Thursday, August 27, 2009
သီတဂူစတား (sitagustar)
No comments
အင်္ဂလိပ်လို ဘာသာပြန်ပြီး ထုတ်ဝေဖို့ဆိုတာ
အဲဒီမှာ သူက ပြောသေးတယ်။''ဒီလောက်တောင် အဖိုးတန်တဲ့စာအုပ်တွေ မြန်မာပြည်မှာ ရှိပါလျက်နဲ့ အင်္ဂလိပ်လို ဘာသာပြန်ပြီးတော့ ကမ္ဘာကို မထုတ်တာ ဘာဖြစ်လို့လဲ''တဲ့။
''အင်္ဂလိပ်လို ဘာသာပြန်ပြီးတော့ ကမ္ဘာကို မဖြန့်ချိတာကတော့ တခြားမဟုတ်ပါဘူး။ ဘုန်းကြီးတို့ ဖြန့်ချိ ဖို့ရန် အကုန်လုံး စွမ်းနိုင်ကြပါတယ်''။ စွမ်းတာ မစွမ်းတာ ထားပေါ့လေ၊ စွမ်းနိုင်ပါတယ်လို့ ပြောလိုက်တယ်။
''ကမ္ဘာကို အင်္ဂလိပ်လို ဘာသာပြန်ပြီး မထုတ်တာကတော့ တခြားမဟုတ်ပါဘူး။ အလွန်အဖိုးတန်တဲ့ စိန်၊ ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြား၊ နီလာ၊ ဥဿဖယားဆိုတဲ့ ရတနာတွေကို ဒကာမကြီးတို့ရရင် အဲဒီအဖိုးတန် ရတနာတွေကို ရလာတော့ ဘယ်လိုလုပ်သလဲ၊ အဲဒီစိန်တုံးကြီး ခေါင်းပေါ်ရွက်ပြီး တိုင်းပြည်လှည့်ပြီးတော့ ပြမှာလား'' လို့ ဘုန်းကြီးက မေးတော့ ''ဟာ ဘယ်ပြမှာလဲ''တဲ့။
''ဘယ်လို လုပ်မလဲ ဒကာမကြီး'' ဆိုတော့ ''သေတ္တာထဲ ထည့်ထားမှာပေါ့''တဲ့။
''ဘုန်းကြီးတို့လဲ သေတ္တာထဲ ထည့်ထားတာ၊ ဒါလောက် အဖိုးတန်တဲ့ စာပေတွေဟာ ရတနာတွေ။ ဒါကြောင့် ဘုန်းကြီးတို့လဲ မြန်မာ့သေတ္တာထဲ ထည့်လှောင်ထားတာ၊ ကြည့်ချင်လာခဲ့၊ အဆင်သင့်ပဲ ငါတို့ပြမယ်'' လို့ အဲဒီလို ကြံဖန်ပြီးတော့ ပြောလိုက်ရတယ်။ သူ သဘောကျသွားတယ်။
ရတနာအပြည့်ရှိတဲ့ မြန်မာပြည်
အဲဒီမှာ ထိုအဘွားကြီး တဆက်တည်းပြောတယ်။ ''အရှင်ဘုရားတို့မြန်မာပြည်က ရတနာပြည့်တဲ့ တိုင်းပြည်'' တဲ့။
''ဘာကြောင့် ရတနာတွေပြည့်နေတဲ့ တိုင်းပြည်လို့ ပြောသလဲ၊ မိုးကုတ်ရောက်ခဲ့လို့လား''လို့ ဘုန်းကြီးက ချော် မေးလိုက်တယ်။
''မရောက်ပါဘူး၊ ဒါပေမဲ့ မိုးကုတ်ဝိပဿနာ ကျမ်းစာအုပ်တွေကို သူဖတ်ဖူးပါတယ်၊ မိုးကုတ်ဆရာတော် ဘုရားကြီးလဲ ဖူးတော့ မဖူးဘူးပါဘူး၊ ဆရာတော်ဘုရားကြီး ဟောတဲ့ တရားတိတ်ခွေတွေကို ယူခဲ့ပါတယ်။ မြန်မာလို ကောင်းကောင်း တတ်တဲ့အခါကျရင် နားထောင်မယ်။ တရားတိတ်ခွေတွေ ယူလာပါတယ်''။
''မိုးကုတ်ဆရာတော် ဘုရားကြီးကိုလဲ ဓာတ်ပုံရိုက်ခဲ့ပါတယ်၊ ရုပ်တုကို ရိုက်ယူလာတာပါ။ စွန်းလွန်းဆရာ တော်ဘုရားကြီး၊ မဟာစည်ဆရာတော်ဘုရားကြီးတို့၊ ညောင်လွန့်ဆရာတော်ဘုရားကြီးတို့ နေရာများကိုလည်း ရောက်ခဲ့တယ်''လို့ သူက ပြောတယ်။
အဲဒီလို ပရိယတ္တိ၊ ပဋိပတ္တိစွယ်စုံတော်တဲ့ ဆရာတော်ကြီးတွေ မြန်မာပြည်မှာ ကျေးလက်တောရွာတွေမှာ အများကြီးပဲ။ မြို့သိမ်မြို့ငယ်လေးတွေမှာလဲ အများကြီးရှိပါတယ်။ တောရွာတွေမှာ ပိုပြီးပေါတယ်။
သူက ပြောသေးတယ်။ ''အဲဒီလောက် ပရိယတ်လဲတော်၊ ပဋိပတ်လဲတော်၊ တရားအကျင့်မှာလဲ ကောင်း၊ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေလဲပဲ ပေါက်ရောက်ပြီးတော့ တရား တကယ်သိနေတဲ့ ပုဂ္ဂိုလ်ထူးတွေဟာ မြန်မာပြည်မှာ အများကြီး ရှိတယ်''။
''ဒါကြောင့် မြန်မာပြည်ဟာ ရတနာအပြည့်ရှိတဲ့ တိုင်းပြည်လို့ တပည့်တော် ပြောချင်ပါတယ်''တဲ့။
ဗောဓိပင်နားမှာ တွေ့လိုက်ရတဲ့ အဘွားကြီးတစ်ယောက်က ပြောတာ။
ဘုန်းကြီး စဉ်းစားမိတယ်။ ''တို့မြန်မာပြည်ကို သူ တို့က ဒီလိုမြင်တာ၊ တို့မြန်မာလူမျိုးတွေကတော့ တို့မြန်မာ ပြည်ကို အလွန်မွဲတဲ့ တိုင်းပြည်လို့ မြင်နေတယ်၊ ပြောင်းပြန် ဖြစ်နေတယ်''လို့။
မြန်မာတွေ မြင်ပုံကတော့ တစ်မျိုးကြီးပဲ။ ''မြန်မာပြည်ဟာ ဆင်းရဲတယ်၊ မွဲတယ်၊ အောက်တန်းကျတယ်၊ ဘာမှ ဟန်မကျ ဘူး၊ ခေတ်နောက်ကျနေပြီ''လို့ ပြောကြတယ်။
ခုနက အဘွားကြီးပြောသွားတာကတော့ ''မြန်မာ ပြည်သည် ရတနာပြည့်တဲ့ တိုင်းပြည်''တဲ့။
ဗောဓိပင်နား တဝိုက်လေ့လာလိုက်တော့
မနက် အရုဏ်ဆွမ်းစားပြီးတာနဲ့ ဗောဓိပင်နားကို ဘုန်းကြီး ရောက်သွားတယ်။ နေ့ဆွမ်းစားကာနီးမှ ဘုန်းကြီးက တည်းခိုတဲကျောင်းကို ပြန်တယ်။ နေ့ဆွမ်းစားပြီးတာနဲ့ ချက်ချင်း ဗောဓိပင်နားပြန်သွားတယ်။ ည ၁ဝ-နာရီ၊ ၁၁-နာရီမှ ကျောင်းပြန်တယ်။ တစ်နေ့လုံး အဲဒီအနားမှာ နေတယ်။
ကိုယ်ကိုယ်တိုင်လဲ လုပ်စရာရှိတဲ့ ကုသိုလ်ရမယ့် လုပ်ငန်းတွေလုပ်၊ ကုသိုလ်ရမဲ့လုပ်ငန်းကို ကိုယ့်ဟာကိုယ် အပြေးအလွှား လုပ်ကိုင်ဆောင်ရွက်ပြီးတော့မှ ဒီဗောဓိပင်နား လာတဲ့လူပေါင်းစုံဟာ ဘာတွေလုပ်နေကြသလဲဆိုတာကို လျှောက်ပြီးတော့ ထောက်လှမ်းတယ်။
အဲဒီလို စုံစမ်းထောက်လှမ်းတော့ တွေ့ရပါတယ်။ လူအုပ်ကြီး တစ်အုပ်၊ လူ၆ဝလောက် ရှိမယ်လို့ ထင်ပါတယ်။ လူအုပ်ကြီးဟာ အကုန်လုံး မျက်နှာဖြူလူမျိုးတွေချည်းပဲ၊ လူစုံပါတယ်။ တချို့ ဆွီဒင်က၊ တချို့ ဂျာမနီက၊ တချို့ သြစတြေးရီးယား၊ တချို့ အီတလီ၊ တချို့လဲ အမေရိကား၊ တချို့လဲ အင်္ဂလိပ်တွေ လူစုံတက်စုံပါပဲ။
အဲဒီလူပေါင်း ၆ဝ-လောက်ရှိတဲ့လူအုပ်ကြီး တစ် အုပ်ကို ကြည့်လိုက်တော့ တစ်ဝက်လောက်သော ယောက်ျား၊ မိန်းမတွေဟာ ခေါင်းကို အကုန်ရိတ်ထားကြတယ်။ ဆံပင်တွေ မရှိကြဘူး။ ခေါင်းကဆံပင်တွေ အကုန်ရိတ်ထားကြတယ်။ ခါးမှာလဲ နီညိုရင့်ရောင် အဝတ်တွေ ဝတ်ထားကြတယ်။
ဒီကတည်းက ဘုန်းကြီးသိလိုက်ပြီ။ ''ဒီပုဂ္ဂိုလ်တွေ ဟာ တိဘက်ဘုန်းကြီးတွေထံမှာ တပည့်ခံပြီးတော့ တိဘက် ရဟန်းဝတ်ထားကြတာ။ တိဘက်နည်းနဲ့ ရဟန်းပြု ထားကြတာ ယောက်ျားတွေ။ အဲဒီ မျက်နှာဖြူအမျိုးသမီးတွေကလဲ ခေါင်းကဆံပင်တွေရိတ်ပြီး ခုနက နီညိုအဝတ်တွေ ဝတ်ပြီး သူတို့ကလဲ တိဘက်နည်းနဲ့ သီလရှင်ဝတ်ထားကြတာ''။
ဒီတော့ မဟာယာနနည်းနဲ့ ရဟန်းပြု၊ မဟာယာန နည်းနဲ့ သီလရှင်ဝတ်ထားတဲ့ ရဟန်းနှင့် သီလရှင်တွေက တစ်ဝက်လောက်၊ သာမန်အရပ်ဝတ် အရပ်စားနဲ့လူက တစ်ဝက်လောက် အားလုံး လူ ၅ဝ-ကျော် ၆ဝ-နီးပါးပေါ့။
(အပိုင်း-၉) ကိုဆက်လက်ဖော်ပြသွားပါမည်
Posted in: တရားတော်
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment