ဗောဓိပင်ဝင်းတံခါး ဖွင့်ချိန်ပိတ်ချိန်
ဗောဓိပင်ကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေက ည-၈-နာရီဆို တံခါးပိတ်ပစ်လိုက်တယ်။ အခုဘုန်းကြီးတို့ တရားထိုင်ပြီးတော့ လုပ်နေကြတာဟာ ၁ဝ-နာရီ ဖြစ်နေပြီ။ ဝင်တုန်းကတော့ တံခါးဖွင့်ထားလို့ထားပါတော့။ ပြန်ထွက်ရင် ဘယ်လိုထွက်ရမလဲဆိုတာ မှန်းကြည့်။
''တံခါး ဖွင့်ပေးပါ''ဆိုတော့ ဟိန္ဒူကုလားတွေက ဖွင့်မပေးဘူး။ ဖွင့်မပေးတော့ တရားထိုင်ပြီးလို့ ပြန်ထွက်တဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးဟာ အဲဒီကာထားတဲ့ တံတိုင်းကို ဈာန်ပျံပြီးတော့ ထွက်ကြရတယ်။ ဘယ်လို ဈာန်ပျံတယ်မှတ်လဲ။ လွှားကနဲဆိုပြီး တံတိုင်းကို ကျော်တက်ခဲ့ရတာ။
ဘုန်းကြီးလဲ ၁ဝ-နာရီမှာ ပြန်ထွက်တာဆိုတော့ စဉ်းစားကြည့်ပေါ့။ တံတိုင်းကို ဒီအတိုင်း ကျော်တက်ခဲ့ရတာပဲ။ အဲဒါ ၂-ညတိုင်တိုင် ကျော်တက်ခဲ့ရတယ်။ ကုလားတွေပိတ်ထားလို့။
ကုလားမလေးနှစ်ယောက် ဝင်ထွက်ရာအပေါက်
''ဒီကုလားမငယ်ငယ်လေး နှစ်ယောက်ဟာ ဘယ် လိုလုပ် ဒီအထဲရောက်နေသလဲ။ ဘယ်လိုလုပ် ထွက်ကြမှာ လဲ''လို့ ဘုန်းကြီးက စဉ်းစားကြည့်တယ်။
စားရမဲ့, သောက်ရမဲ့ တောင်းရမ်းစားသောက်နေတဲ့ အမျိုးသမီးငယ်ငယ်လေးတွေဟာ ''တိဘက်ဘုန်းကြီးတွေ တရားထိုင်ရင် ဗောဓိပင်နားမှာ ညစာစားကြတယ်'' ဆိုတာ သူတို့က သိထားကြတယ်။
''စားပြီးတဲ့အကျန်တွေကို ပေးလေ့စွန့်လေ့ ရှိကြ တယ်''ဆိုတာကိုလည်း သူတို့လေးတွေ သိထားကြတယ်။ သိထားတော့ ဒီအချိန် လာ ချောင်းကြတယ်။
''သူတို့ ဘယ်အပေါက်က ဝင်သလဲ''ဆိုတာကို ဘုန်းကြီးက လေ့လာကြည့်တယ်။ ဒါနဲ့ တံခါးပိတ် ပိတ်ထား လို့ ''ထွက်ပေါက် ကလေးရ အောင်''ဆိုပြီး သူတို့ဘယ်က ထွက်သလဲလို့ ဘုန်းကြီး ချောင်းကြည့်တယ်။
ဒီတော့ အဲဒီကောင်မလေးတွေကို ငှက်ပျောသီးရော ပန်းသီးရော ဘီစကွတ်ရော အကုန်လုံး ဘုန်းကြီးပေးလိုက်ရော။
ကုလားမလေးနှစ်ယောက်ဟာ သဘောကျလို့ ပြုံးလို့ ယူသွားကြတယ်။ တိဘက်ဘုန်းကြီးတွေနား သွား ထိုင်တော့လဲ နည်းနည်းပါပါးရတယ်။ အဲဒါလေးတွေ ယူပြီးတော့ သူတို့လေးတွေ သွားကြတယ်။
အဲဒီ ကောင်မလေးတွေဟာ ဗောဓိပင်ကြီး ဝင်းခတ်ထားတဲ့ ခြံဝန်းကြီးရဲ့အင်္ဂါထောင့်ဆီကို သွားကြတယ်။
အင်္ဂါထောင့်ဆီ ဝင်းထရံကြီးရဲ့အောက်ဆုံးက သံ တန်း၊ အဲဒီ သံတန်းကြီးရဲ့အောက်နားမှာ မြေကြီးကို သူတို့က လူတစ်ယောက် ဝင်စာလေးတူးထားတာ။
လူတစ်ကိုယ်စာ ဝင်ရုံလေး တူးပြီးတော့ အဲဒီသံ တန်းကြီးရဲ့အောက်ကနေပြီး ဝမ်းလျားထိုးပြီးတော့ သူတို့က ဒီအထဲဝင်လာကြတာ။ အဲဒီအပေါက်ကို ဗောဓိပင်စောင့်တဲ့ ကုလားတွေ မသိကြဘူး။
အဲဒီကုလားမလေးနှစ်ယောက်ဟာ ဒီ အပေါက် ကနေ နေ့တိုင်း ဝင်ထွက်ပြီးတော့ ဒီအနား တရားထိုင်တဲ့ ပုဂ္ဂိုလ်တွေဆီက သူတို့က တောင်းရမ်းပြီးတော့ စားနေကြ တာ။
ဘုန်းကြီးက စဉ်းစားကြည့်တယ်။ အပေါက်တော့တွေ့ပြီ။ ''ဒီအပေါက်က ငါထွက်ရင် ကောင်းမလား'' ဆိုတော့ အဲဒါဟန်မကျဘူး။ ကုလားမလေးတွေ ဝင်တဲ့ ထွက်တဲ့ အပေါက်ဖြစ်နေတယ်။
''ထွက်ရင်လဲ မြေကြီးဝမ်းလျားထိုး ထွက်ရမှာဆိုတော့ သံတံတိုင်းကျော်ပြီး တက်တာပဲ ကောင်းပါတယ်''ဆို ပြီး အဲဒီနေ့က တံတိုင်းကို ကျော်တက်ခဲ့တယ်။
အဂျန္တာနှင့် ဧလိုရာ
ကမ္ဘာမှာ ဘာသာတရားတွေဟာ အလွန်အံ့သြစရာကောင်းတယ်။ ဖြစ်ရပ်တွေ ဆန်းကြယ်တယ်။ ဘုံဘေရဲ့ အရှေ့ဘက် ကီလိုမီတာ ၆ဝဝ-လောက် ကွာဝေးတဲ့နေရာ မှာ တောထဲမှာ ''အဂျန္တာ''ဆိုတဲ့ လိုဏ်ဂူကြီးတွေရှိတယ်။ အဲဒီ နေရာကို ဘုန်းကြီးတို့ ရောက်ခဲ့တယ်။
မြန်မာပြည်က ဘုရားဖူးတွေ အရောက်နည်းတဲ့ နေရာတွေပဲ။ သမိုင်းကို စိတ်ဝင်စားတဲ့ သုတေသနသမားတွေပဲ သွားကြတယ်။
''ဧလိုရာ''ဆိုတဲ့ လိုဏ်ဂူကြီးတွေ တောကြီးထဲမှာ ဘုန်းကြီးတို့ ရောက်ခဲ့ပါတယ်။''အဂျန္တာ''ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၂ဝဝဝ-လောက်က ရုပ်တု ဆင်းတု ကျောက်ပန်းပုတွေ။
တောထဲတောင်ထဲ ကျောက်တောင်ကြီးတွေကို လိုဏ်ထွင်းပြီးတော့ (ဖိုဝင်းတောင်သဘောမျိုးပေါ့)ကျောက် လိုဏ်ဂူကြီးတွေမှာ ရုပ်တုတွေ ထုထားတာ အံ့သြစရာပဲ။
''ဧလိုရာ''မှာတော့ ဘုရားရဲ့ ဖြစ်တော်စဉ် ဇာတ်တော်တစ်ခုရှိရင် ဂျိန်းဇာတ်တစ်ခု ဘေးနားမှာရှိတယ်။
ဘုန်းကြီးက စဉ်းစားတယ်။ ''မူလတုန်းကတော့ ဗုဒ္ဓရဲ့ဖြစ်တော်စင်တွေကို ထွင်းထုထားတဲ့ လိုဏ်ဂူတွေဖြစ်မယ်။ နောက်ကျတော့မှ ဂျိန်းတွေက အဲဒီနေရာမှာ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ် ဇာတ်တော် တစ်ချို့ကို ဖျက်ဆီးပစ်လိုက်ပြီးတော့ သူတို့ ဇာတ်တော်တွေကို ထည့်သွင်းထားတာ ဖြစ်မယ်''လို့ ဘုန်းကြီးတို့က တွေးကြည့်မိတယ်။
အဲဒီလို ဖျက်ဆီးပြီးတော့ သူတို့ ဥစ္စာတွေ သွင်းခဲ့တာ အများကြီးပဲ။ ''နိဂဏ္ဌနာဋပုတ္တဘုရားကြီးကို ပူဇော် ထားတာ''တဲ့။
အဲဒီလို ထွင်းထုထားတဲ့ ရုပ်တုတွေထဲမှာ ဘုန်းကြီးတို့ ဘာတွေ တွေ့တုန်းဆိုလို့ရှိရင် ဂျိန်းဘုရားကြီးကို ပူဇော်တဲ့ အခန်း။
ဂျိန်းဘုရားဆိုတာ တခြားမဟုတ်ဘူး။ ဘုန်းကြီးတို့ ဟောထားတဲ ''တိတ္ထိဆရာကြီး ခြောက်ယောက်''ထဲက ''နိဂဏ္ဌနာဋပုတ္တ''ကို ပြောတာ။
အဲဒီဂျိန်းဘုရားကြီးကို ပူဇော်ဖို့ရန် ဆိုပြီးတော့ နိဂဏ္ဌနာဋပုတ္တ ဂျိန်းဘုရားကြီးရဲ့ရှေ့မှာ အမျိုးသမီးနဲ့ အမျိုးသား ခါးမှာ အဝတ်မရှိကြဘူး။ ရုပ်ပုံတွေ အမျိုးမျိုး ထုထားတာ။
နှောင်းခေတ်မှာ ''ကာမသျှတ္တရကျမ်း'' အမျိုးမျိုး ထွက်လာတာဟာ အဲဒီရုပ်ပုံတွေ ကူးချပြီးတော့ ထွက်လာ သလားတော့ မသိပါဘူး၊ အလွန်ညစ်ညမ်းတဲ့ပုံတွေ။
သူတို့ ဘုရားကို ပူဇော်တာတဲ့။ ''ကာမဂုဏ်နဲ့ပူဇော်ခြင်းသည် အမြတ်ဆုံးပူဇော်ခြင်း ဖြစ်တယ်'' ဆိုပြီးတော့ အမျိုးသမီးနဲ့အမျိုးသား တွဲစပ်နေတဲ့ ပုံစံမျိုးစုံနဲ့ သူတို့ ထုထားကြတာ။
ကာမဂုဏ်နဲ့ပူဇော်တဲ့ဂိုဏ်း
ဒါတွေဟာ ဗုဒ္ဓဘာသာထဲကို တဖြည်းဖြည်း ရော ရောပြီးတော့ သွားတာ။ မြောက်ပိုင်း တိဘက်ဗုဒ္ဓဘာသာ ကျတော့ အဲဒါတွေရှိတယ်။ မဟာယာန ဗုဒ္ဓဘာသာကျတော့ ''ဝေတုလ္လဂိုဏ်း'' ထဲမှာ အဲဒါတွေ အကုန်ရှိတယ်။
ဗုဒ္ဓဘာသာဂိုဏ်းကြီး ၁၈-ဂိုဏ်းမှာ ''ဝေတုလ္လ ဂိုဏ်း'' ဆိုတာရှိတယ်။ ဝေတုလ္လဂိုဏ်းက ကာမဂုဏ်နဲ့ ဘုရားကို ပူဇော်တဲ့ဂိုဏ်းပဲ။
အမျိုးသမီးတယောက်ဟာ မြတ်သောသားရတနာ ဖွားချင်တယ်၊ အလွန်တရာ ဥာဏ်ကြီးကျယ်တဲ့ သားရတနာကို ဖွားချင်တယ်ဆိုလို့ရှိရင် သူ့ရဲ့အမျိုးသားယောက်ျားနဲ့ ဘုရားဆီသွားပြီတော့ ကာမဂုဏ်နဲ့ပူဇော်ရတယ်။
ကာမဂုဏ်နဲ့ ပူဇော်ပြီးပြီဆိုလို့ရှိရင် အနည်းဆုံး သုံးပေလောက်ရှိတဲ့ ဘုရားဆင်းတုတော် အဲဒီဘုရားဆင်း တုတော်အပေါ်မှာ ဒီအမျိုးသမီးက တက်ပြီးတော့ထိုင်တယ်။
ထိုင်ပုံထိုင်နည်းက ဘုရားနဲ့ မျက်နှာချင်းအပ်ပြီးတော့ ဘုရား လည်ပင်းဖက်ပြီးတော့ ထိုင်တယ်။ ဒီလောက်ပဲ ပြောတာ ကောင်းပါတယ်။
အဓိပ္ပါယ်က မြတ်ဗုဒ္ဓထဲကနေ ဗောဓိဓာတ်ကို ကူးယူတာတဲ့။ ဒါမှ အမြတ်ဆုံး သားရတနာလေး ဖွားမယ်။
တိဘက်တိုင်းပြည် တစ်ပြည်လုံး ယောက်ျားမှန်သမျှ ဘုရားအလောင်းချည်းပဲ။ သူတို့က ဘုရားဆုပန်ထား ကြတယ်။ ဘုရားဖြစ်အောင်ဆိုပြီး နည်းမျိုးစုံနဲ့ ကြံဖန်လုပ်ကြတာ။
ဘုန်းကြီးတို့ ပရိသတ်များက ဘုရားကြည်ညိုတယ်ဆိုတာ တကယ်မှန်ကန်တဲ့ သဒ္ဓါနဲ့ ကြည်ညိုကြတာ။ စနစ် ကျတယ်၊ သဒ္ဓါတရားဟာ အလွန်သန့်ရှင်းတယ်၊ မွန်မြတ်တယ်။
ဟိုမှာကျတော့ ဗုဒ္ဓဘာသာဆိုပေမယ့် အဲဒီလိုဟာတွေ အများကြီးပဲ။ သူတို့သဒ္ဓါတရားဟာ သန့်ရှင်းတယ်လို့ ပြောဖို့ရန်ခက်တယ်။
အပိုင်း-၁၃ ဆက်လက်ဖော်ပြသွားပါမည်
Posted in: တရားတော်
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment