သီတဂူစတား

သီတဂူစတား

29 November 2009

မွန်မြတ်သောဆု (အပိုင်း-၁)



ဆုတောင်း ၆ မျိုး(အပိုင်း-၇)

တောင်းဆုလေးမျိုး


''သိကြားမင်း...ငါသည် အမျက်မထွက်ရပါစေနဲ့၊ ဒေါသမရှိရပါစေနဲ့၊ လောဘမရှိရပါစေနဲ့၊ ကိလေသာ အချစ် မရှိရပါစေနဲ့ဆိုတဲ့ ဆုတွေကိုပဲ လိုချင်ပါတယ်''လို့ ကဏှက တောင်းဆိုလိုက်တယ်။ အဲဒီလို ကဏှက ဆုတွေ တောင်းတော့ သိကြားမင်းက ပြောလိုက်တယ်။

တောင်းဆိုရခြင်း အကြောင်းရင်း

''ဘာ့ကြောင့် ဒီဆုတွေကို တောင်းသလဲ၊ တောင်းဆိုခြင်းရဲ့ အကြောင်းကို ရှင်းပြတော်မူပါဦးဘုရား''လို့ လျှောက်တယ်။


အမျက် မဖြစ်ပါရစေနဲ့

''သိကြားမင်း... အမျက်ထွက်ရင် ဖြစ်ကာစက နည်းနည်းကလေးပဲ၊ နောက်တဖြည်းဖြည်းနှင့် အရှိန်ပြင်း လာတယ်။ အဲဒီလို အရှိန်ပြင်းလာရင် ခွာလို့မရအောင် ငြိကပ်တတ်တယ်။ နောက်တော့ စိတ်နှလုံးပူပန်ရတာပဲ'' လို့ ကဏှက မိန့်တော်မူလိုက်တယ်။
အမျက်က ဘာနဲ့တူသလဲဆိုရင် ဒကာကြီးတွေ လယ်တောသွားတဲ့အခါ ဖိနပ်မစီးဘဲနဲ့သွားမိရင် ခြေဖဝါးမှာ ဆူးလေးတွေဆူးတယ်။ ဆူးကိုဆွဲထုတ်လိုက်တော့ အရင်းသား တုတ်တုတ်ကြီးတွေ ထွက်သွားတယ်။ အဖျားချွန်သေးသေးလေးက ခြေဖဝါးထဲမှာကျန်နေခဲ့တာ။
အဲဒါကို အရေးတကြီးမဟုတ်ဘူး ဆိုပြီးထားတာ၊ လမ်းလျှောက်တိုင်း တစ်ရက်, နှစ်ရက်ကြာတော့ မျက်တက် မျက်တက်နဲ့ ဖြစ်လာတယ်။
အရေးမကြီးဘူးဆို ဆက်ထားရင် နောက်ခုနစ်ရက် ရှစ်ရက်ကြာတော့ ပြည်တွေဘာတွေ တည်လာတယ်နော်။ ဆူးအချွန်သေးသေးလေးစူးတာကို ဘာခေါ်လဲ?ဆူးမျက်တယ်၊ ငါးဟင်းနှင့် ထမင်းစားတဲ့အခါ တခါတလေ အရိုးသေးသေးလေး အရိုးနုနုလေးတွေကို မဝါးဘဲနဲ့မျိုချမိရင် လည်ချောင်းမှာ အရိုးလေး ငြိတော့အဲဒါကို အရိုးမျက်တယ်လို့ပြောတယ်၊ စားလို့မဖြောင့်တော့ဘူး၊ ဆူးမျက်ရင်တော့ သွားလို့မဖြောင့်တော့ဘူး။
စားမဖြောင့် သွားမဖြောင့်ဖြစ်တာ ဘာလဲဆိုတော့ အရိုးမျက်တာဆူးမျက်တာ။ ဘဝသံသရာခရီးမှာ အစားလည်းမဖြောင့် အသွားလည်းမဖြောင့် ဖြစ်ကြတာက တစ်ယောက်နဲ့တစ်ယောက် အမျက်ထွက်လို့ ဟုတ်လား။
စိတ်ထဲမျက်တာ နှုတ်ကတော့ မပြောဘူးဗျနော်၊ ဒါကြောင့် ဘဝသံသရာခရီးမှာ အစားမဖြောင့် အသွား မဖြောင့်အောင် အနှောက်အယှက်ပေးတဲ့ ဒေါသအနုစားလေးကို 'အမျက်ကောဓ'လို့ ခေါ်တယ်။
ကဏှရှင်ရသေ့က ''ငါ့သန္တာန်၌ ဘဝကြီးငယ် အသွယ်သွယ်မှာ အဲဒီလို ဆူးမျက်သလို အရိုးမျက်သလို မျက်တတ်တဲ့အမျက် အစားလည်းမဖြောင့်အောင် အသွားလည်းမဖြောင့်အောင် နှောင့်ယှက်ပေးနေတဲ့ အမျက်ဟာ ဘယ်ဘဝမှာမှ မဖြစ်ပါရစေနဲ့၊ ဘယ်အကြောင်းကြောင့်မျှ ဘယ်သူကိုမျှ အမျက်မထွက်ပါရစေနဲ့''လို့ ဆုတောင်းတယ်။
ဒကာကြီးတွေ မှတ်ထား။ ဒီလိုဆုမျိုးတောင်း နိုင်အောင် ကြိုးစားရမယ်။ ဘယ်ဘဝမှာမှ ဘယ်အကြောင်းကြောင့်မျှ ဘယ်သူကိုမျှ အမျက်မထွက်ပါရစေနဲ့တဲ့။ ဘဝငြိမ်းချမ်းရေးကို ရချင်တယ်ဆိုရင် ဒီလိုဆုမျိုးတောင်းကြ။
ကဏှရသေ့က သိကြားကို စိတ်ဆိုးသလား၊ စိတ် မဆိုးပါဘူးနော်၊ သိကြားမင်းကြီးက ''သြော်...သူတော် ကောင်းပဲ၊ စိတ်မဆိုးရှာဘူး၊ ရသေ့ကြီး ဆုတွေတောင်းတာတယ်ကောင်း၊ ကြည်ညိုပါရဲ့၊ နောက်ထပ် ဆုတောင်းရှိသေးရင် ပြောစမ်းပါဦး''လို့ လျှောက်ပြန်တယ်။

ဒေါသ မဖြစ်ပါရစေနဲ့
ကဏှရသေ့က ''ဘဝကြီးငယ် အသွယ်သွယ်မှာ ငါ့သန္တာန်၌ ဒေါသမဖြစ်ပါရစေနဲ့''လို့ တောင်းဆိုလိုက်တယ်။ သတ္တဝါအားလုံးပေါ်မှာ မေတ္တာထားမယ်ဆိုတဲ့သဘောနဲ့ ဒီဆုကိုတောင်းလိုက်တာ။
ဒေါသဟာ ရှေးဦးစွာ ဒေါသဖြစ်နေသူကို ဖျက်ဆီးတယ်။ နောက်မှတစ်ခြားသူကို ဖျက်ဆီးတာ။ ဒေါသဖြစ်နေရင် အကောင်းအဆိုးကို နားမလည်တော့ဘူး။ လုပ်ချင်ရာလုပ်တယ်။ ဒါကြောင့် ဒေါသအားကြီးတဲ့သူကို 'တုတ်ထိုး အိုးပေါက်'လို့ ပြောကြတာ။
အမျက်ကောဓဆိုတာ စိတ်ထဲမှာပဲဖြစ်နေတာ၊ ဒေါသဆိုတာ စိတ်ထဲမှာ ထိမ်းထားလို့မရတော့ဘူး။ ပါးစပ်က ထွက်လာတယ်။ ထွက်လာတဲ့စကားလုံးကလည်း တစ်လုံးမှ မကောင်းဘူး။
ပါးစပ်ကနေ သူတစ်ပါးကိုပြောလို့ အားမရတော့ ဓား,ဒုတ်ကိုင်ပြီးတော့ သူတစ်ပါးကို နှိပ်စက်တဲ့အထိ ဖြစ်လာတယ်။ အဲဒါဘာလဲ? ဒေါသ။
အဲဒီလောက်ထိမရောက်သေးဘူး။ ပါးစပ်ကလည်း မပြောသေးဘူး။ စာလုံးအနေနဲ့လဲ ရေးပြီးတော့ မဝသေးဘူး၊ စိတ်ထဲမှာတင် မျက်နေတာလေးက ကောဓ။
အဲဒီ စိတ်ထဲကဥစ္စာကို စာတွေနဲ့ရေးပြီး ဖြန့်ချီတယ်။ ပါးစပ်ကလည်း ပြောတယ်၊ ဒီကနေ့ ကမ္ဘာနဲ့ချီပြီး ပြောရရင်တော့ အသံလွှင့်တဲ့သဘောဘဲ။
အဲဒီလိုဟာမျိုးတွေ စကားလုံးကြမ်းကြမ်းတွေနဲ့ ပြောလာပြီဆိုရင် ဒါဘာခေါ်လဲ? ဒေါသ။ စာအုပ်တွေ ရေးထုတ်လိုက်ပြီ၊ ဒါလည်း ဒေါသ။
ရေးလဲမရေး၊ ပြောလည်းမပြော၊ လွှင့်လည်းမလွှင့်၊ ရင်ထဲမှာ မြုံပြီးတော့ ဖြစ်နေတာကကောဓ။ တစ်ခုမှ မကောင်းဘူး။ ဒါကြောင့်ကဏှက ဒီဆုတွေကို တောင်းရတာ၊ သိကြားမင်းကြီးကလည်း ကျေနပ်လို့။


လောဘ မရှိပါရစေနဲ့


တတိယဆုတောင်းက ဘာလဲဆိုရင် ''ငါသည် ဘဝကြီးငယ် အသွယ်သွယ်မှာ မပြည့်နိုင်အောင်လိုနေတဲ့ လောဘ မရှိပါရစေနဲ့''တဲ့။ ကဏှရသေ့ ဒီဆုကို ဘာ့ကြောင့် တောင်းရသလဲဆိုရင် လောဘသည် ဒုက္ခအားလုံးရဲ့ လက်သည်တရားခံ ဖြစ်လို့ပါပဲ။
မပြည့်နိုင်အောင်လိုနေတဲ့ လောဘ၊ ပြည့်ကိုမပြည့်ဘူး၊ အမြဲတမ်းလိုနေတာ၊ အလိုမပြည့်နိုင်အောင် လိုနေတဲ့ လောဘမျိုးဟာ သိပ်ကြောက်စရာကောင်းတယ်။
ကမ္ဘာမြေပေါ်မှာ မြစ်တွေများစွာရှိတယ်။ နေ့စဉ် နေ့စဉ်စီးဆင်းတဲ့ရေက ပင်လယ်ထဲကိုသွားတယ်။ ဧရာဝတီ ရေတွေဘယ်ဆီကိုသွား? ပင်လယ်ထဲကိုသွားတယ်။ ချင်းတွင်းတို့ စစ်တောင်းတို့ သံလွင်တို့ ဘယ်ကိုသွားလဲ? ပင်လယ်ထဲကိုသွားတယ်၊ နေ့တိုင်းစီးဆင်းပြီး သွားနေတာ။
ကုလားပြည်က မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ လည်းဒီအတိုင်းပဲ။ ဘယ်မြစ်မဆို ရေတွေ ဘယ်ကိုသွားလဲ ဆိုရင်ပင်လယ်ထဲကိုသွား၊ ပင်လယ်ထဲကို ဒီလောက်ရေတွေ ပို့ပေးနေတာ တစ်ခါမှ ပင်လယ်ရေ မပြည့်ဘူးနော်။
လိုချင်တယ် လိုချင်တယ်ဆိုတဲ့ လောဘက ပင်လယ်လိုဘဲ။ ပေးချင်တိုင်းပေး လက်ခံတယ်။ ဘယ်တော့မှ တော်ပြီလို့မပြောဘူး။ အလိုမပြည့်ဘူး။
လောဘရှိသမျှ အလိုမပြည့်ကြဘူး။ ဒီလူတွေ အလိုမပြည့်ခင် အကုန်သေမှာဘဲ။ အလိုပြည့်ပြီးမှ သေမည့်လူရယ်လို့ မရှိကြဘူး။
အဲဒါကြောင့် အားလုံးသော သူတော်ကောင်းတွေ အလိုတော်ပြည့်ချင်တယ်ဆိုရင် လောဘကုန်အောင် အားထုတ်ရမယ်။ အလိုတော်ပြည့်ဘုရားကို တည်ရုံမျှနှင့် အလိုမပြည့်နိုင်ဘူး။ လောဘကုန်မှသာလျှင် အလိုပြည့် နိုင်မယ်။
ဒါကြောင့် သိကြားမင်းက ''ငါ့သန္တာန်မှာ ဒီကနေ့ ပြုလုပ်တဲ့ဒါန, ဆောက်တည်တဲ့သီလ, အားထုတ်တဲ့ သမထ ဝိပဿနာ, ဒီကောင်းမှုတွေကြောင့် ပင်လယ်ကြီးနှင့်အမျှ 'လိုတယ်,လိုတယ်' ဆိုတဲ့ ဒီလောဘသည် ဘယ်ဘဝမှာမှ မဖြစ်ပါရစေနဲ့''လို့ ဆုတောင်းတယ်။
ဒကာကြီးတွေ ကဏှရသေ့ဟာ ဘယ်လောက်များ ကြည်ညိုစရာကောင်းသလဲ၊ တစ်ယောက်ယောက်ကို ကလဲ့စားချေဖို့ သူတောင်းတသလား၊ မတောင်းဘူး၊ တစ်ယောက်ယောက်ကို နှိပ်စက်သတ်ဖြတ်ဖို့ မတောင်းဘူး၊ စည်းစိမ်ဥစ္စာရတနာ မိုးမြေတွေရဖို့ မတောင်းဘူး၊ မတောင်းတဆိုတာ အဲဒါနော်။
မတောင့်တရမဲ့ ဥစ္စာကို တောင့်တရင် ဒုက္ခဖြစ် မယ်၊ လောဘမဖြစ်ဖို့ တောင့်တပါ၊ ဒေါသမဖြစ်ဖို့ တောင့် တပါ၊ အမျက်မထွက် ဖို့တောင့်တပါ၊ အမျက်ထွက်ဖို့ မတောင့်တနဲ့။
ဒေါသနဲ့ သူတပါးကို ချေမှုန်းတုန့်ပြန်ဖို့ မတောင့်တနဲ့၊ လောဘနဲ့ လိုချင်တာတွေကို ဘယ်တော့မှ မတောင့်တနဲ့၊ မလိုချင်ဖို့သာ တောင့်တကြပါ။ အေး..မတောင့်တ ဆိုတာ ဒါပဲ။

ဆုတောင်း ၆ မျိုး(အပိုင်း-၈)ဆက်ရန်

28 November 2009

သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး)


ပင်မ စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးဖွင့်လှစ်ပြီးအရှိန်ရလာတာနဲ့အမျှ ရန်ကုန် သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးကိုလည်း ဖွင့်လှစ်အောင်မြင်ခဲ့သည်။ ယခုအခါ မန္တလေးတွင်လည်း သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးတစ်ခု တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။
သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး) ကျောင်းတော် ဖွင့်ပွဲမင်္ဂလာနှင့် ကျောင်းသားသစ် (၂ဝဝ၉-၂ဝ၁ဝ) လက်ခံကြိုဆိုပွဲ အခမ်းအနားကို (၅၊၈၊၂ဝဝ၉)ရက်၊ နံနက် (၈)နာရီမှ နေ့လယ် (၁၁)နာရီအထိ ကျင်းပခဲ့ပြီး ဖြစ်ပါသည်။
ထိုတက္ကသိုလ်ကြီးကို မန္တလေး၊ အောင်မြေသာဇံ မြို့နယ်၊ မန္တလေးတောင်ခြေ၌ တည်ထောင် ဖွင့်လှစ်သည့်။ ထိုဖွင့်ပွဲ အခန်းအနားသို့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ သီတဂူဆရာတော် အပါအဝင် မြတောင်ဆရာတော်၊ ပါမောက္ခချုပ် ဆရာတော်၊ မော်ကွန်းထိန်း ဆရာတော်နှင့် စီမံ သင်ကြားဆရာတော်များ ကြွရောက် ဖွင့်လှစ်ပေးကြသည်။ ကြွရောက်လာသော ဆရာတော်များကို သီတဂူ အထောက်အကူပြု အဖွဲ့(ဗိုလ်စိန်မှန်)မှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်ဟု သိရှိရသည်။ ယခုအခါ အင်္ဂလိပ်စာ ဒီပလိုမာနှင့် ဗုဒ္ဓဓမ္မ ဒီပလိုမာတန်းများ စတင် သင်ကြားပို့ချနေပါပြီ။

သီတဂူစတား
၂၇-၁၁-၂၀၀၉

26 November 2009

သူတော်ကောင်းဆိုတာ


ဆုတောင်း ၆ မျိုး (အပိုင်း-၆)

သူတော်ကောင်းတို့အလုပ်
ဒါပေမယ့် သိကြားက စိတ်မချဘဲ ငါ့ကိုလာနှောက် ယှက်တယ်၊ ဒါကို ငါ အမှန်တော့ ဖြေရှင်းရမယ်၊ မှန်ရင်လဲ ဝန်ခံ အမှားလာပြောရင်လဲ ဖြေရှင်းရမယ်၊ ဒါဟာ သူတော်ကောင်းတွေရဲ့အလုပ်။
သူတော်ကောင်းတွေရဲ့အလုပ်က(၂)လုပ်ပဲ ရှိတယ်၊ ''အဘူတံ အဘူတတော နိဗ္ဗိဌေတဗ္ဗံ၊ ဘူတံ ဘူတတော ပဋိဇာနိတဗ္ဗံ-မဟုတ်ဘူးဆိုရင်လည်း မဟုတ်ဘူးလို့ ဖြေရှင်းရတယ်၊ ဟုတ်နေလို့ရှိရင်လဲ ဟုတ်ပါတယ်လို့ ဝန်ခံ ရတယ်''၊ သူတော်ကောင်းတွေက ဘယ်တော့မှ မလိမ်ဘူး။
ဝန်ခံခြင်းရယ် ဖြေရှင်းခြင်းရယ် ဘယ်နှစ်မျိုး လုပ်ရလဲ? စိတ်ဆိုးပြီးတော့ ဓား,လှံကိုင်ပြီး တုန့်ပြန်မယ်ဆိုရင် သူတော်ကောင်းအလုပ်မဟုတ်ဘူးတဲ့၊ အခု ကြည့်ပါလား မဟုတ်ရင် မဟုတ်ဘူးလို့ ဖြေရှင်းရတယ်၊ ''ဘူတံ ဘူတ တော - သိကြားစည်းစိမ်တောင်းတာဟုတ်ရင်လဲ ဟုတ်တယ် လို့သာ ပြောလိုက်ပါ၊ ဒါပေမဲ့ ကဏှရသေ့က သိကြားမင်း စည်းစိမ်ကို မတောင်းဘူး။

မည်းတယ်ဖြူတယ်ဆိုတာ
သူက ဘာတောင်းလဲဆိုတော့ ဘဝဝဋ်ဆင်းရဲက လွတ်ချင်တာပဲ၊ ကဏှက ပြန်ပြောတယ်၊ အို...နတ်တို့ သေဌ်နင်း သိကြားမင်း ငါပြောပြမယ် သင်နားထောင်စမ်းလော့၊ အပေါ်ယံအရေပြားကို ကြည့်ရုံနှင့် မည်းတာလို့ မပြောနိုင်ဘူး၊ အပေါ်ယံအရေပြားလေးမည်းတာကို ကြည့်ပြီးတော့ မည်းတာလို့မပြောနဲ့၊ အသားမည်းဆိုတဲ့စကားဟာ မမှန်ဘူး။
အသားကို အပေါ်ကဖုံးထားတာ အရေထူ, အရေထူကို အပေါ်က ထပ်ဖုံးထားတာက အရေပါး၊ အမည်းဆိုတဲ့ အရောင်သည် ဘယ်အပေါ်မှာရှိသလဲ? အရေပါးပေါ်မှာရှိတယ်၊ အရေထူပေါ်တောင် မရောက်တဲ့အသားကိုဖြူတယ်, မည်းတယ်ပြောဖို့ အဝေးကြီး၊ ဘယ်အပေါ်မှာ ပြောသလဲ? အပေါ်ယံ အရေပါးအပေါ်မှာ ပြောတယ်။
လူတွေဟာ အပေါ်ယံသမားတွေချည်းပဲဆိုရင် စိတ်မဆိုးကြနဲ့၊ အပေါ်ယံပဲပြောတာပဲ၊ အတွင်းထဲကို မမြင် ကြဘူးတဲ့၊ ''န ကဏှော -အပေါ်ယံအရေပြားမည်းတာကို ကြည့်ပြီးတော့ သင်သည် လူမည်းလို့ ငါ့ကို လာမပြောနဲ့၊
မမှန်တဲ့စကားတွေကို အလွန်ပြောတဲ့ ဤကမ္ဘာ လောက၊ အသားမည်းတယ်ဆိုတာ မှန်သေးရဲ့လား၊ အရေ မည်းတာ၊ အသားဖြူတယ်ဆိုရင်လည်း ဘာဖြူသလဲ အရေပြား ဖြူတာ၊ အသားက ဖြူတယ်, မည်းတယ်လို့မရှိဘူး။
အဲဒါ ကမ္ဘာကြီးက မမှန်တာတွေ သိပ်ပြောတာ၊ ဟောဒီမှာ လှည်းနဲ့နွားနဲ့နေတဲ့ သူတွေချည်းပဲ၊ လှည်းနဲ့ နွားနဲ့ နေတဲ့လူတွေ အိမ်ရှေ့မှာ ဒုန်းဒုန်းနဲ့ မောင်းသွားတာ ဘာတွေလဲ? လှည်းတွေ မောင်းသွားကြတာပါ၊ ဒီလိုပြောတယ်၊ ဟိုလူကြီး ဘာမောင်းလဲ? လှည်းမောင်းတယ်၊ ဟို လူကြီး ဘာမောင်းလဲ? ထွန်မောင်းတယ် ထယ်မောင်းတယ် လှည်းမောင်းတယ်ဆိုတဲ့စကားလဲ တကယ်တော့ မမှန်ဘူး၊ လှည်းမောင်းလို့မှ မရဘဲ၊ နွားကိုမောင်းတာ ဟုတ်တယ် မဟုတ်လား။
အဲဒါဆို နွားမောင်းတယ်လို့ ပြောပါလား၊ လှည်း မောင်းတယ်တဲ့၊ မဟုတ်တာတွေချည်းပဲပြောတယ်၊ အဲဒီတော့ သစ္စာတရားကို ဆိုက်ဖို့အဝေကြီးပဲ၊ ဒုက္ခ, သမုဒယ, နိရောဓ, မဂ္ဂဆိုတာကို ထားစမ်းပါဦး၊ နေ့စဉ်ပြောနေတဲ့ စကားကိုတောင် မှန်အောင်ပြောဖို့ အတော်ခက်တယ်။
ဘာမောင်းသွားသလဲ၊ နွားကိုမောင်းတယ်ဆိုမှ အမှန်ပဲ၊ လူကလက်ခံလား? လက်မခံဘူး၊ လှည်းမောင်းတယ်ပြောမှ လက်ခံတယ်၊ မဟုတ်တာပြောမှ လက်ခံတဲ့ ကမ္ဘာ၊ အသားမည်းတယ်၊ အရေမည်းတယ်၊ ဒါပေမဲ့ ကမ္ဘ္ဘာကြီးက ဘယ်တုန်းက ပြောလာမှန်းမသိဘူး၊ အသားမည်းတယ်လို့ပြောတယ်၊ အမှန်ပြန်ပြောလို့ မရတော့ဘူးနော်၊ ဒါကြောင့် သစ္စာဆိုတဲ့တရားဟာ အဲဒီအမှားတွေကို ပယ်နိုင်မှသာလျှင် လောကကြီးမှာ အမှန်တရားက ပေါ်လာမှာ။

အသားမည်းပေမယ့် အသည်းဖြူပါတယ်
အခု ရသေ့ကြီးက ဖော်ပြတယ်။ အပေါ်ယံ အရေ ပြားလေးမည်းရုံနဲ့ ငါ့ကို လူမည်းတယ်လို့ လာမပြောပါနဲ့၊ အပေါ်ယံ အရေပြားမည်းပေမဲ့ အတွင်းမှာ အကျင့်ကောင်း တယ်လို့ ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် သုဒ္ဓပုဂ္ဂိုလ်-ဖြူစင် ကောင်းမြတ်သော ပုဂ္ဂိုလ်မျိုးလို့ မှတ်ရမယ်။
အပေါ်ယံ အရေပြားမည်းပေမဲ့ အကျင့်ကောင်း နေရင် အဲဒီပုဂ္ဂိုလ်ကို လူဖြူလို့ ခေါ်ရမယ်။ အရေပြားမည်း ပေမဲ့ အကျင့်ကောင်းရင် လူဖြူလို့ ခေါ်မယ်၊ အသားဖြူ ပေမဲ့လည်း အကျင့်ယုတ်လို့ရှိရင် လူမည်းလို့ ခေါ်ရမယ်။
ဗမာပြည်က အသက်ကြီးတဲ့လူကြီးတွေ တွေ့ဘူးမှာ ပေါ့၊ ဂျပန်တွေလက်အောက်မှာ နေခဲ့ရတုန်းက ကမ္ဘာကြီးရဲ့ အရှေ့ဖျားရှိ ပင်လယ်ထဲက ဂျပန်ဆိုတာ 'ကျွန်းလေးတစ် ကျွန်း' ဖြစ်တယ်။ ဂျပန်တွေ ဗမာပြည်မှာ (၄)နှစ်လောက် နေသွားတယ်၊ ခံလိုက်ရတာ အားလုံးမှတ်မိပါလိမ့်မယ်။
အဲဒီတော့ အသားဖြူပေမဲ့ စိတ်ဓာတ်က အလွန် ကြမ်းတမ်းတယ်၊ ယုတ်မာတဲ့ အကောင်တွေ၊ အဲဒါကို လူဖြူ လို့ပြောရင် ကဏှဇာတ်တော်အတိုင်းဆိုရင် မမှန်ဘူး၊ အ နောက်ဘက် ကမ္ဘာအစွန်အဖျားက ကျွန်းကလေးဟာ 'အင်္ဂလန်'ဆိုတဲ့ ကျွန်းလေးပဲဖြစ်ပါတယ်၊ အင်္ဂလိပ်တွေ ဗမာပြည် ကို အနှစ်တစ်ရာတိတိ အုပ်ချုပ်သွားတယ်နော်။
အဲဒီအင်္ဂလိပ်လည်း ဗမာပြည်ကို အနှစ်တစ်ရာ လောက် အုပ်ချုပ်သွားခဲ့တယ်၊ ဗမာပြည်ရဲ့ဘုရင် 'သီပေါ'ကို ခွေးလေးဖမ်းသလို ခေါ်သွားခဲ့တယ်၊ အိန္ဒိယပြည်အနောက် ဘက်ပင်လယ်ထဲက တောင်ပေါက်နေတဲ့ 'ရတနာဂီရိ' ဆိုတဲ့ ကျွန်းကလေးပေါ်မှာ သေတဲ့အထိထားတယ်။ သီပေါရဲ့ သားတွေ သမီးတွေ ညီအစ်ကို မောင်နှမတွေ အကုန်လုံးကို ခေါ်သွားပါတယ်။
ဟိုမှာထားပေမယ့် တစ်ယောက်မှ ဗမာပြည်ကို ပြန်ရောက်မလာဘူး၊ သားသမီးမြေးမြစ်တွေ အကုန်လုံးဟာကုလားတွေနဲ့ညားပြီး ဘုရင်မျိုး ပြုတ်ထွက်သွားတော့တာပဲ၊ အိန္ဒိယပြည်က နောက်ဆုံးကုလား ဘုရင်ကိုလည်း ဗမာပြည် ကို ခေါ်လာခဲ့တယ်၊ ရွှေတိဂုံတောင်ပိုင်းနားက လမ်းကျဉ်း ကျဉ်းလေးထဲမှာ တိုက်ကလေးသေးသေး ဆောက်ပြီးတော့ သေတဲ့အထိ ထားလိုက်သေးတယ်။
ကုလားဘုရင်က ဗမာပြည်ကို လာသေသွားတယ်၊ ဗမာဘုရင်က ကုလားပြည်ကို သွားသေတယ်၊ အင်္ဂလိပ်က အသားဖြူတယ်၊ လူဖြူလို့ခေါ်တဲ့ မျက်နှာဖြူလေ၊ မျက်နှာတွင်မကဘူး အကုန်ဖြူတယ်၊ အသားဖြူပေမယ့် စိတ်ဓာတ်က အဲဒီလောက် ကြမ်းတမ်းရိုင်းစိုင်းနေလို့ရှိရင် ဘာခေါ်သလဲ၊ လူမည်းလူညစ် တွေလို့ ခေါ်ရမှာနော်။
ဟောဒီ ရွာသစ်ကြီးက လူတွေကို ကြည့်လိုက်တော့ ''ကျီးကန်းက အရီးလေးခေါ်မယ်၊ မီးသွေးတောင် ငိုရချည် သေး'' လို့ပြောရမလို ဖြစ်နေပြီ။
ဒါပေမယ့် ဒကာလှသိန်းတို့ အသားမည်းပေမယ့် အသည်းဖြူပါတယ်၊ ဂျပန်တို့ အင်္ဂလိပ်တို့လို မင်းတို့ မယုတ်ဘူးမဟုတ်လား၊ အဲဒါ လူဖြူပေါ့။
ဘာ့ကြောင့် ဒီကအသားမည်းပေမယ့် စိတ်ဓာတ်ဖြူစင်သလဲဆိုရင် မြတ်ဗုဒ္ဓရဲ့ ပုခက်ထဲမှာကြီးလာ လို့ပါလို့ ပြောရလိမ့်မယ်၊ မြတ်ဗုဒ္ဓရဲ့ ပုခက်ထဲမှာ ကြီးလာလို့ပဲ။
ဘုရားရှင်ရဲ့ ပုခက်ထဲကြီးလာတာ၊ မွေးလာကာစ ငယ်ငယ်တုန်းက ပုခက်ထဲမှာအိပ်တော့ အမေကလွှဲတဲ့အခါ 'ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ'လို့ ဆိုပြီးတော့ လွှဲတာ ဒီလိုမဟုတ်လား၊ ဒီတော့ ဒီကလူတွေ အသားမည်း ပေမယ့် အသည်းဖြူတယ်၊ ဒီလိုမှတ်ထား။
သိကြားမင်းက ''ဒီရသေ့ အသားမည်းလိုက်တာ၊ ဒို့ မကြိုက်ဘူး''တဲ့၊ ကဏှရသေ့က ပြန်ပြောတယ်၊ အသား မည်းပေမဲ့ အကျင့်ကောင်းရင် ဖြူစင်တဲ့ပုဂ္ဂိုလ်ပဲ၊ အသား ဖြူပေမဲ့ အကျင့်ယုတ်ရင် အဲဒီပုဂ္ဂိုလ်ကို လူမည်းလူညစ်လို့ခေါ်တယ်။
သိကြားမင်းက ''ဟာ..ငါက လူမည်းကြီးလို့ပြောတာ စိတ်ဆိုးမလားလို့၊ စိတ်မဆိုးဘူး၊ ငါ့ကိုတရားသဘောနဲ့ အမည်းအဖြူ ရှင်းပြနေတာ၊ ဒါဆိုရင်တော့ ဒီရသေ့ သိကြား ဖြစ်ဖို့ ဆုတောင်းသလား မတောင်းသလား၊ ငါစုံစမ်းတော့ မယ်''ဆိုပြီး ကဏှရသေ့ကို လျှောက်တယ်။
''အို ရှင်ရသေ့ကဏှ... ဘာဆုတွေလိုချင်သလဲ၊ တပည့်တော်ဆုပေးမယ်''လို့ သိကြားမင်းကပြောတော့ ကဏှရသေ့က ဆုတွေတောင်းတယ်။

(အပိုင်း-၇)မျှော်

25 November 2009

နှလှုံးရောဂါဝေဒနာရှင်များ အတွက်


နှလှုံးရောဂါဝေဒနာရှင်များ အားထားသင်သည့်
တရားထိုင်ခြင်း အလေ့အကျင့်


ကျန်းမာရေး အကျိုးကျေးဇူးများ
ခံစားရသည်ဟူ၍ သိရှိနေသည့် တရားထိုင်(ကမ္မဋ္ဌာန်း အားထုတ်)ခြင်းကြောင့်
နှလုံးရောဂါ ဝေဒနာရှင်များ သေဆုံးနှုန်းကို လျှော့ချနိုင်ကြောင်း မကြာမီက
လေ့လာတွေ့ ရှိသည်ဟု ဆိုသည်။

လျော့ပါး

နေ့စဉ် မိနစ် ၂ဝကြာမျှ နှစ်ကြိမ် တရားထိုင်လျှင် နှလုံးရောဂါဖြစ်နေသူများ၏ သေဆုံးမှုနှုန်း ၄၇ ရာခိုင်နှုန်း
လျော့ပါးသွားကြောင်း လေ့လာတွေ့ရရှိသည်။ တရားထိုင်ခြင်းကြောင့် လူတစ်ဦးချင်း၏ စိတ်ဖိစီးမှုနှင့် သွေးပေါင်ချိန်တို့ကို
သိသိသာသာ လျှော့ချနိုင်သည်။ နှလုံးရောဂါနှင့် လေဖြတ်ဝေဒနာကင်းဝေးရန် တရားထိုင်သင့်သည်ဟုဆိုသည်။

ကောက်ချက်ချ
နှလုံးရောဂါနှင့် ဆက်စပ်သည့် ရောဂါဝေဒနာများ ကာကွယ်ရေးအတွက်
တရားထိုင်ခြင်းမှာ လောလောလတ်လတ် တွေ့ရှိသည့် ဆေးဝါးအမျိုးအစား
တစ်ရပ်ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ကောက်ချက်ချသည်။ ။

(ဆေးသိပ္ပံပညာရှင်များ)

လမင်းဘုရား



ပျိုရွယ်သွေးကြွ၊ ငယ်စဉ်ကမူ
ငါနှင့် ငါသာ၊ နှိုင်းစရာဟု
ပညာမုန်ယို၊ မဆိုစလောက်
မာန်စောင် မြောက်ခဲ့မိပါသည်။ ။

ယခုမှာမူ
ဇရာမုန်း၍၊ လူလုံးမလှ
ယွတ်တွ ယွင်းယို၊ ခန္ဓာကိုယ်နှင့်
အိုကြီးအိုမ၊ ငါ့ဘ၀သည်
မလှမပ၊ ရှိခဲ့ပြီ။ ။

လောကဓာတ်ဆုံး၊ နေလုံးကွယ်ပျောက်
ညမှောင်ရောက်သို့၊ မှဲ့ပြောက်ယှက်ဖြာ
ငါ့ခန္ဓာလည်း၊ မကြာတိမ်မြှုပ်
ဇိဝိန်ချုပ်ဖို့၊ မလှုပ်လှက်သာ
ဝိဇ္ဇာဥာဏ်ကင်း၊ အသိဖျင်းလျက်
သေမင်းခေါ်က၊ လိုက်ပါရမည်
ဘ၀နေ၀င်ချိန် ပါတကား။ ။

ထိုစဉ်ခိုက်ဝယ်
လှိုက်လှဲ မေတ္တာ၊
ကြင်နာသနား၊ လမင်းဘုရားလျှင်
ငါ့အား ချီးမြောက်၊ ကြွလာရောက်စဉ်
အစ္စယော မေ ဘန္တေ၊ အစ္စာဂမာ အစဖြာလျှက်
ကျမ်းလာယှိမှန်၊ တောင်းပန်လျှောက်ထား၊ ငါ့စကားကို
ဝုဒ္ဓိဟေသာ အာယတိံ သံဝရ မိန့်ဟစကား၊ ခွန်းတုံ့ကြားလျှက်
မြွက်ထားဆုံးမ၊ သြ၀ါဒကို
တုပ်ကွနာစဉ်၊ အသိဝင်၍
ရင်တွင်ပီတိ၊ ဂွမ်းဆီထိသို့၊
ရွန်းအိဝေဖြာ၊ ဘယာကွေကွင်း၊ ငါ့ရင်တွင်းဝယ်
လမင်း ဘုရား လင်းခဲ့ပြီ။ ။

အော် ---- အနောက်ဖက်ဆီ၊ နေ၀င်ပြီမို့
ရောင်နီပြိုးပြက်၊ မလင်းလက်လည်း
ရှေ့ဖက်ဆီမှ သော်တာလ သည်
ရွှန်းပ -- ၀င်းလက်ခဲ့ပြီတကား။ ။


လမင်းဘုရားသို့ ထာဝရ ဦးခိုက်လျှက်
တပည့်
ဒေါက်တာသြသဓသာရ
(အင်္ဂလန်)

မှတ်ချက်။ ။ သီတဂူဆရာတော်ဘုရားကြီး၏ ၇၃ နှစ်ပြည့်မွေးနေ့ကို ရည်ရွယ်၍ ပူဇော်ပါသည်။


ဆရာတော်ကြီး၏မွေးနေ့သည် တပေါင်းလပြည့်ဖြစ်သည်၊ ကဗျာ၊ ဆောင်းပါး၊ များ ပူဇော်လိုပါက sitagustar2010@gmail.com သို့ ပေးပိုင်နိုင်ပါသည်၊ ဤဆိုဒ်တွင် ဖော်ပြပေးသွားပါမည်။
ကျေးဇူးတင်ပါသည်။
သီတဂူစတား
၂၅-၁၁-၂၀၀၉

23 November 2009

စံနမူနာသာသနာပြုဘုရင် အသောက





မြတ်ဗုဒ္ဓလွန်ပြီးနောက် နှစ်(၂၀ဝ)ကျော်ကာလ ခရစ်မပေါ်မီနှစ်(၃၀ဝ)ခန့်ကာလတွင် ဇမ္ဗူဒီပတစ်ခုလုံး၏ ဧကရဇ်မင်းကြီးအသောက ပေါ်ပေါက်ခဲ့သည်။ ထိုဇမ္ဗူဒီပါ၏ ဧကရဇ်မင်းကြီးအသောကသည် မြတ်ဗုဒ္ဓ၏ ထိုသဘောထားကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းဟူသောဝါဒကို လိုက်နာ ကျင့်သုံးရာ၌ စံနမူနာယူထိုက်သည့် မင်းကြီးတစ်ပါးဖြစ်သည်။
သူသည် အလွန်ကျယ်ပြန့်သော သူ၏ဓမ္မနိုင်ငံတော်ကြီး၌ ထင်ရှားတည်ရှိ၍နေကြကုန်သော အခြားအခြားသော ဟိန္ဒူဘာသာ , ဂျိန်းဘာသာ ,ဗြဟ္မဏဘာသာ , နတ်ကိုးကွယ် သည့်ဘာသာ အစရှိသော ဘာသာတရားအားလုံးတို့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် သူကိုယ်တိုင်ဂုဏ်ပြု၍ အရိုအသေပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ ထောက်ပံ့အားပေးခြင်းတို့ကို ပြုလုပ်ခဲ့လေသည်။
သူ၏ဓမ္မနိုင်ငံတော်၌ ဘာသာရေးပဋိပက္ခမရှိ၊ မတူ ထူးခြားသော ဘာသာဝင်အားလုံးတို့ ချစ်ခင်ပျော်ရွှင်စွာ ပူးတွဲ နေထိုင်ကြသည်မှာ မြတ်ဗုဒ္ဓ၏ ခန္တီဝါဒ , အဟိံသဝါဒပေါ်၌ အသောကချမှတ်ထားသော Common ground-ပေါ်မှာ လက်တွဲရပ်တည်၍ နေနိုင်ကြသောကြောင့်ဖြစ်၏။
အသောကသည် အနောက်ဖက်တွင် ဂရိ၊ မြောက်ဖက်တွင် ရုရှားနှင့် ဟိမဝန္တာတစ်လျှောက်၊ အရှေ့ဖက်တွင်- ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင်- အိန္ဒိယသမုဒ္ဒရာ၊ သူ၏ ဩဇာလွှမ်းမိုးထားသမျှ ကျယ်ပြန့်စွာသော နယ်မြေကြီး တစ်ခွင်လုံး၌ အယူဝါဒနှင့် အမျိုးဇာတ်မတူကြသည့် လူသားပေါင်းများစွာတို့ လက်တွဲနေထိုင်ကြရန် ခန္တီ , သစ္စာ , အဟိံသာ(မညှင်းဆဲခြင်း) ဟူသော Common ground-ကို မည်ကဲ့သို့ ချမှတ်ခဲ့သည် ဆိုသည်တို့ကို သူ၏ကျောက်စာပေါင်းမြောက်များစွာတို့၌ တွေ့ရှိရသည်။ တစ်ခုသောနေရာ၌ တွေ့ရသည်မှာ အောက် ဖော်ပြပါအတိုင်းဖြစ်သည်။
"တစ်ယောက်သောသူသည် မိမိကိုးကွယ်သောဘာသာတရားကိုသာ ချီးမြှောက်၍ အခြားသောသူတို့၏ ဘာသာ တရားကို ရှုံ့ချသောအမှုကို မပြုကြကုန်နှင့်၊ တစ်ယောက်သောသူသည် မိမိကိုးကွယ်သောဘာသာကို ချီးမြှောက်သကဲ့သို့ အခြားသောဘာသာကိုလည်း ချီးမြှောက်သင့်၏။ ဤသို့ ပြုခြင်းဖြင့် တစ်ယောက်သောသူသည် မိမိဘာသာကိုလည်း ကြီးပွာအောင် စောင့်ရှောက်ရာရောက်၏။
ဘာသာဝင်အားလုံးတို့သည် ဤသို့မဟုတ်မူ၍ မိမိတို့ဘာသာကို ကာကွယ်၍ သူတပါးတို့၏ဘာသာကို ရှုံ့ချ စော်ကားလာလျှင် ထိုသူသည် မိမိဘာသာတရားနှင့် မိမိအတွက် သေတွင်းကို တူးသည်နှင့်တူ၏။
မည်သူမဆို မိမိကိုးကွယ်သော ဘာသာတရား၏ ဂုဏ်ကျေးဇူးကိုပြောဆို၍ အခြားသောဘာသာတရားကို ရှုံ့ချ ကဲ့ရဲ့လျှင်၊ ထို့အပြင် မိမိကိုးကွယ်သည့်ဘာသာနှင့် တခြားသူ တို့ကိုးကွယ်သည့်ဘာသာကို နှိုင်းယှဉ်မှုပြုလျှင် နှိုင်းယှဉ်ရာမှ ပြိုင်ဆိုင်ခြင်းသို့ တက်လာနိုင်သည်။
နှိုင်းယှဉ်ခြင်းနှင့် ပြိုင်ဆိုင်ခြင်းတို့သည် ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်းဟူသော ရလဒ်တို့ကို ဖြစ်စေကုန်၏။ မိမိဘာ သာကို ချီးမွမ်း၍ သူတပါးဘာသာကို ကဲ့ရဲ့လျှင် ထိုသူသည် မသိသဖြင့် မိမိဘာသာကို ပို၍ပို၍ တိုက်ခိုက်ဖျက်စီး ဒဏ်ရာ အနာတရ ဖြစ်အောင်ပြုသည်မည်၏။
ထို့ကြောင့် ဤသို့ကောင်းမြတ်သော သဘောတူညီချက်တစ်ခု ရရှိပါသည်။ အားလုံးသောလူသားတို့သည် အားလုံးသော ဘာသာတရားတို့၏ အဆိုအမိန့်တို့ကို စိတ်ဝင်စားစွာ နားထောင်သင့်၏။ မိမိ၏စကားကို သူတပါးတို့ စူးစိုက်၍နားထောင်စေလိုလျှင် သူတပါးပြောသော စကားကိုလည်း မိမိတို့က စိုက်စိုက်စူးစူး နားထောင်ကြပါ´´။ (အသောကကျောက်စာအမှတ်-၁၂)

ဤနေရာ၌ ကျွန်ုပ်တို့သည် ဤကဲ့သို့သော မုဒိတာ အသိမျိုးကို ဤဘာသာရေးကိစ္စ၌သာ လက်ကိုင်ပြုအသုံးချ သင့်သည်မဟုတ်ပေ။ အခြားသော နိုင်ငံရေး လူမျိုးရေး စီးပွားရေး ပညာရေးကိစ္စတို့၌လည်း ဤသည့်မြတ်ဗုဒ္ဓ၏ ခန္တီ မေတ္တာ ကရုဏာ အဟိံသာ သစ္စာတရားတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော Common ground-ပေါ်၌ လက်တွဲ ညီညီ၊ မိမိကလည်း သူ့ကို မရှုံ့ချ၊ သူကလည်း ငါ့ကို မကဲ့ရဲ့၊ ငါကလည်း သူ့ကိုဂုဏ်ပြု၊ သူကလည်း ငါ့ကိုလေးစား၊ သူ့စကားလည်း ငါနားထောင်၊ ငါ့စကားလည်း သူလေးစား၊ ဤသဘောထားမျိုးနှင့် သွားကြလျှင် ဆူးခင်းသောခရီး ကြမ်းဟာ မကြာမီ အဆုံးသတ်၍ ပန်းခင်းသောလမ်းပေါ်၌ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြမည်ဖြစ်ပါသည်။
ဤကဲ့သို့သော ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ သဘော ထားကြီးခြင်း၊ ရင့်ကျက်သော နားလည်ခြင်းဟူသော မွန်မြတ် သည့်စိတ်ဓာတ်သည် လူ့ယဉ်ကျေးမှုသမိုင်းတွင် အလွန်မြင့် မြတ်ကြွယ်ဝသည့် ဗုဒ္ဓဘာသာအတွေးအခေါ်မှ စတင်ပေါ် ပေါက်လာခြင်းဖြစ်သည်။
ထို့ကြောင့်ပင် နှစ်ပေါင်း-(၂၅၀ဝ)ခရီး ဗုဒ္ဓဘာသာ သမိုင်းတစ်လျှောက် ဗုဒ္ဓသာသနာပြုမင်းနှင့် သာသနာပြု ပုဂ္ဂိုလ်တို့က အခြားဘာသာဝင်တို့ကို ဗုဒ္ဓဘာသာဝင်အဖြစ်သို့ အတင်းအကြပ် အနိုင်အထက်ပြု၍ ပြောင်းလဲခြင်းကြောင့် ကမ္ဘာမြေကြီးပေါ်၌ သွေးတစ်စက်တစ်ပေါက် ထိစွန်းခဲ့ဖူးသည့်ဖြစ်ရပ်မျိုး လုံးဝမရှိခဲ့ဘူးချေ။
ဗုဒ္ဓ၏ မြတ်ဓမ္မသည် အာရှတိုက်ကြီး တစ်ခုလုံးကိုသာမက ကမ္ဘာတစ်ရပ်လုံးသို့ တစိမ့်စိမ့်ပြန့်နှံ့နေရာ၌- ထိုမြတ်ဗုဒ္ဓ၏ အဆုံးအမတွေကို သူတို့၏စိတ်ဆန္ဒအလျှောက် ငွေကြေးနိုင်ငံရေးနှင့် လူမှုရေးအကြပ်ကိုင်မှုတို့မရှိပဲ လွတ်လပ် သောစိတ်ဓာတ်ဖြင့် ဓမ္မကိုကြိုက် အလိုကိုလိုက်နာကျင့်သုံးနေကြသော လူဦးရေသည် သန်းပေါင်း(၁၀ဝ၀)မျှရှိမည်ဟု ခန့်မှန်းရသည်။
မှားယွင်းသောအတွေး မကောင်းသောအပြော မကောင်းသောအလုပ် တစ်ခုခုကြောင့် ဆူပူသောင်းကြမ်း ခြင်း၊ ရမ်းကားခြင်း၊ နှိပ်စက်ခြင်းဖြစ်လာလျှင် ထိုအမှုမျိုးသည် မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မနှင့် လုံးလုံးဆန့်ကျင်သည်သာဖြစ်၏။

22 November 2009

ကုလားထိုင် လှုပ်နိုင်သူ


ဆုတောင်း ၆ မျိုး(အပိုင်း-၅)

အချိန်မဖြုန်းနဲ့
အဲဒီတော့ လူ့အသက်က တိုတိုလေးဘဲ၊ အိပ်လိုက် တဲ့အချိန်က ပိုများနေရင် ဘဝဟာ အလကားဘဲ၊ ကဲ ဒကာတော်လှသိန်း၊ တစ်နေ့ မင်းဘယ်လောက်အိပ်လဲ?၊ (၂၄) နာရီတစ်ရက်မှာ အိပ်ချိန်နာရီပေါင်း ဘယ်လောက်ရှိသလဲ၊ ည ၇-၈နာရီအိပ်၊ ညနေ(၆)နာရီ အိပ်ကြည့်စမ်းပါ။
မနက်(၆)နာရီထတယ်ဆိုရင် အိပ်တဲ့နာရီပေါင်း (၁၂) နာရီနော်၊ တစ်ရက်ကို (၂၄)နာရီရှိတယ်၊ (၁၂) နာရီ အိပ်ပြီးရင် နေ့တစ်ဝက်က အိပ်တာနဲ့ ကုန်မသွားဘူးလား၊ အဲဒီလို တစ်ဝက်နှုန်းနဲ့ တွက်ကြည့်ရတယ်၊ နှစ်တစ်ရာ အသက်ရှည်မယ်ဆိုရင် အိပ်ချိန်ဟာ နှစ်(၅ဝ) ဒီလိုမနေ ဘူးလား၊ အလကား ကိုယ့်ဘဝကို ဖျက်ဆီးနေတာလား။
ဒကာလှသိန်း ပြောတာက ည(၉)နာရီ အိပ်တယ်တဲ့၊ မနက်(၅)နာရီထတယ်၊ ဒါဆိုရင်တောင်မှသူ ဘယ်လောက် အိပ်သေးလဲ၊ (၈)နာရီလောက်အိပ်တာ၊ ည(၉) နာရီလောက်ကနေ နံနက်(၅)နာရီမှ အိပ်ရာမှထတာ၊ အဲဒီ (၈)နာရီလောက် အိပ်တယ်ဆိုရင် ဘဝရဲ့ဘယ်နှစ်ပုံ ကုန်သွားပြီလဲ၊ ဒါတွက်ကြည့်ရမယ်၊
နှစ်တစ်ရာ အသက်ရှည်တဲ့ လူ့ဘဝမှာ အိပ်တဲ့ အချိန်လေးက ဒီလောက်ကုန်သွားရင် စီးပွားရေးအတွက် အလုပ်လုပ်ချိန် ဘယ်လောက်ရှိလဲ၊ တိုင်းပြည်အတွက် သာသနာတော်အတွက် အလုပ်လုပ်ချိန် ဘယ်လောက်ရှိ သလဲ၊ ဘဝသံသရာအတွက် ကိုယ်အားထုတ်တာ အချိန် ဘယ်လောက်ရသလဲ၊ တွက်ကြည့်လိုက်ရင် ရှုံးတယ်တဲ့။
ကိုယ်ရလိုက်တဲ့ အချိန်လေးမှာ အလုပ်လုပ်ရတာ ကနည်းပြီး အိပ်ပြီးတော့ အချိန်ဖြုန်းတာက ပိုများနေတယ်၊ ဘုန်းကြီးတို့ဘုရားက ဒါတွေသိပ်ပြောတယ်၊ 'မောဃ ကာလံ န ခေပယေ-အကျိုးမရဘဲနဲ့ အချိန်မဖြုန်းကြနဲ့'လို့ ဘုရား သိပ်ပြောတယ်။
ယခုဒီမှာ ကဏှရသေ့ကဈာန်ရပြီး နောက်ပိုင်းမှာ ဉာဏ်ရချင်လို့ အားထုတ်တာ၊ ညဥ့်သုံးယံမှာ တစ်ယံ ဘဲအိပ်ပြီး တရားအားထုတ်တာ၊ ဒါနဲ့လဲ တရားကမရဘူး၊ ညလဲမအိပ်ဘူး နေ့လဲမအိပ်ဘူး၊ (၂၄)နာရီ တရားအား ထုတ်တာ နည်းတယ်ကွာ။
တစ်လတရားထိုင်၊ နှစ်လသုံးလ ခြောက်လ လောက် တင်ပလ္လင်ခွေမဖျက်ဘဲ တရားထိုင်၊ ဒါနဲ့ ဘယ်လို လုပ်ပြီးစားသလဲဆိုတော့ အနားမှာကြွေကျနေတဲ့အသီးအ ရွက်ကိုကောက်စား၊ စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်း မတွေ့ရင် သစ်ရွက်ခြောက်ဘဲတွေ့လဲ သစ်ရွက်ခြောက် ကောက်စား၊ အဲဒီသစ်ရွက်ခြောက် ဘာညာကုန်သွားပြန် တော့လည်း မြက်ပင်လေးတွေပေါက်လာ၊ အဲဒီမြက်ပင် လေးတွေနှုတ်စား၊ ဒီနည်းနဲ့တရားကိုဘဲအားထုတ် ခဲ့ပါတယ်။
အဲဒီလိုနဲ့ အားထုတ်သွားတာ ထိုင်နေတာ နှစ်လ သုံးလငါးလ မြေကြီးနဲ့ထိထားတော့ တင်ပါးတွေ ပေါင်ရိုး တွေ ဒူးရိုးတွေ တင်ပါးရိုးတွေ အကုန်ပွန်းပဲ့၊ အသားတွေက ဆွေးမြေ့ကုန်တော့တာပါဘဲ၊ အဲဒီလောက် အပြင်းအထန် ကြီး အားထုတ်တာတောင် ဉာဏ်ရသလားဆိုတော့ မရ ဘူးတဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ဝီရိယလွန်ကဲနေတဲ့ အတွက် ကြောင့် ဉာဏ်ရမလာဘူး။

ဝီရိယလွန်ကဲရင်
ဘာဖြစ်ရင်ဉာဏ်ရမလာဘူးလဲ?၊ ဝီရိယလွန်ကဲတဲ့ အတွက်ကြောင့် ဉာဏ်ရမလာပါဘုရား၊ ''အတိပဂ္ဂဟိတံ စိတ္တံ သမာဓိဿ ပရိပန္ထော''၊ အလွန့်အလွန် ပြင်းပြင်း ထန်ထန် ကျင့်ကြံကြိုးကုတ် ခန္ဓာကိုယ်ကိုနှိပ်စက်၍ အား ထုတ်တဲ့အတွက်ကြောင့် သမာဓိပျက်စီးပြီးတော့ ဉာဏ်မတက်ဘူး။
အဲဒါကြောင့် အလွန့်အလွန်ပြင်းပြင်းထန်ထန် အားထုတ်ခြင်းဆိုတဲ့ဝီရိယလွန်ရင် စိတ်တွေပျံ့လွင့်ပြီး ဥဒ္ဓစ္စဖြစ်တယ်၊ ဥဒ္ဓစ္စဖြစ်ရင် စိတ်တွေပြန့်ကျဲပြီးတော့ ပူပန်လာတာ၊ ဒါပေမယ့် တရားကျင့်တုန်း၊ ထူးထူး ဆန်းဆန်း ဘာဖြစ်သွားသလဲဆိုတော့ ကဏှရသေ့ရဲ့ အကျင့်တန်ခိုး တေဇော်အာနုဘော်ကြောင့် သိကြားမင်းရဲ့ ဝေဇယန္တာ ဗိမာန်ကြီး တုန်လှုပ်သွားတယ်။
သိကြားမင်းရဲ့ဘုံဗိမာန်က နဝရတ်(၉)ပါးနဲ့ ဆောက်လုပ်ပြီး (၁၂)ယူဇနာကျယ်တယ်၊ တစ်ယူဇနာ (၁၂) မိုင်နှုန်းနဲ့တွက်ကြည့်ရင် (၁၂)ကို (၁၂)နဲ့ မြှောက် မိုင်(၁၄၄) ရှိတယ်၊ ဒီလောက်ကြီးကျယ်တဲ့ဘုံဗိမာန်ကြီး တုန်လှုပ် သွားတာ၊ အဲဒီသိကြားမင်းမှာလဲ မိဖုရားကြီး(၄)ယောက် ရှိတယ်၊ သုဇာတာ, သုနန္ဒာ, သုစိတ္တာ, သုဓမ္မာဆိုတဲ့ မိဖုရား ကြီး(၄)ယောက်။
တာဝတိံသာနှင့် စတုမဟာရာဇ်နတ်ပြည်နှစ်ပြည်မှာ ချောပေ့ဆိုတဲ့နတ်သမီးတွေကို လိုက်ကောက်ပြီး မိဖုရား မြှောက်ထားတာ၊ အရံမိဖုရားထားတာက (၂)ကုဋေနဲ့ (၅)သန်း၊ မောင်လှသိန်း သိကြားမင်းဖြစ်ချင်စိတ်ပေါက်သွားပြီလား။
(၂)ကုဋေနဲ့ (၅)သန်း မိဖုရားတွေဆိုတော့ နည်းတာ မဟုတ်ဘူး၊ အဲဒီဗိမာန်ကြီးက လှုပ်ရှားလာတာ ငလျှင် လှုပ်သလို လှုပ်လှုပ်လာတော့ 'ဟာ-ငါ့ဗိမာန် တုန်လှုပ်တယ် ဘာဖြစ်သလဲ' သိကြားမင်းကတွေးတယ်၊ ''တစ်ယောက် သောလူသားက ဒါန,သီလကို အပြင်းအထန်လုပ်ပြီးတော့ သိကြားမင်းဖြစ်ဖို့ ဆုတောင်းပြီထင်တယ်''လို့ တွေးတယ်။
သိကြားမင်းဖြစ်ချင်လို့ တစ်ယောက်ယောက်က ကောင်းမှုပြုပြီးတော့ 'သိကြားမင်းဖြစ်ရပါလို၏'လို့ ဆုတောင်းရင် သိကြားမင်းဗိမာန်လှုပ်တယ်။
အဲဒါကြောင့် မတောင်းတတို့ ရွာသစ်ကြီးတို့ကို မှာထားမယ် သိပ်မလုပ်ကြနဲ့၊ သမထ,ဝိပဿနာတွေ ဘာတွေ ဒါနတို့ သီလတို့ သိပ်မလုပ်ကြနဲ့၊ ခပ်လျော့လျော့လုပ်ကြ၊ သိပ်လုပ်လို့ရှိရင် ဟိုမှာသိကြားမင်းဗိမာန် လှုပ်သွားမှာစိုးရတယ်၊ သိပ်မလုပ်ကြနဲ့။
ခင်ဗျားတို့က သိပ်ကျင့်ရင် ဟိုမှာ တလှုပ်လှုပ်ဖြစ်တတ်တယ်၊ အခုသိကြားမင်းဗိမာန် ဘာဖြစ်လဲ? လှုပ်နေတယ်၊ ဘာကြောင့်လည်းဆိုတာ သိချင်လာတော့ သိကြား မင်းက ထွက်ရှာတယ် 'တယောက်ယောက်သော သူက သိကြားမင်းဖြစ်ချင်လို့ ဆုတောင်းပြီထင်တယ်၊ ငါ့ဗိမာန် လှုပ်တယ်'၊ ဒါကြောင့် သိကြားမင်းထွက်လာတယ်၊ သိပ်စိတ် မချဘူးဆိုပြီး ထွက်ရှာရတော့တာပါဘဲ။
ကုလားထိုင်လှုပ်ရင် သိပ်စိတ်မချဘူးလေ၊ အဲဒါကြောင့် သိကြားမင်းက ထွက်ရှာရတယ်၊ ငါ့ကုလားထိုင် ဘယ်ကောင်ဆွဲလှုပ်သလဲ?၊ ရှာတော့မှ တောထဲမှာ ကဏှ ရသေ့ကြီးကို သွားတွေ့တယ်၊
ဟာ...ဒီလောက်ပြင်းထန်စွာ ကျင့်တဲ့ ဒီရသေ့ဟာ သိကြားဖြစ်ချင်လို့နေမှာဘဲ၊ ငါတော့ အနှောက်အယှက်ပေး ရမယ်၊ အနှောက်အယှက်ပေးလို့ ဒီရသေ့အကျင့်ပျက်ရင် သိကြားမဖြစ်ဘူးပေါ့၊ သိကြားမဖြစ်ရင် ဘာဖြစ်လဲ? ထန်း လျှက်ဘဲ ဖြစ်မှာပေါ့။
အဲဒီ သိကြားမင်းက မနာလိုဝန်တိုဖြစ်ပြီးတော့ သုဇာတာမိဖုရားကိုခေါ်ပြီး ဆင်းလာတယ်၊ ရသေ့ကြီးဘေး နားကနေ ဝိုင်းဝှက်ပြီးတော့ လင်မယားနှစ်ယောက် ရသေ့ကို ချောင်းတော့တာဘဲ၊ ရသေ့က သမာဓိသိပ်ကောင်းနေတော့ သိကြားလင်မယား ရောက်နေတာ မသိရှာဘူးတဲ့။
အဲဒီတော့ ဒီရသေ့ကို ချောင်းနေတာကြာလှပြီ၊ ဒို့လာတာကို ဂရုမစိုက်ဘူး၊ သိလည်းမသိဘူး၊ ငါ ဒီရသေ့ကို သမာဓိပျက်အောင်တော့ လုပ်ဦးမယ်ဆိုပြီး ကပ်ပြီးတော့မှ အော်ပြောတာ။ ဟောဒီရသေ့ဟာ အသားမည်းလိုက်တာ၊ အစတုန်းကပြောလာတာက ကဏှရသေ့ဟာ အသားမည်းတယ်တဲ့။
တကယ့်ကိုပဲ အသားမည်းတဲ့ကုလားကြီးတစ်ယောက်၊ ကပ္ပလီကြီးတစ်ယောက်ပါပဲ၊ ခင်ဗျားတို့ ဟောဒီ 'မတောင်းတ' ကိုလာရင် ဟေး...အသားမည်းကြီးလို့ သွား အော်ပြောလို့ရှိရင် အဲဒီလူကကြိုက်ပါ့မလား? မကြိုက်လဲ ခင်ဗျားတို့ကပြောတာဘဲ၊ ခင်ဗျားတို့ ဟောဒီလူက ဖြူတယ်, မည်းတယ်, အရပ်ကပုတယ်,ရှည်တယ်, ဝတယ်,ပိန်တယ် စုံနေတာဘဲ ပြောကြတာ။
ဘုန်းကြီး အခုဝင်လာတုန်းကတောင် တိုးတိုးလေး ပြောနေတာကြာတယ်၊ ဟာ...ဘုန်းကြီးကလဲ ဝလိုက်တာ၊ ဒီလိုပြောတယ်၊ သူများရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို တယ်ပြီးပြောချင်တာပဲ၊ ဗမာတွေဘာကြောင့် ဒီလောက်ပြောချင်သလဲလို့ ဘုန်းကြီးက စဉ်းစားတယ်၊ ပြောလိုက်တာ တချို့ များ 'ဟဲ့ကောင်...မင်း မိန်းမ မရသေးဘူးလားကွ'၊ ဟိုကလည်းပြောတယ် 'ကလေးဘယ်နှစ်ယောက်ရပြီ'၊ 'ဟာ... မင်းတော်တော်ကြိုးစားသား ပဲ' ချီးမွမ်းလိုက်သေးတယ်။
အဲဒီလို ကိုယ်ရေးကိုယ်တာတွေကို အားကြီးဝင်စွက်တယ်၊ အဲဒီတော့ ဒီသိကြားမင်းက ကဏှကို ဘာလာ ပြောသလဲ?၊ ရသေ့အသားမည်းတာကို လာပြီးပြောတာ၊ ဒို့ဗမာတွေ မဆိုးဘူး၊ သိကြားမျိုးတွေ ထင်တယ်၊ သိကြားတောင်ပြောသေးတာပဲ၊ ဘုန်းကြီးတို့ဗမာတွေလဲ သိကြား အတိုင်းပဲဆိုတော့ ဘုန်းကြီးက စိတ်မဆိုးပါဘူး ပြောပါများတော့။
ယောဂီတွေ တရားစခန်းမှာ အဲဒါတွေဒုက္ခဖြစ်တာဘဲ၊ အသံ(သို့မဟုတ်) ကြားရတယ် ဒီနှစ်ခု ကြိုက်တာကို မှတ်၊ အသံမှတ်ချင်မှတ်၊ (သို့မဟုတ်)အသံကြားရတယ်၊ ဒီ နှစ်ခု တစ်ခုခုမှတ်၊ အဲဒါမှမရပ်နိုင်လို့ ဘာသံလဲ သီချင်းသံ၊ ဘယ်သူဆိုတာလဲ ရီရီသန့်ဆိုတာ၊ မာမာအေးဆိုတာ၊ ဘယ်အိမ်ကဖွင့်တာလဲ၊ အဲဒီအိမ်ကသာမှုလား၊ နာမှုလား၊ လူသေတာလား၊ မင်္ဂလာဆောင်တာလား၊ ဘယ်သူသေသွားလဲ၊ ဘယ်သူနဲ့ဘာတော်လဲ၊ အဲဒီကောင် ငါနဲ့မတည့်တဲ့အကောင် သေတာတောင် ကောင်းသေးတယ်။
အသံရဲ့နောက်မှာဖြစ်တာတွေ၊ အဲဒါကြောင့် ကြားတဲ့နေရာမှာ ရပ်နိုင်အောင်ရှုမှတ်ပါ၊ ကမ္မဋ္ဌာန်းဟောတာတော့ မဟုတ်ပါဘူး၊ အသံရဲ့နောက်မှာ ဖြစ်ချင်တာတွေ၊ အဲဒါကြောင့် အစားမည်း,အသားမည်း,အဝတ်မည်း, နေရာ မည်းတဲ့ ဒီရသေ့ကို ဒို့မကြိုက်ဘူး မကြည်ညိုဘူးလို့ ထပ်ခါ ထပ်ခါပြောတော့ ဒီရသေ့လည်း သမာဓိပျက်ပြီးတော့ ဒီအသံကြားတယ် ဘယ်သူ့အသံလဲ? သိကြားအသံ၊ သိကြား ဘာကြောင့်ပြောသလဲလို့ ရသေ့လည်းဘဲ တွေးနေပြီပေါ့။
ဘာပြောသလဲဆိုတော့ သြော်...သူ့ဗိမာန်လှုပ်တာ ကိုက သူ့စည်းစိမ်လိုချင်လို့ ကျင့်တယ်ထင်ပြီးတော့ ငါ့ဆီ ဆင်းလာပြီး အနှောက်ယှက်ပေးတာ၊ တကယ်တော့ ဒီအကျင့်တွေရဲ့တန်ခိုးကြောင့် ဓမ္မတာကနေနှိုးဆော်ပြီး လှုပ်တာ၊ ငါကလှုပ်စေချင်တဲ့ဆန္ဒမရှိပါဘူး။


(အပိုင်း-၆)မျော်

20 November 2009

မျက်စိကိုဖွင့် နားကိုစွင့်လော



ယနေ့အချိန်သည် မည်သည့်လောကမှာမဆို သူနိုင်ကိုယ်နိုင် အပြိုင်ကြိုးစားသော ခေတ်ကြီးးတည်း။ ထို့ကြောင့် မိမိတို့သည် မျက်စိကိုဖွင့် နားကိုစွင့်လျက် အစဉ်နိုးကြားနေမှ တော်ကာကျပေမည်။ သို့မဟုတ်ပါက အခြားသူတို့၏ မျက်နှာကို “မော်ကြည်ရမည့်ဘဝ”သို့ ရောက်သွားပေလိမ့်မည်။ ထို့ကြောင့် အတိတ်က ဖြစ်စဉ်တို့ကို ပိုင်းခြားဝေဘန်ကာ အကြောင်းယုတ္တိရှာ၍ အမျိုးဘာသာ သာသနာကို ထိန်းသိမ်း စောင့်ရှောက်ပေမည်။

ပတ်ဝန်းကျင် အခြေအနေကိုလည်း အကဲခတ်မှသာလျှင် “ပြင်ပရန်စွယ် အန္တရာယ်” တို့ကို နားလည်သိရှိပြီး တွန်းလှန် တားဆီးနိုင်မည် မဟုတ်ပါလော။ မျက်စိမှိတ်ပြီး ဂါထာမန္တရား ရွတ်ဆိုနေရုံမျှဖြင့် ပြင်ပ ရန်စွယ် အန္တရာယ်မှ ကင်းဝေးနိုင်မည့် “ခေတ်” မဟုတ်သည်ကတော့ သေချာလှပေ၏။

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကလည်း “ဘာ့ကြောင့်ဖြစ်သလဲ၊ ဘယ်လိုဖြစ်သလဲ၊ ဘယ်လိုရလာဒ်ရှိသလဲ ဆိုတာကို သိရှိခြင်းဖြင့် (တနည်း) သမိုင်းကို တတ်ထားခြင်းဖြင့် မအဘူး၊ မညံ့ဘူး၊ အညာမခံရဘူးပေါ့ဗျာ”ဟု ပြောကြားခဲ့ဖူးပါသည်။

မြန်မာတို့ တန်ခိုးအရှိန်အဝါ ကောင်းခဲ့စဉ်က ပိုင်နက် နယ်မြေသည် ယခုထက်ကျယ်ဝန်းခဲ့၏။ အရှေ့ဘက်၌ ဆစ်ဆောင် ပန္နား (တရုတ်)၊ ဇင်းမယ်, အယုဒ္ဓယ(ယိုးဒယား)၊ အနောက်ဘက်၌ အာသံမဏိပူရ (အိန္ဒိယ)၊ ပန်းဝါ, စစ်တကောင်း (ဘင်္ဂလားဒေ့ရှ်) အရပ်ထိအောင် ကျယ်ပြန့်ခဲ့၏။

ယင်းအနယ်နယ် အရပ်ရပ်သို့ အာဏာဖြန့်ကျက်နိုင်ခဲ့သော အနော်ရထာ, ကျန်စစ်သား, ဘုရင့်နောင်, မင်းကြီးရန်နောင်, အလောင်းဘုရား, ဗန္ဓုလစသော မြန်မာ့အာဇာနည်တို့၏ လက်ရုံးသည် အားကျဖွယ်, အတုယူဖွယ် ကောင်းလေစွာ့။ မိမိတို့ ပိုင်ဆိုင်ခဲ့သော ယင်းနယ်မြေတို့သည် အဘယ့်ကြောင့် သူတပါး၏ လက်ထဲသို့ ရောက် သွားခဲ့ပါသနည်း။

ကြောင်သူတော် ကြီးကဲ့သို့ ဟန်ဆောင် ကောင်းလှသော နိုင်ငံရပ်ခြား တိုင်းတပါးသား တို့ကို ရိုးစင်းသော သဘောထားဖြင့် လက်ခံခဲ့သောကြောင့် လည်း ကောင်း (ရိုးစင်းသော သဘောထားကား မေတ္တာ မဟုတ်ပေ၊ ဖျင်းအသော သဘောတည်း)၊ မြန်မာ့အမျိုးသားတို့သည် နိုင်ငံတကာ အခြေ အနေ အရပ်ရပ်ကို လေ့လာရကောင်းမှန်း မသိဘဲ အိမ်တွင်းပုန်းနေထိုင်နည်းကို ကျင့်သုံးကြသောကြောင့် လည်းကောင်း (လောကော သတ္တာန မာစေရော၊ ကမ္ဘာလောကကြီးသည် မိမိတို့၏ ဆရာ ဖြစ်၏)၊ လုံ့လ ဝီရိယနည်း၍ အရာရာကို ဝေဘန် ပိုင်းခြားသည့် ဉာဏ်ပညာနှင့် အမြော်အမြင် နည်းပါးမှုကြောင့်လည်းကောင်း ( အပ္ပမတ္တော ပမတ္တေ သု, သုတ္တေသု ဗဟုဇာဂရော၊ သတိ,ဝီရိယရှိသူတို့က သတိမမူ ဂူမမြင် ကြသူတို့အား ဝါးမျို၍သွားကြပေ၏) မိမိတို့ ပိုင်နက် နယ်မြေတို့သည် သူတပါး၏လက်ထဲသို့ ရောက်သွားခဲ့ရပေသည်။

မိမိသည် ဤနိုင်ငံ၏ ပိုင်နက် နယ်မြေ ဖြစ်ခဲ့ဖူးသော တစ်ဘက်နိုင်ငံ၏ နယ်စပ်ဒေသသို့ ရောက်ခဲ့စဉ်က စိတ်ထဲမှာ ဝမ်းနည်းသလိုလို ဘာလိုလိုနှင့် တစ်မျိုးကြီး ခံစားမိ၏။ ကြီးကြီးကျယ်ကျယ် ပြောရလျှင် ဇာတိသွေး, ဇာတိမာန် များ တက်ကြွလာပြီး ကိုယ့်လူမျိုးကို အားမလိုအားမရ ဖြစ်မိပါသည်။

မြန်မာနိုင်ငံ၏ ပထဝီအနေအထားကို ကြည့်လျှင် လူဦးရေ ထူထပ်လှသော နိုင်ငံကြီးတို့၏ အကြား၌ တည်ရှိနေသောကြောင့် နောင်အနာဂတ်မှာ အလွန် ရင်လေးစရာကောင်းလှပေသည်။

ဤနိုင်ငံ၏ အရှေ့မြောက်ဘက်၌ ကမ္ဘာမှာ လူဦးရေအများဆုံး နိုင်ငံဖြစ်သော တရုတ်နိုင်ငံရှိ၏။ အနောက်တောင်ဘက်၌ ဒုတိယလူဦးရေ အများဆုံးနိုင်ငံ ဖြစ်သော အိန္ဒိယနိုင်ငံရှိ၏။ လူဦးရေသန်း (၁၂ဝ)ကျော်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း အနောက်ဘက်၌ ကပ်လျက်ရှိပေသည်။

အိမ်နီးချင်းဖြစ်သော ယင်း(၃)နိုင်ငံမှ လူတို့သည် သယံဇာတ ပေါကြွယ်ဝသော ဤနိုင်ငံသို့ အစုလိုက် အပြုံလိုက် ဝင်လာလျှင် သူတို့၏ ခြယ်လှယ်မှုကိုခံရသဖြင့် ရိုးသားဖြောင့်မတ်ကြသော မြန်မာ့ တိုင်းရင်းသား တို့သည် မြိ့စွန်မြိ့ဖျား ဆင်ခြေဖုံးသို့ ရောက်သွားပေလိမ့်မည်။

ယနေ့မျက်မှောက်၌ပင် မြို့ကြီးပြကြီးတို့၏ အလယ်၌ လူမျိုးခြား, ဘာသာခြားတို့သည်သာလျှင် မင်းမူနေကြသည် မဟုတ်လော။ အထူးအားဖြင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ လမ်းခရီးတလျှောက်၌ စားသောက်ဆိုင်, ဆီဆိုင်, ကုန်စုံဆိုင်, ခရီးသည်တင် မော်တော်ယာဉ်ကားအသင်းတို့၌ လူမျိုးခြား, ဘာသာခြားတို့၏ “အက္ခရာစာလုံး”တို့က တဖြေးဖြေးနေရာယူလျက်ရှိသည်ကို တွေ့ရှိပေသည်။ ဗုဒ္ဓဘာသာ ၀င်များ အနေဖြင့် အမှုမဲ့ အမှတ်မဲ့ မနေသင့်တော့။

ထေရဝါဒဗုဒ္ဓသာသနာသည်လည်း ဇမ္ဗူဒီပါ (အိန္ဒိယနိုင်ငံ)၌ သာမက အရှေ့ဘက်၌ အင်ဒိုနီးရှား, မလေးရှား, စင်္ကာပူ, ယိုး ဒယား, မြန်မာ, လာအို, ကမ္ဗောဒီးယား, ဗီယက်နန်, ကိုရီးယား, ဂျပန်ထိအောင် ထွန်းလင်းခဲ့၏။ တောင်ဘက်၌- သီရိလင်္ကာ၊ အနောက်ဘက်၌ - ပါကစ္စတန်, အာဖဂန်နစ္စတန်, တာကစ္စတန်, တူရကီ, ရုရှားနိုင်ငံ ဆိုက်ဗေးရီးယား၊ မြောက်ဘက်၌- စိန့်တိုင်းငါးရပ်ဖြစ်သော တိဘက်, ခိုတန်, ဘူတန်, တရုတ်-ဆစ်ကင်နယ်များထိအောင် ဗုဒ္ဓသာသနာသည် နေရောင်ဝါသို့ တောက်ပခဲ့ပါသည်။ “သာဓု” ခေါ်သံတို့ဖြင့် သံသာသာ ဟစ်ကြွေးခဲ့သော ယင်းနိုင်ငံတို့သည် ယနေ့မျက်မှောက်ခေတ်၌ မည်သည့်ဘာသာဝင်များ ဖြစ်ကုန်သနည်း။

ဆရာတော် ဦးမဟာရက္ခိတ ခေါင်းဆောင်သော ရဟန္တာငါးရာတို့ ကာဠကာရာမသုတ္တန် တရား ဒေသနာကို ဟောကြား၍ ထေရဝါဒမျိုးစေ့ကို ကြဲချကာ သာသနာ ထွန်းလင်းစေခဲ့ရာဖြစ်သော အာဖဂန်နစ္စတန် နိုင်ငံနှင့် တူရကီနိုင်ငံတို့၌ ယနေ့အချိန်မှာ ဗုဒ္ဓဘာသာဝင်များ ရှိပါသေး၏လော။ စစ်တမ်းထုတ်ကြည့်ပါ။

ဆရာတော် ဦးမဇ္ဈ န္တိကတို့ အာသီဝိသောပမ သုတ္တန်ကို ဟောကြားခဲ့သောကြောင့် “နမော တဿ ဘဂဝတော”ဖြစ်ခဲ့သော ပါကစ္စတန်နိုင်ငံ၌ ထေရဝါဒ ဗုဒ္ဓွဘာသာ ကိုးကွယ်သူ တစ်ယောက်ကို ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် ရှာဖွေတောင်မှ တွေ့မြင်ဖို့ရာ ခဲယဉ်းလှပေသည်။

ဗုဒ္ဓွသာသနာ၏ အချက်အခြာ အကျဆုံးဖြစ်သော မဇ္ဈိမဒေသအရပ် (အိန္ဒိယနယ်တခွင်)မှာပင် ယနေ့အချိန်အခါ၌ ယခုအချိန်မှာတော့ ပိဋကတ် သုံးပုံကို အရာမက ပြန်ကြော့၍ အနုလုံ ပဋိလုံ ဟောသော် လည်း သူတို့၏နှလုံးသား၌ ဘုရားတည်နိုင်ဖို့ မလွယ်ကူတော့ပေ။

ယင်းကဲ့သို့ ဖန်ရည်စွန်းသော သင်္ကန်းတို့ဖြင့် အောင်လံတံခွန် လွှင့်ထူခဲ့ရာဖြစ်သော သာသနာ ထွန်းကားရာ နယ်မြေတို့၌ အဘယ့်ကြောင့် မြတ်ဘုရားသာသနာ ကွယ်ပျောက်ခဲ့ရသနည်း။ စဉ်းစားစေချင်ပါသည်။ သာသနာဝန်ထမ်းနှင့် ဗုဒ္ဓဘာသာဝင်တို့က “ထေရဝါဒဓမ္မ” များကို မထိန်းသိမ်းနိုင်ကြသောကြောင့် လည်းကောင်း၊ တိုင်းတပါးသား ဘာသာခြားတို့၏ နှောက်ယှက် ဖျက်ဆီးမှုကြောင့်လည်းကောင်း ထေရဝါဒဓမ္မ နယ်မြေများသည် ဘာသာခြားနယ်မြေများ ဖြစ်ခဲ့ရသည်ကို တွေ့ရပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ပထဝီအနေအထားနှင့် မြန်မာ့သမိုင်း, သာသနာ့သမိုင်းတို့ကို လေ့လာသုံးသပ်ပြီး ၀ံသာနုစိတ်ဓာတ်ဖြင့် တိုင်းပြည်နှင့်လူမျိုး, ဘာသာနှင့် သာသနာကို မကွယ်ပျောက်အောင် ကာကွယ်စောင့်ရှောက် ရပေမည်တကား။

----------------

အရှင်ဒေ၀ိန္ဒာဘိဝံသ

(၂၀၊ ၁၁၊ ၂၀၀၉)

ဘယ်လိုပဲဖြစ်စေ


နိုဘယ်ဆုရှင်မာသာထရီဆာ

ဘယ်လိုပဲဖြစ်စေ
လူတွေဟာမကြာခဏအကျိုးသင့်အကြောင်းသင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ..........သူတို့ကိုခွင့်လွှတ်လိုက်ပါ။
သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ..........သနားကြင်နာမြဲသနားကြင်နာပါ။
သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ..........အောင်မြင်အောင်ဆက်ကြိုးစားပါ။
လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ..........ရိုးသားဖြောင့်မတ်ပါ။
သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ..........တည်ဆောက်မြဲတည်ဆောက်ပါ။
သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ..........စိတ်အေးချမ်းအောင်နေပါ။
သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ..........ကောင်းတာကိုပဲဆက်လုပ်ပါ။
လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ..........လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။
နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တဲ့အတိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။

ခွင့်လွှတ်ချင်းများနဲ့ဘ၀ကိုတည်ဆောက်နိုင်ကြပါစေ
သင်တို့၏မိတ်ဆွေများကိုလည်းဖြန့်ဝေပေးစေချင်ပါတယ်။



နိုဘယ်ဆုရှင်မာသာထရီဆာ၏မိဘမဲ့ဂေဟာတစ်ခုတွင် ချိတ်ဆွဲထားသောကဗျာဖြစ်ပါသည်။

19 November 2009

ဆုတောင်း ၆မျိုး (အပိုင်း-၄)


စာဖက်ပရိသတ်များ--- ဆုတောင်း ၆မျိုးတရားတော်ကို အောက်တိုဘာလမှာ အပိုင်း ၁ မှ ၃ အထိ တင်ပြီးဖြစ်၍ ပြန်ဖက်စေလိုပါသည်။

ကဏှအမည်ရ သူဋ္ဌေးဘဝ
အာနန္ဒ-ချစ်သားအာနန္ဒာ၊ အတိတ်ဝေးစွာ ဟိုရှေး အခါတုန်းက၊ အဟံ-ငါဘုရားရှင်ကိုယ်တော်မြတ်သည်၊ အသီတိဝိဘဝကောဋိယံ-ကုဋေ(၈ဝ) ကြွယ်ဝတဲ့သူဌေး မျိုးမှာ၊ နိဗ္ဗတ္တော-ဖြစ်ခဲ့ဖူးတယ်။
အသားအရေက အလွန်မည်းလွန်းတဲ့အတွက် ကြောင့် 'ကဏှ' လို့ခေါ်တယ်၊ 'မောင်မည်း'လို့ ခေါ်ကြပါစို့။အင်္ဂလိပ်လိုတော့ Mr Black ပေါ့။

ပစ္စည်းတွေမြင်ပေမယ့် စိတ်ကူးတွေမယဉ်

ဗာရာဏသီသူဌေးသား မိဘတွေအကုန်သေသွားတော့ တစ်ယောက်တည်းသောမောင်ကဏှ အဖေ့အမွေ ဘိုးဘွားအမွေတွေ အကုန်ရလိုက်တယ်၊ ကုဋေ(၈ဝ)။ အဲဒါတွေကို ကြည့်ပြီးတော့တွေးတယ်၊ ''ဒို့အမေ ဒို့အဖေ ဒို့အဘိုး အဖွားတွေ ပစ္စည်းတွေရှာခဲ့လိုက်ကြတာ ပင်ပင်ပန်းပန်းနဲ့၊ အခုတော့ သေသွားပြီ၊ တစ်ခုမှ ယူမသွားနိုင်ဘူး၊ အားလုံး ထားပစ်ခဲ့တယ်၊ ပစ္စည်းတွေရှာတဲ့လူတွေ ရှာပြီးရင် သေတဲ့အခါ ယူမသွားနိုင်ဘူး၊ ထားပစ်ခဲ့ရတယ်''။
စိန်ရောရွှေရော အကုန်လုံး အထုပ်ထုပ်ပြီး ''ငါ သေတော့မယ်ဟေ့ ငါ့အထုပ်တွေကို ငါ့လည်ပင်းချိတ်၊ ငါ့ အခေါင်းထဲထည့်'' ဆိုလို့ မရဘူး။
ကဏှကတော့ ''ဒါ အမေတွေ အဘိုးအဖွားတွေက ရှာရုံသာ ရှာထားခဲ့ကြတယ်၊ ပြီးတော့သေတဲ့အခါ ယူမသွား ကြဘူး၊ ငါ့လက်ထက်မှာတော့ အကုန်ယူသွားမယ်''ဆိုပြီး အိမ်တံခါးဖွင့်ပြီးတော့ ဘဏ္ဍာတိုက်တွေ, သေတ္တာတွေ, ဗီရိုတွေထဲက ပစ္စည်းတွေကို ထုတ်ပြီးတော့ စစ်ဆေးတယ်။ တန်းစီပြီးတော့ အဝတ်ရော ရွှေရော စိန်ရော ထုတ်ပြီး အကုန်ပုံထားတယ်။
အဲဒီနောက် မြို့ထဲကို မောင်းခတ်ပြီးတော့ ကြေငြာ တယ်။ ''ပစ္စည်းလိုတဲ့ပုဂ္ဂိုလ်များ လိုတဲ့ပစ္စည်း ကျုပ်အိမ်ကို လာယူကြပါ''လို့ ကြေငြာလိုက်တော့ လူတွေ လာလိုက်ကြ တာ၊ အိမ်ပေါ်တက်ပြီး ယူသွားကြတယ်။
ဥပမာ - ဆွဲကြိုးလိုချင်တဲ့လူတွေ ဆွဲကြိုးပဲယူတယ်၊ လက်ကောက်ယူမသွားကြဘူး၊ လက်ကောက်လေးယူချင် တယ်ဆိုတဲ့လူ လက်ကောက်ပဲယူသွားတယ်၊ နားဋောင်း ယူမသွားဘူး၊ အဝတ်လိုချင်တဲ့လူ အဝတ်ပဲယူသွားတယ်၊ ရွှေမယူဘူး၊ အဲဒီခေတ်ကလူတွေရဲ့ လောဘက စည်းကမ်းတကျရှိတဲ့လောဘ။

လောဘမသတ်နိုင်ပေမယ့် စည်းမပျက်စေနဲ့
ဘယ်သူ့သန္တာန်မဆို ရဟန္တာမဖြစ်သေးသရွေ့ တော့ လောဘတော့ရှိနေမှာပဲ။ အဲဒီလောဘလည်း မကုန်သေးသရွေ့ အဲဒီလောဘရှိတဲ့သူတွေ လောဘကို စည်းလေး ကမ်းလေးနဲ့ သတ်ပေးလိုက်ပါ။
လိုချင်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေက စည်းနဲ့ကမ်းနဲ့ လိုချင်တယ်ဆိုရင် သိပ်ကောင်းမယ်၊ စည်းမဲ့ကမ်းမဲ့ လိုချင် ရင် အဲဒါ တိုင်းပြည်ပျက်မယ်။
စည်းလေးကမ်းလေးနဲ့ လိုချင်တယ်ဆိုရင် အဲဒါ တိုင်းပြည်နဲ့ လူမျိုးကောင်းစားဖို့ ဖြစ်ပါတယ်။ စည်းမဲ့ကမ်းမဲ့ လိုချင်ပြီဆိုရင်တော့ ဒုဗ္ဘိက္ခန္တရကပ် သတ္ထန္တရကပ်ဆီကို သူတို့အား မကြာခင်ပို့လိမ့်မယ်။
စည်းမဲ့ကမ်းမဲ့ လောဘကိုရှောင်ရင် ကပ်သုံးပါးမှ လွတ်တယ်။ ပြီးတော့ စည်းမဲ့ကမ်းမဲ့ဒေါသကို လွတ်အောင် ရှောင်၊ စည်းမဲ့ကမ်းမဲ့ဖြစ်နေတဲ့ မောဟကို လွတ်အောင် ရှောင်။ အဲဒီလို ရှောင်နိုင်ရင် ကပ်သုံးပါးမှလွတ်တယ်။
အဲဒါ ကပ်သုံးပါးမှလွတ်ဖို့ ဆိုပြီးတော့ ဘုရားတည် အင်းချလို့ ဓာတ်ရိုက်ဓာတ်ဆင်လုပ်လို့ရှိရင် ဘယ်တော့မှ မရဘူး၊ ကိုယ့်သန္တာန်ကလောဘကို စည်းကမ်းနဲ့ မထိန်း နိုင်ရင် အဲဒီပုဂ္ဂိုလ်လည်ပင်းမှာ လက်ဖွဲ့တွေ ၁ဝ၈-ခုမက ဘူး၊ ၁ဝဝ၈-ခုလောက် ဆွဲထားစေကာမူ ဒီလူမလွတ်ဘူး၊ လောဘကို စည်းကမ်းသတ်ပေးဖို့ အဲဒါအရေးကြီးတယ်။

ပစ္စည်းတွေမြင် ဒုက္ခထင်
ကဏှရဲ့စိတ်ကသိပ်ရှင်းတယ်၊ ဘာစိတ်ရှင်းသလဲ ဆိုတော့ ဒီပစ္စည်းတွေကို စောင့်နေရတာ ထိန်းနေရတာဟာ ဒုက္ခဘဲလို့ တွေးလာတယ်၊ ဒီပစ္စည်းတွေ စောင့်ရှောက်ရခြင်းသည် ဒုက္ခပေတကား, ထိန်းသိမ်း၍နေရခြင်းသည် ဒုက္ခ ပေတကားလို့ တွေးမိတယ်။
ထိန်းနေရတာ ဒုက္ခပဲဆိုပြီး အကုန်စွန့်ပစ်သွားတယ်၊ ဒါကိုဘာခေါ်လဲ 'စာဂ'၊ ဘဝသံသရာကောင်းကျိုး ကိုမျှော်ပြီးပေးနေတာကဒါန၊ ဒါနကနေပြီး အခုသူဘာ လုပ်လဲ စာဂ၊ အိမ်ပေါက်ဝကနေ စာတန်းကြီးချိတ်ပြီးတော့ အားလုံးအတွက် ကျုပ်ပစ္စည်းတွေ လှူပြီးသား၊ ယူချင်တဲ့သူတွေ ယူချင်သလောက်သာ ယူကြပေတော့လို့ အိမ်ပေါက်ဝမှာ စာချိတ်ပြီးတော့ ခေါင်းကဆံပင်ဖြတ်၊ ပုဆိုးအင်္ကျီကနေပြီးတော့ သစ်ခေါက်ဆိုးတဲ့ လျှော်တေအဝတ်ကို ဝတ်ပြီးတော့ ဟိမဝန္တာဝင်တယ်။
ပရိသတ်ကြီး...ကုဋေ(၈ဝ)သော ပစ္စည်းတွေကို ရှေးဦးစွာ ဘဝသံသရာမှာ ကောင်းကျိုးကိုမျှော်ပြီးတော့ ပေးနေတာက ဒါနဘဲ၊ ဒါတွေကို စောင့်ရှောက်ထိန်းသိမ်း ရတာဟာ 'ဒုက္ခပေတကား'လို့ ဆိုပြီးတော့ စွန့်လွှတ်တာကို 'စာဂ'လို့ ခေါ်တယ်။
စွန့်လွှတ်ခြင်းသည် လွတ်မြောက်ခြင်းပဲ၊ ဒါ အကြံ ကောင်းဘဲ၊ စွန့်လွှတ်တာ ဘာဖြစ်လဲ? စွန့်လွှတ်တဲ့ပုဂ္ဂိုလ် ဟာ လွတ်မြောက်တယ်နော်။
ပရိတ်သတ်ကြီး... ကဏှသူဌေးသားကနေ ဘာ ဖြစ်သွားသလဲဆိုရင် ကဏှရသေ့ဖြစ်သွားတယ်၊ ဘာကြောင့် ကဏှခေါ်သလဲဆိုတော့ အသားမည်းလို့တဲ့။
အဲဒီကဏှရှင်ရသေ့ဟာ ဟိမဝန္တာတောထဲသို့ ဝင်ပြီး ရသေ့ရဟန်းအဖြစ်နှင့် တရားအားထုတ်တယ်၊ အပြင်းအထန်ကျင့်တယ်၊ ဈာန်သမာပတ်တွေရတယ်၊ ရှေ့ဘဝနောက်ဘဝတွေ ပြန်ကြည့်ရင် သိတယ်၊ အဘိညာဉ် တွေပါရတယ်။

ဈာန်နဲ့ဉာဏ်
ဒါပေမဲ့ အဲဒီဈာန်သည် ကိလေသာအပေါ်ယံ လောက်ကိုဘဲ ဖယ်ရှားနိုင်တယ်၊ ဝိပဿနာဉာဏ်နဲ့ မဂ် ဉာဏ် ဖိုလ်ဉာဏ်မှသာလျှင် အတွင်းကိလေသာ အတွင်းမီး ကို ဖယ်ရှားနိုင်တယ်၊ ဈာန်သည် အပေါ်ယံကိလေသာကို သာ ဖယ်ရှားတယ်၊ အတွင်းထဲစွဲနေတဲ့ ကိလေသာကျတော့ ဉာဏ်ကမှဖယ်ရှားနိုင်တယ်၊ ဈာန်နဲ့ဉာဏ် နှစ်မျိုးစလုံးကို ပေါင်းပြီးတော့ ဈာန်(၈)ပါးအကြောင်းကို မပြောဘူး၊ ဉာဏ် စဉ်(၁ဝ)ပါးအကြောင်းကို မပြောဘူး၊ တစ်လုံးပဲ ပြောမယ်၊ ဈာန်နဲ့ဉာဏ်။
ဒီကနေ့ ဂျပန်ပြည် ဂျပန်ဘုန်းကြီးတွေမှာ ခေတ်စားတာက ဈာန်၊ တိဘက်တွေမှာ ခေတ်စားတာလည်း ဈာန်ဘဲ၊ ဘုန်းကြီးတို့ မြန်မာနိုင်ငံက ဈာန်ကိုပဓာနမထား ဘူး၊ ဉာဏ်ကိုပဓာနထားတယ်၊ အဲဒါကြောင့် ဈာန်က ဘယ် ဘက်ကို သွားသလဲဆိုရင် တန်ခိုးဘက်ကိုသွားတယ်။
ဉာဏ်ကတော့ ဘယ်ကိုသွားသလဲဆိုတော့ ဝိသုဒ္ဓိနဲ့ ဝိမုတ္တိ၊ ဝိသုဒ္ဓိဆိုတာ ကိလေသာအားလုံး၏ သန့်ရှင်းစင် ကြယ်ခြင်း၊ ဝိမုတ္တိဆိုတာက ဝဋ်သုံးပါးမှ လွတ်မြောက်ခြင်း၊ ဈာန်ကတော့ အဲဒီဝိသုဒ္ဓိတောင်မှ အပေါ်ယံ အညစ် အကြေးလောက်ဘဲ သန့်ရှင်းတဲ့ဝိသုဒ္ဓိ။
ဒကာကြီးတွေ ဒကာမကြီးတွေ ပုဆိုးတွေ လုံချည် တွေလျှော်တဲ့အခါမှာ ဆပ်ပြာမပါဘဲ ရေနဲ့ချည်းလျှော် ကြည့် မယ်ဆိုရင်အပေါ်ယံလောက်ပဲဖြူတယ်နော်၊ ဆပ်ပြာပါ ထည့်လိုက်တော့မှ ချည်မျှင်တစ်ချောင်းချင်းဆီမှာ စွဲနေတဲ့ ဂျီးတွေ အကုန်ထွက်တယ်၊ ဒီလိုမဟုတ်လား?
ဈာန်ကဘာနဲ့တူလဲ? အဝတ်ကိုရေနဲ့ လျှော်တာ နှင့်တူတယ်၊ ဉာဏ်ကဘာနဲ့တူသလဲ? အဝတ်ကို ဆပ်ပြာ သွင်းပြီး လျှော်တာနှင့်တူတယ်၊ အဲဒါကြောင့် ဈာန်တွေရ ပြီးတော့နောက်ပိုင်း အလောင်းတော် ကဏှရသေ့က ဘာလိုချင်ပြန်သလဲ? ဉာဏ်လိုချင်တာ။
ဉာဏ်လိုချင်တော့ကျင့်တယ်၊ ထိုင်လိုက်တဲ့ဖြစ်ခြင်း၊ အိပ်ရာဆိုလို့ လုံးလုံးမရှိဘူး၊ အစားအစာ ဆိုလဲဆုံးဖြတ် လိုက်တယ်၊ ဘာဆုံးဖြတ်လိုက်လဲဆိုတော့ မီးနဲ့ချက်တဲ့အစား အစာဆိုရင် ငါဘာမှမစားတော့ဘူး။ တောထဲမှာအလိုလိုပွင့် လာတဲ့အပွင့်ကိုစားကောင်း ရင်စားမယ်၊ အလိုလိုသီးလာတဲ့ အသီးကိုလည်းဘဲ စားကောင်းရင်စားမယ်၊ အလိုလိုဖြစ် လာတဲ့အရွက်ကိုလည်းဘဲ စားကောင်းရင် စားမယ်ဆိုပြီး အဲဒီလို တောထဲကအသီးတွေကို ရှာဖွေစားပြီးတော့ တရားကျင့်တယ်။
ညဉ့်(၃)ယံမှာ တစ်ယံဘဲအိပ်တယ်၊ တစ်ည ကို(၃)ပုံပုံ တစ်ပုံဘဲအိပ်တယ်၊ ဒို့ပရိသတ်က တစ်ညဘယ် နှစ်ပုံအိပ်လဲ? နေ့လဲအိပ်လိုက်သေးတယ်၊ သွားရင်းလာ ရင်းနဲ့ငိုက်သေးတယ်၊ ဒီလိုမဟုတ်လား၊ အခုဘုန်းကြီးတောင်မှ ကားပေါ်မှာ အိပ်ခဲ့သေးတယ်၊ အုန်းတောကို ဝင်တာကိုပင် ကောင်းကောင်းမသိလိုက်ဘူး၊ ကားထွက်ပြီးတော့မှ အုန်းတောကို ကျော်လာတယ်ဆိုတာကို သိရတယ်၊ အုန်းတောပျောက်သွားတယ်။

(အပိုင်း-၅) ဆက်ဦးမည်။

18 November 2009

ဗိုလ်ချုပ်အောင်ဆန်း


ဗိုလ်ချုပ်အောင်ဆန်း၏ သာသနာရေးအမြင်

--------------

ဗိုလ်ချုပ်အောင်ဆန်းက အာရှလူငယ် အစည်းအရုံးရှိ လူငယ်များကို “ကရင် အမျိုးသားတွေ အင်္ဂလိပ် လိုလားတာကို မင်းတို့ အပြစ်မတင်ကြနဲ့၊ ကရင် အမျိုးသားတွေအပေါ် အင်္ဂလိပ် ခရစ်ယန်ဘုန်းကြီးတွေ ကျေးဇူးပြုတာတွေက အတော်များတယ်၊ ဒို့မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေဟာ ခရစ်ယန်ဘုန်းကြီးတွေလို ဆောင်ရွက် ရင် ဘယ်လောက် ကောင်းမလဲ၊ အမျိုးသား စည်းလုံးညီညွတ်ရေး, ပညာရေး, နိုင်ငံပြုစုရေး, ပြန်လည်ထူထောင်ရေးတွင် ဘုန်းကြီးတွေ ဆောင်ရွက်ရင် အောင်မြင်မည့် အကြောင်းတွေပဲ”ဟု ပြောကြားခဲ့ပါသည်။

အထက်ပါ မိန့်ခွန်းကို ကြည့်လျှင် ဗိုလ်ချုပ် အောင်ဆန်းသည် နိုင်ငံရေးအမြင်သာ ရှိသည် မဟုတ်ဘဲ လက်တွေ့ကျကျ ကြည့်တတ်သော သာသနာရေး အမြင်လည်း ရှိသည်ကိုတွေ့ရ၏။ ဗိုလ်ချုပ်၏ “သာသနာရေး အမြင်”မှာ နိုင်ငံနှင့် သာသနာ တိုးတက်ဖို့ အတွက် ပညာရေးစသည့် အပိုင်းကဏ္ဍများကိုဘုန်းကြီးများက ဝိုင်းဝန်း ကူညီရမည် ဖြစ်ကြောင်း တွေ့မြင်ရပေသည်။

17 November 2009

မကွေးဆရာတော်ကြီး၏ သြ၀ါဒ (၁)

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ
မကွေးဆရာတော်ကြီး၏ သြ၀ါဒ (၁)

ရက်စွဲ (၀၇၊ ၁၁၊ ၂၀၀၉)


ဆရာတော်အရှင်မြတ်တို့ဘုရား-
သံဃာ့အဖွဲ့အစည်းဖွဲ့စည်း၍ သာသာနာတော်သန့်ရှင်းရေးကိုဆောင်ရွက်ခဲ့ရာ ရှေးဦးအစပိုင်းအချိန် က ရဟန်းတု၊ ရဟန်းယောင်များ ပပျောက်သလောက်ဖြစ်၍ သမဏသာရုပ္ပ မရှိသော ရဟန်တော်များလည်း နည်း ပါးလာခဲ့ပါသည်။ ပရိယတ္တိသာသနာတော်၏ အညစ်အကြေးဘေးရန်ဖြစ်သော အဓမ္မ၀ါဒများကိုလည်း ပိတ်ပင် ဟန့်တားပယ်ရှားနိုင်ခဲ့ပါသည်ဘုရား။
ယခုအခါ ပရိယတ္တိသာသနာတော်၏ဘေး၇န်ဖြစ်သော ``အဓမ္မ၀ါဒ´´ ဟုဆုံးဖြတ်ခဲ့ပြီးသော ၀ါဒများ တစ်စ တစ်စ ခေါင်းထောင်လာပြန်ပါသည်။ အချို့က မထင်မရှား ဟောပြောကြသည်။ အချို့က အထင်အရှား ဟောပြောကြသည်။ အချို့က သင်တန်းဖွင့်၍ ပြသကြသည်။ အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်အပ်ပြီးသော စာအုပ်စာတမ်းများကို မိတ္တူကူး၍ ဖြန့်ချိနေကြသည်များကိုလည်း အထင်အရှားတွေ့မြင် နေကြရပါသည်။
ဤအဓမ္မ၀ါဒများကို မည်သည့်ဒေသ၌ မည်သည့်ပုဂ္ဂိုလ်များ မည်သို့ မည်ပုံဟောပြော နေကြသည်။ သင်တန်းပို့ချနေကြသည် စသည်များကို `` ပြည်နယ်/တိုင်း၊ မြို့နယ်သံဃနာယက အဖွဲ့များက အတိအကျစုံ စမ်းထောက်လှမ်း၍ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ထံအစီရင်ခံတင်ပြကြရန်ညွှန်ကြားလွှာများထုတ် ထား သင့်မည်´´ ဟု သဘောရပါသည်ဘုရား။
ဤလျှောက်ထားခဲ့ပြီးသော အကြောင်းခြင်းရာများသည် ပရိယတ္တိတည်းဟူသော မြတ်ဗုဒ္ဓ၏ သာသနာတော်မသန့်မရှင်း ညစ်နွမ်းရခြင်း၏ အညစ်အကြေးများဖြစ်ပါသည်။ ဤသာသနာ့ အညစ်အကြေး များကို သုတ်သင်ပယ်ရှား တားမြစ်ခြင်းမရှိဘဲ လျစ်လျူရှုထားကြလျှင် ပရိယတ္တိဟူသော မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီး ပျက်စီးကွယ်ပျောက်သွားနိုင်ပါသည်။
“အမှိုက်မှစ ပြသာဒ်မီးလောင်” ဟူသော မြန်မာစကားပုံတစ်ခုရှိခဲ့ပါသည်။ ယခုဖြစ်ပေါ်နေသည့် ပြသာဒ်ကိုလောင့်မည့်မီးသည် သာမည မီးပေါက်မီးပွားကလေးမျှ မဟုတ်တော့ပါ။ ထေရ၀ါဒ ဗုဒ္ဓသာသာတော်မြတ်ကြီးတည်းဟူသော ပြသာဒ်တော်ကြီးကို မျိုဝါးလောင်မြိုက်သွားနိုင်လောက်အောင် အင်အား ကြီးမားသော မီးပုံကြီးဖြစ်နေသည်ကို လည်းသတိကြပ်ကြပ်ထားတော်မူကြစေချင်ပါသည်ဘုရား။
ပရိယတ္တိ (ပိဋကတ်စာပေ) ဟူသော မြတ်ဗုဒ္ဓ၏သာသနာတော်မြတ်ကြီး ပျက်စီးပျောက်ကွယ်သွားလျှင် ပဋိပတ္တိ (ကျင့်စဉ်) ပဋိဝေဓ (မဂ်ဖိုလ်)တည်းဟူသော သာသနာတော်မြတ်ကြီးများလည်း ပျက်စီးကွယ်ပျောက် သွားကြ ပါလိမ့်မည်ဘုရား။
ဘုရယးရှင်ကိုယ်တော်မြတ်ကြီးသည် ထိုအရေးကိုမြင်တော်မူသောကြောင့် အရှင်မဟာကဿပမထေ ရ်မြတ်အား ”ကဿပ လောက၌ ရွှေအတုမဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး ရွှေအစစ်မကွယ်ပျောက်နိုင်သေး၊ လောက၌ ရွှေအတုဖြစ်ပေါ်လာသောအခါ၌မူကား ရွှေအစစ် ကွယ်ပျောက် နိုင်၏။
“ကဿပ ဤဥပမာ အတူပင် လောက၌ သူတော်ကောင်းတရားအတုအယောင် မဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး သူတော်ကောင်းတရားတည်းဟူသော သာသနာတော် မကွယ်ပျောက်နိုင်သေး။ လောက၌ သူတော်ကောင်းတရား အတုအယောင်ဖြစ်ပေါ်လာသော အခါ၌မူကား သူတော်ကောင်းတရားတည်း ဟူသောသာသနာတော် ကွယ်ပျောက်နိုင်၏ ´´ ဟု ဆိုပါသည်ဘုရား။


(ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ န၀မအစည်းအဝေး)

16 November 2009

ဘုန်းဘုန်းထံ

(ရက်စွဲ - ၁၆၊ ၁၁၊ ၂၀၀၉)
ဘုန်းဘုန်းထံ တရားပွဲအကြောင်းသိရအောင်လို့ တပည့်တော် စာရေးပြီး လျှောက်ထားပါရစေဘုရား။ စင်္ကာပူမှာ နိုဝင်ဘာ ၁၅-ရက်၊ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အရှင်ဘုရားတို့ရဲ့ ဆရာတော်တရားပွဲကို သွားပြီးနာရတာ တော်တော်လေး ပျော်ပါတယ်။ ဒါကြောင့် တရားပွဲအကြောင်းကို အခုလို စာရေးပြီး လျှောက်ထားခြင်းဖြစ်ပါတယ်ဘုရား။

အစက သီတဂူဆရာတော်ကြီး၏ တရားပွဲ ရှိမှန်း မသိပါ။ တရားပွဲရှိတယ်လို့ အရှင်းဘုရားဆီက email ရလို့ သွားနာ လိုက်တာပါ။ နေရာက Eunos MRT အနားရှိ Mangala Vihara သီရိလင်္ကာ ဗုဒ္ဓဘာသာကျောင်းမှာပါ။ အလုပ်မှ မအားသည့် ကြားမှ Annual Leave ယူ၍ အားတက်သရော တရားနာ သွားခဲ့ပါတယ်ဘုရား။
တပည့်တော်ကတော့ ဝေယျာဝေစ္စလုပ်ရန်အတွက် တရားပွဲ မစခင် ၃-နာရီလောက် ကတည်းက ကြိုတင်ပြီးသွားပါတယ်။ တရားပွဲ မစမီ ၃-နာရီခွဲ အတွင်းမှာပင် ကျောင်းတော်ကြီးအတွင်း ခင်းထားသော ကောဇော်များ၌ ပရိသတ်များ အပြည့်လောက် နီးပါးရောက်ရှိနေကြတယ်ဘုရား။

ဆရာတော်ကြီး ဟောကြားထားသော . . .
၁။ ဘုရားအဆူဆူတို့၏ သာသနာသုံးရပ်
၂။ကိုယ်ကျင့်တရားသည် လူတန်ခိုး
၃။ သီလအကျိုးပြတရား
၎။ သီလနှင့် ပညာ
၅။ မြတ်ဗုဒ္ဓ၏ မေတ္တာ
၆။ မဂ္ဂသုတ္တန်
၇။ ဗုဒ္ဓတရားတော်နှင့်ကမ္ဘာ့ငြိမ်းချမ်းရေးစသည့် MP3 တရားများပါသော CD တစ်ချပ်နှင့် ဆရာတော်၏ မေတ္တာပို့နည်း စာရွက်တစ်ရွက်ကို Pennisula Plaza မှ ဓမ္မပန်းခင်း စာကြည့်တိုက်မှ ဓမ္မဒါနအဖြစ် လိုက်လံ ဝေငှပါတယ်။ ၀မ်းသာလွန်းလို့ တပည့်တော်ဖြင့် သာဓုအကြိမ်ကြိမ် ခေါ်မိပါတယ်။ သောက်ရေသန့် ဗူးများလည်း ဝေယျာဝစ္စကုသိုလ်ရှင်များက တရားနာပရိသတ်များကို လိုက်လံ ဝေငှကြပါတယ်ဘုရား။

၎-နာရီမှာ တရားပွဲစမည်ဟု ကြေငြာထားသော်လည်း ၄-နာရီမှာ တရားပွဲ မစနိုင်သေးပါ။ တရားနာ ပရိသတ်များမှာ ကျောင်းတော်ကြီး၏ အောက်ထပ်၊ အပေါ်ထပ်နှင့် ဘေးဘက် မြေကွက်လပ်များအထိ ကြိတ်ကြိတ်တိုး ပြည့်ကျပ်နေတာပဲဘုရား။
တချို့ဆိုရင် ကျောင်းတော်ကြီး အပြင်ဘက် နေပူကြီးထဲမှာပင် ထိုင်၍ ရပ်၍ တရားနာရန် စောင့်နေကြပါတယ်။ နာမည်ကြီးဆရာတော်ကြီးတစ်ပါးဖြစ်ခြင်းနှင့် sunday ရုံးပိတ်ရက်ကြောင့် လူများ ဤမျှ များပြားရကြောင်းပါဘုရား။
၎-နာရီ မိနစ် ၂၀ -ဝန်းကျင်မှ တရားပွဲ စပါတယ်။ တရားမဟောကြားသေးခင်မှာ unexpected situation ဘယ်နေရာမဆို ရှိကြောင်း၊ traffic jam ဖြစ်နေလို့ အနည်းငယ် နောက်ကျနေကြောင်းကို တရားနာ ပရိသတ်အား ရှင်းပြပြီး တရားကို ဆက်လက် ဟောကြားခဲ့ပါတယ်ဘုရား။

ဆရာတော်က ဗုဒ္ဓခေတ်၌ ပေါ်ထွန်းခဲ့သော ဘုရားအမည်ခံ တိတ္ထိဆရားကြီး ၆- ယောက်မှ ပထမ ဆုံးသော တစ်ယောက်အကြောင်းနှင့် ကခြေသည်သားမှ ပရိဗိုဇ် (ရသေ့)ဘဝ ပြောင်းလာသည့် ဇာတ်ကြောင်း၊ နောက်ပြီး ဘယ်အရာမှာမှ အစွန်းမရောက်ဖို့လိုအပ်ကြောင်း၊ သီလ၊ သမာဓိ၊ ပညာဖြင့် ချင့်ချိန် အဓိကထားရမည်ဖြစ်ကြောင်း၊ ဝတ္ထုဇာတ်ကြောင်းနှင့် ရှင်းလင်းပြီး ဟောကြားခဲ့ပါတယ်။ တပည့်တော်လည်း စိတ်ဝင်တစားနှင့် နားစိုက်ပြီးနာယူခဲ့ပါတယ် ဘုရား။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးသွားသော စေတီ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ အား ပြန်လည် တည်ဆောက်ရန် မည်ရွေ့ မည်မျှ သီတဂူမှ လှုဒါန်းသွားပြီးပြီးဖြစ်ကြောင်း ၊ အခှု နတ်မောက်တွင် သီတဂူမှ လှုဒါန်းထားသော ဆေးရုံသစ်အတွက် လိုအပ်သော ကိရိယာများဝယ်ယူရန် ယခုတစ်ခေါက် S'pore ရောက်လာရခြင်းဖြစ်ကြောင်း၊ တပည့်များထင်သလို မြန်မာတွေနေတဲ့နေရာမှာ တရားဟော၊ အလှုငွေ ကောက်ခံပြီး ပြန်သွားရန် မဟုတ်ကြောင်း ဟာသနှောပြီး ဟောသွားလို့ ပရိတ်သတ်ကြီး တ၀ါးဝါးနှင့် ပွဲကျသွားပါတယ်ဘုရား။

၅-နာရီ ၅၀-မိနစ်ဝင်းကျင်တွင် တရားပွဲ သိမ်းတာပါ။ ဆရာတော်ကြီးမှာ ချက်ချင်းထပြန်၍ မရသေးပဲ ၁၀-မိနစ်ခန့် ပလ္လင်ပေါ်၌ သီတင်းသုံးပြီး ဒါယိကာ၊ ဒါယိကာများ လှူဒါန်းမှု အစုစုနှင့် လက်ခံတော်မူပြီး ဓာတ်ပုံရိုက်ခံနေရပါသေးတယ်ဘုရား။
တရားနာပရိသတ်တစ်ချို့မှာ တရားပွဲပြီးသွားသော်လည်း ဆရာတော်ကြီးအား ဖူးမျှော်၍ မဝနိုင်တဲ့ အတွက် ဆရာတော်ကြီး စီးနင်းလိုက်ပါမည့် မော်တော်ယာဉ်ဘေးတွင် ရပ်စောင့်ပြီး ဖူးမျှော်ခဲ့ကြပါတယ်။ ဆရာတော်ကြီးမှ ၁၅-မိနစ်ခန့် ကျောင်းထိုင်ဆရာတော်များနှင့် စကားပြောပြီး ပြန်ကြွသွားပါတယ်။ တပည့်တော်ဖြင့် တရားနာလာရတာ တော်တော်လေး ပီတိဖြစ်မိပါတယ်၊ နောက်နောင်လည်း အခုလို ဆရာတော်ကြီး ကြွနိုင်ပါစေ လို့ စိတ်ထဲမှာ ဆန္ဒဖြစ်မိပါတယ်ဘုရား။

မှ/ တပည့် -မောင်ပြည့် (စင်္ကာပူ)

15 November 2009

မကွေးဆရာတော်ကြီး၏ သြ၀ါဒ (၂)

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ
မကွေးဆရာတော်ကြီး၏ သြ၀ါဒ (၂)

ရက်စွဲ - (၀၇၊ ၁၁၊ ၂၀၀၉)


ဆရာတော်အရှင်မြတ်တို့ဘုရား . . .
ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း၌ သဒ္ဓမ္မပ္ပတိရူပကခေါ် သူတော်ကောင်း တရားတု ၊ တရားယောင်များ အထင်အရှားပေါ်ပေါက်နေပါပြီဘုရား။
ထိုတရားတု၊ တရားယောင်များကို စတင်ဟော ပြောဖြန့်ချိနေကြသော ၀ိတဏ္ဍ၀ါဒီ အဓမ္မ၀ါဒီများသည် ပါပိစ္ဆဣစ္ဆာပကတသဘောဖြင့် သံဂါယနာ(၆)တန်တင် ပါဠိတော်၊ အဋ္ဌကထာများကိုပင် ဘုရားဟောမဟုတ် ဗြဟ္မဏ၀ါဒများဖြစ်သည်ဟု ပုတ်ခတ် ပယ်ရှားပြီးလျှင် ဘုရားရှင်၏ ဒေသနာတော်ကို ခုတုံးလုပ်ကာ ဘုရားရှင်ဟောကြားတော်မူအပ်သော ဒေသနာတော်၏ အဓိပ္ပာယ်ကို အလွဲလွဲအမှားမှား ဖွင့်ဆိုကြလျက် ဘုရားရှင် ဒေသနာတော်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သော ၀ါဒသစ်များထူထောင်ကြ၍ အဓမ္မ၀ါဒများကို ဟောပြောခြင်း ၊ သင်တန်းပေးခြင်း ၊ စာအုပ်စာတမ်းများ ထုတ်ဝေခြင်း စသည်တို့ဖြင့် စနစ်တကျ စီမံကိန်းချကာ ထေရ၀ါဒ ဗုဒ္ဓသာသာတော်ကို ဦးတည်၍ ထိုးနှက်တိုက်ခိုက်နေကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်ဘုရား။
ထိုပုဂ္ဂိုလ်များသည် သံဃာ့အဖွဲ့အစည်းအခြေ ခံစည်းမျဉ်း စာမျက်နှာ (၂၇) အပိုဒ်(၁၂) အပိုဒ်ခွဲ(ဂ)၌ ``ပိဋကတ်တော်နှင့် မညီသော ရေးသားခြင်း ၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီး ကာကွယ်ရန်ဖြစ်သည်´´ ဟုပြဆိုထားပါလျက် ထိုစည်းမျဉ်းစည်းကမ်းကို မလိုက်နာဘဲ ထေရ၀ါဒ ဗုဒ္ဓပိဋကတ်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း ပြသခြင်း ၊ ပြုလုပ်ခြင်းများကို စနစ်တကျစီမံကိန်းချကာ အင်တိုက်အားတိုက် ပြုလုပ်ဆောင်ရွက်နေကြပါသည် ဘုရား။
ဤသာသနာတော်၏ အညစ်အကြေးဘေးရန်ဖြစ်သော အဓမ္မ၀ါဒများကိုသုတ်သင် ပယ်ရှားတားမြစ်ရ မည့်တာဝန်သည် တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ တာဝန်ဖြစ်ပါသည်။ တာဝန် အရှိဆုံးဖြစ်သော တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးသည် တာဝန်ကို သိသောအားဖြင့် ဤတာဝန်ကို တပည့်တော်တို့ မလွဲမသွေ ဧကန်မုချ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ဤသို့ဆောင်ရွက်ရာ၌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များကလည်း သာသနာ စိတ်ဓာတ် အပြည့်အ၀ဖြင့် အင်တိုက်အားတိုက် ၀ိုင်းဝန်းကူညီ ဆောင်ရွက် ကြရမည်ဖြစ်ပါသည်။ သံဃသမ္မုတိရ သံဃာ့ ကိုယ်စားလှယ်ဆရာတော်များကလည်း လက်ပိုက်ကာ ကြည့်မနေဘဲ နိုးနိုးကြားကြား တက်တက်ကြွကြွပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်ဘုရား။
သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကလည်း ဓမ္မစက်ကို အာဏာစက်ဖြင့် ကူညီ ပံ့ပိုးခြင်း၊ ဗုဒ္ဓဘာသာဝင် ဥပါသကာ,ဥပါသိကာတို့ကလည်း အာမိသာနုဂ္ဂဟ ဖြင့် အားပေးချီးမြှောက် ထောက်ပံ့ခြင်းတို့ဖြင့် သဒ္ဓါတရားထက်ထက်သန်သန် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ဤသို့တက်ညီလက်ညိ ဆောင်ရွက်မှသာ ဤအဓမ္မ၀ါဒများကို သုတ်သင်, ပယ်ရှားတားမြစ် နိုင်မည်ဖြစ် ပါသည်။ ဤသို့ အဓမ္မ၀ါဒသာသနာ့ အညစ်အကြေးတို့ကို သုတ်သင်, ပယ်ရှား တားမြစ်လိုက်ပါလျှင် မြတ်ဗုဒ္ဓ၏ ပရိယတ္တိသာသာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ် သွားမည်ဖြစ် ပါသည်။
ပရိယတ္တိသာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်လျှင် ပဋိပတ္တိသာသနာ တော်မြတ်ကြီး လည်း သန့်ရှင်းစင်ကြယ်သွားမည်ဖြစ်ပါသည်ဘုရား။

(ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ န၀မအစည်းအဝေး)

13 November 2009

မကွေးဆရာတော်ကြီး၏ သြ၀ါဒ (၃)

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ
မကွေးဆရာတော်ကြီး၏ သြ၀ါဒ (၃)

ရက်စွဲ - (၀၇၊ ၁၁၊ ၂၀၀၉)

ဆရာတော်အရှင်မြတ်တို့ဘုရား . . .
ဘုရားတပည့်တော်တို့၏ ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ မြို့တိုင်းလိုလိုပင် ပရိယတ္တိ စာသင်တိုက် ကြီးများဖွင့်လှစ်၍ ပရိယတ်ကို ပို့ချသင်ကြားပေးနေခြင်း၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးများ ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများ၌လည်း ပရိယတ်ကျမ်းဂန်များကို ဘာသန္တရပါ တွဲဖက်၍ ခေတ်မီနည်းစနစ်ဖြင့် ပို့ချသင်ကြားပေးနေခြင်း၊ ပဋိပတ္တိကမ္မဋ္ဌာန်းနည်းပြ သာသနာ့ ရိပ်သာများ ဒေသအနှံ့အပြားဖွင့်လှစ်ပြသနေခြင်းတို့ကြောင့် ပရိယတ္တိ သာသနာတော် ပဋိပတ္တိ သာသနာတော် တည်တံ့ရေးမှာ အားရကျေနပ်ဖွယ်ရှိပါသည်။
ထို့ထက်တိုးတက် အောင်အားပေး ထောက်ပံ့ကူညီရန်သာ လိုအပ်ပါသည်ဘုရား။ သာသနာ တော်ပြန့်ပွားရေးအတွက် နယ်စပ်ဒေသနှင့် တောင်တန်းဒေသများ၌ သာသနာ ပြုကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေပါသည်။ အားရကျေနပ်အောင်တော့ မအောင်မြင်သေးပါ။ မအောင်မြင်ရ သေးခြင်း မှာလည်း ပစ္စည်းလေးပါး အထောက်အပံ့နည်းပါးခြင်းကြောင့် ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး များသည် ငွေကျပ်သိန်းတစ်ထောင်ကုန်၊ သိန်းနှစ်ထောင်ကုန်၊ သုံးထောင်ကုန် ကျောင်းကန်စသည်များ ဆောက်လုပ်လှူဒါန်းနိုင်ကြသော်လည်း ဗုဒ္ဓသာသနာတော် မထွန်းကားသေးသော ဒေသများ၌ ဆင်းဆင်းရဲရဲ သာသနာပြုနေကြသော သံဃာတော်များအား ထောက်ပံ့ရန်ကိစ္စကိုမူ နှလုံးမသွင်းမိကြဘဲ ဖြစ်နေပါသည်။
နိုင်ငံခြား သာသနာပြုကျောင်းများမှာ ကျောထောက်နောက်ခံ အထောက်အပံ့က ပြည့်စုံလုံလောက်စွာ ရနေတဲ့ အတွက် သူတို့ သာသနာပြုတွေက အောင်မြင်ကြပါသည်။ တပည့်တော် တို့က သူတို့ကို မယှဉ်နိုင်ဘဲ ဖြစ်နေကြပါသည်။ ဒီသာသနာပြုကုသိုလ်၏ ထူးကဲမွန်မြတ်ပုံကို လူအများသိအောင် ဟောပြော ဆွဲဆောင်ဖို့လိုပါသည်။
ဒီကိစ္စကိုတော့ နိုင်ငံကျော်ဓမ္မကထိကဆရာတော်များကို တရားဟောတဲ့အခါ သာသနာပြု ကုသိုလ်၏ မွန်မြတ်ပုံကို ထည့်သွင်းဟောပြောကြရန် တောင်းပန် တိုက်တွန်း သင့်ပါသည်။
ဟော ပြောရုံမက သာသနာပြုထောက်ပံ့ရေး အဖွဲ့များလည်း ဖွဲ့စည်းသင့်ပါသည်။ ဤသာသနာပြု ထောက်ပံ့ရေး အဖွဲ့များ ဖွဲ့စည်း၍ အင်တိုက်အားတိုက် ဆောင်ရွက်နေသော ဓမ္မကထိက ဆရာတော်အချို့လည်း ရှိပါသည်။ ဤဓမ္မကထိက ဆရာတော်မျိုးများများ ပေါ်ထွက်လာအောင် တောင်းပန်တိုက်တွန်းဖို့ လိုအပ်ပါသည်ဘုရား။
ကမ္ဘာမှာ ဗုဒ္ဓသာသနာတော်ပြန့်ပွားဖို့ကတော့ ဘာသန္တရကျွမ်းကျင်သော သာသနာပြု ရဟန်းတော် များ အများအပြားပေါ်ပေါက်ဖို့လိုအပ်ပါသည်။ ပရိယတ် , ပဋိပတ် အခြေခံ လုံလောက်ပြီးသော ရဟန်းတော် များ ဘာသန္တရလေ့လာဆည်းပူရန် အားပေးချီးမြှောက် ထောက်ပံ့သင့်ပါသည်ဘုရား။
ဤသို့ ပရိယတ္တိ ပဋိပတ္တိနှစ်ပါး သန့်ရှင်းတည်တံ့ပြန့်ပွားလာလျှင် ပဋိဝေဓဟူသော မဂ်ဖိုလ်နိဗ္ဗာန်အသီးအပွင့်ကို ဧကန် သုံးဆောင်ခံစားရမည်ဖြစ်ပါသည်ဘုရား ။
ယခု ဘုရားတပည့်တော် လျှောက်ထားတင်ပြခဲ့သည့်အတိုင်း သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်၏ ဦးတည်ချက်ဖြစ်သော ``သာသနာတော် သန့်ရှင်း , တည်တံ့ , ပြန့်ပွားရေး´´ သုံးရပ် အကောင်အထည်ပေါ် လာအောင် တာဝန်အရှိဆုံးဖြစ်သော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးက ဦးဆောင်၍ နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင်ဆရာတော်များ၊ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော်များ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် သာသနာတော်ကို ကြည်ညိုမြတ်နိုးကြသည့် ဥပါသကာ , ဥပါသိကာ များလက်တွဲ၍ ညီညီညာညာ အင်တိုက်အားတိုက် ဆောင်ရွက်ကြပါရန် လေးလေးနက်နက် တိုက်တွန်းလျက် ဘုရားတပည့်တော်၏ သရဏီယဩ၀ါဒကထာကို နိဂုံးကမ္ပတ်အဆုံးသတ်ပါသည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်အရှင်မြတ်တို့ဘုရား

(ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ န၀မအစည်းအဝေး)

မှတ်ချက်။ ။ အရှင်မြတ်တပါးပေးပို့လိုက်သော သြ၀ါဒများသည် ယနေ့မျက်မှောက်ခေတ်၌ အကျိုးများဖွယ်ရှိသဖြင့် တင်လိုက်ခြင်းဖြစ်ပါသည်။
သီတဂူစတား
၁၃-၁၁-၂၀၀၉

12 November 2009

ဆန်းဒေးစကူးလ် (အပိုင်း-၃)

ကျောင်းတက်ပုံအစီအစဉ်

ကျောင်းသူ/ကျောင်းသားများသည် တနင်္ဂနွေနေ့ရောက်ပြီဆိုလျှင် နံနက် (၇) နာရီလောက် မှစပြီး ကျောင်းသို့ လာကြ၏။ ကျောင်းတက်သည့်အခါ အထက်အောက် နှစ်ခုစလုံး အဖြူရောင်ဝတ်စုံများကို ရိုးရာဓလေ့အတိုင်း ၀တ် ဆင်ကြရ၏။ အကြောင်၊ အကျား အရောင်မျိုးစုံနှင့် ခေတ်ဆန်ဆန်အ၀တ်အစားများကို မ၀တ်ကြရပါ။ နိုင်ငံတော် အစိုးရကလည်း SundaySchool ၀တ်စုံဆိုပြီးတော့ သီးသန့်သတ်မှတ်ပေးထား၏။ ယောက်ျားလေးများအတွက် လည် ကတုံး လက်ရှည် ရှပ်အင်္ကျီအဖြူနှင့် လုံချည်အဖြူဖြစ်ပြီး မိန်းကလေးများအတွက်မှာ Halfဆာရီဆိုသည့် ရိုးရာ အဖြူဝတ်စုံ ဖြစ်ပါသည်။

ဘုန်းကြီးကျောင်းသို့ ရှေးဦးစွာ ရောက်ရှိလာကြသော ကျောင်းသူကျောင်းသားများက ကျောင်းဝင်းအတွင်းရှိ ပန်းပင်များမှ ပန်းများကို ခူး၊ ပြီးတော့ ရေးဆေးကြ၏။ တချို့က မိမိတို့အိမ်မှပင် ပန်း၊ အမွှေးတိုင်၊ ဖယောင်း တိုင်တို့ကို ယူဆောင်ခဲ့ကြ၏။ ယင်းပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ သောက်တော်ရေစသည်တို့ကို ဗောဓိပင်အနီးရှိ ပန်းတင်ခုံပေါ်မှာ စီထားကြသည်။
စာသင်ခန်းသို့ မ၀င်မီ နံနက် ၈-နာရီ ၃၀ မိနစ်မှာ သြ၀ါဒခံယူပွဲကို ကျင်းပ၏။ ကျောင်းသူကျောင်းသား အားလုံး ဗောဓိပင်ရှေ့မှာ စီတန်းပြီး အတန်းလိုက် ရပ်ကြရ၏။ အလှည့်ကျဖြစ်သည့် ကျောင်းသူ ကျောင်းသား ၁၀-ယောက်၊ ၁၅-ယောက်ခန့်က အမွှေးတိုင်၊ ပန်းခြင်းတို့ကို တန်းစီ ယူဆောင်လာပြီး ကျောင်းသူကျောင်းသားတို့အား တစ်ယောက်ချင်း လက်နှင့် ထိစေ၏။ ပြီးမှ ဗောဓိပင်ရင်းရှိ ရုပ်ပွားဆင်းတုတော်ရှေ့မှာ ပူဇော်ကြပါသည်။
ထိုသို့ ဘုရားကို ပူဇော်ပြီးသောအခါမှသာ ကျောင်း၌ သီတင်းသုံးနေသည့် ရဟန်းတစ်ပါးပါးထံ ငါးပါးသီလကို ခံယူဆောက်တည်ကြပါသည်။ ထို့နောက် ရဟန်းတော်နှင့် ကျောင်းအုပ်ဆရာက ကျောင်းသူကျောင်းသားများကို သြ၀ါဒ စကားများကို ပြောကြားပါသည်။ (ယင်းသြ၀ါဒခံယူသည့် အခန်းအနားမှာ အချိန် ၄၅-မိနစ်ခန့်လောက် ကြာ၏။) ပြီးမှ စာသင်ခန်းအတွင်းသို့ ၀င်၍ စာသင်ကြရပါသည်။

နေ့မွန်းတည့်ခါနီး ၁၁- နာရီအချိန်မှာ အားလပ်ချိန် ၁၀-မိနစ်ခန့် အနားပေးပြီး ပေါင်မုန့်၊ လက်ဘက်ရည်စသော မုန့်ပဲသွားရေစာတို့ကို ဝေငှပါသည်။ ထိုမုန့်ပဲသွားရေစာများကို အလှူရှင်ရှိလျှင် အလှူရှင်က၊ အလှူရှင်မရှိလျှင် ကျောင်း ထိုင်ဘုန်းကြီးများက ကျွေးမွေးကြပါသည်။ ထို့နောက် စာသင်ခန်းသို့ ပြန်ဝင်ကြပြီး နေ့လည် ၁၂-နာရီ မိနစ် ၃၀-အချိန်ကျမှ သင်ကြားမှုအစီစဉ်အားလုံး ပြီးဆုံးသွားပါသည်။

သင်တန်းပြီးဆုံးချိန်မှာ ကျောင်းသူကျောင်းသားများသည် စာသင်ခန်းထဲမှပင် ဗောဓိပင်ရှိရာဘက်ကို မျက်နှာမူပြီး ရှေးဦးစွာ မေတ္တာပို့၊ ထို့နောက်မှ ဗောဓိပင်ကို ပူဇော်ကြရပါသည်။ ယင်းသို့ ပူဇော်ပြီးသောအခါမှသာ စာသင်ခန်းတွင်းမှ အားလုံး ထွက်ခွါကြရပါသည်။

ခိုင်မာသည့် အခြေခံအုတ်မြစ်

သိရီလင်္ကာရှိ ကလေးများသည် ဤကဲ့သို့ ဘုရားရှိခိုး၊ သြ၀ါဒခံယူ၊ ဗုဒ္ဓစာပေများကို သင်ကြရသည်မှာ တစ်ပတ် မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ် မဟုတ်၊ နှစ်ပေါင်း ၁၃- နှစ်။ ယင်းကဲ့သို့ ဗုဒ္ဓတရားနှင့် နှစ်ပေါင်းများစွာ ထိတွေ့ နေကြရကား ကလေးများ၏ ဘာသာကိုချစ်တဲ့စိတ် လူမျိုးကိုချစ်တဲ့စိတ်မှာ ဦးခေါင်းထဲမှာ သံမှိုနှက်သကဲ့သို့ ဆွဲမြဲသွား ပါတော့သည်။ ဗုဒ္ဓ၀ါဒ၏ အခြေခံ အုတ်မြစ်မှာလည်း ခိုင်မာသွားပါတော့သည်။
ကလေးများသည် ဘုန်းတော်ကြီးများနှင့် ဆရာများ၏ သြ၀ါဒများကိုလည်း နာယူကြရကား ဗုဒ္ဓဘာသာဝင် ကျင့်ဝတ်ကိုလည်း ကျွမ်းကျင်၏။ ဗုဒ္ဓ၀င်ကို သင်ကြားထားကြရကား ဘုရားဖြစ်စဉ်နှင့် ဘုရားလောင်း စိတ်ဓာတ်ကိုလည်း ခရေစေ့တွင်းကျ သိ၏။ သမိုင်းဖြစ်စဉ်တို့ကိုလည်း မှတ်သားကြရ သောကြောင့် အမျိုး ဘာသာ သာသနာကိုလည်း ချစ်၏။ ထိုအကြောင်းများကြောင့် ကလေးသူငယ်များ၏ ဘာသာသွေးကား ရဲရဲတောက် နေပေပြီ။ အဘယ်ကဲ့သို့သောသူမှ ဘာသာကူးပြောင်းအောင် မစွမ်းနိုင်တော့ပေ။

ထို့ကြောင့် သီရိလင်္ကာ၌ နှစ်ပေါင်းများစွာနေဖူးသော မြန်မာဘုန်းကြီးတစ်ပါးက ဤကဲ့သို့ ပြောဖူးလေသည်။ ``သိရိလင်္ကာရှိ ဗုဒ္ဓဘာသာဝင်ကလေးသူငယ်များဟာ ဘာသာပြောင်းတယ်ဆိုတာ မရှိဘူး၊ ဘာကြောင့်လဲဆိုရင် ကလေး ဘ၀က စတင်ပြီး အခြေခံ ဗုဒ္ဓစာပေများကို စနစ်တကျ သင်ယူခဲ့ရသည့်အတွက် ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို ကိုယ် ကိုယ်တိုင် သိရှိနေကြပြီလေ၊ ဒီတော့ ကိုယ့်ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့´´ဟူ၏။
နိုင်ငံတော်အစိုးရကလည်း ဗုဒ္ဓဘာသာဝင် ကျောင်းသူကျောင်းသားများကို ဆန်းဒေးစကူးလ်သို့ မဖြစ်မနေ တက်ရောက် သင်ကြားကြရမည်ဟု စည်းမျဉ်းထုတ်ထား၏။ အလွန်ကောင်းသော စည်းမျဉ်းတည်း။ ယင်းဆန်းဒေးစကူးလ် ကို နိုင်ငံ့အကြီးအကဲ သမ္မတတိုင်းက အားပေးကြပါ၏။ ယခုလက်ရှိ သမ္မတ Mahinda Rajapaksha က ပို၍ အားပေး၏။
ယင်းဆန်းဒေးစကူးလ် အောင်လက်မှတ်ကိုလည်း အထူးဦးစားပေး၏။ အစိုးရရုံးများ၌ အလုပ်လျှောက် သူတို့ သည် ထိုဆန်းဒေးစကူးလ် အောင်လက်မှတ်ကို ပြကြရပါသည်။ အကယ်၍ မပြနိုင်လျှင် အလုပ်ရရှိဖို့ မလွယ်ကူပေ။ တချို့ ပုဂ္ဂလိက ကုမ္ပဏီများသည်ပင် ယင်းအောင် လက်မှတ်မရှိလျှင် လုံးဝ လက်မခံပေ။ ဆန်းဒေးစကူးလ် အောင်လက်မှတ်မှာ ဤမျှလောက် အရေးပါလှပါသည်။

လှည်းဝင်ရိုးသံ တညံညံ၊ ဓမ္မစကူးလ်ပေါင်း

``လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း``ဟုကြွေးကြော်နေသည့် အမိမြန်မာပြည်ကြီး၌ စနစ်တကျ ပို့ချနေသော ဓမ္မသင်တန်းကျောင်းများ မည်မျှလောက်ရှိသနည်း၊ အကဲခတ်ကြည့်စေချင်ပါသည်။ တချို့နေရာများ၌ ရက်တိုသင်တန်းကျောင်းများကတော့ ထင်ထင်ရှားရှား ရှိပေသည်။ သို့သော် ရက်ရှည်သင်တန်းကျောင်းများကား နည်းပါးလှ၏။ ယင်းသို့နည်းပါးလှသည့်အတွက် တချို့ဗုဒ္ဓဘာသာဝင် ရင်သွေးငယ်များသည် ဘာသာရေး အခြေခံ အားနည်းကြရကား ဘာသာခြားနှင့် အိမ်ထောင်ပြုပြီး ဘာသာခြားဘက်သို့ ကူးပြောင်းသွားကြသည်ကို ၀မ်းနည်းစွာ တွေ့ခဲ့ရဖူးပါသည်။
စေတီပုထိုးများ၌ ညောင်ပင်ပေါက်လျှင် စေတီပုထိုးများ ပြိုပျက်ကြသကဲ့သို့ မိမိတို့မြန်မာ ပြည်ကြီး၌ ဘာသာ ခြားများ တိုးပွားလာလျှင် စေတီပုထိုးများ မျက်နှာတော် ညှိုးတော်မူရမည့်အခြေ အနေနှင့် ရင်ဆိုင်ရပေမည်။ ဤဖြစ်စဉ်ကို အစဉ်တွေးလျက် ယခုအချိန်မှစပြီး ဓမ္မသင်တန်းကျောင်း (သို့မဟုတ်) ဓမ္မစကူးလ်များကို မိမိတို့ တတ်စွမ်းသမျှ ဖွင့်လှစ် တည်ထောင်သင့်လှပေသည်။

ရန်ကုန်မြို့ရှိ ၀ံသာနုစိတ်ဓာတ် ကိန်းအောင်းနေသည့် ဒကာကြီး တစ်ယောက်က ``တပည့်တော်တို့ရပ်ကွက်မှာ တပည့်တော်တို့ ငယ်ငယ်တုံးက ဗုဒ္ဓဘာသာဝင်က ရာခိုင်းနှုန်း ၈၀- လောက် ရှိတယ်၊ အခုကြတော့ ဗုဒ္ဓဘာသာဝင်က ရာခိုင်းနှုန်း ၃၀-လောက်ပဲ ရှိပြီး ဘာသာခြားတွေက ပိုများနေတယ်ဘုရား``ဟု မိမိကို လျှောက်ထားဖူးပါသည်။ ရန်ကုန်မြို့ တော်ကြီး၌ ဤကဲ့သို့ဖြစ်နေသော ရက်ကွက်များ မည်၍မည်မျှလောက် ရှိနေဦးမည်မသိ။ သေချာမှုရှိသည်ကတော့ ဘာသာခြားများ တိုးပွားလာနေခြင်းပင်တည်း။
ထို့ကြောင့် ဤအချက်ကိုကောင်းကောင်းသိသော, မြန်မာပြည်အနာဂတ်အရေးကို သွေးအေးအေး မနေတတ် သော အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက ဤကဲ့သို့ မှာတမ်းတော် ခြွေခဲ့ပါသည်။

`` ဒို့မြေဌာနီ ရှေးခါဆီဝယ်၊ မထေရ်အပေါင်း၊ စံရာကျောင်းမှ၊ ငြိမ့်ညောင်းသာယာ၊ မိန့်အာဏာ ကို၊ ရပ်ရွာလူများ၊ လွန်လေးစားခဲ့၊ ခုကားသို့နှယ်၊ မဟုတ်ကွယ်၍၊ နယ်ပယ်ပေါက်ဖွား၊ အမျိုးသားတို့၊ ဘုန်းဘုရား ကျောင်းတွင်၊ စာမသင်တော့။
ဤသည့်တိုင်းသာ၊ နှစ်ပေါင်းကြာလျှင်၊ မြန်မာတိုင်းဖွား၊ အမျိုးသားတို့၊ ဘုရားကိုစွန့်၊ တရားစွန့် ၍၊ စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း၊ သို့အတွက်များပြား၊ ဘုန်းဘုရားတို့၊ တရားကိုယ်ကျင့်၊ လုံအောင်ကျင့်၍၊ မလင့်စေရ၊ ကိုယ့်ဒေသ၌၊ သိပ္ပ၀ိဇ္ဇာ၊ ပြသင့်ရာကို၊ ကောင်းစွာပိုင်ပိုင်၊ ပြသနိုင်မှ၊ ဘုန်းလှိုင်ဟောပြ၊ သြ၀ါဒကို၊ စိတ်ကကြည်ဖြူ၊ လိုက်နာယူလျက်၊ ကိုယ်မူနှုတ်ပြောင်း၊ စိတ်လည်း ကောင်း၍၊ နောက်နှောင်းသာသနာ၊ ပြည်မြန်မာသည်၊ ရှည်ကြာနေသို့၊ ထွန်းမည်ကို့´´။

အကြင်အခါ၌ မြန်မာပြည်အ၀ှမ်းမှာ ``လှည်းဝင်ရိုးသံ တညံညံ၊ ဓမ္မစကူးလ်ပေါင်း´´ဟု ကြွေးကြော်နိုင်၏။ ထို အခါ၌ နတ်ရွာစံသွားလေပြီဖြစ်သော ဘုရင်မင်းမြတ် အနော်ရထာက အထက်ကောင်းကင်ယံ နတ်ပြည်မှတဆင့် ဗြဟ္မာ့ပြည်တိုင်အောင် ``အိုသူတော်ကောင်းတို့ မြန်မာပြည်ကြီးကို ကြည့်ကြကုန်လော၊ အရှင်အရဟံရဲ့သြ၀ါဒကိုခံယူပြီး ငါကိုယ်တော်တိုင် ချခဲ့တဲ့ ဓမ္မအုတ်မြစ်ပေါ်မှာ ရဟန်းရှင်လူပြည်သူများဟာ ကြီးမားသော ဓမ္မအဆောက်အဦးကြီးကို အဆင့်ဆင့် တည်ဆောက်နေကြတယ်ကွယ်၊ ငါကိုယ်တော် အားရကျေနပ်လှပါဘိ၊ ဒါမှ ဒို့တိုင်း ဒို့ပြည်၊ ဒို့မြန်မာပြည် ဖြစ်ပေသကွယ်``ဟု အားရပါးရ ကောင်းချီးနုမော် သာဓုခေါ်နေမည်မှာ မြေကြီး လက်ခတ် မလွဲသာတည်း။


သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(ashindevindabhivamsa@gmail.com)
(၀၁၊ ၀၆၊ ၂၀၀၉)

(မိမိသည် ဤဆောင်းပါးကို ကိုလံဘိုမြို့ SriJayatiladaramayaကျောင်းမှ သီရိလင်္ကာနိုင်ငံသား အရှင်ဓမ္မနန္ဒကို မေးမြန်း၍လည်းကောင်း၊ http://en.wikipedia.org/ wiki/ Buddhism_in _Sri_Lanka/ နှင့် http://www.bps.lk/wheels_library/wh_281.html#_Toc159679743 ဟူသော Website ကို ကြည့်၍လည်းကောင်း မှတ်တမ်းတင်ပြီး ရေးထားခြင်းဖြစ်ပါသည်။)

11 November 2009

သီတဂူတရားပွဲ (စင်္ကာပူ)



သီတဂူအထူးတရားပွဲ

--------------


“ဓမ္မော ဟိ ဣသီနံ ဓဇော”

ရဟန်းတော်တို့၏ အောင်လံတံခွန်သည် “ဓမ္မ” ဖြစ်သည်။

ဓမ္မဟူသည် အဘယ်နည်း။

ဓမ္မဟူသည် သဘာဝ၊

ဓမ္မဟူသည် သစ္စာ၊

ဓမ္မဟူသည် ပညာ၊

ဓမ္မဟူသည် ကုသိုလ်၊

ဓမ္မဟူသည် ဂုဏ်၊

ဓမ္မဟူသည် ကောင်းသောအကျင့်၊

ဓမ္မဟူသည် သမာဓိ။

ဘုရားမြတ်စွာသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်မှာ -

“ချစ်သားတို့ ကိုယ့်နေရာလေးမှာပဲ ကိန်းအောင်းမနေဘဲ ခရီးထွက်ကြ”

“ဓမ္မကို ဟောကြ၊ ပြောကြ၊ ရေးကြ၊ ဖြန့်ချိကြ”ဟု မိန့်မှာခဲ့ပါသည်။

အထက်ပါ ဘုရားမြတ်စွာ၏ မိန့်ခွန်းတော်အတိုင်း ဘုရားမြတ်စွာ၏ တပည့်သားဖြစ်တော်မူကြ သည့် သာသနာပြု ရဟန်းတော်များသည် ဘုရားမြတ်စွာလက်ထက်မှစ၍ ယခုချိန်ထိ ဒေသ မျိုးစုံသို့ ခရီးထွက်ပြီး ဓမ္မကို ဖြန့်ချိလျက်ရှိကြ ပေသည်။

စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိချုပ် ဖြစ်တော်မူသော သီတဂူ ဆရာတော် ကြီးသည် မြန်မာပြည်တွင်း၌ နေရာဒေသမျိုးစုံသို့ ကြွရောက်၍ နေ့စဉ်နှင့်အမျှ ဓမ္မကို ဟောပြောပို့ချ ပေးလျက်ရှိပေသည်။ ရံဖန်ရံခါ ပြည်ပသို့လည်း ကြွရောက်၍ ဓမ္မကို ဟောပြောပို့ချ ပေးပါသည်။

ယခု နိုဝင်ဘာ ၁၅-ရက်နေ့၌မှာ စင်္ကာပူနိုင်ငံသို့ ကြွရောက်၍ စင်္ကာပူရောက် ဗုဒ္ဓဘာသာဝင် ဒကာ, ဒကာမများအား ဓမ္မကို ဟောပြောပို့ချပေးမည် ဖြစ်ပေသည်။



အချိန် - စင်္ကာပူစံတော်ချိန် ညနေ ၄-နာရီမှ ၆-နာရီ

နေ့ရက် - ၂၀၀၉-ခု၊ နိုဝင်ဘာ ၁၅-ရက်၊ တနင်္ဂနွေနေ့

နေရာ- မင်္ဂလာဝိဟာရကျောင်းတိုက် (Eunos MRT အနီး)


မှတ်ချက်။ ။ ဤသီတဂူဓမ္မသဘင်သတင်းနှင့်တကွ သီတဂူစတားဆိုဒ်မှာရှိသော စာပေများကို မည်သူမဆို ကူးယူဖော်ပြနိုင်ပါသည် ဓမ္မမိတ်ဆွေများများ သိဘို့ ရန်နှင့် တရားတော်များ ပြန့်ပွားရေးကိုသာ အဓိကဖြစ်ပါသည်၊ ကူးယူ ဖော်ပြသူများကိုလဲ အထူးကျေးဇူးတင်နေပါသည်။

သီတဂူစတား
၁၁-၁၁-၂၀၀၉

10 November 2009

သီတဂူစတားမွေးနေ့


၁၃-၁၁-၂၀၀၉ နေ့သည် သီတဂူစတားရဲ့ သုံးလပြည့် မွေးနေ့ဖြစ်ပါတယ်။ ထိုမွေးနေ့အတွက် ဓမ္မလက်ဆောင်လေးဖြစ်ပါတယ်။

ထိုမွေးနေ့အတွက် လက်ဆောင်လေးရဲ့ အမည်သညာလေးက ”လူစွမ်းကောင်း”

သုံးလဆိုသည် ရက်ပေါင်း ၉၀ ကုန်လွန်သွားခြင်းကိုဆိုလိုပါသည်။ အချိန်က သတွာတွေကို စားတယ်ဆိုတဲ့ အဆိုတစ်ခုရှိပါတယ်။ အချိန်သည် သက်ရှိ သက်မဲ့အားလုံး၏ အသက် အဆင်း ခွန်အား မာန်မာနနှင့် ကျန်းမာ နုပျို သစ်လွင်နေခြင်း အားလုံးကို စားမျိုလိုက်ခြင်းပင်ဖြစ်ပါသည်။
အချိန်သည် လူကို စားမျိုတယ်ဆိုသည်မှာ အချိန်ကို အချည်းအနှီး အလကား ဖြုန်းတီးခြင်းကို ဆိုလိုပါသည်။ အချိန်ကို ကောင်းကောင်း အသုံးအချသူများကတော့ လူစွမ်းကောင်းများပင်ဖြစ်ပါသည်။ ပညာရှိတို့သည် အချိန်နှင့် အလုပ်ကို မိမိရရ ဆုပ်ကိုင်ထားပြီး အလွန်ကြီးကျယ် ခန်းနားအောင် ဖန်တီးနိုင်ကြသည်။ ရဟန္တာ အရှင်မြတ်ကြီးများကတော့ အချိန်တည်းဟူသော တဏှာ လောဘကို ဥာဏ်မီးဖြင့် လောင်မြိုက် ဖျက်ဆီးနိုင်ကြပြီး အချိန်ကို အနိုင်ယူတော်မူကြသည်။
သီတဂူစတားရဲ့ လေးလပြည့် မွေးနေ့မှ သည် အားလုံး အချိန်ကို အနိုင်ယူနိုင်ကြသော လူစွမ်းကောင်းများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ကာလော ဃသတိ ဘူတာနိ၊ သဗ္ဗာနေ၀ သဟတ္တနာ။
ယော စ ကာလဃသော ဘူတော သဘူတာ ပစနိံ ပစိ။
(မူလပရိယာယဇာတ်တော်)

သီတဂူစတားဘလော့ဂ်ကို ၁၃-၈-၂၀၀၉ နေ့က စတင်တည်ထောင်သည်။ သုံးလအတွင်းမှာ ဓမ္မမိတ်ဆွေ ၂၇၀၀ ကျော်အား ပို့စ်ပေါင်း ၁၀၈မျိုးတို့ဖြင့် ဗဟုသုတတွေ ပေးလိုက်ရသည့်အတွက်လည်း များစွာကျေနပ်မိပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

သီတဂူစတား
၁၀-၁၁-၂၀၀၉

09 November 2009

ဆန်းဒေးစကူးလ် (အပိုင်း-၂)

အတွေးသစ်တို့မွေးဖွား

အတွေးဟောင်းများ ဆွေးမြေ့သည့်အခါ အတွေးသစ်များ သန္ဓေတည်လာရမြဲဖြစ်ရကား ``ဒီပနီကျမ်းပေါင်းများ စွာကို ပြုတော်မူခဲ့ပြီး နွားသားမစားရေးကို တိုက်တွန်းလှုံ့ဆော်ခဲ့သော ကမ္ဘာကျော် လယ်တီဆရာတော်(D.Litt)၊ သီဟိုဠ်ဖြစ် ဋီကာကျမ်းတစ်ဆောင်၏ အမှားကို ရဲရဲဝံ့ဝံ့ထောက်ပြသည့် ပရမတ္ထဒီပနီဟုခေါ်တွင်သည့် မြန်မာပြည်ဖြစ် ဋီကာကျမ်း၊ သူနာပြုအလုပ်ကို လုပ်ရင်း သာသနာပြုခဲ့သည့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု အရှင်သေဋ္ဌိလ၊ သိရီလင်္ကာနိုင်ငံ သမိုင်း၏ ခေတ်တက္ကသိုလ် ကျောင်းသားအဖြစ် ပထမဆုံး ပေါ်ထွက်လာသည့် ရဟန်းတစ်ပါးဟု တနိုင်ငံလုံး ဟိုးဟိုး ကျော်သွားခဲ့ သော ဒေါက်တာ ၀ါလ်ပိုလာရာဟုလာ၊ နယ်ချဲ့တို့ပေါက်ဖွားရာ ဥရောပ၊ နေမ၀င်အင်ပါရာဟု လက်မ ထောင် ခဲ့သည့် အင်္ဂလန်၊ သင်ယူချင်သည့် အတတ်ပညာများကို သင်ယူနိုင်သည့် အောက်စဖို့ဒ် တက္ကသိုလ်၊ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တည်ရှိရာ အမေရိကန်၊ ပညာရှင်အမြောက်အမြား ထုတ်လုပ်နေသည့် ဟားဗတ်တက္ကသိုလ်၊ အဏုမြူဖခင် သိပ္ပံပညာရှင် အိုင်းစတိုင်း၊ ကျွန်စနစ်ကိုဖျက်သိမ်းသည့် သမ္မတ လင်ကွန်း၊ ကိုယ့်ဘာသာ ကိုယ့်လူမျိုးအတွက် အသက်ကိုပင် စတေးခဲ့သည့် ဂန္ဓီ၊ သန်းပေါင်းများစွာသော အိန္ဒိယနိုင်ငံသားများကို ဗုဒ္ဓဘာသာဝင်ဖြစ်အောင် စည်းရုံးနိုင်ခဲ သည့် ဒေါက်တာ အမ်ဘေဒကာ´´စသည့် ပုဂ္ဂိုလ်ထူး၊ ဂန္ထ၀င်စာပေ၊ ကမ္ဘာကျော်တက္ကသိုလ်၊ နိုင်ငံတကာ သမိုင်းဝင် ဖြစ်စဉ်များနှင့်အတူ B.A M.A Ph.D စသော ဘွဲ့ဒီဂရီများကို ခွဲခြမ်းစိတ်ဖြာသည့် အတွေးများသည် ရင်မှာ မသိမသာ ခိုအောင်းမိလေပြီ။
ထို့ကြောင့် ``အရှင်သုမနပါလ B.A (ကိုလံဘို) အရှင်ရေ၀တဓမ္မ M.A (ကေလနိယ) အရှင်ရာဟုလာနန္ဒ Ph.D (ဘုံဘေ)´´ဟု စသည်အားဖြင့် ရေးသားထားသည်များကို တွေ့ရသောအခါ ယင်းနိုင်ငံတကာသုံး ဘွဲ့ဒီဂရီများကို လိုချင်သည့်စိတ်များ ဖြစ်မိလေသည်။
ယင်းဘွဲ့ဒီဂရီများကို လိုချင်သည့်အတွက် သီဟိုဠ်ကျွန်းခေါ် သိရီလင်္ကာနိုင်ငံသို့ သွားရောက်၍ ပညာသင်ယူ ချင်သည့်ဆန္ဒများ ဖြစ်မိလေသည်။ သို့သော် နွားကျောင်းသား တစ်ယောက်အတွက် မြို့တော်ကြီးသည် အလှမ်းကွာဝေး လှသကဲ့သို့ မိမိမှာလည်း အစစအရာရာ အင်အားနည်းနေရကား သီရိလင်္ကာရှိ တက္ကသိုလ်ကြီးများသည် မိမိနှင့် အလှမ်း ကွာဝေးလျက်ပင် ရှိပေသည်။ သို့သော် နိုင်ငံတကာတက္ကသိုလ်အိမ်မက်များက မက်နေဆဲ။ ယင်းသို့သောအိပ်မက်များမှာ ငယ်စဉ်တောင်ကျေး ကလေးဘ၀က နားစွင့်ခဲ့ရသော ရွာဦးကျောင်း ခေါင်းလောင်းသံက စခဲ့ပေသည်။

ရွာဦးကျောင်းကခေါင်းလောင်းသံများ အိပ်မောကျနေပြီ
ယနေ့ အမိမြန်မာပြည်ကြီး၌ ရွာဦးကျောင်းက ခေါင်းလောင်းသံများ မြည်ကြပါသေး၏လော။ နားစွင့်ကြစေချင် ပါသည်။ ယင်းခေါင်းလောင်းသံများကို ဘာသာခြားတို့၏ ဂစ်တာသံများနှင့် ၀တ်ပြုသံများက လွှမ်းမိုးစ ပြုနေပေပြီ။ သတိမူလျှင် မြူတောင် မြင်နိုင်ပေ၏တကား။ နိုင်ငံ့ကျက်သရေ ဆောင်ဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီးသာ စကားပြောနိုင်ခဲ့လျှင် ``အော် မြန်မာနိုင်ငံသူ နိုင်ငံသားများ မိစ္ဆာဒိဋ္ဌိများ ကျောချနေတာတောင် ဓားပြမှန်း မသိကြဘဲကိုး၊ ဒါတောင် သာကီမျိုးဟေ့ တို့ဗမာလို့ အော်ကြတုန်းရှိသေးတယ်၊ ဗုဒ္ဓဘာသာဝင်များ တဖြေးဖြေးနဲ့ ပရုတ်လုံးကဲ့သို့ လုံးပါး ပါးနေသည်ကို မသိကြသည်မှာ လက်ဖျစ်ခတ်တီး အံ့ချီးထိုက်ပေစွာ့´´ဟု ငြီးတွားပေလိမ့်မည်။

ဘာသာရေးခေါင်းဆောင်များဖြစ်ကြသည့် မိမိတို့ရဟန်းတော်များသည် ``ကျောင်းသင်္ခန်း´´ မှာပင် ကိန်းအောင်း မနေဘဲ အခြားသူတို့၏ လုပ်ကွက်ကိုလည်း ကျော်၍ ကြည့်တတ်ဖို့ လိုပေသည်။ တစ်ကွက်နောက်ကျလျှင် မိစ္ဆာကျားတို့၏ ၀ါးမျိုခြင်းကို ခံရမည်သာတည်း။ အကြိမ်ပေါင်းများစွာ ၀ါးမျိုခံရသည်ကိုပင် ကျားစွယ်ကို ကြောက်ရကောင်းမှန်း မသိသေး။ ထို့ကြောင့် ၀ံသာနုစိတ်ဓာတ် ပြင်းထန်လှသည့် ဆရာတော်တစ်ပါးက “ငါတို့က ခံစစ်နှင့် ကစားနေရတာပါ၊ ဂိုးသွင်း မခံရအောင် မနည်းကြိုးစားနေရတယ်” ၀မ်းနည်းသံနှင့် ပြာခဲ့ဖူးပါသည်။ မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်များ ကင်းဝင်သွားလျှင်တော့ မိမိတို့အားလုံး လည်စင်းခံကြဖို့သာ ပြင်ကြပေတော့။ ကိုယ့်ခြံစည်းရိုးကို လုံအောင်ကာဖို့ ကြိုးပမ်းကြပါစို့။

ယင်းအမြင်ကြောင့်ပင် မိမိသည် ကလေးသူငယ်များအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများကို မုံရွာ၊ ပခုက္ကူစသည့်မြို့များ၌ ဖွင့်လှစ်ပို့ချခဲ့ပါ၏။ ကလေးတရားပွဲများကိုလည်း ဟောကြားပေး ခဲ့၏။ ကချင်ပြည်နယ် နမ္မတီးမြို့သို့ သွားရောက်ပြီး ကလေးများကို တရားဟောသည့်အခါ တရုတ်ကြီး တစ်ယောက်က ``လူငယ်ကောင်းမှ လူကြီးကောင်းမှာ၊ လူကြီး ကောင်းမှ တိုင်းပြည်ကောင်းမှာပေါ့၊ ဒါကြောင့် ကလေးများကို တရားဟောသင့်တယ်ဘုရား´´ လျှောက်ထားပြီး ကလေးများအတွက် မုန့်ပဲသွားရေစာနှင့် ဘောလ်ပင် ဗလာစာအုပ်များကို လှူဒါန်းခဲ့လေသည်။ ဤ သည်ကား မိမိဦးစီးပြီး ဟောပြောပို့ချပေးခဲ့သည့် ရက်တို ``ဓမ္မစကူးလ်´´ များပင်တည်း။ အမှန်တကယ်ကား ရေရှည် စီမံကိန်းရေး ဆွဲပြီး ``ဓမ္မစကူးလ်´´များကို ရက်ရှည် ပို့ချသင့်ပေသည်။

မိမိသည် တရားဟောသည့်အခါ၌လည်း ဘာသာခြားများနှင့် နှိုင်းယှဉ်ပြီး လူမျိုးကိုချစ်သည့်စိတ်၊ ဘာသာကို ချစ်သည့် စိတ်များ ထားရှိကြဖို့လိုအပ်ကြောင်းကိုလည်းကောင်း၊ အမျိုး ဘာသာ သာသနာကို ထောက်ပံ့နိုင်ဖို့အတွက် စီးပွားရေး ဖြစ်ထွန်းအောင်လုပ်ဖို့ လိုအပ်ကြောင်းကိုလည်းကောင်း လောကီကြီးပွားရေးတရားများကို ဦးစားပေးဟော၏။ ဓမ္မရေးရာ ဆောင်းပါးများကိုလည်း ရေး၏။ ယင်းသို့သော လုပ်ရပ်များကြောင့်ပင် ပတ်ဝန်းကျင်၏ အားပေး ထောက်ခံမှုများ ကို ထိုက်သလောက် ရရှိခဲ့ပါသည်။ သို့သော် မပြောပလောက်သေးပါ။

ဆန်းဒေးစကူးလ် (Sunday School)
မိမိသည် အသက် ၃၅-နှစ်ကျော်သောအခါမှသာ အနှစ်နှစ်အလလက အိပ်မက်မက်ခဲ့သည့် သီဟိုဠ်ကျွန်းခေါ် သီရိလင်္ကာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပါတော့သည်။ ကိုလံဘိုနိုင်ငံတကာလေဆိပ်သို့ ရောက်ရောက်ချင်း လေဆိပ်အတွင်း၌ ဘုရားဆင်းတုတစ်ဆူကို ဖူးမျှော်ရ၏။ ထို့နောက် လမ်းတလျှောက် လမ်းဆုံလမ်းခွများ၌လည်း ဘုရာဆင်းတုများ၊ ဗောဓိပင်များကို တွေ့ရပြန်၏။ ဗောဓိပင်များကိုလည်း အထူးတလည် အမြတ်တနိုးထားကြ၏။ သီရိလင်္ကာနိုင်ငံသားများ၏ မြတ်ဗုဒ္ဓအပေါ် တလေးတစား တန်ဖိုးထားသည့် စိတ်ကို အားရ ကျေနပ်မိပါသည်။

အစိုးရရုံးးများ၌လည်း ရဟန်းတော်များကို အထူးဦးစားပေး၍ လုပ်ပေးကြ၏။ တခါတရံ အစိုးရရုံးသို့ နေ့ဆွမ်း စားချိန် ရောက်သွားလျှင် ဆွမ်းတောင် ကပ်လှူလိုက်ပါသေးသည်။ ဘတ်စ်ကားများ၌လည်း ရဟန်း သံဃာတော်များ အတွက် အမြဲတန်း ၂-နေရာစာ ပေးထားသည်ကို တွေ့ရပြန်၏။ ဂိတ်စောင့် ရဲဘော်များသည် ဘုန်းကြီးရဟန်းများကို တွေ့လျှင် ပရိတ်ချည်ကို တောင်းလေ့ရှိ၏။ ရဟန်းတော်များ ပါဝင်သောကားများကို စစ်ဆေး မေးမြန်းခြင်း မလုပ်ဘဲ အလွယ်တကူပင် ခွင့်ပြု၏။ အစိုးရရုံးများကလည်း ဗုဒ္ဓဘာသာဝင် များကို ဦးစားပေး နေရာချ၏။ ဥပုသ်စောင့်ချင်သူများ ဥပုသ်စောင့်နိုင်ဖို့အတွက် လပြည့်နေ့တိုင်းကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထား၏။ ညနေခင်းဆိုလျှင် ဘုန်းကြီး ကျောင်းများ၌ ဗောဓိပင်ကို ပန်းဆီမီးတို့ဖြင့် ပူဇော်ကြ၏။ ဤသည့်ဖြစ်စဉ်များက သီရိလင်္ကာနိုင်ငံ၏ မြတ်ဗုဒ္ဓအပေါ် အလေးအနက်ထားကြောင်း ဖေါ်ပြလျက်ရှိပေသည်။

ထို့အပြင် ဗုဒ္ဓဘာသာဝင်နိုင်ငံတိုင်း နမူနာယူသင့်သော စည်းမျဉ်းတစ်ခုရှိပါသေးသည်။ ယင်းမှာအခြားမဟုတ်။ သီရိလင်္ကာနိုင်ငံ၏ အာဏာ အရှိဆုံးဖြစ်သော သမ္မတတစ်ယောက်သည် သမ္မတဖြစ်သည်နှင့်တပြိုင်နက် သမ္မတအဖြစ် ``ကျမ်းသစ္စာ´´ ကျိန်ဆိုရ၏။ ကျမ်းသစ္စာကျိန်ဆိုပြီးသော သမ္မတအသစ်သည် အနုရာဓပူရမြို့ရှိ မဟာဗောဓိပင်နှင့် ကန္ဒီမြို့ရှိ စွယ်တော်တို့ကို ဦးတိုက်ပူဇော် ရခြင်း၊ သံဃာ့ဂိုဏ်း ၃-ဂိုဏ်းမှ ဂိုဏ်းချုပ်ဆရာတော်ကြီးတို့ကို ဦးတိုက်ပူဇော်ရ ခြင်းတို့ပေတည်း။ ဤကား မဖြစ်မနေ လုပ်ကိုလုပ်ရမည့် စည်းမျဉ်းတစ်ခု ဖြစ်ပါသည်။

``အရင်းစစ်လျှင် အမြစ်မြေက´´ ဆိုသကဲ့သို့ ယင်းသို့လျှင် နိုင်ငံတစ်နိုင်ငံလုံးက မိမိတို့ ဗုဒ္ဓဘာသာကို အသက် တမျှ တန်ဖိုးထားခြင်း၏အကြောင်းမှာ သိရီလင်္ကာနိုင်ငံအစိုးရ၏ ဆန်းဒေးစကူးလ်များကြောင့်ပင် ဖြစ်ပေသည်။ ယင်း ဆန်းဒေးစကူးလ်ကို ၁၈၈၁-ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၃-ရက်နေ့တွင် အမေရိကန်နိုင်ငံသား Henry Olcott ဟင်နရီအောလ်ကော့ (သာသနာ့အလံကို တီထွင်သူ)က အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး ကိုယ့်အားကိုယ့်ကိုးဖြင့် စတင်၍ တည်ထောင် ခဲ့ပါသည် (On 13th February 1881, the first Buddhist Sunday school was started at the Society’s premises in Maliban Street )။ နောက်ပိုင်းကျမှ နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက်လေသည်။ ယခုဆိုလျှင် နှစ်ပေါင်း ၁၀၀-ကျော် သွားပေပြီ။ ယနေ့တိုင်းပြည်၌ အုပ်ချုပ်နေကြသည့် သမ္မတ၊ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးများသည်ပင် ယင်းဆန်းဒေးစကူးလ် ကျောင်းဆင်းများ ဖြစ်ကြပေသည်။

ဆန်းဒေးစကူးလ် ဟူသည်မှာ တနင်္ဂနွေနေ့ တိုင်း ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှုစသည်များကို အထူးသင်ပေးသော ကျောင်းဖြစ်ပေသည်။ ယင်းကျောင်းများသည် ပုဂ္ဂလိကပိုင် မဟုတ်ကြ၊ နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို သတ်မှတ်ပေးပြီး စည်းမျဉ်းဥပဒေနှင့်အညီ ဖွင့်လှစ်ထားသော ကျောင်းများ ဖြစ်ပေသည်။ နေရာကား ဘုန်းကြီးကျောင်းများ ပင်တည်း။ အချို့ဘုန်းကြီး ကျောင်းများ၌ စွမ်းနိုင်သော ကျောင်းထိုင်ဘုန်းကြီးများသည် ဆန်းဒေးစကူးလ်၏ ကျောင်းအုပ် ဖြစ်ပြီး အနည်းငယ်သောကျောင်းများမှာတော့ ကျောင်းထိုင်ဘုန်းကြီးများက ပံ့ပိုးမှု အပိုင်းလောက်သာ တာဝန်ယူ ကြပါ သည်။ ဤအချက်ကို ထောက်ဆ၍ ကလေးသူငယ်များကို သင်ပေးနိုင်ဖို့အတွက် ဘုန်းကြီးများကိုယ်တိုင်က လောကီ လောကုတ် စွယ်စုံတတ်ဖို့လိုသည်ဆိုသည်ကို သတိမူသင့်၏။

ယင်းဆန်းဒေးလ်ကျောင်း၌ လူပုဂ္ဂိုလ်များ ဆရာ, ဆရာမ ဖြစ်ဖို့အတွက် ဆရာဖြစ်သင်တန်းဟူသော သီးသန့် စာမေးပွဲတစ်ခုကို ဖြေဆိုကြရသေး၏။ ယင်းစားမေးပွဲကို အောင်မြင်မှသာ များသောအားဖြင့် ဆရာဖြစ်ကြပါသည်။ ဆန်းဒေးစကူးလ်၌ သင်ပေးကြသော ဆရာ/ ဆရာမတို့သည်ကား စေတနာ့ဝန်ထမ်းတို့သာတည်း။

ယင်းဆရာဖြစ်သင်တန်း၌ -----
၁။ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးတရား၊
၂။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊
၂။ ပဋိစ္စသမုပ္ပါဒ် ၊ သမထ ၀ိပဿနာတို့ဖြစ်ပါသည်။

သိရီလင်္ကာနိုင်ငံရှိ ကလေးသူငယ်များသည် အစိုးရကျောင်းများ၌ ၅-နှစ်အရွယ်မှ စတင်ပြီး ပညာသင်ယူရ သကဲ့သို့ ဆန်းဒေးစကူးလ်၌လည်း (၅)နှစ်အရွယ်မှပင် စတင်ပြီး ပညာသင်ယူကြရပြီး ဆန်းဒေးစကူးလ်ကို အစိုးရကျောင်း များနှင့် တူညီစွာပင် အတန်းများကို သူ့အဆင့်နှင့်သူ ခွဲခြားထားပါသည်။ အစိုးရကျောင်းများက သူငယ်တန်းဆိုလျှင်လည်း ဆန်းဒေးစကူးများမှာလည်း သူငယ်တန်းပင်ဖြစ်သည်။

ဆန်းဒေးစကူးလ်ကို - - -
၁။ သူငယ်တန်း (primary)၊
၂။ ၁-တန်းမှ ၁၀-တန်း (Grade 1 to Grade 10)၊
၃။ နောက်ဆုံးအဆင့် ၁၊ အဆင့်၂ (final 1. 2) ဟု အတန်းပေါင်း ၁၃-တန်း ခွဲခြားပြီး သင်ကြားပေးပါသည်။

ပြဋ္ဌားန်းထားသည့် စာပေများမှာ ငါးရာ့ငါးဆယ်လာ ဇာတ်တော်များ၊ ဓမ္မပဒလာ ဘုရားလက်ထက်က အဖြစ် အပျက်များ၊ ယင်းအကြောင်းကို ရေးထားသည့် ကဗျာများ၊ ပါရမီ ၁၀-ပါး အကြောင်း၊ ဒါန သီလစသော ပုညကိရိယ၀တ္ထု ၁၀-ပါးတို့၏ အဓိပ္ပါယ်၊ ဘုရားဖြစ်တော်စဉ် ဗုဒ္ဓ၀င်အကြောင်း၊ ပရိတ်ကြီးပါဠိနှင့် အဓိပ္ပါယ်၊ အဘိဓမ္မာ သဘောအဓိပ္ပါယ်၊ သုတ္တနိပါတပါဠိလာ မှတ်သားဖွယ်တရားများ၊ သီရိလင်္ကာ ဗုဒ္ဓဘာသာသမိုင်း၊ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ရှေးဟောင်း ယဉ်ကျေးမှု ဗိသုကာအကြောင်း၊ ရှေးဘုရင်တို့၏အောင်ပွဲနှင့် စစ်သူကြီးများ၏ အစွမ်းသတ္တိစသည်တို့ကို ဖေါ်ပြထားသည့် ရာဇ၀င်များ ၊ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာတို့၏ ကွဲပြားခြားနားပုံတို့ ဖြစ်ပါသည်။ ယင်းပြဋ္ဌာန်းစာတို့ကို အတန်း အားလျော်စွာ သူ့အဆင့်နှင့်သူ ခွဲခြားပြီး သင်ကြားပေးပါသည်။

ယင်းပြဋ္ဌာန်းစာတို့ကို မိခင်ဘာသာဖြစ်သည့် ဆင်ဟာလဘာသာနှင့် သင်ကြားပေး၏။ အင်္ဂလိပ်စာကိုလည်း သင်ပေး၏။ တချို့ဆန်းဒေးစကူးတို့၌ အင်္ဂလိပ်စာဒီပလိုမာတန်းကိုပင် ဖွင့်လှစ်ထား၏။ အတန်းတိုင်းအတွက် သင်ရိုးပြဌာန်း စာအုပ် တွေကိုလည်း သာသနာရေးဝန်ကြီးဌာနက ရိုက်နှိပ်ထုတ်ဝေပြီး အခမဲ့ဖြန့်ဝေ၏။ ယင်းဆန်းဒေး စကူးလ်စာမေးပွဲကို သာသနာရေးဝန်ကြီး ဌာနကပင် တာဝန်ယူပြီး ဒီဇင်ဘာလ ပထမပတ်မှာ ကျင်းပပေးပါသည်။

သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ၊၏
အပိုင်း(၃) မျော်

08 November 2009

ကရုဏာလူမှုကူညီရေးအသင်း

မအူပင်မြို့ ကရုဏာလူမှုကူညီရေးအသင်း
အပတ်စဉ် လူနာ ၁၃ဝ- ခန့် အခမဲ့ကုသပေး
(အောက်တိုဘိဘာ ၂၄-ရက်)


ကျန်းမာရေး၊ လူမှုရေး၊ သဘာဝဘေးများ ကျရောက်ချိန်တွင် တတ်နိုင်သမျှ ကူညီ
ဆောင်ရွက်ရန်ရည်ရွယ်၍ လူငယ်များပူးပေါင်းဖွဲ့စည်းထားသော မအူပင်မြို့ ကရုဏာ
လူမှုကူညီရေး အသင်းက ဖွင့်လှစ်သောဆေးခန်းတွင် အပတ်စဉ်စနေ့နေ့တိုင်း လူမျိုး
ဘာသာမရွေး အခမဲ့ကုသပေးလျက်ရှိရာ လူနာဦးရေ ၁၃ဝ- ဦးခန့် ကုသပေးနိုင်ကြောင်း
အဆိုပါအသင်းအတွင်းရေးမှူး ဦးထိုက်ထိုက်က ပြောကြားသည်။

အဆိုပါဆေးခန်းတွင် အသင်းဝင် အရိုးအထူးကုဆရာဝန်၊ အထွေထွေရောဂါကု
ဆရာဝန်များကအလှည့်ကျကုသပေးလျက်ရှိကြောင်း၊ အထက်ပါ ကျန်းမာရေး ဆောင်ရွက်မှု
များအပြင် အောက်ဆီဂျင်အိုးများနှင့် ချွဲစုပ်စက်များကိုလည်း အခမဲ့ငှားရမ်းပေးလျက်
ရှိပြီး လိုအပ်ချက်ရှိသည့်နေရာများတွင် ခြင်အန္တရာယ်အတွက် ခြင်ဆေးဖျန်းခြင်း
များကိုပါ ပြုလုပ်ပေးကြောင်း ၄င်းက ရှင်းပြသည်။
ယင်းအသင်းကို ၂ဝဝ၉ ခုနှစ် ဇန် နဝါရီလ ၂ဝ -ရက်နေ့တွင် စတင်ဖွဲ့စည်း
ခဲ့ပြီး ဖော်ပြပါလုပ်ဆောင်ချက်များအပြင် HIV/AIDS ဝေဒနာရှင်များဆေးဝါးရရှိ
စေရန်၊ ရှားပါးသွေး RH(-) များ စု စည်း၍ ဘီပိုးကာကွယ်ဆေးထိုးနှံပေးရန်၊
တရားပွဲ စာပေဟောပြောပွဲများကို နှစ်စဉ်ကျင်းပပေးနိုင်ရန် ဆက်လက်လုပ်
ဆောင်လျက်ရှိကြောင်း အဆိုပါအသင်းထံမှ သိရသည်။

07 November 2009

အိတ်ဖွင့်ပေးစာ






(ရက်စွဲ - ၇၊ ၁၀၊ ၂၀၀၉)

ဘုန်းဘုန်းထံ - - -


တပည့်တော်စာရေးလိုက်ပါတယ်။ ဘုန်းဘုန်း နေကောင်းတယ်နော်။ အစစအရာရာ အဆင်ပြေပါစေလို့ ဘုန်းဘုန်း အတွက် တပည့်တော် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

တပည့်တော်တို့လည်း ဘုန်းဘုန်းတို့ ပို့သသော မေတ္တာကြောင့် အလုပ်အကိုင် အဆင်ပြေပါတယ် ဘုရား။ ကိုယ်ရှာဖွေလို့ ရတဲ့ ပစ္စည်းထဲကနေ အနှစ်ထုတ်ယူရမယ်လို့ ဘုန်းဘုန်းတို့ ဟောကြားထားလို့ အလှူဒါနကိုလည်း ကိုယ်တတ်နိုင်သမျှ လုပ်နေပါတယ်။ သီတဂူ သာသနာ့ဗိမာန်(မြောက်ဒဂုံ) ကိုလည်း မကြာမကြာ သွားရောက်ပြီး ဆွမ်းကပ် ပန်းလှူပြီး ဝေယျာဝေစ္စ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။

ဒီနှစ်မှာ ထူးထူးခြားခြားလုပ်ဖြစ်တဲ့ ကုသိုလ်ကတော့ တန်ဆောင်မုန်းလပြည့်နေ့က လုပ်တဲ့ သီတဂူ တရားပွဲပါပဲဘုရား။ တပည့်တော်ဖြင့်လေ ပျော်လိုက်တာ။ တပည့်တော်တို့လမ်း (ကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်း) မှာ ရှိကြတဲ့ ဗုဒ္ဓဘာသာဝင် မိသားစုတွေ စုပေါင်းပြီး လုပ်တဲ့ အထူးတရားပွဲပါ။ တပည့်တော်တို့လည်း ဒီတရားပွဲဖြစ်မြောက်ရေးအဖွဲ့မှာ ပါဝင်ဆောင်ရွက်ခွင့်ရတဲ့ အတွက် ဓမ္မပီတိဖြစ်ရပါတယ်။

သီတဂူဆရာတော်ဘုရားကလည်း တက်တက်ကြွကြွ တရားရေအေးအမြိုက်ဆေးကို တိုက် ကျွေးခဲ့ပါတယ်၊ အဲဒီတရားလေးကတော့ (ဒါနစစ်ပွဲ) ဆိုတဲ့တရားတော်ပါ။ အရွယ်တော်ကြီးရင့်ပြီ ဖြစ်သော်လည်း ဆရာတော်ဘုရားရဲ့ အသံတော်က စည်တော်ကြီးလို မြည်ဟည်းတုန်းပါ။

တရားးနာပရိသတ်တွေက အလွန်များပါတယ်။ တစ်လမ်းလုံး လျှံထွက်သွားတာပဲဘုရား။ ဆရာတော်ရဲ့ ဘုန်းတန်ခိုးလို့ ပြောရမှာပေါ့။ န၀ကမ္မအလှူငွေကလည်း သိန်း (၂၀၀)နဲ့ အမေရိကန် ဒေါ်လာ(၁၃၀) ရရှိခဲ့ပါတယ်။ အားလုံးစုပေါင်းပြီး ဒါနပြုကြတာပါ၊ ဝေယျာဝစ္စပြုကြတဲ့သူတွေ အားလုံးက ဆရာတော့်ကို ခုလို သိန်း၂၀၀- လှူဒါန်းနိုင်ခဲ့ကြလို့ ပျော်နေကြတယ်ဘုရား။ ပီတိတွေဖြစ်ကြနေကြပါတယ်။

တပည့်တော်လည်း အတိုင်းအထက်အလွန်ပဲပေါ့ဘုရား။ ဘာကြောင့်လဲဆိုတော့ ဆရာတော်ကို အခုလို သီတဂူဆရာတော်ရယ်လို့ တစ်တိုင်းပြည်လုံး ဟိုလေးတကျော်ဖြစ်မှ ကိုးကွယ်တာမဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀-ကျော်ထဲက တပည့်တော်ရဲ့ ဖေဖေ နှင့် မေမေဟာ ဆရာတော်ကို ဆည်းကပ်ကိုးကွယ်ခဲ့ကြတာပါ။ ဆရာတော်နှင့် ပတ်သက်ပြီးတော့ သီတဂူ ဆရာတော်ရဲ့ သာသနာပြုလုပ်ငန်းတွေမှာ တတ်နိုင်သမျှ လှူဒါန်းခဲ့ပါတယ်။ ဒီအလှူဒါနတွေကို တွေးမိတိုင်း ပီတိဖြစ်ရပါတယ်ဘုရား။

သီတဂူချောင်အလှူ၊ သီတဂူရေကန်အလှူ၊ သယမ္ဘူစေတီအလှူ၊ သီတဂူအာယုဒါန ဆေးရုံအလှူ၊ သီတဂူဗုဒ္ဓတက္ကသိုလ်အလှူ၊ သိမ်တော်ကြီးလှူ၊ ရန်ကုန် သီတဂူစင်တာ အလှူတွေဟာ ဆရာတော်ဘုရားကို အကြောင်းပြုပြီးလှူဖြစ်တဲ့ အလှူတွေပါ။ ဒါပေမဲ့ လှူရတာ အားမရသေးဘူး ဘုန်းဘုန်းရယ်။

နောက်ထပ်လည်း ဆရာတော်ဘုရားရဲ့ သာသနာပြုလုပ်ငန်းတွေမှာ တတ်နိုင်တဲ့ဘက်ကနေ လှူဖို့ စိတ်ကူးထားပါတယ်ဘုရား။ သီတဂူသာသနာပြုလုပ်ငန်းကြီးက များပြားလွန်းတော့ ဆရာတော် ဘုရားရဲ့ န၀ကမ္မအလှူငွေဟာ ဘယ်လောက်များများ လုံလောက်တယ်လို့ မရှိဘူးဘုရား။

သိန်း (၁၀၀)တစ်ရာပဲ ရရ၊ သိန်း (၁၀၀၀) တစ်ထောင်ပဲ ရရ၊ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဆရာတော်က နိုင်ငံအနှံ့ ခြေဆန့်ပြိး လှူနေတာဆိုတော့ အမြဲတန်း လိုနေတယ်ဘုရား။ တခြားမကြည့်ပါနဲ့၊ နာဂစ်အလှူတစ်ခုတည်းကိုပဲ ကြည့်မယ်ဆိုရင် သီတဂူဆရာတော်နှင့် တပည့်ဒကာ, ဒကာမတွေက နာဂစ်အတွက် ကျပ်သိန်းပေါင်း (၈၀,၀၀၀) ရှစ်သာင်းကျော် လှူထားတာလေ ဘုရား။ တပည့်တော်တို့ လှဆန်းယဉ် မိသားစုက အနီးကပ်ကိုးကွယ်နေတာဆိုတော့ အကုန်သိနေတယ်လေ။

ပြီးတော့ ဆရာတော်မှာ ကျောင်းမှာ အေးအေးဆေးဆေး နားတယ်ဆိုတာကို မတွေ့ရဘူး။ ပြည်တွင်း ပြည်ပ ဥဒဟို သွားနေရတယ်။ ကားမှ တဆင့် လေယာဉ်၊ တခါတရံ သင်္ဘော၊ သင်္ဘောမှ တဆင့် လေယာဉ်၊ တဖန် လေယာဉ်မှတဆင့် ကားပေါ် ပြန်တက်၊ အဲဒီလိုပဲ လူးလားခေါက်ပြန်ကူးနေရ တယ်ဘုရား။

ဒါကြောင့် တပည့်တော် “အော် ဆရာတော်ကို လူတွေက ဘုန်းတန်ခိုး ကြီးတယ်လို့ ပြောနေကြပေမဲ့ ဆရာတော်ခမျာမှာတော့ နားရတယ်လို့ကို မရှိဘူး၊ ပင်ပန်းလိုက်တာ၊ အိပ်ချိန်တန် မအိပ်ရ၊ စားချိန်တန်မစားရ။ ဒါကြောင့် ဘုန်းကြီးတယ်ဆိုတာ ဒုက္ခကြီးတာကို ပြောတာပါပဲ” လို့ တွေးမိပါတယ်။ “တခါတရံ အလုပ် လုပ်စရာရှိရင် ည ၂-နာရီ ကျော်လောက်မှ ကျိန်းစက်တယ်”လို့ ဆရာတော်ရဲ့ အလုပ်အကျွေး ဦးဇင်းလေး တစ်ပါးက ပြောပြလို့ တပည့်တော်ဖြင့် ဆရာတော်ကို ကြည်ညိုလို့ မဆုံးဘူးဘုရား။

ဘုန်းဘုန်းလဲ အဲဒီမှာ ကျောင်းတက်ရတာ အဆင်ပြေတယ်မဟုတ်လားဘုရား။ အထူး အားဖြင့်တော့ ကျန်းမာရေးကို ဂရုစိုက်ပါ၊ ကိုယ့်နိုင်ငံ ပြန်လာပြီဆိုရင် ဆရာတော်က အလုပ် တန်းခိုင်းတော့မှာလေ။ ဆရာတော်ကိုယ်တိုင်က အလုပ်ကို ဦးစားပေးတယ်။ ဆရာတော်က “အလုပ်ဟာ အခွင့်အရေးပဲ”လို့ မကြာမကြာ မိန့်တော်မူတာကို ဘုန်းဘုန်းတို့ အသိပဲလေ။

ဘုန်းဘုန်းတို့လဲ ဆရာတော်ဘုရားရဲ့ သာသနာပြုလုပ်ငန်းတွေကို တစ်ဘက်တစ်လမ်းကနေ ၀ိုင်းဝန်း လုပ်ကိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း - - -

မစပယ်(လှဆန်းယဉ်)

ကမာရွတ်၊ ရန်ကုန်

ဆန်းဒေးစကူးလ် (အပိုင်း-၁)

ယခင် ဓမ္မစကူးလ်နှင့် ယခု ဆန်းဒေးစကူးလ်
---------------------
``ဣတိပိသော ဘဂ၀ါ ´´ ``သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ´´ (ဘုရားရှိခိုး)
``လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ၊ မမှီဝဲနှင့် ကင်းအောင်နေ´´ (မင်္ဂလသုတ်)
``အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ ကိုက်ဝါးကိုမျို၊ ကညာယူထား သက်ကြားဖိုးအို၊ မယားဆဲ အမြဲအော်ငေါက်သကို´´(ကောသလအိပ်မက်)
မိမိတို့ ကျောင်းသားပေါက်စအရွယ်က ညနေ ၇-နာရီ ဘုရားဝတ်တက်အပြီးမှာ ရွာဦးကျောင်း ဘုန်းကြီးကို ၀တ်ဖြည့်ပေးရင်း ဘုန်းကြီးက အထက်ပါအတိုင်း စာတိုပေစများ၊ ကဗျာများ နှုတ်တိုက် ချပေးသည်ကို မိမိတို့ကျောင်းသား ကိုရင်များက အလွတ်လိုက်ဆိုခဲ့ရပါသည်။ တခါတရံ အဖွဲ့လိုက်၊ တခါတရံ တစ်ယောက်ချင်း ဆိုရ၏။ ပြီးမှ ဘုန်းကြီးက ဆိုင်ရာဆိုင်ရာ အဓိပ္ပါယ်များကို ကလေးများ သဘောပေါက်အောင် ရှင်းပြ၏။ ရှေးဟောင်း နှောင်းဖြစ်များ၊ ငါးရာ့ငါးဆယ် လာ ဖြစ်တော်စဉ်များ၊ ရိုးရာပုံပြင်များကိုလည်း စိတ်ဝင်စားမှုရှိအောင် ပြောပြ၏။ အချိန်ကား ၁-နာရီ/ ၁-နာရီကျော် ၀န်းကျင်လောက် ကြာမြင့်ပေသည်။ ဤသည်ကား တစ်ညတာ မဟုတ်၊ အလုပ်မရှုတ်လျှင် ညစဉ်ညတိုင်းတည်း။ ထို့ကြောင့် ရွာဦးကျောင်းက ညဉ့်ဦးယာမ်သည် မိမိတို့ ကျောင်းသား ကိုရင်လေးများအတွက် ယနေ့ခေတ်အနေနှင့် ပြောရလျှင် ``ဓမ္မစကူးလ်´´ (Dhamma School) ပင် ဖြစ်ပေတော့သည်။
ရွာဦးကျောင်းက ဓမ္မစကူးလ်မှာ သင်ယူခဲ့သည့် ဗုဒ္ဓ၀င်ဆိုင်ရာ အခြေခံစာတိုပေစများက စာပေကို တတ်ချင်၊ ပညာကိုလိုချင်သည့် စိတ်များ ဖြစ်ပေါ်အောင် နှိုးဆော်ပေးဟန်တူလေ၏။ ထို့ကြောင့်ထင်၏။ ၁၀-နှစ်သားအရွယ်မှာ ရှင်သာမဏေ၀တ်ပြီး ၁၃-နှစ်အရွယ်မှာ စာပေများ သင်ကြားဖို့အတွက် ပရိယတ္တိစာသင်တိုက်ကြီးသို့ ပျော်ပျော် ပါးပါးပင် သွားခဲ့လေသည်။

စာသင်တိုက်ကြီးဆီသို့ မယောင်မလည်

စာသင်တိုက်ကြီးသို့ရောက်ပြီးသည့်နောက်၌ သဒ္ဒါကြီးစာအုပ်၊ အဘိဓမ္မတ္ထသင်္ဂဟစာအုပ်တို့ကို ကိုင်ဆောင်ပြီး အလွတ် ကျက်မှတ်ရလေသည်။ ထိုသို့ကျက်မှတ်ရင်း အဘိဓမ္မတ္ထသင်္ဂဟစာအုပ်မျက်နှာဖုံးမှာ ရေးသားထားသည့် ``သီဟိုဠ်ကျွန်း အရှင် အနုရုဒ္ဓါမထေရ် စီစဉ်ရေးသားအပ်သော အဘိဓမ္မတ္ထသင်္ဂဟ``ဟူသော စာကိုတွေ့မိသောအခါ ``မိမိတို့နယ်မြို့လေးမှ မုံရွာကို သွားသည့် ကတ္တရာလမ်းလေးကိုပင် အာရှတိုက်၏ အကြီးဆုံးလမ်းမကြီး´´ဟု ထင်ခဲ့သော မိမိသည် ``သီဟိုဠ် ကျွန်းဆိုတာ ဘယ်မှာလဲ၊ တနင်္သာရီတိုင်းမှာလား၊ ရခိုင်ပြည်နယ်မှာလား´´ဟု မယောင်မလည်နှင့် ၀ိုးတ၀ါး တွေဝေ စဉ်းစားမိခဲ့သည်။ ယင်းသို့စဉ်းစားမိရင်းနှင့်ပင် စာသင်တိုက်မျိုးစုံသို့ သွားရောက်၍ ပရိယတ္တိ စာပေများကို သင်ယူခဲ့သည်။ ထို့နောက် သူ့အရွယ်နှင့်သူ သတ်မှတ်ထားသည့် စာမေးပွဲမျိုးစုံကို ကြိုးစားပြီး ၀င်ရောက်ဖြေဆိုခဲ့ရင်း အသက် ၂၇-နှစ်သို့ ချဉ်းနင်းရောက်ရှိခဲ့လေသည်။ အများအသိအမှတ်ပြုသည့် ဘွဲ့ဒီဂရီများကိုလည်း ရရှိခဲ့ပါသည်။
အသက် ၂၇-နှစ်သို့ရောက်သောအခါ ထိုက်သလောက် လေ့လာထားသည့် ဗဟုသုတ၊ ရင်ဆိုင်ကျော်လွှားခဲ့သည့် အတွေ့အကြုံ၊ အရာရာကို စူးစမ်းတတ်သည့် အတွေးအခေါ်များ သူ့အရွယ်နှင့်သူ ရင့်ကျက်လာပြီဖြစ်သည်အား လျော်စွာ `` သီဟိုဠ်ကျွန်းဆိုတာ တနင်္သာရီတိုင်းမှာလား၊ ရခိုင်ပြည်နယ်မှာလား´´ဟူသော ၀ိုးတ၀ါး အတွေးများ စုန်းစုန်းမြုပ် နိဂုံးချုပ်သွားခဲ့လေပြီ။

အပိုင်း (၂) မျှော်

မှတ်ချက်။ ။ ဒီတစ်ပက် သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ၏ ဆန်းဒေးစကူးလ် (Article) ကို အပိုင်း (၃)ခုခွဲ တင်သွားပါမည်။

06 November 2009

သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး)


သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး) စတင်ဖွင့်လှစ်

သီတဂူဗုဒ္ဓ တက္ကသိုလ်(မန္တလေး) ဖွင့်ပွဲနှင့် ကျောင်းအလှူရေစက်ချပွဲ ကို အောက်တိုဘာလ ၂၉- ရက်နေ့က တက္ကသိုလ်တည်ရှိရာ မန္တလေးတောင်ခြေ၌ ကျင်းပခဲ့သည်။ ဖွင့်ပွဲတွင် မန္တလေးတောင်ပေါ်နှင့် အနီးပတ်ဝန်းကျင် ကျောင်းတိုက်များရှိ သံဃာတော် အပါး ၂၀၀-ကို သပိတ်၊ ဆွမ်း၊ ဆေး စသဖြင့် လှူဖွယ်ဝတ္ထုအစုစုကိုဆက်ကပ်ပြီး ပင့်သံဃာတော် ၂၅-ပါးကို လည်း ဆွမ်းကပ်လှူဒါန်းခဲ့သည်။
သီတဂူဗုဒ္ဓ တက္ကသိုလ်(မန္တလေး)ကို ပင်မနှစ်ထပ် စာသင်ဆောင် အပါအ၀င် စာကြည့်တိုက်၊ ရုံးခန်း၊ စီမံရေးနှင့် အစည်းအဝေးခန်းမ၊ကထိကဆောင်၊ ဓမ္မာရုံ၊ လောကနန္ဒာမော်ကွန်း စေတီတော်များဖြင့် တည်ဆောက်ထားသည်။

တက္ကသိုလ်၏ ပထမစာသင်နှစ်တွင် ရဟန်းရှင်လူ၊ သီလရှင် စသည့် စာသင်သား ၁၁၂- ဦး တက်ရောက်သင် ကြားလျက်ရှိကြောင်း သိရသည်။

သီတဂူစတား
၆-၁၁-၂၀၀၉

05 November 2009

ရုပ်တုတော်

ကြေးသွန်း သီတဂူဆရာတော်ကြီး၏ ရုပ်တုတော်ကို
တပေါင်းလပြည့်အမီ ပြီးစီးမည်


မန္တ္တေလေး၊ အောက်တ်တိုဘိဘာ ၂၃

မန္တလေးမြို့တော် တမ္ပဝတီရပ်ကွက်ကြေးသွန်းအလုပ်ရုံတစ်ခု၌ သွန်းလုပ်မည့်
ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် သီတဂူဆရာတော်ကြီး၏ ရုပ်တုတော်ကို
ဆရာတော်၏ခွင့်ပြုချက်ယူကာ တပေါင်းလပြည့်အမီ ပြုလုပ်မည်ဖြစ်ကြောင်း
ဆရာတော်ကြီး၏ တပည့်ဒါယိကာတစ်ဦးက ဆိုသည်။
ရုပ်တုမှာ အရပ်ခုနစ်ပေ ခြောက်လက်မ၊ အောက်ခုံခြောက်လက်မ၊ ကြေးပိဿာ
၂၅ဝ မှ ၃ဝဝ ခန့် ကုန်မည်ဖြစ်ကာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် သီတဂူ
ဆရာတော်၏ နောက်ဆုံးအကြိမ်အတည်ပြုချက်ရယူပြီးဖြစ်ကြောင်း ရုပ်တုပြုလုပ်ရာ
တွင်ပါဝင်မည့် ကြေးသွန်းပညာရှင်တစ်ဦးကဆိုသည်။
သီတဂူဆရာတော်ဘုရားကြီး၏ ပုံတူကြေးသွန်းရုပ်တု ထုလုပ်ပြီးစီးပါက
စစ်ကိုင်းမြို့ သီတဂူသိမ်တော်ကြီး၏ရှေ့၌ ထားရှိမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

04 November 2009

သာသနာပြုနည်း



အနှစ်ကိုးပါး(အပိုင်း-၂၅)

ဗုဒ္ဓကို သားမက်တော်ချင်လို့တဲ့
ဆရာတော်ဘုရားကြီးက ''မနေနိုင်အောင် နှောင့် ယှက်တဲ့နေရာမှာ ဘုရားကိုယ်တော်မြတ်ကဲ့သို့ နေဖြစ် အောင်ကို နေပြရမယ်၊ ငါငယ်ငယ်တုန်းက ဇာတ်ကြည့်ဖူးတယ်''။
''ငယ်ငယ်တုန်းက ဇာတ်သွားကြည့်တော့ အဲဒီတုန်းက ဖိုးစိန်ကြီးဇာတ်၊ အဲဒီဇာတ်ထဲမှာ သာမာဝတီတို့၊ မာဂဏ္ဍီတို့ ဇာတ်ထုပ်ကိုခင်းတာ၊ ဥတေနမင်းဟာ သာမာဝတီမိဘုရားနဲ့ မာဂဏ္ဍီမိဖုရား မိဖုရားနှစ်ယောက် ထားတယ်''။
''မာဂဏ္ဍီဆိုတာ ပုဏ္ဏေးမကြီး၊ ဘုရားကိုယ်တော် မြတ်အပေါ်မှာ မကျေမနပ်ဖြစ်ပြီး ရန်ငြိုးပြင်းထန်တဲ့ မိဖုရားကြီး၊ သူ ရန်ငြိုးပြင်းထန်ပုံက ဒီလို။ သူက အချောအလှ''။
''ဘုရားကိုယ်တော်မြတ် ဒေသစာရီလှည့်ရင်းနဲ့ မာဂဏ္ဍီပုဏ္ဏားကြီးတို့နဲ့ တွေ့ကြတာ''။
''တွေ့တော့ မာဂဏ္ဍီပုဏ္ဏားကြီးက ဘုရားကို ကြည့်ပြီးတော့ 'သြော် လောကမှာ ဒါလောက်ချောတဲ့ ယောက်ျားဟာ ငါ့သားသမက်ဖြစ်ရင် ကောင်းလေစွ' လို့ စိတ်ကူးမိသတဲ့''။
''ငါ့သမက်ဖြစ်ရင် ကောင်းလေစွ၊ ငါ့သမီး ချောနဲ့ လက်ထပ်မယ်ဆိုပြီး၊ အိမ်ခပ်မြန်မြန် ပြန်ပြီးတော့ ဇနီး မယားခေါ်၊ သမီးအလှ မာဂဏ္ဍီကို အလှပြင်ပြီးတော့ သားအမိ သားအဖ သုံးယောက်သား ဘုရားဆီပြန်လာကြတာ''။
''ဘုရားဆီရောက်တော့ ဘုရားကို အပ်တယ်၊ 'အရှင်ဘုရား တပည့်တော်တို့ရဲ့ သမီးဟာ လောကမှာ အချောဆုံးမို့လို့ အချောဆုံးဖြစ်တဲ့ အရှင်ဘုရားနဲ့မှ တော်ပါတယ်၊ သမီး မာဂဏ္ဍီကို ယူတော်မူပါ'လို့ ဘုရားကို သမီး အပ်တယ်''။
'' ဒီတော့ ဘုရားကိုယ်တော်မြတ်က 'မစင်အပြည့် ထားတဲ့ အိုးကို ပန်းချီရေးထားသလို ငါ ထင်တယ်၊ ခြေ ထောက်နဲ့တောင်မှ နင့် သမီးကို ငါ မတို့ချင်ဘူး၊ ငါဘုရား ဖြစ်ကာစ ဗောဓိပင်နားမှာ မာရ်နတ်ကြီး သမီးသုံးယောက် လာအပ်တာတောင် ငါ လက်မခံခဲ့တာ၊ ဒါ့ကြောင့် နင့် သမီးကို ခြေဖျားနဲ့တောင် မတို့လိုဘူး'လို့ ဘုရားက မိန့် လိုက်တယ်''။
''သူကတော့ လောကမှာ အချောဆုံးသမီး၊ အမြတ် ဆုံးသမီးဆိုပြီးတော့ မြတ်မြတ်နိုးနိုးထား၊ ဘုရားက အဲဒီလို ပြောလိုက်တော့ ဘုရားကိုစိတ်ဆိုးပြီးတော့ ရန်ငြိုးထားတာ၊ အဲဒီမှာ မာဂဏ္ဍီပုဏ္ဏေးမလေးဟာ ဘုရားအပေါ်မှာ မကျေနပ်တာ''။
''ငါသာ တွန်းလှန်နိုင်တဲ့အချိန် တုံပြန်နိုင်တဲ့ အချိန်မှာ ဒီသိဒ္ဓတ္ထကို တုံ့ပြန်လိုက်ဦးမယ်လို့ ရန်ငြိုးထားပြီး တော့ ဘုရားရှင်ကိုယ်တော်မြတ် ကောသမ္ဗီပြည်အကြွမှာ အကြီးအကျယ် အနှောင့်အယှက်တွေပေးတာ၊ ဘုရား မနေ နိုင်အောင်လုပ်တယ်၊ လူငယ်တွေကို အရက်တိုက်၊ မြှောက် ပေးပြီးတော့ ဘုရားကို အဆဲခိုင်းတယ်''။
''သာမာဝတီကလဲ ခုဇ္ဇုတ္တရာရဲ့တရားကို နာပြီး တော့ သောတာပန်ဖြစ်တော့ ဘုရားကို သိပ်ပြီးတော့ ကြည် ညိုတယ်၊ မပြတ် မပြတ်တရားနာ၊ သင်္ကန်းတွေလှူ၊ ဒီလိုလုပ်နေတာ၊ ဥတေနမင်းက ဘုရားကို မကြည်ညိုသေးဘူး၊ အဲဒီ တော့ မာဂဏ္ဍီက အခွင့်ရတယ်''။
''သာမာဝတီတို့ မြတ်ဘုရားကို ဂရုစိုက်လေသမျှ မာဂဏ္ဍီ က ကုန်းတိုက်စရာ အကွက်ချည်း ဖြစ်ဖြစ်နေတယ်၊ ဘုရားကိုယ်တော်မြတ်နဲ့ သာမာဝတီဟာ တိတ်တဆိတ် ဖောက်ပြန်နေသလိုလို သူက ဥတေနမင်းကြီးကို သွားသွား ပြီးတော့ တိုက်တာ''။
''အဲဒီမှာ ဥတေနကလဲပဲ သူ့အသက်ထိရင် တော်သေးတယ်၊ မိဖုရားထိရင်တော့ အသက်ကို ထိတာထက် ဆိုးတယ်၊ ဟုတ်လား၊ အဲဒီတော့ ဥတေနကလဲ ဒေါသူပုန်ထတော့ ဘုရားကိုယ်တော်မြတ်ဟာ အဲဒီ ကောသမ္ဗီပြည်မှာ ဒုက္ခ ဖြစ်လိုက်တာ''။
''ဘုရားကိုယ်တော်မြတ် ကောသမ္ဗီမှာ မနေနိုင်အောင် မာဂဏ္ဍီက ကုန်းတိုက်ပြီးတော့ ဥတေနမင်းရဲ့ အကူအညီနဲ့ ဘုရားကို နှင်ထုတ်သလိုပဲတဲ့၊ တို့ သာသနာပြု ရဟန်းတော်တွေ အိန္ဒိယမှာ မနေနိုင်အောင် ဒီလိုလုပ်တဲ့ ပုဂ္ဂိုလ်တွေ အများကြီးပဲ''လို့ ဆရာတော်ကြီး ပြောပြတယ်။

သာသနာပြုပုဂ္ဂိုလ်များရဲ့ အရည်အချင်း
ဘာပဲဖြစ်ဖြစ် ဘုန်းကြီးတို့ သာသနာ့ဝန်ထမ်း ရှင် ရဟန်းများဟာ နောင်ခါးဆရာတော်ကြီးကို နမူနာယူပြီး ကိုယ့်တစ်နေရာတည်းမှာ မနေဘဲ လိုအပ်တဲ့နေရာမှာ နေဖို့, ဘာသာခြားတွေ ဘယ်လိုပင် နှောက်ယှက် နှောက်ယှက် ခုံခံကာကွယ်ဖို့, သည်းခံခြင်း ခန္တီနှင့် ဇွဲလုံ့လရှိဖို့ အထူး လိုအပ်လှပါတယ်။
ထိုကဲ့သို့ ခိုင်မာသောစိတ်ဓာတ်, ပြင်းထန်သော ဆန္ဒရှိမှသာလျှင် သာသနာတော်ကြီးဟာ ရေရှည်တည်တံ့ နိုင်မှာ ဖြစ်ပါတယ်။ ''ဘုရင့်နောင်ဖောင်ဖျက်နည်း''ဟာ သာသနာပြုနည်းများစွာထဲက သာသနာပြုနည်းတစ်မျိုး ပါပဲ။ နောက်မဆုတ်တဲ့စိတ်ဟာ သိပ်ပြီးတော့ လိုအပ်ပါ တယ်။

အနှစ်(၉)ပါး
ဒီတော့ နိဂုံးချုပ်အနေနဲ့ ပြောရအောင် အနှစ် ကိုးပါးဆိုတာ ''သုံးပါးရတနာ၊ သုံးသိက္ခာ၊ သုံးဖြာလက္ခဏာ'' ပါပဲ။ ရတနာ ၃-ပါး၊ သိက္ခာ ၃-ပါး၊ လက္ခဏာ ၃-ပါး။ ပေါင်း ၉-ပါး။
ဗုဒ္ဓဆိုတာ အလွန်တရာထူးခြားတဲ့ အတွေးအခေါ် ပညာရှင်တယောက်ပါဆိုတော့ ဗုဒ္ဓရတနာအပေါ်မှာ ယုံ မှားကြတယ်။
ဘုရားရတနာ ရှိတယ်ဆိုပေမယ့် အဲဒီ ဘုရား ကိုယ်တော်မြတ်ရဲ့ အပေါ်မှာ ခုနကပြောသလို မယုံတဝက် ယုံတဝက်နဲ့ ဘုရားကိုးကွယ်တာဆိုတော့ မပြည့်စုံသေးဘူး။
ဘုရားဟောတဲ့ ပိဋကတ်သုံးပုံတော့ လက်ခံပါတယ်။ သို့သော်တချို့ပိဋကတ်တွေဟာ လုပ်ကြံပြီးတော့ ရေးထည့်ထားတာဆိုပြီး ဓမ္မရတနာအပေါ်မှာ ယုံမှားကြတယ်။
ဓမ္မရတနာကို လက်ခံတယ်ဆိုပေမယ့်လဲပဲ တရား အကုန်လက်ခံတာ မဟုတ်ဘူး။ မဂ္ဂင်ရှစ်ပါး သစ္စာ လေးပါး လောက်ပဲ လက်ခံတယ်ဆိုတဲ့လူက အများကြီးပဲ။ ကျန်တဲ့ ပိဋကတ်တွေ အားလုံးဖယ်ပစ်တယ်။ ဒီလိုလဲ ရှိသေးတာ။
သံဃာလို့ဆိုပင်ဆိုသော်လည်း သိပ်မရှိဘူး။ ကမ္မ ဝါစာ မရှိဘူး ဆိုကတည်းက သံဃာဖြစ်ကို ဖြစ်မလာဘူး။ တိဘက်ဘုန်းကြီးတွေ သိမ်ထဲမှာ ရဟန်းဖြစ်တာမဟုတ်ဘူး။ကမ္မဝါစာ မလိုဘူး။ သူတို့နည်းနဲ့ သူတို့လုပ်ကြတာ။
ဘုန်းကြီးတို့ မြန်မာပြည်မှာတော့ အဲဒီ ၉-မျိုးစလုံး အကုန်ရှိတယ်။ အကုန်လုံးကို လက်ခံတယ်။ ဒါ့ကြောင့် အနှစ်ပြည့်တဲ့ တိုင်းပြည်မှာ လူဖြစ်ရတာ အနှစ်ပြည့်တဲ့လူ လာဖြစ်လို့ ကံကောင်းပါတယ်။ ကိုယ့်တန်ဖိုးကို နားလည် ကြပါ။ တန်ဖိုးရှိမှန်းသိမှလည်း တန်ဖိုးထားပါတယ်။
ရတနတ္တယံ စ လက္ခဏံ၊ သိက္ခတ္တယံ စ ထာပရံ။ တိတိဂုဏာ ဣမေ ဓမ္မာ၊ သာရာ ဟိ ပိဋကတ္တယေ။
ရတနတ္တယံ စ၊ ဘုရား၊ တရား၊ သံဃာဟု ဆိုအပ်သော ရတနာသုံးပါးလည်းကောင်း။ သိက္ခတ္တယံ စ၊ သီလ၊ သမာဓိ၊ ပညာဟု ဆိုအပ်သော သိက္ခာသုံးပါးလည်းကောင်း။ လက္ခဏံ လက္ခဏတ္တယံ စ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ဆိုရ သည့် လက္ခဏာသုံးပါးလည်းကောင်း။ ဣတိ၊ ဤသို့။ တိတိ ဂုဏာ၊ သုံးသုံးလီ ဖြစ်ကြကုန်သော။ ဣမေဓမ္မာ၊ ဤတရား သည် ကား။ ပိဋကတ္တယေ၊ ဘုရားဟောဖော် ပိဋကတ်သုံးပုံ ပါဠိတော်၌။ သာရာဟိ သာရဧဝ၊ အနှစ်တရားတို့သည် သာလျှင်။ ဟောန္တိ၊ ကောင်းစွာမသွေ ဖြစ်ပါပေကုန် သတည်း။
''သာဓု သာဓု သာဓုပါဘုရား''။


ဆက်လက်ပြီး ဆုတောင်း-၆မျိုးတရားဆဆက်များကို တင်ပြသွားပါမည်။
သီတဂူစတား
၎-၁၁-၂၀၀၉

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes