အဖိုးထိုက်ရတနာများကို အလွဲသုံးစားမပြုထိုက်
ဒါကြောင့် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ပုံတော်ကို မြင့်မြတ်သောစိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်များကျတော့ အဲဒီလို တန်ဖိုးထားပြီးတော့ သုံးစွဲသွားတယ်။
ဒါကြောင့် ရတနာဆိုတာ ရတနာစိတ်ရှိမှ သုံးဆောင် ထိုက်တယ်။ ဘုန်းကြီးတို့ ပရိသတ်ရဲ့ လက်ထဲမှာ ရတနာ အပြည့်ရှိတယ်။ ဒီလောက်တန်ဖိုးရှိတဲ့ ရတနာတွေကို အလွဲမှားသွားပြီး မသုံးလိုက်ပါနဲ့။
တစ်ဘဝစာ တစ်နပ်စာအတွက် ရောင်းပစ်လိုက် တယ်ဆိုတာ ဘယ်ကောင်းမလဲ။ လုံချည်လေး၊ အင်္ကျီလေး၊ ရဖို့ရန်အတွက် ဘုရားဆင်းတုတော်တွေကို ဟိုမှာ ပို့ပစ်တယ်ဆိုတော့ ဘယ်ကောင်းမလဲ။ တန်ဖိုးရှိတဲ့အရာကို တန်ဖိုးရှိမှန်း သိဖို့ လိုပါတယ်။
သိက္ခာ(၃)ပါး
သိက္ခာသုံးပါးဆိုတာ-
၁။ သီလသိက္ခာ၊ ၂။ သမာဓိသိက္ခာ၊ ၃။ ပညာသိက္ခာ၊
ဗုဒ္ဓပေးထားတဲ့ သီလသိက္ခာကို ပြည့်စုံစွာ ကျင့်နိုင် ကြရင်တော့ ကိုယ်နှုတ်နှစ်ပါးရဲ့ ချမ်းသာမှု၊ ကိုယ်နှုတ် နှစ်ပါးရဲ့ ငြိမ်းချမ်းမှုကို တကယ်ရတယ်။
သီလအပြည့်အစုံ ကျင့်လိုက်ရင် ကိုယ်ကလဲ မလွန် ကျူးဘူး၊ နှုတ်ကလဲ မလွန်ကျူးဘူး။ ဒီသီလရဲ့ သတ္တိကြောင့် ဝီတိက္ကမကိလေသာ (ကိုယ်ထိလက်ရောက် လွန်ကျူးတဲ့ စိတ်)ဟာ ကိုယ်နဲ့နှုတ်အပေါ်မှာ ရပ်သွားတယ်။
သမာဓိရဲ့သတ္တိက စိတ်ရဲ့ သောင်းကျန်းမှုတွေ အကုန်ရပ်သွားတယ်။ စိတ်သောင်းကျန်းမှုတွေဟာ သမာဓိ ဖြစ်တဲ့အချိန်မှာ ရပ်သွားတာပဲ။
သမာဓိမဖြစ်ရင် စိတ်တွေဟာ အမြဲတမ်း သောင်းကျန်းတာပဲ။ ဒါကြောင့် သမာဓိသိက္ခာကျင့်ရင် ပရိယုဋ္ဌာန ကိလေသာ (ထကြွသောင်းကျန်းတဲ့စိတ်) တွေဟာ ရပ်ဆိုင်းသွားတယ်။
ကိုယ် နှုတ်ရဲ့ လွန်ကျူးမှု၊ စိတ်ရဲ့ သောင်းကျန်းမှု တွေ ရပ်ဆိုင်းသွားတာတော့ ဟုတ်ပါပြီ။ အဲဒီ ရပ်ဆိုင်းသွား တာဟာ တကယ်အပြီးတိုင် ရပ်ဆိုင်းသွားသလားလို့ ဆိုတော့ အပြီးတိုင် ရပ်ဆိုင်းသွားတာတော့ မဟုတ်သေးဘူး။
အပြီးတိုင် ရပ်ဆိုင်းသွားဖို့ရာဆိုတာက ''ပညာ သိက္ခာ''ကို တဆင့်တက်ရတယ်။
ပညာသိက္ခာဆိုတာ ပရမတ္တ ဓမ္မတို့ရဲ့ လက္ခဏာကို ရှုတာ။ ပရမတ္တတရားရဲ့ လက္ခဏာကို သိမြင်အောင် ကျင့်ရတဲ့ အကျင့်သည် ''ပညာ''။
အခိုးထသလို စိတ်ရဲ့ သောင်းကျန်းမှုတွေ တထောင်း ထောင်းထနေတာကို အနည်ထိုင်သွားအောင် လုပ်တာက ''သမာဓိ။''
ကိုယ်နှုတ်နှစ်ပါးရဲ့ လွန်ကျူးမှုတွေကို ရပ်တန့်သွား အောင်လုပ်တာက ''သီလ''။
ဗုဒ္ဓပေးထားတဲ့ သိက္ခာကြီး သုံးခုဟာ တကယ့်ကိုပဲ ငြိမ်းချမ်းတဲ့တရားကြီး သုံးမျိုးပဲ။
၁။ သီလသိက္ခာကျင့်ရင် ကိုယ်နှုတ်နှစ်ပါး ငြိမ်း ချမ်းမှုရတယ်။
၂။ သမာဓိသိက္ခာကျင့်ရင် စိတ်ရဲ့သောင်းကျန်း မှုတွေ ချုပ်ငြိမ်းစေပါတယ်။
၃။ ပညာသိက္ခာကိုကျင့်ရင် ပရမတ္တတရားတို့ရဲ့ လက္ခဏာကို သိပြီးတော့ ကိုယ်နှုတ် စိတ်သုံးပါးစလုံးတို့ရဲ့ ငြိမ်းချမ်းမှုကို အပြီးတိုင်ရတယ်။
ဘုန်းကြီးပြောခဲ့တဲ့ အတွေ့အကြုံလေးဟာ နည်းနည်းလေးပါ။ အများကြီးမဟုတ်ပါဘူး။ အနည်းငယ်မျှသော ထိုအတွေ့အကြုံလေးထဲက ကောက်နှုတ် ကောက်နှုတ်ပြီးတော့ ပြောခဲ့တာတွေကို စီစဉ်ကြည့်ရင် မပြည့်စုံတဲ့ သိက္ခာတွေကို တွေ့ကြရမယ်။
ပြည့်စုံတဲ့ သိက္ခာတွေ မဟုတ်ကြဘူး။ မပြည့်စုံတဲ့ သိက္ခာတွေကို တွေ့ကြရလိမ့်မယ်။ မပြည့်စုံတဲ့ သိက္ခာတွေ ဖြစ်ကြောင်း ထင်ရှားတဲ့ သာဓကတစ်ခု ပြောချင်သေးတယ်။
ဗုဒ္ဓဂယာမှာ ဘုန်းကြီးတို့ တွေ့ဆုံခဲ့ရတဲ့ လူတွေထဲက နှစ်ယောက်သောပုဂ္ဂိုလ်ဟာ အီတလီနိုင်ငံက လာကြတာ။ သူတို့ကလဲ ဘုန်းကြီးတို့ တည်းခိုတဲ့ မြန်မာကျောင်းမှာပဲ တည်းခိုကြတယ်။
မြန်မာကျောင်းမှာ နိုင်ငံခြားသား အားလုံးက ဥရောပတိုက်သားတွေ များတယ်။ နိုင်ငံခြားသား ၁၈ဝ-လောက် တည်းခိုနေကြတဲ့ အထဲမှာ အီတလီက လူနှစ်ယောက်။ သူတို့ကတော့ လူဝတ်ကြောင်နဲ့ပဲ၊ အဲဒီလူနှစ်ယောက်နဲ့ ဘုန်းကြီးဟာ ဗောဓိပင်ရဲ့ အနောက်ဘက်နားမှာ မကြာမကြာ ဆုံလေ့ရှိတယ်။
သူတို့ တရားထိုင်ကြတယ်။ သူတို့ တရားထိုင်တဲ့ အနားဘုန်းကြီးက မသွားပါဘူး။ တနေရာတည်းမှာ တည်းကြခိုကြတာဆိုတော့ ညမှာလဲ စကားပြောခွင့် ရတယ်ဆိုပြီး မသွားတော့ဘူး။ တညမှာတော့ တည်းခိုတဲ့ ကျောင်းထဲက သစ်ပင်ရိပ်ကလေးမှာ ထိုင်ရင်းနဲ့ ''မင်းတို့ ဘယ်လို တရား အားထုတ်ကြသလဲ၊ ပြောစမ်းပါ''လို့ မေးကြည့်တယ်။
အနတ္တကို ကျုပ်မယုံဘူးတဲ့
အဲဒီလိုမေးတော့ သူတို့က ပြောတယ်။ ''ကျုပ်တို့ ဝိပဿနာရှုတာပါပဲ၊ သမထ မဟုတ်ပါဘူး''။
''ဒကာကြီး ဝိပဿနာ ဘယ်လိုရှုသလဲ၊ ဘာတွေကို ရှုသလဲ''။
''စတင်ကာစမှာ အာနာပါနနဲ့ သမာဓိယူလိုက်ပါတယ်၊ သမာဓိ တော်တော်ရပြီ ဆိုတော့မှ ဟောဒီခန္ဓာထဲမှာ ရှိတဲ့ သဘောတွေကို ရှုပါတယ်ဘုရား''။
''ခန္ဓာထဲမှာ ဘာသဘောတွေ ရှိသလဲ ဒကာကြီး''။
''အနိစ္စတွေရှိတယ်၊ ဒုက္ခတွေ ရှိတယ်''။
''ဒကာကြီး အနတ္တကော မရှိဘူးလား''။
''ှိုသညဒအ ဘနူငနလန ဗညအေအေ. အနတ္တ (အတ္တမရှိ) ဆိုတာကို ကျုပ် မယုံဘူး''။
တော်တော်ခက်တဲ့ ဒကာကြီးပဲ။ အနိစ္စနဲ့ ဒုက္ခကို တော့ ယုံတယ်၊ အနတ္တကိုတော့ မယုံဘူးတဲ့။
''ဒကာကြီး ဘာ့ကြောင့် အနတ္တကို မယုံသလဲ''။
''အရှင်ဘုရား စဉ်းစားကြည့်၊ အတ္တမရှိဘူးဆိုရင် လူတစ်ယောက် သေသွားပြီးရင် နောက်ဘဝတစ်ခုကို ဘယ်သူ ပြောင်းသွားသလဲ၊ ဘယ်လိုလုပ်ပြောင်းမှာလဲ၊ ဘဝ တစ်ခုမှ တစ်ခုသို့ ပြောင်းပြောင်း ပြောင်းပြောင်းပြီးတော့ သွားနေတယ်ဆိုတာက Soul လို့ခေါ်တဲ့ အတ္တလေးက ပြောင်းနေတာ''။ အဲဒါ သူတို့ရဲ့ အယူအဆ။
အဝိဇ္ဇာ, တဏှာ, ကံ ဆိုတာကို သူတို့ လက်မခံကြဘူး။ မစဉ်းစားကြဘူး။ စဉ်းစားရင်လဲပဲ အဲဒါကို သူတို့ ဥာဏ်မမီဘူး။
ဘဝဟောင်းမှ ဘဝသစ်သို့ လူတစ်ယောက် ပြောင်းသွားတယ်ဆိုတာကိုတော့ သူတို့ယုံကြည်ကြတယ်။ နောက်ဘဝရှိတာကိုလဲ ယုံကြည်ကြတယ်။ နတ်ပြည်၊ ဗြဟ္မာ ပြည်ရှိတယ်ဆိုတာကိုလည်း ယုံကြည်တယ်။
လူသေပြီးရင် လူပြန်ဖြစ်နိုင်သေးတယ်။ နတ်လဲ ဖြစ်နိုင်တယ်။ ပြိတ္တာ၊ အသူရကာယ်၊ တိရစ္ဆာန်တို့ ဖြစ်နိုင်သေးတယ်။ အဲဒါကိုလဲ သူတို့ယုံကြည်ကြပါတယ်။
သူက ဆက်ပြောသေးတယ်။ ''အဲဒီ တမလွန်ဘဝ ကို ပြောင်းတာကတော့ အတ္တ (ဝိညာဉ်)က ပြောင်းသွား တာပဲ၊ အဝိဇ္ဇာ၊ တဏှာ၊ ကံကိုတော့ ကျုပ်တို့ မသိဘူး''တဲ့။
ဒီလို ဖြစ်နေတယ်။ ဒီခန္ဓာအိမ်ကြီး ပျက်သွားပေ မဲ့ ခန္ဓာအိမ်ထဲမှာ ကိန်းနေတဲ့ အတ္တကလေး(ဝိညာဉ်)ဟာ မပျက်ပဲနဲ့ နောက်ခန္ဓာတစ်ခုထဲ ဝင်သွားတာ။ နောက်ခန္ဓာ တစ်ခုက ပျက်ပြန်ရင်လဲ အဲဒီခန္ဓာက ထွက်ပြီးတော့ နောက် ခန္ဓာတစ်ခုထဲကို ဝင်သွားတာ။ ဒီအတ္တလေး (ဝိညာဉ်)ဟာ မပျက်ပဲနဲ့ တစ်ခန္ဓာမှ တစ်ခန္ဓာသို့ ပြောင်းပြောင်း ပြောင်းပြောင်းပြီးတော့ သူရွေ့နေတယ်တဲ့။ ဘဝပြောင်းတဲ့နည်း။
အတ္တကိုကိုးကွယ်ရမယ်တဲ့
ဘုန်းကြီးက ကြိုးစားပြီးတော့ ရှင်းပြတယ်။ မျိုးစေ့လေး တစ်ခုမှာ အပင်ပေါက်တဲ့ သတ္တိကလေးရှိတယ်။ ထို အပင်ပေါက်စေတတ်တဲ့ သတ္တိကလေးဟာ မြေကြီး ရေတို့ နဲ့တွေ့တဲ့အခါမှာ အပင်ပေါက်လာတယ်။
မြေ၊ ရေသာ မရှိရင် ဒီမျိုးစေ့ဟာ အပင်မပေါက်ဘူး။ မျိုးစေ့ကို မြေနဲ့ပေါင်း ရေနဲ့ပေါင်းရင် အောက်၌ အမြစ်တွယ်ခြင်း၊ အထက်၌ အညွန့်အညှောက် တက်ခြင်းဆိုတာ ဖြစ်သလိုပါပဲ။
ကံဆိုတဲ့မျိုးစေ့ဟာ အဝိဇ္ဇာ၊ တဏှာဆိုတဲ့ မြေနဲ့ ရေနဲ့ ပေါင်းမိတဲ့အခါကျတော့ ဇာတိဆိုတဲ့အညွန့်ကလေး တက်လာတယ်။ ခန္ဓာဆိုတဲ့ အပင်ကလေး ပေါက်လာတယ်။
နောက်တခါ အပင်ပေါက်တဲ့ ဘဝသစ် ခန္ဓာသစ် မှာ ''ဘဝကိုသာယာတယ် မက်မောတယ်''ဆိုတဲ့ တဏှာက အမြစ်တွယ်တာ။
အဲဒီသဘောတရားလေးကို သူတို့ နားမလည်ကြဘူး။ ဒါက အဘိဓမ္မာသဘောတရား။ အဘိဓမ္မာဆိုတာက သိမ်မွေ့တယ်။ နက်နဲတယ်။ သူတို့က နားမလည်ကြဘူး။
ပြီးတော့ သူတို့က ပြောသေးတယ်။ ''အတ္တ (ဝိညာဉ်)သာ မရှိယင် လူတွေလို နေလို့လဲ မဖြစ်ဘူး။ သေ လို့လဲ မဖြစ်ဘူး။ အတ္တရှိလို့ နေဖြစ်နေတာ။ အတ္တကို မှီနေရတာ။ နောက်ဘဝပြောင်းတာ အတ္တ(ဝိညာဉ်)လို့ခေါ်တဲ့ အရာဝတ္တုက ပြောင်းတာပဲ၊ ဒါကြောင့် ဝိပဿနာရှုတဲ့အခါ အနိစ္စကို ရှုပါတယ်၊ ဒုက္ခကိုရှုပါတယ်၊ အနတ္တကတော့ ကျုပ်တို့ မရှုပါဘူး''တဲ့။
''ဒကာကြီး ဗုဒ္ဓက အနတ္တကို ဟောတယ်မဟုတ် လား''။
''အရှင်ဘုရား ဗုဒ္ဓက အတ္တကို ဟောတာပါ''။
''အဲသလိုဆိုရင် ဒကာကြီး အထောက်အထားပြ ပါ''။
''အတ္တာဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရောသိယာ၊ အတ္တသမံ ပေမံ နတ္ထိ (ဓမ္မပဒ)လို့ ဘုရား ဟောထားပါတယ်''။
သူတို့လဲ ရတာပဲ။ အထင်မသေးနဲ့။ ဒါပေမဲ့ စာရဲ့ သဘောတရားကို နားမလည်ဘူး။ စာရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း မသိဘူး။
ပိဋကတ်သုံးပုံရှိတိုင်း တရားရှိတာ မဟုတ်။ အမှန် တိုင်း နားလည်ဖို့ လိုသေးတယ်။ တရားနာတိုင်းလဲ တရား သံကို ကြားရတာမဟုတ်။ သဘောပေါက်ဖို့ လိုသေးတယ်။
မျက်စိရှိတိုင်းလဲ ဘုရားကို မြင်တာမဟုတ်။ ကြည့် တတ်ဖို့ လိုသေးတယ်။ ဘုရားမမြင်လို့ လှေကားရင်း ထား တာ။
ဒါကြောင့် သူတို့က အခုလို ပြောကြတာ။ ''အရှင် ဘုရား ဘုရားက ဟောထားပါတယ်၊ အတ္တာ ဟိ အတ္တနော နာထော- အတ္တကို အားကိုးရမယ်''။
''အတ္တသမံ ပေမံ နတ္တိ- အတ္တဟာ ချစ်စရာ အကောင်းဆုံးပဲ''။
''အတ္တသရဏာ အနည သရဏာ- အတ္တကို ကိုး ကွယ်ရမယ်ဆိုပြီး ဟောထားပါတယ်''တဲ့။
သူတို့က ဆက်ပြောပုံလေးကို နားထောင်ကြည့်၊ ဘယ်လောက်ထိ နားလည်မှု လွဲနေသလဲဆိုတာ ပေါ်လွင် လိုက်တာ။
''အရှင်ဘုရား ဒီစကားတွေကို ထောက်ဆလိုက်ရင် အားကိုးရမယ့်တရား၊ ကိုးကွယ်ရမယ့်တရား၊ ချစ်ခင်ရမယ့် တရားတွေဟာ အတ္တ(ဝိညာဉ်)ပဲ။ အဲဒီအတ္တကို ဝိပဿနာ ရှုပစ်လို့ ဘယ်ဖြစ်မှာလဲ၊ ဒါလေးကို ကိုးကွယ်ထားရမှာ''တဲ့။အဓိပ္ပါယ်အယူအဆက တော်တော် မှားနေတယ်။
(အပိုင်း-၂၂) မျှော်
Posted in: တရားတော်
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment