နောင်ခါးဆရာတော်
အဲဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဘုန်းကြီး တို့ သာဝတ္ထိနဲ့ ကုဿိန္နာရုံအသွား ကြားထဲမှာ ''နောင်ခါး'' ဆိုတဲ့မြို့ ရှိပါတယ်။ အဲဒီမြို့ကလေးမှာ မြန်မာပြည်က ဆရာတော်ကြီးဦးနန္ဒဝံသ နေပါတယ်။ သက်တော် ၈၄-နှစ်ရှိပါပြီ။
ပဲခူးနယ်က ကျိုက်ပဒိုင်ရွာသား၊ ညောင်တုန်း ရွှေ ဟင်္သာတောရတိုက်ထွက်။ ဆရာတော်ကြီး အိန္ဒိယ ရောက် နေတာ နှစ်ပေါင်း ၄၅-နှစ်လောက်ရှိပြီ။
အဲဒီနောင်ခါးရောက်နေတာလဲ ကြာပြီ။ ဆရာ တော်ကြီး စ,နေတုန်းက ဗာရာဏသီမှာ နေတာ။ ဗာရာ ဏသီကျောင်းတွေဟာ ဆရာတော်ကြီး လက်ထက်က ဖြစ်တဲ့ ကျောင်းတွေချည်းပဲ။ သိပ်ပြီးတော့ ကောင်းတယ်။
ဗာရာဏသီမှာ မနေပဲနဲ့ ဆရာတော်ကြီးက နောင်ခါးမှာ သွားနေတယ်။ ရှေးရှေးက မြန်မာဘုရားဖူးတွေ သာဝတ္ထိကနေ ကုဿိန္ဒာရုံကို သွားလို့ရှိရင် ရထားစီးသွား တော့ လမ်းမှာ တစ်ညအိပ်ရတယ်၊ အဲဒီနောင်ခါးဘူတာမှာ အိပ်ရတာ။
ရှေးက ခေတ်မမီသေးတဲ့အချိန်၊ ရန်ကုန်ကနေ မန္တလေးရထားစီးသွားရင် ပျဉ်းမနား တစ်ညအိပ်ရတာ မျိုးပေါ့။ နောင်ခါးမှာ တညအိပ်ရတော့ မြန်မာဘုရားဖူး တွေဟာ တည်းခိုစရာ အိပ်စရာ မရှိ၊ အလွန်ဆင်းရဲကြ တယ်။
ဘုန်းကြီးက ဆရာတော်ကြီးကို လျှောက်တယ်။''ဆရာတော် ဘယ့်နှယ်ကြောင့် နောင်ခါးမှာ လာနေပါ သလဲဘုရား''။
''မြန်မာဘုရားဖူးတွေ အဆင်ပြေအောင်ဆိုပြီး နောင်ခါးမှာ ငါ ကျောင်းလာတည်တာ၊ ငါ့ကို ကြည်ညိုတဲ့ ကုလားတစ်ယောက်က မြေကွက် ပေးတာနဲ့ အဲဒီမြေကွက် ကလေးမှာ ကျောင်းဆောက်ပြီးတော့ အဲဒီမှာ ဘုရားဖူး တွေကို ငဲ့ပြီးနေရတာ''တဲ့။
ဆရာတော်ကြီး တော်တော်ကြိုးစားထားတယ်။ နောင်ခါးဘူတာမှာ မြန်မာစာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ် ရှိတယ်။ ဘူတာရဲ့အမည်ကို ''နောင်ခါးဘူတာ''လို့ မြန်မာလို ရေးထားတယ်။ ရှေးရှေးတုန်းက ဆရာတော်ကြီး သြဇာ တော်တော် ရောက်တယ်။ သာသနာ့အာဇာနည်ဆိုတာ ဒီလို ဆရာတော်မျိုးကို ပြောတာပဲ။
အဲဒီဘူတာဆင်ဝင်မုခ်ရဲ့ အထက်မှာ ကျောင်း ဆောင်လေး တစ်ခုလုပ်ပြီး ဘုရားဆင်းတုတော် တစ်ဆူလဲ တင်ထားတယ်။ အဲဒါ ဆရာတော်ကြီးရဲ့ စွမ်းဆောင်ချက် တွေပေါ့။ ဘူတာရောက်တာနဲ့ ချက်ချင်း ဘုရားဖူးရတယ်။
ချမ်းသာတဲ့နေရာမှာနေယင် ဇွဲလုံ့လမတက်ဘူး
ဆရာတော်ကြီးရဲ့ကျောင်းက မဝေးပါဘူး။ ဘူတာ ရဲ့ နောက်နားမှာပဲ။ ကျောင်းလေးက ခပ်ကုပ်ကုပ်ပဲ။ စည် စည် ကားကားတော့ မရှိလှပါဘူး။
''ဆရာတော့် ဆွမ်းကွမ်း ဝေယျာဝစ္စ ဘယ်သူပြု တုန်း'' ဆိုတော့ ''မြို့မှာ ဗုဒ္ဓဘာသာ ကုလားကပ္ပိယ နှစ် ယောက်ပဲ ရှိတယ်၊ သူတို့ကပဲ ချက်ကျွေးကြတာ''လို့ မိန့် တယ်။
ဒီကလေး နှစ်ယောက်ရဲ့ အဖေ, အမေတွေ, ဆွေ တွေ မျိုးတွေ, အစ်ကိုအစ်မတွေက ကျောင်းမှာ လာနေကြ တော့ မိသားစုကြီး တစ်ခုလိုပဲ ဖြစ်နေတယ်။ အဲဒီလို ဆင်းဆင်းရဲရဲနှင့် ဆရာတော်ကြီး နေနေရတယ်။
ဘုန်းကြီးက မေးလိုက်တယ်။ ''ဆရာတော် ဒါ လောက် ဆင်းရဲတဲ့နေရာကြီးမှာ ဘယ်နှယ်ကြောင့် ဆရာ တော် နေရသလဲဘုရား''။
''အေးကွ၊ ဆင်းရဲလွန်းလို့လဲ ငါက တမင်နေနေ တာ၊ ဆင်းရဲလို့ရှောင်သွားရင် အဲ့ဒါ လူညံ့ပေါ့ကွ၊ ဆင်းရဲတဲ့ နေရာမှာ နေဖြစ်အောင် နေရမယ်၊ ဗာရာဏသီမြို့က ကျောင်းကောင်းတယ်၊ ပစ္စည်းပေါတယ်၊ ဘုရားဖူးတွေက လည်း ခဏခဏ ရောက်တော့ ငါးပိကြော်တောင် နေ့တိုင်း စားနေရတယ်၊ အဲဒီလို ချမ်းသာတဲ့နေရာမှာ နေရင် ကိုယ့် ဇွဲလုံ့လဟာ မတက်ဘူး၊ သတ္တိနဲ့ဇွဲ တက်ချင်တဲ့ ပုဂ္ဂိုလ်ဟာ ဆင်းရဲတဲ့နေရာမှာ နေရတယ်၊ ဒါ့ကြောင့် ငါ နောင်ခါးက မခွာတော့ဘူး၊ သေရင်လဲ နောင်ခါးမှာပဲ သေတော့မယ် ကွာ''တဲ့။
အဲသလောက်ထိ ကြည်ညိုစရာကောင်းတဲ့ ဆရာ တော်ကြီး။ ဇွဲကောင်းတဲ့လူများဟာ ဘယ်တော့မှ နောက် ပြန်မဆုတ်ဘူး။
''မြန်မာပြည် ပြန်ကြွပါဦးဘုရား''။
''မပြန် တော့ဘူးကွာ၊ ငါ ဒီမှာပဲ နေတော့မယ်''တဲ့၊ ဆရာတော်ကြီးက ဒီလိုပဲပြောတယ်။
''ဆရာတော် ဆင်းရဲတဲ့အကြောင်းတွေ ပြောပါဦး ဘုရား''။
''ဟောဒီ ငါနေတဲ့ ကျောင်းရော မြေရော ငါ့ကို ကြည် ညိုတယ်ဆိုပြီး ကုလားကျောင်းဆရာတစ်ယောက်က လာကပ်တယ်။ လာကပ်တဲ့ အဲဒီကုလားက တိတ်တဆိတ် ကွာ သူက မြေကြီးကို ဂရံအတု လုပ်ပြီးတော့ ငါ့ကျောင်းကို လာ လုတယ်၊ အဲဒါ အမှုဖြစ်နေတာ ရုံးမှာ ခြောက်နှစ်၊ ခုနှစ်နှစ်ရှိပြီ။ အဲဒီကုလား ငါ့ကျောင်းလုတဲ့အမှုဟာ ခုထိ မပြီးသေးဘူးကွ၊ ငါကလဲ တစ်ပါးတည်းပေမဲ့ မခံဘူးကွ၊ ငါကလဲ ပြန်တွယ်တာပဲ''လို့ ဆရာတော်က ပြောတယ်။
အခုတော့ အမှုက ပြီးတော့မလို ဖြစ်နေတယ်။ ဆရာတော်ကြီးကို တရားစွဲတဲ့ ကုလားက မယားသေလိုက်၊ သားသေလိုက်၊ သမီးသေလိုက်နဲ့ ဒီလိုဖြစ်နေတော့ ကုလား က တဖြည်းဖြည်း ကြောက်လာတယ်။ ဆရာတော်ကြီးကို ပညာ တက်တယ်ထင်ပြီးတော့ ကြောက်လာတော့ အမှုကို သူ့ဟာသူ ရုပ်သိမ်းမလို လုပ်နေတယ်။ ဆရာတော်ကြီးက ဆက်ပြောတယ်။
''နောက်ဆုံးတော့ ငါနိုင်မှာပါပဲကွာ၊ ဟေ့ ဦးဥာဏိဿရ တိုတိုပြောလိုက်မယ်၊ မနေစေချင်တဲ့ နေရာမှာ နေဖြစ် အောင်ကို ငါကနေပြလိုက်မယ်ဆိုပြီးတော့ နေနေတာပဲကွ၊ ငါလဲ အသက်အရွယ် ကြီးပါပြီ၊ ဒီတော့ ငါ့ကျောင်းဆက် ခံမယ့် ပုဂ္ဂိုလ်ကလဲ ခုထိတော့ မရှာသေးဘူးကွ၊ မင်းတို့ မြန်မာပြည်က ကြွလာမယ့်ကိုယ်တော်များရှိရင် လက်ခံပါ တယ်ကွာ၊ စွမ်းတဲ့ကိုယ်တော်များ တစ်ပါးလောက် ပို့လိုက် စမ်းပါ''တဲ့။
ဒီတော့ ဘုန်းကြီးက တကယ်တော့ မဟုတ်ဘူး၊ ဆရာတော်ကို လျှောက်လိုက်တယ်။ ''ဆရာတော် ဆရာ တော်ကို အခုကုလားတစ်ယောက်က တရားစွဲတယ်၊ တပည့် တော်တို့ ရောက်လာရင် ကုလားတစ်ရာလောက်က ဝိုင်းပြီး တရားစွဲ လိမ့်မယ်ထင်တယ်၊ အဲဒီတော့ တပည့်တော် မနေရဲ ဘူး ဘုရား''။
''ဟာ မနေရဲဘူးဆိုတာ မရှိရဘူးကွ၊ ကိုယ့်ကို မနေဖြစ်အောင် နှောက်ယှက်တဲ့နေရာမှာ ဖြစ်အောင်ကို နေရမယ်ကွ၊ တို့ဘုရား ဒီလိုနေတာကွ၊ တို့ဘုရားကို အတင်း နှောက်ယှက်တဲ့နေရာမှာ ဖြစ်အောင်ကို နေသွားတာ'' ဆိုပြီး တော့ ဆရာတော်ကြီးက စာတပိုဒ်ရွတ်ပါတယ်။
ဖိုးစိန်ကြီး ဇာတ်ထဲက စာတစ်ပုဒ်
''ကောသမ္ဗီပြည် ဘုရားရှင်ကြွစဉ်က၊ ရှင်အာနန္ဒာ လျှောက်ပါတဲ့ ဒေသနက္ကမ အကျုယ်''။
''မာဂဏ္ဍီ အယုတ်တမာ သူ့အသွင်အပြင် ဘုရား က မကြိုက်တာနဲ့၊ သာမာဝတီက လုပ်တာတွေကိုကွယ်၊ ဂရုတမင် များစွာစိုက်တယ်လို့၊ သူ့လင်ကိုသွားကာ တိုက် တိုက်ပြီး၊ ပတ္တမြားမကိုဋ် ကိုယ်တော်မြတ်ကြီးကိုကွယ် ဆဲဆို ရေရွတ်တယ်''တဲ့။
ဖိုးစိန်ကြီး ဇာတ်ထဲက အဟဲကို အသက် ၈၄-နှစ်ရှိပြီး သွားမရှိတော့တဲ့ ဆရာတော်ကြီးက ည ၁၁-နာရီ လောက် ချမ်းချမ်းစီးစီး မီးလှုံရင်းနဲ့ ဆိုပြတော့ ဘုန်းကြီးလဲ သိပ်ကြိုက်သွားတာကိုး။
အဲဒါနဲ့ ချက်ချင်းပဲ ''ဆရာတော် ခဏနေပါဦး'' ဆိုပြီးတော့ ဘုန်းကြီးက ကိုယ်တည်းတဲ့ အခန်းထဲမှာ ထားခဲ့ တဲ့ ဒိုင်ယာယီစာအုပ် ပြန်ယူပြီးတော့ အဲဒီ အမှိုက်မီးရှို့ပြီး မီးလှုံနေတဲ့နေရာက မီးရောင်မှာ အားယူပြီးတော့ ဘုန်းကြီး က ရေးလာခဲ့တာ။
ရေးယူထားပြီးတော့ အိန္ဒိယမှာ သွားရင်းလာရင်း အဲဒါလေးရွတ်ဆိုလာ၊ သြော် ဟုတ်တယ်၊ သာသနာဟာ ဘုရားကို မယုံတဲ့ ဘာသာခြားတွေကြောင့် ကွယ်ရတာ။
ဘုရားရှင် ကိုယ်တော်မြတ် ကောသမ္ဗီမှာ မနေနိုင် အောင် မာဂဏ္ဍီတို့ ဥတေနတို့ အနှောင့်အယှက် ပေးလိုက် တာ မနည်းဘူး။ ဘုရားရှင် ကိုယ်တော်မြတ် သည်းခံခြင်း ခန္တီ ကြီးမားလို့ အောင်မြင်တော်မူတာ။
ဒီတော့ ဆရာတော်ကြီးကို နောင်ခါးမှာ မနေနိုင် အောင် ကျောင်းလုပြီးတော့ ဘယ်လိုပဲ နှောင့်ယှက် နှောင့် ယှက် သည်းခံပြီးတော့ ဆရာတော်ကြီး နေရှာတော်မူတယ် လို့ သဘောကျပြီး ဒီစာလေးကို ဘုန်းကြီးက ကြိုးစားပမ်း စားနဲ့ ဆောင်ထားတာ။
ဆရာတော်ကလဲ ''မြန်မာပြည် ပြန်ရောက်ရင် မင်း အဲဒါလေးကို တရားလုပ်ဟောဦး''တဲ့ မှာလိုက်တယ်။ မှာတဲ့အတိုင်းလဲ ဟောပါတယ်။ ဘုန်းကြီးတို့ သာသနာ့ ဝန်ထမ်း ရှင်ရဟန်းတွေ အရေးကြီးပါတယ်။ ဒါကို အတုယူ ရမယ်။ ချမ်းသာတဲ့နေရာမှာပဲ နေနေကြမယ်ဆိုရင် သာသနာဟာ မပြန့်ပွားနိုင်ဘူး။
(အပိုင်း-၂၄)မျှော်
Posted in: တရားတော်
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment