သီတဂူစတား

သီတဂူစတား

26 November 2012

ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့

ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့

ဒီပို့စ်က စင်္ကာပူက ဒကာ သို့မဟုတ် ဒကာမတစ်ယောက်က မေးထားတဲ့ မေးခွန်းဖြစ်ပါတယ်။ သူ့ရဲ့ ပဏ္ဍက (ပဏ္ဍုက်)များကို ရဟန်းပြုခွင့်ပြုပါသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး စာရေးသူ၏ ဆိုက်ထဲတွင် “သာသနာနှင့် ပဏ္ဍုက်” အမည်ဖြင့် ပို့စ်တစ်ခု တင်ပြီးဖြစ်သည်။ ပဏ္ဍုပ်ခေါ် gay များကို သာသနာမှာ သာမဏေ (ကိုရင်) အဖြစ်ကိုသော်၎င်း၊ ဘိက္ခု (ရဟန်း) အဖြစ်ကိုသော်၎င်း ဘာ့ကြောင့် ခွင့်မပြုသနည်း ဟူသော အကြောင်းကို ထိုပို့စ်တွင် ဖော်ပြပြီး ဖြစ်သည်။ ထိုကြောင့် ဤပို့စ်မှာတော့ ပဏ္ဍုက်အမျိုးစားနှင့် ရဟန်းဖြစ်ခွင့်ရှိသော ပဏ္ဍုက်အကြောင်းကိုသာ ဖော်ပြမည် ဖြစ်သည်။
မေးခွန်း
မေးခွန်းရှင် မေးထားတဲ့ အထဲမှာတချို့ စာအဖြစ်ရေးသင့် မရေးသင့် စဉ်းစားနေမိသေးသည်၊ ဘုရားရှင်တောင် မေထုနသိက္ခာပုဒ်ပညတ်ရာဝယ် အသေးစိတ် ဟောထားသဖြင့် “အော်--ဘုရားရှင်သည် သူ၏ သားတော် သမီးတော်များအတွက်၊ သာသနာအတွက် ဒီလို ယုတ်ရင်း ကြမ်းတမ်းသော စကားတွေကိုတောင် ပြောဆိုပြီး သိက္ခာပုဒ်တွေ ပညတ်ခဲ့ရပါလား” ဆိုပြီး ဘုရားရှင်အား ပိုလို့ ကြည်ညိုမိသည်။ ထို့ကြောင့် မေးခွန်းရှင်၏ မေးခွန်းများသည် သိသာ ထင်သာ မြင်သာလွန်း၍ စကားလုံးကြမ်းနေသည်ဟု ထင်စေကာမူ သာသနာတော်တွင်း ၀င်ရောက်လိုသူ၊ သာသနာတော်ကို ကြည်ညိုသူများ ဒီလိုမေးခွန်းမျိုးလဲ သိထားသင့်သည်ဟု ယူဆမိပါသည့်အတွက် မေးခွန်းကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။ နံပါတ် ၄-၅-၆ကိုတော့ စကားအသုံးအနှုံး အနဲပြင်းပြီး နံပါတ် ၄ ထဲမှာ တစ်ခုတည်းပေါင်ထားသည်။

အရှင်ဘုရား ..
ခေါင်းစဉ်မြင်တာနဲ့ ဘာကို မေးမယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ။ အောက်ပါ အချက်တွေရှိနေတဲ့ လိင်တူဆက်ဆံတဲ့ ယောင်္ကျားက ရဟန်းပြုနိုင်ပါသလား..ဘုရား။

၁- ကိုယ်ခန္ဒာဖွဲ့စည်းပုံအားဖြင့် ယောက်ျား အစစ်ဖြစ်သူ (ယောက်ျား လိင်အင်္ဂါ ပြည့်စုံစွာပါရှိသူ)
၂- ယောက်ျားစိတ်ရှိပြီး သာမန်ယောင်္ကျားလို နေတတ်သူ (မိန်းမဆန်သော.. မိန်းမလို ပြောသော.. မိန်းမလို ဝတ်စားဆင်ယဉ်မှူမရှိသော)
၃- လိင်စိတ်အားဖြင့် ယောက်ျားချင်းကို သာ တတ်မက်သူ
၎-နည်းလမ်းမဟုတ်သော ပါးစပ်၊ စအိုအပေါက်တို့ဖြင့် လိင်ဆက်ဆံဖူးသူ
၅- မိန်းမ၊ ယောက်ျား နှစ်မျိုးလုံးဖြင့် လိင်ဆက်ဆံဖူးသူ
၆- ခြေလက်အင်္ဂါ ပြည့်စုံသော ယောက်ျားဖြစ်သူ
၇- သာမန် လူ အစစ်ဖြစ်သူ (သာမန် အသိစိတ်ရှိသူ၊ ရူးသွပ်မှုမရှိသူ)
၈- ဗုဒ္ဓတရားတော်ကို ကျင့်ကြံလိုသူ (သံသရာ မှ လွတ်မြောက်လိုသူ)
ဗုဒ္ဓတရားတော်မှာ ပဏ္ဍုက်ဆိုတဲ့ စကားကို တွေ့ဖူးပါတယ်ဘုရား။ မြတ်စွာ ဘုရား လက်ထက်တော်က အဲဒီလိုမျိုးလူမျိုးတွေ ရှိခဲ့ဖူးပါသလား ဘုရား။ ရဟန်းဝတ်လို့ ရနိုင်ပါသလား ဘုရား။ အထက်ပါ လူမျိုးက ရဟန်းဝတ်စဉ်မှာ မေးတဲ့.. သင် ယောင်္ကျား အစစ် ဟုတ်ပါရဲ့လား ဆိုတာကို ဟုတ်ပါတယ်လို့ ပြန်ဖြေနိုင်ပါသလား ဘုရား။ အရှင်ဘုရား အချိန်ပေးနိုင်မယ်ဆိုရင် ကျန်းဂန် အကိုးအကားနှင့် တကွ ဖြေကြားပေးစေလိုပါတယ် ဘုရား..။ အရှင်ဘုရားရဲ့ website မှာ ဖြေမယ်ဆိုလည်း website link ကို တပည့်တော်ဆီကို ပို့ပေးစေချင်ပါတယ် ဘုရား။

အမှန် အတိုင်း ဝန်ခံရမယ်ဆိုရင် အထက်ပါ အချက်တွေက တပည့်တော်နဲ့ ကိုက်ညီပါတယ် ဘုရား။ ခေတ်စကားနဲ့ ပြောရင် ဂေး (gay) ဖြစ်မယ်ထင်ပါတယ် ဘုရား။ တပည့်တော် ရဟန်း ဝတ်ချင်စိတ်လည်း ရှိပါတယ်ဘုရား။ တပည့်တော် အခု အသက် ၃၀ ကျော်ပါပြီ။ အင်္ဂျင်နီယာ အလုပ်နဲ့ မိဘဆွေမျိုးတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပါတယ်။ အိမ်ထောင် မရှိသေးပါဘူး ဘုရား။
အရှင်ဘုရား ဝဘ်ဆိုဒ်မှာ ရေးထားတဲ့ အောက်ပါ ဆုံးမ စကားအတွက် ကျေးဇူးပါပဲ ဘုရား။

(ဆန္ဒကို ကိုယ့်ရဲ့သိက္ခာနဲ့ ထိမ်းပါ၊ လူရဲ့စိတ်ဆိုတာ မကောင်းတဲ့ဘက်မှာ မွေ့လျော်တတ်သည်၊ ထိုသို့ မကောင်းတဲ့ဘက်မှာ ဆန္ဒရှိလာရင် ကိုယ့်သိက္ခာ၊ ကိုယ့်ဂုဏ်၊ ကိုယ့်အသိုင်းအ၀ိုင်းနဲ့ ထိမ်းပါ။)
ဒါပေမယ့် တပည့်တော် မိမိ အလိုဆန္ဒကို မထိန်းနိုင်သေးပါဘူး ဘုရား။ တပည့်တော်က မိဘဆွေမျိုးနဲ့ ဝေးတဲ့ အခြား ရပ်ဝေးမှာ နေတော့ လွတ်လပ်ပြီး အုပ်ထိန်းမယ့်သူ မရှိပါဘုရား။ မိမိကိုယ်မိမိလည်း တခါတရံသာ ထိန်းနိုင်ပြီး တခါတရံမှာ မထိန်းနိင်ပါဘူး ဘုရား။

တပည့်တော်ကို ဆုံးမစကားလည်း ချီးမြှင့် ပေးတော်မူပါဘုရား။ တပည့်တော် ရဟန်း ဝတ်နိုင်၊ မဝတ်နိုင်ကိုလည်း အကြောင်းပြန်ပေးပါဘုရား။ ဝတ်ခွင့်မရှိဘဲ ရဟန်းဝတ်လို့ အကုသိုလ်ဖြစ်နေမှာကိုလည်း စိုးရိမ်ပါတယ်။ မိမိရဲ့ စိတ်ကို မိမိသာ အသိဆုံးမို့ ကိုယ့်ကိုယ်လည်း လေးစားလို့ မရသေးပါဘူးဘုရား။ တပည့်တော်ရဲ့ မေးခွန်းတွေကို အခြား တပည့်တော်လို ဘဝတူသူတွေ ဗဟုသုတရနိုင်အောင် အရှင်ဘုရားရဲ့ ဝဘ်ဆိုဒ်မှာ တင်မယ်ဆိုလည်း အရှင်ဘုရား သဘောပါဘုရား။
အရှင်ဘုရား ကျန်းမာ၊ချမ်းသာစွာ ဖြင့်သာသနာ ပြုနိုင်ပါစေ ဘုရား။
လေးစားစွာဖြင့် ..
မောင်မောင်

+++++++++++

စာရေးသူ၏ပြန်ကြားစာ
ဒကာတော်လို့ပဲ ခေါ်ရမလား ဒကာမလို့ပဲ ခေါ်ရမလား၊ ဒါမှ မဟုတ် ဒကာ-ဒကာမ ပေါင်းပြီး ခေါ်ရမလား pppppp၊ ရဟန်းပြုချင်သူဆိုတော့ ဒကာရေလို့ပဲ ခေါ်လိုက်မယ်။ ဒကာမေးတဲ့ မေးခွန်းကို ဘုန်းဘုန်းဆိုက်မှာ “သာသနာနှင့်ပဏ္ဍုက်” လို့ အမည်ပေးပြီး ရေးထားတယ်၊ အဲဒါကိုလဲ ဖတ်စေချင်တယ်၊ ဒကာ မေးတဲ့ မေးခွန်းကို စာပေမှာ ပြထားတာကို ဖော်ပြပေးလိုက်မယ်၊ ဒကာအနေအနဲ့ ဘယ်လိုလုပ်သင့်လဲ ဆိုတာ သိသာသွားလိမ့်မည် ထင်ပါတယ်။

ပုံမှန်မဟုတ်တဲ့ နည်းသုံးသူ
ဒကာမေးထားတဲ့ (၁)ကနေ (၄) အထိ မေးခွန်းနဲ့ပတ်သက်ပြီး သူက ပဏ္ဍုက်လို့ မယူဆပါဘူး၊ ရာဂကြီးသူ အလိုရမ္မတ်ကြီးသူလို့ပဲ ဆိုနိုင်ပါတယ်၊ ထိုပုဂ္ဂိုလ်မျိုးကို ရဟန်းမပြုရလို့ ပညတ်ထားတာ မတွေ့ရပါဘူး၊ ယောက်ျားစင်စစ်ဖြစ်သူ ဖြစ်ရကား ယောကျာ်းဟူ၍ ဖြေဆိုရမည်။ သို့သော်လဲ ကာမေသုမိစ္ဆာစာရ ကံကိုတော့ သတိမူသင့်တယ်၊ ကာမေသုမိစ္ဆာစာရနှင့်ပတ်သက်ပြီး ဘုန်းဘုန်းဆိုက်မှာပဲ ဖော်ပြပြီးဖြစ်သည်၊ ရှာဖွေ လေ့လာနိုင်ပါသည်။ အများစု သိထားတာက ထိုကံသည် သူများ သားမယား၊ ကာမပိုင် ရှိသူကို သားမယားကျင့်ခြင်းလို့ သိထားကြသည်။ သို့သော်လည်း ကိုယ့်မယားကိုပင် ကာမဆက်ဆံရာဝယ် တိရစ္ဆာန်များလို ပုံမှန်မဟုတ်တဲ့ နည်းတွေနဲ့ ပြုကျင့်ပါက ကာမေသုမိစ္ဆာစာရ ကံထိုက်သည်ဟု ဆိုထားသည်။ ထို့ကြောင့် ထိုနံပါတ်ပြထားတဲ့ အချက်တွေ လွန်ကျူးထားသူသည် ရဟန်းပြုခွင့်ရှိသူဟု ဆိုနိုင်သည်၊ ကာမေသုမိစ္ဆာစာရ ကံကိုတော့ ကျူးလွန်သူဟု ဆိုရမည်။

ပဏ္ဍုက်အမျိုးမျိုးနှင့် ရဟန်းပြုခွင့်ရသူများ
ဘုရားသာသနာမှာ ပဏ္ဍုက်များကို ရဟန်းပြုခွင့်မရ ဟု ဆိုထားပေမဲ့ အဋ္ဌကထာ ဆရာများရဲ့ အဆိုအရ တချို့ပဏ္ဍုက်တွေမှာ ရဟန်းပြုခွင့်ရနေသည်ကို တွေ့ရသည်။ ၀ိနည်းမဟာဝါ အဋ္ဌကထာမှာတော့ ပဏ္ဍုပ် ၅ မျိုး ပြထားသည်။

၁။ အာသိတ္တပဏ္ဍက- သူတပါးလိင်အင်္ဂါမှ သုက်သွေးကို မိမိပါးစပ်ဖြင့် စုပ်ယူလိုက်ခြင်းမျှဖြင့် အလိုရမ္မက်ပြေငြိမ်းသွားသူ။
၂။ ဥသူယပဏ္ဍက- သူတစ်ပါး လင်မယား သို့မဟုတ် သမီးရည်းစားတို့ သူတို့အလုပ် သူတို့လုပ်နေခြင်းကို ချောင်းမြောင်းကြည့်ရုံမျှဖြင့် အလိုရမ္မက် ငြိမ်းသွားသူ။
၃။ သြပက္ကမိကပဏ္ဍက- မျိုးဗီဇကို ထုတ်ပစ်ထားသူ၊ (နွားထီးများ ဝှေးစေ့ထုတ်ခြင်း၊ တရုတ် ကုန်းကုန်းများကဲ့သို့ ဝှေးစေ့ထုတ်ပစ်ထားခြင်းမျိုး ဖြစ်ဟန်တူ)
၎။ ပက္ခပဏ္ဍက-အကုသိုလ်ကံကြောင့် အခါအားလျော်စွာ စိတ်ပြောင်းသူ၊ လဆန်းပက္ခမှာ ပဏ္ဍုပ်ဖြစ်ပေမဲ့ လဆုတ်ပက္ခမှာ ပြေပျောက်သူ။
၅။ နပုံသကပဏ္ဍက- မွေးကထဲက နပုံးဖြစ်နေသူ၊ ယောက်ျားလဲ မဟုတ်၊ မိန်းမလဲ မဟုတ်သူ၊ ဗီဇ နှစ်ခုလုံး မထင်ရှားသူ။

အရှင်မဟာဗုဒ္ဓဃောသ (အဋ္ဌကထာဆရာ) အရ နံပါတ် (၁)နှင့် နံပါတ် (၂) ပဏ္ဍုက်အမျိုးစားကို ရဟန်းပြုခွင့်ရသည်။ ထိုအဆိုအရ ဒကာမေးခွန်းရဲ့ နံပါတ် တစ်ကနေ ခုနစ်အထိ နည်းလမ်းများဖြင့် ကျူးလွန်နေသောသူ ထိုပဏ္ဍုက်အမျိုးစားထဲပါဝင်နေရင်တောင် ရဟန်းပြုခွင့်ရ၊ ယောက်ျားစင်စစ်ဆိုရင်ကား ဆိုဖွယ်မရှိချေ။ ကုရုန္ဓိယအဋ္ဌကထာမှာတော့ နံပါတ် (၃) ပက္ခပဏ္ဍကကိုတော့ ပဏ္ဍုက်ပြေပျောက်ချိန် ပက္ခမှာတော့ ရဟန်းပြုခွင့်ရသည် ဟုဆိုထားသေးသည်။ ဒကာက ကိုယ့်ကိုယ်ကို ပဏ္ဍုက်လို့ ယူဆထားရင် ဘယ်ပဏ္ဍုက်ထဲပါဝင်သနည်းဆိုတာ ကိုယ့်ကိုယ်ပဲ အသိဆုံးဖြစ်မည်။

နောက်တစ်ခုက ယောက်ျားအင်္ဂါ၊ မိန်းမအင်္ဂါ နှစ်မျိုးလုံးပါနေသူကို ဥဘတောဗျဉ်း (ဥဘတောဗျဉ္ဇနက) ဟုခေါ်သည်။ မိန်းမ အင်္ဂါ ပိုထင်ရှား၍ ယောက်ျားအင်္ဂါ မထင်ရှားသော ဣတ္ထိဥဘတောဗျဉ်းနှင့် ယောက်ျားအင်္ဂါ ပိုထင်ရှား၍ မိန်းမအင်္ဂါ မထင်ရှားသော ပုရိသဥဘတောဗျဉ်းဟူ၍ နှစ်မျိုးရှိရာ ဣတ္ထိဥဘတောဗျဉ်းက ကိုယ်ကိုယ်တိုင်လည်း ကိုယ်ဝန်ဆောင်နိုင်သလို သူတပါးကိုလည်း မျိုးစေ့ပေးနိုင်သည်၊ ပုရိသဥဘတောဗျဉ်းကတော့ သူတပါးကိုပဲ မျိုးစေ့ပေးနိုင်သည်၊ ကိုယ်ကိုယ်တိုင်က ကိုယ်ဝန်မဆောင်နိုင်။ ထိုဥဘတောဗျဉ်းနှစ်မျိုးလုံး ကိုရင်ဘ၀ရော ရဟန်းဘ၀ကိုပါ ဖြစ်ခွင့်မရှိ။ ရဟန်းပြုခွင့်မရသော ပဏ္ဍုက်တို့ မိဘသတ်ဖူးသူတို့စသည်ဖြင့် သူတို့သည် ၀တ္ထုဝိပတ္တိဖြစ်ရကား ရဟန်းဖြစ်ခွင့် အင်္ဂါမစုံဟုဆိုသည်။

ဒကာမေးထားတဲ့ မေးခွန်းများသည်၊ ဘုရားရှင် လက်ထက်ကထဲက ရှိခဲ့ဖူးသည်၊ ကိုယ်ပြုခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ဘ၀မှာ ပုံသဏ္ဌာန်အမျိုး၊ ဘ၀ရဲ့ အနိမ့်အမြင့် ကွာဟသွားကြသည်။ ဘ၀မှာ လက်ရှိ ရတောင့်ရခဲလှတဲ့ လူ့ဘ၀ကို ဘယ်လို ဆက်ဖြတ်သန်းမလဲ ဆိုတာ ပို၍ အရေးကြီးသည်။ ရလာတဲ့ လက်ရှိဘ၀ကို တွယ်တာနေခြင်း မုန်းတီးနေခြင်းများ ဖြစ်နေမည့်အစား ပို၍ပို၍ ဘယ်လိုကောင်းအောင် လုပ်သင့်သလဲ ဆိုတာကိုပဲ စဉ်းစားရမှာ ဖြစ်သည်

ဒကာတော်ရေ--ပဏ္ဍုက်နဲ့ပတ်သက်ပြီး ၀ိနည်းမဟာဝါ အဋ္ဌကထာ၊ ပရိဝါရအဋ္ဌကထာ၊ ကင်္ခါဝိတရဏီအဋ္ဌကထာ၊ ၀ိနယသင်္ဂဟအဋ္ဌကထာတို့မှာ ပါရှိသည်အတွက် အဲဒီစာအုပ်တွေမှာ လေ့လာနိုင်သည်။ မြန်မာလို ရှင်းရှင်းလင်းလင်းရေးထားတဲ့ သင်္ဂြိုဟ်ဘာသာဋီကာ၊ ပါတိမောက်ဘာသာဋီကာ (မဟာဂန္ဓာရုံဆရာတော်)တို့မှာ ဖတ်ရှုနိုင်ပါသည်။ ရဟန်းပြုချင်တဲ့စိတ်ရှိနေတာကိုက ယောက်ျားစိတ်ဖြစ်နေတယ်လို့ ယုံကြည်မိပါသည်၊ ယောက်ျားဖြစ်ထိုက်တဲ့ အချက်အလက်တွေ ပြည့်စုံပါက ရဟန်းပြုလိုချင်စိတ်ရှိတဲ့အခါ ရဟန်းပြုလိုက်ပါလို့ပဲ တိုက်တွန်းပါတယ်။ “ဆန္ဒကို ကိုယ့်ရဲ့သိက္ခာနဲ့ ထိမ်းပါ” ဆိုတဲ့ အချက်ကိုတော့ အမြဲနှလုံးသွင်းထားပါ။ မကောင်းတဲ့ စိတ်ဖြစ်တိုင်း သတိရှိပါ၊ သိပါ၊ ဒါဆို ထိမ်းနိုင်ပါလိမ့်မည်။ ဒီလောက်ဆိုရင် ဒကာသိချင်တဲ့ အချက် ပြည့်စုံမည် ထင်ပါသည်၊ မေးဖော်ရတဲ့အတွက်ရော ဘုန်းဘုန်းရဲ့ ဆိုက်ကို အားပေးသည့်အတွက်ပါ အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၁၁-၂၀၁၂

21 November 2012

(၁၉)ခုမြောက် သီတဂူစက္ခုဒါနဆေးရုံ

(၁၉)ခုမြောက် သီတဂူစက္ခုဒါနဆေးရုံ

သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံကို ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ဇေယျသုခဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝင်းအတွင် တည်ဆောက် ဖွင့်လှစ်သည်။ ၂၀၁၂- နိုဝင်ဘာ ၁၄ ရက်နေ့တွင် သီတဂူစက္ခုဒါန ဆေးရုံဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
(သီတဂူစက္ခုဒါန ဆေးရုံဖွင့်လှစ်ပွဲ)

သီတဂူစက္ခုဒါနဆေးရုံတော်အတွက် မြေနေရာနှင့် အဆောက်အဦးကို ဇေယျသုခဘုန်းတော်ကြီးနှင့် တပည့် ဒကာ ဒကာမများက လှူဒါန်းသည်။ ထိုဆေးရုံတွင်တပ်ဆင်သော မီးစက်၊ ဆေးရုံသုံးပစ္စည်းအားလုံးကို သီတဂူဆရာတော်ကြီးနှင့် တော်ဝင်စင်တာမှ ဦးကိုကိုထွေး မိသားစု၊ ရာစုသစ်ရွှေဆိုင်ပိုင်ရှင် ဒေါ်ရွှေဥတို့နှင့် သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းသည်ဟု သိရသည်။

သီတဂူသာသနာပြုအဖွဲ့၏ ၁၉ ခုမြောက်ဆေးရုံတော်ဖြစ်သော သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံ (နမ့်ခမ်း)ကို သီတဂူသာသနာပြုအဖွဲ့မှ ကျပ်သိန်းပေါင်း ၄၀၀၀ (လေးထောင်) ကျော် ပါဝင် လှူဒါန်းထားသည်ဟု သိရသည်။

ယခု ၂၀၁၂ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့က စပြီး မျက်စိဝေဒနာရှင်များကို အခမဲ့ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်း၊ ကုသခြင်းများကို ပြုလုပ်နေပြီ ဖြစ်သည်။
(ဖွင့်ပွဲအခမ်းအနား မြင်ကွင်း)



ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၁၁-၂၀၁၂

17 November 2012

ကောလာဟလ သတင်းများ

ကောလာဟလ သတင်းများ

စာမိတ်ဆက်
တစ်နေ့က ဒကာမတစ်ယောက်က အီးမေလ်ကနေ ကောလာဟလ ငါးမျိုးအကြောင်းနဲ့ ပတ်သက်ပြီး မရှင်းတာလေးရှိလို့ မေးပါရစေဘုရားတဲ့၊ တပည့်တော်မ ကောလာဟလအကြောင်း ငါးမျိုးကို ဆရာတော်ကြီးတွေ ဟောတာ နာယူမှတ်သားဖူးတယ်ဘုရားတဲ့၊ ဒါပေမဲ့ အဲဒီ ငါးမျိုးထဲက တစ်ခုကိုတော့ ဘယ်ဆရာတော်မှ အကျယ်တ၀န့်ပြောမသွားဘူးဘုရား၊ တပည့်တော် ကျန်တာတွေကို အကျဉ်းအရိပ်ယောင်လောက်တော့ သိတယ်ဘုရား၊ တစ်ခုကိုတော့ မသိလို့ ရှင်းပြပေးပါဘုရားတဲ့။ အမှန်ပြောရရင် စာရေးသူလဲ အဲဒီ ကောလာဟလ ငါးမျိုးကို ကြားသာ ကြာဖူးသည်၊ သိပ်ပြီး ဂဃနဏ မသိလှဘူး၊ ထို ဒကာမ မေးမှပဲ ပြန်ကြည့်ဖြစ်တယ်၊ ထို့အတွက် ထိုဒကာမကို အထူးကျေးဇူးတင်မိသည်။ ကောလာဟလနဲ့ပတ်သက်ပြီး တက်နိုင်သလောက် စုစည်းပြီး တင်ပြလိုက်ရပါသည်။

ကောလာဟလ ၅ မျိုး

ကောလာဟာလဟူသည်ကား အုတ်အုတ်ကျက်ကျက်သော အသံဖြစ်လျှက် လောက၌ ကျော်စောခြင်းဖြစ်သတည်း။ ကောလာဟလကို အင်္ဂလိပ် အဘိဓာန်မှာတော့ Rumour ဟု ဆိုသည်။ ထို အင်္ဂလိပ် အဘိဓာန် အဆိုအရ လူတွေရဲ့ ဟိုအကြောင်း ဒီအကြောင်း ပြောတဲ့ သတင်းအစိတ်ပိုင်းတစ်ခု၊ ထိုသတင်းက မှန်ချင်မှ မှန်မည်၊ အတိအကျ သတင်းကား မဟုတ်။ စာရေးသူတို့ ငယ်ငယ်က ကြားဖူးသည်မှာ ကောလာဟလ ကြံကုန်ကြ ဒေ၀ မနုဿာတဲ့။ လူတွေ နတ်တွေ ကြံစည် စိတ်ကူးပြီး ပြောဆိုတဲ့ စကားကို ကောလာဟလ ဟုခေါ်သည်။

ကောလာဟလ အမျိုးအစားကိုတော့ အပါဒါန အဋ္ဌကထာ ပထမ-၅၈၊ ဗုဒ္ဓ၀ံသအဋ္ဌကထာ ၃၁၇၊ ဇာတကအဋ္ဌကထာ ပထမ-၅၆ နှင့် ၀ိသုဒ္ဓိမဂ်တို့မှာ-
၁။ ကပ္ပကောလာဟလ
၂။ ဗုဒ္ဓကောလာဟလ
၃။ စက္က၀တ္တိ ကောလာဟလ ဟု ကောလာဟလ သုံးမျိုးပဲ ပြထားသည်ကို တွေ့ရသည်။
ခုဒ္ဒပါဌအဋ္ဌကထာ နှာ-၁၀၁ နှင့် သုတ္တနိပါတ အဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ ၃တို့မှာတော့---
၁။ ကပ္ပကောလာဟလ
၂။ စက္က၀တ္တိ ကောလာဟလ
၃။ ဗုဒ္ဓကောလာဟလ
၎။ မင်္ဂလာ ကောလာဟလ
၅။ မောနေယျ ကောလာဟလ ဟု ကောလာဟလ ငါးမျိုးကိုပြထားသည်။

နောက်ထူးခြားမှုတစ်ခုမှာ သုံးမျိုးပြကောလာဟလ ရှေ့နောက် အစဉ်နှင့် ငါးမျိုးပြ ရှေ့နောက် အစဉ်တို့လဲ အထက်အောက်ပြောင်းနေသည်ကို တွေ့ရသည်။ ပြောင်းသည့်နံပါတ်မှာ နှစ်နှင့် သုံး ဖြစ်သည်။ သို့သော်လဲ အရေးမကြီးပေ၊ အများဆုံးပြ ငါးမျိုးကိုလေ့လာမည်၊ သုံးမျိုးပြ ငါးမျိုးပြ ကွဲပြားနေပေမဲ့ အတူပါသည့် သုံးမျိုးလုံး ရှင်းလင်းချက်ကိုတော့ အဓိပ္ပါယ် လုံးဝတူဖြစ်နေသည်။


၁။ ကပ္ပကောလာဟလ
ကပ္ပကောလာဟလ-ကမ္ဘာကြီးပျက်တော့မည့် ကောလာဟလသတင်းကို ကြွေးကြော်ကြခြင်း။ ကာမဘုံသား နတ်များတို့သည် ခေါင်းကို ငိုက်စိုက်ကျခြင်း၊ ဆံပင်တွေ ဖရိုဖရဲဖြစ်နေခြင်း၊ မျက်နှာ၌ မျက်ရည်တို့ကို သုတ်ခြင်း၊ ၀မ်းနဲခြင်းအထိမ်းအမှတ် အနီရောင် အ၀တ်အစားများကို ၀တ်ဆင်ခြင်း (ယနေ့ခေတ် ၀မ်းနဲခြင်း သင်္ကေတ အနက်ရောင်) စသည်ဖြင့် ငြိုးနွမ်းပင်ပန်း ၀မ်းနဲသော အသွင်ဖြင့် လမ်းမှာ တွေ့သမျှလူအားလုံးကို သတင်းစကား ပေးကြသည်။ သူတို့ ၀မ်းနဲစွာ ပြောသော စကားမှာ “အမောင်တို့--- အနှစ်တစ်သိန်းနောက်ပိုင်း ဒီကမ္ဘာကြီး ပျက်စီးလိမ့်မည်၊ သမုဒ္ဒရာရှိ ရေတွေ ခန်းခြောက်လိမ့်မည်၊ ဒီမဟာမြေကြီးနှင့် တောင်တွေ အားလုံး မီးဟုန်းဟုန်းတောက်လိမ့်မည်၊ ထိုမီးတောက်တို့သည် ဗြာဟ္မာပြည် ပထမဈာန်အထိ လောင်ကျွမ်းပြီး ကမ္ဘာကြီး ပျက်စီးလိမ့်မည်၊ ထို့ကြောင့် အချင်းအချင်း မေတ္တာပွားကြ၊ ကရုဏာထားကြ၊ မုဒိတာ ပေးကြ၊ ဥပေက္ခာ ရှုကြ၊ အမေ အဖေကို ပြုစုလုပ်ကြွေးကြ၊ ကြီးသူကို ရိုသေလေးစားကြ” ဟူသတည်း။ ဒါကိုပဲ ကပ္ပကောလာဟလ ခေါ်သည်။ ဒီလို ကောလာဟလမျိုးသည်၊ ကမ္ဘာပေါ်ရှိ သတ္တ၀ါတွေ ကိုယ်ကျင့်တရား လုံးဝပျက်စီးသွားပြီး၊ အဖေ အမေ၊ အစ်ကို အစ်မ မသဲကွဲတော့တဲ့အချိန်၊ ရှက်ခြင်း ကြောက်ခြင်းဆိုတဲ့ လောကပါလ တရားနှစ်ပါး ပျောက်ကွယ်သွားတဲ့ အချိန်၊ လူတွေရဲ့ သက်တမ်းသည်လည်း အနိမ့်ဆုံးသို့ ရောက်သွားသည့်အချိန်၊ လက်ဖြင့် စမ်းသပ် ကိုင်မိရာ အရာမှန်သမျှတို့သည် လူကို သေစေနိုင်သော လက်နက် ဖြစ်သည့်အချိန်မှာ ဖြစ်တတ်သည်။

၂။ စက္က၀တ္တိ ကောလာဟလ
စက္က၀တ္တိ ကောလာဟလ-စကြာဝတေးမင်း ပွင့်လိမ့်မည်ဟူသော ကောလာဟလ သတင်းပျံ့ခြင်း။ စကြာဝတေးမင်းဆိုတာလဲ အလွန်ထူးခြားသည့် လူသားတစ်ယောက် ဖြစ်သည်။ သူ့မှာ ပိုင်ဆိုင်သည့် သားကြီးရတနာ၊ မိန်းမရတနာ၊ ဂဟပတိ ရတနာ၊ စကြာရတနာ စတဲ့ ရတနာတွေကလဲ ဘယ်သူမှ မပိုင်ဆိုင်နိုင်သည့် ရတနာတွေဖြစ်သည်။ ပါရမီအမြင့်ဆုံးရောက် လူသားတစ်ယောက်သည် လောကီလူသား ဖြစ်လျှင် စကြာဝတေးမင်း ဖြစ်သည်၊ အကယ်၍ လောကီကို စွန့်လျှင်ကား ဘုရားဖြစ်မည်။ ထိုစကြာဝတေးမင်းသည် ဘုရားရဟန္တာတို့နှင့် တန်းတူ စေတီတည်ပြီး ကိုးကွယ်ထိုက်သည်ဟုတောင် ဆိုထားသေးသည်။ ဤကဲ့သို့ထူးခြားသည့် စကြာဝတေးမင်းသည် အနှစ် တစ်သိန်း ကျော်လွန်သွားရင် လောကကြီးထဲမှာ ထူးခြားစွာ ပွင့်တော်မူလိမ့်မည်ဟု နတ်တွေက ကြွေးကြော်ကြခြင်းသည် စက္က၀တ္တိ ကောလာဟလ မည်၏။

၃။ ဗုဒ္ဓကောလာဟလ
ဗုဒ္ဓကောလာဟလ- ဘုရားပွင့်မည်ဟုသော သတင်းစကား ကြွေးကြော်ကြခြင်း။ လောကပါလ နတ်တွေ၊ (တချို့နေရာမှာ) ဗြာဟ္မာအ၀တ်အစားတွေ ၀တ်ဆင်ပြီး သုဒ္ဒါဝါသ နတ်တွေက “ယခုချိန်မှ အနှစ်တစ်ထောင်လွန်လျှင် လောကကြီးထဲမှာ လောကအားလုံးကို သိတော်မူသော သဗ္ဗညု ဘုရား ပွင့်တော်မူလိမ့်မည်”ဟု မြို့ရွာတွေထဲမှာ လှည့်လည် ကြွေးကြော်ကြခြင်းကို ဗုဒ္ဓကောလာဟလ ဟုခေါ်သည်။ သဗ္ဗညု ဘုရား ပွင့်တော်မူလိမ့်မည်ဟုသော ကြွေးကြော်သံကို ယုံကြည်ကြသော တစ်သောင်းသော စကြာဝဠာရှိ နတ်အပေါင်းတို့က ဘယ်သူ ဘုရားဖြစ်ထိုက်သနည်း ဟု ဆွေးနွေးတိုင်ပင်ကြသတဲ့။ ထိုသို့ တိုင်ပင်ဆွေးနွေးပြီး ဘုရားဖြစ်ထိုက်သော တုသိတာနတ်ပြည်ရှိ နတ်သားကို ချဉ်းကပ်ပြီး တောင်းပန် လျှောက်ထားကြသတဲ့၊ “လူ့ပြည်သွားပြီး အချိန်၊ နေရာ၊ ကျွန်း၊ အမျိုး၊ အသက်အပိုင်းအခြားတို့ကို ဆင်ခြင်သုံးသပ်ပြီး ဘုရားအဖြစ် ပွင့်တော်မူပါ” ဟု တောင်းပန်ကြ၏။ ပါရမီပြည့်ဝပြီး ကမ္ဘာ့ခေါင်းဆောင်၊ လောက ဥသျှောင် ဖြစ်ထိုက်သူကို သာမန်လူသားတွေ မရွေးချယ်နိုင်၊ နတ်တွေကသာ ရွေးနိုင်သည်ဟု ဆိုရမည်။ လောကဥသျှောင်ကို နတ်တွေကပဲ ရွေးချယ်တင်မြောက်၊ နတ်ပြည်ရဲ့ ဒီမိုကရေစီ၊ လောကကြီးရဲ့ ဒီမိုကရေစီ အလား ဖြစ်ရသည်။ မှတ်မိသေးသည်၊ တလောက အမေရိကန် သမ္မတလောင်းနှစ်ယောက် ပြည်သူလူထုရှေ့မှာ နိုင်ငံတော်အတွက် စကားစစ်ထိုးပွဲ ပြိုင်ရသည်။ အမေရိကန် ဒီမိုကရေစီမှာတော့ သမ္မတဖြစ်ထိုက်တဲ့ ပါရမီရှင်များကို ပြည်သူက ရွေးချယ်ပြီး လူထုရှေ့မှာ အရည်အချင်း ပြိုင်စေပြီး လူထုကပဲ အရည်အချင်းစစ်၍ အမှတ်များသူကို သမ္မတအဖြစ် တင်မြောက်သည်။ ထူးခြားသည့် လူသားတစ်ယောက်ကို သာမန် လူသားတွေက ဤနည်းဖြင့် ရှာဖွေကြသည်။ ပါရမီ အထွဋ်အထိပ် ရောက်နေသော လောကဥသျှောင်ကိုတော့ သာမန်လူသားတွေ မရှာဖွေနိုင်၊ နတ်တွေ ဗြဟ္မာတွေကသာ ရှာဖွေနိုင်သည်။ ထို့ကြောင့် ခေါင်းဆောင်ဆိုတာ အာဏာမဟုတ်၊ သူ၏ပင်ကိုယ် အရည်အချင်းဖြစ်သည်။ ဤကား ဒီမိုကရေစီနည်းတည်း။

၎။ မင်္ဂလာ ကောလာဟလ

မင်္ဂလာ ကောလာဟလ- မင်္ဂလာအကြောင်း တောင်တောင်အီအီ တွေးတော ကြံစည်ကြခြင်း။ လောကမှာ မင်္ဂလာဆိုတာ ဘာလဲ? ဆိုတဲ့ မင်္ဂလာမေးခွန်းတစ်ခု လူ့ပြည်မှာ ကောလာဟလ ဖြစ်ခဲ့သည်။ တချို့က မင်္ဂလာဆိုတာ မြင်ရတဲ့ အရာကို မင်္ဂလာ (ဒိဋ္ဌမင်္ဂလာ) လို့ခေါ်တယ်၊ နောက်တစ်ယောက်တော့ မြင်အပ်ရာမှန်သမျှ မင်္ဂလာ မဖြစ်နိုင်ဘူး၊ ကောင်းတာရော၊ မကောင်းတာရော မြင်ရမည်၊ တင့်တယ်လှပတာရော မတင့်မတယ် မစင်ကိုလဲ မြင်ရမည့်အတွက် မြင်ခြင်း (ဒိဋ္ဌ)သည် မင်္ဂလာ မဖြစ်နိုင်တဲ့အတွက် ကြားတဲ့ အရာ (အကြေားအာရုံ)သည်ပင် မင်္ဂလာ (သုတမင်္ဂလာ) ဖြစ်သည်၊ နောက်တစ်ယောက်က ဒါလဲ မဖြစ်နိုင်ဘူး ကောင်းတာ မကောင်းတာ၊ သာယာတာ မသာယာတာတွေလဲ ကြားနိုင်လို့ မင်္ဂလာမဖြစ်နိုင်၊ မြင်ခြင်း ကြားခြင်း မရှိတဲ့ အနံ့သည်ပင် မင်္ဂလာ (မုတမင်္ဂလာ) ဖြစ်သည်။ ဤသို့ စသည်အားဖြင် လူတွေဟာ ထင်ရာ မြင်ရာတွေကို တွေးတော ကြံစည်ပြီး မင်္ဂလာဟု အငြင်းအပွား ဖြစ်နေကြသည်မှာ (၁၂) နှစ်တောင် ကြာသတဲ့။ ထို မင်္ဂလာနဲ့ပတ်သက်ပြီး အငြင်းအပွားဖြစ်လိုက်ကြတာ လူ့ပြည်ကနေ နတ်တွေ၊ နောက်ဆုံး တစ်သောင်းသော စကြာဝဠာအထိ မင်္ဂလာဆိုတာ တိကျတဲ့ အဖြေ မရနိုင်ဘဲ ၁၂ နှစ်အထိ ကြာမြင့်ခဲ့သည်။ နောက်ဆုံး လူ့ပြည်ကနေ ဗြဟ္မာ့ပြည်အထိ ရောက်သွားသော မင်္ဂလာ သတင်းသည် လူ့ပြည် ပြန်ရောက်လာပြန်သည်၊ ဘုရားရှင်ထံ ရောက်မှ မင်္ဂလာဆိုတာ အသေ၀နာ စ ဗာလာနံ အစချီသော ၃၈ ပါးသော မင်္ဂလာ သတင်း အတိကျကို ရရှိသွားကြသည်။ (၁၂) နှစ်တာ ကာလအတွင်း မင်္ဂလာဆိုတဲ့ စကားကို ပုံဖော်ခြင်းက လူ့ပြည်ကနေ ဗြဟ္မာပြည်အထိ အုတ်အုတ်သဲသဲ ဖြစ်သွားခြင်းကိုပဲ မင်္ဂလာ ကောလာဟလ ဟု ခေါ်သည်။

၅။ မောနေယျ ကောလာဟလ
နောက်ဆုံး ကောလာဟလ ကတော့ ထိုမေးခွန်းရှင် သိချင်နေတဲ့ မောနေယျ ကောလာဟလ ဖြစ်သည်။ ဒီကောဟလနဲ့ပတ်သက်ပြီး စာပေမှာလဲ အနဲအကျဉ်းမျှသာ ပြဆိုထားသည်၊ ထို့ကြောင့် ဓမ္မကထိကဆရာတော်များက အကျယ်တ၀န့် မဟောကြ။ ထိုမင်္ဂလာ ငါးပါးလုံး စုပြုံပြထားတဲ့နေရာမှာတော့ မောနေယျကောလာဟလဆိုတာ “၇ နှစ်ကြာရင် မထင်မရှားတဲ့ ရဟန်းတစ်ပါး ဘုရားရှင်နဲ့ ဆုံမိ၍ မောနေယျ အကျင့်ကို မေးလိမ့်မည်”ဟု သုဒ္ဓါဝါသ နတ်တွေက လူသွားလမ်းတွေမှာ လှည့်လည်ပြီး ပြောကြသတဲ့၊ ဒါကိုပဲ မောနေယျ ကောလာဟလ ဖြစ်သွားတော့သည်။ ပိုပြီး ရှင်းလင်းစေရန် မောနေယျ ဆိုတာ ဘာလဲ၊ မောနေယျ အကျင့်ဆိုတာ ဘာလဲ၊ ဘယ်လိုပုဂ္ဂိုလ် ကျင်တာလဲ ဆိုတာ သိဖို့လိုသည်။ မောနေယျနှင့်ပတ်သက်တာကို သီးသန့် ရှာဖွေလေ့လာရလိမ့်မည်။

မောနေယျအကျင့်ကို ကျင့်သူသည် ဘုရားတစ်ဆူမှာ တစ်ပါးသာ ပေါ်ထွန်း၏၊ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့နဲ့ မတူဘူးလားဆိုတော့ ကိလေသာကို ပယ်ခြင်းက တူ၏။ အကျင့်ကိုကား မတူဟု ဆိုရမည်။ မောနေယျ အကျင့်သည် အလွန်ပင်ပန်း၏၊ ထိုအကျင့်ကို ကျင့်ခြင်းဖြင့် ကိုယ်ခန္ဓာ ပိန်လှီ၏၊ အရိုးပြိုင်းပြိုင်းထ၏ ဟု ဆိုထား၏၊ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့လိုပဲ သူလဲ ဆုထူးပန် ဖြစ်ခဲ့သည်။ တခါက ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်မှာ မောနေယျ အကျင့်ကို ကျင့်နေသော ရဟန်းတစ်ပါးကို ဖူးမြင်ရ၍ ငါလည်းပဲ ဒီလို ရဟန်းမျိုး ဖြစ်ချင်ဟု ဆုပန်ကာ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်သည်။ ဆုထူးပန်ရှင်သည် ဂေါတမ ဘုရားရှင်လက်ထက်မှာ အသိတ ရသေ့တစ်ပါး၏ တူ နာလက အမည်ရှိ ရသေ့တစ်ပါး ဖြစ်လာသည်။ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ပြီး များမကြာမီမှာပဲ ဓမ္မစကြာတရားဟော၍ ပဉ္စ၀ဂ္ဂီ ၅ ဦးသော ရဟန်းတို့ ရဟန္တာဖြစ်ကြသည်။ ဓမ္မစကြာတရားဟောပြီး (၇) ရက်မြောက်နေ့မှာပဲ နာလက ရသေ့ မောနေယျအကျင့်ကို မေးပါတော့သည်။ မြတ်ဗုဒ္ဓသည် မောနေယျအကျင့်ကို ထင်ရှားစေဖို့ အာနန္ဒဇာတ် အစရှိသော ၀တ္ထု နှစ်ဆယ်တို့ကို ဟောတော်မူ၏။

မောနေယျ ဟူသည်
မောနေယျ ဆိုသည်မှာ မောနေယျဟူသည်ကား မဂ်ဉာဏ်လေးပါးကို ခေါ်ဆိုသည်၊ အထူးသဖြင့် အရဟတ္တမဂ်ဉာဏ်ကို မောနေယျဟူ၍ ခေါ်၏။ ထို့ ကြောင့် မဂ်ဉာဏ်လေးပါးသို့ ရောက်ကြောင်း ကောင်းမြတ် မှန်ကန်သော အကျင့်ကို မောနေယျပဋိပဒါ ဟုခေါ်သည်။ မောနေယျအကျင့် ပဋိပဒါနှင့် ဆက်စပ်ပြီး--------

“မောနေယျံ တေ ဥပညိဿံ၊ ဒုက္ကရံ ဒုရဘိသမ္ဘဝံ။
ဟန္ဒ တေ နံ ပဝက္ခာမိ၊ သန္ထမဿု ဒဠော ဘဝ
။” ဂါထာ အစရှိသော ဂါထာ နှစ်ဆယ့်သုံးပုဒ်ရှိသည်။ (ဤနေရာ၌ မဖော်ပြတော့ပေ)။ ထိုမောနေယျအကျင့်ကို ပြုနိုင်ခဲသည်ကို ပြုစွမ်းနိုင်သော ဝီရိယဖြင့် မိမိကိုယ်ကို ကြံ့ခိုင်စွာ ထားပြီးလျှင် မလျော့သော လုလ္လဖြင့် မြဲမြံစွာ ကျင့်ကြံကြိုးကုတ် အားထုတ်ရသည်။

မောနေယျ ပုဒ်သည် မုနိ ပုဒ်မှ ဆင်းသက်လာသည်ဟု ဆိုနိုင်သည်၊ မုနိကို ရသေ့ ရဟန်း ဘာသာပြန်ကြသလို စကားမပြောဘဲ နေခြင်းကိုလဲ ဘာသာပြန်နိုင်သည်၊ တော်တော်များများ နေရာတွေမှာတော့ မုနိပုဒ်က ဘုရားကို ရည်ရွယ်သည်။ တချို့နေရာတွေမှာ စကားမပြောတဲ့ အကျင့် ကျင့်နေသည်ကို ကြားဖူးသည်။ ဓမ္မပဒအဋ္ဌကထာ ၂-နှာ ၂၅၀ မှာတော့ မောနေယျ အကျင့်ဆိုတာ စကားမပြောဘဲ နှုတ်ငုံပိတ်ခြင်းမျိုးကို မဆိုလို၊ မဂ်ဥာဏ်ကိုပဲ ဆိုလိုသည်။

ဣတိဝုတ္တအဋ္ဌကထာ၊ မောနေယျသုတ် အဖွင့်မှာတော့ မောနေယျ ဆိုတာ လက်ရှိဘ၀နဲ့ အနာဂတ် နောက်ဘ၀အတွက် မိမိအကျိုး သူတစ်ပါးအကျိုးကို သိသူ ဆောင်ရွက်သူ ရဟန္တာ မဟုတ်သေးသော်လဲ ကလျာဏပုထုဇဉ်၊ အောက်မဂ် အောက်ဖိုလ်များ ရပြီးသူများကို ဆိုလိုသည်။ ထိုသုတ်မှာပဲ ကာယမောနေယျ- ကာယဒုစရိုတ် သုံးပါးကို ပယ်ပြီးခြင်းနှင့် ကာယကို အကြောင်းပြုပြီး ကာယသင်္ခါရ ချုပ်ငြိမ်းကာ စတုတ္ထဈာန်ရသူ၊ ၀စီမောနေယျ- ၀စီဒုစရိုတ် ၄ ပါးကို ပယ်ပြီးခြင်း၊ နှုတ်ဝစီကို အကြောင်းပြုပြီး ဆန္ဒရာဂကို ပယ်ခြင်း၊ ၀စီသင်္ခါရ ချုပ်ငြိမ်းကာ ဒုတိယဈာန်သို့ ရောက်သူနှင့် မနောမောနေယျ-မနောဒုစရိုတ် သုံးပါးကို ပယ်ပြီးခြင်း၊ မနောနှင့်စပ်ပြီး ဆန္ဒရာဂကို ပယ်ခြင်း၊ စိတ္တသင်္ခါရတို့ ချုပ်ငြိမ်းပြီး သညာဝေဒယိတနိရောဓသို့ ရောက်သူတို့ဖြစ်သည်ဟုလဲ ပြဆိုထားသည်။ ထိုအဋ္ဌကထာ စုန္ဒသုတ် အဖွင့်မှာတော မုနိကို ဥာဏ်ဟုဆို၍ ထိုဥာဏ်နှင့် ပြည့်စုံသူကို သို့မဟုတ် ဥာဏ်အကျင့်ကျင့်သူကို မောနေယျဟုခေါ်သည်။

အထက်မှာ ပြဆိုထားသည့် နာလက ရသေ့သည် မြတ်စွာဘုရားထံ မောနေယျအကျင့်ကို မေးပြီးသည်မှ စ၍ တောအုပ်တစ်ခုကို နှစ်ရက် မနေတော့၊ သစ်ပင်တစ်ပင်အောက်မှာလဲ နှစ်ရက်မနေဘဲ တစ်တောဝင် တစ်တောထွက်၊ တစ်ရွာဝင် တစ်ရွာထွက် စသည်ဖြင့် လှည့်လည်နေတော့သည်၊ တစ်နေရာ တစ်ရက်ထဲပဲ နေသည်။ ဤနည်းအားဖြင့် တစ်တောဝင်တစ်တောထွက်ပြီး မောနေယျအကျင့်များကို ကျင့်ခဲ့သည်မှာ အထွဋ်အထိပ်သို့ ရောက်သွားသည်။ အသက်ရှင်ဖို့ရာ ၇ လပဲ ကျန်တော့သည်။ မောနေယျအကျင့်ကို ပြင်းပြင်းထန်ထန် ကျင့်လျှင် ၇ ရက်ပဲ အသက်ရှည်သည်၊ အလည်အလတ် ကျင့်ရင် ၇ နှစ် အသက်ရှည်ခွင့်ရှိသည်၊ အနိမ့်စား ကျင့်လျှင် ၁၆ နှစ် အသက်ရှင်ခွင့်ရှိသည်။ နာလက ရဟန်းတော်ကတော့ ပြင်းပြင်းထန်ထန်ကျင့်၍ ၇ လမြောက်နေ့မှာပဲ အာယုသင်္ခါရ လွတ်ဖို့ (ပရိနိဗ္ဗာန်ပြဖို့) သိသဖြင့် ရေမိုးချိုး၊ သင်္ကန်းကို သေသေသပ်သပ်ဝတ်၊ နှစ်ထပ်သင်္ကန်းကြီးကို ပခုံးပေါ်တင်ပြီး ဘုရားရှင်ရှိရာ ကျောင်းတော်သို့ မျက်နှာမူပြီး ထိခြင်းငါးပါးဖြင့် ဦးတိုက်ပြီး၊ လက်အုပ်ကလေးချီကာ မက်တက်ရပ်လျှက် ပရိနိဗ္ဗာန်စံတော်မူသည်၊ သူ၏ဈာပနအပြီး ဘုရားနှင့်သံဃာတော်များက အရိုးတော်ဓာတ်တော်များကို စုပြီး စေတီတည်ပေးသည်။ ဘုရားတစ်ဆူမှာ တစ်ပါးသာ ရှားရှားပါးပါး ပေါ်သော မောနေယျအကျင့်ရှိသူကို ဘုရားကိုယ်တိုင် စေတီတည်ပေးသည်။

ထူးခြားသည့် ကျင့်စဉ်
မေးစရာရှိသည်မှာ ရဟန္တာချင်းတူပါလျှက် ရဟန္တာဖြစ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိရက်သားနဲ့ သူများနည်းတူ အားမထုတ်ဘဲ ဘာဖြစ်လို့ ဆင်းရဲ ပင်ပန်းသော မောနေယျအကျင့်ကို ကျင့်ရသနည်း။ ရှေးဘုရားလက်ထက်က မောနေယျအကျင့် ကျင့်သူကို အားကျ၍ ဆုထူးပန်ခဲ့ခြင်း၊ တရားတော်များကို စောင့်ရှောက်လိုခြင်း ဖြစ်ဟန်တူသည်။ တရားတော်ကို စောင့်ရှောက်ခြင်းဆိုသည်မှာ အရှင်မဟာကဿပနဲ့ ယှဉ်၍ နားလည်နိုင်သည်။ အရှင်မဟာကဿပသည် ရဟန္တာဖြစ်ပြီး ဖြစ်ပါလျှက် အဘယ့်ကြောင့် ပင်ပန်းဆင်းရဲတဲ့ ဓုတင် ၁၃ ပါးကို ကျင့်သနည်း၊ တကယ်တော့ အရှင်မဟာကဿပလဲ အလားတူပင် ဆုထူးပန်ဖြစ်ခဲ့သည်၊ ရဟန္တာဖြစ်ပြီး၍ သူကျင့်သမျှ သူလုပ်သမျှတို့ သည် သူ့အတွက်မဟုတ်တော့၊ သာသနာအတွက်သာ ဖြစ်သည်၊ နောင်လာနောက်သားများအတွက်သာ ဖြစ်သည်၊ တရားတော်ကို စောင့်ရှောက်ရန်အတွက်သာ ဖြစ်သည်။ နာလက မထေရ်လဲ ဘာ့ကြောင့် မောနေယျ အကျင့်ကျင့်သနည်း ဆိုရင် ထိုအဖြေအတိုင်းပင် ဖြစ်ပါလိမ့်မည်။

မောနေယျအကျင့်များကို စာမျက်နှာများသွားမှာကို မလိုလား၍ ဤနေရာ၌ မဖော်တော့ပဲ ဖော်ပြထားသည့် ဆိုက်ကိုပဲ လင့်ခ်ပေးပါမည်။ မောနေယျ အကျင့် ဂါထာများ အနက်မြန်မာပြန်ကို ဤမှာဖတ်ရှုနိုင်သည်။ ဒကာမ မရှင်းသော မောနေယျကောလာဟလ သည် ဤမျှလောက်ဖြင့် အဆင်ပြေမည်ထင်ပါသည်။

နိဂုံး
ကောလာဟလ ဆိုပေမဲ့ နောက်ဆုံးတော့ တကယ် အဖြစ်မှန်တွေ ဖြစ်လာတော့သည်။ ကောလာဟလ ငါးမျိုးက စာရေးသူတို့ ဓမ္မမိတ်အပေါင်းကို ဘာတွေ ပေးသလဲ၊ ကပ္ပကောလာဟလ- ကမ္ဘာကြီးပျက်စီးတော့မည်ဆိုတဲ့ သတင်းစကားကတော့ လောကမှာ ဘာမှ မမြဲပါလားဆိုတဲ့ သတိသံဝေကို ပေးသည်၊ ထိုသတိသံဝေဖြင့် တစ်ယောက်ကို တစ်ယောက် မာနတွေ၊ ဒေါသတွေ အာဃာတတွေ မထားဘဲ အချင်းအချင်း အပြန်အလှန် လေးစားခြင်း၊ မေတ္တာပွားခြင်း၊ ကရုဏာထားခြင်းဆိုတဲ့ စိတ်ဓာတ်မြင့်မားရေးတို့ကို ကပ္ပကောလာဟလက ပေးသည်။ ဗုဒ္ဓကောလာဟလ-ဖြင့် လောကမှာ ဖြစ်ပေါ်ခဲ၊ ပွင့်တော်မူခဲတဲ့ ပုဂ္ဂိုလ်ထူးကို ဖူးမျော်ခွင့်ရလေးခြင်းဆိုတဲ့ ဗုဒ္ဓါနုဿတိဖြစ်စေသည်။ မင်္ဂလာကောလာဟလက (၁၂) နှစ်တိုင်တိုင် ရှာဖွေးရင်း ဘုရားနဲ့တွေ့မှ သိခွင့်ရသည့် မင်္ဂလာတရား၊ ပွင့်ပေါ်ခဲသော ဓမ္မ၊ ကြားနာခဲသော မင်္ဂလာတရားတော်များကို နာခွင့်ရခြင်း၊ ကြားခွင့်ရခြင်းဆိုတဲ့ ဓမ္မာနုဿတိကို ပေးသည်။ မောနေယျကောလာဟလ ကတော့ ပွင့်တော်မူခဲသော ဘုရားသားတော်တွေသည် ဤကဲ့သို့ သာမန်လူတွေ ကျင့်နိုင်ခဲသော အကျင့်ထူးကို ကျင့်နိုင်ကြပါပကောလားဟု သော သံဃာနုဿတိကို ပေးသည်။ ကောလာဟလ ၅ မျိုးက “ဤသို့အားဖြင့် သံဝေဂပွားခြင်း၊ မေတ္တာတရား ဂရုဏာတရားတွေ ထားခြင်း၊ ပွင့်ပေါ်ခဲသော ဘုရား၊ တရား၊ သံဃာရတနာများဖြင့် ကြုံခိုက်၊ ရခဲတဲ့ လူ့ဘ၀ကို ရခိုက်၊ မကောင်းမှုရှောင် ကောင်းမှုဆောင်ဖို့ မမေ့ကြရန်” တိုက်တွန်းနှိုးဆော်လိုက်ပါတော့သတည်းးးးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၁၁-၂၀၁၂

11 November 2012

မဖြတ်သင့်သည်ကို ဖြတ်မိခြင်း

မဖြတ်သင့်သည်ကို ဖြတ်မိခြင်း

စာမိတ်ဆက်
သာသနာတော်မှာ မဖြတ်သင့်တာကို ဖြတ်မိခြင်းကြောင့် ဘုရားရှင်က သိက္ခာပုဒ်တွေ ပညတ်ရ၊ တရားဓမ္မတွေကို ဟောရပြောရသည်၊ အခါတပါး ကမ္မဋ္ဌာန်းတရားကို ပြင်းပြင်ထန်ထန် အားထုတ်ခြင်းကြောင့် လောကီဈန်တွေ ရသွားသော ရဟန်းတော်တပါးရှိခဲ့ဖူးသည်။ ရောဂါကြောင့် ထိုရပြီးဈာန်များမှ အောက်အောက်သို့ လျှောကျခဲ့သည်၊ ၆ ကြိမ်တိုင်တိုင်အားထုတ်သောလည်း ကျမြဲကျမြဲ ဖြစ်နေသည်၊ ဈာန်ဂတိသည်လည်း မမြဲပါလားဟု တွေးသည်၊ အနီးအနားရှိ ခေါင်းရိပ်ဓားဖြင့် မိမိရဲ့ လည်ပင်းကို လှီးဖြတ်သည်၊ သို့သော်လည်း ထိုရဟန်းတော်သည် ထိုဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းမှ ဆက်လက် အားထုတ်လိုက်ရာကနေ တဏှာကိုလည်း အမြစ်ပြတ် ဖြတ်နိုင်သည်၊ တပြိုင်တည်း လည်မျိုးလည်းပြတ် တဏှာလည်းပြတ်ဟု ပြောရမလို ဖြစ်သည်။ တပြိုင်တည်း ရဟန္တာဖြစ်သွားသည်ဟု ဆိုသည်။ ထူးခြားသည့် ရဟန္တာဖြစ်ပုံစံတည်း။ သဒ္ဓါတရား ပြင်ထန်သော ရဟန်းတော်များ၏ မိမိရဲ့ အသက်ကိုတောင် ငဲ့ကွက်ခြင်း တွယ်တာခြင်း မရှိဘဲ ရဟန်းတရားအားထုတ်သည်ဟု ပြဆိုသည်။

တချို့နေရာတွေမှာတော့ ရဟန်းတော်များသည် သာသနာတော်မှာ မပျော်မွေ့ ဖြစ်လာလျှင် သို့မဟုတ် ကိလေသာ ရာဂပိုးထလာလျှင် အသုဘဘာဝနာ၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းစသော ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများရမည့်အစား နီးစပ်ရာ မိမိရဲ့ ခန္ဓာကိုယ်ကို နာကျင်အောင် နိပ်စက်သည်၊ တချို့ ကိုယ့်ပေါင်ကို တစ်ခုခုနဲ့ ရိုက်သည်၊ တချိုကတော့ ဓားနဲ့တောင် ထိုးသည်၊ ဖြစ်နေတဲ့ ကာမရာဂစိတ်ကို နာကျင်သော ဝေဒနာဖြင့် ပြောင်းလိုက်ခြင်းပင်ဖြစ်သည်။ သို့သော် အတ္တကိလမထာနုယောဂ အစွန်းရောက်သော အကျင့်မျိုးဖြစ်ရာကား ဘုရားရှင်၏ နည်းလမ်းမဟုတ်ပေ၊ ထိုကဲ့သို့ ရာဂစိတ်ဖြစ်လာလျှင် တခြား အာရုံတစ်ခုကို ယူလိုက်ခြင်းဖြင့် တဒင်္ဂပျောက်နိုင်သည်အတွက် အကုသိုလ်စိတ်တွေ ဆက်မဖြစ်တော့ပေ။ သို့မဟုတ် ကိုယ့်မှာ ဖြစ်ပေါ်တိုင်းသော စိတ်ကို ကမ္မဋ္ဌာန်းအာရုံအဖြစ် ယူကာ သတိဖြင့်စောင့်ရှောက်ရပါသည်။ ဤကဲ့သို့သောအားဖြင့် နည်းများစွာရှိသည်။
စာရေးသူ ဗုဒ္ဓဂယာဘက်ကို ဒီတစ်ခေါက် ရက်အတော်ကြာ နေခဲ့သည်၊ ရက်ပေါင်း ၂၂ ရက်လောက်ရှိမည်ထင်သည်၊ များစွာ ဗဟုသုတတွေ ရခဲ့သည်၊ အထူးသဖြင့် မြန်မာနှင့် ဗုဒ္ဓဂယာ၊ တခြားတိုင်းပြည်တွေနှင့် ဗုဒ္ဓဂယာ၊ မဂဓ တက္ကသိုလ်၊ ထိုဂယာရှိ ပတ်ဝန်းကျင်အကြောင်း များစွာ လေ့လာ အကဲခတ်မိသည်၊ ပြောမကုန်အောင်သော သတင်းတွေလဲ ကြားခဲ့ရသည်။ ရှိစေတော့- ကျောင်းသားများကျောင်းဆောင်မှာ တည်းခိုသည်၊ မိတ်သစ် ဆွေသစ်တွေလည်း ရသည်၊ မိတ်ဟောင်း ဆွေဟောင်းများကိုလည်း တွေ့ရသည်။

တနေ့တော့ မဂဓတက္ကသိုလ်ရှိ သူငယ်ချင်းတပါးနဲ့ ဟိုအကြောင်း ဒီအကြောင်း စကားစပ်မိရာက သူ၏ ရွာက ဇာတ်လမ်းလေး တစ်ပုဒ်အကြောင်း ပြောပြသည်။ ထိုဇာတ်လမ်းအကြောင်းကြား ပြီး စိတ်မကောင်းတာတွေရော ဖြစ်မိသည်။ ဘုရားလက်ထက်က ထိုအဖြစ်မျိုး ဖြစ်ရပ်မှန်တစ်ခုကို သွားသတိရမိလိုက်သေးသည်။

ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်
တောရွာများ ထုံးစံအတိုင်း ရွာတစ်ရွာမှာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းသာ အရှိများသည်၊ အိမ်ခြေများစွာရှိသော ရွာများကလွဲ၍ အများစုက တစ်ကျောင်းပဲ ရှိသည်၊ တချို့ရွာတွေမှာဆို ဘုန်းကြီးကျောင်းတောင် မရှိဘူးဖြစ်နေတယ်။ သူငယ်ချင်း၏ ရွာကလေးမှာလဲ ဘုန်းကြီးကျောင်းတစ်ကျောင်းသာ ရှိသည်အတွက် တရွာလုံးက ကြည်ညိုကြသည်၊ ဘုန်းကြီးကို ချစ်ကြောက် ရိုသေကြသည်၊ ဘုန်းကြီး အလိုရှိတာမှန်သမျှ ဖြည့်ဆည်းပေးနိုင်ကြသည်။
သို့သော် ထိုဘုန်းကြီးကျောင်းမှာကား ဒကာမတစ်ယောက် ရှိနေသည်ကို ရွာသူရွာသားများက မကြိုက်ကြ။ ထိုဒကာမသည် ဆင်းရဲနွမ်းပါးသူ ဖြစ်သည်၊ ဘုန်းကြီးကျောင်းမှာပဲ ပုဂံဆေး ခွက်ဆေး တံမျက်စည်းလှည်းခြင်းဖြင့် သူ့ဘ၀ အသက်ရှင်ရေးအတွက် နေရရှာသည်။

ကြိုခြင်းငြိ
အိုခြင်းထားတော့ အိုခြင်းထိ၊ ကြိုခြင်းထားတော့ ကြိုးခြင်းငြိ ဆိုတာလိုပဲ သူတို့လဲ ကာမသတ္တ၀ါတွေပဲ ဘာခံနိုင်မလဲ ကြာလာတော့ ဘုန်းကြီးနဲ့ ဒကာမ သံယောဇဉ်ကြိုးလေး ငြိမိနေကြသည်။ ရွာသူရွာသားတွေကလည်း သိနေပေမဲ့ ဘုန်းကြီးကို ချစ်ကြောက် ရိုသေလွန်းသောကြောင့် မလျှောက်ရဲကြ၊ ထိုဒကာမကို ဒီကျောင်းက ထွက်သွားအောင် ဘယ်လို လုပ်ရမလဲဆိုတာကိုသာ တစ်ရွားလုံး ဆွေးနွေနေကြရတော့သည်။

တနေ့ ရွာကဘုန်းကြီး ကျောင်းအတွက် ၀ယ်စရာကိစ္စနဲ့ မြို့ပေါ်တက်သွားခိုက် ရွာမှ လူတချို့ ကျောင်းရောက်လာသည်၊ ဒကာမနဲ့တွေ့သည်၊ ဒကာမကို စကားနှစ်ခွန်းပြောပြီး ပိုက်ဆံပေးသည်၊ ထိုစကားမှာ ‘‘ ခင်များ ဒီပိုက်ဆံတွေ ယူပြီး ဒီရွာက ထွက်သွားပါ၊ ဒီလိုမှ မဟုတ်ရင် ခင်များ အသက် အာမ မခံနိုင်’’ ဟူသတည်း။ ဒကာမလဲ ရွာသားတွေ စုပေးလိုက်သည့် ပိုက်ဆံသည် သူမ ဘ၀တစ်သက်စာ လုံလောက်နေသည် အတွက် ရွာမှ အသာတကြည် ထွက်သွားရှာသည်။

ဘုန်းကြီးလဲ မြို့ကပြန်ရောက်လာသည်၊ ထိုဒကာမကို မတွေ့၊ မနက် အရုဏ်ဆွမ်းကပ်ချိန်၊ နေ့လည် ဆွမ်းကပ်ချိန်၊ ညနေ အအေးကပ်ချိန်တို့၌ ထိုဒကာမကို မတွေ့ရသဖြင့် စိတ်မကောင်း ဖြစ်နေသည်၊ ကြာလာတော့လည်း သူ၏ သန္တာန် ကိန်းနေတဲ့ အချစ်စိတ် (အနုသယစိတ်)တွေ ရိုးတို့ရွတ ဖြစ်နေသည်၊ သူမရှိတော့မှ သူ့အတွက် သူမက အရေးကြီးလာမှန်း သိလာသည်၊ နေ့စဉ် သတိတရ ဖြစ်နေသည်။

ဖြတ်သင့်တာ မဖြတ်
ကြာလာတော့ ထိုရောဂါ ကြီးထွားလာသည်၊ တနေ့တော့ ကိုရင်တွေကို သူ့အခန်းထဲ မ၀င်ရဟု အမိန့်ထုတ်ထားသည်၊ နောက်တနေ့ နေလည် ဆွမ်းစားပြီး အချိန်လောက်မှာ အခန်းထဲဝင်ပြီး ပြန်မထွက်တော့ဘဲ အခန်းအောင်းနေတော့သည်၊ ကိုရင်တွေလဲ ဘုန်းကြီး အပြင်မထွက်တာ ကြာပြီး အခန်းထဲ ဘာဖြစ်မှန်းမသိဘူး၊ အခန်းအနား ကပ်ပြီး နားထောင်ကြည့်တော့ ဘုန်းကြီးက တဟီးဟီးနဲ့ နာကျင်ခံစားရတဲ့ ဝေဒနာကြောင့် ငြီးနေသည်၊ ဘုန်းကြီးဘုရား ဘုန်းကြီးဘုရားဟု အော်ခေါ်သော်လည်း ဘုန်းကြီး ပြန်မထူးဘဲ ငြီးနေတော့သည်၊ သွေးတွေက တံခါးအပြင်ဘက်သို့ စီးလာတာကို မြင်တော့မှ ‘‘ဟာ----- သွေးတွေ သွေးတွေ’’ဟု အော်ဟစ်ကြသည်၊ ရွာကလူတွေလဲ ရောက်လာကြသည်၊ တံခါးကို သံထုတ်တွေနဲ့ အတင်း ထုရိုက် ဖွင့်လိုက်တော့မှ ဘုန်းကြီး၏အဖြစ်ပျက်ကို မြင်ကြ၍သဖြင် ‘‘ဟာကနဲ၊ ဟင်ကနဲ’’ ဖြစ်သွားကြသည်၊ အံ့သြခြင်း ကြောက်ရွံ့ခြင်း ထိတ်လန့်ခြင်းများ ဖြစ်သွားကြသည်။

အကြောင်းမူကား ဘုန်းကြီးသည် သူ၏ မွေးရာပါ ယောက်ျားအင်္ဂါအစိတ်ပိုင်းကို အရင်းကနေ ဖြတ်ပြစ်လိုက်ခြင်း ဖြစ်သည်၊ သွေးများ စီးကျနေသဖြင့် သင်္ကန်းဖြင့် အုပ်ထားပြီး နာကျင်စွာ ခံစားနေရသည်၊ ဒီလိုနဲ့ ဘုန်းကြီးကို ပွေ့ပြီး မြို့ပေါ် ဆေးကုသရန် ခေါ်သွားကြသည်၊ အရေးထဲ ရဲက သွေးထွက်သံယို ဖြစ်မှုနဲ့ စစ်ဆေးနေသေးသည်၊ ကျောင်းမှာလဲ အချိန်ကြာခဲ့ပြီး ရဲစခန်းမှာ အချိန်ထက်ကုန်ပြန်ပြီ၊ ဒီလိုနဲ့ သွေးထွက်လွန်သွားသဖြင့် ဘုန်းကြီးအသက် ဆေးရုံတောင် မရောက်နိုင်တော့ပေ။

ယုံကြည်ချက်များ
လူတစ်ယောက် ဘာ့အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အသက်ဆုံးပြီဆိုရင် သဂြိုဟ်တဲ့ အခါ (နောက်ဆုံးအချိန်မှာ) နာရေးရှင်တွေက ကိုယ့်လူကို မျက်စိ နား နာ စတဲ့ အင်္ဂါ ခြေ လက် စုံစုံပါသွားစေချင်ကြသည်၊ နောက်ဘ၀မှာ ဒီလို မပြည့်မစုံ ပါသွားပါက ဒီလိုမပြည့်မစုံနဲ့ ပြန်ဖြစ်လာမည်ဟု ယူဆထားကြသည်။ ဤကား သဿတဒိဋ္ဌိ အယူထဲ ပါသွားနိုင်သည်။ တကယ်တော့ ထိုကဲ့သို့မဟုတ်၊ ကိုယ်ပြုခဲ့သော ကုသိုလ် အကုသိုလ်တို့၏ သတ္တိကသာ နောက်ဘ၀အထိ ပါသွားမည်၊ ခန္ဓာကိုယ် အနေအထားကား ပါသွားမည် မဟုတ်။

စာရေးသူ ပူနေးတက္ကသိုလ် ဒဿနိကဗေဒမှာ Bio Ethic ဘာသာရပ် သင်ခဲ့ရဖူးသည်၊ အဲဒီအထဲမှာ လူတစ်ယောက် သူ့ရဲ့ ခန္ဓာကိုယ်ကို ဆေးရုံသို့ လှူထားသည်၊ သူ တစ်စုံတစ်ခုကြောင့် အသက်ဆုံးရှုံးသွားခဲ့သော် သူ၏ခန္ဓာကိုယ် အစိတ်ပိုင်းမှ လိုအပ်တာကို အလှူခံနိုင်ရန် လှူထားသည်၊ ဒါပေမဲ့ ဘာသာရေးအရပဲ ဖြစ်ဖြစ် ယုံကြည်ချက်ကြောင့်ပဲ ဖြစ်ဖြစ် မိဘ ဆွေမျိုးများက သူတို့ရဲ့ လူ နောက်ဆုံးခရီးမှာ အင်္ဂါခြေလက် အပြည့်စုံပါသွားစေချင်ကြသောကြောင့် ဥပဒေအရ ခွင့်လွတ်ထားပေမဲ့ ဘာသာရေးအရ ခွင့်လွတ်မထားရကား ထိုလူနာ၏ အစိတ်အပိုင်းကို ယူခွင့်မရှိ။ ဥပဒေအရရော ဘာသာရေးအရပါ ညှိရသည်။ တချို့ဘာသာရေးတွေ မှာ ဒီဘ၀မှာ အင်္ဂါခြေလက် အစုံမပါသွားရင် နောင်ဘ၀လဲ ဒီလိုပဲ ဖြစ်လိမ့်မည်ဟု ယူဆထားကြသည်။

စာရေးသူတို့ ဗုဒ္ဓဘာသာမှာတော့ ဒီလို အင်္ဂါအစိတ်အပိုင်း အလှူမျိုးက ဒါနထဲမှာ အမြတ်ဆုံး ဒါနပါရမီဟု ဆိုထားသည်၊ ဘုရားအလောင်းများသာ ဖြည့်ကျင့်နိုင်သော အလှူဒါနမျိုးဖြစ်သည်၊ အင်္ဂပရိစ္စာဂ-ကိုယ်အင်္ဂါ အလှူ၊ ဇီဝိတပရိစ္စာဂ-အသက်အလှူ ဖြစ်သည့်အတွက် ဒါနပရမတ္ထပါရမီ မည်သည်။ ဗုဒ္ဓတရားတော်အောက်မှာ မွေးဖွားလာကြသော စာရေးသူတို့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ သွေးအလှူအသင်းအဖွဲ့တွေ ပေါ်ပေါက်လာတာဟာ ဒါနပရမတ္ထပါရမီ အတွက်ပဲ ဖြစ်သည်၊ အမွန်မြတ်ဆုံး အလှူဖြစ်သည်၊ ဇီဝိတဒါန အာယုဒါန ဆေးရုံတွေ၊ နာရေးကူညီမှုအသင်းတွေ ပေါ်ပေါက်လာခြင်းသည်လည်း ဘုရားအလောင်း၏ ဒါနပါရမီခန်းကို အားကျ၍ပင် ဖြစ်သည်။ လူသာဓုခေါ် နတ်သာဓုခေါ်သည့် အလုပ်များပင် ဖြစ်သည်၊ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဆေးရုံသို့ လှူဒါန်းထားသူများလည်း စာရေးသူတို့ မြန်မာနိုင်ငံမှာ အမြောက်အမြား ပေါများသည်။

သေလျင် ပြစ်ခဲ့ရမည့် ဘာမှ တန်ဖိုးမရှိမည့် ခန္ဓာကိုယ်ကို မတွယ်တာဘဲ မိမိတို့ အင်္ဂါအစိတ်ပိုင်းများသို့ လှူခဲ့သောကြောင့် အသက်ဆက်ရှင်ပြီး လောကအကျိုး သာသနာအကျိုး ဆောင်ရွက်မည့် လူနာများကို နှလုံး၊ မျက်ကြည်လွာ စသည်များကို အသက် ဆက်ပေးခဲ့ကြသည့် မွန်မြတ်သာ ပုဂ္ဂိုလ်များလည်း များစွာရှိသည်။

အင်္ဂါစုံတဲ့ ဘုန်းကြီးအတွက် ဈာပန
ဒါပေမဲ့ တချို့မှာတော့ မွန်မြတ်သော အလုပ်ဟု ဆိုစေကာမူ နောင်ဘ၀အတွက် အင်္ဂါခြေလက် မစုံမှာကို စိုးရိမ်နေကြသည့် သဿတဒိဋ္ဌိ အယူကား ရှိနေသေးသည်။ ဘုန်းကြီးအတွက် ဈာပနလုပ်ဖို့ စီစဉ်ရတော့သည်၊ အင်္ဂါက မစုံဖြစ်နေသည်၊ ဘုန်းကြီးမှာ မွေးရာပါအင်္ဂါက ဖြတ်ထုတ်ထားတာ ဆိုတော့ အခက်တွေ့နေသည်၊ ဒီလိုနဲ့ သူနေတဲ့ အခန်းမှာ လိုက်ရှာကြသည်၊ ကံကောင်းချင်တော့ တံခါးကြားမှာ ညပ်နေသည်၊ ပုရွက်ဆိပ် ချီသွားတာလား ကြွက်ချီသွားတာလား မသိ၊ ၂ ရက် ၃ ရက်ဆိုတော့ ခြောက်သွေ့နေသည်။ ဒီအဖြစ်တွေကို တွေးပြီး ရွာသူရွာသားတွေလဲ စိတ်မကောင်း ဖြစ်ကြသည်၊ ဘုန်းကြီးကိုလည်း အလွန်သနားမိသွားကြသည်။

စာရေးသူကတော့ အော်-- ဖြတ်သင့်တာကို မဖြတ်ဘဲ မဖြတ်သင့်တာကို ဖြတ်လိုက်တာပါလားလို့ သံဝေဂပွားမိသည်။ ဒီဇာတ်လမ်းလေးကို ကြားရတော့ ထိုဘုန်းကြီးအတွက် စိတ်မကောင်း ဖြစ်မိသလို ဘုရားလက်ထက်က ဒီလို အဖြစ်မျိုးကို အမှတ်ရမိသည်။

ဖြတ်သင့်တာက
စာရေးသူ သာမဏေကျော်တန်း ၀င်တုန်းက ၀ိနည်း ၅ကျမ်းတွင် စူဠ၀ါပါဠိတော်ဆိုတာ ရှိသည်၊ ထိုစူဠ၀ါပါဠိတော်ထဲတွင်- ရဟန်းတော်တစ်ပါးသည် ထိုကဲ့သို့သော သံယောဇဉ် အချစ်တွေကြောင့် သာသနာတော်၌ မမွေ့လျော်ဖြစ်နေသည်၊ ထိုသို့သော မမွေ့လျော်ခြင်းက တနေ့တနေ့ နှိပ်စက်ဖန်များတော့ ခံနိုင်ရည်မရှိဖြစ်လာသည်၊ ထို့ကြောင့် သူ၏ မွေးရာပါ ယောက်ျားအင်္ဂါအစိတ်ပိုင်းတစ်ခု ကို ဖြတ်ပြစ်လိုက်သည်။ ဘုရားထံရောက်တော့ ဘုရားက မဖြတ်သင့်တာကို ဖြတ်၊ ဖြတ်သင့်တာကို မဖြတ်လို့ ရှုံ့ချ အပြစ်တင်တယ်။ ဖြတ်ရမှာက တဏှာရာဂဖြစ်သည်၊ ထိုတဏှာသည်သာ ဖြတ်သင့် ဖြတ်ထိုက်သည်ဟု ဆိုသည်။ ထို့နောက် ရဟန်းတော်များ ကိုယ့်အင်္ဂါဇာတ်ကို မဖြတ်ရ၊ ဖြတ်လျင် ထုလ္လဇဉ်းအာပါတ် သင့်စေ ဟု ဥပဒေတစ်ရပ် ပညတ်လိုက်သည်။

ဖြတ်သင့်တာကို ဖြတ်မှ ချမ်းသာမည်၊ မဖြတ်သင့်တာကို ဖြတ်က ချမ်းသာအစစ် မရနိုင်၊ ဆင်းရဲခြင်း၊ ၀မ်းနဲခြင်းများကိုသာ တိုးပွားစေသည်၊ တကယ်ဖြတ် တကယ်ချမ်းသာရမှာက ရာဂ၊ ဒေါသ စတဲ့ ကိလေသာများကို ဖြတ်နိုင်ခြင်းကသာ ချမ်းသာအစစ်ဖြစ်သည်။ အခါတစ်ပါး နတ်သားတစ်ယောက် ဘုရားထံရောက်လာသည်၊ “အရှင်ဘုရား--လောကမှာ ဘာကိုဖြတ်မှ ချမ်းသာမလဲ ဘုရား၊ ဘာကိုဖြတ်ရင် စိုးရိမ်ပူပန်မှု သောက မရှိနိုင်သနည်းဘုရား”ဟု မေးလျှောက်တော့ “ကောဓံ ဆေတွာ သုခံသေတိ- အမျက်ဒေါသကို ဖြတ်နိုင်ခြင်းသည် ချမ်းသာ အစစ်ဖြစ်သည်၊ ကောဓံ ဆေတွာ န သောစတိ- အမျက်ဒေါသကိုဖြတ်နိုင်ခြင်းသည် စိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း သောကကို ဖြတ်ရာ ရောက်သဖြင့် ချမ်းသာ၏” ဟု မိန့်သည်။ တစ်ခါ ဓမ္မပဒမှာတော့ “ဆေတွာ ရာဂဉ္စ ဒေါသဉ္စ၊ တတော နိဗ္ဗာနမေဟိတိ- ရာဂ ဒေါသတို့ကို ဖြတ်နိုင်ပြီးမှသာ ချမ်းသာအစစ် နိဗ္ဗာန်ကို ရောက်နိုင်မည်” ဟူသတည်း။

စာရေးသူတို့လို သာမန်ပုထုဇဉ်တွေ အတွက် ရာဂ ဒေါသဆိုတာ ရှိနေမှာ ဖြစ်သည်။ အချစ်တို့ သံယောဇဉ်တို့ဆိုတာတွေ ရှိနေမှာ အမှန်ပင်ဖြစ်သည်၊ အကြောင်းတရား တိုက်ဆိုင်လာလို့ ထိုသံယောဇဉ်တွေ အချစ်တွေနဲ့ ရင်ဆိုင်လာသည့်အခါ ဘာလုပ်မလဲ? မြတ်ဗုဒ္ဓရဲ့ နည်းလမ်းကတော့ ဣန္ဒြိယသံဝရပင် ဖြစ်သည်။


ဒီဇင်ဘာ၊၂၀၁၁မှာတုန်းက ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးက ဗုဒ္ဓဂယာ ကျောင်းသားတွေကိုကို မိန့်ဖူးတဲ့ စကားတစ်ခွန်းရှိသည်၊ ‘‘ကောင်မလေးက အရှင်ဘုရားကို မရရင် သေရပါတော့မယ်ဆိုရင် ထွက်သာ ယူလိုက်တဲ့၊ ဒါပေမဲ့ ကောင်မလေးနဲ့ မတွေ့မချင်းတော့ စာအံ စာကျက်ကြ’’တဲ့။ ဆိုလိုတာ အမြဲတမ်း စာအံ စာကျက်နေဖို့ရန် ဗုဒ္ဓဂယာမှာ စာသင်သားများအား ပေးသည့် သြ၀ါဒ ဖြစ်သည်။ စာအံ စာကျက်နေခြင်းကလည်း ဣန္ဒြိယသံဝရပင် ဖြစ်သည်။

ထို့ကြောင့် တကယ်ချမ်းသာလိုလျှင် တကယ်ဖြတ်သင့်တာကို ဖြတ်နိုင်ကြပြီး တကယ့် ချမ်းသာအစစ်ကို ရနိုင်ကြပါစေကုန်သတည်းးးးးးးးး။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၁၂-၂၀၁၁

06 November 2012

သီတဂူအလှူ (အိန္ဒိယ၊ ဘင်္ဂလားဒေးရှ်)

 
(ဓာတ်ပုံ=သီတဂူစတား (ဒီဇင်ဘာ၊၂၀၁၁ က ရိုက်ခဲ့)
 
(က) ဗုဒ္ဓဂယာအလှူ
ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၁၂ ရက်နေ့ အထိ (၁၀) ရက်တိုင်တိုင် နိုင်ငံတကာ တိပိဋက ရွတ်ဘာသ် ပူဇော်ပွဲကို ဗုဒ္ဓဘာသာနိုင်ငံများက အလှည့်ကျ ဦးဆောင်၍ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိပင်အောက်တွင် နှစ်စဉ် ကျင်းပလေ့ရှိသည်။ ယခုနှစ် ၂၀၁၂ ပွဲကို မြန်မာနိုင်ငံက ဦးဆောင်ကျင်းပမည်ဖြစ်သည်။ ထိုပူဇော်ပွဲကို သီတဂူဆရာတော် ဦးဆောင်၍ တိပိဋကဆရာတော်များနှင့် ၆၆ ယောက်ပါ တပည့် ဒကာ-ဒကာမများ ထိုမြေမြတ်မဟာသို့ သွားရောက် ပူဇော်ကြမည် ဖြစ်သည်။ ထိုပွဲအတွက် သီတဂူသာသနာပြုအဖွဲ့က အမေရိကန် ဒေါ်လာ (၁) တစ်သိန်း လှူဒါန်းမည် ဖြစ်သည်။

(နှစ်စဉ် အိန္ဒိယတက္ကသိုလ် အသီးအသီးတွင် ပညာသင်ကြားနေကြသော မြန်မာရဟန်းတော် ၆၀၀ ခန့်ကို ပညာသင်စရိတ် ထောက်ပံ့သည့် အစီအစဉ်လဲ ပါရှိကြောင်း၊ သို့သော် သတင်းကား အတိအကျ မရသေး)

ထိုပူဇော်ပွဲနှင့်ပတ်သက်ပြီး “မဟာဗောဓိအသံ” အမည်ရှိ ပို့စ်တစ်ခုဖြင့် စာရေးသူ၏ဆိုက်တွင် နှိုးဆော်ခဲ့ဖူးသည်။

(မှတ်ချက်) သီတဂူစတား သည် ထိုနေ့ထိုရက်များတွင် ဗုဒ္ဓဂယာတွင် ရှိနေပါမည်)

( အိန္ဒိယရောက် မြန်မာ ရဟန်းတော်များ နိုင်ငံတကာ တိပိဋက ပူဇော်ပွဲတွင် ပါဝင်)


(ခ) ဘင်္ဂလားဒေ့ရှ် အလှူ
များမကြာမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သမိုင်းဝင် ရှေးဟောင်း ဗုဒ္ဓဘာသာ ဘုရားကျောင်းဆောင်၊ ဘုန်းကြီးကျောင်းဆောင် အများပြားကို မီးရှို့ဖျက်ဆီးခံရသဖြင့် ဗုဒ္ဓဘာသာ လူအနဲစုသာ နေသော ထိုနိုင်ငံတွင် ပြန်လည်ထူထောင်နိုင်ဖို့ အလွန်ခက်ခဲသည်။ ထိုဗုဒ္ဓဘာသာ ကျောင်းဆောင်များ ပြန်လည်ထူထောင်ရေးအတွက် သီတဂူသာသနာပြုအဖွဲ့က အမေရိကန် ဒေါ်လာ တစ်သိန်းကို လှူဒါန်းမည် ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၁၀-၂၀၁၂

01 November 2012

Ph.D သိမ်

Ph.D သိမ် (သို့) ခရီးသွားမှတ်တမ်း

စာမိတ်ဆက်

ရှေးကတော့ ရဟန္တာများ သမုတ်တဲ့ သိမ်ကို ရဟန္တာသိမ်ဟု ခေါ်သည်၊ ရဟန္တာ အရှင်မြတ် အရှင်အရဟံ သမုတ်တဲ့ သိမ်ကို အရှင်အရဟံ သိမ်ဟု ခေါ်သည်၊ ဘုရားရှင်၏ အရဟံဂုဏ်တော်ကို ဂုဏ်ပြု၍ အရဟံသိမ်ဟုလဲ အမည်ပေးကြသည်။ စာရေးသူနေခဲ့တဲ့ မဟာဂန္ဓာရုံကျောင်းတိုက်မှာတော့ ပွဲကုန်းရပ်က ဆောက်လုပ်လှူဒါန်းလို့ ပွဲကုန်းသိမ်ဟု အမည်တွင်သလို မိုးကုတ်မြို့က လှူဒါန်းသော သိမ်ကိုတော့ မိုးကုတ်သိမ်ဟု ခေါ်ခဲ့ကြသည်။ ယနေ့တော့ Ph.D ကျောင်းသား ရဟန်းတော်များ သမုတ်ခဲ့လို့ Ph.D သိမ်လို့တောင် အမည်ပေးရတော့မလို ဖြစ်သည်။

ဘုံဘေမြို့ စောမယကောလိပ်ရှိ၊ စာရေးသူတို့အဖွဲ့သည် ၂၆-၁၀-၂၀၁၂ သောကြာနေ့ည သိမ်နုတ် သိမ်သမုတ်ခြင်း၊ ရဟန်းခံပေးခြင်း စတဲ့ သံဃာ့ကံကိစ္စနဲ့ နာဂပူမြို့သို့ ဒုတိယအကြိမ်ရောက်ခဲ့ပြန်သည်။ စာရေးသူကိုယ်တိုင်ကလဲ ထိုနာဂပူမြို့သို့ရောက်ခဲ့ပြီး ၁၂ ရက်တိုင်တိုင် နေခဲ့ပြီးသည်၊ “ကမ္ဘာ့အကြီးကျယ်ဆုံး ဘာသာရေးပြောင်းပွဲကြီး” ဆိုတဲ့ပို့စ်ဖြင့် ထိုဒေသအကြောင်း ရေးခဲ့ပြီးသည်။ စာရေးသူမှာလဲ supervisor နဲ့ စာရေးလိုက် စာပြလိုက် စာပြင်လိုက် အလုပ်များနေတဲ့ကြားက ထိုဒေသသို့ ရောက်ဖူးပေမဲ့ သံဃာ့ကံကိစ္စကြောင့် မဖြစ်မနေ လိုက်သွားခဲ့ရသည်။ အကျိုးများစွာလည်းရှိပါသည်။
 
(ထီးတော်တင်လှူပွဲ) 
(ထီးတော်တင်လှူရန် ထီးတော်အဆင့်ဆင့်များ ပင့်ဆောင်ခြင်း)
သာသနာအတွက် အရေးပါသည့်သိမ်
သိမ်ဆိုတာကတော့ သိတဲ့အတိုင်းပဲ သံဃာ့အရေးမှာ အရေးပါဆုံးဖြစ်သည်။ သူမရှိရင် မဖြစ် ဖြစ်နေသည်။ ထိုသိမ်ကပဲ ရဟန်းအဖြစ်ကို မွေးထုတ်ပေးနိုင်သည်၊ ထိုသိမ်မရှိက ရဟန်းဖြစ်ဖို့မလွယ်၊ ဒေါက်တာအမ်ဘေဒကာကြောင့် ဗုဒ္ဓဘာသာ အသက်ပြန်လည်ရှင်သန်လာသော နာဂပူမြို့မှာ သိမ်မရှိတဲ့အတွက် ရဟန်းတစ်ပါးဖြစ်ဖို့ရာ အလွန်ခက်ခဲနေသည်၊ လူဆိုတာ ခက်ခဲရင် ဘာမှ မလုပ်ချင်ကြ၊ အလွယ်တကူဖြစ်မှသာ လုပ်ချင်ကြသည်၊ အလွယ်ကို သိပ်ကြိုက်ကြသည်။ အထူးသဖြင့် ဘာသာရေးလို ကိစ္စမျိုးတွေမှာဆို ပိုလို့တောင် ဆိုးသေးသည်။ ဘုန်းကြီးကျောင်းကိုတောင် အနီးအနားမှာ အလွယ်တကူရှိမှ သွားချင်ကြသည်၊ ခက်ခဲရင် မရောက်ဖြစ်တော့၊ ဝေးနေရင် နှစ်ခေါက် သုံးခေါက်ရောက်ရမည့်အစား တစ်ခေါက်ပဲ ရောက်ဖြစ်တော့သည်။ အလားတူပဲ သိမ်အခက်ခဲကြောင့် သိမ်ရှိတဲ့ အလွန်ဝေးလံလှတဲ့ နေရာမှာ သွားပြီး ရဟန်းပြုဖို့ဆိုတာ သာမန် စိတ်ဓာတ်၊ သဒ္ဓါတရား ၀ိရိယတို့ဖြင့် မလွယ်ကူ။ ထိုဒေသမှာ သိမ်အလွယ်တကူ ရှိနေရင် အရင် တစ်ပါးကနေ နှစ်ပါး သုံးပါး အထိ တိုးလာနိုင်သည်။ ယနေ့ စာရေးသူတို့အဖွဲ့က သွားရောက်ပြီး သိမ်ကိစ္စကို စနစ်တကျ ဆောင်ရွက်ပေးလိုက်ခြင်းကြောင့် သာသနာအတွက် များစွာအထောက်ကူပြုသည်ဟု ဆိုနိုင်သည်။ ယခင်က ရဟန်းတစ်ပါး ဖြစ်ချင်ရင် ရထားဖြင့် တစ်ညအိပ် ခရီးသွားရတဲ့ ဗုဒ္ဓဂယာဘက်ထိ သွားပြီး ရဟန်းပြုကြရသည်။ အခုဆိုရင် အဲဒီအခက်အခဲကို စာရေးသူတို့အဖွဲ့က ဖြေရှင်းပေးလိုက်သည်။

ဘာမှ မသိရှာ သနားစရာ

တကယ်တော့ ထိုဒေသရှိ ဗုဒ္ဓဘာသာဝင်များသည် ရဟန်းတစ်ပါး ဖူးမြင်ရဖို့ အလွန်ခက်ခဲသလို ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ဘာမှ မသိရှာ၊ သိမ်အကြောင်း၊ ရဟန်းခံခြင်း၊ ကထိန်ခင်းခြင်း စတဲ့ ကံကြီးကံငယ်အကြောင်း သိဖို့ အတော်ကို ဝေးနေသည်။ ထိုဒေသမှာ လူဝတ်ကြောင် မပြောနဲ့ အိန္ဒိယဘုန်းကြီးတွေတောင် ယခုကဲ့ သိမ်နုတ်ခြင်း၊ သိမ်သမုတ်ခြင်းကို မြင်ဖူးမည် မထင်။ စာရေးသူတို့အဖွဲ့က သိမ်နုတ်ရန် အကွက်ရိုက်ခြင်း၊ သိမ်နုတ်ကမ္မ၀ါဆောင်ခြင်၊ သိမ်းနိမိတ်ကြားခြင်း၊ သိမ်သမုတ်ကမ္မ၀ါဆောင်ခြင်းကိစ္စများကို မြန်မာပြည်က လုပ်ရိုးလုပ်နည်းအတိုင်း စနစ်တကျ ဆောင်ရွက်ပေးလိုက်သဖြင့် သူတို့တတွေ အံ့သြ ၀မ်းသာ ပီတိ ဖြစ်နေကြသည်။ မြန်မာပြည်က အတိုင်းပဲ သိမ်ဆင်းပွဲတွေ ကျင်းပပေးလိုက်သည်၊ နောက်နေ့ အိန္ဒိယကျောင်းသားတစ်ယောက်အား ထိုသိမ်အသစ်မှာပဲ ပထမဆုံးအကြိမ် ရဟန်းခံပေးလိုက်သည်။ တစ်ချိန်တည်း တစ်နေရာတည်းမှာပဲ သိမ်နုတ်၊ သိမ်သမုတ်၊ ရဟန်းခံခြင်း ကံဆောင်မင်္ဂလာကို ချပြပေးလိုက်ခြင်းဖြင့် ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ဘာမှ မသိသေးတဲ့ ထိုဒေသရှိ သာသနာအတွက် များစွာ အားရစရာ ဖြစ်ရသည်။ ထိုသိမ်သမုတ်ပွဲနဲ့ ရဟန်းခံပွဲတွေမှာ နာဂပူက အကြီးဆုံး ဆရာတော်ကြီး (သံဃာ့နာယက) နှစ်ပါးလဲကြွလာသည်၊ စာရေးသူတို့အဖွဲ့ သွားရောက် ကန်တော့ကြသည်။ ဆရာတော်ကြီးများလဲ အားရ ကျေနပ်တော်မူကြသည်၊ မြန်မာရဟန်းတော်တွေ အလွန်နှုညံ့သိမ်မွေ့ကြတယ်၊ တော်လည်းတော်ကြတယ်ဟု အမိန့်ရှိသည်။ ကျောင်းထိုင်ဆရာတော်ကဆို တအားဝမ်းသာနေသည်၊ အရှင်ဘုရားများကို အရမ်းကျေးဇူးတင်တယ်ဘုရား၊ တပည့်တော်တစ်ပါးတည်းဆို ဘာမှ မလုပ်တတ်ဘူး၊ အရှင်ဘုရားများ ကျေးဇူးကြောင့် အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်သွားတယ်ဘုရား၊ အဲဒီနေ့က အိန္ဒိယ ရုပ်သံကလဲ တိုက်ရိုက်ထုတ်လွင့်သည်။ ထိုနာဂပူမြို့၊ သာရိပုတ္တဗုဒ္ဓ၀ိဟာရကျောင်းရှိ သိမ်တော်ကို အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့ စောမယကောလိပ်ရှိ မြန်မာရဟန်းတော် Ph.D ကျောင်းသားများချည်း သမုတ်ခဲ့လို့ Ph.D သိမ်လို့ ဆိုချင်အံ့။
(မြန်မာနိုင်ငံမှ လှူဒါန်းလိုက်သော စိန်ဖူးတော်နှင့် ထီးတော်များ ပင့်ဆောင်လာစဉ်)
မြန်မာဆန်တဲ့ ဘုရားထီးတင်ပွဲ
စာရေးသူတို့ မြန်မာနိုင်ငံမှာတော့ နေရာအနံ့အပြားမှာ ဘုရားထီးတော်တင်ပွဲတွေ တွေ့နေရသည်၊ ထိုအတွက် ဗုဒ္ဓဘာသာနိုင်ငံတွေ အတွက် အထူးအဆန်းကား မဟုတ်တော့၊ သို့သော်လည်း ဗုဒ္ဓဘာသာနဲ့ဆိုင်ရာ ယဉ်ကျေးမှု လုံးဝနည်းပါး ပျောက်ကွယ်သွားသော အိန္ဒိယလို နေရာမျိုးမှာကတော့ အထူးအဆန်းဖြစ်လိမ့်မည်။ သိမ်ကိစ္စနဲ့ ရဟန်းခံပေးခြင်း ကိစ္စပြီး နောက်နေ့မနက် ၂၉ ရက်နေ့မှာတော့ ထိုမြို့ ထိုကျောင်းသုံထပ်ရှိ ခေါင်မိုးအပေါ်မှာ တည်ထားတဲ့ စေတီတော်ကို ထီး စိန်ဖူး၊ ငှက်မြက်နား စသည်များကို တင်လှူပူဇော်ပွဲ ဖြစ်သည်။ စေတီပုထိုးတောင် ကောင်းကောင်း မမြင်ဖူးတဲ့ ထိုဒေသရှိ ဗုဒ္ဓဘာသာဝင်တွေအတွက် ထီးတော်တင်လှူပွဲကား အံ့သြ ၀မ်းသာစရာ ဖြစ်သည်။ တကယ်တော့ သူတို့တတွေသည် စေတနာ သဒ္ဓါတရား မညံ့ကြပါ၊ ဘာလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုတော့ အသိပညာ ဗဟုသုတ အလွန်နည်းပါးကြသည်။ ဒီနေ့တော့ မြန်မာမှု မြန်မာဟန်ဖြင့် ထိုစေတီ ထီးတင်ပူဇော်ပွဲကို ခန်းခန်းနားနား အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သည်အတွက် သမိုင်းမှတ်တိုင် တစ်ခုဖြစ်ခဲ့သည်။

မြန်မာ့ဟန်နဲ့ နာဂပူ

ဘုရားထီးတင်ပူဇော်ရာဝယ် ထီးတော်များ ပင့်ဆောင်ခြင်း၊ လှည့်လှည်ပူဇော်ခြင်း၊ ရွှေမိုးငွေမိုးများရွာသွန်းခြင်း စတဲ့ မြန်မာမှုမြန်မာ့ဟန်များကို အိန္ဒိယနိုင်ငံ နာဂပူမြို့မှာ ပြသနိုင်ခဲ့သဖြင့် မြန်မာနှင့်ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနှင့်မြန်မာဟု တွဲမြင်စေခဲ့သည်။ စာရေးသူတို့အဖွဲ့အား လိုလေးသေးမရှိအောင် ကျောင်းထိုင်ဘုန်းကြီးက စောင့်ရှောက်သည်၊ ရပ်ကွက်ရှိ ဒကာဒကာမများကလဲ အလှည့်ကျ ဆွမ်းကပ်ကြသဖြင့် တာဝန်ကျေကြသည်။ အိန္ဒိယပြည်တွင် အများစုက သက်သက်လွတ်စားကြသည်၊ အသားဟင်းများဖြင့် မစားတတ်ကြ၊ ထိုသက်သက်လွတ်ဝါဒသည် မြန်မာပြည်အထိ လွမ်းမိုးလာခဲ့သည်။ သက်သက်လွတ်စားလျှင် ကုသိုလ်ရသည်ဟု ထင်တတ်ကြသည်၊ သတွာတွေ အပေါ် မေတ္တာ ကရုဏာကြောင့် သက်သက်လွတ်စားနေတာ ကောင်းပေမဲ့ ထိုသက်သက်လွတ် အစားအစားအပေါ် ရသတဏှာ ၀င်နေခြင်းက ဘုရားအလိုတော်ကျ မဟုတ်။ ဘုရားရှင်က မစားကောင်းသော အသားကြီး ၁၀ မျိုးကလွဲရင် ကျန်သော အသားဟင်းများကို မိမိအတွက် ရည်စူး၍ သတ်ဖြတ်သည်ဟူသော မြင်ခြင်း ကြားခြင်း၊ ယုံမားသံသယဖြစ်ခြင်း စတဲ့ အစွန်သုံးပါးက လွတ်နေလျှင် စားကောင်းသည်ဟု ဟောခဲ့။ အသားဟင်းစားနေပေမဲ့ ထိုအစားအစာအပေါ် ဆင်ခြင်စားနေပါက ထိုထိုသက်သက်လွတ်သမားထက် ပိုကုသိုလ်ရသည်။ အိန္ဒိယသက်သက်လွတ်သမားများသည် ထိုကဲ့သို့ကား မသိ၊ သူ့ရိုးရာအရ သက်သက်လွတ်စားနေကြပေမဲ့ မြန်မာရဟန်းတော်များ အတွက် ကုလားအစားအစာ အနံ့ နဲနိုင်သမျှ နဲအောင် စီမံပြီး အသားဟင်းများကိုလဲ အထူးစီမံပေးသည်။
 
(သိမ်နုတ်၊ သိမ်သမုတ် အခမ်းအနားတွင် နာဂပူသံဃာ့နာယက ဆရာတော်ကြီးများအား ရိုသေပေးခြင်း)

ရပ်ကွက်ထဲက အိမ်တက်မင်္ဂလာအတွက်လဲ သံဃာများ သွားရောက် ချီးမြောက်ပေးလိုက်ကြသည်၊ သံဃာရှားပါးသော နေရာမှာ ယခုလို သံဃာများများစားစား နဲ့ အရွယ်တူ ဆိုက်တူ အသွင်တူများကို ဖူးမျှော်ရသည့်အတွက် အားရ ကျေနပ်နေကြသည်။ သံဃာကို ဖူးရကောင်းမှန်းသိသည်၊ သံဃာကို ပြုစုတတ်လာကြသည်၊ သံဃာ့ဂုဏ်ရည်ပင်ဖြစ်သည်၊ ယခုလို အ၀တ်အစား ညီညီ၊ အရွယ်ညီညီ ဖူးမြင်ရသည့်အတွက် ပိုပြီး သံဃာ့ဂုဏ်ကို ထင်ဟပ်စေသည်၊ သံဃာ (အဖွဲ့လိုက်) မဟုတ်ဘဲ တပါးချင်းစီဆိုရင် ကြည်ညိုဖွယ် ဖြစ်ချင်မှ ဖြစ်မည်၊ တောင်မြို့ မဟာဂန္ဓာရုံမှာ နေစဉ်က ဆရာတော်ကြီးများက မကြာမကြာပြောလေ့ရှိသည်၊ “အ၀တ်အစား အရောင်တူ၊ ဆံရိပ်တာချင်းလဲ တူ၊ သပိတ်လွယ်၊ ဘိနပ်ကအစ တူစေသည်၊ ညီစေသည်၊ ထိုသို့ညီညွတ်ချင်းက ကြည်ညိုစရာ ဖြစ်စေသည်၊ တစ်ပါးချင်းစီဆိုရင် မြင်ရမှာက ရွဲ့တာ စောင်းတာ၊ မဲ့တာ၊ မည်းတာ၊ တိုတာ၊ ပုတာ၊ ရှည်တာ၊ ကွေးတာ ကောက်တာ စသည်အားဖြင့် အသွင်မတူသည့်အတွက် လူတွေရဲ့ စိတ်ကို မဖမ်းစားနိုင်၊ စိတ်ရဲ့ ကြည်လင်မှု၊ အေးချမ်းမှုကို မပေးနိုင်” ဟု မိန့်သည်၊ ထို့ထက် ပိုပြင်းထန်သော စကားမှာ တစ်ယောက်ချင်းစီကို လိုက်ကြည့်နေရင် ဂျိုကျိုး နားရွက်ပဲ့နေမှာ အများနဲ့ အသွင်တူ အဆင်တူ မြင်ရတော့ ထိုပျော့ကွက် ဟာကွက်တွေ ပျောက်ပြီး သံဃာ့ဂုဏ်ကို ပီပြင်စေသည်။

စာရေးသူတို့အဖွဲ့လဲ အလားတူပင် ဖြစ်မည်၊ အရွယ်တူ ဆိုက်တူ အဆင်းတူ ကျောင်းသား ရဟန်းတော်များကို ဖူးမြင်ရသဖြင့် နာဂပူသားတွေ ပီတိတွေ ဖြစ်သည်။ အလှူအတန်းမရှိသော အိန္ဒိယလူမျိုးတွေ လှူတတ်သွားသည်၊ လှူရကောင်းမှန်းသိလာသည်၊ ထို ဘုရားထီးတော် တင်ပွဲနေ့ကပဲ ကျောင်းဘေးမှာ မဏ္ဍပ်များထိုးပြီး မနက်ပိုင်းကစပြီး ညနေပိုင်းအထိ လာသမျှလူတွေကို စတုဒိသာ ကျွေးမွေးသည်။
 
(သံဃာတော်များ ဆွမ်းကပ်ခြင်း၊ စတုဒိသာ ကျွေးခြင်းများ)


ပြန်မည့်နေ့မှာလဲ တပည့်ဒကာ ဒကာမတွေ လာနုတ်ဆက်သည်၊ တန်းစီကြွလာသော စာရေးသူတို့အဖွဲ့အား အိန္ဒိယရူပီးများလဲ လမ်းစရိတ်အဖြစ် လာလောင်းလှူကြသည်။ ကျောင်းဘုန်းကြီးလဲ အားရကျေနပ်နေသည်၊ မြန်မာမှုမြန်မာ့ဟန်များကို လက်တွေ့ချပြလိုက်ရသဖြင့် ပီတိတွေ ဖြစ်နေသည်။ ကျောင်းဘုန်းကြီးရော ဒကာ ဒကာမတွေကပါ နောက်နောင်လဲ အဆက်မပြတ် ကြွရောက်ဖို့ ဖိတ်သည်၊ အားလုံးကို ကျေးဇူးတင်ခြင်းဖြင့် နာဂပူမြို့ကို နုတ်ဆက်ကာ ညနေ ၈-၅၀ ရထားဖြင့် ဘုံဘေမြို့သို့ ပြန်ခဲ့ကြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၁၁-၂၀၁၂

26 October 2012

မိန်းမအား ငါးပါး အပိုင်း (၂)


မိန်းမအား ငါးပါး အပိုင်း (၂)

(၂) အမျိုးသ္မီးတို့၏ အသံ၊
အသံသည်လည်း အမျိုးသမီးများ၏ စွမ်းအားတစ်ခုဖြစ်သည်၊ ထိုအသံလှိုင်း ရိုက်ခက်ခံရသူ ဆန့်ကျင်ဘက် ပုရိသတို့ ပြိုလှဲကြရသည်။ အမျိုးသမီး၏ အသံကွန်ယက်ထဲသို့ ကျရောက်သူ ပုရိသတို့ ရုန်းထွက်ဖို့ရန် ခက်ခဲလိမ့်မည်။

ဘုရားရှင်ကို ဖူးမျှော်ရန် မျက်မမြင် မထေရ်ကြီးတစ်ပါးသည် လမ်းပြအဖြစ် တူတော်မောင် ကိုရင်လေးကို လက်ကိုင် တောင်ဝှေးကို ဆွဲစေကာ ဘုရားရှင်ရှိရာ အရပ်သို့ သွားသည်။ လမ်းခုလပ် တောအုပ်ကြီးထဲရောက်တော့ သီချင်းလေးတကျော်ကျော်နဲ့ ထင်းခွေ ထင်းခုတ်နေတဲ့ အမျိုးသမီး အသံလေးကို ကြားတော့ ကိုရင်လေး မနေနိုင် မထိုင်နိုင်ဖြစ်သည်၊ ထိုအမျိုးသမီးလေ၏ အသံ၏ဆွဲငင်အားသည် ကိုရင်လေး နားသောတမှ တဆင့် နှလုံးသားစီသို့ ဆွဲဆန့်သိမ်းကြုံးယူကာ ကိုရင်လေးလဲ ထိုအသံ၏ကွန်ယက်ထဲမှာ ရုန်းမထွက်နိုင်အောင် ဖြစ်နေတော့သည်။ ဦးရီးတော်ကို တစ်ပတ်ရိုက်ကာ ခဏလေး အခင်းကြီးသွားအုန်းမယ်ဆိုပြီး ထွက်သွားလိုက်တာ မကြာပါဘူး ကိုရင်လေးလဲ ရသေ့ကြီးလိုပဲ ဈာန်လျှောရပြန်သည်။ အမျိုးသမီး၏အသံလောက် ယောက်ျားတစ်ယောက်၏ တကိုယ်လုံး တုန်ခါ ပျံ့နှံသွားရလောက်အောင် တခြား ဘာအသံမှ မရှိဘူးတဲ့။

အမျိုးသမီး၏ ဘာစားမလဲ ဘာလုပ်ပေးရမလဲ၊ ဘာကူညီပေးရမလဲ၊ ယူပါ၊ စားပါ၊ သောက်ပါ၊ စသည်ဖြင့် အမျိုးသမီးတစ်ယောက်၏ အပြုစု အယုအယ အသံရဲ့ ဒဏ်ကို ခံနိုင်တဲ့ ပုရိသ မရှိသလောက်ရှား၊ ထိုအသံအောက်မှာပဲ သာယာကြသည်၊ ပြိုလဲကြသည်။ ယနေ့အင်တာနက်ခေတ်မှာ ပိုလို့တောင် ဆိုးပေါ့၊ လူမမြင်ရ အသံနဲ့ပဲ ကျေနပ်နေကြတာ၊ မမြင်မကန်း မှုံဝါးဝါး စကားလုံးတွေ ဖတ်ပြီး လေလှိုင်းက အသံကွန်ယက်အောက်မှာ ရုန်းမထွက်နိုင်သူတွေ သတိသာထား၊ ခါးနာမည်၊ မျက်ကျောတက်မည်၊ မျက်စိမှုန်မည်၊ ဆီးချုပ် ၀မ်းချုပ်ဖြစ်ပြီး မျက်စိတွေ ဦးနှောက်တွေ ရေရှည် သုံးမရဖြစ်သွားမည်။

ကိုယ့်ရှူးကိုယ်ပြန်ပတ်
ဒီစာကို ဖတ်ပြီး ကလေးမလေးတစ်ယောက်က ဘုန်းဘုန်းကပဲ ဗိုက်ဆာတယ်ပြောလို့ ဘာစားချင်လဲလို့မေးတာ နောက် မမေးတော့ပါဘူးတဲ့။ တော်ကြာ တမျိုးထင်နေမှာစိုးလို့တဲ့-pppppp။ အဲဒါမှ ကိုယ့်စကားနဲ့ကိုယ် ပြန်ထိတာပဲ။ ယောနိသော မနသိကာရဆိုတာ အလွန်အရေးကြီးပါတယ်၊ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ပြောတာ ဆိုတာကို နာသူ ကြားသူကလဲ သတိရှိဖို့ပဲ။ အယောနိသော မနသိကာရ-မလျော်တဲ့စိတ် ၀င်သွားရင်တော့ ကိုယ့်အန္တရာယ်ကို ကိုယ်တိုင်ပဲ ရှာယူတာပဲ။

(၃) အမျိုးသ္မီးတို့၏ အနံ့၊
အမျိုးသမီး၏အနံ့သည်လည်း စွမ်းအင်တမျိုးဖြစ်သည်၊ ကွန်ယက်တစ်ခုဖြစ်သည်။ ဣတ္ထိဂန္ဓ- အမျိုးသမီးများ၏ ခန္ဓာကိုယ်က ပင်ကိုယ်အနံ့ကို မဆိုလို၊ ခန္ဓာကိုယ်ကို လိမ်းကြံထားသော သနပ်ခါး၊ ရေမွှေး၊ အမွှေးနံ့သာ အားလုံးတို့၏ အနံ့သည်လည်း ဆန့်ကျင်ဘက် ပုရိသ၏ စိတ်ကို သိမ်းကြုံးယူနိုင်သည်။ တကယ်တော့ ခန္ဓာကိုယ်ကြီး၏ အတွင်းပိုင်းကို ၀င်ကြည့်လိုက်ရင် အစာသစ်၊ အစာဟောင်း၊ မစင်၊ သွေးပုပ်၊ ပြည်၊ စသည်အားဖြင့် ပြည့်နေသည်ကို တွေ့ရမည်၊ ထို မစင်စသည်တို့ပြည့်နေသော ခန္ဓာကိုယ်မှ ထွက်လာသော အနံ့သည်လည်း ဘယ်ကောင်းနိုင်မည်နည်း။ တကယ်တော့ ထိုမစင်တွေ မမြင်အောင် ဖုံးထားသည်၊ ထိုအနံ့တွေ မထွက်အောင် လိမ်းကြံထားသည်။ မစင်အိုကြီး ဆေးဆိုးပန်းရိုက်ထားသလိုပင် ဖြစ်သည်။ ညအိပ်ရာဝင် ရှေးခေတ် ဘုရင်များက ကျင်ကြီးကျင်ငယ်စွန့်သည်အခါ အိုးထဲကို စွန့်ကြသည်၊ ထိုအိုးကို အမြင်ကြည့်ကောင်းအောင် ဆေးဆိုးထားသည်၊ ပန်ချီးဆွဲထားသည်။ အပြင်ကကြည့်ရင်တော့ ထိုအိုးက သိပ်လှနေသည်၊ အတွင်းမှာ မစင်တွေ အပြည့်၊ အလားတူပဲ သတ္တ၀ါတွေရဲ့ ခန္ဓာသည်လည်း အမြင်ကောင်း အနံ့ကောင်းအောင် မစင်အိုး ပန်းချီးရေးသလို ပြုပြင်ထားကြသည်။ ဒါကို မြင်အောင် ကြည့်တတ်ဖို့လိုသည်၊ အ၀ိဇ္ဇာမှောင် ပိတ်ကာလှောင်သဖြင့် မမြင်မကန်းဖြစ်နေသူတွေအတွက် မက်မောစရာ တပ်မက်စရာ ဖြစ်နေသည်၊ အသုဘကို သုဘထင်သည့် စိတ္တ၀ိပလ္လာသပင်ဖြစ်သည်။ စိတ်ဖောက်ပြန်သည်ဟိုဆိုလိုသည်၊ ရူးနေသည်ဟု ဆိုက ပိုမှန်သည်။

အမျိုးသမီးများ၏ ပင်ကိုယ်အနံ့
မလိမ်းမခြယ်ဘဲ အမျိုးသမီးများ၏ခန္ဓာကိုယ်က အနံ့ လေးမျိုးထွက်သည်ဟု စာပေမှာ တွေ့ရသည်။ (၁) မြင်းအနှံ့ (အဿဂန္ဓိနီ), (၂) ဆိပ်အနံ့-သိုးအနံ့ (မေဏ္ဍကဂန္ဓိနီ), (၃)ချွေးအနံ့ (သေဒဂန္ဓိနီ), (၄) သွေးအနံ့ (သောဏိတဂန္ဓိနီ) ဟူ၍ ပြထားသည်။ သို့သော်လည်း ထူးခြားသည့် အမျိုးသမီးများ၏ ကိုယ်ခန္ဓာမှ စန္ဒကူးအနံ့ထွက်သည်၊ ပါးစပ်မှ ကြာပန်းအနံ့ထွက်သည်ဟူ၍လည်း ဆိုထားသည်။ အနံ့နှင့်ပတ်သက်ပြီး တိရစ္ဆာန်မတွေ၏ ဥတုသွေးအနံ့ကို ၄ ယူဇနာ (တစ်ယူဇနာ-၆ မိုင် ခန့်မှန်းခြေ) ၂၄ မိုင်အကွာအဝေးမှ တိရစ္ဆာန်အထီးတွေ ခံစားနိုင်သည်ဟု ဆိုသည်။ စာပေက ဆိုထားသေးသည်မှာ ဒီလောက် ဆိုးဆိုးဝါးဝါးအနံ့ထွက်နေတဲ့ အမျိုးသမီးကို တပ်မက် မက်မောတဲ့ ပုရိသကို အန္ဓဗာလ (မိုက်မိုက်ကန်းကန်း) ဟုသတည်း။

သို့သော်လည်း ထိုအမျိုးသမီး၏ အနံ့သည် ထိုပုရိသတို့အတွက် အလွန်ကြီးမားသော စွမ်းအင်ရှိသည်။ ထိုအနံ့ ရှူမိသူတိုင်းသော ပုရိသတို့ ကြက်သီးမွှေးညှင်းထကြသည်ဟု ဆိုသည်။ တောင်မြို့ မဟာဂန္ဓာဆရာတော်ကြီး စာသင်သားဘ၀က ကဗျာလေးတစ်ပုဒ်ရေးခဲ့ဖူးသည်။ သူ၏ တစ်ဘ၀သံသရာ စာအုပ်တွင် ဖတ်နိုင်သည်၊ ထိုကဗျာ အစနှင့်အဆုံး မေ့နေသည်၊ အလည်လဲ ကောင်းကောင်း မမှတ်မိတော့))))))။ သူ စာတက်ရန် အသွား လမ်းမှာ ကျောင်းအမ၏ သမီးတစ်ယောက် အနားနားက ဖြတ်လျှောက်သွားသည်။ သူ့ကိုမမြင်လိုက်ရပေမဲ့ သူ၏ ကိုယ်ရနံ့က ကြက်သီးထသွားသည်ဟု ဆိုသည်။ အဲဒီအချိန်မှာပဲ ကဗျာလေးတစ်ပုဒ် စပ်ဆိုခဲ့သည်တဲ့။ “ကြည့်ရုံ မြင်ရုံအဆိပ်တက်သမို့ သိပ်ခက်သကွဲ့ အမိတို့ရေ” စသော ကဗျာဖြစ်သည်။ အကြည့်ခြင်းစုံလိုက်တာ အဆိပ်တက်သွားနိုင်သည်။ ဒိဋ္ဌ၀ိသမြွေ၊ ထိလိုက်တာနဲ့ အဆိပ်တက်သည့် ဖုဋ္ဌ၀ိသမြွေဟု စသဖြင့် အဆိပ်ပြင်းသည်၊ စွမ်းအားကြီးသည်။ ထိုစွမ်းအားကြီးတဲ့ ကွန်ယက်၊ အဆိပ်တို့မှ ကာကွယ်ရန် ဘုရားရှင်က သူ့တပည့်တွေအား အသုဘကမ္မဋ္ဌာန်းတရား၊ ၃၂ ပါးကောဋ္ဌာသတို့အကြောင်း အကြိမ်များစွာ ဟောကြားခဲ့သည်။

(၄) အမျိုးသ္မီးတို့၏ အနှစ်
အမျိုးသမီးတို့၏ အနှစ်ဆိုတာ ဣတ္ထိရသ- ရသာရုံကိုဆိုလိုသည်။ အစ်ကိုရေ၊ မောင်ရေ၊ ကိုကိုရေ၊ မောင်မောင်ရေ ဘာများ အကူညီပေးရမလဲ၊ ဘာလုပ်ပေးရမလဲ ဆိုတဲ့ အသံလေးကို ကြားရခြင်းတည်းဟူသော ရသ (အနှစ်)၊ ခံစားခြင်းဟုသော ရသ (အနှစ်)သည် ဣတ္ထိရသ မည်၏။ ထိုအမျိုးများ၏ စားဖွယ် သောက်ဖွယ်များဖြင့် ပြုစုခြင်းသည်လည်း ဣတ္ထိရသ မည်သည်။ ဆန့်ကျင်ဘက် ပုရိသတို့သည် ထိုအမျိုးသမီးများ၏ ကိုယ်တိုင်ကိုယ်ကျ ပြုစုခြင်းကိုပဲ မဓုရ-ပျားရည်လို ချိုမြိန်မြိန် ရှိလှသည်။ ထိုသို့ အမျိုးသမီးများ၏ အပြုစု အယုအယကြောင့် ပျက်စီးခြင်းသို့ ရောက်ရသည်။

ဘုရားလောင်းဘ၀ ဖြစ်စဉ်တစ်ခုမှာ တက္ကသိုလ်ပြည်ကြီးကို ထီနန်းမင်းလုပ် အုပ်ချုပ်ရန်ဆိုပြီး သူငယ်ချင်း ငါးယောက် လက်နက်ကိုယ်စီ ကိုင်ဆောင်ပြီး ဘုရားလောင်းကို ခြံရံလျှက် ထွက်လာခဲ့ရာ၊ တစ်နေရာရောက်တော့ သိပ်လှ သိပ်ချောတဲ့ အလှပိုင်ရှင် မိန်းကလေးတွေကို မြင်တော့ သူငယ်ချင်း ငါးယောက်ထဲက တစ်ယောက် ထိုအလှပတွေရဲ့အာရုံကွန်ယက်ကနေ မခွဲနိုင်မခွါနိုင်ဖြစ်၍ ဘုရားလောင်းက ဆုံးမတဲ့ကြားက နေခဲ့သည်၊ သိပ်မကြာပါ ဘီလူးမလေးတွေရဲ့ အစာ ဖြစ်သွားရသည်။ တနေရာတော့ ထိုဘီလူးမလေးတွေကပဲ မိန်းမလှလေးဖန်ဆင်းက ဂီတသံလေးပေးပြီး ဆွဲဆောင်ပြန်၊ တစ်ယောက်ကျန်ခဲ့သည်၊ ဤနည်းအားဖြင့် တစ်နေရာရောက်တော့ စားကောင်း သောက်ဖွယ်တွေနဲ့ မိန်းမလှလေတွေက ဧည့်ခံပြန်၊ ထိုစားဖွယ်အာရုံရသ၊ မိန်းမလှလေးတွေရဲ့ အပြုစု အယုအယရသကို မက်မော၍ ထိုကွန်ယက်က ရုန်းမထွက်နိုင်တဲ့ တစ်ယောက်လဲ အရိုးပဲ ကျန်တော့သည်။ ငါးယောက်လုံး အမျိုးသမီး၏ စွမ်းအင်၊ အားငါးမျိုးအောက်မှာ တစ်ယောက်ပြီးတစ်ယောက် ပြိုလဲပြီး ပျက်စီးသွားကြသည်။ ဘုရားလောင်းကတော့ ပညာရှိပီပီ မိမိရဲ့ မျက်စိ, နား, နှာတို့ကို ထိန်းချုပ်နိုင်ခဲ့သဖြင့် ထိုအမျိုးသမီးအာရုံ၊ စွမ်းအင်၊ ကွန်ယက်တွေကို ကျော်လွားနိုင်ခဲ့သဖြင့် ထီးနန်းကို ပိုင်ဆိုင်ခဲ့ရဖူးသည်။

(၅) အမျိုးသ္မီးတို့၏ အတွေ့
အမျိုးသမီးစွမ်းအင်၊ အား၊ ကွန်ယက်ထဲမှာတော့ ဣတ္ထိဖောဋ္ဌဗ္ဗက ပိုပြီး ပြင်းထန်မည်ထင်ပါသည်။ အထက်မှာ ပြထားတဲ့ ဇာတ်လမ်းထဲက သူငယ်ချင်းငါးယောက်မှာ တစ်ယောက်သော သူက ဣတ္ထိသမ္ဖဿ-အမျိုးသမီးအတွေ့အထိကို အားသန်သူ ဖြစ်သည်။ ထို့ကြောင့် အဆင်း၊ အသံ၊ အနံ့၊ အစားအစာတို့ကို ကျော်လွားနိုင်ခဲ့ပေမဲ့ နောက်ဆုံး အမျိုးသမီးလေးတွေရဲ့ အထိအတွေ့အောက်မှာ ပြိုလဲခဲ့ရသည်။ အမျိုးသမီး၏ အသားတောင်မဟုတ် သူမ၏ အ၀တ်အစား ဆံပင် စသည် တခုခုနဲ့ ထိမိလိုက်ရင်တောင်မှ ကြက်သီးထသွားနိုင်သည်။

တခါက အလွန်ရုပ်ဆိုးသော ပဉ္စပါပီဆိုတဲ့ အလွန်ဆင်းရဲ့ အမျိုးသမီးလေးတစ်ယောက် ရှိခဲ့ဖူးတယ်၊ လက်,ခြေ, မျက်စိ, နှာခေါင်း, ပါးစပ် ငါးခုလုံးက အလွန်အကျည်းတန်ပြီး ကြည့်ရဆိုးသောကြောင့် ပဉ္စပါပီလို့ နာမည်ရထားတယ်၊ သို့သော်လည်း အရင်ဘ၀က ပစ္စေကဗုဒ္ဓါကို မြေညှပ်လှူခဲ့ဖူးလို့ ပဉ္စပါပီဘ၀မှာ အလွန်နုညံ့သော အသားရည်ကို ပိုင်ဆိုင်သူဖြစ်သည်။ တစ်နေ့မှာတော့ ဗာရာဏသီမင်းကြီး တိုင်းခန်းလှည့်လည်ချိန် ဆင်းရဲသားမလေး ပဉ္စပါပီက ကလေးတွေနဲ့အတူ ကစားရင်းက အနားရောက်လာသော ဘုရင့်လက်ကို ကိုင်မိရက်သား ဖြစ်သွားတယ်၊ ထိုကလေးမ အကိုင်ခံလိုက်ရသော ဘုရင်ကြီခင်များ ကလေးမလေးရဲ့ အတွေ့အထိကို မခံနိုင်ဖြစ်ရသည်။ ထိုကလေးမလေး၏ အတွေ့ထိသည် ထိမိသူတိုင်း ပင်ကိုယ်စိတ်ပျောက်ပြီး ရူးသွပ်သွားနိုင်သည်အထိ ဆွဲငင်အားကောင်းသည်။ ဘုရင်ကြီးလဲ ထိုအတွေ့ကွန်ယက်ကနေ ရုန်းမထွက်နိုင်ဖြစ်ရသည်၊ နောက်ဆုံးတော့ ရုပ်ဆိုးပေမဲ့ နုးညံ့သော အတွေ့ပိုင်ရှင်သည် ဗာရာဏသီဘုရင်၏ မိဖုရားတစ်ပါး ဖြစ်လာသည်။

ဒီလောက်အင်အားကြီးတဲ့ အန္တရာယ်ကို ဘုရားရှင်က သာသနာတော်ကို ဆက်လက် ထမ်းဆောင်ကြမည့် သူ့တပည့်တွေအတွက် အထူးတလည် ဟောထားသည်၊ သာသနာကို ပို၍အသက်ရှည်အောင် ထမ်းဆောင်နိုင်သည်မှာလဲ တပည့် ရဟန်းယောက်ျားများသာ ဖြစ်သည်၊ အမျိုးသမီးများက အမျိုးသားလောက် ထမ်းဆောင်နိုင်ကြမည်မဟုတ်သလို ထိုအမျိုးသား ရဟန်းတော်တွေအတွက် အန္တရာယ်ကြီးတစ်ခုလို ဖြစ်နေသည်၊ ဘုရားရှင်းက “အရက်၊ မိန်းမ၊ ငွေ တို့သည် ရဟန်းတော်များအတွက် အလွန်အန္တရာယ်ကြီးသည်”ဟု ဆိုထားသည်။

အင်းအား၊ စွမ်းအင်၊ ကွန်ယက်များကို ကာကွယ်နည်း

ဘုရားရှင်က သူ့တပည့် ရဟန်းတော်တွေကို အဲဒီ အန္တရာယ်ကြီးတဲ့ ကွန်ယက်ကနေ လွတ်အောင် နည်းမျိုးမျိုးနဲ့ ဟောကြားခဲ့သည်။ “စက္ခုနာ သံဝရော သာဓု၊ သာဓု သောတေန သံဝရော” အစချီသော ဂါထာဖြင့်လဲ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ဒွါရ အပေါက်တို့ကို လုံအောင် ပိတ်ဖို့နှင့် သတိဖြင့် ထိုအပေါက်များမှ ၀င်လာသမျှ အာရုံအန္တရာယ်တို့ကို စောင့်ကြည့်ဖို့မှာသည်။ ထိုသို့ ပိတ်ဆို့နိုင်ခြင်း သတိဖြင့်စောင့်စည်းခြင်းသည် အခုရေးမက နောင်အေးရဖို့ ဘ၀တာရှည် ကောင်းမြတ်လှလေ၏။

အ၀တ်အစား ၀တ်ဆင်တာတောင် အမျိုးသမီးရန်မှ ကာကွယ်ရန် ဆံပင်ကို ဖျက်ခြင်း၊ အ၀တ်အစားကိုလဲ အကြောင်းအကြား မ၀တ်ခြင်း၊ လယ်ကွင်းကဲ့သို့ လိုင်းများဖော်၍ ၀တ်စေခြင်း၊ ပုခုံးတစ်ဖက်ကို ဖုံးလွမ်းခြင်း စသည်ဖြင့် အမျိုးသမီးများ သာယာဖွယ် မဖြစ်အောင် ကိသာစိတ်မဖြစ်အောင် ဒီဇိုင်း ထွင်ပေးရသည်။ မိထွေးတော်ဂေါတမီ ဘုရားရှင်ထံ ရဟန်းမ ဖြစ်ခွင့်တောင်းသောအခါ ရဟန်းတော်များအတွက် အန္တရာယ်ကို ဖြစ်စေသော ကြီးမာသော အင်းအားငါးပါးရှိသောကြောင့် အမျိုးသမီးများကို သာသနာတော်အတွင်း ရဟန်းမ အဖြစ် ခွင့်ပြုရန် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးများနှင့် ဆက်ဆံရာတွင် အမေအရွယ် အမေစိတ်၊ အဒေါ်အရွယ် အဒေါ်စိတ်၊ အစ်မအရွယ်၊ နှမအရွယ်များကို အစ်မစိတ် နှမစိတ် ထားရမည် ဖြစသည်။ အရှင်အာနန္ဒာက “အမျိုးသမီးများအပေါ် ဘယ်လိုဆက်ဆံရမလဲဘုရား“ ဟု ဘုရားရှင်အားမေးတော့၊ မမြင်အောင်နေတဲ့၊ မကြည့်နဲ့ပေါ့၊ ကြည့်မိတာနဲ့ အဆိပ်မိသွားမည်။ အကယ်၍ မဖြစ်မနေ မြင်တွေ့နေရရင်ကော ဆိုတော့ စကားမပြောနဲ့တဲ့၊ အသံရဲ့အားအင်ကို သာယာမိမှာစိုးရိမ်ဟန်ရှိ၊ စကားပြောခွင့် ကြုံလာခဲ့ရင်ကော ဆိုတော့ သတိ အမြဲရှိတဲ့။ ထို့ကြောင့် အရာရာဝယ် သတိသည် အရေးကြီး၏ ပိုသည်မရှိ၊ လိုနေသည်သာပဲ ရှိသည်။

အဆိပ်ပြင်းမြွေ

တောင်မြို့မဟာဂန္ဓာဆရာတော်ကြီးက အမျိုးသမီးများ အင်အား၊ စွမ်းအင်၊ ကွန်ယက်တို့ကို အဆိပ်ပြင်းသော မြွေဟူ၍ တင်စားပြီး သတိပေးပြောထားသေးသည်။ ကဗျာလေးဖြင့် သတိပေးထားသည်။

ကြည့်ရုံမြင်ရုံ အဆိပ်တက်သမို့ သိပ်ခက်သဟဲ့ ကြည့်ဘို့ကို၊
စိတ်ပျက်သကွဲ့ ထိဖို့ဆိုလျှင် အမိတို့လို မြွေအမျိုး။
နှာခေါင်းလေနှင့် အမှုတ်ခံလျှင် တမဟုတ်အမြန် သေတတ်ပါသတဲ့ဗျိုး။
ကိုက်များကိုက်က ငိုက်ဆိုက်နေမည်၊ ကတိုက်ကရိုက် သေမည် အဖြစ်ဆိုး၊
မိုက်မိုက်ပွေလီ ဥာဏ်သူခိုးဖြင့် ကြံဆိုးကြံနှင့် အသင့်ရှောင်၊
“အသုဘ”ခေါ် ဆေးတော်ကြီး မနှေးဖော်ပြီး သုံးစွဲပါလေမောင်။
ငါတို့ဘုရား အလောင်းတော်တောင်ပင် ကြောင်းမလျှော်ပေါင် မိဖုရားနှင့်
ကြည့်မှားသဖြင့် မသင့်ဥာဏ်တွေခြယ်၊ အကျင့်ဈာန်တွေ ကွယ်။
မြွေအမျိုးကြောင့် တန်ခိုးပြယ်လျှင် အမျိုးအနွယ် မှိန်သတဲ့ပါတဲ့လေး
။ (တစ်ဘ၀သံသရာ)

ထို့အတူပဲ ယောကျာ်းတွေမှာလဲ အမျိုးသမီးတွေ အတွက် အင်အားငါးပါးရှိသည်။ အမျိုးသားများ၏ အဆင်း၊ အသံ၊ အနံ့၊ အနှစ် (ရသ)၊ အတွေ့အထိတို့သည် အရည်အသွေး ငါးမျိုး၊ ကွန်ယက်၊ အနှောင်ဖွဲ့များသည်လဲ အမျိုးသမီးများအတွက် အဆိပ်ပြင်းမြွေများ ဖြစ်ကြသည်။ မြွေကိုက်လို့ ကုသဖို့ လွယ်ပေမဲ့ အချစ်အဆိပ်ပြင်းမြွေအကိုက်ခံရရင်တော့ ကုသဖို့ မလွယ်။ သို့သော် ဘုရားရှင်ရဲ့ ကုသတဲ့နည်းကတော့ “အသုဘ”ခေါ် ဆေးတော်ကြီး မနှေးဖော်ပြီး သုံးစွဲပါလေမောင်” ဟူ၍ပင်တည်းးး။


ဒီပို့စ်သည် သံသရာဝဋ်ဆင်းရဲမှ လွတ်လိုသော ရဟန်းတော်များ၊ အမျိုးသားများနှင့် အမျိုးသမီးများကို ရည်ရွယ်သည်။

ကျမ်းကိုး---
အင်္ဂုတ္တရနိကာယ၊ ၎င်း အဋ္ဌကထာ
သံယုတ္တနိကာယ၊ အဋ္ဌကထာ
ဝိနည်း
ဒီဃနိကာယ၊
ဓမ္မပဒ၊ အဋ္ဌကထာ
ဇာတကပါဠိ၊ အဋ္ဌကထာ
တစ်ဘ၀သံသရာ၊
သီတဂူဆရာတော် ဟောတရား။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၉-၂၀၁၂

23 October 2012

သီတဂူဘန်ကောက် အထူးတရားပွဲများ

သီတဂူဆရာတော် ဘန်ကောက်တရားပွဲ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများ၏ အဓိပတိ ဒေါက်တာအရှင်ဥာဏိဿရ သည် ယခုနှစ် ၁၃၇၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၃)ရက်မှ စ၍ ထိုင်းနိုင်ငံ တွင် အောက်ပါ အစီအစဉ်အတိုင်း တရားဓမ္မများ ဟောကြားမည် ဖြစ်ပါသည်။
(တရားပွဲကြော်ငြာ)

ပထမည
(က) သီတင်းကျွတ်လပြည့်ကျော် (၃)ရက်၊ (၂-၁၁-၂၀၁၂) သောကြာနေ့ည (၈)နာရီအချိန်၊ ၀ပ်ကျာဒဲလ်ကျောင်းတိုက်၊ ဘန်ကောက်မြို။

ဒုတိယ၊ တတိယ ညများ
(ခ) သီတင်းကျွတ်လပြည့်ကျော် (၄-၅)ရက်၊ (၃-၄-၁၁-၂၀၁၂) စနေနှင့် တနင်္ဂနွေနေ့ည (၉)နာရီအချိန်၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့သောင်းကျွန်း။

စတုတ္ထ၊ ပဉ္စမညများ
(ဂ) (သီတင်းကျွတ်လပြည့်ကျော် (၆-၇)ရက်၊ (၅-၆-၁၁-၂၀၁၂) တနင်္လာနေ့ညနှင့် အင်္ဂါနေ့ည (၉) အချိန်၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့ဖငန်းကျွန်း။
ကမ္ဘာတစ်ဝှမ်းလုံးရှိ အွန်လိုင်းမှ တရားချစ်ခင် သူတော်စင်များအတွက် အောက်ပါ ၀က်ဘဆိုက်များမှ ထိုနေ့ ထိုအချိန်တွင် တိုက်ရိုက်နာယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

www.ustream.tv/channel/nivirna တွင် ရုပ်မြင်အသံကြား ဖူးမျှော် နာယူနိုင်ပြီး
www.nibbansaw.com/live-audio တွင် အသံကို တိုက်ရိုက် နာယူနိုင်ပါသည်။


(မှတ်ချက်။ ။ ကြော်ငြာဓာတ်ပုံရှိ အင်္ဂလိပ်ရက်စွဲမှ ၁၀ လပိုင်းကို ၁၁ လပိုင်းဟု ပြင်ဆင်ဖတ်ရန်)
ဓာတ်ပုံကြော်ငြာကို နိဗ္ဗာန်ဆော် ဖေ့ဘုတ်မှ ကူးယူဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၀-၂၀၁၂

20 October 2012

သီတဂူ အထူးကုသတင်း (သီတဂူဆေးရုံ)

သီတဂူအာယုဒါနဆေးရုံတော် အထူးကုအစီအစဉ်များ
 
(ကချင်ပြည်နယ် ပူတာအို မျက်စိ အထူးကု အစီအစဉ် ဓာတ်ပုံ)

 (က) ၂၂-၁၀-၁၂ နေ့ မှ ၂၆-၁၀-၁၂ အထိ ဂျာမနီနိုင်ငံမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲ အထူးကုနှင့် နား နှာခေါင်း လည်ချောင်း အထူးကုအဖွဲ ။

 (ခ) ၂၉-၁၀-၁၂ မှ ၃-၁၁-၁၂ အထိ အမေရိကန်နိုင်ငံမှ အထွေထွေအထူးကု၊ ခွဲစိပ်အထူးကု၊ ဦးနှောက်နှင့်အာရုံကြောအထူးကု၊ ကလေးအထူးကု၊ အမျိုးသမီးအထူးကု၊ တံတောင်ဆစ်အောက် လက်တုတပ်ဆင်ခြင်း အထူးကုအဖွဲ့ များ လာရောက်ကြမည်ဖြစ်ပါသည်။

ashinkovida ဖေ့ဘုတ်မှ ကူးယူဖော်ပြသည်။

 (ကချင်ပြည်နယ် ပူတာအို မျက်စိ အထူးကု အစီအစဉ် ဓာတ်ပုံ) 
 


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၀-၂၀၁၂

18 October 2012

မိန်းမအား ငါးပါး

အမျိုးသမီးအား ငါးပါး
စာမိတ်ဆက်

INGO နိုင်ငံတကာ NGO မှာ အမှုထမ်းနေတဲ့ သူတစ်ယောက်နဲ့တွေ့ဖြစ်သည်။ တစ်နေ့တော့ သူက အနောက်နိုင်ငံတစ်ခုမှာ Gender in Buddhism (ဗုဒ္ဓဘာသာမှာ အမျိုးသား အမျိုးသမီးခွဲခြားမှု) ပတ်သက်ပြီး စာတမ်းဖတ်မှာ ဖြစ်သည်။ စာရေးသူအား ဗုဒ္ဓဘာသာတွင် ကျား-မ ခွဲခြားမှု၊ ကျား-မ အခွင့်ရေးနှင့်ဆက်စပ်သော အကြောင်းအရာများကို မေးသည်၊ ဆွေးနွေးသည်၊ စာရေးသူလဲ အင်တာနက်ကနေ ဗုဒ္ဓဘာသာတွင် အမျိုးသမီးနှင့်ဆက်စပ်၍ ရေးသားထားသော ဆောင်းပါး ပို့စ်များကို ရှာဖွေပေးလိုက်သည်၊ ထိုထဲတွင် စာရေးသူကိုယ်တိုင် ရေးထားသည့် အမျိုးသမီးများနှင့်ဘုန်းကံ ဆိုတဲ့ ပို့စ်လဲပါသည်။ ထိုသို့ဆွေးနွေးရာမှ သူလဲ ဘယ်ဝက်ဘဆိုက်တွေကို ကြည့်ပြီး ပြောလဲမသိ၊ အမျိုးသမီးနဲ့ဆက်သော သုတ္တန်တွေကို စာရေးသူအား ပြသည်၊ သုတ္တန်များကို Roman အက္ခရာဖြင့် ရေးပေးရန် အကူညီတောင်းသည်။ စာရေးသူလဲ သူပေးသော သုတ္တန်များကို မူရင်းပါဠိတော်များတွင် ရှာဖွေကြည့်ရာ တချို့လဲ ခေါင်းစဉ်နဲ့ မစပ်ဟပ်။ ထိုထဲတွင် အမျိုးသမီးတို့၏ အရည်အသွေး ငါးမျိုး ဆိုတာလဲ ပါသည်။ စာရေးသူလဲ ငယ်ငယ် စာသင်သားဘ၀က ဒီသုတ္တန်ကို ဒီလို မတွေးမိခဲ့ဘူ။ “အမျိုးသမီးတို့၏ အရည်အသွေး ငါးမျိုး” လို့ အမည်ပေးထားတာကို သဘောကျမိသည်၊ စာရေးချင်စိတ်လဲ ပေါက်လာ၍ ရေးမိရေးရာ ရေးချမိလိုက်တော့သည်။

အရည်အသွေး ငါးမျိုးမှာ--
(၁) အမျိုးသ္မီးတို့၏ အဆင်း၊
(၂) အမျိုးသ္မီးတို့၏ အသံ၊
(၃) အမျိုးသ္မီးတို့၏ အနံ့၊
(၄) အမျိုးသ္မီးတို့၏ အနှစ်၊
(၅) အမျိုးသ္မီးတို့၏ အတွေ့၊
စာရေးသူလည်း အရည်အသွေးငါးမျိုးဆိုတဲ့ ခေါင်းစဉ်ကြည့်ပြီး ဘာကို ဆိုလိုမှန်း ချက်ခြင်းမသိ၊ ထို ၅ မျိုးအောက်မှာ အမျိုးသမီး၏ အဆင်း၊ အသံ၊ အနံ့စသည် ဆိုသဖြင့် သုတ္တန်တစ်ခုကို သွားသတိရမိသည်၊ အဂုင်္တ္တရနိကာယ်၏ အစဆုံး စာမျက်နှာတွင် ထို ငါးမျိုးပြထားသည်ကို တွေ့ရသည်။
တကယ်တော့ ဒီငါးပါးကို မြတ်ဗုဒ္ဓက သူ၏တပည့် ရဟန်းတော်တွေ အတွက် ဟောပေးခြင်းဖြစ်သည်။ ဒုက္ခကို မြင်အောင်၊ ကာမစည်းစိမ်ကို စက်ဆုပ်ပြီး ငြီးငွေ့လာအောင်၊ ဟောခြင်းဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော အမျိုးသမီးများ၏ ထိုစွည်းရည် ငါးမျိုးက အလွန်ထက်ပြီး အလွန်အန္တရာယ်ကြီးသောကြောင့်ပင်ဖြစ်သည်။ ထိုငါးမျိုးကိုပင် သံယုတ်ပါဠိတော် ဗန္ဓနသုတ်မှာကား အမျိုးသမီးများ၏ ကွန်ယက်လို့ ဆိုထားသေးသည်၊ စာကလေးတွေ ငှက်ကလေးတွေ မုဆိုး၏ ပိုက်ကွန်ထောင်ချောက်ထဲ ကျရောက်လာပါက ပြန်လွတ်နိုင်ဖွယ် မရှိချေ၊ အလားတူပဲ ဆန့်ကျင်ဘက် ပုရိသတို့သည် အမျိုးသမီး၏ ကွန်ယက်ထဲ ကျရောက်သွားပါက ရုန်းထွက်နိုင်ဖို့ မလွယ်ပေ။ ရဟန်းတော်များ သတိလက်လွတ်ဖြစ်ပြီး အမြင်မတော် ၀တ်စားထားသော အမျိုးသမီး၏ အလှကို မြင်ပြီး တွေးမိတွေးရာ ကြံမိကြံရာ ကြံပြီး နောက်ဆုံး လူထွက်ရတဲ့ အထိရောက်သည်၊ ထိုသည်ပင် ထိုရဟန်း မိချောင်းဘေးအန္တရာယ် ကျရောက်ခြင်းဟူ၍ ဆိုထားသည်။ အကယ်၍ သတိတရားမရှိတဲ့ ရဟန်းတစ်ပါးဟာ ကာမဂုဏ်ခံစားနေသော လူဝတ်ကြောင်ဘ၀ကို မြင်တွေ့မိပါက ကြံမိကြံရာ ကြံပြီး လူဝတ်လဲသွားပါက ၀ဲဂယက်ထဲ ကျရောက်ခြင်းမည်သည်။ သတိသည် အလွန်အရေးကြီးလှပါသည်။ အမျိုးသမီး အရည်အသွေးကို စွမ်းအင်၊ ကွန်ယက်၊ ၀ဲဂယက်၊ မိချောင်း၊ ကာမဂုံ၊ စသည်အားဖြင့် အမည်များစွာ ရှိသည်။

(၁) အမျိုးသ္မီးတို့၏ အဆင်း၊

အမျိုးသမီးရဲ့ ရူပါရုံသည် အလွန်စွမ်းအားကြီးသော ဆွဲဆောင်မှုရှိသည်၊ အမျိုးသားများအတွက် ထိုအမျိုးသမီး၏ ရူပါရုံအစွမ်းအားထက် ဆွဲငင်အားကောင်းသည့် အရာ တခြား လောကမှာ မရှိဟုဆိုသည်။ မုဒုလက္ခဏဇာတ်တော်မှာ ရသေ့ကြီး ကောင်းကင်ခရီးကနေ ဈာန်အဟုန်စီးပြီး နန်းတော်ထဲ ဆွမ်းခံကြွလာသည်၊ ဘုရင်ကြီးမရှိခိုက် ရသေ့ကြီး နန်းတော်ထဲရောက်တော့ သိပ်လှ သိပ်နုပြီး အိစက် ၀င်းဝါသော အသားအရည်ရှိတဲ့ မုဒုလက္ခဏမိဖုရားကြီး ကမန်းကတန်း ကုတင်က ထလိုက်တော့ အလွန်ကောင်းပေ့ဆိုတဲ့ သိန်းချီတန်တဲ့ ပိုးထည်အ၀တ်က လျှောကျသွားသည်။ မိဘုရားရဲ့ ရူပါရုံဆွဲငင်အားကြောင့် တဒင်္ဂအကြည့်ခိုက်လေးမှာပင် သူတော်စင် ရသေ့ကြီး ဗို့အား ၁၅၀၀ ရှိတဲ့ ရာဂမီးတွေ ထတောက်သည်။ ရှိတဲ့ဈာန်တွေလဲ လျှောကျကုန်လေရဲ့။ မိဖုရားကြီးအလှ ရူပါရုံအမဓာတ် စွမ်းအင်နဲ့ ရသေ့ကြီး၏ မျက်စိပသာဒ အဖိုဓာတ် စွမ်းအင်တို့ ပေါင်းစပ် ထိတွေ့လိုက်သည်အခါ ဗို့အား ၁၅၀၀ ရှိ အချစ်မီးများ ထတောက်တော့သည်။

အလွန်စွမ်းအားပြင်းတဲ့ အမျိုးသမီးရူပါရုံကို အကြည့်ကလေး တစ်ချက်ကြောင့် ရသေ့ကြီးခမျာ ဒုက္ခတွေ ဆက်တိုက်ကျရောက်ပါတော့တယ်။ ရရှိပြီးတဲ့ လောကီဈာန်လဲ ဆုံးရှုံးသွားသည့်အပြင် ကျောင်းရောက်တော့လဲ မစားနိုင် မသောက်နိုင်ဖြစ်ရသည်၊ ရသေ့ကြီးရင်ဘက်ထဲ နှုတ်၍မရတဲ့ ဆူးငြောင့်တစ်ချောင်း စိုက်မိပြီး ဖြစ်သည်။ မစားနိုင် မသောက်နိုင်၊ တမှိုင်မှိုင်တထွေထွေ ဖြစ်နေသော ရသေ့ကြီးကို ကြည့်ပြီး ဘုရင်ကြီးလဲ စိတ်မကောင်းဖြစ်ရသည်။ အလွန့်လွန်ကို သဘောကောင်းသည့် ဘုရင်ကြီးက သူ၏ ချစ်လှစွာသော မိဖုရားကို ရသေ့ကြီး ကျေနပ်အောင် ပေးလိုက်သည်။

ဘုရင်နှင့်မိဖုရား ပညာပြပြီ

“ယောင်နှောက် ဆံထုံးပါ” ပါပဲ ကြားဖူးသည်၊ ဒါပေမဲ့ မိဘုရားကြီးက ယောင်ထုံးမပါတဲ့ ရသေ့ကြီးနောက်သို့ လိုက်ရပြီ၊ မိဘုရားကြီးက အတူနေဖို့ ဘုရင်ကြီးထံနေရာလေးတစ်နေရာ တောင်းခိုင်းတော့ ရသေ့ကြီး ရှေ့မျက်နှာနောက်ထားပြီး မျက်နှာပူပူနဲ့ သွားတောင်းသည်၊ ဘုရင်ကြီးလဲ သူတို့နှစ်ယောက်နေဖို့ ဥယျာဉ်ထဲက အိမ်သာပျက်ကြီးရှိတဲ့နေရာလေးကို ပေးလိုက်သည်၊ နေဖို့ထိုင်ဖို့ နေရာအတွက် ရှာရခြင်း၊ သန့်ရှင်းရေးတွေလုပ်ရခြင်း၊ စားဖို့သောက်ဖို့လုပ်ရခြင်း၊ နန်းတော်နဲ့ အိမ် ခေါက်တုန့်ခေါက်ပြန် မျက်နှာပူပူနဲ့ သွားနေရသည်။ မိဖုရားကြီးကလဲ တစ်ခုပြီးတစ်ခု ခိုင်းတော့သည်။ ရသေ့ကြီးခင်မျာ တဒင်္ဂကိလေသာစိတ်ကလေး မထိန်းနိုင်လိုက်တာနဲ့ မယားကျွန်ဘ၀ရောက်သွားရရှာပြီ။ ညချမ်းအချိန်အိပ်ယာဝင်တော့ ရသေ့ကြီးလဲ တနေကုန် အလုပ်တွေ ဖိလုပ်နေရတော့ ကိလေသာစိတ်တွေတောင် ပျောက်ကုန်သည်။ “အရင်တုန်းကတော့ ကောင်းကင်မှာ လေဟုန်စီးပြီး ဈာန်ပျံနိုင်ခဲ့တယ်၊ အခုတော့ ကျမနဲ့တွေ့လိုက်တာ ဘာမှ မရှိတော့ဘူး၊ ပင်ပန်းကြီးစွာ အလုပ်တွေလဲ လုပ်ရတော့ မောနေရှာပြီပေါ့နော်”လို့ မိဖုရားကြီး၏ စကားသံကို ကြားရတော့မှ ရှက်စိတ်တွေဝင်လာသည်၊ သံဝေဂတွေ ရလာသည်၊ မိဖုရားကြီးနဲ့ အိပ်တောင် မအိပ်လိုက်ရဘူး တစ်ခါတည်း တောထဲ လစ်ပြေးတော့တာပဲ၊ (ရဟန်းတရား အားထုတ်ရန်)။

ရသေ့ကြီး ဒုက္ခကို ကောင်းကောင်းကြီးမြင်သွားသည်။ ဒါ့ကြောင့် ဘုရားက ဒုက္ခကို ရှေးဦးစွာမြင်တတ်ဖို့ ဒုက္ခသစ္စာကို ဟောသည်၊ ဘ၀ရဲ့ဆင်းရဲမှု၊ ပင်ပန်းမှု၊ ရှုပ်ပွေမှု စတဲ့ ဒုက္ခသဘောတွေကို မြင်ပါမှ ထိုဘ၀ကို လိုချင် တပ်မက်တဲ့ စိတ်တွေ ပျောက်မည်၊ တပ်မက်တဲ့စိတ် (သမုဒယသစ္စာ) ပယ်သတ်နိုင်ပါမှ သံသရာဝဋ်က လွတ်မြောက်မည်။ (ဒုက္ခသစ္စံ ပဇာနန္တော-ဒုက္ခသစ္စာကို သိခြင်း၊ သမုဒယသစ္စံ ပဇဟန္တော-သမုဒယသစ္စာကို ပယ်ခြင်း၊ ဓမ္မစက္ကပ၀တ္တနသုတ်)

လူပျံတော်ကြီးတွေ စာရေးသူတို့လို ငယ်ပေါင်း ရဟန်းတော်များကို တွေ့လျှင် ပြောလေ့ရှိတဲ့စကား တစ်ခုရှိတယ်၊ “အရှင်ဘုရား၊ လူမထွက်နဲ့ဘုရား၊ လူ့ဘ၀က မလွယ်ဘူး၊ အရမ်းဆင်းရဲတာ၊ ဒီဘ၀လေးနဲ့ မြဲအောင်နေပါဘုရား”ဟူသတည်း။ လူပျံတော် ထိုဒကာတော်လဲ အရင်က ဒီလိုဒုက္ခတွေ မစဉ်းစားခဲ့မိလို့ပဲလား၊ ဒါမှမဟုတ် ဒုက္ခကိုပင် သုခထင်နေလို့ပဲလား၊ တချို့ကတော့ ပြောတယ်၊ ပင်ပန်းတာတော့ အမှန်ပဲ ဘုရား၊ ဒါပေမဲ့ အိမ်ပြန်ရောက်လို့ မိန်းမမျက်နှာ သားမျက်နှာ သမီးမျက်နှာလေး မြင်လိုက်ရရင် အဲဒီမောတာ ပန်းတာတွေ ပျောက်သွားတယ်ဘုရားတဲ့၊ “မောတော့ မောတာပေါ့ ဒါပေမဲ့ မမောဘူး”ဆိုတဲ့ သီချင်းလိုပဲပေါ့။ သူတို့အတွက်ကတော့ မာဂဏ္ဍီပြောတဲ့ လောကနိဗ္ဗာန်လို့ပဲ ပြောရမည်ထင်၊ ဒီထက်ကောင်းတဲ့ နိဗ္ဗာန်အစစ် (ချမ်းသာအစစ်)ကိုကား သူ မတွေ့သေး။

တစ်ခါက သံဃာ့မဟာနာယက ဆရာတော်ကြီးတစ်ပါးက သူ့ဆီ အလည်လာသော ငယ်သူငယ်ချင်း လူပျံတော်ကို ပြောသတဲ့၊ “ကောင်းကြသေးရဲ့လား သူငယ်ချင်းရာ၊ အခု ကြည့်စမ်းပါအုန်း၊ မင်းမှာတော့ မယားပူ သားပူ သမီးပူ၊ ၀မ်းစာအတွက်ပူစတဲ့ အပူတွေနဲ့ နေနေရတယ်၊ ငါတို့မှာတော့ အဲဒီအပူပင်မျိုးလဲ မရှိဘူး၊ ခရီးသွားရင်တောင် ကောင်းကင်ကနေ လေယာဉ်ပျံကြီးစီးသွားနေရတဲ့ဘ၀”လို့ပြောတော့ လူပျံတော်က “အရှင်ဘုရားက လေယာဉ်ပျံပဲ စီးနိုင်တာပါဘုရား၊ တပည့်တော်ကတော့ လူကိုတောင် စီးနေရတာပါဘုရား”တဲ့၊)))))။ ရွှတ်နောက်နောက်ပြောလိုက်တဲ့ စကားကလဲ လောကနိဗ္ဗာန်ကို နိဗ္ဗာန်အစစ် ချမ်းသာအစစ်ထင်သူတွေ အတွက်ကတော့ ကွက်တိပဲ။ သူတို့လဲ အမျိုးသမီးရဲ့ အဆင်းရူပါရုံတည်းဟုသော အစွမ်းအင် ကွန်ရက်ထဲ ကျရောက်သွားသူ၊ ရုန်းမထွက်နိုင်သူများ ဖြစ်ကြလေတော့သည်။ အမျိုးသမီ၏ ခွန်းအား (ရူပဗလ)သည် ရုပ်ရည်အဆင်းလှပခြင်း ဖြစ်သည်။

အမျိုးသမီး၏ ရုပ်ရည်အဆင်း အလှတရား အစွမ်းအားသည် ဆန့်ကျင်ဘက် ပုရိသတို့ကို ရူးသွပ်စေနိုင်သည်။ ဥမ္မာဒန္တီ၏အလှကို မြင်သူတိုင်း သွက်သွက်ခါရူးမူးကြသည်။ တခါက စိတ္တမထေရ် ရဟန်းအိုကြီးတစ်ပါး အလွန်လှ အလွန်ချောမောတဲ့ ဒမိဠမိဖုရားရဲ့ အလှတရားအောက်မှာ ရုန်းမထွက်နိုင်အောင် သွပ်သွပ်ခါ ရူးသွပ်ခဲ့သည်။ မိဖုရားအလှကို မြင်တဲ့ အချိန်က စပြီး “ဒမိဠ ဒမိဠ ဒမိဠ ဒမိဠ” ဟု ပါးစပ်က တွတ်ပွ တွတ်ပွ ရွတ်နေတော့သည်။ သွားလဲ မိဖုရားကိုပဲ မြင်နေသည်၊ စားနေတဲ့အချိန်လဲ မိဖုရားအလှကိုပဲ မြင်နေသည်၊ အိပ်နေလဲ မိဘုရား အသွင်ပြင်ကို ပုံဖော်နေတော့သည်။ ဒီစိတ်နဲ့ပဲ ပါးစပ်က တတွတ်တတွတ် ရွတ်နေတော့သည်၊ သူ့ကို မြင်တဲ့ ကိုရင်လေးတွေက ဒီကိုယ်တော်တော့ ရူးသွားပြီ၊ အရူး ရဟန်းကြိးဟု ခေါ်ကြသည်။ ရုပ်ရည်အလှတရားသည် လူကို ရူးသွပ်စေသည်။ စွမ်းအင်တစ်ခု ဖြစ်သည်။
အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါဦးမည်။
 
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၉-၂၀၁၂

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes