ဝိပဿနာလုပ်ငန်းပြည့်စုံဖို့ဆိုတာ
ဒါကြောင့် ဒီအတ္တကို မပယ်ဘူးဆိုရင် ဝိပဿနာက ဖြစ်ကိုမဖြစ်ဘူးဆိုတာ မှတ်သာထား။ ''အတ္တဒိဋ္ဌိ''နဲ့ ''သက္ကာယ ဒိဋ္ဌိ''သည် အတူတူပဲ။ အတ္တဒိဋ္ဌိကို အခြေခံရင် ဒိဋ္ဌိ(၆၂)ပါး အကုန်ဖြစ်တယ်
ဒါ့ကြောင့် အနိစ္စလို့၊ ဒုက္ခလို့ ဘယ်လိုပဲ ရှုနေရှု့နေ၊ ''အနတ္တ''ကို မရှုကြသမျှတော့ အတ္တဝါဒကို မစွန့်နိုင်၊ မပယ် နိုင်ဘူး။ ဒီလို မပယ်နိုင်ရင် ''ဝိပဿနာပညာ''ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဝိပဿနာ လုပ်ငန်းဆိုတဲ့ ပညာသည် အဲဒီ အတ္တကိုမှ မပယ်ရင် ပြည့်ကို မပြည့်စုံဘူးဆိုတာကို ကောင်းကောင်းကြီး မှတ်သားကြစေလိုပါတယ်။
အဝိဇ္ဇာ, တဏှာ, ကံကြောင့် ဖြစ်လာတာ
ဘဝဟောင်းနဲ့ ဘဝသစ်ပြောင်းတာဟာ အဝိဇ္ဇာ၊ တဏှာ၊ ကံတို့နှင့် ပတ်သက်နေတယ်။ အတ္တ (ဝိညာဉ်)နှင့် လုံးဝ ပတ်သက်မှု မရှိဘူး။
ဒီဘက်ဘဝဆိုတာက အကြောင်း၊ ဟိုဘက် တမလွန်ဘဝဆိုတာက အကျိုး။ အဲဒီလို အကြောင်းအကျိုး ဆက်စပ်နေတယ်။
မျိုးစေ့ဟာ မြေ, ရေတို့နဲ့တွေ့ရင် အပင်သစ် ပေါက်တယ်။ အဲဒီအပင်သစ်ထဲမှာ မျိုးစေ့သည် မရှိတော့ဘူး။ မျိုးစေ့ ရှာမရတော့ဘူး။ အပင်ပဲ ထင်ထင်ရှားရှား ကျန်ရစ်တယ်။
အဝိဇ္ဇာ(မသိမှု)သည် မြေနှင့်တူပါတယ်။ တဏှာ (လိုချင်မှု)သည် ရေနှင့်တူပါတယ်။ ကံ (ကုသိုလ်ကံ အကုသိုလ်ကံ)သည် မျိုးစေ့နှင့် တူပါတယ်။
ဘဝဟောင်းက မြေဓာတ် ရေဓာတ်နဲ့ မျိုးစေ့ဓာတ် တို့ကြောင့် ''ဘဝခန္ဓာသစ်'' ဆိုတဲ့ အပင်သစ်ကလေးပေါက် တာ။
ဘဝ ခန္ဓာသစ်ဆိုတဲ့ အပင်သစ်ထဲမှာ ဒီဘက်က ကံဆိုတဲ့မျိုးစေ့ကတော့ ပါမသွားဘူး။ ကံဆိုတဲ့မျိုးစေ့သည် ဟိုဘက်ကိုလိုက်တော့မသွားဘူး။ ဒီကံဆိုတဲ့မျိုးစေ့ရှိလို့လဲ ပဲ ဟိုဘက်မှာ ခန္ဓာသစ်ဆိုတဲ့ အပင်သစ်ပေါက်တာ။
ဥပမာ၊ ကိုယ်လုံးပေါ် မှန်ကြီးတစ်ချပ်ကို ရှေ့မှာ ထောင်ထားရင် မှန်ထဲမှာ လူအရိပ်ထင်တယ်။
မှန်ထဲက အရိပ်သည် ဒီလူပဲလား။ မဟုတ်ဘူး။ ဒါဖြင့် တခြားစီလား၊ မဟုတ်ဘူး။ မှန်ထဲက အရိပ်နဲ့ ဒီလူက တသားတည်းပဲ။
ဟိုဘက်က မှန်ဆိုတဲ့ ဘဝသစ်လဲ ရှိနေတယ်။ ဒီဘက်က ကိုယ်ပြုလုပ်ထားတဲ့ အဝိဇ္ဇာ၊ တဏှာ၊ ကံဆိုတဲ့ လူကြီးကလဲ ရှိနေတယ်။
ဘဝဟောင်းနဲ့ ဘဝသစ်ကူးတယ်ဆိုတာ မှန်ထဲမှာ အရိပ်ထင်သလိုပါပဲ။
ဝိပဿနာတစ်ခြမ်းပဲ့
အဲဒါကို နားမလည်တော့ အတ္တကို လက်ခံပြီး အတ္တက တစ်ဘဝမှ တစ်ဘဝကူးတာဆိုတော့ အကုန်လုံး မှားကုန်တယ်။
အဲဒီလိုမှားတော့ ဝိပဿနာ ရှုတဲ့အခါ အနိစ္စ၊ ဒုက္ခပဲ ရှုတယ်၊ အနတ္တကို မရှုဘူး။ ဒီလိုဆိုရင် ''ဝိပဿနာ တစ်ခြမ်းပဲ့'' ဖြစ်နေမှာပေါ့။ သတိထားရမည့် အချက်တွေ။ နားမလည်တော့ နည်းမမှန်တော့ဘူး။ နည်းမမှန်ရင် ပန်းတိုင်ကို ဘယ်လိုနည်းနှင့်မှ မရောက်နိုင်တော့ဘူး။
အတ္တစွဲ ပညာတတ်နှစ်ယောက်
ပိဋကတ်သုံးပုံကို လန်ဒန်ပါဠိအသင်းကြီး P. T.S (London Pali Text Societ) ကနေ အကုန်လုံး အင်္ဂလိပ်လို ဘာသာပြန်ပြီးသားရှိတယ်။
အဲဒီပိဋကတ်သုံးပုံကို ဘာသာပြန်တဲ့နေရာမှာ ဦးဆောင်ကြတာက ရစ်စ်ဒေးဗစ်လို့ခေါ်တဲ့ ဇနီးခင်ပွန်း နှစ် ယောက်။
သူတို့ဟာ ပိဋကတ်သုံးပုံကို ကြေကြေညက်ညက် တခါတည်း ဖက်လိုက်တဲ့ဖြစ်ခြင်း၊ ဘာသာလဲပြန်တယ်။ ကောက်နုတ်ချက်တွေလဲ ရေးကြတယ်။
ပိဋကတ်ကို အင်္ဂလိပ်လို ဘာသာပြန်ပြီး ကမ္ဘာကို ဖြန့်ထားတဲ့ အဲဒီ ပညာတတ် ဇနီးခင်ပွန်းနှစ်ယောက်ဟာ အနတ္တဆိုတာကို လက်မခံကြဘူး။ သူတို့လဲ အတ္တသမားတွေပဲ။
ဒီအကြောင်းကို ဆရာတော်ကြီး ဦးသေဋ္ဌိလ အမိန့်ရှိလို့ ဘုန်းကြီးတို့ သိရတာ။ ဆရာတော်ကြီးက ပြောတယ်၊ ''ပညာတတ် ဒီအဘိုးကြီးနဲ့ အဘွားကြီးကို ငါ အနတ္တ ကို ဟောတယ်၊ သူတို့ လက်ကို မခံကြဘူး''။
''ဘဝကူးတာဟာ အတ္တ (ဝိညာဉ်)က ကူးတာပါ။ 'အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တ သရဏာ- အတ္တ ကို ကိုးကွယ်ရမယ်'လို့ ဘုရားက ဟောထားတာပဲ ဆိုပြီးတော့ သူတို့ အတ္တကို စွဲလမ်းနေကြတယ်''တဲ့။
တချို့တချို့နေရာတွေမှာ ဘုရားရှိပေမဲ့ တရားမရှိပြန်ဘူး။ တရားရှိပေမယ့် သံဃာမရှိပြန်ဘူး၊ ဒီလိုမဟုတ်လား။ ဘုရားနဲ့ တရားရှိတယ်။ သံဃာမရှိဘူး။ သံဃာရှိတယ်။ တရားမရှိဘူး။ ဒီလိုတွေဖြစ်နေကြတယ်။
နောက်ပြီးတော့ အနိစ္စ၊ ဒုက္ခ ရှိတယ်၊ အနတ္တ မရှိဘူး။ အနတ္တရှိတယ်၊ အနိစ္စမရှိဘူး။
သမာဓိရှိလျက်နဲ့ သီလမပါဘူး။ သီလ၊ သမာဓိရှိ လျက်နဲ့ ပညာမပါဘူး။ သူတို့ခမျာ အပြည့်အစုံ မသိကြဘူး။ဒါ ဘာ့ကြောင့်လဲ၊ ထေရဝါဒသာသနာ မထွန်းကားလို့ ဒီလို ဖြစ်နေတာ။
အိန္ဒိယပြည်မှာ ဗုဒ္ဓဘာသာ ဘာ့ကြောင့်ကွယ်သလဲ
ဒီတော့ သာသနာကွယ်ခြင်းရဲ့ အကြောင်းနဲ့ပတ် သက်လို့ ဘုန်းကြီးတို့ကို မေးလိုက်တဲ့ မေးခွန်းတစ်ခုကို ပြောပါမယ်။ နယူးဒေလီမှာ အသံလွှင့်ဌာနက မေးပါတယ်။
''အရှင်ဘုရား အိန္ဒိယပြည်မှာ ဗုဒ္ဓသာသနာ ဘာကြောင့် ကွယ်သွားရသလဲ''လို့ မေးပါတယ်။ ဒီတော့ ဘုန်းကြီးက ဖြေလိုက်ပါတယ်။
''ဗုဒ္ဓသာသနာ ကွယ်သွားရတာဟာ ဘုန်းကြီးတို့ လေ့လာလို့ရသလောက် ပြောရရင် အခြေခံ အကြောင်း ၃-ခုကို တွေ့ရပါတယ်။
၁။ ဇာတ်ဝါဒ အလွန်ပြင်းထန်ခြင်း၊ (လူတန်းစား ခွဲခြားမှု)
၂။ အတ္တဝါဒ အလွန်ပြင်းထန်ခြင်း၊ (အစွဲကြီးမှု)
၃။ သဒ္ဓါတရား နည်းပါးခြင်းတို့ကြောင့် အိန္ဒိယမှာ ဗုဒ္ဓသာသနာ ကွယ်ခဲ့ရပါတယ်''။ အဲဒီလို ဘုန်းကြီး ဖြေခဲ့ ပါတယ်။
(အဲဒီ အမေးနဲ့ အဖြေတွေကို အသံလွှင့် ဌာနမှာ အသံသွင်းခဲ့တာ အချိန်အားဖြင်မိနစ် ၄ဝ-ရှိပါတယ်။)
''ဇာတ်နိမ့်တယ်၊ ဇာတ်မြင့်တယ်၊ အမျိုးယုတ်တယ်၊ အမျိုးမြတ်တယ်''ဆိုပြီးတော့ လူတန်းစား ခွဲခြားတဲ့စနစ်ဟာ အိန္ဒိယမှာ အလွန်ပြင်းထန်တယ်။
ဇာတ်နိမ့်တဲ့ ပုဂ္ဂိုလ်က ရေတစ်အိုးမှာ သောက်သွား လို့ရှိရင် ဇာတ်မြင့်တဲ့ ပုဂ္ဂိုလ်က အဲဒီရေအိုးကို ခွဲပစ်တယ်။ အဲဒီရေအိုးမှာ သူ မသောက်တော့ဘူး။
ဇာတ်မြင့်ပုဂ္ဂိုလ်တို့ရဲ့ နေရာကို ဇာတ်နိမ့်ပုဂ္ဂိုလ် တစ်ယောက် တက်လာရင် အဲဒီနေရာ ရေဆေးပစ်တယ်။ ဝိဋဋူပတို့ရဲ့ အတ္ထုပ္ပတ္တိနဲ့ သိနိုင်ပါတယ်။
အဲဒီလို အတန်းအစားတွေက သိပ်ခွဲခြားလွန်းတဲ့ အခါကျတော့ အနှိမ်ခံရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဇာတ်မြင့်ဆိုတဲ့ အဆင့်အတန်းမြင့်တဲ့ လူတန်းစားတွေဟာ ပဋိပက္ခ အမြဲတမ်း ဖြစ်နေကြတယ်။
''အနတ္တ''ဖြင့် ဇာတ်ဝါဒကို တိုက်ဖျက်တော်မူခဲ့
အဲဒီပဋိပက္ခတွေရဲ့အကြားမှာ မြတ်စွာဘုရားက ပွင့်ပေါ်လာပြီးတော့ ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောမှာ ''အနတ္တဒေသနာ'' ကို ကြွေးကြော်ပြီး ဇာတ်ဝါဒကို တိုက် ဖျက်တော်မူခဲ့တယ်။
ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ သာသနာတော်ဆိုတာ ပင်လယ်ကြီးနဲ့ တူတယ်။ မြစ်ကြီးငါးသွယ် မြစ်ငယ် ငါးရာက ရေတွေ ပင်လယ်ကြီးထဲ ရောက်ရင် အဲဒီမြစ်ပေါင်း များစွာက စီးဆင်းသောရေ အားလုံးတို့သည် ''ငန်တယ်'' ဆိုတဲ့ အရသာထဲမှာ တစုတည်း ပေါင်းသွားကြတယ်။
ဂင်္ဂါ၊ ယမုံနာ၊ အစီရဝတီ၊ ဘယ်မြစ်က ဘယ်ရေ ရယ်လို့ ပင်လယ်ထဲမှာ ခွဲခြားလျက် မရှိတော့ဘူး။ တစ်မျိုးတည်း ပေါင်းခဲ့ပါတယ်။
ဘုရား သာသနာတော်ထဲကို ဆင်းရဲတဲ့လူ ဝင်လာလဲ သူကျင့်ရမဲ့ အကျင့်တရားဟာ သိက္ခာသုံးပါးပဲ။ စကြ ဝတေးမင်းကြီး ရဟန်းပြုရင်လဲ ကျင့်ရမဲ့ တရားဟာ ဒီ သိက္ခာသုံးပါးပဲ။ နူနာစွဲနေတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဘုရားသာသနာမှာ ဝင်လာရင်လဲ ကျင့်ရမဲ့ တရားဟာ ဒီသိက္ခာသုံးပါးပဲ။
ကျင့်စရာ ကွဲကွဲပြားပြား ခြားနားမှုဆိုတာ မရှိဘူး။ ဘယ်လူမျိုးပဲဖြစ်ဖြစ် ဘုရားသာသနာ ဝင်လာလို့ရှိရင် ကျင့် စရာဟာ တစ်မျိုးတည်းသာလျှင် ရှိတယ်။ အဲဒါဟာ ဘုရားသာသနာတော်ရဲ့ ထူးခြားတဲ့ အခွင့်အရေးကြီးတစ်ခုပဲ။
တချို့ နေရာတွေကျတော့ အမျိုးမျိုးခွဲတယ်။ ဘယ်သူက ဘယ်အကျင့်ကျင့်၊ ဘယ်ပုဂ္ဂိုလ် ဘယ်အကျင့် မကျင့်ရ၊ ဘယ်ပုဂ္ဂိုလ် ဘယ်နေရာ မတက်ရဆိုပြီးတော့ မျိုးကိုစုံလို့။
ဘုရားသာသနာကျတော့ ကျင့်ရမည့် သိက္ခာတွေ ဟာ ဘယ်လိုလူမျိုး လာခဲ့လာခဲ့ ဒါပဲ၊ တခြားမရှိဘူး။
ကောင်းပြီ အဲဒီသိက္ခာသုံးပါးကို ကျင့်ပြီးတဲ့ အခါ ကျပြန်တော့ အရဟတ္တဖိုလ်ပေါက်လို့ နိဗ္ဗာန်မြင်ရပြီ ဆိုလို့ ရှိရင် ဘယ်လူမျိုးမြင်တဲ့ နိဗ္ဗာန်ဖြစ်ဖြစ် တစ်မျိုးတည်းပဲ။
ပြည့်တန်ဆာ အမျိုးသမီး ရဟန်းပြု၊ နိဗ္ဗာန်မြင် တော့လဲပဲ ရှင်ဘုရင်ကြီးများနဲ့ သာကီဝင်မင်းသမီးကြီးများ မြင်သွားတဲ့ နိဗ္ဗာန်ပါပဲ။ ဘာမှ မထူးခြားဘူး။
အမ္ဗပါလီပြည့်တန်ဆာမကြီး ရဟန်းပြု၊ ရဟန္တာ ဖြစ်ပြီးတော့ မြင်သွားတဲ့ နိဗ္ဗာန်ရယ်၊ မိထွေးတော် ဂေါတမီ တို့ မြင်သွားတဲ့ နိဗ္ဗာန်ရယ်၊ တခြားစီမဟုတ်ဘူး။ အတူတူပဲ။ ဘုရားသာသနာက အဲဒီလောက် ကောင်းတာ။
ဘုရားသာသနာက လွဲရင် တခြားမှာ ဒီလောက် အခွင့်အရေးကို ဘယ်မှာမှ မပေးပါဘူး၊ ဘုရားသာသနာက ဇာတ်စနစ်ကို အကုန်လုံး ပြောင်းပြန်လှန် ပစ်လိုက်တယ်။ အတန်းအစား ခွဲခြားတဲ့စနစ်ကို ဘုရားသာသနာက ပြောင်းပြန် လှန်ပြီးတော့ အကုန်လုံး ပစ်ပယ်လိုက်တယ်။
ကမ္ဘာဦး လူ စပေါ်ကတည်းက စွဲလာတဲ့ ''အတ္တ'' ဝါဒကြီးကိုလဲ အမြစ်ကနေ ဖြိုပြီးတော့ ''အနတ္တ (ဝိညာဉ် ဆိုတာမရှိ)''ဆိုပြီးတော့ ကြွေးကြော်ခဲ့တယ်။
''အနတ္တ''လို့ဆိုပြီးတော့ မဟာသက္ကရာဇ် ၁ဝ၃-ခုနှစ်၊ ဝါဆိုလပြည်ကျော် ၅-ရက်နေ့က ကြွေးကြော်ခဲ့ တယ်။
ဝါဆိုလပြည်နေ့က စပြီး လပြည့်ကျော် ၄-ရက် နေ့ထိ ဓမ္မစကြာတရားကို ဟောပါတယ်။ ဓမ္မစကြာတရားပွဲ ဟာ ၅- ရက် ဖြစ်သွားတယ်။ အဲဒီမှာ ပဉ္စဝဂ္ဂီငါးဦးဟာ သောတာပန်ဖြစ်ကြတယ်။
ဝါဆိုလပြည့်ကျော် ၅-ရက်နေ့လဲရောက်ရော အဲဒီ သောတာပန် ငါးပါးကိုပေါင်းပြီတော့ ''အနတ္တ''လို့တစ်လုံး တည်းဟောလိုက်ပါတယ်။
''အနတ္တဒေသနာ'' ဆုံးတဲ့အခါ ထိုငါးပါးသော ရဟန်းတော်တို့ ရဟန္တာဖြစ်ကြပါတယ်။ ထိုမထေရ်သူမြတ် တို့ရဲ့ စိတ်တွေဟာ ဘာအစွဲမှ မရှိတော့ဘူး။
၁။ ကာမပေါ်မှာ၊၂။ ဘဝပေါ်မှာ၊ ၃။ အယူမှားတွေပေါ်မှာ၊ ၄။ အတ္တပေါ်မှာ ငြိကပ်ခြင်းမရှိပဲ ရဟန္တာဖြစ်ကြပါတယ်။
အိုင်ကြီး တခုမှာ ရွှံ့တွေရှိတယ်, ညွန်တွေရှိတယ်, ရေတွေရှိတယ်, ရွှံ့ညွန်နဲ့ ရေအပြည့်ရှိတဲ့ အိုင်ထဲမှာ ကြာ တွေ စိုက်ထားတယ်။
အနှစ်ကိုးပါး(အပိုင်း-၂၃)ဆက်ရန်
Posted in: တရားတော်
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment