စာမိတ်ဆက်
အနေကဇာတင်ခြင်းနှင့်ပတ်သက်ပြီး မေးထားတဲ့ အီးမေးလ်က မေးခွန်း တစ်ခုဖြစ်ပါတယ်။ ဒီအဖြေတွေကလဲ အွန်လိုင်းမှာ အများကြီး ရှိပြီးသား ဖြစ်ပါလိမ့်မယ်။ အယူအဆ နဲနဲပဲ ကွာပါလိမ့်မယ်၊ သို့သော် ရည်ရွယ်ချက်က တစ်ခုတည်းပဲဖြစ်ပါတယ်။ အောက်ပါ မေးသူ၏ အမေးကို စာရေးသူ၏ အမြင်ကိုပဲ တင်ပြထားခြင်းဖြစ်ပါတယ်။
အမေး
အရှင်ဘုရား
တပည့်တော် သိချင်တာလေးကို မေးခွင့်ပြုတော်မူပါဘုရား။ ဘုရားအနေကဇာ တင်ခြင်းနှင့် ပတ်သက်၍ လိုအပ်သည်များကို ပြည့်စုံစွာ ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။ ဘုရားအနေကဇာတင်မည်ဆိုပါက လိုအပ်သည်များကိုလည်း ဖြေကြားပေးတော်မူပါဘုရား။
အဖြေ
အနေကဇာတင်
အနေကဇာတင်ဆိုတာ ‘‘အနေကဇာတိ သံသာရံ’’ ဆိုတဲ့ စကားကနေ ဖြစ်လာတဲ့ အခေါ်အဝေါ်တစ်ခု ဖြစ်ပါတယ်။ ထို ‘‘အနေကဇာတိ သံသာရံ’’ အစချီတဲ့ ဂါထာက ဘုရားရှင်၏ ဘုရားဖြစ်ပြီးချင်း ပီတိအဟုန်ကြောင့် ထွက်ပေါ်လာတဲ့ ဥဒါန်းစကားဖြစ်သည်၊ ဆိုလိုတာက ဘ၀များစွာ သံသရာက ခန္ဓာတည်းဟုသော အိမ်ကို တည်ဆောက်တတ်သော တဏှာဆိုတဲ့ လက်သမားဆရာကို ငါရှာတွေ့ပြီး ထိုတဏှာကိုလဲ ဖျက်ဆီးပြီး လွန်မြောက်တော်မူပြီးပြီလို့ ဆိုတယ်၊ ဆိုလိုတာ သံသရာက လွတ်မြောက်ပြီလို့ အဓိပ္ပါယ်ရပါတယ်။
မြတ်ဗုဒ္ဓအလောင်း ပထမဗောဓိပင်အောက်မှာ နေ၀င်ချိန် မာနတ်မင်းတပ်ပေါင်းစုကို အောင်မြင်ခဲ့သည်၊ ည မထမယာမ်မှာတော့ ပုဗ္ဗေနိဝါသအဘိဥာဉ်ကို ရခဲ့တယ်၊ မဇ္ဈိမ အလယ်ယာမ်မှာတော့ ဒိဗ္ဗစက္ခုအဘိဥာဉ်ရခဲ့သည်၊ နောက်ဆုံ ပစ္ဆိမယာမ်မှာတော့ မဟာကရုဏာတော်ဖြင့် ပဋိစ္စသမုပ္ပါဒကို အပြန်အလှန် ဆင်ခြင်သုံးသပ်ပြီး အရုဏ်တက်ချိန်မှာ ဘုရားဖြစ်ကို ရောက်ရှိခဲ့ပါသည်၊ ဘုရားဖြစ်ဖြစ်ခြင်းပဲ တစ်သိန်းသော ဗုဒ္ဓတို့ ကျူးရင့်သော ဥဒါန်းကို မြွတ်ဆိုတယ်၊ ထိုဥဒါန်းသည်ပင် အနေကဇာတင် ဟုခေါ်သည်။ ထို ‘‘အနေကဇာတိ သံသာရံ’’ ဘုရားရှင်အားရည်စူးပြီးထုလုပ်ထားတဲ့ ရုပ်ပွားတော်များအပေါ် တင်လိုက်ခြင်းကိုပဲ အနေကဇာတင်ဟု ခေါ်ဟန်တူပါသည်။
ယနေ့ခေတ်
အခုခေတ်မှာတော့ ဘုရားရုပ်ပွားဆင်းတုတော် အသစ်ပင့်လာပြီဆိုရင် အမြတ်တနိုး ဘိတ်သိက် (ဗုဒ္ဓါဘိသေက) သွန်းလောင်းတယ်လို့ခေါ်တဲ့ အစီအရင်တစ်ခု အနေနဲ့ ကျင်းပကြသည်။ ဘုရားရှင်အား ပူဇော်ခြင်းတမျိုးပါပဲ ဖြစ်ပါသည်။ ဘုရင့်သားတော် ဘုရင်အဖြစ်အသိအမှတ်ပြုတဲ့ အနေနဲ့ ဘိသိက်သွန်းလောင်းပြီး အသိမှတ်ပြုသလိုပါပဲ။ သစ်သား၊ ကြေး၊ ကျောက် စသည်တို့ဖြင့် ပြုလုပ်ထားသော ရုပ်ပွားဆင်းတုတော်များကိုလည်း သက်တော်ထင်ရှား ဘုရားအဖြစ်နဲ့ ကိုးကွယ်သူတို့သန္တာန်မှာ ပိုမို သဒ္ဓါတရားဖြစ်စိမ့်သောငှါ ရည်ရွယ်၍ ဒီအစီအမံကို စနစ်တကျ ရှေးပညာရှိများက တီထွင်ခဲ့သည်။
မဟာဂန္ဓာရုံနှင့် အနေကဇာတင်
စာရေးသူတို့ငယ်ငယ်က မဟာဂန္ဓာကျောင်းတိုက်မှာ နေစဉ်ကပေါ့ နှစ်စဉ် ဆရာတော်ကြီး၏ နယ်ပယ်ဒေသတွေက ဒကာဒကာမတွေက ပင့်ဖိတ်လို့ နွေရာသီမှာ ၀က်လက်ဒေသတစ်ဝိုက်မှာ သံဃာ ၁၃၀၀၏ကိုယ်စား သံဃာ ၁၀၀ ဆွမ်းဆန်စိမ်းအလှူခံ ကြွရလေ့ရှိတယ်။ စာရေးသူ ကိုရင်ဘ၀က တစ်ခါ လိုက်ဖူးတယ်၊ ဆွမ်းဆန်စိမ်ခံ ကြွမည့် ကိုရင်ငယ် ဦးဇင်းငယ်တွေကို ပရိတ်ရွတ်ပုံနှင့် အနေကဇာတင်ပုံတို့ကို စနစ်တကျ သင်ပေးလေ့ရှိသည်၊ ဒါ့ကြောင့် တောင်မြို့မဟာဂန္ဓာရုံကျောင်းတိုက်၏ ပရိတ်ရွတ်ခြင်းသည် တခြားကျောင်းတိုက်များနှင့် မတူတာတော့ အမှန်ပင်ဖြစ်သည်၊ အဖြတ်အတောက် (ယတိ) မတူကြခြင်းဖြစ်သည်၊ ထိုမဟာဂန္ဓာရုံကျောင်းတိုက်မှာတော့ ထိုရွတ်ပုံဖတ်ပုံများကို တစ်ပုံစံတည်း စနစ်တကျ သင်ပေးထားခြင်းကြောင့် ဥပုသ်နေ့တိုင် သံဃာ ၁၃၀၀ ကျော်တို့၏ ပရိတ်အသံသည် တစ်ပြိုင်တည်း တစ်သံတည်းဖြစ်နေသည်၊ နားထောင်ရသူတိုင်း ကြက်သီးမွှေးညှင်းများ ထကြရသည်။ ၀မ်းသာလွန်း၍ ပီတိပင်မျက်ရည်ပင် ကျရသည်။ ညီညွတ်ခြင်း၏ သင်္ကေတပင်ဖြစ်သည်။
တခါက ထိုဝက်လက်နယ်ရှိ ဒကာဒကာမတွေက တောင်မြို့ မဟာဂန္ဓာရုံက သံဃာတွေ ကြွလာပြီဆိုရင် တစ်ရွာလုံး ပွဲကြီးလမ်းကြီးများ ရှိသလို အုတ်အုတ်သဲသဲ ကြိုဆိုကြသည်၊ ပြုစုကြသည်၊ နှစ်စဉ် ဆွမ်းကပ်မည့် ဒကာဒကာမတွေလည်း ၄ နှစ်ကြို တောင်းထားကြရသည်၊ တောင်မြို့သံဃာတွေ ကြွလာသောအခါမှသာ အိမ်တက်၊ ရှင်ပြု ရဟန်းခံ၊ ဘုရားအနေကဇာတင် မင်္ဂလာများ ပြုလုပ်လေ့ရှိသည်၊ ထိုဒေသ တချို့ ဘုန်းကြီးများက ခင်များတို့က ဂန္ဓာရုံက ဘုန်းကြီးတွေကိုမှ ဘုန်းကြီးထင်တာကိုးလို့ ပြောသော အခါ ထိုရပ်ရှိဒကာက ပြန်ပြောလိုက်သည်မှာက ‘‘ အရှင်ဘုရား-- တခြားမကြည့်နဲ့ ခေါင်းကိုပဲ ကြည့်ပါဘုရား၊ အရှင်ဘုရားတို့နဲ့ မတူဘူးဘုရား’’ ဟု ပြောလိုက်သည်တဲ့။
မှန်ပါသည်၊ တောင်မြို့ဂန္ဓာရုံမှ သံဃာများသည် အသွင်အပြင်ပါ တခြားကျောင်းနဲ့ မတူခြင်းက အဖိတ် ဥပုသ်နေ့တိုင်း ခေါင်းရိပ်ရသည့်အတွက် သံဃာအားလုံး၏ ခေါင်းများသည် တညီတည်းဖြစ်နေသည်။ သံဃာတစ်ရာ တန်းစီကြွသွားသော မြင်ကွင်းကို ဘယ်သူမှ မကြည်ညိုဘဲ မနေနိုင်၊ ခေါင်းတူခြင်း၊ သင်္ကန်းအရောင် တစ်သွေးတည်းဖြစ်ခြင်း၊ သပိတ်အိပ် သပိတ် လွယ်ပုံမှာမှာ တစ်ရောင်တည်း တစ်ပုံစံတည်း ဖြစ်ခြင်း၊ ငြိမ်သက်သော တည်ငြိမ်မှုတို့ကြောင့် ဘုရားလက်ထက်က ဘုရားအမှူးရှိ သံဃာများကို ဖူးရသည့်မြင်ကွင်းမျိုးဖြစ်သည်။ စာရေးသူကိုယ်တိုင်ပင် ထိုသံဃာတစ်ရာအတန်းတွင် ပါခဲ့ဖူးသည်။ လမ်းသွားတစ်လျှောက် ခင်းကျင်းထားသည်မှာလည်း မနှင်းရက်စရာ။ နောင်အခွင့်သာမှ ထိုကျောင်းတိုက်ကြီးအကြောင်း တင်ပြပါဦးမည်။ ဤနေရာတွင် ထိုကျောင်းတိုက်၏ အနေကဇာတင်ပုံကိုပဲ ဖော်ပြပါမည်။
ဤပုံများက မဟာဂန္ဓာရုံကျောင်းတိုင်းကြီးအတွင်းက ညီညွတ်မှု (သမဂ္ဂ)၏ ပြယုဂ်တစ်ခုဖြစ်သည်။
အနေကဇာတင်ပုံ
နာယကချုပ်ဆရာတော်ကြီးနှင့် အတူ အလှူအတန်းသွားသည့်အခါ အနေကဇာတင်ပါလာပါက ပထမဆုံး အစဉ်သိအောင် အစဉ်ကဗျာလေး ရွတ်ပြတတ်သည်။ ‘‘ အနေကဇာ အ၀ိဇ္ဇာ ယထာ ဟေတု ဇယန္တော’’ စသည်ပင်ဖြစ်သည်
၁။ အနေကဇာ-‘‘အနေကဇာတိ သံသာရံ’’
၂။ အ၀ိဇ္ဇာ- ‘‘အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ’’စသော ပဋိစ္စသမုပ္ပါဒ အပြန်အလှန်ဖြစ်သည်။
၃။ ယထာ -‘‘ယထာ ဟဝေ ပါတုဘ၀န္တိ’’ စသော သုံးဂါထာ။
၎။ ဟေတု- ‘‘ဟေုတုပစ္စယော’’ စသော ပဌာန်း ၂၄ ပစ္စည်း ဥဒ္ဒေသဖြစ်သည်။
၅။ ဇယန္တော- ‘‘ ဇယန္တော ဗောဓိယာ မူလေ’’ စသော ပုဗ္ဗဏှသုတ်က ဂါထာများဖြစ်သည်။
၆။ ဂုဏ်တော် သုံးပါးနှင့် ယံဒုန္နိမိတ္တံ စသော သုံးဂါထာဖြင့် အဆုံးသက်သည်။
ယနေ့ခေတ်မှာတော့ အနေကဇာတင်မည့် ရုပ်ပွားတော်ရှေ့မှာ ပန်းမျိုးစုံ၊ အသီးအနှံမျိုးစုံ၊ ပေါက်ပေါက်ပန်း၊ ဆန်၊ တံခွန်ကုတ်ကား၊ အောင်သပြေပန်း စတဲ့ အဆောင်အယောင်တွေပါ မြိုင်မြိုင်ဆိုင်ဆိုင်ရှိအောင် ပူဇော်ကြသည်။ ပူဇော်လိုက ပူဇော်နိုင်သည်ဟု မှတ်ပါ။ မရှိမဖြစ်လိုအပ်သည်ကား မဟုတ်။
အထက်ပါ ၁,၂,၃ တို့သည် ဘုရားဖြစ်ခါစ ကျူးရင့်သော ဘုရားရှင်၏ ကိုယ်တိုင်ရွတ်ဆိုသော စကားများဖြစ်သည်။ ထိုစကားတော်များဖြင့် ဘုရားရှင်၏ ရုပ်ပွားတော်များကို အမွန်းတင်ပူဇော်ခြင်းဖြစ်သည်၊ အရပ်စကားနဲ့ပြောရရင် အသက်သွင်းပေးခြင်းဖြစ်သည်။ တကယ်တော့ လူအများစုထင်သလို အသက်သွင်းတာမျိုးမဟုတ်ပါ။ ရုပ်ပွားဆင်းတုတော်ကို ကိုးကွယ်ရာဝယ် အဓိက ကတော့ ကိုးကွယ်သူတို့၏ စိတ်ပဲ ဖြစ်သည်၊ အခက်အခဲ အမျိုးအမျိုးကြောင့် ရုပ်ပွားဆင်းတုတော်များကို ဤကဲ့သို့သော အစီအမံများ မလုပ်ဘဲ ဘုရားရှင်ကိုယ်စား ဥဒ္ဒိဿစေတီ အသိအမှတ်နဲ့ ပူဇော်ခြင်းလည်း ရပါသည်။ ပိုမိုသဒ္ဓါထက်သန်စေရန် ဤအစီမံများဖြင့် ဘုရားရှင်အား အနေကဇာတင်ပေးကြသည်ဟု ခံယူမိပါသည်။
အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ၊
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာဇာတိ ပုနပ္ပုနံ။
ဂဟကရက ဒိဋ္ဌောသိ ၊ ပုန ဂေဟံ နကာဟသိ၊
သဗ္ဗာတေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ ၊ တဏှာနံ ခယမဇ္ဈဂါ။
၁။ ပုနပ္ပုနံ-ဘ၀သံသရာ ဖန်ခါခါလျှင် ခန္ဓာဝဋ်ဇာတ် အမြစ်မပြတ်နိုင်ဘဲ၊ ဇာတိ- ယောနိလေးထွေ လှည့်ပတ်ဖွေလျက် သန္ဓေစွဲမှီ တည်နေဖြစ်ပွားရခြင်းသည်၊ ဒုက္ခာ-သန္ဓေဇာတိ ခန္ဓာရှိလျှင် ဗျာဓိဇရာ မရဏာတို့ မကွာနောက်ဆက် ၀င်နှိပ်စက်သဖြင့် သက်သက်ချမ်းသာ မဟုတ်ပါဘဲ လွန်စွာညှိုးနွမ်း ပင်ပန်းဆင်ရဲလှဘိ၏။ (တသ္မာ-ထို့ကြောင့်) အဟံ-ဘုရားအလျာ သူမြတ်ငါသည်၊ ဂဟကာရံ - ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာအကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား လက်သမားကို၊ ဂဝေသန္တော -လက်သည်စင်စစ် ဘယ်သူဖြစ်ဟု စိစစ်ထောက်လှမ်း စူးစမ်းရှာဖွေလျက်၊ (၀ါ) စူးစမ်းရှာဖွေသော ဘုရားအလျာ သူမြတ်ငါသည်၊ အနိဗ္ဗိသံ-အနိဗ္ဗိသန္တော-တဏှာယောက်ျား လက်သမားကို ပိုင်ခြား ထင်ထင် လင်းလင်းမြင်သည့် သဗ္ဗညုတာ ဥာဏ်မဟာကို သမ္ဘာနုထွေး ငါမရသေးသည်ဖြစ်၍ (၀ါ) ငါမရသေးသောကြောင့်၊ အနေကဇာတိ သံသာရံ-ဘ၀များစွာ သံသရာကာလပတ်လုံး၊ သန္ဓာဝိဿံ-ခန္ဓာငါးချက် ဒုက္ခစက်ကို ကြောက်လျက်ပင်လျှင် ငါမခင်ဘဲ သံသရာဝဋ် ချားရဟတ်၌ မရပ်မနား တဖားဖားလျှင် ပြေးသွားကျင်လည်ခဲ့ရလေပြီ။
၂။ ဂဟကာရက-ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ် သည့် အယုတ်တမာ အကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား ဟယ်... လက်သမား၊ ဣဒါနိ- ဘုရားဖြစ်လာ ယခုအခါ၌၊ တွံ-သင် တဏှာယောက်ျား လက်သမားကို၊ ဒိဋ္ဌော- သဗ္ဗညုတ ဥာဏ်ကိုရသဖြင့် ဒိဋ္ဌထင်ထင် ငါမြင်အပ်သည်၊ အသိ-ဖြစ်ပေ၏၊ တွံ-သင်တဏှာယောက်ျား လက် သမားသည်၊ ဂေဟံ-ဒုက္ခယှက်လိမ် ခန္ဓာကိုယ် အတ္တဘောတည်းဟူသောအိမ်ကို၊ ပုန န ကာဟသိ-နင့်ခြေ နင့်လက် နင့်အသက်ကို လေးမဂ်လျှံရှိန် ဥာဏ်ပုဆိန်ဖြင့် လေးကြိမ်ဖြတ်ခုတ် အမြစ်ပြုတ်သည့် သစ်ငုတ်တိုဟန် နင်ဖြစ်ပြီမှန်သောကြောင့် တဖန်ထပ်လှောက် နင်ဆောက်လုပ်နိုင်တော့မည် မဟုတ်ချေ။ တေ-သင် တဏှာယောက်ျား လက်သမား၏၊ သဗ္ဗာ-တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော၊ ဖာသုကာ-အခိုင်အမာ တည်ဆောက် ခန္ဓာအိမ်တည်းဟူသော ဘုံကွန်းပြောက်၏ ထုပ်လျောက်ဒိုင်းမြား ကိလေသာအခြင်ရနယ်တရားတို့ကို၊ ဘဂ္ဂါ-၀ါသနာ အငွေ့အသက်နှင့်တကွ အနုသယသတ္တိ ကျန်မရှိအောင် စိစိကြေညက် ငါချိုးဖျက်အပ်လေပြီ၊ ဂဟကူဋံ-သစ္စာလေးအင် နိဗ္ဗာန်သွင်ကို မြင်ခွင့်မပေး ဝေးထက်ဝေးအောင် အရေးကန့်လန့် တားဟန့်ပိတ်ကာ အ၀ိဇ္ဇာ တည်းဟူသော အိမ်၏အထွတ်ကို၊ ၀ိသင်္ခတံ-မုန့်မုန့်ကြေမွ ငါဖျက်ချအပ်လေပြီ၊ စိတ္တံ-ကိလေသာဟူ မြူအညစ်အကြေး ကင်းဝေးဖြူလွင် ငါဘုရား၏ စိတ်အစဉ်သည်၊ ၀ိသင်္ခါရံ-သင်္ခါရစက်ကွင်း ဒုက္ခခပင်းမှ လွတ်ကင်းရာအမှန် နန်းနိဗ္ဗာန်သို့၊ ဂတံ-အာရုံမျက်မှောက် သန္တိဓာတ် သိဒ္ဓိပေါက်သဖြင့် ဆိုက်ရောက် သက်ဝင်မိလေပြီ၊ အဟံ-သုံးလောကထွတ်ထား ငါဘုရားသည်၊ တဏှာနံ ခယံ-တဏှာတရာ့ရှစ်ပါး၏ ပျက်ပြားကုန်ခန်းရာ အာသ၀က္ခယ စတုတ္ထမဂ်ဖိုလ်သို့၊ အဇ္ဈဂါ-စက္က၀ါရိုက်ခြောင်း တိုက်တစ်သောင်းမှ နတ်ပေါင်းဗြဟ္မာ ကောင်းတင်းငြာလျက် ကြည်သာဝမ်းမြောက် ငါ ဆိုက်ရောက်ခဲ့လေပြီတကား။
နိဿျကို သီတဂူဝတ်ရွတ်စဉ်မှာ ကူးယူဖော်ပြပါသည်။
အလွတ်ရအောင် ကျက်မှတ်၍ နေ့စဉ်ပူဇော်နိုင်ပါသည်၊ ဘုရားအနေကဇာတင်သည်လည်း ဘုရားရှိခိုးခြင်းတမျိုးးဖြစ်သည်အတွက် နေ့စဉ် ဤအစီအစဉ်အတိုင်း ဘုရားရှင်ရှေ့ ဘုရားဂုဏ်တော်များအာရုံပြုကာ ရွတ်ပွားခြင်းဖြင့် ဘုရားရှိခိုး ပူဇော်နိုင်ပါသတည်းးးးးးး။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၇-၂၀၁၁
ထည့်လောင်း
ဒီပို့စ်ဖတ်ပြီး ဒကာမတစ်ယောက်က လူတွေကကော အနေကဇာတင်လို့ မရဘူးလားတဲ့။
မှန်ပါသည်။ လူဝတ်ကြောင်ပဲ ဖြစ်ဖြစ် ရဟန်းတော်များကပဲ ဖြစ်ဖြစ် ဘုရားရှိခိုးဖြစ်သည်အတွက် မည်သူမဆို အနေကဇာတင်နိုင်ပါသည်။ ရဟန်းတော်များကို အိမ်မှာပင့်ပြီး အနေကဇာတင်ခြင်းက အလှူရှင်များက သံဃာကို ဖူးမြင်လိုခြင်း၊ ဆွမ်းစသော အလှူဒါန သံဃဒါန မျိုးပြုလုပ်စေလိုခြင်းနှင့် အလေးထားသောသူများက အနေကဇာတင်ခြင်းဖြင့် ပိုပြီး အလေးထားခြင်းမျိုးကြောင့်ပဲ ဖြစ်ပါသည်။