြလေကုန်၏။

16 September 2009

အနှစ်ကိုးပါး (အပိုင်း-၁၄)



ဗောဓိဥာဏ်ရအောင် တရားထိုင်တာပါတဲ့
အမျိုးသမီးတစ်ယောက်ကို ချဉ်းကပ်ပြီးတော့ ဘုန်းကြီးက မေးကြည့်တယ်။ တိဘက် အမျိုးသမီးတော့ မဟုတ်ပါဘူး။ သြစတြေးရီးယား အမျိုးသမီးတစ်ယောက် ဗောဓိပင်နား ထိုင်နေတာ။ သူ့ကို မေးကြည့်တယ်။
''မင်း အဲဒါ ဘာလုပ်နေတာလဲ''လို့ မေးတော့ ''ဒါလေးတွေနဲ့ ပွတ်တာ တခြားမဟုတ်ပါဘူး။ တရားထိုင်လို့ ရှိရင် တပည့်တော်တို့က ဗောဓိဓာတ်ရအောင် တရားထိုင်ကြတာ၊ ဗောဓိÓဏ်ရအောင် တရားထိုင်တာဆိုတော့ ဟောဒီ ကြေးပြားလေးရဲ့ မျက်နှာပြင်မှာ တရားထိုင်ရင်း ထိုင်ရင်းနဲ့ ဗောဓိဥာဏ်ကို ရမယ်ဆိုတဲ့ ပုဂ္ဂိုလ် တစ်စုံတစ်ယောက်အတွက် တစုံတခုသော အမှတ်အသားဟာ ဒီမှာ လာပြီးတော့ ထင်တယ်''တဲ့ သူက။
ဗောဓိညောင်ရွက် သဏ္ဌာန်ကလေး ထင်ချင်ထင်မယ်။ ပဒုမ္မာကြာဖူးလေး သဏ္ဌာန်လာပြီးတော့ ထင်ချင် ထင်မယ်။ ကြာပွင့်သဏ္ဌာန်လာပြီးတော့ ထင်ချင် ထင်မယ်။ အဲဒီလို တစုံတခုထင်လို့ရှိရင် သူတို့မှာ ထူးခြားတဲ့ တရားရပြီလို့ ဆရာများက ဒီလို ပြောထားပါတယ်တဲ့။
အဲဒါကြောင့်မို့လို့ တရားထိုင်ပြီး ဇွဲကောင်းကောင်းနဲ့ မကြာမကြာ ကြေးခွက်ထဲကနေ ကျောက်ခဲကလေးတွေ၊ ရွေးစေ့ကလေးတွေ၊ ဂျုံစေ့ကလေးတွေ ထုတ်ထုတ်ပြီးတော့ ဒီကြေးပြားလေးကို ပွတ်ပွတ်ပေးရတာဟာ ခုနက အမှတ် လက္ခဏာပေါ်မလားလို့ ပွတ်ပြီးတော့ကြည့်တာတဲ့။ သူတို့က ဒီလိုပြောတယ်။
ဒီတော့ ဘုန်းကြီးက စဉ်းစားတယ်။ ဒီနည်းလဲ တော်တော်တော့ကောင်းသားပဲလို့။ ဘာဖြစ်လို့ ကောင်းသလဲ။ တရားထိုင်တဲ့နေရာမှာ ဇွဲကောင်းတယ်။ ဆရာက လှည့်စား ပေးထားတာလား၊ တကယ့်အယူအဆလားတော့ မပြောတတ်ဘူး။ တကယ့်အယူအဆ ဖြစ်ကောင်းပါရဲ့။ ဆရာ လှည့်တာတော့ ဟုတ်မယ်မထင်ပါဘူး။
ဒီကြေးပြားလေးရဲ့ မျက်နှာပြင်ထက်မှာ ခုနက ကျောက်ခဲလေးနဲ့ ပွတ်တိုက်လို့ ဗောဓိညောင်ရွက်ကလေး ပေါ်လာတယ်ဆိုရင် ဧကန်ပဲ ဒီပုဂ္ဂိုလ်ဟာ ဗောဓိဥာဏ် မကြာခင် ရမယ်။ ကြာဖူးလေးဆိုရင်တော့ ဗောဓိဥာဏ်ရဖို့ ဝေးသေးတယ်။ ကြာပွင့်ဆိုယင်တော့ ''မင်းဟာ ဗောဓိဥာဏ် ရပြီ''တဲ့၊ ပွင့်လာပြီကိုး။
အဲဒီလို အထိမ်းအမှတ်တွေနဲ့ သူတို့က ထိုင်ကြတာ ဆိုပါလား။ ဒီတော့သမာဓိစခန်း ကြိုးပမ်းတယ်ဆိုပေမဲ့ ''ပြည့်စုံသော သမာဓိ'' မဟုတ်ဘူး။
သီလစခန်း ကြိုးပမ်းတယ်ဆိုပေမယ့် ''ပြည့်စုံတဲ့ သီလ'' မရှိဘူး။ ပညာစခန်း ကြိုးပမ်းတယ်ဆိုပေမဲ့ တကယ့် ပညာဥာဏ် မဟုတ်ကြဘူး။

ရတနာဃရ ရွှေအိမ်သို့ ရောက်ခဲ့ပါသည်
ပြောလက်စနဲ့ ပြောပါဦးမယ်။ အဲဒီဗောဓိပင်ကြီး ရဲ့ အနောက်မြောက်ယွန်းယွန်းမှာ ''ရတနာဃရ ရွှေအိမ်'' ဆိုတာ ရှိတယ်။ ဘုရားကိုယ်တော်မြတ် ဘုရား ဖြစ်တော် မူပြီးတော့ လေးကြိမ်မြောက် သတ္တာဟအဖြစ် ရတနာဃရ ရွှေအိမ်မှာ စံတော်မူပါတယ်။
လေးကြိမ်မြောက် သတ္တာဟ ရတနာဃရ ရွှေအိမ် မှာ စံနေတော်မူပြီးတော့ ဘာဆင်ခြင် သုံးသပ်ပါသလဲ ဆိုရင် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း၊ အဘိဓမ္မာ ၇-ကျမ်းကို ဆင်ခြင် သုံးသပ်တော်မူခဲ့တယ်။
ရှေ့ပိုင်း အဘိဓမ္မာ ၆-ကျမ်း ဆင်ခြင်တော်မူစဉ် ဘုရားရှင် ကိုယ်တော်မြတ်မှာ ရောင်ခြည်တော်ဓာတ်တွေ ပေါ်မလာဘူး။ ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလ ပညတ်၊ ကထာဝတ္ထု၊ ယမိုက်ရယ်လို့ အဘိဓမ္မာ ၆-ကျမ်း စီးဖြန်း သုံးသပ်တော်မူစဉ် ဘုရားရှင်ကိုယ်တော်မြတ် မှာ ရောင်ခြည် တော်ဓာတ်တွေပေါ်မလာသေးဘူးတဲ့။
''ဟေတု ပစ္စယော''အစရှိသည်ဖြင့် ပဋ္ဌာန်း ဒေသနာကို စီးဖြန်းဆင်ခြင်တော်မူမှသာလျှင် ဘုရားရှင် ကိုယ် တော်မြတ်ရဲ့ ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ်တို့သည် စကြာဝဠာအနှံ့ ပျံ့နှံ့ကွန့်မြူးတော်မူခဲ့ပါတယ်။
ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ် ရတနာဃရစံအိမ်မှာ နေတော်မူစဉ် ရောင်ခြည်တော်ခြောက်ပါး ကွန့် မြူးတော်မူခဲ့တာဟာ ပဋ္ဌာန်းဒေသနာ ဆင်ခြင်လို့။
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ် ဟောဒီ ရတနာဃရစံအိမ်မှာ ၇-ရက်လုံးလုံး သီတင်းသုံးတော်မူတုန်းက ပဋ္ဌာန်းဒေသနာတော်တွေကို ရောင်ခြည်တော် ကွန့်မြူးတော်မူသည်အထိ ဆင်ခြင်သုံးသပ်တော်မူခဲ့တယ်။
ဗုဒ္ဓါနုဿတိဘာဝနာကမ္မဋ္ဌာန်းကလဲ ဟောဒီမှာ စီးဖြန်းဦးမယ်ဆိုပြီးတော့ ရတနာဃရရွှေအိမ် နေရာကို ရှာပြီး ဘုန်းကြီးက ''ငါပဋ္ဌာန်းရွတ်မယ်''ဆိုပြီးတော့ သွားတာ။ ရတနာဃရ ရွှေအိမ်ကို တွေ့တဲ့အခါကျတော့ ကင်မရာအသေးလေး လွယ်အိတ်ထဲက ထုတ်ပြီးတော့ အဲဒါ ဓာတ်ပုံရိုက်တယ်။
ဝင်တဲ့အပေါက်ကို လိုက်ရှာပြန်တော့ တွေ့တယ်။ မြောက်ဘက်မှာ အပေါက်ရှိတယ်။ ၁၂-တောင် ပတ်လည် လောက်ရှိတဲ့ အုတ်တိုက်ကလေး၊ အမိုးမရှိပါဘူး။
မြန်မာပြည်မှာသာ ဆိုရင်တော့ ဒီလိုနေရာမျိုးဟာ ရွှေတဝင်းဝင်း ဖြစ်နေမှာပဲ။ အခုတော့ အုတ်တိုက်ကလေး ဟာ အမိုးလဲ မရှိဘူး။ မြောက်ဘက်လှည့်ထားတဲ့ တံခါး ပေါက်ကနေ ဝင်မယ်လို့ ကြည့်လိုက်တော့ သင်္ကန်း တစ်ထည်က တံခါးကို တခါတည်း ပိတ်ထားတယ်။

တိဘက်ဘုန်းတော်ကြီးတပါးနဲ့ တွေ့ရပြန်တယ်
ဝင်တဲ့တခါးပေါက်မှာ သင်္ကန်းကြီးနဲ့ ပိတ်ထားတာ တွေ့ရတော့ ''အင်း အထဲမှာ တစုံတယောက်တော့ ရှိတယ်နဲ့ တူတယ်''လို့တွေးပြီး အဲဒီသင်္ကန်းစကို အသာဆွဲလှန်ပြီး အထဲဝင်ကြည့်လိုက်တော့ တိဘက်ဘုန်းကြီးတစ်ပါး ထိုင်နေ တာ တွေ့ရတယ်။
တိဘက်ဘုန်းကြီး အထဲမှာ ဝင်ထိုင်နေတာ တွေ့ရတော့ ဒီကိုယ်တော်ကြီး ဘာများလုပ်သလဲဆိုပြီး လေ့လာ ကြည့်တယ်။
တိဘက်ဘုန်းကြီး ပါးစပ်က တိုးတိုးတိုးတိုးနဲ့ ရွတ်နေတဲအသံကိုလဲ ကြားရတယ်။ လက်ထဲမှာလဲပဲ ပစ္စည်း လေးတခုကိုင်ပြီးတော့ သူလှုပ်နေတယ်။ အဲဒီပစ္စည်းလေးက တစ်တောင်လောက် အရိုးတပ်ထားတယ်၊ လှလှပပ ပန်းပုတွေနဲ့ ပန်းတွေနဲ့ ထွင်းပြီးတော့ထားတဲ့ အုန်းမှုတ် အရွယ်အစားလောက် ရှိတယ်။
အုန်းသီးသေးသေး အရွယ်အစားလောက်ရှိတဲ့ သတ္ထု ဗူးကလေးတစ်ဗူး၊ အောက်က အရိုးတပ်ထားတယ်။ ထိပ်အလယ်တည့်တည့်က အသီးလေးနဲ့။ အဲဒီအသီးလေး မှာ ခလောက်ကလေးလိုပဲ ဘုလေးတစ်ခု တွဲလောင်းလေး ဆွဲထားတယ်။
အရိုးအောက်က ကိုင်ပြီးတော့ သူက လက်နဲ့ ယမ်း နေတော့ အပေါ်က အသီးလေးဟာ လည်နေတယ်။ အဲဒါလေး လှည့်ယမ်းပြီးတော့ ကိုယ်တော်ကြီးပါးစပ်ကနေ မန္တာန်တွေ ရွတ်နေတယ်။
ဘုန်းကြီးက အနားကပ်ပြီး စိုက်ပြီးတော့ နည်း နည်း နားထောင်ကြည့်တယ်။ အသံကိုကြားတော့ ကြားရ တယ်။ ပီပီသသ မကြားရဘူး။ တဖြည်းဖြည်း တိုးတိုးတိုးတိုး သွားတော့ သူ့အနား နည်းနည်း တိုးလဲတိုးလိုက်မိရော သူ့ပခုံးနား ဘုန်းကြီးခေါင်း ရောက်သွားတယ်။ အဲဒီတော့မှ အသံကို တော်တော်လေး ပီပီကြားရတယ်။
အသံကြားရအောင်ဆိုပြီး သူ့အနား တိုးတိုး တိုး တိုးပြီးတော့ ကပ်သွားတယ်။ အသံတော့ ပီပီသသလေး ကြားရတယ်။ အသံကြားရတာနဲ့အမျှ သူ့ကိုယ်က ထွက်လာ တဲ့အနံ့ဟာ ဘုန်းကြီးအဖို့ ခေါင်းကိုက်မတက်ပါပဲ။
အနံ့ အသက်ဟာ တော်တော်လေးဆိုးတယ်။ ဒီ တိဘက်ဘုန်းကြီးဟာ ဘာကြောင့်အသားတွေ တင်းမာပြီးတော့ အနံ့တွေ နံနေတာလဲလို့ ဆိုတော့ အဲဒါကတော့ ဘုန်းကြီးကိုယ်တိုင် လက်တွေ့ ကျင့်သုံးခဲ့တာ။
ပြောရဦးမယ်။ နယူးဒေလီမှာ ချမ်းလွန်းလို့ ရေ မချိုးပဲနဲ့ ဘုန်းကြီးတော့ ဒီအတိုင်းကုပ်နေတာ။ အသား တွေလဲ တင်း ပြီးတော့ ဖြစ်နေတယ်။ ရန်ကုန်က ဒကာမကြီး တစ်ယောက် သူက နယူဒေလီ ရောက်နေတယ်။ အဲဒီ ဒကာမကြီးက ဘုန်းကြီးတို့ကို လာဖူးမျှော်ကန်တော့ပြီးတော့ လှူရန်လေးတွေ လှူပြီးတော့ ''ဆရာတော်တို့ ဒီလောက်ချမ်း တဲ့အရပ်မှာ ဘယ်လိုလုပ်နေကြတုန်း''လို့ မေးတယ်။
''ဟာ ဘယ်လိုလုပ်နေရမလဲ၊ ဂွမ်းစောင်တွေရော ဝါဂွမ်းတွေရော အထပ်ထပ်ပတ်၊ ခေါင်းစွပ်တွေရော ခြေစွပ် တွေရော လက်အိတ်တွေရော အကုန် စွပ်နေရတာပေါ့ ဒကာမကြီး'' လို့ ပြောလိုက်ရတယ်။
''အရှင်ဘုရား အဲဒါနဲ့ အချမ်းက မလုံဘူးဘုရား၊ အသားတွေလဲ ကွဲတတ်တယ်၊ တပည့်တော် အကြံပေးမယ်''။
''မုန်ညှင်းဆီကလေးများ လိမ်းလိမ်းပြီးတော့ အရှင်ဘုရား နေပူဆာလှုံ ပေးပါဘုရား၊ မုန်ညှင်းဆီလေး အသားကို ပါးပါးပွတ်ပြီးတော့ နေဆာလှုံပေး၊ အဲဒါ အချမ်း သိပ်ခံနိုင်တယ်၊ အသားလဲ မကွဲဘူး''တဲ့။ ဒကာမကြီးက အကြံပေးပါတယ်။
''အိန္ဒိယအမျိုးသားတွေ အားလုံးဟာ အခုလိုအေး တဲ့ရာသီဆိုရင် ဒီလိုပဲ မုန်ညင်းဆီ လိမ်းကြတယ်။ တိဘက် တွေလဲ လိမ်းကြတယ်တဲ့''။
''ဒကာမကြီး ဘုန်းကြီးတို့မှာ မုန်ညင်းဆီ မရှိဘူး'' ပြောတော့ ''အိန္ဒိယပြည် တစ်ပြည်လုံး မုန်ညင်းဆီ အလွန် ပေါပါတယ်။ မော်တော်ကားနဲ့ စီးသွားလို့ရှိရင် လမ်းဘေး ဝဲယာ မော်တော်ကားလမ်းဘေးတွေမှာ နေရာတိုင်းမှာ မုန်ညှင်းချည်းပဲ''တဲ့။
ဘုန်းကြီးက တမင်ပြောလိုက်တယ်။ ''မုန်ညင်းဆီ မရှိဘူး ဒကာမကြီး''လို့။ ညနေလဲစောင်းရော မုန်ညင်း ဆီပုလင်းလေးကိုင်ပြီးတော့ အဲဒီဒကာမကြီး တခေါက်ပြန် လာတယ်။ တစ်ထွာလောက်ရှိတဲ့ မုန်ညင်းဆီပုလင်းကို ဘုန်းကြီးကို ပေးပစ်ခဲ့တယ်။
''ကိုင်း ငါတော့ လိမ်းကြည့်မယ်''ဆိုပြီး ခြေသလုံး ရယ်၊ လက်မောင်းရယ်၊ အဲဒါ မုန်ညင်းဆီလေးနဲ့ နာနာ ပွတ်ပြီးတော့ နေပူဆာ ထွက်လှုံတယ်၊ အသားတင်းတာတွေ အကုန် ပျောက်ပြီးတော့ နေသာထိုင်သာ တော်တော် ရှိသွားတယ်။
ဒါပေမဲ့ ည စောင်ခြုံပြီးတော့ အိပ်ပြီလဲဆိုရော နံလိုက်တဲ့ ဖြစ်ချင်း၊ စောင်ခြုံကို တခါတည်းဖွင့်ပြီး ခေါင်းကို အပြင်ထုတ် ထားရတယ်၊ တော်တော်ကိုနံတာ။
နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ လိမ်းမယ်ဆိုရင် ဒီကိုယ်တော့အနား ဘယ်သူမှကပ်ချင်မှာ မဟုတ်တော့ဘူး။ အဲဒါနဲ့ ဒကာမကြီး ကုသိုလ်ဖြစ်အောင် မုန်ညင်းဆီပုလင်း လက်ခံပြီးတော့ တစ်ခါပဲလိမ်းတယ်၊ နောက်ထပ် မလိမ်း တော့ဘူး။ နယူးဒေလီက ထွက်တော့ အဲဒီမုန်ညင်းဆီ ပုလင်းကို နယူးဒေလီသံရုံးမှာ ထားခဲ့တယ်။

(အပိုင်း-၁၅)ဆက်လက်ဖော်ပြသွားပါမည်။

14 September 2009

သာသနာ့ကျေးကျွန် ဖြစ်ရပါလို၏


ဘုန်းကြီးသည် စာသင်သား ဦးပဉ္စင်းလေးဘ၀က ပထမကြီးတန်းကို လေ့လာဆည်းပူး သင်ယူနေခိုက်မှာ ဒီပဲယင်း ဆရာတော်ဘုရားကြီး၏ ပရမတ္ထစက္ခုကျမ်းကို ဖတ်ရှုခဲ့လေသည်။ အစပဏာမမှ အဆုံးနိဂုံးအထိ ဖတ်ကြည့်ရာ ထိုကျမ်း၏နိဂုံး၌ ဆရာတော်ကြီး၏ ဆုတောင်း ဂါထာများကို တွေ့မိဖတ်မိလေသည်။
ဆုတောင်းဂါထာ သုံးပုဒ်ရှိသည်။ အလွန်ကောင်းသော ဘ၀လမ်းညွှန်၊ မွန်မြတ်သည့် စိတ်ဓာတ်ကို မြှင့်တင်ပေးသည့် ဆုတောင်းဖြစ်သည်ဟု ခံယူသဘောပေါက်မိသည်။ မိမိသည် ထိုစဉ်ကပင် ထိုဆုတောင်းကို အရဆောင်၍ ဘုရားဝတ်တက်တိုင်း, ကောင်းမှုပြုတိုင်း ယင်းဆုတို့ကို တောင်းဆိုခဲ့လေသည်။
သစ်ပင်တို့သည် အသီးတို့ဖြင့် သတ္တ၀ါတို့ကို ကျေးဇူးပြုတတ်ကုန်၏၊ မြစ်ချောင်းတို့သည် ရေဖြင့် သတ္တ၀ါတို့ကို ကျေးဇူးပြုကုန်၏၊ နွားမတို့သည် နို့ရည်ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ နွားထီးတို့သည်လည်း ကောက်ပဲသီးနှံတို့ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ “နေ” သည် နွေးသောရောင်ခြည်ဖြင့် လူတို့ကို ကျေးဇူးပြု၏၊ “လ” သည်လည်း အေးမြသောရောင်ခြည်ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊
လူတို့သည်လည်း မိမိတို့စွမ်းနိုင်သလောက် သတ္တ၀ါတို့၏အကျိုးစီးပွားကို ဆောင်ရွက်ရမည်သာ ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ် ရောက်လာသောလူတို့သည် လူ့လောကကို ကျေးဇူးပြုမှ ဤကမ္ဘာမြေပေါ်ဝယ် နေရကျိုးနပ်မည်၊ လူတို့သည် အကြောင်းအကျိုးကို နားလည်သည်၊ အကောင်း အဆိုးကို သိမြင်သည်၊ ဆင်ခြင်တုံတရားရှိသည်။
ထို့ကြောင့် ကံကောင်းထောက်မ၍ ရခဲစွာလှ လူ့ဘ၀ကို ရကြသူတို့သည် စဉ်းစားဆင်ခြင်ရန်မှာ “ငါသည် လူသားတို့အတွက် ဘာတွေကို ထားပြစ်ခဲ့မလဲ” “ငါသည် ငါ့အတွက် ဘာတွေကို ယူသွားမလဲ”။ ဤအချက်ကို အလေးအနက် လူသားတိုင်း စဉ်းစားဆင်ခြင်အပ်လေသည်။
သိဒ္ဓတ္ထဂေါတမ မြတ်ဗုဒ္ဓသည် အရိုးကြေကြေ အရေခမ်းခမ်း အားထုတ်တော်မူ၍ လောကကြီးအတွက် ဓမ္မတစ်ခု ထားရစ်ခဲ့လေသည်၊ သတ္တ၀ါအားလုံးစားသုံး၍ မကုန်နိုင်အောင် ရှိပေသည်။ လောက၌ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း ရှိသူတို့ကား ရှားပါးကုန်၏၊ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း နည်းပါးသူတို့သာ များပြားကုန်၏။ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း ကြီးမားသူတို့သည် ကံ ဥာဏ် ၀ီရိယအား နည်းပါးသူတို့၏ မှီခို အားထားရာ ဖြစ်သင့်ပေသည်။
လူတို့၏ နှုတ်တွင် စကားပုံပေါင်း မြောက်မြားစွာ ပြောဆိုကြသည်။ ဥပမာ … “ရေကြည်ရာ မြက်နုရာ” ဆိုသော စကားမျိုးဖြစ်သည်။ ဤစကားရပ်၌ မိမိနေသောအရပ်၌ ရေနောက်လျှင် ရေကြည်ရှိရာ အရပ်သို့ သွားရမည်။ မိမိနေသော အရပ်၌ သစ်ပင် မြက်ပင်တို့ ခြောက်သွေ့လျှင် စိမ်းစိုသော အရပ်သို့ သွားရမည် ဟု ဆိုလိုဟန်ရှိသည်။
တကယ်ဖြစ်သင့်သည်ကား မကြည်သောရေကို ကြည်အောင်လုပ်ရမည်။ မနုသောမြက်တို့ကို နုအောင်စိုက်ပျိုးရမည်၊ ပူပြင်းခြောက်သွေ့ ရေရှားပါးသော အရပ်ကို စိမ်းလန်းစိုပြေအောင် သောက်ရေ သုံးရေရအောင် လုပ်ရမည်ဟုသာ မိမိခံယူသည်။
ဤခံယူချက် ဤဆုတောင်းများကြောင့် ဘုန်းကြီးသည် ယနေ့ စစ်ကိုင်းတောင်တွင် ရေအလှူ၊ ဆေးအလှူ၊ ကျောင်းအလှူ၊ တက္ကသိုလ်အလှူတို့ကို အတော်အတန် လှူဖြစ်ခဲ့လေပြီ။ သို့သော် အားရကျေနပ်မှု မရှိသေးပါ။
ဆက်လက်၍ ဆုများကို တောင်းချင်သေးပါ၏။ - - -
“လောဘ၏ ကျေးကျွန်အဖြစ် ဘယ်ဘ၀မှာမှ မဖြစ်ရပါလို။ သာသနာတော်၏ ကျေးကျွန်သာ ဖြစ်ရပါလို၏၊ ငါတည်းဟူသော အကြောင်းကြောင့် သူတပါးတို့ ဒုက္ခမဖြစ်ကြပါစေနဲ့၊ ဆင်းရဲဒုက္ခရောက် သူတို့ကို ငါ အစွမ်းရှိသလောက် စောင့်ရှောက်နိုင်ရပါလို၏” ။
ပရေသံ ဟိတမိစ္ဆေယျံ ၊ ဟိတံ မေ ဣစ္ဆတံ ပရော။
နာညဿ ဒုက္ခ မိစ္ဆေယျံ၊ မာ မေ ဒုက္ခံ ဣစ္ဆတံ ပရော။
(ဒီပဲယင်းဆရာတော်)

------------------------

သီတဂူဆရာတော်
အရှင်ဉာဏိဿရ
စစ်ကိုင်းတောင်ရိုး

12 September 2009

အနှစ်ကိုးပါး (အပိုင်း-၁၃)



သူတို့ အနုပညာကို လေ့လာနေတာပါ
ဒီတော့ ဗောဓိဓာတ်ရအောင်, ဘုရားဓာတ်ရအောင်, ဝမ်းခေါင်းထဲ ကိန်းအောင်းတဲ့ သန္ဓေသားကလေး ဘုရားလောင်းလေး ဖြစ်လာအောင်ဆိုပြီး ဘုရားရှေ့ ကာမဂုဏ်ခံစားတဲ့ပုံ၊ ဘုရားကိုယ်တော်မြတ်ကို လည်ပင်းဖက်ပြီးတော့, မျက်နှာချင်းအပ် ပြီးတော့ အမျိုးသမီးက ထိုင်ထားတဲ့ ပုံတွေကို ကြည့်ရတာဟာ အလွန်စိတ်ပျက်စရာ ကောင်းတယ်။
နီပေါမှာဆိုရင် ညစ်ညမ်းတဲ့ပုံတွေကို ကြေးရုပ်ကလေးများ ထုပြီးတော့ ဆိုင်ပေါ်တင်ပြီး ရောင်းသေးတယ်။
ဘုန်းကြီး မြန်မာပြည်ကလူတွေကို ပြလိုက်ချင်တာ။ ဘုရားကိုးကွယ်တာဟာ ဘယ်လောက်ညံ့ဖျင်းတဲ့ ကိုး ကွယ်ခြင်းတွေ ဖြစ်နေတုန်းဆိုတာကို ပြောပြချင်လို့ပါ။
အဲဒီအရုပ်ကလေးကို ဘုန်းကြီးက ဟိုဘက်က ကြည့် ဒီဘက်ကကြည့် လုပ်နေတော့ဘုန်းကြီးတို့ရဲ့ ပစ္စည်းလေးပါး ဒကာကြီး ဦးဘရီက ''ဆရာတော် ဘာတွေ ရစ်သီ ရစ်သီ လုပ်နေတုန်း'' တဲ့။ လာမေးတယ်။ ဆိုင်ထဲမှာ နည်းတဲ့ အရုပ်တွေမှ မဟုတ်ဘဲ။ မျိုးစုံနေတာ။
ဘုန်းကြီးကလဲ ''ဒကာကြီးရာ ဒါတွေကြည့်နေတာ မဟုတ်ပါဘူး။ သူတို့ရဲ့အနုပညာတွေ လေ့လာနေတာပါ''လို့ ပြောလိုက်ရတယ်။ ဘုန်းကြီးတို့ ပရိသတ်များ ပြောစရာတွေ အများကြီးရှိတယ်။

ကိုင်ဆောင်တောင်ဝှေး လိုလိုရာ ဆေးကြိတ်တယ်
ဘုန်းကြီးတို့တိုင်းပြည်မှာ အနှစ်ပြည့်တယ်။အခြား တိုင်းပြည်မှာ ရတနာသုံးပါးရှိတယ်ဆိုပေမဲ့ အနှစ် အပြည့် အဝ မရှိဘူး။
ဒီတော့ ခုနကဘုရားရှိခိုးတာလဲ ဘယ်လိုလဲ။ မတ်တက်ရပ်ကနေပြီးတော့ ဝမ်းလျားမှောက် ရှိခိုးကြတယ်။
တရားထိုင်တဲ့ အခါမှာလဲ စည်း(သံချွင်)လေး တီး လိုက်၊ နှဲလေးမှုတ်လိုက်နဲ့ တရားထိုင်ကြတယ်။
တရားထိုင်ပြီးတော့လဲ ညစာလေးလဲ ဘုရားရှေ့ ထိုင်ပြီးတော့ စားလိုက်တယ်။
ဘုရားကိုယ်တော်မြတ်ကို ပူဇော်တဲ့အခါမှာလည်း ကာမဂုဏ်နဲ့ (ညစ်ညမ်းတဲ့ အမူအရာတွေနဲ့) ပူဇော်ကြတယ်။
ဒီကနေ့ခေတ်တော့ အဲဒါတွေက ဒါလောက်ခေတ် မစားဘူး၊ ခေတ်စားတဲ့ အချိန်ကတော့ တကယ် ခေတ်စား ခဲ့တာ။
''မဟန့်''ဆိုတဲ့ ဟိန္ဒူဘုန်းကြီးက ဒီမဟာဗောဓိ စေတီတော်ကြီးဟာ ''မဟာဒေဝ''နတ် မင်းကြီးကို ဂုဏ်ပြု ပြီးတော့ တည်ထားတဲ့ စေတီပဲဆိုပြီး ဒီစေတီကြီးကို အပိုင် စီးထားတယ်။
စေတီတော်ကြီးရဲ့ အောက်လိုဏ်ဂူထဲမှာ သျှီဝ နတ်မင်းကြီးရဲ့ 'လိင်အင်္ဂါပုံ'ကို လုပ်ထားတယ်။ မသိတဲ့ ပုဂ္ဂိုလ်တွေ ဘုရားဖူးများ သွားတွေ့လို့ရှိရင် ''ဒါဟာ ဇော်ဂျီ တပသီတွေ ဆေးကြိတ်တာပဲဟ''ဆိုပြီးတော့ အဲဒီနေရာမှာ သူတို့ ဘုရားပူဇော်တဲ့ ပန်းပွင့်လေးတွေ ကြိတ်ပြီးတော့ နဖူးတောင် သုတ်လာတယ်လို့ ကြားဖူးတယ်၊ ဘုရားဖူးမှားတာပဲ။ သတိထားကြပါ။

ဘုရားဖူးတွေကို မှာလိုက်ပါရစေ
ဒါ့ကြောင့် မှာလိုက်စမ်းပါရစေ။ ဘုရားဖူး သွား မယ်ဆိုရင် အရုပ်မြင်တိုင်း ရှိမခိုးကြပါနဲ့။ အိန္ဒိယရောက်လို့ရှိ ရင်လေ အရုပ်တွေ့တိုင်း ဘုရားထင်ကာ ကုန်းပြီးတော့ ရှိ မခိုးလိုက်ကြပါနဲ့၊ စုံစမ်းစစ်ဆေးပြီးမှ ရှိခိုးကြပါ။
ဆဋ္ဌသင်္ဂါယနာတင်တဲ့ အချိန်တုန်းက မြန်မာ ပြည် အစိုးရနဲ့ အိန္ဒိယအစိုးရတို့ အကြိတ်အနယ် ဆွေးနွေး ပြီးတော့ အဲဒီ မဟုတ်တဲ့ အတုအယောင်တွေကို အကုန်လုံး ဗောဓိစေတော်ထဲက ထုတ်ပစ်ခဲ့ရတာ။
ဒီကနေ့တော့ ဗောဓိစေတီကြီးထဲမှ အဲဒီ''လိင် အင်္ဂါ ကြီး'' မရှိတော့ပါဘူး။ သို့သော် စေတီတော်ကြီးထဲမှာ မရှိပေမဲ့ စေတီဲရဲ့ အပြင်ဘက် ၁၅-ကိုက်၊ ကိုက် ၂ဝ- လောက်ကွာတဲ့ နေရာမှာ အုတ်တိုက်ကလေးတခုနဲ့ အဲဒါ ကြီး ရှိသေးတယ်။ အပြီးအပိုင် ဖယ်လို့ မရဘူး။
ဘာ့ကြောင့် ဖယ်မရသလဲဆိုတော့ ''မဟန့်''လို့ ခေါ်တဲ့ ဟိန္ဒူဘုန်းကြီးက လက်မခံဘူး။ သူက ဒါကို အဖယ် မခံဘူး။ အတင်းအကြပ်ခံပြီး တရားစွဲချင်လဲ စွဲဆိုပြီး နေ တော့ သူနဲ့ ရန်ဖြစ်နေရတာနဲ့ ဖယ်လို့ကို မရဘူး။
စေတီတော်ကြီးရဲ့ အတွင်းအပြင်မှာ ထုထားတဲ့ ဂျိန်းရုပ်တွေကိုတော့ အကုန်ဖယ်ပစ်လိုက်တယ်။ အဲဒါတွေ ကတော့ မရှိတော့ဘူး။ နှစ်ရုပ်တော့ကျန်တယ်။
''အဝလောကိတေဆွာရ'' လို့ခေါ်တဲ့ နတ်ရုပ် တစ်ရုပ်ရယ်။ နောက်ပြီးတော့ ဘုရားလောင်း နတ်ရုပ် တစ်ရုပ် ရယ်။ အဲဒီ နှစ်ရုပ်ကျတော့ ဗောဓိစေတီတော်ကြီးရဲ့ အရှေ့ မုခ်က ဝဲယာမှာ၊ အဲဒါကတော့ ခုအထိ ရှိသေးတယ်။

အရိမေတ္တယျဘုရားအလောင်းတဲ့
တိဘက်ဘုန်းကြီးတွေနဲ့ တိဘက်ဗုဒ္ဓဘာသာ အမျိုးသား အမျိုးသမီးတွေက ဗောဓိစေတီတော်ကြီးဆီ ရောက်လာလို့ရှိရင် စေတီတော်ကြီးကို ဦးသုံးကြိမ်ချ၊ ပြီး တော့ အခုနက အဝလောကိတေဆွာရ နတ်မင်းနဲ့ ဗောဓိ သတ္တဘုရားလောင်း အရုပ်ကို အထူးတလည် ပူဇော်ကြတာ၊ ဦးတိုက်ကြတာ။
ဗောဓိပင်ကို ဒါလောက် ဦးတိုက်တာ မဟုတ်ဘူး။ အဲဒီ ဘုရားလောင်းကို သူတို့က အကြိတ်အနယ် ဦးတိုက် နေကြတာ။ သူဟာ ''အရိမေတ္တယျဘုရားလောင်း'' တဲ့။ ဒီအရိမေတ္တယျ ဘုရားလောင်း ဘုရားဖြစ်တဲ့အခါကျရင် သူတို့ တိုင်းပြည်က ဘုရားလောင်းတွေ အကုန်လုံး အဲဒီမှာ ''ဘုရားဆု''ပန်ကြမှာတဲ့။
နောင် အဆက်ဆက် ပွင့်သွားမည့် ဘုရားတွေဟာ တိဘက်ကချည်းပဲတဲ့။ အဲဒါ မှန်းသာကြည့်၊ ဟိုမှာ ဘုရား လောင်းတွေ အများကြီးပဲ။ ဘုန်းကြီးတို့ ပရိသတ်များ ဘုရားဆု ဘယ်နှစ်ခါပန်ဖူးလဲ။ တယ်ညံ့တာပဲ။ တိဘက်က ယောက်ျားမှန်သမျှ အကုန်လုံး ဘုရားလောင်းချည်းပဲတဲ့။
ဘုရားဓာတ်ရအောင်လဲ သူတို့နည်းနဲ့သူတို့ ခုနက ပြောသလို ယူထားကြပေါ့။
ဒီမှာ ဘုန်းကြီးတို့ ပရိသတ် လူဖြစ်ရတာ အလွန် ကံကောင်းပါတယ်။ ဘာဖြစ်လို့ ကံကောင်းသလဲ။ ရတနာ သုံးပါး အစစ်အမှန် ရှိနေလို့ပါ။
ရတနာ ၃-ပါးပြီးရင် သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာ ၃-ပါး။
သူတို့ရဲ့ သီလဆိုတာ ခုနကပြောပြီးပါပြီ။ နှဲလေး မှုတ်လိုက်၊ ညစာလေး စားလိုက်နဲ့ တရားအားထုတ်တဲ့ သီလမျိုးပဲ။ သမာဓိဆိုတာကလဲ ပညတ်ပေါ်မှာသာလျှင် များစွာရှုတဲ့ သမာဓိမျိုးပဲ။

သြစတြေးရီးယား အမျိုးသမီးတစ်ယောက် တရားထိုင်ပုံ
ဗောဓိပင်နား တရားထိုင်တဲ့ အမျိုးသမီး တစ် ယောက်ကို ဘုန်းကြီးက အသေအချာ ထိုင်ကြည့်ပြီးတော့ မေးခဲ့တယ်။
သူထိုင်တာက တင်ပျဉ်ခွေလေးရဲ့ အပေါ်မှာ ကြေးကွမ်းအစ် သဏ္ဌာန် ကြေးခွက်ကလေး တစ်ခုရှိတယ်။ အဲဒီကြေးကွမ်းအစ် အရွယ်အစားပဲ အဖုံးလေး ဖုံးထား တယ်။ အဲဒီအထဲမှာ မိုးကုတ်က ကျောက်အဖြုန်း ကလေး တွေလို ကျောက်နီသေးသေးလေး တွေပါတယ်။
တချို့လဲ ဂျုံစေ့လေးတွေ ထည့်ထားတယ်။ တချို့ လဲ ရွေးစေ့ကလေးတွေ ထည့်ထားတယ်။ အမျိုးမျိုးပဲ။ အဲဒီလို ကြေးဗူးကလေးတွေနဲ့ လာကြတယ်။ ထိုင်ပြီးတော့ တော်တော်လေးကြာတော့ အဲဒီ အဖုံးလေးဆွဲဖွင့်၊ အထဲက ရွေးစေ့ (သို့မဟုတ်) ဂျုံစေ့ (သို့မဟုတ်) ကျောက်ခဲလေးတွေ လက်တဆုပ်လောက် ဆွဲထုတ်လိုက်ပြီးတော့မှ အဖုံးလေးရဲ့ အောက်ပိုင်း မျက်နှာစာ မျက်နှာပြင်ထက်မှာ တခါတည်း အဲဒီလက်ထဲက ဥစ္စာတွေ ပုံပြီးတော့ ချလိုက်တယ်။
ပုံပြီးချလိုက်ပြီးတော့ တအား ပွတ်တာပဲ။ ရှဲရှဲရှဲရှဲ နဲ့နေအောင် ပွတ်တာပဲ။ ပွတ်လဲပြီးရော ခုနကဂျုံစေ့တို့ ကျောက်ခဲတို့ ရွေးစေ့တို့ကို ဖယ်လိုက်တဲ့အခါ ခုနက ကြေး ခွက်ကလေးများ ပွတ်ပါများတော့ ပြောင်းပြီးတော့ အရောင် တလက်လက်ထွက်နေတယ်။ တရားထိုင်တိုင်း ဒီလိုပဲ ပွတ်နေတာ။
အရောင် တလက်လက်ထွက်နေတဲ့ ဒီကြေးခွက် ကလေးရဲ့ မျက်နှာပြင်ကို ငုံ့ပြီးတော့ သူ့တို့ သေသေချာချာ ကြည့်တယ်။ ကြည့်ပြီးတော့ တခါပြန်ပိတ်၊ ပိတ်ပြီးတော့ တခါထိုင်ကြပြန်ရော။ တော်တော်ကြာ ဆွဲထုတ်ပြီးတော့ ပွတ်ကြပြန်ရော။ ကြည့်လိုက်ကြပြန်ရော။ ပြန်ပိတ်ပြီးတော့ ထိုင်လိုက်ကြပြန်ရော။ ဒီလို လုပ်နေကြတယ်။

(အပိုင်း-၁၄)မျှော်

09 September 2009

ကမ္ဘာကျော် မိန်းခွန်းတော် ၁၀-ချက်



မြတ်ဗုဒ္ဓ၏ အံ့ဩဖွယ်ကောင်းသော လမ်းညွှန်ချက်၊ လွတ်လပ်သောအတွေးအခေါ်၊ လွတ်လပ်သော ကိုယ်ပိုင်ဆုံးဖြတ် ခွင့်တို့ကို ပေးထားခဲ့သည်မှာ ဘာသာရေးသမိုင်းတွင် ပြိုင်ဘက်ကင်းသည့် တစ်ခုတည်းသော လမ်းညွှန်ချက်ဖြစ်ခဲ့ပေသည်။ မည့်သည့် ဘာသာရေး၌မဆို ဤကဲ့သို့သော လမ်းညွှန်ချက်မရှိပေ။

မြတ်ဗုဒ္ဓသည် ကောသလနိုင်ငံတော်၌ ခရီးလှည့်လည်စဉ် ကေသမုတ္တိအမည်ရှိသော မြို့ကလေးတစ်ခုသို့ ရောက်ခဲ့သည်။
ထိုမြို့ကလေး၌ ကာလာမလူမျိုးတို့ နေထိုင်ကြ၏။ မြတ်ဗုဒ္ဓ ထိုရွာသို့ ဆိုက်ရောက်သွားသောအခါ ကာလာမ လူမျိုးတို့ စုရုံး ရောက်ရှိလာကြကုန်၏။

မြတ်ဗုဒ္ဓကို သူတို့ အရိုအသေပေး လျှောက်ထားကြသည်မှာ "အို မြတ်စွာဘုရား မြောက်များစွာသော ရသေ့ ရဟန်းတို့သည် ကျွန်ုပ်တို့ရွာသို့ တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် လာရောက်ကြပါ၏၊ ရောက်လာတိုင်းသော ရသေ့ရဟန်းတို့သည် သူတို့၏ ကိုယ်ပိုင်ဝါဒကိုသာ အကောင်းပြော၍ ထွန်းကားအောင် ဟောပြောကြပါ၏။ သူတပါးတို့၏ ဝါဒကိုမူကား ရှုံ့ချအပြစ်ဆို၍ ပျက်ပြားအောင်ပြုကြပါ၏၊ ရသေ့ရဟန်းပေါင်းမြောက်များစွာတို့ ကျွန်ုပ်တို့ကေသမုတ္တိ ရွာသို့ ရောက်တိုင်း မိမိတို့အယူဝါဒကို လက်ခံဖို့ရန် သူတပါးတို့၏အယူဝါဒကို စွန့်ပစ်ဖို့ရန် အသီးအသီး ပြောသွားကြပါ၏ဘုရား။

ထို့ကြောင့် ယခုအခါ ကျွန်ုပ်တို့ ကေသမုတ္တိရွာသားအားလုံး စိတ်ရှုတ်၍နေကြကုန်ပါပြီဘုရား၊ မည်သူ၏ဝါဒ မှားသည်၊ မည်သူ၏ဝါဒ မှန်သည်ဟု မဆုံးဖြတ်နိုင်အောင် သံသယများ ဝင်နေကြကုန်၏ဘုရား။ အို အရှင်ဂေါတမဗုဒ္ဓ- အရှင်သည်ကော မည်သို့ဟောပြနိုင်မည်နည်း"-ဟု မေးလျှောက်ကြကုန်၏။

"အို ကာလမတို့- သင်တို့မှာ ယုံမှားသံသယဖြစ်သည် ဆိုလျှင် ဖြစ်ထိုက်ပေ၏။ သင်တို့ရွာ၌ ဆရာများသလောက် ဝါဒလည်းများကုန်၏။ သင်တို့၏ကိုယ်ပိုင်ဥာဏ်ကို ဆရာ့ဝါဒတို့နှင့် သံသယတို့က ဖုံးလွှမ်း၍ နေကြကုန်၏။ ငါသည်မူကား ထိုဆရာတို့ကဲ့သို့ မပြောလို၊ သင်တို့၏ ကိုယ် ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အဆုံးအဖြတ် သည်သာလျှင် သင်တို့၏ကိုယ်ပိုင်ဥစ္စာ၊ ကိုယ်ပိုင်လမ်းညွှန် ချက်ဖြစ်သင့်သည်ဟု ဆိုချင်သည်။ ထို့ကြောင့်

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ် မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန် နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှ ဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟော ပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီ သွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။

"အိုကာလာမတို-အကောင်းအဆိုး ဘယ်ဟာမျိုးမဆို သင်တို့အတွက် သင်တို့ကိုယ်တိုင် သိအောင်လုပ်ကြ၊ ဤသည်ကား အကောင်းတရား၊ ဤသည်ကား အဆိုးတရား၊ ဤသည်ကားအမှား၊ ဤသည်ကားအမှန်၊ သင်တို့ကိုယ်တိုင် သိအောင် လုပ်ကြ။ ဤသည်ကား အမှား၊ ဤသည်ကား အဆိုး- ဆိုးကျိုး သာဖြစ်လိမ့်မည်။ ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်- ကောင်းကျိုးသာ ဖြစ်လိမ့်မည် ဆိုသည့်အချက်ကို သူတပါးတို့ထံ ဆုံးဖြတ်ခံစရာမလို သင်တို့ကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်ပိုင်သိအောင်လုပ်ကြ။

"ဤသည်ကား အမှား၊ ဤသည်ကား အဆိုးဖြစ် လိမ့်မည်"ဟု သင်တို့ကိုယ်တိုင်သိ၍ ဆုံးဖြတ်နိုင်လျှင် သင်တို့ ကိုယ်တိုင် ထိုဝါဒကို ပယ်စွန့်နိုင်ခွင့်ရှိသည်။

ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်၊ ဤ အကောင်းအမှန်ကြောင့် သင်တို့မှာ ကောင်းကျိုးဖြစ်လိမ့်မည် ဟုဆိုလျှင် မြင်လျှင် သင်တို့ကိုယ်တိုင် ထိုအကျင့်ကို လက်ခံ ပိုင်ခွင့်ရှိသည်။ သင်တို့ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်အကျင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် သည်သာလျှင် သင်တို့ဘဝ၏ အရှင်သခင် ဖြစ်သည်။ သင်တို့ဘဝ၏ ကောင်းကျိုး ဆိုးကျိုးကို သင်တို့၏ အကျင့်နှင့် အသိက အဆုံးအဖြတ်ပေးလိမ့်မည်။

ထို့ကြောင့် ကိုယ်တိုင် သိအောင်လုပ်ကြ။ ကိုယ့်အသိနှင့် ကိုယ်တိုင်ဆုံးဖြတ်ကြ။ ကိုယ့်အဆုံးအဖြတ်အတိုင်း ကိုယ်တိုင်ကျင့်သုံးကြ။ သင်တို့ဘဝ၏ လွတ်မြောက်ရာ တံခါးကို သင်တို့ကိုယ်တိုင် ဖွင့်နိုင်ခွင့်ရှိသည"ဟု ကေသမုတ္တိရွာသား ကာလာမတို့အား မိန့်ကြားတော်မူခဲ့ပါသည်။
ဤမြတ်ဗုဒ္ဓ၏အဆုံးအမများသည် ဘာသာရေးသ မိုင်းတွင် တစ်ခုတည်းသော အနှိုင်းမဲ့လွတ်လပ်သော အတွေး အခေါ်အတွက် လမ်းညွှန်ချက်ဖြစ်သည်။

07 September 2009

အနှစ်ကိုးပါး (အပိုင်း-၁၂)



ဗောဓိပင်ဝင်းတံခါး ဖွင့်ချိန်ပိတ်ချိန်
ဗောဓိပင်ကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေက ည-၈-နာရီဆို တံခါးပိတ်ပစ်လိုက်တယ်။ အခုဘုန်းကြီးတို့ တရားထိုင်ပြီးတော့ လုပ်နေကြတာဟာ ၁ဝ-နာရီ ဖြစ်နေပြီ။ ဝင်တုန်းကတော့ တံခါးဖွင့်ထားလို့ထားပါတော့။ ပြန်ထွက်ရင် ဘယ်လိုထွက်ရမလဲဆိုတာ မှန်းကြည့်။
''တံခါး ဖွင့်ပေးပါ''ဆိုတော့ ဟိန္ဒူကုလားတွေက ဖွင့်မပေးဘူး။ ဖွင့်မပေးတော့ တရားထိုင်ပြီးလို့ ပြန်ထွက်တဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးဟာ အဲဒီကာထားတဲ့ တံတိုင်းကို ဈာန်ပျံပြီးတော့ ထွက်ကြရတယ်။ ဘယ်လို ဈာန်ပျံတယ်မှတ်လဲ။ လွှားကနဲဆိုပြီး တံတိုင်းကို ကျော်တက်ခဲ့ရတာ။
ဘုန်းကြီးလဲ ၁ဝ-နာရီမှာ ပြန်ထွက်တာဆိုတော့ စဉ်းစားကြည့်ပေါ့။ တံတိုင်းကို ဒီအတိုင်း ကျော်တက်ခဲ့ရတာပဲ။ အဲဒါ ၂-ညတိုင်တိုင် ကျော်တက်ခဲ့ရတယ်။ ကုလားတွေပိတ်ထားလို့။

ကုလားမလေးနှစ်ယောက် ဝင်ထွက်ရာအပေါက်
''ဒီကုလားမငယ်ငယ်လေး နှစ်ယောက်ဟာ ဘယ် လိုလုပ် ဒီအထဲရောက်နေသလဲ။ ဘယ်လိုလုပ် ထွက်ကြမှာ လဲ''လို့ ဘုန်းကြီးက စဉ်းစားကြည့်တယ်။
စားရမဲ့, သောက်ရမဲ့ တောင်းရမ်းစားသောက်နေတဲ့ အမျိုးသမီးငယ်ငယ်လေးတွေဟာ ''တိဘက်ဘုန်းကြီးတွေ တရားထိုင်ရင် ဗောဓိပင်နားမှာ ညစာစားကြတယ်'' ဆိုတာ သူတို့က သိထားကြတယ်။
''စားပြီးတဲ့အကျန်တွေကို ပေးလေ့စွန့်လေ့ ရှိကြ တယ်''ဆိုတာကိုလည်း သူတို့လေးတွေ သိထားကြတယ်။ သိထားတော့ ဒီအချိန် လာ ချောင်းကြတယ်။
''သူတို့ ဘယ်အပေါက်က ဝင်သလဲ''ဆိုတာကို ဘုန်းကြီးက လေ့လာကြည့်တယ်။ ဒါနဲ့ တံခါးပိတ် ပိတ်ထား လို့ ''ထွက်ပေါက် ကလေးရ အောင်''ဆိုပြီး သူတို့ဘယ်က ထွက်သလဲလို့ ဘုန်းကြီး ချောင်းကြည့်တယ်။
ဒီတော့ အဲဒီကောင်မလေးတွေကို ငှက်ပျောသီးရော ပန်းသီးရော ဘီစကွတ်ရော အကုန်လုံး ဘုန်းကြီးပေးလိုက်ရော။
ကုလားမလေးနှစ်ယောက်ဟာ သဘောကျလို့ ပြုံးလို့ ယူသွားကြတယ်။ တိဘက်ဘုန်းကြီးတွေနား သွား ထိုင်တော့လဲ နည်းနည်းပါပါးရတယ်။ အဲဒါလေးတွေ ယူပြီးတော့ သူတို့လေးတွေ သွားကြတယ်။
အဲဒီ ကောင်မလေးတွေဟာ ဗောဓိပင်ကြီး ဝင်းခတ်ထားတဲ့ ခြံဝန်းကြီးရဲ့အင်္ဂါထောင့်ဆီကို သွားကြတယ်။
အင်္ဂါထောင့်ဆီ ဝင်းထရံကြီးရဲ့အောက်ဆုံးက သံ တန်း၊ အဲဒီ သံတန်းကြီးရဲ့အောက်နားမှာ မြေကြီးကို သူတို့က လူတစ်ယောက် ဝင်စာလေးတူးထားတာ။
လူတစ်ကိုယ်စာ ဝင်ရုံလေး တူးပြီးတော့ အဲဒီသံ တန်းကြီးရဲ့အောက်ကနေပြီး ဝမ်းလျားထိုးပြီးတော့ သူတို့က ဒီအထဲဝင်လာကြတာ။ အဲဒီအပေါက်ကို ဗောဓိပင်စောင့်တဲ့ ကုလားတွေ မသိကြဘူး။
အဲဒီကုလားမလေးနှစ်ယောက်ဟာ ဒီ အပေါက် ကနေ နေ့တိုင်း ဝင်ထွက်ပြီးတော့ ဒီအနား တရားထိုင်တဲ့ ပုဂ္ဂိုလ်တွေဆီက သူတို့က တောင်းရမ်းပြီးတော့ စားနေကြ တာ။
ဘုန်းကြီးက စဉ်းစားကြည့်တယ်။ အပေါက်တော့တွေ့ပြီ။ ''ဒီအပေါက်က ငါထွက်ရင် ကောင်းမလား'' ဆိုတော့ အဲဒါဟန်မကျဘူး။ ကုလားမလေးတွေ ဝင်တဲ့ ထွက်တဲ့ အပေါက်ဖြစ်နေတယ်။
''ထွက်ရင်လဲ မြေကြီးဝမ်းလျားထိုး ထွက်ရမှာဆိုတော့ သံတံတိုင်းကျော်ပြီး တက်တာပဲ ကောင်းပါတယ်''ဆို ပြီး အဲဒီနေ့က တံတိုင်းကို ကျော်တက်ခဲ့တယ်။

အဂျန္တာနှင့် ဧလိုရာ
ကမ္ဘာမှာ ဘာသာတရားတွေဟာ အလွန်အံ့သြစရာကောင်းတယ်။ ဖြစ်ရပ်တွေ ဆန်းကြယ်တယ်။ ဘုံဘေရဲ့ အရှေ့ဘက် ကီလိုမီတာ ၆ဝဝ-လောက် ကွာဝေးတဲ့နေရာ မှာ တောထဲမှာ ''အဂျန္တာ''ဆိုတဲ့ လိုဏ်ဂူကြီးတွေရှိတယ်။ အဲဒီ နေရာကို ဘုန်းကြီးတို့ ရောက်ခဲ့တယ်။
မြန်မာပြည်က ဘုရားဖူးတွေ အရောက်နည်းတဲ့ နေရာတွေပဲ။ သမိုင်းကို စိတ်ဝင်စားတဲ့ သုတေသနသမားတွေပဲ သွားကြတယ်။
''ဧလိုရာ''ဆိုတဲ့ လိုဏ်ဂူကြီးတွေ တောကြီးထဲမှာ ဘုန်းကြီးတို့ ရောက်ခဲ့ပါတယ်။''အဂျန္တာ''ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၂ဝဝဝ-လောက်က ရုပ်တု ဆင်းတု ကျောက်ပန်းပုတွေ။
တောထဲတောင်ထဲ ကျောက်တောင်ကြီးတွေကို လိုဏ်ထွင်းပြီးတော့ (ဖိုဝင်းတောင်သဘောမျိုးပေါ့)ကျောက် လိုဏ်ဂူကြီးတွေမှာ ရုပ်တုတွေ ထုထားတာ အံ့သြစရာပဲ။
''ဧလိုရာ''မှာတော့ ဘုရားရဲ့ ဖြစ်တော်စဉ် ဇာတ်တော်တစ်ခုရှိရင် ဂျိန်းဇာတ်တစ်ခု ဘေးနားမှာရှိတယ်။
ဘုန်းကြီးက စဉ်းစားတယ်။ ''မူလတုန်းကတော့ ဗုဒ္ဓရဲ့ဖြစ်တော်စင်တွေကို ထွင်းထုထားတဲ့ လိုဏ်ဂူတွေဖြစ်မယ်။ နောက်ကျတော့မှ ဂျိန်းတွေက အဲဒီနေရာမှာ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ် ဇာတ်တော် တစ်ချို့ကို ဖျက်ဆီးပစ်လိုက်ပြီးတော့ သူတို့ ဇာတ်တော်တွေကို ထည့်သွင်းထားတာ ဖြစ်မယ်''လို့ ဘုန်းကြီးတို့က တွေးကြည့်မိတယ်။
အဲဒီလို ဖျက်ဆီးပြီးတော့ သူတို့ ဥစ္စာတွေ သွင်းခဲ့တာ အများကြီးပဲ။ ''နိဂဏ္ဌနာဋပုတ္တဘုရားကြီးကို ပူဇော် ထားတာ''တဲ့။
အဲဒီလို ထွင်းထုထားတဲ့ ရုပ်တုတွေထဲမှာ ဘုန်းကြီးတို့ ဘာတွေ တွေ့တုန်းဆိုလို့ရှိရင် ဂျိန်းဘုရားကြီးကို ပူဇော်တဲ့ အခန်း။
ဂျိန်းဘုရားဆိုတာ တခြားမဟုတ်ဘူး။ ဘုန်းကြီးတို့ ဟောထားတဲ ''တိတ္ထိဆရာကြီး ခြောက်ယောက်''ထဲက ''နိဂဏ္ဌနာဋပုတ္တ''ကို ပြောတာ။
အဲဒီဂျိန်းဘုရားကြီးကို ပူဇော်ဖို့ရန် ဆိုပြီးတော့ နိဂဏ္ဌနာဋပုတ္တ ဂျိန်းဘုရားကြီးရဲ့ရှေ့မှာ အမျိုးသမီးနဲ့ အမျိုးသား ခါးမှာ အဝတ်မရှိကြဘူး။ ရုပ်ပုံတွေ အမျိုးမျိုး ထုထားတာ။
နှောင်းခေတ်မှာ ''ကာမသျှတ္တရကျမ်း'' အမျိုးမျိုး ထွက်လာတာဟာ အဲဒီရုပ်ပုံတွေ ကူးချပြီးတော့ ထွက်လာ သလားတော့ မသိပါဘူး၊ အလွန်ညစ်ညမ်းတဲ့ပုံတွေ။
သူတို့ ဘုရားကို ပူဇော်တာတဲ့။ ''ကာမဂုဏ်နဲ့ပူဇော်ခြင်းသည် အမြတ်ဆုံးပူဇော်ခြင်း ဖြစ်တယ်'' ဆိုပြီးတော့ အမျိုးသမီးနဲ့အမျိုးသား တွဲစပ်နေတဲ့ ပုံစံမျိုးစုံနဲ့ သူတို့ ထုထားကြတာ။

ကာမဂုဏ်နဲ့ပူဇော်တဲ့ဂိုဏ်း
ဒါတွေဟာ ဗုဒ္ဓဘာသာထဲကို တဖြည်းဖြည်း ရော ရောပြီးတော့ သွားတာ။ မြောက်ပိုင်း တိဘက်ဗုဒ္ဓဘာသာ ကျတော့ အဲဒါတွေရှိတယ်။ မဟာယာန ဗုဒ္ဓဘာသာကျတော့ ''ဝေတုလ္လဂိုဏ်း'' ထဲမှာ အဲဒါတွေ အကုန်ရှိတယ်။
ဗုဒ္ဓဘာသာဂိုဏ်းကြီး ၁၈-ဂိုဏ်းမှာ ''ဝေတုလ္လ ဂိုဏ်း'' ဆိုတာရှိတယ်။ ဝေတုလ္လဂိုဏ်းက ကာမဂုဏ်နဲ့ ဘုရားကို ပူဇော်တဲ့ဂိုဏ်းပဲ။
အမျိုးသမီးတယောက်ဟာ မြတ်သောသားရတနာ ဖွားချင်တယ်၊ အလွန်တရာ ဥာဏ်ကြီးကျယ်တဲ့ သားရတနာကို ဖွားချင်တယ်ဆိုလို့ရှိရင် သူ့ရဲ့အမျိုးသားယောက်ျားနဲ့ ဘုရားဆီသွားပြီတော့ ကာမဂုဏ်နဲ့ပူဇော်ရတယ်။
ကာမဂုဏ်နဲ့ ပူဇော်ပြီးပြီဆိုလို့ရှိရင် အနည်းဆုံး သုံးပေလောက်ရှိတဲ့ ဘုရားဆင်းတုတော် အဲဒီဘုရားဆင်း တုတော်အပေါ်မှာ ဒီအမျိုးသမီးက တက်ပြီးတော့ထိုင်တယ်။
ထိုင်ပုံထိုင်နည်းက ဘုရားနဲ့ မျက်နှာချင်းအပ်ပြီးတော့ ဘုရား လည်ပင်းဖက်ပြီးတော့ ထိုင်တယ်။ ဒီလောက်ပဲ ပြောတာ ကောင်းပါတယ်။
အဓိပ္ပါယ်က မြတ်ဗုဒ္ဓထဲကနေ ဗောဓိဓာတ်ကို ကူးယူတာတဲ့။ ဒါမှ အမြတ်ဆုံး သားရတနာလေး ဖွားမယ်။
တိဘက်တိုင်းပြည် တစ်ပြည်လုံး ယောက်ျားမှန်သမျှ ဘုရားအလောင်းချည်းပဲ။ သူတို့က ဘုရားဆုပန်ထား ကြတယ်။ ဘုရားဖြစ်အောင်ဆိုပြီး နည်းမျိုးစုံနဲ့ ကြံဖန်လုပ်ကြတာ။
ဘုန်းကြီးတို့ ပရိသတ်များက ဘုရားကြည်ညိုတယ်ဆိုတာ တကယ်မှန်ကန်တဲ့ သဒ္ဓါနဲ့ ကြည်ညိုကြတာ။ စနစ် ကျတယ်၊ သဒ္ဓါတရားဟာ အလွန်သန့်ရှင်းတယ်၊ မွန်မြတ်တယ်။
ဟိုမှာကျတော့ ဗုဒ္ဓဘာသာဆိုပေမယ့် အဲဒီလိုဟာတွေ အများကြီးပဲ။ သူတို့သဒ္ဓါတရားဟာ သန့်ရှင်းတယ်လို့ ပြောဖို့ရန်ခက်တယ်။

အပိုင်း-၁၃ ဆက်လက်ဖော်ပြသွားပါမည်

05 September 2009

အဆိပ်သင့်ပင်စည် (နောက်ဆုံးအပိုင်း)

).......................................................*...................................................
"ဒကာမကြီး-ကိုရင်တစ်ပါးဆွမ်းခံကြွလို့ရမလား"

သင်္ကန်းကိုသပ်ရပ်စွာရုံထားသောကိုရင်နှစ်ပါးက သူမကိုမြင်၍ဆွမ်းဖိတ်လိုက်ခြင်းဖြစ်သည်။ ဘာသာခြားအများ စုနေထိုင်သော ဤနေရာတ၀ိုက်တွင် မြန်မာရုပ်ပေါ်လွင်နေသော သူမကိုတွေ့လိုက်၍ အားကိုးတကြီးဆွမ်းဖိတ် လိုက်ခြင်းဖြစ်သည်။ သူမဘာပြောရမှန်းမသိတော့ ကိုရင်များကို ခပ်တွေတွေကြည့်နေမိသည်။

"အရှင်ဘုရားတပည့်တော်.......?........မွတ်စလင်ဘာသာကြားထဲ ရောက်နေလို့ ဆွမ်းလှူခွင့်မရှိပါဘုရား"

တစ်ဆို့နေသော လည်ချောင်းအတွင်းမှ သူမအသံချောက်ကပ်စွာထွက်ပေါ်လာသည်။ ကိုရင်များကသူမကို ဘာသာခြားဟုတ်ပါ့မလားဟု သံသယအကြည့်ဖြင့်ကြည့်၍ လှည့်ပြန်သွားကြလေပြီ။

အလှူအတန်းရက်ရောသော အဘိုးအဖွားတို့၏ မြေးဖြစ်သူ သဒ္ဓါစေတနာထက်သန်သော အမိအဖတို့၏ သမီးဖြစ်သူ၊ ကုသိုလ်ကောင်းမှုဖြင့်ဝေးခဲ့ရ၍ အလှူအတန်းကို ရက်ရောစွာပြုလုပ်လိုသူ ယခုတော့ဆွမ်းလာဖိတ်သော ကိုရင်များကို ဘာသားခြားပါဟူ၍ ငြင်းဆန်လိုက်ရပြီ။ ရင်ထဲမှာနင့်နေအောင်ခံစားလိုက်ရသည်။ တလှိုက်လှိုက်
တက်လာနေသော ရင်တွင်းသောက ကိုဘယ်လိုမှထိန်းမထားနိုင်တော့။ အိပ်ခန်းတွင်းသို့ဝင်၍အားရအောင် ငိုရှိုက်ပစ်လိုက်သည်။

.......*.........*............xxxxxxxxxxxx........*........*..........

တိတ်ဆိတ်သောပတ်ဝန်းကျင်၊ ခပ်စိမ့်စိမ့်လေနုအေး၊ကြည်နူးဖွယ့်ဆည်းလည်းသံတို့ကို ခံစားရင်း၊ အလင်း ရောင်ခပ်ဖျော့ဖျော့အောက်ဝယ် ထီးထီးမားမားတည်ရှိနေသော စေတီတော်မြတ်ကြီးကို ဦးချရှိခိုးလိုက်သည်။
တဒင်္ဂအခိုက်အတန့်လေးရယ်ပေါ့။ သည်အခိုက်အတန့်လေးမှာပင် မြင်ကွင်းအားလုံး ပျောက်ကွယ်ခဲ့ရပါပြီ။ သူမအိပ်ယာကလန့်နိုးခဲ့သည်။
"ဟင်-ငါရွှေတိဂုံဘုရားကို အိမ်မက်မက်နေတာပါလား။ သြော်....မချိုရယ်..ဘုရားကညည်းကို အမြင်မှန်ပြနေ ပါလား။ ချစ်သမီးက ကိုယ့်ရဲ့ဘာသာကိုစွန့်ခွာသွားပေမယ့် ငါကချစ်သမီးကိုမမေ့ပါဘူးလို့ ပြောပြနေတဲ့
အတိုင်းပါပဲလား"။
သူမတီးတိုးစွာရေရွတ်မိသည်။ မိုးစင်စင်လင်းသွားသည့်တိုင် ဆက်၍အိပ်မရတော့။ မြင်သိစိတ်၏အာရုံမှာ အိမ်မက်ထဲကစေတီတော်မြတ်ကြီး၏ ပုံတော်မြင်ကွင်းက ဖျောက်ဖျက်မရတော့။ နေ့လည်ထမင်းစားပြီးသည်နှင့် သားလေးကိုခေါ်ကာ ရွှေတိဂုံဘုရားသို့ ထွက်လာခဲ့သည်။ သူမခင်ပွန်းအပြင်သွားခိုက်ဖြစ်၍ အိမ်တံခါးကိုပိတ်ထားခဲ့သည်။ ဖြစ်လိုရာဖြစ်စေတော့နောက်ပြဿနာနောက် မှ ကြည့်ရှင်းတော့မည်။ အိမ်မက်ထဲကအတိုင်းပါပဲ စေတီတော်မြတ်ကြီးက ဆည်းလည်းသံကလုံကလင်များဖြင့် နွေးထွေးစွာကြိုဆိုလျှက်ရှိ၏။ ဤစေတီတော်မြတ်ကြီးအား သူမတသက်တာ ဖူးခွင့်မရတော့ ဟု ထင်မှတ်ထားခဲ့ရာ ယခုတော့စွန့်စွန့် စားစားဖူးမြင်ခွင့်ရလိုက်သောကြောင့် စိတ်ကြည်နူးချမ်းမြေ့မှုအပြည့်ဖြင့် အားပါးတရရှိခိုးပူဇော်လိုက်သည်။ သို့တိုင်အောင်ဖူးမြင်၍မ၀နိုင်အောင်ရှိလှ၏။

"အမား...ဘာလုပ်နေတာလဲဟင်" အနီးတွင်ထိုင်နေသော သားလေးက သူမအား နားမလည်ဟန်ဖြင့်မေးလိုက်သည်။

"သြော်--သားသား--အမားဘုရားရှိခိုးနေတာလေ။ ဟောဟိုမှာတွေ့လား။ အဲဒါသားသားတို့ဘုရားကြီးပေါ့။ သားသားလည်းရှိခိုးရမယ်နော်"။

သားလေးကို သူမရင်ခွင်ထဲထိုင်စေလိုက်သည်။ လက်နှစ်ဖက်ကိုလက်အုပ်ချီပုံစံပြုစေ၍ နဖူးထက်တွင် တင်ပေးရင်း စေတီတော်မြတ်ကြီးရှိရာသို့ဦးတိုက်ထားလိုက်သည်။

"သားသားလိုက်ဆိုစမ်း အမားဆိုသလိုလိုက်ဆိုစမ်း ..........
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ.......၊
ဓမံ္မ သရဏံဂစ္ဆာမိ....၊
သံဃံသရဏံဂစ္ဆာမိ။

သားလေးကို တိုင်ပေးရင်း သူမရောသားလေးပါ သရဏဂုံဆောက်တည်ပြီး ဖြစ်သည်ဟုမှတ်ယူလိုက်သည်။

..............**------**-----xxxxxxxx-----****-----****.............

ဘုရားကပြန်လာပြီးနောက်တနေ့မှာပင် သူမခင်ပွန်းကဆန့်ကျင်ဘက်ဖြစ်လွန်းသော စကားတစ်ခွန်းဖြင့် တိုင်ပင်ခဲ့ပါသည်။

"ချို-သားလေးကိုကိုဝတ်ကျောင်းခေါ်သွားအုံးမယ်"
"အို-သားလေးက..အခုမှလေးနှစ်ကျော်ရုံလေးရှိသေးတာ ငယ်ပါသေးတယ်။ အစ်ကိုရယ်ဖြည်းဖြည်းမှ ခေါ်တာပေါ့။"
"ကို..ဆရာတစ်ယောက်နဲ့တိုင်ပင်ပြီးပြီခေါ်သွားမှဖြစ်တော့မယ်။"

ဆန္ဒ၏နောက်မှာအာဏာတို့ ရောစွက်နေသောသူမခင်ပွန်း၏ စကားလုံးများကို သူမတော်လှန်တားမြစ်နိုင်စွမ်း မရှိခဲ့ပါ။

.....................**.......................**.....................*...................*.....................*............

သူမခင်ပွန်းနှင့်သားလေးတို့ထွက်သွားပြီးတစ်နာရီခန့်အကြာမှာ သူမအမည်ကို အရေးတကြီးခေါ်သံ ကြားလိုက်ရသည်။

"မချို-----မချို----မချို"
"ဟဲ့----အီမန်ဘာလို့ဒီလောက်အရေးတကြီးခေါ်နေရတာလဲ" " အစ်မယောက်ျားမှာသွားတယ် .. ၀တ်ကျောင်းကအပြန်အစ်မတို့ကလေးကားတိုက်ခံရလို့..အဲဒါ ဆေးရုံကိုအမြန်လိုက်ခဲ့ပါတဲ့" "ဘာ..သားလေးကားတိုက်ခံရလို့"

သူမရင်ထဲမီးစနှင့်ထိုးသွင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။ ရပ်ထားသော ကြမ်းပြင်နေရာသည် ဦးစိုက်ကျွမ်းပြန် ဖြစ်သွားသည်ဟုမှတ်ထင်လိုက်ရသည်။ ဆေးရုံကိုအမြန်ဆုံးလိုက်သွားလိုက်သည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော သားလေးအလောင်းကိုတွေ့လိုက်တော့သူမရင်ထဲဆို့နင့်သွားသည်။ သားလေးအားကြီးစွာသောသနားခြင်း နှင့်အတူလက်လွတ်ဆုံးရှုံးလိုက်ရပြီဟူသော အသိကြောင့် နှလုံးသားသည်တဆက်ဆက်တုန်နေ၏။ ငိုရှိုက်လိုက်သည့်တိုင်ရင်ဝ၌တစ်ဆို့နေသောကြောင့် အသံထွက်မလာတော့။ သားလေးအားသဂြိုလ်ပြီးစီးသည့်နေ့မှာပင် သူမခင်ပွန်းက ပဟေဠိဆန်သော မေးခွန်းတစ်ခုကို မေးလာသည်။

"ချို--ကိုယ်တို့သားလေးဆုံးရတာ ဘာကြောင့်လဲသိလား"
"သိတယ်လေ--ရှင့်ကြောင့်ပေါ့။ ဗလီကိုခေါ်သွားလို့ပေါ့။ ကျွန်မခေါ်မသွားနဲ့အုံးလို့ တားပါလျှက်နဲ့ ဇွတ်အတင်းခေါ်သွားတယ်။ ရှင့်ကြောင့်ကျွန်မသားသေရတာလေ။"

သားလေးအတွက်ခံစားခဲ့ရသော နာကျင်မှုနှင့်ဒေါသတို့ ရောစွက်နေသည်ကြောင့် သူမကြမ်းတမ်းစွာ ပြောဆို ပစ်လိုက်သည်။

"အေးငါလည်းအဓိကတရားခံ ဘယ်သူလည်းဆိုတာသိစေချင်လို့မင်းကိုမေးတာ။
သားလေးမဆုံးခင်နေ့က အပြင်သွားတဲ့ကိစ္စ အိမ်နီးချင်းတွေပြောလို့ငါအားလုံးသိပြီးပြီ။
သားလေးကို မင်းတို့ရွှေတိဂုံဘုရားခေါ်မသွားခဲ့ရင် ငါလည်း ၀တ်ကျောင်းပို့ဖို့ အလောတကြီးစီစဉ်မှာမဟုတ်ဘူး။ သားလေးဆုံးစရာ အကြောင်းမရှိဘူး။ သားလေးဆုံးရခြင်းရဲ့အဓိကတရားခံက..မင်းကွ..။ မင်းသိရဲလား။"
"အို--ရှင်မဆိုင်တဲ့ကိစ္စကိုလာပြီးမစွပ်စွဲပါနဲ့အမေတစ်ယောက်က သူ့သားတစ်ယောက်ကို သူတို့ဘုရား ခေါ်သွားတာ အပြစ်ပြောစရာမဟုတ်ဘူး။ ဒါဘာထူးဆန်းလဲ"
"အေး သူများတွေအတွက် မထူးဆန်းပေမယ့် မင်းအတွက်ထူးဆန်းတယ်ကွ မင်းကိုယ်မင်းပြန်မေးကြည့်စမ်း။ ဘာ--ဘာသာဝင်လဲဆိုတာ၊ မင်းကမွတ်စလင်ဘာသာဝင်ဖြစ်နေပြီလေ"။

သူမရယ်သွမ်းသွေးရင်းပြန်လည်ချေပလိုက်သည်။

"ဟင်း--ဟင်း--ဟင်း၊ ကျွန်မလား ဗုဒ္ဓဘာသာဝင်လေ။ ကျွန်မရွှေတိဂုံဘုရားကြီးဆီမှာ သရဏဂုံဆောက်တည်ပြီး သွားပြီ အခုကျွန်မဗုဒ္ဓဘာသာဝင်ဖြစ်နေပြီလေ"
"ဘာ---ဘာပြောတယ်။ မင်းစော်ကားတယ်ပေါ့။ ငါတို့ဘာသာထဲဝင်ပြီး တခြားဘာသာပြန်ပြောင်းတယ်ပေါ့" "စော်ကားတာမဟုတ်ဘူး။ ကျွန်မရဲ့ကိုယ်ပိုင်အခွင့်အရေးကို ကျွန်မဘာသာ ဖန်တီးယူတာ။ အခုကျွန်မမှာ သားလေးလဲမရှိတော့ဘူး။ ဘာမှငှဲ့ကွက်စရာအကြောင်းမရှိတော့ဘူး။ ဒီတော့ ရှင့်ကိုဆက်ပြီး မပေါင်းနိုင်တော့ဘူး။ ကျွန်မရဲ့အခွင့်အရေးတွေကို ကျွန်မဆက်ပြီးအဆုံးအရှုံးမခံနိုင်တော့ဘူး"
"အေး--ဒါဆိုရင်ကောင်းပြီလေ အိမ်မှာရှိတဲ့ပစ္စည်းကိုတော့မင်းဘာတစ်ခုမှရလိမ့်မယ်မထင်နဲ့ မင်းကြိုက်တဲ့ နေရာသွားနိုင်တယ်"။

သူမအ၀တ်အစားများကို အိမ်ထောင်ကျစဉ်ကယူလာခဲ့သော အိတ်ဖြင့်ထည့်၍ သင်္ဘောဆိပ်သို့ထွက်လာခဲ့ သည်။ သူမအတွက်ရှေ့ဆက်ပြီးလုပ်ရမည့်အလုပ်နှင့်သွားရမည့်နေရာအတွက် ဆုံးဖြတ်ချက်တစ်ခုကိုခိုင်မာ စွာချလိုက်သည်။ ခရီးသည်များနားနေခန်းသို့ဝင်၍ စာတစ်စောင်ရေးလိုက်သည်။

......xxxxxxx...............xxxxxx.............xxxxxx............

""အေးမာ၊မဆွေ၊ခင်မိုး။ ငါစာရေးလိုက်ပါတယ်။ နင်တို့ဒီစာကိုဖက်နေတဲ့ အချိန်မှာ ငါဟာ မချိုအဖြစ်နဲ့မဟုတ်တော့ပဲ လောကီကိုစွန့်ခွာ သွားတဲသီလရှင် တစ်ပါးဖြစ်နေပါပြီ။ ငါလေတို့ငယ်ငယ်ကနုတ်တိုက်ကျက်ခဲ့ဘူးတဲ့သားသမီးကျင့်ဝတ်ငါးပါး
လင်္ကာထဲက "စောင့်လေမျိုးနွယ်"ဆိုတဲ့စာကြောင်းလေးကို မိုက်မဲစွာလျစ်လျူရှုခဲ့မိတယ်။ ဒါကြောင့် ငါဟာ.. ဘာသာလဲဆုံး၊ သားလဲဆုံး၊ ဘ၀လည်းဆုံးခဲ့ရတယ်။ အမျိုးအနွယ်ကိုစောင်ရှောက်ဘို့တာဝန်ပျက်ကွက် သူ၊ ဒို့ရဲ့ချစ်စရာကျေးလက်စရိုက်တွေနဲ့ ဝေးကွာသူလည်းဖြစ်ခဲ့ရတယ်။ နင်တို့နဲ့အတူတခြား ဒို့ရဲ့သူငယ်ချင်း တွေကိုငါ့လို အဖြစ်မျိုးမကြုံရအောင် ငါ့ဘ၀ကိုသင်ခန်းစာယူပြီး အိမ်ထောင်ပြူ မမှားကြပါနဲ့လို့ငါသတိပေး တိုက်တွန်းလိုက်ပါတယ်"။

နင်တို့ရဲ့သူငယ်ချင်း

မချို
...........xxxx..............xxxxx.................xxxxx................xxx....

စာအိတ်ကိုပိတ်၍ ဧရာဝတီသင်္ဘောစာရေးကြီးအား သူမတို့ရွာသို့ပေးဘို့ရန်မှာကြားလိုက်သည်။ ဤစာသည် ဆုံးရှုံးခံဘ၀ဖြင့်ရင်း၍ရခဲ့သောသူမ၏ နောင်တဝေဒနာများအတွက် သူမတက်နိုင်သော အစားထိုးကုသမှုဟု ခံယူလိုက်သည်။

သင်္ဘောများ ဥဒဟိုသွားလာနေသော ရန်ကုန်မြစ်ပြင်ကြီးကို ကျောခိုင်းလိုက်သည်။ သူမရင်ထဲမှာအိမ်ထောင်ရေး နောင်တများ၊ ဘ၀သင်ခန်းစာများ၊ လောကီသံဝေဂများ၊ ပွေ့ပိုက်ထည့်သွင်းလျှက်သူမ၏ ခြေလှမ်းများက သီလရှင်များနေသော ကျောင်းတိုက်ဆီသို့တရွေ့ရွေ့။ တရွေ့ရွေ့။ ။ ။


ကျေးဇူးတင်ပါသည်။

(ဤ၀တ္ထုတိုလေးသည်အဖြစ်ပျက်မှန်တစ်ခုအားအခြေခံပြီး ခံစားရေးဖွဲ့ထားသောဝတ္ထုတိုတပုဒ်ဖြစ်ပါသည်။)
မှတ်ချက်။ ။ ဤဆောင်းပါးသည် ဘာသာရေးအဓိကရုဏ်းကို လုံးဝမရည်ရွယ်ပါ၊ လက်မထပ်သေးခင် မည်သည့်ဘာသာဝင်မဆို ကြိုတင်ပြင်ဆင်ဘို့ရန်သာ ရည်ရွယ်ပါသည်။

အနှစ်ကိုးပါး(အပိုင်း၁၁)


ထေရဝါဒနဲ့ မဟာယာန သီလကွာခြားပုံ
ဘုန်းကြီးတို့ သင်္ကန်းက သူတို့သင်္ကန်းနဲ့မတူဘူး။ သူတို့ သင်္ကန်းကတော့ အင်္ကျီကြီးလိုလို ဂါဝန်ကြီးလိုလို အဲဒါ နီညိုကြီး စွပ်ထားကြတာ။ ဘုန်းကြီးတို့ သင်္ကန်းကတော့ အခန်းနဲ့ အကန့်နဲ့ အဲဒါဘယ်ကမှ စွပ်ချလို့မရဘူး။ အလွန် ချမ်းလွန်းတဲ့အတွက်ကြောင့် ဘုန်းကြီးက နီညိုရောင် သင်္ကန်းကြီးကို ခေါင်းကနေခြုံထားတာ။
နီညိုရောင် နှစ်ထပ်သင်္ကန်းကြီးကို ခေါင်းကနေ ခြုံထားလို့ သူတို့က အဲဒါကြီး ကြည့်ပြီးတော့ ''အင်း . ဒီကိုယ်တော်လဲ တိဘက်ဘုန်းကြီးပဲ''လို့ ထင်ကြတာ။
အဲဒီကတည်းက စပြီးတော့ စိတ်ထဲဖြစ်သွားတယ်။ ''နီညိုရောင်သင်္ကန်းကြီးတွေများ အခြားတိုင်းပြည်သွားလို့ ရှိရင် ဝတ်လို့ မကောင်းဘူးထင်တယ်။ တိဘက်ဘုန်းကြီးလို့ အထင်ခံရတာကိုး''။
ဘုန်းကြီးက ''ငါ မြန်မာပြည်က လာတာ၊ မြန်မာဘုန်းကြီးတွေဟာ အထူးသဖြင့် ထေရဝါဒဘုန်းကြီးတွေဟာ မွန်းတည့် ၁၂-နာရီကျော်ပြီးရင် စားတဲ့ ထုံးစံမရှိပါဘူး''လို့ ပြောလိုက်တော့ ''ဘာကြောင့် မစားသလဲ''တဲ့။
''ငါတို့ ထေရဝါဒဝိနည်းမှာ မွန်းလဲပြီးရင် အစားအစာ မစားရဘူးဆိုတာ ဗုဒ္ဓက စည်းကမ်း ထုတ်ထားတာ''။
ဗုဒ္ဓရှင်တော်မြတ် ညစာစားသလား
''မြန်မာပြည်က ထေရဝါဒရဟန်းတော်တွေရဲ့ စည်းကမ်းက ဒီလိုဒီလိုရှိပါတယ်''လို့ရှင်းပြတော့ ကိုယ်တော် တစ်ပါးက ''အရှင်ဘုရားကို တပည့်တော် တစ်ခုပြောပါ့မယ်၊ ဘုရားကိုယ်တော်မြတ်ဟာ ဒီဗောဓိပင်ရဲ့အရှေ့ဘက်နား နေရဉ္ဇရာမြစ်ကမ်းဘေး ဥရုဝေလတောမှာ ဒုက္ကရစရိယာ ၆-နှစ်ကြာအောင် ကျင့်တော်မူတုန်းက အစာ မစားပဲ အငတ်ခံကျင့်ခဲ့တယ်။ ဒါကြောင့် ဘုရား မဖြစ်ခဲ့ဘူး''တဲ့။
ဗောဓိပင်ရဲ့ အရှေ့ဘက်မှာ နေရဉ္ဇရာမြစ်ရှိနေတယ်။ တစ်မိုင်လောက် ကျယ်တယ်။ သဲတွေ သောင်တွေနဲ့ ရေတော့ဘုန်းကြီးတို့ တစ်စက်မှမတွေ့ခဲ့ဘူး။ သောင်ကြီးကတော့ ဖွေးလို့။
သူက ဆက်ပြောတယ်။ ''ဘုရားလောင်းတော်က အစာငတ်ခံပြီးတော့ (၇) နှစ်ကျင့်ခဲ့တာဟာ ဘုရားဖြစ်သ လား။ မဖြစ်ဘူး။ ဘုရားမဖြစ်တော့မှ သေနာနိဂုံြး<ွကပြီး တော့ ဆွမ်းခံ၊ ဆွမ်းဘုဉ်းပေး။ ဆွမ်းစားပြီးတော့မှ ဒီဗောဓိ ပင်ရင်းမှာ ဆက်ကျင့်လို့ ဘုရားဖြစ်တာ''။ ''အရှင်ဘုရားတို့ ထေရဝါဒရဟန်းတွေ မစားပဲနဲ့ ဒီလိုသာ အငတ်ခံကျင့်ရင် ဘယ်တော့မှ ကိုယ်တော်တို့ ဗောဓိÓဏ်ရမှာ မဟုတ်ဘူး''တဲ့။ အဲဒါ သူတို့ အယူအဆ။ သူုတို့ပြောစကားအရ ဗောဓိဥာဏ်ရချင်ရင် ညစာ စားရမလို ဖြစ်နေတယ်။ အဲဒါ လွဲနေတယ်။ ''အစာငတ်ခံကျင့်တဲ့ ဘုရားလောင်းသည် ဘုရားမှ မဖြစ်ပဲနဲ့၊ စားပြီးကျင့်မှ ဘုရားဖြစ်တာ၊ ဒါကြောင့် အခုလို ပင်ပန်းတဲ့အခါ စားပေးရတယ်''တဲ့။ ဒါနဲ့ ဘုန်းကြီးက ''ကောင်းပြီဘုရား၊ အစာမစား ပဲနဲ့ အငတ်ခံကျင့်တုန်းက ဘုရားမဖြစ်တာ လက်ခံပါတယ်၊ စားပြီးတော့ကျင့်၊ အဲဒီအခါကျတော့မှ ဘုရားဖြစ်တာကိုလဲ လက်ခံပါတယ်၊ ဒါပေမဲ့ ဘုရား ဘယ်အချိန်မှာ စားတယ်ဆို တာကို သုတေသနလုပ်ပါဦး''လို့ ပြောလိုက်တယ်။ ''ဘုရားကိုယ်တော်မြတ် ဗောဓိပင်နားမှာ ဆွမ်းခံစားပြီးတော့ တရားကျင့်တယ်ဆိုတာတော့ ဟုတ်ပါတယ်၊ အဲဒီဆွမ်းဟာ ကိုယ်တော်တို့လို ခုလို ညဥ့်အချိန်အခါမှာ စားတာလား၊ ပြန်ကြည့်ပါဦး''ဆိုတော့ အဲဒီကိုယ်တော်က မပြောတော့ဘူး၊ ငေးနေတယ်။ ဘုန်းကြီးက ပြောလိုက်တယ်။ ''ဘုရားရှင်သည် ညစာ မစားဘူး။ မွန်းတည့်ပြီးရင် လုံးဝ အစာ မစားပါဘူး။ မြတ်ဗုဒ္ဓဟာ စားပြီးမှ ကျင့်တာတော့ မှန်တယ်။ နေမွန်း မတည့်သေးခင်သာ ဘုဉ်းပေးတာ။ ဒါကြောင့် အရှင်ဘုရား တို့ အယူအဆ မှားတယ်''လို့။ အတင်းပေးတော့လဲ ယူခဲ့ရ
အဲဒီတော့ သူက ''အရှင် ဘုရား မစားကောင်းလို့ အခုလို ညစာ မစားချင်လဲ နေပါတော့။ မနက်ခင်းကျတော့ စားရတာပေါ့၊ ယူသွားပါ'' ဆိုပြီး အတင်းပေးတယ်။
''ဟာ . . ခက်တော့တာပဲ။ အတင်းပေးနေတာကို ငြင်းရင်လဲ ဒါဟာ ယဉ်ကျေးမှု သဘောတရားအရ မငြင်းသင့်ဘူး၊ သဒ္ဓါတရားကောင်းကောင်းနဲ့ပေးနေတာ၊ ငြင်းရင် ရိုင်းစိုင်းတဲ့သဘော သက်ရောက်တယ်'' ဆိုတာကို ဘုန်းကြီးက ကြားဖူးထားတော့ ''ဒီပန်းသီးနဲ့ ဒီငှက်ပျောသီး ငါတော့ ယူတော့ ယူမှဖြစ်မယ်၊ မယူရင်လဲ သူတို့က ငါ့ကို ကျေနပ်ကြတော့မှာ မဟုတ်ဘူး။ ယူရင်လဲ ဒီကိုယ်တော် ညစာစားတယ်လို့ ငါ့ကို ထင်တော့မှာ။ ငါဘယ်လို လုပ်ရမလဲ''လို့ စဉ်းစားကြည့်တယ်။
စဉ်းစားပြီးတော့ ''တပည့်တော်မှာ ကပ္ပိယလဲ မပါဘူး၊ ဒါကြောင့် လက်မခံပါရစေနဲ့'' ဆိုတော့ ''အရှင်ဘုရား၊ တပည့်တော်တို့က ပေးရမည့်တာဝန်ရှိလို့ ပေးတာပါ'' ဆိုပြီး လွယ်အိတ်ထဲ သူက ထိုးထည့်လိုက်တယ်။
ဘုန်းကြီးလက်ထဲမှာ လွယ်အိတ်ကလေး ကိုင်ထားတယ်၊ လွယ်အိတ်ကလေးပါတယ်။ အဲဒါနဲ့ ပန်းသီး(၂)လုံး, ငှက်ပျောသီး(၃)လုံး, ဘီစကွတ်မုန့်တွေ လွယ်အိတ်ထဲ အလိုလို ရောက်သွားတယ်။
''ဒါတွေ ငါဘယ်လိုလုပ်ပါ့မလဲ''လို့ စဉ်းစားရင်းနဲ့ ဟိုဟိုဒီဒီကြည့်လိုက်တော့ အနားမှာ (၇)နှစ်သမီး အရွယ် လောက်ရှိတဲ့ ကုလားမလေး ငယ်ငယ်လေး နှစ်ယောက် ကို တွေ့ရတယ်။

(အပိုင်း၁၂)ဆက်ဖော်ပြပါမည်။

04 September 2009

အဆိပ်သင့် ပင်စည် (အပိုင်း-၁)

အဆိပ်သင့် ပင်စည်


ကိုယ်ထင်ရင် ကုတင်ရွှေနန်းလို့စကားပုံကဆိုခဲ့ပါသည်။ အထင်သည်မမြဲခဲ့ပါ။ ပြောင်းလဲခဲ့ရပါပြီ။ ဒီတော့ ကုတင်သည် ရွှေနန်းမဟုတ်ပဲသူမအတွက်အလျှံငြီးငြီးတောက်လောင်နေသော သံနှောင်အိမ်ဖြစ်ခဲ့ရပါလေပြီ။

"ချိုရယ်မင်းရဲ့ အပြစ်ကင်းတဲ့အပြုံးလေးရယ်၊ ၀ါဝင်းတဲ့အသားလေးရယ်ဟာ ကိုယ့်ကိုပထမဆုံးဖမ်းစား လိုက်တာပါပဲ"
ချစ်သူ၏နွေးထွေးသောစကားသံများသည်သူမအတွက်ငြိမ့်ညောင်းသောဂီတသံများဖြစ်ခဲ့ဖူး ပါသည်။
"မချိုရယ် ညည်းအိမ်ထောင်ကျ သိပ်ကံကောင်းတာပဲ" ဘ၀တူမိန်းကလေးများ၏ ချီးကျူးမှုကိုခံရသောအခါ သူမမပွင့်တစ်ပွင့်ပြုံးပြခဲ့ပါသည်။ရင်ထဲမှာတော့ တိတ်တခိုးပီတိလှိုင်းတို့ အလိပ်လိုက်တက်နေခဲ့ပါသည်။မင်္ဂလာဆောင်ပြီး နောက်တစ်နေ့မှာတော့ သူမ၏ပီတိလှိုင်းတို့စတင်ညစ်နွမ်းစပြုခဲ့ရပါပြီ။ " ချိုမင်းကိုယ်တို့ မွတ်စလင်ဘာသာထဲဝင်ရမယ်.။"
"ဟင်..ကိုယ်ကြိုက်တဲ့ဘာသာယူလို့ရတယ်မဟုတ်ဘူးလား" "မရဘူးချိုကိုယ့်ခင်ပွန်းရဲ့ဘာသာကိုဇနီးသည်က လိုက်ယူရတာကိုယ်တို့ မွတ်စလင်ဘာသာရဲ့ထုံးစံပဲ၊ ဒါကြောင့်ချိုမဖြစ်မနေပြောင်းမှဖြစ်မယ်"။
"အကိုပဲလက်ထက်ပြီးရင်ချို့အလိုကျအားလုံးဖြစ်စေရမယ်ဆို" "အေးလေအားလုံးချို့အလိုကျထားတယ်လေ အခုချို့မှာတီဗွီ၊ဗီစီဒီ၊ရေခဲသေတ္တာ၊အဲယ်ကွန်း၊ တယ်လီဖုန်း၊သွားစရာရှိရင်ကား အားလုံးပြည့်စုံနေပြီ။ဒါတွေအားလုံးချို့ကိုချစ်လွန်းလို့
ကိုယ်ပြည့်ပြည့်စုံစုံထားပေးတာလေ"အိမ်ထောင်ရှင်မိန်းမတစ်ယောက်ရဲ့ဘ၀ဟာခေတ်မှီင်္တဲ့ရုပ်ဝတ္ထုပစ္စည်းတွေပြည့်စုံနေရင်လုံလောက်ပြီလို့ ထင်ခဲ့တဲ့သူမရဲ့အသိဟာနောက်ကျခဲ့ရပါပြီ။အရှုံးပေးလက်မြောက်ခြင်းနဲ့ပဲသူမခင်ပွန်းရဲ့အလိုကျဘာသာ ပြောင်းခဲ့ရပါပြီ။
"ဟယ်...အမေလာတယ်၊၀မ်းသာလိုက်တာအမေရယ်သမီးလေအမေ့ကိုအရမ်းအောက်မေ့နေတာ၊ အမေနေကောင်းတယ်-နော်"
"အေး..ကောင်းပါတယ်သမီးရယ်၊.အမေလည်းငါသမီးသားဦးလေးမွေးတယ်ကြားကတည်းကလာချင်နေတာအိမ်မှာလေးချက်ပြုတ်ရေး တာဝန်လက်လွဲလို့မရတာနဲ့တော်တော်နဲ့မလာဖြစ်ဘူး။ဒါနဲ့ငါမြေးကြီးကြည့်စမ်းပါ ရစေအုံး ဟယ်။ငါ့မှာမြေးဦးသင်္ကန်းချီရတော့ မှာဆိုတော့ ၀မ်းသာနေတာ..ဟဲ့။"
အမှတ်မထင်ပြောလိုက်သောမိခင်ဒေါ်ရင်၏စကားသံကြောင့်သူမထိပ်ထိပ်ပြာပြာဖြစ်သွားရသည်။သူမ၏
ခင်ပွန်းကမီးဖိုခန်းမှာထမင်းစားနေခိုက်ဖြစ်၍တော်ပေသေးသည်။ဒေါ်ရင်ကတော့သူမအဖြစ်ကိုမသိရှာပဲ
ကလေးကိုကောက်ယူပွေ့ချီချော့မြူနေပါသည်။

........*................*.........*

အကြားအမြင်ဗဟုသုတနည်း၍ရိုးသားလွန်းသောမိခင်နှင့် မွတ်လင်ဘာသာဝင် ခင်ပွန်းသည်တို့အကြား
ပဋိပက္ခမဖြစ်စေရန် သူမသတိကြီးစွာထား၍ဂရုစိုက်ခဲ့သည့်ကြားမှာပင်ပြဿနာကရိုင်းပြစွာဝင်ရောက်လာခဲ့ ပါသည်။
"ဒီမှာချို မင်းအမေလုပ်ပုံကောင်းသေးရဲ့လား" "ဟင်...အမေဘာလုပ်မိလို့လဲ"
"ဘာလုပ်ရမှာလဲကွ မနက်ကဘုန်းကြီးတစ်ပါးကို ဆွမ်းထွက်လောင်းတာငါကိုယ်တိုင်မြင်လိုက်လို့ပေါ့"
"သြော်-အစ်ကိုရယ်ရွာမှာလဲအမေကနေ့တိုင်းဒီလိုဆွမ်းလောင်းနေကျလေ။ဒီမှာလည်းထမင်းဟင်းအဆင်
သင့်ကျက်ပြီးသားဖြစ်နေတာနဲ့လောင်းလိုက်တာနေမှာပါ"
"မလိုချင်ဘူးကွာ-သူအိမ်မှာသူဘာလုပ်လုပ် ငါ့အိမ်မှာငါမကြိုက်တာမလုပ်ရဘူး။ ဒီကိစ္စမင်းပြောရင်ပြော
မင်းမပြောရင်ငါပြောရလိမ့်မယ်။"
"အို-အကိုပြောစရာမလိုပါဘူး၊ချို့ဘာသာ အဆင်ပြေအောင်ကြည့်ပြောပါ့မယ်။" မိခင်အားရန်လိုထိပါးလာမည့် ကိစအတွက်သူမကြမ်းတမ်းစွာ တုန့်ပြန်လိုက်ချင်ပါသည်။သို့သော်ပြဿနာက ပိုကြီးထွားလာနိုင်သည့်အတွက် နာကျင်မှုတို့ရောစွက်နေသောဒေါသကိုအသာမျိုသိပ်ထားလိုက်ရသည်။ သူ့မိခင်ပြန်သောနေ့တွင်မော်တင် သင်္ဘောဆိပ်သို့သူမကိုယ်တိုင်လိုက်ပို့ဖြစ်သည်။ ကားပေါ်ကအဆင်းမှာပင် ယခင်ကသူမနှင့်အတူဈေးရောင်းခဲ့သော ရွာသူအိမ်နီးချင်းမိန်းကလေးများနှင့်ဆုံဖြစ်သည်။
"ဟယ်-မချိုဝလာလိုက်တာဟယ်၊သူဌေးမရုပ်တကယ်ကျတယ်သိလား၊နင်ငါတို့ကိုသတိရသေးရဲ့လား-ဟင်။
ငါ့မှာတော့နင့်ကိုနေ့တိုင်းသတိရနေတာ။"
"အေးမာရယ်-ငါလည်းနင်တို့ကိုသတိရပါတယ်၊ငါမှာအပြင်လဲကောင်းကောင်းထွက်ခွင့်မရ၊သားလေးကလည်း
ရှိနေတော့အိမ်ထဲမှာပဲအောင်းနေရတယ်။"
"သြော်ဒါနဲ့မချို-ဒီနှစ်ရွာဦးကျောင်းကထိန်မှာဆိုင်းပါတယ်သိလား၊တန်ဆောင်တိုင်မီးပန်းတောင်းလှည့်ပွဲကလဲ အရင်နှစ်တွေထက်ပိုစည်မှာရန်ကုန်ကဦးကျော်မြင့်တို့က-ကထိန်မှာငွေမတည်ပြီးမီးပန်းတောင်းပွဲကိုအထူး စပါယ်ရှယ်လုပ်ပေးမှာတဲ့။အဲဒါ-နင်လာခဲ့ပါ့လားဟယ်။"
"အေးဟယ်ငါလာချင်လိုက်တာ နင်တို့ပြောမှ ငါရွာကိုပိုပြီးတောင်သတိရလာတယ်။"
ပြောသာပြောရသည်သူမဘ၀သည်ရွာကစည်ကားလှသောအလှူပွဲ၊ကထိန်ပွဲများနှင့်အဆက်ပြတ်ခဲ့ရပြီဖြစ်သည်။ "မည့်သည့်ပွဲတော်ကိုမျှမသွားရဟု" တချက်လွတ်အမိန့်ထုတ်ခံခဲ့ရပြီးဖြစ်သည်။ကိုယ့်ဝမ်းနာကိုယ်
သာသိမို့သူငယ်ချင်းများကိုရွာအကြောင်းမပြောဖြစ်အောင်စကားလမ်းကြောင်းပြောင်းလိုက်ရသည်။
မိမိ၏ကျဉ်းကျပ်သောဘ၀နှင့်ရွာကိုလွမ်းဆွတ်သောရင်တွင်းဝေဒနာတို့ကိုသူငယ်ချင်းများမရိပ်မိစေရန်အပြုံး
တုဖြင့်ဖုံးထားရင်းစကားပြောနေရသည်။
အပြန်လမ်းတစ်လျှောက်တွင်ကားပေါ်လိုက်ပါရင်းရွာကပွဲတော်တွေအကြောင်းသူမတွေးနေမိသည်။ သူမ၏
အပျိုစင်ဘ၀အပျော်ဆုံးအချိန်များသည် ရွာမှပွဲတော်ရက်များပင်ဖြစ်ခဲ့ရသည်။ အလှူပွဲ၊ဘုရားပွဲ၊ရှိပြီဆိုလျှင်
တဒေါက်ဒေါက်ဓါးချက်သံလေးများဖြင့် စည်းချက်ညီညာသောကြက်သွန်လှီးပွဲမှာသူမပါဝင်စမြဲ။ ကွမ်းတောင်ပန်းတောင်ကိုင် အဖွဲ့နှင့်အမျိုးသမီးဝေယျာဝစ္စအဖွဲ့များတွင် သူမသည်အရေးပါသူတစ်ယောက်။ ၀ါတွင်းဥပုသ်နေ့များနှင့် သင်္ကြန်ရက်များတွင်ဥပုသ်သည်များအား ကျွေးမွေးရန်မုန့်လုံးရေပေါ်လုပ်ရသည်မှာလဲ ပျော်စရာကောင်းလှသည်။ ရွာမှာကျန်ရစ်ခဲ့သောသူငယ်ချင်းများမှာ ပျော်ရွှင်စရာဤပွဲတော်ရက်များကိုဆက်လက်ဆင်နွဲကျပေဦးတော့မည်။ သူမမှာတော့ပွဲတော်ရက်များရောက်တိုင်းလွမ်းမောခြင်းနဲ့သာအချိန်ကုန်နေရပြီဖြစ်သည်။
ကြိုတင်တွေးမထားမိသောဆုံးရှုံးမှုများကိုသူမဆက်ပြီးမစဉ်းစားချင်တော့။ မျက်လုံးအစုံကိုပိတ်၍အတွေးကိုရပ်
ရန်ကြိုးစားလိုက်သည့်တိုင်မျက်ရည်စီးကြောင်းတို့က ပါးပြင်ပေါ်သို့လိမ့်ဆင်းလာသည်။

*................*...........xxxxxxx........*......................*

ဤခုနှစ်ဆူကုန်သော......မြတ်စွာဘုရားကိုယ်တော်အပေါင်းတို့သည်...ဤမင်္ဂလာမဏ္ဍပ်.....ကျောင်းတော်
အမှတ်ဖြင့်သာလျှင်...ရွှေဖ၀ါးရတနာ...စကြာရွှေဖ၀ါး....ဖြန့်ငြား........ဖြန့်ငြားပါစေသော်။

သူမတို့နေရာနှင့်မလှမ်းမကမ်းတွင်ရှိသော မဟာသိမ်တော်ကြီးကျောင်းတိုက်မှလွင့်ပျံလာသောအသံချဲ့စက်
အသံ။ဤသီချင်းသံသည်ရွာမှာအလှူဘုရားပွဲရှိတိုင်းဖွင့်နေကျသီးချင်းသံဖြစ်သည်။အခုမှပို၍တမ်းတစွာ
နားထောင်ဖြစ်သည်။ရွာကိုပို၍သတိရမိသည်။
သူမတို့အရပ်တွင်အလှူအစနေ့တွင် အသံချဲ့စက်ရောက်သည်နှင့်တပြိုင်နက်သီချင်းသံကိုစတင်ကြားရသည်။
ထိုအချိန်တွင်သူမတို့အမျိုးသမီးအုပ်စုက ကြက်သွန်လှီး၊ ကြက်သွန်ခွာဖြင့်အလုပ်ရှုပ်ကျမည်။ ဦးညွန့်တို့
ဦးအောင်လံတို့၊ ဦးကြီးများကအကျီဗလာကျင်း၍ ပုဆိုးခေါင်းပေါင်းဖြင့်လာရောက်ထမင်းချက်ကြမည်။ ကလေးတသိုက်က ဆူညံစွာပြေးလွှားဆော့ကစား၍အချို့ကအသံချဲ့စက်နားတွင်ဝိုင်းအုံနေကြမည်။ ညနေပိုင်းတွင် အလှူအိမ်ကကျွေးမွေးသော သီးစုံချဉ်ရေဟင်း၊ ငံပြာရည်ချက်၊ တို့စရာတို့ဖြင့်ကလေးလူကြီးအားလုံး ပျော်ပျော်ပါးပါးစားသောက်ကျတော့မည်။

ဤသီချင်းနှင့်စိတ်ကူးထဲကရွာအလှူပွဲ၏ ပုံရိပ်မြင်ကွင်းအစုံသည် သူမနှလုံးသားထဲအသွေးအသားထဲအထိ
ရုန်းကြွလှုပ်ရှားဆူဝေလာစေ၏။ ရင်တလှပ်လှပ်တုန်လာသည်အထိ ရွာကိုအောင်းမေ့မိ၏။ အိမ်အပြင်ထွက်၍
အသံချဲ့စက်အသံကြားရာသို့ သူမထွက်ကြည့်လိုက်သည်။ ယောဂီလုံချည်များဝတ်လျှက်သာသနာတော်အကျိုးအတွက် ငွေဖလား ကိုယ်စီကိုင်ကာအလှူခံနေသူများ၊တက်စွမ်းသရွေ့ထည့်ဝင်လှူဒါန်းသွားကျသူများ၊ ကျောင်းတော်ကြီးအတွင်း ၀င်၍ဘုရားဝတ်ပြုနေသူများ၊ကျက်သရေရှိလှသောမြင်ကွင်းအစုံကို သူမလွမ်းမောစွာငေးကြည့်နေမိသည်။

ဖြစ်လိုရာဖြစ်စေတော့ပိုက်ဆံအိတ်ထဲမှငွေသုံးထောင်ကျပ်ကိုထုတ်ယူ၍ခပ်သုတ်သုတ်သွားလှူလိုက်သည်။
ဘ၀တသက်တာအတွင်းမှာအရသာအရှိဆုံးအလှူဟုသူမဘာသာမှတ်ချက်ပြုရင်းကြည်နူးလိုက်သည်ဖြစ်ခြင်း။

အပိုင်း (၂) မျှော်

(ဤ၀တ္ထုတိုလေးသည်အဖြစ်ပျက်မှန်တစ်ခုအားအခြေခံပြီး ခံစားရေးဖွဲ့ထားသောဝတ္ထုတိုတပုဒ်ဖြစ်ပါသည်။)
မှတ်ချက်။ ။ အင်တာနက်မှရှာဖွေ၍ ဝေငှပါသည်။

03 September 2009

အနှစ်ကိုးပါး(အပိုင်း၁၀)



ယိမ်းထွက်နေတာလိုပဲ

ဘုန်းကြီးကတော့ အဲဒါတွေ အကုန်လုံးလျှောက် ကြည့်နေတယ်။ ဘေးကကြည့်ရင်တော့ ဒီကိုယ်တော်ကတော့ သမာဓိမရှိဘူးလို့ ထင်ရမယ်။ သမာဓိလဲ မရပါဘူး။ သမာဓိ မရဘူးဆိုတာ သေချာတယ်။ သူတို့လုပ်တာပဲ ကြည့်နေရတာကိုး။ အချိန်က ည ၈-နာရီလောက် ဖြစ်သွားပြီ။ ကြည့်ပြီးတော့ ထိုင်နေတယ်။
နောက် တော်တော်ကြာတော့ ဘာလုပ်ပြန်တုန်းဆိုရင် အလယ်ကကိုယ်တော်ကြီးက ဂလိုင်လေးကို တိုးတိုး တိုးတိုးနဲ့လှုပ်ပြန်တော့ ''ဒါဟာ တရားဖြုတ်တဲ့သဘောရှိတယ်၊ တရားထိုင်တဲ့ အလုပ်ကို ရပ်ခိုင်းတဲ့သဘောရှိတယ်'' လို့ ဘုန်းကြီး တွေးမိတယ်။ ဂလိုင်လေးကို ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ မျှဉ်းပြီးတော့ လှုပ်ပေးလိုက်တယ်။
ဖြည်းဖြည်းဖြည်းဖြည်း မျှဉ်းပြီးတော့ လှုပ်ပေးလိုက်တဲ့အချိန်မှာ ပရိသတ်အကုန်လုံးဟာ အသံလေးကို တိုးတိုးတိုးတိုးနဲ့ သူတို့ရွက်ကြပြန်ရော။
အသံလေး တိုးတိုးတိုးတိုးနဲ့ သူတို့ ရွတ်ပြီးတော့မှ အသံဟာ တဖြည်းဖြည်း မြင့်မြင့်မြင့်မြင့်ပြီးတော့ တက်လာ နောက်ဆုံးကျမှ အသံရပ်သွားတယ်။ အသံလဲ ရပ်သွားရော လက်ဝဲဘက် အစွန်မှာနေတဲ့ နှဲအရှည်ကြီး ကိုင်ထားတဲ့ ကိုယ်တော်က စပြီး နှဲကြီးကို ''တော်''ဆိုပြီးတော့ မှုတ်လိုက် တော့တာကိုး။
နှဲသံကြီးကို ''တော်''ဆိုပြီး တအား မှုတ်လဲချလိုက်ရော ဘေးနားက နှဲအသေး နှစ်လက် ကိုင်ထားတဲ့ ကိုယ် တော်နှစ်ပါးရယ်, ဟိုဘက်က ဘင်ကြီးကိုင်ထားတဲ့ ကိုယ်တော်ရယ် အကုန်လုံး တပြိုင်နက်ထပြီးတော့ နှဲမှုတ်တဲ့ ကိုယ်တော်က မှုတ်၊ စည်းလိုက်တဲ့ ကိုယ်တော်ကလိုက်၊ ဘင်ကြီး ကိုင်ထားတဲ့ ကိုယ်တော်ကလဲ ဒိန်းဒိန်းဒိန်းဒိန်းနဲ့ ဘင်ကြီးထုဆိုတော့ ယိမ်းထွက်နေတာနဲ့ တူလိုက်တာ။
နှဲမှုတ်တာကလဲ ဘုန်းကြီးကိုယ်တိုင်က မှုတ်တာ။ လူတွေမှုတ်တာ မဟုတ်ဘူး။ တိဘက်ဘုန်းကြီးတွေက နှဲ မှုတ်။ ဘေးနားကနေပြီးတော့ တဒိန်းဒိန်းနဲ့ ဘင်ကြီးထု။မှုတ်လို့ ထုလို့ ခတ်လို့ တီးလို့ တော်တော်လေး အရှိန်ရ ကျေနပ်ပြီဆိုတော့ မန္တာန်တွေ ရွက်လိုက်ကြပြန်ရော။ ဘုရား ရှိခိုးကြပြန်ရော။ ပြီးတော့ တရားထိုင်လိုက် ကြပြန် ရော။
သူတို့ ဘုရားရှိခိုးကြပုံ
သုံးကြိမ်သုံးခါ အဲဒီလို ပြီးသွားပြီးဆိုတော့ အချိန် က ၉-နာရီ-၄၅-မိနစ်လောက် ဖြစ်သွားတယ်။ ၉-နာရီ ၄၅-မိနစ်လောက် ဖြစ်သွားတော့မှ အဲဒီလုပ်ငန်းတွေ အကုန်ရပ်ပြီး၊ အားလုံး မတ်တတ်ထပြီးတော့ သူတို့ ဘုရား ရှိခိုးကြတယ်။
မတ်တတ်ရပ်ပြီးတော့ ဘယ့်နှယ်ရှိခိုးသလဲဆိုရင် လက်တွေအကုန်လုံးကို တပြိုင်နက် လက်အုပ်ချီပြီးတော့ ကောင်းကင်မြှောက်လိုက်ကြတယ်။ လက်တွေ အကုန်စုပြီး လက်အုပ်ချီ၊ ကောင်းကင်မြှောက်၊ ခေါင်းပေါ်မှာ လက်ကလေးတွေ စီပြီးတော့ မြှောက်ထားတယ်။
လက်နှစ်ဘက် လက်အုပ်ချီ ကောင်းကင်မြှောက် ခေါင်းပေါ် ရောက်သွားပြီးတော့မှ ထိုင်နေတဲ့ ကိုယ်တော် ကြီး(ဆရာကြီး)က တစ်ချက် အော်ပေးလိုက်တယ်။ ဘာအော်ပေးလိုက်တယ်တော့ မသိဘူး။ ခေါင်းပေါ် မြှောက်ထားတဲ့ လက်တွေကို တပြိုင်နက် နဖူးအထိ ချလိုက်တယ်။ လက်အုပ်ချီပြီးသား မတ်တတ်။
နောက် တစ်ချက်အော်ပေးလိုက်တော့ နဖူးက လက်တွေ မေးစေ့အောက်သို့ တစ်ဆင့် ချလိုက်ကြတယ်။ မေးစေ့အောက်ကနေ နောက်တစ်ခါ အော်လိုက်ပြန်တော့ ရင်ဘက်သို့ တစ်ဆင့်ချလိုက်ကြတယ်။
နဖူး၊ မေးစေ၊့ ရင်ဘတ်၊ သုံးဆင့်။ ရင်ဘတ်သို့ လက်ကိုရောက်အောင် ချပြီးပြီဆိုတော့မှ နောက်တစ်ချက် အော်လိုက်တဲ့ အခါမှာတော့ ဗြုန်းကနဲဆို အကုန်လုံး အဲဒီ လူအုပ်ကြီး တစ်ခုလုံးဟာ လက်တွေကိုရှေ့တိုးပြီးတော့ ဗောဓိပင်ဘက်ကို ဦးတည်ပြီးတော့ အကုန်လုံး ဝမ်းလျား မှောက်ကြတယ်။
အကုန်လုံး ဗြုန်းကနဲဆို ဝမ်လျားမှောက် လိုက်ကြတယ်။ ဘုန်းကြီးက ရုတ်တရက်တော့ လန့်သွားတယ်။ ''ဒီလူ တွေ မေ့လဲကုန်ပြီလား၊ ဘာဖြစ်တာလဲ၊ တစ္ဆေဖမ်းသလား'' လို့ တွေးမိတယ်။
ဝမ်းလျားမှောက်ချလိုက်ပြီးတော့မှ တစ်ယောက်မှ ခေါင်းမဖော်ကြဘူး။ လက်အုပ်ချီထားတဲ့ လက်ကလေးတွေ ကို ရှေ့တိုးပြီးတော့ မှောက်ခုံလေးတွေနေကြတယ်။ မှောက်ခုံလေးတွေနေကြတော့ ဆရာကြီးလုပ်သူက နည်းနည်းကလေး တိုင်ပေး၊ မှောက်လျက်က လိုက်ဆိုကြတယ်။ ပြီးတော့ တစ်ခါပြန်ထ။
ထလိုက် ဝမ်းလျားမှောက်လိုက်၊ မတ်တတ် ထ လိုက်၊ ဝမ်းလျားမှောက်လိုက် အဲဒီလို သုံးကြိမ်တိုင်တိုင် ဦးချပြီးတော့မှ အကုန်လုံး ထိုင်ပြီး အပန်းဖြေကြတယ်။ပေနေတဲ့ ဖုန်လေးတွေ ဘာလေးတွေ သုတ်ပြီးတော့ ထိုင်ကြ တယ်။
သူတို့က တရားအားထုတ်လိုက်၊ နှဲကလေး မှုတ်လိုက်ဆိုတော့ သမာဓိ ဘယ်လိုလုပ်ဖြစ်မှာလဲ။ သူတို့ မစဉ်း စားကြဘူး။ ကိုယ့်ဟာကိုယ် အဟုတ်ထင်နေကြတယ်။
တရားသိမ်း အပန်းဖြေနည်း
ပြီးတော့မှ အငယ်ကိုယ်တော် သုံးပါးလေးပါးက ထပြီးတော့ ရှေ့နားက တောင်းကြီးတွေ ဆွဲဖွင့်၊ အဝတ်ဖြူ ကြီးတွေနဲ့အုပ်ထားတာ။ ဆွဲဖွင့်လိုက်တော့မှ အထဲကထွက် လာတဲ့ ပန်းသီးတို့ ငှက်ပျောသီးတို့ ဘီစကွတ်မုန့်တို့ နို့ဆီဗူး တို့ အကုန်ထွက်လာကြတယ်။
ပန်းကန်ပြားတွေ ဆွဲထုတ်ပြီးတော့ အဲဒါတွေ ထည့်။ ပန်းသီးတို့ ငှက်ပျောသီးတို့ ဘီစကွတ်တို့ ချိုချဉ်ခဲတို့ အကုန်ထည့်ပြီးတော့မှ ခုနက တရားအားထုတ်တဲ့ ကိုယ် တော်တွေ အဲဒီမှာ ဝေပြီတော့ စားကြတာ။
တရားအားထုတ်လို့အပြီး ဗောဓိပင်အောက်မှာ သူတို့အကုန်စားကြတာ။ ဘုန်းကြီးရော သီလရှင်ရော အကုန်ပဲ အဲဒီမှာ စားကြတာ။
ဘုန်းကြီးက ''ဒါဟာ ဆွမ်းတော်ကြီး တင်တာနဲ့ တူပါတယ်''လို့ထင်တာ။ မဟုတ်ဘူး။ မြန်မာပြည် ဆွမ်းတော်ကြီး တင်တဲ့နည်းလို့ ဘုန်းကြီးက အောက်မေ့မိတာ။ ဘုရားရှေ့ တောင်းကြီးတွေချထားတော့ ''သြော် စားစရာတွေ ဆွမ်းတော်ကြီးတင်တာ ဖြစ်မှာပဲပေါ့''။
မြန်မာပြည်ကတော့ ဆွမ်းတော်ကြီးတင်တာ ညကတည်းက တင်တာကိုး။ ဘဲကင်ရော၊ ကြက်ကင်ရော၊ ဝက်အူ ချောင်းရော ဘုရားရှေ့ ညကတည်းက တိုးလို့တွဲလောင်း၊ အကုန်ချိတ်ထားတယ်။ ဘဲကင်ကြီးတွေကြည့်လိုက်ရင် ခြေ ထောက်တွေထောင်လို့။
အဲဒီလိုလုပ်ကြတော့ မြန်မာပြည်က ဆွမ်းတော်ကြီး တင်နည်းကတော့ ဟောဒီ ရောက်နေပြီထင် တယ်လို့ အောက်မေ့တာ။ မဟုတ်ဘူး။ ဘုရားတင်တာ မဟုတ်ဘူး။ တရားအားထုတ်လို့အပြီးမှာ အဲဒီဟာတွေကို ဘုန်းကြီးတွေ အကုန်ထိုင်စားကြတာ။
ညစာစားပွဲ ကျင်းပသလိုဖြစ်နေ
အဲဒီအချိန်ကျတော့ ''မဖြစ်ဘူး၊ ငါထ တော့မှပဲ'' ဆိုပြီးတော့ ဘုန်းကြီး ထတယ်။ အဲဒီလိုထတော့ သြစတြေး ရီးယား ကိုယ်တော်တစ်ပါးက လက်ဆွဲပြီးတော့ အထိုင်ခိုင်း တယ်။ ''ပြန်ထိုင်ပါ''တဲ့။ ''ဘာလို့ထိုင် ရမှာလဲ''လို့ ပြောနေ တုန်း ရှိသေးတယ်။ ကိုယ်တော်တစ်ပါးက ပန်းကန်ပြား တချပ်ကိုင်ပြီး ယူလာတယ်။
အဲဒီပန်းကန်ပြားထဲမှာ ပန်းသီး(၂)လုံးပါတယ်။ ငှက်ပျောသီးက (၃)လုံးပါတယ်။ ဘီစကွတ်မုန့်ကလဲ (၅)ခု လောက်ပါတယ်။ ချိုချဉ်ခဲလေးက (၇)ခဲပါတယ်။ အဲဒါလေး ဘုန်းကြီးကို လာပေးတယ်။ ''ဘုဉ်းပေးပါ''တဲ့။ သူတို့နဲ့ အတူတူ မိတ်ဖြစ်ဆွေဖြစ်ပေါ့တဲ့။ ညစာစားပွဲကျနေတာပဲ။
ဘုန်းကြီးက ပြောလိုက်ပါတယ်။ ''ငါတို့ ထေရဝါဒ ရဟန်းတော်များဟာ နေမွန်းတည့်ပြီးလို့ နေ့ ၁၂-နာရီ ကျော်ပြီးလို့ရှိရင် နောက်တစ်ရက် နေရောင်ကို မမြင်ရ မချင်း ငါတို့ ဒီလိုအစားအစာများကို စားတဲ့ ထုံးစံ မရှိပါ ဘူး''လို့။
အဲဒီတော့မှ မေးတယ်။ ''ဟာ .အရှင်ဘုရားတို့ ဘယ်တိုင်းပြည်ကလဲ''တဲ့။
ဘုန်းကြီးကို သူတို့က တိဘက် ဘုန်းကြီးပဲ အောက် မေ့နေကြတာ။ ''ငါ မြန်မာပြည်က'' ။ အဲဒီတော့မှ သူတို့က ဘုန်းကြီးကို ခြေဆုံးခေါင်းဆုံး အသေအချာ ကြည့်ကြတယ်။

အပိုင်း (၁၁)မျှော်)

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes