အင်းဝခေတ်လက်ရာ ရှေးဟောင်းဆင်းတုတစ်ဆူ
ဗုဒ္ဓဟာ ရတနာ။ မြတ်သောသူတို့မှ ဖူးထိုက်တယ်။ ညံ့တဲ့ပုဂ္ဂိုလ်တွေ ဗုဒ္ဓရတနာကို မဖူးထိုက်ဘူး။ ဘုန်းကြီးတို့ ပရိသတ်များဟာ မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ ရှိလို့ အမြတ်ဆုံး ဖြစ်တဲ့ ဗုဒ္ဓရတနာကို ဒီကနေ့ ဖူးမျှော်ခွင့် ရနေကြတာ။ ညံ့တဲ့ပုဂ္ဂိုလ်တွေ ဗုဒ္ဓရတနာကို ဖူးမျှော်ခွင့် မရကြပါဘူး။
မြန်မာပြည်က ဘုရားဆင်းတုတော်ပေါင်း မြောက် မြားစွာဟာ ယိုးဒယားပြည် ဗန်ကောက်မြို့က ဆိုင်ကြီးတွေမှာ အများကြီး တွေ့ရတယ်။
ဘာလုပ်ဖို့ထားသလဲဆိုတော့ ရောင်းဖို့ ထည့်ထားတာ။ မြန်မာပြည်က ဘုရားဆင်းတုတော်တွေ အများကြီးပဲ။ ဘယ်သူတွေက ပို့လိုက်တယ်တော့ မသိဘူး။ ဟိုမှာတော့ ရောက်နေကြတယ်။
အဲဒီဘုရားဆင်းတုတွေ ရောင်းတဲ့ဆိုင်ကြီး တစ်ဆိုင်ကို ဘုန်းကြီးတို့ရောက်ခဲ့တယ်။ မိန်းကလေး ခပ်ငယ် ငယ်ရွယ်ရွယ်တွေက ဘုရားရောင်းနေကြတယ်။
ဘုရားဆင်းတုတစ်ဆူကို ဘုန်းကြီးက တော်တော်လေး ကြိုက်တယ်။ အဲဒီဘုရား ဆင်းတုတော်ဟာ ပလ္လင်ပေါ်က နေပြီးတော့ ခြေထောက်နှစ်ချောင်း လွှဲချပြီးတော့ ထိုင်နေတယ်။ ပလ္လင်ထက်ကနေပြီး လက်ယာဘက်လက် ကနေ လက်ဝဲဘက်လက်ရဲ့ လက်ခလယ်လေးကို ကိုင်ပြီးတော့ တရားဟောနေတဲ့ပုံပဲ။
ဒီပုံမျိုးဟာ မြန်မာပြည်မှာ အလွန်ရှားတယ်။ သစ်သား ဆင်းတုတော်ဘုရား ဟိုရောက်နေတယ်။ အဲဒါ ရောင်းဖို့ ဆိုပြီးတော့ ဆိုင်ပေါ်တင်ထားတယ်။
မုဒြာအနေနဲ့ဆိုရင် နှစ်ခု ပေါင်းထားတယ်။
၁။ ခြေထောက်ထိုင်ဟန်ကိုကြည့်လျှင် ''အာစန မုဒြာ''၊
၂။ လက်ရဲ့ဟန်ကိုကြည့်လျှင် ''ဓမ္မစက္ကမုဒြာ'' ဖြစ်နေတယ်။
မုဒြာနှစ်မျိုး ပေါင်းထားတဲ့ဘုရား။ ဘယ်လောက် မြင့်သလဲဆိုလို့ရှိရင် သုံးပေခွဲလောက်မြင့်ပါတယ်။ ထိုင် ကိုယ်တော်ကလေး အလွန်သပ္ပါယ်တယ်။ အဲဒီဘုရားကို ရောင်းဖို့တဲ့။ လက်ရာကိုကြည့်လိုက်လို့ရှိရင် အင်းဝခေတ် စောစောပိုင်းက လက်ရာမျိုးဆိုတာ မှန်းကြည့်ပြီး သိနိုင်တယ်။
ဈေးသည်မလေး နှစ်ယောက်ကြားက ဗုဒ္ဓဆင်းတုတော်
အဲဒီဘုရားဆင်းတုတော်ကို ဘယ်လောက်နဲ့ ရောင်းမှာလဲလို့ မေးကြည့်တော့ ယိုးဒယားဘတ်ငွေ ရှစ်ထောင်နဲ့ ရောင်းမယ်တဲ့။ ဘုရားရောင်းပြီးတော့ ချမ်းသာနေလိုက်ကြတာ။
ဒီကပုဂ္ဂိုလ်တွေက အဲဒီဘုရားပို့လိုက်တာ ဘယ်လောက်ရတယ်တော့ မသိဘူး။ ဟိုမှာတော့ ယိုးဒယားငွေ ရှစ်ထောင်နဲ့ရောင်းမယ်တဲ့။
ဘုန်းကြီးက ယိုးဒယားဘတ်ငွေ နှစ်ထောင် လောက်နဲ့ မရဘူးလားလို့ ဈေးဆစ်ကြည့်တယ်။ ယိုးဒယား မှာ ဈေးဝယ်ရင် အဲဒီလောက်ဆစ်နိုင်မှ တော်ရုံကျတာ။ အလွန်ဈေးဆိုကြတယ်။ ဘတ်ငွေနှစ်ထောင်လောက်နဲ့ မရဘူးလားလို့ ဈေးဆစ်တယ်။
အဲဒီဘုရားလေးကို ဖြစ်များ ဖြစ်နိုင်ရင် ဝယ်ပြီးတော့ မြန်မာပြည် ပြန်သယ်လာချင်တယ်။
အဲဒီမိန်းကလေး နှစ်ယောက် ဘုန်းကြီးတို့ ဘေးနား တစ်ဘက်တစ်ယောက် လာရပ်ပြီးတော့ အဲဒီဘုရားကို သူတို့က ရှေ့နား ဆွဲပို့ပြီးတော့ တစ်ယောက်က လက်လေး ကိုင်လို့။ တယောက်သော မိန်းကလေးက ဘုရားရဲ့ခေါင်းက သျှောင်ကလေးကို ကိုင်လို့။ အဲဒါ ဟိုဘက်လှည့်လိုက်၊ ဒီဘက် လှည့်လိုက်၊ ဟိုဘက်ပွတ်လိုက်၊ ဒီဘက်ပွတ်လိုက်နဲ့ မတ်တတ်ရပ်ပြီးတော့ ဘုန်းကြီးတို့နဲ့စကားပြောတယ်။
ဒီတော့ဘုန်းကြီးက ''နင်တို့တွေ ဗုဒ္ဓဘာသာတွေ မဟုတ်ဘူးလား''လို့ မေးလိုက်တော့ တစ်ယောက်က ဗုဒ္ဓဘာ သာ။ တစ်ယောက်က ခရစ်ယာန်တဲ့။ ဒီတော့ ဘုန်းကြီးတို့ ဘုရားကတော့ အဲဒီလိုအဖြစ်မျိုး ရောက်နေတယ်။
တကယ်ကျတော့ ဥရောပတို့ အမေရိက တို့က အဲဒီဘုရားဆင်းတုတွေကို ဝယ်သွားမယ်ဆိုရင် ဟိုမှာ သူတို့ က တကယ်ကို ရှိခိုးပူဇော်ဖို့ ဝယ်သွားလိမ့်မယ်လို့လဲ ကျိန်း သေကြီး မတွက်ကြပါနဲ့။
တောထဲတောင်ထဲမှ တိုင်းပြည်တစ်ခု
ထပ်မံပြီးတော့ ပြောပါဦးမယ်။ နီပေါ တိုင်းပြည်မှာ ခတ္တမန္ဒူမြို့ကနေပြီးတော့ အနောက် ကီလိုမီတာ ၂၄ဝ- လောက် ကွာဝေးတဲ့ ပေါက္ခရဆိုတဲ့မြို့ကို ဘုန်းကြီးတို့ရောက် ခဲ့တယ်။ တောင်တန်းကြီးတွေရဲ့အကြားမှာ ရေကန်ကြီးတွေ ရှိတယ်။ ရေကန်ကို ''ပေါက္ခရ''လို့ခေါ်တယ်။
အဲဒီမြို့မှာ ခရစ္စတင်းလို့ခေါ်တဲ့ ဟိုတယ်ကြီးတခု ရှိပါတယ်။ ဟိုတယ်ပိုင်ရှင်ဒကာကြီးက ဗုဒ္ဓဘာသာပါပဲ။ ခတ္တမန္ဒူမှာ ဘုန်းကြီးတို့တရားဟောတော့ တရားနာပြီး အဲဒီ ဒကာကြီးက ကြည်ညိုတယ်။ ''တပည့်တော်ရဲ့ ဟိုတယ်ကို တစ်ညလောက်ြ<ွကရောက်ပြီးတော့ ချီးမြှောက် ကုသိုလ်ပြုချင်လို့ပါ''ဆိုတော့ ဘုန်းကြီးတို့ လိုက်သွားတယ်။
ခတ္တမန္ဒူကနေ ကီလိုမီတာ ၂၄ဝ-လောက်သွားရတယ်။ တောတွေတောင်တွေထဲမှာချည်း တစ်လျှောက်လုံး သွားရတယ်။ နီပေါနိုင်ငံဟာ တောထဲတောင်ထဲမှာ တည်ရှိတဲ့ တိုင်းပြည်ပါ။ ဟိမဝန္တာတောင်တန်းထဲမှာလို့ ဆိုနိုင်ပါတယ်။
ရောက်သွားတော့ ဟိုတယ်ပိုင်ရှင် ဒကာကြီးက ''သူ့ ဟိုတယ်မှာ တစ်ညတာ တည်းခိုပါ။ သူ ဆွမ်းကပ်မယ်၊ ပြုစုမယ်၊ ဟိုတယ်မှာ ပရိတ်ရွတ်ပေးပါ''လို့ သူက လျှောက်တယ်။
ထိုတောင်တန်းကြီးတို့တွင် ဟိုတယ်ရဲ့ မြောက်ဘက် ပေါက္ခရမြို့(တောင်တန်းကြီးတွေရဲ့ အကြားမှာ ရေကန်ကြီးတွေရှိတဲ့မြို့)ရဲ့ မြောက်ဘက် ၁၂-မိုင်လောက် ကွာဝေးတဲ့အရပ်မှာ ကောင်းကင်ကို ထိုးပြီးတော့ ချွန်ချွန်ကြီး ထွက်နေတဲ့ မြန်မာပြည်က ဇင်းကျိုက် တောင်နဲ့ ခပ် ဆင်ဆင်တူတဲ့ တောင်ချွန်ကြီး တစ်ခုရှိတယ်။
အဲဒီတောင်ကြီးတစ်ခုလုံး အခြားတောင်တွေရဲ့ အပေါ်မှာ ထိုးထွက်နေတဲ့ အပိုင်းကြီး တစ်ပိုင်းလုံးဟာ ဖြူဖွေးပြီးတော့ နေပါတယ်။ ဆီးနှင်းတွေဟာ အကုန်လုံး ခဲပြီးတော့ နေတယ်။ အဲဒီတောင်ကြီးကို ခရစ္စတင်းတောင် လို့ သူတို့ခေါ်ကြတယ်။ ဒီတောင်ကြီးရဲ့အမည်ကို အစွဲပြုပြီး သူ့ဟိုတယ်ကို နာမည်ပေးထားတယ်။
ဘုန်းကြီးတို့ ရောက်သွားတော့ ညနေစောင်း ၃-နာရီ လောက်ပေါ့။ ချမ်းလိုက်တာလဲ လွန်ရော။ အဲဒါနဲ့ ခြေအိတ်ရော လက်အိတ်ရော ခေါင်းစွပ်ရော အကုန်လုံး စွပ်ထားရတယ်။ နှစ်ထပ်သင်္ကန်းလဲ ပါသေးတယ်။
အအေးဓာတ်လွန်ကဲတော့လဲ ဆွယ်တာဝယ်
နီပေါတိုင်းပြည်က ဘုန်းကြီးတွေ အကုန်လုံးပဲ ဆွယ်တာအင်္ကျီလက်ရှည်ကြီးတွေကို ဝတ်ရတယ်။ ဧကသီသာ ချွတ်ပြီးတော့ ချထားမယ်ဆိုလို့ရှိရင် အဲဒီကိုယ်တော် ကြီးတွေကို ဘယ်သူကမှ ဘုန်းကြီးလို့ထင်မှာ မဟုတ်ဘူး။ ဆွယ်တာ အင်္ကျီတွေနဲ့ချည်းပဲ။
အဲဒီတော့လဲ ဘုန်းကြီးတို့လဲ ရောက်သွားရော နီပေါက ဆွယ်တာအင်္ကျီတွေ ဝိုင်းလှူကြတာ၊ ဆွယ်တာအင်္ကျီ ၄-ထည်လောက် ဘုန်းကြီး ရလိုက်တယ်။ ညချမ်းကာလကျရင် ချမ်းလွန်းလို့ တစ်မိုက်လောက်ရှိတဲ့ ဂွမ်းကပ်ကြီးတွေ အပေါ်ကနေထပ်ခြုံတာတောင်မှ အရုဏ်တက် ၄-နာရီလောက်ဆိုရင် ဖောက်ပြီးတော့ စိမ့်ပြီးတော့ အအေးဓာတ်က ဝင်လာတယ်။
အအေးဓာတ်ဝင်လာတော့ အဲဒီဆွယ်တာကြီး တွေကို ဝတ်ပြီးတော့ အိပ်မလို့ ကြိုးစားကြည့်လိုက်တယ်။ ပြည်မြို့ဗာရာဏသီဆရာတော်ကို လှမ်းကြည့်လိုက်တော့ ဆရာတော်က အကုန်လုံးဘေးမှာ ပုံထားတယ်။ တစ်ထည်မှ မဝတ်ဘူး။
''ဆရာတော်မဝတ်ဘူး။ ငါက အဲဒါသွားဝတ်လို့ ရှိရင် ဆရာတော်ကတော့ ပြောတော့မှာပဲ၊ လူ့အသုံး အဆောင် ပစ္စည်းတွေကို သုံးရကောင်းလား''လို့ ပြောတော့ မှာပဲ။ ဒီလိုတွေးလိုက်မိတယ်။ အဲဒါကြောင့် အသာ ဘေး နား ချထားလိုက်ရတယ်။
နောက်တော့ မနေနိုင်တော့ဘူး။ ဒီအတိုင်းနေလို့ ကတော့ မဖြစ်ဘူးဆိုပြီး ဘယ့်နှယ်လုပ်ရတုန်းဆိုတော့ ဆွယ် တာ အင်္ကျီကြီးတွေကို လက်တွေ အကုန်ဖြတ်ပြီးတော့ တစ်ခြမ်းကိုဖဲ့။ ဖဲ့လိုက်တော့ မြန်မာပြည်က ဘုန်းကြီးတွေ ဝတ်တဲ့ အံသကိုဋ်ပုံဖြစ်သွားတာပေါ့။
ဆွယ်တာအင်္ကျီ တစ်ခြမ်းဖဲ့ပြီး ဝတ်လိုက်တော့ ဟို ဘက် တစ်ခြမ်းက ဆွယ်တာလွတ်နေပြန်ရော။ ဘယ်ဘက် ခြမ်းမှာ ပခုံးတင်လေး ပါလာပေမယ့် ညာဘက်ခြမ်းက ပခုံးချိတ်တဲ့ ဟာလေးမပါတော့ အေးနေပြန်တယ်။
အဲဒီတော့ မဖြစ်ချေဘူးဆိုပြီး နောက်တစ်ထည် ဖြတ်ပြီးတော့ အဲဒီလိုပဲ တခြမ်းပဲ့လေးဖဲ့။
ဖဲ့ပြီးတော့ ညာဘက်ပခုံးပေါ် တင်ပြီး တစ်ခြမ်း စွပ်လိုက်တော့ အံသကိုဋ်ကို စလွယ်သိုင်းပြီး တစ်ဘက် တစ် ခုစီ အဲဒီလို ဝတ်လိုက်တယ်။ အဲဒီတော့ မှ တော်တော်လေး နေသာထိုင်သာ ဖြစ်သွားတယ်။ အင်္ကျီတွေလဲ အကုန် ပျက် စီးသွားတယ်။
အံသကိုဋ်နှစ်ခု စလွယ်သိုင်းပြီး ဝတ်တော့မှ သင်းပိုင် တစ်ထည်နဲ့ တင်းနေအောင်ပတ်၊ အပေါ်က ဧကသီ ထူထူတင် ပြီးတော့မှ သက္ကလတ်သင်္ကန်းကို အပေါ် က နေခြုံ၊ ခေါင်းစွပ် ထူထူ စွပ်ပြီးတော့ အဲဒီလို ဘုန်းကြီးတို့ သွားကြရတယ်။
လှေကားရင်းမှာ တွေ့ရလို့ စိတ်မချမ်းသာပါ
ဒါကြောင့် တိဘက်တွေက ဘုန်းကြီးတို့ကို နောက်က ကြည့်ကြည့်ပြီးတော့ တိဘက် ကိုယ်တော်တွေလို့ ထင်ကြတာ။
ဟိုတယ်ရောက်တော့ ဆင်ဝင်အောက်မှာ မော်တော်ကား ထိုးဆိုက်လိုက်တယ်။ မော်တော်ကားပေါ်က ဆင်းလျှင် ဆင်းချင်း ဘုန်းကြီးတို့ တွေ့ရပါပြီ။ ဘုရား ဆင်းတုတော်တွေ။
ဟိုတယ်ရဲ့အောက်ထပ်ဟာ နိမ့်နိမ့် ကလေးပါပဲ။ မြေကြီးအထက် တစ်ပေလောက်ပဲ မြင့်တယ်။ လှေကားက ၂-ထစ်ရှိတယ်။
အဲဒီလှေကားထစ်ပေါ် တက်လိုက်တာနဲ့ တပြိုင် နက်တည်း လှေကားမုခ်ရဲ့ ဝဲဘက်ယာဘက်က အုတ်တိုင် များရဲ့ တိုင်ခြေရင်းမှာ မြန်မာအခေါ်ဆိုရင်တော့ ဖိနပ် ချွတ်လို့ခေါ်တဲ့ နေရာတွေမှာ ဘုရားဆင်းတုတော်တွေစီလို့။
အဲဒီမှာ ချထားတာ တွေ့ရတယ်။ ဂျိန်းစ်ဘုရား တွေရဲ့ ရုပ်ထုတွေကိုလဲ တွေ့ရတယ်။
ဟိုတယ်လှေကားတက်နားမှာ အဲဒီလို ချထားတာ တွေ့ရတော့ ဖိနပ်ကြီးနဲ့ အဲဒီနေရာလျှောက်ရတာ ခြေထောက်က အောက်က သမံတလင်းပေါ်ကို မချနိုင်ဘူး။ အောက်က စိမ့်ပြီးတော့ အေးနေတယ်။
ဒါနဲ့ပဲ ''စိတ်တော့ မချမ်းသာဘူးဘုရား၊ ဆင်းတု တော်တွေကို ဖိနပ်ချွတ်မှာ တွေ့နေရပြီ၊ ဒီဟိုတယ်ပိုင်ရှင် အဘိုးကြီးကိုတော့ ငါပြောဦးမှပဲ''လို့ ဘုန်းကြီး စိတ်ကူးထားတယ်။ ရုတ်တရက် ပြောလို့ကလဲ မဖြစ်သေးတော့ ပစ္စည်း တွေအကုန်ချ။ ချပြီးတော့ တည်းခိုရာအခန်းတွေ အကုန် လုံးပို့။
ပို့ပြီးတော့ ရေနွေးလေးသောက်။ သောက်ပြီးတော့ ဟိုတယ်ဝင်းထဲလမ်းလျှောက် ဟိုလှည့် ဒီလှည့်သွား၊ ခုနက ခရစ္စတင်းတောင်လို့ခေါ်တဲ့ ရေခဲတွေ ဖွေးနေတဲ့ တောင် ကြီးကို ဓာတ်ပုံရိုက်ပြီး မြက်ခင်းပြင်မှာ လမ်းလျှောက်တော့ အဘိုးကြီး ရောက်လာတယ်။
ရောက်လာပြီးတော့ ''ဆရာတော် မိုးလဲချုပ်ပြီ၊ အခန်း ထဲကြွပါတော့''တဲ့။ သူက လာလျှောက်တယ်။ အခန်း ထဲမှာ ဟိတာ (ံနအေနမ)(Heater) လွှတ်ထားတယ်။ အပူဓာတ်တွေ ပေးထားတယ်။
''ကောင်းပြီ ဒကာကြီး။ ဒါပေမယ့် နည်းနည်းတော့ လမ်းလျှောက်ချင်သေးတယ်''လို့ သူ့ကို စကားပြောချင်တာနဲ့ ဘုန်းကြီးက ပြောလိုက်တယ်။
(အပိုင်း-၂၀)မျှော်
Posted in: တရားတော်
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment