ဤဓာတ်ပုံသည် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ၂၀၀၉ နှစ်ဦးပိုင်းက ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များ ညီလာခံကျင်းပနေပုံ ဖြစ်ပါသည်။ ရည်ရွယ်ချက်က ဗုဒ္ဓစာပေများ ပြည်သူပြည်သားတွေဆီ ဘယ်လိုရောက်နိုင်မလဲ စသည့်ပညာရေးစနစ်များ အပါအ၀င် ကမ္ဘာက အလေးအမြတ်ထားသည့် ဘာသာတရားဖြစ်ဘို့နှင့် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်သည်။
ဗုဒ္ဓဘာသိဘာသာ
ခေါင်းစဉ်ကြည့်ပြီး တစ်မျိုးတော့ မထင်လိုက်ပါနဲ့။ ဒါက ဘာသာရေးနဲ့ပတ်သက်ပြီး မေးတဲ့အခါတိုင်း မရတဲ့အခါ ဆရာပြောလေ့ရှိတဲ့ စကားလေးတစ်ခွန်းပါ။ ‘နင်တို့ဟာလေ ဗုဒ္ဓဘာသာ မဟုတ်ဘူး။ ဗုဒ္ဓဘာသိဘာသာတွေတဲ့ အမြဲတမ်း ဆရာကဆူပါတယ်။ တပည့်တွေကလည်း ထူပါတယ်။ နောက်ပြီး တပည့်တွေကို တော်လွန်းလို့ ‘ဧတဒဂ်’ ပေးထားပါသေးတယ်။ ဘာမေးမေး မဖြေနိုင်တဲ့အရာမှာ
‘ဧတဒဂ်’တဲ့။ ကောင်းရော။ ဆရာပြောသလိုပါပဲ ဗုဒ္ဓဘာသိဘာသာတွေ (ကိုယ်အပါအဝင်ပေါ့လေ) ကများနေတော့ အင်း…..နောက်မျိုးဆက်သစ်လေးတွေကျ ဘယ်လိုနေပါ့လို့ စုံစမ်းကြည့်ပါတယ်။
‘မင်းတို့ကိုးကွယ်တာ ဘယ်ဘာသာလဲ’ ‘ဗုဒ္ဓဘာသာ’
‘ဗုဒ္ဓဘာသာ ဘယ်နှစ်မျိုးရှိလဲ’‘…………………’
‘ပိဋကတ်ဘယ်နှစ်ပုံရှိလဲ’ ‘………………’‘
ဂုဏ်တော်ကိုးပါးကို ရေ(တွက်) ပြစမ်းပါ’ ‘………………..’
‘ဟိုလေ ကိုးရီးယားလို နူတ်ဆက်တာလေ ဘာတဲ့’ ‘အညာဆေရို’ (မိန်းကလေးများ ဖြေကြသည်)
‘ဟိုကွာ မန်ယူက တိုက်စစ်မှုးကွာ နာမည်မေ့နေလို့’ ‘ ရူနီ’ (ယောင်္ကျားလေးများ ဖြေကြသည်) ဟုတ်ကဲ့။ အဲဒါအမှန်တကယ်ပါ။
အဲဒီတော့ ကိုယ်ကလည်း သူတို့ကို ပြောလိုက်ပါတယ် ‘နင်တို့ဟာလေ ဗုဒ္ဓဘာသာတွေ မဟုတ်ဘူး ဗုဒ္ဓချာတိချာတာ တွေလို့’ (ဟင်း…ဘယ်ရမလဲ) တခါတလေတော့လဲ စဉ်းစားမိပါတယ်။ ကလေးတွေက ဘာဖြစ်လို့ ဘာသာတရားအပေါ်မှာ စိတ်ဝင်စားမှု မရှိတာလဲလို့။ အကြောင်းတွေက အများကြီးရှိနိုင်ပါတယ်။
အဲဒီထဲက တစ်ခုက ဘာသာတရားနဲ့ အထိအတွေ့ မရှိတာ၊ နည်းတာတွေကြောင့်ပါပဲ။ ဗုဒ္ဓဘာသာဝင်တွေပဲ ဘာသာရေးနဲ့ အထိအတွေ့မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူးလို့ သံသယမရှိကြပါနဲ့။ ဗုဒ္ဓဘာသာဝင်ဆိုတိုင်း ဘာသာတရားနဲ့ နီးစပ်မှုမရှိကြပါဘူး။
တခြားစီပါ။ ကလေးတွေက သူတို့နဲ့ အထိအတွေ့များတဲ့ အရာတွေကိုသာသိပြီး အဲဒီအပေါ်မှာပဲ စိတ်ဝင်စားမှုရှိကြတာပါ။ အဲဒီအပေါ်မှာ တာဝန်အရှိဆုံးသူတွေက မိဘတွေပါ။ ဒုတိယက ဆရာတွေလို့ပြောနိုင်ပါတယ်။ မိဘတွေက အထိအတွေ့များအောင်
လုပ်မပေးတော့ ကလေးတွေကလည်း ဘာသာရေးနဲ့ ရင်းနှီးမှုမရှိ၊ မရှိတော့ စိတ်မဝင်စားတော့တာပေါ့။ စိတ်ဝင်စားမှုမရှိတော့မသိ၊ မသိတော့ ဗုဒ္ဓဘာသိဘာသာတို့၊ ဗုဒ္ဓချာတိချာတာတို့ ဖြစ်ကုန်ရော။ အခုခေတ် မိဘတော်တော်များများက ကိုယ့်သားသမီး ‘သြကာသကန်တော့ချိုး’ မရတာကို စိတ်မပူကြပါဘူး။ အတန်းထဲမှာ အဆင့်မကောင်းမှာ ဆုမယူရမှာတွေကိုပဲ ပိုပြီးစိတ်ပူကြတာပါ။ ဝမ်းနည်းစရာပါပဲ။ ပညာတတ်လူတန်းစားဆိုတဲ့ မိဘတွေကိုယ်တိုင်က အဲလိုဖြစ်နေကြတာ အံ့သြစရာမကောင်းဘူးလား။ ကိုယ့်သားသမီး ညအိပ်ရာဝင်ခါနီး ဘုရားရှိခိုးရဲ့လားလို့ စောင့်ကြည့်ပြောဆိုမဲ့ မိဘမျိုးရှားပေမယ့် စာကျက်၊မကျက် အနားကနေ ငိုက်ပြီး ငုတ်တုတ်ထိုင်စောင့်တဲ့ မိဘတွေတပုံကြီးပါပဲ။ တစ်ချို့လည်း တော်တော်လေးလုပ်ပေးတဲ့ မိဘတွေတွေ့ဖူးပါတယ်။
တရားစခန်းတွေမှာ မိဘတွေနဲ့အတူပါလာတဲ့ ကလေးတစ်ချို့ဆိုရင် ၉-နှစ်၊ ၁၀-နှစ်လောက် ကလေးတွေပါ။ ဒီ ၉-နှစ်၊ ၁၀-နှစ် ကလေးက တရားထိုင်လို့ဘာသိမှာလဲလို့ ကတ်မပြောပါနဲ့။ တရားစခန်းတွေဆိုတာ နိဗ္ဗာန်ရဖို့ အဓိကနည်းပေးလမ်းပြတဲ့ နေရာဖြစ်သလို ဘဝမှာအရေးပါတဲ့ နေထိုင်နည်း၊ စားသောက်နည်း၊ ပြောဆိုနည်း၊ စိတ်နေစိတ်ထားတွေကိုပါ ပြုပြင်ပေးတဲ့နေရာပါ။ အဲလိုမိဘများကြတော့လည်း သားသမီးကို ပြုစုပျိုးထောင်တဲ့နေရာမှာ တော်လိုက်တာလို့
မှတ်ချက်ချမိပါတယ်။ သူတို့ကိုယ်တိုင်က ဗုဒ္ဓဘာသာဆိုတော့ သားသမီးကိုလည်း ဗုဒ္ဓဘာသာဖြစ်အောင် ပြုစုပျိုးထောင်နိုင်တာပေါ့။ မိဘကိုယ်တိုင်က ဗုဒ္ဓချာတိချာတာဆိုရင် သားသမီးကလည်း ဗုဒ္ဓချာတိချာတာ ဖြစ်မှာပဲ။
မိဘတွေဆိုတာ ကိုယ့်သားသမီးကို ကိုယ့်ထက်တော်စေချင် တတ်စေချင်ကြတာချည်းပါပဲ။ ဒါပေမယ့် တစ်ချို့ကိစ္စတွေမှာ လမ်းလွဲနေတယ် ထင်တာပဲ။ လူတော်လေးတွေတော့ ဖြစ်ပါရဲ့ လူကောင်းလေးတွေမဟုတ်ရင် ဘယ်လိုလုပ်ကြမလဲ။ စိတ်အခြေခံကောင်းတွေဆိုတာ ဘာသာတရားအပေါ်မှာ အခြေခံပြီးရလာတာကိုတော့ ဘယ်သူမှငြင်းနိုင်မယ် မထင်ပါဘူး။ ကဲ…ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။
မြတ်စု
၂၉-၁၂-၂၀၀၉
သီတဂူစတားအကြံပြု
ဟုတ်ပါတယ် ဗုဒ္ဓဘာသာဝင်တွေဆိုပေမဲ့ ဗုဒ္ဓဘာသာနှင့် ဝေးနေသူတွေ အများကြီးပါ၊ ဘွဲ့ရပြီးကျောင်းသားများသည်ပင် ဗုဒ္ဓဘာသာအကြောင်းကို ကောင်းကောင်း မပြောနိုင်ကြပါဘူး။ အခြေခံအကြောင်းတွေကတော့ မမြတ်စုပြောသလို မိဘတွေရဲ့အားပေးမှုပေါ်မှာ မူတည်တယ်ဆိုတာလဲ အကြောင်းတစ်ရပ်ပါ။ အကြောင်းတစ်ခုကတော့ ပညာရေးစနစ်ပါပဲ၊ အတန်းကျောင်းတွေမှာ ဘာသာရေးနှင့်ပတ်သက်တဲ့ ပြထာန်းစာမျိုးမပါခြင်းကလည်း အကြောင်းတစ်ရက်ပါ။ သီရိလင်္ကာနိုင်ငံက ကျောင်းသား ကျောင်းသူလေးတွေသည်၊ အင်္ဂလိပ်စာတော်ရုံတင်မဟုတ်ပါဘူး ဘာသာရေးဘက်ဆိုင်ရာ အသိပညာတွေကလည်း တော်နေကြပါတယ်။ နိုင်ငံတော်၏ မူလတန်း အလည်တန်း အထက်တန်းကျောင်းတို့၌ ဗုဒ္ဓဘာသာအကြောင်းအရာများကို မဖြစ်မနေသင်ကြရပါသည်။ အလုပ်လျှောက်သည့်အခါမှာလည်း ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့်စာမေးပွဲ အောင်လက်မှတ် ပါသူကိုသာ ဦးစားပေးခန့်ကြပါသည်။ တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓဘာသာသင်တန်း မဖြစ်မနေတက်ကြရပါသည်၊ ထိုသင်တန်းကျောင်းကို ဆန်းဒေးစကူးလ် (Sunday School) ဟုခေါ်၏။
(အရှင်ဒေ၀ိန္ဒာဘိဝံသ၏ ဆန်းဒေစကူးတွင် ဖော်ပြပြီး) အလွန်ထိရောက်သည့် နည်းဖြစ်ပါသည်။ သီရိလင်္ကာအစိုးရ၏ ဘာသာရေးအပေါ် အလေးထားသည့် သဘောပင် ဖြစ်သည်။ ဘုန်းတော်ကြီးပညာရေးဘက်မှာတော့ မြန်မာရဟန်းတော်များကို မီတဲ့နိုင်ငံ မရှိသေးသည့်ဆိုသော အချက်ကိုတော့ ဗုဒ္ဓဘာသာတိုင်းပြည်တိုင်းက လက်ခံကြသည်။ မြန်မာရဟန်းတော်များသည် ဗုဒ္ဓစာပေနှင့်ပတ်သက်လာလျင် မြန်မာနိုင်ငံအတွက် ဂုဏ်ထူးဆောင်နေသလို ထေရ၀ါဒဗုဒ္ဓဘာသာအတွက် ရှေ့တန်းက ဦးဆောင်နေခြင်းကိုလည် အသိအမှတ်ပြုကြသည်။ မြန်မာနိုင်ငံရဲ့ ထူးခြားသည့်ဂုဏ်ထူးနှင့် ပတ်သက်လာလျင်လည်း ဗုဒ္ဓဘာသာရဟန်းတော်များ၏ ပရိယတ် ပဋိပတ်အလုပ်နှင့် လူမှုရေးလုပ်ငန်းများကို ညွန်ပြရပါလိမ့်မည်ဟု ထင်မိပါသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ဓလေ့ထုံတမ်း အစဉ်အလာများသည် မြတ်ဗုဒ္ဓ၏အဆုံးအမများကို လုံးဝအခြေခံထားသည်ကိုတွေ့နိုင်ပါသည်။ ထိုမြတ်ဗုဒ္ဓ၏ဓမ္မသည်လည်း ရဟန်းတော်များ၏ လက်ဆင့်ကမ်း သယ်ဆောင်လာခြင်းကြောင့်သာဖြစ်ပါသည်။ ရဟန်းတော်များ၏ အခန်းကဏ္ဍကိုဖယ်လိုက်ပါက ဘာမှထူးခြားတာမရှိနိုင်ပေ။ ထို့ကြောင့် မိဘများကလည်း နောင်မျိုးဆက်သစ်လူငယ်တွေ ဘုန်းတော်ကြီးကျောင်းတွေနှင့် နီးစပ်လာအောင် ဗုဒ္ဓစာပေများစိတ်ဝင်စားလာအောင် ကျိုးစားဘို့လိုသလို ပညာရေးအခန်းကဏ္ဌမှာလည်း ဗုဒ္ဓစာပေများ ထည့်သွင်းပြထာန်းသင့်ကြောင်း မမြတ်စုရဲ့ ဆောင်းပါးကို အတည်ပြုကာ ထည့်လောင်း အကြံပြုလိုက်ပါသည်။
သီတဂူစတား
၎-၁-၂၀၁၀
Posted in: ဆောင်းပါး
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment