ဗောဓိဥာဏ်ရအောင် တရားထိုင်တာပါတဲ့
အမျိုးသမီးတစ်ယောက်ကို ချဉ်းကပ်ပြီးတော့ ဘုန်းကြီးက မေးကြည့်တယ်။ တိဘက် အမျိုးသမီးတော့ မဟုတ်ပါဘူး။ သြစတြေးရီးယား အမျိုးသမီးတစ်ယောက် ဗောဓိပင်နား ထိုင်နေတာ။ သူ့ကို မေးကြည့်တယ်။
''မင်း အဲဒါ ဘာလုပ်နေတာလဲ''လို့ မေးတော့ ''ဒါလေးတွေနဲ့ ပွတ်တာ တခြားမဟုတ်ပါဘူး။ တရားထိုင်လို့ ရှိရင် တပည့်တော်တို့က ဗောဓိဓာတ်ရအောင် တရားထိုင်ကြတာ၊ ဗောဓိÓဏ်ရအောင် တရားထိုင်တာဆိုတော့ ဟောဒီ ကြေးပြားလေးရဲ့ မျက်နှာပြင်မှာ တရားထိုင်ရင်း ထိုင်ရင်းနဲ့ ဗောဓိဥာဏ်ကို ရမယ်ဆိုတဲ့ ပုဂ္ဂိုလ် တစ်စုံတစ်ယောက်အတွက် တစုံတခုသော အမှတ်အသားဟာ ဒီမှာ လာပြီးတော့ ထင်တယ်''တဲ့ သူက။
ဗောဓိညောင်ရွက် သဏ္ဌာန်ကလေး ထင်ချင်ထင်မယ်။ ပဒုမ္မာကြာဖူးလေး သဏ္ဌာန်လာပြီးတော့ ထင်ချင် ထင်မယ်။ ကြာပွင့်သဏ္ဌာန်လာပြီးတော့ ထင်ချင် ထင်မယ်။ အဲဒီလို တစုံတခုထင်လို့ရှိရင် သူတို့မှာ ထူးခြားတဲ့ တရားရပြီလို့ ဆရာများက ဒီလို ပြောထားပါတယ်တဲ့။
အဲဒါကြောင့်မို့လို့ တရားထိုင်ပြီး ဇွဲကောင်းကောင်းနဲ့ မကြာမကြာ ကြေးခွက်ထဲကနေ ကျောက်ခဲကလေးတွေ၊ ရွေးစေ့ကလေးတွေ၊ ဂျုံစေ့ကလေးတွေ ထုတ်ထုတ်ပြီးတော့ ဒီကြေးပြားလေးကို ပွတ်ပွတ်ပေးရတာဟာ ခုနက အမှတ် လက္ခဏာပေါ်မလားလို့ ပွတ်ပြီးတော့ကြည့်တာတဲ့။ သူတို့က ဒီလိုပြောတယ်။
ဒီတော့ ဘုန်းကြီးက စဉ်းစားတယ်။ ဒီနည်းလဲ တော်တော်တော့ကောင်းသားပဲလို့။ ဘာဖြစ်လို့ ကောင်းသလဲ။ တရားထိုင်တဲ့နေရာမှာ ဇွဲကောင်းတယ်။ ဆရာက လှည့်စား ပေးထားတာလား၊ တကယ့်အယူအဆလားတော့ မပြောတတ်ဘူး။ တကယ့်အယူအဆ ဖြစ်ကောင်းပါရဲ့။ ဆရာ လှည့်တာတော့ ဟုတ်မယ်မထင်ပါဘူး။
ဒီကြေးပြားလေးရဲ့ မျက်နှာပြင်ထက်မှာ ခုနက ကျောက်ခဲလေးနဲ့ ပွတ်တိုက်လို့ ဗောဓိညောင်ရွက်ကလေး ပေါ်လာတယ်ဆိုရင် ဧကန်ပဲ ဒီပုဂ္ဂိုလ်ဟာ ဗောဓိဥာဏ် မကြာခင် ရမယ်။ ကြာဖူးလေးဆိုရင်တော့ ဗောဓိဥာဏ်ရဖို့ ဝေးသေးတယ်။ ကြာပွင့်ဆိုယင်တော့ ''မင်းဟာ ဗောဓိဥာဏ် ရပြီ''တဲ့၊ ပွင့်လာပြီကိုး။
အဲဒီလို အထိမ်းအမှတ်တွေနဲ့ သူတို့က ထိုင်ကြတာ ဆိုပါလား။ ဒီတော့သမာဓိစခန်း ကြိုးပမ်းတယ်ဆိုပေမဲ့ ''ပြည့်စုံသော သမာဓိ'' မဟုတ်ဘူး။
သီလစခန်း ကြိုးပမ်းတယ်ဆိုပေမယ့် ''ပြည့်စုံတဲ့ သီလ'' မရှိဘူး။ ပညာစခန်း ကြိုးပမ်းတယ်ဆိုပေမဲ့ တကယ့် ပညာဥာဏ် မဟုတ်ကြဘူး။
ရတနာဃရ ရွှေအိမ်သို့ ရောက်ခဲ့ပါသည်
ပြောလက်စနဲ့ ပြောပါဦးမယ်။ အဲဒီဗောဓိပင်ကြီး ရဲ့ အနောက်မြောက်ယွန်းယွန်းမှာ ''ရတနာဃရ ရွှေအိမ်'' ဆိုတာ ရှိတယ်။ ဘုရားကိုယ်တော်မြတ် ဘုရား ဖြစ်တော် မူပြီးတော့ လေးကြိမ်မြောက် သတ္တာဟအဖြစ် ရတနာဃရ ရွှေအိမ်မှာ စံတော်မူပါတယ်။
လေးကြိမ်မြောက် သတ္တာဟ ရတနာဃရ ရွှေအိမ် မှာ စံနေတော်မူပြီးတော့ ဘာဆင်ခြင် သုံးသပ်ပါသလဲ ဆိုရင် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း၊ အဘိဓမ္မာ ၇-ကျမ်းကို ဆင်ခြင် သုံးသပ်တော်မူခဲ့တယ်။
ရှေ့ပိုင်း အဘိဓမ္မာ ၆-ကျမ်း ဆင်ခြင်တော်မူစဉ် ဘုရားရှင် ကိုယ်တော်မြတ်မှာ ရောင်ခြည်တော်ဓာတ်တွေ ပေါ်မလာဘူး။ ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလ ပညတ်၊ ကထာဝတ္ထု၊ ယမိုက်ရယ်လို့ အဘိဓမ္မာ ၆-ကျမ်း စီးဖြန်း သုံးသပ်တော်မူစဉ် ဘုရားရှင်ကိုယ်တော်မြတ် မှာ ရောင်ခြည် တော်ဓာတ်တွေပေါ်မလာသေးဘူးတဲ့။
''ဟေတု ပစ္စယော''အစရှိသည်ဖြင့် ပဋ္ဌာန်း ဒေသနာကို စီးဖြန်းဆင်ခြင်တော်မူမှသာလျှင် ဘုရားရှင် ကိုယ် တော်မြတ်ရဲ့ ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ်တို့သည် စကြာဝဠာအနှံ့ ပျံ့နှံ့ကွန့်မြူးတော်မူခဲ့ပါတယ်။
ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ် ရတနာဃရစံအိမ်မှာ နေတော်မူစဉ် ရောင်ခြည်တော်ခြောက်ပါး ကွန့် မြူးတော်မူခဲ့တာဟာ ပဋ္ဌာန်းဒေသနာ ဆင်ခြင်လို့။
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ် ဟောဒီ ရတနာဃရစံအိမ်မှာ ၇-ရက်လုံးလုံး သီတင်းသုံးတော်မူတုန်းက ပဋ္ဌာန်းဒေသနာတော်တွေကို ရောင်ခြည်တော် ကွန့်မြူးတော်မူသည်အထိ ဆင်ခြင်သုံးသပ်တော်မူခဲ့တယ်။
ဗုဒ္ဓါနုဿတိဘာဝနာကမ္မဋ္ဌာန်းကလဲ ဟောဒီမှာ စီးဖြန်းဦးမယ်ဆိုပြီးတော့ ရတနာဃရရွှေအိမ် နေရာကို ရှာပြီး ဘုန်းကြီးက ''ငါပဋ္ဌာန်းရွတ်မယ်''ဆိုပြီးတော့ သွားတာ။ ရတနာဃရ ရွှေအိမ်ကို တွေ့တဲ့အခါကျတော့ ကင်မရာအသေးလေး လွယ်အိတ်ထဲက ထုတ်ပြီးတော့ အဲဒါ ဓာတ်ပုံရိုက်တယ်။
ဝင်တဲ့အပေါက်ကို လိုက်ရှာပြန်တော့ တွေ့တယ်။ မြောက်ဘက်မှာ အပေါက်ရှိတယ်။ ၁၂-တောင် ပတ်လည် လောက်ရှိတဲ့ အုတ်တိုက်ကလေး၊ အမိုးမရှိပါဘူး။
မြန်မာပြည်မှာသာ ဆိုရင်တော့ ဒီလိုနေရာမျိုးဟာ ရွှေတဝင်းဝင်း ဖြစ်နေမှာပဲ။ အခုတော့ အုတ်တိုက်ကလေး ဟာ အမိုးလဲ မရှိဘူး။ မြောက်ဘက်လှည့်ထားတဲ့ တံခါး ပေါက်ကနေ ဝင်မယ်လို့ ကြည့်လိုက်တော့ သင်္ကန်း တစ်ထည်က တံခါးကို တခါတည်း ပိတ်ထားတယ်။
တိဘက်ဘုန်းတော်ကြီးတပါးနဲ့ တွေ့ရပြန်တယ်
ဝင်တဲ့တခါးပေါက်မှာ သင်္ကန်းကြီးနဲ့ ပိတ်ထားတာ တွေ့ရတော့ ''အင်း အထဲမှာ တစုံတယောက်တော့ ရှိတယ်နဲ့ တူတယ်''လို့တွေးပြီး အဲဒီသင်္ကန်းစကို အသာဆွဲလှန်ပြီး အထဲဝင်ကြည့်လိုက်တော့ တိဘက်ဘုန်းကြီးတစ်ပါး ထိုင်နေ တာ တွေ့ရတယ်။
တိဘက်ဘုန်းကြီး အထဲမှာ ဝင်ထိုင်နေတာ တွေ့ရတော့ ဒီကိုယ်တော်ကြီး ဘာများလုပ်သလဲဆိုပြီး လေ့လာ ကြည့်တယ်။
တိဘက်ဘုန်းကြီး ပါးစပ်က တိုးတိုးတိုးတိုးနဲ့ ရွတ်နေတဲအသံကိုလဲ ကြားရတယ်။ လက်ထဲမှာလဲပဲ ပစ္စည်း လေးတခုကိုင်ပြီးတော့ သူလှုပ်နေတယ်။ အဲဒီပစ္စည်းလေးက တစ်တောင်လောက် အရိုးတပ်ထားတယ်၊ လှလှပပ ပန်းပုတွေနဲ့ ပန်းတွေနဲ့ ထွင်းပြီးတော့ထားတဲ့ အုန်းမှုတ် အရွယ်အစားလောက် ရှိတယ်။
အုန်းသီးသေးသေး အရွယ်အစားလောက်ရှိတဲ့ သတ္ထု ဗူးကလေးတစ်ဗူး၊ အောက်က အရိုးတပ်ထားတယ်။ ထိပ်အလယ်တည့်တည့်က အသီးလေးနဲ့။ အဲဒီအသီးလေး မှာ ခလောက်ကလေးလိုပဲ ဘုလေးတစ်ခု တွဲလောင်းလေး ဆွဲထားတယ်။
အရိုးအောက်က ကိုင်ပြီးတော့ သူက လက်နဲ့ ယမ်း နေတော့ အပေါ်က အသီးလေးဟာ လည်နေတယ်။ အဲဒါလေး လှည့်ယမ်းပြီးတော့ ကိုယ်တော်ကြီးပါးစပ်ကနေ မန္တာန်တွေ ရွတ်နေတယ်။
ဘုန်းကြီးက အနားကပ်ပြီး စိုက်ပြီးတော့ နည်း နည်း နားထောင်ကြည့်တယ်။ အသံကိုကြားတော့ ကြားရ တယ်။ ပီပီသသ မကြားရဘူး။ တဖြည်းဖြည်း တိုးတိုးတိုးတိုး သွားတော့ သူ့အနား နည်းနည်း တိုးလဲတိုးလိုက်မိရော သူ့ပခုံးနား ဘုန်းကြီးခေါင်း ရောက်သွားတယ်။ အဲဒီတော့မှ အသံကို တော်တော်လေး ပီပီကြားရတယ်။
အသံကြားရအောင်ဆိုပြီး သူ့အနား တိုးတိုး တိုး တိုးပြီးတော့ ကပ်သွားတယ်။ အသံတော့ ပီပီသသလေး ကြားရတယ်။ အသံကြားရတာနဲ့အမျှ သူ့ကိုယ်က ထွက်လာ တဲ့အနံ့ဟာ ဘုန်းကြီးအဖို့ ခေါင်းကိုက်မတက်ပါပဲ။
အနံ့ အသက်ဟာ တော်တော်လေးဆိုးတယ်။ ဒီ တိဘက်ဘုန်းကြီးဟာ ဘာကြောင့်အသားတွေ တင်းမာပြီးတော့ အနံ့တွေ နံနေတာလဲလို့ ဆိုတော့ အဲဒါကတော့ ဘုန်းကြီးကိုယ်တိုင် လက်တွေ့ ကျင့်သုံးခဲ့တာ။
ပြောရဦးမယ်။ နယူးဒေလီမှာ ချမ်းလွန်းလို့ ရေ မချိုးပဲနဲ့ ဘုန်းကြီးတော့ ဒီအတိုင်းကုပ်နေတာ။ အသား တွေလဲ တင်း ပြီးတော့ ဖြစ်နေတယ်။ ရန်ကုန်က ဒကာမကြီး တစ်ယောက် သူက နယူဒေလီ ရောက်နေတယ်။ အဲဒီ ဒကာမကြီးက ဘုန်းကြီးတို့ကို လာဖူးမျှော်ကန်တော့ပြီးတော့ လှူရန်လေးတွေ လှူပြီးတော့ ''ဆရာတော်တို့ ဒီလောက်ချမ်း တဲ့အရပ်မှာ ဘယ်လိုလုပ်နေကြတုန်း''လို့ မေးတယ်။
''ဟာ ဘယ်လိုလုပ်နေရမလဲ၊ ဂွမ်းစောင်တွေရော ဝါဂွမ်းတွေရော အထပ်ထပ်ပတ်၊ ခေါင်းစွပ်တွေရော ခြေစွပ် တွေရော လက်အိတ်တွေရော အကုန် စွပ်နေရတာပေါ့ ဒကာမကြီး'' လို့ ပြောလိုက်ရတယ်။
''အရှင်ဘုရား အဲဒါနဲ့ အချမ်းက မလုံဘူးဘုရား၊ အသားတွေလဲ ကွဲတတ်တယ်၊ တပည့်တော် အကြံပေးမယ်''။
''မုန်ညှင်းဆီကလေးများ လိမ်းလိမ်းပြီးတော့ အရှင်ဘုရား နေပူဆာလှုံ ပေးပါဘုရား၊ မုန်ညှင်းဆီလေး အသားကို ပါးပါးပွတ်ပြီးတော့ နေဆာလှုံပေး၊ အဲဒါ အချမ်း သိပ်ခံနိုင်တယ်၊ အသားလဲ မကွဲဘူး''တဲ့။ ဒကာမကြီးက အကြံပေးပါတယ်။
''အိန္ဒိယအမျိုးသားတွေ အားလုံးဟာ အခုလိုအေး တဲ့ရာသီဆိုရင် ဒီလိုပဲ မုန်ညင်းဆီ လိမ်းကြတယ်။ တိဘက် တွေလဲ လိမ်းကြတယ်တဲ့''။
''ဒကာမကြီး ဘုန်းကြီးတို့မှာ မုန်ညင်းဆီ မရှိဘူး'' ပြောတော့ ''အိန္ဒိယပြည် တစ်ပြည်လုံး မုန်ညင်းဆီ အလွန် ပေါပါတယ်။ မော်တော်ကားနဲ့ စီးသွားလို့ရှိရင် လမ်းဘေး ဝဲယာ မော်တော်ကားလမ်းဘေးတွေမှာ နေရာတိုင်းမှာ မုန်ညှင်းချည်းပဲ''တဲ့။
ဘုန်းကြီးက တမင်ပြောလိုက်တယ်။ ''မုန်ညင်းဆီ မရှိဘူး ဒကာမကြီး''လို့။ ညနေလဲစောင်းရော မုန်ညင်း ဆီပုလင်းလေးကိုင်ပြီးတော့ အဲဒီဒကာမကြီး တခေါက်ပြန် လာတယ်။ တစ်ထွာလောက်ရှိတဲ့ မုန်ညင်းဆီပုလင်းကို ဘုန်းကြီးကို ပေးပစ်ခဲ့တယ်။
''ကိုင်း ငါတော့ လိမ်းကြည့်မယ်''ဆိုပြီး ခြေသလုံး ရယ်၊ လက်မောင်းရယ်၊ အဲဒါ မုန်ညင်းဆီလေးနဲ့ နာနာ ပွတ်ပြီးတော့ နေပူဆာ ထွက်လှုံတယ်၊ အသားတင်းတာတွေ အကုန် ပျောက်ပြီးတော့ နေသာထိုင်သာ တော်တော် ရှိသွားတယ်။
ဒါပေမဲ့ ည စောင်ခြုံပြီးတော့ အိပ်ပြီလဲဆိုရော နံလိုက်တဲ့ ဖြစ်ချင်း၊ စောင်ခြုံကို တခါတည်းဖွင့်ပြီး ခေါင်းကို အပြင်ထုတ် ထားရတယ်၊ တော်တော်ကိုနံတာ။
နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ လိမ်းမယ်ဆိုရင် ဒီကိုယ်တော့အနား ဘယ်သူမှကပ်ချင်မှာ မဟုတ်တော့ဘူး။ အဲဒါနဲ့ ဒကာမကြီး ကုသိုလ်ဖြစ်အောင် မုန်ညင်းဆီပုလင်း လက်ခံပြီးတော့ တစ်ခါပဲလိမ်းတယ်၊ နောက်ထပ် မလိမ်း တော့ဘူး။ နယူးဒေလီက ထွက်တော့ အဲဒီမုန်ညင်းဆီ ပုလင်းကို နယူးဒေလီသံရုံးမှာ ထားခဲ့တယ်။
(အပိုင်း-၁၅)ဆက်လက်ဖော်ပြသွားပါမည်။
Posted in: တရားတော်
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment