
အမျိုးသမီး စွမ်းဆောင်ရှင်(အပိုင်း-၃)
အမျိုးသမီး စွမ်းဆောင်ရှင် ခုဇ္ဇုတ္တရာ
ဥတေနရဲ့ ရွှေနန်းတော်မှာ သာမာဝတီက ပရိသတ်ရေ နေ့နေ့ည ည လျောင်း, ထိုင်, ရပ်, သွား ဣရိယာပုတ် လေးပါးစလုံးမှာ မေတ္တာနဲ့နေတယ်။ အဲဒါကြောင့် မေတ္တာဝိဟာရီနံ - မေတ္တာနဲ့နေကြ ထိုင်ကြကုန်သော။ ဥပါသိကာနံ - ဒကာမအပေါင်းတို့တွင်။ အဂ္ဂံ အဂ္ဂေါ - အမြတ်ဆုံး အတော်ဆုံး အသာဆုံးပဲရယ်လို့။ ဘဂဝါ - ဘုရားရှင်က။ မေတ္တာဝိဟာရီဧတဒဂ္ဂဋ္ဌာနေ - မေတ္တာဝိဟာရီ ဧတဒဂ်ရာထူး၌။ ထပေသိ - ကောင်းစွာမသွေ ချီးမြှောက်တော်မူခဲ့ပါပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။
ကမ္ဘာတစ်သိန်းလောက်က တောင်းခဲ့တဲ့ ဒီဆုတောင်း
ပရိသတ်ရေ တွဲဘက်ညီတဲ့ မိန်းမနှစ်ယောက်က သာမာဝတီနှင့် ခုဇ္ဇုတ္တရာ၊ လွန်လေပြီးသော ကမ္ဘာတစ်သိန်း ပဒုမုတ္တရာမြတ်စွာဘုရား လက်ထက်ထဲက သူတို့နှစ်ယောက် ဒီဆုကို တောင်းခဲ့ကြတာ။ အဲဒီဆုတောင်းဟာ ဂေါတမဘုရားလက်ထက်မှာ လာပြီးတော့ပြည့်စုံတယ်။ အဲဒီတော့ ဘယ်လောက်ကြာကြာကြီး သူလေ့ကျင့်ဆည်းပူးခဲ့ရသလဲဆိုရင် ကမ္ဘာတစ်သိန်း ဘယ်လောက်လဲ။
ကမ္ဘာတစ်သိန်းပါဘုရား။
အဲဒါကြောင့် ထူးချွန်တဲ့ ထိပ်တန်းတစ်နေရာရောက်ဖို့ရန်ဆိုတာ ခုလုပ်လို့ ခုတော့ မရောက်ဘူး၊ အကြာကြီးလုပ်ရတယ်၊ ကြာကြာလုပ်ရတာ မှတ်ထား၊ ''စိရကာလဘာဝနာ''တဲ့။ ဘာတဲ့လဲ။
စိရကာလဘာဝနာပါဘုရား။
အဲဒါကြောင့် ထိပ်တန်းထူးချွန်ပြောင်မြောက်တဲ့နေရာတစ်ခုကို ရောက်ချင်ရင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ သီလရှင်ဖြစ်စေ၊ ဘုန်းကြီးဖြစ်စေ ဘယ်သူဖြစ်ဖြစ်နော် ကြာကြာလုပ်ရတယ်၊ ဟာ အခုလုပ် အခု ရောက်သွားလိမ့်မယ် ဒီလိုမထင်နဲ့။ ထူးချွန်တဲ့ပုဂ္ဂိုလ်တွေရဲ့ ဘဝကိုပြန်ကြည့် အကြာကြီးလုပ်လာမှ ထိပ်သို့ရောတယ်၊ အဲဒါကိုခေါ်တယ် စိရကာလဘာဝနာ၊ နောက်အဲဒီလောက် ကြာညောင်းတဲ့ကာလမှာ မရပ်မနား လုပ်ကြတာတဲ့ ဘယ်လိုလုပ်သလဲ။
မရပ်မနားလုပ်ကြပါတယ်ဘုရား။
သြော်တို့တော့ကွာ အလုပ်တော့လုပ်ပါတယ်၊ အကြာကြီးတော့ လုပ်မှာပါ၊ ဒါပေမယ့် နှစ်ဆယ်လေးနာရီ တစ်ပတ်လည်မှာ (၄၅)မိနစ်လောက် တို့တရားထိုင်ပြီးတော့ ကျန်တဲ့အချိန်တွေ ဒီလိုပဲစားစားသောက်သောက်ပဲ။ ဒီလိုဆိုရင်တော့ မရဘူး။ မြတ်စွာဘုရားရဲ့ ဒုက္ကရစရိယ ခြောက်နှစ်ဆိုတဲ့ ကာလကို ပြန်ပြီး ဗုဒ္ဓဝင်ဖတ်ကြည့်၊ အနားယူနေတဲ့ အပန်းဖြေနေတဲ့နေ့ရက် တစ်ရက်မှမရှိဘူး။
အချိန်ကိုမဖြုန်းပါနဲ့
ခင်ဗျားတို့ ခဏခဏအပန်းဖြေ ခရီးထွက်တယ်၊ ဒီလောက် တိုတောင်းတဲ့ဒီအသက် ဒီကာလကို ဒါအချည်းအနှီး အချိန်ဖြုန်းနေကြတာလို့ ဘုန်းကြီးတို့ ဒီလိုပဲထင်နေတာ။ ဟော အနှစ်တစ်ရာမတိုင်ခင် အကုန်လုံး သေဖို့ အဆင်သင့်ပဲ၊ ရာကျော်မှာ ဒီဘုန်းကြီးတစ်ပါးပဲရှိမယ်၊ လက်မခံနိုင်ရင်လဲ မတတ်နိုင်ဘူး၊ ကိုယ်ကဒါလုပ်ထားတယ်၊ ဟုတ်လား။
အဲဒီတော့ တိုတောင်းတဲ့ ဒီကာလလေးထဲမှာ အိပ်တာရယ် စကားပြောတာရယ် အနားယူတာရယ် အပန်းဖြေတာရယ် အတင်းအဖျင်း ထိုင်ပြောတာရယ်၊ တယ်လီဗီးရှင်းကြည့်တာရယ်၊ ကာတွန်းဖတ်တာရယ်၊ အလဟဿအချိန်တွေ ကုန်တာက ပိုများတယ်။ အကျိုးရှိတဲ့အချိန်က နည်းနည်း လက်ဘက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းတဲ့ကောင်တွေ အများကြီးဘဲ၊ တိုင်း ပြည်နဲ့လူမျိုးအတွက် ဘာမှအလုပ်မဖြစ်ဘဲနဲ့၊ ဒီလိုဟာတွေ ထမင်းဖြုန်း နေကြတာဆိုရင် သူတို့စိတ်ဆိုးမယ်နော်၊ ထမင်းဖြုန်းတာ။
အဲဒါကို မြတ်စွာဘုရား ဟောထားပြီးသားရှိတယ်၊ မောဃံ သရဋ္ဌ ပိဏ္ဍံ ဘုဉ္ဇတိ၊ တဲ့ ဘုရားဟောပြီးသား။ နောက်မှအဲဒါကို အကျယ်ပြောအုံး မယ်၊ မောဃံ - အချည်းအနှီး။ သရဋ္ဌပိဏ္ဍံ - ကိုယ့်တိုင်းပြည်ထမင်းကို။ ဘုဉ္ဇတိ - စားနေကြတာ။ တိုင်းပြည်ထမင်းကို ဘယ်လိုစား။
အချည်းအနှီးစားနေကြပါတယ်ဘုရား။
အချည်းအနှီး ဘာမှအလုပ်မလုပ်ဘဲနဲ့ တိုင်းပြည်ထမင်းကို စားနေကြတယ်။ လုပ်နေတဲ့လူတွေရဲ့ ထမင်းကို သူတို့ဝေပြီးတော့ လုစားတဲ့သဘော သက်ရောက်တယ်၊ အလုပ်မလုပ်တဲ့လူ၊ ထမင်းစားတာဟာလေ အလုပ်လုပ်တဲ့ လူတွေရဲ့ထမင်းခိုးစားသလို လုစားသလိုဖြစ်တယ်၊ အဲဒါကို မြတ်စွာဘုရား သိတ်အပြစ်တင်တယ်။ အလုပ်မလုပ်တဲ့ပုဂ္ဂိုလ်တွေကို မောဃံ သရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ။ မောဃ - အချည်းအနှီး။ သရဋ္ဌပိဏ္ဍံ - မိမိတိုင်းပြည်ရဲ့ထမင်းတွေကို။ ဘုဉ္ဇတိ - စားနေကြတယ်။
အမျိုးသမီးစွမ်းဆောင်ရှင်(အပိုင်း-၄)မျှော်
0 comments:
Post a Comment